မာတိကာ

ဥရောပယောဂီ၏ ကိုယ်တွေ့ဝိပဿနာ (ဒုတိယပိုင်း)

 

ကျေးဇူးဥပကာရတင် မှတ်တမ်း

ဤစာအုပ်ပေါ်ထွက် လာနိုင်ရေးအတွက် စာရေးသူ အရှင်မှ ကာလအတန်ကြာကပင် ရေးသား ပြုစုထားတော်မူသည့် စာမူကြမ်းများကို သာသနာ့ တာဝန်များပြားလှသည့်ကြားမှ အပင်ပန်းခံ၍ စိတ်ရှည် စွာဖြင့် တည်းဖြတ်ပြုပြင် ပေးတော်မူခဲ့သည့် နာယက ဆရာတော်ဦးစန္ဒသိရိ(ဓမ္မာစရိယ၊ ဝိနယဝိဒူ)သာသနာ့ ဝန်ဆောင်ကျောင်းတိုက်အားလည်းကောင်း၊ စာချ ဆရာတော်ဦးဉာဏဓဇ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက် အားလည်းကောင်း၊ နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာဦးဆန်းလွင်မှ စာမူကြမ်းကို ဖတ်ရှုပြီးနောက် စာအုပ်ပေါ်ထွက်လာရေးအတွက် မကြာခဏ တိုက်တွန်းအားပေးမှုကြောင့် ပုံနှိပ်ထုတ်ဝေဖြစ်ပါသဖြင့် ဆရာဝန်ကြီးအားလည်းကောင်း ကျေးဇူးဥပကာရတင် ရှိသည့်အကြောင်း မှတ်တမ်းတင်အပ်ပါသည်။

စီစဥ်သူများ
ရန်ကင်းတောင်စာစဥ်
၇.၉.၂၀၀၆

 

ဆဋ္ဌမအကြိမ် ပုံနှိပ်ခြင်း

ဥရောပယောဂီ၏ ကိုယ်တွေ့ဝိပဿနာ စာအုပ်ကို လက်တွေ့တရားအားထုတ်နေကြတဲ့ ရဟန်း ယောဂီ၊ လူယောဂီများ ဖတ်ရှုတဲ့အခါမှာ မိမိတို့နေ့စဉ် တရားရှုမှတ်မှု လုပ်ငန်းစဉ်ထဲမှ အမှတ်မထင် သတိ မထားမိဘဲ ဖြစ်နေတဲ့ ရှုကွက်များကို ဖြည့်နိုင်ခဲ့တဲ့ အပြင် ဝိပဿနာတရားရှုမှတ်မှုနှင့် စပ်လျဉ်းပြီး အတွေး အမြင်များ ပို၍ရှင်းလင်းလာပါကြောင်း၊ အားလည်း တက်လာပါကြောင်း စတာတွေကို ကြားသိရလို့ ဦးဇင်း ဝမ်းမြောက်ပါတယ်။

ယခုစာအုပ်မှာ ဒုတိယအကြိမ်က ပုံနှိပ်အမှား အယွင်းများ အပါအဝင်၊ ဖတ်ရှုရတဲ့အခါမှာ ပိုမို ရှင်းလင်းစေဖို့ တတ်နိုင်သလောက် ကြိုးစားထားပါတယ်။ နောက်နောင်လည်း ပုံနှိပ်ဖြစ်ဦးမယ်၊ ဦးဇင်းလည်း ကျန်းမာနေသေးမယ်ဆိုရင် ဦးဇင်းဉာဏ်မီ သလောက် ဝိပဿနာကို စိတ်ဝင်စားကြတဲ့ စာဖတ်သူ များအတွက် ယခုထက် အကောင်းဆုံးဖြစ်စေဖို့ ကြိုးစား ပါအုံးမယ်။လူသားအများ ဝိပဿနာတရားကို စိတ်ဝင်စားပြီး တရားနှင့်မွေ့လျော်နိုင်ကြပါစေ။

အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)
၁ .၆ .၂၀၁၄

 

သိမှတ်ဖွယ်

အပ္ပိစ္ဆတာ ဘိက္ခ‌‌‌‌‌ဝေ သဒ္ဓမ္မဿ ဌိိတိယာ
အသမ္မောသာယ အနန္တရဓာနာယ သံဝတ္တတိ။
(ဧကင်္ဂုတ္တရကပါဠိတော်)

ချစ်သားတို့ အလိုနည်းခြင်းရှိသော ပုဂ္ဂိုလ်သည် သူတော်ကောင်းတရား၏ ကြာမြင့်စွာတည်ခြင်း၊ မပျက်စီး မကွယ်ပျောက်ခြင်းငှာ ဖြစ်၏။

 

သောတာပန် စသည့် ပုဂ္ဂိုလ်သည်ပင်လျှင် မိမိ၏ သီတင်းသုံးဖော်များအား မိမိရအပ်သော လောကုတ္တရာတရားကို ပြောကြားဖို့ အလိုမရှိကြောင်း၊ ဤသည်ပင်လျှင် မိမိအရိယာ ဖြစ်ကြောင်းကို မသိစေလိုသော၊ သိုသိပ်လိုသော ” အဓိဂမအပ္ပိစ္ဆ” ပေတည်း။ (ဧကင်္ဂုတ္တရဋ္ဌကထာ)

ဒါနအားလုံးကို
ဓမ္မဒါနက အောင်နိုင်၏။
အရသာအားလုံးကို
တရားအရသာက အောင်နိုင်၏
မွေ့လျော်ဖွယ် အားလုံးကို
တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏
ဒုက္ခအားလုံးကို
တဏှာကုန်ခြင်းက အောင်နိုင်၏။

 

ကျေးဇူးရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး၏ ဆုံးမသြဝါဒ

အမှားသိမှုကြောင့်အမှားကြံစည်မှုတွေ ဖြစ်တယ်။

အမှားကြံစည်မှုကြောင့် အမှားပြုလုပ်မှု၊
အမှားပြောဆိုမှုတွေ ဖြစ်တယ်။
အမှားပြုလုပ်မှု၊ အမှားပြောဆိုမှုတွေကြောင့် ဆင်းရဲဒုက္ခတွေ
အမျိုးမျိုး ဖြစ်ကြရတယ်။
ဆင်းရဲဟူသမျှဟာ အမှားသိမှု အကြောင်းခံပဲ။

 

သတိပဋ္ဌာန်ကြောင့်ရရှိမည့် အကျိုးကျေးဇူးများ

၁။ သတ္တဝါတို့၏ စိတ်စင်ကြယ်ခြင်းအကျိုး
၂။ စိုးရိမ်ပူပန်ခြင်း သောကမီးကို လွန်မြောက်ခြင်း အကျိုး
၃။ ဝမ်းနည်းပူဆွေး ငိုကြွေးမြည်တမ်းခြင်း ပရိဒေဝကို လွန်မြောက်ခြင်းအကျိုး
၄။ ကိုယ်ဆင်းရဲခြင်း ၊ ဒုက္ခမီးတို့ ချုပ်ငြိမ်းခြင်း အကျိုး
၅။ စိတ်နှလုံးမသာယာခြင်း၊ ထိတ်လန့် တုန်လှုပ်ခြင်း၊ ဒေါမနဿမီးတို့ ချုပ်ငြိမ်းခြင်းအကျိုး
၆။ အရိယာမဂ်ဉာဏ်ကို ရစေခြင်းအကျိုး
၇။ အသင်္ခတဓာတ်နိဗ္ဗာန်ကို မျက်မှောက် ပြုရခြင်းအကျိုးတို့ကို ရရှိနိုင်ပါသည်။

ကျမ်းညွှန်း -မဟာသတိပဌာနသုတ္တ ၊ သုတ်မဟာဝါပါဠိ ၊ (စာမျက်နှာ – ၂၃၁)

 

နိဒါန်း

ဤစာမူသည် ဥရောပယောဂီ၏ ကိုယ်တွေ့ ဝိပဿနာ စာမူနည်းတူစွာ အင်္ဂလိပ်ဘာသာဖြင့် မှတ်တမ်းတင်ထားသော (FREED FREEDOM) စာမူကို နည်းမှီ၍ ဝိပဿနာတရားကို တန်ဖိုးထားကာ ဘ၀လွတ်မြောက်ရာ ကျင့်ကြံအားထုတ်နေသည့် ယောဂီများ အကျိုးရည်မျှော်မှန်း၍ ရေးသားထားခြင်း ဖြစ်ပါသည်။

ရန်ကုန်မြို့နေ ဥပါသကာယောဂီပုဂ္ဂိုလ်တစ်ဦးသည် မဟာမြတ်မုနိဘုရားကို ဖူးမြော်လိုသော ဆန္ဒ အာသီသရှိသော် မြောက်ဘက်သို့ မျက်နှာမူ၍ ခရီးကို စတင်ရပေမည်။

တစ်နေ့ချင်းသွားနိုင်သော ခရီးပမာဏသည်ကား ခြေတစ်လှမ်းသော်လည်းကောင်း၊ တစ်ဖာလုံ သော်လည်းကောင်း၊ တစ်မိုင်သော်လည်းကောင်း ဖြစ်ကောင်း ဖြစ်ပေမည်။

ထိုဥပါသကာသည် တစ်နေ့ချင်း ခြေတစ်လှမ်းသော်လည်းကောင်း ၊ တစ်ဖာလုံသော်လည်းကောင်း ၊ တစ်မိုင်သော်လည်းကောင်း၊ မဟာမြတ်မုနိဘုရားထံပါး နီးကပ်၍ နီးကပ်၍ နီးကပ်၍သာ လာနေလေပြီ။

အဘယ့်ကြောင့်နည်း –

မျက်နှာမူရာလမ်း ဦးတည်ချက်ထားရာခရီးကား မှန်ကန်နေသောကြောင့်တည်း၊ ခရီးအနှေးအမြန်မှာမူ ထိုခရီးသွားနေသော ယောဂီဥပါသကာ၏ တာဝန် သာတည်း။ ခရီးနှေးနှေးသွားလျှင် နည်းနည်းနီးကပ်၍ လာပေမည်။ ခရီးမြန်လျှင်မူကား ဆိုဖွယ်ရာမရှိတော့ပြီ။

အကယ်၍ ရန်ကုန်မြို့မှ မန္တလေးမဟာမုနိ ဘုရားကို ဖူးရန်သွားလိုသော ဥပါသကာယောဂီသည် ရန်ကုန်မြို့မှ မြောက်ဘက်သို့ ဦးတည်ချက်မထားဘဲ၊ တောင်ဘက်သို့ ဦးတည်ချက်ထား၍ သွားနေလျှင်မူ တစ်နေ့ချင်း သွားနိုင်သောခရီး ခြေတစ်လှမ်းသည် လည်းကောင်း၊ တစ်ဖာလုံသည်လည်းကောင်း၊ တစ်မိုင်သည်လည်းကောင်း သွားနိုင်လေသမျှ မဟာမုနိနှင့် ဝေး၍ ဝေး၍ ဝေး၍သာ သွားလေပြီ။

အဘယ့်ကြောင့်နည်း –
မျက်နှာမူရာလမ်း၊ ဦးတည်ချက်ထားရာခရီးကား မှားနေသောကြောင့်တည်း။ ခရီးအနှေးအမြန်မှာမူ ထိုခရီးသွားနေသော ဥပါသကာ၏တာဝန်သာတည်း။ ခရီးနှေးနှေးသွားလျှင်လည်း ဝေး၍ ဝေး၍သာသွားမည်။ ခရီးမြန်လျှင်ကား ဆိုဖွယ်ရာမရှိတော့ပြီ။

ညအခါ မီးခွက်ကို လက်ဆွဲသွားသည့် မြေပြင် ခရီးသွားပမာ၊ သံလိုက်အိမ်မြှောင်ကို အသုံးပြု၍သွားသည့် ရေပြင်ခရီးသွားပမာ၊ နိဗ္ဗာန်သွားသည့် မဂ္ဂင်ခရီး၌လည်း ပရိယတ်စာပေ ပိဋကတ်တော်ကို လမ်းပြ အိမ်မြှောင်ပမာ မီးခွက်ပမာ အသုံးပြု၍ ခရီးရှေ့ကို ဆက်ကြရပါသည်။

သံလိုက်အိမ်မြှောင်၊ မီးခွက်တို့သည် ရေပြင် မြေပြင် ခရီးလမ်းမှန်ကို ညွှန်စွမ်းသည့်နှယ် ပရိယတ် စာပေသည် နိဗ္ဗာန်ခရီးလမ်းကို အမှားအယွင်းမရှိနိုင်စေရန် ညွှန်စွမ်းပါသည်။

ထပ်မံ၍ တစ်နည်းပမာပြရသော် စာပေ ပရိယတ်ကို လမ်းညွှန်မြေပုံဟု ယူလိုပါလျှင် ဝိပဿနာ ကိုယ်တွေ့သည်ကား မြေကြီးပေါ်ရှိ မြေပြင်အမှတ်အသား ဖြစ်ရပေလိမ့်မည်။

ထိုအခါ မြေကြီးနှင့် မြေပုံ၊ မြေပုံနှင့် မြေကြီး သည် မလွဲမသွေ၊ မဖြစ်မနေ ကိုက်ညီရန် လိုအပ် ပေသည်။ သို့မဟုတ်ကား လမ်းပျောက်ပေလိမ့်မည်။ မြေပုံသည် ခရီးလမ်းညွှန်မဟုတ်ပေလော။

သို့ဖြစ်ပါ၍ မြတ်ဗုဒ္ဓသည် ဤအင်္ဂါရှစ်ပါး ရှိသော ခရီးလမ်းသည်သာလျှင် ဉာဏ်အမြင် စင်ကြယ်ခြင်းအတွက် ခရီးလမ်းမှန်ဖြစ်၏။ ဤခရီးလမ်းမှ တစ်ပါးသောခရီးသည် မရှိတော့ပြီ။ ထို့ကြောင့် သင်တို့သည် ဤခရီးလမ်းမှန်ကိုသာ သွားကြကုန် လော့၊ ဤခရီးလမ်းမှန်သည် မာရ်နတ်မင်းမမြင်နိုင်သော လမ်းခရီးပေတည်းဟု မိန့်ကြားတော်မူပေသည်။
(ဓမ္မပဒ၊ မဂ္ဂဝဂ် ၂၇၄)

သို့ဆိုပါလျှင် မိမိညွှန်းရာခရီး၏ ဦးတည်ချက် ကိုလည်းကောင်း၊ ခရီး၏ လားရာကိုလည်းကောင်း သွားနေသမျှ ခရီးပေါက်ရောက်မှုအတိုင်းအတာကို လည်းကောင်း၊ လမ်းကွေ့ လမ်းကောက် ၊ လမ်းသေးလမ်းမွှားများကို မှန်မှန်ကန်ကန်ရွေးချယ်ကာ ကျော်ဖြတ်သွားနေရန်ကိုလည်းကောင်း၊ ခရီးသွားလမ်းညွှန်မြေပုံ (ပရိယတ္တိ)ဖြင့် တစ်နေဝင်တိုင်း တစ်နေထွက်တိုင်း ၊ ခရီးတစ်ထောက်တိုင်း ခရီးတစ်ထောက် တိုင်း၌ စိစစ်၍ စိစစ်၍သာ သွားရမည်မှာ ယောဂီပုဂ္ဂိုလ်၏ ပဓာနပင်မတာဝန်သာ ဖြစ်ပေတော့သည်။

 

 

ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

အာနာပါနကမ္မဋ္ဌာန်းရှုပွားပြီး သမာဓိကောင်းတဲ့အချိန်မှာ တွေ့မြင်ရလေ့ရှိတဲ့ အလင်းရောင်တွေကို ဖြစ်စေလိုတဲ့ ဆန္ဒနှင့် ကြောင့်ကြစိုက်မှု မပါစေဘဲ ရှုမှတ်နေရင် စိတ်ရောကိုယ်ပါ ပေါ့ပါးမှု၊ ရွှင်လန်း ဝမ်းမြောက်မှုနှင့် တရားအပေါ် ယုံကြည်မှုများ တိုးပွား လာပါတယ်ဘုရား။

တပည့်တော် တရားအတွေ့အကြုံများကို ဆက်လက်လျှောက်ထားပါမယ်ဘုရား။

နေ့စဉ်ဘဝမှာ တပည့်တော်မ တွေ့ကြုံရင်ဆိုင် ဖြေရှင်းနေရတဲ့ ဘဝပြဿနာများနဲ့ လူမှုကိစ္စ အ၀၀ကို ဆောင်ရွက်ရာမှာ သောကနည်းပါးလာတာကို အထူး သတိပြုမိလာပါတယ်ဘုရား။

စိတ်ပင်ပန်းမှု သောကတွေဟာ တပည့် တော်မရဲ့ စိတ်ကို ယခင်ကလို ဝင်ရောက်ခြယ်လှယ် နိုင်စွမ်း မရှိတော့တာကိုလည်း တွေ့ရှိရတဲ့အကြောင်း လျှောက်ထားအပ်ပါတယ်ဘုရား။ စိတ်သဘောထားတွေ ပြောင်းလဲလာတာကို သတိထားမိလာပါတယ် ဘုရား။ ရင့်ကျက်လာတယ်လို့ပြောရင် ရမယ်ထင်ပါ တယ်ဘုရား။

ဝိပဿနာတရား အားထုတ်လာတာနှင့်အမျှ သကျမုနိဗုဒ္ဓဟောတော်မူတဲ့ မဇ္ဈိမပဋိပဒါနည်းလမ်း မကျဘဲ အရင်က တရားအားထုတ်ရာမှာ မှားယွင်း ချွတ်ချော်ခဲ့တာကိုလည်း ယခုသိရှိနားလည်လာပါပြီ ဘုရား။

သတိပြုမိတဲ့ အကြောင်းကိစ္စတစ်ခု ရှိပါသေး တယ်ဘုရား။ တပည့်တော်မနှင့် အဆင်မပြေတဲ့သူနှင့် တပည့်တော်နဲ့ ရာထူး၊ အလုပ်အကိုင် ပြိုင်ဘက်များရဲ့ ဆုံးရှုံးမှု နစ်နာမှု သတင်းတွေကို ကြားရရင် ဝမ်းသာ တတ်တဲ့သဘောရှိခဲ့တာကို ယခု ရိပ်မိလာပါတယ်။ အရင်ဒီစိတ်မျိုး တပည့်တော်မှာ မရှိခဲ့ဘူးလို့ ထင်ခဲ့ မိပါတယ်ဘုရား။ ဒါ သူတော်ကောင်း စိတ်ဓာတ် မဟုတ်ပါဘူးဘုရား။

ဒါပေမဲ့ မကြာခင်ကာလကမှ တပည့်တော်နဲ့ ယခင်အဆင်မပြေဖြစ်ခဲ့ဖူးသူတစ်ယောက် Accident ဖြစ်တဲ့သတင်းကို ကြားရပါတယ်။ ကြားရတာနဲ့ပဲ သူ့ကို သနားကရုဏာတွေ ဖြစ်နေမိပါတယ်ဘုရား။ မိမိကူညီ ပေးနိုင်တာကို ဆေးရုံမှာ အတတ်နိုင်ဆုံး ကူညီပေးနိုင် ခဲ့ပါတယ်။ သူနဲ့ တပည့်တော်ကြား တင်းမာမှု ဘယ်အချိန်က ပြေပျောက်သွားခဲ့တယ်ဆိုတာကို မသိလိုက် ရပါဘူး။ အံ့သြစရာပါပဲ တမင်လုပ်ယူလို့တော့ မရနိုင် ပါဘူးဘုရား။ ရရင်လည်း ဟန်ဆောင်မှုအတုသာ ဖြစ်ပါမယ်။

ကိလေသာဟာ ကြောက်စရာကောင်းလှပါ လားလို့ တွေးမိပါတယ်။ ကိလေသာမရောတဲ့ သူတော်ကောင်းစိတ်ဓာတ်နဲ့ပဲ တစ်သက်သာ နေသွား ချင်ပါ တယ်အရှင်ဘုရား။ သူတော်ကောင်း ဖြစ်ချင်ပါတယ်ဘုရား။

နက်ရှိုင်းတဲ့ချမ်းသာမှုနဲ့ အကန့်အသတ်မဲ့ ပျော်ရွှင်မှုတို့ကို အပ္ပမာဒ သတိတရားကသာ ရရှိစေ နိုင်ပြီး အတ္တရဲ့ကိစ္စ ပါဝင်မှုမရှိကြောင်း တဖြည်းဖြည်း သိရှိသဘောပေါက်လာပါတယ်ဘုရား။ ဝိပဿနာ တရားသဘောက ဖော်ပြဖို့ခက်ခဲတဲ့ထိ နက်ရှိုင်းလှပါ တယ်ဘုရား။

ဆရာတော်ဘုရား ကျန်းမာပါစေကြောင်း မေတ္တာပို့သပါတယ်။ ဆရာတော်ခွင့်ပြုမယ်ဆိုရင် ယခုလ နောက်ဆုံးအပတ် (၂၅)ရက်နေ့ သို့မဟုတ် (၃၀)ရက်နေ့ နံနက် ၈း၄၅နာရီခန့် ဆရာတော်ထံ လာရောက်ဖူးမြော်ရန် ရည်သန်ထားတဲ့အကြောင်း လျှောက်ထားအပ်ပါတယ်ဘုရား။

တရားနဲ့စပ်လျဉ်းပြီး လိုအပ်ချက်များ ရှိလျှင်လည်း လမ်းညွှန် သွန်သင်ဆုံးမပေးတော်မူပါ ဘုရား။ အကယ်၍ ယခုအတိုင်း မှန်ကန်မှုရှိပါကလည်း တပည့်တော် ရှုမှတ်မြဲအတိုင်း ရှုမှတ်ပါမယ်ဘုရား။

ကြည် ညို လေးမြတ် ရိုသေစွာ
ဒါယိကာမ- ၁၉၈၅ခု၊ ဇန်နဝါရီလ(၂)ရက်။

 

ဒါယိကာမထံသို့ ပြန်ကြား အသိပေးအပ်ပါတယ်။

လျှောက်ထားလာတဲ့ (၂ . ၁ . ၈၅)ရက်စွဲပါ စာကို လက်ခံရရှိတဲ့အတွက် ပြန်ကြားပေးခြင်း ဖြစ်ပါတယ်။
ဝိပဿနာတရား ရှုမှတ်တယ်ဆိုတာ ရုပ်ခန္ဓာ နာမ်ခန္ဓာမှာ ဖြစ်သမျှပေါ်သမျှကိုလိုက်ပြီး သိသိပေးနေ ရတာသာ ဖြစ်ပါတယ်။ အားထုတ်လာတာနှင့်အမျှ စိတ်ဓာတ်တွေ ရင့်ကျက်လာတယ်ဆိုတာ မှန်ပါတယ်။စိတ်ဓာတ်ရင့်ကျက်လာမှုဟာ အသက်ကြီးမှုနဲ့တော့ မဆိုင်ပါဘူး။ အသက်ကြီးတာက တခြား၊ စိတ်ဓာတ် ရင့်ကျက်တာက တခြားစီပါ။ ကိုယ့်ကိုယ်ကိုယ် မရင့်ကျက် တာကို ကိုယ်ကိုယ်တိုင်သိဖို့ပါပဲ။ သူတစ်ပါးမရင့်ကျက် တာကိုတော့ သိဖို့လွယ်ပါလိမ့်မယ်။
‘ဒီလူကြီး သဘောထား မပြည့်လိုက်တာ၊ အသက်ကကြီးပြီးတော့ ဒီလောက်တောင် အလိုဆိုး ရှိရသလား’ ဒီလိုတော့ ဝေဖန်တတ်ပေမယ့် မိမိအလို ဆိုးကိုတော့ မမြင်နိုင်ကြပါဘူး။ မိမိသဘောထား သေးသိမ်တာကိုတော့ မသိကြပါဘူး။
သတိပဋ္ဌာန်တရားကို နည်းမှန်လမ်းမှန်နဲ့ အားထုတ်တတ်လာပြီဆိုရင်တော့ မိမိမရင့်ကျက်မှုကိုလည်း သိတယ်၊ မိမိစိတ်ဓာတ် ရင့်ကျက်တာကိုလည်း ကိုယ်တိုင်သိနိုင်ပါတယ်။
အဲ့သည်ရင့်ကျက်မှုက အားရှိတယ်၊ ခိုင်တယ်။ တိုးတက်လာတဲ့ စိတ်ဓာတ် ရင့်ကျက်မှုနှင့်တကွ ကိုယ်ချင်းစာတတ်လာတယ်။ မိမိစိတ်ကို ထိုက်သလောက် မြင်တတ်လာပြီဆိုတော့ သူများမှာလည်း ဒီလိုအခြေအနေမှာ ဒီလိုစိတ်မျိုးတွေ ဖြစ်မှာပါပဲလို့ ကိုယ်ချင်းစာတတ်လာပါတယ်။
ဥပမာအားဖြင့် လူတစ်ယောက် ဒေါသတွေ ကြီးပြီး စိတ်ဆိုးနေတာကို မြင်ရင် ‘ဒီလူမိုက်ရိုင်းလှ ချည်လား’လို့ အပြစ်တင် မစောတော့ဘဲ ‘ငါလည်း ဟိုတုန်းက ဒီလိုဖြစ်ခဲ့ဖူးတယ်၊ မသိလို့ ဒီလို ပင်ပန်းခဲ့တယ်’ ဆိုပြီး ကိုယ်ချင်းစာတတ်လာတယ်။ သူ့အပေါ် ကို သဘောပေါက်ပေးလာနိုင်တယ်။ တမင် ခွင့်လွှတ် ပေးနေတာ မဟုတ်တော့ဘူး။
တစ်ပါးသူက မိမိကိုလာပြီးကြွားတယ်၊ ဒါမှ မဟုတ် နှိမ်ချပြီး ပြောခံလိုက်ရတယ်ဆိုရင်တောင်မှ ‘ဟိုတုန်းက ငါလည်း ဒီလိုပဲ ကြွားခဲ့ဖူးတာပဲ၊ မာနတွေ ကြီးခဲ့ဖူးတယ်၊ လူများကို ငါ နှိမ့်ချခဲ့ဖူးတယ်’ လို့ သဘောပေါက် လက်ခံလာနိုင်တယ်။
မိမိရဲ့စိတ်ကို သိလာနိုင်တော့ သူတစ်ပါးရဲ့ စိတ်ခံစားမှုကို နားလည်ပေးလာနိုင်တယ်။ နားမလည် ရင်တော့ ခွင့်မလွှတ်နိုင်ဘူး ကိုယ်ချင်းမစာနိုင်ပါဘူးကိုယ်ချင်းစာလာတာနဲ့အမျှ ပတ်ဝန်းကျင် သူတစ်ပါးအပေါ် သနားကရုဏာနဲ့ မေတ္တာသက်ဝင် လာနိုင်တယ်။
တစ်စုံတစ်ယောက်ရဲ့ ပျက်စီးဆုံးရှုံးမှုကို ကြားရရင်လည်း ‘သူ့ခမျာ ဘယ်လိုခံစားနေရမလဲ’ လို့ ကိုယ်ချင်းစာတတ်လာတယ်။ သာမန်အားဖြင့်တော့ ကိုယ်နဲ့မတည့်တဲ့သူ ပျက်စီးဆုံးရှုံးတယ်ဆိုတဲ့ သတင်း စကားကြားရရင် ‘ကောင်းတယ်၊ ဖြစ်သင့်တာကြာပြီ’ ဆိုပြီး ဝမ်းမြောက်တတ်တယ်။ ပြောင်းပြန်ကြည့်ရင် ကိုယ်နဲ့ပတ်သက်သူ တစ်ဦးဦး ပျက်စီးဆုံးရှုံးရင်တော့ ဝမ်းနည်းပူဆွေးတတ်ပါတယ်။
ဒါပေမဲ့ တရားနဲ့ နေတတ်လာသူတစ်ယောက် ကတော့ ဘယ်သတ္တဝါကိုပဲဖြစ်ဖြစ် လူတင်မကဘူး တိရစ္ဆာန်တစ်ကောင်ကောင်ကအစ သူတို့ရဲ့ ဆင်းရဲဒုက္ခ ရောက်မှုကို မိမိအနေနဲ့ ရေနစ်ရာ ဝါကူထိုးတဲ့သဘော မဟုတ်တော့ပဲ မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာ သဘောကို နှလုံးသားထဲ သက်ဝင်ပေးလာနိုင်ပါတယ်။
ဒီကမ္ဘာလောကမှာ စစ်မှန်တဲ့ မေတ္တာတရား ဟာ အလွန်အမင်း အင်အားကြီးမားပါတယ်။ ငြိမ်းချမ်း မှု ချစ်ခင်နှစ်သက်မှု နှောင်ကြိုးမဲ့မှုတို့ဟာ စစ်မှန်တဲ့ မေတ္တာရဲ့ သဘောသဘာဝများဖြစ်ပါတယ်။
သို့သော် တဏှာလောဘဟာလည်း ရံခါ မေတ္တာနဲ့ တူသယောင် ထင်ရတတ်ပါတယ်။ တဏှာ လောဘကြောင့် ရက်စက်မှု ၊ ပြင်းထန်စွာ ၊ နှိပ်စက်မှု ၊နာကျင်စေမှု ၊ ကိုယ်ရောစိတ်ပါ ပင်ပန်းမှုကို ဖြစ်ပေါ် စေတတ်ပါတယ်။
မြတ်စွာဘုရားရှင်မှ တဏှာလောဘကြောင့် သောကဖြစ်ကာ တဏှာမှ လွတ်မြောက်မှသာလျှင် ဘေးဘယာမှ လွတ်မြောက်ကြောင်းကို ဂါထာတော်နှင့် ဟောကြားတော်မူပါတယ်။

တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ။
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။
(ဓမ္မပဒ၊ ပိယဝဂ် ၂၁၆)

တဏှာလောဘကြောင့် သောကသည် ဖြစ်ပေါ်လာ၏။
တဏှာလောဘကြောင့် ဘေးဘယာသည် ဖြစ်ပေါ်လာ၏။
တဏှာလောဘမှ လွတ်မြောက်သူအား သောကသည် မရှိနိုင်တော့ပေ။
ဘေးဘယာကား အဘယ်မှာ ရှိနိုင်တော့မည်နည်း။

သစ္စာတရားကို သိမြင်ရန် ဆန္ဒစောလို့ မရပါ။ ပြုပြင်ဖန်တီးလို့လည်း ရကောင်းတဲ့အရာ မဟုတ်ပါ။ တရားအဆင့်ဆင့် မြင့်တက်လာမှသာ သစ္စာတရားကို သိမြင်နိုင်ပါတယ်။
ဒါကြောင့် ယခုဒါယိကာမ ရှုမှတ် ပွားများ နေတဲ့ ကမ္မဋ္ဌာန်းတရားဟာ ကံသုံးပါးကို စင်ကြယ် စေတဲ့အတွက် ကာယကံရှင်ရဲ့ အတွေးအမြင်များ လည်း ကြည်လင်သန့်ရှင်းပြီး၊ ပြောင်းလဲလာတာသာ ဖြစ်ပါတယ်။

မေတ္တာတရားဖြင့် ဆရာတော်
ရက်စွဲ။ ၁၉၈၅ခု၊ ဇန်နဝါရီလ (၁၈)ရက်။

 

 

ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

ဆရာတော်ဘုရားထံပါးမှ ချီးမြှင့်တော်မူတဲ့ (၁၈.၁.၈၅) ရက်စွဲပါစာကို ဖတ်ရှုခွင့်ရလို့ များစွာ ရွှင်လန်းအားရ ဖြစ်မိပါတယ်ဘုရား။
တပည့်တော်မ တရားကို အောက်ပါအစီအစဉ်အတိုင်း ရှုမှတ်လျက်ရှိပါတယ်ဘုရား။

၁။ ဦးစွာ မေတ္တာ ကမ္မဋ္ဌာန်းကို ပွားများပါတယ်၊ ဒီနောက်
၂။ အာနာပါနကမ္မဋ္ဌာန်းကို ရှုပွားပါတယ်၊ ပြီးရင်
၃။ ဝိပဿနာကမ္မဋ္ဌာန်းကို ရှုပွားပြီးတဲ့အခါ
၄။ စင်္ကြံကမ္မဋ္ဌာန်းကို ဆက်လက်ရှုပွားပါတယ်ဘုရား။

တရားရှုမှတ်နေစဉ် တွေ့ကြုံရတဲ့ အတွေ့ အကြုံကို လျှောက်ထားပါမယ်ဘုရား။ တရားရှုမှတ်စဉ် မျက်နှာရှေ့တည့်တည့်မှာ ရောင်စုံမီးများ စက်ဝိုင်း သဏ္ဌာန် ပေါ်လာပြီးနောက် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားပါတယ်။ ကိုယ်ရောစိတ်ပါ နေရာမလပ် အေးငြိမ်းမှုကို ခံစားရပါတယ်ဘုရား။
မဂ္ဂင်ရှစ်ပါး တရားစာအုပ်ကို ဖတ်ရှုလေ့လာ နေရပါတယ်။ ဝိပဿနာတရားကို အထောက်အကူ ပြုနိုင်တဲ့ စာအုပ်များလည်းပဲ ထပ်မံဖတ်ရှုလေ့လာဖို့ ဆန္ဒရှိပါတယ်ဘုရား။ တရားအသိဉာဏ်များ ပွင့်ထွန်းရန် အထူးပင် ဆန္ဒပြင်းပြနေပါတယ်ဘုရား။

ရိုသေစွာ ဂါရဝတရားဖြင့် ဒါယိကာမ
ရက်စွဲ။ ၁၉၈၅ခု၊ ဖေဖော်ဝါရီလ (၁၀)ရက်

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးအပ်ပါတယ်။

အရောင်အလင်းတွေပေါ်လာတာက တရား သဘောဖြစ်သလို အရောင်အလင်းများ မပေါ်တာလည်း တရားသဘောအတိုင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ် အပေါ်မှာ တစ်စုံတစ်ရာ ကြောင့်ကြရန် မလိုအပ်ပါ။
ဒီခန္ဓာကိုယ်ကြီးဟာ ရုပ်တုံး ရုပ်ခဲကြီးမဟုတ် ဘဲ မံသစက္ခု မျက်စိဖြင့် မမြင်နိုင်တဲ့ အဋ္ဌကလပ်များနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး အလွန်လျင်မြန်စွာ ဖြစ်ပျက်

ပြောင်းလဲနေကြပါတယ်။ ပရမတ္ထဓမ္မသဘာ၀က မတည်တံ့ဘူးဆိုတာ ပြနေတာပါ။ မိမိ ခန္ဓာကိုယ် ကို မတည်မြဲတဲ့အသွင် သိနိုင်သလို ပြင်ပမှာရှိနေတဲ့ အရာအားလုံးဟာလည်း အဲသလိုပဲ မတည်မြဲဘူးလို့ တဖြည်းဖြည်း ဉာဏ်ရင့်ကျက်လာရင် သိလာနိုင်ပါတယ်။
အခုလို သိလာတာဟာ တရားရှုမှတ်မှုကြောင့် အသိဉာဏ် တိုးတက်ပြောင်းလဲလာတာ ဖြစ်ပါတယ်။ စိတ်ဆန္ဒမစောဘဲ သိရှိနားလည်လာတဲ့တရားကို ပို၍ ပို၍ ရင့်ကျက်စွဲမြဲကာ ယုံကြည်မှု ခိုင်မြဲလာဖို့ ပုံမှန်ရှုမှတ် သွားစေချင်ပါတယ်။
ပရမတ္ထဓမ္မဖြစ်တဲ့ ရုပ်၊ နာမ်တို့ရဲ့ ဖြစ်ပျက် ပြုပြင် ပြောင်းလဲတဲ့ အသိမြဲလာရင် ရုပ်နာမ်ဓမ္မ သင်္ခါရတရားကြီးဟာ ဆင်းရဲမျှသာပါတကား၊ မခိုင်မြဲ ပါတကား၊ ဟိုတုန်းက ခိုင်တယ်မြဲတယ်လို့ ယူမိတာက မသိလို့ပါတကား၊ မသိခြင်းက အဝိဇ္ဇာ၊ မောဟ၊ ပမာဒ၊ အကုသိုလ်ပါတကား၊ သိခြင်း သည်ကား မြင့်မြတ်တဲ့ ကုသိုလ်တရားပါတကားလို့ ယောဂီကိုယ်တိုင် ဉာဏ်ထဲ ရှင်းရှင်းလင်းလင်း သိလာမှာပါ။

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ဘာရဝဂ် အဃမူလ သုတ်မှာ မြတ်စွာဘုရားရှင် အခုလို ဟောကြားတော်မူတဲ့ ဒေသနာတော်ရှိပါတယ်။
‘ရဟန်းတို့ ဆင်းရဲဟူသည် အဘယ်နည်း’
‘ရုပ်သည် ဆင်းရဲသည်’
‘ခံစားမှု ဝေဒနာသည် ဆင်းရဲသည်’
‘မှတ်သားမှု သညာသည် ဆင်းရဲသည်’
‘ဤတရားကား ဆင်းရဲဟု ဆိုရ၏’
‘ရဟန်းတို့ ဆင်းရဲ၏အရင်းမူလဟူသည် အဘယ်နည်း’
‘ကာမ၌တပ်မက်မှု၊ ဘဝ၌တပ်မက်မှု၊ ဘ၀ ဖြစ်ခြင်း၌ တပ်မက်မှုဟူသော ဘဝအသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်မက်မှု နန္ဒီရာဂ နှင့်တကွဖြစ်သော ထိုထိုကာမအာရုံ၌ နှစ်သက် တတ်သော တဏှာတည်း။ ဤတရားကား ဆင်းရဲ၏ အရင်းမူလတည်း’လို့ မိန့်တော်မူပါတယ်။
ဒါကို ဥပမာဆောင်ပြီး ပြပေးပါဦးမယ်။
ဆေးဖြူ ၊ ဆေးဝါသုတ်လိမ်းထားပြီး ကော်နှင့် ပြုလုပ်ထားတဲ့ဆင်ရုပ်၊ ဆေးနီဆေးပြာ သုတ်လိမ်း ထားပြီး မြေနှင့်ပြုလုပ်ထားတဲ့ မြင်းရုပ်တို့ကို ပိုင်ဆိုင် ထားတဲ့ ကလေးငယ်ဟာ မြင်းရုပ် ၊ ဆင်ရုပ် ၊ ချိုးရုပ် ၊ အိုးပုတ်တို့ကို သယ်ကာ ချီကာ မ, ကာဖြင့် ပျော်ရွှင်နေ ပါတယ်။ ‘အရုပ်ဆိုတာ ကျရင်ကွဲတတ်တယ်ကွဲ့’ လို့ လူကြီးတွေရဲ့ သတိပေးစကားကို ကလေးငယ်လေး ကြားရတဲ့အခါမှာတော့ သူ့လက်ထဲက အရုပ်ကလေးတွေကို မကွဲအောင် မပျက်အောင် ပိုပြီး တင်းတင်းရင်းရင်း ပွေ့ကာဖက်ကာ နေပါတော့တယ်။ ရွှံ့နှင့် လုပ်ထားတဲ့ အရုပ်တွေဟာ ကွဲတတ်ပျက်တတ်တယ်လို့ သူမသိရှာဘူး။
ဒါကြောင့် ကလေးငယ်ဟာ အဲဒီအရုပ်တွေကို မကွဲစေချင်ဘူး။ မပျက်စီးစေချင်ဘူး။ တစ်နည်းပြောရ ရင် ကလေးငယ်ဟာ အဲဒီအရုပ်တွေကို ခိုင်မြဲစေချင်တယ်၊ တည်တံ့စေချင်ပါတယ်။
ဒါပေမယ့် ကွဲတတ် ပျက်တတ် ကျိုးတတ်တဲ့ သဘာဝရှိတဲ့ အဲဒီအရုပ်ဟာ အဆင်မသင့်လို့ အစိတ် စိတ် အမွှာမွှာ ကွဲကြေသွားတဲ့ အခါမှာတော့ ဒီပိုင်ရှင် လူကလေးငယ်ဟာ သည်းထန်စွာလည်း ငိုကြွေးမယ်၊ ပြင်းထန်စွာလည်း ဝမ်းနည်းမယ်။ အလွန်အမင်းလည်း ဆင်းရဲပေလိမ့်မယ်။
အရုပ်ဆိုတာ ကွဲတတ် ၊ ပျက်တတ် ၊ ကျိုးတတ် တဲ့ သဘောတရားရှိတယ်ဆိုတာကို အဲဒီကလေး ငယ်ဟာ ကြားသာကြားဖူးလိမ့်မယ် ၊ သူမသိဘူး ဒါကြောင့် ကွဲတာ ပျက်တာကို သူလက်မခံနိုင်ပါဘူး။
အရုပ်တွေဆိုတာ ၊ ကွဲတတ် ၊ ပျက်တတ် ၊ ကျိုးတတ်တဲ့ သဘောတရားရှိတယ်ဆိုတာကို ဂဃနဏ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိထားတဲ့ လူကြီးကတော့ အရုပ်တစ်ရုပ် ကွဲရုံ ပျက်ရုံနဲ့တော့ ကလေးငယ်လိုမျိုး ဝမ်းနည်းကြေကွဲမှာ မဟုတ်ပါဘူး၊ ငိုကြွေးမြည်တမ်း မှာလည်း မဟုတ်ပါဘူး။
ဒီကိစ္စအတွက် ငိုကြွေးပူဆွေးကာ နှမြော ဝမ်းနည်းနေတဲ့ ကလေးငယ်ကိုလည်း လူကြီးဟာ အပြစ်တင်ရက်မယ် မဟုတ်ဘူး။ သနားကရုဏာသာ ဖြစ်ပေတော့မယ်။
ဘာ့ကြောင့် လူကြီးမငိုတာလဲ၊ လူကြီးက သိလို့ပါ၊ ဘာကြောင့် ကလေးငိုတာလဲ၊ ကလေးက မသိလို့ပါ၊ သည်ရုပ်ခန္ဓာတစ်ပါး ၊ နာမ်ခန္ဓာလေးပါး အစုအဖွဲ့ဟာလည်း အိုတတ်တယ်၊ နာတတ်တယ်၊ သေတတ်တယ်၊ ပျက်စီးတတ်တယ်ဆိုတာကို သိတော်မူထားတဲ့ အရိယာပုဂ္ဂိုလ်များကတော့ လူကြီး အသိမျိုးပါ၊ ပုထုဇဉ်ကတော့ ကလေးအသိမျိုးပါ။
ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင် သိရှိတော် မူတဲ့ တရားတော်များကို ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဓမ္မတရားတော်မြတ်က အနှိုင်းမဲ့ သိမ်မွေ့ မြင့်မြတ်ပါတယ်။
ထိုထို ဓမ္မတရားတော်မြတ်ကို နှစ်ပေါင်း ၂၅၀၀ကျော်တိုင် သင်္ဂါယနာ အတန်တန်တင်ကာ အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်တော်မူလာ ခဲ့ကြတဲ့ သံဃာတော်များရဲ့ ကျေးဇူးတရားကလည်း အနှိုင်းမဲ့ ဖော်မပြနိုင်အောင် ကြီးကျယ်ပါတယ်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ အနှိုင်းမဲ့ မြင့်မြတ်တဲ့တရားတော်ကို ကျင့်ကြံပွားများ အားထုတ်ကာ တရားထူးတရားမြတ်များကို မျက်မှောက်ပြုနိုင်ပါစေ။

မေတ္တာတရားဖြင့်ဆရာတော်
ရက်စွဲ။ ၁၉၈၅ခု၊ ဖေဖေါ်ဝါရီလ (၂၇)ရက်။

 

 

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

ဆရာတော်ကြီးဘုရား ကျန်းမာချမ်းသာစွာနဲ့ သာသနာ့တာဝန် ထမ်းဆောင်နိုင်ပါစေကြောင်း မေတ္တာ မကြာမကြာပို့ပါတယ်။ တပည့်တော်မှာ ဆရာတော်ဘုရား၏ လမ်းညွှန်မှုအရိပ်အောက်မှာ တရားအားထုတ်ရတာ စိတ်ချမ်းသာမှုရှိပါတယ်ဘုရား။
ယခင်ကဆို အလုပ်အားလို့ တစ်ယောက်တည်း ဖြစ်နေချိန်တွေမှာ စာအုပ်တစ်အုပ်နဲ့ပဲဖြစ်ဖြစ် ၊ ဗွီဒီယို ၊ တယ်လီဗေးရှင်း ဇာတ်ကားတွေနဲ့ပဲဖြစ်ဖြစ်၊ ရေဒီယို နဲ့ပဲဖြစ်ဖြစ် အချိန်ကိုကုန်စေခဲ့ပါတယ်။ သူငယ်ချင်း တွေဆီသွားပြီး စကားတွေပြောနေခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ပြီးတော့ သူတို့ရဲ့သောကတွေကို ပိုက်ပြီး ပြန်လာခဲ့ရတာတွေများသလို မိမိရဲ့သောက တွေ ကိုလည်း သူတို့ထံပါး ရင်ဖွင့်ခဲ့ဖူး၊ မျှဝေခဲ့ဖူးတဲ့ အကြိမ်ပေါင်းလည်း မရေမတွက်နိုင်ပါဘုရား။

ယခု တပည့်တော် တစ်ယောက်တည်း နေရတဲ့အချိန်ကို ပိုပြီးနှစ်သက်လာပါတယ် ၊ နှစ်ခြိုက် လာပါတယ်ဘုရား။ ကာတွန်းစာအုပ် ၊ ဗွီဒီယို ၊ တယ်လီဗေးရှင်း မလိုတော့ပါဘူး။
တရားနှလုံးသွင်းပြီး အေးအေးဆေးဆေး နေတတ်လာတာနှင့်အမျှ ဘဝရဲ့ပြဿနာတွေ ကိုလည်း စိတ်အေးအေးနှင့် ဖြေရှင်းတတ်လာ ပါတယ်ဘုရား။ စိတ်တွေ ရှုပ်ထွေး ပူလောင်လာရင်လည်း မြန်မြန် အေးဆေးအောင် လုပ်တတ်လာပါတယ်။
သောကနည်းလာတော့ သူငယ်ချင်းတွေဆီကို သွားပြီး ရင်ဖွင့်စရာမလိုတော့သလို ၊ သူငယ်ချင်းတွေရဲ့ အပိုသောကတွေကိုလည်း စိတ်ထဲ အဝင်မခံချင်တော့ပါဘူးဘုရား။

သောကဟာ ပူလောင်ပင်ပန်းစေတဲ့ ကိလေသာပဲဆိုတာ ခုသိလာပါပြီဘုရား။ စိတ်ကို ပူလောင် ပင်ပန်းစေတဲ့ အကုသိုလ်ဆိုတာ ဘုရား တပည့်တော် အခုလက်တွေ့ကျကျ နားလည် လက်ခံနိုင်ပါပြီဘုရား။
ရာသီအခါမဲ့ မိုးများ ရွာနေတာကြာလို့ အပြင် မထွက်ဖြစ်တာ ရက်ကြာပြီဘုရား။ ခုမှသိလာတယ် ရာသီဥတုကြောင့် မထွက်ဖြစ်တာ မဟုတ်ဘဲ အပြင် မထွက်ချင်တဲ့စိတ်ကြောင့် မထွက်ဖြစ်တာဘဲဆိုတာ သတိပြုမိလာပါတယ်ဘုရား။
Abhidhamma နှင့် Dhammapada ကို ဖတ်နေပါတယ်ဘုရား၊ သကျမုနိမြတ်ဗုဒ္ဓရဲ့ ဉာဏ်တော် ကြီးကျယ်မြင့်မြတ်တာကို အံ့သြမကုန်ပါဘုရား။
ယခု တပည့်တော်ရဲ့ စိတ်ချမ်းသာမှုတွေဟာ ဝိပဿနာတရား အားထုတ်မှုနဲ့ တစ်နည်းနည်း သက်ဆိုင်နေပါသလားဆိုတာကို လျှောက်ထား ပါရစေဘုရား။

ကြည် ညိုလေးမြတ်စွာဖြင့် ဒါယိကာမ
ရက်စွဲ။ ၁၉၈၅ခု၊ မတ်လ (၂၀)ရက်။

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးအပ်ပါတယ်။

သောကပရိဒေဝတွေနဲ့ ဘယ်လောက်အထိ ကင်းဝေးအောင် နေတတ်ပြီလဲ သောကတွေဘယ်လောက်အထိ ငြိမ်းအေးပြီလဲ ။ မိမိနှလုံးသားမှာ တရားကိန်းလာပြီဆိုရင် ပူလောင်တဲ့ သောကတွေ ဒေါသတွေ ပါးလာတယ် စိတ်ကလည်း ငြိမ်းအေးလာပါတယ်။
ဘယ်သတ္တဝါမှ သောကမဖြစ်ချင်ပါဘူး။ ဒါကြောင့် တစ်နေ့တာ ဘဝတွေမှာ သောကကင်းဖို့၊ နောင်ရေးအေးဖို့ ကြိုးစားရှာနေကြတယ်။ ဒါပေမဲ့ သောကမဖြစ်ဘူးလားဆိုတော့ ဖြစ်ပဲဖြစ်နေတာပဲ၊ သောကနဲ့ကင်းဝေးအောင် မနေတတ်ရှာဘူး။ သောက နဲ့ ကင်းဝေးအောင်လို့ ကြိုးစားနေရတာကိုက သောကမီးကို ပိုက်မိရက်သား ဖြစ်နေပါတယ်။

တရားနဲ့ဘဝကို နေတတ်လာပြီဆိုရင်တော့ သောကကင်းဝေးလာတယ်၊ တရားနဲ့ဘ၀ နေတတ် လာလေလေ သောကကင်းဝေးလေလေပဲ။ သောက ကင်းဝေးပြီး ဘဝမှာနေတတ်လာလေလေ တရားနဲ့ ဘ၀ နေတတ်လေလေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိနိုင်တယ်၊ ဘေးကလူတော့ ရိပ်မိရုံလောက်သာ ရိပ်မိပါလိမ့်မယ်။

‘စိတ်ချမ်းသာလိုက်တာဗျာ’လို့ ခံစားရဖူးရင် ရိုးရိုးသားသား စစ်ကြည့်သင့်တယ်၊ ဘာလို့စိတ် ချမ်းသာတာလဲ၊ တွေ့ချင်တဲ့သူကို တွေ့ရလို့ စိတ် ချမ်းသာတာလား၊ စားချင်တာ ဝတ်ချင်တာ စားရ ဝတ်ရလို့ စိတ်ချမ်းသာတာလား၊ လိုချင်တဲ့ပစ္စည်း တွေရလို့ စိတ်ချမ်းသာတာလား၊ ကာမဂုဏ်အာရုံ တွေနဲ့ ပျော်နေရလို့ စိတ်ချမ်းသာတာလား။ ကိုယ်ကိုယ်တိုင်ပဲသိပါတယ်။ ဒါက တရားနှင့် မဆိုင်ပါဘူး။

တရားလမ်းကြောင်းမှန်ရင် သောကကင်းဝေးမယ်။ တင်ပျဉ်ခွေထိုင် မျက်စိမှိတ်ထားလိုက်ရုံနဲ့ စိတ်ချမ်းသာလာပြီလား၊ ပိုပြီး တင်းကြပ်မှုတွေ ဖြစ်လာ တတ်တယ်နော်။ သောကအတွေးတွေ ဝင်လာပြီး ခေါင်းတွေကြီးလာပြီ၊ နာရီထိုးသံ နားစွင့်နေပြီ၊ နာရီ ကိုလည်း ခိုးခိုးကြည့်နေပြီ၊ ဘေးကကြည့်ရင်တော့ တရားထိုင်လို့ ဟုတ်နေတယ်။ ငြိမ်းအေးနေပြီလို့ ထင်ရတယ်၊ ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်ပဲ အဖြစ်မှန်ကိုသိပါတယ်။
ညအိပ်ရာဝင် ဘုရားရှိခိုး၊ တရားထိုင်ပြီး တစ်နေ့တာအလုပ်ပြီးပြီလို့ သတ်မှတ်သလား။ ရိပ်သာမှာ တရားသွားအားထုတ်လို့ အိမ်ပြန်ရောက် တော့ တရားကိစ္စပြီးပြီလို့ ယူဆသလား၊ မိမိတို့ အားထုတ်လာတဲ့ တရားရဲ့သဘောအရ တရားနဲ့ ဘဝ၊ ဘဝနဲ့တရား ဘယ်လောက်ထိ တစ်ထပ် တည်းကျနေပြီလဲ။ ဘဝကတခြား၊ တရားက တခြားလား။

ဘဝနဲ့တရား၊ တရားနဲ့ဘ၀ တစ်ထပ်တည်း ကျပြီးတော့ ဘဝရဲ့ပြဿနာ အခက်အခဲတွေကို ဖြေရှင်းတတ်ရမယ်နော်၊ တရားနဲ့ဘ၀ အေးချမ်းအောင် နေတတ်ရပါမယ်။

ဘဝဆိုတာ အပူအရှုပ်တွေ ကိလေသာ အမိုက်အမှောင်တွေနဲ့ ပိတ်ဖုံးနေပြီး ပင်ပန်းညစ်နွမ်း စရာတွေ ပြည့်နေတာပါ။ အဲသည်လို ပင်ပန်းညစ်နွမ်း မှုတွေပြည့်နေတဲ့ မိမိတို့ရဲ့ဘဝမှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို အားထုတ်ထားတဲ့တရားနဲ့ ဖြေရှင်း တတ်ရမယ်၊ ကိုယ်ကိုယ်တိုင် ပြန်စစ်ဆေးဖို့ပါပဲ။ အဲသည်လို ဘဝမှာ တရားနဲ့နေတတ်လာရင်တော့ အကျိုးတရားက အရင်ထက် စိတ်ချမ်းသာလာမှာပါ။ ဒါကြောင့် ထပ်ပြီး ရှင်းပြရမယ်ဆိုရင် မိမိတစ်နေ့တာ ဘဝမှာ တရားနှင့် စိတ်ချမ်းသာအောင် နေတတ်ပြီလား။
စိတ်ချမ်းသာအောင် ဘယ်လောက်အထိနေ တတ်ပြီလဲ ဒီစကားဟာ အလွန်ရိုးလွန်းတယ်။ တရားဟာလည်း အလွန်ရိုးတယ်။ ဘာကြောင့်လည်း ဆိုတော့ မိမိတို့ရှာနေတာတွေက စိတ်ချမ်းသာမှုပါ။ ဟိုပစ္စည်းတွေ ဒီပစ္စည်းတွေ၊ ဟိုဟာတွေ ဒီဟာတွေကို ကြိုးစားပန်းစားရှာနေရတာ စိတ်ချမ်းသာချင်လို့ကို ရှာနေကြရတာ၊ စိတ်ချမ်းသာမယ်ထင်လို့နော်။

တကယ်တော့ တရားထိုင်လို့ စိတ်ချမ်းသာ တာထက် တရားနဲ့နေတတ်လို့ စိတ်ချမ်းသာတာက ပိုပြီး အရေးကြီးပါတယ်။

မေတ္တာတရားဖြင့် ဆရာတော်
ရက်စွဲ။ ၁၉၈၅ခု၊ ဧပြီလ (၁)ရက်။

 

 

ကြည် ညိုလေးမြတ်စွာ လျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

ထူးမြတ်တဲ့ တရားတော်များကို ညွှန်ကြား ပြသပေးတော်မူတဲ့ ဆရာတော်ဘုရားအား ဦးစွာ ဦးညွှတ်ကန်တော့ပါတယ်ဘုရား၊ မဟာသတိပဋ္ဌာန် သုတ္တန်တရား Mahasatipatthana Sutta ဖတ်ရှု လေ့လာနေပါတယ်ဘုရား။
ဆရာတော်ဘုရား၏ ညွှန်ကြား သွန်သင် ပြသမှုများဟာ ဒီသုတ္တန် ဒေသနာတော်အရ သင်ကြားပေးနေတယ်ဆိုတာကို ဖတ်ခွင့်ရ သိခွင့် ရလို့အလွန်ဝမ်းမြောက် အားရပါတယ်ဘုရား။ ဆရာတော်ဘုရား ခြေတော်ရင်း ရောက်ရှိစဉ် သွန်သင် ပေးတော်မူတဲ့ မှတ်စုကိုလည်း ထပ်ပြန် ထပ်ပြန် ဖတ်ရှုနေပါတယ်။ သုံးလကြာမှပဲ နည်းနည်း သဘောပေါက်လာတယ်လို့ ထင်ပါတယ်ဘုရား။
သတ္တာနံ ဝိသုဒ္ဓိယာ၊ သောကပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကရိယာယ (သုတ်မဟာဝါပါဠိ ၂၃၁) ဆိုတဲ့ အကျိုးတွေကို စာတွေ့နဲ့ ခန္ဓာတွေ့ကို ဆက်စပ် ချိန်ထိုး စိစစ်လို့ နည်းနည်းတော့ ရလာပါပြီဘုရား။
၁။ စိတ်အညစ်အကြေးမှ ကင်းဝေးခြင်းအကျိုး။
၂။ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းကို လွန်မြောက်ခြင်းအကျိုး။
၃။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းပျောက်ကွယ်ခြင်းအကျိုး။
၄။ အရိယာမဂ်ကို ရခြင်းအကျိုး။
၅။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းအကျိုးတွေကို ပေးနိုင်ကြောင်း ချို့ယွင်းချက်မရှိ၊ သေသေချာချာ ခိုင်ခိုင်မာမာ ယုံကြည်လာပါတယ်၊ စွဲစွဲမြဲမြဲ ကြိုးစား ကာ ဝိပဿနာတရားသည်သာ ငါ၏အလုပ်၊ ငါ၏ အသက်၊ ငါ၏အားထားရာလို့ နှလုံးသွင်းထားပါတယ် ဘုရား။ Art of dying ကို ဘုရားတပည့်တော် သဘောပေါက်လာပြီဘုရား။ ဒီတရားနဲ့ပဲနေ ဒီတရားနဲ့ပဲ သေရမယ်ဆိုတာလည်း သေသေချာချာ သိလာပါပြီဘုရား။
ဘုရားတပည့်တော်ထံမှာ ဗုဒ္ဓစာပေ (၁၂) အုပ် ရှိနေပါပြီဘုရား။ ဒါတွေကို ထပ်ခါထပ်ခါ လေ့လာ နေပါတယ်။ သင်တန်းသူတစ်ယောက် သင်တန်းက သင်ခန်းစာတွေ လေ့ကျင့်နေရသလိုပါဘုရား။
ထပ်ပြန်ထပ်ပြန် ဖတ်ရှုလေ့လာနေရတာကိုလည်း ပျော်ရွှင်နေပါတယ်။ တရားအားထုတ်လိုက်၊ စာဖတ်လိုက်၊ ရံခါစဉ်းစားတာလည်း ပါ လာပါတယ် ဘုရား။ တစ်ခါတစ်ရံတော့ မစဉ်းစားရဘဲ သူ့အလိုလို သိလာတယ်။ သဘောပေါက်လာတယ်။ တော်တော်ကြီးကို နက်နဲပါတယ်ဘုရား။
စဉ်းစားတာကတစ်မျိုး၊ သူ့အလိုလို သဘောပေါက်လာတာက တစ်မျိုးလို့ နားလည်ပါတယ်ဘုရား။ တရားစစ် တရားမှန်ကို သိမြင်နိုင်ရန် ဆရာတော်ဘုရား၏ သြဝါဒကို ရိုသေစွာ ဦးထိပ် ပန်ဆင်လျက်ပါဘုရား။

ကြည် ညိုလေးမြတ်စွာဖြင့် ဒါယိကာမ
ရက်စွဲ။ ၁၉၈၅ခု၊ ဧပြီလ (၂၅)ရက်။

 

 

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

ယနေ့ဆရာတော်ဘုရား ခြေတော်ရင်းသို့ လာရောက်ဖူးမြော်ရန် အစစစီစဉ်ထားတဲ့ရက် ဖြစ်ပါသော်လည်း ပြင်းထန်တဲ့မိုးကြီး ရွာသွန်းခဲ့တာ သုံးရက်တိုင် ကြာခဲ့ပြီဖြစ်လို့ လမ်းပန်းမသာယာတဲ့ သတင်းကို ကြားသိရပါတယ်ဘုရား။
ဒါကြောင့် လာရောက်မည့်ရက် ရွှေ့ဆိုင်းခွင့် ပြုပါမယ့်အကြောင်း ကြေးနန်းရိုက် လျှောက်ထားခဲ့ ပါတယ်။ ကြေးနန်းစာရောက်လောက်ပြီလို့ မျှော်လင့်မိပါတယ်ဘုရား။

တရားအတွေ့အကြုံများ လျှောက်ထားပါမယ်ဘုရား။
စင်္ကြံလျှောက်ရာမှာ ခြေဖဝါးနဲ့ မြေကြီးတို့ရဲ့ ထိသိ၊ ထိသိ သတိအတော်ကြီး ခိုင်မြဲလာပါတယ်ဘုရား။ ကိလေသာစိတ်များလည်း ပေါ်လာတတ်ပါတယ်။ ရံခါတော့ အလွန်အံ့သြဖွယ် မတွေးသင့်တဲ့ ကိလေသာအတွေးများ တွေးနေမိတာကိုလည်း သိလာပါတယ်။ တပည့်တော်မှာ အဲဒီလို ကိလေသာစိတ်တွေ ရှိလိမ့်မယ်လို့ အရင်က မမျှော်မှန်းမိခဲ့ပါဘူးဘုရား။ ဘုရားတပည့်တော် တွေးတာမဟုတ်ပါဘူး။ အာရုံနဲ့တိုက်ဆုံလို့ ပေါ်လာတယ်ဆိုတာ သေချာပါ တယ်ဘုရား။
တပည့်တော် အခုလို တရားမရှုမှတ်ခင် တုန်းက တပည့်တော်စိတ်က ကောင်းတယ်လို့ပဲ ထင်ခဲ့ပါတယ်။ “ငါတရားမျှတတယ်”၊ “ငါသနား ကရုဏာရှိတယ်”၊ “ငါမာနမကြီးဘူး”၊ “ငါမနာလို ဝန်တိုကင်းတယ်” လို့ ထင်ခဲ့ပေမဲ့ ခုတော့ အဲဒီလို မပြောဝံ့တော့ပါဘူးဘုရား။ အာရုံနဲ့ မတိုက်ဆိုင်သေးလို့သာ ကိလေသာစိတ်တွေ မပေါ်တာပါလားဆိုတာ ရဲရဲကြီး ဝန်ခံဝံ့ပါပြီ။

ဒါပေမဲ့ ဘဝထဲမှာ တရားအသိသတိဆက်ပြီး နေတဲ့ကာလမှာတော့ အိမ်တံခါးလုံသလိုပဲ စိတ်တံခါး လုံခြုံနေပါတယ်ဘုရား။ စိတ်က ကြည်လင် သန့်ရှင်းနေပါတယ်ဘုရား။
တပည့်တော် ရုပ်ဝတ္ထုပစ္စည်းလှဖို့ပဲ ဘဝမှာ လုပ်တတ်ခဲ့ပါတယ်ဘုရား။ အိမ်ခန်းလည်းလှအောင် လုပ်တတ်ပါတယ်။ ခြံဝန်းလည်းလှအောင် လုပ်တတ်ပါတယ်။ အင်္ကျီကိုလည်းလှအောင် ရွေးဝတ်တတ်တယ်။ ကားလည်းလှအောင် ဝယ်တတ်ပါတယ်။ ဒါကြောင့် တပည့်တော် အရာရာအလုံးစုံကို လှအောင်လုပ်တတ်ပြီလို့ ထင်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဝိပဿနာတရား ရှုမှတ်တော့မှပဲ စိတ်ညစ်ပတ်တာကို သိလာရပါတော့တယ်။ ဒါကြောင့် မလှတဲ့စိတ်ကို လှလာအောင်လည်း ဆရာတော်သင်ပြ ပေးသမျှ ဝိပဿနာဆေးနှင့် ဆေးကြောသုတ်သင်လာတာ လေးနှစ်ကျော်ပါပြီဘုရား။ အရင်ထက်တော့ စိတ်တွေ စင်ကြယ်လာနေပြီလို့ လျှောက်ဝံ့ပါပြီဘုရား။

အခုတော့ စိတ်ညစ်ပတ် ပေကြံသွားရင် ချက်ချင်းသိလာပါတယ်။ အရင်လို ဖြစ်ကြော မရှည်တော့ပါဘူး။ စိတ်ကောက်တာဟာ စိတ်ကို သိပ်ညစ်နွမ်းစေတာပဲလို့ ခုသိရပါပြီဘုရား။ မနာလို ဝန်တိုစိတ်ဖြစ်ရတာ စိတ်နောက်ကျိစေတယ်ဆိုတာလည်း သိပါပြီဘုရား။ ဒါကြောင့် စိတ်မကောက်ရဲဘူး၊ မနာလိုမဖြစ်ရဲဘူး၊ ဘာကြောင့်လဲဆိုရင် စိတ်ညစ်ပတ် သွားမှာစိုးလို့ပါဘုရား။

ရိုသေစွာ လျှောက်ထားပါရစေဘုရား။ အခုတော့ တပည့်တော်မ စိတ်လှဖို့ကိုပဲ အထူးကြောင့် ကြစိုက်ပြီး ဆောင်ရွက်နေပါတယ်ဘုရား။ ဧည့်ခန်းလှဖို့၊ ခန်းဆီးလှဖို့၊ ပရိဘောဂလှဖို့ကတော့ အိမ်ဖော် မိန်းမငယ်လေးလည်း လုပ်တတ်တယ်၊ သူများကို ခိုင်းရင်လည်း ရပါတယ်။

တပည့်တော်ရဲ့စိတ်လှဖို့က တပည့်တော်မှာသာ တာဝန်ရှိတာပါကလားလို့ ဆရာတော်ဆုံးမ စကားကို ခုပိုပြီး နက်နက်နဲနဲ နားလည်လာပါပြီ။ ဒါကြောင့် လက်တွေ့လည်း ကျင့်သုံးနေပါပြီဘုရား။ ကိလေသာကင်းရှင်းပြီး လှပတဲ့စိတ်ကသာ နိဗ္ဗာန်နဲ့ ထိုက်တန်တယ်လို့ တပည့်တော် ယုံကြည်ပါတယ်ဘုရား။

ဆရာတော်ခြေရင်းသို့ တပည့်တော်အားလာ ရောက်ခွင့်ပြုပါရန် အကြောင်းကိုလည်း ထပ်မံ လျှောက်ထားအပ်ပါတယ်ဘုရား။

ရိုသေလေးစားစွာဖြင့် ဒါယိကာမ
ရက်စွဲ။ ၁၉၈၅ခု၊ မေလ (၁၈)ရက်။

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးအပ်ပါတယ်။

ဒါယိကာမ ရှုမှတ်နေတဲ့ တရားလမ်းကြောင်းဟာ တစ်စုံတစ်ရာ မှားယွင်းခြင်းမရှိတဲ့အတွက် တွေ‌ဝေနေရန် မလိုအပ်ကြောင်းကို ဦးစွာအသိပေးလိုက်ပါတယ်။
တရားရှုမှတ်တဲ့ဉာဏ် အားလျော်စွာ အကြောင်းတရားနဲ့ အကျိုးတရား ဥဒယ(ဖြစ်ခြင်း)၊ ဝယ (ပျက်ခြင်း) တရားသဘောကို မှန်ကန်စွာ သိမြင် လာတာ ဖြစ်ပါတယ်။
အရာရာတိုင်းဟာ တိုတောင်းလှတဲ့ အချိန် အတွင်းမှာပဲ ဖြစ်ပေါ်လာပြီး ပျက်သုဉ်းနေကြပါတယ်။ ဝိပဿနာတရား ရှုမှတ်မှုမရှိလို့သာ အနိစ္စတရားကို မမြင်ကြတာဖြစ်ပါတယ်။ ယခုလို ဝိပဿနာတရား စနစ်တကျ ရှုမှတ်လာတဲ့အခါမှာ အသံဟာ ဖြစ်ပြီး ပျက်နေသလို၊ အခြားဒွါရတွေမှာ ဖြစ်ပေါ်လာတဲ့ မြင်မှု၊ နံမှု၊ ထိတွေ့ခံစားမှု၊ တွေးတောကြံစည်မှု အားလုံး ဟာလည်း ဖြစ်ပြီး ပျက်နေကြောင်း၊ အနိစ္စသဘော မျှသာဖြစ်ကြောင်း သိလာရပါမယ်။
ဘယ်သူ့အသံဖြစ်စေ ၊ ဘယ်အသံဖြစ်စေ အသံပေါ်မှာ ကြိုက်ခြင်း မကြိုက်ခြင်း စတဲ့ အစဉ်လာ တန်ဖိုးတွေ မပါဝင်စေဘဲ အသံကြား တာနဲ့ ကြားကာ မတ္တ ရှုမှတ်လာနိုင်တဲ့အခါမှာတော့ ဒါယိကာမ သဘောပေါက်သလို အသံအနိစ္စကို ကွဲကွဲပြားပြား သိမြင်တော့မှာ ဖြစ်ပါတယ်။

မျက်စိတစ်မှိတ် ၊ လျှပ်တစ်ပျက်အတွင်းမှာ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ ရုပ်နာမ် သင်္ခါရတို့ရဲ့ ဖြစ်ပျက်ပြောင်းလဲနေတာကို သိနေ ရတဲ့ ယောဂီရဲ့ ဝိပဿနာရှုမှတ်မှုလမ်းစဉ်ဟာ မှန်ကန်ပါတယ်။
ဒါကြောင့် အနှစ်မဟုတ် ရေပွက်ပမာ၊ တံလျှပ် ပမာ ခန္ဓာရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်မှု လျှင်မြန်ပုံ ရှုမြင် နေသူကို သေမင်းမမြင်နိုင်ပါလို့ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဟောကြား တော် မူခဲ့ပါတယ်။

ယထာ ပုဗ္ဗုဠကံ ပဿေ၊ ယထာ ပဿေ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။
(ဓမ္မပဒ၊ လောကဝဂ်-၁၇၀)

မိမိခန္ဓာကိုယ်မှာ အာရုံခံစားနိုင်တဲ့ တံခါး ခြောက်ပေါက်ရှိရာ အားလုံးဟာ မတည်မြဲတဲ့ အနိစ္စတရားမျှသာ ဖြစ်ပါတယ်။

အဲ့သည် တံခါးခြောက်ပေါက်ကတော့
၁။ မျက်စိ (စက္ခု)
၂။ နား (သောတ)
၃။ နှာခေါင်း (ဃာန)
၄။ လျှာ (ဇိဝှာ)
၅။ ကိုယ် (ကာယ)နှင့်
၆။ စိတ် (မန) တို့ ဖြစ်ပါတယ်။

အာရုံတစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် ခံစားနေတဲ့အတွက်ကြောင့်သာ နှစ်သက်သာယာ စွဲလမ်းနေခြင်းဖြစ်ပြီး ယခုလိုတရားရှုမှတ်လို့ ပကတိအမှန်တရားကို သိလာတဲ့အခါမှာတော့ စွဲလမ်းစရာ နှစ်သက်စရာမရှိဘဲ တစ်ခုပြီးတစ်ခု ဖြစ်ပြီး ပျက်နေတဲ့ ဖြစ်စဉ်မျှသာဖြစ်ကြောင်းကို ဉာဏ်မှာ ထင်ထင်ရှားရှား သိလာနိုင်မှာ ဖြစ်ပါတယ်။

ယခုလို အသိအမြင်ပြောင်းလဲလာတာဟာ ဝိပဿနာတရားကို ရှုမှတ်ပွားများလာတဲ့အတွက် သဘာဝကို သဘာဝအတိုင်း သိမြင်လာခြင်းသာ ဖြစ်ပါတယ်။
ရှုမှတ်မှုရှိရင်သော်လည်းကောင်း၊ ရှုမှတ်မှု မရှိရင်သော်လည်းကောင်း ခန္ဓာသဘာဝတရား ကတော့ ဒီအတိုင်းပဲ ပြုပြင်ပြောင်းလဲ ဖြစ်ပြီးပျက် နေမှာပါပဲ။ ပမာပြရရင် နဒီသောတော ဝိယ မြစ်ရေစီးဆင်း သကဲ့သို့ပါ။ ကြည့်သူက ကြည့်ပြီး မြစ်ရေစီးဆင်း နေပါလားလို့ သိနိုင်ပါတယ်။ ဒါပေမဲ့ ကြည့်သူ ရှိရင်လည်း မြစ်ရေဟာ စီးဆင်းနေမှာပါ။ ကြည့်သူ မရှိရင်လည်း မြစ်ရေဟာ စီးဆင်းနေမှာပါပဲ။
နက်နဲတဲ့တရားကို မျက်မှောက်ပြုသည့်တိုင် အားထုတ်နိုင်ပါစေ။

မေတ္တာတရားဖြင့် ဆရာတော်
ရက်စွဲ။ ၁၉၈၅ခု၊ ဇွန်လ (၅)ရက်။

 

 

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

ဆရာတော်ဘုရား ကျန်းမာစွာဖြင့် သာသနာ့တာဝန်များ ထမ်းဆောင်နိုင်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သပါတယ်ဘုရား။
တပည့်တော်မ တွေ့ကြုံရတဲ့ တရားအတွေ့ အကြုံများကို လျှောက်ထားပါမယ်ဘုရား။

ယမန်နေ့ည (၂း၃၀)နာရီ တရားရှုမှတ်နေစဉ် ကာလအတန်ကြာမမြင်ရတဲ့ တောက်ပတဲ့ အလင်းရောင်တန်းများ မြင်ရပါတယ်ဘုရား။ လျှပ်စစ်မီး ပိတ်ထားတဲ့အတွက် မီးရောင်မဟုတ်တာတော့ သေချာပါတယ်ဘုရား။
ရံခါလည်း အလင်းရောင်ကို နောက်ကြောဘက်မှာ တွေ့ခဲ့ဖူးပါတယ်။ အခုအလင်းရောင်ကတော့ တစ်ခန်းလုံးလင်းတဲ့ အလင်းရောင်မျိုးဖြစ်ပါတယ်။ ဟိုတုန်းကတော့ အခုလိုမြင်ရရင် ‘ငါတရားတိုးတယ်’ ဆိုပြီး တစ်မျိုးတစ်မည် ဝမ်းသာခဲ့ဖူးသော်လည်း ခုတော့ သာယာစွဲလမ်းစိတ်ဖြစ်တာကို သိသိပေး ပါတယ်၊ အလင်းရောင်က လင်းမြဲလင်းနေပါတယ်၊ ဒါပေမဲ့ စိတ်ထဲမှာတော့ အရင်ကလို နှစ်သက်သာယာ သဘောကျတာကို မခံစားမိပါဘုရား၊ စိတ်ထဲ အသိ သတိ ဆက်နေပါတယ်။
အဲသည်အချိန်မှာပဲ မိုးခြိမ်းသံကို တစ်မုဟုတ်ချင်း ကြားရပြန်ပါတယ်။ အရင်ကဆိုရင် တရား ထိုင်နေခိုက် အိမ်မြှောင်စုတ်ထိုးသံကြားရရင် လန့်ခဲ့ပေမဲ့ ခုသတိဆက်နေလို့ ထင်ပါတယ်ဘုရား၊ မိုးခြိမ်းသံ ကြောင့် ကြောက်လန့်တုန်လှုပ်စိတ် ပြင်းပြင်းထန်ထန် မဖြစ်ခဲ့ပါဘူးဘုရား။

လူ့ဘဝဟာ မလုံခြုံပါဘူးဘုရား။ ဒါကြောင့် အိမ်ကို သံတံခါးတပ်ဆင်ထားပါတယ်၊ ပြီးတော့ ကွန်ပျူတာလုံခြုံစနစ်ကို တပ်ဆင်ထားပါတယ်၊ မီး လုံခြုံရေးစနစ်များလည်း တပ်ဆင်ထားပါတယ်၊ ငလျင် လုံခြုံရေးကိုလည်း ဂရုပြုဆောင်ရွက်ထားပါတယ်။ ပစ္စည်းလုံခြုံရေး၊ လူလုံခြုံရေးအပြင် မတော်တဆမှု လုံခြုံရေး အထွေထွေလုံခြုံရေးတို့ကိုလည်း စီမံထားကြပါတယ်။
အဲသည် လုံခြုံမှု အထပ်ထပ်ရဲ့ အတွင်းဆုံး အလွှာမှာ လူတွေနေပါတယ်ဘုရား၊ အခွံရဲ့အတွင်းမှာ နေတဲ့ လိပ်ငယ်ပမာ ခြေလက်ခေါင်း လုံခြုံပြီလို့ လိပ်က ထင်သလိုပါဘုရား။ ဒါပေမဲ့ တပည့်တော်စိတ်က မလုံခြုံသေးပါဘုရား၊ တပည့်တော် စိတ်လုံခြုံပြီး ပူပင် သောကကင်းဝေးတဲ့ အနေအထားမျိုး ယခင်မဖြစ်နိုင်ခဲ့ပါဘူးဘုရား။

ယခုဝိပဿနာတရား ရှုပွားလာတဲ့အခါမှပဲ တပည့်တော်ရဲ့စိတ်ထဲ အထူးလုံခြုံတာကို မနေ့က သတိထားမိပါတယ်ဘုရား။ မနေ့မနက်က မီးခိုးကြောင့် လုံခြုံရေး သတိပေးသံများ ဆူညံသွားပါတယ်။ (မီး လောင်တာမဟုတ်ပါဘူး) အသံကြားကြားခြင်း စိတ်က တစ်ခဏလေးပဲ လှုပ်ခါသွားပြီးနောက် ထူးထူးခြားခြား တည်ကြည်နေပါတယ်၊ ပြဿနာကို အေးအေးဆေးဆေးပဲ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။
လုံခြုံမှုဟာ ပြင်ပမှာမဟုတ်ဘူး၊ အတွင်းကသာ ဖြစ်ကြောင်း သဘောပေါက်လာပါတယ်ဘုရား။ ဒါကြောင့် ဘုရားလက်ထက်တော်ကာလက တောထဲမှာ ရဟန်းတော်များဟာ ဘာလုံခြုံရေးစနစ် ကိုမှ တပ်ဆင်မထားဘဲ မကြောက်မရွံ့နေနိုင်တယ် ဆိုတာလည်း တဖြည်းဖြည်း သဘောပေါက်လာ ပါတယ်ဘုရား၊ ဝိပဿနာတရားရဲ့သတ္တိဟာ အံ့သြ မဆုံးပါဘုရား။

အရင်က ဝိပဿနာဉာဏ်ဆိုတာ ဘွားခနဲပေါ်လာပြီး အကုန်လုံး အားလုံးကို ချက်ချင်း သိလိမ့်မယ်လို့ ထင်ခဲ့ဖူးပါတယ်ဘုရား၊ ခုတော့ တဖြည်းဖြည်းပဲ သိစရာတွေ တိုးတိုးပြီးသိသိလာ နေပါတယ်၊ စိတ်ဓာတ်လည်း ရင့်ကျက်လာတယ်၊ ကိလေသာတွေလည်း ပါးပါးလာပါတယ်။ အာရုံကိုလည်း အာရုံမှန်းသိလာပါတယ်။ ဉာဏ်ကိုလည်း ဉာဏ်မှန်း သိလာပါတယ်ဘုရား၊ ကိလေသာကိုလည်း ကိလေသာမှန်း သိလာပါတယ်ဘုရား၊ ဉာဏ်က နေရာယူလိုက်တာနဲ့ ကိလေသာအတွက် နေရာမရှိသလို ကိလေသာက နေရာယူလာပြန်ရင်လည်း ဉာဏ်အတွက် နေရာမရှိတော့ပါဘူးဘုရား။

ဘဝများစွာ ဆရာတင်မှားခဲ့ပြီးပါပြီဘုရား၊ ကိလေသာပွားကြောင်း တိုးကြောင်းကိုသာ ဘ၀ သံသရာများစွာမှာ လုပ်ခဲ့မိ လေ့ကျင့်ခဲ့မိပါတယ်။ယ္ခုဘဝမှာ အကောင်းဆုံးဆရာ ၊ အကောင်းဆုံး တရားနဲ့ တွေ့ဆုံရတာ ပါရမီကြောင့်ပဲဖြစ်မယ်လို့ ယုံကြည်ပါတယ်ဘုရား။ ကြိုးစားဖို့ပဲ ပြင်းထန်တဲ့ ဝီရိယနဲ့သာ ကိလေသာကို ပယ်သတ်နိုင်မယ်ဆိုတာ နားလည်လာပါတယ်ဘုရား။

ဗုဒ္ဓမြတ်စွာက ဘဝဖြစ်တာမကောင်းဘူး၊ ဘဝကို ဆင်းရဲတယ်လို့ ဟောကြားတော်မူခဲ့ပါတယ်၊ ခန္ဓာငါးပါးကလည်း အမှန်တကယ်ဆင်းရဲပါတယ် ဘုရား။ဒါပေမဲ့ ဘဝလုံးလုံးမရှိတော့မှာမျိုးကို ကောင်းတယ်လို့ တွေးကြည့်တယ်၊ တွေးလို့မရပါဘူး ဘုရား။ ဘဝမရှိတော့မှာကို မနှစ်သက်နိုင်ဘဲ ဖြစ်နေပါတယ်ဘုရား။

အနည်းဆုံး အနာဂါမ်ဗြဟ္မာဘ၀ တစ်ဘ၀ကိုတော့ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှာ ဖြစ်ချင်နေပါသေး တယ်ဆရာတော်ဘုရား။ယခင် သာမန်နားလည်ထားတဲ့ သဘော သဘာဝနဲ့ ယခုသိရှိမှုတွေဟာ များစွာနက်နဲပြီး ခြားနား နေတဲ့အကြောင်းကို လျှောက်ထားအပ်ပါတယ်ဘုရား။

တရားအားထုတ်လာတာ လေးနှစ်ကျော်ပါပြီဘုရား။ သေသည့်တိုင် ကြိုးစားပါ့မယ်ဆိုတာ ကတိပြုထားပါပြီဘုရား၊ ကမ္မဋ္ဌာန်းလမ်းစဉ်မှာ မှားယွင်းမှုများ လိုအပ်ချက်များ ရှိပါရင်လည်း ကရုဏာရှေ့ထားကာ သွန်သင်ဆုံးမပေးတော်မူပါရန် လျှောက်ထားအပ်ပါတယ်ဘုရား။

ရိုသေလေးစားစွာဖြင့် ဒါယိကာမ
ရက်စွဲ။ ၁၉၈၅ခု၊ ဇွန်လ (၂၅)ရက်။

 

 

ဒါယိကာမထံသို့ အသိပေး ပြန်ကြားအပ်ပါတယ်။

ဒါယိကာမ ရေးသားလျှောက်ထားလာတဲ့ (၂၅.၆.၈၅)ရက်စွက်ပါစာကို လက်ခံရရှိလို့ ပြန်ကြား အသိပေးအပ်ပါတယ်။

ဘဝလိုချင်တဲ့ တဏှာနိကန္တိကြောင့် ဘ၀ မရှိမှာကို မနှစ်သက်နိုင်တာဖြစ်ပါတယ်။ သံသရာ ဘဝများစွာက ကိလေသာအနုသယရဲ့ သတ္တိပါ။ ဒါကြောင့်လည်းပဲ ငှက်ဖြစ်ရင်လည်း တစ်ကိုင်းထဲ နားချင်တယ်၊ ဆင်ဖြစ်ရင်လည်း တစ်ကျွန်းထဲ နေချင်တယ်၊ ကျွဲဖြစ်ရင်လည်း တစ်အိုင်ထဲပဲ လူးချင်တယ်ဆိုတဲ့ အဟိတ်တိရစ္ဆာန်ဘဝထိအောင်ကို ကိလေသာက စွမ်းဆောင်နိုင်ပါတယ်။

ခုလို မကွဲမကွာစတမ်းသာ နေရမယ်ဆိုရင် လူစင်စစ်ကနေ တိရစ္ဆာန်ဘဝသွားရောက်ဖို့ထိ ဝန်မလေးတဲ့ တွန်းအားသတ္တိက ကိလေသာရဲ့ သတ္တိပါ။ ဒါကြောင့် ဘဝမရှိတော့မှာကို ဒါယိကာမ မနှစ်သက်နိုင်ဘူး ဖြစ်နေတာပါ။နည်းလမ်းမှန်တဲ့ ဝိပဿနာရှုမှတ်မှုအား လိုပါတယ်။ ကိလေသာကို လူက ကွာအောင်ခွာချလို့ မရကောင်းပါဘူး။

စိတ်ကြည်လင်မှု သဒ္ဓါ၊ အမှတ်ရမှု သတိ၊ အားထုတ်မှု ဝီရိယ၊ စူးစိုက်တည်ကြည်မှု သမာဓိ၊ ရုပ်နာမ်သဘောမှန်ကို ရှင်းလင်းစွာသိမှု ပညာဆိုတဲ့ ဣန္ဒြေငါးပါးတို့ မယုတ်မလွန် ညီညွတ်လာတာနှင့်အမျှ အသိအမြင်တွေလည်း ရှင်းလာမှာပါ။
သံသရာတစ်လျှောက်လုံး ဘဝတဏှာကြောင့် ဘဝကိုရှာမှီးခဲ့လို့ ကောင်းတဲ့ကံ သင်္ခါရတွေပြုလာတယ်၊ ဒါကြောင့် လူ့ဘ၀ ၊ နတ်ဘ၀ ၊ ဗြဟ္မာဘဝတွေ ရသလို အပုညာဘိသင်္ခါရကြောင့်လည်း ဒုဂ္ဂတိဘုံဘ၀တွေ ရပြီးတော့ (၃၁)ဘုံဟာ သတ္တဝါတွေနှင့် စည်ပင် ဖွံ့ဖြိုး စည်ကားနေတာပါ။

ဒါကို ဖြတ်ထွက်ဖို့ရာအတွက် ခုလိုဘုရား သာသနာနဲ့ ကြုံဆဲခဏမှာ စစ်မှန်တဲ့ ဝိပဿနာ လမ်းစဉ်ကသာလျှင် တဏှာကိလေသာမှ လွတ် မြောက်ကာ ဘဝသံသရာကနေ အပြီးတိုင် လွတ်မြောက်စေနိုင်ပါမယ်။

အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
ဂဟကာရက ဒိဋ္ဌောသိ၊ ပုနဂေဟံ နကာဟသိ
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။
(ဓမ္မပဒ၊ ဇရာဝဂ်၊ ဥဒါနဝတ္ထု)

ဤခန္ဓာကိုယ်ကို ဆောက်လုပ်သော တဏှာယောကျ်ား လက်သမားကိုရှာစဉ် ယင်းကို မြင်နိုင်သော ဉာဏ်မရသေးခင် အဖန်ဖန်တလဲလဲ ပဋိသန္ဓေ နေရခြင်းတည်းဟူသော ဘဝများစွာ၌ ကျင်လည်ရခြင်းသည် ဆင်းရဲလှပေ၏။
တဏှာကို ငါသိသဖြင့် နောက်တစ်ဖန် ခန္ဓာအိမ်ကို မပြုရတော့အံ့။ အလုံးစုံသော ကိလေသာအမြင်၊ အဝိဇ္ဇာဟူသော အိမ်အထွတ်ကို ဖျက်ဆီးပြီးလျှင် ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်သည်ဖြစ်၍ တဏှာကုန်ရာ အရဟတ္တဖိုလ်ကိုရပြီလို့ မြတ်ဗုဒ္ဓက ဗောဓိပင်ရင်းမှာ ဥဒါန်းကျူးရင့်တော်မူခဲ့ပါတယ်။

မေတ္တာတရားဖြင့် ဆရာတော်
ရက်စွဲ။ ၁၉၈၅ ခု၊ ဇူလိုင်လ (၅)ရက်။

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးအပ်ပါတယ်။

ဝိပဿနာတရား အားထုတ်ခဲ့တာ ယခုအခါ တရားသဘောကို အတော်အတန်နားလည်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် သုတမယဉာဏ်အားဖြင့်လည်း သိသင့်သိထိုက်သမျှကို သိရှိရန် လိုအပ်ပေတယ်။ သို့မှသာ အားထုတ်နေတဲ့ တရားအားထုတ်မှုကို အထောက်အကူဖြစ်စေပါမယ်။

ဒါယိကာမရဲ့ (၃၀.၆.၈၅)စာမှာ လျှောက် ထားချက်အရ ရုပ်ကလာပ်များသာ ရှိတာလည်း မှန်ပါတယ်။ ရုပ်ကလာပ် အမှုန်တစ်ခုတစ်ခုမှာ အသေးငယ်ဆုံး အမှုန်ကလေးကလည်း ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသနှင့် သြဇာဓာတ်တို့ ပါဝင်နေပါတယ်။

အဋ္ဌကလာပ် ပရမတ်ရုပ်ကလာပ် ထောင်သောင်းမက စုပုံမှသာ ပရမာအဏုမြူတစ်ခု ရပါတယ်။ ထိုပရမာအဏုမြူများစွာ စုပေါင်းလိုက်မှသာ ပကတိ မျက်စိနှင့် မြင်နိုင်စွမ်းတဲ့ ပုံသဏ္ဌာန် ပညတ်ဖြစ်လာပါတော့တယ်။
အဲဒီအခါ ရုပ်တရားနှင့် နာမ်တရားတို့ အကြောင်းအကျိုးပြုမှုကြောင့် သိတာ၊ မြင်တာ၊ ကြားတာ၊ နံတာတို့ ဖြစ်လာပါတယ်။ဝိပဿနာ ရှုမှတ်မှုကြောင့် အဲဒီဖြစ်စဉ်ကို အကြောင်းအကျိုးတရားမျှသာ ဖြစ်တယ်ဆိုတာကို သိမြင်လာတာဖြစ်တယ်။ စိတ်ဆန္ဒစောပြီး အလောတကြီး လုပ်ယူလို့ရနိုင်တဲ့ တရားမဟုတ်ကြောင်း သိစေအပ်ပါတယ်။

လောကနဲ့ သီးခြားဖြစ်တဲ့ အတွေ့အကြုံများကို လောကဝေါဟာရ စကားလုံးများနဲ့ ရေးသားဖော်ပြဖို့ အခက်အခဲရှိတတ်ပါတယ်။ အရင်အတွေ့အကြုံများနဲ့ ခြားနားတယ်ဆိုတာ မှန်ပါတယ်။လောကုတ္တရာမှာ အချိန်ဆိုတဲ့ ပညတ်မရှိ ပါဘူး။ အချိန်ဆိုတဲ့ ပညတ်တရားဟာ လောကီရေးရာ မှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါယိကာမ လျှောက်ထားတဲ့စာအရ တရား တိုးတက်မှုရှိတဲ့ အကြောင်းတွေကို ဖတ်ရလို့ ဘုန်းကြီး ဝမ်းမြောက်ပါတယ်။ မှန်ပါတယ်၊ စိတ်က အရာရာကို ဦးဆောင်ပါတယ်။ အရာရာကို ဆွဲငင်ပါတယ်။ ငရဲပြည်၊ လူ့ပြည်၊ တိရစ္ဆာန်ပြည်၊ နတ်ပြည် စည်ပင်နေတာလည်း စိတ်ကြောင့်ပါပဲ။ ဒါကြောင့် မြတ်စွာဘုရားရှင်က

စိတ္တေန နီယတိ လောကော၊
စိတ္တေန ပရိကဿတိ၊
စိတ္တဿ ဧကဓမ္မဿ၊
သဗ္ဗေ၀ ဝသမနွဂူ။
(သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ စိတ္တသုတ်)

စိတ်သည် လောကကိုဆောင်အပ်၏၊ စိတ်သည် လောကကို ဆွဲငင်အပ်၏၊ အလုံးစုံသော တရားတို့သည် စိတ်ဟူသော တစ်ခုသောတရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏လို့ ဟောကြားတော်မူခဲ့တယ်။

အခြေခံရှုမှတ်မှုလမ်း တည့်မတ် မှန်ကန် ဖြောင့်တန်းပြီး မဇ္ဈိမပဋိပဒါမှ မသွေဖီရင် ယောဂီ မျှော်မှန်းထားတဲ့ နိဗ္ဗာန်ကို ဧကန်မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါယိကာမမေးခွန်းအတွက် မူလပဏ္ဏာသ ကောသမ္ဗိယ သုတ္တန်ဒေသနာတော်ကို လေ့လာ ကြည့်ရှုစေလိုပါတယ်။ ပုထုဇဉ်မဟုတ် အရိယာတို့ မှသာ ရှိနိုင်တဲ့ စိတ်နေစိတ်ထား ဂုဏ်သတ္တိကို ဟောတော်မူတဲ့ တရားတော်ဖြစ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

မေတ္တာတရားဖြင့်ဆရာတော်
ရက်စွဲ။ ၁၉၈၅ခု၊ ဇူလိုင်လ (၂၅)ရက်။

 

 

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

ဆရာတော်ဘုရား ကျန်းမာစွာဖြင့် သာသနာ့ တာဝန်တွေကို ထမ်းဆောင်နိုင်ပါစေကြောင်း အမြဲတမ်း ဆုတောင်းမေတ္တာ ပို့သပါတယ်ဘုရား။

ဘုရားတပည့်တော်မ မနေ့က အသက် (၆၈) နှစ် ပြည့်ပါပြီဘုရား။

ဆရာတော်၏ တရားစောင့်ရှောက်မှုအောက်မှ မလွတ်ကင်းအောင် တရားများ ကြိုးစားအားထုတ်လျက်ပါဘုရား။ အကြောင်းအရာတစ်ခုကို လျှောက် ထားခွင့်ပြုတော်မူပါဘုရား။

အရှင်ဘုရား တပည့်တော်ဘဝတာ နောက်ကြောင်း ပြန်ကြည့်တဲ့အခါမှာ အမှားတွေတော်တော်ကို များခဲ့ပါတယ်ဘုရား။ ပြုလုပ်စဉ်က တကယ့်ကိုမှန်တယ် ထင်လို့ လုပ်မိခဲ့၊ ရယူမိခဲ့တာတွေဟာ ယခုမှ မှားမှန်း တဖြည်းဖြည်း သိမြင်လာပါတော့တယ်။ အဲဒီတုန်းကကောင်း၏ မကောင်း၏၊ လုပ်သင့်၏မလုပ်သင့်၏ကို တပည့်တော်ရဲ့အထင်၊ ပတ်ဝန်းကျင်ရဲ့ အမြင်နဲ့ပဲ အခြေခံစဉ်းစားပြီး ဆုံးဖြတ်မိခဲ့တာပါဘုရား။ ကိလေသာ ဆုံးဖြတ်ချက်ပါတကားလို့ ခုလျှောက်ထား ဝံ့ပါပြီဘုရား။

ဘာဝနာမှရတဲ့ အသိအမြင်ပေတံဟာ တန်ဖိုးကြီးလှပါတယ်ဘုရား။ ဒီဘဝအတွက်သာမက နောင်သံသရာ ဘဝများစွာထိတိုင် အကျိုးကျေးဇူးများလှ ပါပေတယ်ဘုရား။ကိလေသာ ပေလူးနေတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေဟာ မစင်ကြယ်ကြောင်းကိုလည်း ပို၍ ပို၍ သိသိလာပါတယ်ဘုရား။

ရိုသေလေးစားစွာဖြင့်ဒါယိကာမ
ရက်စွဲ။ ၁၉၈၅ခု၊ သြဂုတ်လ (၃၁)ရက်။

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးအပ်ပါတယ်။

တရားအားထုတ်မှုကြောင့် အသိအမြင်တွေ ပြောင်းလဲလာတာကို လျှောက်ထားတဲ့စာ လက်ခံရရှိ ပါတယ်။ ဒီနေရာမှာ အသိပေးစရာလေးတွေ ဖြည့်စွက် ပြောပါမယ်။

မိမိတို့ဘဝမှာ လူတိုင်းလူတိုင်း လုပ်နေတာ တွေဟာ လုပ်သင့်လုပ်ထိုက်လို့ လုပ်နေတာ၊ မှန်တယ် ဆိုပြီး လုပ်နေတာဖြစ်ပါတယ်။

အရင်တုန်းကလည်း ဒီလိုပဲ လုပ်သင့် လုပ်ထိုက်လို့ လုပ်နေခဲ့ကြတာပါဘဲ။ “ငါမလုပ်သင့် မလုပ်ထိုက်တာကို လုပ်လိုက်အုံးမယ်၊ အမှားတွေကို လုပ်လိုက်အုံးမယ်” ဆိုပြီး လုပ်ခဲ့တာတော့မရှိပါဘူး။ တကယ့်ကို လုပ်ထိုက်တဲ့ကိစ္စဆိုပြီး လုပ်ကြတာပါ။ အသက်ပေးပြီးတောင် လုပ်ကြပါသေးတယ်။

လုပ်သင့်လုပ်ထိုက်တာကို ဘာပေတံနဲ့ တိုင်းပြီး လုပ်ခဲ့ကြတာလည်းဆိုတာ ယခုလို ဘာဝနာ ကြောင့် အသိအမြင်တွေ စင်ကြယ်လာမှ ပြန်ပြီး သုံးသပ်နိုင်တာပါ။ တကယ်တော့ လုပ်သင့် လုပ်ထိုက်တယ်ဆိုတာကို ကိလေသာနဲ့ပဲ ဆုံးဖြတ် ခဲ့တာ မဟုတ်ဘူးလား။ ဟိုတုန်းက ကိလေသာနဲ့ပဲ ဆုံးဖြတ် တတ်တော့ မလုပ်သင့်ဘူးလို့ ဘေးက အကျိုးသင့် အကြောင်းသင့် ပြောပြရင်တောင်မှ လုပ်သင့်တယ် ဆိုပြီး ဇွတ်တရွတ်လုပ်မှာပါ။

ပုထုဇဉ်လူသားတွေကတော့ ကိလေသာပေတံ နဲ့ပဲတိုင်းပြီးတော့ တွေးကြ၊ ပြောကြ၊ လုပ်ကြတာပါ။ အမှန်တကယ် မလုပ်သင့်ဘူး အပြစ်ဖြစ်မယ်လို့ ပြောရင်လည်း “အပြစ်ဖြစ်ရင်ဖြစ် လုပ်မယ်” ပျက်စီး ဆုံးရှုံးမယ်လို့ပြောရင်လည်း “ဆုံးရှုံးချင်ဆုံးရှုံး” ဇွတ်မှိတ် လုပ်တတ်ကြပါတယ်။ ဒါကြောင့် တစ်လောကလုံး သောကနောင်တတွေနှင့် ပူလောင်ဆင်းရဲနေကြရတာပါ။

ယခုတော့ တိုင်းတာစရာ ပေတံအသစ် ရလာပါပြီ တရားအသိအမြင်တွေ စင်ကြယ်လာတာ နှင့်အမျှ လုပ်သင့်၏ မလုပ်သင့်၏၊ ကောင်း၏ မကောင်း၏ ကုသိုလ် အကုသိုလ်ကို ဉာဏ်နဲ့ ဆုံးဖြတ်တတ်လာပါပြီ။ ဒီနေရာမှာ သူတော်ကောင်း တရားဖြစ်တဲ့ မကောင်းမှုပြုလုပ်ရာမှာ၊ မကောင်းမှု ပြောရမှာ၊ မကောင်းတဲ့အတွေး တွေးရမှာ ရှက်ခြင်း၊ ကြောက်ခြင်း ဟိရိသြတ္တပ္ပ သဘောတွေကိုလည်း တဖြည်းဖြည်း နားလည်လာမှာပါ။

ဒါကြောင့် မိမိတို့အားထုတ်ထားတဲ့ တရား အသိအမြင်နဲ့ ပြန်ကြည့်တဲ့အခါ မလုပ်သင့်၊ မလုပ် ထိုက်တာတွေ အမှားတွေ လုပ်ခဲ့မိပါလားလို့ ခံစား ရတတ် ပါတယ်။

ယခင်ကလို ကိလေသာရောယှက်တဲ့ ဆုံးဖြတ် ချက်နေရာမှာ အခု အမြင်စင်ကြယ်တဲ့ ဉာဏ်ရဲ့ဆုံးဖြတ် ချက်တွေဝင်လာတော့ ဒီလုပ်ရပ်မျိုး နောင်ဘယ်တော့မှ လုပ်တော့မှာမဟုတ်ပါဘူး။ ကျေကျေနပ်နပ်ကြီးကို မလုပ်တော့တာပါ။

ဒါပေမဲ့ ဘာဝနာအသိ မရှိတော့ရင်၊ ဘာဝနာ အသိ လက်လွတ်သွားရင်တော့ နဂိုအတိုင်း ပြန်ဖြစ် သွားတာပါပဲ။ လောကီပိုင်းမှာရှိတဲ့ အရာအားလုံးဟာ မတည်မြဲပါဘူး။ ပျက်တတ်တဲ့သဘောရှိပါတယ်။

ဖြတ်သန်းလာတဲ့ ဘဝနောက်ကြောင်းတွေကို ပြန်ကြည့်တဲ့အခါ အမှားတွေ တော်တော်များတယ်လို့ လျှောက်ထားခဲ့ဖူးတော့ အမှန်တွေ နည်းနည်းပါးပါး ဖြစ်ဖြစ် ရှိပါသေးတယ်လို့ ထင်စရာဖြစ်လာပါတယ်။

တရားကို ကြိုးစားအားထုတ်ပါ၊ ဆက်လက် အားထုတ်ပါအုံး။ အလွန်သိမ်မွေ့တဲ့ လာဘ်လာဘ လိုချင်မှုတွေ၊ အချီးအမွမ်းခံချင်တာတွေ ရှိသေး တယ်နော်။ ဘေးကလူတော့ သိမှာမဟုတ်ဘူး ကိုယ် ကိုယ်တိုင်ပဲ သိတယ်။

ပုထုဇဉ်ဖြစ်စေ အရိယာသူတော်ကောင်း ဖြစ်စေ သူတို့ရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဒွါရမှာ ထင်တာက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိနဲ့ ဓမ္မာရုံဆိုတဲ့ အာရုံများသာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပုထုဇဉ်က မျက်စိမှာထင်လာတဲ့ အဆင်းကို ပုဂ္ဂိုလ်သတ္တဝါလို့ ထင်တယ်၊ နားမှာ ထင်လာတဲ့အသံကို ပုဂ္ဂိုလ်သတ္တဝါလို့ ယူတယ် နှာခေါင်းမှာ ထင်လာတဲ့အနံ့က ပုဂ္ဂိုလ်သတ္တဝါတွေ ဖြစ်သွားတယ်။

အာရုံနဲ့ ဒွါရတိုက်လို့ ထင်လာတာက တစ်မျိုးတည်းပဲ။ ဒါပေမဲ့ ပုထုဇဉ်က အသိတစ်မျိုး အရိယာက အသိတစ်မျိုး ကွဲပြားသွားကြတယ်။

ပုထုဇဉ်တွေရဲ့ အတွေးအမြင်တွေဟာ ပုထုဇဉ် ဘဝမှာသာ အမှန်ဖြစ်တယ်။ အရိယာ ဖြစ်သွားတာနှင့် ပုထုဇဉ်အတွေးအမြင်အကုန်လုံး အမှားတွေချည်း ဖြစ်သွားတော့တယ်။

ပုထုဇဉ်ရဲ့ ဘဝအမြင်က ဝိပလ္လာသအမြင်ဖြစ် ပါတယ်။ ဝိပလ္လာသဆိုတာက မှောက်မှားတဲ့အမြင်ပါ။

သညာဝိပလ္လာသက အမှတ်မှားတာ၊ ဒိဋ္ဌိ ဝိပလ္လာသက အစွဲမှားတာ၊ စိတ္တဝိပလ္လာသက အတွေး အကြံမှားတာပါ။

ပမာအားဖြင့် လူတို့အတွက် အကောင်ပုပ်ဟာ စက်ဆုပ်ရွံရှာစရာ အနိဋ္ဌာရုံဖြစ်သော်လည်း ခွေး ၊ လင်းတတို့အတွက်က ဣဋ္ဌာရုံဖြစ်သလိုပါပဲ။ အရိယာအသိကသာ အမှန်အသိ၊ မဖောက် ပြန်တဲ့အသိ၊ ဝိဇ္ဇာသိ သေချာတဲ့အသိဖြစ်ပါတယ်။

ကိုယ်စိတ်ကျန်းမာစွာဖြင့် ဝိပဿနာတရားအားထုတ်နိုင်ပါစေ။

ဆရာတော်
ရက်စွဲ။ ၁၉၈၅ခု၊ စက်တင်ဘာလ (၂၉)ရက်။

 

 

ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

တရားရှုမှတ်မှုနှင့် စပ်လျဉ်းတဲ့ ဆရာတော် ဘုရား မိန့်ကြားရှင်းလင်းမှုတွေကို ပိုပြီး နားလည် သဘောပေါက်လာတဲ့အပြင် တရားနှင့်စပ်လျဉ်းပြီး အားပေးချီးမြှောက်မှုအတွက်လည်း တပည့်တော်မ အနေနှင့် စကားလုံးများနှင့် မဖော်ပြနိုင်လောက်အောင်ကို ကျေးဇူးတင် ဝမ်းမြောက်ပါတယ်ဘုရား။

ဆရာတော်ရဲ့ သွန်သင်ဆုံးမမှုတွေကိုသာ မရရှိပါက တပည့်တော်မ အနေနှင့် ဒီမျှမြင့်မြတ်တဲ့ တရားတော်ကို သိရှိနိုင်လိမ့်မယ်လို့ မယုံကြည်ဝံ့ပါဘုရား။

ဆရာတော်ဘုရား မိန့်မှာကြားတဲ့ စာတွေ၊ စကားလုံး (ပေးစာ)တွေဟာ နက်နဲလွန်းလို့ ရံခါ ထပ်ပြန် ထပ်ပြန် အကြိမ်ကြိမ် ဖတ်ရှုရပါတယ်။ ဒါပေမဲ့ ဒီနေ့နားလည်တာနှင့် နောက်ကာလအတန်ကြာမှ ဖတ်လို့နားလည်တာက မတူတော့ဘူး၊ ပိုပြီး နက်နဲ လာပါတယ်။ အလွှာလိုက် အလွှာလိုက် ရှိသလို ခံစား သိရကြောင်း လျှောက်ထားအပ်ပါတယ်။

ဘဝထဲမှ တရားအတွေ့အကြုံများကို လျှောက်ထားပါရစေဘုရား။

ဆေးပညာရှင်များအဖွဲ့မှ ပြည်ပပညာတော် သင်ဆရာဝန်ကို တပည့်တော်တို့ ချယ်ယာမင်ဘုတ် အဖွဲ့က ရွေးပေးရပါတယ်ဘုရား။

မနေ့က အတွေ့အကြုံတစ်ခု လျှောက်ထား ပါရစေဘုရား။ တပည့်တော်မ ရွေးချယ်လိုတာက တပည့်တော်မရဲ့ တပည့်တစ်ယောက်ပါ။ ဒါပေမဲ့ နောက်တစ်ဦးက သူ့ထက်အစစ အရည်အချင်းသာ လွန်နေပါတယ်။ ဒီအချက်ကို တပည့်တော်တို့ အဖွဲ့ဝင် များအားလုံး သိပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော်က တပည့်လေးကိုပဲ ဒီဆုရစေချင်နေပါတယ်။

စိတ်ထဲမှာ မရိုးမရွကိုဖြစ်နေပါပြီ။ အဖွဲ့ဝင် တွေကို ဖွင့်ဟပြီး တပည့်တော်ရဲ့ သဘောထား ရပ်တည်ချက်ကို ပြောပြဖို့ဆဲဆဲမှာပဲ “ဟေ့ မင်းဘာလုပ် နေတာလဲ” “မင်း မတရားလုပ်ရမှာကို မရှက်တော့ ဘူးလား” လို့ နောက်ကနေ တစ်ယောက်ယောက်က ပြောလိုက်သလိုပါပဲဘုရား၊ တပည့်တော်မကို စောင့်ကြည့် နေတဲ့သူ တစ်ဦးဦးတော့ ရှိနေပြီလို့ထင်ပါတယ်။ ဒီအတွေ့အကြုံမျိုး ခုတလော နေရာတော်တော်များ များမှာ တွေ့ကြုံနေရပါတယ်။

ဝိပဿနာတရား ရှုမှတ်ချိန်မှာလည်း ရုပ်နာမ် သင်္ခါရတို့ရဲ့ ပြောင်းလဲမှုကို သိရတာ ယခင်တွေ့ကြုံခဲ့ရတဲ့ နူးညံ့သိမ်မွေ့မှုထက် ပိုလို့နူးညံ့သိမ်မွေ့ပြီးတော့ အလိုလိုပဲ အသိသတိ ဆက်နေတာကို သိလာနေ ပါတယ်ဘုရား။

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားဆုံးမတော် မူတဲ့တရားတော်ကို ကျင့်ကြံနေတာနှင့်အမျှ သကျမုနိ ဂေါတမဗုဒ္ဓနှင့်ပတ်သက်ပြီး ပိုလို့သိချင် လာပါတယ်ဘုရား။ ပိုလို့လည်း စိတ်ထဲမှာ ဘုရားကို ချစ်ခင်ကြည် ညိုလေးစားလာပါတယ်။ မြတ်ဗုဒ္ဓ ကို လမ်းညွှန်ဆုံးမပေးတဲ့ Teacher တစ်ပါးလို့ ပိုပြီး ရင်းရင်း နှီးနှီးရှိသလို တပည့်တော်စိတ်ထဲ ခံစား လာရပါ တယ်အရှင်မြတ်ဘုရား။

ဒါကြောင့် ဘုရားတပည့်တော် သိချင်တဲ့ မေးခွန်း (၅)ခုကို မေးမြန်းလျှောက်ထားခွင့် ပြုတော်မူပါ ဘုရား။

၁။ သကျမုနိမြတ်ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်တဲ့ ခုနှစ်သက္ကရာဇ်တို့ကို သိပါရစေ (ဥရောပသမိုင်းဆရာများ မှတ်တမ်းအရ တပည့်တော် မှတ်သားထားတာက ( BC 566 မှ 368 )လို့ ခန့်မှန်း မှတ်တမ်းကိုပဲ သိထားဖူးပါတယ်)
၂။ သကျမုနိဗုဒ္ဓ တရားစတင်ဟောကြားတဲ့ ခုနှစ် သက္ကရာဇ်။
၃။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံလွန်တဲ့ ခုနှစ် သက္ကရာဇ်။
၄။ ယသော်ဓရာဒေဝီ ရဟန္တာဖြစ်မဖြစ် သိပါရစေဘုရား။
၅။ မြတ်ဗုဒ္ဓသာသနာတော်မှာ ဧတဒဂ်ဘွဲ့ထူးအများဆုံးကို အရှင်အာနန္ဒာမထေရ်ပန်ဆင်တော်မူခဲ့တယ်ဆိုတာ မှန်ပါသလားဘုရား။

ကရုဏာတော်ရှင် မြတ်ဗုဒ္ဓအနေဖြင့် သတ္တဝါ များကို စောင့်ရှောက်ပြီး ကာလတာရှည်စွာ နေတော်မူခဲ့ရင် တပည့်တော်တို့ ခုလည်းဖူးမြင်ရမှာပဲလို့ တွေးထင် မိပါတယ်ဘုရား။

တပည့်တော်မ မေးခွန်းများကြောင့် ဆရာတော်ဘုရား စိတ်အနှောင့်အယှက်ဖြစ်ရင် တောင်းပန်ပါတယ်ဘုရား။

မြတ်ဘုရားဗုဒ္ဓကို ကြည် ညိုချစ်ခင်ကာ ရင်းရင်း နှီးနှီးရှိတယ်လို့ ခံစားလာရတာကြောင့် ဝိပဿနာတရားနှင့် မဆိုင်သော်လည်း သိလိုရင်းနှင့် မေးလျှောက်ရခြင်း ဖြစ်ပါတယ် အရှင်မြတ်ဘုရား။

တပည့်တော်ထံမှာ ဗုဒ္ဓဘာသာစာအုပ် စုစု ပေါင်း (၁၂)အုပ် ရှိနေပါပြီဘုရား။

1. Ven Ledi Sayadaw’s Dipani
2. The Progress of Insight by Mahasi Sayadaw Thero
3. Visddhimagga
4. Sattipatthana Sutta
5. Heart of Buddhist Meditation by Nanaponika Thero
6. Dhammapada
7.The Power of Mindfulness by Nanaponika Thero
8.The Experience of Insight by Joseph Goldstein
9.The Path of Purification by Nanamoli
10. What The Buddha Taught by Ven
11. Buddhism in Daily Life by Nina Van Gorkom
12. Abhidhamma in Daily Life by Nian Van Gorkom

ရိုသေစွာဖြင့် ဒါယိကာမ
ရက်စွဲ။ ၁၉၈၅ခု၊ အောက်တိုဘာလ (၁၇)ရက်။

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးအပ်ပါတယ်။

မြတ်စွာဘုရားရှင်ကို လူအများစုက ဆင်းတု ရုပ်ပုံအနေနှင့် မြင်ကြတယ်။ ဆင်းတုတော်ကို ပုံကိုပဲ ရှိခိုးကြပါတယ်။

ဗုဒ္ဓဘုရားကို ရင်းနှီးဖို့ရာက ဘုရားသင်ကြား ပေးတော်မူခဲ့တဲ့ တန်ဖိုးအထားဆုံးဖြစ်တဲ့ ဘ၀ သံသရာမှ လွတ်မြောက်ရေးတရားကို ကျင့်ကြံ အားထုတ်မှသာ အခုလို မြတ်ဗုဒ္ဓကို ရင်းနှီးမယ်။ တစ်နည်းပြောရရင် ကျေးဇူးလည်း တင်တတ်မယ်။

မြတ်ဘုရားလောင်းလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူရာကာလကို ပညာရှင်များက (BC 624) ကို အတည်ပြုကြပါတယ်။ ဓမ္မစကြာတရားဦးကို ဟောကြားတော်မူတာက သက်တော် (၃၅)နှစ် ဖြစ်ပါ တယ်။ ဒါကြောင့် (BC 589) ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူတာက သက်တော် (၈၀)ဖြစ်ပါ တယ်။ ဒါကြောင့် (BC 544) ဖြစ်ပါတယ်။

သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်တစ်လျှောက်လုံးမှာ ဧတဒဂ်ဘွဲ့ရ မထေရ်မြတ်ကြီး (၄၁)ပါး၊ ဧတဒဂ်ဘွဲ့ရ ထေရီမြတ် (၁၃)ပါးဖြစ်ပြီးတော့ အရှင်အာနန္ဒာမထေရ်မြတ်တစ်ပါး တည်းသာလျှင် သာသနာတော်မှာ ဧတဒဂ်ဘွဲ့ထူး ငါးပါး ပန်ဆင်တော်မူပါတယ်။

၁။ အကြားအမြင်များခြင်း ၂။ သတိကောင်းခြင်း ၃။ ဉာဏ်ကောင်းခြင်း ၄။ လုံ့လကြီးခြင်း ၅။ အလုပ်အကြွေး အပြုစုကောင်းခြင်းတွေ ဖြစ်ပါတယ်။

ရှင်မယသော်ဓရာထေရီ ရဟန္တာဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ခန္ဓာကလည်း ရုပ်နာမ်အစုအပေါင်းမျှ ပါပဲ။ ဒါကြောင့် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏလမ်းစဉ် အတိုင်း ရွေ့လျားနေတဲ့ သင်္ခါရသဘောအတိုင်းပဲ သက်တော် (၈၀)မှာ ပရိနိဗ္ဗာန်စံဝင်ခြင်းဖြစ်ပါတယ်။ ဓမ္မနိယာမသဘောတရားဆိုတာကို နားလည်နိုင်ပါစေ။

မေတ္တာတရားဖြင့် ဆရာတော်
ရက်စွဲ။ ၁၉၈၅ခု၊ နိုဝင်ဘာလ (၁၅)ရက်။

 

 

ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။

တရားအတွေ့အကြုံ လျှောက်ထားပါရစေဘုရား။

တရားရှုမှတ်နေစဉ် ခန္ဓာကိုယ်မှာလည်း သတိ သာရှိပြီး စိတ်မှာလည်း တွေးတောမှု စဉ်စားမှု မရှိဘဲ သတိကသာ ဦးဆောင်နေပါတော့တယ်။ စိတ်ဟာ ညီညွတ်မျှတပြီး ငိုက်မြည်းခြင်း၊ တွေဝေခြင်းမရှိဘဲ နိုးကြားနေပါတယ်။ အရာရာတိုင်းဟာ ပျက်သုဉ်းနေပါတယ်။တပည့်တော်မ ခန္ဓာကိုယ်မှာသာမက နေရာ မလပ် အင်အားအပြည့်နဲ့ အရာရာတိုင်းဟာ လျင်မြန်တယ် ဒါပေမဲ့ ထင်ရှားပါတယ်ဘုရား။

တပည့်တော်မရဲ့ စိတ်နေစိတ်ထား တန်ဖိုးထားမှုအချို့ ပြောင်းလဲလာတာကိုလည်း သတိထားမိ ပါတယ်ဘုရား။ စိတ်ထားတွေပြောင်းလဲလာလို့ ပိုပြီး ရွှင်လန်းပေါ့ပါးလာပါတယ်။

တပည့်တော်မ စိတ်တိုတတ်တဲ့သဘာ၀ ရှိပါ တယ်။ ဒါပေမဲ့ ယခုအခါ သတိတရားနှင့် နေတတ်လာတဲ့ အခါမှာ စိတ်ဆိုးတဲ့ဒေါသ အဖြစ်နည်းလာပါတယ်။ ဖြစ်ကြောတိုသွားတယ် စိတ်ဆိုးစိတ်ကောက်တာလည်း နည်းနည်းပါးသွားတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး ကြိုက်နှစ်သက်မှု ထူးထူးခြားခြား ပြောင်းလဲသွားပါတယ် ဘုရား။ ဘယ်အရာမပါရင် စားမဖြစ်ဘူးဆိုတဲ့ သဘောမျိုးမရှိတော့ပါဘူး။ ဒါကြောင့် နေစဉ်ဘ၀ ပိုပြီး သက်သာပေါ့ပါးလာတာကို သတိထားမိလာပါတယ်။

ဓမ္မတရားတော်မြတ်နဲ့ ပတ်သက်ပြီး ဆင်ခြင် သုံးသပ်တဲ့အခါမှာဖြစ်စေ၊ စာဖတ်တဲ့အခါမှာဖြစ်စေ၊ ရင်ထဲမှာ တလှပ်လှပ်ချမ်းသာမှုပီတိကို ရံခါခံစားရ ပါတယ်ဘုရား။

သူတစ်ဖက်သားကို စောင့်ရှောက်ကူညီရတာလည်း များစွာကျေနပ်အားရ ဖြစ်ရပါတယ်ဘုရား။ မိဘမဲ့ကလေးဂေဟာ၊ လူအိုများဂေဟာ ဆေးရုံတွေ ကိုလည်း ပုံမှန်ကူညီထောက်ပံ့လေ့ရှိပြီး အဲသလို လှူဒါန်းရတာကို စိတ်ထဲမှာ များစွာကျေနပ်မိပါတယ်။ အရင်က လှူဒါန်းတဲ့အခါ စိတ်ချမ်းသာမှု ရရှိခဲ့ပေမဲ့ အခုလောက် မလေးနက်ပါဘူးဘုရား။

ရံခါ မိမိရဲ့ပတ်ဝန်းကျင်မှာ အကူညီမဲ့နေသူကို သတိထားပြီးတော့လည်း ကူညီစောင့်ရှောက်ပြီး တပည့်တော်မရဲ့စိတ်ကို ကျေနပ်ပျော်ရွှင်၊ ပီတိ သောမနဿ ဖြစ်ပွားစေပါတယ်။

ဗုဒ္ဓတရားတော်နှင့် စပ်လျဉ်းပြီး ရံခါ ဓမ္မ မိတ်ဆွေများက လာရောက်မေးမြန်းကြပါတယ်။ အဲဒီ အခါမှာလည်း တပည့်တော်မ သိသမျှတွေ သူတို့ကို ဝေမျှ ပြောဆို ဖြေကြားပေးရတာ သိပ်ကို ဝမ်းမြောက် ပီတိ ဖြစ်ရပါတယ်ဘုရား။

ယခုအခါ တပည့်တော်မရဲ့ စိတ်ထဲမှာ ရတနာ သုံးပါးအပေါ် ယုံကြည်မှု အလွန့်အလွန် ခိုင်မြဲလာနေတယ်လို့ သိသာလာပါတယ်ဘုရား။

တွေ့ကြုံခဲ့ရတဲ့ တရားအတွေ့အကြုံတွေ ကြောင့်လည်း တပည့်တော်မမှာ ခွန်အားတိုးလာတယ်လို့ ထင်မိပါတယ်။

ဘယ်အရာကမှ တပည့်တော်မ ရှေ့ဆက်လှမ်းရမဲ့ ခြေလှမ်းကို ဟန့်တားနိုင်တော့မှာ မဟုတ်ဘူး လို့ ဆိုရနိုင်တဲ့အထိ ရဲဝံ့လာပါတယ်ဘုရား။
ဆရာတော်ဘုရား မိန့်ကြားတော်မူတဲ့ စာမှာ မူလပဏ္ဏာသ ကောသမ္ဗိယသုတ္တန်ဒေသနာတော်ကို ဖတ်ရှုရန် မိန့်မှာတော်မူပါသော်လည်း တပည့်တော်မ ထံပါးမှာ ဗုဒ္ဓဘာသာစာအုပ် စုစုပေါင်း (၁၂)အုပ်ထဲမှာ ရှာကြည့်တဲ့အခါ မူလပဏ္ဏာသဝတ္ထုအကြောင်းအရာ မတွေ့ရှိခဲ့ရပါဘုရား။ ဖတ်ရှုလေ့လာလိုပါတယ်ဘုရား။

သကျမုနိ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော် မူခဲ့တဲ့ မူရင်းပါဠိတော်စာပေ စုစုပေါင်းကို စာအုပ်အဖြစ် ပုံနှိပ်ပြီးတာ အုပ်ရေဘယ်လောက် ရှိပါသလဲဘုရား။

ကြည် ညိုလေးမြတ်စွာ ဦးတင်ရှိခိုးပါတယ်ဘုရား။

ရိုသေလေးစားစွာဖြင့် ဒါယိကာမ
ရက်စွဲ။ ၁၉၈၅ခု၊ ဒီဇင်ဘာလ (၃)ရက်။

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးအပ်ပါတယ်။

ဒါယိကာမရဲ့စာမှာ စိတ်ဟာ ညီညွတ်မျှတပြီး ငိုက်မြည်းခြင်း၊ တွေဝေခြင်းမရှိဘဲ နိုးကြားနေတယ်၊ သတိလည်းရှိတယ် အရာရာပျက်သုဉ်းပြီး ခန္ဓာကိုယ်ရော စိတ်ပါ မရှိဘဲ ကိုယ်ရောစိတ်ပါ ချမ်းသာငြိမ်သက် နေပါတယ်လို့ လျှောက်ထားတာကို ဖတ်ရပါတယ်။

ဒါယိကာမရဲ့ စိတ်နေသဘောထား၊ စိတ်မှာ တန်ဖိုးထားမှုတွေ ဘယ်လိုပြောင်းလဲတယ်၊ ဒါမှမဟုတ် ဘယ်ကဲ့သို့ ခံစားရတယ်ဆိုတာလည်း ဒီထက် ပြည့်ပြည့် စုံစုံလျှောက်ထားဖို့ အသိပေးလိုက်ပါတယ်။

တစ်ဆက်ထဲ (၃.၁၂.၈၅)ရက်စွဲပါ စာမှာ ဒါယိကာမ မေးလျှောက်ထားတဲ့ ကောသမ္ဗိယသုတ်ကို အကျဉ်းချုပ်ပြီး ဖြေကြားပေးလိုက်ပါတယ်။

ဣဓ ဘိက္ခေ၀ ဘိက္ခု အရညဂတောဝါ ရုက္ခမူလ ဂတောဝါ သုညာဂါရဂတောဝါ စသည်ဖြင့် မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ်မှာ လာရှိပါတယ်။ လိုရင်းအချက် ခုနစ်ချက်ကို အကျဉ်းချုပ် ရေးပြပါမယ်။

၁။ ဆိတ်ငြိမ်ရာမှာနေပြီးတော့ ဆင်ခြင်တဲ့ အခါမှာ ကာမရာဂ (ကာမဂုဏ်တပ်မက်မှု)၊ ဗျာပါဒ (ဖျက်ဆီးလိုမှု)၊ ထိနမိဒ္ဓ (ထိုင်းမှိုင်းငိုက်မြည်းမှု) ၊ ဥဒ္ဓစ္စ (ပျံ့လွင့်မှု)၊ ကုက္ကုစ္စ (နောင်တပူပန်မှု)၊ ဝိစိကိစ္ဆာ (တွေးတောယုံမှားမှု) ၊ မျက်မှောက်လောက တမလွန် လောကကို ကြံစည်မှု၊ ငြင်းခုံခိုက်ရန်ဖြစ်ကာ နှုတ်လှံ ထိုးမှု စတဲ့စိတ်တွေ ထကြွလွှမ်းမိုးမှုတော့ရှိတယ်။ ဒါပေမဲ့ ရှုမှတ်ဆဲ ရုပ်နာမ်ဖြစ်ပျက်ကို မသိနိုင်လောက်အောင် မပိတ်ပင်နိုင်ဘူးလို့ ယောဂီကသိတယ်။ တစ်နည်းပြောရရင် ကာမရာဂ၊ ဗျာပါဒ၊ ထိနမိဒ္ဓ စတာတွေ ဖြစ်ပါသော်လည်း အရိယာယောဂီက ဖြစ်မှန်းချက်ချင်းသိတယ် ၊ ဒါကြောင့် ဖြစ်ပါသော်လည်း ဖြစ်ကြော မရှည်ဘူးလို့ဘဲ တိုတိုမှတ်လိုက်ပါ။ ဒါက အရိယာ သာဝကရဲ့ ခွန်အားတစ်ပါးဖြစ်ပါတယ်။

၂။ နီဝရဏပရိယုဋ္ဌာန် (ပျံ့လွင့်ပူပန်ပြေးလွှားမှု) တို့ရဲ့ ငြိမ်းချမ်းတာကို ရပါရဲ့လားလို့ ဆင်ခြင်တဲ့အခါ မှာလည်း ရှုမှတ်ဆဲ မိမိစိတ်ထဲမှာ ငြိမ်သက်တည်ကြည်တယ်၊ ကိလေသာ နီဝရဏ ငြိမ်းတယ်ဆိုတာကို သိတယ်။ တစ်နည်းပြောလို့ရှိရင် ကိလေသာ နီဝရဏ တွေကြောင့် စိတ်က ပူလောင်ပင်ပန်းသွားရင်လည်း ယောဂီက အဲဒီ အပူအရှုပ်နဲ့မနေတော့ဘဲ ချက်ချင်း ငြိမ်းအေးအောင်လုပ်ဖို့ ကြိုးစားတယ် ဒါက ပုထုဇဉ်နဲ့ မဆိုင်သော သောတာပန် အရိယာသာဝကနဲ့သာ ဆိုင်တဲ့ ခွန်အားတစ်ခုဖြစ်တယ်။

၃။ အရိယာဖြစ်စေနိုင်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ဟာ ဒီသာသနာမှအပ အခြားမှာ လုံးဝမရှိဘူးလို့ အရိယာယောဂီက သေသေချာချာသိတယ်။သည်ဂုဏ်လည်းပဲ ပုထုဇဉ်နဲ့မဆိုင်သော သောတာပန် အရိယာ သာဝကရဲ့ ခွန်အားတစ်ပါးဖြစ်ပါတယ်။

၄။ ကုစားနိုင်တဲ့ အာပတ်အပြစ်ကို ပြုမိတဲ့ (ရဟန်း)ဟာ ချက်ချင်းပဲ ကုစားပါတယ်။ နောက်နောင်လည်း ဒီအပြစ်မျိုးကို မပြုလုပ်ဘဲ စောင့်ရှောက်တယ်။ ဥပမာအားဖြင့် ကလေးငယ်လေးဟာ သူ့လက်နှင့် မီးခဲကို မတော်တဆထိမိရင် လက်ကို ချက်ချင်း ရုပ်သိမ်းသလို ၊ ကျရောက်တဲ့ အာပတ်အပြစ်ကို ပြောကြားပြီးတော့ နောင်မဖြစ်အောင် စောင့်ရှောက်ပါတယ်။ တစ်နည်းပြောရရင် အပြစ်ကို မဖုံးကွယ် လိုဘူး နောင်အတွက်လည်း စောင့်ရှောက်တယ်၊ သည် သူတော်ကောင်း လက္ခဏာကလည်း ပုထုဇဉ်နဲ့မဆိုင်တဲ့ သောတာပန် အရိယာသာဝကရဲ့ ခွန်အားတစ်ပါး ဖြစ်ပါတယ်။

၅။ ပဉ္စမအချက်ကတော့ ထိုထို ဤဤ အမှု ကိစ္စကြီးငယ်ကို ကြောင့်ကြစိုက် လုပ်နေပါသော်လည်း အရိယာသာဝကဟာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ သိက္ခာသုံးပါးကိုဖြည့်ကျင့်ဖို့ စိတ်မှာထက်သန်လျက် လိုလားလျက်ရှိပါတယ်။ သည်ဂုဏ်လည်းပဲ ပုထုဇဉ်နဲ့ မဆိုင် သောတာပန်အရိယာသာဝကရဲ့ ခွန်အားတစ်ပါး ဖြစ်ပါတယ်။

၆။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာတော်ကို နာကြားရရင် ကိုယ်ပိုင်ဥစ္စာ စီးပွားသဖွယ် လိုလိုလားလား ရိုရိုသေသေ စိတ် တစ်ခြားကို မလွင့်ဘဲ၊ တရားကိုသာ နှလုံးသွင်းကာ နားစွင့်ကာ နာကြားတယ်။ ဒါလည်းပဲ ပုထုဇဉ်နှင့် မသက်ဆိုင် အရိယာသောတာပန်နဲ့သာဆိုင်တဲ့ ခွန်အား ဖြစ်ပေတယ်။

၇။ နောက်ဆုံး သတ္တမအချက်ကတော့ ဘုရား ဟော တရားဒေသနာတော်များကို နားကြားရတဲ့အခါ (ဖတ်ရှုရတဲ့အခါ) တွေမှာ အရိယာသာဝကဟာ အနက် အဓိပ္ပာယ်ကို နှစ်နှစ်ခြိုက်ခြိုက် သဘောကျတဲ့အတွက် အလွန်ပဲ နှစ်သက်အားရပါတယ်။ ရင်ထဲနှလုံးထဲက တသိမ့်သိမ့်ဖိုလှိုက်ပြီး ကြက်သီးတွေထတဲ့အထိ အားရ ကျေနပ်ပါတယ် အခုလို ဘုရားဟောတရားကို နားလည်သဘောကျကာ နှစ်သိမ့် ဝမ်းမြောက်တာ ဟာလည်း ပုထုဇဉ်နဲ့မဆိုင် သောတာပန်အရိယာ တို့မှသာ ပြည့်စုံတဲ့ ခွန်အားဖြစ်ပါတယ်။

မိမိအရိယာဖြစ်မဖြစ် ခုလို ဘုရားစာပေနှင့် တိုင်းတာသင့်ပါတယ်။

မေတ္တာတရားဖြင့် ဆရာတော်
ရက်စွဲ။ ၁၉၈၆ခု၊ ဇန်နဝါရီလ (၅)ရက်။

 

ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။

အမေရိက၊ အာရှ၊ အာဖရိကနိုင်ငံတွေမှာ ကပ်ရောဂါများ၊ ငတ်မွတ်မှုများဖြစ်တယ်လို့လည်း ကြားရပါတယ်။ အဲသည်လူတွေကို တပည့်တော်မ မသိပါသော်လည်း တပည့်တော်မရဲ့စိတ်ထဲ ကရုဏာ စိတ်တွေ ဖြစ်နေပါတယ်ဘုရား။

ဘာသာရေးကြောင့် စစ်ပွဲများလည်း ဖြစ်တယ်လို့ သိရပါတယ်ဘုရား။အကယ်၍ ဗုဒ္ဓဘုရားရဲ့ တရားတော်ကိုသာ သူတို့ကျင့်ကြံပြီး (ဝိသုဒ္ဓိ)ဖြစ်အောင်နေတတ်ခဲ့ရင် စိတ်တွေလည်း ငြိမ်းအေးမှာပဲ၊ စစ်ပွဲတွေလည်း ငြိမ်းမှာပဲ၊ အနာရောဂါလည်း ကင်းမှာပဲလို့ ထင်ပါတယ် ဘုရား။

သူတို့ဘေးဘယာတွေ ကြုံနေကြတာ စိတ်တွေ မစင်ကြယ်လို့ပဲလို့ တပည့်တော်မ ယူဆပါတယ် ဘုရား။ တပည့်တော်မရဲ့ ထင်မြင်ချက်ပါဘုရား။ တပည့်တော်မရဲ့ စိတ်မစင်ကြယ်မှုကိုလည်း လျှောက်ထားပါရစေ ဘုရား။

မနေ့က ညနေပိုင်း ဗုဒ္ဓဘာသာဝင်များရဲ့ တွေ့ဆုံပွဲရှိပါတယ်ဘုရား။ မိတ်ဆွေများနဲ့ ဆုံခဲ့ရပါတယ်၊ လက်ဖက်ရည်သောက်ကြပါတယ်။ ဒါပေမဲ့ တပည့်တော်က ရှစ်ပါးသီလနှင့်နေပါတယ်။ ဒါကြောင့် မသောက်ဖြစ်ခဲ့ပါဘုရား။

“ငါဥပုသ်စောင့်ထားလို့ ညနေပိုင်းမို့ မသောက်တာ” ဆိုပြီး ဘယ်တစ်ဦးတစ်ယောက်မှ မမေးဘဲ ပြောပြခဲ့မိပါတယ်။ အပြစ်ဖြစ်ပါသလားဘုရား။

ငါဥပုသ်သည်ကြီး၊ သူတော်ကောင်းကြီးဆိုပြီး ကြွားလိုတဲ့ စိတ်သဘောကိုလည်း ပြောပြပြီးပြီးခြင်း မြင်လိုက်ရတော့ ရှက်မိပါတယ်ဘုရား။

ခုလိုကြွားဝါမှုကိုတော့ ဘုရားတပည့်တော် နောက်နောင် မပြုလုပ်ချင်တော့ပါဘူးဘုရား။ စိတ်လည်း ညစ်ညမ်းတယ်၊ ပင်လည်းပင်ပန်းပါတယ် ဘုရား။ ဒါပေမဲ့ အံ့သြစရာကောင်းတာက အရင်ကလည်း အခုလိုစိတ်မျိုး အများကြီးဖြစ်ခဲ့ဖူးမှာပဲ၊ မသိခဲ့တာ ဘာကြောင့်ပါလိမ့်မလဲလို့ တွေးမိပါတယ် ဘုရား။

တပည့်တော်မ မြတ်ဗုဒ္ဓဘုရားကို လေးစား ကြည် ညိုပါတယ်။ ဒါကြောင့် နောင်ဘ၀ လူဖြစ်သေးရင် ထေရဝါဒသာသနာတော် ထွန်းကားတဲ့နိုင်ငံမှာပဲ လူဖြစ်ချင်ပါတယ်ဘုရား။တစ်ချို့သော ထေရဝါဒနိုင်ငံများနှင့် မြတ်ဘုရားမွေးဖွားရာဒေသကို နွေဦးရာသီမှာ ခရီးသွားဖို့ စီစဉ်ထားပါတယ်ဘုရား။

ဘုရားတပည့်တော် ဝိသုဒ္ဓိ (၇)ပါးကို ပြည့်စုံအောင် လေ့ကျင့်နေပါတယ်ဘုရား၊ သီလဝိသုဒ္ဓိဖြစ်ဖို့ ရှစ်ပါးသီလကို နေ့စဉ်ခံယူပါတယ်။ စင်ကြယ်မှ တရားတိုးမယ်လို့ ယုံကြည်ပါတယ်။ စင်ကြယ်မှလည်း နိဗ္ဗာန်နဲ့ ထိုက်တန်မယ်လို့ ထင်ပါတယ်ဘုရား။ မှားရင် လည်း ခွင့်လွှတ်ပေးသနားတော်မူပါရန် တောင်းပန်ပါ တယ်အရှင်ဘုရား။

ကြည် ညိုလေးမြတ်စွာဖြင့်ဒါယိကာမ
ရက်စွဲ။ ၁၉၈၆ခု၊ ဖေဖေါ်ဝါရီလ (၆)ရက်။

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးအပ်ပါတယ်။

စတုတ္ထသင်္ဂါယနာကို သီဟိုဠ်နိုင်ငံမှာ တင်ခဲ့တယ်။ ပဉ္စမသင်္ဂါယနာကိုတော့ မြန်မာနိုင်ငံ မန္တလေးမြို့မှာ တင်ခဲ့တယ်။ ဆဋ္ဌသင်္ဂါယနာကိုလည်း သာသနာနှစ် ၂၅၀၀ပြည့်နှစ်မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ တင်ခဲ့ပြီး သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ပိဋကတ်စာပေတွေကို စာအုပ်အဖြစ် မြန်မာအက္ခရာနဲ့ ပုံနှိပ်နိုင်ခဲ့ပါတယ်။ အခြားအက္ခရာများနှင့် မှတ်တမ်းတင် ပုံနှိပ်ထားတာလည်း ရှိပါသေးတယ်။

ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော်ရဲ့မှတ်တမ်း အစီအစဉ်ကတော့

၁။ ဒီဃနိကာယ် (သုတ် သုံးကျမ်း) ၃အုပ်။
၂။ မဇ္ဈိမနိကာယ် (ပဏ္ဏာသ သုံးကျမ်း) ၃အုပ်။
၃။ သံယုတ္တနိကာယ် (ငါးကျမ်း) ၃အုပ်။
၄။ အင်္ဂုတ္တရနိကာယ် (ဆယ့်တစ်ကျမ်း) ၃အုပ်။
၅။ ခုဒ္ဒကနိကာယ် (ဝိနည်း ငါးကျမ်း) ၅အုပ်။
၆။ ခုဒ္ဒကနိကာယ် (အဘိဓမ္မာ ခုနစ်ကျမ်း) ၁၂အုပ်။
၇။ ခုဒ္ဒကနိကာယ် (သုတ် ဆယ့်ကိုးကျမ်း) ၁၁အုပ်
————-
၄၀အုပ်။

ဒါယိကာမရဲ့ (၃.၁၂.၈၅)စာကို သည်မျှပဲ ပြန်ကြားပေးလိုက်ပါတယ်။

မေတ္တာတရားဖြင့်ဆရာတော်
ရက်စွဲ။ ၁၉၈၆ခု၊ မတ်လ (၁၂)ရက်။

 

 

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါတယ်ဘုရား။

ရာသီဥတု ဖောက်ပြန်မှုကြောင့် အိမ်သူ အိမ်သားတွေအားလုံး နေမကောင်းဖြစ်ကြပါတယ်။ တပည့်တော်မအတွက်က တရားအားဆေးရှိနေတာကြောင့် အရာရာကို လက်ခံထားပြီးဖြစ်လို့ စိတ်သက်သာရာရမိပါတယ်ဘုရား။ ခန္ဓာမှာနာသော်လည်း စိတ်မနာအောင် လေ့ကျင့်နေပါတယ်ဘုရား။

တရားအားထုတ်မှု အတွေ့အကြုံကို လျှောက်ထားပါမယ်ဘုရား။

ထိုင်နေတဲ့အခါ နှာသီးဝမှ လေတိုးနေတဲ့ သဘောကို သိနေပါတယ်။ အဲဒီသိစရာလေးနဲ့ သိတာ လေးကို နောက်ကပြန်ပြီး သိသိနေတာ တစ်ခုရှိနေတယ်ဆိုတာ သိသာလာပါတယ်။ စင်္ကြံမှာလည်း ကြမ်းပြင်နဲ့ ဖဝါး ထိနေတဲ့သဘောကို ထိတာလေးနဲ့ သိတာကို နောက်က ထပ်သိနေပါတယ်ဘုရား။

သိတာကတစ်ခု၊ သိတာကို ပြန်သိသိနေတာက တစ်ခုလို ဖြစ်နေပါတယ်။ ရုပ်ဓမ္မ၊ နာမ်ဓမ္မတွေက ဖောက်ပြန် ပြောင်းလဲ ဖြစ်ပျက်နေတယ်ဆိုတဲ့ သဘောကို အရင်ကတွေးကြည့်ဖူးတယ်၊ နားမလည်ခဲ့ပါဘူးဘုရား။ ဒါပေမယ့် ဘယ်လိုလေးလဲလို့ သိချင်လို့ မကြာမကြာတော့ တွေးတွေးကြည့်နေမိသေးတယ်။ ခုတော့ ပြောင်းလဲပြီး အသစ်အသစ်ဖြစ်နေတဲ့သဘောကိုက ဖောက်ပြန်၊ ပျက်စီး၊ ချုပ်ပျောက်နေတာပဲ ဆိုတာကို သိသာလာပါတော့တယ်ဘုရား။

ကာမဂုဏ်ငါးပါးဆိုတဲ့ မျက်စိနှင့်အဆင်း၊ နားနှင့်အသံ၊ နှာခေါင်းနှင့်အနံ့၊ လျှာနှင့်အရသာ၊ ကိုယ်နှင့် အထိအတွေ့တွေကို မက်မက်မောမော မူးမူးမေ့မေ့ ခံစားနေရတာဟာ ဘယ်တော့မှ အဆုံးမရှိ အစလည်းမရှိတာပါလားဆိုတာ သဘောပေါက် လာပါတယ်ဘုရား။

သည်ရုပ်နာမ်သင်္ခါရတွေက ဖောက်ပြန်ပြောင်းလဲတာကို အခုလိုလက်တွေ့သဘောပေါက် လာတော့မှပဲ သည်အာရုံတွေပေါ်မှာ ငြိတွယ်မှု သံယောဇဉ် တဖြည်းဖြည်း နည်းပါးလာပါတယ်။ ဒီနှစ်ခုစလုံးက သက်ဆိုင်တယ်လို့ ယူဆပါတယ် ဘုရား။

တကယ်တော့ ဘဝဟာ ဘယ်ကနေ ဘယ်လို ရလာမှန်းမသိတဲ့ ဒုက္ခတုံးကြီးထမ်းထား နေရတာနဲ့ တူတယ်လို့ တဖြည်းဖြည်း နားလည် လာပါတယ် ဘုရား။

သည်ခန္ဓာကြီးဟာ သူ့သဘောနဲ့သူ ပြောင်းလဲ နေပါတယ်ဘုရား။ ကိလေသာစိတ်တွေလည်း အာရုံနဲ့ တိုက်ဆုံပြီး ပေါ်ချင်တိုင်း ပေါ်နေပါတယ်ဘုရား။ ဒီခန္ဓာဝန်နဲ့ ကိလေသာဝန်လို့ခေါ်တဲ့ ဝန်ထုပ်ကြီးနှစ်ခုက လေးလံပင်ပန်းလှပါပြီဘုရား။

ပြုပြင်မှု၊ ကြောင့်ကြစိုက်မှု၊ ထိန်းချုပ်မှုတို့ မရှိဘဲလည်း ခန္ဓာကိုယ်အတွင်းမှာ ရံခါလှုပ်ရှားနေပါတယ်။ ရံခါ သိသာထင်ရှားပြီး ရံခါ မထင်ရှားပါဘုရား။ သူ့သဘောသူ ဆောင်နေတယ်လို့ ယူဆပါတယ်။ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့အလုံးစုံကို သတိနဲ့ စောင့်ကြည့်နေပါတယ်၊ သတိကိုပင် အဖော်အဖြစ် ထားပါတယ်ဘုရား။

တစ်စုံတစ်ခုကို သိလိုတဲ့အခါ ပြင်ပမှာ စိတ်ကထွက်ပြီး သိပါတယ်၊ သိစရာကိစ္စရပ်များ ပြီးတဲ့အခါ စိတ်ဟာ နေသားတကျ သူ့အလိုလို ရှိနေပြီး ဖြစ်ပါတယ်ဘုရား။ ကြောင့်ကြစိုက်မှု မလိုအပ်ပါဘုရား။ တွေဝေနေတာမဟုတ်ပါ၊ သတိ ရှိနေပါတယ်၊ ညီညွှတ်မျှတနေပါတယ်ဘုရား။

ရံခါလည်း စင်္ကြံလျှောက်ပါတယ်ဘုရား။ ရံခါ စင်္ကြံလမ်းမှာလည်း ငြိမ်းချမ်းတဲ့၊ နက်ရှိုင်းတဲ့ ချမ်းသာ တစ်မျိုးခံစားရတာကို သိလိုက်တယ်။ ပြီးနောက် သတိဟာ ခြေဖဝါးနဲ့ကြမ်းပြင် ထိတဲ့နေရာကို အလိုလိုရောက်ရှိနေပါတယ်ဘုရား။

တပည့်တော်မရဲ့စိတ်ဟာ ယခုအခါမှာ ဓမ္မ တရားပေါ်ကို နေ့ည အချိန်ပြည့် ခိုင်မြဲစွာတည်နေတယ်လို့ ထင်ပါတယ်၊ ရံခါ လောကရေးရာ တစ်ခြား အကြောင်းအရာပေါ် စိတ်ရောက်သွားရင်လည်း မကြာခင်ပဲ ဓမ္မတရားပေါ်ကို စိတ်ရောက်နေလေ့ ရှိတာကို အံ့သြစွာ တွေ့လာရပါတယ်ဘုရား။ စိတ်ဟာ အချိန်ပြည့်လောက်နီးပါး တရားအာရုံမှာပဲ ကိန်းနေတာက ထူးဆန်းလှပါတယ်ဘုရား။

နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ မပြီးဆုံးနိုင်တဲ့ ပြဿနာများနဲ့ အခက်ခဲများကိုလည်း တရားတော်ရဲ့အထောက်ကူနှင့် ရဲဝံ့စွာ ဖြေရှင်း လာနိုင်တဲ့အပြင်စိတ်ထဲမှာ ပူပင်သောက စိတ်ဆိုးမှု ဒေါသ ဖြစ်လာတဲ့အခါမှာလည်း ယခင်ကလို ဖြစ်ကြောမရှည်တော့တာကိုလည်း အံ့သြစွာ သတိ ထားမိနေပါတယ်ဘုရား။

နေ့စဉ်ဘဝထဲက လုပ်ငန်းများဆောင်ရွက်ရာမှာလည်း စိတ်အေးအေးထားပြီး ဆောင်ရွက်လာနိုင်တာကို သတိထားမိပါတယ်ဘုရား။

(၁၂.၃.၈၆)ရက်စွဲပါ ဆရာတော်ဘုရားစာထဲမှာ သီဟိုဠ်နိုင်ငံမှာလည်း သင်္ဂါယနာတင်ခဲ့ဖူးတဲ့ အကြောင်းကို ဖတ်ရပါတယ်ဘုရား။ ယခုသင်္ဂါယနာ (၆)ကြိမ်ရှိပြီဆိုတော့ သင်္ဂါယနာကို ဘယ်ကာလက စတင်ပြီး တင်လာခဲ့ပါသလဲဘုရား။

ယခု တပည့်တော် တရားအားထုတ်နေတဲ့ သကျမုနိမြတ်ဗုဒ္ဓ ဟောတော်မူခဲ့တဲ့ ကမ္မဋ္ဌာန်းနဲ့ ပတ်သက်တဲ့ ညွှန်ကြားမှု ၊ လမ်းညွှန်ဟောကြားမှုတွေက သင်္ဂါယနာတင်တော်မူခဲ့တဲ့ သံဃာတော်များရဲ့ကျေးဇူးကြောင့်ဆိုတာ တပည့်တော်သိတဲ့ကာလက စတင်ပြီး သံဃာတော်များကို ကြည် ညိုလွန်းလို့ လက်အုပ်မိုးကာ ရှိခိုးကန်တော့ပါတယ်၊ လေးစားတယ်၊ လေးလေး နက်နက် ကျေးဇူးလည်းတင်ပါတယ်ဘုရား။

ကြည် ညိုလေးမြတ်စွာဖြင့် ဒါယိကာမ
ရက်စွဲ။ ၁၉၈၆ခု၊ မေလ (၅)ရက်။

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးလိုက်ပါတယ်။

သိစရာနဲ့ သိတာ နှစ်ခုသာရှိတဲ့ ဒီရုပ်နာမ် ပေါ်မှာ လူသားတွေက အယူလွဲ၊ အသိလွဲ၊ အစွဲလွဲ နေကြတာပါ။ ဒီလိုလွဲတာတွေက ပါဠိတော်ထဲမှာ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသ၊ သညာဝိပလ္လာသလို့ပြပါတယ်။ လွဲချော်မှောက်မှားတာက ကြာလွန်း လှတော့ သူ့အလိုလို ရှင်းလင်းဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဒီအသိအမြင်တွေ ပြန်တည့်ဖို့ဆိုတာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာတဲ့ ဗုဒ္ဓမြတ်စွာသာသနာနှင့် ကြုံတွေ့ပြီး ကျင့်ကြံအားထုတ် မှသာ ဖြစ်ကောင်းပါတယ်။

ပြောင်းလဲဖောက်ပြန်နေတဲ့သဘော အရှိတရား ကရှိပြီးသားတရားပါ။ အဲဒါကို ဗုဒ္ဓမြတ်စွာဘုရားက ဖော်ထုတ်ပြီး လောကသားတွေ ချမ်းသာဖို့အတွက် လွတ်မြောက်ဖို့အတွက် သွန်သင်လမ်းညွှန် ပြသပေးတော်မူတာပါ။

သာသနာပမှာလည်း ဒီတရားရှိမြဲပါ။ ဒါပေမဲ့ လူသားတွေ မဖေါ်ထုတ်နိုင်ကြဘူး၊ ဒါကြောင့် သာသနာပ ကာလတွေမှာ လူပညာရှိတွေက ဒေါသ မကောင်းဘူး၊ လောဘမကောင်းဘူး၊ မနာလိုဝန်တို စိတ်တွေ မကောင်းဘူးဆိုတာ သိကြတယ်၊ ပြောကြတယ်၊ ဒါပေမဲ့ ဒါတွေကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမယ် ဘယ်လိုကျင့်ရမယ်ဆိုတာကိုတော့ မသိကြပါဘူး။

သူ့စိတ်ကူးနဲ့သူ လောဘ၊ ဒေါသ ငြိမ်းအေး အောင်ဆိုပြီး နည်းအမျိုးမျိုး ကြံကြတာတော့ ရှိပါ တယ်။ မီးလှုံတဲ့အကျင့် ၊ ရေငုပ်တဲ့အကျင့်၊ နေပူလှန်းတဲ့အကျင့် ၊ စတာတွေကျင့်ကြတာ အမှားတွေပါပဲ။

အမှတ်လွဲ၊ အမြင်လွဲ၊ အစွဲလွဲတွေကြောင့်သာ လူသားတွေဟာ တန်ဖိုးမရှိတာကို ရှိတယ်ထင်၊ ဒုက္ခကို သုခထင်၊ မတည်တံ့တာကို တည်တံ့တယ်ထင်ပြီး ငါးဖြာကာမဂုဏ်အာရုံတွေအတွက် တရှိုက်မက်မက်ကြီး ဖြစ်နေကြတာပါ။

ဒါကြောင့် ဘဝဟာ မရေရာတာတွေ၊ လောကဓံတွေ၊ ဘေးဘယာတွေ၊ သောကတွေ၊ အဆင်မပြေမှုတွေနဲ့ လက်ပန်းကျနေပါတယ်။ ဘာလေးများ ရေရာလေမလား၊ မသေချာတာတွေ ထဲက တစ်ခုခုများ သေချာလေမလား၊ ဒုက္ခတွေထဲ က ဟိုဟာလေးများ သုခဖြစ်လေမလား၊ ဒီတစ်ခါ အဆင်မပြေဘူး နောက်တစ်ခါတော့ အဆင်ပြေမှာပါ၊ ဒီနှစ်မကောင်းဘူး နောင်နှစ်တော့ ကောင်း တော့မှာပါဆိုပြီး မျှော်တွေးကာ မောနေကြပါတယ်။ အဆင်ပြေနိုးနိုး၊ ရေရာလေနိုးနိုး၊ သုခတွေ့နိုးနိုးနဲ့ အနှစ်မရှိတာထဲ အနှစ်ရှာ ဒုက္ခအိုးထဲက သုခ ရှာနေကြပါတယ်။

ဝိပဿနာရှုမှတ်တဲ့ ယောဂီဟာ အသိ အမြင် တွေရှင်းလာတာနဲ့အမျှ ခန္ဓာရဲ့အရှိအမှန်ဖြစ်တဲ့ ဆင်းရဲတယ်၊ မတင့်တယ်ဘူး၊ မတည်မြဲဘူး၊ မခိုင်ခံ့ဘူး၊ အစိုးမရဘူးဆိုတာတွေကို ဉာဏ်ထဲ ထိုးထွင်း သိလာတာဟာ အသိမှန်လာတာပါ။ ဒီလိုနဲ့ ဉာဏ်တွေ ရင့်ကျက်သည်ထက် ရင့်ကျက်လာပြီ ဆိုရင်တော့ အမြင်မှန်တွေရပြီး ချမ်းသာစစ် ချမ်းသာမှန်ကိုလည်း ရနိုင်ပါတယ်။

ဒါယိကာမ လျှောက်ထားစာပါ အကြောင်းကို ဖြေကြားလိုက်ပါတယ်။

ဝိပဿနာရှုပွားနေတဲ့ ယောဂီအနေနှင့် မှတ်သိ နေခိုက်မှာ ကုန်သွားတာ၊ ပျက်သွားတာ၊ ပျောက်သွား တာကို သိသိနေတယ် အဲဒါသိတာကို ထပ်ဆင့် သိမြင်ပြန်တယ်။

တစ်နည်းပြောရရင် အဲဒီရှုမှတ်သိနေတာကို ပြန်ပြီးရှုမှတ်နေပါတယ်။ ဒါက ဝိပဿနာကို ဝိပဿနာ ထပ်ဆင့်ရှုတာဖြစ်တဲ့အတွက် ပဋိဝိပဿနာလို့ ခေါ်ဆိုရပါတယ်၊ ပဋိဝိပဿနာဉာဏ်မည်ပါတယ်။ သိတာကို ပြန်သိနေရင် အသိမှန်နေပြီ၊ မဂ္ဂင်လမ်းတည့်နေပါတယ်၊ ကမ္မဋ္ဌာန်းကိုမချထားဘဲ ကြိုးစားဖို့ပဲလိုပါတယ်။

မေတ္တာတရားဖြင့်ဆရာတော်
ရက်စွဲ။ ၁၉၈၆ခု၊ ဇွန်လ (၉)ရက်။

 

 

ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

စင်္ကြံမှာပဲဖြစ်ဖြစ်၊ ထိုင်ရာမှာပဲဖြစ်ဖြစ် သိစရာ အာရုံတွေက သူ့အလိုလိုပဲ ထင်ရှားပြီး ထင်ရှားပြီး လာနေသလိုပါပဲဘုရား။ သိသိနေတာလည်း ကြောင့်ကြမစိုက်ရဘဲ သူ့အလိုလိုပဲ သိနေ ပါတယ်ဆိုတာကို အရင်ကထက်ပိုပြီး ရှင်းရှင်း လင်းလင်း နားလည်လာပါတယ်ဘုရား။ ဓမ္မဗျာပါရ လို့ ဆရာတော် သွန်သင်စကားအရ မကြောင့်မကြ သိနိုင်စွမ်းတာကိုလည်း အံ့သြမိပါတယ်ဘုရား။

ကိလေသာအကြမ်းအနုလည်း အာရုံနှင့် တိုက်ဆုံရင် ပေါ်ချင်ပေါ်လာတာပါပဲဘုရား၊ ဒါပေမဲ့ ပေါ်တိုင်းသိ၊ ပေါ်တိုင်းသိနေလို့ပဲ ထင်ပါတယ်။ ရံခါတော့ ပေါ်လုဆဲဆဲမှာပဲ ပေါ်တော့မယ်လို့ သိနေတာ အံ့သြစရာပါဘုရား။ ကိလေသာ အဖြစ်နည်းလာတော့ ပိုပြီးကိုယ်စိတ်ချမ်းသာလာတယ်။ ငြိမ်းချမ်းလာတယ်၊ လောဘကြောင့် မချမ်းသာတာ၊ မငြိမ်းချမ်းတာကို သိလာပါတယ် ဒေါသကြောင့် မချမ်းသာတာ၊ မငြိမ်းချမ်းတာကို သိလာပါတယ် ဘုရား။

အခု အဲဒီသံသရာကို ချဲ့ထွင်တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိကို သတိ၊ ဉာဏ်၊ ဝီရိယ၊ သဒ္ဓါ၊ သမာဓိ၊ ဗောဇ္ဈင်၊ မဂ္ဂင်တရားတွေက တစ်စတစ်စ တိုက်ခိုက် ချေမှုန်းလာနိုင်ပြီလို့ ထင်မြင်ယူဆပါတယ်ဘုရား။

အဲဒီ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ တွေက တပည့်တော်ရဲ့စိတ်အိမ်ကို ညစ်ပတ်ပေကြံ စေခဲ့တယ်ဆိုတာကိုလည်း တပည့်တော် ရိပ်မိနေပါပြီ ဘုရား။

အဲဒီ ကိလေသာတွေ ကင်းရာ၊ ဝေးရာ၊ ကုန်ရာ၊ ခန်းရာကို သွားရမယ့်လမ်းစဉ်ကိုလည်း တပည့်တော် သေသေချာချာမြင်နေပါပြီဘုရား။

အဲဒီ ကိလေသာတွေ လုံးလုံးမရှိတော့ရင် အဘယ်မျှ ငြိမ်းအေးချမ်းသာမယ်ဆိုတာလည်း တပည့်တော် ကောင်းကောင်းခန့်မှန်းလို့ ရနေပါပြီ ဘုရား။

ဒါကြောင့် ဘုရားတပည့်တော်မ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ သောက ကိလေသာမီးတွေ မရှိတဲ့ ငြိမ်းအေးချမ်းသာတဲ့ဘဝကို တည်ဆောက်နိုင်ဖို့ ရည်မှန်းချက် ပန်းတိုင်ထားပြီး ကြိုးပမ်းနေပါတယ် ဘုရား။

တပည့်တော်မရဲ့ အစာအိမ်လမ်းကြောင်းမှာ အကြိတ်တစ်ခုပေါ်နေပါတယ်ဘုရား။ အဲဒီရောဂါ ကြောင့် နေ့ည နာကျင်မှု ၊ အာဟာရစားသုံးရာမှာ မပြည့်ဝမှုကို ကြုံတွေ့နေရပါတယ်။ နာကျင်တဲ့နေရာကို ဂရုစိုက်ပြီး အကဲခတ်ပါတယ်ဘုရား။ ဘယ်နေရာ လေးကနာတာလဲ၊ ဘယ်လိုနာသလဲဆိုတာကိုပါ ဘုရား။ ဟိုလို မှတ်နေတာတော့ မဟုတ်တော့ပါဘူးဘုရား။ သူ့သဘောကို ဘေးကအကဲခတ်သလိုပါ ဘုရား။ နာကျင်တဲ့ ဒုက္ခဝေဒနာကို တပည့်တော် ဘဝမှာ လက်တွေ့ရှုပွား နေရပါပြီဘုရား။

ဒါပေမဲ့ ရံခါတော့လည်း ခွဲစိတ်ကုသမှု အဆင်မှပြေပါ့မလား စတဲ့သောကအတွေးတွေက မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတတ်တယ်။ အတွေးထဲ မျောနေရင်တော့ တပည့်တော်မ ပင်ပန်းပါပြီဘုရား။ တပည့်တော်မ နားလည်ပါပြီ၊ အဲဒီချိန်ကလေးမှာ စိတ်ရောကိုယ်ပါ နာသွားတာထင်ပါတယ်ဘုရား။

ဒါကြောင့် စိတ်ထဲကို သောကအတွေး အဝင် မခံဘဲ ခန္ဓာကိုယ်မှာ အဆင်မပြေဖြစ်နေတဲ့ နာကျင်မှု ကိုပဲ သိသိပေးနေပါတယ်။ တရားနှင့်ဘဝ၊ ဘဝနှင့် တရားဟာ အလိုအလျောက် တစ်သားတည်းဖြစ်နေပြီလို့ ထင်မိပါတယ်။

နာကျင်တယ်ဆိုတာလည်း တစ်ဆက်တည်း အတုံးအခဲနဲ့မဟုတ်ဘဲ တစ်ခု၊ တစ်ခု၊ တစ်ခု ပြောင်းလဲ နေတဲ့ဖြစ်စဉ်ကို သိလာပါတယ်။ ဝီရိယမလျော့ သတိကို မပျောက်ပျက်စေဘဲ နာတာကို သိသိ ပေးနေတဲ့ အခါမှာတော့ နာတာက တိုးလာလိုက်၊ လျော့သွား လိုက်၊တိုးလာလိုက်၊ လျော့သွားလိုက် တိုးလာလိုက်၊ လျော့သွားလိုက် ဖြစ်နေပါတယ်ဘုရား။ တစ်နည်း လျှောက်ရရင် တိုးသဘောနဲ့ လျော့သဘောမျှပဲ ရှိတာကို သိနေပါတယ်။

တစ်တိုးနဲ့ တစ်လျော့ဟာ လျင်မြန်လွန်းလှ ပါတယ်ဘုရား၊ အဲသလိုပြောင်းလဲ၊ ပြောင်းလဲနေတဲ့ Process ကိုသိနေတဲ့အခါမှာတော့ တပည့်တော်မရဲ့ ဝမ်းဗိုက် အစာအိမ်လမ်းကြောင်း၊ ကင်ဆာရောဂါ၊ ခွဲစိတ်ကုသမှု ဆိုတာလည်း မရှိတော့ပါဘုရား။ ပြောင်းလဲနေတဲ့ Process မျှပဲ အမှန်ရှိနေပါတယ် ဘုရား။

ဘယ်အချိန်ရှိပြီလဲ မသိပါဘုရား၊ ဘယ်နေရာလဲ မသိပါဘုရား၊ ယခု ဘယ်အရပ်မျက်နှာမှာ ထိုင်နေတာလဲ (သို့မဟုတ်) လဲလျောင်းနေတာလဲ တပည့်တော်မ လုံးလုံးကိုမသိပါဘုရား။ သတိမေ့နေတာ အိပ်ပျော်နေတာ မဟုတ်ပါဘူး၊ သတိအလွန် ကောင်းနေပါတယ်။ တိုးသဘော၊ လျော့သဘော၊ တိုးသဘော၊ လျော့သဘော၊ တိုးသဘော၊ လျော့ သဘောပဲရှိပါတော့တယ်၊ ကျန်တာဘာမှမရှိပါ ဘုရား။

အံ့သြစရာ အလွန်ကောင်းပါတယ်ဘုရား ဒီအချိန်မှပဲ ဆရာတော်ဘုရား ဆုံးမစကားသတိရပါတယ်၊ ပြန်လည်းဖတ်ကြည့်ပါတယ်။ ပရမတ္ထတရား ဆိုတာ ပြောပြဖို့စကားလုံး မရှိပါတကား။

သကျမုနိမြတ်ဗုဒ္ဓက နကုလပိတာကို ဟောကြား တာလို့ရေးပြီး မှတ်သားထားပါတယ်ဘုရား။

“အာတုရကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတိ” (ခန္ဓဝဂ္ဂသံယုတ္တပါဠိ၊နကုလပိတုသုတ္တ)

တပည့်တော် ကိုယ်မှာနာသော်လည်း၊ စိတ် မနာအောင် လေ့ကျင့်နေပါပြီဘုရား။

ရံခါတွေးမိပါတယ်၊ ဒီရောဂါဖြစ်တာကကို ကျေးဇူးတင်စရာပါတကား၊ ဒီရောဂါကနေ တပည့်တော်မှာ ဝိပဿနာဆိုင်ရာ ဗဟုသုတ အသိ အမြင်ရင့်ကျက်မှုတွေ တော်တော်များများ ရရှိနေ ပါတယ်ဘုရား။

တက္ကသိုလ်မှာ အတန်းတူခဲ့တဲ့ ခွဲစိတ်ဆရာဝန် ကပဲ ခွဲစိတ်ပေးပါမယ်ဘုရား။ ခွဲစရာရှိလည်း ခွဲစိတ်ကုသမှု ခံယူပါမယ်ဘုရား၊ ဒါပေမဲ့ စိတ်ထဲ ယောက်ယက်ခတ် တဲ့ သောကစိတ်နဲ့မဟုတ်တော့ဘူး။ ကြည်လင် အေးချမ်းတဲ့စိတ်နဲ့ပဲ ခွဲစိတ်ကုသမှုကို ခံယူပါမယ်ဘုရား။ အသက်ရှင်ချင်ပါသေးတယ်။ အခုအသက်ရှင်ချင်တာက အရင်နှင့်မတူပါဘူးဘုရား။ ဝိပဿနာတရား အကျင့်လမ်းရဲ့ အဆုံးပန်းတိုင်ကို သိချင်လို့ မသေချင် သေးတာပါဘုရား။

ဝိပဿနာတရားကို ကြိုးစားရှုမှတ်နေပါတယ်၊ ဆရာတော်ဘုရားဆုံးမမှုကို မြေဝယ်မကျ နာခံလျက် ရှိပါတယ်ဘုရား။ ဆရာတော်ဘုရား ကျန်းမာပါစေ ကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်ဘုရား။

ကြည် ညိုလေးမြတ်စွာဖြင့်ဒါယိကာမ
ရက်စွဲ။ ၁၉၈၆ခု၊ ဇူလိုင်လ (၁၀)ရက်။

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးအပ်ပါတယ်။

ကတမဉ္စ ဘိက္ခေ၀ အသင်္ခတံ၊ ယော ဘိက္ဓဝေ
ရာဂက္ခယော၊ ဒေါသက္ခယော၊ မောဟက္ခယော၊
ဣဒံ ဝုစ္စတိ ဘိက္ခဝေ အသင်္ခတံလို့ သဠာယတန
သံယုတ်ပါဠိတော်မှာ မြတ်ဘုရားဟောတော် မူပါတယ်။

အဓိပ္ပာယ်ကတော့ မပြုပြင်အပ်သော မြတ်သော နိဗ္ဗာန်ဟူသည် အဘယ်နည်း၊ လောဘ ကုန်ရာ သည်လည်းကောင်း၊ ဒေါသကုန်ရာသည်လည်း ကောင်း၊ မောဟကုန်ရာသည်လည်းကောင်း စင်စစ် ဧကန် ရှိသည်မှန်၏။ ဤလောဘကုန်ရာ၊ ဒေါသ ကုန်ရာ၊ မောဟကုန်ရာ တရားသဘောကို အကြောင်း တရားတို့ မပြုပြင်သဖြင့် စစ်မှန်သော မြတ်သော နိဗ္ဗာန်ဟု မုချ ဆိုအပ်ပေ၏။

အရိယာပုဂ္ဂိုလ်ဟာ သည်ရုပ်ခန္ဓာ မပျက်စီးခင် ကပင်လျှင် ကိလေသာအပူမီးတို့ ငြိမ်းအေးပြီးတဲ့ အတွက် ချမ်းသာနေပါပြီ။ ပရိနိဗ္ဗာန်ပြုတဲ့အခါမှာတော့ ကိလေသာခိုရာဖြစ်တဲ့ ခန္ဓာအိမ်ပါ ကွယ်ပျောက် ချုပ်ဆုံးသွားလို့ အလုံးစုံခပ်သိမ်း ချမ်းသာသွားပါတယ်။

ကိလေသာမရှိဘူး ခန္ဓာတော့ရှိတာက နိဗ္ဗာန် တစ်မျိုး၊ ခန္ဓာလည်းမရှိ ကိလေသာလည်းမရှိတော့တဲ့ နိဗ္ဗာန်ကတစ်မျိုးလို့ စာပေမှာ နှစ်မျိုးရှိပါတယ်။
တစ်မျိုးက သဥပါဒိသေသနိဗ္ဗာန်၊ နောက် တစ်မျိုးက အနုပါဒိသေသနိဗ္ဗာန်ပါပဲ။
(၅.၅.၈၆)ရက်စွဲနှင့် တောင်းပန်လျှောက်ထားတဲ့ အကြောင်းအရာထဲက သင်္ဂါယနာတင်ရာဌာနနှင့် ခုနှစ်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပထမသင်္ဂါယနာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီး (၃)လအကြာ
(BC-544) မှာ ရာဇဂြိုဟ်ပြည်မှာ ကျင်းပနိုင်ခဲ့ပါတယ်။
၂။ ဒုတိယသင်္ဂါယနာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နောက် နှစ် (၁၀၀)အကြာ
(BC-444) မှာ ဝေသာလီ ပြည်မှာ ကျင်းပနိုင်ခဲ့ပါတယ်။
၃။ တတိယသင်္ဂါယနာ သာသနာနှစ် (၂၃၅)၊ (BC-309)မှာ ပါဋလိပုတ်ပြည်မှာ ကျင်းပနိုင်ခဲ့ပါတယ်။
၄။ စတုတ္ထသင်္ဂါယနာကို သာသနာနှစ် (၄၅၀)၊ (BC-94)မှာ သီဟိုဠ်နိုင်ငံမှာ ကျင်းပနိုင်ခဲ့ပါတယ်။
၅။ ပဉ္စမသင်္ဂါယနာ သာသနာနှစ် (၂၄၁၅)၊(AD-1871)မှာ မြန်မာနိုင်ငံ မန္တလေးမြို့မှာ ကျင်းပနိုင်ခဲ့ပါတယ်။
၆။ ဆဋ္ဌသင်္ဂါယနာကို သာသနာနှစ် (၂၅၀၀)၊(AD-1956)မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ကျင်းပနိုင်ခဲ့ပါတယ်။

မေတ္တာတရားဖြင့်ဆရာတော်
၁၉၈၆ခု၊ အောက်တိုဘာလ (၂၈)ရက်။

 

 

ရိုသေစွာ စာရေးလျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

လိုချင်တဲ့လောဘစိတ်ဆန္ဒတွေ၊ အလို မကျတဲ့ ဒေါသ စိတ်သဘောတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်က မလွတ်လပ်ပါဘူးဘုရား။

လိုချင်မှုနှင့် မလိုချင်မှုဆိုတဲ့ စိတ်ဆန္ဒတွေ ကင်းတဲ့အချိန်မှာတော့ စိတ်က တစ်စက္ကန့်ချင်းစီမှာ အသစ်အသစ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲနေတာကို သိရပါတယ်ဘုရား။

လောကဓံဆိုးတွေကြောင့် ကြိုးစားပြီး moment to moment မှာ အသိတွေဆက်ပြီး နေနိုင်အောင် ကြိုးစားနေပါတယ်ဘုရား။ အသိသတိတွေ လွတ်ရင် ကိလေသာရဲ့ ကျော့ကွင်းထဲ မိသွားပါပြီ၊ ကိလေသာက အချိန်ပြည့်ပဲ နှိပ်စက်နေပါတယ်။

မကောင်းမှုမှာ ဆိတ်ကွယ်ရာမရှိပါဘူးဆိုတာ ဒါမျိုးများဖြစ်နေမလား မသိပါဘူးဘုရား။ ကိလေသာ ဟာ အတော်သိမ်မွေ့တာပဲဆိုတာ တဖြည်းဖြည်း နားလည်စပြုလာပါပြီဘုရား။

အံ့သြစရာကောင်းတယ် ဆိုရမှာထက် ကြောက်စရာကောင်းတယ်လို့ လျှောက်ထားရရင် ပိုပြီး မှန်မယ်ထင်ပါတယ်။ ဆရာတော်ဘုရားကျောင်းကို ရောက်တဲ့အခါမှာ ဗောဓိပင်ရင်း မြန်မာပြည်က ပင့်လာတဲ့ ကျောက်ဖြူဆင်းတုတော်ရှေ့မှာ တပည့်တော်တို့ ယောဂီသုံးယောက် တရားထိုင်ဖြစ်ခဲ့ကြပါတယ်ဘုရား။ နာရီဝက်ကျော်တော့ ညာဘက်ကယောဂီက ထသွား ပါတယ်။ တပည့်တော်မစိတ်ထဲမှာ “ငါ သူတို့ထက် တရားထိုင်နိုင်တယ်”လို့ စိတ်ဖြစ်လိုက်ပြန်တယ်။

အတန်ကြာတော့ ဘယ်ဘက်ကယောဂီလည်း ထသွားတာကို ကြားရတယ်၊ ဒီတစ်ခါလည်း “ငါ သူတို့ ထက် အချိန်ကြာကြာထိုင်နိုင်တယ် ငါ့လို ထိုင်နိုင် လို့လား” အဲသလို မကောင်းတဲ့မာနစိတ်တွေ ဖြစ်သွား ပြန်တာကို ဘေးကကြည့်နေရသလိုပါပဲဘုရား။

တပည့်တော်တို့ ဓမ္မမိတ်ဆွေတွေဟာ တစ်ဦး ပေါ်တစ်ဦး ကျေးဇူးတရားတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ ကိလေသာက ဒါတွေမသိပါကလား ပြိုင်ဖို့၊ ဆိုင်ဖို့၊ နိုင်ဖို့ပဲ သိပါလားလို့ တွေးမိပါတယ်ဘုရား။

အမြဲ မိမိကပဲ အနိုင်ရချင်နေတယ်။ အများ အဆင်ပြေတာ၊ အောင်မြင်တာ၊ ချမ်းသာတာ၊ ကြီးပွား တာကိုလည်း မကြည့်ချင်၊ မကြားချင်တဲ့စိတ်ကို သိလာ ရတော့ ကိလေသာကို အံ့သြစရာထက် ကြောက်စရာ လို့ လျှောက်ထားခြင်းဖြစ်ပါတယ်။ အရင်က ခုလို စိတ်မျိုး တပည့်တော်မှာ ရှိတယ်လို့ လုံးလုံးမထင်ခဲ့ ပါဘူးဘုရား။

အခုမှ ကိလေသာရဲ့ လွှမ်းမိုးခံထားရတဲ့စိတ်ကို သတိမြဲနေလို့သာ သိလာရတာ ထင်ပါတယ်ဘုရား။ အရင်ကလည်း ဖြစ်မှာပါပဲ။ ဒါပေမဲ့ တပည့်တော်မ သတိမရှိလို့ဘဲ မသိတာဖြစ်မှာပါလို့ တွေးထင်မိပါ တယ်။

အချိန်တိုင်း ကိလေသာစိတ်တွေဖြစ်တာ သိရ လို့ကိလေသာကြောင့် အပါယ်ကျတယ်ဆိုတာကိုလည်း အခုတော့ နားလည်သဘောပေါက်လာပါပြီဘုရား။

ကြိုက်နှစ်သက်စရာ မြင်စရာအဆင်းတွေ၊ ကြားစရာအသံတွေ၊ နံစရာအနံ့တွေနဲ့ဆုံရင် ကြိုက်တဲ့ လောဘစိတ်က သူ့အလိုလိုပဲ ပေါ်လာပါတော့တယ်။

မကြိုက်နှစ်သက်စရာ မြင်စရာအဆင်းတွေ၊ ကြားစရာအသံတွေ၊ နံစရာအနံ့တွေနဲ့ ဆုံပြန်ရင်လည်း မကြိုက်တဲ့ဒေါသစိတ်က သူ့အလိုလိုပဲ ပေါ်လာ ပါတော့တယ်။

ဒီဖြစ်စဉ်ဟာ ဘုရားတပည့်တော် ဘာမှမလုပ်ရဘဲ ပုံမှန်ဖြစ်နေတဲ့ ဓမ္မသဘာဝပါကလားလို့ သိလာ ပါတယ်ဘုရား။

ကြီးကျယ်တဲ့လောဘ၊ ပေါက်ကွဲစေနိုင်တဲ့ ဒေါသတော့ တစ်နေ့တာဘဝမှာ ကြုံခဲပါတယ်။ ရံခါသာ ကြုံခွင့်ရှိပါတယ်ဘုရား။

ဒါပေမဲ့ အမှတ်မထင် မသိမသာ၊ မထင်ရှားတဲ့ မကြိုက်တဲ့စိတ်၊ မနာလိုတဲ့စိတ်၊ ဝန်တိုတဲ့စိတ်၊ ဝါကြွားပလွှားတဲ့စိတ်ကတော့ ဖြစ်နေတာပါပဲဘုရား။

ဘာစိတ်မှ မဖြစ်ပါလားလို့ ထင်တာနှင့် ဝီရိယ ကိုတင်ပြီး သတိထားတော့ အဲသည်တဒင်္ဂတွေမှာ ဘာမှကိုမသိဘဲ ဖြစ်နေပါတယ်ဘုရား။ ဒါက ပမာဒ တရား မောဟတရားလို့ ဆရာတော်မိန့်မှာချက်ကို သတိရ ပါတယ်။

ဒါကြောင့် မကြိုက်ဒေါသ၊ ကြိုက်လောဘ၊ ဘာမှန်းညာမှန်းမသိ မောဟဆိုတာ အခုသိသာလာ ပါတယ်။ အရင်က မောဟကို တပည့်တော် ရှုကွက်ထဲ မသိခဲ့ပါဘူး။ အခုတော့ မောဟဟာလည်း တပည့် တော်မ ရဲ့ ဝိပဿနာရှုကွက်ထဲ ဝင်လာပါပြီဘုရား။ မောဟကို တပည့်တော်သိပါပြီ။ မောဟက အပ္ပမာဒ သတိမရှိရင် စိတ်အိမ်ကို ခြယ်လှယ်မင်းမူ ပြီးပါပြီ ဘုရား။

အသိသတိ ဆက်ဆက်ပြီးနေရင်တော့ ပေါ်တာ သိ၊ ပေါ်တာသိ၊ ပေါ်တာသိနေပါတယ်ဘုရား။ တဒင်္ဂတိုင်း၊ တဒင်္ဂတိုင်း သတိရှိနေတော့ စိတ်လည်း ငြိမ်းချမ်းတယ်၊ ကိုယ်လည်းငြိမ်းချမ်းပါတယ်ဘုရား။

ကိလေသာရဲ့ ခြယ်လှယ်နှိပ်စက်မှုဒဏ်ကနေ လွတ်နေတဲ့အခိုက် ချမ်းသာတာပါလားလို့ သဘော ပေါက်လာသလို ကိလေသာရဲ့ ခြယ်လှယ်နှိပ်စက်မှု ဒဏ်ကြောင့် ကိုယ်ရောစိတ်ပါ ပင်ပန်းညစ်နွမ်းတာ ပါလားဆိုတာလည်း ဉာဏ်ထဲနှိုင်းယှဉ်ပြီး သိသာလာ ပါပြီဘုရား။

တစ်နည်း လျှောက်ထားပါရစေဘုရား၊ကိလေသာရဲ့ တဒင်္ဂချင်း နှိပ်စက်မှုက ကင်းလွတ် နေတဲ့အခိုက်မှသာ ချမ်းသာမှုအစစ်ကို သိသာလာ ပါတယ်။

ဒါကို Reference ထားပြီးတော့ ကြည့်မှပဲ အရင်က ပူလောင်တာ၊ ပင်ပန်းတာ၊ စိတ်ညစ်ညူး ခဲ့တာတွေကို ရှင်းရှင်းလင်းလင်း သိသာပါတယ်။ အရင်က မသိခဲ့တာကိုလည်း သိလာပါပြီဘုရား။ အခု သိတာကိုလည်း သိနေပါပြီဘုရား။

အခုမှပဲ တရားအားထုတ်တဲ့ သဘာဝဟာ အလွန်ရိုးရှင်းပြီး လွယ်ကူတာကို နားလည်လာပါ တယ်ဘုရား။

အခုမှပဲ နေရာတိုင်း၊ အချိန်တိုင်းမှာ တရားနှင့် နေလို့ရတာကို နားလည်လာပါပြီဘုရား။

တရားအားထုတ်နည်းမကျလို့သာ အရင်က ခက်ခက်ခဲခဲ ဖြစ်ခဲ့တာကိုလည်း နားလည်သဘော ပေါက်လာပါတယ်ဘုရား။

မှန်ကန်တဲ့ Reference ကို Refer လုပ်နိုင်မှပဲ လောကအတွေးအခေါ်တွေ၊ လုပ်ငန်းတွေ အောင်မြင်မှု ရနိုင်သလို အခု ဝိပဿနာ ရှုမှတ်မှုဖြစ်စဉ်မှာလည်း မှန်ကန်တဲ့ ပြည့်စုံတဲ့ Reference လိုအပ်တယ် ဆိုတာကို ဘုရားတပည့်တော် နားလည်သဘော ပေါက်ပါပြီဘုရား။

ကြည် ညို လေးမြတ်စွာ ဦးခိုက်လျက်ဒါယိကာမ
ရက်စွဲ။ ၁၉၈၆ခု၊ နိုဝင်ဘာလ (၁၁)ရက်။

 

 

ဒါယိကာမထံသို့ ပြန်ကြားအသိပေးအပ်ပါတယ်။

ဒါယိကာမထံမှ (၁၁.၁၁.၈၆) ရက်စွဲပါ လျှောက်ထားစာကို ဖတ်ရှုပြီးဖြစ်ပါတယ်။ ကိလေသာ သဘောက သိမ်မွေ့လွန်းပါတယ်၊ မြင်နိုင်ခဲပါတယ်။ တစ်ပါးသူပြောပြရုံနဲ့လည်း နားလည်ဖို့၊ သဘောကျဖို့၊ လက်ခံဖို့ မလွယ်ပါဘူး၊ ကိုယ်တိုင်အားထုတ်လို့ နားလည်လာမှပဲ လက်ခံလာနိုင်မှာပါ။ ဒါကြောင့် မြတ်စွာဘုရားရှင်က

သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။
စိတ္တ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။
(ဓမ္မပဒ၊ စိတ္တဝဂ်၊ ၃၊၃)

အလွန့်အလွန် မြင်နိုင်ခဲသော၊ အလွန့်အလွန် သိမ်မွေ့သော အလိုရှိရာအာရုံ၌ ကျလေ့ရှိသောစိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက် ထားအပ်သောစိတ်သည် ချမ်းသာကို ရွက်ဆောင် တတ်၏လို့ ဆုံးမတော်မူပါတယ်။

တောထဲမှာ ခြိုးခြိုးခြံခြံ သီတင်းသုံးနေထိုင်တဲ့ ရဟန်းမှာလည်း အနုသယသတ္တိရှိသေးရင်တော့ သိမ်မွေ့တဲ့ကိလေသာတွေ ဖြစ်တတ်တာပါပဲ။

‘သူတို့ ငါလို တောတောင်ထဲမှာ ခေါင်းခေါင်း ပါးပါးနဲ့ ခြိုးခြိုးခြံခြံနေနိုင်လို့လား’ ဆိုပြီး ဖြစ်နိုင်ပါတယ်။ သင်္ကန်းကို ခြိုးခြံပြီးနေသူမှာလည်း
‘သူတို့ ငါလို သင်္ကန်းကို သစ်ခေါက်ဆိုးပြီး ခေါင်းခေါင်းပါးပါး သုံးစွဲနိုင်လို့လား’ဆိုပြီး ဖြစ်တတ်ပါတယ်။ သိုသိုသိပ်သိပ် အပိစ္ဆဂုဏ်နဲ့ နေလာနိုင်ပြန် တော့လည်း ‘သူတို့ ငါ့လို အပိစ္ဆဂုဏ်နှင့်နေတာမတွေ့ဘူး၊ မဟိစ္ဆနဲ့ပဲ နေတာကို မြင်နေကြားနေရတယ်’

ဒါက စိတ်ကိုမှ မစောင့်ရှောက်နိုင်ရင်တော့ ရဟန်းမှာလည်း ဖြစ်တတ်တာပါပဲ၊ လူယောကျ်ား မှာလည်း ဖြစ်တတ်တယ်၊ လူမိန်းမမှာလည်း ဖြစ်တတ် တယ်၊ ယောဂီမှာလည်း ဖြစ်တတ်တာပါပဲ ကိလေသာ ကတော့ ရဟန်းပဲ၊ ယောဂီပဲဆိုပြီး ချမ်းသာမပေးပါဘူး။

လောဘစိတ်ဖြစ်တာကို ဖြစ်မှန်းသိဖို့၊ ဒေါသ စိတ်ဖြစ်တာကို ဖြစ်မှန်းသိဖို့၊ ဉာဏ်ကို ဉာဏ်မှန်းသိဖို့ လိုပါတယ်။

မကောင်းမှုလုပ်တာကို နောက်က သတိပေး နေသလို ‘မင်းဘာလုပ်နေသလဲ’ ဆိုပြီး မေးနေသလို ပဲလို့ လျှောက်ထားခဲ့ဖူးပါတယ်။ သတိ၊ ဝီရိယ၊ ဉာဏ်ပညာထက်မြက်လာလို့ ခုလိုသိရတာပါ။

ကိလေသာသူခိုးကို အိမ်ရှင်သတိဉာဏ်က ဖော်ထုတ်ပေးနေတာပါ။ ပြင်ပက ဘယ်နတ်၊ ဘယ် ပုဂ္ဂိုလ်သတ္တဝါကမှ စောင့်ကြည့်နေတာမဟုတ်ပါဘူး။

အရင်ကိလေသာက နေရာယူထားတဲ့ စိတ် အိမ်ကို အခု သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ၊ ဗောဇ္ဈင်၊ မဂ္ဂင်၊ သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်စတဲ့ ကုသလ ဓမ္မတွေ စိတ်မှာ နေရာယူလာတာပါ။

ဒီနေရာမှာဉာဏ်ဆိုတာက ဗောဇ္ဈင်တရားအရ ဓမ္မဝိစယသမ္ဗောဇ္ဈင်ပါပဲ၊ ဣန္ဒြေဗိုလ်တရားအရဆိုရင် ပညာပါပဲ။

ပုထုဇဉ်စိတ်သဘာဝဟာ အကုသိုလ်မှာသာ ပျော်မွေ့လေ့ရှိပါတယ်။ အကုသိုလ်မှ ကင်းဝေးနိုင်ဖို့ သမထ၊ ဝိပဿနာကမ္မဋ္ဌာန်းတွေကို ရှုပွားနေခြင်း ဖြစ်ပါတယ်။

တရားရှုမှတ်အား တိုးတက်ကောင်းမွန် လာတာနှင့်အမျှ စိတ်ကို ညှင်းပန်း နှိပ်စက်တတ်တဲ့ ကိလေသာ အညစ်အကြေးတွေလည်း တဖြည်းဖြည်းပါးသွားမှာဖြစ်ပါတယ်။

ပြင်ပ ဗဟိဒ္ဓမှာ မြင်စရာအာရုံ၊ ကြားစရာ အာရုံ၊ နံစရာအာရုံ၊ ထိတွေ့စရာအာရုံ အများကြီး ရှိနေပါတယ်။ အဇ္ဈတ္တမှာကျတော့ အဲဒီအာရုံကို သိတတ်တဲ့ သဘောရှိနေပါတယ်။ စိတ်က အာရုံကို မယူဘဲ မရပ်တည်နိုင်ပါဘူး၊ အာရုံတစ်ခု မဟုတ် တစ်ခုကို ယူနေတာပါ။

ပရမတ်အာရုံဖြစ်သော်လည်း အာရုံကို သိတဲ့အခါ ပညတ်သဘောနဲ့ပဲ သိနိုင်တယ်။ ဥပမာ အိမ်၊ ခွေး၊ ကား၊ မိန်းမ၊ ယောကျ်ား၊ မိန်းမကြီး၊ ယောကျ်ား ကလေး၊ ဖြူတယ်၊ မည်းတယ်၊ ဝတယ်၊ ပိန်တယ်၊ ရှည် တယ်၊ ပုတယ်စတဲ့ ပညတ်သဘောတွေကို သိတာပါ။

ပညတ်သဘောကို သိလို့သာ စိတ်မှာ ကိလေသာဖြစ်တာပါ။ ဖြစ်ခွင့်ကလည်းရနေတယ်၊ အဲဒီတော့ လောဘ၊ ဒေါသ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ ကိလေသာတွေကြောင့် စိတ်က ပူလောင်ရှုပ်ထွေး တင်းမာခက်ထန်ပျံ့လွင့်နေတာပါ။

အာရုံရဲ့ ပညတ်သဘောကို သိနေသမျှ တော့ စိတ်ထဲ ငြိမ်းချမ်းမှု ကြည်လင်မှု၊ အေးမြ ရွှင်လန်းမှု နှင့် နှစ်သိမ့်ကျေနပ်မှုကို မရနိုင်ပါဘူး။

မဟာသတိပဋ္ဌာန သုတ္တန်တရားတော်မှာ အာတာပီ၊ ကိလေသာစိတ်အညစ်အကြေးကို ပူနွေး ခြောက်သွေ့ ကင်းပျောက်စေနိုင်တဲ့ သမ္မပ္ပဓာန်လုံ့လ ဝီရိယရှိပြီး၊ သတိမာ၊ သတိရှိပြီးတော့၊ သမ္ပဇာနော ၊ မှန်မှန်ကန်ကန် အများအားဖြင့် သိဖို့ပါပဲလို့ ဟောတော် မူပါတယ်။

သတိ၊ ဝီရိယ၊ ဉာဏ်ယှဉ်တဲ့စိတ်နှင့် အဘိဇ္ဈာ လောဘ၊ ဒေါမနဿ ဒေါသကိုဖြစ်ခွင့်မရလေအောင် တဒင်္ဂပဟာန်နဲ့ ပယ်ရှားရပါမယ်။

စိတ်က အာရုံကိုသာသိပေမယ့်၊ ဉာဏ် ကတော့ အာရုံရဲ့သဘောကို သိပါတယ်။ စိတ်က အာရုံကို ပညတ်အဖြစ်သာ ယူနိုင်ပေမဲ့၊ ဉာဏ်ကတော့ အာရုံရဲ့ပရမတ်သဘောကို သိနိုင်ပါတယ်။

ပရမတ္ထဖြစ်တဲ့ ရုပ်နာမ်တွေမှာ သီးခြား ကိုယ်ပိုင် သဘာဝလက္ခဏာတွေရှိကြတယ်။ ရုပ်က ဖောက်ပြန်တဲ့သဘော၊ နာမ်က သိတဲ့သဘော၊ ဒါတွေကို အလေ့အကျင့်များပြီး ဉာဏ်ရင့်လာတာ နှင့်အမျှ ရုပ်နာမ်တွေဟာ ပစ္စုပ္ပန်တစ်ခဏတိုင်း၊ တစ်ခဏတိုင်း ဖြစ်ပြီးပျက်၊ ပေါ်ပြီးပျောက်၊ တစ်မုဟုတ်ခြင်း ပြောင်းလဲနေတာပါလားဆိုတာကို သိနိုင်ပါတယ်။ ပြောင်းလဲဖောက်ပြန်နေတဲ့သဘောက ဆင်းရဲတယ်၊ မခိုင်မာဘူး၊ အစိုးမရဘူး၊ ဒါကကို ဆင်းရဲတဲ့ဒုက္ခ သဘော၊ မခိုင်မြဲတဲ့ အနိစ္စ သဘော၊ အစိုးမရတဲ့ အနတ္တသဘောတွေပါ။ ဒါကို ရှင်းရှင်း လင်းလင်း သိနေတာပါ၊ တွေးနေတာ မဟုတ်ပါဘူး၊ ရွတ်နေတာ မဟုတ်ပါဘူး။

ဒီလိုပရမတ္ထ ဓမ္မသဘာဝကို လေ့ကျင့်အား ကောင်းပြီး သိလာတဲ့ယောဂီမှာတော့ အာရုံကို စိတ်က သိတဲ့အခါမှာ ဉာဏ်က အာရုံရဲ့ပရမတ်သဘောကို သိနေပါတယ်။ ဉာဏ်က ခန္ဓာငါးပါးတို့ရဲ့ ပရမတ္ထ သဘာဝဖြစ်ပြီး ပျက်နေတဲ့သဘောကို သိသိနေမှတော့ ကိလေသာ ကြားမဝင်နိုင်တော့ပါဘူး။

ဒါကြောင့် ကောင်းကောင်းဆိုးဆိုး အာရုံ တွေ အမျိုးမျိုးကို ဝိပဿနာအရှုခံတရား အဖြစ် ယောဂီ သဘောပေါက်ဖို့ပါပဲ။ ဒါကြောင့် အာရုံကို ရှောင်ဖို့ လည်း မဟုတ်ဘူး။ အာရုံတစ်ခုထဲမှာ စိတ်ကို နှစ်ထားဖို့လည်း မဟုတ်ပါဘူး။

ခုလိုနားလည်လာတဲ့ ယောဂီအဖို့ အာရုံကို ရှောင်ပြီးနေဖို့ရာ မလိုတော့သလို အာရုံတစ်ခုတည်းမှာ စိတ်ကို နှစ်ထားစရာလည်း မလိုတော့တဲ့အတွက် နေရာတိုင်း၊ အချိန်တိုင်း၊ ဣရိယာပုထ်တိုင်းမှာ ဝိပဿနာဖြစ်နေနိုင်ပါပြီ။

စက္ကန့်တိုင်း မိနစ်တိုင်း၊ နာရီတိုင်းမှာ ဝိပဿနာဖြစ်နိုင်ပြီဆိုရင်တော့ စိတ်ကလည်း ကိလေသာရန်သူလက်က စက္ကန့်တိုင်း မိနစ်တိုင်းမှာ လွတ်နေပြီလေ၊ ရန်သူဖြစ်တဲ့ လိုချင်မှု မလိုချင်မှု တွေကင်းရင် ကင်းသလောက် စိတ်ကငြိမ်းချမ်း လာတယ်၊ ကြည်လင်လာတယ်၊ တည်ငြိမ်လာ တယ်၊ အေးမြလာတယ်။

ဒါပေမဲ့ များပြားတဲ့ ကာမဂုဏ်အာရုံတွေနှင့် ဆုံတွေ့နေပြန်ရင် ပူလောင်ပင်ပန်းတတ်ပါတယ်။ ဒါကြောင့် အပြစ်ကင်းတဲ့ အာရုံတစ်ခုခု၊ ဥပမာအားဖြင့် ဗုဒ္ဓါနုဿတိ၊ မေတ္တာကမ္မဋ္ဌာန်းတွေမှာ ကမ္မဋ္ဌာန်းအာရုံ ယူပြီး စိတ်ကို ချည်တိုင်မှာထားရင်လည်း သမာဓိ ကောင်းရင် ကောင်းသလောက် နီဝရဏဆိုတဲ့ စိတ် အညစ်အကြေးတွေ ကင်းပြီး၊ ပီတိသုခနဲ့ယှဉ်တဲ့ တဒင်္ဂတိုင်း၊ စိတ်ချမ်းသာမှုကိုတော့ ရရှိနိုင်ပါတယ်။

ဒါပေမဲ့ ကြမ်းတမ်းတဲ့ အာရုံတောကြီးထဲကို ဝင်ရင်တော့ အားမရှိရင် မရှိသလို ပူလောင်နိုင်ပါတယ်။

ဒါကြောင့် ကမ္မဋ္ဌာန်းအသိသတိကို နေရာ တိုင်း၊ အချိန်တိုင်း၊ ဣရိယာပုထ်တိုင်းမှာ ရှိလာ နိုင်အောင် ကြိုးစားရမှာပါ။

သွားတာ၊ လာတာ၊ စကားပြောတာ၊ ဆိတ်ဆိတ်နေတာ၊ စားတာ၊ ဝတ်တာ၊ အင်္ကျီအဝတ် အစားပြင်တာ၊ Toliet ထဲနေတာ၊ လမ်းလျှောက်တာ၊ ထိုင်တာ စတာတွေမှာ ရုပ်နာမ်ခန္ဓာမှာ ပြောင်းလဲ နေတာကို သိသိနေဖို့ပဲ၊ အလေ့အကျင့်ကောင်းရင် သိပ်ကိုလွယ်တယ်၊ မရှိတာကို ဖော်ပြီးရှုနေရတာမှ မဟုတ်တာ၊ ပရမတ်အာရုံကရှိပြီးသားပါ။ အလေ့ အကျင့်မရှိလို့သာ မသိတာပါ။ လေ့ကျင့်ပြီး နားလည် သွားတဲ့ ယောဂီတိုင်း ပေါ့ပေါ့ပါးပါး၊ လွတ်လွတ် လပ်လပ် နေရာမရွေး၊ အချိန်မရွေး။ ဣရိယာပုထ်မရွေး မရွေးသုံးပါးမှာ ဝိပဿနာအသိသတိနှင့် နေလာ နိုင်တော့တာပါပဲ။

ဒါကြောင့် တရားသိလာတဲ့ ယောဂီဟာ ကိလေသာပါးလာတာနဲ့အမျှ သီလကို ချစ်မြတ်နိုး တတ်လာမယ်။ စိတ်ထားတွေ နူးညံ့သိမ်မွေ့ပြီး ရင့်ကျက်လာမယ်၊ သောကတွေနည်းပါးလာမယ်။

တရားကို ပိုသိလာတဲ့ယောဂီဟာ ကိလေသာ ပိုလို့ ပါးလာတာနှင့်အမျှ သီလကို ပိုလို့ မြတ်နိုးလာပါပြီ၊ စိတ်ထားတွေပိုလို့ နူးညံ့သိမ်မွေ့ ပြီး ရင့်ကျက်လာပါပြီ၊ သောကတွေပိုလို့ နည်းပါး လာပါပြီ၊ ဒါကြောင့် စိတ်ချမ်းသာအောင်လည်း သူ ပိုလို့နေတတ်လာပါမယ်။

တရားကို အများကြီးသိလာတဲ့ ယောဂီ ကတော့ ကိလေသာအများကြီး ပါးလာတာနဲ့အမျှ သီလကို အများကြီးမြတ်နိုးလာပါပြီ၊ စိတ်ထား တွေလဲ အများကြီးကို နူးညံ့သိမ်မွေ့ပြီး ရင့်ကျက် လာပါပြီ၊ သောကတွေလည်း အများကြီးကို နည်း ပါးလာပါပြီ၊ ဒါကြောင့် အများကြီးစိတ်ချမ်းသာ အောင် သူနေတတ်နေပါပြီ။

မေတ္တာတရားဖြင့်ဆရာတော်
ရက်စွဲ။ ၁၉၈၆ခု၊ ဒီဇင်ဘာလ (၂၂)ရက်။

 

 

ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဆရာတော်ဘုရား။

ဝိပဿနာရှုပွားတယ်ဆိုတာလည်း ပညာရပ် တစ်ခု၊ ဘာသာရပ်တစ်ခုကို လေ့လာဆည်းပူးနေရ သလိုပဲ ထင်မိပါတယ်ဘုရား။

အရှင်မြတ်ဘုရားက တပည့်တော်ရဲ့ Teacher တပည့်တော်က Pupil နေ့စဉ် နေ့စဉ် တစ်နေ့တာ ဘဝအတွေ့အကြုံတွေဟာ Lessons ၊ လောကဓံဆိုး နှင့် လောကဓံကောင်း၊ လောကဓံကြီးကြီးသေးသေး အားလုံးတွေက Examinations ဆိုတာ သဘော ပေါက်လာပါတယ်ဘုရား။

တပည့်တော်မရဲ့ဘဝမှာ အမှားတွေက များလွန်းလှပါတယ်ဘုရား။ ခုတရားလမ်းကြောင်းမှာလည်း အရှင်ဘုရားတည်းဟူသော သူတော်ကောင်း ပုဂ္ဂိုလ်နှင့်တွေ့ရလို့သာ ဘုရားတပည့်တော် အမှား တွေကို သိလာပါတယ်။

အဇ္ဈတ္တိက ၁။ (စက္ခု) မျက်စိ
၂။ (သောတ) နား
၃။ (ဃာန) နှာခေါင်း
၄။ (ဇိဝှာ) လျှာ
၅။ (ကာယ) ကိုယ်
၆။ (မန) စိတ်

ဗဟိဒ္ဓ ၁။ (ရူပါရုံ) အဆင်း
၂။ (သဒ္ဒါရုံ) အသံ
၃။ (ဂန္ဓာရုံ) အနံ့
၄။ (ရသာရုံ) အရသာ
၅။ (ဖောဋ္ဌဗ္ဗာရုံ) ကိုယ်နှင့် အထိအတွေ့
၆။ (ဓမ္မာရုံ) အတွေးအကြံကို

(က) ကာယာနုပဿနာသတိပဋ္ဌာန်၊
(ခ) ဝေဒနာနုပဿနာသတိပဋ္ဌာန်၊
(ဂ) စိတ္တာနုပဿနာသတိပဋ္ဌာန်၊
(ဃ) ဓမ္မာနုပဿနာသတိပဋ္ဌာန်နဲ့ ရှုပွား ရမယ်ဆိုတာကို “ငါသိပါတယ်”၊ “သိပြီးသားပါ”၊ “ငါဒါပဲရှုနေတယ်” လို့ မာနကြီးခဲ့မိတာကို အခုမှားမှန်း သိလာပါပြီဘုရား။

တကယ်တန်း တပည့်တော်က ဝင်လေ ထွက်လေရယ်၊ အသံရယ်၊ ထိုင်တာ၊ နာတာကို ဘောင်သတ်ပြီး ဒါက ပြည့်စုံတဲ့ဝိပဿနာဆိုပြီး ယူဆမိခဲ့ပါတယ်ဘုရား။ မှားခဲ့ပါတယ်ဘုရား။

ဆရာတော်ဘုရားထံပါး ဖူးမြင်ဖို့လာခဲ့တဲ့ မနက်က သြဝါဒစကား သွန်သင်ပြသမှုတွေဟာ တပည့်တော်မရဲ့ ဉာဏ်မျက်စိဖွင့်ပေးပြီး အလင်းဓာတ် ရသလို ကျေးဇူးကြီးလှပါတယ်ဘုရား။

စိတ်ကသာ အချုပ်အခြာ၊ စိတ်သာလျှင် ပဓာန ပါလားလို့ ရိပ်မိလာပါတယ်ဘုရား။ ရှုမှတ်မှု ပစ္စုပ္ပန် တည့်လာတာနဲ့ ကိလေသာတွေ ဝေးကုန်ပြီဘုရား။ ပရမတ်ဆိုက်ပြီ။ မဇ္ဈိမပဋိပဒါ ဖြစ်ပြီဆိုတာ နားလည် လာတော့မှပဲ တစ်ခုလုပ်တာနဲ့ အားလုံး ပါပြီးသားပါ လားလို့ သဘောပေါက်လာပါတယ်။ ကိလေသာ ကင်းဆိတ်တာက စိတ်မှာပါဘုရား။

ရှုကွက်ကို မျက်စိအဆင်း (ရူပါရုံ) နား-အသံ (သဒ္ဒါရုံ)၊ နှာခေါင်း-အနံ့ (ဂန္ဓာရုံ) တွေမှာ မတင်တော့ပဲ ဓမ္မာရုံကို ဂရုပြုလာပါတယ်။

ပစ္စုပ္ပန်တည့်ပြီး စိတ်က ကိလေသာကင်းနေတော့ ကြည်လင်နေပါတယ်၊ ငြိမ်သက်နေပါတယ်၊ ငြိမ်းချမ်းနေပါတယ်။

ဆရာတော်ထံ တရားလျှောက်ထားစဉ် “ဓမ္မာရုံလည်းပဲ အာရုံပဲလေ” လို့ သတိပေး သြဝါဒ စကား မိန့်မှာတာက တန်ဖိုးမဖြတ်နိုင်ပါဘုရား။

ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။
(သုတ်မဟာဝါဟဠိ-၂၃၃)

အရင်က သဒ္ဒါရုံ (အသံ) ဝင်ထွက်လေ (ကာယဖောဋ္ဌဗ္ဗ) ရံခါ ဖေါင်းတာ ပိန်တာ (ကာယ ဖောဋ္ဌဗ္ဗ) ကိုသာ ဝိပဿနာ ရှုစရာအာရုံလို့ ထင်မိခဲ့ တာပါ။ ဒါတွေမှမလုပ်ရရင် ဝိပဿနာတရား မလုပ်တတ်ခဲ့ပါဘူးဘုရား။

ယခုဓမ္မာရုံပရမတ်ကို ရှုမှတ်တတ်လာတော့ သူ့ရဲ့ ပေါ်ပြီးပျောက်၊ ဖြစ်ပြီးချုပ်၊ ပြောင်းလဲနေတဲ့ ရုပ်နာမ် ပရမတ်သဘောကို နားလည်လာမှပဲ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ကမ္မဋ္ဌာန်းကိုလည်း ရှုပွားပြီးဖြစ်တယ်ဆိုတာ သိရလို့ အံ့သြမိပါတယ် ဘုရား။

တပည့်တော် ဆရာတော်ထံပါး ဖူးမြင်ရန် ရောက်လာတဲ့နေ့မှာ (ဓမ္မမိတ်ဆွေကြီး) ဥရောပယောဂီ ဒါယိကာမကြီး အသက် (၈၀)ပြည့်တဲ့နေ့ပါဘုရား၊ ခရီးဝေးသွားရလို့ နေမကောင်းတာနဲ့ ကြောင့်ကြ များခဲ့ပြီး စိတ်ဆန္ဒစောနေမိခဲ့ပါတယ်။ အသံသွင်း ထားတဲ့တိပ်ကြိုးခွေကို ပြန်နာကြားမှပဲ ပိုလို့ရှင်းလင်း လာပါတယ်။ သို့ပါသောကြောင့် ယခုလို ပြန်လည် လျှောက်ထားရခြင်း ဖြစ်ပါတယ်ဘုရား။

ဓမ္မာရုံပရမတ်ကို ရှုပွားပြီးနေရင် ကိုယ်လည်း ချမ်းသာ၊ နေရာဌာနမရွေး၊ အချိန်အခါ လည်းမရွေး ဝိပဿနာနှင့် အခုနေတတ်ပါပြီဘုရား။

ဒါကြောင့် မဟာသတိပဋ္ဌာန သုတ္တန်မှာ “ဘာသိတေ သမ္ပ ဇာနကာရီ ဟောတိ၊ ဇာဂရိတေ သမ္ပဇာနကာရီ ဟောတိ၊ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ သမ္ပဇာနကာရီ ဟောတိ” လို့ ဟောကြားတော်မူတာကို နည်းနည်း ပိုပြီး နားလည် လာပါပြီဘုရား။

စကားပြောရင်လည်း ဝိပဿနာဖြစ်တာပဲ၊ နိုးရင်လည်း ဝိပဿနာဖြစ်တာပဲ၊ သွားစဉ်၊ ရပ်စဉ်၊ ထိုင်စဉ်၊ အိပ်နေစဉ်မှာလည်း ဝိပဿနာဖြစ်တာပဲ ဆိုတာ သေသေချာချာ နားလည်စပြုလာပါပြီ ဘုရား။

အခုတော့ မပင်မပန်း ဝိပဿနာနှင့် နေတတ် လာနေပါပြီ၊ မပင်ပန်းတဲ့အပြင် စိတ်အားကိုယ်အားတွေပါ ပြည့်လာတယ်လို့ ခံစားမိပါတယ်။ မဟာသတိပဋ္ဌာန သုတ်မှာ သကျမုနိမြတ်စွာဘုရား ဟောတော်မူသလို တပည့်တော်ဘဝထဲလည်း နေရာတိုင်းမှာ ဝိပဿနာ ဖြစ်နေပါပြီဘုရား။

တပည့်တော်မ အရင်အားထုတ်တုန်းက အခုလို စကားပြောစဉ်၊ စားသောက်စဉ်၊ ရပ်၊ ထိုင်၊ လျောင်း၊ သွားစဉ်မှာ ရှုမှတ်လို့မတတ်ခဲ့ပါဘူးဘုရား။ မလျှောက်ခဲ့ပါ။ ဖြစ်တော့ ဖြစ်ခဲ့ပါတယ်။ တမင်တကာ ပင်ပင်ပန်းပန်းလုပ်ခဲ့ရပါတယ်။ ပင်ပန်းသလောက် မတိုးတက်ခဲ့ပါဘူးဘုရား။

ဓမ္မပဒဂါထာထဲမှာ စိတ်အကြောင်းပါတယ် ဘုရား။ စိတ်ဟာ ဆုံးမဖို့အလွန်ခက်တယ်၊ မြန်လည်း မြန်လွန်းတယ်၊ ရောက်ချင်ရာလည်း ရောက်တတ် တယ်၊ အဲဒီစိတ်ကို ယဉ်ကျေးအောင်ဆုံးမနိုင်ရင် ကောင်းတယ်၊ ယဉ်ကျေးတဲ့စိတ်က ချမ်းသာကိုသာ ဆောင်တယ်ဆိုတာ အခုလိုဖတ်ပြီးတော့ သကျမုနိ ဘုရားကို ရည်မှတ်ပြီးတော့ စာထဲကကဗျာကိုပဲ လက်အုပ်ချီပြီး အကြိမ်ကြိမ် ရှိခိုးမိပါတယ်ဘုရား။

တပည့်တော်စိတ်ထဲမှာလည်း ကိလေသာ ကြမ်းတွေ တစ်စ တစ်စ ပါးလာပါတယ်ဘုရား။ ကိလေသာပါးဖို့ရန် (၂၂.၁၂.၈၆) ရက်စွဲပါစာမှာ ဆရာတော်မိန့်တော်မူသလို ပညတ်အာရုံနှင့်လည်း ရတော့ရနိုင်ကြောင်း၊ ဒါပေမဲ့ ပရမတ်အာရုံကသာ တည်တံ့ကြောင်း သဘောပေါက်လာပါပြီဘုရား။

တပည့်တော်မ ရှုမှတ်ပွားများ အားထုတ်နေတဲ့ ဝိပဿနာ တရားတော်မြတ်ဟာ လမ်းကြောင်းမှန်နေ တာကို ဆရာတော်ဘုရားမှ အထောက်အထားများနှင့် မိန့်ကြားတော်မူတာကြောင့် အထူးဝမ်းမြောက် အားတက်မိပါတယ်ဘုရား။ ဆရာတော်လမ်းညွှန် သွန်သင်တော်မူတဲ့အတိုင်း တစ်သွေမတိမ်း ကြိုးစားနေပါတယ် ဘုရား။

နောက်ဆုံးမဂ္ဂင်အားသန်လျက်ဖြင့် ကိလေသာ ကို အပြီးပယ်နိုင်တဲ့လမ်းစဉ်ဟာ မဂ္ဂင်ရှစ်ပါးလမ်းစဉ်မှ အပ ဤကမ္ဘာလောကမှာ မရှိနိုင်ကြောင်း ရဲရဲဝံ့ဝံ့ သိလာပါပြီဘုရား။

တပည့်တော်မရဲ့ ရှည်လျားတဲ့လျှောက်ထား ချက်ကြောင့် အနှောက်အယှက်ဖြစ်ရင် ခွင့်လွှတ်ပေးတော်မူပါဘုရား။ တရားလမ်းစဉ် ချွတ်ချော်တာရှိ ရင်လည်း ပြုပြင်ပေးတော်မူပါဘုရား။

ဆရာတော်ဘုရား၏ခြေတော်ရင်းသို့ မကြာခင် လာရောက်ရန် စီစဉ်ထားပါတယ်ဘုရား။ တပည့်တော်မ ရောက်ရှိတဲ့အခါမှာလည်း ကမ္မဋ္ဌာန်းဆိုင်ရာ အတွေ့ အကြုံများကို လျှောက်ထားပါမယ်ဘုရား။ ဆရာတော် ဘုရားထံတော်ပါးမှ လမ်းညွှန်သြဝါဒစကားများ နာကြားရန် ဆန္ဒပြင်းပြနေပါတယ် အရှင်သူမြတ် ဘုရား။

ရိုသေလေးမြတ်စွာဖြင့်ဒါယိကာမ
ရက်စွဲ။ ၁၉၈၇ခု၊ ဖေဖော်ဝါရီ (၁၅)ရက်။

 

ဆရာတော်ဘုရားကြီး၏ ခြေတော်ရင်းကို ရောက်ကာ ဖူးမျှော်ကြည် ညိုခဲ့စဉ်က ကျမ်းစာအုပ်များ လေ့လာခဲ့ဖူးသည့် ဥပက္ကိလေသာအကြောင်း ဗောဇ္ဈင်တရားအကြောင်းနှင့် မြတ်စွာဘုရား ၄၅ ဝါသီတင်းသုံးတော်မူခဲ့သည့် ကျောင်းများကို တောင်းပန်လျှောက်ထားခွင့် ရရှိခဲ့ပါသည်။

ဆရာတော်ဘုရားကြီးမှ မိမိိတို့ သိလိုလှသည့် ဗောဇ္ဈင်တရားကို ဦီးစွာ ဟောကြားပေးတော်မူပါသည်။ 

 

 

မှတ်ချက်။ ။မေးခွန်း(၂၀)ကို သုံးရက်ကြာ လျှောက်ထား မှတ်သားနာယူခဲ့ရကြောင်း သိရှိရပါသည်။

 

(မေး) ဗောဇ္ဈင်ရဲ့အဓိပ္ပာယ် သိချင်ပါတယ်ဘုရား။

(ဖြေ) ဗောဇ္ဈင်ဆိုတာ ဗောဇ္ဈင်္ဂဆိုတဲ့ပါဠိမှ ဆင်းသက်လာတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဗောဇ္ဈင်္ဂဆိုတာကတော့ ဗောဓိနဲ့ အင်္ဂနှစ်ပုဒ်ကို ပါဠိနည်းအရ စပ်ထားတာဖြစ်ပါတယ်။ ဗောဓိမှာ နိုးမှု၊ သိမှု အနက်နှစ်မျိုးနဲ့ ဆိုင်ပါတယ်။

အရိယာဖြစ်တဲ့ ဘုရားတပည့်ဟာ လောကုတ္တရာမဂ် ခဏမှာ သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တရားခုနှစ်ခု အစုအပေါင်း နှင့် ကိလေသာအစဉ်ဖြစ်တဲ့ အိပ်ပျော်ခြင်းမှ နိုးလာတတ်တယ်၊ သစ္စာလေးပါးကို သိတတ်တယ်၊ နိဗ္ဗာန်ကို ကိုယ်တွေ့အသိရောက် မျက်မှောက်ပြုတတ်တယ်။

ဒါကြောင့် သတိစတဲ့ တရားခုနစ်ပါး အပေါင်းဟာ ကိလေသာဆိုတဲ့ အိပ်ပျော်ခြင်းမှ နိုးကြားသည် ၊ နိဗ္ဗာန်ကို ကိုယ်တွေ့သိကြောင်း တရားအစုဖြစ်လို့ သည်တရားအစုအပေါင်းကို ဗောဓိလို့ဆိုရပါတယ်။ သတိစတဲ့ တရားတစ်ခုခုကိုတော့ ဗောဓိတရား အစုအပေါင်းရဲ့ အစိတ်အင်္ဂါခေါ်ရပါတယ်။ ဒါက အဋ္ဌာကထာလာတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

 

(မေး) ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း သိရပါစေဘုရား။

(ဖြေ) ဝီရိယသမ္ဗောဇ္ဈင်ကို စတင်မပြောဘဲ သတိ သမ္ဗောဇ္ဈင်ကိုပဲ စပြီးပြောပြပါမယ်။

သတိသမ္ဗောဇ္ဈင် တိုးဖို့အကြောင်းကတော့
၁။ သတိသမ္ပဇဉ်
၂။ သတိမေ့သူကို ရှောင်ကြဉ်ခြင်း
၃။ သတိမမေ့သူကို မှီခိုပေါင်းသင်းခြင်းနဲ့
၄။ သတိသမ္ဗောဇ္ဈင်၌ သက်ဝင်ညွတ်ကိုင်းခြင်း စသည်တို့ ဖြစ်ပါတယ်။

သတိသမ္ပဇဉ်ဆိုတာကတော့ သတိဆိုတဲ့ အမှတ်ရမှုနဲ့ သမ္ပဇဉ်ဆိုတဲ့ ပညာဟာ သတိဖြစ်ရန် အလွန်အရေးပါတဲ့အကြောင်းပါပဲ။ သတိဟာ ပညာနဲ့ အတူ ဖြစ်တာလဲရှိတယ်။ သတိဟာ ပညာနဲ့အတူ မဖြစ်တာလဲရှိတယ်။ဉာဏဝိပ္ပယုတ်စိတ်များက သတိဟာ ပညာနဲ့ကင်းပါတယ်။ ပညာနဲ့အတူဖြစ်တဲ့ သတိက အားရှိတယ်။ ပညာနဲ့ကင်းတဲ့ သတိကတော့ အားနဲပါတယ်။

တစ်စုံတစ်ရာကို မှတ်သားသတိရတဲ့ သာမည သတိကို သတိသမ္ပဇဉ်အမည်မရပါဘူး။ အားရှိတဲ့သတိ ကိုသာ သတိသမ္ပဇဉ်လို့ခေါ်ပါတယ်။ အားရှိတဲ့သတိ ကသာ မဖောက်မပြန် မှန်ကန်တဲ့ကာယဝေဒနာ စိတ္တ ဓမ္မဆိုတဲ့ သဘာဝတွေကို ယူနိုင်စွမ်း မှတ်နိုင်စွမ်း ရှိပါတယ်။

သတိသမ္ဗောဇ္ဈင်ဖြစ်ဖို့ရာ တရားအားမထုတ်၊ တရားဘက်မှာ မေ့လျော့ပေါ့ဆသူကို ခွာရှောင်ကြဉ် ရပါမယ်။

သတိမမေ့သူကို မှီခိုပေါင်းသင်းရင်တော့ သူ့ကို အားကျပြီး မမေ့အောင်ကြိုးစားဖို့ ဖြစ်လာနိုင်ပါတယ်။ ဗောဇ္ဈင်တရား (၇)ပါးဖြစ်ဖို့ ရှေ့ပြေးပုဗ္ဗနိမိတ်မှာ ကလျာဏမိတ္တ မိတ်ဆွေကောင်းရှိရပါမယ်ဆိုတာ လုံး၀ မမေ့နေနဲ့။ (မဟာဝဂ္ဂသံယုတ်)

ရပ် ၊ ထိုင် ၊ လျောင်း ၊ သွား ၊ ဣရိယာပုထ်တိုင်းမှာ သတိသမ္ပဇဉ်ဖြစ်ဖို့ အမြဲတမ်း စိတ်ညွှတ်နေရပါမယ်။ မဖြစ်သေးတဲ့သတိ ဖြစ်လာအောင် ဖြစ်ပြီးတဲ့သတိ ခိုင်မြဲလာအောင် ကြိုးစားနေရပါမယ်။

အချုပ်ကတော့ သတိပဋ္ဌာန်လေးပါးပွားနေရင် သတိရှိလျက်နေသူ ဖြစ်တယ်။ သည်သတိပဋ္ဌာန်တွေ ပွားနေရင် သတိပဋ္ဌာန်ဘာဝနာ အားရှိတဲ့အခါ သတိ သာမက ဗောဇ္ဈင် (၇)ပါးလုံး ဖြစ်နေတော့တယ်။

လင်္ကာလေးမှတ်သားချင်ရင်တော့
သတိသမ္ပဇဉ်
မေ့သူကြဉ်၍ မမေ့သူတွဲ
သတိထဲတွင် ညွတ်သက်ဝင်
လေးအင် သတိဖြစ်ကြောင်းတည်း။

 

(မေး) ဝိပဿနာတရား အားထုတ်ရင် ဉာဏ်ပညာအရေးကြီးကြောင်း သိထားပါတယ်။ ဉာဏ် ပညာဖြစ်ကြောင်းကိုလည်း အသေးစိတ်သိလိုပါတယ်ဘုရား။

(ဖြေ) ဓမ္မဝိစယသမ္ဗောဇ္ဈင် ဉာဏ်ပညာဖြစ်ကြောင်းတွေကတော့-
၁။ မေးမြန်းခြင်း
၂။ ဝတ္ထုစင်ကြယ်စေခြင်း
၃။ ဣန္ဒြေညီမျှအောင်ပြုခြင်း
၄။ ပညာမဲ့ပုဂ္ဂိုလ်ကို ရှောင်ခြင်း
၅။ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း
၆။ နက်နဲတရားဆင်ခြင်ခြင်းနဲ့
၇။ ပညာဘက်မှာ ညွတ်သက်ဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

မေးမြန်းခြင်းဆိုတာ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်၊ သမထ၊ ဝိပဿနာတို့နဲ့စပ်ပြီး မသိသေးရင် သိအောင် သင်ကြား လေ့လာထားပြီးတော့ လေ့လာထားတဲ့အရာမှာ မရှင်းလင်းတာတွေကို မေးမြန်းခြင်းကိုဆိုပါတယ်။ သည်နေရာမှာ တရားနာတာ၊ မိမိက တရားပြန် ဟောတာ၊ ဆွေးနွေးတာ၊ စာဖတ်တာတွေလဲ ပါပါ သေးတယ်။

ဝတ္ထုဆိုတာ တည်နေရာ ခန္ဓာကိုယ်ရော၊ ထို ခန္ဓာကိုယ်နဲ့စပ်တဲ့ အဝတ် သင်္ကန်းစသည်ကိုပါ စိတ်၊ စေတသိက်တို့ရဲ့ ဖြစ်ရာဖြစ်လို့ ဝတ္ထုဆိုပါတယ်။ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်းတွေ ရှည်နေရင် ဖြတ်ထားရပါမယ်။ ကိုယ်မှာ ကြေးတွေ၊ ချွေးတွေ စင်ကြယ်နေရပါမယ်။ ကိုယ်ခန္ဓာတွင်း လေ၊ သည်းခြေ စသည်တွေ ညီမျှနေရမယ်။ ဆွေးမြေ့ ညစ်နွမ်း အနံ့ အသက်မကောင်းတဲ့ အဝတ် သင်္ကန်းတွေ မရှိသင့်ဘူး၊ သန့်စင်စေရမယ်။ အပဝတ္ထုဖြစ်တဲ့ အိမ်၊ ကျောင်း၊ အိပ်ရာနေရာမှာ၊ တရားထိုင်ရာ ဓမ္မခန်းမနေရာတွေမှာ အမှိုက်တွေ ရှုပ်ပွနေတာတွေ မရှိရဘူး၊ သန့်သန့် ရှင်းရှင်း၊ ရှင်းရှင်းလင်းလင်း ရှိနေရပါမည်။

မသန့်ရှင်းတဲ့ ဆီမီးခွက်၊ မီးစာတို့ကို အမှီပြုပြီး ဖြစ်လာရတဲ့ မီးလျှံရဲ့အရောင်ဟာ မသန့်ရှင်းမကြည် မလင်ဖြစ်ရသလို အတွင်း အပဝတ္ထု မသန့်ရှင်းခြင်းဟာ ဉာဏ်ပညာဖြစ်ဖို့ အနှောက်အယှက် အတားအဆီး ဖြစ်စေပါတယ်။

သန့်ရှင်းတဲ့ ဆီမီးခွက် မီးစာတို့ကို အမှီပြုဖြစ်လာတဲ့ မီးလျှံရဲ့အရောင်ဟာ သန့်ရှင်းကြည်လင် သလို ထိုအတွင်း အပဝတ္ထုသန့်ရှင်းခြင်းဟာ ဉာဏ် ပညာ ဓမ္မဝိစယတွေဖြစ်ဖို့ အကြောင်းတစ်ရပ်ဖြစ်ပါတယ်။

ဣန္ဒြေခေါ်တဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ စတဲ့ အစိုးရတဲ့တရားတွေ ညီမျှရပါမယ်။

လုံ့လလျော့လွန်းရင် ပျင်းရိတတ်တယ်၊ ကြောင့်ကြစိုက်လွန်းရင် ပျံ့လွင့်တတ်တယ်။ လုံ့လ သမာဓိ ညီမျှမှုရှိမှ အသိကောင်းတတ်တယ်။ ယုံကြည် လွန်းရင်လည်း မဆင်ခြင်နိုင်ဘဲရှိတတ်တယ်။ ဆင်ခြင် လွန်းရင် မယုံကြည်နိုင်ဘဲရှိတတ်တယ်။ ယုံကြည် ဆင်ခြင် ညီမျှရင် အသိအမြင်ကောင်းတတ်တယ်။

ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စ သမုပ္ပါဒ်မှာ ဉာဏ်မသက်ဝင်နိုင်သူကို ပညာမဲ့သူခေါ် တယ်။ သည်လိုပညာမဲ့သူကို ရှောင်ကြဉ်ရပါမယ်။

ပညာရှိဆိုတာကတော့ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့သူဖြစ်ပါတယ်။ တရုဏ ဝိပဿနာခေါ်တဲ့ နုတဲ့ ဥဒယဗ္ဗယဉာဏ် လက်ရှိဖြစ်နေလျှင်ပင် ဘာဝနာ မယဉာဏ်မှာ တည်သူဖြစ်လို့ စင်စစ်အားဖြင့် ပညာရှိ ဖြစ်ကြောင်း သိစေလိုပါတယ်။

ကလျာဏမိတ္တ မိတ်ကောင်းဆွေကောင်း အရေးကြီးပုံကို အရှင်အာနန္ဒာက ကလျာဏမိတ္တဟာ မဂ်တည်းဟူသော ဗြဟ္မစရိယ အကျင့်မြတ်ရဲ့ထက်ဝက် ဆိုရလောက်အောင် အရေးပါကြောင်း လျှောက်တဲ့ အခါ မြတ်ဗုဒ္ဓက သည်လိုမပြောဖို့ တားမြစ်တော်မူပြီး ကလျာဏမိတ္တဆိုတာ ဗြဟ္မစရိယခေါ် မဂ်ရဲ့အကုန် လုံးပင် ဆိုရလောက်အောင် အရေးပါကြောင်း မိန့်တော် မူခဲ့ပါတယ်။ ယထာ ဘူတံ ဉာဏာယ သတ္ထာ၊ ပရိယေသိတဗ္ဗော၊ အမှန်တရားသိဖို့ရာ ဆရာရှာရမယ် ဆိုတဲ့ အမိန့်တော်အရလည်း မှီခိုဆည်းကပ်ရမယ့် ပုဂ္ဂိုလ်ဟာ အရေးကြီးပါတယ်။ ဒါကြောင့် ဉာဏ်ပညာ တိုးကြောင်းမှာ ပညာရှိမှီဝဲခြင်းဟာ အရေးကြီးတဲ့ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။
ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ စတဲ့ တရားတွေဟာ သာမန်ဉာဏ်နဲ့ သက်ဝင်နိုင်ခဲတဲ့ တရား များဖြစ်လို့ အသိခက် အမြင်ခက် နက်နဲတဲ့တရား များဖြစ်ပါတယ်။
မဖြစ်သေးတဲ့ ပညာဉာဏ်ဖြစ်လာဖို့ ဖြစ်လာတဲ့ ပညာမပျောက်ဖို့ တိုးတက်ဖို့ရာမှာ ပညာဖြစ်ဖို့ အမြဲတမ်း စိတ်သက်ဝင်နေခြင်း စိတ်ဝင်စားနေခြင်းဟာ အရေးကြီးပါတယ်။

လင်္ကာလေးနဲ့ မှတ်သားချင်ရင်တော့

မေးမြန်းခြင်းပြု
ဝတ္ထုစင်စေ
ဣန္ဒြေညီမျှ
ပညာမဲ့ကြဉ်
ဉာဏ်ရှိမှီဝဲ၊
နက်နဲတရား တွေးစဉ်းစားလျက်
ပညာဘက်တွင် ညွတ်သက်ဝင်
ဉာဏ်မြင်တိုးကြောင်း ခုနစ်တည်း။

 

(မေး) တစ်ခါတစ်ရံ ဝီရိယလျော့လွန်းနေတတ်ပါ တယ်။ စင်္ကြံလဲ မလျှောက်ချင်ဘူး၊ လျှောက် ရင်း လျှောက်ရင်း စိတ်လက်မပါဘဲ ပျော့ခွေနေပါတယ်။ ထိုင်တဲ့ဣရိယာပုထ်မှာလဲ မထိုင်ချင်ဘူး။ ထိုင်လို့ မကြာခင်မှာဘဲ ငိုက်လာပြီး လဲလျောင်းမယ် ဆိုရင်တော့ အိပ်ပျော်ပါပြီ။ ဘာကို စပြီးလုပ်ရမလဲလို့ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဝီရိယတိုးကြောင်းများလည်း တပည့်တော်မ သိပါရစေဘုရား။

(ဖြေ) ဝီရိယတိုးကြောင်းတွေကတော့

၁။ အပါယ်ဘေးဆင်ခြင်ခြင်း
၂။ အကျိုးအာနိသင်မြင်ခြင်း
၃။ သွားရာလမ်းကို ဆင်ခြင်ခြင်း
၄။ ဆွမ်းကို ရိုသေခြင်း
၅။ အမွေတော်မြတ်ပုံ ဆင်ခြင်ခြင်း
၆။ ဘုရားရှင်၏ မြင့်မြတ်ပုံ ဆင်ခြင်ခြင်း
၇။ ဇာတ်အားဖြင့် မြင့်မြတ်ပုံ ဆင်ခြင်ခြင်း
၈။ သီတင်းသုံးဖော်တို့၏ မြင့်မြတ်ပုံ ဆင်ခြင်ခြင်း
၉။ ပျင်းရိသူကို ရှောင်ရှားခြင်း
၁၀။ ဝီရိယရှိသူကို မှီခိုဆည်းကပ်ခြင်း
၁၁။ ဝီရိယသမ္ဗောဇ္ဈင်၌ သက်ဝင်စိတ်ညွတ်ခြင်းတို့ ဖြစ်ပါတယ်။

အကျယ်အားဖြင့်တော့

အပါယ်လေးပါးကို ဆင်ခြင်ပေးရပါမယ်။

လောကုတ္တရာတရားကို မပျင်းရိသူသာ ရနိုင် တယ်။ ဒါက ဝီရိယရဲ့ အာနိသင်ပါတကား။

ဘုရား၊ ရဟန္တာများသွားရာ အကျင့်လမ်းကိုလည်း ပျင်းရိတဲ့သူမျိုး မတတ်နိုင်ပါတကား။

ပစ္စည်းလေးပါးသုံးဆောင်ပြီး ရဟန်းတရားကို အားထုတ်မှသာ ဆွမ်းကိုတုံ့ပြန်ပူဇော်ရာရောက်တယ်။

ဘုရားရဲ့အမွေတော် အရိယာတို့ဥစ္စာ (၇)ပါးကို ပျင်းရိတဲ့ပုဂ္ဂိုလ်မရဘူး။ ဝီရိယရှိသူဟာ အဲဒီ အရိယာ ဥစ္စာ (၇)ပါးနဲ့ ထိုက်တန်ပါတကား။

သင့်ဆရာ မြတ်ဗုဒ္ဓဟာ အလွန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူပါတယ်။ ဘုရားတပည့်ဖြစ်ပါလျက် ပျင်းရိနေရင် မသင့်ပါတကား။

သာကီရဇာတ်၊ ရဟန်းဇာတ်အရ မြင့်မြတ်ပါ ပေတယ်။ မြင့်မြတ်သူတို့နဲ့ မအပ်စပ်တဲ့ ပျင်းရိသူ တစ်ယောက်ဖြစ်ဖို့ မသင့်ပါတကား။

အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန် စတဲ့ အဂ္ဂသာဝက၊ မဟာသာဝကကြီးတွေဟာ ဝီရိယ တံခွန်လွှင့်ထူပြီး လောကုတ္တရာတရား (၉)ပါးကို ထိုးထွင်းသိတော်မူခဲ့ကြပါတကား။

ဗိုက်ကားအောင်စားပြီး အိပ်နေတဲ့ စပါးကြီး မြွေကြီးလို လုံ့လမရှိတဲ့ အပျင်းသမားကို ရှောင်ကြဉ်ရ ပါမယ်။

ကမ္မဋ္ဌာန်းအလုပ် အားထုတ်နေတဲ့ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်ကို ဆည်းကပ်ရပါမယ်။

မဖြစ်သေးတဲ့ဝီရိယ ဖြစ်လာဖို့၊ ဖြစ်ပြီးဝီရိယ အဆင့်ဆင့်တိုးတက်ဖို့ စိတ်သက်ဝင် ညွတ်ကိုင်းနေရ ပါမယ်။

လင်္ကာလေးနဲ့ မှတ်ထားလိုရင်တော့

အပါယ်ဘေးမြင်၊ အာနိသင်မှန်း
ကျင့်လမ်းဆင်ခြင်၊ ဆွမ်းလျှင်ရိုသေ
အမွေဘုရားမြတ်၊ ဓာတ်အဖော်များ
ထူးခြားမြတ်ဟန်၊ တွေးကြံမကင်း
လူပျင်းရှောင်ရှား၊ ကြိုးစားသူတွဲ
လုံ့လထဲနစ်၊ သက်ဝင်ဖြစ်
ဆယ့်တစ် ဝီရိယ ဖြစ်ကြောင်းတည်း။

 

(မေး) ကျေးဇူးကြီးလှပါတယ်ဘုရား။ ပီတိရဲ့အကြောင်းများကိုလည်းသိပါရစေဘုရား။

(ဖြေ) ပီတိသမ္ဗောဇ္ဈင်ဖြစ်ဖို့ အကြောင်းတွေကတော့

၁။ ဗုဒ္ဓါနုဿတိ
၂။ ဓမ္မာနုဿတိ
၃။ သံဃာနုဿတိ
၄။ သီလာနုဿတိ
၅။ စာဂါနုဿတိ
၆။ ဒေဝတာနုဿတိ
၇။ ဥပသမာနုဿတိ
၈။ ကြမ်းတမ်းသူကို ရှောင်ရှားခြင်း
၉။ သိမ်မွေ့ နူးညံ့သူကို မှီဝဲဆည်းကပ်ခြင်း
၁၀။ ကြည် ညိုဖွယ် သုတ္တန်တွေကို ဆင်ခြင်ခြင်း
၁၁။ ပီတိသမ္ဗောဇ္ဈင်၌ သက်ဝင်ခြင်းတို့ဖြစ်ပါသည်။

မြတ်စွာဘုရားရှင် ဂုဏ်တော်တွေကို အဖန်ဖန် အောက်မေ့ကြည် ညိုရင် ပီတိသမ္ဗောဇ္ဈင် ဖြစ်ပါတယ်။

ထို့အတူ မြတ်ဗုဒ္ဓ ဟောကြားတော်မူထားတဲ့ တရားဓမ္မတွေရဲ့ ကောင်းမွန်ပုံ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရားတို့ရဲ့ ထူးခြားမြင့်မြတ်ပုံ အဖုံဖုံကို လေ့လာ ထားပြီး တရားဂုဏ်တော်တွေ အောက်မေ့ရတာလဲ ပီတိဖြစ်နိုင် ပါတယ်။

သံဃာတွေ ကောင်းမွန်စွာ ကျင့်ခဲ့ပုံ၊ ပိဋကတ် တော်စာပေများ စောင့်ထိန်းခဲ့ပုံ စသော ဂုဏ်တော်တွေ ဟာလည်း လေ့လာစူးစမ်းဆင်ခြင်ပြီး အောက်မေ့တဲ့ အခါ ပီတိဖြစ်နိုင်စရာအကြောင်း ဖြစ်ပါတယ်။

ရဟန်းတော်များအနေနဲ့ မကျိုးမပေါက်ရအောင် စောင့်ရှောက်ထားတဲ့ မိမိရဲ့ စတုပါရိသုဒ္ဓိ သီလ၊ လူတွေကတော့ မိမိတို့ရဲ့ မကျိုးမပေါက် မပြောက်မကျား၊ ပြည့်ပြည့်၀၀ စင်ကြယ်လှတဲ့ သီလကို ဆင်ခြင်တဲ့အခါ ပီတိဖြစ်လာပါတယ်။

စာဂါနုဿတိကတော့ မိမိလှူဒါန်းထားတဲ့ ဒါနကို ဆင်ခြင်ရတာပါဘဲ။ သီလဝန္တပုဂ္ဂိုလ်တွေကို လှူဒါန်းပြီး အဲသည်ဒါနကို ဆင်ခြင်တဲ့အခါ ပီတိ ဖြစ်လာပါတယ်။

သဒ္ဓါစသော တရားဂုဏ်ပြည့်စုံကြတဲ့ ပုဂ္ဂိုလ် တွေဟာ နတ်ပြည်၊ ဗြဟ္မာ့ပြည်ရောက်ကြတယ်။ ထိုနတ်ပြည်ရောက်ကြောင်း တရားဂုဏ်တွေ မိမိမှာ ရှိပါကလားဆိုပြီး သည်နတ်ဗြဟ္မာတို့ရဲ့ တရားဂုဏ် တွေကို သက်သေထားပြီး အာရုံပြုပွားရင်လဲ ပီတိ ဖြစ်နိုင်ပါတယ်။

နိဗ္ဗာန်၏ ကိလေသာကင်းဝေးပုံ၊ ကိလေသာ ကင်းဝေးလို့ ငြိမ်းအေးပုံ၊ ဒုက္ခတွေမရှိ ချုပ်ငြိမ်းပုံ စသည်ဖြင့် နိဗ္ဗာန်၏ဂုဏ်တွေကို အာရုံပြုပွားများရင် ဥပသမာနုဿတိကလည်း ပီတိတိုးစရာအကြောင်းပါပဲ။

စေတီရုပ်ပွား ဘုရားဆင်းတု ဖူးမြော်မှု၊ ဆရာ မထေရ်ကြီးတို့အား ဖူးမြော်မှုတို့မှာ ကောင်းစွာရိုသေ လေးစားမှုမရှိခြင်းဟာ သူ့ရဲ့စိတ်နှလုံး ကြမ်းတမ်းတယ် ဆိုတာကို ပြနေတာပါ။ သည်လို သဒ္ဓါအစေး ခြောက်ခမ်း ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်းခြင်း ဟာ ပီတိတိုးပွားရေးကို တားစေပါတယ်။

ရတနာသုံးပါး ဆရာသမား မထေရ်ကြီး စသည်တို့အပေါ် ရိုသေလေးမြတ် ပူဇော်တတ် ရှိခိုး တတ် မြတ်နိူးတတ်တဲ့ပုဂ္ဂိုလ်ကို သဒ္ဓါအစေးရှိလို့ ဒီပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်းမှီဝဲမယ်ဆိုရင် သူတို့ရဲ့ သူတော်ကောင်းစိတ်ဓာတ်တွေ ကူးစက်ပြီး မိမိလည်း ကြည်ညိုတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ခါ ပီတိကို တိုးပွားစေပါတယ်။

မြတ်စွာဘုရား ဟောကြားတော်မူထားတဲ့ သုတ္တန်ဒေသနာတွေထဲမှ မိမိနားလည်ပြီး သဘောကျ နှစ်သက်တဲ့ သုတ္တန်ဒေသနာတရားတော်ကို ထပ်ပြန် တလဲလဲ နှလုံးသွင်းကာ ကြည်နူးနှစ်သိမ့်ဖြစ်ရတာလဲ ပီတိတိုးပွားစရာအကြောင်းတစ်ခုဖြစ်ပါပဲ။

ဓမ္မပီတိဟာ လွန်စွာကြိုးစားတဲ့ ယောဂီတွေ မှာသာ ဖြစ်တာပါ။ သည်ပီတိဖြစ်ဖို့ရာ စိတ်ပါဝင်စားပြီး မဖြစ်သေးတဲ့ပီတိတွေ ဖြစ်လာဖို့ ဖြစ်ပြီးတဲ့ပီတိတွေ အဆင့်ဆင့် မြင့်တက်လာဖို့ ကြိုးစားနေတာဟာ ပီတိ သမ္ဗောဇ္ဈင်ကို စိတ်ညွတ်သက်ဝင်နေလို့ ပီတိသမ္ဗောဇ္ဈင် တိုးကြောင်းဖြစ်ပါတယ်။

လင်္ကာကတော့

ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ သီလ၊ စာဂ၊ ဒေဝတာ
ဥပသမာတည့်၊ နုဿတိ ခုနစ်ဖြာ
သဒ္ဓါခြောက်ခမ်း ကြမ်းတမ်းသူခွာ
သဒ္ဓါရှိန်တွေ့ သိမ်မွေ့သူခို၊ ကြည် ညိုဖွယ်မှန်
သုတ္တန်တွေးဘိ၊ ပီတိထဲနစ် သက်ဝင်ဖြစ်
ဆယ့်တစ် ပီတိ ဖြစ်ကြောင်းတည်း။

 

(မေး) မြတ်စွာဘုရား၏ တရားတော်များဟာ အံ့သြဖွယ်ရာပါလားဘုရား၊ ပဿဒ္ဓိဆိုင်ရာတရားကိုလည်း သိလိုစိတ် ပြင်းပြလှပါတယ်ဘုရား။

(ဖြေ) ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်းတွေကတော့

၁။ ကောင်းမွန်တဲ့ အစာမှီဝဲမှု
၂။ သပ္ပာယဖြစ်တဲ့ ဥတုမှီဝဲမှု
၃။ သပ္ပာယဖြစ်တဲ့ ဣရိယာပုထ်မှီဝဲမှု
၄။ အလယ်အလတ်ဖြစ်သော ပယောဂရှိခြင်း
၅။ ကိုယ်စိတ်ပူပန်သူကို ရှောင်ခွာခြင်း
၆။ ငြိမ်းအေးသူကို မှီခိုဆည်းကပ်ခြင်းနဲ့
၇။ ပဿဒ္ဓိသမ္ဗောဇ္ဈင်၌ သက်ဝင်ခြင်းတို့ ဖြစ်ပါတယ်။

မိမိနဲ့ သပ္ပာယဖြစ်တဲ့ ကောင်းမွန်တဲ့ အစား အစာတွေစားခြင်း၊ ရာသီဥတု အပူအအေးညီမျှမှုကို ခံယူအသုံးပြုခြင်း ရပ်၊ ထိုင်၊ လျောင်း၊ သွား ဣရိယာပုထ်လေးပါးမှ သင့်တော်တဲ့ ဣရိယာပုထ်ကို အသုံးပြုခြင်းတွေဟာ ပဿဒ္ဓိကို တိုးပွားစေပါတယ်။

မိမိသူတစ်ပါးအနေနဲ့ ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိတယ်လို့ ဆင်ခြင်တာဟာ မဇ္ဈတ္တပယောဂ အလယ်အလတ်သဘောရှိတဲ့ ပယောဂဆိုပါတယ်။ ကမ္မဿကတာအဖြစ်ဆင်ခြင်မှုကို မဇ္ဈတ္တပယောဂ အလယ်အလတ်သဘောရှိတဲ့ အကျင့်လို့ခေါ်ပါတယ်။ အဲသည်အကျင့်ရှိသူဟာ သူတစ်ပါးကြောင့်လည်း မိမိမှာ စိတ်ပူပန်မှုမရှိသလို မိမိကြောင့်လည်း သူတစ်ပါး စိတ်ပူပန်မှု မဖြစ်ရပါ။ ဒါကြောင့် စိတ်စေတသိက်တွေ ပူပန်မှုမဖြစ်စေကာ ပဿဒ္ဓိကို တိုးပွားစေပါတယ်။

တုတ်နဲ့ရိုက်၊ ခဲနဲ့ပေါက် စသည်ဖြင့် တစ်ပါး သတ္တဝါတွေကို သနားမှုကင်း ညှဉ်းဆဲတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်စိတ်ပူပန်စေတဲ့သူ ဖြစ်ပါတယ်။ ဘာဝနာအလုပ် အားမထုတ်ထားသူပင် အဲသည်လူမျိုးနဲ့ တွေ့ကြုံ ဆက်ဆံရရင် ပင်ပန်းဆင်းရဲမှုကို ခံရပါတယ်။ သည်လို ပုဂ္ဂိုလ်မျိုးဟာ ပဿဒ္ဓိကို ဆန့်ကျင်တဲ့သဘောဖြစ်လို့ ရှောင်ကြဉ်ရပါမယ်။

တစ်ပါးသတ္တဝါအပေါ် သနားကြင်နာ မေတ္တာ ထားတတ် ခြေလက်စောင့်စည်းတတ်တဲ့ ပုဂ္ဂိုလ် တွေဟာ ငြိမ်းအေးတတ်တဲ့ သဘောရှိလို့ သူတို့ကို မြင်တွေ့ရုံနဲ့ပဲ စိတ်အေးငြိမ်းမှုကိုရပါတယ်။ သူ့ထံမှာ ကြားရနာရ ဆွေးနွေးရရင် ပဿဒ္ဓိဖြစ်ကြောင်းတွေ သိရပြီး၊ ပဿဒ္ဓိတိုးကြောင်း ဖြစ်နိုင်ပါတယ်။

ငြိမ်းအေးမှု ပဿဒ္ဓိဟာ တရားအားကောင်း လာရင် သမာဓိ ပညာ ဥပေက္ခာစသော အရေးကြီးတဲ့ တရားတွေလည်း အလွန်အကဲ တိုးတက်လာပါတယ်။ သည်တရားဖြစ်လာဖို့ တိုးတက်ဖို့ရာ အမြဲတမ်း စိတ်ညွတ်နေရင် မဖြစ်သေးတဲ့ပဿဒ္ဓိ ဖြစ်ပြီး၊ ဖြစ်ပြီးတဲ့ ပဿဒ္ဓိတွေလည်း တိုးတက်လာပါတယ်။

လင်္ကာလေးကတော့

စားကောင်းသုံးမှု၊ ဥတုတစ်ဖြာ
ဣရိယာပထချမ်းမြေ့ရာကပ်
လယ်အလတ်ကျ ပယောဂဖန်
ပူပန်သူများ ရှောင်လေဝေးဝေး
အေးချမ်းသူကပ်
ပဿဒ္ဓိခေတ် သက်ဝင်ဖြစ်
ခုနစ် ပဿဒ္ဓိ ဖြစ်ကြောင်းတည်း။

 

(မေး) ဗောဇ္ဈင်တရားမှ သမာဓိသမ္ဗောဇ္ဈင်ကို သိပါရစေဘုရား။

(ဖြေ) သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတွေကတော့

၁။ ဝတ္ထုသန့်ရှင်းအောင်ပြုခြင်း
၂။ ဣန္ဒြေညီမျှအောင်ပြုခြင်း
၃။ နိမိတ်၌ ကျွမ်းကျင်လိမ္မာခြင်း
၄။ မြှောက်သင့်တဲ့အခါ စိတ်ကို မြှောက်ပေးရခြင်း
၅။ နှိပ်သင့်တဲ့အခါ စိတ်ကို နှိပ်ပေးရခြင်း
၆။ ရွှင်စေသင့်တဲ့အခါ စိတ်ကို ရွှင်စေခြင်း
၇။ လျစ်လျှူရှုသင့်တဲ့အခါ စိတ်ကို လျစ်လျှူရှုခြင်း
၈။ သမာဓိမရှိတဲ့ ပုဂ္ဂိုလ်ကို ရှောင်ခွာခြင်း
၉။ သမာဓိရှိတဲ့ ပုဂ္ဂိုလ်ကို မှီခိုဆည်းကပ်ခြင်း
၁၀။ ဈာန် ဝိမောက္ခကို ဆင်ခြင်ခြင်းနဲ့
၁၁။ သမာဓိသမ္ဗောဇ္ဈင်၌ သက်ဝင်ခြင်းတို့ ဖြစ်ပါတယ်။

ဝတ္ထုဆိုတာ တည်နေရာ ခန္ဓာကိုယ်ရော ထို ခန္ဓာကိုယ်နဲ့စပ်တဲ့ အဝတ်သင်္ကန်းတွေကိုပါ စိတ် စေတသိက်တို့ရဲ့ ဖြစ်ရာဖြစ်လို့ ဝတ္ထုဆိုပါတယ်။ ဆံပင်၊ ခြေသည်း၊ လက်သည်းတွေ ရှည်နေရင် ဖြတ်ထား ရမယ်။ ကိုယ်မှာ ကြေးတွေ ချွေးတွေ စင်ကြယ်နေရ ပါမယ်။ ခန္ဓာတွင်း လေ သည်းခြေတွေ ညီမျှရပါမယ်။ ဆွေးမြေ့ ညစ်နွမ်း အနံ့မကောင်းတဲ့အဝတ် သင်္ကန်း စသည်တွေမရှိသင့်ဘူး။ သန့်စင်နေရပါမယ်။ အပဝတ္ထု ဖြစ်တဲ့ အိမ်၊ ကျောင်း၊ အိပ်ရာနေရာ တရားထိုင်ရာ တွေမှာ အမှိုက်တွေ ရှုပ်ပွနေတာတွေ မရှိသင့်ဘူး။ သန့်သန့်ရှင်းရှင်း ရှိနေရပါမယ်။

သန့်ရှင်းတဲ့ ဆီမီးခွက် မီးစာတို့ကို အမှီပြု ဖြစ်လာတဲ့ မီးလျှံရဲ့အရောင်ဟာ သန့်ရှင်းကြည်လင် သလို ထိုအတွင်း အပဝတ္ထုတွေ သန့်ရှင်းခြင်းဟာ သမာဓိကို တိုးပွားဖို့ သမာဓိသမ္ဗောဇ္ဈင်တွေဖြစ်ဖို့ အကြောင်းပါဘဲ။

ဣန္ဒြေခေါ်တဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာစတဲ့ အစိုးရတဲ့တရားတွေ ညီမျှရပါမယ်။ လုံ့လ သမာဓိ ညီမျှမှုရှိမှ အသိကောင်းတတ်ပါတယ်။

နိမိတ်မှာ ကျွမ်းကျင်လိမ္မာခြင်းဆိုတဲ့ အကြောင်းက ပထဝီကသိုဏ်းစသော နိမိတ်ကို ပြုလုပ် ရာ ပွားများရာ စောင့်ရှောက်ရာတို့၌ လိမ္မာကျွမ်းကျင်မှု ကို ဆိုပါတယ်။

မြှောက်သင့်တဲ့အခါ စိတ်ကို မြှောက်ပေးရခြင်း ဆိုတာက ဝီရိယလျော့မှု ပညာပယောဂနည်းမှု သတိချို့ယွင်းမှုတို့ကြောင့် စိတ်ဟာ တွန့်ဆုတ်နေမယ်။ အဲဒီလို စိတ်တွန့်ဆုတ်နေတဲ့အခါမှာ ဓမ္မဝိစယ ဝီရိယ ပီတိဗောဇ္ဈင်တွေ ဖြစ်စေခြင်းနဲ့ တွန့်ဆုတ်နေတဲ့စိတ်ကို တက်ကြွလာအောင် မြှောက်ပင့်ပေးရခြင်းဖြစ်ပါတယ်။

သဘောကတော့ အနည်းငယ်သောမီးကို တောက်စေလိုတဲ့လူဟာ မြက်ခြောက်တွေထည့်မယ် နွားချေးခြောက် ထင်းခြောက်တွေ ထည့်ပေးမယ် ဆိုရင် မီးငယ်ဟာ တောက်ပလာမှာဖြစ်ပါတယ်။ တွန့်ဆုတ်နေချိန်မှာ ဓမ္မဝိစယ ဝီရိယ ပီတိ သမ္ဗောဇ္ဈင် များပွားများရပါမယ်။

နှိပ်သင့်တဲ့အခါ စိတ်ကိုနှိပ်ပေးခြင်း ဆိုတာက ဝီရိယကလွန်နေမယ်၊ ပညာ ပယောဂက အားကြီး နေမယ်၊ ဝမ်းမြောက်မှု ပေါ်လွင်နေမယ်ဆိုရင် စိတ်ပျံ့ လွင့်ပြီး ပဿဒ္ဓိ ဥပေက္ခာဗောဇ္ဈင်ကို တိုးပွားရပါမယ်။ သည်လိုတိုးပွားမှသာ ပျံ့လွင့်နေတဲ့စိတ်ကို နှိပ်ပေးရာ ရောက်ပါတယ်။ မီးပုံကြီးကို ငြိမ်းစေလိုတဲ့လူဟာ ထို မီးပုံကြီးထဲကို မြက်စို နွားချေးစို ထင်းစိုတွေ ထည့်ပေး ပြီး ရေတွေ ဖုန်မှုန့်တွေနဲ့ ကြဲပက်မယ်ဆိုရင် မီးတောက် ကြီးဟာ ငြိမ်းသွားစေသလိုပါပဲ။ သည်လို ပျံ့လွင့်နေတဲ့ စိတ် ဖြစ်တဲ့အခါ ပဿဒ္ဓိ သမာဓိ ဥပေက္ခာတွေ ပွားရမဲ့ အချိန်ဖြစ်ပါတယ်။

ပညာဗျာပါရကနည်းပါးနေခြင်း ငြိမ်းချမ်းမှု သုခမရခြင်းတို့ကြောင့် စိတ်ဟာ သာယာမှုမရှိပဲ ဖြစ်နေ မယ်ဆိုရင်တော့ စိတ်ကို ရွှင်ပျလာအောင် လုပ်ပေးရ ပါမယ်။ ပညာက ကောင်းကောင်း အလုပ်မလုပ်လျှင် လည်းကောင်း ၊ ငြိမ်းချမ်းမှုသုခ ကင်းနေလျှင် လည်းကောင်း စိတ်ဟာ သာယာမှုကင်းတယ်။ ဒါနက အလောဘပြဋ္ဌာန်းတယ်၊ သီလက အဒေါသဖြစ်ပြီး ဘာဝနာက အမောဟပညာ ပြဋ္ဌာန်းပါတယ်။

ဒါကြောင့် ဘာဝနာမှာ ပညာက အလုပ် ကောင်းကောင်းလုပ်ဖို့ လိုပါတယ်။ ပညာက အားမရှိ ဘူးဆိုရင် ဘာဝနာကို အဆင့်ဆင့် ထူးခြားလာအောင် ဆောင်ရွက်မပေးနိုင်ပါဘူး။

စိတ်သာယာမှု ကင်းနေတဲ့အခါ သာယာရွှင်ပျ လာအောင် ကုစားဖို့ကို သံဝေဂဖြစ်အောင် ပြုပေးရ ပါမယ်။

သံဝေဂတွေဖြစ်အောင်က ဇာတိ ဇရာ ဗျာတိ မရဏ အပါယ်ဆင်းရဲဒုက္ခ အတိတ်အနာဂတ် ဝဋ်ဒုက္ခ ဆိုတဲ့ သံဝေဂ၀တ္ထုရှစ်ပါး ဆင်ခြင်ရပါမယ်။ ရတနာ သုံးပါးဂုဏ်တော် အောက်မေ့ခြင်းနဲ့လည်း စိတ် ကြည်လင်မှုကို ပြုလို့ရပါတယ်။

အကျင့်လမ်းမှန်ရောက်တဲ့ ဘာဝနာဟာ တိုးတက်နေတဲ့အခါမှာ ယောဂီဟာတွန့်ဆုတ်ခြင်း လည်းမရှိ ပျံ့လွင့်ခြင်းလည်း မရှိပါ။

ပညာက ကောင်းကောင်း အလုပ်လုပ်လို့ ငြိမ်းချမ်းမှုသုခရကာ သာယာမှုလည်းရှိနေတာဟာ အညီအမျှပြေးနေတဲ့ မြင်းနှစ်ကောင်ကို ရထားထိန်းက လျစ်လျူသာ ရှုနေတော့တယ်။

ဥပစာရ သမာဓိနဲ့ အပ္ပနာသမာဓိမရှိဘဲ စိတ် ပျံ့လွင့်နေတဲ့ သမာဓိမရှိတဲ့ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ရပါ မယ်။ သူနဲ့သာပေါင်းရင် မရသေးတဲ့သမာဓိ မရသလို၊ ရပြီးသားသမာဓိလည်း ပျောက်ပျက်တတ်ပါတယ်။

ဥပစာရနဲ့ အပ္ပနာသမာဓိ တစ်ပါးပါးရှိတဲ့ တည်ကြည်တဲ့ပုဂ္ဂိုလ်ဟာ သမာဓိရှိသူဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်မျိုးကို ပေါင်းသင်းဆည်းကပ်ခြင်းဖြင့် သမာဓိ တိုးကြောင်းနည်းလမ်းများ ရနိုင်သည့်အပြင် အတုမြင် အတတ်သင်ဆိုသလို မိမိလည်း အားထုတ်ဖြစ်လို့ သမာဓိတိုးလာပါတယ်။

ဈာန်ရှစ်ပါး ဝိမောက္ခတရားရှစ်ပါးတို့ကို သုတ္တန် ပါဠိတော်များမှာ ပေးထားတာတွေရှိနေပါတယ်၊ ထိုဈာန် ဝိမောက္ခပြတဲ့ သုတ္တန်တွေကို ဆင်ခြင်ခြင်းဟာ နောက်ကပြောခဲ့တဲ့ လွတ်မြောက်ခြင်းအကြောင်း ဝိမုတ္တာယတန ငါးပါးတွင် အပါအဝင်မို့ ဥပစာရ သမာဓိမှစကာ အရဟတ္တမဂ်သမာဓိအရောက် အဆင့်ဆင့် ပေါက်သွားနိုင်ပါတယ်။ ဒါကြောင့် သည်လို သုတ္တန်တွေ ဆင်ခြင်ခြင်းဟာလည်း သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း အကြောင်းတစ်ရပ်ပါဘဲ။

သမာဓိဖြစ်လို့ အလွန်လိုလားတောင့်တမြဲ ဖြစ်လို့သည်လို လိုလားတောင့်တတဲ့အတိုင်း ရပ် ၊ ထိုင် ၊ လျောင်း ၊ သွား အရာခပ်သိမ်းမှာ သမာဓိဖြစ်ဖို့ရာ စိတ်ပါ သက်ဝင်နေတတ်လို့ သက်ဝင်ညွတ်ကိုင်းနေခြင်းဟာ လည်း သမာဓိသမ္ဗောဇ္ဈင်ဖြစ်ရာ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။

လင်္ကာလေးမှတ်ထားရင်တော့

ဝတ္ထုစင်စေ၊ ဣန္ဒြေညီညာ
နိမိတ်မှာကျွန်း၊ မြှောက်ခန်းကြုံက
မြှောက်ရမလင့် ၊ နှိပ်ခွင်နှိပ်လေ
ရွှင်စေရွှင်သင့် ၊ ရှုခွင့်သမျှ
သင်ယူဆကာ ၊ သမာဓိကင်း
သူဖျင်းရှောင်ဘိ၊ သမာဓိပို
ပုဂ္ဂိုလ်ကပ်ရန်၊ ဈာန်ဝိမောက္ခ
တွေးဆခါခါ၊ သမာဓိခေတ်ညွတ်စင်ဖြစ်
ဆယ့်တစ် သမာဓိဖြစ်ကြောင်းတည်း။

 

(မေး) ဗောဇ္ဈင်တရားများနဲ့ နောက်ဆုံးဥပေက္ခာ တရားကိုလည်း နာယူမှတ်သားပါရစေဘုရား။

(ဖြေ) ဥပေက္ခာသမ္ဗောဇ္ဈင် တိုးကြောင်းတွေကတော့

၁။ သတ္တဝါ၌ လျစ်လျူ ရှုခြင်း
၂။ သင်္ခါရ၌ လျစ်လျူ ရှုခြင်း
၃။ သတ္တဝါသင်္ခါရ၌ တွယ်တာတဲ့ပုဂ္ဂိုလ်ကို ရှောင်ခွာခြင်း
၄။ သတ္တဝါသင်္ခါရ၌ လျစ်လျူ ရှုတဲ့ပုဂ္ဂိုလ်ကို မှီခိုဆည်းကပ်ခြင်းနဲ့
၅။ ဥပေက္ခာသမ္ဗောဇ္ဈင်၌ သက်ဝင်ခြင်းတို့ ဖြစ်ပါတယ်။

သတ္တဝါ၌လျစ်လျူ ရှုခြင်းဟာ အကြောင်းနှစ်မျိုး ကြောင့် ဖြစ်နိုင်ပါတယ်။ ကံသာလျှင် မိမိ၏ဥစ္စာဆိုတဲ့ ကမ္မဿကတာကို ဆင်ခြင်ခြင်းနဲ့၊ သတ္တဝါရှိဆိုတဲ့ နိဿတ္တအဖြစ်ကို ဆင်ခြင်ခြင်းမှာ မိမိကံနဲ့ရောက်လာ ပြီး မိမိကံနဲ့ဘဲ သွားရသလို သူလည်းဘဲ သူ့ကံနဲ့ ရောက်လာပြီး သူ့ကံနဲ့သွားရလိမ့်မယ်ဆိုတဲ့ သူ့ကံနဲ့သူ ကိုယ့်ကံနဲ့ကိုယ် သူနဲ့ကိုယ် ဘာမှမဆိုင်ဘူးဆိုပြီး ကံသာလျှင် မိမိဥစ္စာအဖြစ် သတ္တဝါတွေကို လျစ်လျူ ရှုနိုင်ရပါမယ်။ သည်လို လျစ်လျူ ရှုခြင်းဟာ ဥပေက္ခာ တိုးကြောင်း တစ်ရပ်ပါဘဲ။

သင်္ခါရကို လျစ်လျူ ရှုခြင်းဆိုတဲ့ နေရာမှာ ကုသိုလ်ကံ အကုသိုလ်ကံတွေကို သင်္ခါရခေါ်တာလည်း ရှိသလို ကိုယ့်ပစ္စည်း ဝတ္ထုဥစ္စာတွေကို သင်္ခါရခေါ် တာလည်း ရှိပါတယ်။ ဝတ္ထုပစ္စည်း သင်္ခါရမှာလည်း အကြောင်းနှစ်ရပ်နဲ့ လျစ်လျူ ရှုနိုင်ပါတယ်။ ပထမ ကတော့ ဒီဝတ္ထုပစ္စည်းတွေမှာ မိမိတကယ်မပိုင်၊ တကယ် အရှင်မဟုတ်ဆိုတာကို ဆင်ခြင်ခြင်းနဲ့ ဒုတိယ ကတော့ တစ်ခဏသာတည်မဲ့အဖြစ်ကို ဆင်ခြင်ခြင်း ဖြစ်ပါတယ်။ သည်သင်္ကန်း၊ သည်အဝတ်ပစ္စည်းတွေဟာ အနိစ္စသဘောပဲ မကြာခင်ပျက်စီးမှာမို့ ဘာလို့ ငါတွယ်တာနေမလဲလို့ တစ်ခဏသာတည်မဲ့ ဆင်ခြင် ခြင်းမျိုးဖြစ်ပါတယ်။ သည်လို ဆင်ခြင်ခြင်းမျိုးတွေ ဟာလည်း ဥပေက္ခာကို တိုးပွားစေပါတယ်။

တချို့ပုဂ္ဂိုလ်တွေဟာ လူဖြစ်ရင်လည်း သား ၊ သမီး စသည့်အပေါ်မှာ ရဟန်းဖြစ်ရင်လည်း တပည့် တွေပေါ်မှာ တွယ်တာချစ်ခင်တတ်တယ်။ သင်္ကန်း၊ သပိတ် ၊ ခွက် ၊ တောင်ဝှေး စသည့်အပေါ်တွေ မှာလည်း မက်မောတွယ်တာတတ်လို့ သူများကိုင်သုံး တာတောင် မနှစ်သက်နိုင်ကြဘူး။ သည်လို သတ္တဝါ သင်္ခါရတွေ အပေါ်မှာ တွယ်တာတတ်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ရှောင်ကြဉ်ခြင်းဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်ကို တိုးပွားနိုင်ပါ တယ်။

အထက်ပါပြောခဲ့တဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်ဘဲ၊ သတ္တဝါ သင်္ခါရတွေအပေါ် ချစ်ခင်တွယ်တာ မက်မောမှု ကင်းတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ပေါင်းသင်းဆက်ဆံ ရပါမယ်။ ဒါမှ သူတို့ထံမှ မက်မောတွယ်တာမှုကင်းတဲ့ ဓာတ်တွေကူးပြီး အတုမြင် အတတ်သင်သကဲ့သို့ လျစ်လျူ ရှုတဲ့အတတ်ပါ ကူးယူအားထုတ်နိုင်ကာ ဥပေက္ခာတွေ တိုးပွားနိုင်ပါတယ်။

ကိုယ့်အတွက် အလုပ်ဖြစ်ရေးမှာ စိတ်ညွတ် နေသူအဖို့ သူ့အလုပ်မှာ မလစ်ဟင်းစေရ အလုပ် ဖြစ်အောင် အမြဲကြိုးစားနေတာ အထင်အရှားပါဘဲ။ အဲသည်လို ဗောဇ္ဈင်အရာမှာ စိတ်ပါမှုတို့ကို ဗောဇ္ဈင် တိုင်းမှာပဲ အကြောင်းတစ်ရပ်အဖြစ် ထည့်ထားခြင်းပါပဲ။ ဒါကြောင့် သည်ဥပေက္ခာဗောဇ္ဈင်အရာမှာလည်း ဥပေက္ခာဖြစ်ဖို့ စိတ်ပါစိတ်ညွတ်နေခြင်းဟာ ဥပေက္ခာ သမ္ဗောဇ္ဈင်ဖြစ်ခြင်း အကြောင်းတစ်ရပ်ဖြစ်ရတယ် ဆိုတာ အထူးအထွေပြောနေဖို့ မလိုတော့ပါဘူး။ ထင်ရှားနေပါပြီ။

လင်္ကာလေးနဲ့ မှတ်ထားရင်တော့

သတ္တဝါတစ်၀ သင်္ခါရစု
လျစ်လျူ ရှုခဲ့ နှစ်ခုလုံးဝယ်
ခင်တွယ်သူပစ် မချစ်လျစ်လျူ
ရှုသူမှီလှစ် ဥပေက္ခာတွင် ညွတ်သက်ဝင်
ငါးအင် ဥပေက္ခာ ဖြစ်ကြောင်းတည်း

(သပြေကန်ဆရာတော်ဘုရားကြီး၏ ဗောဇ္ဈင်ခုနစ်ပါး တရား မြတ်ရတနာကျမ်းကို မှီငြမ်းထားပါသည်။)

 

(မေး) ဝိပဿနာတိုးတက်မှုကို ဟန့်တားတဲ့ တရားတွေ ရှိတယ်လို့ ကြားဖူးပါတယ်။ ဥပက္ကိလေသာ(၁၀)ပါးလို့ကြားဖူးပါတယ်။ (၉)ပါးလို့လည်း ကြားဖူးပါတယ်။ ဥပက္ကိလေသာ (၁၀)ပါးက မှန်ပါသလား။ (၉)ပါးက မှန်ပါသလားဘုရား။

(ဖြေ) ဝိပဿနာကို ညစ်ညူးစေတဲ့အကြောင်း (၁၀)ပါး ရှိပါတယ်။ဝိပဿနုပက္ကိလေသ လို့ခေါ်ပါတယ်။ အဲဒါ ကတော့ သြဘာသေ စေ၀ ဉာဏေစ၊ပီတိယာ စ ဝိကမ္ပတိ။ ပဿဒ္ဓိယာ သုခေစေဝ၊ ယေဟိ စိတ္တံ ပဝေဓတိ။ အဓိမောက္ခ စ ပဂ္ဂါဟေ၊ ဥပဋ္ဌာနေ စ ကမ္ပတိ။ ဥပေက္ခာဝဇ္ဇနာယ စ၊ ဥပေက္ခာယ နိယန္တိယာ။
၁။ အရောင်အလင်း
၂။ ထက်မြက်သောဉာဏ်
၃။ ပီတိ
၄။ ပဿဒ္ဓိ
၅။ စိတ်ချမ်းသာမှုသုခ
၆။ အဓိမောက္ခ (အလွန်ကြည်လင်သောသဒ္ဓါ)
၇။ အလယ်အလတ် ညီမျှစွာအားထုတ်ရသော ဝီရိယ
၈။ အာရုံ၌ ပြေးဝင်၍ ပြေးဝင်၍ သွားသကဲ့သို့ ထင်ရသော သတိ
၉။ ဥပေက္ခာနှင့်
၁၀။ သာယာနှစ်သက်ခြင်းတို့ဟာ ဥပက္ကိလေသာ ဖြစ်ပါသည်။

ဝိပဿနုပက္ကိလေသာက မဂ် ဖိုလ်ရောက်ပြီးသော အရိယာသာဝကမှာလည်းကောင်း၊ ကမ္မဋ္ဌာန်း မှားယွင်းနေတဲ့ ယောဂီမှာလည်းကောင်း၊ ကမ္မဋ္ဌာန်း ချထားပြီး ရပ်နားနေသော ပုဂ္ဂိုလ်မှာလည်းကောင်း၊ ပျင်းပျင်းရိရိနဲ့ ခပ်ပေါ့ပေါ့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ မှာလည်းကောင်း မဖြစ်ပါဘူး။

ဝိပဿနာတရားကို နည်းမှန်လမ်းမှန်နဲ့ အားထုတ်နေပြီး ဥဒယဗ္ဗယဉာဏ်၊ ဖြစ်ပျက်ဉာဏ် ရောက်တဲ့ ပုဂ္ဂိုလ်မှာသာ ဖြစ်တတ်ပါတယ်။
ဥပက္ကိလေသာ (၉)မျိုးနဲ့ (၁၀)မျိုးဆိုတာကတော့

ဥပက္ကိလေသာ

၁။ သြဘာသ
၂။ ဉာဏ
၃။ ပီတိ
၄။ ပဿဒ္ဓိ
၅။ သုခ
၆။ အဓိမောက္ခ
၇။ ပဂ္ဂဟ
၈။ ဥပဋ္ဌာန
၉။ ဥပေက္ခာတို့ ဖြစ်ပြီး ဒီ(၉)မျိုးထဲမှာတစ်ပါးပါးကို သွားပြီး ငြိတွယ်သာယာ နှစ်သက်တဲ့ နိကန္တိက ‘၁၀’ ဖြစ်ပါတယ်။

သည်အလင်းရောင်တို့ ဉာဏ်တို့ စသည် ဥပက္ကိလေသာ တစ်ပါးပါးကို သွားပြီးတော့ တရား ထူးတယ်၊ တရားတက်တယ်လို့ သွားပြီးစွဲလမ်းတာက တဏှာစွဲ၊ ငါ့မှာသာ သည်လိုဖြစ်တယ်။ ငါ့တရား ထူးတယ်ဆိုတာက မာနစွဲ၊ ငါကသာ ဉာဏ်ရှင်းတာ လင်းတာ ချမ်းသာတာဆိုပြီး ငါ့ရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ သွားပြီးစွဲတာက ဒိဋ္ဌိစွဲဖြစ်ပါတယ်။

ဒီ (၉)မျိုးရဲ့ တစ်ပါးပါးအပေါ်မှာ သွားပြီး တဏှာ မာန ဒိဋ္ဌိနဲ့သွားစွဲတဲ့ နိကန္တိ ဖြစ်မှသာ ဥပက္ကိလေသာ ဖြစ်တော့တာပဲ။ မစွဲလမ်းသရွေ့တော့ ဥပက္ကိလေသာ မဖြစ်ဘူးဆိုတာ သတိထားရပါမယ်။

ယောဂီဟာ ဆရာပြောထားတဲ့ အလင်းရောင် တွေ ဉာဏ်တွေ ဖြစ်လာပြီဆိုရင် ဒါက ဝိပဿနာ ညစ်ညူးကြောင်းတွေလာပြီ ၊ ဒါတွေက တရားထူး မဟုတ်ဘူး ဝိပဿနာလမ်းမှန်မဟုတ်ဘူး စွဲလမ်းလို့ မဖြစ်ဘူးလို့ သိထားရမယ်၊ သတိရ ရမယ်၊ ဒါတွေက လည်းပဲ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တတွေပဲလို့ နှလုံးသွင်းပြီး တရားအားထုတ်ဖို့ ဖြစ်ပါတယ်၊ သည်အလင်းရောင်တို့၊ ဉာဏ်တို့၊ ဥပေက္ခာတို့က အရိယာမဂ်မဟုတ်ဘူး သည် ဖြစ်ပေါ်နေတာကလည်း ပေါ်ပြီး ပျောက်နေတာဘဲ အမြဲပြောင်းလဲနေတာဘဲဆိုပြီး ဝိပဿနာရှုပွားနေတဲ့ ဉာဏ်က မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ ဖြစ်ပါတယ်။

အမှန်တော့ ဥပက္ကိလေသာ (၉)မျိုးပေမဲ့ သွားရောက် စွဲလမ်းတဲ့ နိကန္တိဖြစ်မှသာ ဥပက္ကိလေသာ ဖြစ်ပါတယ်၊ ကြုံရမယ့်လမ်းစဉ်တွေသာဖြစ်ပြီး သွားငြိမှ သာလျှင် ဝိပဿနာညစ်ညူးကြောင်း ဖြစ်တော့တာပါ။

 

(မေး) အလင်းရောင်နဲ့ ပတ်သက်ပြီး တဏှာ မာန ဒိဋ္ဌိနဲ့ သွားစွဲလမ်းတဲ့ သဘောကို တပည့်တော်မ သိပါရစေဘုရား။

(ဖြေ) သြဘာသခေါ်တဲ့အလင်းရောင်ဟာ သမာဓိ သက်သက်ကြောင့်လည်းကောင်း၊ ဝိပဿနာ သက်သက်ကြောင့်လည်းကောင်း ဖြစ်တတ်ပါတယ်။

ဖြစ်ပျက်ပြောင်းလဲနေတဲ့ ရုပ်နာမ်တို့ကို အစဉ် အတိုင်းမီအောင် လျင်မြန်စွာ မမှတ်သိနိုင် မပိုင်းခြား နိုင်သေးတဲ့ ဝိပဿနာယောဂီမှာ ဖြစ်ပေါ်လာတဲ့ အရောင်အလင်းဟာ သမာဓိ သက်သက်ကြောင့် ဖြစ်ပါတယ်။

အလွန်လျင်မြန်စွာ ဖြစ်ပျက် ပြောင်းလဲ ထင်ပေါ် နေတဲ့ ရုပ်နာမ်တို့ကို ဖြစ်ပျက်ပြောင်းလဲတိုင်း မီအောင် လိုက်ပြီး လှစ်လှစ် လှစ်လှစ်နဲ့ အလွန် လျင်မြန်စွာပင် မှတ်သိနိုင်တဲ့ ကာလမှာဖြစ်တဲ့ ဝင်းဝင်း ပြောင်ပြောင် အလင်းရောင်တွေကတော့ ဝိပဿနာ သက်သက်ကြောင့် ဖြစ်ပေါ်တဲ့ သြဘာသတွေပါ။

အလင်းရောင်တွေဟာ လက်နှိပ်ဓာတ်မီးကြီးနဲ့ ထိုးထားသလို သပိတ်လုံးကြီးလို ဝင်းဝင်းလုံးလုံးကြီး ဖြစ်သလို ၊ လင်ပန်းကြီးလို ချာချာလည် ဝိုင်းဝိုင်းအလင်းကြီး ဖြစ်သလို ၊ကျောင်းဝိုင်းကြီးတစ်ဝိုင်းလုံး လင်းလင်း ရှင်းရှင်း ဖြစ်နေသလိုတွေ လင်းလက်နေတတ်ပါတယ်၊ ကြာမြင့်စွာလည်း ဖြစ်နေတတ်ပါတယ်၊ ခဏလေး တည်တာလဲရှိတယ်။

အဲဒီအလင်းရောင်တွေက ကိုယ်ကထွက်လာ သလိုလို၊ ရှေ့နားဘေးနားက ထွက်လာသလိုလို၊ အထက်အောက်နားက ထွက်လာသလိုလို အမျိုးမျိုး တွေ့မြင်ရတတ်ပါတယ်။ အလင်းရောင်ပျံ့နှံ့နေရင် အရာဝတ္ထုတွေကို ညဉ့်အခါဖြစ်သော်လည်း နေ့အခါ လိုဘဲ ထင်ထင်ရှားရှား တွေ့မြင်ရတတ်ပါတယ်။

သည်လိုမြင်တွေ့ကြုံရတဲ့ ယောဂီဟာ မဂ် ဖိုလ်ကိုရလို့ဖြစ်တဲ့ အလင်းရောင်လို့ ထင်တတ်တယ်။ အလင်းရောင်ကို နိဗ္ဗာန်လို့ ထင်တတ်တယ်။ သည်လို မထင်တောင်မှ အလင်းရောင်ကို တရားထူးလို့ ယောဂီ ဟာ သာယာနှစ်သက် သဘောကျနေတတ် တယ်။ သည်လိုထင်မှတ် သာယာလိုက်ပြီဆိုရင် မှတ်မှု ပျက်ပြီ။ ရှုမှတ်နေလည်း ရုပ်နာမ် သင်္ခါရတို့ဟာ အရင်ကလို ရှင်းလင်းစွာ မထင်ရှားတော့ဘူး။ ဒါကြောင့် အလင်း ရောင်ကို ဝိပဿနာညစ်ညူးကြောင်းလို့ ခေါ်တာ။ အမှန်တော့ အလင်းရောင်ကို မူတည်ပြီး ဖြစ်တဲ့ သာယာမှု တဏှာ၊ နှိုင်းပြိုင်ထောင်လွှားမှု မာန၊ ထင်မှားမှု ဒိဋ္ဌိ ဆိုတဲ့ ကိလေသာတရားဆိုးတွေသာ ဝိပဿနာညစ်ညူးကြောင်း ဘေးအစစ်တွေ ဖြစ်တယ်။

(မေး) ဉာဏ်ကိုငြိတွယ်ရင် ဖြစ်တတ်တဲ့ ဥပက္ကိလေသာ အကြောင်းကိုလည်း စိတ်ဝင်စားပါတယ်ဘုရား။

(ဖြေ) ဒွါရ (၆)ပါးမှာ အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက် ထင်ပေါ်နေတဲ့ ရုပ်နာမ်တို့ကို အစဉ်အတိုင်း မီအောင်လိုက်ပြီး လှစ်လှစ် လှစ်လှစ်နဲ့ မှတ်လျက် မှတ်လျက် ရှင်းလင်းပြတ်သား ထင်ရှားစွာ သိသိ နေတာဟာ ဉာဏ်လို့ခေါ်ပါတယ်။ မှတ်ရင်း မှတ်ရင်း ရုပ်နာမ်အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောများ ကို ဆင်ခြင်ပြီး ရှင်းရှင်းလင်းလင်းဘဲ သိသိသွား နေတယ်။ သည်လိုသိရမှာလည်း ဆင်ခြင်မိတယ်လို့ပင် မထင်နိုင်ဘဲ မှတ်ရင်း မှတ်ရင်းပင် အလိုလိုသိသွား တယ်လို့ ထင်ရတယ်။

အဲသည်အသိဉာဏ်ကို တရားထူးလို့တစ်မျိုး၊ တရားထူးရလို့ သည်လိုရှင်းရှင်းလင်းလင်း သိသိသွား နေတာဆိုပြီးတော့ သည်အသိဉာဏ်ကို သာယာ နှစ်သက်တတ်တယ်။ ထင်မှတ်သာယာလိုက်တာနဲ့ သိမှတ်မှုဟာ ပျက်ပြီ။ ဝိပဿနာ ညစ်ညူးကြောင်း ဖြစ်သွားပြီ။

 

(မေး) ပီတိနဲ့ပတ်သက်တဲ့ ဥပက္ကိလေသာကိုလည်း သိပါရစေဘုရား။ ပီတိ (၅)မျိုးရှိတယ်လို့လည်း ကြားဖူးပါတယ်ဘုရား။

(ဖြေ) ပီတိက ခုဒ္ဒိကာပီတိ၊ ခဏိကာပီတိ၊ သြက္ကန္တိကာ ပီတိ၊ ဥဗ္ဗေဂါပီတိနဲ့ ဖရဏာပီတိဆိုတဲ့ ပီတိ (၅)မျိုးကို စာထဲမှာပြပါတယ်။

ကိုယ်ထဲမှာ ဖျဉ်းခနဲ ဖျဉ်းခနဲဖြစ်တာတို့ အသားအရည် ဆိုးဆိုးဆတ်ဆတ် လှုပ်တာတို့၊ မျက်ရည်ယိုထွက်တာတို့ ရင်ထဲ နှလုံးထဲ ဖိုခနဲ လှိုက်ခနဲ တက်ကြွတာတို့၊ ကိုယ်ထဲမှာ စိမ့်ခနဲ ငြိမ့်ခနဲ ကောင်းသွားတာတို့ဟာ ခုဒ္ဒိကာပီတိ ဖြစ်ပါတယ်။

ဖျဉ်းဖျဉ်း ဖျဉ်းဖျဉ်းဖြစ်တာတွေ ကြက်သီးထ တာတွေ လျှပ်ပြက်သလို ခဏခဏ ထပ်ထပ်ဖြစ်တာ ကိုတော့ ခဏိကာပီတိလို့ ခေါ်ပါတယ်။

တစ်ကိုယ်လုံးလွှမ်းခြုံသွားတော့မလို ကိုယ်ထဲ ဖျဉ်းဖျဉ်း ဖျဉ်းဖျဉ်း၊ စိမ့်စိမ့် စိမ့်စိမ့်၊ ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်နဲ့ လှိုက်လှိုက်လှဲလှဲ ပျံ့နှံ့လာပြီး ပျောက်ပျက်သွားတဲ့ နှစ်သိမ့်အားရမှုမျိုးကတော့ သြက္ကန္တိကပီတိဖြစ်ပါတယ်။

ကမ်းကို ဖုံးလွှမ်းတော့မလို အတင်းပြေးလာတဲ့ ပင်လယ်လှိုင်းလုံးကြီးတွေဟာ ကမ်းစပ်ကို ရောက် လာပြီး ပျောက်ပျက်သွားသလို၊ ကိုယ်ထဲမှာ လှိုက်လှဲ ပြင်းထန်စွာ သက်ဝင်လာပြီး ပျက်ပြယ်သွားတဲ့ အားရ နှစ်သိမ့်မှုလို့ ဆိုလိုတယ်။ မိမိကိုယ်ကို ဘယ်လို နေရ တယ်လို့ မသိနိုင်လောက်အောင် ဖျဉ်းဖျဉ်း ဖျဉ်းဖျဉ်း စိမ့်စိမ့် စိမ့်စိမ်နဲ့ အားကောင်းစွာ ဖြစ်လာပြီး တစ်ကိုယ် လုံးဖြစ်ဖြစ် ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ဖြစ် တက်ကြွ လှုပ်ရှား လွင့်စင်သွားနိုင်တဲ့ နှစ်သိမ့်အားရမှုကို ဥဗ္ဗေဂါပီတိလို့ ခေါ်ပါတယ်။

တစ်ကိုယ်လုံး၌ စိမ့်လျက် အေးလျက် အလွန် ခံသာ အလွန်ကောင်းသော အတွေ့အထိ ပီတိဇရုပ် တို့ကို ပျံ့နှံ့စေပြီး အားကြီးစွာဖြစ်ပေါ်တဲ့ နှစ်သိမ့် အားရမှုဟာ ဖရဏာပီတိ ဖြစ်ပါတယ်။

အဲသည်ပီတိတွေဖြစ်တဲ့အခါ ယောဂီဟာ တဏှာ မာန ဒိဋ္ဌိ တစ်ခုခုနဲ့ သွားငြိတွယ်လိုက်ရင်တော့ ဥပက္ကိလေသာ ဖြစ်တာပါဘဲ။ သည်ပီတိတွေ သိပ်အား ကောင်းလွန်းတဲ့အခါ တချို့ဆို လှစ်ကနဲ မေ့သွား သလိုတောင် ဖြစ်တတ်ပါတယ်။

 

(မေး) ပဿဒ္ဓိအကြောင်းကိုလည်း သိပါရစေ အရှင်ဘုရား။

(ဖြေ) ပဿဒ္ဓိနဲ့တွဲဖက် အဘိဓမ္မာ သဘောအရ ကာယလဟုတာ စိတ္တလဟုတာ ကာယမုဒုတာ စိတ္တမုဒုတာ ကာယကမ္မညတာ စိတ္တကမ္မညတာ ကာယပါဂုညတာ စိတ္တပါဂုညတာ ကာယုဇုကတာ စိတ္တဇုကတာတွေကလည်း ထင်ရှားဖြစ်ပေါ်ကြပါတယ်။

ကိုယ်စိတ်နှစ်ပါးလုံးဟာ လေးလံခြင်းမရှိဘဲ အလွန်ပင် ပေါ့ပါးနေပါတယ်။ မှတ်သိမှုတွေကလည်း အလွန်ပေါ့ပါး လျင်လျင်မြန်မြန် ဖြစ်ပါတယ်။ စိတ်ကူး မိရင်လည်း အလွန်ပင် သွက်လက်လျင်မြန်နေပါတယ်။ သွားရင်လည်း ခြေများမရှိသလို ပေါ့ပါးပြီးနေတတ် ပါတယ်။ သွားရင် ဝေးတဲ့ခရီးကို ခဏလေးနဲ့ ရောက် သွားမယ်လို့တောင် ထင်တတ်တယ်။ အဲ့သည်လို စိတ် ပေါ့ပါးပြီးနေတဲ့ သဘောက ပဿဒ္ဓိသဘောဖြစ်ပါ တယ်။ အဲသည်အချိန်မှာ မကောင်းမှုပြုလုပ်ရာမှာ စိတ်ဝင်စားမှုတို့ မိမိအပြစ်ကို ဖုံးကွယ်ချင်တာတို့၊ ဟန်ဆောင်ချင်တာတို့၊ ကောက်ကျစ်တာတို့ စိတ်မှာ လုံးဝကင်းရှင်းပြီး အလွန်ဖြောင့်စင်းနေပါတယ်။ အဲသည်အတိုင်း တစ်သက်လုံးနေရရင် ကောင်းမှာ ဘဲလို့ စိတ်မှာ ဖြစ်တတ်တယ်။ အဲသည်ပဿဒ္ဓိမှာ သွားပြီး တပ်မက် ငြိတွယ် နှစ်သက်လိုက်ရင် ဥပက္ကိလေသာ ဖြစ်တော့တာပါဘဲ။

 

(မေး) သုခနဲ့ပတ်သက်တဲ့ ဥပက္ကိလေသာသဘော ကိုလည်း သိပါရစေဘုရား။

(ဖြေ) ရှုမှတ်တဲ့စိတ်နဲ့ ယှဉ်တွဲပြီးတော့ ရွှင်လန်း ချမ်းသာမှုတွေလည်း အလွန်ထက်သန်စွာ ဖြစ်တယ်။ စိတ်ချမ်းသာရင် ကိုယ်စိတ်ချမ်းသာမှုလည်း ဖြစ်တော့ တာပါပဲ။ အဲသည်လို စိတ်ရွှင်လန်းချမ်းသာနေတဲ့အခါ မိမိရဲ့ တရားအားထုတ်ဖော်တွေကို မပြောပြဘဲ မနေ နိုင်လောက်အောင်ပင် ပြောပြချင်နေတတ်တယ်။

သည်သုခ ပီတိ ပဿဒ္ဓိနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ် အား အဲဒီအချိန်လေးမှာ သာမန်လူနတ်လို့ ပျော်မွေ့ တာထက် ထူးမြတ်လွန်ကဲပြီး ပျော်မွေ့တတ်ပါတယ်။ သည်ပျော်ရွှင်မှုကိုလည်း သာယာနှစ်သက် ငြိတွယ် တတ်ပြီး ဥပက္ကိလေသာ ဖြစ်တတ်ပါတယ်။

 

(မေး) အဓိမောက္ခသဘောရဲ့ ဝိပဿနာညစ်ညူးကြောင်းကိုလည်း သိပါရစေအရှင်ဘုရား။

(ဖြေ) ရှုမှတ်တဲ့စိတ်နဲ့ ယှဉ်ပြီး အလွန်ကြည်လင်တဲ့ သဒ္ဓါ အဓိမောက္ခကလည်း ထင်ရှားစွာ ဖြစ်ပေါ်တတ် တယ်။ ထက်သန်တဲ့သဒ္ဓါကြောင့် မှတ်တိုင်း မှတ်တိုင်း စိတ်ဟာ ညစ်ညူးခြင်းမရှိဘဲ အလွန် ကြည်လင်နေ တယ်။ မမှတ်သိဘဲ ရပ်နားခိုက်လည်း ကြည်လင်နေ ပါတယ်။ အသိသတိတွေဆက်ပြီး အားထုတ်ချင် နေသလို သူတစ်ပါးကိုလည်း အားထုတ်ဖို့ တိုက်တွန်း ချင်နေတတ်ပါတယ်။ ကြံစည်မိနေတတ်တယ်။ တရားအားထုတ်ဖော်နဲ့ ဆရာတွေကိုလည်း ကြည် ညို နေတတ်ပါတယ်။ သည်သဘောတွေကို နှစ်သက် သာယာမိလိုက်ရင်လည်း ဥပက္ကိလေသာ ဖြစ်တာပါဘဲ။

 

(မေး) ဖြစ်ခိုက်၊ ဖြစ်ခိုက်ကို သိတဲ့ဝီရိယကိုလည်း သိပါရစေဘုရား။

(ဖြေ) ဖြစ်ခိုက် ဖြစ်ခိုက်ရုပ်နာမ်ကို မှတ်မိစေရန် အထူးကြောင်းကြအားမစိုက် လုံးဝလဲ ကြောင့်ကြမှု မကင်းဘဲရှိတဲ့ အလယ်လတ် ညီညီမျှမျှ အားထုတ်တဲ့ ဝီရိယဟာ ပဂ္ဂဟလို့ ခေါ်ပါတယ်။

အဲသည်ကာလမှာ အထူးကြောင့်ကြမစိုက်ဘဲ မှတ်သင့်သမျှကို သူ့အလိုလို မှတ်သိနေတယ်လို့ ထင်ရတတ်တယ်။ သည်သဘောကို သွားရောက် နှစ်သက် ငြိတွယ်ရင်တော့ ဝိပဿနာညစ်ညူးကြောင်း ဖြစ်တော့တာပါဘဲ။

 

(မေး) ဥပဋ္ဌာနကြောင့် ဥပက္ကိလေသာ ဖြစ်ရတဲ့အကြောင်း မှတ်သားပါရစေဘုရား။

(ဖြေ) ဖြစ်ခိုက် ဖြစ်ခိုက် ရုပ်နာမ်တရားများက မှတ်တဲ့ စိတ်ထဲကို အလိုလိုပဲဝင်ရောက် ဝင်ရောက် လာသလို၊ မှတ်သိတဲ့စိတ်ကလည်း ထိုရုပ်နာမ်များထဲ ကို အလိုလို ဝင်ရောက် ဝင်ရောက်သွားသလို ထင်ပေါ် တဲ့ သတိကြောင့် အလွန်သိမ်မွေ့တဲ့ ရုပ်နာမ် အမူ အရာကလေးများတောင်မှ မြုပ်ကွယ်ခြင်းမရှိဘဲ အလွန်ထင်ရှားလျက် ဖြစ်ပါတယ်။

သည်သဘောကိုလည်း နှစ်သက်သဘောကျ လိုက်ရင် ဥပက္ကိလေသာ ဖြစ်တာပါဘဲ။

(မေး) ဥပေက္ခာကို သာယာနှစ်သက်ရင် ဥပက္ကိလေသာ ဖြစ်တယ်လို့ သိရပါပြီ ဘုရား။ ပြည့်စုံစွာ နာပါရစေဘုရား။

(ဖြေ) ဥဒယဗ္ဗယဉာဏ် ကောင်းကောင်းဖြစ်တဲ့ ကာလတွေမှာ အထူးကြောင့်ကြစိုက်ရတာတို့၊ ရှာကြံ ရတာမရှိဘဲ ရှေးရှေးမှတ်ချက်ရဲ့ အခြားမဲ့မှာပင် ဖြစ်ပျက်ခိုက်ရုပ်နာမ်ကို တည့်တည့်မတ်မတ် ဆင်ခြင် လဲ ဆင်ခြင်နေတယ်။ အဲသည်လို ဖြောင့်မတ်စွာ ဆင်ခြင်လျက်ဖြစ်နေတဲ့ အာဝဇ္ဇန်းဟာ အာဝဇ္ဇနုပေက္ခာ မည်ပါတယ်။ ထိုအာဝဇ္ဇန်း အားလျော်စွာပဲ အထူး ကြောင့်ကြမစိုက်ရဘဲ ဖြစ်ပျက်ခိုက် ထိုရုပ်နာမ်ကိုပင် မှတ်သိလျက် မှတ်သိလျက် ဖြစ်နေတဲ့ ဝိပဿနာ ဉာဏ်ကို ဝိပဿနုပေက္ခာခေါ်တယ်။

အားထုတ်စ ဘာဝနာနုစဉ်မှာ ရှုမှတ်မိစေရန် အမြဲကြောင့်ကြစိုက်ရတယ်။ နောက် လေ့ကျင့်ဖန်များ လာတော့ အထူးကြောင့်ကြမှု မရှိတော့ဘဲ သူ့အလို လိုပင် ဆင်ခြင်လျက်၊ သူ့အလိုလိုပင် မှတ်သိလျက် ဥပေက္ခာတွေ ဖြစ်တတ်ပါတယ်။

ဝိပဿနုပေက္ခာကို တရားကိုယ်အားဖြင့် တတြမဇ္ဈတ္တတာလို့ ခေါ်ပါတယ်။

 

(မေး) နောက်ဆုံးအရေးကြီးတဲ့ နိကန္တိကို သိချင်ပါသေးတယ်ဘုရား။

(ဖြေ) အလင်းရောင်၊ ဉာဏ၊ သုခ စသည်တို့နဲ့တကွ ဖြစ်လျက် ထူးခြားစွာ သိမှတ်နိုင်တဲ့ ဝိပဿနာမှာ သာယာနှစ်သက်သဘောကျတဲ့ တဏှာဟာ နိကန္တိဖြစ် ပါတယ်။ သည်သာယာမှုဟာ အလွန်သိမ်မွေ့တာ ကြောင့် သာယာမှုကိုပင် တရားထူးလို့ ထင်မှတ်တတ် သလို၊ တရားထူးရတဲ့အတွက် ဘာဝနာမှာ သည်လို ပျော်မွေ့တာပဲလို့ ထင်မှတ်ကြပါတယ်။ သည်နိကန္တိ ကတော့ ဥပက္ကိလေသာအစစ်ပါဘဲ။ သာယာမှုဟာ အလွန်သိမ်မွေ့တာကြောင့် ကိလေသာလို့တောင် မထင်မှတ်နိုင်ဘဲ ဘာဝနာရဲ့ပျော်မွေ့မှု ဘာဝနာရတိလို့ ထင်မှတ်တတ် ပါတယ်။

ဒါကြောင့် နိကန္တိဖြစ်ရုံနဲ့ ဝိပဿနာဟာ ပျက်စီးတတ်ပါတယ်။ နိကန္တိကို တဏှာ၊ မာန၊ ဒိဋ္ဌိနဲ့ ထင်မှား စွဲလမ်းခြင်းကြောင့် ဝိပဿနာပျက်စီးတတ် တာကတော့ ပိုဆိုးပါပြီ။

ဥပက္ကိလေသာတွေဟာ မှတ်သိမှုစိတ်တစ်ချက် တစ်ချက်မှာ အမှတ်မရှိ၊ တစ်ခုခြင်းလည်း ဖြစ်တတ် တယ်။ ၂ခု၊ ၃ခု၊ ၄ခု၊ ၅ခု စသည်အားဖြင့် အများလည်း ဖြစ်တတ်ပါတယ်။ နိကန္တိကြွင်းပြီး ဥပက္ကိလေသာ (၉)ပါးလုံးလဲ တစ်ပြိုင်နက် ဖြစ်ချင် ဖြစ်နိုင်တာပါဘဲ။

သည်ဟာတွေက ကြုံတွေ့ရမယ့် လမ်းစဉ် တွေပါ။ အဓိကကျတာကတော့ သည်ကြုံတွေ့ရတဲ့ လမ်းစဉ်မှာ သွားမသာယာမိဖို့၊ မငြိဖို့ပါဘဲ။ ငြိတွယ် သာယာပြီဆိုရင်တော့ ဥပက္ကိလေသာဖြစ်ပြီး ဝိပဿနာ ညစ်ညူးကြောင်းဖြစ်တော့တာဘဲ။ တရားလမ်းစဉ် တိုးတက်မှုကို ပိတ်ပင်မိလျက်သား ဖြစ်သွားတော့ တာပါဘဲ။

(မဟာစည်ဆရာတော်ဘုရား၏ ဝိပဿနာ ရှုနည်းကျမ်းကို ကိုးကားထားပါသည်။)

 

(မေး) ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားစဉ် (၄၅)ဝါတာကာလ ဝါဆိုခဲ့တဲ့ နေရာဋ္ဌာန ကျောင်းများကိုလည်း မှတ်သားပါရစေဘုရား။

 

 

 

နိဂုံး

အရိယာဖြစ်ကြောင်းတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ကာနေကြသည့် ရဟန်းတော်သည် လည်းကောင်း၊ ဥပါသကာသည်လည်းကောင်း၊ ဥပါ သိကာမသည်လည်းကောင်း တဒင်္ဂပဟာန်ကြောင့် ကိလေသာ နည်းပါးလာသည်နှင့်အမျှ လောကအမြင် ဘဝအမြင်များ ယာယီပြောင်းလဲတတ်ကြပေသည်။

သမုစ္ဆေဒပဟာန်ကြောင့် ကိလေသာကို အပြီး ပယ်ပြီးလျှင်ကား ဘဝကိုမြင်သောအမြင် လောကကို မြင်သောအမြင်သည် အပြီးအပိုင် ပြောင်းလဲပေတော့ သည်။

မာဂဏ္ဍီပုဏ္ဏားနှင့် ပုဏ္ဏေးမတို့သည် သူတို့၏ သမီးကညာ အချောအလှလေးကို ပညာရှိပုဏ္ဏားမျိုး၊ ခတ္တိယမင်းမျိုး၊ သူဌေးသူကြွယ်မျိုးတို့၏ စေ့စပ်ကမ်း လှမ်းလာခြင်းအတွက် သဘောမတွေ့နိုင်ဘဲ ရှိနေစဉ် မြတ်စွာဘုရားကို ဖူးမြင်ရသောအခါ၌မူ သမီးအတွက် ထိုက်တန်ဆုံးသော သတို့သားကိုတွေ့ပြီဟု ထင်မှတ် ထား၏။

သို့သော် မြတ်စွာဘုရားထံတော်ပါးမှ တရား ဒေသနာတော်ကို နာကြားကာ သစ္စာဉာဏ်အလင်း မျက်မှောက်ပြုပြီးသည်၏ နောက်တွင်မူ မာဂဏ္ဍီ သတို့သမီးငယ်၏ မိဘတို့သည် သူတို့ပိုင်ဆိုင်သမျှသော ရွှေ ၊ ငွေ ၊ မြေယာ ၊ ကျွဲ နွား စသည်တို့ကို ဘထွေးတော် စူဠမာဂဏ္ဍီကို ပေးအပ်ကာ ရဟန်းပြုသွားကြ တော့သည်။

ပေးအပ်လိုက်သည့် သက်ရှိ သက်မဲ့ ပိုင်ဆိုင် ပစ္စည်းများထဲတွင် ဤကမ္ဘာပေါ်တွင် ထိုက်တန်သော သတို့သားပင် မရှိနိုင်ဟု ထင်ရလောက်အောင် ပုထုဇဉ် ဘဝက တန်ဖိုးထားမြတ်နိုးခဲ့သည့် သမီးကညာ တစ်ပါးလည်း ပါပေသေးသည်။

ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့၏ အဝိဇ္ဇာမျက်လုံး ပွင့်ထွန်းသွားလေပြီ။ ယခင်က ဝိပလ္လာသတရားကြောင့် ‘အဟုတ်’ဟု ထင်မှတ်မှားခဲ့ရပါသည်။ ယခုသစ္စာတရား ၏ သတ္တိကြောင့် ‘ဘာမျှမဟုတ်’ ဟု အမှန်အတိုင်း သိလေပြီ။ အရိယာပုဏ္ဏားနှင့် ပုဏ္ဏေးမတို့တွင် ပြင်ပ ဗဟိဒ္ဓဘာမျှမပြောင်းလဲပါ အသိအမြင်ပြောင်းလဲ သွားခြင်းဖြစ်ပါသည်။ ဤသည်မှာ သစ္စာတရား၏ သတ္တိပေတည်း။

ထိုနည်းတူ သုပ္ပဗုဒ္ဓလူနူသည် မြတ်ဘုရား တရားဟောရာ ဝေဠုဝန်ကျောင်းတော်နားသို့ စားကြွင်း စားကျန်များကိုရလိုရငြား အရှာဖွေသွားခြင်း ဖြစ်ပါသည်။

သို့သော် မြတ်စွာဘုရား ကရုဏာစက်ဝန်းထဲ သို့ ရောက်ရှိသွားလေပြီ။ ထိုတရားပွဲ၌ လူနူသုပ္ပဗုဒ္ဓ သည် အရိယာသောတာပန် ဖြစ်လေပြီ။

ဤတွင် သိကြားမင်းသည် စုံစမ်းလိုသည် ဖြစ်၍ ကောင်းကင်၌တည်ကာ” အို သုပ္ပဗုဒ္ဓလူဆင်းရဲ၊ ခိုကိုးရာ မရှိသူ၊ ယုတ်ညံ့သူ သင့်ကို များပြားလှသော စည်းစိမ် ဥစ္စာဓနကိုပေးမည် ဘုရား၊ တရား၊ သံဃာ သည် မစစ်မှန်၊ ငါအလိုမရှိ” ဟု ဆိုစေသောအခါ သုပ္ပဗုဒ္ဓသည်

သဒ္ဓါဓနံ သီလဓနံ၊ ဟီရိ သြတ္တပ္ပိယံ ဓနံ။
သုတ ဓနဉ္စ စာဂေါစ၊ ပညာ ဝေ သတ္တမံ ဓနံ။
စသည်ဂါထာဖြင့် သိကြားမင်းကို ပြန်ကြားတော့သည်။

“အသင်သိကြားမင်း ငါမဆင်းရဲပါ၊ ငါခိုကိုး ရာလည်းမမဲ့ပါ၊ ငါ့မှာ သဒ္ဓါ၊ သီလ၊ ဟီရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာဟူသော သူတော်ကောင်းဥစ္စာ ခုနစ်ပါး ပြည့်စုံရှိလေပြီ”။

သိကြားမင်းသည် ထိုအကြောင်းဖြစ်စဉ်ကို မြတ်စွာဘုရားရှင်ထံတော်ပါး လျှောက်ထားလေသော်၊ “သင်သို့သော သိကြားမင်းတစ်ရာ၊ တစ်ထောင်သော် လည်း သုပ္ပဗုဒ္ဓကို ဘုရား၊ တရား၊ သံဃာ မစစ် မမှန်ဟု ပြောဆိုရန် မဖြားယောင်းနိုင်”ဟု မိန့်တော်မူ လေသည်။

အကယ်၍ သုပ္ပဗုဒ္ဓကို ဝေဠုဝန်ကျောင်းသို့ အသွားအဝင်ဝ၌သာ သိကြားမင်းက ဥစ္စာဓနဖြင့် ဖြားယောင်းပါက ဧကန်ပင် ရတနာသုံးပါးနှင့် စပ်လျဉ်း ၍ မဟုတ်မတရား ပုံကြီးချဲ့၍ပင် ပြောဆိုကာ စည်းစိမ် ဥစ္စာကို မုချယူပေမည်။

ယခုမူ အရိယာဝိဇ္ဇာမျက်လုံးကို ရပေပြီ၊ အဝိဇ္ဇာတိမ်သလ္လာလွင့်ပါးလေပြီ။ ထို့ကြောင့် ဘာမှ မဟုတ်သည်ကို ဘာမှမဟုတ်ဟု သိသွားလေပြီ။

အရိယာသောတာပန် သုပ္ပဗုဒ္ဓ၏ ပြင်ပသွင်ပြင် ဘာမှမပြောင်းလဲပါ။ လူနူပင်ဖြစ်ပါသည်။ အသိအမြင် ပြောင်းလဲသွားခြင်းသာ။

စိတ်အလိုသို့ လိုက်တတ်သောကြောင့် စိတ္တဟတ္ထ မထေရ်ဟူသော အမည်ဖြင့် သာသနာတော် ၌ထင်ရှားခဲ့သည့် ရဟန္တာမထေရ်တစ်ပါး ရှိခဲ့ဖူးပါသည်။

မထေရ်လောင်းလျာ သာဝတ္ထိပြည်သား လယ်သမားသည် နွားပျောက်ရှာတွေ့ပြီးနောက် မွန်းတည့်ပြီးချိန်၌ ကျောင်းထဲသို့ဝင်လာကာ ဆွမ်းကျန် စားရသည်မှ ဤသို့အကြံဖြစ်လေသည်။ “ငါသည် နေ့နေ့ ညည ထထကြွကြွ အလုပ်လုပ်ပါသော်လည်း ဤမျှဖွယ် ဖွယ်ရာရာမစားရပေ။ ထို့ကြောင့် လူဝတ်နှင့် နေရခြင်းထက် ရဟန်းဝတ်လျှင် ကောင်းပေတော့ မည်” ဟု တွေးကြံကာ ရဟန်းပြုပါတော့သည်။

သို့သော် မြတ်စွာဘုရားရှင်၏ ထိုကောင်းမြတ်သော လာဘ်ပူဇော်သက္ကာရကို စားရ၍ ရက်ကာလ အတန်ငယ်ကြာလတ်သော် ဆူဖြိုးသောကိုယ် ရှိလေပြီ။

ထိုအခါ သူသည် “ငါသည် စားစရာအလို့ငှာ အရပ်ထဲလှည့်လည်ကာ အသက်မွေးရသည်မှာ မဟုတ်တတ်လေပြီ အိမ်၌ အိမ်မှုကိစ္စလုပ်ပေအံ့” ဟု တွေးကာ လူထွက်လေ၏။

ဤသို့ဖြင့် ခြောက်ကြိမ်တိုင်တိုင် အိမ်ကို အောက်မေ့သတိရကာ စိတ်အလိုအတိုင်း ရဟန်းပြုကာ လူထွက်ကာဖြင့် နေလေသည်။

နောက်ဆုံး ခုနစ်ကြိမ်၌မှ အရိယာသစ္စာ အလင်းကို မျက်မှောက်ပြုကာ သာသနာ၌ မွေ့လျော် ပေတော့သည်။

သူသည် လယ်ယာကျွဲနွား သူ့မယားကို အဝိဇ္ဇာအိပ်မက်ထဲ၌သာ အဟုတ်ဟု ထင်မှတ်ခဲ့သည်။ အိပ်မက်မှ နိုးထလေသော် ဘာမှမဟုတ်တော့ဟု သိ လေပြီ။ ပစ္ဆိမဘဝိက ရဟန္တာလောင်းလျာသည် လူ့ဗာ လပမာ ခြောက်ကြိမ်တိုင် ရဟန်းဘဝမှ လျှောဆင်းခဲ့ သည်မှာကိလေသာ၏ အတင့်ရဲမှုကြောင့်ဖြစ်တော့သည်။

အဝိဇ္ဇာမှ မနိုးထသည်ရှိသော် ဆက်လက်၍လည်း မြင့်မြတ်သော ရဟန်းဘဝမှသည် အိမ်ရာ ထူထောင်သည့် ယုတ်ညံ့သောဘဝသို့ သက်ဆင်းနိုင်သေးသည်။ ယခုမူ ခိုင်မြဲလေတော့ပြီ ။ လူပုဂ္ဂိုလ် အနေ ဖြင့် စိတ္တဟတ္ထပင်ဖြစ်သည် ။ ယခင် အဝိဇ္ဇာအိပ်မက်ထဲမှ စိတ္တဟတ္ထဖြစ်ပြီး ယခု အဝိဇ္ဇာအိပ်မက်မှ နိုးထသူ အရှင်စိတ္တဟတ္ထတည်း။

သုပ္ပဗုဒ္ဓသည် သုပ္ပဗုဒ္ဓလူနူပင်ဖြစ်ပါသည်။ စိတ္တဟတ္ထသည် စိတ္တဟတ္ထပင်ဖြစ်သည်။ မာဂဏ္ဍီ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည်လည်း ပြင်ပဗဟိဒ္ဓသွင်ပြင် ဘာမှမပြောင်းလဲပါ။ အတွင်းအဇ္ဈတ္တ၌သာ ပြောင်းလဲခြင်းဖြစ်ပါသည်။ ယခင်က အဝိဇ္ဇာအိပ်မက်ထဲမှ ပုဂ္ဂိုလ်များဖြစ်ပြီး ယခုမူ အဝိဇ္ဇာအိမ်မက်မှ နိုးထပြီးသူများ ဖြစ်ပါသည်။ ဤမျှသာတည်း။

ထို့ကြောင့် အိပ်မက်ထဲ၌ ‘အဟုတ်’ ဟု ထင်ခဲ့ သမျှ ယခု’ဘာမှမဟုတ်’ ဟု အရိယာမျက်လုံး ပိုင်ရှင် များ သိသွားလေပြီ။
ကောသလမင်းကြီးသည် “ဤရဟန်းတို့ ကြည်လင်ရွှင်လန်း၍ ဆန်းသစ်စ လသဖွယ် တင့်တယ် ပြည့်ဖြိုးနေကြခြင်းမှာ မွန်မြတ်သော တရားထူးကို ရရှိနေကြခြင်းကြောင့်သာ ဖြစ်ပေရာသည်” ဟု မြတ်စွာဘုရားရှင်အား လျှောက်ကြားခဲ့ဖူးသည်။

သို့သော် မြတ်စွာဘုရား၏ တစ်ဝမ်းကွဲ နောင်တော် အရှင်ဒေဝဒတ်သည်လည်း ရဟန်းအသွင် အပြင်ကို နှစ်သက်ခဲ့သည်သာ။ သို့သော် သူသည် အဝိဇ္ဇာအိပ်မက်ရှည်မှ မနိုးထခဲ့ပေ။

 

ဥရောပယောဂီ၏ ကိုယ်တွေ့ဝိပဿနာ (ဒုတိယပိုင်း)

Loading