၂၄။ အဝိဂတပစ္စယော Avigata Paccayo (Non -disappearance condition)

၂၄။ အဝိဂတပစ္စယော

Daily life Patthana

Avigata Paccayo (Non -disappearance condition)

 

 

မကင်းကွာသောအားဖြင့် ကျေးဇူးပြုသောပစ္စည်းဖြစ်ပါသည်

The ‘Avigata Paccayo’ means non-disappearance condition.It is compared to the ocean where fish delight. That means so long as there is an ocean,then the fish can live in the ocean. It serves as their place,as their domain while it is existing. When the ocean dries up,it is no longer a place for fish to live.

 

‘သမုဒ်နက်ရေ၊ ငါးလိပ်တွေကို၊ မကင်းလေဘဲ၊ ထောက်ပံ့နဲသို့’ဟုဖွင့်ဆိုတော်မူသည် နှင့်အညီ ပင်လယ်သမုဒ္ဒရာရေများသည် ငါး၊ လိပ်၊ မကာရ်း စသော ရေနေသတ္တဝါများကို မကင်းမကွာဖြစ်၍ ကျေးဇူးပြုသကဲ့သို့ သဟဇာတအဝိဂတ၊ ပုရေဇာတအဝိဂတ၊ ပစ္ဆာဇာတ အဝိဂတ၊ အာဟာရအဝိဂတ၊ ဣန္ဒြိယအဝိဂတဟူသော အဝိဂတ (၅)မျိုးဆိုင်ရာ ရုပ်နာမ် တရားတို့သည် ယှဉ်ဖော်ယှဉ်ဖက် ရုပ်နာမ်တရားတို့အား ပစ္စုပ္ပန်သဘောဖြစ်သော မကင်း မကွာသောအားဖြင့် ကျေးဇူးပြုကြသည်။

 

အတ္ထိနှင့် အဝိဂတ အဓိပ္ပာယ်ရှင်းလင်းချက်

‘အတ္ထိ’ သဒ္ဒါသည် ‘ထင်ရှားရှိနေခြင်း’ အနက်ကို ဟော၏။ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော သတ္တိသည် အတ္ထိပစ္စည်းမည်၏။ ထို့ကြောင့် အတ္ထိပစ္စည်း၌ ပစ္စည်း ပစ္စယုပ္ပန် တရားနှစ်မျိုးလုံးပင် ပစ္စုပ္ပန်အခိုက်၌ (ဝါ) ကျေးဇူးပြုခိုက်၌ ထင်ရှားရှိနေရမည်။ ‘ပစ္စုပ္ပန်အခိုက်၌ ထင်ရှားရှိနေရမည်’ ဟူသည် ဥပါဒ် (ဖြစ်) အခိုက်မှာ ဖြစ်စေ၊ ဌီ (တည်) အခိုက်မှာဖြစ်စေ၊ ဘင် (ပျက်) အခိုက်မှာဖြစ်စေ ခဏသုံးပါးလုံး၌ ထင်ရှားနေရမည်ဟု ဆိုလို သည်။

‘အဝိဂတ’ပစ္စည်းသည် အတ္ထိပစ္စည်းနှင့် (ပစ္စည်း၊ ပစ္စယုပ္ပန်) တရားကိုယ် အရကောက် အားဖြင့် အားလုံး တူညီသည်။ အဝိဂတပစ္စည်း၏ သဘောသည် အတ္ထိပစ္စည်း၏ သဘောကို အဓိပ္ပာယ်ရှင်းပြရာ၌ များစွာ အထောက်အကူပြုသဖြင့် ဤပစ္စည်းနှစ်ခု၏ သဘောအဓိပ္ပာယ်ကို ပေါင်း၍ လေ့လာက ပို၍ အကျိုးရှိပေသည်။

တစ်နည်းအားဖြင့်လည်း ပရမတ္ထအနေဖြင့် ထင်ရှားရှိနေသောအားဖြင့် ကျေးဇူး ပြုတတ်သော သတ္တိကို အတ္ထိပစ္စည်းဟု ခေါ်၍၊ ပရမတ္ထသဘောမှ မကင်းမချုပ်သေးသော အားဖြင့် (ဝါ) မကွေမကွာ ပစ္စုပ္ပန်ရှိနေဆဲအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော သတ္တိကို အဝိဂတ ပစ္စည်းဟု ခေါ်သည်။ ဤသို့လျှင် ဤပစ္စည်း နှစ်ခုအနက်၊ တစ်ခု၏ သဘောအဓိပ္ပာယ်က အခြားတစ်ခု၏ သဘောအဓိပ္ပာယ်ကို ထပ်ဆင့် ရှင်းပြဘိသကဲ့သို့ ရှိလေသည်။

ပစ္စည်းသဘောကို ဥပမာပေးရာ၌လည်း အဝိဂတပစ္စည်းကို မဟာသမုဒ္ဒရာနှင့် တူ၏ဟု ရှေးဆရာတို့ ဥပမာပြကြ၏။ မဟာသမုဒ္ဒရာသည် မိမိ၌တည်ရှိသော ငါး လိပ် စသည်တို့အား မိမိမကင်းသေး၊ မကုန်ခန်းသေးသမျှ အေးအေးမြမြ တည်နေနိုင်ကြဖို့ရာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် အဝိဂတပစ္စည်းသည်လည်း မိမိမကင်းသေး၊ မချုပ်ပျောက်သေးသည်၏အဖြစ်ဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။ အတ္ထိပစ္စည်း၌ မြေကြီးနှင့် သစ်ပင် (ပစ္စည်းနှင့် ပစ္စယုပ္ပန်) နှစ်ဘက်လုံး ထင်ရှားရှိနေကြမှသာ ကျေးဇူးပြုနိုင်သကဲ့သို့ ဤအဝိဂတပစ္စည်း၌လည်း မဟာသမုဒ္ဒရာနှင့် ငါးလိပ်ပစ္စည်းနှင့် ပစ္စယုပ္ပန် နှစ်ဘက်လုံး မပျက်သုဉ်းကြသေးသောအခါ မှသာ ကျေးဇူးပြုနိုင်သည်။

 

 

အဝိဂတပစ္စည်းနှင့် အတ္ထိပစ္စည်းက သဘောချင်းတူညီ

အကျိုးအကြောင်း အတူတကွဖြစ်ပါက = သဟဇာတပစ္စည်း။
အကျိုးမဖြစ်ထွန်းမီ ကြိုတင်ဖြစ်ပါက = ပုရေဇာတပစ္စည်း။
အကျိုးပစ္စယုပ္ပန်တရား ဖြစ်ပေါ်နေချိန်မှာ အကြောင်းပစ္စည်းတရားက မချုပ်ပျောက်သေးဘဲ ကျေးဇူးပြုသည့်ပစ္စည်းက = အတ္ထိပစ္စည်း။
တစ်နည်းအားဖြင့် အကျိုးတရားဖြစ်နေချိန်၌ပင် အကြောင်းတရားက မကင်းမကွာ ကျေးဇူးပြုနေသောကြောင့် = အဝိဂတပစ္စည်း။
အဝိဂတပစ္စည်းနှင့် အတ္ထိပစ္စည်းက သဘောချင်း တူပါသည်။

‘ဖြစ်စေ၊ တည်စေ ဤနှစ်ထွေ ခေါ်လေကျေးဇူးပြု’
ဖြစ်စေသည်ကို ‘ကျေးဇူးပြုတာ’ သည် = ဇနကသတ္တိ Producing cause.
တည်စေသည်ကို ‘ကျေးဇူးပြုတာ’သည် = ဥပတ္ထမ္ဘကသတ္တိ Supporting cause.

 

အဝိဂတပစ္စည်း၏ မျိုးကွဲများ

အဝိဂတပစ္စည်းသည် “သဟဇာတ၊ ပုရေဇာတ၊ ပစ္ဆာဇာတ၊ အာဟာရ၊ ဣန္ဒြိ”ဟူသော ပစ္စည်းငါးမျိုးတို့နှင့် ဆက်စပ်လျက်ရှိ၏။ ထို့ကြောင့် အဝိဂတပစ္စည်းသည် ထိုထို ပစ္စည်းငါးမျိုးထဲကပင် ပစ္စုပ္ပန်အနေ ထင်ရှား တင်းလင်းရှိဆဲအဖြစ်ဖြင့် ကျေးဇူးပြုသော ပစ္စည်း တရားမျိုးကို စုပေါင်း၍ပြသော ပစ္စည်းဖြစ်သည်။

(၁) သဟဇာတပစ္စည်းနှင့်တူသော အဝိဂတပစ္စည်းကို ‘သဟဇာတအဝိဂတ’ဟူ၍ လည်းကောင်း၊
(၂) ပုရေဇာတပစ္စည်းနှင့်တူသော အဝိဂတပစ္စည်းကို ‘ပုရေဇာတအဝိဂတ’ဟူ၍ လည်းကောင်း၊
(၃) ပစ္ဆာဇာတပစ္စည်းနှင့်တူသော အဝိဂတပစ္စည်းကို ‘ပစ္ဆာဇာတအဝိဂတ ‘ဟူ၍ လည်းကောင်း၊
(၄) အာဟာရပစ္စည်းနှင့်တူသော အဝိဂတပစ္စည်းကို ‘အာဟာရအဝိဂတ’ဟူ၍ လည်းကောင်း၊
(၅) ဣန္ဒြိယပစ္စည်းနှင့်တူသော အဝိဂတပစ္စည်းကို ‘ဣန္ဒြိယအဝိဂတ’ ဟူ၍ လည်းကောင်း အကျဉ်းအားဖြင့် အဝိဂတပစ္စည်း မျိုးကွဲအမည်ငါးပါးရှိလေသည်။

အဓိပ္ပာယ်မှာ-

(၁) သဟဇာတအဝိဂတ- အတူတကွဖြစ်၍ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်း၊
(၂) ပုရေဇာတအဝိဂတ- ရှေးဦးစွာ ဖြစ်နှင့်၍ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်း၊
(၃) ပစ္ဆာဇာတအဝိဂတ- နောက်မှဖြစ်၍ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်း၊
(၄) အာဟာရအဝိဂတ- လွန်စွာဆောင်၍ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်းနှင့်
(၅) ဣန္ဒြိယအဝိဂတ အစိုးရ၍ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်းတို့ပေတည်း။

အဝိဂတပစ္စည်း ငါးမျိုးကို ဆက်၍ ရှင်းဦးအံ့-

(၁) သဟဇာတပစ္စည်းရင်းမှာ တစ်မျိုးတည်းရှိ၍ ယင်းနှင့်တူသော အဝိဂတ ပစ္စည်းကို ‘သဟဇာတအဝိဂတ’ ဟူ၍ တစ်ခုတည်းထားသည်။

(၂) ပုရေဇာတပစ္စည်းမှာ ‘ဝတ္ထုပုရေဇာတ၊ အာရမ္မဏပုရေဇာတဝတ္ထာရမဏ ပုရေဇာတ’ဟူ၍ မျိုးကွဲသုံးခုရှိရာ၊ ယင်း သုံးမျိုးစလုံးနှင့်တူသောကြောင့် အဝိဂတပစ္စည်း ကိုလည်း “ဝတ္ထုပုရေဇာတအဝိဂတ၊ အာရမ္မဏပုရေဇာတအဝိဂတ၊ ဝတ္တာရမ္မဏ ပုရေဇာတအဝိဂတ’ဟူ၍ အမည်သုံးမျိုးဖြင့် ခွဲပြထားရ၏။

(၃) ပစ္ဆာဇာတပစ္စည်းမှာ တစ်မျိုးတည်းရှိ၍ ယင်းနှင့်တူသော အဝိဂတပစ္စည်းကို လည်း ‘ပစ္ဆာဇာတအဝိဂတ’ ဟူ၍ တစ်မျိုးတည်းထားသည်။

(၄) အာဟာရပစ္စည်းမှာ ‘ရုပ်အာဟာရ၊ နာမ်အာဟာရ’ဟူ၍ နှစ်မျိုးရှိသော်လည်း၊ နာမ်အာဟာရမှာ သဟဇာတပစ္စည်းမျိုးဖြစ်၍ ‘သဟဇာတအဝိဂတ ပစ္စည်းထဲ ပါဝင်ပြီး ဖြစ်သောကြောင့် ယင်းအတွက် ‘နာမ်အာဟာရအဝိဂတ’ဟု အမည် သီးခြား မဖော်ပြဘဲ၊ ထူးခြားသော ရုပ်အာဟာရအတွက်သာ ‘ရုပ်အာဟာရ အဝိဂတ’ဟု ခွဲ၍ ဖော်ပြခြင်း ဖြစ်၏။

(၅) ဣန္ဒြိယပစ္စည်းမှာလည်း ‘သဟဇာတိန္ဒြိယ၊ ဝတ္ထုပုရေဇာတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယ’ ဟူ၍ ပစ္စည်းမျိုးကွဲ သုံးခုခွဲထားရာ၊ သဟာဇာတိန္ဒြိယသည် သဟဇာတပစ္စည်းထဲပါသွားပြီ ဖြစ်၍လည်းကောင်း၊ ဝတ္ထုပုရေဇာတိန္ဒြိယလည်း ဝတ္ထုပုရေဇာတ ပစ္စည်းထဲ ပါသွားပြီဖြစ်၍လည်းကောင်း ယင်းနှစ်မျိုးအတွက် အဝိဂတပစ္စည်း အမည်ကို သီးခြားဖော်မပြတော့ဘဲ၊ ထူးခြားသော ရူပဇီဝိတိန္ဒြိယအတွက်သာ “ရူပဇီဝိတိန္ဒြိယအဝိဂတ” ဟူ၍ ခွဲခြား ဖော်ပြခြင်း ဖြစ်၏။

အဝိဂတပစ္စည်း၏ သင်္ချာ

အဝိဂတပစ္စည်း၏ သင်္ချာမှာ – ၁၃ ဖြစ်ပါသည်။ ထို့ကြောင့် “အဝိဂတေ တေရသ”” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ-၃
(၁) ကု-ကု (၂) ကု-ဗျာ (၃) ကု-ကု-ဗျာ

အကုသလ သင်္ချာ-၃
(၁) အကု-အကု (၂) အကု-ဗျာ (၃) အကု-အကု-ဗျာ

အဗျာကတ သင်္ချာ-၃
(၁) ဗျာ-ဗျာ (၂) ဗျာ-ကု (၃) ဗျာ-အကု

ကုသလာဗျာကတ သင်္ချာ -၂
(၁) ကု-ဗျာ-ကု (၂) ကု-ဗျာ-ဗျာ

အကုသလာဗျာကတ သင်္ချာ -၂
(၃) အကု-ဗျာ-အကု (၄) အကု-ဗျာ-ဗျာ

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

၁။ သဟဇာတအဝိဂတ – ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် သဟဇာတ ပစ္စည်းနှင့် တူညီပါသည်။

၂။ ပုရေဇာတအဝိဂတ – ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် ပုရေဇာတ ပစ္စည်းနှင့် တူညီပါသည်။

၃။ ပစ္ဆာဇာတအဝိဂတ – ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် ပစ္ဆာဇာတ ပစ္စည်းနှင့် တူညီပါသည်။

၄။ အာဟာရအဝိဂတ – ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် ရုပ် အာဟာရနှင့် တူညီပါသည်။

၅။ ဣန္ဒြိယအဝိဂတ – ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် ရူပတိန္ဒြိယ နှင့် တူညီပါသည်။ အဝိဂတပစ္စည်းသည် သဟဇာတ၊ ဝတ္ထုပုရေဇာတ၊ ပစ္ဆာဇာတ၊ ရုပ်အာဟာရ၊ ရူပ ဇီဝိတိန္ဒြိယမျိုး (၅)ပါး၌ ပါဝင်၏။

 

နိဂုံးဆုတောင်း

၁။ သဗ္ဗညုတဉာဏ်တော်၏ ကျယ်ပြန့်စွာ ကျက်စားရာ အာရုံ ဖြစ်သည့်အပြင် အလွန် တရာလည်း ခက်ခဲ နက်နဲလှသော ပဋ္ဌာန်းတရားတော်ကြီးကို သင်ကြားပို့ချသူ၊ သင်ယူ နာကြားသူများမှာ မဟာကုသိုလ် ဉာဏသမ္ပယုတ်ဖြစ်သော ဓမ္မဿဝန၊ ဓမ္မဒေသနာ ကုသိုလ်များကို ရခဲ့ ကြလေပြီ။ မိမိတို့သန္တာန်ဝယ် ဖြစ်ပေါ်ခဲ့သော ထိုကုသိုလ် စိတ္တုပါဒ် များကို လေးလေးမြတ်မြတ် အာရုံပြု၍ “ငါတို့သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတော်များကို ဖြည့်ကျင့်ပါမှ သဗ္ဗညုတဉာဏ်တော်ဖြင့် ထိုးထွင်း၍ သိအပ်သော ဤပဋ္ဌာန်းတရားတော်ကြီးကို သင်ကြားရ ပို့ချရပေပြီတကား”ဟု ဆင်ခြင် လိုက်သောအခါ “ပုဗ္ဗေ သုစိဏ္ဏာနိ ဂရုံကတွာ ပစ္စဝေက္ခတိ” အရ အလေးအမြတ် ပြုအပ်သော ထိုမဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်တို့က ဆင်ခြင်သော မဟာကုသိုလ်အား ၁- အာရမ္မဏ၊ ၂- အာရမ္မဏာဓိပတိ နှင့် ၃- အာရမ္မဏူပနိဿယ သတ္တိ များဖြင့် ကျေးဇူးပြုကြပါသည်။

၂။ ထိုတရားနာကြားခြင်းဟူသော ဓမ္မဿဝန မဟာကုသိုလ် ဉာဏ သမ္ပယုတ်ဇော စိတ္တုပ္ပါဒ် ဖြစ်ခိုက်နှင့် တရားဟောကြားခြင်းဟူသော ဓမ္မဒေသနာ မဟာကုသိုလ် ဉာဏ သမ္ပယုတ်ဇော စိတ္တုပ္ပါဒ်ဖြစ်ခိုက်တွင် ထိုဇောတို့တွင် ရှိနေကြသော ဟိတ်သုံးပါး၊ အဓိပတိတရားကိုယ်လေးပါး၊ စေတနာ နာမ်အာဟာရ တရားကိုယ် သုံးပါး၊ နာမ်ဣန္ဒြေ တရားကိုယ် ရှစ်ပါး၊ ဈာနင်တရားကိုယ် ငါးပါး၊ ထိုက်သည့်အားလျော်စွာ ဖြစ်ကြသော မဂ္ဂင်တရားကိုယ် ရှစ်ပါးတို့သည် မိမိတို့နှင့် သမ္ပယုတ်ဖြစ်ကြကုန်သော စိတ္တုပါဒ်နှင့် စိတ္တဇရုပ်တို့အား –

ကုသလာ ဟေတူ သမ္ပယုတ္တာကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ကုသလာ ဓိပတိ သမ္ပယုတ္တာကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ကုသလာ အာဟာရာ သမ္ပယုတ္တာကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။
ကုသလာ စေတနာ သမ္ပယုတ္တာကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
ကုသလာ ဣန္ဒြိယာ သမ္ပယုတ္တာကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ကုသလာနိ ဈာနင်္ဂါနိ သမ္ပယုတ္တာကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။
ကုသလာနိ မဂ္ဂင်္ဂါနိ သမ္ပယုတ္တာကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော – စသည်ဖြင့် ဟောတော်မူအပ်သော ပါဠိတော်အရ ၁- ဟေတု ၂- သဟဇာတာဓိပတိ ၃- နာမ်အာဟာရ ၄- သဟဇာတကမ္မ ၅- သဟ ဇာတိန္ဒြိယ ၆- ဈာနနှင့် ၇- မဂ္ဂ သတ္တိတို့ဖြင့် ကျေးဇူးပြုကြ ပါသည်။*

၃။ ထိုတရားနာကြားရခြင်းဟူသော ဓမ္မဿဝန မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော အခိုက်အတန့်နှင့် တရားဟောကြားခြင်းဟူသော ဓမ္မဒေသနာ မဟာကုသိုလ် ဉာဏ သမ္ပယုတ်ဇော အခိုက်အတန့်တို့၌ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် တစ်ပါး၊ စေတသိက် ၃၈-ပါးဟူသော နာမက္ခန္ဓာလေးပါး ဖြစ်ကြရာတွင် တစ်ပါးသောနာမ်ခန္ဓာက သုံးပါးသော နာမ်ခန္ဓာအားလည်းကောင်း၊ သုံးပါးသောနာမ်ခန္ဓာက တစ်ပါးသော နာမ်ခန္ဓာအား လည်းကောင်း၊ နှစ်ပါးသောနာမ်ခန္ဓာက နှစ်ပါးသော နာမ်ခန္ဓာအားလည်းကောင်း –

ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။
ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ အညမညပစ္စယေန ပစ္စယော။
ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ နိဿယပစ္စယေန ပစ္စယော။
ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သမ္ပယုတ္တပစ္စယေန ပစ္စယော။
ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။
ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ အဝိဂတပစ္စယေန ပစ္စယော – စသော ဒေသနာတော်အရ ၁- သဟဇာတ ၂- အညမည ၃- သဟဇာတ နိဿယ ၄- သမ္ပယုတ္တ ၅- သဟဇာတတ္ထိနှင့် ၆- သဟဇာတအဝိဂတ သတ္တိများဖြင့် ကျေးဇူးပြုပါသည်။*

၄။ ထိုထိုတရားနာကြားခြင်းဟူသော ဓမ္မဿဝန မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော စိတ္တုပ္ပါဒ်ဖြစ်ခိုက်နှင့် တရားဟောကြားခြင်းဟူသော ဓမ္မဒေသနာ မဟာကုသိုလ် ဉာဏ သမ္ပယုတ်ဇော စိတ္တုပ္ပါဒ်ဖြစ်ခိုက်၌ အတူတကွဖြစ်ပေါ်သော စိတ္တဇရုပ်တို့အား ကုသိုလ် နာမက္ခန္ဓာတို့က –

ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။
ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော – ဟု ဟောတော်မူသဖြင့် ၁- သဟဇာတ ၂- သဟဇာတနိဿယ ၃- သဟ ဇာတဝိပ္ပယုတ္တ ၄- သဟဇာတတ္ထိနှင့် ၅- သဟဇာတအဝိဂတ သတ္တိများဖြင့် ကျေးဇူးပြုကြပါသည်။*

၅။ ထိုတရားနာကြားခြင်းဟူသော ဓမ္မဿဝန မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော စိတ္တုပ္ပါဒ်ဖြစ်ခိုက်နှင့် တရားဟောကြားခြင်းဟူသော ဓမ္မဒေသနာ မဟာကုသိုလ် ဉာဏ သမ္ပယုတ်ဇော စိတ္တုပ္ပါဒ်ဖြစ်ခိုက်ဝယ် ဖြစ်ပေါ်ကြကုန်သော ပထမဇော စသည်တို့က ဒုတိယဇော စသည် တို့အား –

ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ခန္ဓာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ခန္ဓာနံ ဥပပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ခန္ဓာနံ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ခန္ဓာနံ နတ္ထိပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ခန္ဓာနံ ဝိဂတပစ္စယေန ပစ္စယော – စသော ပါဠိတော်အရ ၁- အနန္တရ ၂- သမနန္တရ ၃- ဥပပနိဿယ ၄- အာသေဝန ၅- နတ္ထိ နှင့် ၆- ဝိဂတသတ္တိများဖြင့် ကျေးဇူးပြုကြပါသည်။*

၆။တပည့်တော်တို့၏ သန္တာန်ဝယ် ဖြစ်နေကြသော ထိုမဟာကုသိုလ် ပထမဇော စသည်တို့သည် မှီရာဝတ္ထု မရှိပါက မဖြစ်နိုင်ကြပါ။ ထို့ကြောင့် ထိုပထမဇော စသည်တို့သည် မိမိတို့၏ ရှေ့ကဖြစ်နှင့်နေကြသော မနောဒွါရဝဇ္ဇန်းနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီကြရသောအခါ ရှေးရှေးဟဒယဝတ္ထုက ထိုပထမဇော စသည်အား –

ဝတ္ထု ကုသလာနံ ခန္ဓာနံ နိဿယပစ္စယေန ပစ္စယော။
ဝတ္ထု ကုသလာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဝတ္ထု ကုသလာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ဝတ္ထု ကုသလာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။
ဝတ္ထု ကုသလာနံ ခန္ဓာနံ အဝိဂတပစ္စယေန ပစ္စယော – ဟူသော ဒေသနာတော်အရ ၁- နိဿယ ၂- ပုရေဇာတ ၃- ဝိပ္ပယုတ္တ ၄- အတ္ထိနှင့် ၅-အဝိဂတ သတ္တိတို့ဖြင့် ကျေးဇူးပြုပါသည်။*

၇။ ထိုတရားနာကြားခြင်းဟူသော ဓမ္မဿဝန မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော စိတ္တုပ္ပါဒ်ဖြစ်ခိုက်နှင့် တရားဟောကြားခြင်းဟူသော ဓမ္မဒေသနာ မဟာကုသိုလ် ဉာဏ သမ္ပယုတ်ဇော စိတ္တုပ္ပါဒ်ဖြစ်ခိုက်ဝယ် ရှိသော ပထမဇောသည် မနောဒွါရဝဇ္ဇန်းနှင့်အတူ ဥပါဒ်၍ ရုပ်၏ ဌီသို့ ရောက်သော စတုဇကာယအား –

ပစ္ဆာဇာတာ ကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
ပစ္ဆာဇာတာ ကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တတပစ္စယေန ပစ္စယော။
ပစ္ဆာဇာတာ ကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။
ပစ္ဆာဇာတာ ကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ အဝိဂတပစ္စယေန ပစ္စယော – ဟု ဟောတော်မူသည့်အတိုင်း ၁- ပစ္ဆာဇာတ ၂- ဝိပ္ပယုတ္တ ၃- အတ္ထိနှင့် ၄- အဝိဂတ သတ္တိတို့ဖြင့် ကျေးဇူးပြုပါသည်။*

၈။ တပည့်တော်တို့၏ သန္တာန်၌ ထိုတရားနာကြားခြင်းဟူသော ဓမ္မဿဝန မဟာကုသိုလ် ဉာဏသမ္ပယုတ် ပထမဇော စိတ္တုပ္ပါဒ်ဖြစ်ခိုက်နှင့် တရားဟောကြားခြင်းဟူသော ဓမ္မဒေသနာ မဟာကုသိုလ် ဉာဏသမ္ပယုတ် ပထမဇောစိတ္တုပ္ပါဒ် ဖြစ်ခိုက်ဝယ် စတုသ မုဋ္ဌာနိကရုပ်လည်း ရှိပါသည်။ ထိုစတုသမုဋ္ဌာနိက ရုပ်၌ရှိသည့် စတုဇသြဇာသည် ကလာပ်တူသြဇာကြဉ်သော ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်အား-

ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။
ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။
ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အဝိဂတပစ္စယေန ပစ္စယော – ဟူသော ဒေသနာ တော်အရ ၁- အာဟာရ ၂- ရုပ်အာဟာရတ္ထိနှင့် ၃- ရုပ်အာဟာရအဝိဂတ သတ္တိတို့ဖြင့် ကျေးဇူးပြုပါသည်။*

၉။ ထိုနည်းတူစွာ ရုပ်ဇီဝိတိန္ဒြေသည် ရုပ်ဇီဝိတိန္ဒြေကြဉ်သော ကလာပ်တူကမ္မဇရုပ် ကိုးခုအား –

ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ အဝိဂတပစ္စယေန ပစ္စယော – ဟူသော ဒေသနာတော်အရ ၁- ရူပဇီဝိတိန္ဒြိယ ၂- ရူပဇီဝိတိန္ဒြိယတ္တိနှင့် ၃- ရူပဇီဝိတိန္ဒြိယအဝိဂတ သတ္တိတို့ဖြင့် ကျေးဇူးပြုပါသည်။*

၁၀။ တပည့်တော်တို့၏ သန္တာန်၌ တရားနာကြားခြင်းဟူသော ဓမ္မဿဝနအခိုက်နှင့် တရားဟောကြားခြင်းဟူသော ဓမ္မဒေသနာအခိုက် တပည့်တော်တို့၏ သန္တာန်ဝယ် ဖြစ်ပေါ်သော မနောဒွါရဝီထိ မဟာကုသိုလ် ပထမဇောအခိုက်၌ နာမက္ခန္ဓာလေးပါးတို့သည် တစ်ပါးက သုံးပါးကို၊ သုံးပါးက တစ်ပါးကို၊ နှစ်ပါးက နှစ်ပါးကို၊ သဟဇာတသတ္တိဖြင့် ကျေးဇူးပြုပါသည်။ ထိုနာမက္ခန္ဓာသည်ပင် မိမိ၏ ရှေ့၌ရှိနေသော ဟဒယ ဝတ္ထုကိုမှီသောအခါ ဟဒယဝတ္ထုက ထိုနာမက္ခန္ဓာအား ဝတ္ထုပုရေဇာတသတ္တိဖြင့် ကျေးဇူး ပြုသဖြင့် သဟဇာတနာမက္ခန္ဓာတစ်ပါးနှင့် ဟဒယဝတ္ထု စသည်က သုံးပါးသော နာမ်ခန္ဓာ စသည်အား –

ကုသလော ဧကော ခန္ဓောစ ဝတ္ထုစ တိဏ္ဏန္နံ ခန္ဓာနံ နိဿယပစ္စယေန ပစ္စယော။
ကုသလော ဧကော ခန္ဓောစ ဝတ္ထုစ တိဏ္ဏန္နံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။
ကုသလော ဧကော ခန္ဓောစ ဝတ္ထုစ တိဏ္ဏန္နံ ခန္ဓာနံ အဝိဂတပစ္စယေန ပစ္စယော – ဟူသော ဒေသနာတော်အရ သဟဇာတပုရေဇာတမိဿက ဖြစ်ကြသော ၁- နိဿယ၂- အတ္ထိ နှင့် ၃- အဝိဂတ သတ္တိတို့ဖြင့် ကျေးဇူးပြုပါသည်။*

၁၁။ ထိုမှတစ်ပါး မဟာကုသိုလ် ပထမဇောသည် မနောဒွါရဝဇ္ဇန်းနှင့် အတူ ဥပါဒ်၍ ရုပ်၏ ဌီသို့ရောက်သော သြဇာက ထိုစတုဇကာယအား ရုပ်အာဟာရသတ္တိဖြင့် ကျေးဇူး ပြုသဖြင့် ကုသိုလ်နာမက္ခန္ဓာနှင့် သြဇာတို့သည် စတုဇကာယအား –

ပစ္ဆာဇာတာ ကုသလာ ခန္ဓာ စ ကဗဠီကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။
ပစ္ဆာဇာတာ ကုသလာ ခန္ဓာ စ ကဗဠီကာရော အာဟာရော စ ဣမဿ ကာယဿ အဝိဂတပစ္စယေန ပစ္စယော -ဟူသော ပါဠိတော်အရ ပစ္ဆာဇာတာ ဟာရမိဿကဖြစ်ကြသော ၁- အတ္ထိနှင့် ၂- အဝိဂတ သတ္တိတို့ဖြင့် ကျေးဇူးပြုပါသည်။*

၁၂။ ထိုနည်းတူစွာ မဟာကုသိုလ် ပထမဇောသည် မနောဒွါရဝဇ္ဇန်းနှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီသို့ ရောက်သော ကမ္မဇကာယအား ပစ္ဆာဇာတသတ္တိ၊ မနောဒွါရဝဇ္ဇန်းနှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီသို့ရောက်သော ရုပ်ဇီဝိတိန္ဒြေက ထိုကမ္မဇကာယအား ရူပဇီဝိတိန္ဒြိယ သတ္တိဖြင့် ကျေးဇူးပြုသဖြင့် ကုသိုလ်နာမက္ခန္ဓာနှင့် ရုပ်ဇီဝိတိန္ဒြေတို့သည် ကမ္မဇကာယအား –

ပစ္ဆာဇာတာ ကုသလာ ခန္ဓာ စ ရူဇီဝိတိန္ဒြိယဉ္စ ကဋတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
ပစ္ဆာဇာတာ ကုသလာ ခန္ဓာ စ ရူဇီဝိတိန္ဒြိယဉ္စကဋတ္တာရူပါနံ အဝိဂတပစ္စယေန ပစ္စယော – ဟူသော ဒေသနာတော်အရ ပစ္ဆာဇာတိန္ဒြိယ မိဿကဖြစ်သော ၁- အတ္ထိနှင့် ၂- အဝိဂတသတ္တိဖြင့် ကျေးဇူးပြုပါသည်။*

၁၃။ တပည့်တော်တို့၏ သန္တာန်ဝယ်ဖြစ်ပေါ်သော ဓမ္မဿဝန ဓမ္မဒေသနာ မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်တွင် သုတ ပညာတရားများ ပါရှိခဲ့ပါသည်။ ထို သုတ ပညာတရားကို အားကြီးသော မှီရာအကြောင်းပြု၍ “သုတံ ဥပနိဿာယ မဂ္ဂံဥပ္ပါဒေတိ၊ ပညံ ဥပနိဿာယ မဂ္ဂံဥပ္ပါဒေတိ“ဟု ဟောတော်မူသည့်အတိုင်း ထိုသုတ၊ ပညာတို့သည် မဂ်အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုပါစေသတည်း။ မဂ်ရသော တပည့်တော်တို့သည် မဂ်ရခါမတ္တမျှသာ မဟုတ်ဘဲ “မဂ္ဂေါ သေက္ခာနံ အတ္ထပဋိသမ္ဘိဒါယ၊ ဓမ္မပဋိသမ္ဘိဒါယ၊ နိရုတ္တိပဋိသမ္ဘိဒါယ၊ ပဋိဘာနပဋိသမ္ဘိဒါယ ဥပနိဿယပစ္စယေန ပစ္စယော”ဟူသော ဒေသနာတော်အရ ဤမဂ်သည် ပဋိသမ္ဘိဒါ လေးပါးအား ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုပါစေသတည်း။

၁၄။ ထိုမဂ်သည် ပရမသုခဖြစ်သည့် နိဗ္ဗာန်ကို အာရုံပြုကြောင်းကို “နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏပစ္စယေန ပစ္စယော” ဟု ဟောတော်မူသဖြင့် ထိုပရမသုခဖြစ်သည့် နိဗ္ဗာန်ကို တပည့်တော်တို့၏ သန္တာန်ဝယ် ဖြစ်လတ္တံ့သော မဂ်လေးပါးက ယခုဘဝ၌ပင်လျှင် အာရုံ ပြုနိုင်ပါစေသတည်း။ တပည့်တော်တို့သည် ယခုဘ၀ ရဟန္တာ မဖြစ်ကြသေးပါက ကံကုန်သောနေ့ (ဝါ) အသက်တမ်း ကုန်သောနေ့ (ဝါ) ကံနှင့်သက်တမ်း နှစ်ပါးကုန်သော နေ့ဟု ဆိုအပ်သော တစ်နေ့နေ့၌ မချွတ်ဧကန် သေကြရပါလတ္တံ။ ထိုအခါကာလ၌ တပည့်တော် တို့သည် ဆည်းပူး သင်ကြား ပို့ချအားထုတ်ခဲ့သော မဟာကုသိုလ် စိတ္တုပ္ပါဒ်ရှိ ကုသိုလ်ကံ စေတနာသည် “ကုသလာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော”ဟူသော ဒေသနာတော်အရ အသမ္မုဋ္ဌမရဏဖြင့် သေကြပြီး တပည့်တော်တို့ တောင့်တအပ် လိုလားအပ်သော သုဂတိဘုံဘ၀ **နတ်ပြည်လောက၌ ဖြစ်ကြပါစေသတည်း။ ထိုနတ်ပြည်၌ ဖြစ်ကြသော တပည့်တော်တို့သည် နတ်တို့၏ ကာမဂုဏ်ကြောင့် မေ့လျော့ခြင်း မရှိကြဘဲ အရိယာစသော နတ်တို့က ဟောကြား အပ်သော ဓမ္မဒေသနာတော်ကို ကြားနာရသောအခါ၌ လည်းကောင်း** တပည့်တော်တို့ သင်ကြား လေ့လာ ဆည်းပူးခဲ့သော ပဋ္ဌာန်းစသော တရားတော်ကို ပြန်၍ ဆင်ခြင်သော အခါ၌လည်းကောင်း၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လျင်မြန် စောစွာ ရနိုင်ကြပါစေသတည်း။ တပည့်တော်တို့ ပြုပြုသမျှကုသိုလ်၏ အဖို့ဘာဂကိုလည်း သာဓု ခေါ်နိုင်သော ပုဂ္ဂိုလ် ဟူသမျှတို့အား အမျှပေးဝေပါ၏။

(ကုသိုလ် အမျှ – – အမျှ – အမျှ ယူတော်မူကြပါကုန်လော၊ သာဓု – – သာဓု – – သာဓု)
(ကုသိုလ် အမျှ – – အမျှ – အမျှ ယူတော်မူကြပါကုန်လော၊ သာဓု – – သာဓု – – သာဓု)
(ကုသိုလ် အမျှ – – အမျှ – အမျှ ယူတော်မူကြပါကုန်လော၊ သာဓု – – သာဓု – – သာဓု)

*ကျမ်းညွှန်း- မူလပဌာန်းဆရာတော်ဘုရားကြီး၏ ပဉှာဝါရပဌာန်းသင်တန်းပြီးဆုံးသည့်နေ့၏ နိဂုံးဆုတောင်းဖြစ်ပါသည်။

မှတ်ချက်

* အပိုဒ် ၂ – (သဟဇာတငယ် ပစ္စည်း ၇-ပါး ဟေ၊ ဓိ၊ ဟာ၊ ကံ၊ ဣ၊ ဈာန်၊ မဂ်)
* အပိုဒ် ၃ – (သဟဇာတပစ္စည်းကြီးနှင့် ပစ္စည်းငယ် သ၊ နိ၊ အတ်၊ အဝိဂတ။ ည၊ ဝိ၊ သမ်၊ ဝိပ်)
* အပိုဒ် ၄ – (သဟဇာတပစ္စည်းကြီးနှင့် ပစ္စည်းငယ် သ၊ နိ၊ အတ်၊ အဝိဂတ။ ည၊ ဝိ၊ သမ်၊ ဝိပ်)
* အပိုဒ် ၅ – (အနန္တရမျိုးပစ္စည်း)
* အပိုဒ် ၆ – (ဝတ္ထုပုရေဇာတမျိုးပစ္စည်း)
* အပိုဒ် ၇ – (ပစ္ဆာဇာတမျိုးပစ္စည်း ၄-ပါး)
* အပိုဒ် ၈ – (ရုပ်အာဟာရပစ္စည်း ၃-ပါး)
* အပိုဒ် ၉ – (ရူပဇီဝိတိန္ဒြိယမျိုးပစ္စည်း ၃-ပါး)
* အပိုဒ် ၁၀ – (ပုရေဇာတမိဿကပစ္စည်း ၃-ပါး)
* အပိုဒ် ၁၁ – (ပစ္ဆာဇာတာဟာရမိဿက ၂-ပါး)
* အပိုဒ် ၁၂ – (ပစ္ဆာဇာတိန္ဒြိယမိဿက ၂-ပါး)
* အပိုဒ် ၁၃- (ဥပနိဿယပစ္စည်း၊ ပကတူပနိဿယ)

** နတ်ပြည်လောက၌ ဖြစ်ကြပါစေသတည်း။ ထိုနတ်ပြည်၌ ဖြစ်ကြသော တပည့်တော် တို့သည် နတ်တို့၏ ကာမဂုဏ်ကြောင့် မေ့လျော့ခြင်း မရှိကြဘဲ အရိယာစသောနတ် တို့က ဟောကြားအပ်သော ဓမ္မဒေသနာတော်ကို ကြားနာရသောအခါ၌လည်းကောင်း ** ဤနေရာတွင် မိမိတို့ အလိုဆန္ဒရှိသည့်ဆုကို ပြောင်း၍ ဆိုနိုင်ပါသည်။

 

သင်တန်းသား၊ သင်တန်းသူတို့၏လျှောက်ထားစာများ

၂၀၁၇-ခုနှစ်၊ ဖေဖော်ဝါရီလ အမှတ်စဉ် (၁၂၇) ဝိပဿနာတရားစခန်းကစပြီး ဆရာတော်ရဲ့ အေးမြတဲ့တရားအရိပ်မှာ ခိုလှုံခွင့် ရရှိခဲ့ပါတယ်။ ဒီနောက် ရန်အောင်မြင် မြို့တော်ဝန်ကျောင်းမှာ အလွန် နက်နဲကျယ်ဝန်းလှတဲ့ ပဋ္ဌာန်းတရားတော်ကြီးကို တက်ရောက် သင်ကြားခွင့် ရရှိခဲ့ပြန်ပါတယ်။ အကျိုးကျေးဇူးတွေ များလွန်းလို့ ဆရာတော့်တပည့်ဖြစ်အောင် တွန်းပို့ပေးခဲ့တဲ့ နာနာက္ခဏိကကံကို ကျေးဇူးတင်မိပါတယ်။

တပည့်တော်ရဲ့ ဘဝအကျိုးပေးက မွေးမိခင်ရဲ့ ဝမ်းဗိုက်အတွင်းမှာ ရှိစဉ်ကတည်းက မွေးစားဖို့ စွန့်ပစ်ခြင်း ခံခဲ့ရသူတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက ဘဝကို မကျေနပ်မှုများစွာနဲ့ ကြီးပြင်းခဲ့ရပါတယ်။ မကောင်းတဲ့အကြောင်းတွေ ထူထောင်မိခဲ့လို့သာ အခုလိုအကျိုးတွေ ဖြစ်ရတယ်ဆိုတာကို ပဋ္ဌာန်းသင်တန်းကနေ သင်ကြားနားလည်ခွင့်ရလာတဲ့အတွက် တပည့် တော်ရဲ့ ဘဝအကျိုးပေးတွေကို ပိုပြီး လက်ခံလာနိုင်ပါတယ်။ ရထားတဲ့ အကျိုးပေးတွေကို ပြုပြင်လို့ မရတော့ဘူး လက်ခံရတော့မယ်ဆိုတာ နားလည်လာပါပြီဘုရား။

ဒါကြောင့် တစ်ခါမှ ရည်စူးပြီး မလှူခဲ့ဖူးတဲ့ မွေးမိခင်အတွက် ဒါနတွေပြုပြီး အမျှအတန်း ဝေခဲ့ပါတယ်။ ဖခင်ကြီးရှိရာကို စုံစမ်းရှာဖွေပြီး ကန်တော့ တောင်းပန်ခဲ့ပါတယ်။ ဘဝသံသရာ အဆက်ဆက်ထိ ပါသွားမယ့် မိဘတွေအပေါ် မကျေနပ်မှုဆိုတဲ့ အထုံးတစ်ထုံးကို ဖြေလျော့ နိုင်ခဲ့ပါပြီဘုရား။

ဒေါ်ထိုက်ထိုက်ဝေ B.Sc(Physic) သော်တာစန်း စာပေဖြန့်ချိရေးလုပ်ငန်း၊နေပြည်တော် ပျဉ်းမနားမြို့

 

မြို့တော်ဝန်ကျောင်းမှာ ပဋ္ဌာန်းသင်တန်းကို တက်ရောက်ခဲ့တဲ့အတွက် အကြောင်း အကျိုး တွေကို ပို၍၊ ပို၍ သဘောပေါက်လာခဲ့ပါတယ်ဘုရား။ ပဋ္ဌာန်းဆိုတာက တပည့်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ဟောပြနေသော တရားပါလားလို့ သိလာရပါတယ်။ တစ်နေ့တာလုံးမှာလည်း ပဋ္ဌာန်းတရားတို့နှင့်ပဲ လှုပ်ရှားသွားလာနေတာကို သတိပြုမိလာပါတယ်။ ရှစ်ပါးသီလကို နှစ်များစွာ စောင့်ထိန်းထားပြီး နေထိုင်နေရတော့ တစ်နေ့တာ ဘဝထဲမှာ ငြိမ်းအေးတဲ့ စိတ်ကလေးနဲ့ပဲ နေထိုင်ဖြစ်ပါတယ်ဘုရား။ သီလစောင့်ထိန်းပြီးနေရတော့ ဘ၀ ကိုလည်း ပိုလို့ တန်ဖိုးထားလာဖြစ်ခဲ့ပါတယ်ဘုရား။ သီလနှင့် ဘဝ၊ ဘဝနှင့် သီလကို တစ်ထပ် တည်းကျအောင် ကြိုးစားနေပါတယ်ဘုရား။

ဒေါ်သီတာအေး၊ B.A(B.M)၊ ဦးစီးအရာရှိ၊ နေပြည်တော်စည်ပင်

 

ဆရာတော်က ပဋ္ဌာန်းသင်ပေးမယ်လို့ မိန့်တော်မူတော့ ဆရာတော်သင်ရင်တော့ ငါ ပဋ္ဌာန်းဆိုတာ နားလည်မှာ သေချာတယ်ဆိုပြီး သင်တန်းတက်ခဲ့ပါတယ်။ သင်တန်းကရတဲ့ အသိ တရားတွေကြောင့် သဒ္ဓါတရားတွေ တိုးလာတယ်။ ရာသက်ပန် စောင့်ထိန်းထားတဲ့ ရှစ်ပါးသီလ အပေါ်မှာ ယုံကြည်မှုတွေ ပိုလာတယ်။

မနက်အစော လေးနာရီ နှိုးတဲ့အချိန်မှာ ရွာကျောင်းက ပဋ္ဌာန်းရွတ်သံ ကြားလိုက်ရတယ်။ ကျက်သရေရှိလိုက်တာ။ ‘ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော၊ ဒါနံဒတွာ သီလံ သမာဓိယိတွာ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ’ လို့ အသံကြားတာနှင့် ပဋ္ဌာန်းသင်တန်းတက်ထားတော့ အဓိပ္ပာယ်က စိတ်ထဲပေါ်လာလို့ ဝမ်းမြောက်မိပါတယ်။ အရင်ကတော့ ရွာမှာ ပဋ္ဌာန်းပွဲရှိတယ် တစ်အိမ်ဘယ်လောက်ဆို လှူလိုက်ပါတယ်။ ပဋ္ဌာန်းသံကြား လို့လည်း ဝမ်းမသာတတ်ခဲ့ပါဘူးဘုရား။ တကယ်တန်းတော့ ပဋ္ဌာန်းဆိုတာ တပည့်တော်မရဲ့ အကြောင်းတွေကို ပြောနေပါလားဆိုတာ အခုမှ သိလာရပါတယ်ဘုရား။

ဒေါ်ကြည်ဥ (ဝေယျာဝစ္စ) ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)

 

တပည့်တော် အဘိဓမ္မာဆိုင်ရာမှာ ဗဟုသုတများခဲ့သူမို့ အခြား ဓမ္မစာပေများလို ပဋ္ဌာန်းတရားတော်ကို လေ့လာရင် လွယ်လွယ်ကူကူ သိနိုင် နားလည်နိုင်လိမ့်မယ်လို့ ထင်ခဲ့မိ ပါတယ်ဘုရား။ သို့ပါသော်လည်း အချိန်တော်တော် ကြာသည်အထိ ပဋ္ဌာန်းတရားတော်ကို နားလည်နိုင်စွမ်း မရှိခဲ့ပါဘုရား။ “သုတံ ဥပနိဿာယ မာနံ ဇပ္ပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ ” ဆိုတဲ့ ပဋ္ဌာန်းစာကို လေ့လာမိသော အခါမှသာ တပည့်တော်သည် မိမိကိုယ်ကို အထင်ကြီးခြင်းဆိုတဲ့ မာန်မာနတွေ တက်နေခြင်းပါလားလို့ ရှင်းရှင်းလင်းလင်း သိလိုက်ရပါတယ်ဘုရား။

တပည့်တော် လေ့လာသင်ယူထားတဲ့ ပဋ္ဌာန်းတရားတော်ကို နေ့စဉ်ဘဝထဲက မရိုးနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လက်တွေ့အသုံးချနေပါတယ်။ နေ့စဉ်ဘဝထဲမှာ ဖြစ်ပေါ်လာတဲ့ လိုချင်တဲ့ လောဘစိတ်၊ အလိုမကျတဲ့ ဒေါသစိတ်၊ စိတ်ညစ်ညူးစရာ အတွေးအမြင်များ၊ နောင်တ ရစရာ အတွေးအမြင်များ၊ အကုသိုလ် အတွေးအမြင်များကို အရင်ကထက် ပိုမိုဖြေရှင်းနိုင်ပြီး စိတ်ပေါ့ပါးစွာ Stress ကင်းကင်းနဲ့ နေနိုင်လာပါတယ်ဘုရား။

ဒေါ်သင်းသင်းလတ် B.A(Myanmar) University of Abhidhamma(အဘိဓမ္မဓရဘွဲ့)၊ ဒုတိယဦးစီးမှူး၊ မြေတိုင်းဦးစီးဌာန၊ ပြင်ဦးလွင်မြို့

 

တပည့်တော်မဟာ နာနာက္ခဏိကကံတစ်ခုရဲ့ တွန်းအားကြောင့် ‘ကင်ဆာ’ ဖြစ်ပြီးတော့ ဆေးသွင်းပြီးဘဝမှာ မျှော်လင့်ချက်ကုန်ဆုံးတော့မှ အသက်မသေခင်လေးမှာ တရားတစ်ခါလောက် အားထုတ်ဖူးချင်တယ်ဆိုပြီး ဆရာတော်ဆီ ရောက်ခဲ့ပြီးနောက်ပိုင်း ပဋ္ဌာန်းတရား တော်တွေကို သင်ကြားခွင့် ရခဲ့ပါတယ်။

အလွန် ကျယ်ပြန့် နက်နဲလွန်းနေတော့ နားလည်နိုင်ပါ့မလားလို့ ထင်ခဲ့ပေမယ့် Apply method အသိ နှင့် သင်ပေးတာကြောင့် တပည့်တော် ဉာဏ်ရှိသလောက်လေးတော့ သဘောပေါက် လာခဲ့ပါတယ်။

‘သမ္ပယုတ္တကာနံ ဓမ္မာနံ၊ စိတ္တသမုဋ္ဌာနာနဉ္စရူပါနံ’ လို့ သင်ရတော့ Mind produce matter ကို သဘောပေါက်လာပါတယ်။ ဒါကြောင့် “ကိုယ်မှာနာသော်လည်း၊ စိတ်မနာအောင်” တတ်နိုင် သမျှ စောင့်ရှောက်တတ်လာတဲ့အတွက် ဒီကြားထဲမှာ ဘာဆေးဝါးကုသမှုမှ မခံယူရဘဲ ကင်ဆာ ကနေ လွတ်မြောက်လာတာ ၃-နှစ် ပြည့်ခဲ့ပါပြီဘုရား။ ရောဂါပျောက်လို့ မဟုတ်ပါဘုရား။ စိတ်ထားတတ်လာတာပါဘုရား။ ကျေးဇူးကြီးမားလှပါတယ်ဘုရား။

ပဋ္ဌာန်းသင်တန်းကနေ”သက်ရှိ၊ သက်မဲ့ ပိုင်ဆိုင်မှုအားလုံးရဲ့ အဆုံးသတ်ဟာ ခွဲခွာ ခြင်းပဲ” ဆိုတဲ့ သဘာဝတရား Natural Law ကို ပိုပြီး နားလည်လာပါတယ်၊ ‘ဖြစ်ခွင့်ရှိတယ်’ ဆိုတဲ့ possibality ကို စတင် သဘောပေါက်လာခဲ့တဲ့နောက်ပိုင်း ဘဝနှစ်ပိုင်း ကွဲပြားသွားပြီး ဒုတိယဘဝအသစ်ကို ပြန်လည် မွေးဖွားလာခဲ့သလို ခံစားရပါတယ်ဘုရား။

ဒေါ်ငယ်ငယ်ထွေး၊ B.Agri Sc ရွှေဒေါင်းစတိုး၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်

 

ပဋ္ဌာန်းသင်တန်းတက်မှ ကုသိုလ်၊ အကုသိုလ်ကို သေသေချာချာ နားလည်ခွင့် ရခဲ့ တဲ့အတွက် မျက်ကန်းတောတိုး လျှောက်လှမ်းနေခဲ့မိတဲ့ ဘဝလမ်းကြောင်းကနေ အသိအမြင်၊ အတွေးအခေါ်၊ အယူအဆတွေ ပြောင်းလဲလာပါတယ်။ အကြောင်းမဲ့ မဟုတ်ဘူး၊ အကြောင်း ကြောင့်ဖြစ်လာတဲ့ အကျိုးတရားတွေပဲဆိုတာ ပဋ္ဌာန်းသင်တန်းကနေ နားလည်ခွင့်ရခဲ့လို့ အခုလို COVID -19 ကပ်ရောဂါဘေးဆိုးကြီးကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခါမျိုးမှာ ပူလောင်ပင်ပန်းမှု မရှိဘဲ စိတ်အေးချမ်းသက်သာစွာ ရင်ဆိုင်နေပါတယ်ဘုရား။ သင်တန်းက အဆုံးအမတွေက အချိန်တိုင်း အသုံးဝင် အသုံးချနေရလို့ သတိရတဲ့ အချိန်တိုင်း ဆရာတော်ဘုရားနဲ့တကွ သံဃာတော်အရှင်သူမြတ်များအားလုံးကို မေတ္တာပို့သဖြစ်သလို မေတ္တာကိုလည်း ခံယူမိပါတယ် ဘုရား။

ဒေါ်အေးအေးသင်း (မသင်း)၊B.Sc(Physic) Royal ဆန်၊ ဆီ ရောင်းဝယ်ရေးလုပ်ငန်း၊ နေပြည်တော်

 

ဆရာတော်၏ ပဋ္ဌာန်းတရားတော်သင်ကြားနည်းမှာ သမာရိုးကျသင်နည်းများမှ ဖောက်ထွက်ကာ Applied Method ဖြင့် သင်ကြားပေးတော်မူခြင်း ဖြစ်ပါသည်။ သင်တန်းသား ယောဂီများကိုလည်း မိမိတို့၏ လက်တွေ့ဘဝအတွေ့အကြုံများနှင့် နှိုင်းယှဉ်ပြီး ပဋ္ဌာန်း တရားတော်ကို ဆွေးနွေးစေပါသည်။ သင်တန်းသားတို့ကို သင်ကြား၊ သင်ယူမှုတွင် ပါဝင် ဆွေးနွေးစေခြင်းသည် ဆရာဗဟိုပြုသင်ကြားနည်းကို ရှောင်ရှားနိုင်သကဲ့သို့၊ ငြီးငွေ့ဖွယ် ကောင်းသော စာသင်ခန်းမအဖြစ်မှ လွတ်မြောက်ပြီး သင်ကြား၊ သင်ယူမှုအောင်မြင်စေ သောနည်း ဖြစ်ပါသည်။

ဆရာတော်သည် သင်တန်းသားတို့၏ နားလည်နိုင်သည့် စွမ်းရည်ပေါ်မူတည်ကာ CCA သင်ကြားနည်းစနစ်ဖြင့်သင်ကြားရာတွင် Discussion ပြုလုပ်စေခြင်း၊ Review ပြုလုပ်စေခြင်း၊ Comment ပေးခြင်း၊ မေးခွန်းများကို မေးစေခြင်း၊ Feed back များတောင်းခံခြင်း၊ Powerpoint presentation ဖြင့်သင်ကြားခြင်း၊ Hand notes rsm;udk Teaching Aids ဖြစ် အသုံးပြုခြင်း တို့ကြောင့်လည်း ခက်ခဲသည့် ပဋ္ဌာန်းဘာသာရပ်ကို သဘောပေါက်နားလည်ရန် လွယ်ကူခြင်း ဖြစ်ပါသည်။

ထို့ပြင် သင်တန်းသားများအား တစ်ပတ်တစ်ခါ ‘ဘဝနှင့် ပဋ္ဌာန်း’ဆိုင်ရာခေါင်းစဉ်ဖြင့် အိမ်စာများပေး၍ လက်တွေ့ဘဝနှင့်ယှဉ်သော အတွေ့အကြုံများကို ရေးသား လျှောက်ထား စေပါသည်။ သာမန်အားဖြင့် လေ့ကျင့်ခန်း အိမ်စာဟုဆိုသော်လည်း၊ တစ်ပတ်အတွင်း အိမ်စာ အကြောင်းစဉ်းစားရင်း နေ့စဉ်ဘဝထဲမှာ ပဋ္ဌာန်းနဲ့ချိတ်ဆက်လာအောင် သင်မှန်းမသိသင်ပြီး၊ တဖြည်းဖြည်းချင်း ဉာဏ်ထဲသက်ဝင်လာအောင် သင်ကြား လေ့ကျင့်ပေးသောနည်း ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာဝင်များအနေဖြင့် နေ့စဉ်ဘဝထဲတွင် ပဋ္ဌာန်း တရားတော်များကို ချိတ်ဆက်လာတတ်စေရန် ရန်ရည်ရွယ်၍ Websiteပေါ်သို့ PDF file များတင်ပေးခြင်း၊ Video clip များကို Youtube တွင် မျှဝေခြင်းဖြင့်လည်း Online Teaching ဖြင့် သင်ကြားပေးတော်မူလျက် ရှိပါသည်။

တပည့်တော်လည်း ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)၌ ပဋ္ဌာန်း သင်တန်း တက်ခွင့်ရပြီးနောက်တွင် “ဘဝဆိုတာ ပဋ္ဌာန်းတရားတော်ကြီးပါလား” ဟု သဘော ပေါက်လာပါသည်။ ပဋ္ဌာန်းတရားတော်ကြောင့် ဘဝ၏တန်ဖိုးထားမှု များစွာ ပြောင်းလဲလာပြီး Value Change ဖြစ်လာပါသည်။ ထို့ကြောင့် Life style ပါ ပြောင်းလဲလာပြီး၊ အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားရပါသည်။

ဒေါ်ခင်မျိုးသစ်၊B.A(B.Ed)၊ အထက်တန်းကျောင်းအုပ်ဆရာမကြီး၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်

 

သာသနာနဲ့ ကြုံကြိုက်ခွင့်ရတဲ့ဘဝမှာ ကြီးကျယ်မြင့်မြတ်တဲ့ ပဋ္ဌာန်းတရားတော်ကိုလည်း သင်ခွင့်ရ၊ ကုသိုလ် အကုသိုလ်ကိုလည်း သိခွင့်ရ၊ ကံ ကံ၏ အကြောင်းအကျိုးတွေကိုလည်း သိခွင့်ရလို့ ဒီဘဝအတွက်တင်မက ဘဝသံသရာနှင့် ချီပြီးတော့မှကိုပဲ အကျိုးကျေးဇူး များလွန်းလှ ပါတယ်ဘုရား။

နာနာကျင်ကျင် အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်ထား၊ ဆုံးမပေး တတ်တဲ့ ဆရာတော်နဲ့ ကြုံရတာလည်း ငါတို့ဘ၀ သိပ်ပြီးတော့မှ အရထူးတာပဲလို့ စိတ်ထဲ ဝမ်းမြောက်ပီတိ ဖြစ်နေမိပါတယ်ဘုရား။ ဟိုတုန်းကလည်း ကံ ကံ၏ အကြောင်းအကျိုးကို နားလည်ခဲ့ပါတယ်ဘုရား။ သို့ပေ မယ့်လည်း ပဋ္ဌာန်းသင်တန်းမှာ ကမ္မ၊ ဝိပါက၊ အနန္တရကို သင်လာရတော့မှ အကြောင်းအကျိုး သဘောတွေကို ပိုပြီးတော့မှ ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် နားလည်လာခဲ့မိပါတယ်ဘုရား။

အရင်တုန်းကတော့ အဟုတ်ကြီးထင်ကာ ကိလေသာနဲ့ ပုံကြီးချဲ့ပြီး လုပ်ခဲ့၊ ပြောခဲ့၊ တွေးခဲ့၊ ကြံစည်၊ စဉ်းစားခဲ့တာတွေဟာ အခုနေ ပြန်ကြည့်တဲ့အခါမှာ ရယ်စရာကြီး ဖြစ်သွားတယ်။ သြော် ငါ့နှယ် ဖြစ်မှဖြစ်ရလေလို့ ကိုယ့်ကိုကိုယ် သတိသံဝေဂ ဖြစ်မိပါတယ်ဘုရား။လူတွေ သတ်မှတ်တိုင်းတာထားတဲ့ ရာထူး၊ ဥစ္စာ၊ စည်းစိမ်၊ သက်ရှိသက်မဲ့တွေ မရှိဘဲ နဲ့လည်း ဘဝကိုအဓိပ္ပာယ်ရှိအောင် နေလို့ရနေတာပဲဆိုတာကို ပဋ္ဌာန်းသင်တန်း တက်မှပဲ နားလည် သဘောပေါက်လာခဲ့မိပါတယ် ဆရာတော်ဘုရား။

ဆရာလေးဒေါ်နန္ဒနာ ၊ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)

 

ဘဝနှင့် ပဋ္ဌာန်းသင်တန်းကို တက်ရောက်သင်ကြားခဲ့သည့် အချိန်မှစ၍ ပဋ္ဌာန်း ၂၄-ပစ္စည်းသည် မိမိအကြောင်းကို ဟောနေကြောင်း သေသေချာချာ သိခဲ့ရသဖြင့် ပဋ္ဌာန်းကို ဘဝထဲရောက်အောင် အသုံးချနိုင်လာပါသည်ဘုရား။တပည့်တော်သည် အလွန် ဒေါသကြီးသူဖြစ်ပြီး တစ်နေကုန် ဒေါသ မပြေတော့ပါဘုရား။ ယခု ကိုယ့်စိတ်ကို သတိလေးနဲ့ စောင့်ကြည့်တတ်လာသောအခါ ဒေါသဖြစ်လျှင် ဖြစ်မှန်းသိလာ ပါသဖြင့် ဖြစ်ကြောမရှည်တော့ပါဘုရား။ ပြင်ဦးလွင်ကပဋ္ဌာန်းဆရာကြီး ဦးအုန်းကျော်၏ ကျေးဇူးကြောင့် အကုသိုလ်ဖြစ်မည့် ကိစ္စများကို ရှောင်ရှားတတ်လာပါသည်ဘုရား။

ဒေါ်ပိုပိုခင် (B.Com ) အထည်ဆိုင်လုပ်ငန်း၊ ပြင်ဦးလွင်မြို့။

 

ပဋ္ဌာန်းသင်တန်း တက်ရတဲ့အတွက်ကြောင့် ‘ဘာမဆို ဖြစ်ခွင့်ရှိတယ်’၊ ‘မတည်တံ့ မခိုင် မြဲတာ’၊ ‘ကံ ကံရဲ့အကျိုး’၊’ Want and Need’ နှင့် စိတ်ကို ကုသိုလ် ဖြစ်စရာ တစ်ခုခုနှင့် Feed လုပ်ထားပေးပါ’ စသည့် အဆုံးအမများက နေ့စဉ်ဘဝထဲ အသုံးတည့်လျက် ရှိပါတယ်ဘုရား။ပဋ္ဌာန်းသင်တန်းတက်ထားတဲ့ အကျိုးကျေးဇူးတွေကြောင့်သာ ယခုလို ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်မှာ စိတ်ကို သက်တောင့်သက်သာနဲ့ ဖြတ်သန်း နေနိုင်ခဲ့တာပါဘုရား။ အခက် အခဲတွေနဲ့ ကြုံလာတဲ့အခါမှာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာတယ်ဘုရား။

အသိအမြင်တွေ တိုးလာတဲ့အတွက် ယခုဘဝတစ်ခုတည်းအတွက် မစဉ်းစားတော့ဘဲ ဘဝပေါင်းများစွာအတွက် သတ္တိကောင်း၊ အကျင့်ကောင်းတွေ ဖြစ်ဖို့ကိုသာ အဓိကထားပြီး လုပ်ကိုင်တတ်လာပါတယ်ဘုရား။ တပည့်တော်ဘဝရဲ့ လိုအပ်ချက်တွေကိုသာ ကွက်ပြီး တွေးလေ့ ရှိပြီး မိမိကိုယ်ကို မကျေနပ်ခဲ့တဲ့ ဘဝကနေ တပည့်တော်မှာရှိနေတဲ့ ပြည့်စုံခြင်းတွေကိုသာ ရောင့်ရဲပြီး တွေးတတ်လာတဲ့အတွက် ဘဝဟာအလွန် ကျေနပ်စရာကောင်းပြီး ဘဝအဓိပ္ပာယ် ပို၍ ပြည့်ဝလာပါတယ်ဘုရား။

မဧဝရက်အောင်၊ LLB(Law) ၊ နေပြည်တော်

 

ပဋ္ဌာန်းသင်တန်းကနေ “အကြောင်းကင်းတဲ့ အကျိုးဆိုတာ မရှိဘူး” ဆိုတဲ့ Right Information ကို သိရပြီး “အကြောင်းတွေရှိလို့ အကျိုးတွေဖြစ်နေတာ” ပဲလို့ မြင်တတ်လာတဲ့အတွက် “ဘဝမှာဘယ်လိုစိတ်ချမ်းသာအောင် နေရမလဲ” ဆိုတဲ့ Ways တွေ ရလိုက်ပါတယ်ဘုရား။

ကမ္မပစ္စည်းသင်တုန်းက ထမင်းတစ်ပန်းကန်ဥပမာနဲ့ ငါးဟင်းတစ်ခွက်ဥပမာတို့ကလည်း ရိုးရှင်းလွန်းလို့ တပည့်တော်တို့ ဉာဏ်မွဲနေတဲ့ သူတွေအတွက်ကတော့ အကျိုးကြီးတဲ့ ဥပမာပါပဲ ဘုရား။ နောက်ပြီး အရင်က မသိမိုက်မှားမှုကြောင့် ထူထောင်မိခဲ့တဲ့ကံတွေ ရှိခဲ့လို့ အကျိုးပေးခဲ့ ရင်တောင် တည်တည်ငြိမ်ငြိမ်နဲ့ အသိဉာဏ်ရှိရှိ ရင်ဆိုင်ဖြေရှင်းတတ်ဖို့ကိုလည်း ကြိုတင် ပြင်ဆင်တတ်လာပါတယ်ဘုရား။

ပဋ္ဌာန်းသင်တန်းတက်ပြီးနောက်ပိုင်း စိတ်အိမ်ကို ဗုဒ္ဓါနုဿတိ၊ မေတ္တာကမ္မဋ္ဌာန်း၊ သတိ ပဋ္ဌာန် စတာတွေနှင့် တစ်မျိုးပြီးတစ်မျိုး မအားနိုင်အောင် မမေ့မလျော့ ကြိုးကြိုးစားစား စောင့် ရှောက်နေပါတယ်ဘုရား။ ဒီလိုခက်ခဲနက်နဲ ကျယ်ဝန်းလှတဲ့ ပဋ္ဌာန်းကျမ်းတော်မြတ်ကြီးကို တပည့်တော်တို့ သာမန် လူသားတွေ သိမြင်နားလည်လာအောင်သာမက လက်တွေ့ဘဝထဲမှာ အသုံးချတတ်အောင် သင်ပြပေးတော်မူတဲ့ ဆရာတော်၏ကျေးဇူး ကြီးမားလွန်းပါတယ်ဘုရား။

ဆရာလေးဒေါ်ဝိမလာ၊ B.A(Philo)၊ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)

 

ကျွန်မသည် ဂေါ်ရခါးလူမျိုးတစ်ဦး ဖြစ်ပါသည်။ ပဋ္ဌာန်းသင်တန်း စတက်ချိန်မှာ ပါဠိစာကို နားလည်ဖို့ နည်းနည်းတော့ ခက်ခဲခဲ့ပါတယ်။ ပဋ္ဌာန်းဆိုတာ ဘုန်းဘုန်းများနှင့်သာ သက်ဆိုင် တယ်လို့ ထင်ခဲ့ပြီး ပဋ္ဌာန်း ၅-ကျမ်း ရှိတာကိုလည်း မသိခဲ့ပါ။

အရင်က သေမင်းက ငယ်ရင်မခေါ်သေးဘူးလို့ စဉ်းစားမိခဲ့လို့ တရားအလုပ်လုပ်တာ တွေက စောသေးတယ်။ ငယ်သေးတယ်။ ဒီအချိန် စီးပွားရေးပဲ ကြိုးစားရှာရမယ်လို့ ထင်ခဲ့မိတာ အခုနောက်ပိုင်း အသုဘကားတွေ ဆိုင်ရှေ့က ဖြတ်သွားလို့ ကြည့်လိုက်ရင် သေမင်းမှာ အသက် ငယ်တယ်၊ ကြီးတယ်ဆိုတာ မရှိမှန်း သတိထားမိလာပါသယ်။

ပဋ္ဌာန်းသင်တန်း တက်ပြီးနောက် မနက်၊ ည ပုံမှန် ၁၀-မိနစ်၊ မိနစ်-၂၀လောက် ကမ္မဋ္ဌာန်း ထိုင်မှ သတိကပ်တတ်လာတယ်။ စိတ်ငြိမ်းအေးလာတယ်။ ဒေါသဖြစ်နေရင် သိသိလာတော့ ခွင့်လွှတ်ဖို့ မြန်လာတာ၊ ကလဲ့စားချေချင်စိတ် မရှိတော့တာက ထူးခြားလာတယ်။ အရင်တုန်းက ဥပုသ်စောင့်တဲ့နေ့ပဲ သီလလုံရမယ်လို့ ထင်ခဲ့တာ။ ပဋ္ဌာန်းဆရာကြီး အဘဦးအုန်းကျော်နှင့် ပြင်ဦးလွင်မှာတွေ့မှ နေ့စဉ် နေ့တိုင်း ငါးပါးသီလတော့ လုံရမယ်ဆိုတာကို နားလည်လာခဲ့ပါတယ်။

ပဋ္ဌာန်းသင်တန်း မတက်ခင်က ပစ္စည်းပျောက်ရင် ဝမ်းနည်းမှုတွေဖြစ်ခဲ့ပြီး အဲဒီပစ္စည်း အမျိုးအစားတူမြင်ရင် ပျောက်လို့ ဒေါသတွေထွက်ပြီး ခိုးတဲ့သူကိုလည်း မကျေမနပ်ဖြစ်ခဲ့တယ်။အခုက ကံကျွေးဆပ်လိုက်တာလို့ စိတ်ပြောင်းလိုက်တော့ ဝမ်းနည်းမှု ပူလောင်မှုတွေ နည်းလာ တာကို သတိထားမိသည်။ သူခိုးကိုလည်း သနားမိတယ်။ ဘာကြောင့်လဲဆိုရင် သူ တစ်နေ့ကျရင် အခုခိုးတဲ့ ကံကျွေးပြန်ဆပ်ရရှာတော့မယ်။

မစန္ဒာထွေး၊ LL.B၊ လပြည့်ဝန်းစတိုး၊ ပြင်ဦးလွင်မြို့

 

ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစကြာတရားတော်များကို လောကီအရေးကိစ္စများတွင် အဆင် ပြေရန် ရွတ်ဆိုပူဇော်ခဲ့ဖူးပါသည်။ ပဋ္ဌာန်းတရားတော်ကို လေ့လာခဲ့သည့်နောက် အကျိုးတရား များကို မှားယွင်းစွာ တုန့်ပြန်နေမိသည့် တပည့်တော်၏ အမူအကျင့်ကို နားလည်လာပါသည်။ သတိကပ်နိုင်သလောက် ကြိုးစား၍ စိတ်၏ Version များကို ပဋ္ဌာန်းတရားတော်များ နှင့် update လုပ်နိုင်သမျှ လုပ်ပါသည်။ အရင်က ဆိုင်ကလုန်းမုန်တိုင်းတိုက်နေသော စိတ်သည် ယခုအခါ များစွာ ငြိမ်သက် အေးချမ်းလာပါသည်ဘုရား။

ဒေါ်မာလာသင်း၊ (B.A English)၊ မူလတန်းပြဆရာမ၊ ထခွဲ အ.လ.က(၁)၊ ပြင်ဦးလွင်

 

ဆရာတော်က ၂၀၁၈-ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်ကစပြီး ပဋ္ဌာန်းပဥှာဝါရကို Apply method နဲ့ သင်ပေးတော်မူတဲ့အတွက် ပဋ္ဌာန်းကို မရင်းနှီးသော်လည်း တပည့်တော်စိတ်ကို အပြည့်အ၀ ကြီးကို ဆွဲဆောင်ခံလိုက်ရပါတယ်။ ဘဝနဲ့ပဋ္ဌာန်းကို ယှဉ်တွဲပြီး မြင်လာတဲ့အခါ ဘဝရဲ့ အဓိပ္ပာယ် ‘meaning of life’ ပြောင်းလာပါတယ်။ “Ways of thinking” တွေ ပြောင်းလာတဲ့ အကျိုးကို ခံစားရပါတယ်။

ပဋ္ဌာန်းပဥှာဝါရသင်တန်းမှာ သင်တန်းသားတွေက အသက်အရွယ်မျိုးစုံ၊ ပညာအရည် အချင်းမျိုးစုံရှိကြတဲ့အတွက် တစ်ဦးနှင့်တစ်ဦး နားလည်နိုင်တဲ့ Ability မတူနိုင်ပါ။ လူငယ်၊ လူလတ်ပိုင်းတွေ ဆရာဝန်၊ အင်ဂျင်နီယာ၊ လုပ်ငန်းရှင်တွေအပြင် အခြားနယ်ပယ်အစုံက ပညာရှင်တွေလဲပါတော့ ပဋ္ဌာန်းတရားတော်ကို သိပ္ပံအမြင်နဲ့ ချဉ်းကပ်ပြီး သင်ပြတော်မူတဲ့ အတွက် အမြင်တစ်မျိုး ဆန်းသစ်စေပါတယ်။ အသိအမြင်ကိုလည်း ကျယ်စေပါတယ်။သင်္ချာရှုထောင့်၊ Physics ရှုထောင့်၊ Cell Biology ရှုထောင့်၊ Astronomy ရှုထောင့်တွေကနေ အနန္တစကြဝဠာအကြောင်းမှသည်၊ သံသရာအကြောင်းတွေ၊ ကံရဲ့အကြောင်းအပါအဝင် ကာလလရေကြည်အကြောင်းအထိ သင်ရတဲ့အခါမှာလည်း နားလည်လွယ်လို့ သင်တန်းက ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်ဘုရား။

ဆရာတော်က ရက်သတ္တတစ်ပတ်လုံး သင်ခန်းစာနဲ့ ဝေးမသွားစေဖို့ တနင်္ဂနွေသင်တန်း အပြီးမှာ ဘဝထဲကအကြောင်းအရာတစ်ခုခုကို ပဋ္ဌာန်းတရားနှင့် ဆက်စပ်စဉ်းစားတတ်ဖို့ အိမ်စာခေါင်းစဉ် ပေးတော်မူပါတယ်။ ဒါက သင်တန်းရဲ့Teaching method တွေထဲက ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ပတ်လုံးအိမ်စာကို ကြံစည်တွေးတောရတဲ့အတွက် စိတ်ကို ပဋ္ဌာန်းတရားနဲ့ ထုံမွမ်းထားစေတာကကို ဆရာတော့်သင်ကြားနည်းမှာ ထူးခြားတဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဒေါ်ဂျူလိုင်အောင်၊ M.Sc(Biotech)၊ KT Mart နေပြည်တော်

 

ပြင်ဦးလွင်က ပဋ္ဌာန်းဆရာကြီး ဦးအုန်းကျော်က ‘ပဋ္ဌာန်းဆိုတာ ဘယ်သူ့အကြောင်းမှ မဟုတ်ဘူးနော် ကိုယ့်အကြောင်းဟောထားတဲ့တရား’ ဆိုတဲ့စကားကို ဘယ်လိုမှ နားမလည်နိုင်ခဲ့ပါသော်လည်း ဆရာတော့်ထံပါးမှ ပဋ္ဌာန်းတရားကို သင်ကြားရမှ ခန္ဓာနှင့်တိုက်ပြီး နားလည်လိုက်တော့ တော်တော့်ကို အံ့သြသွားပါတယ်ဘုရား။

“အကြောင်းတရားမရှိတဲ့ အကျိုးတရား” မရှိဘူး “ဖြစ်သင့်တဲ့ အကြောင်းတရားရှိလို့သာ ဖြစ်သင့်တဲ့အကျိုးတရား ပေါ်ပေါက်ရတာ” ဆိုတာ ဒီပဋ္ဌာန်းတရားတော်မြတ်ကြီးကို လေ့လာမှ ပိုလို့သိခွင့်ရပြီး ဘုရားရှင်၏ဉာဏ်တော်ကိုလည်း တိုး၍တိုး၍ ကြည်ညိုရပါတယ်ဘုရား။

တပည့်တော်တို့ရဲ့ Life Style ကလည်း ကုသိုလ်ပြီး ကုသိုလ်ဖြစ်စေတဲ့ ဘဝပုံစံပါဘုရား။ ဒါကြောင့်လည်း လုပ်ခွင့်ရသမျှ ကုသိုလ်အမှုကိုတော့ ဉာဏ်အားမီသလောက် စိတ်အား ထက်ထက်သန်သန်နဲ့ ဆောင်ရွက်ရင်း ပါရမီကုသိုလ်ကို ဖြည့်ကျင့်နေပါတယ်ဘုရား။

ဆရာလေးဒေါ်ကုသလာ၊ B.A(Myanmar)၊ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)

 

တပည့်တော် ယခင်က ပဋ္ဌာန်းဆိုတာ ရဟန်းသံဃာတော်များသာ သင်ကြားရတဲ့ ဘာသာရပ်ဖြစ်ပြီး လူပုဂ္ဂိုလ်များနှင့် မဆိုင်ဘူးလို့ ထင်ခဲ့ဖူးပါတယ်။ မြို့တော်ဝန်ကျောင်းမှာ ပဋ္ဌာန်း သင်တန်းတက်ခွင့်ရတဲ့အခါမှ ပဋ္ဌာန်းဆိုတာ လက်တွေ့ဘဝကို ပြောနေပါလားလို့ သဘောပေါက် ခဲ့ရပါတယ်ဘုရား။

သင်တန်းကြောင့် တပည့်တော်ကိုယ်တိုင် မည်သည့်နည်းနှင့်မျှ မသိနိုင်သော တပည့်တော်၏ စိတ်အကြောင်းများကို သိခဲ့ရပါသည်ဘုရား။ တပည့်တော်၌ ရှိနေသော မကောင်းသော စိတ်များ၊ အမူအကျင့် ဉာဉ်ဆိုးများ အယူမှားများကို လက်တွေ့ပြုပြင်ပေးနိုင်သည့် တရားတော်မှာ ဤပဋ္ဌာန်းတရားတော်သာ ဖြစ်ကြောင်း သိလာရပါသည်ဘုရား။

ပဋ္ဌာန်းသင်တန်း၌ အကြောင်းတရားနှင့် အကျိုးတရားကို သင်ရသောကြောင့် မည်သူ့ကိုမျှ အပြစ်တင်စရာ မရှိတော့ပါဘုရား။ ချစ်ခင်ရသူများနှင့် ရှင်ကွဲ၊ သေကွဲ ခွဲခွာရခြင်းများကို ကွဲတတ် သောသဘောရှိသည့် ဖန်ခွက်များကွဲခြင်းဥပမာနှင့် သင်ကြားခဲ့ရသည့်အတွက် စွဲလမ်းငြိတွယ်မှု များကို လျော့ချလာနိုင်ပါပြီဘုရား။ Attachment နည်းလေ အရင်က မသိ၍ ထမ်းထားရသော ဝန်ထုပ်ဝန်ပိုးများ လျော့လာလေဟု ခံစားရပါသည်ဘုရား။ စိတ်ကိုလည်း အေးအောင် နေတတ် လာပါသည်ဘုရား။ ယခုလို နေတတ်လာသောအခါမှသာ ယခင်က ဘယ်လောက်ပူခဲ့သည်ကို သိခဲ့ရပါသည်ဘုရား။ တစ်ဖက်သားကို အလွယ်တကူ ခွင့်လွှတ်တတ်လာနိုင်ပြီး ထိုခွင့်လွှတ်မှုကြောင့် တပည့်တော်လည်း ပိုငြိမ်းချမ်းလာရပါသည်ဘုရား။

ပဋ္ဌာန်းသင်တန်းတက်ခွင့်ရခြင်းသည် တပည့်တော်အတွက် အမှောင်ထဲမှ အလင်း ရောင်ကို လှမ်းမြင်ခွင့်ရခြင်းပါဘုရား။ ယခု ရောက်သောနေရာမှ နောက်ပြန်ကြည့်မိသောအခါ ယခင်က အမှောင်ထဲတွင် မျက်ကန်းလမ်းလျှောက်နေသော အန္တရာယ်များလှသည့် ဘ၀ နေနည်းဖြင့် နေခဲ့သည်ကို တွေ့ရပါသည်ဘုရား။

ဒေါ်ချိုသက်မောင်၊ B.E(Civil)၊ အင်ဂျင်နီယာလုပ်ငန်း၊ နေပြည်တော်

 

ဆရာတော်သည် ခက်ခဲနက်နဲသည့် ပဋ္ဌာန်းတရားတော်ကို ခေတ်မှီသင်ကြားနည်းနှင့် သင်ထောက်ကူပစ္စည်းများကိုသုံးကာ တပည့်များကို သင်ကြားပေးတော်မူပါသည်။ ပဋ္ဌာန်း တရားတော်ဟူသည် အခြားမဟုတ် မိမိ၏ဘဝအကြောင်းကို ဟောနေသည့်တရားဖြစ်ကြောင်း နားလည်လာပါသည်ဘုရား။

‘အကြောင်းတရားမရှိဘဲ အကျိုးတရားတစ်ရပ် မပေါ်ပေါက်နိုင်ကြောင်း’ ကို နေ့စဉ် ဘဝထဲက အကြောင်းတစ်ရပ်ကို ဥပမာတင်ကာ ပဋ္ဌာန်း (၂၄)ပစ္စည်းဖြင့် နာရီဝက်ခန့် သင်ကြားပေးတော်မူပြီးနောက် တပည့်များကိုယ်တိုင် တွေးခေါ်တတ်လာစေရန် ရည်ရွယ်ကာ တစ်ဦးချင်းစီ၏ အမြင်ရှုထောင့်ကို ဖြေကြားစေပါသည်။ ထို့နောက် ဖြေကြားလာသည့် အဖြေကို ဆရာတော်က ဆန်းစစ် ဝေဖန် ပြသပေးသည့်နည်းဖြင့် ပဋ္ဌာန်းတရားတော်ကို ဘဝထဲရောက်အောင် သင်ကြားပေးတော်မူပါသည်။

ထို့ကြောင့် ဘဝထဲ၌ ပဋ္ဌာန်းတရားတော်ကို အနည်းငယ်မျှ Apply လုပ်လာနိုင်သဖြင့် ကြုံဆုံနေရသည့် အခြေအနေအရပ်ရပ်အပေါ်တွင် “ဖြစ်နိုင်တယ်၊ ဖြစ်ခွင့်ရှိတယ်၊ မဖြစ် သေးတာပဲရှိတယ်၊ အကြောင်းစုံရင်ဖြစ်မယ်”ဟု လက်ခံလာနိုင်ပါသည်။ ထို့ကြောင့် အနည်းငယ်မျှ နားလည်လာသော ပဋ္ဌာန်းတရားတော်ဖြင့် ဘဝကို နေတတ်လာသည်နှင့် တစ်နေ့တာ ဘဝ၌ သောကနည်းပြီး စိတ်အေးချမ်းလာပါသည်ဘုရား။

ဦးနိုင်နိုင်ထွန်း (BSc.Phy)၊ ဧည့်လမ်းညွှန် (စပိန်)၊ ရန်ကုန်

 

ပဋ္ဌာန်းသင်တန်းကရတဲ့ အဆုံးအမတွေကြောင့် ကောင်း၊ ဆိုး လောကဓံနဲ့ကြုံရင် ပြုခဲ့ဖူးတဲ့ ကံအကြောင်းတွေကြောင့် အကျိုးအဖြစ်နဲ့ ပြန်ပြီး ခံ၊ စံနေကြရတယ်ဆိုတာ သိလာရတော့ အသိ တွေလည်း ပိုပြီး တိုးလာရတဲ့အပြင် ကံ ကံ၏အကျိုးကိုလည်း ပိုပြီး နားလည် လက်ခံလာနိုင် ပါတယ်ဘုရား။

အရင်က ဘဝတိုးတက်တယ်ဆိုတာ ရုပ်ဝတ္ထုတိုးတက်မှုတွေနဲ့ပဲ တိုင်းတာခဲ့မိပါတယ် ဘုရား။ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုနဲ့တိုင်းမှ ပြည့်စုံမယ်ဆိုတာကိုလည်း ပိုနားလည်လာခဲ့ရပါ တယ်ဘုရား။ ပိုင်တယ်ဆိုတာ အပ်ဖျားပေါ် မုန်ညှင်းစေ့တင်သလို စိတ်မှာ ဆုံသခိုက်ကလေးပဲ ဆိုတာကို ပိုနားလည်လာရတော့ ဆုပ်ကိုင်ထားစရာ ဘာမှမရှိဘူးဆိုတာ ပိုသိလာရပါတယ် ဘုရား။

ပဋ္ဌာန်းသင်တန်းတက်ပြီး ဒုတိယဘဝရလိုက်သလို၊ နှစ်ဘဝကွဲသွားသလို ခံစားရပါတယ် ဘုရား။ ဒါကလည်း အရင်ကအသိတွေနဲ့ အခုအချိန်မှာ သိတဲ့အသိတွေနဲ့ ပြန်ပြီး နှိုင်းယှဉ်မှ မြင်တတ်လာရတာပါဘုရား။ ပဋ္ဌာန်းတရားတော်တွေကို ဘဝနှင့်ပဋ္ဌာန်း တစ်ထပ်တည်းကျအောင် သိမြင်ခွင့်ပေးတဲ့ ဆရာတော်ဘုရားကိုလည်း ကျေးဇူးတင် ဦးခိုက်ပါတယ်ဘုရား။

ဒေါ်ညွန့်မဉ္ဇသင်း၊B.A(B.M)၊ K.B.Z(General Manager)

 

ပဋ္ဌာန်း ပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေဿပါဠိများကို လွန်ခဲ့သော ခြောက်နှစ်ခန့်မှစ၍ အဓိပ္ပာယ်ကိုတော့ နားမလည်သော်လည်း တပည့်တော် နေ့စဉ် ပူဇော်ခဲ့ပါသည်။တပည့်တော်တို့မိသားစုသည် မကြာခဏ အလှူဒါန်းများ လုပ်ပါသည်။ လှူသော အချိန်များတွင် ငါတို့ရဲ့ အလှူဟူသောစိတ်ဖြင့် လှူနေမှန်းမသိ “ကုသလော ဓမ္မော အကု သလဿ ဓမ္မဿ” ဖြစ်နေမှန်း မသိခဲ့ပါ။ ပဋ္ဌာန်းတရားကို သင်ယူမိလာမှ “ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ” ဖြစ်အောင် လှူနိုင်အောင် ကြိုးစားလာနိုင်ပါတယ်ဘုရား။ ပဋ္ဌာန်းသင်တန်း တက်ပြီးနောက်ပိုင်း အားငယ်စိတ်၊ ကြောက်စိတ်၊ ချီးမွမ်းတာ၊ ကဲ့ရဲ့တာ နည်းလာပြီး လွတ်လပ်စွာ ပြောဆိုဆက်ဆံနိုင်လာပါတယ်။ Mind Power တွေဟာလည်း ပြောင်းလဲလာပါတယ်။ တပည့်တော် ပစ္စည်းလေး ပျောက်သွားတာတောင်မှ ပြုခဲ့တဲ့မကောင်းမှု အကုသိုလ်ကံက အကျိုးပေးလာတာပဲဆိုတာကို ပဋ္ဌာန်းသင်တန်းတက်မှ ခွဲခြား သိနိုင်လာပါတယ်ဘုရား။

ဆရာမဒေါ်ရီရီလွင်၊ (B.Sc,Chem)၊ ဟိန်းထက်လျံ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပြင်ဦးလွင်

 

ပဋ္ဌာန်းသင်ကြားပြီးနောက် လူအများနှင့် ပြောဆိုဆက်ဆံရာတွင် သူတစ်ပါး၏အမြင်ကိုပါ ထည့်သွင်း စဉ်းစားပေးတတ်လာသည်။ တောင်ပေါ်မှကြည့်သောသူနှင့် တောင်အောက်ခြေမှ ကြည့်နေသူနှစ်ဦးကဲ့သို့ တွေ့ရှိရသောမြင်ကွင်း၊ အမြင်မတူညီနိုင်ပုံကို နားလည်လက်ခံပေး တတ်လာပါသည်။

ပဋ္ဌာန်းတရားတော်ကို မလေ့လာခင်က လှူဒါန်းရာတွင် အနည်းငယ်သာလှူပြီး ဆုများများတောင်းမိတိုင်း ကိုယ့်လိပ်ပြာ ကိုယ်မလုံသော ခံစားချက်များ ရှိခဲ့ဖူးပါသည်။ ယခု၌မူ ကံလမ်းကို ထောက်ပံ့ပေးနိုင်သော လှူဒါန်းမှု၊ ဉာဏ်လမ်းကို ထောက်ပံ့ပေးနိုင်သော လှူဒါန်းမှုဟု ခွဲခြား သိရှိလာခဲ့သဖြင့် ‘ညောင်စေ့လောက်ပင် လှူသော်ငြားလည်း စိတ်ထားတတ်လျှင် ညောင် ပင်ကြီးလောက် ရနိုင်ပါတယ်’ ဆိုသော စကား၏အဓိပ္ပာယ်ကို လေးလေးနက်နက် နားလည်လာ ခဲ့ပါသည်ဘုရား။

ဒေါ်ခင်သန်းစိုး၊ M.Sc(Maths )၊ ကထိက၊ စစ်တက္ကသိုလ်၊ ပြင်ဦးလွင်မြို့

 

မြို့တော်ဝန်ကျောင်းတွင် တနင်္ဂနွေနေ့တိုင်း ပဋ္ဌာန်းတရားတော်ကို သင်ကြားခဲ့ရပြီး အပတ်တိုင်း အိမ်စာများရေးခွင့် ရခြင်းကြောင့်လည်း တစ်ပတ်လုံး တရားတော်ကို အာရုံပြု၍ စဉ်းစားဆင်ခြင်နေဖြစ်သောကြောင့်လည်း အကျိုးကြီးလှပါတယ်ဘုရား။ ပဋ္ဌာန်းပဥှာဝါရ သင်တန်းစစချင်း ကုသလာဟေတု၊ အကုသလဟေတုဆိုတဲ့ ဟိတ်တရား ၆-ပါးကို စသင် လိုက်ကတည်းက ပဋ္ဌာန်းတရားက တပည့်တော်ကို ဖမ်းစားသလို ခံစားရပါတယ်ဘုရား။

ကမ္မပစ္စည်း၊ ဝိပါကပစ္စည်းတွေ သင်ရတော့လည်း တပည့်တော်တို့ ဘဝတွေရလာတာ ကံနဲ့ ကိလေသာပစ်ချမှုကြောင့် ရလာတဲ့ ကံအရုပ်တွေပါလား၊ တပည့်တော်တို့ လုပ်ခဲ့တဲ့ စေတနာကံတွေ နာနာက္ခဏိကကံတွေအလိုက် ခံကြ၊ စံကြရတာပါလားလို့ နည်းနည်းလက်ခံလို့ ရလာတာနှင့်အမျှ စိတ်လည်း အေးချမ်းလာပါတယ်ဘုရား။

ပဋ္ဌာန်းတရားတော်ကတော့ လေ့လာလို့မဆုံး ဖြစ်နေရပါပြီဘုရား။ တစ်နေ့ တစ်နေ့ တစ်ချက်တစ်ချက် ပိုသိလာရတိုင်းလည်း ပီတိဖြစ်မိပါတယ်ဘုရား။ ဟောကြားခဲ့တဲ့ ဘုရားရှင်၊ ရဟန္တာအရှင်သူမြတ်အပေါင်းနဲ့တကွ ဆရာတော်ကိုလည်း အမြဲ ဦးတင်ရှိခိုးလျက်ပါဘုရား။

ဒေါ်နီမာခိုင်၊ B.S.C(Math)၊ ဆူပါစတား ပြည်တွင်းဖြစ်၊ နိုင်ငံခြားဖြစ် မှန်အမျိုးမျိုး ဖြန့်ချိရေး၊ ပျဉ်းမနားမြို့

 

ပဋ္ဌာန်းသင်တန်း တက်ခွင့်ရတဲ့အတွက် ပြောလိုက်တဲ့ စကားလုံးတိုင်းမှာပါတဲ့ စေတနာဟာ ကံမြောက်ကြောင်း သဟဇာတကမ္မမှာ သိခဲ့ရပါတယ်ဘုရား၊ ပြောလိုက်တဲ့ စကားတစ်ခွန်းပေမဲ့ နောက်ကွယ်က စိတ်ထဲမှာတော့ မလိုမုန်းတီးမှု၊ မနာလိုမှု၊ မကျေနပ်မှုတွေနဲ့ ပြည့်နေတော့ ကိုယ်တိုင်လည်း သတိမရှိတော့ ပြဿနာတွေတက်ပြီး စကားတိုက်ပွဲတွေ ကြီးထွားခဲ့ရပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရပါတယ်ဘုရား။

ပဋ္ဌာန်းတရားသင်တန်းတက်မှ “သဟဇာတာ အကုသလာ စေတနာ စိတ္တသမုဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” ဆိုပြီး ပဋ္ဌာန်းပဥှာဝါရ ကုသလတိတ် ကမ္မပစ္စည်းကို လေ့လာခွင့် ရတော့မှဘဲ ကိုယ်လုပ်တာ ကိုယ်ရနေတာပါလားလို့ သိခဲ့ရပါတယ်ဘုရား။

မိမိလုပ်ခဲ့တဲ့ ကံကြမ္မာရဲ့ ပုံရိပ်တွေနဲ့ လူလာဖြစ်လာကြတယ်။ လူဖြစ်လို့ရှိရင်လည်း ပုံစံအမျိုးမျိုး ရုပ်လှတဲ့လူ ရှိသလို ရုပ်ဆိုးတဲ့လူ ရှိတယ်။ ချမ်းသာတဲ့လူ ရှိသလို ဆင်းရဲတဲ့လူ ရှိတယ်။ အသားမည်းတဲ့လူ ရှိသလို အသားဖြူတဲ့သူလည်း ရှိနေပါတယ်၊ “နာနက္ခဏိကာ (ကုသလာ၊ အကုသလာ) စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” လို့ ပဋ္ဌာန်း ပဥှာဝါရ ကုသလတိတ် ကမ္မပစ္စည်းကိုသင်ရတော့မှ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ် ကံဟာ တကယ် (Creator) ဖန်ဆင်းရှင်အစစ် ဖြစ်တယ်ဆိုတာ နားလည်လာပါတယ်ဘုရား။

ဒေါ်အေးအေးသန်း (B.Sc.Zoo )၊ အထည်ဆိုင် (ဈေးလေး)၊ ပြင်ဦးလွင်

 

ပဋ္ဌာန်းသင်တန်းမတက်ခင်က နေခဲ့ရတဲ့ Life Style နှင့် သင်တန်းတက်ပြီး ရလာတဲ့ အဆုံးအမတွေနဲ့ ခုနေနေရတဲ့ Life Style နှစ်ခု မတူတော့ပါဘူးဘုရား။ ဝိပါက်အကျိုးပေးဆိုတာကို နားလည်နိုင်တဲ့ ဉာဏ်မရှိတုန်းက Why me? ၊ ငါ့မှာမှ ဖြစ်ရလေခြင်း ဆိုတာတွေနဲ့ ဖြေရှင်းမိပြီး လောကဓံကို ရင်မဆိုင်တတ်ခဲ့ပါဘူးဘုရား။ အကုသိုလ် ဟေတုရေသောက်မြစ် စည်ပင်ဖွံ့ဖြိုး ကြောင်းတွေကိုပဲ လုပ်နေမိတာပါလားလို့ သင်တန်းတက်မှ သိလာခဲ့ရပါတယ်ဘုရား။

ပဋ္ဌာန်းသင်တန်းမှာ အကြောင်းအကျိုး သဘောတွေကို သင်ရ၊ နာကြားရတော့မှ ဘ၀ တစ်ခုရလာတာ အသိဉာဏ်ရှိမှ ချမ်းသာမယ် အသိဉာဏ်ရှိမှ လုပ်သမျှကုသိုလ် ပြောသမျှကုသိုလ် တွေးသမျှကုသိုလ်တွေနဲ့ တစ်နေ့တာ ဖြတ်သန်းရတာ ဘဝအဓိပ္ပာယ်ပိုရှိလာတယ်လို့ နှလုံးသွင်း ခံစားမိပါတယ်ဘုရား။

ဒေါ်နန်းခင်မွှေး၊ အခြေခံပညာအထက်တန်း၊ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)

 

ပဋ္ဌာန်းသင်တန်း တက်ခွင့်တွေ ရလာတဲ့နောက် တပည့်တော်ဘဝကို အဓိပ္ပာယ်ရှိသော၊ လေးနက်သော၊ ဉာဏ်ပညာရှိသော၊ ဆိုဆုံးမလွယ်သော၊ တန်ဖိုးရှိသော၊ ရှင်သန်မှုမျိုးဖြစ်အောင် ကြိုးစား နေထိုင်ချင်စိတ်တွေ ဖြစ်လာခဲ့ပါတယ်ဘုရား။

အရင်က ပဋ္ဌာန်းတရားဆို ရွတ်ဖတ်ပူဇော်တာလောက်ပဲ သိခဲ့ပြီး ဘဝထဲ ပဋ္ဌာန်းတရား တော်တွေ ပါနေတာကို သင်တန်းတက်လာရင်းမှ သိလာခဲ့တာပါဘုရား။ ဆရာတော် အပတ်စဉ် ရေးခိုင်တဲ့ အိမ်စာတွေကြောင့်လည်း တပည့်တော်ရဲ့ဘဝကို ပဋ္ဌာန်းတရားတော်တွေနဲ့ ချိန်ထိုး ကြည့်တတ်လာခဲ့ပါတယ်ဘုရား။

အလုပ်တစ်ဖက်နှင့်ပဲ ရှစ်ပါးသီလကို နေ့စဉ်မပင်မပန်း စောင့်ထိန်းနေပါတယ်။ ပဋ္ဌာန်း သင်တန်းတက်ပြီးနောက်ပိုင်း Value & Devalue ကို ခွဲခြားတတ်လာတယ်။ လုပ်ငန်းခွင်ရော မိသားစုထဲမှာပါ အဆင်ပြေအောင် နေတတ်လာတယ်။ အရင်လို လက်လွတ်စပယ်နေလို့ မရ တော့ဘူးဆိုတဲ့ ဘဝအပေါ်အမြင်တွေက လေးနက်လာခဲ့သလို ရည်ရွယ်ချက်တွေ ဦးတည်ချက် တွေလည်း ရှိလာခဲ့ပါတယ်ဘုရား။

မထက်ထက်လှိုင်၊ B.A(History) ၊ CB Bank (Assistant Supervisor)

 

မှီငြမ်းကိုးကားသည့် ကျမ်းစာအုပ်များ

၁။ ဆဋ္ဌမူ အဘိဓမ္မပိဋက ပဋ္ဌာနပါဠိတော် ၅-အုပ် နှင့်သက်ဆိုင်ရာ အဋ္ဌကထာ၊ ဋီကာ။
၂။ ပထမရွှေကျင်ဆရာတော်ကြီး၏ ပဋ္ဌာန်းပစ္စည်း အနက်အဓိပ္ပာယ်ကျမ်း။
၃။ မဟာဝိသုဒ္ဓါရာမဆရာတော်၏ ပရမတ္ထသရူပဘေဒနီကျမ်း။(ပထမတွဲ၊ ဒုတိယတွဲ)၂၀၀၂-ခုနှစ်တွင် ထုတ်ဝေသည်။
၄။ လယ်တီဆရာတော်ကြီး၏ ပဋ္ဌာနုဒ္ဒေသဒီပနီကျမ်း။
၅။ ကျေးဇူးရှင် မိုးညှင်းတောရဆရာတော်ကြီး၏ လက်တွေ့ပဋ္ဌာန်းဆားမြည်းကျမ်းနှင့် လက်တွေ့ပဋ္ဌာန်းဘုံဆိုင်ကျမ်း။
၆။ ဘဒန္တာစရိယအာနန္ဒမထေရ်၏ ပဉ္စပကရဏ မူလဋီကာနှင့်ပဉ္စပကရဏအနုဋီကာ ၁၉၆၀-ခုနှစ်တွင် ထုတ်ဝေသည်။
၇။ အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဘိဓမ္မာပဋ္ဌာန်း ညဝါမှတ်စု သုံးချက်စု ချပို့စဉ် အဘိဓမ္မာပဋ္ဌာန်းညဝါမှတ်စု။
၈။ ထန်းတစ်ပင်သာသနာပိုင်ဆရာတော် အရှင်နန္ဒမေဓာ၏ ပဋ္ဌာန်းအရကောက်နှင့် အနုဂဏ္ဌိ ၂၀၁၆-ခုနှစ်တွင် ထုတ်ဝေသည်။
၉။ မူလပဋ္ဌာန်းဆရာတော်ဘုရား၏ အသံဖမ်း ပဋ္ဌာန်းပို့ချစဉ်ကျမ်း။ (ပဋ္ဌာန်းပစ္စယနိဒ္ဒေသေ – ပဌမပိုင်း) ၁၉၇၀-ခုနှစ်တွင် ထုတ်ဝေသည်။
၁၀။ မူလပဋ္ဌာန်းဆရာတော်ဘုရား၏ အသံဖမ်းပဋ္ဌာန်း ပို့ချစဉ်ကျမ်း ။(ပဥှာဝါရသင်္ချာ-ပထမတွဲ၊ ဒုတိယတွဲ) ၁၉၇၈-ခုနှစ်တွင် ထုတ်ဝေသည်။
၁၁။ ပဋ္ဌာန်းသိပ္ပံဆရာတော် အရှင်ဣန္ဒကထေရ၏ ပဋ္ဌာနသာရဝိလာသိနီခေါ် ပဋ္ဌာန်း သိပ္ပံကျမ်း။ (ပထမ၊ ဒုတိယ၊ တတိယတွဲ) ၁၉၇၉-ခုနှစ်တွင် ထုတ်ဝေသည်။
၁၂။ အရှင်နန္ဒောဘာသ၏ အုတ်ကန်ပဋ္ဌာန်း နည်းပြကျမ်း ၂၀၁၅-ခုနှစ်တွင် ပုံနှိပ် ထုတ် ဝေသည်။
၁၃။ ခင်ဦးတောရ မူလပဋ္ဌာန်းဆရာတော်၏ ပဋ္ဌာန်းပါရဂူကျမ်း။
၁၄။ အဂ္ဂမဟာပဏ္ဍိတ သဒ္ဓမ္မောဒယ ဆရာတော်ဘုရား၏ ပဋ္ဌာနသာရဝိဘာဝနီ ပဋ္ဌာန်း ဂဏ္ဌိကျမ်းကြီး (ပထမ၊ ဒုတိယ၊ တတိယတွဲ) ၁၉၆၁ – ခုနှစ်တွင် ထုတ်ဝေသည်။
၁၅။ သဲအင်းသာသနာပိုင် ဆရာတော်ဘုရားကြီး၏ ပဋ္ဌာန်းညဝါသုံးစောင်တွဲကျမ်း ၁၉၁၁-ခုနှစ်တွင် ထုတ်ဝေသည်။
၁၆။ မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်း။(ပထမတွဲနှင့် ဒုတိယတွဲ) ၂၀၁၅–ခုနှစ် တွင် ၁၃- ကြိမ်မြောက် ထုတ်ဝေသည်။
၁၇။ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး၏ အခြေပြုပဋ္ဌာန်းတရားတော် ၂၀၀၆–ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။
၁၈။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ င်္သဂြိုဟ်ဘာသာဋီကာ (ဧကာဒဿမအကြိမ်) ၂၀၀၄-ခုနှစ်တွင် ထုတ်ဝေသည်။
၁၉။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ ဝီထိနှင့် သုံးချက်စု။
၂၀။ ဗန်းမော်ဆရာတော်ကြီး၏ ပဋ္ဌာန်းတရားတော်။
၂၁။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော်ကြီး၏ ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ ၂၀၀၈-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။
၂၂။ ပန်းကုံးဆရာတော်ကြီး အရှင်ကုမာရ၏ ပဋ္ဌာနပန်းကုံး။ ၂၀၁၆–ခုနှစ်တွင် ပုံနှိပ်ထုတ် ဝေသည်။
၂၃။ ပန်းကုံးဆရာတော်ကြီး အရှင်ကုမာရ၏ မာတိကာဓာတုကထာပန်းကုံး နဝမအကြိမ် မြောက် ၂၀၁၄-ခုနှစ်တွင် ထုတ်ဝေသည်။
၂၄။ အမရပူရမင်္ဂလာတိုက် ပဌမကျော်ဆရာကြီးဦးအုန်း၏ အဘိဓမ္မာတန်းခွန်ကျမ်းနှင့် ယမကဝီထိမဉ္ဇရီကျမ်း (စတုတ္ထအကြိမ်)အဖြစ် မန္တလေး ဟံသာဝတီပုံနှိပ်တိုက်တွင် ၁၉၃၆-ခုနှစ်တွင် ပုံနှိပ်သည်။
၂၅။ ပဋ္ဌာန်းသိပ္ပံဆရာတော်၏ ပဋ္ဌာန်းလမ်းညွှန်ကျမ်း။ (ဒုတိယအကြိမ်)၂၀၀၈-ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသည်။
၂၆။ ဆရာတော်ဦးသေဋ္ဌိလ၏ မုံရွာလယ်တီပဋ္ဌာန်းဟောစဉ် အမှတ် (၁-၂)၂၀၀၀- ခုနှစ်တွင် ထုတ်ဝေသည်။
၂၇။ သဒ္ဓမ္မရံသီရိပ်သာဆရာတော်၏ ပဋ္ဌာန်းနှင့် ဝိပဿနာသိကောင်းစရာတရားတော် ၂၀၀၅ – ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။
၂၈။ မြောင်းမြတိုက်သစ် ပဇ္ဇောတာရုံဆရာတော် အရှင်ဂုဏိဿရ၏ ပဋ္ဌာနဗောဓိကျမ်း ၂၀၁၂ – ခုနှစ်တွင် ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေသည်။
၂၉။ အရှင်တိလောကာဘိဝံသ၏ မာတိကာ + ဓာတုကထာ လက်ဆောင်။
၃၀။ ပါမောက္ခချုပ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ၏ ပဋ္ဌာန်းမြတ် ဒေသနာ ၂၀၁၁-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။
၃၁။ ပါမောက္ခချုပ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ၏ ပဋိစ္စ သမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း ၂၀၁၁-ခုနှစ်တွင် ထုတ်ဝေသည်။
၃၂။ အရှင်တေဇနိယ၏ ပထမကြီးတန်းအတွက် ပဋ္ဌာန်းအလင်းရောင်၂၀၀၀-ပြည့်နှစ်တွင် ထုတ်ဝေသည်။
၃၃။ အရှင်ဇောတိက (ညောင်တုန်း) ၏ ပဋ္ဌာန်းပစ္စယနိဒ္ဒေသေ ပို့ချဟောကြားချက်များ ၂၀၀၈-ခုနှစ်တွင် ထုတ်ဝေသည်။
၃၄။ ဘဒ္ဒန္တဇဝနမဟာထေရ်၏ တိကတိက၊ ဒုကဒုက၊ တိကဒုက ပဋ္ဌာနပါဠိ ပဉ္စမတွဲ (ဒုတိယပိုင်း) ၂၀၁၉-ခုနှစ်တွင် ထုတ်ဝေသည်။
၃၅။ ဘဒ္ဒန္တဝိသုတ၏ ပဋ္ဌာန်းသင်္ချာ (ပထမတွဲ) ၂၀၁၈-ခုနှစ်တွင် ထုတ်ဝေသည်။
၃၆။ သစ္စဒီပကဆရာတော် ဘဒ္ဒန္တရေဝတထေရ်၏နိဗ္ဗာန သစ္ဆိကရဏီယကျမ်း။(စတုတ္ထအကြိမ်မြောက်) ၁၉၈၀-ခုနှစ်တွင် ထုတ်ဝေသည်။
၃၇။ ပဋ္ဌာန်းဆရာတော် ဦးဝါယမ (ရေဦး) ၏ ပဋ္ဌာန်းဝိပဿနာဟောစဉ်ကျမ်း ၁၉၉၃-ခုနှစ် တွင် ထုတ်ဝေသည်။
၃၈။ ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)၏ လူတိုင်းအတွက်ပဋ္ဌာန်း ၂၀၁၁-ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသည်။
၃၉။ တောင်တွင်းကြီး ဘုံကျော်ဆရာတော်၏ တိကပဋ္ဌာနပါဠိ၊ ပစ္စယနိဒ္ဒေသမှတ်စု။
၄၀။ ဆရာကြီးဦးအုန်း၏ အဘိဓမ္မာ့တန်ခွန်ကျမ်းနှင့် ယမကဝီထိမဉ္ဇရီကျမ်း။၁၉၃၆ခု၊ (စတုတ္ထအကြိမ်) မန္တလေး ဟံသာဝတီပိဋကတ် စာပုံနှိပ်တိုက်။
၄၁။ သာသနာရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ -၁ ၁၉၈၄-ခုနှစ်တွင် ထုတ်ဝေသည်။
၄၂။ သာသနာရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ -၃ ၂၀၀၄-ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေသည်။
၄၃။ ဦးသော်ဇင်၏ လန်ဒန်ပါဠိဒေဝီ၏အမေး၊ လယ်တီဆရာတော်အဖြေ (ပဋ္ဌာန်းအလင်းပြကျမ်း)
၄၄။ ဦးမြင့်ဆွေ မဟာဝိဇ္ဇာ (လန်ဒန်) ၏ ပဋ္ဌာန်းမဟာ။
၄၅။ ဆရာကြီးဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း ၁၉၈၃-ခုနှစ်တွင် ထုတ်ဝေသည်။
၄၆။ ဆရာကြီးဦးကျော်ထွတ်၏ သဒ္ဓမ္မဇောတိကပဋ္ဌာန်းကျမ်း။၁၉၉၉–ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။
၄၇။ ဦးတင်ဝင်း(ဒိုက်ဦး)၏ ပဥှာဝါရဝိဘင်္ဂမှတ်စု ၂၀၁၂-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။
၄၈။ ဦးတင်ဝင်း (ဒိုက်ဦး)၏ မာတိကာမှတ်စု ၂၀၁၀-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။
၄၉။ မဟာသဒ္ဓမ္မဇောတိကဓဇ ဆုထူးပန်ဆရာဟန်၏ သံသရာလမ်းညွှန်ပညာ ဆုထူးပန် အဘိဓမ္မာကျမ်းများ (ပထမအဆင့်) ၂၀၁၂-ခုနှစ်တွင် ထုတ်ဝေသည်။
၅၀။ ဒေါက်တာမင်းတင်မွန်၏ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် (စတုတ္ထအကြိမ်) ၁၉၉၈–ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။
၅၁။ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာကြီးဦးခင်မောင်သန်း၏ ပဋ္ဌာန်းစာတမ်း။
၅၂။ ခွဲစိတ်ဆရာဝန် ဒေါက်တာစိန်လင်း၏ နယသာဂရ ပဋ္ဌာန်းတရားတော် (စတုတ္ထအကြိမ်) ၂၀၁၀–ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။
၅၃။ ပြင်ဦးလွင်မှ ဆရာကြီးဦးအုန်းကျော် (အင်ဂျင်နီယာ)မှ ဟောကြားသည့် ဘဝနှင့် ပဋ္ဌာန်း တရားတော်များ။
၅၄။ သစ္စာမဏ္ဍိုင် ပိဋကတ်တိုက်မှ ထုတ်ဝေသည့် ပဋ္ဌာန်းပါဠိတော်နိဿယနှင့် ၂၄-ပစ္စည်း အဓိပ္ပါယ်အကျဉ်း ၁၉၈၅–ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။
၅၅။ Handbook of Abhidhamma studies by Ven.Sayadaw U Silananda
၅၆။ Patthana by Ven.Sayadaw U Silananda.
၅၇။ Anantara paccayo by Ashin Kudalabivamsa.
၅၈။ Patthana Condition Relations by Agganyani.
၅၉။ Buddhadhamma- The laws of Nature and Their Benefits to Life by Bhikkhu P.A.Payutto
၆၀။ University of Abhidhamma Superior Diploma Course in Abhidhamma (English) Level 1Part(I)Lectures.
၆၁။ Patthana Dhamma By Htoo naing
၆၂။ www.kbrl.gov.mm
၆၃။ www.dhammadownload.com
၆၄။ www.dhammatrainingcenter.com
*Website များမှ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာနှင့် ပိဋကတ်တို့၏ မြန်မာပြန်ကောက်နုတ်ချက် အတိုများကို မှီငြမ်းခွင့် ရခဲ့ပါသဖြင့် ပညာရှင်များကို အထူးပင် ကျေးဇူးဥပကာရတင်ရှိပါသည်။

Loading