ဤခရီးနီးလာပါသည်

 

သာသနာ့ဝန်ဆောင်ကျောင်းတိုက် နာယကဆရာတော်ဘုရားကြီး၏ ဥယျောဇဉ်

 

အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)က သူ့စာအုပ်များထုတ်ဝေရန် စီစဉ်သည့်အခါ ကြည့်ရှုစစ်ဆေး ပြင်ဆင်ပေးရန် ဤစာရေးသူကို အကူအညီတောင်းလေ့ရှိ၏။ စာရေးသူကလည်း စွမ်းနိုင်သမျှ ကူညီဆောင်ရွက်ပေးလေ့ရှိပါ၏။

အရာရာတွင် သတိယှဉ်

ဤစာအုပ်ငယ်ကိုလည်း ကြည့်ရှုပြင်ဆင်ပေးရန် ပို့ဆောင်လာ၏။ စာအုပ်ငယ်ကို မူလက ပြင်ဆင်ပေးရန်အတွက် ကြည့်ရှုခြင်းဖြစ်သော်လည်း ဖတ်ကြည့်သည့်အခါ သူ့အရေးအသားက ဆွဲဆောင်အားရှိသည်ထင်၏။

တစ်ခါတည်းနှင့် အပြီးဖတ်မိလျက်သား ဖြစ်သွားရ၏။ သူ့စာများကား ဖတ်ကောင်းရုံမျှမဟုတ်ဘဲ အသိဉာဏ်, အတွေးအခေါ် ရင့်ကျက်စေရန် နည်းပေးထားသည်ကို တွေ့ရ၏။ အရာရာကို သတိနှင့်ယှဉ် ဉာဏ်သက်ဝင်၍ ဆောင်ရွက်တတ်ရန် လမ်းညွှန်ထားသည်ကို တွေ့ရ၏။ စာရှုသူတို့ သာမန်အနေဖြင့် အမှတ်တမဲ့ ဆောင်ရွက်တတ်သည့် ကိစ္စလေးများကို စာပြုသူ အရှင်က အလေးအနက်ထားကာ အမှတ်တရ ဆောင်ရွက်နိုင်ရန် မသိမသာ တွန်းအားပေးထားသည်ကိုလည်း တွေ့ရ၏။

ဖတ်ပါ, မှတ်ပါ, ကျင့်ကြံပါ

ဤစာအုပ်ငယ်ကား အပ္ပမာဒမဂ္ဂဇင်း, ရတနာမွန်မဂ္ဂဇင်းနှင့် ဓမ္မရတနာမဂ္ဂဇင်းတို့မှ လက်ရွေးစဉ် ဆောင်းပါး ၆-ပုဒ်ကို ရွေးထုတ်စုစည်းပေးထားခြင်း ဖြစ်၏။

အချို့အကြောင်းအရာများသည် ရိုးစင်းသော်လည်း ရှုထောင့်တစ်မျိုးဖြင့် ရေးသား၍ အသိဉာဏ်နှင့် သင်ခန်းစာရယူရန် ဦးစားပေးထား၏။ သူသူငါငါ သာမန်ဆောင်ရွက်တတ်သည့် အကြောင်းအရာများကို ကိုယ်တွေ့ဖြစ်ရပ်များဖြင့် ယှဉ်တွဲ၍ စိတ်ဝင်စားဖွယ် တင်ပြထား၏။ ဖတ်ပြီး မှတ်, မှတ်ပြီး လက်တွေ့ကျင့်သုံးရန် လမ်းခင်းပေးထား၏။

ဤခရီးနီးသလား?

ပြောပြချင်သည်မှာ-ဤစာအုပ်ငယ်က စာရှုသူ၏ အသိနှင့် သတိကို အသုံးချတတ်အောင် နည်းပေးသွားမည်ဖြစ်၏။ မိမိတို့ သာမန်အားဖြင့် ဆောင်ရွက်နေသည့် တွေးခေါ်မြော်မြင် ယူဆချက်တို့ကို လေးလေးနက်နက် ဆောင်ရွက်တတ်, သတိထားတတ်အောင် လမ်းညွှန်သွားမည် ဖြစ်၏။ သာမန်ခံယူချက်မှ လေးနက်သော ခံယူချက်ဖြင့် ဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်၏။ ထိုသို့ဆင်ခြင်, ပြုပြင်ပြောင်းလွဲမှုလေးတွေ ရှိလာပါက ဤခရီးနီးသလား? ဟုဆိုလျှင် …..။

အရှင်စန္ဒသိရီ (မြင်းခြံ) ဓမ္မာစရိယ၊ ဝိနယဝိဒူ
သာသနာ့ဝန်ဆောင်ကျောင်းတိုက် မှော်ဘီမြို့၊ ရန်ကုန်တိုင်း။ (၁.၈.၂၀၀၅)

 

ဤကောင်းမှု ကုသိုလ်ကြောင့်
ကမ္ဘာပေါ်တွင်
မြတ်ဗုဒ္ဓသာသနာတော်
အဓွန့်ရှည်ကြာ တည်တံ့၍
ကမ္ဘာသူ ကမ္ဘာသားများ
ဝိမုတ္တိသုခကို
ရရှိခံစားနိုင်ကြပါစေသော်(ဝ်)

အရှင်ခေမာနန္ဒ(ရန်ကင်းတောရ) သပြေပင်

သတိပဋ္ဌာန်ကြောင့် ရရှိမည့် အကျိုးကျေးဇူး

၁။ သတ္တဝါတို့၏ စိတ်စင်ကြယ်ခြင်းအကျိုး
၂။ စိုးရိမ်ပူပန်ခြင်းသောကမီးကို လွန်မြောက်ခြင်းအကျိုး
၃။ ဝမ်းနည်းပူဆွေး ငိုကြွေးမြည်တမ်းခြင်း ပရိဒေဝကို လွန်မြောက်ခြင်းအကျိုး
၄။ ကိုယ်ဆင်းရဲခြင်းဒုက္ခမီးတို့ ချုပ်ငြိမ်းခြင်းအကျိုး
၅။ စိတ်နှလုံးမသာယာခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်း၊ ဒေါမနဿမီးတို့ ချုပ်ငြိမ်းခြင်းအကျိုး
၆။ အရိယမဂ်ဉာဏ်ကို ရစေခြင်းအကျိုးနှင့်
၇။ အသင်္ခတဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းအကျိုးတို့ကို ရရှိနိုင်ပါသည်။

 

စာဖတ်သူ၏ ပေးစာ

ရိုးရှင်းထူးမြတ်သော တရားစာပေ အသိပညာများ ရေးသားဖြန့်ဝေပေးသည့်အတွက် အရှင်ဘုရားအား ဦးညွတ်ကန်တော့အပ်ပါသည်ဘုရား။

တပည့်တော်သည် ရွှေဥမင်ဆရာတော်ဘုရားကြီး၏ မေတ္တာရိပ်နှင့် တရားအဆုံးအမအရိပ်အောက်တွင် နှစ်တန်းနှစ် ကလေးဘဝမှစ၍ ခိုလှုံခဲ့ရသူ တပည့်တစ်ဦး ဖြစ်ပါသည်ဘုရား။ ဆရာတော်ဘုရားကြီး၏ နောက်ဆုံးကာလများ၌မူ လုပ်ငန်းတာဝန်များကြောင့် ဝေးနေခဲ့ရပါသည်။

ရိုးရှင်းသော ဝိပဿနာတရားကို ဖော်ထုတ်ပေးထားသည့် အရှင်ဘုရား၏ ဝိပဿနာသင်ပုန်းကြီးဖတ်စာနှင့် ဥရောပယောဂီ၏ ကိုယ်တွေ့ ဝိပဿနာစာအုပ်တို့ကို ဖတ်ရှုရသောအခါတွင်မူ ရွှေဥမင်ဆရာတော်ဘုရားကြီး၏ သြဝါဒများကို သတိရလာစေပါသည်။

“ဆေးစက်ကျရာ အရုပ်ထင်အောင် အားထုတ်ကြ” ဆိုတဲ့ ဆရာတော်ဘုရားကြီး၏ သြဝါဒနည်းတူ ဥရောပယောဂီစာအုပ်မှ “အစဉ်အမြဲ အချိန်ပြည့်သတိရှိရမှာဖြစ်ပြီး ပေါ်လာသမျှ အာရုံမှန်သမျှကိုလည်း အစွဲအလမ်းကင်းစွာ ရှုမှတ်ရပါမယ်” ဆိုသည်ကို ဖတ်ရှုမိစဉ်ဝယ် (Art of Living) ဟူသည့် ဝေါဟာရ၏ အဓိပ္ပာယ်ပေါ်လာပါသဖြင့် ကျေနပ်ဝမ်းမြောက်မိပါသည်ဘုရား။

ကမ္ဘာသူ ကမ္ဘာသားများ ဝိမုတ္တိသုခချမ်းသာကို ခံစားနိုင်ရေးအတွက် အရှင်မြတ်၏ ရိုးရှင်းမြင့်မြတ်သော တရားစာပေများစွာ လေ့လာနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက်…။

ရိုသေလေးစားစွာဖြင့်
မောင်ဇော်ဇော်ထွန်း
B.Sc (Bot), ADMK (THAMES-OXFORD), DMA

 

ဤခရီးနီးလာပါသည်

 

ယောဂီသည် စင်္ကြံလမ်း၌ အခေါက်ခေါက်အခါခါ အပြန်ပြန် အလှန်လှန် လျှောက်နေပါသည်။

ယမန်နေ့ကလည်း ဤလမ်းကို ထပ်ခါ ထပ်ခါ လျှောက်ခဲ့ပါသည်။

ယနေ့လည်း ဤလမ်းကိုပင် အပြန်ပြန် အလှန်လှန် လျှောက်နေပါသည်။ အကယ်၍ မနက်ဖြန် မသေသေးလျှင် ဤလမ်းကိုပင် အသွားအပြန် ယောဂီ လျှောက်နေပေလိမ့်မည်။

ခြေလှမ်းဆယ်လှမ်းသာသာမျှသာ ရှည်သောကြောင့် ဤလမ်းကို ခရီးတိုဟုဆိုလျှင် ဆိုနိုင်ပါသည်။

ဤလမ်းခရီးတိုကိုပင် အပြန်ပြန် အလှန်လှန် ကြိမ်ဖန်များစွာ လျှောက်နေရသောကြောင့် ခရီးရှေ့သို့ မရောက်ပါကလားဟူ၍လည်း အချို့က ယူဆမည်ဆိုလျှင် ယူဆနိုင်သည်သာ။ ခရီးရှေ့မတိုးသေးပါတကားဟူ၍လည်း အချို့က ထင်မြင်မည်ဆိုလျှင် ထင်မြင်နိုင်သည်သာ။

သို့သော် အနမတဂ္ဂသံသရာတည်းဟူသော ရှည်လျားလွန်းသည့် ခရီးခဲကြီး၏ ထွက်မြောက်ရာကို ရှေးရှုဦးတည်သွားနေသော သံသရာခရီးသည် ယောဂီကို သူရည်မှန်းထားရာ လမ်းဆုံးပန်းတိုင်သို့ မရောက်သေးဟု ပြောနိုင်စေကာမူ ရှေ့သို့ ခရီး တစ်စတစ်စ တွင်နေသည် သို့မဟုတ် တစ်ရွေ့ရွေ့ ခရီး ရှေ့တိုးနေသည် ဟူ၍ကား ဧကန်မုချ ပြောနိုင်သည်သာ။

ယောဂီသည် စင်္ကြံလမ်း၌ ရံခါ နှေးနှေး လျှောက်သည်၊ ရံခါ မြန်မြန်လျှောက်သည်၊ ရံခါ မနှေးမမြန် လျှောက်ပါသည်။

ခြေဖဝါးနှင့် ကြမ်းပြင် ထိရာ၌ မာမှုသဘော သို့မဟုတ် ပျော့မှုသဘော ရံခါ ကြမ်းမှုသဘော သို့မဟုတ် နုမှုသဘောတို့ကို သတိပြု၍ လျှောက်ပါသည်။

သဲပြင်ပေါ်လျှောက်သောအခါ အကြမ်းအနုကို ကွဲကွဲပြားပြား ထိတွေ့ခံစားရပြီး သမံတလင်းပေါ် လျှောက်သောအခါ မာမှု၊ အေးမှုသဘောသည် ထင်ရှားပါသည်။

၎င်းသဘောသည်လည်း ခြေလှမ်း တစ်လှမ်းနှင် တစ်လှမ်း၌ပင် မတူညီသော ပြောင်းလဲနေသော ခံစားမှုကို သိနေရာမှ သေသေချာချာ ဂရုပြုလာသောအခါ၌မူ ခြေလှမ်းတစ်လှမ်းတည်း၌ပင် မတူညီသော ခံစားမှုကို ယောဂီ ဂရုပြုမိလာပါသည်။ အသေးစိတ် ပြောရပါမူ ခြေတစ်ဖဝါး၌ပင် ခြေဖနောင့်နှင့် ခြေချောင်းများ၏ ခံစားမှု မတူညီကြောင်း ယောဂီ ဂရုပြုမိလာပါသည်။

စိတ်ဝင်စားဖွယ်ပါတကား…။ အံ့ဖွယ်ပါတကား…။ ခြေချောင်းကလေး တစ်ချောင်းစီ၌ပင် ဖြစ်ပေါ်နေသော ခံစားမှု မတူညီသည်ကို ယခုမှ ယောဂီ သိလာသဖြင့် စိတ်ဝင်စားလာပါသည်။ ထိုထို သိရှိခံစားနေရသော ခံစားမှုအားလုံးသည်လည်း တည်တံ့မနေဘဲ ပြောင်းလဲ၍၊ ပြောင်းလဲ၍သာ နေသည်ဟု ယောဂီ သိနေပါသည်။

ယောဂီသည် လက်နှစ်ဖက်ကို ရှေ့၌ ချိတ်၍လည်း ရံခါ စင်္ကြံလျှောက်ပါသည်။ ရံခါ နောက်သို့ လက်ချိတ်ထားပြီး လျှောက်ပါသည်။ မည်သည့်အနေအထား၊ မည်သည့်နှုန်းထားဖြင့် စင်္ကြံလျှောက်ခြင်းက မိမိဉာဏ်၌ ပေါ်လွင်ထင်ရှားသည်ကို ယောဂီ အထူးဂရုပြုကာ ခရီးတိုကို အပြန်ပြန် အလှန်လှန်လျှောက်၍ မိမိခန္ဓာကိုယ်ကို အထူးရှုမှတ်နေပါသည်။

ပညာရှင်တစ်ဦး သုတေသနပြုသည့်နှယ် ရပ်လည်း သည်စိတ်၊ သွားလည်း သည်စိတ်၊ ကွေ့လည်း သည်စိတ်ကြောင့်ထင့်.. ယောဂီအဖို့ အချိန်၊ နာရီ၊ ပတ်ဝန်းကျင်စသည်ကိုပင် တစ်ခါတစ်ရံ မေ့နေတတ်သည်။

ဂရုမထား လျစ်လျူရှုသောကြောင့် မေ့နေခြင်းကားမဟုတ်၊ မိမိ၏ ပစ္စုပ္ပန် ဆောင်ရွက်နေသော လုပ်ငန်း၌ အလေးထားလွန်း၍ သို့မဟုတ် စိတ်ဝင်စားလွန်း၍သာ အချိန်၊ နာရီနှင့် ပတ်ဝန်းကျင်ကို ယောဂီ မသိခြင်း ဖြစ်ပေသည်။

ဂတေ           – သွားလတ်သော်
ဌိတေ           – ရပ်လတ်သော်
နိသိန္နေ          – ထိုင်လတ်သော်
သုတ္တေ          – အိပ်ပျော်လတ်သော်
ဇာဂရိတေ      – နိုးလတ်သော်
ဘာသိတေ      – စကားပြောလတ်သော်
တုဏှီဘာဝေ   – ဆိတ်ဆိတ်နေလတ်သော်
သမ္ပဇာနကာရီ  – သိလျက်ပြုသည်
ဟောတိ         – ဖြစ်၏၁ (မဟာသတိပဋ္ဌာနသုတ် ပါဠိနိဿယ)

ကျမ်းညွှန်း။ မဟာဝဂ္ဂပါဠိ၊ မဟာသတိပဋ္ဌာနသုတ္တ။

 

ရပ်နေသော ခန္ဓာကိုယ်၏ အလေးချိန်ကို ခြေထောက်နှစ်ဖက်က ထမ်းထားပါသည်။ ဘယ်ညာညီညီမျှမျှ ထမ်း၍၊ တောင့်ကာ ထိန်းထားသည်ကို ယောဂီ သတိပြုနေပါသည်။ သိနေပါသည်။

ခြေဖဝါး၌ သဲပြင်၏ နူးညံ့မှုနှင့် ကြမ်းတမ်းမှုတို့ကို တစ်ပြိုင်နက်တည်းကဲ့သို့ပင် သိနေပါသည်။

စင်္ကြံလမ်း၏ ရှေ့ဘက်ဆုံး၌ စေတီငယ်တစ်ဆူရှိပါသည်။ နောက်ဘက်မြင်ကွင်းကျယ်၌မူ တောတန်းတောင်တန်းများ ရှိပါသည်။

စင်္ကြံလမ်းကို ဆယ်လှမ်းသာသာ သတ်မှတ်ထားခြင်းမှာ လမ်းရှည်လျှင် စိတ်ပျံ့လွင့်မှု များတတ်သောကြောင့် ဖြစ်ပါသည်။

ရံခါ ယောဂီသည် အတွေးထဲ ရောက်နေတတ်ပါသည်။ ထိုအခါ စင်္ကြံကို မြန်မြန်လျှောက်၍ ခန္ဓာ၏ သဘောကို စိပ်စိပ်သိရန် အားထုတ်ပါသည်။

ရံခါ အထိုင်ကြာလျှင် ငိုက်မြည်းလာတတ်ပါသည်။ ထိုအခါ စင်္ကြံလမ်း၌ လေကို၀၀ရှုပြီး အမှတ် မကြဲလွန်း မမြန်လွန်း လျှောက်၍ ငိုက်မြည်းမှုကို ယောဂီ ဖြေဖျောက်ပါသည်။ ရံခါ စိတ်ထဲ လေးလံထိုင်းမှိုင်း ညစ်နွမ်းလာတတ်ပါသည်။

ထိုအခါ ခြေလှမ်း မြန်မြန်၊ အမှတ်ကြဲကြဲ သွားခြင်းဖြင့် ထိုင်းမှိုင်းမှုကို ယောဂီ ဖြေဖျောက်ပါသည်။

သတိ၊ သမာဓိ၊ ဝီရိယ မျှသောအခါ၌မူ မနှေးလွန်း၊ မမြန်လွန်း လျှောက်၍ ခန္ဓာ၏ သဘောကို သိနိုင်သမျှ သိရန် ယောဂီ အားထုတ်ပါသည်။

ယောဂီသည် စင်္ကြံလမ်းဆုံးစေတီ၏ ဘေး၌ ရပ်နေပါသည်။ နား၌ သစ်ရွက်လေတိုးသံ၊ ရှဉ့်အော်မြည်သံတို့ကိုလည်း ကြားနေရပါသည်။ နှာဝ၌ ပန်းပွင့်တို့၏ သင်းပျံ့စူးရှသော ရနံ့ကိုလည်း သိနေရပါသည်။ ခြေသလုံးနှင့် ဦးခေါင်း အပါအဝင် ခန္ဓာကိုယ်ကို လေတိုးတိုက် ပွတ်သပ်သည်ကိုလည်း သိနေရပါသည်။ “နွေကာလဖြစ်သော်လည်း ဥတုမျှတပါသည်” ဟူသော အတွေးကိုလည်း သိလိုက်သည်။ ရပ်နေရာမှ “ကွေ့ချင်ပြီ” ဟူသော စေ့ဆော်သည့် စိတ်ကို သိလိုက်သည်။

ဤမျှ များပြားသော သိစရာတို့ကို တစ်ဆက်တည်း သိသည်မှန်သော်လည်း တစ်ခုနှင့် တစ်ခုကြား၊ တစ်သိနှင့် တစ်သိကြား၌ ခြားနေပါသည်။ ဤကွာဟမှုကို ယောဂီ သေသေချာချာ သိပါသည်။

တစ်နည်းပြောရသော် သိခြင်းတစ်ခုပြီးမှ နောက်တစ်ခု သိသည်။

နောက်သိခြင်းပြီးမှ သိပြန်သည်။ သိခြင်းသည် တစ်ခုနှင့် တစ်ခု မတူပါဟု ရှင်းပြရန် စကားလုံးဝေါဟာရ ဤမျှသာ ရှိပါတော့သည်။

စိတ်၏ စေ့ဆော်မှုကြောင့် ခန္ဓာကိုယ် ရပ်နေခြင်းဖြစ်ပါသည်။ “ဘယ်ကွေ့ချင်တယ်” ဟူသော စေ့ဆော်မှုကြောင့် ခန္ဓာကိုယ်၏ အလေးချိန် (Body Weight) ကို ခြေထောက်နှစ်ဖက် ထမ်းထားရာမှ ယခု ညာဘက်ခြေထောက်ကသာ ထမ်းလိုက်သောကြောင့် ဘယ်ဘက်ခြေထောက် ပေါ့သွားပါသည်။

ထိုအခါ ပေါ့နေသော ဘယ်ဘက်သို့ (၉၀ ဒီဂရီခန့်) ချိုးကွေ့လိုက်သည်။

တစ်ဖန် ထိုဘယ်ခြေက ခန္ဓာကိုယ်၏ အလေးချိန် (Body Weight) ကို ထမ်းလိုက်သောကြောင့် ညာခြေပေါ့သွားပါသည်။

ထိုအခါ ပေါ့နေသော ညာခြေသည် ဘယ်ဘက်သို့ (၉၀ ဒီဂရီခန့်) ကွေ့လိုက်သည်။ ထိုအခါ ဘယ်ခြေနှင့် ညာခြေ တစ်တန်းတည်း ရှိသွားသည်။ ပြီးလျှင် ခန္ဓာကိုယ်သည် ရပ်လျက်ပင်။

ဤခန္ဓာကိုယ်၏ အလုပ်လုပ်ပုံက စက်ယန္တရားဆန်လှပါသည်တကား။

ကွေ့မည်ဟု ကြံသော စိတ်ကြောင့်သာ ကွေ့သော ဖြစ်စဉ် (Process) ဖြစ်လာပါတကား…။ သို့သော် ထိုကွေ့မည်ဟု ကြံသော စိတ်ကား ခန္ဓာကိုယ်ကို ကွေ့သော (Process) ဖြစ်စဉ် ဖြစ်သည်ထိပင် မပါပါတကား…။ စိတ်ဝင်စားစရာ၊ အံ့သြစရာ အကောင်းဆုံးမှာ ဤခန္ဓာကိုယ်ဖြစ်နေပါတကား…။

ဖြစ်ပေါ်လာနေသည်နှင့်တစ်ပြိုင်နက် မရှိတော့သောကြောင့် (ဖြစ်-တည်-ပျက်)၌ ပျက်အစွန်းမျှသာ ဉာဏ်ထဲ ရှင်းရှင်းသိနေပါတော့သည်။

ကြွခိုက်၌လည်း ကြွချင်စိတ်သည် ကြွတက်မှုပြီးသည့်တိုင် မရှိတော့ပေ။ ကုန်ပျောက် မြန်လှသည်။

လှမ်းရာ၌လည်း လှမ်းချင်သော စိတ်သည် လှမ်းသည့် အမှုပြီးသည့်တိုင် မရှိတော့ပေ။ ကုန်ပျောက်မြန်ပေတကား။

သို့ဆိုလျှင် စားချင်သည့်စိတ်၊ သွားချင်သည့်စိတ်၊ လိုချင်သည့်စိတ်၊ မနာလိုစိတ်၊ ငြူစူစိတ်၊ ကြွားဝါစိတ်၊ ရန်လိုမုန်းတီးစိတ်တို့သည်လည်း ဘာမျှထူးမည်နည်း။ သောက၊ မာန၊ မစ္ဆရိယ၊ ကုက္ကုစ္စလည်း ဘာမျှထူးမည်နည်း။ ဖြစ်ပေါ်လာပြီး ပျောက်နေသည်သာတည်း။

အကြောင်းတိုက်ဆိုင်လျှင် ပေါ်လာပြီး ပျောက်နေသော ဖြစ်စဉ်မျှသာ ဖြစ်ကြောင်းကို ယောဂီဉာဏ်ထဲ၌ မတွေမေ၀ ရှင်းရှင်းလင်းလင်းကြီး သိနေပေတော့သည်။

ဝိပဿနာ ခဏိကသမာဓိ၏ အစွမ်းကြောင့်ထင့်။ စူးစိုက်ရှုမှတ်မိသော ရုပ်အခြေအနေနှင့် စိတ်အခြေအနေတိုင်းကို ရှင်းလင်း ပြတ်သားစွာ တစ်ပိုင်းစီ တစ်ပိုင်းစီ သီးခြားအနေဖြင့် ပိုင်းပိုင်းခြားခြား၊ ကွဲကွဲပြားပြား သိလျက် သိလျက် နေပါသည်။

ဖြစ်ပေါ်လာပြီး ပျောက်သွားသည်ကိုလည်း သိ၍ သိ၍ နေသောကြောင့်ထင့်.. မမြဲ၊ ဆင်းရဲ၊ မတင့်တယ်ပါတကား၊ ငါမဆိုင်၊ ငါမပိုင်၊ ငါမတတ်နိုင်ပါတကားဟု ယောဂီဉာဏ်ထဲ၌ တစ်စတစ်စ ရှင်းလာနေပါသည်။

 

ဆွမ်းခံရွာ

 

အရုဏ်တက်ပြီ ဖြစ်၍ ဆွမ်းခံသွားရပါမည်။ ထို့ကြောင့် ယောဂီသည် သပိတ် သင်္ကန်းကို သတိသမ္ပဇဉ်ဖြင့် ပြင်ဆင်ပါသည်။

ဆွမ်းခံရွာကား အိမ်ခြေနည်း၍ လူဦးရေလည်း မထူထပ်ပါ။ တောရကျောင်းမှ အသွားအပြန် တစ်နာရီ၊ တောင်နှင့်မြောက်ခရီးဖြစ်သဖြင့် ယောဂီအတွက် ဂေါစရသပ္ပါယ မျှတပေသည်။

အိမ်ခြေစုစုပေါင်း ခြောက်အိမ်ရှိသောရွာဖြစ်သဖြင့် အိမ်စဉ်ဆွမ်းခံရန် သုံးမိနစ်ခန့်သာ ကြာပါသည်။ ဆွမ်းလောင်းအိမ် နည်းပါးစေကာမူ သူတို့၏ သဒ္ဓါတရား ယုံကြည်မှုကား ကြီးမြတ်သောကြောင့် ယောဂီအတွက် ဘောဇနသပ္ပါယလည်း မျှတပေသည်။

နေ့စဉ် ဆွမ်းခံရွာအသွားအပြန်တောလမ်းနှင့် လယ်ကန်သင်းရိုးသည်ကား စင်္ကြံကမ္မဋ္ဌာန်း ရှုပွားရာလမ်း ဖြစ်ပေသည်။

တစ်နေ့ ဆွမ်းခံအပြန် လမ်းခုလတ် လယ်ကွင်းအရောက်၌ ပံ့သုကူသင်္ကန်းထုပ်တစ်စုံ ရရှိလေသည်။ ထိုအထုပ်ရပြီးနောက် ဆွမ်းခံအပြန် လမ်း၌ကား…

ထိုသင်္ကန်းအရောင်က မည်သို့နည်း?

ထိုသင်္ကန်းတိုက်က အသို့နည်း?

ထိုသင်္ကန်းသည် ပိတ်သင်္ကန်းလော?

ထိုသင်္ကန်းသည် စီဝိုင်စီသင်္ကန်းလော?

ထိုသင်္ကန်းသည် ဖြ တ်ချုပ်လော?

ထိုသင်္ကန်းသည် ထပ်ချုပ်လော?

—နည်း?၊ —နည်း?၊ —လော?

ထိုသင်္ကန်းသည် မိမိလက်ရှိသင်္ကန်းထက် ပို၍ ကောင်းမည်ထင်သည် — ထင်သည်။ ဤသို့ မေးခွန်းများစွာ၊ ထင်မြင်ယူဆချက်များစွာဖြင့် ယောဂီသည် ကမ္မဋ္ဌာန်း အာရုံလွတ်သွားပါသည်။ လယ်နှစ်ကွက် ခြားသွားပါသည်။ လယ်သမားသည် လယ်ထွန်နေပါသည်။ ထိုလယ်သမား၏ ခွေးမြီးတိုတစ်ကောင် လယ်ကန်သင်းပေါင်ပေါ် ထိုင်နေသည်။ ထိုလယ်ကန်သင်းသည် ယောဂီ၏ တောရကျောင်းသွားရာလမ်း ဖြစ်ပါသည်။ ထိုအချိန်၌ မဖြစ်ဘူးမြဲ ဖြစ်လေပြီ။ လယ်ကွင်း၏ အလယ်၌ နာရီနှိုးစက် မြည်လာပါသည်။ ထိုအခါ လယ်သမားသည် ထွန်နား၍ ယောဂီကို ကြည့်ပါသည်။ ခွေးသည် ထိုင်နေရာမှ ထ၍ ဟောင်ပါသည်။

ယောဂီ၌ နာရီ မရှိပါ။ ထိုနာရီမြည်သံသည် အထုပ်ထဲမှ မြည်ခြင်းဖြစ်ပေသည်။ ဒီအထုပ်ထဲမှာ သင်္ကန်းသာမက နာရီလည်း ပါသေးသကိုး — နောက်ထပ် — နောက်ထပ် ဘာတွေပါသေးသလဲ — သလဲ — သလဲ။

ဓာတ်ခဲနာရီလား? စက်နာရီလား? ခါးပိုက်ဆောင်နာရီလား? စားပွဲတင်နာရီလား?

သတိ သမ္ပဇဉ်မဲ့ လျှောက်နေသော ယောဂီ၏ ခြေလှမ်းကို သိ၍လော မသိ၊ ခွေးသည် ဟောင်မြဲ ဟောင်နေပါသည်။

ခါတိုင်း ယောဂီသည် တောင်ခြေ၌ ခေတ္တနားသည်။ ထို့နောက် ခြေထောက် ဆေးသည်။ ပြီးသောအခါ တောင်ပေါ်ကျောင်းသို့ တက်ပါသည်။

ယနေ့ ယောဂီသည် တောင်ပေါ်ရောက်ပြီးမှ ခြေထောက်မဆေးဘဲ တက်လာမိသည်ကို သိသည်။ သို့သော် တောင်ခြေ၌ မနားခဲ့သော်လည်း ယောဂီ မောနေသည်ကိုမူ မသိလိုက်ပေ။

ယောဂီသည် တောရကျောင်းသို့ ယနေ့ ကမ္မဋ္ဌာန်းသတိဖြင့် မရောက်လာဘဲ အထုပ်ဖြင့် ရောက်လာပေပြီ။

ယောဂီ ဆင်ခြင်မိပါပြီ။ လိုချင်သောစိတ် မဖြစ်ပေါ်ခြင်းမှာ လိုချင်စရာ အာရုံနှင့် ပက်ပင်း မတွေ့သေး၍သာ ဖြစ်ပါသည်။

ယောဂီသည် ခြေထောက်ဆေးပြီးနောက် ကမ္မဋ္ဌာန်းကျောင်းငယ်အတွင်းသို့ ဝင်ပါသည်။

 

ယောဂီသတိလွတ်ပြီ

 

ယောဂီ၏ စိတ်သည် ဆွမ်းခံအသွား လမ်းမှာကဲ့သို့ ကြည်လင်မှု၊ တည်ကြည်ခိုင်ခံ့မှု၊ အေးချမ်းမှု မရှိဘဲ ဆွမ်းခံအပြန်လမ်းမှစ၍ စိတ်ညစ်နွမ်းပင်ပန်းနေတော့သည်။ ထို့ထက် တိတိကျကျဆိုရပါမူ ဆွမ်းခံအပြန်လမ်းခုလတ် သင်္ကန်းထုပ်ရရှိရာ လယ်ကန်သင်းရိုးမှ စတင်၍ ကမ္မဋ္ဌာန်းအာရုံ လွတ်သွားခြင်း ဖြစ်ပါသည်။

ယောဂီသည် ပုခုံးပေါ်မှ သားရေနွယ်ကို ကြမ်းပြင်ပေါ် ခင်းပါသည်။ သပိတ်ကို သပိတ်ခြေပေါ်တင်၍ အနား၌ ချထားလိုက်သည်။ အထုပ်ကိုလည်း ညာဘက်အနား၌ပင် ချထားလိုက်ပါသည်။ ထို့နောက် တင်ပလ္လင်ခွေထိုင်ပါသည်။ မျက်စိကို မှိတ်လိုက်သည်။ ယောဂီသည် ထိုအထုပ်ကို ဖွင့်၍ မကြည့်ရှုတော့ဘဲ မိမိ၏ စိတ်ကိုသာရှုကြည့်ရန် ဆုံးဖြတ်လိုက်ပါတော့သည်။

အလွန်သိမ်မွေ့၍ မြင်နိုင်ခဲသော အလိုရှိရာ အာရုံ၌ ကျရောက်လေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက်ထားသော စိတ်သည် ချမ်းသာကို ဆောင်ပေးတတ်၏၁။ (စိတ္တဝဂ်-ဓမ္မပဒ)

ကျမ်းညွှန်း ၁။ ဓမ္မပဒပါဠိ၊ စိတ္တဝဂ္ဂ၊ အညတရဥက္ကဏ္ဏိတဘိက္ခုဝတ္ထု။

 

ချမ်းသာဟူသည်

 

လူသား၏ အသိဉာဏ် စွမ်းပကားသည်ကား ကြီးမားလွန်းသည်။ ကျယ်ပြန့်နက်ရှိုင်းကာ အံ့မခန်းဖွယ် အသိပညာကို ဖြစ်ထွန်းပေါ်ပေါက်စေနိုင်လောက်သော သယံဇာတဖြစ်လေသည်။

ရုပ်ဝတ္ထုပစ္စည်းများ ကုံလုံကြွယ်ဝမှုကိုလည်း ထိုအသိဉာဏ်က စွမ်းဆောင်နေသဖြင့် လူသားကမ္ဘာလောကကြီး သာယာစိုပြေနေတော့သည်။

တစ်ဖန် ဒေဝလောက၊ ဗြဟ္မာလောကသို့ တိုင်အောင်လည်း ဉာဏ်၏ အရာပင်တည်း။ အဆုံးစွန်သော လောကုတ္တရာ နိဗ္ဗာန်ချမ်းသာကိုပင်လျှင် လူသား၏ အသိဉာဏ် စွမ်းဆောင်မှုဖြင့် မျက်မှောက်ပြုနိုင်တော့သည်။

ထိုအံ့ဖွယ်စွမ်းပကားကို လက်ဝယ်ပိုင်ဆိုင်ထားသော လူသည် အမြင့်မားဆုံးသော အတုမဲ့ တိုးတက်မှုကို မယူမိဘဲ ဖြစ်နေသည်။

လိုတရ ပြီးပြည့်စုံနိုင်သည့်တိုင် စေစားနိုင်သော မြားကို လက်ဝယ် ပိုင်ဆိုင်ထားမိသော သူသည် ထိုမြား၏ အစွမ်းဖြင့် တိုင်းနိုင်ငံကြီးငယ်ကို ပိုင်ဆိုင်အုပ်ချုပ်၍ မင်းဖြစ်နိုင်စေကာမူ ပြုလုပ်အပ်သည်ကို မပြုမိဘဲ ပျားအုံကို မြားဖြင့် ပစ်ခွင်းသည့်နှယ် ဖြစ်နေပေတော့သည်။

နှလုံးသားထဲ၌ မာနကို ပွားသည်။ လောဘကို ပွားသည်။ ဣဿာကို ပွားသည်။ ဂုံးချောရန်တိုက်ပြုသည်။ အနိုင့်အထက်ပြုသည်။ ကျေးဇူးမဲ့ကို ပြုသည်။ ကောက်ကျစ်စဉ်းလဲသည်။ သစ္စာမဲ့တတ်သည်။

နှလုံးသားဝယ် မေတ္တာကရုဏာကို မပွားပေ။ သီလသမာဓိကို မဆည်းပူးပေ။ သတိပဋ္ဌာန် လေးပါးကို မလေ့ကျင့်ချေ။

အဖိုးအနဂ္ဃတန်သည့် ရုပ်နာမ်အစုကို ပိုင်ဆိုင်စေကာမူ အကျိုးမဲ့ ငရဲဌာနသို့၊ တိရစ္ဆာန်ဌာနသို့၊ ပြိတ္တာဌာနသို့ သက်ဆင်းကြခြင်းသည် အမှန်ဧကန် မလျှော်ပေ။

နိဗ္ဗာန်၏ အနက်သည် ‘ဝါနတော နိက္ခန္တံ’ ဟု ဆိုသဖြင့် တဏှာမှ လွတ်မြောက်ခြင်း ဖြစ်ပေသည်။ တနည်း တဏှာကုန်ရာသည် နိဗ္ဗာန်မည်ပေသည်။ ပြည်ပမှ သာသနာပြု ဆရာတော်ကြီးတစ်ပါးသည် ဤသို့ မိန့်ကြားခဲ့ဖူးသည်.. “If you let go a little, you will have a little peace. If you let go a lot, you will have a lot of peace. If you let go completely, you will have complete peace.”၁

ကျမ်းညွှန်း။ A still Pool by VEN. A CHAAN CHAN

 

တဏှာကိလေသာ အနည်းငယ်မျှ ပါးလျှင် အနည်းငယ် ချမ်းသာမည်။ များများပါးလွှာလျှင် များများချမ်းသာမည်။ အကြွင်းမဲ့ ပြတ်လျှင်ကား အကြွင်းမဲ့ ချမ်းသာပေမည်။

လောဘကိလေသာ၏ အခိုးကြောင့် ဉာဏ်ပိတ်သည်။

ဒေါသကိလေသာ၏ အခိုးကြောင့်လည်း ဉာဏ်ပိတ်သည်။

မောဟကိလေသာ အခိုးကြောင့် ဉာဏ်မပွင့်ပေ။

ကိလေသာ အခိုး၊ အမြှေးများ၊ အညစ်အကြေးများကို တဖြည်းဖြည်း ခွာချတတ်လာသော သူ၏ ဉာဏ်သည်လည်း တဖြည်းဖြည်း ပွင့်၍ ပွင့်၍ လာမည်သာ။

ဉာဏ်သည် ကိလေသာ၏ ပူလောင်ပင်ပန်းဆင်းရဲခြင်းကိုလည်း သိသည်။

ဉာဏ်သည် ကိလေသာ ဖြစ်ရာဖြစ်ကြောင်းကိုလည်း သိသည်။

ဉာဏ်သည် ကိလေသာငြိမ်းရာကိုလည်း သိသည်။ ကိလေသာ ငြိမ်းရာသို့ ကျင့်ကြံ ပွားများရာ နည်းလမ်းကိုလည်း သိသည်။၁

ကျမ်းညွှန်း။ မဟာဝဂ္ဂသံယုတ္တပါဠိ၊ ဓမ္မစက္ကပ္ပဝတ္တနသုတ္တ။

 

ဤသို့ သိနိုင်စွမ်းသောကြောင့်သာလျှင် တဏှာ ကိလေသာ ပါးလွှာရေးကျင့်စဉ် အောင်မြင်နိုင်ပေမည်။ ကိလေသာငြိမ်းရာ ချမ်းသာကိုလည်း ခံစားလိုကြပေမည်။

မိုးခေါင်ရေရှား သဲသောင်ကန္တာရဒေသ၌ လူလားမြောက်ခဲ့ရသော ကန္တာရသားတစ်ဦးအဖို့ ထိုသူ၏ ဘိုးဘေးများသည် ဤမြေ၌ မွေး၊ ဤမြေ၌ နေကာ၊ ဤမြေ၌ပင် သေခဲ့ကြပြီ၊ မိဘများ ခေါင်းချရာ ဤကန္တာရထက် သာလွန်သောဒေသသည် ဤကမ္ဘာမြေပြင်ဝယ်ရှိအံ့ မထင်ဟု ကန္တာရသားက ထင်ရုံမက ယုံကြည်နေပါသည်။

နယ်မြေအရပ်ဒေသများစွာကို ကျွမ်းကျင်နှံ့စပ်စွာ ခရီးသွားသော ယောက်ျားက ကန္တာရ၌ တစ်ညတာ နားခိုရင်း ဤဒေသ၏ ဆိုးပြစ်များ ပြောခဲ့လျှင်ပင် ထိုသုတပညာရှိသော ခရီးသွားသူကို ကန္တာရသားတို့က ကြည်ဖြူမည် မဟုတ်ပေ။

ကံအားလျှော်စွာ ထိုကန္တာရသားသည် မြစ်များ၊ ချောင်းများ၊ ဆည်မြောင်းတာတမံ များကြောင့် တစ်ဆယ့်နှစ်ရာသီ စိမ်းစိုကာ သာယာချမ်းမြေ့သော စားပင်သီးပင်ပေါသော ဒေသသို့ ရောက်သောကာလ၌ကား အသိအမြင်များ ပြောင်း၍ မိမိယခင် စွဲလမ်းမိသော ကန္တာရသည်ကား ဆင်းရဲပေစွ၊ သာယာချမ်းမြေ့ဘွယ်ဒေသ မဟုတ်ပါတကားဟု အသိအမြင် ပြောင်းသွားလေသည်။

အသိအမြင်ပြောင်းလဲသွားသော ထိုကန္တာရသားသည် ဇာတိမွေးရပ်မြေသို့ ပြန်ကာ မိမိတွေ့မြင်ခဲ့ရသည်တို့ကို ပြန်လည်ပြောကြားရာတွင်မူ ဒေသသားတို့သည် နားထောင်ကောင်း၍ နားထောင်နေသော်လည်း သံသယတစ်ပိုင်းက ရင်ထဲ မပြေဘဲ ရှိနေနိုင်သေးသည်။

ဒေါသ၊ မာနကိလေသာတို့ဖြင့် ထုံမွမ်း၍ မွေးဖွားကြီးပြင်းလာရသော လူ၏ ပတ်ဝန်းကျင် သည် ကိလေသာ အညစ်အကြေးများ ပေလူးနေပေသည်။ ဘဝနှင့် ကိလေသာတို့သည် တစ်သားတည်း ဖြစ်နေသည်။

ထို့ကြောင့် ကိလေသာ၏ ပင်ပန်းဆင်းရဲခြင်းကို မသိနိုင်ပေ။ ထိုကိလေသာ ဖြစ်ကြောင်း ကိုလည်း မသိနိုင်ပေ။ ထိုကိလေသာငြိမ်းခြင်း၏ ချမ်းသာကိုလည်း မသိနိုင်သကဲ့သို့ ထိုကိလေသာ ငြိမ်းရာငြိမ်းကြောင်း ကျင့်သုံးဆောက်တည်ရမည့် လမ်းစဉ်ကိုလည်း မသိနိုင်ပေ။

ထိုထို လောဘ ဒေါသ ကိလေသာတရားဆိုးတို့ကြောင့် ဘဝသည် ရှုပ်ထွေးပင်ပန်းကာ သံသရာကို ချဲ့ကားစေမည်။ သေလွန်လျှင် ဒုဂ္ဂတိဘုံဌာနသို့လည်း ပို့ဆောင်စေသည်။ သက်ရှိထင်ရှားစဉ်လည်း ပင်ပန်းနွမ်းနယ်စေပေသည်ဟု ဆိုစေကာမူ နှစ်နှစ်ကာကာ ယုံကြည်လက်ခံရန်မှာမူ ခဲယဉ်းနေပေဦးမည်ဟု ထင်ရသည်။

သို့ဆိုစေကာမူ လူသား၏ အံ့မခန်းအသိဉာဏ်သည်ကား သိနိုင်စွမ်းရှိသည်ကို သံသယဖြစ်ရန် မလိုပေ။

အလွန့်အလွန်ပင် သိမ်မွေ့နူးညံ့သော အဋ္ဌကလာပ်၊ ပရမာဏုမြူ၊ အဏုမြူများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ဤခန္ဓာကိုယ်သည် ရေပွက်ငယ်ပမာ တစ်ခဏတာသာ ခံလေသည်။ ဖြစ်ပေါ်လာပြီးလျှင် ချက်ချင်းပင် ချုပ်ငြိမ်းနိဂုံးရှိပေသည်။

ထိုထိုပရမာဏုမြူတို့နှင့် ထိစပ်ကာ ဖြစ်ပေါ်နေသော စိတ္တသန္တတိ၊ စိတ်အစဉ်အတန်း သည်လည်း ဖြစ်ပေါ်လာပြီး ချွတ်ယွင်းချက်မရှိ တစ်ခဏတာမျှ ရပ်တန့်ခြင်း၊ တည်တံ့ခြင်းမရှိဘဲ ချုပ်ငြိမ်းလျက်သာ နေပေသည်။

ခန္ဓာရုပ်နာမ်၏ ဓမ္မဖြစ်စဉ်သည် ဝိပဿနာတရား ရှုမှတ်ပွားများနေမှသာ ဖြစ်ပေါ်ပြသနေခြင်းကား မဟုတ်ပေ။

ဤဓမ္မဖြစ်စဉ်သည် စက္ကန့်မလပ်၊ ဒလစပ်ဖြစ်ပေါ်လာပြီး ပျက်သုဉ်းနေသောသဘော ဖြစ်လေသည်။ ယောဂီ၏ ဉာဏ်မျက်စိတွင် ဤဓမ္မသဘောကို သိမြင်ခြင်းကပင် ဝိပဿနာ ရှုပွားခြင်း မည်ပေသည်။

သို့သော် ယောဂီသည်ကား ရှုမှတ်ခြင်း၌ ဧကန်မုချ မကြာမီ ကောင်းတာတစ်ခုခု တွေ့ရတော့မည်ဟု ယုံကြည်မျှော်လင့်နေတတ်သည်။

တင်ပလ္လင်ခွေကာထိုင်၊ မျက်စိစုံမှိတ်ပြီး ခါးမတ်မတ်ထား၍နေလျှင် တထစ်ချ ကောင်းတော့မည်ဟူ၍ ထင်နေတတ်သည်။

အကြောင်းရင်းမှာ ယောဂီသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ တစ်ဆင့်အကြားဖြင့် သော်လည်းကောင်း သိရှိခဲ့ဖူးသည့် အခြေအနေတစ်ရပ်ရပ်ကို “ဒါမှ တရား” ဒီလိုဖြစ်ရင် တရားတိုးတယ်” ဟူ၍ သတ်မှတ်ထားမိခြင်းကြောင့် ဖြစ်လေသည်။

လက်တွေ့တွင် ထိုမိမိတန်ဖိုးဖြတ်ထားမိသော အခြေအနေ မတွေ့ကြုံရပါက “တရားမတိုးဘူး” “တရားမကောင်းဘူး” ဟု မိမိကိုယ်တိုင် ဆုံးဖြတ်နေခြင်း ဖြစ်လေသည်။

မိမိကိုယ်တိုင် မေးခွန်းထုတ်၊ ကိုယ်တိုင်ဖြေ၊ အဖြေလွှာကို ကိုယ်တိုင်စစ်ဆေးကာ စာမေးပွဲအောင်၊ မအောင်ဆုံးဖြတ်ခြင်းသည် သဘာဝလည်း မကျပေ၊ ဆီလျှော်မှုလည်း မရှိပေ။

ထို့ကြောင့် ရှုမှတ်ခြင်း၏ လမ်းဆုံး၌ ကြည်နူးချမ်းမြေ့ပျော်ရွှင်ဝမ်းမြောက်ဘွယ်အတိ ပြည့်နေသည်ဟူသော မျှော်လင့်ချက်ဖြင့် ရှုနေခြင်းသည်လည်းကောင်း၊ မကြာမီ တစ်စုံတစ်ရာ အဆန်းတကြယ်၊ ကြီးကြီးမားမား ပေါ်ပေါက်လာလိမ့်မည်ဟူသော တောင့်တချက်ဖြင့် ရှုနေခြင်းသည်လည်းကောင်း မဖြစ်ကောင်းသည်သာ။

စိတ်အေးသက်သာ၊ စိတ်ဝင်စားစွာဖြင့် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ၌ ဖြစ်ပျက်ပြောင်းလဲနေသော ဖြစ်စဉ်မျှကို ရိုးရိုးကလေး ရှုမှတ်ရန်သာ ပဓာနပေတည်း။

စိတ်သည် မိမိထားလိုသော အာရုံ၌ နေချင်လည်း နေသည်။ မနေဘဲလည်း ရှိတတ်သည်။ မိမိ မထားလိုသော အာရုံ၌လည်း နေချင်နေတတ်ပြန်သည်။ ဤအာရုံ မကောင်းသဖြင့် မနေရန် တားဆီး၍ မရသကဲ့သို့ ထိုအာရုံက ကောင်း၍ နေပေးပါရန် တိုးလျှိုးတောင်းပန်၍လည်း မရပြန်ပေ။

ဝေဒနာသည် ကောင်း၊ မကောင်းအာရုံကို ခံစား၍ နေသည်။ သညာသည် ကောင်း၊ မကောင်းမရွေး မှတ်သား၍ နေသည်။ ဝိဉာဏ်သည် ကောင်း၊ မကောင်းအာရုံတိုင်းကို သိ၍ သိ၍ နေသည်။ ဖောက်ပြန်ပြောင်းလဲနေသော ရုပ်တရားကြီးသည် မည်သူ၏ အလိုသို့လည်း မလိုက်ပါဘဲ ဖောက်ပြန်ပြောင်းလဲ၍သာ နေပါတော့သည်။

ပိုင်ရှင်၏ အလို (ဝါ) ယောဂီ၏ အလိုသို့ကား မျက်စိလည်း မလိုက်ပေ၊ နားလည်း မလိုက်ပေ။ သညာလည်း မလိုက်၊ သင်္ခါရလည်း မလိုက်၊ ရုပ်လည်း မလိုက်ခြင်းမှာ ပိုင်ရှင်မရှိသောကြောင့် အစိုးမရခြင်းကြောင့်ဟူသည် ထင်ရှားလွန်းလှသည်။

ဉာဏ်နှင့် စောင့်ကြည့်သော ယောဂီအဖို့ ဖောက်ပြန်သော ရုပ်တရားသည် ဖောက်ပြန် ပြီးရင်း ဖောက်ပြန်ရင်း ချုပ်ပျောက်နေပါသည်။ ခံစားနေသော ဝေဒနာသည်လည်း ခံစားပြီးရင်း ချုပ်ပျောက်နေပါသည်။ သိနေသော ဝိဉာဏ်သည်လည်း သိပြီးရင်း ချုပ်ပျောက်၍သာ နေပါတော့သည်။

ဤသည်မှာ “သူတို့အလုပ် သူတို့ လုပ်နေကြခြင်း” သာတည်း။

မသိခြင်းသည် ပမာဒ၊ သိခြင်းသည် အပ္ပမာဒ။ မသိခြင်းသည် မောဟ၊ သိခြင်းသည် အမောဟ။ မသိခြင်းသည် အဝိဇ္ဇာ၊ သိခြင်းကား ဝိဇ္ဇာ ပညာပေတည်း။

ပျက်၍ ပျက်၍နေသော သဘောကို မပျက်စီးစေရန် မတတ်နိုင်ကောင်းပေ။ တစ်ဖန် ဖြစ်၍ ဖြစ်၍နေသော သဘောကိုလည်း မဖြစ်စေရန် မတတ်နိုင်ကောင်းသည်သာ။

ဤသို့ ပြုပြင်၊ ဖန်တီး၊ ပြင်ဆင်မရသော သဘောကပင် အနတ္တမည်ပေသည်။

စိတ်၊ စေတသိတ်၊ ရုပ်တရား အလုံးစုံသည် ပရမတ္ထတရား၁ ဖြစ်သည်။ တနည်း အနတ္တ တရားပေတည်း။

ဤအနတ္တဓမ္မကို ကြားသိ၊ ကျင့်သုံးခွင့်ရခြင်းသည် သဗ္ဗညုတရှင်တော် မြတ်ဘုရား၏ ကျေးဇူးပေတည်း။

ပရမတ္ထ = ပရမ + အတ္ထ = မြတ်သော + အနက်သဘောရှိသော တရားကို အမှန်အတိုင်း မြင်သိ နိုင်ကြသော တရားရှင်ပုဂ္ဂိုလ်တို့သည် ပြုပြင်၍ မရကောင်းသော သဘောတရားကို ပြုပြင်၍ နေခြင်းထက် ပြုပြင်မရကောင်းသော သဘောတရားဟူ၍ အမှန်အတိုင်း ကျင့်သုံးခြင်းသည်သာ ချမ်းသာဧကန် ဖြစ်ပေတော့မည်။

 

ညီတော်နန္ဒမင်းသားနှင့် လောကအမြင်မတူသော နန္ဒထေရ်

 

လူ့ဘောင်လောက လူတို့၏ရွာသည် လိုချင်ရာရာ များလွန်းလှပေတကားဟု ယနေ့ကမ္ဘာ၌ ဝင့်ကြွားစွာလည်း ပြောကြသည်။ ဂုဏ်ယူ၍လည်း ပြောနေကြပေသည်။ “ပြည့်စုံလှသော တို့ကမ္ဘာ” ဟု ဖော်ပြလိုချင်ဟန် တူပေသည်။

သို့သော် လွန်လေပြီးသော ကာလများစွာတို့မှ လူ့ဘောင်လောကသည်လည်း ထိုအခါ အားလျော်စွာ လိုချင်ရာရာ များခဲ့သည်သာ။

ထိုနည်းတူ လာလတ္တံ့သော နောင်အနာဂတ်၌ တည်ထွန်းပေါ်ပေါက်မည့် လူသားတို့၏ လူ့ဘောင်လောက ထိုလူတို့၏ ကမ္ဘာ၌လည်း လိုချင်ရာရာများမြဲပင် များပြားနေပေလိမ့်မည်သာ။

ဗဟိဒ္ဓပြင်ပ၏ လိုချင်ရာရာတို့သည် အမှန်တကယ်၌မူ ဘယ်အခါကာလကမှ ပြီးပြည့်စုံလိမ့်မည် မဟုတ်ပေ။

သို့သော် လူသည် — လောဘ(တဏှာ) က လိုချင်သည်ကို “ငါလိုချင်တာ” ဟု ထင်သည်။

ဝေဒနာက ခံစားသည်ကိုပင် ” ငါ ခံစားတာ” ဟု ထင်ပြန်သည်။

သညာက မှတ်သားသည်ကိုလည်း “ငါမှတ်သားတာ” ဟု ယူလေသည်။

ဝိညာဏ်က သိသည်ကိုမူ “ငါသိတာ” ဟု ပြောဆိုနေသည်။

တစ်ဖန် လိုချင်တာ ရပြန်သောအခါ၌မူ “ငါမို့ ရနိုင်တာ” ဟု မာန်တက်ပြန်ပြီး၊ “သူတို့ ငါ့လို ရနိုင်လို့လား” ဟု သူတစ်ပါးကို ချိုးဖဲ့နှိပ်စက်ပြန်သည်။

ကိလေသာသည် ကိလေသာမျှသာ ဖြစ်ပါသည်။ သို့သော် လူသည် ထိုကိလေသာကို ငါနှင့် ထပ်တူပြုမိသောအခါ၌မူ ကိလေသာကလေးမှသည် ကိလေသာကြီးဖြစ်လာတော့သည်။

ကိလေသာသည် စိတ်ကို ညစ်ညူးပူလောင်စေတတ်သော အကုသိုလ်တရားဆိုး၏ အမည်ထူးဖြစ်သော်လည်း အရပ်ထဲ၌ကား ကိလေသာကို အဓိပ္ပါယ်တစ်မျိုး ယူလိုကြသည်။ ကိလေသာသည် ဆယ်ပါးရှိလေသည်။ ၎င်းတို့မှာ (၁)လောဘ၊ (၂)ဒေါသ၊ (၃) မောဟ၊ (၄) မာန၊ (၅)ဒိဋ္ဌိ၊ (၆)ဝိစိကိစ္ဆာ၊ (၇)ထိန၊ (၈)ဥဒ္ဓစ္စ၊ (၉)အဟိရိကနှင့် (၁၀)အနောတ္တပ္ပတို့ပေတည်း။

ထိုထိုကိလေသာ အကုသိုလ်တရားဆိုးတို့၏ လွှမ်းမိုးချုပ်ခြယ်မှုကြောင့်ပင် ယနေ့ ခေတ်လူသားများ သောကပင်လယ်ဝေနေရပါသည်။ နှောင်းခေတ်လူသား အများသည်လည်း ဆင်းရဲကြပေလိမ့်မည်။ ရှေးအတိတ် လွန်လေပြီးသော လူ့ဘောင်မှ လူများသည်လည်း ဆင်းရဲမှု အစဉ်တန်းခဲ့ပေသည်။

သာသနာတော်ကြီး၌ မပျော်ပိုက်နိုင်၊ ငြီးငွေ့ကာ မှိုင်တွေနေရှာသော ညီတော်နန္ဒ မင်းသားကို မြတ်စွာဘုရားရှင်က ခေါ်ယူ၍ မေးမြန်းသောအခါ “ဖခမည်းတော်၏ နန်းတော်မှ ထွက်ခွာခဲ့စဉ် အလှပြင်ဆင်၍ နေရစ်ခဲ့သော နှမတော်ဇနပဒကလျာဏီသည် မျက်ရည်များ တွေတွေကျ၊ ဆံပင်တို့ တစ်ဝက်တစ်ပျက်ဖီးလိမ်းနေခဲ့ရာမှ “မောင်တော်ဘုရား မြန်မြန်ကြီးသာ ပြန်လာခဲ့ပါတော့ဘုရား” ဟု မှာကြားလိုက်သော သနားစဖွယ်အသံတို့သာ တပည့်တော် နားထဲ ပဲ့တင်ထပ်ကာ နေပါတော့သည်ဘုရား၊ သို့ကြောင့် တမှိုင်မှိုင်တတွေတွေ မပျော်မရွှင်ဖြစ်ရကြောင်းပါ နောင်တော်ဘုရား” ဟု လျှောက်ထားခဲ့ပါသည်။

နန္ဒထေရ်၏ ထိုတောင့်တမှုကို သေးငယ်သည်ဟု မမှတ်ယူလိုဘဲ ကြီးကျယ်သော လိုချင်တောင့်တမှုသာ ဖြစ်ပေတော့သည်ဟု သတ်မှတ်ချင်လိုကြပေမည်။

အကြောင်းမှာ ကပိလဝတ်ပြည်၏ အဘိသိက်သွန်းလောင်းခံရတော့မည့် ရှင်ဘုရား တစ်ပါးနှင့် မိဖုရားလောင်းလျာတို့၏ ငယ်ရွယ်မှု၊ လှပမှု၊ နုပျိုမှု၊ ပြည်သူတို့၏ ချစ်ခင်မှု စသည်တို့ဖြင့် ကြည့်လျှင် ရှင်ဘုရင့်နန်းစည်းစိမ်ချမ်းသာထက် ရဟန်းတစ်ပါး၏ ချမ်းသာသည် မည်သည့် နည်းနှင့်မျှ မကြီးကျယ်နိုင်၊ မမြင့်မြတ်နိုင်ပါဟူ၍လည်း စောဒနာလိုကြမည်သာတည်း။

အရှင်နန္ဒ၏ ရင်ဝယ်ခံစားမှုကို ကြားနာပြီးနောက် မြတ်စွာဘုရားသည် ညီတော်၏ လက်မောင်းတော်ကို ကိုင်ဆွဲကာ တန်ခိုးတော်ဖြင့် သိကြားမင်းစံပျော်ရာ တာဝတိံသာနတ်နန်းသို့ ဆောင်ယူတော်မူပါသည်။

ဇနပဒကလျာဏီဟု ဆိုအပ်သော လူမိန်းမတစ်ဦး၏ လှပတင့်တယ်မှုကို အကြောင်းပြုကာ ရင်ဝယ် သောကမီးအုံနေရှာသော ညီတော်သည် လူမိန်းမတို့ထက် အဆရာထောင်မကသော အလှအပ၊ အနူးအညံ့နှင့် ဖော်မပြနိုင်လောက်သော ချစ်ဖွယ်၊ မြတ်နိုးဖွယ်ကို မြင်သော ထိုတဒင်္ဂ၌ပင် ဇနပဒကလျာဏီကို သူ့နှလုံးသားမှ ထုတ်ပယ်နိုင်လေပြီ။ မေ့ဖျောက်နိုင်စွမ်းလေပြီ။

ထို့ကြောင့် “ဘုန်းတာ်ကြီးတော်မူသော မြတ်စွာဘုရား နတ်ပြည်နတ်ရွာမှ နတ်သမီးကို မြင်ရပြီး တစ်ခဏ၌မူ တပည့်တော်စိတ်ဝယ် ဇနပဒကလျာဏီသည် မီးလောင်ပြင်ကျယ် သစ်ငုတ်တိုပေါ် ထိုင်နေသော နှာခေါင်းလည်းတို၊ နားရွက်လည်း မရှိ၊ အမြီးလည်း ပြတ်ပြီးနေသော မျောက်အိုမကြီးနှင့် မခြားတော့ပါဘုရား”ဟု လျှောက်ထားသောအခါ မြတ်စွာဘုရားက နတ်သမီး ရရှိရေးအတွက် တာဝန်ခံတော်မူပြီးနောက် သွန်သင်ဆုံးမသည်မှာ “ညီတော်နန္ဒ ငါဘုရား ဆုံးမတော်မူရာ သာသနာဟု ဆိုအပ်သော မြင့်မြတ်သောအကျင့်၌ မွေ့လျော်ဘိလော့”ဟု ဆုံးမတော်မူရာ အရှင်နန္ဒသည် သူမျက်မြင်တွေ့ခဲ့ရသော နတ်သမီးကို ရရှိရေးအတွက် ကပိလဝတ်ပြည်နန်းမဆောင်သို့ ပြန်ရန် မလိုတော့ဘဲ ဘုရားထံတော်ပါး၌ပင် မြတ်သောအကျင့်ကို စတင်ပါတော့သည်။

ဤတွင် နန္ဒထေရ်၏ နတ်သမီးရလိုမှု အာသာဆန္ဒကို အသို့မှတ်ယူမည်နည်း။

ဇနပဒကလျာဏီကိုလည်း လိုချင်ခဲ့သည်သာ၊ ယခုတစ်ဖန် နတ်သမီးကိုလည်း လိုချင်နေပြန်သည်။

ထို့ကြောင့် လိုချင်မှုတဏှာ၌ အတိုင်းအတာ အကန့်အသတ် မရှိတော့ပေ။

တောနက်ထဲ သီတင်းသုံးကာရွာငယ်လေးတစ်ရွာကို ဂေါစရဂါမ်ပြုတော်မူသည့် သီလအရာ၌ အတုယူအားကျဖွယ် မထေရ်မြတ်တစ်ပါးထံ ခေတ္တနည်းမှီကာ ချဉ်းကပ်ခဲ့ဖူးသဖြင့် ရင်းနှီးခွင့် ရရှိခဲ့သည်။

“တပည့်တော် ကျောင်းတိုက်မှာက ရေခဲသေတ္တာ၊ ဂြိုလ်တုစလောင်း၊ တယ်လီဖုံးအပြင် ကွန်ပျူတာ၊ အဝတ်လျှော်စက်ပါ တပ်ဆင်ထားတာဘုရား၊ အခု အဲသဟာတွေ စွန့်ပြီးတော့ တောထဲနေဆိုမှပဲ ဟာ… စိတ်က ကိုယ်တော်ရေ ဒုက္ခမှ ဒုက္ခကြီး ကိုယ်တော်”

“ဘယ်လို ဒုက္ခကြီးပါလိမ့် ဆရာတော်ဘုရား”

“ငါ့လို သူတို့နေနိုင်ရိုးလား၊ ငါ့လိုကော ကျင့်နိုင်မတဲ့လား၊ ငါ့လိုသူများ…၊ ငါ့လိုသူများ…၊ စိတ်က ဖြစ်နေတာဘုရား။ ဒီစိတ်ကို သူတစ်ပါးများ တည့်တည့်သိရင်တော့ ကိုယ်တော် ဒုက္ခမှ ဒုက္ခကြီး ကိုယ်တော်၊ ကိလေသာလေ၊ အဲဒါ ရန်သူ…”

လူသူကင်းဝေး သားရဲတိရစ္ဆာန်ပြွမ်းသော အလယ်ရိုးမ၏ တောင်ကြောပေါ်၌ သစ်ခက်တဲကျောင်းကလေးနှင့် သီတင်းသုံးနေထိုင်တော်မူသည့် ဝိနယဂရုကလဇ္ဇီပေသလ သိက္ခာကာမ မထေရ်မြတ်၏ သစ်ပင်ရင်း၌ ကိလေသာရန်သူနှင့် စစ်ခင်းနေသည့် တိုက်ပွဲအတွေ့အကြုံပေတည်း။ [ဝိနယဂရုက= ဝိနည်းတော်ကို အထူးရိုသေလေးစားခြင်း၊ လဇ္ဇီပေသလ= ဒုစရိုက်မှုကို ပြုရန် ရှက်ကြောက်ကာ သီလကို မြတ်နိုးခြင်း၊ သိက္ခာကာမ= သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို လိုလားပွားများခြင်း။]

ထိုကိလေသာကို မကြီးမကျယ်လှပါဟူ၍လည်း တစ်စုံတစ်ဦးမျှ ဆိုဝံ့မည် မထင်မိပါ။

တစ်ဖန် သာကီဝင်မင်းသမီး ဇနပဒကလျာဏီပေါ် အရှင်နန္ဒ၏ စွဲလမ်းတပ်မက်မှုနှင့် တာဝတိံသာနတ်နန်းမှ နတ်သမီးကို စွဲလမ်းမှုတို့တွင် ကိလေသာပမာဏကို တိတိကျကျ မှန်းဆတိုင်းတာရန်လည်း မဖြစ်နိုင်ပေ။

သို့သော် သေချာမှုတစ်ခု အမြဲရှိလေသည်။ မှန်ကန်မှုတစ်ခု အမြဲရှိလေသည်။ ၎င်းမှာ ကိလေသာတိုင်းသည် ပူလောင်ပါသည်။

သို့ဖြစ်ပါ၍ ဒေသနာတော်၌ “နတ္ထိ တဏှာသမာနဒီ”၁ ဟု ဖွင့်ဆိုလေသည်။ အဓိပ္ပာယ်မှာ တဏှာနှင့် တူသော မြစ်သည် မရှိဟူ၍ ဖြစ်ရာ မြစ်ကြီး၊ မြစ်ငယ်ရေတို့သည်ပင်လျှင် ရံခါ ကမ်းလုံးပြည့်လျှံသည်လည်း ရှိသည်။ ရံခါ သဲသောင်ဖွေးဖွေး ရေဝေးဝေးဖြစ်တတ်သော ရေနည်းကာလလည်း ရှိတတ်စေကာမူ လိုချင်မှုတဏှာသည်ကား အစဉ်ထာဝရ ပြည့်သည်မရှိ၊ လိုအပ်လျက်၊ လိုအပ်လျက်သာ ရှိနေပေတော့သည်။ ထိုလိုအပ်မှုသည် ပူလောင်မှု၏ ရေသောက်မြစ်ပေတည်း။

ကျမ်းညွှန်း။ ဓမ္မပဒပါဠိ၊ မလဝဂ္ဂ၊ ပဉ္စဥပါသကဝတ္ထု

 

ကိလေသာတို့ဖြင့် ရစ်ပတ်ချည်နှောင်ခြင်း ခံထားရသော လူ့လောကသား နတ်လောကသားတို့ကို တဏှာဒါသဟူ၍လည်း စာပေ၌ ဖော်ပြလေသည်။ တဏှာဒါသသည် တဏှာ၏ကျွန်ဟု ဆိုပေသည်။

ထို့ကြောင့် လိုချင်မှု၏ ကျွန် (သို့မဟုတ်) ဆာလောင်ခြင်း၏ ကျွန် (သို့မဟုတ်) တောင်းတခြင်း၏ ကျွန်ဟု ဖော်ပြနိုင်သည်။

သို့သော် လူနှင့် လိုချင်မှုကို ထပ်တူပြုနေသဖြင့် လိုချင်မှု၊ တောင့်တမှု၊ ဆာလောင်မှုတို့၏ ကျွန်သည် လူဖြစ်ရလေသည်။

ထို့ကြောင့် လူက ကျွန်၊ လိုချင်မှုတဏှာက သခင်ဖြစ်နေရသည်။

စိတ်ဆိုး၊ စိတ်ပျက်၊ ဝမ်းနည်း၊ ပူဆွေး၊ သောကဟု ဆိုအပ်သော ဒေါသအရာ၌လည်း (ဝါ) ဒေါသဖြစ်နေခိုက်လည်း တဏှာနည်းတူပင် ဒေါသသည်သခင် လူသည်ကျွန် ဖြစ်သွားသည်။

ရိုသေထိုက်သူကို မရိုမသေမညွတ်ကိုင်းနိုင်လောက်အောင် ခက်ထန်သော အခြင်းအရာကို ပါဠိစာပေ၌ ထမ္ဘဟု ခေါ်ရသဖြင့် ထိုအချိန်၌ လူသည် ထမ္ဘ၏ ကျွန်ဖြစ်ရပြီး၊ မာနသမ္ပယုတ်စိတ္တုပ္ပါဒ် ထမ္ဘသည် သခင်ဖြစ်သွားသည်။

သူတစ်ပါးထက် သာအောင်၊ ကျော်အောင်၊ အနိုင်ရလိုမှု၊ အသာရလိုမှု လွှမ်းမိုးချုပ်ချယ် လိုသော သဘောကို စာပေ၌ သာရမ္ဘဟု ဖော်ပြပါသည်။ ထိုအချိန်၌ လူသည် ကျွန်ဖြစ်သွားပြီး မာနပြဋ္ဌာန်းသော ဒိဋ္ဌိဝိပ္ပယုတ်စိတ္တုပ္ပါဒ် သာရမ္ဘသည် သခင်ဖြစ်သွားလေသည်။

တဏှာ၊ လောဘ၊ ကိလေသာတို့သည် “ငါ”ကိုသာ လွှမ်းမိုးချယ်လှယ် မင်းမူနိုင်ခြင်းဖြစ်သည်။

ထိုငါ မရှိတော့ပါက ကိလေသာ၏ အုပ်ချုပ်မှုမှ လွတ်ကင်းပေမည်။

အရိယာ သစ္စာဉာဏ်အလင်းကို မဆိုထားဘိ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိတို့ကို ဥဒယဗ္ဗယဉာဏ်စွမ်းအားဖြင့် သဘောကျထားသော ထိုယောဂီသည် ငါနှင့် လူ၊ လူနှင့် ငါကို ခွဲခြမ်းစိတ်ဖြာနိုင်တော့ပြီ။

တစ်နည်းဆိုရသော် ငါနှင့် ကိလေသာကို မရောယှက်တော့ပြီ။

တစ်နည်းဆိုရသော် လူနှင့် လိုချင်မှုကို ဉာဏ်ထဲ လင်းလေပြီ။

ထို့ကြောင့် လူနှင့် လိုချင်မှု (ကိလေသာ)ကို ဉာဏ်ထဲ နည်းနည်းရှင်းလျှင် ကိလေသာ၏ ကျွန်ဘဝမှ နည်းနည်း လွတ်ပေမည်။ များများရှင်းလျှင် များများလွတ်ပေမည်။ အလုံးစုံရှင်းလျှင်မူ အလုံးစုံပင် လွတ်မြောက်ပေတော့မည်။

ထိုကိလေသာတို့မှ လွတ်မြောက်သူတို့၏ လောကကိုမြင်သော အမြင်သည် အသွင်သစ်၊ ရှုထောင့်သစ် ဖြစ်သွားတော့သည်။

ဗဟိဒ္ဓအသွင်အပြင် ဝတ္ထုပစ္စည်းတို့ စိုးစဉ်းမျှ ပြောင်းလဲခြင်းကား မရှိပေ။ အတွင်းအဇ္ဈတ္တ အသိအမြင်များသာ ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။

ရံခါ အပြင်ပြောင်းလဲ၍လည်း အတွင်းအဇ္ဈတ္တ ပြောင်းလဲသွားသည်မှာ လောက၌ ရှိကောင်းသည်သာ။

သို့သော် ထိုပြောင်းလဲခြင်းမျိုးသည် ထာဝရမဟုတ်၊ တဒင်္ဂ တစ်ခဏတာမျှ ပြောင်းခြင်းသာ ဖြစ်တတ်ပေသည်။

ရှင်ဘုရင်၏ ထီးနန်းအရိုက်အရာကို လောကီမျက်လုံးအစုံဖြင့် မြင့်မြတ်သော၊ ကြီးကျယ်သော ချမ်းသာဟူ၍ ရှုမြင်ရန် မခဲယဉ်းသော်လည်း ရဟန်းတစ်ပါး၏ ဘဝကို ချမ်းသာပေစွဟု မြင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

ကိလေသာပေကျံနေသော မျက်လုံးနှင့် အာသဝဖြင့် စိုစွတ်သော မျက်လုံးသည် ဤနှယ်ပင်တည်း။

ထို့ကြောင့် ကပိလဝတ်ပြည်မှ တိုင်းသူပြည်သားတို့သည်လည်း သိဒ္ဓတ္ထမင်းသားကို စကြဝတေးမင်းအဖြစ် မြင်တွေ့လိုသည်။ အယုတ်ဆုံးအားဖြင့် ကပိလဝတ်ပြည့်ရှင် ဘုရင်အဖြစ်ကိုမူ ပြည်သူတိုင်း လိုလားကြသည်။

ကာဠုဒါယီအမတ်ကြီး ပင့်လျှောက်သဖြင့် သဗ္ဗညုတရှင်တော်ဘုရား<ကလာသော်လည်း သူတို့သည် ဘုရားအဖြစ် မမြင်ကြပေ။ မြင်နိုင်စွမ်း မရှိ၍လည်း ဖြစ်နိုင်ပါသည်။

သူတို့တွင် ဘုရားရှိပြီးဖြစ်နေ၍လည်း ဖြစ်နိုင်ပါသည်။ လောကကြီးကို ဖန်ဆင်းရန် ဗြဟ္မာမင်းရှိပြီး ဖြစ်သည်။ လောကကို စောင့်ရှောက်ရန်လည်း ဗိဿနိုးရှိပြီး ဖြစ်ပါသည်။

ထို့ကြောင့် ဘုရားရှိပြီးဖြစ်ပါသည်။ လိုအပ်နေသည်မှာ ပြည့်ရှင်မင်းဖြစ်နေပါသည်။ ကပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒနမဟာရာဇာသည် သက်တော်ကြီးရင့်လှပြီ။

ယသော်ဓရာဒေဝီသည်လည်း စကြဝတေးမင်း၏ အဂ္ဂမဟေသီသာ ဖြစ်လိုပေလိမ့်မည်။

သားတော် ရာဟုလာကိုလည်း စကြဝတေးမင်း၏ အိမ်ရှေ့ဥပရာဇာသာ ဖြစ်စေချင် ကြပေလိမ့်မည်။

ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓသည်လည်း တစ်ဦးတည်းသောသမီး ဘဒ္ဒကဉ္စနာကို သိဒ္ဓတ္ထမဟာရာဇာ စွန့်ပစ်ကာ တောထွက်ခြင်းကိုကား မုချလိုလားမည်မဟုတ်။ သမီးငယ်ကို စကြဝတေးမင်း၏ အဂ္ဂဒေဝီမဟေသီမိဖုရား မဖြစ်စေကာမူ ကပိလဝတ်ပြည့်ရှင်မင်း၏ မိဖုရားခေါင်အဖြစ်မူ ဧကန်စင်စစ် မြင်လိုပေမည်။

ပြည်သူတို့သည် စကြမင်း၏ တိုင်းပြည်ကို စိတ်ဝယ်မှန်းဆနိုင်သည်။ တစ်ဖန် ဘုရားသည် စကြဝတေးမင်းထက် သာလွန်သလော(သို့မဟုတ်) စကြဝတေးမင်းက ဘုရားကို သာလေသလောဟူ၍လည်း သံသယရှိတတ်သူများ ရှိနိုင်သည်သာ။

သို့သော် မည်သို့ပင် ဖြစ်စေကာမူ စကြဝတေးမင်း စည်းစိမ်ချမ်းသာက ရဟန်း၏ ချမ်းသာထက် အနှိုင်းအဆမဲ့ ပိုသည်ဟု လူအများစုက ထင်မှတ်ကြသည်။

ထို့ကြောင့် ကပိလဝတ်ပြည်မှ ခတ္တိယသကျသာကီဝင်များအပါအဝင် ပြည်သူလူထု အပေါင်းသည် သူတို့ ချစ်ခင်သော၊ လေးစားမြတ်နိုးသော သကျသာကီဝင်မင်းသား သိဒ္ဓတ္ထဂေါတမကို စကြဝတေးမင်း ဖြစ်စေလိုပါသည်။

သူတို့သည် နိုင်ငံငယ်များစွာ ခြံရံထားသော၊ ကျယ်ဝန်းသည့် အင်ပါယာကြီးကို ပိုင်စိုးသော၊ ဘုန်းတန်ခိုးကြီးမားသော ပြည့်ရှင်မင်းကြီးတစ်ပါး၏ ပြည်သူများအဖြစ်ကိုလည်း ဂုဏ်ယူဝင့်ကြွားလိုကြပါသည်။

ထိုသို့ မျှော်လည်း မျှော်လင့်ထားလေသည်။

ထို့ကြောင့်ထင့် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည် သားတော်(မြတ်စွာဘုရား) တိုင်းပြည်သို့ ပြန်မကြွလာသရွေ့ ထီးနန်းစည်းစိမ်ကို လွှဲပြောင်းပေးအပ်ခြင်းမပြုဘဲ စောင့်မျှော်သည့်နှယ် ရှိပါသည်။

မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှသည် ဇာတိမွေးမြေ ကပိလဝတ်နေပြည်သို့ ရဟန္တာအပေါင်းနှစ်သောင်းခြံရံလျက် ကြွလာတော်မူကာ ဖခမည်းတော်နှင့် မိထွေးတော်တို့၏ တိမ်သလ္လာ ဖုံးကွယ်နေသော အဝိဇ္ဇာမျက်လုံးကို ကြည်လင်တောက်ပ စေတော်မူခဲ့ပါသည်။ ဖခမည်းတော်တို့သည် ဝိဇ္ဇာအသိရလေပြီ။ ထို့ကြောင့် လောက၌ ထီးနန်းစည်းစိမ်တို့ထက် မနှိုင်းယှဉ်သာအောင် မြင့်မြတ်စင်ကြယ်သော ချမ်းသာရှိသေးကြောင်းကို ခတ္တိယရာဇာ သုဒ္ဓေါဒနဘုရင်မင်းမြတ်က သိပြီးလေပြီ။

ထိုနေ့မှသည် နှစ်ရက်လွန်မြောက်သောနေ့၌ ကပိလဝတ်ပြည်၏ ထီးနန်းအရိုက်အရာကို ညီတော်နန္ဒမင်းသားအား လွှဲပြောင်းမည့် အဘိသိက်သွန်းလောင်းသော မင်္ဂလာအခမ်းအနား စီရင်ကျင်းပရန် နန်းတော်မှ ဆုံးဖြတ်လေသည်။

တစ်ဆက်တည်း လောကီမင်္ဂလာအပေါင်း၌ အမြင့်မြတ်ဆုံးဖြစ်သော ရာဇာဘိသိက် (ခတ္တိယဘိသိက်) မင်္ဂလာ၊ ဝိဝါဟဘိသိက်မင်္ဂလာ၊ မဟေသီဘိသိက်မင်္ဂလာတို့ကိုပါ ကျင်းပရန် ဆုံးဖြတ်ထားသည်။

ဤမျှမက မြတ်စွာဘုရားအမှူးပြုသည့် ရဟန္တာအပေါင်း နှစ်သောင်းတို့အားလည်း နန်းတော်၌ ဆွမ်းဆက်ကပ်ပူဇော်ကြမည် ဖြစ်သည်။

ထို့ကြောင့် ကပိလဝတ်ပြည်သူတို့သည် လည်းကောင်း၊ သကျသာကီဝင်ခတ္တိယတို့သည် လည်းကောင်း စိတ်လှုပ်ရှားစွာဖြင့် ကိုယ်စီ ကိုယ်စီ အမှုတော်များကို မချွတ်မယွင်းစေဘဲ သတိကြီးစွာဖြင့် ဆောင်ရွက်နေကြလေသည်။

ပြည်သူတို့သည် မဟာရာဇာအလောင်းလျာ နန္ဒမင်းသားကိုလည်း ဖူးမြင်လိုပေသည်။ အဂ္ဂမဟေသီ ဇနပဒကလျာဏီကိုလည်း ဖူးမြင်လိုသည်။ သိဒ္ဓတ္ထမင်းသားကိုလည်း ရဟန်းအသွင်ဖြင့် ဖူးမြင်လိုကြသေးသည်။

ပြည်သူတို့ နန်းရင်ပြင်သို့ လာကြခြင်းသည် ဘုရားဖူးရန် လာခြင်းမဟုတ်ပေ။ သူတို့ ချစ်ခင်မြတ်နိုးလေးစားရသော သကျသာကီဝင်မင်းသားသည် တိုင်းပြည်ကို စွန့်ခွာထွက်သွားပြီး ယခုပြန်ရောက်ရှိသဖြင့် ဖူးမြင်လိုခြင်းမျှသာ ဖြစ်လေသည်။

ဤအခမ်းအနားသည် သကျတိုင်းပြည်၌ ပြည်သူတို့အတွက်လည်း အရေးကြီးသကဲ့သို့ ခတ္တိယတို့အတွက်လည်း အရေးကြီးလွန်းသည်။

ဇနပဒကလျာဏီမင်းသမီးသည် မကြာမီ သကျတိုင်းပြည်၏ အဂ္ဂမဟေသီဒေဝီတစ်ပါး ဖြစ်ရတော့မည်။

မိထွေးတော် ဂေါတမီ၏သား နန္ဒမင်းသားသည်လည်း မကြာမြင့်မီ ထိုတိုင်းပြည်၏ ဥပရာဇာဖြစ်လာပါတော့မည်။

သက်တော်ကြီးရင့်ပြီဖြစ်သော သုဒ္ဓေါဒနမဟာရာဇာသည်လည်း ကိစ္စများလှသော နန်းမူရေးရာ အဖြာဖြာတို့မှ အနားယူကာ အရိယာတရားဖြင့် နေနိုင်ပေတော့မည်။

ကပိလဝတ်နေပြည်တော်၏ နန်းတွင်းရေးသာမက နိုင်ငံအရေးအတွက်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း ကြီးမားသော အပြောင်းအလဲပင်တည်း။ ထို့ကြောင့် ဤနေ့ရက်များသည် ခတ္တိယသာကီဝင်များအတွက် သမိုင်းမှတ်တမ်း ကျန်မည့် နေ့ရက်လည်း ဖြစ်လေသည်။

ပြည်သူလူထုလည်း သူတို့ကာလများစွာကပင် ငံ့လင့်ခဲ့သော သိဒ္ဓတ္ထမင်းသားကို မဟာရာဇာအဖြစ် မမြင်နိုင်စေကာမူ၊ သိဒ္ဓတ္ထမဟာရာဇာ၏ ထီးအရိပ်၊ ဘုန်းရိပ်ကို မခိုလှုံရစေကာမူ မိထွေးတော်၏သားတော် ညီတော်နန္ဒမင်းသား၏ ဘုန်းရိပ်ကို ခိုလှုံရခြင်းကို အားမရလှသော်လည်း ကျေနပ်မှုကား ရှိနေကြမည်သာ။

ကပိလဝတ်ပြည် ရွှေနန်းတော်သို့ မြတ်စွာဘုရား ကြွလာတော်မူပြီးနောက် ထိုထို မင်္ဂလာအခမ်းအနားများကို ကျင်းပမည် ဖြစ်လေသည်။

ထိုနေ့သည် မြတ်စွာဘုရား ဖခမည်းတော်၏ တိုင်းပြည်သို့ ကြွလာတော်မူသည့် သုံးရက်မြောက်နေ့ပင် ဖြစ်ပါသည်။

ထိုသုံးရက်မြောက်နေ့၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော် နန္ဒမင်းသားအား-

(၁) ကေသဝိဿဇ္ဇမင်္ဂလာ = အိမ်ရှေ့မင်း ဥသျှောင်တော် ထုံးဖွဲ့ရန်အတွက် မင်းသားငယ် ကာလက ထုံးဖွဲ့ရင်းရှိသော ဥသျှောင်ဆံထုံးကို ဖြည်ခြင်း မင်္ဂလာ။

(၂) ပဋဗန္ဓမင်္ဂလာ = အိမ်ရှေ့မင်းဟူ၍ ကမ္ဗည်းတံဆိပ် နှိပ်ထားသည့် ရွှေပြားသင်း ကျစ်တော်ကို နဖူး၌ တပ်ဆင်ခြင်း မင်္ဂလာ။

(၃) ဃရပ္ပဝေသနမင်္ဂလာ = အိမ်ရှေ့စံနန်းတော် အပ်နှင်းပွဲ မင်္ဂလာ။

(၄) အာဝါဟမင်္ဂလာ = နှမတော် ဇနပဒကလျာဏီနှင့် လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာနှင့်

(၅) ဆတ္တုဿာပနမင်္ဂလာ = အိမ်ရှေ့ ထီးဖြူတော် စိုက်ဆောက်အပ်နှင်းခြင်း မင်္ဂလာတို့ကို ဆင်ယင်ကျင်းပမှု ပြုလုပ်စေလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ရွှေနန်းတော်သို့ ကြွသွားတော်မူ၍ နန္ဒမင်းသားကို သပိတ်တော်ကို ပွေ့ယူစေပြီးလျှင် ရှင်ရဟန်းပြုစေတော်မူလိုသည်ဖြစ်၍ အနုမောဒနာ မင်္ဂလာတရားစကား ဟောကြားတော်မူပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ပြန်ကြွတော်မူခဲ့လေသည်။

ရွှေနန်းတော် ခန်းမဆောင်၌ပင် မြတ်စွာဘုရားသည် ကိုယ်တော်၏ သပိတ်ကို ကိုယ်တိုင် ကိုင်ယူရန် ဖြစ်သော်လည်း နန္ဒမင်းသား၏ လက်မှ သပိတ်ကို ယူတော်မမူခဲ့ချေ။

နန္ဒမင်းသားသည်လည်း နောင်တော်မြတ်ဘုရားကို အလွန့် အလွန် ရိုသေလှသဖြင့် “နောင်တော်မြတ်ဘုရား အရှင်နောင်တော်မြတ်ဘုရား၏ သပိတ်တော်ကို ယူတော်မူပါဘုရား” ဟူ၍ မလျှောက်ဝံ့ဘဲ ရှိလေသည်။ နန္ဒမင်းသားသည် စောင်းတန်း (လှေကား)ဦးသို့ ရောက်လျှင် သပိတ်တော်ကို ယူတော်မူလိမ့်မည်ဟု ကြံစည်အောက်မေ့ကာ သပိတ်တော်ကို ပွေ့ချီလျက်သာ လိုက်ပါရလေ၏။

စောင်းတန်း (လှေကား)ဦးသို့ ရောက်သောအခါလည်း မြတ်စွာဘုရားသည် သပိတ်တော်ကို ယူတော်မမူချေ။

စောင်းတန်းလှေကားရင်း၌မူ ဧကန်ယူပေလတ္တံ့ဟု နောက်မှ လိုက်သွားသည်။ ယူတော် မမူပေ။

မင်းရင်ပြင်တော်၌မူ သပိတ်တော်ကို ယူပေလတ္တံ့ဟု တွေး၍ လိုက်သွားသည်။ ယူတော်မမူ။

ဤနေရာရောက်လျှင်မူ သပိတ်ယူပေလတ္တံ့ဟု တွေးသည်။ ယူတော်မမူချေ။

ထိုနေရာရောက်လျှင်မူ သပိတ်ယူပေလတ္တံ့ဟု ညီတော်တွေး၍ နောက်မှ လိုက်သွားပါသည်။ သို့သော် သပိတ်တော်ကို ယူတော်မမူချေ။

ညီတော်နန္ဒမင်းသားသည် ဖခမည်းတော်၏ နန်းတော်သို့ ပြန်မရောက်တော့ပေ။

နန္ဒမင်းသား ရဟန်းဖြစ်သွားပြီဟူသော သတင်းစကားမျှသာ ထိုနေ့ ရွှေနန်းတော်သို့ ရောက်ပါတော့သည်။ သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားရှင်၏ ပဓာနဆန္ဒမှာ ညီတော်ကို အရဟတ္တဖိုလ်သို့ရောက်သော ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်ရေးသာတည်း။

သို့သော် ညီတော်သည် နန်းစည်းစိမ်ကို ချမ်းသာဟု ထင်သည်။ ဇနပဒကလျာဏီ သည်လည်း အဂ္ဂမဟေသီဒေဝီမိဖုရားဖြစ်ခြင်းကို ချမ်းသာဟူ၍သာ ထင်သည်။ ပြည်သူတို့လည်း ထိုနည်းတူ အမြင်ချင်း တူညီနေပါသည်။

ထီးနန်းစည်းစိမ်အပါအဝင် ကာမဂုဏ်ဟု ဆိုအပ်သော အလုံးစုံချမ်းသာတို့သည် ဘုံဘဝတို့၏ ချမ်းသာတု၊ ချမ်းသာယောင်မျှသာဟု သူတို့ မသိသေးပေ။

ထို့ကြောင့် ဇနပဒမင်းသမီးကလည်း မိဖုရား ဖြစ်လိုသည်။

နန္ဒမင်းသားကလည်း ရှင်ဘုရင် ဖြစ်လိုပေသည်။

တစ်နည်းဆိုရသော် ချမ်းသာယောင်ဆောင်ထားသော ဆင်းရဲ (ဝါ) ချမ်းသာအတုဟု မင်းသမီးလည်း မသိ၊ မင်းသားလည်း မသိသေး၊ ပြည်သူလည်း မသိ၊ ယသော်ဓရာဒေဝီလည်း မသိသေးပေ။

ယင်းသို့ သိရန်မှာ အဝိဇ္ဇာအသိမှသည် ဝိဇ္ဇာအသိသို့ ပြောင်းရပေမည်။ ပမာဒမှသည် အပမာဒသို့ ပြောင်းရပေမည်။

သို့သော် ယင်းသို့ ကူးပြောင်းရေး၌ မြတ်စွာဘုရား၏ အကူအညီကို ရယူရပေသည်။

အကယ်၍ မြတ်ဘုရား၏ အကူအညီ တိုက်ရိုက်မရစေကာမူ မြတ်ဘုရား၏ ဓမ္မအရာ၌ ကျွမ်းကျင်လိမ္မာသော သာဝက၏ အကူအညီကိုမူ မုချယူရပေသည်။

ကပိလဝတ်ပြည့်ရှင် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည်လည်းကောင်း၊ မိထွေးတော် မဟာပဇာပတိဂေါတမီသည်လည်းကောင်း၊ ကာဠုဒါယီမထေရ်မြတ်ကြီးအပါအဝင် တစ်ကျိပ်သော တမန်တော်နှင့် တစ်ထောင်သော ပရိသတ်ဗိုလ်ပါ အခြံအရံတို့သည်လည်းကောင်း ထိုသဘောတို့ကို သေသေချာချာ သိပြီး ဖြစ်သည်။

နန္ဒထေရ်သည်လည်း ထိုသဘောကို ရဟန်းဖြစ်ပြီး မကြာမြင့်လှသောကာလ၌ သိတော်မူလေသည်။

ထိုအခါ နန္ဒထေရ်အရှင်မြတ်သည် မြတ်စွာဘုရားထံတော်ပါးသို့ ချဉ်းကပ်ကာ “မြတ်စွာဘုရား တပည့်တော်အား နတ်သမီးရရှိရေးအတွက် အရှင်ဘုရား တာဝန်ခံထားခြင်း ကိစ္စသည် ယခုလွတ်မြောက်ပါပြီဘုရား” ဟု လျှောက်ကြားပါသည်။

“ညီတော်နန္ဒ သင်၏ စိတ်သည် တဏှာ၊ ဒိဋ္ဌိအားဖြင့် ထိုထိုအာရုံကို မစွဲလမ်းမူ၍ အာသဝေါတို့မှ အကြင်အခါ ကင်းလွတ်၏။ ထိုအခါမှစ၍ ငါဘုရားသည်လည်း နတ်သမီးရရှိရေး တာဝန်ခံထားခြင်းကိစ္စမှ လွတ်ပြီ” ဟု မိန့်ကြားတော်မူပါသည်။

ကောင်းစွာ မိုး၍မထားသော အိမ်ကို မိုးရေများ ဖောက်ဝင်နိုင်သကဲ့သို့ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှုမရှိသောသူ၏ စိတ်ကို ရာဂဖောက်ဝင်နိုင်၏။

ကောင်းမွန်စွာ မိုး၍ထားသော အိမ်ကို မိုးရေများ မဖောက်ဝင်နိုင်သကဲ့သို့ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှုရှိသူ၏ စိတ်ကို ရာဂသည် မဖောက်ဝင်နိုင်ဟု ဒေသနာတော်၌ လာရှိပါသည်။၁ [ရာဂေါ = ဒေါသ၊ မောဟ၊ ဒိဋ္ဌိ ကိလေသာ အားလုံးယူရ၏]

မှတ်ချက်။ ။ အကယ်၍ သကျသာကီဝင် ခတ္တိယ သိဒ္ဓတ္ထမင်းသားသည် စကြဝတေး မင်းဖြစ်ခဲ့ပါမူ ယခုအခါ မိမိတို့ ဦးညွတ်ရန် အကြောင်းရှိမည် မထင်ပါ။ သမိုင်းပညာရှင်များအနေဖြင့် BC- ၆ရာစု၏ သမိုင်းရေးရာများ လေ့လာခြင်း၊ မှတ်တမ်းတင်ခြင်း၊ သုတေသနပြုခြင်းမျှသာ ရှိနိုင်ပေမည်။

လူနတ်ဗြဟ္မာအပေါင်း၏ ပူဇော်မှုကို ခံယူထိုက်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့ ဆင်းရဲ ဒုက္ခမှ လွတ်မြောက်ရေးကို သွန်သင်ပေးတော်မူသော ကြောင့်လည်းကောင်း၊ မြတ်ဘုရားနှင့် မြတ်ဘုရား၏ တရား၊ မြတ်ဘုရား၏ တပည့်သာဝက သံဃာ တို့ကို မိမိတို့ ယနေ့ ကျေကျေနပ်နပ် ဦးညွတ်ပါသည်။ လေးလေးစားစား ပူဇော်ပါသည်။ ရိုရိုသေသေ ရှိခိုးပါသည်။ မြတ်မြတ်နိုးနိုး ဆည်းကပ်ပါသည်။ ဆင်းရဲမှ လွတ်မြောက်လို၍လည်း ဂရုတစိုက် အားထားပါသည်။

အရှင်ကောဏ္ဍညမှ အစပြုကာ နန္ဒမင်းသားအပါအဝင် မရေမတွက်နိုင်လောက်သည့် လူ၊ နတ်၊ ဗြဟ္မာတို့၏ အကျိုးကျေးဇူးကို မြတ်ဘုရားဆောင်ကျဉ်းပေးတော်မူပြီး ဖြစ်ပါသည်။

ယနေ့ ကမ္ဘာ့လူသားများစွာသည်လည်း ဗုဒ္ဓမြတ်စွာဟူသည့် အားကိုးထောက်တည် ရာကြောင့် ကျေးဇူးဂုဏ်ကို ရရှိနေကြပါသည်။ အကျိုးကျေးဇူးကိုလည်း ခံစားနေကြရပါသည်။

မဂ္ဂင်လမ်းကြောင်း မဆိတ်သုဉ်းသေးသရွေ့ နောင်အနာဂတ် လူ့ဘောင်လောကမှ လူသားတို့သည်လည်း မြတ်ဘုရား၏ ကျေးဇူးဥပကာရကို ရရှိခံစားကြလိမ့်မည်မှာ ဧကန်မလွဲပေတည်း။

မြတ်ဘုရား၏ ဂုဏ်တော် ကျေးဇူးတော် အနန္တကို ရိုသေလေးစားစွာ ဦးညွတ်ရှိခိုးပါ၏။

 

လူ၏ တာဝန်

လူ၏ ပဓာန ပင်မတာဝန် ဝတ္တရားမှာ
ဘဝသံသရာမှ လွတ်မြောက်ရေးအတွက်
ဆောင်ရွက်ရန်မျှသာ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးဦးက
အခြားတာဝန်များလည်း
လူ၌ ရှိပါသေးသည်ဟု ဆိုလာပါမူကား
ထို တာဝန် ဝတ္တရားတို့သည်
လူ၏ ပဓာန တာဝန်မဟုတ်
သာမည တာဝန်မျှသာ ဖြစ်ပေသည်။

လူ့ဘဝ၏ အဓိပ္ပါယ်

လူ့ဘဝတန်ဖိုး၊ လူ့ဘဝ၏ ပန်းတိုင်နှင့်
လူ့ဘဝ၏ အဓိပ္ပါယ် ဟူသည်
ထိုထို ပဓာနတာဝန်တို့ကို
ဆောင်ရွက်နေခြင်းမှ အပ
အခြားဘာမျှမရှိပေ။

 

တဒင်္ဂပျော်ရွှင်မှုများ

 

တောတောင်၏ သဘာဝတိတ်ဆိတ်ငြိမ်သက်နေခြင်းသည်ပင်လျှင် ယောဂီအား ပြင်ပမှ ကိလေသာရန်သူကို ကျုံး၊ မြို့ရိုး၊ တံတိုင်းကြီးများသဖွယ် လုံခြုံစွာ ကာရံထားသည့်ပမာ ထင်မှတ်ရလေသည်။

ကျွဲခလောက်သံ၊ ကျေးငှက်တို့၏ ဘာသာဘာ၀ အော်မြည်တွန်ကြူးသံ၊ ညအခါ ညဉ့်ငှက်၏ စူးစူးရဲရဲ အလန့်တကြားအသံများအပြင် ရာသီအလိုက် မိုးနှင်းပေါက်ကျသံ၊ လေတိုက်သံ၊ သစ်ရွက်လှုပ်သံတို့ကိုသာ မပြောင်းမလဲ ကြားနေရလေသည်။

တောတောင်ကို ဖြတ်သန်းကာ စီးဆင်းလာသော ချောင်းရေသည် တစ်ကိုယ်ရေ သန့်စင်မှုအတွက် သဘာဝက ဖန်တီးပေးခြင်း ဖြစ်လေသည်။ သဘာဝတရားကြီးသည် တောနေရဟန်းတစ်ပါး၏ ဘဝကို ပိုမိုပြည့်စုံအောင် ဖန်ဆင်းပေးနေလေရော့သလားဟု ရံခါ တွေးထင်စရာ ဖြစ်နေတော့သည်။

အရှေ့ကောင်းကင်ပြင်၌ ရောင်နီပျိုးလာလျှင် ဆွမ်းခံထွက်သည်။ နေထန်းတစ်ဖျားခန့် မြင့်ချိန်တွင် တောသို့ ပြန်ရောက်သည်။

နေမွန်းမတည့်သေးခင် ဆွမ်းဘုဉ်းနေသည်ကို ကျောင်း၏ ပြင်ပမှ မမှိတ်မသုန် စောင့်လေ့ရှိသည့် နွားကျောင်းသားများ၊ ခွေးများနှင့် ကျေးငှက်တို့ကို ဆွမ်းကျန်များ မျှဝေပေးခြင်းသည် တစ်နေ့တာ၏ ပရိယေသနာ ဝမ်းစာရေး ကိစ္စအပြီးတိုင် ရောက်လေပြီ။

ကမ္မဋ္ဌာန်းရှုပွားခြင်းနှင့် နေဝင်ဆည်းဆာချိန် တောလမ်းထဲ၌ စင်္ကြံလျှောက်ခြင်းဖြင့် တစ်နေ့တာအပါအဝင် ညဉ့်ဦးယံပါ ကုန်လွန်တော့သည်။

သန်းခေါင်ယံမှသည် မိုးသောက်လေသော် ရောင်နီနှင့်အတူ ဆွမ်းခံထွက်ရပေဦးမည်။

ယမန်နေ့၊ ယနေ့နှင့် မနက်ဖြန်တို့သည်လည်း ဤနည်းအတိုင်းပင် ဖြစ်နေပေလိမ့်မည်။

ရိုးစင်းပြီး ကိစ္စနည်းသော အသက်မွေးခြင်းသည်လည်းကောင်း၊ ရာသီဥတု၊ အာဟာရ၊ ပုဂ္ဂိုလ်နှင့် နေရာထိုင်ခင်းတို့၏ ညီညွတ်မျှတခြင်းသည်လည်းကောင်း ယောဂီ၏ ကမ္မဋ္ဌာန်းတရား တိုးတက်စေရန် ကြီးစွာသော အထောက်အပံ့များပင် မဟုတ်ပါလော။

သီလသိက္ခာ စင်ကြယ်စွာဖြင့် တစ်နေ့တာ ဘဝရပ်တည်မှုအတွက် မဖြစ်မနေ အနည်းဆုံး လိုအပ်ချက်ဖြင့် နေလိုပြီး ထိုထက်ပိုသော လိုအပ်မှုကို ရှာမှီးခြင်းထက် ရောင့်ရဲခြင်းဖြင့်သာ ပြည့်စုံနေခြင်းသည်လည်း ဘာဝနာ အထောက်အပံ့များပင် မဟုတ်ပါလော။

 

ယောဂီ၏ အတွေး

တောနေ ရဟန်းတစ်ပါး၏ တစ်နေ့တာ ဘဝသည် ကြောင့်ကြကင်းဝေးကာ ကဗျာဆန်ဆန် ပြည့်စုံပါတကား။ တွေးတောပူပင် ကင်းဝေးပါတကားဟု မှတ်ထင်ရလေသည်။

သို့သော် ယောဂီ သတိချွတ်ယွင်းသော တဒင်္ဂကလေးများစွာတို့ကို ကိလေသာအတွေး များစွာတို့က မင်းမူခြယ်လှယ်ထားပြီး ဖြစ်နေတော့သည်။

ရံခါ အတွေးသည် စိတ်ထဲ ဘယ်ကဲ့သို့ ဘယ်အချိန်ဝင်လာ၍ ဘယ်နည်းဘယ်ပုံ နေသားတကျ နေရာယူထားလိုက်မှန်းကိုပင် ယောဂီ မသိလိုက်ပေ။

ယောဂီ သတိပြုမိချိန်တိုင်း အမြဲနောက်ကျ၍သာနေလေတော့သည်။ အတွေးသည် ဆွဲဆောင်မှုကောင်း၍ စိတ်ဝင်စားစရာလည်း ကောင်းနေတတ်သည်။ ယောဂီက အတွေးကို ရှုမှတ်ရန် ဆုံးဖြတ်ချက်ဖြင့် တင်ပျဉ်ခွေထိုင်နေသော်လည်း အတွေးကသာ ယောဂီကို သိမ်းသွင်းလိုက်လေတော့သည်။

ချက်ချင်း ရှုမှတ်လိုက်မိ၍ အတွေးပျက်သွားမှာကိုပင် စိုးရိမ်သည်။ အတွေးမပျက် ဆက်တွေးနေချင်သေးသည်။

ထိုအခါ ယောဂီ တင်ပျဉ်ခွေထားသည်။

အတွေးက ခြေဆန့်နေလေပြီ။

ယောဂီ ထိုင်နေသည်။

အတွေးက ပြေးနေပြီ။

ယောဂီသည် ထိုင်တွေးနေရာမှ ညောင်း၍ ရပ်သည်။

ရပ်၍ ဆက်တွေးသည်။

ရပ်နေရာမှ လမ်းလျှောက်သည်။

စြင်္ကံလမ်းမှာ လမ်းလျှောက်၍ တွေးနေသည်။

တွေးနေသော အကြောင်းအရာသည် လုံးလုံး မထူးဆန်းပါ။ ထပ်ပြန်ထပ်ပြန် တွေးပြီးရင်း တွေးနေရင်းသာ ဖြစ်သည်။

“ငါ တတ်သည်။”

“ငါ တော်သည်။”

“ငါ ဥစ္စာပြည့်စုံသည်။”

“ငါ အသက်ရှည်ပြီး ကျန်းမာသည်။”

“ငါ… ငါ… ငါ…” ဟု တွေးနေသည်။

ထိုမှတဖန် ရံခါ “သူတို့ ငါလောက်မတတ်။”

“သူတို့ ငါလောက် မတော်။”

“သူတို့ ငါလောက် ဥစ္စာမပြည့်စုံ။”

“သူတို့ ငါလောက်လည်း အသက်ရှည်ပြီး ကျန်းမာမည့်ပုံဟန် မရှိပေ။”

ရံခါ အစက တွေးသည်။

ရံခါ အဆုံးက တွေးသည်။

ရံခါလည်း အလယ်က ဖြတ်၍ တွေးသည်။

မှတ်သားစရာလည်း မရှိ။ အရေးလည်းမကြီး၊ ဆောင်ရွက်ရမည့်ကိစ္စလည်း မမည်။ သွားရမည့် ခရီးလည်း မဟုတ်ဘဲ မရပ်မနား တွေးနေသည်။

လူသည် တစ်စုံတစ်ခုကို ထပ်တလလဲလဲ ပြုလုပ်ခံစားနေပါက ရိုးသွားတတ်သော မကြိုက်တတ်သော သဘောရှိပြီး အသစ်သစ်ကိုသာ လိုလားတောင့်တတတ်သည့် သဘာဝရှိပေသည်။

သို့သော် အတွေးသည်ကား ဆန့်ကျင်ဘက်၊ အပ်ကြောင်းထပ် တွေးနေသော်လည်း သတိသာ မပါလာပါက ရိုးမသွားပေ။ မငြီးငွေ့နိုင်၊ မမုန်းနိုင်ဘဲ တွေးပြီးရင်း တွေးနေလေတော့သည်။

သတိမပါသော စိတ်၏ အလိုလျောက် တုံ့ပြန်မှုတိုင်းသည် ဉာဏ်မပါသော ကိလေသာ၏ တုံ့ပြန်မှုမျှသာ ဖြစ်သောကြောင့် ကိလေသာသည် ယောဂီကို မျက်ကန်းကြီးသဖွယ် ပြုမူခြယ်လှယ်နေလေပြီ။

 

ဓမ္မသတ္တိ

ဓမ္မသတ္တိ အားနည်းနေသဖြင့် ကိလေသာက အနိုင်ယူလိုက်ခြင်းဖြစ်သည်ကို ယောဂီ နားလည်လာသည်။ ထို့ကြောင့် ယောဂီသည် သတိ၊ ဝီရိယ၊ ပညာကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်ပါသည်။

တွေးသည်၊ သိသည်။ ထိုအခါ အတွေးမရှိတော့ပေ။

တွေးပြန်သည်၊ သိပြန်သည်။ ထိုအခါ အတွေးမရှိတော့ပေ။

ထပ်တွေးသည်၊ ထပ်သိသည်။ ထိုအခါ အတွေးမရှိတော့ပေ။

သတိ သမာဓိ အားကောင်းလာသည်နှင့်အမျှ ဓမ္မသတ္တိက နေရာယူနိုင်လေပြီ။ သတိ ဦးစီးသော ခဏ၌မူ တွေးနေသော အတွေးက တခြား၊ ထိုအတွေးကို သိနေသည်က တခြားစီ ဘေးက ကြည့်နေရသကဲ့သို့ ယောဂီ၏ ဉာဏ်၌ ထင်လာသည်။

သတိ ဝီရိယ သမာဓိ အားနည်းခိုက် ရုတ်တရက်ဝင်လာသော ကိလေသာကို မိမိရရ သိလိုက်သော ခဏ၌မူ ခိုးထုပ်၊ ခိုးထည်နှင့် သူခိုးကို လူမိသကဲ့သို့ပင် အတွေးသည် ငြိမ်ဝပ်သွားတော့သည်။

ထိုအချိန်၌ အတွေးသည် ရယ်ရွှင်ဖွယ်တစ်ရပ်ပမာ ထီးထီးကြီး သီးခြားဖြစ်နေတော့သည်။

စာထဲ၌ ဖတ်ရဖူးသော မာန၊ ဣဿာ၊ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ ဇာတ်ကောင်များကို ပိတ်ကားပေါ် မြင်ရသကဲ့သို့ ထင်ရှားပြီး

“ဟဲ့… မာန နင် လာပြန်သေးသကိုး”

“ဟဲ့…လောဘ လိုချင်နေပြန်ပြီ”

“ဟဲ့… ဣဿာဆိုတာ နင်ကိုး” ဟု ကိလေသာကို ဘေးက မြင်ရသော အချိန်၌မူ ယောဂီသည် ဆန့်ကျင်လမ်း၌ပင် ရပ်၍ ပြုံးမိလေသည်။ ကိလေသာကို ငါနှင့် မဆိုင် ငါမပိုင် သီးခြားတစ်ခုအနေဖြင့် မြင်နေရသည်မှာ ကြည့်၍ပင် ကောင်းနေတော့သည်။

သတိ သမာဓိ အားကောင်းပြီး ဉာဏ်ဦးစီးသော အခိုက်၌ ကိလေသာအတွေးကို ယောဂီက လှောင်ပြောင်သရော်နိုင်ပြီ။ သို့သော် သတိ သမာဓိ နောက်ကျန်သွားသည်နှင့်တစ်ပြိုင်နက် ကိလေသာက ယောဂီကို လှောင်ပြောင်နေပေတော့သည်။

အတွေးကို တွေးမှန်း သိရန်။

ကိလေသာကို ကိလေသာမှန်း သိရန် ဉာဏ်ကို ဉာဏ်မှန်း သိရန် လိုသည်ဟု ယောဂီ မှတ်သားထားပါသည်။

“ကျွန်တော်တို့ကတော့ လောဘ၊ ဒေါသ၊ မောဟ မရှိပါဘူး။ ယောက်ျားတွေဆိုတော့ စိတ်ထဲမှာ အတေးအမှတ်လည်း မထားတတ်ပါဘူး”

“ကျွန်မတို့က ကျောင်းဒကာ၊ ရဟန်းအမတွေပါ၊ မကောင်းတဲ့ လောဘစိတ်တွေ၊ အဘိဇ္ဈာစိတ်တွေလည်း မမွေးတတ်ပါဘူး”

“တရားထိုင်တဲ့ တစ်နာရီလုံးလုံး စိတ်မထွက်ပါဘူး၊ မကောင်းတဲ့ လောဘ၊ ဒေါသ၊ မာန စိတ်လည်း မရှိပါဘူး”

ဤသို့ စိတ်အကြောင်း၊ ကိလေသာအကြောင်းနှင့် ပတ်သက်သော ထင်မြင်ယူဆချက်များကို ရံခါ ကြားရတတ်ပါသည်။

သတိပဋ္ဌာန်တရား လက်ကိုင်မရှိသေးလျှင်လည်းကောင်း၊ သတိပဋ္ဌာန်တရား အလေ့အကျင့် မကောင်းသေးလျှင်လည်းကောင်း၊ မိမိ၏ စိတ်ကို အရောင်ဆိုးနေသော ကိလေသာများကို ကိလေသာမှန်း သိရန် ခဲယဉ်းလှပေသည်။

သတိပဋ္ဌာန်တရား အလေ့အကျင့်ရှိသော ယောဂီကမူ

“လောဘ၊ ဒေါသစိတ်တော့ ရံခါ ဖြစ်တတ်ပါတယ်၊ မကြိုက်တဲ့စိတ်က ဒေါသ၊ ကြိုက်တဲ့ စိတ်က လောဘ မဟုတ်ဘူးလား၊ ထင်ရှားပါတယ်၊ ဒါပေမယ့် မာနတို့ သူများ မနာလိုတဲ့ ဣဿာတော့ မရှိပါဘူး”

သတိပဋ္ဌာန်တရား စွဲစွဲမြဲမြဲ အလေ့အကျင့် ကောင်းလာသော ယောဂီကမူ “ဝင်လေ ဝင်ပြီး ထွက်လေ မထွက်ခင်မှာကို ‘ငါ့တရား တော်တော်တတ်နေတယ်’ ဆိုတဲ့ မာနစိတ် ဖြစ်တာကို ထင်ထင်ရှားရှား သိလိုက်ရတော့ အံ့သြသွားပါတယ်။ ရံခါ သူများမှာ မိမိထက် သာလွန် ကောင်းမွန်တဲ့ ပစ္စည်းတစ်ခုခု ရှိတယ်ဆိုတာကို သိတာနှင့် မနာလိုစိတ်က ဘွားကနဲ ဖြစ်လာပြီးရှုမှတ်မှုကို လွတ်သွားပါတယ်။ စိတ်က တော်တော်ညစ်ပတ်တယ်၊ ဒါကိုပဲ ကိလေသာခေါ်တယ်လို့ နားလည်လာရပါတယ်”။

ယခင် မသိခဲ့ခြင်းမှာ သတိ ဝီရိယ သမာဓိအား မကောင်းသောကြောင့်ဖြစ်ပြီး သိမ်မွေ့သော ကိလေသာကို မြင်နိုင်ရန်မှာလည်း သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ၊ ဓမ္မအင်အားကောင်းရန် လိုအပ်ကြောင်း ယောဂီ သိလာပါသည်။

ငါသည် ကိုယ်ကျင့်သီလ ပြည့်စုံသဖြင့် သူတစ်ပါး ဒုက္ခဆင်းရဲရောက်စေမည့် လုပ်ရပ်ကို စိတ်နှင့်ပင် မလုပ်ပါဟူ၍လည်း ယောဂီ မပြောဝံ့တော့ပြီ။

ငါသည် သမာဓိ၊ ပညာနှင့် ပြည့်စုံသဖြင့် မမှန်ကန်သော အဂတိတရားကို မတရားသဖြင့် မလုပ်ပါဟူ၍လည်း ယောဂီ မဆိုဝံ့တော့ပြီ။

လောဘသည် လိုချင်သောတရားနှင့် မကြုံသေးသဖြင့်သာ သီလလုံနေခြင်းဖြစ်နိုင်သည်ဟု ယောဂီ နားလည်လာပါသည်။

ဒေါသသည်လည်း ပေါက်ကွဲပွင့်အံစရာ အခြေအနေနှင့် မကြုံသေးသဖြင့်သာ သီလလုံခြုံခြင်းလည်း ဖြစ်နိုင်ပေသည်ဟု ယောဂီ နားလည်လာပါသည်။

မိမိနှင့် ဂုဏ်ရည် အဆင့်အတန်းတူသူ တစ်ဦးဦး၏ မိမိထက် သာလွန်သော အောင်မြင်မှုကို ပက်ပင်းမတွေ့ကြုံရသေးသဖြင့်သာ မနာလိုစိတ် ပွင့်ထွက် မလာသေးခြင်းလည်း ဖြစ်နိုင်သည်သာဟု ယောဂီ နားလည်လာပါသည်။

စိတ်ကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နေသော ကိလေသာတရားများ မိမိရင်ထဲ ဖြစ်လို့ ဖြစ်မှန်းပင် မသိနိုင်လောက်အောင် “ငါ့မှာ သတိ၊ သမာဓိ၊ ပညာ အားနည်းခဲ့ပါတကား” ဟု ယောဂီ ရိပ်မိလာသည်။ သေးငယ်သော ကိလေသာကိုပင် မပြောပလောက်ပါဟု မထီမဲ့မြင် မပြုဘဲ ရှုမှတ်နေရန်လိုကြောင်း ယောဂီ သိရှိလာပါသည်။

သတိ၊ သမာဓိက စိတ်ချမ်းမြေ့ကြည်လင်စေသော်လည်း ကိလေသာက နှိပ်စက်ပင်ပန်းစေကြောင်း လက်တွေ့ဘဝ၌ သိမြင်လာသဖြင့် ယောဂီသည် သတိကိုပင် အဖော်ပြု၍ တစ်နေ့တာ နေနိုင်ရန် ကြိုးပမ်းနေတော့သည်။

အာရုံများသည် မရှုမှတ်ဘဲ လွှတ်ထားလျှင်လည်း သူ့သဘာဝအတိုင်း ပေါ်ပြီး ပျောက်သွားနေသည်သာ။ ယောဂီက ရှုမှတ်မှသာ ပေါ်ပြီးပျောက်ပြနေခြင်း မဟုတ်ကြောင်း ထင်ထင်ရှားရှား သိလာရသည်။

ယင်းသို့ ပေါ်လာပြီး ပျောက်သွားနေသော သဘာဝတရားကို လေးလေးစားစား သုတေသနပြုသကဲ့သို့ ရှုသိနေခြင်းကပင် ဝိပဿနာရှုခြင်းဖြစ်ကြောင်း ရိုးစင်းသော သဘာဝတရားကို ယောဂီသည် ရိုးရိုးလေးပင် သိလာပါသည်။

ထိုအခါ တစ်နေ့တာကိစ္စရပ်များ ဆောင်ရွက်နေခြင်းသည် တရားအားထုတ်နေခြင်းဖြစ်ပြီး အားထုတ်နေရင်း တစ်နေ့တာ ကိစ္စရပ်များ ဆောင်ရွက်နေခြင်းဖြစ်နေပေတော့သည်။ တရားအားထုတ်ရန် သီးခြားနေရာ၊ သီးခြားအချိန်များ ပေးရန် မလိုအပ်တော့ပေ။ သတိ၊ သမာဓိ အားကောင်းလာသောအခါ၌မူ ကြားခြင်း၌ ကြားကာမျှသာဖြစ်ပြီး ဘာအသံဟူ၍ မကွဲသေးပေ။ တွေးဆင်ခြင်မှသာ သီချင်းသံပါလား၊ ဘာသီချင်းပဲ၊ ဘယ်သူဆိုတာပဲ ဟု သိနိုင်ပေသည်။

စားသောအခါလည်း ပါးစပ်ထဲ ဝါးနေသည်မှာ အာလူးလား၊ ကြက်သားလားဟု မကွဲသေးဘဲ တွေးဆင်ခြင်မှသာ သိနိုင်ပေသည်။

သို့သော် စိတ်၏ အလုပ်လုပ်နိုင်စွမ်းအား မြန်လွန်းသဖြင့်သာ တစ်ဆက်တည်း တစ်ပြိုင်တည်းဟု ထင်ရလေသည်။

သတိပဋ္ဌာန်တရား ပွားများအားထုတ်ထားသော ယောဂီကမူ တစ်ခုပြီးမှ တစ်ခု ဖြစ်သည်ကို သေသေချာချာ သိနိုင်ပေသည်။

ချစ်ခြင်း၊ မုန်းခြင်း၊ အထင်ကြီးခြင်း၊ အထင်သေးခြင်း၊ ကြိုက်ခြင်း၊ မကြိုက်ခြင်း စသည်တို့သည် စိတ်၌ သတ်မှတ်ပြဋ္ဌာန်းချက်မျှဖြစ်ပြီး စိတ်ထဲ ခံစားစဉ် ခဏတာမျှတည်ပြီး ရှုမှတ်မှု ပစ္စုပ္ပန်တည့်နေသော ယောဂီအဖို့ သိ၍ နေပါသည်။ ပေါ်လာပြီး ချက်ချင်းပျောက် သွားသည်ကို ထပ်ပြန် ထပ်ပြန် ခံစားနေရသည်မှာ ထပ်တလဲလဲ တွေး၍သာ ခံစားနိုင် ခြင်းဖြစ်သည်။ သဘာဝဓမ္မကား ပေါ်လာပြီး စက္ကန့်မျှမခြား ပျောက်သွားပါသည်။

ပေါ်လာခိုက် တဒင်္ဂလေးကို သတိနှင့် ရှုမှတ်နိုင်လာသော ယောဂီအဖို့ ဗလာနတ္ထိ ကြည့်မှန်တစ်ချပ်အပေါ် တစ်ခဏထင်လာသော ပုံရိပ်တစ်ခုမျှသာ ဖြစ်နေတော့သည်။

 

စစ်မှန်သော ပျော်ရွှင်မှု

လူ့လောကကြီးသည် မာနကြီး၍ ပျော်နေကြသည်။ ကြွားဝါစရာ ရှာကြံကြွားပြီး အရသာခံနေကြသည်။ သူတစ်ပါး မကောင်းကြောင်း အားရအောင် ပြောရသည်ကို ကျေနပ်နေ ကြသည်။ တစ်ယောက်အပေါ် တစ်ယောက် လိမ်ညာ၍ လူပေါ်လူဇော်လုပ်ရသည်ကို ကျေနပ်နေ ကြသည်။ နိုင်ခြေရှိသူကို နှိပ်စက်ကလူအနိုင့်ထက် ပြုရသည်ကို ငါအဟုတ်ဟု ထင်မှတ်နေ ကြသည်။

ဤသို့ ဤသို့သော ပျော်ရွှင်မှုများ၊ အောင်ပွဲခံယူမှုများသည် တဒင်္ဂကိလေသာကို ဖျော်ဖြေနေခြင်းသာ ဖြစ်တော့သည်။

အဝိဇ္ဇာ၊ မောဟ၊ ကိလေသာ၏ အင်အားသတ္တိကြောင့် ရုပ်၊ နာမ်ခန္ဓာတို့ စက္ကန့်မလပ် ဖြစ်ပြီး ပျက်နေသော်လည်း မသိပေ။ ထာဝရ ခိုင်မြဲတည်တံ့နေသည်ဟုသာ ယောဂီ သိခဲ့ဖူးပါသည်။

မတရားသဖြင့် ပြုမူဆောင်ရွက်သည်များကိုလည်း မတရားမှန်း မသိခဲ့ဘဲ တရားမျှတ မှန်ကန်နေသည်ဟူ၍သာ ယောဂီ သိမှတ်ခဲ့ပါသည်။

ထိုသို့ အသိအမြင်မှားတို့ဖြင့် ပျော်ရွှင်မိခဲ့လေသည်။ အဝတ်ကောင်းကောင်း ဝတ်ရသည်ကိုပင် ချမ်းသာသည်ဟု ထင်မှတ်ပြီး အစားကောင်းကောင်း စားရသည်ကိုပင် ချမ်းသာပြီဟု အတွေးတိမ်တိမ်ဖြင့် ထင်မှတ်မိခဲ့သည်။

ငါမှ အဝတ်အစားကောင်းတာ၊ ငါမှ ကျန်းမာတာဟူ၍လည်း မာနကြီးခဲ့သည်။

တစ်ခဏ ချမ်းသာမှုကိုလည်း ထာဝရ ချမ်းသာတမျှ ထင်၍လည်း မာနကြီးခဲ့သည်။

ကိလေသာ၏ အလိုကိုလိုက်၍ရသော ပျော်ရွှင်မှုတို့သည် တဒင်္ဂမျှသာ စိတ်ကို ငြိမ်းချမ်းစေကြောင်း ယောဂီ သိရှိလာပါသည်။

ကိလေသာ၏ ရွေးချယ်မှုတိုင်း၊ ကြံစည်မှုတိုင်း၊ ဆုံးဖြတ်မှုတိုင်းသည် တရားမျှတမှု၊ ငဲ့ညှာသနားမှု၊ ကိုယ်ချင်းစာမှုတို့မှ လုံးဝလွတ်ကင်းသည်ကို ယောဂီ သိလာရသဖြင့် ကိလေသာ အလို ရမ္မက်ဆိုး၏ အလိုသို့ မျောပါရသော အနှစ်မဲ့ တဒင်္ဂပျော်ရွှင်မှုတို့ထက် အနှိုင်းအဆမဲ့ သာလွန်သော၊ ချမ်းသာသော၊ ငြိမ်သက်သော၊ ငြိမ်းချမ်းသော၊ ပျော်ရွှင်မှုများ ရှိပါသေးသဖြင့် စစ်မှန်သော ပျော်ရွှင်မှုကို ဉာဏ်ဖြင့် သက်ဝင်ခံစားနိုင်ကြပါစေသား။

 

အမှန်တရား

အမှန်တရားဟူသည် ပရမတ္ထတရားမှတပါး လောက၌ အခြားမရှိပေ။ ထိုအမှန်တရားကို ဆည်းပူးရှာမှီးနေခြင်းသည် လူ့ဘဝ၏ အမြင့်မြတ်ဆုံးသော ဆောင်ရွက်ခြင်းဖြစ်သည်။

မှတ်ချက်(၁)။ ။ ဤအမှန်တရားသည် ကိုးကွယ်ယုံကြည်မှု၊ မတူညီသော ယဉ်ကျေးမှု၊ နေထိုင်ရာဒေသ ကွဲပြားမှု၊ လူမျိုးအနွယ် ခြားနားမှုတို့၏ ပြင်ပ၌ ရှိပါသည်။

မှတ်ချက်(၂)။ ။ အဆိုပါ နယ်ပယ်အတွင်းမှ အမှန်တရားကို ရှာလျှင် သူ့အမှန်နှင့် ကိုယ့်အမှန် မတူညီသောအခါ ခိုက်ရန်ဖြစ်ရတတ်ပါသည်။

အရှင်ခေမာနန္ဒ (ဗြာဟ္မဏ) ရန်ကင်းတောရ
သာသနာနှစ် (၂၅၄၈)

 

လုပ်ငန်းခွင်ထဲ၌ ပျံလွန်တော်မူသည့် ရဟန်းတစ်ပါးအကြောင်း

 

ဓမ္မကို အားကိုးစေချင်ပါသည်။ ဓမ္မကို ယုံကြည်စေချင်ပါသည်။ ဓမ္မကို မှီခိုစေချင်ပါသည်။ ဓမ္မကိုလည်း လဲလျောင်းရာအဖြစ် မှတ်ယူစေချင်ပါသည်။

ဓမ္မသည် အားကိုးထိုက်၊ ယုံကြည်ထိုက်၊ မှီခိုထိုက်သဖြင့် ဓမ္မကို လဲလျောင်းရာ ကျွန်းအဖြစ် ယူစေလိုရင်းဖြစ်ပါသည်။

မိမိနှင့် ဝါဒတူရန်လည်း မဟုတ်ပေ။ မိမိနှင့် ယုံကြည်မှုတူရန်လည်း မဟုတ်ပေ။ မိမိနှင့် ဆရာတူ တပည့်ဖြစ်ရန်လည်း မရည်ရွယ်ပေ။

ဓမ္မသည် ငြိမ်းချမ်းပါသည်။ ထို့ကြောင့် ငြိမ်းချမ်းစေချင်ပါသည်။ ဓမ္မသည် အေးမြပါသည်။ ထို့ကြောင့် အေးမြစေချင်ပါသည်။ ဓမ္မသည် ခိုင်ခံ့ပါသည်။ ထို့ကြောင့် ခိုကိုးစေချင်ပါသည်။ ဓမ္မသည် ဖောင်ကတို့ဖြစ်ပါသည်။ ထို့ကြောင့် ဘေးဘယကင်းငြိမ်းရာ ဟိုတစ်ဘက်ကမ်းသို့ ကူးမြောက်စေချင်ပါသည်။

သို့သော် ခေမာသောင်ကမ်း တစ်ဖက်လမ်းသို့မူ လျော့ရဲစွာ ကူးခတ်၍မူ မရောက်စကောင်းပေ။

ဘိက္ခဝေ             = ရဟန်းတော်များ အိုချစ်သားတို့

သဗ္ဗဒုက္ခပ္ပမောစနံ   = ဆင်းရဲအလုံးစုံမှ ကျွတ်လွတ်ရာ ဖြစ်သော

ဣဒံ နိဗ္ဗာနံ           = ဤခေမာသောင်ကမ်း တစ်ဖက်လမ်းကို

သိထိလံ အာရဗ္ဘ    = ပြင်းတိလျော့ရဲ အားထုတ်၍

န အဓိဂန္တဗ္ဗံ         = မသိနိုင် မရောက်ရှိနိုင်ပေ။

ဣဒံ နိဗ္ဗာနံ          = ဤခေမာသောင်ကမ်း တစ်ဖက်လမ်းကို

အပ္ပေန ထာမသာ  = မပြည့်ဝသော အနဲငယ်မျှသော အားအစွမ်းဖြင့်။

န အဓိဂန္တဗ္ဗံ         = မရောက်ရှိနိုင်၊ မသိရှိနိုင်ပေ။၁ [နိဒါနဝဂ္ဂသံယုတ်]

 

မရှိချမ်းသာ

လူသည် ပြင်းထန်စွာ အားထုတ်ပါသည်။ သို့သော် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သံယောဇဉ်၊ ကိလေသာ၊ နီဝရဏတို့ကြောင့် မာနပွားစီးလာပါသည်။ လောဘပွားစီးလာပါသည်။ ဂုဏ်ဓနတို့သာ ပွားစီးလာသဖြင့် ဗဟိဒ္ဓပြင်ပ၏ ဖြစ်ထွန်းမှု၌ ရည်မှန်းချက်ကို အနားသတ်လိုက်ရပါသည်။

ထို့ကြောင့် ပိုင်ဆိုင်မှု ချမ်းသာကိုသာ လူ့ဘဝချမ်းသာဟု သတ်မှတ်လာသည်။ ယုံကြည်လာသည်။ ထိုယုံကြည်မှုအတိုင်း မဖြစ်မနေ ပြင်းထန်စွာ အားထုတ်လုပ်ဆောင်ပါသည်။

သို့သော် စွန့်လွှတ်ခြင်းကြောင့် ဖြစ်လာသော ချမ်းသာကိုမူ လူသိနည်းလွန်းသည်။ ၎င်းကို ပညာရှင်များ ရံခါ “မရှိချမ်းသာ” ဟူ၍လည်း သုံးနှုန်းလေသည်။ ထိုမရှိသည်ကို ချမ်းသာဟု လက်ခံရန် သာမန်အားဖြင့် အလွန်ခက်ခဲပါသည်။ ထို့ကြောင့် သဘောတူရန် မလွယ်ကူသဖြင့် လက်ခံလိုက်နာကျင့်သုံးရန် အလှမ်းကွာလေတော့သည်။

လူတိုင်း မရှိချမ်းသာဝါဒကျင့်သုံးလျှင် လောကကြီး ပျက်သုဉ်းပေမည်။ လောကဖျက်ဝါဒပမာ အတ္တဆန်လွန်းလှသော လူ့အသိုင်းအဝိုင်းက အတ္တပေတံတိုကလေးဖြင့် ထောက်တိုင်းကြသည်။ စိုးရိမ်စရာမရှိ စိုးရိမ်ခြင်း သက်သက်သာဖြစ်သည်။ ဤသို့ စိုးရိမ်ခြင်းကို ငမန်းကြီး၏ စိုးရိမ်မှုဟု ဆိုပါသည်။

ရှဉ့်ဖိုသည် သူ့ချစ်သူလှိုင်းပုတ်၍ သေသွားသော သမုဒ္ဒရာရေပြင်ကြီးကို အလွန်အမင်း မကျေမနပ်ဖြစ်ကာ သမုဒ္ဒရာခမ်းခြောက်စေရန် သူ့အမြီးကို ရေဖြင့် စွတ်၍ စွတ်၍ ကုန်းပေါ် ပတ်နေသည်ကို ငမန်းကြီးက မြင်သဖြင့် တုန်လှုပ်ချောက်ချားသွားသည် ဟူ၏။

ရှဉ့်ဖိုလုပ်ရပ်ကြောင့် သမုဒ္ဒရာခမ်းခြောက်ပြီး သက်ရှိရေသတ္တဝါများစွာ မကြာမီ ဒုက္ခရောက် ပေတော့မည်ဟု ကရုဏာသက် တွေးဆင်ခြင်ကာ ဤလုပ်ရပ်ကို ချက်ချင်းရပ်ဆိုင်းရန် ရှဉ့်ဖိုကို သတိပေးတားမြစ်သည့်ပမာပေတည်း။

ပိုင်ဆိုင်မှုချမ်းသာသည် အတ္တကို ဗဟိုပြုသည်။ မရှိချမ်းသာက အနတ္တလမ်းစဉ်၊ ဓုတင်အကျင့်ကို ထောက်ပံ့ချဉ်းကပ်သည်။

ပိုင်ဆိုင်မှု ချမ်းသာ၌ အဆုံးအပိုင်းအခြား အကန့်အသတ်ဟူ၍ မရှိကောင်းပေ။ ရှိရိုးထုံးစံ မရှိပေ။

မရှိချမ်းသာ၌ကား အဆုံးပန်းတိုင်သည် အမြဲထာဝရတည်နေသည်သာ။ တဒင်္ဂတိုင်း၊ တဒင်္ဂတိုင်း၌ အစ၊ အလယ်၊ အဆုံး (ဖြစ်၊ တည်၊ ပျက်) ကြောင့် အကန့်အသတ်ဟူ၍ ရှိရိုးထုံးစံ မရှိပေ။

သို့သော် ပန်းတိုင်သို့ကား ယခုဘဝ၌လည်း မျက်မှောက်ပြုနိုင်သကဲ့သို့ တမလွန်၌လည်း ဖြစ်ကောင်းသည်သာ။

ယခုဘဝ၏ နောက်ဆုံးစုတိကာလတိုင် ရှုမှတ်မှုမပျက် အားထုတ်သော ယောဂီပုဂ္ဂိုလ်ကို အလုပ်ခွင်၌ အနိစ္စရောက်သည်မည်သဖြင့် «ဓုရသ္မိံ ယာဝကာလံ ကရောတိနာမ»ဟု အဋ္ဌကထာ၌ ပြဆိုပါသည်။

ရည်မှန်းအပ်သော သစ္စာအလင်းကို မရဘဲ ခန္ဓာဇာတ်သိမ်းသော်လည်း အလုပ်ခွင်၌ ဘဝခြားသွားသောကြောင့် ထိုယောဂီသည် ရရှိလာသော ခန္ဓာအသစ်ဖြင့် မိမိကမ္မဋ္ဌာန်းကို ပွားများလျက်ရှိသည်။

တစ်နည်းဆိုရသော် (DUTY) တာဝန်ချိန်၌ ဘဝခြားသွားသော်လည်း ထိုထို(DUTY) တာဝန်ကို ဆက်လက် ဆောင်ရွက်လျက်သာ ရှိသည်ကို ဆိုလိုပါသည်။

ထို့ကြောင့် မိမိတာဝန်အပြီးဆုံးတိုင် ရောက်ရိရရေးသည် သေခြင်းကြောင့် အဟန့်အတားမဖြစ် (ဝါ) သေဆုံးခြင်းကြောင့် အခွင့်အရေး မနစ်နာမဆုံးရှုံးသော သာဓကကို သမဏနတ်သား၏ ဖြစ်စဉ်မှ ယောဂီများ နည်းယူ အားကျရပါသည်။

 

သမဏနတ်သား

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလ အမျိုးကောင်းသား ရဟန်းတော်မြတ် တစ်ပါးသည် ဘုရားထံပါး ကမ္မဋ္ဌာန်းတောင်းယူပြီး တောရကျောင်းသို့ သွားကာ ပြင်းထန်သော ဝီရိယဖြင့် အားထုတ်တော်မူလေသည်။ ညဉ့်ဦးယံ၊ မိုးသောက်ယံသာမက သန်းခေါင်ယံ အချိန်၌ပင် လျောင်းစက်ခြင်းမပြုဘဲ အားထုတ်ရာ၊ တစ်နေ့သောအခါ စင်္ကြံကမ္မဋ္ဌာန်းကို ရှုပွားအားထုတ်နေ ဆဲကာလ၌ပင် လေဖြတ်ရောဂါကြောင့် တစ်မုဟုတ်ခြင်း ပျံလွန်တော်မူလေသည်။

ရဟန်းတော်မြတ်သည် ကမ္မဋ္ဌာန်းရှုပွားနေသည့် အခိုက်၌ပင် ပျံလွန်တော်မူခြင်း ဖြစ်သည်။ ဤသို့ လွန်တော်မူခြင်းကို လုပ်ငန်းခွင်ထဲ၌ ပျံလွန်တော်မူသည် ဟု ဆိုရပေသည်။

ရဟန်းတော်၏ ဘာဝနာကုသိုလ်ကံအစွမ်းကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သား ဖြစ်လေသည်။ အိပ်ပျော်ရာမှ နိုးလာသည့်နှယ် နတ်ဗိမ္မာန်အတွင်း၌ သြပပါတိက ပဋိသန္ဓေအရ ဘဝသစ်ဖြစ်ခြင်းပေတည်း။

ပဋိသန္ဓေ(၄) မျိုး ရှိပါသည်။

(၁) ဥ၌တည်သော သန္ဓေ(အဏ္ဍဇ)၊

(၂) သစ်ရွက်၊ သစ်ပွင့်၊ ရေညှိစသည်၌ တည်သော သန္ဓေ(သံသေဒဇ)၊

(၃) အမိ၏ ဝမ်း၌ ကလလရေကြည်တည်၍ ဖြစ်သော သန္ဓေ(ဇလာဗုဇ)၊

(၄) ဘွားကနဲ ကိုယ်ထင်ဖြစ်လာသော သန္ဓေ(သြပပါတိကာ) တို့ ဖြစ်ပါသည်။၁

ကျမ်းညွှန်း။ အဘိဓမ္မတ္ထသင်္ဂဟပါဠိ။

 

သမဏရဟန်းဘဝမှလာသော နတ်သားသည် ဘဝခြားပြီး ရဟန်းဘ၀မဟုတ်တော့သည်ကို မသိသေးပေ။ သို့သော် ထိုနတ်ဗိမ္မာန်ရှင် နတ်သားရောက်ရှိလာသဖြင့် အလုပ်အကျွေးပြုမည့် နတ်သမီးများစွာတို့သည် ဝမ်းမြောက်အားရ နတ်တူရိယာတို့ဖြင့် ငြိမ့်ညောင်းသာယာစွာ ဖြေဖျော်ရန် ရောက်ရှိလာပါသည်။

နတ်သားက မာတုဂါမများ၏ သီဆိုတီးမှုတ်သံကို ကြားရသဖြင့် စက္ခုန္ဒြေကို အထူးစောင့်စည်းကာ “ယနေ့တောရကျောင်းသို့ ဘယ်က၊ ဘယ်ကနေ ဝိသဘာဂအာရုံတွေ ရောက်ရှိလာပါလိမ့်” ဟု ဆင်ခြင်နေမိပြီးနောက် အပေါ်ရုံအဝတ်ပိုင်းဖြင့် လက်ဝဲပုခုံးကို လုံအောင် ရုံကာ ဣန္ဒြိယသံဝရသီလကို အထူးဖြည့်ကျင့်ကာနေပေသည်။ နတ်သားသည် ယခုတိုင် သင်္ကန်းဝတ်နှင့် နေသည်ဟု ယူဆနေပါသည်။

ထိုအခါ နတ်သမီးတို့က “အရှင်နတ်သား၊ နတ်ပြည်ရောက်နေပါပြီ၊ တရားကျင့်ရာ နေရာဌာန မဟုတ်ပါလေ၊ နတ်စည်းစိမ် ခံစားစံစားဖို့ အခါကာလ ဖြစ်ပေသည်” ဟု ဝိုင်းဝန်းပြောကြလေသည်။

သို့သော် ထိုသမဏနတ်သားသည် ဣန္ဒြေမပျက် တည်မြဲတည်နေပါသဖြင့် နတ်သမီး အပေါင်းက တူရိယာများ သီဆို၊ တီးမှုတ်၊ ကခုန်၍ နတ်သားကို ဖျော်ဖြေကာ နတ်သားဖြစ်ကြောင်း သိသာရန် မှန်ချပ်ထောင်ပြသောအခါ၌သာ သူသည် ဘဝခြားလေပြီဟု သိလေတော့သည်။

နတ်သားသည် နတ်ပြည်ရောက်ကြောင်းကို သိရပြီး များစွာနှလုံးမသာမယာ ဖြစ်လေတော့သည်။

နတ်စည်းစိမ်မျှကိုမူ သာသနာပကာလ၌ပင် ရနိုင်သည်သာ။ ယခု တရားအားထုတ်ခြင်းမှာ ဘုရားသာသနာ၌ အမြတ်ဆုံးအကျိုးစီးပွားဖြစ်သော အရဟတ္တဖိုလ်ရရန် ကျင့်ခဲ့ခြင်း ဖြစ်သည်။ နတ်စည်းစိမ်၌ သာယာယစ်မူး၍ ဘုရားသာသနာနှင့် လွဲလျှင် အရှုံးကြီး ဆုံးရှုံးပေရော့မည်ဟု ဆင်ခြင်လေသည်။

ရဟန်းဘ၀ စုတိချိန်နှင့် ယခု မှန်ချပ်ကြည့်ချိန်ကို ဆင်ခြင်သုံးသပ်ပါက မိနစ်ပိုင်းမျှသာ ကြာမြင့်မည်ဟု ခန့်မှန်းနိုင်ပါသည်။ နတ်သား၏ စိတ်ဝယ် တစ်မှေး မှေးကနဲဖြစ်သည့်နှယ် တောရကျောင်း၌ပင် သူရှိသည်ဟု ယူဆနေသည်။ အချိန်ကာလတိုအတွင်း၌ ဖြစ်သော အပြောင်းအလဲတစ်ခု ဖြစ်ပြီး ကမ္မဋ္ဌာန်းလုပ်ငန်းခွင်၌နေသော ယောဂီအဖို့ သေသော အကြောင်းအရာသည် စိတ်ဝယ် ဘာမှ ပင်ပင်ပန်းပန်း၊ ထူးထူးခြားခြား မရှိလိုက်ချေ။ သူရည်မှန်းရာ ပန်းတိုင်သို့သာ လုပ်ငန်းခွင်မပျက် ခရီးရှေ့တိုးနေသည်ဟု ပြောရပေမည်။ တစ်နည်းဆိုရသော် ထိုသမဏနတ်သား၏ ကမ္မဋ္ဌာန်းလုပ်ငန်းသည် သေခြင်းကြောင့် ဘာမျှ မပျက်ပြားခဲ့ပေ။

နတ်သားသည် ရဟန်းဘဝ၌ စောင့်စည်းခဲ့သော သီလ မပျက်သေးမီ မြတ်စွာဘုရား ထံတော်သို့ အလျင်အမြန်သွားရန် ဆုံးဖြတ်သဖြင့် သူ၏ နတ်ဗိမ္မာန်တွင်းသို့ပင် မဝင်တော့ပေ။

ဘုရားထံပါးရောက်သောအခါ “မြတ်စွာဘုရား နတ်သမီးအပေါင်း သီဆိုကခုန်ရာဖြစ်သော၊ တစ္ဆေမြေဖုတ်များစွာ ကျက်စားရာဖြစ်သော၊ ကုသိုလ်ကို မေ့လျော့ အကုသိုလ်တရားတို့ကိုသာ ကြီးပွားစေသည့် ထိုမောဟနမည်သော နန္ဒဝန်ဥယျာဉ်ကို တပည့်တော် အဘယ်နည်းဖြင့် ကျော်လွှားရှောင်ရှားသွားရပါမည်နည်းဘုရား” ဟု လျှောက်လေသည်။

နတ်သားသည် ပြင်းပြင်းထန်ထန် ရှုပွားအားထုတ်ထားသော ဝိပဿနာတရား အသိကြောင့် နတ်သမီးများကို မြေဖုတ်ဘီလူးဟုလည်းကောင်း၊ နန္ဒဝန်ဥယျာဉ်ကို မောဟနအမိုက်တိုက်ဥယျာဉ်ဟု လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်ဟု သူ့ဉာဏ်၌ ထင်နေသဖြင့် ယင်းသို့ လျှောက်ခြင်း ဖြစ်ပေသည်။

မြတ်စွာဘုရားသည် ထိုသမဏနတ်သား၏ အခြေအနေအလုံးစုံကို ရှုဆင်ခြင် တော်မူပြီးနောက် အရဟတ္တမဂ်၏ ပဒဋ္ဌာန်ဖြစ်သော ဝိပဿနာတရားကို ညွှန်ကြားပေး တော်မူပါသည်။

ဖဘုရားသည် သီလကို စင်ကြယ်စေလော့ဟုလည်းကောင်း၊ သမာဓိကို ပွားစေဦးလော့ဟု လည်းကောင်း၊ ကမ္မဿကတာသမ္မာဒိဋ္ဌိကို ဖြောင့်မတ်စေဦးလော့ဟုလည်းကောင်း အခြေခံအကျင့်ကို မညွှန်ကြားဘဲ အရဟတ္တမဂ်၏ ပဒဋ္ဌာန်ဝိပဿနာကိုသာ တိုက်ရိုက် ညွှန်ကြားတော်မူခြင်းမှာ ဝိသေသထူးလေသည်။

နတ်သားသည် ဘာဝနာကမ္မဋ္ဌာန်းကို ဘုရားထံပါးမရောက်မီ မိနစ်အနည်းငယ်မျှ ကာလထိတိုင် ပြင်းပြင်းထန်ထန်ဖြင့် ရဟန်းဘဝ၌ အားထုတ်နေခဲ့ပါသည်။

ထို့ကြောင့် နတ်သားသည် ဘာဝနာအခြေခံများ ပြည့်စုံပြီးဖြစ်သည့်အပြင် ဘုရားထံပါး ကမ္မဋ္ဌာန်းလာလျှောက်သူ (တရားလျှောက်သူ)နှယ် ဖြစ်နေပါသည်။

ရဟန်းဘဝဖြင့် တရားအားထုတ်နေသည်။ တရားရှုပွားစဉ် စင်္ကြံလမ်း၌ပင် ပျံလွန်တော်မူပြီး တစ်မုဟုတ်ချင်း နတ်သားဘ၀ ဖြစ်လာသည်။ ထို့နောက် အချိန်အနည်းငယ်အကြာ၌ ဘုရားရှင်ထံ ရောက်ရှိသွားသည်။

လူရဟန်းဘဝ၌ ကမ္မဋ္ဌာန်းတောင်း၍ရှုပွားပြီးနောက် နတ်သားဘဝ၌ ဘုရားထံ သွား၍ တရားအတွေ့လျှောက်သည့်ပမာ ဖြစ်နေပေသည်။

ရဟန်းဘဝ၌ ဖြည့်ကျင့်ခဲ့သော သီလသည် ဘဝခန္ဓာပြောင်း၍ သွားသော်လည်း သီလမပျက်သေးဆိုသည့် အချက်ကို သတိပြုစရာ ဖြစ်ပေသည်။

ဖဘုရားရွှေနှုတ်တော်မှ အဖြေတရားဂါထာများကို နာကြားလျက် ရှေးဘဝ၌ နှလုံးသွင်းခဲ့သော ဝိပဿနာတရားကို ပြန်၍ နှလုံးသွင်းဆင်ခြင်လေသည်။

ရဟန်းဘဝဖြင့် ပြင်းပြင်းထန်ထန် အားထုတ်သော်လည်း တရားထူးမရခဲ့သော သမဏနတ်သားသည် နတ်ဘဝရုပ်နာမ်တို့၏ အထူးစင်ကြယ်မှုကြောင့် တစ်ခဏအတွင်း၌ပင် ဝိပဿနာဉာဏ်များ အစဉ်အတိုင်းဖြစ်ထွန်းကာ သောတာပတ္တိမဂ်ဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြု၍ သောတာပန်နတ်သား ဖြစ်သွားလေသည်။၁ (သံ-ဋ္ဌ၊ ပ-၈၀-၈၃)

ကျမ်းညွှန်း။ သဂါထာဝဂ္ဂဋ္ဌကထာ၊ ဒေဝတာသံယုတ္တ၊ အစ္ဆရာသုတ္တဝဏ္ဏနာ။

 

လုပ်ငန်းခွင်၌ ကွယ်လွန်သူ

 

ထိုဒါကာကြီးသည် တောရကျောင်း၏ ကျောင်းဒကာတစ်ဦးဖြစ်သည်။ ဒါန၊ သီလ ကုသိုလ်တို့ကို ကမ္မဿကတာသမ္မာဒိဋ္ဌိဖြင့် ဖြည့်ကျင့်လေ့ရှိသည်။ ဝိပဿနာဘာဝနာကို ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်ကပင် စနစ်တကျနည်းခံ အားထုတ်နေခဲ့သူ ဖြစ်ပါသည်။

“ဘဝနေနည်း သင်နေတာပါဘုရား၊ နေနည်းတတ်ထားရင် သေနည်းက မခက်ဘူးလို့ ဆရာတော် ဆုံးမတဲ့စကား နားက မထွက်တတ်ဘူး”ဟု လျှောက်တတ်သည်။

ရံခါ “တပည့်တော် အိမ်ကတော့ တပည့်တော် အိမ်ပါဘုရား။ ဒါပေမဲ့ တပည့်တော်လည်း ဧည့်သည် တစ်ယောက်ပါဘုရား”ဟု ပဟေဠိဆန်ဆန် လျှောက်တတ်ပြန်သည်။

ရံခါ “တပည့်တော် တစ်နေကုန် သတိလွတ်ပြီး နေမရတော့ဘူးဘုရား။ သတိက တပည့်တော်ထားတာမဟုတ်ဘဲ သူ့အလိုလိုပဲ ရှိနေတော့တယ်။ ဒါကို ဓမ္မဗျာပါဒလို့ ခေါ်ရတယ်လို့ ဆရာတော်ကြီး နှစ်တော်တော်ကြာကြာက မိန့်ဖူးတယ်။ အတွေးတွေးရတာ ပင်ပန်းတယ်ဆိုတာ အခု သိပါပြီဘုရား။ တရားထိုင်မှ မဟုတ်ပါဘူး။ အတွေးတိုင်း အတွေးတိုင်းက (ကိလေသာ) တွေပဲကိုးလို့ ဘဝထဲ နေရင်း၊ စင်္ကြံသွားရင်းက သိလာတာ။ သတိမရှိတဲ့ စိတ်ထဲ အတွေးတွေ ဖြတ်သန်းသွားနေတာပဲ။ သတိတံခါး မလုံခြုံရင်တော့ ပင်ပန်းပြီဘုရား။ ဒါကြောင့် အပ္ပမာဒတရားက အားကိုးလောက်တယ်၊ မှီခိုလောက်တယ်၊ မှီခိုထိုက်အောင်လည်း အေးချမ်းစေတာကိုး။ ခုတော့ ဓမ္မာနုပဿနာဗောဇ္ဈင်ပိုင်းကို ဂရုပြုရှုပွားကြည့်တယ်။ သတိသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်ကြောင့် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်လာတာကိုးဘုရား။ ဓမ္မဝိစယကြောင့် တစ်ခါ သတိ၊ဝီရိယ ဖြစ်လာပြန်၊ အံ့သြစရာပါပဲဘုရား။ အကြောင်းအကျိုး သဘောက သိပ်နက်နဲလှပါတကား ဘုရား။”

စကားကို ရှည်လျားစွာ လျှောက်ထားပြီး ဓမ္မပီတိကြောင့်ထင့်။ လက်အုပ်ချီ၍ ခေါင်းပေါ်သို့ တင်ထားသည်။

အသက် (၇၂) ပြည့် မွေးနေ့အလှူအဖြစ် လူတစ်ရပ်ကျော် ပျဉ်းကတိုး(၇)ပင် ကျောင်း၌ စိုက်ပျိုးရန် လာခြင်းဖြစ်သည်။

“ရှေ့သုံးနှစ်ကျော်ရင်တော့ သံဃာတော်တွေ သင်္ကန်းကို သစ်ခေါက်ဆိုးနိုင်ပါပြီ။ ဆရာတော်ကြီးကတော့ လူသေအခေါင်းရဲ့ အဖုံး အလှူခံထားပြီး အဲသည်ပေါ်ကို သင်္ကန်းခေါက်လှိမ့်လှိမ့်ပြီး သစ်ခေါက်ဆိုးတော်မူပါတယ်”

သူ၏ ဗဟုသုတများကို မျှဝေလျှောက်ထားပြီး ပြန်သွားပါသည်။

နောက်တစ်နေ့နံနက် အိပ်ယာထ၊ ဘုရားသောက်တော်ရေကပ်၊ အရုဏ်တက်ပြီးနောက် ဘုရားဆွမ်းတော်ကပ်ပြီး ဘုရားရှိခိုးကာ တရားထိုင်သည်။

ထို့နောက် အိမ်ရှေ့ပန်းခြံထဲ ခေတ္တစင်္ကြံလျှောက်ပြီး အပေါ်ထပ်တက်သွားပြီးနောက် ပုဆိုး၊ အင်္ကျီ၊ တိုက်ပုံအင်္ကျီအသစ်လဲ ဝတ်သည်။ (တစ်နေရာရာသွားရန် ရှိ၊ မရှိ မသိရပေ။)

သို့သော် ကော်ဖီသောက်ရန် မဆင်းလာသဖြင့် သွားခေါ်ရာ အိပ်ရာထက် လဲလျောင်း၍ တရားမှတ်နေသည်ကို တွေ့ရသဖြင့် ကော်ဖီသောက်ရန် နှိုးရာ မထလာပါ။ လှုပ်နှိုးရာ၌လည်း စကားပြန်မထူးသောကြောင့် တစ်လမ်းကျော်မှ ဆရာဝန်ပင့်ခဲ့ရာ သေဆုံးသည်မှာ နာရီဝက်ခန့်ကြာပြီဟု ကောက်ချက်ချသည်။ သို့သော် ခန္ဓာကိုယ်မှာ အေးခဲတောင့်တင်းမသွားဘဲ နောက်တစ်နေ့ညနေအထိ နွေးနေပေသည်။ (အသက် မရှု၊ နှလုံး မခုန်ဘဲ Body နွေးနေခြင်းဟု သိရသည်။)

ကျောင်းဒါယကာကြီးသည် ဝိပဿနာလုပ်ငန်းခွင်ထဲ၌ပင် ကွယ်လွန် အနိစ္စရောက်သည်ဟု ဆိုနိုင်ပေလိမ့်မည်။

အဘိညာဉ်ရပုဂ္ဂိုလ်ထံ ချဉ်းကပ်ရပါမူ ဒါယကာ၏လားရာဂတိကို ပြည့်စုံတိကျ သိနိုင်ကောင်းပေစွဟု တွေးထင်မိပါသည်။

 

ဘဝသစ္စာနှင့် ဘဝပန်းတိုင်

 

ပြည့်စုံချင်သော လောကကြီးသည် မပြည့်မစုံ ဖြစ်နေရပါသည်။

ငြိမ်းချမ်းချင်သော လောကကြီးသည် မငြိမ်းမချမ်း ဖြစ်နေရပါသည်။

လှပချင်သော လောကကြီးသည် မလှမပဖြစ်နေရပါသည်။

သာယာချင်သော လောကကြီးသည် မသာမယာ ဖြစ်နေရပါသည်။

မေတ္တာရှင်၊ ကရုဏာရှင် ပုဂ္ဂိုလ်မြတ်ကြီးတို့သည် လောကကြီးကို အမြဲထာဝရ ပြည့်စုံ ငြိမ်းချမ်း သာယာ လှပ စိုပြေစေချင်ပါသည်။

မြင့်မြတ်သော ပုဂ္ဂိုလ်တို့သည် လူသားတို့အပေါ် မေတ္တာမိုး၊ ကရုဏာမိုး ရွာသွန်းဖြိုးခြင်းမှာ အစဉ်အလာ ဓမ္မတာပေတည်း။

သို့သော် လောဘမိုး၊ ဒေါသမိုး၊ မောဟမိုး၊ မာနမိုး၊ မစ္ဆရိယမိုးများ သည်းသည်းမဲမဲ ရွာသွန်းချနေသော လူ့ဘောင်လောက လူတို့ရွာသည်ကား အဒေါသမေတ္တာ၊ ကရုဏာနှင့် ဆန့်ကျင်ပေစွတကား။

လူသည် ဖြစ်ချင်ရာရာ များလွန်းလှသည်၊ လိုချင်ရာရာ များလွန်းလှပေသည်။ စီးပွားလည်း ဖြစ်ချင်သည် လောကဓာတ် ပညာတတ်လည်း ဖြစ်ချင်သည်။ ထင်ပေါ်ချင်သည်။ ကျော်ကြား ချင်သည်။ အခြံအရံပရိသတ်ကြီးချင်သည်။

တစ်ဖန် “ငါစီးပွားဖြစ်တယ်” “ငါဥစ္စာပေါတယ်” “ငါရုပ်ချောတယ်” “ငါကျန်းမာတယ်” ဟူ၍လည်း ပြချင်သေးတယ်။

ဆက်လက်ပြီး “ငါလိုတတ်တဲ့တော်တဲ့လူ၊ ငါလိုစိတ်ကောင်း နှလုံးကောင်းရှိတဲ့လူ၊ ငါလို သီလ သမာဓိနှင့် ပြည့်စုံတဲ့လူ ဤဇမ္ဗူမှာ ရှိသေးလို့လား?” သူတစ်ပါးကို ကြွားရန်မရှိလျှင်လည်း မိမိကိုယ်တိုင် ကိုယ့်ကိုယ်ကို ကြွား၍ ထိုအကြွားမာနနှင့် ပျော်နေတတ်သည်။

ဖြစ်ချင်ရာရာများလွန်းသည်ဟုဆိုရာတွင် ရံခါ တစ်ခုဖြစ်၍ မပြီးသေးသော်လည်း ၎င်းနောက်၌ နှစ်ခု… သုံးခု… လေးခု… များစွာဖြစ်ချင်နေပြန်ပြီ။

လူသည် မိမိအတွက်လည်း ဖြစ်ချင်သည်။

သူတစ်ပါးအတွက်လည်း ဖြစ်ချင်သည်။

ဤဘဝအတွက်သာမက နောင်တမလွန်ဘဝအတွက်လည်း ဖြစ်ချင်နေပြန်သေးသည်။

တစ်စုံတစ်ဦးသော တန်ခိုးရှင်တစ်ဦးဦးက လူသား၏ ဖြစ်ချင်သော ဆန္ဒကို ဖြည့်ဆည်း ပေးမည်ဆိုလျှင်ပင် တစ်နေ့ တစ်မနက်မျှပင် ပြည့်စုံအောင် ဖြည့်နိုင်မည်မထင်ဟု တွေးထင်စရာ ဖြစ်ပါသည်။

အဆုံး၌ လူသားသည် ထိုတန်ခိုးရှင်၏ တန်ခိုးကိုပင် လိုချင်နေပြန်မည်မှာ သေချာပေသည်။

လူသည် ကောင်းရာရာကိုသာ လိုချင်နေခြင်းက မဟုတ်တန်ရာပေ။

“ဒီသင်္ချိုင်းမှာ တို့အဘိုးရဲ့ အုတ်ဂူက အကြီးဆုံးပဲ”ဟု တစ်ဦးက ဂူကို လက်ညှိုးညွှန်ပြီး ပြောပါသည်။ နောက်တစ်ဦးက “တို့ဦးလေး အုတ်ဂူကတော့ သေးပေမဲ့ ဒီသင်္ချိုုင်းမှာ လက်ရာက ထိပ်တန်းပဲ။ သူ့လောက်လက်ရာ ကောင်းတဲ့ဂူ မရှိဘူး။ နိုင်ငံခြားက ဒီဇိုင်းယူပြီး ကွန်ပျူတာနှင့် ဂူပုံထုတ်တာ”

လူသည် ကောင်းတာကိုလည်း ဖြစ်ချင်သည်။ [ကောင်းတာကို ကြွားချင်သည်။] ၎င်းဖြစ်ရပ်ကို နားလည်ရန် မခက်ပါ။

သို့သော် လူသည် ရံခါ ဆိုးတာလည်း ဖြစ်ချင်ပြန်သည်။ ၎င်းကို နားလည်ရန် ခက်တတ်ပါသည်။

လူကို မောဟက ခြယ်လှယ်ထားပါသည်။ ထို့ကြောင့် တဏှာ၊ မာန၊ ဒိဋ္ဌိက လွှမ်းမိုးပါသည်။

မသိမှု မောဟ၊ လိုချင်မှု တဏှာလောဘ အသီးသီးကို လူဟု ခေါ်၍ မရပါ။ ၎င်းင်းတို့သည် လူမဟုတ်ပေ။ စိတ်ကို ခြယ်လှယ်တတ်သော စေတသိက်များသာ ဖြစ်သည်။

ထို့ကြောင့် လူကို နားလည်ရန် ဦးစွာ လူ၏ စိတ်ကို ခြယ်လှယ်နေသော စေတသိက်တို့ကို နားလည်ရပေမည်။

သို့မှသာ လူကို နားလည်နိုင်မည်။

ပရမတ္ထတရားတို့ကို နားလည်ရပေမည်။

သို့မှသာ လောကကို နားလည်နိုင်ပေမည်။

မျက်စိသည် အဆင်းရူပါရုံမျိုးစုံကို မြင်ခြင်းကိစ္စ ဆောင်ရွက်ပါသည်။ ကောင်းသော မြင်ကွင်း၊ မကောင်းသော မြင်ကွင်းကိုမူ မရွေးချယ်တတ်ပေ။

နားသည် အသံမျိုးစုံ ကြားခြင်းကို လုပ်ဆောင်သည်။ ကောင်း မကောင်း၊ သင့် မသင့်ကိုမူ နားက မရွေးချယ်ပေ။

နှာခေါင်းသည် အနံ့ကို ခံယူခြင်း၊ လျှာသည် အရသာကို သိခြင်း၊ ကိုယ်သည် ထိတွေ့မှုကို သိကာ စိတ်သည် အာရုံတိုက်မှ ကောင်း မကောင်း၊ သင့် မသင့် အလုံးစုံကို တွေးကြံသိလေသည်။

(၁) မျက်စိ၊ (၂) နား၊ (၃) နှာခေါင်း၊ (၄) လျှာ၊ (၅) ကိုယ်၊ (၆) စိတ် တို့ကို ဒွါရတံခါး [Doors] ဟု ခေါ်နိုင်ပေသည်။

ထိုထိုအာရုံတို့သည် တံခါးမှ ဝင်ဝင်သမျှကို မခြွင်းမချန် လက်ခံပေလိမ့်မည်။

ကောင်းသည်ဟု သတ်မှတ်၍လည်း ပိုပိုမိုမို လက်ခံမည်မဟုတ်ပေ။

မကောင်းဟု သတ်မှတ်၍လည်း လျှော့လျှော့ပေါ့ပေါ့ လက်ခံမည် မဟုတ်ပေ။

သဘာဝအတိုင်း အလုပ်လုပ်နေပေသည်။ တစ်နည်း ယန္တရားဆန်ဆန် ဆောင်ရွက်နေပေသည်။

မြင်ခြင်း၊ ကြားခြင်းနှင့် ကြိုက်ခြင်း၊ မကြိုက်ခြင်းသည် သီးခြားဖြစ်ပေသည်။

တစ်ဖန် ထိုထို မြင်ခြင်း ကြားခြင်း၊ နံခြင်း ဖြစ်စဉ်၌ အကန့်အသတ် ရှိနေပေသည်။

တစ်နည်းဆိုသော် ပေါ်လာပြီးပျောက်၊ ဖြစ်ပေါ်လာပြီးပျက်နေသော သဘောသဘာ၀ ရှိပေသည်။

ကောင်းသည်၊ ကြိုက်သည်ဟု သတ်မှတ်ထား၍ တည်တံ့မနေသကဲ့သို့ မကောင်းမကြိုက်ဟု သတ်မှတ်ချက်ကြောင့်လည်း မဖြစ်ပေါ်လာဘဲ မနေပေ။
၎င်းင်းသည်ပင် အကန့်အသတ် (Limit) ဖြစ်နေပေသည်။

သို့သော် လူသည် ထိုထိုအာရုံတို့ကို ခိုင်မြဲသကဲ့သို့၊ တည်တံ့သကဲ့သို့ မပျောက်မပျက်သကဲ့သို့ ထင်နေပါသည်။ သိနေခြင်းမဟုတ်ပါ။ ထင်နေခြင်းမျှသာ ဖြစ်သည်။

ထို့ကြောင့် “ဒါကို ဒီလိုလုပ်လိုက်ရရင်တော့ ငါ ပျော်ပြီ” ဟု အပျော်ကြီး ပျော်ရန် အားခဲကာ ကြိုကြိုတင်တင် ပြင်ဆင်ပါသည်။ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းပါသည်။

ပျော်မည်၊ ကြီးကြီးကျယ်ကျယ် ပျော်ရမည်၊ များစွာ ပျော်တော့မည်ဟု မျှော်လင့်ထားသည်။

ထိုပျော်ရွှင်မှုကို ရရှိရန် ပြင်းပြင်းပြပြ ကြိုးစားသဖြင့် လက်ဝယ်ရောက်ရှိလေပြီ။

ထိုအခါသမယ၏ နောက်ပိုင်း၌မူ “ငါထင်သလောက် မပျော်ရဘူး” “ခြောက်ခြောက် သွေ့သွေ့နှင့် ပြီးသွားတယ်”

ထို့ကြောင့် နောက်တစ်မျိုးနှင့်တော့ သေချာပျော်ရမည်ဟု ထင်ပြန်သဖြင့် ထပ်၍ ထပ်၍ ပြုလုပ်နေပြန်ပါသည်။

သို့သော် ထပ်၍ ထပ်၍ ထပ်၍လည်း ဟာတာတာနှင့် ပြီးသွားပြန်သည်။ မစိုမပြေနှင့် ပြီးသွားပြန်သည်။ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ ဖြစ်ပြန်သည်။ ထင်ထားသလောက် ခရီးမရောက်ဘဲ ဖြစ်လေပြီ။

သို့သော် လူသည် သည်တစ်ခါတော့ ရှိပါစေ နောက်တစ်ခါတော့ သည်ထက်ကောင်းမည် ဟု ထပ်၍ ထပ်၍ လုပ်နေပြန်သည်မှာ လှည့်စားခံရခြင်းမျှသာ ဖြစ်ပေသည်။

အသိဉာဏ်ရှိသော လူသားသည် ဤလှည့်စားမှု မာယာစက်ကွင်းမှ လွတ်မြောက်ရေးကို သိနိုင်ပါသည်။ ကောင်းစွာ သိနိုင်စွမ်းလည်း ရှိပါသည်။

လွတ်မြောက်ရေး၏ အစသည် လှည့်စားခံနေရသည်ကို လှည့်စားခံနေရပါသည်ဟု အသိအမှတ်ပြုရန် (ဝါ) လှည့်စားခံနေရသည်ကို သိခြင်းသည်ပင်လျှင် လှည့်စားမှု မာယာ၏ ကြော့ကွင်းမှ လွတ်မြောက်ရေး၏ အစဖြစ်ပေသည်။

သင်္ခတပရမတ်တရားဖြစ်သော စိတ်၊ စေတသိတ်၊ ရုပ်တို့သည် ဖြစ်ပေါ်လာပြီး ပျောက်နေသည်ဟူသော သစ္စာတရားကို ရိပ်စားမိသော လူသည်ကား ထိုမာယာစက်ဝန်းမှ လွတ်မြောက်နိုင်ပေလိမ့်မည်။

ဤပညာရပ်သည် လူသားကမ္ဘာလောက၌ ပေါ်ထွန်းခဲ့သည်မှာ နှစ်ပေါင်း နှစ်ထောင် ငါးရာကျော် ကြာခဲ့ပါသော်လည်း မဟောင်းနွမ်းပါ၊ ရိုးမသွားပါ၊ ကျင့်သုံးသူများ ရှိသရွေ့ ကာလပတ်လုံး ဤကမ္ဘာ၌ ဤပညာ တည်တံ့နေပေလိမ့်မည်သာ။

ဝိပဿနာရှုပွားမည့် ယောဂီသည် ကလျာဏမိတ္တ မိတ်ကောင်းဆွေကောင်း ဆရာကောင်း သမားကောင်းထံမှ နည်းနာခံယူကာ ပရမတ် ရုပ်တရား၊ နာမ်တရားတို့ မိမိဉာဏ်ထဲ ထင်မြင်လာရေးကို ဦးစားပေးရပါသည်။

ယောဂီ၏ ဉာဏ်ထဲ၌ ပရမတ်တရား ထင်မြင်လာပြီးလျှင်မူ ဝေဒနာကိုဖြစ်စေ၊ သညာကိုဖြစ်စေ၊ ရုပ်ကိုဖြစ်စေ၊ ဝိညာဏ်ကိုဖြစ်စေ၊ သင်္ခါရကိုဖြစ်စေ ၎င်းပရမတ္ထတရားတို့သည် ဖြစ်ပေါ်လာပြီး ပျောက်နေသော သဘာဝဖြစ်စဉ် သဘောပါကလားဟု ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားသိနိုင်ရန် မခဲယဉ်းတော့သည်သာ။

ရူပါရုံ၊ ဂန္ဓာရုံစသော အာရုံများကို စိတ်ဖြင့် သိနိုင်ပါသည်။ ထိုထိုအာရုံ၏ လက္ခဏာကိုမူ ဉာဏ်ဖြင့်သာ သိနိုင်ပေသည်။

ဝိပဿနာရှုပွားသောယောဂီသည် မိမိဉာဏ်အာရုံ၌ ထင်ရှားသော၊ ရှင်းလင်းသော အရှုခံအာရုံကိုသာ အရှုခံထားပြီး ရှုပွားပါက ဉာဏ်တက်ရာတွင် မြန်ပေလိမ့်မည်။

မိမိဉာဏ်၌ မရှင်းလင်းသော အရှုခံအာရုံကို အရှုခံထားပြီး ရှုပွားနေမိပါက ယုံကြည်၍သာ အားထုတ်ရသည်။ ခိုင်း၍သာ ရှုနေရသည်။ ဉာဏ်ထဲ မကြည်လင်ဘဲ ရှိတတ်သည်။ ထိုယောဂီသည် ဉာဏ်တိုးရာ၌ နှောင့်နှေးပေလိမ့်မည်။

မိမိဉာဏ်ထင်လွယ်သည့် အရှုခံပရမတ်နာမ် သို့မဟုတ် ရုပ်ကို ရှုပွားသော ယောဂီ၏ ဉာဏ်၌မူ ပရမတ္ထတရား၏ လက္ခဏာဖြစ်သော အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာတစ်ခုခု ထင်မြင်ပေလိမ့်မည်။

ထိုသို့ ဝေဒနာစသည်၏ ပေါ်လာပြီး ပျောက်နေသော သဘောကို ယောဂီ ဉာဏ်ထဲ သဘောကျမှသာ ဝိပဿနာမည်ပေသည်။

ချမ်းသာသော ဝေဒနာသည်လည်း ပေါ်လာပြီး ပျောက်နေပါသည်။

ဆင်းရဲသော ဝေဒနာသည်လည်း ပေါ်လာပြီး ပျောက်နေပါသည်။

ထိုထို ပရမတ္ထတရား၏ ပေါ်လာပြီး ပျောက်နေသည့် ဖြစ်စဉ်ကို သိခြင်းသည်ပင်လျှင် ဥဒယဗ္ဗယဉာဏ်မည်လေသည်။

နှစ်သက်သာယာစွဲလမ်းဖွယ် အဆင်းအာရုံတစ်ခုခုကို မြင်ရသောခဏ၌ လိုချင်စိတ် ဖြစ်လာပေမည်။

ထိုလိုချင်စိတ်ဖြစ်လာရေးအတွက် ဘာမှ ကြိုကြိုတင်တင် ပြင်ဆင်ရန် မလိုပေ။

“ငါ လိုချင်စိတ် ဖြစ်လိုက်အုံးမယ်နော်” ဟု ပြုလုပ်နေရန် မလိုပေ။

သာယာသော သီချင်းသံနှင့် နားနှင့် တိုက်ဆုံသည့်ခဏပင် ကြိုက်သည့်စိတ် ဖြစ်ပြီးလေပြီ။

ဤကြိုက်သည့်စိတ် မကြိုက်သည့်စိတ်သည်လည်း ဖြစ်ပေါ်လာပြီး ချက်ချင်း ပျောက်နေသည်သာ။

မြင်သိစိတ်၊ ကြားသိစိတ်တို့သည်လည်း ဖြစ်ပေါ်လာပြီး တစ်ခဏချင်း ပျောက်၍ ပျောက်၍ ကုန်၍သာ ရှိတော့သည်။ ဤသို့ သိနေခြင်းက မဂ္ဂသစ္စာပင်တည်း။

ပေါ်လာပြီး တစ်ခဏမျှ မတည်တံ့ မိမိအလိုသို့မပါဘဲ ပျောက်၍ ကုန်၍နေခြင်းသည် ဒုက္ခသစ္စာပေတည်း။

ယခုကဲ့သို့ ပေါ်ပြီးပျောက်နေသည်မှာ ရှုမှတ်သူမှ ရှုပေးမှသာ ပျောက်၍ ပျောက်၍ ပြခြင်းမဟုတ်ဘဲ ပရမတ္ထဓမ္မ၏ သဘောအားလျော်စွာ ပေါ်လာပြီးပျောက်နေခြင်းသာ ဖြစ်ပေသည်။

ဤပရမတ္ထတရားတစ်လုံး၏ ဖြစ်ကြောင်းနှင့် ပျက်ကြောင်းကို သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိခြင်းသည်ကား ပစ္စယပရိဂ္ဂဟဉာဏ်မည်ပေသည်။

စွဲလမ်းနှစ်သက်သာယာစရာ အဆင်းအာရုံကို တိုက်ဆုံသောကြောင့် လောဘစိတ်ဖြစ်ပေသည်။

ဤသို့ လောဘပေါ်၌ ပိုင်းပိုင်းခြားခြား ကြောင်းကျိုးဆင်ခြင်သိခြင်းကပင် သမုဒယသစ္စာပေတည်း။

တစ်နည်း ဒုက္ခ၏ ဖြစ်ကြောင်း သမုဒယအနေဖြင့် သိခြင်းဖြစ်သည်။

မဂ္ဂသစ္စာပွား၍ ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိလာသည်။ သမုဒယသစ္စာကို ပယ်ခွာ၍ သိသဖြင့် တဒင်္ဂတစ်ခဏ ကိလေသာငြိမ်းအေးသဖြင့် ခဏနိရောဓ၊ တဒင်္ဂနိရောဓသစ္စာပေတည်း။

ပစ္စုပ္ပန် တစ်ခဏတိုင်း တစ်ခဏတိုင်း၌ သတိဖြင့်နေသော ယောဂီ၏ စိတ်သည် တဒင်္ဂတိုင်း တဒင်္ဂတိုင်း ကိလေသာကင်းနေသောကြောင့် အေးချမ်းနေပါသည်။ စိတ်ထဲ ပူလောင်မှုမရှိဘဲ အေးငြိမ်းနေပါသည်။ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်များမှာ မျက်နှာ၌ပင် ပေါ်လွင်လာပြီး ယောဂီ၏ အတွင်းစိတ်ကိလေသာ ကင်းရှင်းစင်ကြယ်နေသောကြောင့် မျက်နှာမှာ ကြည်လင်ရွှင်ပျ ပြုံးယောင်သမ်းနေတတ်သည်။

ဝိပဿနာဉာဏ် အားကောင်းနေသောအခိုက် ကိလေသာများ မထကြွဘဲလည်း အတန်ကြာနေတတ်ပါသည်။

ဒေါသ၊ မောဟ၊ မာနတို့ အိမ်ရှင်အဖြစ် နေရာယူထားရာသို့ ယခု သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိစသော ကုသိုလ်တရားများက အိမ်ကို ငှားနေခြင်းဖြစ်သည်။ ငှား၍ ခေတ္တနေခြင်းသာ ဖြစ်သည်။ အပြီးနေခြင်း မဟုတ်သေးပါ။ ကိလေသာကို သမုစ္ဆေဒအားဖြင့် အပြီးတိုင် ပယ်သတ်နိုင်မှသာ ကိလေသာအားလုံး အပြီးတိုင် ထွက်ခွာပေလိမ့်မည်။

စိတ်စေတသိက်တို့၏ သက်တမ်းသည် စိတ္တက္ခဏတစ်ချက်စီသာ ရှိပါသည်။ စိတ်နှင့် စေတသိက်တို့သည် အတူဖြစ်ပြီး အတူချုပ်ပျက်သွားကြလေသည်။

စိတ်နှင့် စေတသိက်တို့ကို နာမ်ဟု ခေါ်ပါသည်။

ထိုနာမ်တရားတို့သည် လက်ဖျစ်တစ်ချက် တီးချိန်ကာလတိုကလေး၌ပင် ကုဋေတစ်သိန်း [၁၀,၀၀၀,၀၀၀,၀၀၀,၀၀၀] ၁ ဖြစ်၍ ပျက်၍ နေကြ၏။

ထို့ကြောင့် စိတ်သည် တစ်ဆက်တည်း မဟုတ်ပေ။ တစ်ခုပြီးမှ တစ်ခု ဖြစ်နေပါသည်။

စိတ်တစ်ခု ချုပ်ပြီးမှ နောက်စိတ်တစ်ခု ပေါ်လာပါသည်။

တစ်ဖန် ဖြစ်၊ ပျက်နေသော ဤစိတ်၏ ဖြစ်စဉ်၌ စိတ်တစ်ခုတည်းက ထပ်ပြန် ထပ်ပြန် ဖြစ်လာပြီး ပျက်နေခြင်းကား မဟုတ်ပေ။

ပထမဖြစ်သောစိတ်သည် ပထမနေရာ၌ပင် ပေါ်ပြီး ပျောက်လေပြီ၊ ဒုတိယဖြစ်သော စိတ်သည်လည်း ဒုတိယနေရာ၌ပင် ပျောက်သောကြောင့် တတိယနေရာသို့ မလိုက်လာပေ။

သို့ဆိုလျှင် ပထမစိတ်နှင့် ဒုတိယစိတ်သည် လုံးဝမဆိုင်ဟူ၍ကား မရပါ။ ယင်းသို့ ယူဆခြင်းသည် ဥစ္ဆေဒအစွန်းသို့ သက်ရောက်ပေမည်။

တစ်ဖန် ပထမစိတ်နှင့် ဒုတိယစိတ်သည် အတူတူဟု ယူဆခြင်းသည်ကား သဿတအစွန်းသို့ ရောက်ပေမည်။

ပရမတ္ထတရားတစ်လုံးတစ်လုံး၏ ဖြစ်အစွန်းကို သဘောကျခြင်းသည် ယောဂီအဖို့ ‘ဥဒယ ဒဿနေနဥစ္ဆေဒဒိဋ္ဌိံ ပဇဟတိ’၁ ဟူသော ပါဠိတော်နှင့်အညီ ဥစ္ဆေဒဒိဋ္ဌိအမြင် စင်ကြယ်စေလေ၏။

ပရမတ္ထတရားတစ်လုံးတစ်လုံး၏ ပျက်အစွန်းကို သဘောကျခြင်းသည် ယောဂီအဖို့ ‘ဝယဒဿနေနသဿတဒိဋ္ဌိံ ပဇဟတိ’၁ ဟူသော ပါဠိတော်နှင့်အညီ သဿတဒိဋ္ဌိအမြင် စင်ကြယ်စေလေ၏။

ပရမတ္ထတရား၏ ဖြစ်ပျက်ကို သဘောကျခြင်းသည် ယောဂီအဖို့ သက္ကာယဒိဋ္ဌိအမြင်ကို စင်ကြယ်စေလေ၏။

ထို့ကြောင့် ဤဘဝ၏ နောက်ဆုံးစုတိစိတ်သည် ရှေ့ဘဝအတွက် ပထမဦးဆုံး ပဋိသန္ဓေ စိတ်နှင့် ထပ်တူ မဟုတ်ပေ။

ဤဘဝ၏ နောက်ဆုံးစုတိစိတ်၌ပါရှိသော အစွမ်းသတ္တိတို့သည် ရှေ့ဘဝ၏ ပထမဦးဆုံး ပဋိသန္ဓေစိတ်သို့ ပဋ္ဌာန်းပစ္စည်းများအရ ကူပြောင်းရလေသည်။ ထို့ကြောင့် စိတ္တနိယာမ၊ ကမ္မနိယာမတို့၏ အစွမ်းသတ္တိဖြင့် ဆက်စပ်နေခြင်းမျှသာတည်း။

ဤကဲ့သို့ သင်္ခါရတရားတို့၏ ကြောင်းကျိုးဖြစ်စဉ်သဘောကို သေသေချာချာစေ့စေ့ငင သိသွားသော လူသားသည် သူ၏ဘဝ၌ လာဘ၊ သက္ကာရ၊ သိလောကကို ဘဝ၏ ပန်းတိုင် သံသရာ၏ ပန်းတိုင်အဖြစ် ထားတော့မည်ကား မဟုတ်တော့ပေ။

လာဘဟူသော ဥစ္စာဓန၏ အရှင်သခင်ကြီး ဖြစ်ရမည်မှာ ပင်ပန်းလှပေတကားဟု ဉာဏ်၌ သိသာ ထင်ရှားနိုင်ပြီ။

သက္ကာရဟူသော လူအများ၏ အလေးအမြတ်ပြုခံကာ ရာထူးဌာနန္တရဝိသေသ၏ အရှင်သခင်ကြီး ဖြစ်ရမည်မှာလည်း ဒုက္ခများလှပေတကားဟု ဉာဏ်၌ သိသာထင်ရှားနိုင်လေပြီ။

သိလောကဟူသော ထင်ပေါ်ကျော်ကြား ဂုဏ်ထူး၊ ဘွဲ့ခံကာ ကျော်စောထင်ရှားမှု၏ အရှင်သခင်ကြီး ဖြစ်ရမည်မှာလည်း ဒုက္ခဆင်းရဲမျှသာပါတကားဟု ဉာဏ်၌ သိသာ ထင်ရှားနိုင်လေပြီ။

 

လူသားအများ လူ့ဘဝ၏ အဓိပ္ပါယ်အမှန်ကို သိနိုင်ကြပါစေ။

 

ဤခရီးနီးလာပါသည်

 

 

Loading