၇ – အညမညပစ္စယော

Daily life Patthana

 

Aññamañña Paccayo (Mutuality condition)

 

 

 

 

 

အချင်းချင်းအပြန်အလှန် ထောက်ပံ့လျက် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

The ‘Aññamañña’ means supporting one another. That is compared to where three sticks are put together against each other, like tripod. You put three sticks together and they stand each depending on the other one.

 

 

 

 

‘သစ်သားသုံးခွ၊ ချင်းချင်းမသို့’ ဟု ရှေးဆရာမြတ်တို့က မိန့်ဆိုတော်မူသည်နှင့်အညီ သုံးချောင်းထောက် သုံးချောင်း၌ ခြေတစ်ချောင်းနှင့်တစ်ချောင်းတို့သည် အချင်းချင်း အပြန် အလှန် ကျေးဇူးပြုသကဲ့သို့ နာမ်ခန္ဓာ (၄) ပါး ၊ မဟာဘုတ် (၄)ပါး၊ ပဋိသန္ဓေစိတ်၊ စေတသိက်၊ ဟဒယဝတ္ထုတို့သည် ပစ္စယုပ္ပန်ကွဲပြားသော်လည်း အချင်းချင်း အပြန်အလှန် ထောက်ပံ့လျက် ကျေးဇူးပြုကြသည်။

 

 

သုံးချောင်းထောက် ဥပမာ

အညမညပစ္စယောတွင် အညမညပါဠိကို ပုဒ်ခွဲပါက (အည + အည) ရမည်။ အညမည ပစ္စယောဟူသည် တစ်ပါးက တစ်ပါးကို ကျေးဇူးပြုသည်ဟူ၍လည်းကောင်း၊အချင်းချင်း ကျေးဇူးပြုသည်ဟူ၍လည်းကောင်း အဓိပ္ပာယ်ယူနိုင်ပါသည်။

ခြေထောက်သုံးချောင်း လဲပြိုမသွားစေရန် အချင်းချင်း အပြန်အလှန် အားပေးထောက်ကူကာ ကျေးဇူးပြုသည်နှင့်တူကြောင်း ‘သစ်သားသုံးခွ တိဒဏ္ဍသို့’ ဟုရှေးအဋ္ဌကထာ ဆရာမြတ်တို့က ဥပမာပြုတော်မူကြပါသည်။

ဗွီဒီယို၊ ဓာတ်ပုံ ရိုက်ကူးရာ၌ အသုံးပြုသည့် သုံးချောင်းထောက် Tripod နှင့် အလား တူပါသည်။ ကင်မရာတင်ထားသည့် Tripod ၏ ခြေထောက်တစ်ချောင်းကျိုးလျှင်၊ ယိုင်လျှင် ကျန်နှစ်ချောင်းက ကင်မရာကို တည့်မတ်နေစေရန် မစွမ်းဆောင်နိုင်တော့ပေ။

ထို့ကြောင့် သုံးချောင်းထောက် Tripod ၏ ခြေထောက်သုံးချောင်းသည် ကင်မရာကို ယိမ်းယိုင် လဲပြိုမသွားစေရန် အပြန်အလှန် အချင်းချင်း ကျေးဇူးပြုသည့်ပမာ အညမညပစ္စည်း သည်လည်း –

(၁) စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။ (ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဟူသော နာမ်အချင်းချင်း အညမည ပစ္စယသတ္တိဖြင့် အပြန်အလှန် ကျေးဇူးပြုပေသည်။)

(၂) စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။ (မဟာဘုတ်အချင်းချင်း အညမညပစ္စယသတ္တိဖြင့် အပြန်အလှန် ကျေးဇူးပြုပေသည်။)

(၃) သြက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။ (ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထုရုပ်တို့သည် အချင်းချင်း အညမညပစ္စယသတ္တိဖြင့်အပြန်အလှန် ကျေးဇူးပြုပေသည်။)

အဋ္ဌကထာလာ သုံးချောင်းထောက် ဥပမာကဲ့သို့ပင် ရုပ်တရား၊ နာမ်တရားတို့ အချင်းချင်း အပြန်ပြန် အလှန်လှန် ပေါင်းစပ်ကာ ကျေးဇူးပြုနေကြသည်။ ထို့ကြောင့်ပင် ဤခန္ဓာကိုယ်ကောင်ကြီး သက်ဝင် ရှင်သန်နေခြင်း ဖြစ်ပါသည်။

 

 

ပဉ္စဝေါကာရ၊ စတုဝေါကာရ၊ ဧကဝေါကာရဘုံ

ဘုရားရှင်၏ ပဋ္ဌာန်းတရားတော်သည် ရုပ်ခန္ဓာတစ်ပါး၊ နာမ်ခန္ဓာလေးပါး ပေါင်း ခန္ဓာငါးပါးရှိသည့် ပဉ္စဝေါကာရဘုံမှ သတ္တဝါများအကြောင်းကိုသာမက နာမ်ခန္ဓာမရှိဘဲ ရုပ်ခန္ဓာ တစ်ပါးသာရှိသည့် ဧကဝေါကာရဖြစ်သည့် အသညသတ်ဘုံမှ သတ္တဝါတို့ကို လည်းကောင်း၊ တစ်ဖန် ရုပ်ခန္ဓာမရှိဘဲ နာမ်ခန္ဓာလေးပါးသာရှိသည့် စတုဝေါကာရဖြစ်သည့် အရူပဘုံမှ ဗြဟ္မာတို့၏အကြောင်းကိုလည်းကောင်း ဟောကြားတော်မူသည့် တရားတော်ဖြစ်ကြောင်းကို ပဋ္ဌာန်းတရားကို လေ့လာရာတွင် သိရှိခွင့်ရနိုင်ပါသည်။

ထို့ကြောင့် ကုသလတိက် ပဥှာဝါရပါဠိတော်တွင် “ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတု သမုဋ္ဌာနံ အသညသတ္တာနံ ဧကံ မဟာဘူတံ တိဏ္ဏန္နံ မဟာဘူတာနံ အညမညပစ္စယေန ပစ္စယော” ဟုလာရှိပါသည်။

ပြင်ပသန္တာန်၌ဖြစ်သော ရုပ်သည်လည်းကောင်း၊ အာဟာရကြောင့်ဖြစ်သော ရုပ်သည် လည်းကောင်း၊ ဥတုကြောင့်ဖြစ်သော ရုပ်သည်လည်းကောင်း၊ အသညသတ် ဗြဟ္မာဘုံ၌ရှိသည့် ဗြဟ္မာကြီးတို့၏ တစ်ပါးသော မဟာဘုတ်သည် သုံးပါးသော မဟာဘုတ်တို့အားလည်းကောင်း အညမညပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

 

ဝိပဿနာ၏ အာရုံဖြစ်သည့် ရုပ်တရား

နာမ်တရားသည် သိတတ်သည့်သဘောဖြစ်ပြီး၊ ရုပ်တရားမည်သည် အသိခံ အာရုံ သက်သက်မျှသာ ဖြစ်ပါသည်။ ရုပ်တရား၌ သိနိုင်စွမ်းသည့်သတ္တိ မရှိပေ။

ဝိပဿနာရှုပွားရာ၌ အစပိုင်း ဉာဏ်မရင့်မီကာလတွင် အသိခံအာရုံမှာ ရုပ်တရားသာ ဖြစ်ပါသည်။ ယောဂီ၏ ဝိပဿနာဉာဏ် ရင့်သန်လာသောအခါတွင်မူ စိတ်ဝယ်အခါမလပ် ဖြတ်သန်းနေသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အလောဘ၊ အဒေါသ၊ အမောဟ စသည်တို့လည်း ယောဂီ၏ အရှုခံအာရုံ ဖြစ်လာပါသည်။

ဤနေရာတွင် အရှုခံ၊ အသိခံအာရုံဖြစ်သည့် ရုပ်တရားပိုင်း၌ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ ဟူသော မဟာဘုတ် ၄-ပါးသည် “ဧကံ မဟာဘူတံ တိဏ္ဏန္နံ မဟာဘူတာနံ ၊ တယော မဟာဘူတာ ဧကဿ မဟာဘူတဿ၊ ဒွေ မဟာဘူတာ ဒွိန္နံ မဟာဘူတာနံ အညမညပစ္စယေန ပစ္စယော”ဟု လာရှိသည့် ပါဠိတော်အရ တစ်ခုသော မဟာဘုတ်ရုပ်သည် သုံးခုသော မဟာဘုတ်ရုပ်တို့အားလည်းကောင်း၊ သုံးခုသော မဟာဘုတ်သည် တစ်ခုသောမဟာဘုတ်အား လည်းကောင်း၊ နှစ်ခုသော မဟာဘုတ်သည် နှစ်ခုသောမဟာဘုတ်တို့အားလည်းကောင်း အညမညပစ္စည်းဖြင့် ကျေးဇူးပြုသည်။

ထို့ကြောင့် အသိခံအာရုံဖြစ်သည့် မဟာဘုတ်တို့သည်လည်း ဖြစ်၊ တည်၊ ပျက်၊ ဖြစ်၊ တည်၊ ပျက် အစဉ်ဖြင့်ပေါ်ပြီး ပျောက်ကာနေပါသည်။ သိရုံမျှ၊ သိရုံမျှ၊ အသိခံရုံသက်သက်မျှ သာဖြစ်သည်။ ဤတွင် သိရုံမျှဟူသည် ဝိပဿနာဉာဏ်ဖြင့် သိသိနေခြင်းကို ဆိုလိုပါသည်။

 

 

ဝိပဿနာ၏ အာရုံဖြစ်သည့် နာမ်တရား

သိသည်ဟုဆိုရာတွင်လည်း နာမ်ခန္ဓာလေးပါးတို့ ပါဝင်နေပါသည်။ “ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ ၊ တယော ခန္ဓာ ဧကဿ ခန္ဓဿ ၊ ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံအညမညပစ္စယေန ပစ္စယော” ဟု လာရှိသည့် ပါဠိတော်အရ ကုသိုလ်ဖြစ်သော နာမ်ခန္ဓာ တစ်ပါးသည် သုံးပါးသော နာမ်ခန္ဓာတို့အားလည်းကောင်း၊ သုံးပါးသော နာမ်ခန္ဓာတို့သည်တစ်ပါးသော နာမ်ခန္ဓာအား လည်းကောင်း၊ နှစ်ပါးသောနာမ်ခန္ဓာသည် နှစ်ပါးသော နာမ်ခန္ဓာတို့အားလည်းကောင်း အညမညပစ္စည်းဖြင့် ကျေးဇူးပြုသည်။

(နာမ်ခန္ဓာ လေးပါးရှိပါသည်။ ၎င်းတို့မှာ ၁- ဝေဒနာက္ခန္ဓာ = ခံစားမှုသဘောအစု၊ ၂- သညာက္ခန္ဓာ = မှတ်သားမှုသဘောအစု၊ ၃- သင်္ခါရက္ခန္ဓာ= နှလုံးသွင်းစဉ်းစားဆင်ခြင်မှု သဘောအစု နှင့် ၄-ဝိညာဏက္ခန္ဓာ= သိမှုသဘောအစုတို့ ဖြစ်ပါသည်။)

ထို့ကြောင့် ဝိပဿနာဉာဏ်ဖြင့် သိစရာအာရုံကို သိနိုင်ရန် ထိုနာမ်ခန္ဓာ အစုအဝေး လေးပါးလုံးက ပါဝင်ကာ အညမညပစ္စည်းဖြင့် ကျေးဇူးပြုပြီး စုပေါင်းပုံဖော်ပေးမှသာလျှင် သိမှုဟူသော နာမ်တရား ဖြစ်လာပါသည်။ ဤတွင်လည်း နာမ်တရားအစုသည် ဖြစ်၊ တည် ပျက်၊ ဖြစ်၊ တည်၊ ပျက် အစဉ်ဖြင့် ပေါ်ပြီး ပျောက်ကာနေပါသည်။ သိရုံမျှ၊ သိရုံမျှ သက်သက် သာဖြစ်သည်။

နာမ်တရားအစုအဝေးဖြစ်သည့် ခံစားမှုသဘော၊ မှတ်သားမှုသဘော၊ ဆင်ခြင် ကြံစည် စေ့ဆော်မှုသဘောနှင့် သိမှုသဘောဟူသော အစုအဝေးတို့သည် ဥပါဒ်၊ ဌီ၊ဘင်ဟူသော ဖြစ်၊ တည်၊ ပျက် အစဉ် Process သက်သက်မျှသာ ဖြစ်သကဲ့သို့ ရုပ်တရားဘက်ကလည်း မာသဘော ပျော့သဘော၊ ပူသဘော၊ အေးသဘော၊ တွန်းကန်လှုပ်ရှားသဘော၊ ဖွဲ့စည်းသည့် သဘော ဟူသော မဟာဘုတ် ၄-ပါးသည်လည်း ဥပါဒ်၊ ဌီ၊ ဘင်ဟူသော ဖြစ်၊ တည်၊ ပျက် အစဉ် Process သက်သက်မျှသာ ဖြစ်ပေသည်။

 

 

အညမညပစ္စည်း၏ သင်္ချာ

အညမညပစ္စည်း၏သင်္ချာမှာ – ၃ ဖြစ်ပါသည်။ ထို့ကြောင့် “အညမညေ တီဏိ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

 

ကုသလ သင်္ချာ – ၁
(၁) ကု – ကု

အကုသလ သင်္ချာ – ၁
(၁) အကု – အကု

အဗျာကတ သင်္ချာ – ၁
(၁) ဗျာ – ဗျာ

 

(Mind to Mind and Matter) (Matter to Matter) (Mind to Matter and Vice versa)

 

အညမညပစ္စည်းသည် နာမ်တရားက နာမ်နှင့်ရုပ်တရား (Mind to Mind and Matter) ကိုလည်းကောင်း၊ ရုပ်တရားက ရုပ်တရား (Matter to Matter) ကိုလည်းကောင်း၊ နာမ်တရားက ရုပ်တရား(Mind to Matter and Vice versa) တို့ကို အပြန်အလှန် ကျေးဇူးပြုသောပစ္စည်း ဖြစ်သည်။

 

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

(က) နာမ်တရားက နာမ်တရား Mind to Mind ကို ကျေးဇူးပြုရာတွင် –

ပစ္စယဟူသော အကြောင်းတရားမှာ – စိတ် – ၈၉ ပါး၊ စေတသိက် – ၅၂ ပါးတို့ ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စိတ် – ၈၉ ပါး၊ စေတသိက် – ၅၂ ပါးတို့ ဖြစ်သည်။

 

(ခ ) ရုပ်တရားက ရုပ်တရား Matter to Matter ကို ကျေးဇူးပြုရာတွင် –

ပစ္စယဟူသော အကြောင်းတရားမှာ- မဟာဘုတ် – ၄ ပါး ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသောအကျိုးတရားမှာ- မဟာဘုတ် – ၄ ပါး ဖြစ်သည်။

 

(ဂ ) နာမ်တရားက ရုပ်တရားတို့ (Mind to Matter and Vice versa) ကို အပြန်အလှန် ကျေးဇူးပြုရာတွင် –

ပစ္စယဟူသော အကြောင်းတရားမှာ – ပဋိသန္ဓေ စိတ်စေတသိက်များနှင့် ဟဒယဝတ္ထုတို့ ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – ပဋိသန္ဓေ စိတ်စေတသိက်များနှင့် ဟဒယဝတ္ထုတို့ ဖြစ်သည်။

အညမညပစ္စည်းသည် သဟဇာတမျိုး၌ ပါဝင်ပါသည်။ သဟဇာတက အတူတကွ ဖြစ်လျှင်ကျေးဇူးပြုသည်။ အညမညက အတူတကွဖြစ်ရုံသာမကတစ်ပါးကို တစ်ပါးက အပြန် အလှန် ကျေးဇူးပြုပါသည်။

 

သဟဇာတအလတ်မျိုး (၄) ပါး

၁။ အညမည၊

၂။ ဝိပါက၊

၃။ သမ္ပယုတ္တ၊

၄။ သဟဇာတဝိပ္ပယုတ္တ။

Loading

Leave a Reply

Your email address will not be published. Required fields are marked *