မာတိကာ

၂။ အာရမ္မဏပစ္စယော

Daily life Patthana

 



 

 

အာရုံအဖြစ်ဖြင့် ကျေးဇူးပြုသော ပစ္စည်းဖြစ်ပါသည်

 

The meaning is something to hold on to. It is compared to a staff. If you are infirm, you have to depend on the stick or the staff to get up or to stand.

 

 

‘တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းရလေ၊ ထိုင်ထစေသို့’ဟု ရှေးဆရာမြတ်တို့က ဥပမာ ပြုတော်မူခဲ့ကြသည်နှင့်အညီ တောင်ဝှေးကြိုးတန်းသည် မသန်မစွမ်းသူတို့အား သွားလာရန် အမှီဖြစ်၍ ကျေးဇူးပြုသကဲ့သို့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ ရုပ်၊ နာမ်၊ ဓမ္မ၊ အာရုံ(၆) မျိုးတို့သည် ၎င်းတို့ကိုမှီ၍ စိတ်၊ စေတသိက်၊ နာမ်တရားများ ဖြစ်ပေါ်အောင်၊ တည်တံ့အောင် ကျေးဇူးပြုကြသည်။

 

 

 

အာရုံခြောက်ပါး

 

အာရမ္မဏဟူသော ပါဠိဝေါဟာရကို မြန်မာဘာသာဖြင့် အာရုံဟု ပြန်ဆိုကြပါသည်။အင်္ဂလိပ်ဘာသာဖြင့် Object support condition ဟူ၍ ဘာသာပြန်နိုင်ပါသည်။ စိတ်သည် အာရုံနှင့်ကင်း၍ ၁-မိနစ်၊ ၁-စက္ကန့်မျှပင် နေမရပေ။ အိပ်ပျော်နေစဉ်၌သော်လည်း ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ပါးပါးကို အာရုံပြုနေ၏။

ယခု ပဋ္ဌာန်းပဥှာဝါရ သင်တန်းတက်နေသည့် အချိန်ကာလတိုအတွင်း၌လည်း ဝီထိ တစ်ခုနှင့် တစ်ခုအကြား၌ ဘဝင်များစွာ ခြားနေပါသည်။ ထိုဘဝင်စိတ်တို့သည် နိမိတ်တစ်ပါး ပါးကို အာရုံပြုမြဲ ဖြစ်သည်။ သို့သော် ဘဝင်ဟူသော ဝိပါက်စိတ်တို့သည် အလွန် နူးညံ့ သိမ်မွေ့သောကြောင့် ဘဝင်၏ အာရုံကိုသိရန် အခက်အခဲရှိပါသည်။

အာရုံခြောက်ပါး ရှိပါသည် –

၁ – ရူပါရုံ (အဆင်းအာရုံများ)

၂ – သဒ္ဒါရုံ (အသံအာရုံများ)

၃ – ဂန္ဓာရုံ (အနံ့အာရုံများ)

၄ – ရသာရုံ (စားဖွယ် သောက်ဖွယ် အရသာအာရုံများ)

၅ – ဖောဋ္ဌဗ္ဗာရုံ (အထိအတွေ့အာရုံများ) နှင့်

၆ – ဓမ္မာရုံ (ရူပါရုံ၊ သဒ္ဒါရုံ ဂန္ဓာရုံ၊ ရသာရုံနှင့် ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးပါးမှအပ အခြားအာရုံများသည် ဓမ္မာရုံမည်၏)

 

 

 

 

အဘိဓမ္မာသဘော

 

တောင်ဝှေး၊ ကြိုးတန်းတို့သည် သက်ကြီးရွယ်အိုနှင့် လူမမာတို့ ထနိုင်ရန်၊ လမ်းလျှောက် နိုင်ရန် စွဲကိုင်စရာဖြစ်သကဲ့သို့ စက္ခုဝိညာဉ် မြင်သိစိတ်သည် အရောင်အဆင်းအမျိုးမျိုးကို စွဲကိုင်ရမှသာ ဖြစ်ပေါ်နိုင်ပါသည်။ ကြည့်စရာ၊ မြင်စရာ အရောင်အဆင်းမရှိပါက မြင်ပြီးမှ သိရသည့် မြင်သိစိတ် မဖြစ်နိုင်ပါ။ ထို့ကြောင့် မြင်သိစိတ် ဖြစ်ပေါ်နိုင်ရန် (ဝါ) မြင်သိစိတ် ထူနိုင်၊ ထနိုင်ရန် ဖြူ၊ နီ၊ ဝါ၊ ပြာ အဆင်းအာရုံ အမျိုးမျိုးကို စွဲကိုင်ရပါသည်။

သောတဝိညာဉ် ကြားသိစိတ်သည် အသံအမျိုးမျိုးကို စွဲကိုင်ရမှသာ ဖြစ်ပေါ် နိုင်ပါသည်။ ကြားစရာ၊ နားထောင်စရာ အသံမရှိပါက ကြားပြီးမှသိရသည့် ကြားသိစိတ် မဖြစ်နိုင်ပါ။ ထို့ကြောင့် ကြားသိစိတ် ဖြစ်ပေါ်နိုင်ရန် (ဝါ) ကြားသိစိတ် ထူနိုင်၊ ထနိုင်ရန် အသံအာရုံ အမျိုးမျိုးကို စွဲကိုင်ရပါသည်။

ဃာနဝိညာဉ် နံသိစိတ်သည် အနံ့အမျိုးမျိုးကို စွဲကိုင်ရမှသာ ဖြစ်ပေါ်နိုင်ပါသည်။ နမ်းရှူစရာ၊ အနံ့မရှိပါက နံပြီးမှသိရသည့် နံသိစိတ် မဖြစ်နိုင်ပါ။ ထို့ကြောင့် နံသိစိတ်ဖြစ် ပေါ်နိုင်ရန် (ဝါ) နံသိစိတ် ထူနိုင်၊ ထနိုင်ရန် အနံ့အာရုံအမျိုးမျိုးကို ဆွဲကိုင်ရပါသည်။

ဇိဝှာဝိညာဉ် အရသာသိစိတ်သည် အရသာအမျိုးမျိုးကို စွဲကိုင်ရမှသာ ဖြစ်ပေါ် နိုင်ပါသည်။ အာရုံခံစရာ အရသာမရှိပါက လျှာပေါ်တင်ပြီးမှသိရသည့် အရသာသိစိတ် မဖြစ်နိုင်ပါ။ ထို့ကြောင့် အရသာသိစိတ် ဖြစ်ပေါ်နိုင်ရန် (ဝါ) အရသာသိစိတ် ထူနိုင်၊ ထနိုင်ရန် ချို၊ ချဉ်၊ ခါး၊ ဖန် အရသာအမျိုးမျိုးကို စွဲကိုင်ရပါသည်။

ထိုနည်းအတူ ကာယဝိညာဉ်ထိသိစိတ်သည် ထိတွေ့စရာအမျိုးမျိုးကို စွဲကိုင်ရမှသာ ဖြစ်ပေါ်နိုင်ပါသည်။ ထိတွေ့စရာမရှိပါက ထိတွေ့ပြီးမှသိရသည့် အထိအတွေ့သိစိတ် မဖြစ်နိုင်ပါ။ ထို့ကြောင့် ထိတွေ့သိစိတ်ဖြစ် ပေါ်နိုင်ရန် (ဝါ) ထိတွေ့သိစိတ် ထူနိုင်၊ ထနိုင်ရန် အကြမ်း၊ အနု၊ အကောင်း၊ အညံ့ အထိအတွေ့ အမျိုးမျိုးကို ဆွဲကိုင်ရပါသည်။

ထို့ကြောင့် အာရုံဟူသည် စိတ်၊ စေသသိက်၊ ရုပ်၊ နိဗ္ဗာန်နှင့် ပညတ်တို့က အာရုံတရား များဖြစ်သောကြောင့် အာရမ္မဏပစ္စည်း မထိုက်သည့် တရားဟူ၍ မရှိပါ။

 

 

 

 

အာရုံခြောက်ပါးသည် စားကျက်

ရုပ်ရှင်ရုံ၊ ကဇာတ်ရုံ၊ ပန်းဥယျာဉ်၊ လှပသော ပန်းချီကားချပ်၊ တယ်လီဖုန်း Handset စသည်တို့သည် လူ၏စိတ်ကို စွဲဆောင်နိုင်သဖြင့် စားကျက်ပမာ ဖြစ်သကဲ့သို့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့နှင့် အတွေးအကြံ ဟူသော အာရုံခြောက်ပါးသည်လည်း စိတ် စေတသိက်တို့၏ မွေ့လျော်ဖွယ်ရာ စားကျက် ဖြစ်၏။

စားကျက်၌ ကုသိုလ်၊ အကုသိုလ်ဟူ၍ မရှိပါ။ နာမ်တရားဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟဟူသော အကုသိုလ်ဟိတ်အစုနှင့် အလောဘ၊ အဒေါသ၊ အမောဟဟူသော ကုသိုလ် ဟိတ် အစုတို့ကသာ ကုသိုလ်၊ အကုသိုလ် ဖြစ်ပါသည်။

စားကျက်ဖြစ်သည့် အာရုံက လူမိုက်၊ လူလိမ္မာ၊ လူချမ်းသာ၊ လူဆင်းရဲ၊ ရှင်ဘုရင်၊ သူတောင်းစား အားလုံးအတွက် အတူတူပင် ဖြစ်သည်။ ဓာတ်ခံအားလျော်စွာ ထိုထိုအာရုံပေါ် မူတည်ပြီး ကုသိုလ်ဖြစ်သူ ရှိနိုင်သကဲ့သို့၊ အကုသိုလ်ဖြစ်သူလည်း ရှိနိုင်ပါသည်။

လူတို့က သားရှိ၍ ပျော်သည်၊ သမီးရှိ၍ ပျော်သည်၊ ဇနီးရှိ၍ ပျော်သည်၊ ခင်ပွန်းရှိ၍ ပျော်သည်၊ ဈေးမှာနေလျှင် ပိုပျော်သည်၊ ရုပ်ရှင်ရုံထဲ ပျော်သည် စသည်ဖြင့် ပျော်သည်၊ ပျော်သည်ဟု ပြောကြပါသော်လည်း ဇနီး၊ သမီး၊ ခင်ပွန်း၊ ဈေးရုံက အဓိကမဟုတ်ပါ။ ၎င်းတို့ မြင်တွေ့နေရသည့် အဆင်းအာရုံကြောင့် ပျော်နေကြခြင်း ဖြစ်ပါသည်။ ကြားနေရသည့် အသံ အာရုံတို့ကြောင့် ပျော်နေကြခြင်းဖြစ်သည်။ စားနေရသည့် အရသာအာရုံကြောင့် ပျော်နေကြ ခြင်းဖြစ်ပါသည်။ ထိတွေ့နေရသည့် အထိအတွေ့အာရုံကြောင့် ပျော်နေကြခြင်း ဖြစ်ပါသည်။ ဤတွင်လည်း အဆင်းအာရုံ၊ အသံအာရုံ၊ အရသာအာရုံ၊ အထိအတွေ့အာရုံ ပဓာနမဟုတ်။ သူတို့၏ သန္တာန်မှ အငမ်းမရလိုချင်နေသည့် ရာဂလောဘကသာ ပဓာနဖြစ်ပါသည်။

 

 

 

ကာမဂုဏ်၏ ကျေးကျွန်

ယနေ့ခေတ်ကာလ၌ ဤသို့ပျော်နိုင်ရန်၊ ဤသို့ခံစားနိုင်ရန်၊ ဤသို့ မွေ့လျော်နိုင်ရန် အတွက် ပဓာနလိုအပ်ချက်ကား ငွေစက္ကူ ဖြစ်နေပါသည်။ ထိုငွေစက္ကူရှိသူအဖို့ ထိုထိုအာရုံ မျိုးစုံကို စိတ်ရှိတိုင်း၊ အလိုရှိသလောက် ခံစားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ထိုထိုအာရုံမျိုးစုံတို့ကို စဉ်ဆက်မပြတ် တရှိုက်မက်မက် ခံစားနိုင်ရန် အလို့ငှာ အာသာတငမ်းငမ်း ဖြစ်နေကြသော လောကသားတို့သည် ကျန်းမာရေးကိုလည်း အလေး မထားနိုင်၊ အသက်ကိုပင် ပဓာနမပြုနိုင်ရှာဘဲ နေ့နေ့ညည မနေမနား ငွေကိုသာ ဘဝပေးပြီး ရှာဖွေနေကြရခြင်း ဖြစ်ပါသည်။ ကာမဂုဏ်၏ ကျေးကျွန်ဖြစ်နေသူတို့အဖို့မှာမူ ကာမဂုဏ် ခံစားနိုင်ရေးအတွက် ငွေမှအပ အခြားရှာဖွေစရာ ရှိနိုင်တော့မည် မထင်ပါ။

 

 

 

 

စက္ခုရူပေန သံဝါသာ

“အာရမ္မဏပစ္စည်းက အထက်ကိုနိဗ္ဗာန် အောက်ကို အဝီစိတိုင် ပို့ဆောင်နိုင်စွမ်းသည့်အထိ ကျေးဇူးပြုနိုင်သည်”ဟု ရှေးဆရာမြတ်တို့က ဆုံးမတော်မူကြပါသည်။

‘စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ဝိဇာယတိ။ မဟာနတ္ထကရော သော ဟိ၊ သံဝါသံ တေန ဝါရယေ’ မျက်စိနှင့်အဆင်း တွေ့ဆုံပေါင်းဖော်မိသဖြင့် လိုချင် စွဲလမ်းတပ်မက်သည့် ရာဂပုတ္တ ရာဂသားကလေး မွေးဖွားလာပါသည်။ ထိုရာဂသားကလေးသည် အလွန် ကြီးမား သည့် အကျိုးမဲ့ကို ပြုတတ်သောကြောင့် ဝါရယေ = ရာဂနှင့် ဝေးစွာ ရှောင်ရှားရမည်။

တစ်ဖန် ‘စက္ခုရူပေန သံဝါသာ၊ သဒ္ဓါ ပုတ္တံ ဝိဇာယတိ။ မဟာသုခကရော သော ဟိ၊ သံဝါသံ တေန အာရဘေ’ မျက်စိနှင့်အဆင်း တွေ့ဆုံပေါင်းဖော်မိသဖြင့် သဒ္ဓါပုတ္တံ၊ ယုံကြည်မှု သဒ္ဓါတရားဟူသော သားကလေး မွေးဖွားလာပါသည်။ ထိုသဒ္ဓါတရားကို အကြောင်းပြုကာ ဧရာမကြီးကျယ်သည့် ကောင်းမှုကုသိုလ်များစွာ ရရှိပေမည်။ သို့ဖြစ်ပါ၍ သဒ္ဓါတရား တိုးတက် ကြီးပွားလာရေးအတွက် အာရဘေ = ကြိုးစားအားထုတ်ရပါမည်။

 

 

 

 

ဣန္ဒြေမစောင့်စည်းသူတို့ ဘီလူးမအာရုံကြောင့် သေခဲ့ရ

ချောမောလှပသည့် ဘီလူးမအာရုံကြောင့် အသက်သေသည့်အထိပင် ဖြစ်ခဲ့ရသည့် အကြောင်းကို တေလပတ္တဇာတ်တော်ဖြင့် သာဓကပြုပါမည်။ ဘုရားအလောင်းတော်သည် ဗာရာဏသီမင်း၏ သားတော်တစ်ရာအနက် အငယ်ဆုံးသား ဖြစ်နေပါသည်။ သူသည် မင်းအရိုက်အရာကို ရနိုင်၏လော မရနိုင်၏လော ဟူ၍ သိလိုသဖြင့် နန်းတော်သို့ ဆွမ်းဘုဉ်းရန် ကြွမြဲဖြစ်သည့် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ထံတော်ပါး မေးလျှောက်ထား၏။

အရှင်မြတ်တို့က ဗာရာဏသီပြည်၌ မင်းမဖြစ်နိုင်ကြောင်း၊ ဤနေရာမှ ယူဇနာ ၁၂၀-ဝေးကွာသည့် တက္ကသိုလ်ပြည်ကို သွားပါ။ လမ်းခရီး၌ ဘီလူးမများပေါသော တောအုပ်ကြီးကို သင်မင်းသား အောင်မြင်စွာ ဖြတ်ကျော်နိုင်လျှင်မူ ၇-ရက်တွင်း မင်းအဖြစ်ကို ရနိုင်မည် ဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။

မင်းသားသည် အရှင်မြတ်တို့ထံပါးမှ ပရိတ်အရံအတားကိုယူပြီး အဖော်ငါးဦးနှင့်အတူ ခရီးထွက်ခွာလာရာ ကန္တာရလမ်းခရီး၌ ဘီလူးမတို့က နေချင့်စဖွယ် အလွန်သာယာသောမြို့ကို ဖန်ဆင်းထားပြီး သူတို့၏ ရုပ်အဆင်းကိုလည်း အလှပဆုံး ဖန်ဆင်းထားကြ၏။ မင်းသား၏ အဖော်များက ဣန္ဒြေကို မစောင့်စည်းနိုင်သောကြောင့် ဘီလူးမ၏ ဖြားယောင်းမှုအောက်၌ သာယာပြီး ဘီလူးစာ ဖြစ်သွားကြပါသည်။ ဘုရားအလောင်းတစ်ဦးသာ သတိဖြင့် ဣန္ဒြေကို စောင့်ထိန်းနိုင်ခဲ့သဖြင့် တက္ကသိုလ်ပြည်သို့ ရောက်ရှိလာပါသည်။

သို့သော် ဘီလူးမတစ်ယောက်က လှပသည့် မိန်းမငယ်အသွင် ဖန်ဆင်းပြီး မင်းသား နောက်တစ်ကောက်ကောက် လိုက်ပါလာရာ တက္ကသိုလ်ပြည့်ရှင်မင်းက မြင်လတ်သော် သိမ်းပိုက်နိုင်ရန် အရှင် ရှိ၊ မရှိ မေးလေရာ မင်းသားက လူမိန်းမ မဟုတ်ကြောင်း၊ ဘီလူးမ ဖြစ်ကြောင်း မိမိ၏အဖော်ငါးယောက်ကိုလည်း စားပြီးဖြစ်ကြောင်း ပြောပြသည်။

သို့သော် ဘုရင်မင်းက ဣတ္ထိမည်သော ထိုမိန်းမ၏အဆင်းအာရုံကြောင့် ဖြစ်ပေါ် လာသည့် တပ်မက်စိတ်ကို မစောင့်စည်းနိုင်တော့ဘဲ ပေါင်းသင်းမိရာ ထိုည၌ပင် ဘီလူးစာ ဖြစ်ပြီး အသက်ဆုံးရှုံးသွားရှာတော့သည်။ နောက်တစ်နေ့တွင် ဘုရားလောင်းမင်းသားကို တက္ကသိုလ်ပြည်၏ ဘုရင်အဖြစ် တင်မြှောက်ကြ၏။

ထိုကြောင့် စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေစသည်ကို မစောင့်စည်းနိုင်ပါက အဆင်း အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံ၊ အရသာအာရုံ၊ အထိအတွေ့အာရုံတို့ကြောင့် စည်းစိမ်ဥစ္စာ သာမက အသက်ခန္ဓာပါ ပျက်စီး ဆုံးရှုံးနိုင်ပေသည်။

* ကျမ်းညွှန်း – ဇာတကအဋ္ဌကထာ၊ တေလပတ္တ ဇာတ်တော် – အတွဲ-၁ (နှာ-၄၁၇)

 

 

 

အဿာဒေတိ၊ အဘိနန္ဒတိ

‘အဿာဒေတိ၊ အဘိနန္ဒတိ’သည် ရာဂနှင့်ယှဉ်ပါက အနုစား သာယာနှစ်သက်မှုမျှသာ ဖြစ်သေးသဖြင့် အဿာဒေတိ အဘိနန္ဒတိကို မတားဆီးနိုင်မှသာ ‘တံ အာရဗ္ဘ ရာဂေါ ဥပ္ပဇ္ဇတိ’ ရာဂအထိ ဖြစ်စေနိုင်ကြောင်းကို ပဋ္ဌာန်းသိပ္ပံဆရာတော်ကြီးက အောက်ပါဥပမာဖြင့် ပြဆိုတော်မူပါသည်။

‘မီးပြင်းတိုက်ထားသည့် သံဒယ်အိုးအလွတ်ထဲကို အသားတုံးတစ်တုံး ပစ်ထည့်လိုက်ပါက ရှဲကနဲ အသံကြားရပြီး အိုးနှင့်အသားတုံး ကပ်၍သွားပါမည်။ ထိုအသားတုံးကို သံယောက်မနှင့် ထိုးခွာလျှင်ပင် ခွာမရနိုင်တော့ပေ၊ ဤဥပမာအတိုင်းပင် အာရုံကို သာယာ နှစ်သက် သဘောကျသွားပါက မစွန့်နိုင်၊ မခွာနိုင် ဖြစ်လာတော့၏’

ရူပါရုံ အဆင်း၌လည်းတူတူ၊ သဒ္ဒါရုံ အသံ၌လည်းတူတူ၊ ဂန္ဓာရုံ အနံ့၌လည်းတူတူ၊ ရသာရုံ အရသာ၌လည်းတူတူ၊ ဖောဋ္ဌဗ္ဗာရုံ အထိအတွေ့အာရုံ၌လည်းတူတူ ကပ်သွားလျှင် ခွာ၍ မရတော့ပေ။

ထိုထို မွေ့လျော်ဖွယ်အာရုံတို့ကို ရယူပိုင်ဆိုင်ခံစားနိုင်ရန် သတ္တဝါတို့သည် အရှက်ကို သော်လည်း စွန့်ရ စွန့်ရ၊ အသက်ကိုသော်လည်း စွန့်ရ စွန့်ရ စွန့်လွှတ်ရန် ဝန်မလေးကြတော့ပေ။

ထို့ကြောင့် လောကသားအများစုတို့က ကာမဂုဏ်မဟုတ်ပါက ချမ်းသာသုခဟု မထင်မြင်ကြပါ။ ထိုထိုကာမဂုဏ်တို့ကို မမော၊ မပန်းခံစားနိုင်ရေးအတွက် ကုသိုလ်မှန်း မသိ၊ အကုသိုလ်မှန်းမသိ၊ သမ္မာအာဇီဝမှန်းမသိ၊ မိစ္ဆာအာဇီဝမှန်းမသိ မနားမနေ ထမင်းမေ့၊ ဟင်းမေ့ကာ ကြိုးပမ်းနေကြတော့သည်။ ထိုသတ္တဝါတို့သည် မသိမှုအဝိဇ္ဇာ ဖုံးလွှမ်းနေသည် ဖြစ်၍ လိုချင်မှုတဏှာ၏ ကျော့ကွင်းတွင်း၌ ငြိနေကြခြင်း ဖြစ်ပါသည်။

 

 

 

 

မိတ်လိုက်ရင်း မြွေမုဆိုးလက်ထဲသို့ ရောက်တော့သည်

ပမာပြရသော် တွင်းထဲ၌ လုံလုံခြုံခြုံ အောင်းနေတတ်သည့် မြွေပွေးဟူသော သတ္တဝါတို့သည် အနေအထိုင် အလွန် ကျစ်လစ်ကြ၏။ ညဉ့်နက်မှ အစာရှာထွက်ကြပြီး အရှေ့ ကောင်းကင်ပြင်၌ ရောင်နီမလာမီ အိပ်တန်းတက်ကြပါသည်။

ဤသို့ အနေကျစ်လျစ်သော သတ္တဝါတို့သည် သူတို့မိတ်လိုက်တတ်သည့် မိုးဦးအခါ ကဆုန်၊ နယုန်လ ရောက်သောအခါ၌မူ အရွယ်ရောက်ကြသည့် မြွေပွေး အထီးအမတို့သည် အနေအထိုင် မကျစ်လျစ်နိုင်တော့ပါ။ ညဉ့်အခါ အလည်လွန်သော မြွေပွေးပျိုတို့သည် မိုးလင်းတော့မည်ကို မမှန်းဆတတ်၊ လုံခြုံရာကိုလည်း မရှာတတ်၊ အန္တရာယ်ကိုသော်လည်း မရှောင်ရှားတတ်တော့ဘဲ ကြုံရာ အိပ်တန်းတက်ကြတော့သည်။ လူတို့၏ နေအိမ်၊ လုပ်ငန်းခွင်တို့နှင့် လက်တစ်ကမ်း နေရာများတွင် မလုံမခြုံ နေမိသောကြောင့် မိုးလင်းလာသောအခါ ရိုက်သတ်ခံကြရပါသည်။

ထိုကာလ၌ မြွေမုဆိုးတို့က အလုပ်တွင်ကျယ်ကြသည်။ အကြောင်းမှာ မြွေပွေးရှာရ၊ ဖမ်းရ လွယ်သောကြောင့် ဖြစ်သည်။ မြွေမတစ်ကောင်တွေ့သည်နှင့် သူ၏အဖော် နှစ်ကောင် သုံးကောင် ထပ်မံ၍ ဖမ်းမိလေ့ရှိကြောင်း သိရပါသည်။

မြွေထီးလည်း မြွေမ၏အာရုံ၌ မွေ့လျော်၏။ မြွေမလည်း မြွေထီး၏အာရုံ၌ မွေ့လျော်၏။ ထို့ကြောင့် သူတို့သည် ပြေးကာလွှားကာ အထီးကလည်း အမကို တွေ့ရနိုးနိုးနှင့် ရှာဖွေရင်း၊ အမကလည်း အထီးကို တွေ့ရနိုးနိုးနှင့် ရှာဖွေရင်း မြွေမုဆိုးလက်ထဲ ရောက်ကာ သေပွဲဝင်ကြရခြင်း ဖြစ်သည်။

လူတို့ နှစ်နှစ်သက်သက်ခံစားသည့် အာရုံနှင့် မြွေတစ်ကောင် နှစ်သက်သည့်အာရုံ တို့သည် ကွဲပြားပါသည်ဟု ဆိုနိုင်ပါလိမ့်မည်။ သို့ပါသော်လည်း သတ္တဝါတို့၏ ထိုထိုအာရုံပေါ် နှစ်သက်၊ စွဲလမ်း၊ တပ်မက်သည့် စိတ်အလိုဆန္ဒဟူသော အကုသလဟေတု၏ သတ္တိသည်ကား မကွဲပြားကြောင်းကို နားလည်ရန် ခက်ခဲမည် မထင်ပါ။

* ကျမ်းညွှန်း – ပဋ္ဌာန်းသိပ္ပံဆရာတော်၏ ပဋ္ဌာန်းလမ်းညွှန်ကျမ်း (ဒုတိယအကြိမ်) ၂၀၀၈-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။

 

 

 

အဿာဒ၊ အာဒီနဝနှင့် နိဿရဏ

 

လောကအာရုံတွင် အဿာဒ သာယာဖွယ်သဘောလည်း ရှိပါသည်။ အာဒီန၀ ဖောက်ပြန် ပြောင်းလဲတတ်သဖြင့် အပြစ်မကင်းသည့် သဘောလည်း ရှိပါသည်။ နိဿရဏ ဆင်းရဲဒုက္ခမှ ထွက်မြောက်စေသည့် သဘောလည်း ရှိပါသည်။ ဤတွင် လောဘ၊ ဒေါသ၊ မောဟဟူသော အကုသိုလ်ရေသောက်မြစ် အားသန်ကြသူတို့မှာမူ အာရုံ၏ သာယာဖွယ် အဿာဒကိုသာ မြင်နိုင်စွမ်းရှိပါသည်။

အကောင်းစား ကုသိုလ်ရေသောက်မြစ် အားကောင်းသူ လူနည်းစုကသာ ကာမ၏ အာဒီနဝအပြစ်နှင့် ကာမမှ ထွက်မြောက်ရာ နိဿရဏတို့ကို မြင်နိုင်စွမ်းရှိပြီး သံသရာမှ လွတ်မြောက်နိုင်ကြ၏။

အာရုံထက် ရေသောက်မြစ် ဟေတုကသာ အခရာဖြစ်သောကြောင့် သံသရာအပြစ်ကို မြင်တော်မူကြသည့် ပညာရှိများက ‘ကာမ ငါးထွေ၊ ဆားငန်ရေသို့၊ သောက်လေ သောက်လေ ငတ်မပြေတည့်’ဟု စပ်ဆိုထားသကဲ့သို့ နတ်ပြည် လူ့ပြည်တို့သည်လည်း ကာမဘုံမည်၏။

 

 

 

စာခြောက်ရုပ်ကို လူထင်သည့်သမင်

တောသမင်တို့သည် လယ်သမားတို့ လုပ်ကိုင်ထားကြသည့် စပါးခင်းထဲသို့ လယ်ရှင် ယောက်ျားမရှိခင် အသီးအနှံတို့ကို လာ၍ စားတတ်ကြသည်။ လယ်ရှင်သည် တောသမင် တို့ကို ကြောက်လန့်စေခြင်းငှာ မြက်ခြောက်တို့ကို လူရုပ်သဏ္ဌာန်ပြုလုပ်၍ စပါးခင်းအလယ်၌ စိုက်ထား၏။

ထိုလူရုပ်၌ မြက်ခြောက်တို့ကို လျှော်ဖြင့်ဖွဲ့စည်း၍ ကိုယ်သဏ္ဌာန် ဦးခေါင်းသဏ္ဌာန်၊ လက်သဏ္ဌာန်လုပ်၏၊ အိုးငယ်ကို ထုံးဖြူဖြင့် မျက်နှာသဏ္ဌာန်ရေး၍ ဦးခေါင်း၌ စွပ်ထား၏။ အဝတ်ဟောင်း၊ အင်္ကျီဟောင်းတို့ကို စွပ်၍ထား၏၊ လက်တို့၌ လေးမြားတို့ကို ကိုင်စွဲ၏၊ တောသမင်တို့သည် စပါးခင်းသို့ စားသောက်ရန် ရောက်လာကြသောအခါ ထိုမြက်ခြောက် ရုပ်ကိုမြင်ရလျှင် လူမဟုတ်သော်လည်း လူဟုအဟုတ်ထင်မှတ်၍ ကြောက်လန့်ပြီး ထွက်ပြေး ကြလေသည်။

တောသမင်တို့၏ စိတ်ဝယ် ဤသို့ အာရုံမှားကြပုံပမာ ဤခန္ဓာသည် အသုဘသဘော၊ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတို့က ကိုယ်တွေ့မျက်မြင် အလွန် ထင်ရှား နေပါသော်လည်း ထိုထိုအာရုံကို တောသမင်ကဲ့သို့ အမှတ်မှားနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုထိုအာရုံပေါ်ကို မိစ္ဆာသညာကသာ ထပ်ဆင့်ပံ့ပိုးပေးလိုက်ပါလျှင်မူ ဘုရားအဆူဆူ ချွတ်သော်လည်း ကျွတ်ရန်ခဲယဉ်းလှကြောင်း ရှေးဆရာမြတ်များက မိန့်ဆို ကြပါသည်။

“သတ္တဝါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားခြေချွတ်၊ ဖြေမလွတ်ဘူး”

 

 

 

ဟိတ်ခြောက်ပါးသာ ပဓာန

ကုသိုလ်မရနိုင်အောင် ပြုနိုင်သည့် အာရုံဟူ၍ မရှိပါ။ ကုသိုလ်ရအောင် အသုံးမချတတ်သူနှင့် အသုံးချတတ်သူသာ ကွာခြား၏။ ကုသလ၊ အကုသလ ဟိတ်ခြောက်ပါး ဓာတ်ခံ ကွာသွားခြင်းက အကြောင်းရင်း ဖြစ်၏။

အလောဘ၊ အဒေါသ၊ အမောဟဟူသော ကောင်းမွန်သည့်အုပ်စုက စိတ်အိမ်ကို ခြယ်လှယ်ခွင့် ရရှိလျှင် ဒါန သီလ စသည့် ကောင်းမှုများမှသည် ‘ဝိပဿတိ’ အထိ ဖြစ်ခွင့်ရှိ၏။

လောဘ၊ ဒေါသ၊ မောဟဟူသော မကောင်းသည့်အုပ်စုက စိတ်ကို ခြယ်လှယ်ခွင့်ရရှိပါက ထိုထို ဒါန၊ သီလ စသည် ကောင်းမှုကုသိုလ်ကို ပြုရာ၌ပင် ‘အဿာဒေတိ အဘိနန္ဒတိ’ ဖြစ်ခွင့် ရလေတော့၏။

* ကျမ်းညွှန်း – မဃဒေဝ၊ ပုတ္တောဝါဒ

 

 

 

သင်္ကန်းတည်းဟူသော အာရုံကြောင့် သန်းဖြစ်ရရှာသည့် ရဟန်းတော်

ဘုရားရှင်လက်ထက်တော် အခါကာလ သာဝတ္ထိပြည်သား တိဿရဟန်းသည် တစ်ခုသောတောအရပ်၌ ဝါဆိုတော်မူစဉ် သင်္ကန်းချုပ်ရန် အလျားရှစ်တောင်ရှိသည့် ပိတ်စ အလှူခံ ရရှိတော်မူပါသည်။ ဝါလကျွတ်လေသော် ထိုပိတ်စကို ယူဆောင်လာပြီး အပိုင်းပိုင်းဖြတ်ကာ သင်္ကန်းချုပ်ရန် ရဟန်းတော်များနှင့် စီစဉ်တော်မူသည်။ အရှင်မြတ်၏အမကြီးက သင်္ကန်းချုပ်မည့် အရှင်မြတ်တို့အား သင်္ကန်းချုပ်မည့် ကာလတစ်လျှောက် နေ့စဉ် ယာဂုဆွမ်း၊ နေ့ဆွမ်း တို့ကို ဆက်ကပ် လှူဒါန်း၏။ သင်္ကန်းချုပ်ပြီးသည့်နေ့တွင်မူ ရှေးကထက် ပိုမိုသည့် ဆွမ်းများကို ပြင်ဆင်ချက်ပြုတ်ကာ လှူဒါန်းလေသည်။

ရဟန်းတော်မြတ်သည် ချုပ်လုပ်ပြီးစီးသည့် သင်္ကန်းကို တစိမ့်စိမ့် ကြည့်ကာ ကြည့်ကာ ထိုသင်္ကန်း၌ နှစ်သက် တွယ်တာကာ ငြိကပ်သွားပါတော့သည်။ သို့သော် သူသည် ထိုသင်္ကန်းကို မသုံးဆောင်ရရှာဘဲ ထိုည၌ပင် အစာမကြေရောဂါဖြင့် ပျံလွန်တော်မူရှာ၏။ ထိုသင်္ကန်းတည်းဟူသော အာရုံကို အလွန်အမင်း စွဲလမ်း တပ်မက်သောစိတ်ကြောင့် ထိုသင်္ကန်း၏ အကြား၌ပင် သန်းဖြစ်သွားရှာ၏။

 

 

 

 

ဟေတုနှင့် အာရုံ

 

ဟေတုသည် နာမ်တရား ဖြစ်ပါသည်။ အာရမ္မဏက အာရုံတရား ဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ မောဟဟူသော အကုသိုလ်ဟေတုအားကောင်းသည့် လူမိုက်လည်း အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အထိအတွေ့၊ အတွေးအကြံ ဟူသော အာရုံခြောက်ပါးကြောင့်ပင် ဒုက္ခရောက်ကြရသည်။

အလောဘ၊ အဒေါသ၊ အမောဟမည်သော ကုသိုလ်ဟေတုအားကောင်းသည့် လူလိမ္မာ ကလည်းအဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ အတွေးအကြံ ဟူသော အာရုံ ခြောက်ပါးကြောင့်ပင် ကောင်းကျိုးချမ်းသာ ရကြရသည်။

လူလိမ္မာသူတော်ကောင်းအတွက် ကုသိုလ်နှင့် မဂ်ဖိုလ်နိဗ္ဗာန် မရောက်စေနိုင်သည့် အာရုံခြောက်ပါး မရှိသကဲ့သို့၊ မသူတော်လူမိုက်အတွက်လည်း အပါယ်ငရဲကို မရောက်စေနိုင်သည့် အာရုံခြောက်ပါး မရှိပါ။ ပုဂ္ဂိုလ်အသီးသီးတို့၏ အတွင်းအဇ္ဈတ္တ ဓာတ်ခံပေါ်၌ မူတည် လေ၏။

* ကျမ်းညွှန်း – ဓမ္မပဒအဋ္ဌကထာ၊ အတွဲ – ၂၊ မလဝဂ်၊ တိဿထေရဝတ္ထု

 

 

 

 

အရှင်မဟာကဿပ၏ တပည့်မိုက်

ပမာပြရသော် အရှင်မဟာကဿပ မထေရ်မြတ်ကြီး၏အနား၌ အတူနေတပည့်တစ်ပါးသည် ထေရ်ရှင်ဆုံးမတော်မူသည်ကို မနာခံဘဲ အရှင်မြတ်ကြီးအား စိတ်ဆိုးပြီး သီတင်းသုံးရာ ကျောင်းကိုလည်း မီးရှို့၊ မီးမလောင်ဘဲ ကျန်ခဲ့သည့် ရေအိုး၊ ရေခွက် စသည် တို့ကိုလည်း ရိုက်ခွဲဖျက်ဆီးသဖြင့် အဝီစိငရဲသို့ ရောက်၏။

ဤတပည့်မိုက်သည် ဤဘဝတွင်သာ ရဟန္တာအရှင်မြတ်ကြီး၏ ကျောင်းကို မီးရှို့ ဖျက်ဆီးခြင်းမဟုတ်ဘဲ ရှေးရှေးဘဝတစ်ခု၌လည်း သူကမျောက်ဖြစ်နေသည်။ အရှင်မြတ်က စာဘူးတောင်းငှက်မျိုး၌ ဖြစ်တော်မူပါသည်။ ထိုဘဝ၌လည်း ငှက်၏ဆုံးမစကားကို မျောက်က မနာခံဘဲ ငှက်ကို စိတ်ဆိုးပြီး သစ်ပင်ပေါ်ပြေးတက်ကာ အသိုက်ကို ဖျက်ဆီးခဲ့ဖူးလေ၏။

ဤဝတ္ထုအရ ဗာလလူမိုက်သည် တစ်ဘဝတည်း၌သာ မိုက်သည်မဟုတ်ဘဲ သူ၏ ဆိုးသည့် ဓာတ်ခံ၊ မိုက်သည့်ဓာတ်ခံ၊ ရမ်းကားသည့်ဓာတ်ခံတို့ကြောင့် ဘဝအဆက်ဆက် ဆက်ခါ ဆက်ခါ မိုက်ပြီးရင်း မိုက်နေတတ်၏။

ထိုနည်းအတူ လူလိမ္မာပဏ္ဍိတသည်လည်း တစ်ဘဝတည်းလိမ္မာသည်မဟုတ်ဘဲ ဘ၀ အဆက်ဆက် သံသရာ၌ ကောင်းပြီးရင်းကောင်း၊ လိမ္မာပြီးရင်း လိမ္မာတတ်ကြောင်းကို ဤဝတ္ထုအရ မှတ်သားရပါသည်။

ကျမ်းညွှန်း * ဓမ္မပဒအဋ္ဌကထာအတွဲ (၁)၊ ဗာလဝဂ်၊ မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထု။

 

 

မတ္တရာဆရာတော်ကြီး၏ အံ့ဖွယ် ကုသလဟေတုသတ္တိ

 

မင်းတုန်းမင်းတရားကြီးလက်ထက်က မတ္တရာမြို့၌ အံ့သြစရာကောင်းလောက်အောင် ကုသလဟေတုသတ္တိဖြင့် ပြည့်စုံတော်မူသည့် ဆရာတော်တစ်ပါးရှိကြောင်းကို မင်းတရားကြီး သိတော်မူသဖြင့် အထောက်တော်များကို စေလွှတ် စုံစမ်းတော်မူ၏။ မင်းတရားကြီး စေလွှတ်လိုက်သည့် အထောက်တော်များသည် ကပ္ပိယလုပ်၍ စမ်းသပ်ကြ၏။

ရှေးဦးစွာ ဆွမ်းကို ပျော့ပျော့ကြီးချက်၍ ကပ်၏။ ထိုအခါ ဆရာတော်က “အင်း… အဝါးရ သက်သာတယ်။ အစာကြေလွယ်တယ်”ဟု အမိန့်ရှိ၏။ တစ်ဖန် မာမာကြီးချက်၍ ကပ်ပြန်သည့်အခါ “ဒီလိုဝါးပြီး ဘုဉ်းပေးရတာ အရသာပေါ်ပေတယ်”ဟု မိန့်တော်မူ၏။ ထို့နောက် ဟင်းကို ဆားမခပ်ဘဲ ချက်ကပ်ရာ “အင်း… ရေငတ်ပြေတယ်”ဟု အမိန့်ရှိ၏။ ဆားများများခပ်၍ ကပ်ပြန်သည့်အခါ “အင်း… သွေးကြေတယ်”ဟု မိန့်တော်မူ၏။

ထို့နောက် မင်းတရားကြီးက နန်းတော်သို့ ပင့်လိုကြောင်း လျှောက်ထားစေရာ ဆရာတော်က “သာသနာ့ ဒါယကာပင့်သည်ကို ငြင်းဖွယ်မရှိ”ဟု မိန့်တော်မူသဖြင့် လှေတော် ဖြင့်ပင့်လာရာ ဝါးရင်းတုတ်ရွာသို့ အရောက်တွင် “ဆရာတော်ဘုရားသည် အသက်အရွယ် ကြီးရင့်ပြီ၊ မတ္တရာမြို့ ကျောင်းတိုက်မှာပင် ပြန်လည် သီတင်းသုံးရန် မင်းတရားကြီးက လျှောက်ထားကြောင်း” စာကို ဆက်ကပ်ရာ ဆရာတော်က “အင်း…အင်း…ဟုတ်ပေတယ်။ ငါ့မှာလည်း ခွေးနို့စို့သလို ပညာသင်ကြားနေကြတဲ့ တပည့်များဟာ ပညာတည်းဟူသော နို့ရည်ငတ်နေကြရင် သူတို့ ဝမ်းနည်းကြပေလိမ့်မယ်၊ ပြန်၍နေရတာ ၎င်းတို့ ဝမ်းမြောက် ကြလိမ့်မယ်”ဟု မိန့်တော်မူကာ ကျောင်းသို့ ပြန်ကြွတော်မူ၏။

မင်းတရားကြီးက နန်းဦးကျောင်းဆောက်လုပ်စေပြီး ဆရာတော်ကို ပင့်စေ၏။ ဆရာတော်က “အင်း… မဟာမြတ်မုနိဘုရားကြီးကို မဖူးရတာ အတော်ကြာပေပြီ၊ သည်တစ်ခါဖြင့် ဆိုက်ဆိုက်မြိုက်မြိုက် ဖူးရပေတော့မယ်”ဟု အမိန့်ရှိကာ လိုက်ပါလာလေသည်။

ကျောင်းကြီးပေါ် သီတင်းသုံးပြီး အတန်ကြာသော် မင်းတရားကြီးက နန်းဦးကျောင်း တိုက်အတွင်း တစ်နေရာ၌ ထန်းရွက်မိုးကာသော ယာယီကျောင်းကလေးတစ်ဆောင် ဆောက်လုပ်စေပြီး မင်းတရားကြီးက “ဆရာတော်သည် ကျောင်းကြီးပေါ်၌ သီတင်းသုံးရသည်မှာ တက်ရဆင်းရ ပင်ပန်း ဒုက္ခရောက်လှသည်။ ကျောင်းငယ်သို့ဆင်း၍ သီတင်းသုံးသင့်ပါသည်”ဟု လျှောက်ရာ “အင်း… ဟုတ်ပေတယ်၊ တက်ရဆင်းရ လူအိုဖြစ်တော့ သတိထားရတယ်၊ တရားနာသူများလည်း တက်ရဆင်းရ ဝန်လေးပေမယ်၊ အောက်မြေပြင် မှာပဲ သင့်လျော်ပေမယ်”ဟု မိန့်တော်မူပြီး ဆင်း၍ သီတင်းသုံးရှာတော်မူ၏။

တစ်ဖန် တစ်လခန့်ရှိသောအခါ “ကျောင်းကြီးပေါ်မှာတက်၍ သီတင်းသုံးမှ တော်မည်ထင်ကြောင်း” မင်းတရားကြီးက လျှောက်ထားပြန်ရာ “အင်း…ကျောင်းကြီးပေါ်မှာတော့ လေလုံ၊ မိုးလုံ ကောင်းပေတာပ၊ သည်ထန်းရွက်မိုး ကျောင်းကလေးမှာတော့ မိုးလုံ၊ လေလုံ မဟုတ်၊ တရားနာပရိသတ်များလည်း မြေပြင်မှာ တရားနာရတဲ့အတွက် အအေးမိပြီး ဥတုပျက်မှာ စိုးရတယ်”ဟု အမိန့်ရှိပြီး ကျောင်းကြီးပေါ်သို့ ကြွ၍ သီတင်းသုံးတော်မူပြန်သတည်း။

ဆရာတော်ဘုရားကြီး၏ စိတ်အစဉ်တွင် အားကောင်းသည့် အဒေါသ၊ အလောဘ၊ အမောဟတည်းဟူသော ကုသလဟေတု၏ သတ္တိကြောင့်သာ ကြုံဆုံသမျှ အာရုံကောင်း၊ အာရုံဆိုးတို့အပေါ် အညီအမျှ သဘောထားနိုင်တော်မူသည်ကို ကြည် ညိုမဆုံး ဖြစ်ရပါသည်။

* ကျမ်းညွှန်း – သာသနာရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၁၊ (၁၉၈၄-ခုနှစ်တွင် ထုတ်ဝေသည်။)

 

 

 

 

အတွင်းပူ ပြင်းသဖြင့် အပြင်ပူမမှု

 

ဓမ္မအသိဉာဏ် အားကောင်းလာသည်နှင့်အမျှ ကြုံတွေ့လာသမျှသော အာရုံအပေါ် မှန်ကန်စွာ နှလုံးသွင်းတတ်လာသဖြင့် အပူငြိမ်းကာ စိတ်အေးကြပါသည်။ ဓမ္မအသိဉာဏ် အားနည်းသည်နှင့်အမျှ စိတ်ပူလောင်ကြပါသည်။

စားရတာချင်းအတူတူ၊ သွားရတာချင်းအတူတူ၊ နေရတာချင်းအတူတူ ဓမ္မအသိဉာဏ် အားကောင်းသူက စိတ်အေးအေးဖြင့် စားတတ်၊ သွားတတ်၊ နေတတ်လေသည်။ ဓမ္မအသိ မရှိသူက ပူစပ်ပူလောင်ဖြင့် စားတတ်၊ သွားတတ်၏။

ဤနေရာတွင် နွေရာသီတွင် နေပူထဲသွားသောကြောင့် ပူသည်ကို မဆိုလိုပါ။ နေပူထဲ သွား၍ ပူခြင်းက အတွင်းအပူလောက် မပူပေ။

ပမာပြရသော် အိမ်သာကျင်းတစ်ကျင်းတူးပါက ငွေနှစ်သောင်းခွဲရမည်။ လူတစ်ယောက် ပုဆိုးကတောင်းကျိုက်ပြီး ခြစ်ခြစ်တောက်ပူနေသည့် နွေ၏နေပူအောက်၌ ပေါက်တူးကိုင်ကာ အိမ်သာကျင်းတူးနေပါသည်။ သူ့ရင်ထဲက ငွေနှစ်သောင်းခွဲရမည်ဟူသော လိုချင်မှု လောဘ၏ အတွင်းအပူလုံးကြီးက ဖုံးလွှမ်းထားသဖြင့် ကျောလည်းပူ၊ ခေါင်းလည်းပူ၊ တစ်ကိုယ်လုံး ပူနေသော်လည်း အပြင်အပူကို သူ မမှုပါ။ ကြောက်လည်း မကြောက်ပါ။

 

 

 

 

ပဋ္ဌာန်းတရားတော်နှင့် ဝိပဿနာ

 

ရူပါရုံအဆင်းနှင့် မြင်သိစိတ် စက္ခုဝိညာဏ်တို့တွင် အဆင်းက အကြောင်းတရား၊ မြင်သိစိတ် စက္ခုဝိညာဏ်က အကျိုးတရား ဖြစ်ပါသည်။ ရူပါရုံအဆင်းမရှိဘဲ မြင်သိစိတ် မဖြစ်နိုင်ဟု သိရှိနားလည် သဘောပေါက်လာခြင်းသည် ပစ္စယပရိဂ္ဂဟဉာဏ် မည်၏။

မြင်သိစိတ်က ပရမတ်အရှိတရား ဖြစ်ပါသည်။ မြင်သိစိတ်သည် ဖြစ်သခိုက် ဖြစ်သခိုက်မျှသာ သက်တမ်းရှိပါသည်။ အာရုံတိုက်သခိုက် အသစ် အသစ် အသစ် ထပ်၍ ထပ်၍ ဖြစ်နေသဖြင့် မခိုင်ခံ့သည့်သဘော၊ အစိုးမရသည့်သဘော ဖြစ်ပါသည်။

ဤကဲ့သို့ မခိုင်ခံ့သည့်သဘော၊ မတည်တံ့သည့်သဘော အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို သိရှိ သဘောပေါက် နားလည်နိုင်ရန် ပဋ္ဌာန်းတရားတော်ကို ခန္ဓာနှင့်တိုက်ပြီး လေ့လာရခြင်း ဖြစ်၏။ ဝိပဿနာတရားကို အားထုတ်နေသည့်ယောဂီသည် အာရုံနှင့် အာရုံကို သိစိတ် (အာရမ္မဏနှင့် အာရမ္မဏိက) ကို စာအသိသာမက လုပ်ငန်းခွင်အသိဖြင့်လည်း ကွဲကွဲပြားပြား ရှိရပါမည်။ အာရုံနှင့် မြင်သိစိတ်၊ ကြားသိစိတ်တို့သည် ရှေးက ရှိနှင့်သည်မဟုတ် ပေါ်ပြီးနောက်လည်း တည်တံ့ ခိုင်ခန့်နေသည်မဟုတ်ဘဲ ပေါ်သခိုက်၊ ပေါ်သခိုက်မျှသာ ဖြစ်၏။

ပမာပြရသော် ဂီတာ၏ကြိုး၌လည်း အသံထွက်ပေါ်နေသည်မဟုတ်၊ လက်ချောင်း တို့၌လည်း အသံထွက်ပေါ်နေသည်မဟုတ် ဂီတာကြိုးနှင့် လက်ချောင်းတို့ ထိခတ်သခိုက်၊ ထိခတ်သခိုက် တစ်ခဏအတွင်း၌သာ အသံဟူ၍ ပေါ်ပေါက်နေခြင်း ဖြစ်သည်။

ထိုအသံကို မိမိအလွတ်ရသည့်၊ မိမိနှစ်သက်သည့် သီချင်းစာသားဖြစ်ပါမူ ဤတီး ကွက်သည် အဘယ်သီချင်းဖြစ်ကြောင်း၊ သီချင်းအမည်ကအစ သညာက ဖော်နိုင်စွမ်းသည်။ အကယ်၍ မိမိမကြားဖူးသည့်၊ မရင်းနှီးသည့် တီးလုံးဖြစ်နေပါမူကား သီချင်းစာသား မပေါ် တော့ဘဲ အသံ Noise မျှသာ ဖြစ်နေပါတော့သည်။

ထို့ကြောင့် ကြိုးနှင့်လက်ချောင်းတို့ တိုက်ခတ်ထိတွေ့မှုကြောင့် တစ်ခုပြီးတစ်ခု ဖြစ်ပေါ် နေသည့်အသံကို မိမိမှတ်သားထားသည် အမှတ်သညာဖြင့် ‘ဘာသီချင်း၊ ဘယ်အဆိုတော် ဆိုခဲ့တဲ့သီချင်း၊ ဘယ်ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းက သီချင်း’ဟု သတ်မှတ်လိုက်သောအခါ အသံက အသံမျှ၌ မရပ်တော့ဘဲ အတိတ်အကြောင်း၊ အနာဂတ်အကြောင်းတို့ကြောင့် အဆန်းတကျယ်ကြီး ဖြစ်လာပါတော့သည်။

 

 

 

 

အမျိုးသမီးတို့၏ ရူပါရုံအလှသည် ရဟန်းတို့အတွက် ဓမ္မန္တရာယ်

အရှင်ဝင်္ဂီသမှာ ရဟန်းဘောင်သို့ ရောက်လာခါစ ရဟန်းငယ် ဦးပဉ္ဇင်းငယ်မျှသာ ရှိသေး ၏။ ဥပဇ္ဈာယ်ဆရာဖြစ်သော အာဠဝီပြည်၊ အဂ္ဂါဠဝစေတီကျောင်းဆရာတော် အရှင်နိဂြောဓ ကပ္ပထံတော်၌ သီတင်းသုံးနေထိုင်ရ၏။ တစ်နေ့တွင် ဥပဇ္ဈာယ်ဆရာတော် မရှိခိုက် တစ်ပါးတည်း ကျောင်းစောင့်နေစဉ် အမျိုးသမီးတစ်စု ကျောင်းလှည့်လည်ကြည့်ရှုရန် ရောက်လာကြ၏။

ထိုအခါ အရှင်ဝင်္ဂီသသည် အမျိုးသမီးတို့ ရူပါရုံအဆင်းအလှကို တွေ့မြင်ရသဖြင့် သာသနာတော်၌ မမွေ့လျော်ဘဲ ဖြစ်လာ၏၊ ရဟန်းဖြစ်စ အရှင်ဝင်္ဂီသကို တပ်မက်ခြင်းရာဂက နှိပ်စက် ဖျက်ဆီးလေပြီ။

ထိုအခါ အရှင်ဝင်္ဂီသသည် မိမိ၏ ရဟန်းဘ၀ အရမတော် ဖြစ်ရတော့မည့်ဘေးကို တွေးမိပြီး စိတ်၌ဖြစ်ပေါ်လာသည့် အကုသိုလ်ရာဂကို ‘တွန်းလှန်တော့အံ့’ဟု အကြံဖြစ်ကာ ဝိပဿနာတရားဓမ္မဖြင့် ထိုရာဂကို ပယ်ဖျောက်၏၊ အရှင်ဝင်္ဂီသသည် ထိုကဲ့သို့ အကုသိုလ် ရာဂကို ပယ်ဖျောက်ခြင်း၌ အမှတ်သညာကို ဖြစ်စေပြီး အောက်ပါအတိုင်း ထုတ်ဖော် ကျူးရင့်လေသည်။

လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ငြိမ်သက်နေသော ငါ့ထံသို့ ကာမဝိတက် တို့သည် ပြေးဝင်လာကုန်ပြီတကား၊ ဤခက်ထန်ကြမ်းကြုတ်မှုတို့သည် ပြေးဝင်လာကုန်ပြီ တကား၊ ဤခက်ထန် ကြမ်းကြုတ်မှုတို့သည် မည်းနက်သောမာရ်၏ အသင်းအပင်းအဖြစ် ပြေးဝင်လာကုန်ပြီတကား။

* သင်ပြီးသော လေးအတတ်ရှိကုန်သော ခိုင်ခံ့သောလေးကို စွဲကိုင်ကုန်သော လေးသမားကြီးများ ဖြစ်ကုန်သော မပြေးတတ်ကုန်သော တစ်ထောင်မျှသော ထင်ရှားသောမင်းသားတို့သည် ထက်ဝန်းကျင်မှ ဝိုင်းအုံ ပစ်ကြကုန်ရာ၏။

* ဤလေးသည်တော် တစ်ထောင်တို့ထက် အလွန်ရှိကုန်သော (ရူပါရုံစသော မြားငါးစင်းတို့ကို တစ်ပြိုင်နက် ပစ်ခြင်းငှာ စွမ်းနိုင်ကုန်သော) မိန်းမတို့သည် အကယ်၍ လာကုန်လတ္တံ့ (ဤသို့လာကုန်သော်လည်း) မိမိတရား၌ တည်နေသောငါ့ကို တုန်လှုပ်ခြင်းငှာ မစွမ်းနိုင်ကုန်လတ္တံ့။

* ထိုစကားမှန်၏၊ ငါသည် နိဗ္ဗာန်ကိုရကြောင်း၊ ဝိပဿနာကို နေမင်း၏ အဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား၏ (မျက်မှောက်တော်မှ) ဤသို့ ကြားနာဖူး၏၊ နိဗ္ဗာန်ကို ရကြောင်းဖြစ်သော ဝိပဿနာ၌ ငါ၏စိတ်သည် မွေ့လျော်ခြင်းရှိ၏။

* “ဟယ်….ကိလေသာယုတ်၊ ဤသို့နေသော ငါ့ကို အကယ်၍ ကပ်လာငြားအံ့၊ ဤသို့ ကပ်လာသည်ရှိသော်၊ ဟယ်…သေစေတတ်သော ကိလေသာယုတ်၊ အကြင်အခြင်းအရာအားဖြင့် ပြုသည်ရှိသော် ငါ၏ သွားရာလမ်းကို မမြင်ရလတ္တံ့၊ ထိုအခြင်းအရာအားဖြင့် ငါပြုလတ္တံ့”- ဟုကျူးရင့်တော်မူ၏။ ထို့ကြောင့် မာတုဂါမ ဟူသော မိန်းမ၏အဆင်းအာရုံသည် မြတ်သောအကျင့်၏ အန္တရာယ်ပေတည်း။

* ကျမ်းညွှန်း – ဝင်္ဂီသသံယုတ်ပါဠိတော်၊ နိက္ခန္တသုတ် (နှာ – ၁၈၇)

 

 

 

 

ဘုရားရဟန္တာများ ကုသိုလ်ပြုတော်မူကြသည်

 

မြတ်စွာဘုရားသည် အရှင်မဟာကဿပအား သင်္ကန်းကို ပေးတော်မူ၏။ ဤကဲ့သို့ ပေးသည်ရှိသော် ကုသိုလ်စေတနာသည် ဖြစ်၏။ ကုသိုလ်စေတနာဟာ ကံပါပဲ။ ၎င်းကံရော အကျိုးကိုပါပေးသလားလို့ဆိုတော့ အကျိုးကိုမပေးဘူးတဲ့။ ဘာ့ကြောင့် အကျိုးကိုမပေးပါ သလဲဆိုလျှင် ကုသိုလ်သည် အကျိုးပေးတဲ့ကုသိုလ်၊ အကျိုးမပေးတဲ့ ကုသိုလ်ဟူ၍ နှစ်မျိုး နှစ်စားရှိရာတွင် ဘုရားရဟန္တာများပြုလုပ်သော ကုသိုလ်သည် အကျိုးမပေးဘူးလို့ မှတ်ရမည်။ ဘာ့ကြောင့်ပါလဲဆိုရင် “ကမ္မံ ခေတ္တံ ဝိညာဏံ ဗီဇံ တဏှာ သ္နေဟော” ဆိုသည့်အတိုင်း ကံသည် လယ်မြေနှင့်တူ၏။ ဝိညာဏ်သည် မျိုးစေ့နှင့်တူ၏။ တဏှာဆိုတဲ့တရားသည် အစေးတည်းဟူသော ရေနှင့်တူ၏။ ၎င်းအကြောင်းသုံးပါးနှင့် ပြည့်စုံမှသာလျှင် အကျိုးကို ပေးနိုင်သည်။

ဘုရားရဟန္တာများပြုလုပ်တဲ့ ကုသိုလ်များမှာတော့ ကုသိုလ်တော့ ဖြစ်ပါ၏။ တဏှာ တည်းဟူသောရေသည် မရှိသောကြောင့် ကရဏံ ကိရိယာ ဟူသည်နှင့်အညီ ပြုကာမျှမတ္တ အကျိုးကိုတော့ မပေးဘူးဟူ၍မှတ်ပါ။ ဤကဲ့သို့ ဘုရား ရဟန္တာသန္တာန်၌ဖြစ်တဲ့ ကုသိုလ် ကတော့ အကျိုးမပေးဘူး၊ ပုထုဇဉ်သန္တာန်မှာရှိတဲ့ ကုသိုလ်ကသာ အကျိုးကို ပေးတယ်လို့ ဆိုပါက ပရမတ်တရားတွေသည် ဖောက်ပြန်ရာရောက်ကုန်ရာသည် မဟုတ်တုံလော့ဟု မေးခဲ့ ငြားအံ့ – မဖောက်ပြန်ပါဘူးတဲ့။ ဘာ့ကြောင့်ဆိုသော် ကုသိုလ်ကတော့ဖြစ်ပါ၏။ တဏှာ တည်းဟူသော ရေသောက်မြစ် မရှိသောကြောင့် (ဝါ) ရေမရှိသောကြောင့် အကျိုးကို မပေးနိုင် ဘူးလို့ မှတ်ရမယ်ဟု အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သုံးချက်စု ချပို့စဉ် အဘိဓမ္မာပဋ္ဌာန်း ညဝါမှတ်စု၌ လာရှိပါသည်။

ကျမ်းညွှန်း * အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏သုံးချက်စု ချပို့စဉ် အဘိဓမ္မာပဋ္ဌာန်းညဝါမှတ်စုစာအုပ် သုံးချက်စု ချပို့စဉ်။

 

 

 

 

ဒွါရ၌ ဝီထိဖြစ်ရန် အကြောင်းတရားများ

စက္ခုဝိညာဉ် မြင်သိစိတ်က သူ့အလိုလို ဖြစ်လာခြင်းမဟုတ်ဘဲ ရူပါရုံဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထိုမျှသာမက စက္ခုပသာဒလည်း ကောင်းမွန် ရမည်။ အလင်းရောင်လည်း ရှိရမည်။ ကြည့်မည်ဟူသော နှလုံးသွင်းလည်း ရှိရပါသေးသည်။

ဤသို့ အကြောင်းပေါင်းစုံမှ မြင်သိစိတ်တစ်ခု ဖြစ်လာနိုင်ပါသည်။ နားဖြင့် ကြားသိစိတ်၊ နှာခေါင်းဖြင့် နံသိစိတ်၊ လျှာဖြင့် အရသာသိစိတ် စသည်ဖြစ်ရန်လည်း အောက်ပါအကြောင်း တရားများ ပြည့်စုံရန် လိုအပ်ပါသည်။

 

စက္ခုဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ စက္ခုပသာဒ ကောင်းမွန်ရမည်။

၂။ ရူပါရုံဟူသည့် မြင်နိုင်သော အဆင်းရှိရမည်။

၃။ အာလောကဟူသော အလင်းရှိရမည်။

၄။ မနသိကာရဟူသည့် နှလုံးသွင်းမှုရှိရမည်။

 

သောတဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ သောတပသာဒ ကောင်းမွန်ရမည်။

၂။ သဒ္ဒါရုံဟူသည့် ကြားနိုင်သော အသံရှိရမည်။

၃။ အာကာသဓာတ်ဟူသည့် လေဖြတ်သန်းသွားလာနိုင်သော ဟင်းလင်းနယ် ရှိရမည်။

၄။ မနသိကာရဟူသည့် နှလုံးသွင်းမှုရှိရမည်။

 

ဃာနဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ ဃာနပသာဒ ကောင်းမွန်ရမည်။

၂။ ဂန္ဓာရုံဟူသည့် အနံ့ရှိရမည်။

၃။ ဝါတဟူသည့် အနံ့ကိုဆောင်သော လေရှိရမည်။

၄။ မနသိကာရဟူသည့် နှလုံးသွင်းမှု ရှိရမည်။

 

ဇိဝှာဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ ဇိဝှာပသာဒ ကောင်းမွန်ရမည်။

၂။ ရသာရုံဟူသည့် အရသာ ရှိရမည်။

၃။ အာပဟူသည့် လျှာရည် ရှိရမည်။

၄။ မနသိကာရဟူသော နှလုံးသွင်းမှု ရှိရမည်။

 

ကာယဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ ကာယပသာဒ ကောင်းမွန်ရမည်။

၂။ ဖောဋ္ဌဗ္ဗာရုံဟူသည့် အထိအတွေ့ ရှိရမည်။

၃။ ထဒ္ဓပထဝီဟူသည့် ခက်မာသော ပထဝီရှိရမည်။

၄။ မနသိကာရဟူသော နှလုံးသွင်းမှု ရှိရမည်။

 

မနောဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ မနောဒွါရဟုခေါ်သော ဘဝင်စိတ် ရှိရမည်။

၂။ ပဉ္စာရုံ သို့မဟုတ် ဓမ္မာရုံဟူသည့် အာရုံတစ်ခုခု ရှိရမည်။

၃။ ဟဒယဝတ္ထုဟူသည့် စိတ်မှီရာဝတ္ထု ရှိရမည်။

၄။ မနသိကာရဟူသော နှလုံးသွင်းမှု ရှိရမည်။

 

 

အကြောင်းအကျိုးကို သိမ်းဆည်းသည့်ဉာဏ်

 

ရူပါရုံအဆင်းနှင့် မြင်သိစိတ် စက္ခုဝိညာဉ်တွင် အဆင်းက အကြောင်းတရားဖြစ်ပြီး မြင်သိစိတ် စက္ခုဝိညာဉ်က အကျိုးတရားဖြစ်ပါသည်။ ရူပါရုံအဆင်းမရှိဘဲ မြင်သိစိတ် မဖြစ်နိုင်ဟု ပိုင်ပိုင် သိနားလည်လာခြင်းသည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။

ဤသို့ အကြောင်းပေါင်းစုံမှသာ မြင်သိစိတ်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရှိသဘော ပေါက်လာသည်ကို အရှိကိုအရှိအတိုင်း သိသည့်ဉာဏ်ဟုခေါ်၏။ ဤတွင် အာရုံ၏သဘော အမှန်ကို သိရှိနိုင်ရန် အာရုံဘက်တွင် တာဝန်မရှိပါ။ သိစိတ်၏ တာဝန်သာ ဖြစ်၏။

“ငါမြင်တယ်”ဟု ဆိုရာတွင် ‘ငါ’က အမှန်တကယ်မရှိသည့် ပညတ်တရား၊ မြင်သိ စိတ်က အရှိအမှန် ပရမတ်တရားဖြစ်၏။ “ငါကြားတယ်”ဟု ဆိုရာတွင် ‘ငါ’က အမှန်တကယ် မရှိသည့် ပညတ်တရား၊ ကြားသိစိတ်က အရှိအမှန် ပရမတ်တရားဖြစ်၏။ “ငါနံတယ်”ဟု ဆိုရာတွင်လည်း ‘ငါ’က အမှန်တကယ် မရှိသည့် ပညတ်တရား၊ နံသိစိတ်က အရှိအမှန် ပရမတ်တရားတို့ဖြစ်၏။

ထိုမြင်သိစိတ်သည် ဖြစ်သခိုက်အတွင်းဝယ် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပျောက်ပျက်၍ သွားနေပါသည်။ ထိုကြားသိစိတ်သည်လည်း ဖြစ်သခိုက်အတွင်းဝယ် မျက်စိ တစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပျောက်ပျက်၍ သွားနေပါသည်။ ထိုနံသိစိတ်သည်လည်း ဖြစ်သခိုက်အတွင်းဝယ် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပျောက်ပျက်၍ သွားနေပါသည်။ ထပ်ပြန်ထပ်ပြန် အာရုံတိုက်နေသောကြောင့်သာ အသစ်၊ အသစ်၊ အသစ်၊ ထပ်၍၊ ထပ်၍ ဖြစ်နေခြင်းပေတည်း။

ဤသို့ အာရုံ၏သဘော၊ သိစိတ်၏သဘောတို့ မခိုင်ခံ့သည်ကိုလည်းကောင်း၊ မတည်တံ့သည်ကိုလည်းကောင်း၊ အစိုးမရသည်ကိုလည်းကောင်း တစ်နည်းအားဖြင့် အနိစ္စသဘော စစ်စစ်ပါကလား၊ ဒုက္ခသဘော စစ်စစ်ပါကလား၊ အနတ္တသဘော စစ်စစ်ပါကလားဟု ပဋ္ဌာန်း တရားတော်ကို လေ့လာဆည်းပူးနေသည့် ယောဂီက သိရှိလာနိုင်မည် ဖြစ်ပါသည်။

 

 

 

 

သိစိတ်နှင့် အာရုံ

အသိအမြင် အဆင့်ဆင့် မှန်ကန်လာသောယောဂီသည် အာရုံကို အမျိုးမျိုး အဖုံဖုံ မမြင်တော့ဘဲ တစ်မျိုးထဲ မြင်လာနိုင်သည်။ ပမာပြရလျှင် ဉာဏ်မရင့်ကျက်သေးခင် လူကို ချမ်းသာသည့်လူ၊ ဆင်းရဲသည့်လူ၊ ပညာတတ်သည့်လူ၊ ပညာမတတ်သည့်လူ ဟုမြင်သည်။ ဤအမြင်မျိုးသည် သံသရာနယ်ချဲ့သည့် ပပဉ္စအမြင် ဖြစ်ပါသည်။

ဉာဏ်အနည်းငယ် ရင့်ကျက်လာသူက ချမ်းသာသည့်လူ၊ ဆင်းရဲသည့်လူ၊ ပညာ တတ်သည့်လူ၊ ပညာမဲ့သည့်လူဟု မမြင်တော့ဘဲ ကံ၏အရုပ်မျှသာဟု မြင်လာပါသည်။ဤအမြင်သည် ကမ္မသကတာသမ္မာဒိဋ္ဌိဉာဏ်အမြင် ဖြစ်ပါသည်။

ထို့ထက် ဉာဏ်ရင့်ကျက်လာသူက ချမ်းသာသည့်လူ၊ ဆင်းရဲသည့်လူ၊ ပညာရှိသူ၊ ပညာမဲ့သူဟု မမြင်တော့ဘဲ ဤကံ၏အရုပ်တို့သည် မခိုင်ခန့်သည့် သဘောတရားရှိ၏၊ မတည်တန့်သည့် သဘောတရားရှိ၏၊ မိမိအလိုဆန္ဒအတိုင်း မပါသည့်သဘောတရားရှိ၏ဟု သဘောပေါက်လာပါသည်။ ဤအမြင်သည် ဝိပဿနာဉာဏ်အမြင် ဖြစ်ပါသည်။

 

အာရမ္မဏ၏ပစ္စည်း၊ ပစ္စယုပ္ပန္နနှင့် သုဒ္ဓသင်္ချာ

 

အာရမ္မဏ၏ပစ္စည်းဟူသော အကြောင်းတရားများမှာ အာရုံခြောက်ပါး၊ ရုပ်တရားများ၊ စိတ်စေတသိက် (နာမ်)တရား၊ နိဗ္ဗာန်နှင့် ပညတ်တရားတို့ ဖြစ်၏။ အာရမ္မဏ၏ ပစ္စယုပ္ပန် ဟူသော အကျိုးတရားများမှာ စိတ် စေတသိက် နာမ်တရားတို့ဖြစ်၏။

 

 

 

 

အာရမ္မဏပစ္စည်း၏ သင်္ချာ

 

အာရမ္မဏပစ္စည်း၏ သင်္ချာမှာ – ၉ ဖြစ်ပါသည်။ ထို့ကြောင့် “အာရမ္မဏေ နဝ”ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ – ၃

(၁) ကု – ကု (၂) ကု – အကု (၃) ကု – ဗျာ

အကုသလ သင်္ချာ – ၃

(၁) အကု – အကု (၂) အကု – ကု (၃) အကု – ဗျာ

အဗျာကတ သင်္ချာ – ၃

(၁) ဗျာ – ဗျာ (၂) ဗျာ – ကု (၃) ဗျာ – အကု

 

 

 

Mind, Matter, Nibbana and Pannatti to Mind.

 

နာမ်တရား၊ ရုပ်တရား၊ နိဗ္ဗာန်တရားနှင့် ပညတ်တရားတို့က နာမ်တရား Mind, Matter, Nibbana and Pannatti to Mind.ကို ကျေးဇူးပြုသော ပစ္စည်းဖြစ်သည်။

 

 

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

ပစ္စယဟူသော အကြောင်းတရားမှာ – စိတ်၊ စေတသိက်ဟူသော နာမ်တရားများ၊ ရုပ်တရား များ၊ နိဗ္ဗာန်နှင့် ပညတ်အမျိုးမျိုးဟူသော အာရုံ (၆)ပါး တို့ ဖြစ်ကြသည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စိတ်စေတသိက်ဟူသော နာမ်တရားများဖြစ်သည်။

အာရမ္မဏပစ္စည်းသည်၊ အာရမ္မဏမျိုးဖြစ်၏။ အာရမ္မဏခေါင်းဆောင်မျိုးကြီး ၈-ပါးရှိသည်။

၁။ အာရမ္မဏ

၂။ အာရမ္မဏာဓိပတိ

၃။ ဝတ္ထာရမ္မဏပုရေဇာတနိဿယ

၄။ အာရမ္မဏူပနိဿယ

၅။ အာရမ္မဏပုရေဇာတ

၆။ ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ္တ

၇။ အာရမ္မဏပုရေဇာတတ္ထိ နှင့်

၈။ အာရမ္မဏပုရေဇာတအဝိဂတ တို့ဖြစ်သည်။

 374 total views,  1 views today

Leave a Reply

Your email address will not be published.