၈။ နိဿယပစ္စယော

Daily life Patthana

 

Nissaya Paccayo (Dependence condition)

 

 

 

 

တည်ရာမှီရာအဖြစ်ဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

The ‘Nissaya’ means something depend on. It is translated as support. Nissaya is compared to a canvas for painting. The canvas is the support for the painting.

 

 

 

 

 

‘သစ်ပင်စိုက်မြေ၊ ပန်းမန်တွေ၏၊ မသွေမှီရာ၊ ပုံပမာနှင့်’ ဟု လာရှိသည်နှင့်အညီ သစ်ပင် စိုက်သောအခါ သစ်ပင်သည် မြေကြီးကို မှီ၍ ပေါက်ရသဖြင့် မြေကြီးသည်သစ်ပင်တို့၏ တည်ရာဖြစ်သကဲ့သို့၊ပန်းချီရေးဆွဲသောအခါ ရေးဆွဲလိုသော အရုပ်များသည် ပန်းချီကားချပ်ကိုမှီ၍ဖြစ်လာရသဖြင့် ပန်းချီကားချပ်သည် အရုပ်များ၏မှီရာဖြစ်သကဲ့သို့ နာမ်ခန္ဓာ ၄-ပါး၊ မဟာဘုတ် ၄-ပါး၊ ပဋိသန္ဓေစိတ်၊ စေတသိက်၊ ဟဒယဝတ္ထု ၊ မြင်၊ ကြား၊ နံ၊ စား၊ ထိသိစိတ် တို့သည် ဆိုင်ရာဝတ္ထုများကို မှီ၍ဖြစ်ကြသဖြင့် တည်ရာမှီရာအဖြစ်ဖြင့် ဖြစ်အောင်တည်အောင် ကျေးဇူးပြုကြသည်။

 

 

မှီရာတည်ရာ

‘နိဿယ’ ဟူသော ပါဠိဝေါဟာရသည် ‘မှီရာ၊ တည်ရာ’ဟု အဓိပ္ပာယ်ရပါသည်။ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုခြင်းသည် နိဿယပစ္စည်းမည်၏။ ဥပမာအားဖြင့်မြေကြီးသည် သစ်ပင်တို့အား မှီရာ၊ တည်ရာ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ ရုပ်နာမ်တရား တို့သည်လည်း အခြားတစ်ပါးသော ရုပ်နာမ်တရားတို့အား မှီရာ၊ တည်ရာ အဖြစ်ဖြင့် ကျေးဇူးပြု၏။

နိဿယပစ္စည်း၌ (က) သဟဇာတနိဿယနှင့် (ခ) ပုရေဇာတနိဿယဟူ၍ နှစ်မျိုး ရှိသည်။

 

(က) သဟဇာတနိဿယ

‘သဟဇာတနိဿယ’ ဟူသည် (သဟဇာတ + နိဿယ) ‘သဟဇာတ = အတူတကွ လည်းဖြစ် + နိဿယ = မှီရာတည်ရာလည်းဖြစ်’ ဟု အဓိပ္ပာယ်ရပါသည်။ထို့ကြောင့် သဟဇာတပစ္စည်းဟူသည် သဟဇာတပစ္စည်း၌ ဖော်ပြခဲ့သည့် “အတူတကွဖြစ်၍ ကျေးဇူး ပြုသော” တရားတို့သည်ပင် မှီရာတည်ရာ (နိဿယ) အဖြစ်ဖြင့်လည်း ကျေးဇူးပြုကြ သောကြောင့် ‘သဟဇာတ’ ပစ္စည်းနှင့် ‘နိဿယ’ ပစ္စည်းနှစ်မျိုးလုံး၌ ပါဝင်ကြရသည်။ ထို့ကြောင့် ထိုအမည် နှစ်ခုကို ပေါင်း၍ ‘သဟဇာတနိဿယ’ ပစ္စည်းဟု ‘နိဿယ’ရှေ့က ‘သဟဇာတ’ ပုဒ်ဖြင့် အထူးပြုကာ အမည်တပ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် –

(၁) စိတ်, စေတသိက် နာမ်ခန္ဓာလေးပါးတို့သည် အချင်းချင်းအားဖြင့်လည်းကောင်း၊ စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့အားလည်းကောင်း အတူတကွဖြစ်ဖက်’သဟဇာတသတ္တိ’နှင့် မှီရာတည်ရာအဖြစ် ‘နိဿယသတ္တိ’ တို့ဖြင့် ကျေးဇူး ပြုကုန်၏။

(၂) မဟာဘုတ်ကြီးလေးပါးတို့သည် အချင်းချင်းအားလည်းကောင်း၊ မိမိတို့ကို မှီ၍ ဖြစ်ကြရသော ဥပါဒါရုပ်တို့အားလည်းကောင်း အတူတကွဖြစ်ဖက် ‘သဟဇာတ သတ္တိ’ နှင့် မှီရာတည်ရာအဖြစ် ‘နိဿယသတ္တိ’ တို့ဖြင့် ကျေးဇူးပြုကုန်၏။

(၃) ပဉ္စဝေါကောရ ပဋိသန္ဓေနာမ်ခန္ဓာနှင့် ဟဒယဝတ္ထုရုပ်တို့သည် ပဋိသန္ဓေခဏ၌ အချင်းချင်းအား အတူတကွဖြစ်ဖက် ‘သဟဇာတသတ္တိ’ နှင့် မှီရာတည်ရာအဖြစ် ‘နိဿယသတ္တိ’ တို့ဖြင့် ကျေးဇူးပြုကုန်၏။

 

(ခ) ဝတ္ထုပုရေဇာတနိဿယ

‘ဝတ္ထု ပုရေဇာတနိဿယ’ ဟူသော ဝေါဟာရ၌ (ဝတ္ထု+ပုရေဇာတ+နိဿယ) ဟူ၍ ပုဒ်သုံးခု ပါဝင်နေသည်။ ထိုတွင် ဝတ္ထုဟူသည် စိတ်၊ စေတသိက်တရားတို့ မှီ၍ဖြစ်ရာ ဖြစ်သော ဝတ္ထုရုပ်ခြောက်ပါးတို့ကို ဆိုလိုသည်။ ယင်းဝတ္ထုရုပ် ခြောက်ပါးတို့သည် မိမိတို့ကို မှီ၍ ဖြစ်ကြရသော စိတ်၊ စေတသိက်တို့မဖြစ်မီ ရှေးဦးစွာ ဖြစ်နှင့်ကြရသဖြင့် ‘ပုရေဇာတ’ မည်သည်။ ထို့ပြင် ထိုဝတ္ထုရုပ် ခြောက်ပါးတို့သည် စိတ်၊ စေတသိက်တရားတို့၏ မှီရာ တည်ရာဖြစ်သောကြောင့် ‘နိဿယ’ အမည်ကိုလည်း ရပြန်သည်။

ထို့ကြောင့် ဝတ္ထုပုရေဇာတပစ္စည်းဟူသည် (၁) ဝတ္ထုလည်း ဟုတ်၏၊ (၂) စိတ်၊ စေတသိက်တရားတို့ မဖြစ်မီ ရှေးဦးစွာ ဖြစ်နှင့်သောကြောင့် ပုရေဇာတလည်း ဟုတ်၏။ (၃) စိတ်၊ စေတသိက်တရားတို့၏ မှီရာ တည်ရာဖြစ်၍ နိဿယလည်း ဟုတ်၏ဟူသော အင်္ဂါသုံးချက်နှင့် ညီသောကြောင့် ဝတ္ထုပုရေဇာတနိဿယ ဖြစ်ပါသည်။

ဤအင်္ဂါသုံးချက်နှင့်ညီသော တရားတို့ကား ဝတ္ထုခြောက်ပါးပင်တည်း။ ထိုဝတ္ထု ခြောက်ပါးတို့သည် အရူပဝိပါက်စိတ်လေးခုမှ တစ်ပါးသောစိတ် ၈၅-ပါး၊ စေတသိက် ၅၂-ပါး တို့အား ‘ဝတ္ထုပုရေဇာတနိဿယ’ သတ္တိဖြင့် ကျေးဇူးပြုကုန်၏။

ဥပမာ တယောသံတို့မည်သည် တယောကြိုးကို တယောထိုးတံတို့ဖြင့် ထိုးသော အားကြောင့်သာ ဖြစ်လာ၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် တယောသံ မဖြစ်နိုင်ပါ။ ထိုဥပမာအတိုင်း ပဉ္စဝိညာဉ်တို့မည်သည် ဝတ္ထုရုပ်ငါးပါးဟု ဆိုအပ်သော အာရုံငါးပါး တို့၏ ထင်ခြင်းသို့ ရောက်သော အဟုန်ကြောင့်သာလျှင် ဖြစ်လာ၏၊ တစ်ပါးသောအကြောင်း အားဖြင့် မဖြစ်လာနိုင်ပါ။

ထင်ခြင်းသို့ ရောက်ခြင်းသည်လည်း ထိုဒွါရ အာရုံတို့၏ ဌီသို့ ရောက်သောအခါ၌ သာလျှင် ဖြစ်၏၊ ထင်ခြင်းသို့ ရောက်ခြင်းတည်းဟူသော အကြောင်းကြောင့်သာလျှင် ဘဝင် နှစ်ကြိမ် လှုပ်၏၊ ဘဝင်လှုပ်ခြင်းတည်းဟူသော အကြောင်းကြောင့်လည်း ပဉ္စဒွါရ၌ ဆင်ခြင် သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည်ဖြစ်၏။ အာဝဇ္ဇန်းဖြစ်ခြင်းတည်းဟူသော အကြောင်း ကြောင့်လည်း စက္ခုဝိညာဉ် အစရှိသော ဝိညာဉ်ငါးပါးတို့ အာရုံအားလျော်စွာ အသီးသီး ဖြစ်လာကြ၏။

ထို့ကြောင့် စက္ခုအစရှိသော ဝတ္ထုငါးပါးတို့သည် စက္ခုဝိညာဉ် စသည် မဖြစ်မီ ရှေး ဖြစ်သော အတီတဘဝင်စိတ်၏ ဥပါဒ်ခဏ၌ ဖြစ်လာကြပြီး ပဉ္စဝိညာဏဓာတ်တို့အား ဝတ္ထု ပုရေဇာတနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။

မရဏာသန္နအခါ၌ကား ခပ်သိမ်းကုန်သော ဝတ္ထုရုပ်ခြောက်ပါးတို့သည် စုတိစိတ်မှ ရှေး၌ တစ်ဆယ့်ခုနစ်ချက်မြောက်ဖြစ်သော ဘဝင်စိတ်၏ ဥပါဒ်ခဏ၌သာလျှင်ဖြစ်ကုန်၏၊ ထိုဘဝင်စိတ်၏ ဥပါဒ်ခဏမှ နောက်၌မဖြစ်ကုန်၊ ထို့ကြောင့် မရဏာသန္နအခါ၌ ဘဝင်စိတ်များ ခပ်သိမ်းသော ဆဒွါရိက ဝီထိစိတ်များနှင့် စုတိစိတ်သည် မိမိတို့မဖြစ်မီရှေးအခါ၌ ဖြစ် ကုန်သော ထို ၁၇-ချက်မြောက် စိတ်နှင့်အတူ ဥပါဒ်သည်သာလျှင် ဖြစ်ကုန်သော မိမိ မိမိတို့၏ ဝတ္ထုတို့ကို မှီ၍ ဖြစ်ကုန်၏၊ ဤဆိုအပ်ခဲ့ပြီးသည် ဝတ္ထုပုရေဇာတနိဿယ ပစ္စည်းဖြစ်ပေသည်။

 

 

ဝတ္ထုရုပ်ခြောက်ပါး

(၁) သတ္တဝါတို့၏ မျက်စိထဲ၌ = မျက်နက်ဝန်း၌ပါရှိသော မျက်စိအကြည်ဓာတ်ကို စက္ခု ပသာဒဟု ခေါ်၏။ ယင်း စက္ခုပသာဒရုပ်သည် အပြင်ဘက်က အဆင်း = ရူပါရုံ ဝင် ရောက်ရာ တံခါးသဖွယ်ဖြစ်သောကြောင့် ‘စက္ခုဒွါရ’ ဟုလည်း ခေါ်၏။ ထိုစက္ခု ပသာဒရုပ်သည် ရူပါရုံကို မြင်သိမှုခေါ် စက္ခုဝိညာဉ်စိတ် နှစ်ပါးဖြစ်ရာ ဌာနဖြစ်၍ ‘စက္ခုဝတ္ထု’ ဟုလည်းခေါ်၏။

(၂) နားထဲ၌လည်း နားအကြည်ဓာတ်ခေါ် သောတပသာဒရုပ်သည် ရှိ၏။ ထို သောတ ပသာဒရုပ်သည် အပြင်ဘက်က အသံ = သဒ္ဒါရုံဝင်ရောက်ရာ တံခါးသဖွယ် ဖြစ်သော ကြောင့်’သောတဒွါရ’ ဟုလည်း ခေါ်၏။ သဒ္ဒါရုံကို ကြားသိမှုခေါ် သောတဝိညာဉ်စိတ် နှစ်ပါး၏ ဖြစ်ရာဌာနဖြစ်၍ ‘သောတဝတ္ထု’ ဟုလည်း ခေါ်၏။

(၃) နှာခေါင်းထဲ၌လည်း နှာခေါင်းအကြည်ဓာတ်ခေါ် ဃာနပသာဒရုပ်သည် ရှိသည်။ ထို ဃာနပသာဒရုပ်သည် အပြင်ဘက်က အနံ့ = ဂန္ဓာရုံဝင်ရောက်ရာ တံခါးသဖွယ် ဖြစ်သောကြောင့် ‘ဃာနဒွါရ’ ဟုလည်း ခေါ်၏။ ဂန္ဓာရုံကို နံသိမှုခေါ် ဃာနဝိညာဉ်စိတ် နှစ်ပါး၏ ဖြစ်ရာ ဌာနဖြစ်၍ ‘ဃာနဝတ္ထု’ ဟုလည်း ခေါ်၏။

(၄) လျှာ၏အလယ်၌လည်း လျှာအကြည်ဓာတ်ခေါ် ဇိဝှာပသာဒရုပ်သည် ရှိ၏။ ထို ဇိဝှာ ပသာဒရုပ်သည် အပြင်ဘက်က အရသာ = ရသာရုံဝင်ရောက်ရာ တံခါးသဖွယ် ဖြစ်သောကြောင့် ‘ဇိဝှာဒွါရ’ ဟုလည်းခေါ်၏။ ရသာရုံကို လျက်သိမှုခေါ် ဇိဝှာ ဝိညာဉ်စိတ်နှစ်ပါး၏ ဖြစ်ရာဌာနဖြစ်၍ ‘ဇိဝှာဝတ္ထု’ ဟုလည်း ခေါ်၏။

(၅) တစ်ကိုယ်လုံး၌ ပျံ့နှံ့၍တည်သော ကိုယ်အကြည်ဓာတ်ခေါ် ကာယပသာဒ ရုပ်သည် ရှိ၏။ ထို ကာယပသာဒရုပ်သည် အပြင်ဘက် အတွေ့ ဖောဋ္ဌဗ္ဗာရုံဝင်ရောက်ရာ တံခါး သဖွယ်ဖြစ်သောကြောင့် ‘ကာယဒွါရ’ ဟုလည်း ခေါ်၏။ ဖောဋ္ဌဗ္ဗာရုံကို တွေ့သိမှုခေါ် ကာယ ဝိညာဉ် စိတ်နှစ်ပါး၏ ဖြစ်ရာဌာနဖြစ်၍ ‘ကာယဝတ္ထု’ ဟုလည်း ခေါ်၏။

(၆) နှလုံးသား၏အလယ်၌ သွေးများတည်နေသော တွင်းငယ်တစ်ခုရှိ၏။ ထို သွေးများ ပျံ့နှံ့လျက်တည်သော ဝတ္ထုတစ်မျိုးကို ‘ဟဒယ’ ဟု ခေါ်၏။ ပစ္စုပ္ပန် ပဉ္စာရုံကို ခံယူသောမနောဓာတ်သုံးပါးနှင့် (အရူပဝိပါက် စိတ်လေးခုကြဉ်သော) မနောဝိညာဏဓာတ်ခေါ် မနောဝိညာဉ်စိတ် ၇၂ – ပါး ပေါင်း (စိတ် ၇၅-ပါး) တို့၏ မှီရာဖြစ်သောကြောင့် ‘ဟဒယဝတ္ထု’ ရုပ်ဟု ခေါ်၏။

*ကျမ်းညွှန်း *တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော်ကြီး၏ ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ (၂၀၀၈ – ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေသည်)

 

 

 

မြင်သိစိတ်ဖြစ်ရန် ပါဝင်သည့်ပစ္စည်း

စက္ခုဝိညာဉ် = မြင်သိစိတ်တစ်ခု ဖြစ်ပေါ်လာနိုင်ရန် ၁ – သဟဇာတပစ္စည်း၊ ၂ – အညမညပစ္စည်း၊ ၃ – နိဿယပစ္စည်း၊ ၄ – အာရမ္မဏပစ္စည်း၊ ၅ – ပုရေဇာတပစ္စည်း၊ ၆ – အတ္ထိပစ္စည်းနှင့် ၇ – အဝိဂတပစ္စည်း တို့က ကျေးဇူးပြုမှသာ ဖြစ်ပေါ်လာနိုင်ပါသည်။

 

 

ဝတ္ထာရမ္မဏပုရေဇာတနိဿယ

‘ဝတ္ထု’ ‘အာရမ္မဏ’ ‘ပုရေဇာတ’ ‘နိဿယ’ဟူသော ထိုဓမ္မသဘောတရားသည် အောက်ပါအင်္ဂါလေးပါးနှင့် ညီညွတ်မှသာ ရပါမည် –

(၁) ဝတ္ထုလည်း ဖြစ်ရမည် = ဝတ္ထု

(၂) ပစ္စယုပ္ပန်တရားတို့၏ အာရုံလည်း ဖြစ်ရမည် = အာရမ္မဏ

(၃) ပစ္စယုပ္ပန်တရားတို့ မဖြစ်မီ ရှေးဦးစွာလည်း ဖြစ်နှင့်နေရမည် = ပုရေဇာတ

(၄) နိဿယသတ္တိဖြင့် အမှီခံလည်း ဖြစ်ရမည် = နိဿယ

ဤလေးပါးနှင့် ပြည့်ပြည့်စုံစုံ ညီညွတ်နိုင်သော တရားမှာ ‘ဟဒယဝတ္ထု’သာ ရှိ၏။

ဤဟဒယဝတ္ထုကို အာရုံပြု၍ စိတ်၊ စေတသိက်တရားတို့ ဖြစ်နိုင်ကြသေးသဖြင့် ဟဒယဝတ္ထုသည် မိမိကို အာရုံပြု၍ ဖြစ်ကြကုန်သော စိတ်၊ စေတသိက်တရားတို့အားကျေးဇူး ပြုရာ၌ ‘ဝတ္ထာရမဏပုရေဇာတနိဿယ’ဟု ခေါ်သော ပစ္စည်းခွဲကလေးတစ်ခု ရှိသေး၏။ ဟဒယဝတ္ထုကို အဘယ်သို့ အာရုံပြုသနည်းဟူမူ –

(၁) မိမိ၏ ဟဒယဝတ္ထုကို အာရုံပြု၍ – “ငါ၏ မနောဝိညာဉ်စိတ်သည် ငါ၏ ဟဒယ ဝတ္ထုကို အာရုံပြု၍ ဖြစ်၏။ ဤငါ၏ မနောဝိညာဉ်စိတ်မှီရာ ဟဒယဝတ္ထု ရုပ်သည်ငါ၏ ဥစ္စာတည်း။ ဤဟဒယဝတ္ထုသည် ငါ၏အတ္တတည်း” ဤသို့ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် လည်းကောင်း။

(၂) “ဤဟဒယဝတ္ထုရုပ်သည် မမြဲ၊ ဆင်းရဲ၏၊ အတ္တမှ ဆိတ်သုဉ်း၏” ဤသို့ လက္ခဏာရေးသုံးပါးသို့တင်၍ သုံးသပ်သည်၏ အစွမ်းဖြင့်လည်းကောင်း မနော ဒွါရဝဇ္ဇန်း အစရှိကုန်သော မနောဒွါရိက (စိတ်တံခါး၌ ဖြစ်သော) ဝီထိစိတ် တို့သည် ဖြစ်ကြကုန်၏။

ဤသို့သောနည်းဖြင့် ဟဒယဝတ္ထုရုပ်သည် မိမိကို အာရုံပြု၍ ဖြစ်ကြကုန်သော (မနော ဒွါရာဝဇ္ဇန်း၊ ကာမဇော-၂၉၊ တဒါရုံ ၁၁- ဟူသော) မနောဝိညာဉ်စိတ် ၄၃-ပါးတို့နှင့် (ဣသာ၊ မစ္ဆိရိယ၊ ကုက္ကုစ္စ၊ ဝိရတီ-၃၊ အပ္ပမညာ-၂ ဟူ၍ ရှစ်ပါးကြဉ်အပ်သော) စေတသိက် ၄၁-ပါး တို့အား “ဝတ္ထာရမ္မဏပုရေဇာတနိဿယ” သတ္တိဖြင့် ကျေးဇူးပြုသည်ဟူ၍ မှတ်သားရာ၏။

ဤသို့ ဟဒယဝတ္ထုရုပ်ကို အာရုံပြု၍ ဝီထိစိတ်များဖြစ်ခြင်းသည် ပကတိအခါ၌ သာမက၊ သေခါနီး (မရဏာသန္န) အခါ၌လည်း ဖြစ်နိုင်သေး၏။ အလွန်လေးနက်သော အရာပေတည်း။

*ကျမ်းညွှန်း – ဆရာကြီးဦးမြင့်ဆွေ၏ ပဋ္ဌာန်းမဟာ

 

 

စိတ္တနိယာမအစဉ် Mental Process

ပဋ္ဌာန်းကို ဝီထိနှင့်ယှဉ်ပြီး လေ့လာမှသာ နားလည်လွယ်မည်ဖြစ်သောကြောင့် ထို့ကြောင့် စက္ခုဝိညာဏ် စိတ်ဝီထိကို လေ့လာနိုင်ရန် အောက်တွင် ဖော်ပြပါသည် –

 

ဘဝင်           – Stream of bhavanga

အတီတဘဝင် – Past bhavanga

ဘဝင်္ဂစလန   – Vibrational bhavanga

ဘဝင်္ဂုပစ္ဆေဒ  – Arrest bhavanaga

ပဉ္စဒွါရာဝဇ္ဇန်း – Five-door adverting

စက္ခုဝိညာဉ်   – Eye-consciousness

သမ္ပဋိစ္ဆိုင်း    – Accepting (Receiving)

သန္တီရဏ       – Investigating

ဝုဋ္ဌော          – Decision (Determining)

ဇော- ၇ ကြိမ် – Mental impulsions/ (Javana)

တဒါရုံ -၂ ကြိမ် (Registration) တို့သည် ရှေ့နောက် ဥပါဒ်၊ ဌီ၊ ဘင်၊ ဖြစ်၊ တည်၊ ပျက် အစဉ်အတိုင်း ဖြစ်နေကြသည်ကို စိတ္တနိယာမဟု ခေါ်ပါသည်။

ရုပ်သက်က (၁၇) ချက် ရှိသည်။ ထို့ကြောင့် စက္ခုပသာဒက အတီတဘဝင်၏ ဥပါဒ် ခဏက စဖြစ်ပြီး ဒုတိယ တဒါရုံ၏ ဘင်မှာ ချုပ်ပါသည်။ စက္ခုဝိညာဉ်က စက္ခုပသာဒကိုမှီပြီး ဖြစ်ရသည်မှာ နိယာမတရား ဖြစ်သည်။ ရုပ်တရားဖြစ်သည့် စက္ခုပသာဒက မြင်သိစိတ် စက္ခုဝိညာဉ်ထက် စောပြီးဖြစ်နှင့်ရသဖြင့် ပုရေဇာတပစ္စည်း ရသည်။

အဘယ်ကာလမျှ စောဖြစ်ရသနည်းဟူမူကား စက္ခုဝိညာဉ်ထက် အစောဖြစ်ကြသည့် အတီတဘင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်းဟူသော စိတ္တက္ခဏ ၄-ချက်စောပြီး ဖြစ်ရပါသည်။ အတီတဘဝင်၏ ဥပါဒ်ခဏက ဖြစ်ခဲ့သည့် စက္ခုပသာဒ ရုပ်ကိုမှီ၍ဖြစ်ပါသည်။ ထို့ကြောင့် စက္ခုပသာဒရုပ်က စက္ခုဝိညာဏ်စိတ်ကို ဝတ္ထုပုရေဇာတနိဿယဖြင့် ကျေးဇူးပြု ပါသည်။

 

မသိမှုကြောင့် မြဲတယ်၊ ကောင်းတယ်ဟု ထင်နေသည်

မျက်စိနှင့်အဆင်းဆုံပြီး မြင်သိစိတ်ဖြစ်ရာတွင် မျက်စိနှင့်အဆင်းတို့သည် မခိုင်ခန့် သည့်သဘော ရှိပါသည်။ ပျက်တတ်သည့်သဘော ရှိပါသည်။ သို့ဖြစ်ပါ၍ မျက်စိနဲ့အဆင်း ပေါင်းစုံမိမှ ဖြစ်ပေါ်လာသည့် မြင်သိစိတ်လေးကလည်း မခိုင်ခံ့သည့် သဘော၊ ပျက်တတ် သည့်သဘော ရှိနေသည်။ သို့သော် မျက်စိနဲ့အဆင်းပေါင်းကာ ဖြစ်ပေါ်လာသည့်မြင်သိစိတ် ကလေးကို “မြဲတယ်၊ ကောင်းတယ်” ဟု ထင်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် မသိမှု မောဟ အားကြီးသောကြောင့် ဖြစ်ပါသည်။

ပမာပြရသော် ဘုရားရှင်၏ သပ္ပာယ်လှသည့် ဆင်းတုတော်ကို မျက်စိဖြင့် ဖူးတွေ့လိုက် ရသည်။ မျက်စိနှင့် အဆင်းဆုံသဖြင့် မြင်သိစိတ် ပေါ်လာသည်။ ဆင်းတုတော်ကြီး မျက်စိထဲ ရောက်လာသည်လည်းမဟုတ် မျက်လုံးက ဆင်းတုတော်ဆီ ရောက်သည်လည်း မဟုတ်ဘဲ မြင်သိစိတ်သည် အရိပ်တစ်ခုမျှသာ ဖြစ်သည်။

အမှန်တကယ်တွင်မူ မျက်စိနှင့်အဆင်း နှစ်ပါးစုံ မခိုင်ခံ့သည့်သဘောရှိသဖြင့် ပျက် တတ်ကြောင်းနှင့် မျက်စိနှင့်အဆင်း ပေါင်းဆုံမိမှ ဖြစ်ပေါ်လာသည့် မြင်သိစိတ်လေးကလည်း မခိုင်ခန့်သည့် သဘောရှိကြောင်းကို သိရှိလက်ခံနိုင်ရန် ခက်ခဲလှပါသည်။

မြင်သိစိတ် ဖြစ်လာလိုက်၊ ကြားသိစိတ် ဖြစ်လာလိုက်၊ စားသိစိတ် ဖြစ်လာလိုက်နှင့် ဖြစ်နေပါသည်။ ထိုကဲ့သို့ ဖြစ်ရခြင်း၏အကြောင်းရင်းမှာ ရုပ်နှင့်နာမ်နှစ်ပါးပေါင်းဆုံမိခြင်း ကြောင့်သာတည်း။ နာမ်အစဉ်အတန်းကြီးသည် မပြတ်တရစပ် ဘဝင်အနေနှင့် ဖြစ်ပေါ်နေ ပါသည်။ ထိုဘဝင်မှတစ်ဆင့် မြင်သိစိတ်၊ ကြားသိစိတ်၊ စားသိစိတ်တို့အကြောင်းဆုံတိုင်း ဖြစ်ပေါ်နေ၏။

လူသေကောင်၌ မျက်စိရှိသော်လည်း အဆင်းကို မမြင်ရပေ။ အကြောင်းမှာ သူတို့မှာ ဘဝင်စိတ် အစဉ်အတန်း မရှိတော့သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်နာမ်တရားတစ်ခု ဖြစ်ပေါ်လာနိုင်ရန်အတွက် အနန္တရသတ္တိ၊ သမနန္တရသတ္တိ ရှိမည်။ ရုပ်နှစ်ခုကလည်း ပုရေဇာတ၊ အာရမ္မဏ၊ နိဿယသတ္တိတို့ဖြင့် ကျေးဇူးပြုလျှင် မြင်သိစိတ် ပေါ်ပေမည်။

ဤသို့ အကြောင်းပေါင်းဆုံလျှင်မူ မြင်သိစိတ် “အရိပ်”တစ်ခု ပေါ်လာရန် မည်သူ တစ်စုံတစ်ဦးကမှ ဖန်းတီးထားခြင်း မဟုတ်သကဲ့သို့ မည်သူတစ်စုံတစ်ဦးကမှတားမြစ် ၍လည်း မရနိုင်ပေ။

 

 

ဘဝတစ်ပါး ကူးပြောင်းစေကာမူ အရိပ်ကလိုက်နိုင်သည်

ဥပမာပြရသော် တရားစခန်းလာမည့်ရက်တွင် တစ်သောင်းတန် ငွေစက္ကူငါးရွက်ကို ခေါင်းအုံးအောက်က ဖျားကြားတွင် သေသေချာချာ မှတ်မှတ်ရရ ထားရစ်ခဲ့သည်။ တရား အားထုတ်သည့်ရက်များတွင် အခါအားလျော်စွာ ထိုငွေကိုသတိရတိုင်း ငွေစက္ကူ ၅-ရွက်၏ အရိပ်သာမက ခေါင်းအုံးအပါအဝင် ၎င်းအောက်က ဖျာ၏အရိပ်ကိုပါ စိတ်ထဲ မကြာခဏ ထင်နေပါသည်။

အိမ်၌ရှိသည့်လူများက အိပ်ယာအိပ်ခင်းကို နေပူလှန်းရန်ထုတ်ယူရာတွင် ထိုငွေစက္ကူ ၅-ရွက်ကို တွေ့ရှိသွားပါသည်။ ထို့ကြောင့် ထိုငွေတို့ကို ယူသုံးလိုက်ကြပါသည်။ထိုအခြေ အနေမှန်ကို မသိသေးသည့် ယောဂီစိတ်ကမူ အိမ်ရောက်လျှင်ငွေငါးသောင်းဖြင့် ပိတ်စ လှလှဝယ်ပြီး ချုပ်ဝတ်မည်ဟု ရံခါတွေးပါသည်။ ပိတ်စဝယ်ဝတ်မည့်အစား တရားထိုင်ရာ ဓမ္မာရုံရှိ ဘုရားစဉ်ရှေ့၌ ပန်းအိုးဝယ်လှူမည်ဟု ရံခါ တွေးနေသည်။

ယောဂီသည် ဝတ်မည်၊ လှူမည်။ လှူမည်၊ ဝတ်မည်ဟု အပြန်ပြန် အလှန်လှန် ပုံဖော် နေပါသည်။ သူထားခဲ့သည့် ငွေစက္ကူအားလုံး ထားရာနေရာမှ ပျောက်သွားပြီး ဖြစ်ပါသော်လည်း ထိုငွေစက္ကူ၏အရိပ်ကား ထိုယောဂီ၏ စိတ်အာရုံတွင် မပျောက်သေးပါ။

ရက်သတ္တတစ်ပတ် ပြည့်သည့်တိုင်လည်းထိုအရိပ် ရှိနေမည်။ နှစ်ပတ်၊ သုံးပတ် ပြည့်သည့်တိုင်လည်း ရှိနေပေဦးမည်။ တစ်လပြည့်သည့်တိုင်လည်း ရှိချင်ရှိနေပေဦးမည်။ အကယ်၍ သူသည် အကြောင်းကြောင်းကြောင့် အိမ်မရောက်လိုက်ရဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားစေကာမူ ထိုအရိပ်က သူ့သန္တာန်၌ ပျောက်ကွယ်သွားတော့မည် မဟုတ်ပါ။

 

အကြောင်းအကျိုး တရားမျှသာ

ကောင်းကင်ပြင်၌ လျှပ်စီးလက်သည်ကို လူတိုင်း မြင်ဖူးကြသည်။ လျှပ်စီးမလက်ခင် ကြည့်တော့လည်း မရှိပါ။ လျှပ်စီးလက်ပြီးတော့လည်း မရှိတော့ပါ။ ဖျတ်ကနဲသိလိုက်သည်နှင့် တစ်ပြိုက်နက်တည်းပင် မရှိတော့ပေ။ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ ထိသိစိတ်နှင့် တွေးကြံသိစိတ်တို့လည်း ထိုနည်းအတူပင် ဖြစ်သည်။ မမြင်သေးခင်၊မကြားသေးခင်၊ မနံ သေးခင်၊ မထိတွေ့သေးခင်၊ မတွေးသေးခင် မရှိပေ။ မြင်သခိုက် တစ်ခဏမြင်ရုံမျှသာ၊ ကြား သခိုက် တစ်ခဏကြားရုံမျှသာ၊ နံသခိုက် တစ်ခဏအနံ့ရရုံမျှသာ၊တွေးကြံသခိုက် တစ်ခဏ မျှသာရှိပြီး သိလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပျောက်၍၊ပျောက်၍သွားနေပါသည်။ ချုပ်၍၊ ချုပ်၍သွားနေပါသည်။

ဤသည်မှာ ပရမတ္ထဓမ္မ၏ သဘောသဘာ၀ ဖြစ်ပါသည်။ အရိပ်ကလေးပေါ်ပြီး ပျောက်သွားနေသည့် ဖြစ်စဉ်ကြီး Process သက်သက်မျှသာ ရှိသည်။ အကြောင်းတရားနှစ်ခု ဖြစ်သည့် မျက်စိနှင့် အဆင်းဆုံသောကြောင့် အကျိုးတရားတစ်ရပ် ဖြစ်ပေါ်လာခြင်းမျှသာ ဖြစ်သည်။ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တ၊ အကောင်အထည်ဒြပ် မရှိပါလေ။

 

အရိယာနှင့် ပုထုဇဉ်အမြင်

ဘုရား၊ ရဟန္တာတို့၏သန္တာန်၌မူ မြင်၊ ကြား၊ နံ၊ စားသခိုက်ထင်သည့် အရိပ်သည် အရိပ်အတိုင်းပင် ပေါ်ပါသည်။ အကောင်အထည်အဖြစ် မကျန်ရစ်ခဲ့ပါ။ ပုထုဇဉ်တို့၏ သန္တာန် ၌မူ မြင်ရာ၊ ကြားရာ၊ နံရာ၊ စားရာတို့၌ အရိပ်မျှသာ မဟုတ်ဘဲ အကောင်အထည်အဖြစ်ပေါ် နေခြင်းက အရိယာနှင့် ပုထုဇဉ်၏အသိ ခြားနားချက်ကြီး ဖြစ်ပေတော့သည်။

ဥပမာအားဖြင့် ဖော်ပြရပါမူ ကောသမ္ဗီပြည်၌ မြတ်စွာဘုရားနှင့် သံဃာတော်များ ဆွမ်းခံကြွတော်မူစဉ် မာဂဏ္ဍီမိဖုရား၏ တပည့်များက နေ့စဉ်ရက်ဆက် နောက်လိုက်၍ ရက်ရက်စက်စက် ဆဲဆိုကြပါသည်။ ခဲများဖြင့် ပစ်ပေါက်ကြသည်။

ထိုအခါ အရှင်အာနန္ဒာက ဘုရားရှင်နှင့် သံဃာတော်များကို ဤသို့ ဆဲဆိုနေသည့် မြို့တွင် သီတင်းမသုံးဘဲ အခြားအရပ်သို့ ကြွသွားရန် ဘုရားရှင်ကို လျှောက်ထားပါသော်လည်း မြတ်စွာဘုရားရှင်က လက်ခံတော်မမူခဲ့ပါ။

ဤနေရာတွင် အဆဲခံရသူက မိမိကိုယ်တိုင်ဖြစ်နေသည်ဟု စဉ်းစားမည်ဆိုလျှင် ဆဲဆိုသည့်အသံက နားနှင့် တိုက်ဆုံပါသည်။ အရိပ်မျှသာ ဖြစ်ပါသည်။ ပေါ်ပြီးပျောက် နေသည့် သဘာဝသဘောတရား အမှန်ဖြစ်ပါသော်လည်း မိမိတို့၏ ကိလေသာ အာသ၀ ဓာတ်ခံဆိုးကြောင့် “ငါ့ကိုဆဲတဲ့ကောင် င့ါအကြောင်း သိမယ်ကွ”ဟု ကြိမ်းဝါးကာတုတ်၊ ဓား၊ လက်နက်ဆွဲကိုင် လာပါတော့သည်။ ထိုဆဲဆိုသူကို ပြန်လှန် မဆဲလိုက်ရဘဲဖြစ်စေ၊ မရိုက်လိုက်မိဘဲဖြစ်စေ အကြောင်းအားလျော်စွာ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့သွားပြီး ကွယ်လွန်အနိစ္စရောက်သွားပြီး ဖြစ်စေကာမူ အကောင်အထည်အဖြစ် ယူထားမိသည့် ထိုပုဂ္ဂိုလ်၊ ထိုသတ္တဝါ၏ပုံရိပ် စိတ်ထဲပေါ်လာတိုင်း တောက်တခေါက်ခေါက်ဖြင့်မပြီးနိုင် မစီးနိုင် ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် သဘာဝသဘောတရားအမှန်ကို အမှန်အတိုင်း သိရှိနားလည် လက်ခံနိုင်ရန် ဝိပဿတရားကို ကျင့်ကြံပွားများ အားထုတ်ရပါမည်။ ထိုအခါ ဝိပဿနာဉာဏ်အားလျော်စွာ နားနှင့်အသံဆုံရုံမျှ၊ မျက်စိနှင့်အဆင်း ဆုံရုံမျှ၊ ကြုံရုံမျှဖြစ်ပြီး မခိုင်ခံ့သည့် အရိပ်ပမာပါကလား၊ မိုးကောင်းကင်ပေါ်မှ လျှပ်စီးပမာ ပေါ်ကာမျှပါကလားဟု နားလည်နိုင်မည် ဖြစ်ပါသည်။

 

 

ပါဏာတိပါတနှင့် ပဋ္ဌာန်းပစ္စည်း

ပမာပြရသော် မိမိလက်ပေါ်လာနားသည့် ခြင်တစ်ကောင်ကို သေသေချာချာ မိမိရရ ရိုက်လိုက်သည့် တစ်ခဏသည် အချိန်ကာလအားဖြင့် အလွန်ပင် တိုတောင်းလှပါသည်။ ဤကာလတိုအတွင်း၌ ပဋ္ဌာန်းပစ္စည်းအားဖြင့် ခြင်သည် အာရုံဖြစ်သဖြင့် အာရမ္မဏပစ္စည်း၊ ခြင်က သွေးလာစုပ်သည်ကို မကြိုက်သည့် ဒေါသက ဟေတုပစ္စည်း၊ သတ္တဝါတို့၏အသက်ကို သတ်ကောင်း၊ မသတ်ကောင်းကိုပင် မဝေဖန် မဆန်းစစ်နိုင်သည့် မောဟက ဟေတုပစ္စည်း တို့ ပါဝင်သည်။ ထို့ပြင် မောဟနှင့် အတူ ယှဉ်တွဲဖြစ်သည့် စိတ်စေတသိက်များ၊ ဒေါသနှင့် အတူ ယှဉ်တွဲဖြစ်သည့် စိတ် စေတသိက်များ၏ သတ္တိတို့ ပါဝင်၏။ ဤသည်ကား အကျဉ်းမျှ ဖော်ပြခြင်း ဖြစ်ပါသည်။

အကျယ်အားဖြင့် ပြရသော် ‘အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော’ ဟု ဟောတော်မူသည့် ဒေါသနှင့် မောဟဟေတုသတ္တိ တို့ကြောင့် စိတ် စေတသိက်နှင့် စိတ္တဇရုပ်များ ဖြစ်ပေါ်လာသဖြင့် လက်ကလေးကို မြှောက်ပြီး ထိုခြင်ကလေး အရိုက်ခံလိုက်ရခြင်း ဖြစ်ပါသည်။ တစ်ဖန် အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတပစ္စည်းတို့အရ လက်ဖျစ်တစ်ချက်တီးခန့် ကာလအတွင်း ဒေါသစိတ်၊ မောဟစိတ် တို့နှင့် ယှဉ်ဖက် စေတသိက်ပေါင်း ကုဋေတစ်သိန်းမက ဖြစ်ကြလေပြီ။

ပုရိမာ ပုရိမာ အကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ခန္ဓာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ခန္ဓာနံ အာသေဝနပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ခန္ဓာနံ နတ္ထိပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ခန္ဓာနံ ဝိဂတပစ္စယေန ပစ္စယော။

ထိုခြင်ကလေးကို သတ်တော့မည့် ဒေါသအခိုက်အတန့်အတွင်း သဟဇာတ၊ အညမည နိဿယပစ္စည်းတို့၏ နာမ်ခန္ဓာတစ်ပါးက သူနှင့်ဖြစ်ဖော်ဖြစ်ဖက် နာမ်ခန္ဓာသုံးပါးကိုလည်း ကောင်း၊ နာမ်ခန္ဓာသုံးပါးက သူနှင့်ဖြစ်ဖော်ဖြစ်ဖက် နာမ်ခန္ဓာတစ်ပါးကိုလည်းကောင်း၊ နာမ်ခန္ဓာ နှစ်ပါးက သူနှင့် ဖြစ်ဖော်ဖြစ်ဖက် နာမ်ခန္ဓာနှစ်ပါးကိုလည်းကောင်း အချင်းချင်း အပြန်ပြန် အလှန်လှန် ကျေးဇူးပြုကာ ပြင်းပြလှသည့် စိတ်စေတနာဆိုးကြောင့် ခြင်ကလေးကို လက်ဝါးဖြင့် ပုတ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

အကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ သဟဇာတပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။

အကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ အညမညပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ အညမညပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံ အညမညပစ္စယေန ပစ္စယော။

အကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ နိဿယပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ နိဿယပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံ နိဿယပစ္စယေန ပစ္စယော။

 

 

အာဒိန္နာဒါနနှင့် ပဋ္ဌာန်းပစ္စည်း

သူတစ်ပါး၏ ဥစ္စာကို ရောင်းဝယ်ပြုရာ၌ အလေး၊ တင်း၊ တောင်းခိုးယူခြင်းသော် လည်းကောင်း၊ စာရင်းဇယားများပေါ်မှာ မမှန်မကန် စာရင်းပြ၍လည်းကောင်း၊ဥစ္စာရှင် မသိအောင် လိမ်လည်ရယူခြင်းတို့သည် လောဘဟေတုနှင့် မောဟဟေတုတို့၏ ယှဉ်ဖော် ယှဉ်ဖက် စိတ်စေတသိက်တို့က ကျေးဇူးပြုခြင်းပေတည်း။ လောဘံ ပဋိစ္စမောဟော။

ဤကဲ့သို့ သူတစ်ပါးဥစ္စာကို ယူရာတွင်လည်း ‘အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော’ ဟူသော ပဋ္ဌာန်းပါဠိတော်အတိုင်း လောဘနှင့် မောဟဟေတုတို့၏ သတ္တိကြောင့် စိတ်စေတသိက်နှင့် စိတ္တဇရုပ်များဖြစ် ပေါ်လာ သဖြင့် ပိုင်ရှင်မပေးသည့်ဥစ္စာကို ကာယကံမြောက် ခိုးယူသည့်အထိ အထမြောက်လာခြင်း ဖြစ်သည်။

သတ်၊ ခိုး၊ ကာမဟူသော ကာယဒုစရိုက်သုံးပါး လွန်ကျူးရာတွင်လည်းကောင်း၊ လိမ်ညာ၊ ဂုံးချော၊ ကြမ်းတမ်း၊ သိမ်ဖျင်းဟူသော ဝစီဒုစရိုက်လေးပါး လွန်ကျူးရာတွင် လည်းကောင်း၊ မနောဒုစရိုက်သုံးပါးတို့ကို လွန်ကျူးရာတွင်လည်းကောင်း အကုသိုလ်စိတ် အားဖြင့် ဟေတု၊ အာရုံပါသဖြင့် အာရမ္မဏနှင့် နာမ်ခန္ဓာများ ပါဝင်သဖြင့် အညမည၊ သဟဇာတ၊ နိဿယ၊ ထို့အပြင် အကုသိုလ်လွန်ကျူးသည့် စိတ်အစဉ်၌ အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတသတ္တိတို့ ပါဝင်ကြပါသည်။

 

 

သဟဇာတ၊ အညမညနှင့် နိဿယ

သဟဇာတ၊ အညမညနှင့် နိဿယ ပစ္စည်း-၃ပါးသည် အချင်းချင်း အဆက်အစပ် ရှိနေကြောင်းကို တောင်မြို့ညဝါအကျော် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တနန္ဒိယ၏သံဃာ့ဥပုသ် ပြုပြီးနောက် သံဃာတော်တို့ကိုပေးသည့် သြဝါဒစကားမှာလည်း မှတ်သားစရာ ကောင်းလှ ပါသည်။

“အရှင်ဘုရားတို့… အခုဆိုရင် ကျောင်းတိုက်တစ်တိုက်တည်းမှာ အတူတကွ နေထိုင်ပြီး ပရိယတ္တိတာဝန်ကို ထမ်းဆောင်ဖို့ ရောက်လာကြတာ ဖြစ်ပါတယ်။ ဘယ်သူမဆို သဟဇာတသဘောနဲ့ အတူတကွ နေထိုင်ကြပြီဆိုတဲ့အခါ ‘အညမည’ အချင်းချင်းတွေဆိုတဲ့ စိတ်ဓာတ်မွေးပြီး တစ်ဦးနဲ့တစ်ဦး သည်းခံကြရမှာဖြစ်သလို မေတ္တာတရား လက်ကိုင်ထားကြ ရမယ်။ ဒါမှသာ အရေးရယ် အကြောင်းရယ်ဆိုရင် နေမကောင်းထိုင်မသာ ကိစ္စမျိုးလို ကြုံလာ ခဲ့ကြရင် ‘ နိဿယ’ ဆိုတဲ့ အားထားမှီခိုရာတွေဖြစ်ကြပြီး အစစအရာရာ အဆင်ပြေသွားမှာ ဖြစ်တယ်။ ‘သဟဇာတ’ ဖြစ်နေကြပါလျက်နဲ့ ‘အညမည’ ဆိုတဲ့ စိတ်ဓာတ်မထားရင် အရေး အကြောင်းကြုံလာတဲ့အခါ ‘နိဿယ’ ပစ္စည်းမဖြစ်တော့ဘဲ အားကိုးရာမဲ့တွေ ဖြစ်သွားမယ်”ဟု ဆုံးမတော်မူလေ့ ရှိပါသည်။ ဆရာတော်ကြီးက ပဋ္ဌာန်းပစ္စည်းတို့၏ တိုက်ရိုက် အနက်အဓိပ္ပာယ် ယူပြီး ဆုံးမခြင်း ဖြစ်ပါသည်။

မန္တလေးမြို့မှ မစိုးရိမ်ကျောင်းတိုက်ကြီး၏ နာယကသက်တော် ရှည်ဆရာတော် အရှင် ဘဒ္ဒန္တသူရိယာဘိဝံသ၏ အဆုံးအမစကားလည်း မှတ်သားဖွယ် ကောင်းလှပါသည်။

‘အရှင်ဘုရားတို့…လူအများနဲ့ ဆက်ဆံနေထိုင်ကြတဲ့အခါ အညမညပစ္စည်းလို မကျင့်သုံးကြပါနဲ့၊ သဟဇာတပစ္စည်းလို ကျင့်သုံးကျမှသာ အချင်းချင်း နိဿယပစ္စည်းနဲ့ ကျေးဇူးပြုနိုင်ကြမယ်’ ဟူသတည်း။

*ကျမ်းညွှန်း – တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး၏ အခြေပြုပဋ္ဌာန်း

 

နိဿယပစ္စည်း၏ သင်္ချာ

 

နိဿယပစ္စည်း၏သင်္ချာမှာ ၁၃-ဖြစ်ပါသည်။ ထို့ကြောင့် “နိဿယေ တေရသ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ-၃
(၁) ကု-ကု (၂) ကု-ဗျာ (၃) ကု-ကု၊ ဗျာ

အကုသလ သင်္ချာ-၃
(၁) အကု-အကု (၂) အကု-ဗျာ (၃) အကု-အကု၊ ဗျာ

အဗျာကတ သင်္ချာ-၃
(၁) ဗျာ-ဗျာ (၂) ဗျာ-ကု (၃) ဗျာ-အကု

ကုသလာဗျာကတ သင်္ချာ-၂
(၁) ကု-ဗျာ၊ ကု (၂) ကု-ဗျာ၊ ဗျာ

အကုသလာဗျာကတ သင်္ချာ-၂
(၁) အကု-ဗျာ၊ အကု (၂) အကု-ဗျာ၊ ဗျာ

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

၁။ သဟဇာတနိဿယ

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် သဟဇာတပစ္စည်းနှင့် အားလုံး တူညီပါသည်။

၂။ ပုရေဇာတနိဿယ

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် ပုရေဇာတပစ္စည်းနှင့် အားလုံး တူညီပါသည်။
နိဿယပစ္စည်းသည် သဟဇာတမျိုးနှင့် ဝတ္ထုပုရေဇာတမျိုး နှစ်မျိုး၌ ပါဝင်သည်။

Loading