မာတိကာ

၆။ သဟဇာတပစ္စယော

Daily life Patthana

 

Sahajata Paccayo (Presence condition)

 

 

 

ပစ္စယုပ္ပန်တရားတို့ကို အတူတကွအဖြစ်ဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

The‘Sahajata’ means born together. It is translated as conascence. It is compared to a lamp. When there is a lamp, if the lamp is existing, there is light. Light is the conditioned state. The lamp is the conditioning state. The lamp and the light exist at the same time.

 

 

 

‘အလင်းဖြစ်မှု၊ ဆီမီးပြုသည့် တန္တုပမာ’ လာရှိသည်နှင့်အညီ မီးသည် တောက်ပသည်နှင့် တစ်ပြိုင်နက် အလင်းရောင်ပေါ်လာအောင် တည်နေအောင် အတူတကွဖြစ်၍ ကျေးဇူးပြုသကဲ့သို့ နာမ်ခန္ဓာ (၄)ပါး၊ မဟာဘုတ် (၄)ပါး၊ ပဋိသန္ဓေစိတ်၊ စေတသိက်၊ ဟဒယဝတ္ထုတို့သည် မိမိဖြစ်သည်နှင့် တစ်ပြိုင်နက် ပစ္စယုပ္ပန်တရားများဖြစ်အောင် တည်အောင် အတူတကွဖြစ်၍ ကျေးဇူးပြုကြသည်။

 

 

Born together

 

(သဟ + ဇာတ) သဟ = အတူတကွ၊ ဇာတ = ဖြစ်ပေါ်လာသည်။ သဟဇာတ = Born together or conascence.
သဟဇာတပစ္စည်း၏ ကျေးဇူးပြုပုံကို အဋ္ဌကထာများတွင် မှောင်နေသည့် တိုက်ခန်းထဲ၌ ဆီမီးညှိထွန်းလိုက်သည်နှင့် မီးတောက်ခြင်း၊ အလင်းရောက်ခြင်းနှင့် အမှောင်ပျောက်ခြင်း တို့သည် တစ်ပြိုင်တည်း၊ တစ်ချိန်တည်း ပေါ်ပေါက်လာကြသကဲ့သို့ စိတ် စေတသိက်မှန်သမျှ သည်လည်း ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် တစ်ပြိုင်တည်း၊ တစ်ချိန်တည်း Born together ဖြစ်ပေါ် လာ၏ဟု ဥပမာပြုတော်မူကြပါသည်။

မီးတောက်ဟူသော အကြောင်းကြောင့် အလင်းရောင်ဟူသော အကျိုးဖြစ်ပေါ်လာ ရာတွင် အကြောင်းနှင့်အကျိုးက တစ်ပြိုင်နက်တည်း၊ အချိန်အားဖြင့်လည်း တစ်ချိန်တည်း ဖြစ်ပေါ်ကာ ကျေးဇူးပြုသည့်နှယ် ဖြစ်၏။ ဤတွင် မဟာဘုတ်များတစ်ပြိုင်တည်း Born together ဖြစ်လာ၏။ စိတ်နှင့် စိတ္တဇရုပ်များလည်း တစ်ပြိုင်တည်း Born together ဖြစ်လာကြ၏။

 

 

ပုရေဇာတ၊ ပစ္ဆာဇာတနှင့် သဟဇာတ

 

ပဋ္ဌာန်းတရားတော်၌ ပစ္စယ = ပစ္စည်းဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန်ဟူသော အကျိုးတရားတို့ ရှိရာတွင် –

(က) ဦးစွာအကြောင်းတရားပေါ်ပြီး အကျိုးတရားက နောက်မှပေါ်သည့် (ပုရေဇာတ ပစ္စည်း) Born earlier or prenascence.

(ခ ) အကြောင်းတရားနှင့် အကျိုးတရား တစ်ပြိုင်တည်းပေါ်ပေါက်လာသည့် (သဟ ဇာတပစ္စည်း) Born together or conascence. နှင့်

(ဂ ) ဦးစွာ အကျိုးတရားပေါ်ပေါက်လာပြီး အကြောင်းတရားက နောက်မှပေါ် လာသည့် (ပစ္ဆာဇာတပစ္စည်း) Born laterer or postnascence ဟူ၍ ရှိပါသည်။

သဟဇာတပစ္စည်းတွင် အကြောင်းဖြစ်သည့် ပစ္စည်း၌လည်း ရုပ်တရားနှင့် နာမ်တရား ပါသည်။ အကျိုးတရားဖြစ်သည့် ပစ္စယုပ္ပန်၌လည်း ရုပ်တရားနှင့် နာမ်တရားများပါသည်။ ထို့ကြောင့် သဟဇာတပစ္စည်းတွင် ရုပ်နှင့်နာမ်က အကြောင်းတရားလည်း ဖြစ်သည်။ အကျိုး တရားလည်း ဖြစ်ပါသည်။

 

 

နာမ်ခန္ဓာလေးပါး

 

စတ္တာရော ခန္ဓာ အရူပိနော = နာမ်ခန္ဓာလေးပါးဖြစ်သည့် ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာတို့ ရှိသည့်အနက် –

(က) နာမ်ခန္ဓာတစ်ပါးက သုံးပါးကို ကျေးဇူးပြုရာတွင် ဥပမာ-ဝေဒနက္ခန္ဓာက အကြောင်းတရားဖြစ်ပါက ကျန်သုံးပါးဖြစ်သည့် သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာ တို့က အကျိုးတရား။ “ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတ ပစ္စယေန ပစ္စယော။”

(ခ ) နာမ်ခန္ဓာနှစ်ပါးက ကျန်နှစ်ပါးကို ကျေးဇူးပြုရာတွင် ဥပမာ-ဝေဒနက္ခန္ဓာနှင့် သညာက္ခန္ဓာက အကြောင်းတရားဖြစ်လျှင် ကျန်နှစ်ပါးဖြစ်သည့် သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာက အကျိုးတရား။

“ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။”

“ဒွေ ခန္ဓာ ဒွံန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။”

“တယော ခန္ဓာ ဧကဿ ခန္ဓဿ သဟဇာတပစ္စယေန ပစ္စယော။”

 

 

နာမ်ခန္ဓာ ၄-ပါးနှင့် စေတသိက်တရားတို့ကို ခန္ဓာဖွဲ့ခြင်း

နာမ်ခန္ဓာ ၄-ပါးကို ခန္ဓာဖွဲ့ပါက စတ္တာရောခန္ဓာ အရူပိနောဓမ္မာ = (နာမ်ခန္ဓာလေးပါး) ၁ – ဝေဒနာက္ခန္ဓာ၊ ၂ – သညာက္ခန္ဓာ၊ ၃ – သင်္ခါရက္ခန္ဓာ၊ ၄ – ဝိညာဏ-က္ခန္ဓာကို ဆိုလိုခြင်း ဖြစ်ပါသည်။

 

 

စေတသိက် ၅၂-ပါးကို ခန္ဓာဖွဲ့ပါက –

– ဝေဒနာစေတသိက်က ဝေဒနက္ခန္ဓာ တစ်ပါးရ၏။

– သညာစေတသိက်က သညာက္ခန္ဓာ တစ်ပါးရ၏။

– ကျန်သည့်စေတသိက် – ၅၀ က သင်္ခါရက္ခန္ဓာ တစ်ပါးရ၏။

– စိတ် ၈၉-ပါးက ဝိညာဏက္ခန္ဓာရ၏။
ဤနာမ်ခန္ဓာတို့သည် သဟဇာတ = အတူတကွ။ အညမည = အပြန်အလှန်အားဖြင့် ကျေးဇူးပြုပါသည်။ ထို့ပြင် သူတို့ကြောင့် ဖြစ်ပေါ်လာသည့် စိတ္တဇရုပ် Mind produce matter or Bio Chemical Reaction ကိုလည်း ကျေးဇူးပြု၏။

 

 

ဝီထိကိုလေ့လာခြင်း

ပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက် အလိုမကျဖြစ်သည့် ဝီထိကိုလေ့လာပါမည်။

ဘဝင် ၊ တီ ၊ န ၊ ဒ ၊ မ ၊ ဒေါသ ဇော ၊ ဇော ၊ ဇော ၊ ဇော ၊ ဇော ၊ ဇော ၊ ဇော ၊ ရုံ ၊ ရုံ ၊ ဘဝင် ဤဝီထိ၌ စိတ်ဆိုးသောအခါ မျက်စိ၊ မျက်နှာနီမြန်းလာစေသည်အထိ ဒေါသက ပြုသောကြောင့် ဒေါသဇောအခိုက်အတန့်၌ ဝိညာဏ်သည် ပစ္စည်း၊ ကျန်နာမက္ခန္ဓာဖြစ်သော နီမြန်းသောရုပ်၊ တုန်ခါနေသောရုပ်၊ ပူလောင်နေသည့်ရုပ် စသည် စိတ္တဇရုပ် Mind produce matter or Bio Chemical Reaction တို့သည် ပစ္စယုပ္ပန်ဖြစ်ကြ၏။

အဋ္ဌသာလိနီအဋ္ဌကထာ၌ ‘ဒေါသကြီးသောသူသည် ဆံဖြူလွယ်ခြင်း၊ သွားကျိုး လွယ်ခြင်း၊ မျက်စိမှုန်ခြင်း၊ အရေအသား တွန့်လိမ်လွယ်ခြင်းတည်း’ ဟူသော ခန္ဓာကိုယ်ကြီး အိုလွယ်ခြင်းကို ဖြစ်စေသည်ဟု ဆိုထားပါသည်။ သို့ဖြစ်ပါ၍ ဒေါသတည်းဟူသော စိတ်ကလေးက အဘယ်မျှ တန်ခိုးကြီးသည်ကို ဆင်ခြင်နိုင်မည် ဖြစ်ပါသည်။

 

 

ဒေါသဇော

 

 

 

ပဋိသန္ဓေ ကမ္မဇရုပ်

 

ပါဠိစာပေ၌ လာရှိသည့် ပဋိသန္ဓိကို မြန်မာစာပေတွင် ပဋိသန္ဓေဟု သုံးနှုန်းသည်။ ပဋိသန္ဓေစိတ်၏ အဓိပ္ပာယ်မှာ ဘဝဟောင်းနှင့် ဘဝအသစ်ကို ဆက်စပ်ပေးသည့်စိတ် ဖြစ်ပါသည်။ ပဋိသန္ဓေ စိတ်ကို နေရာအားလျော်စွာ ဝိပါက်စိတ်ဟူ၍လည်း ခေါ်၏။

ပဋိသန္ဓေကမ္မဇရုပ်၌ ဟဒယဝတ္ထုရုပ်ပါသည်။ ခဏငယ်သုံးချက်အတွင်း ဟဒယ ဝတ္ထုရုပ်က (အကြောင်းတရား)၊ ပဋိသန္ဓေစိတ်ကလေးက (အကျိုးတရား)အဖြစ် သဟဇာတ သတ္တိနှင့် အချင်းချင်း အပြန်အလှန် ကျေးဇူးပြု၏။

အမိဝမ်းထဲ ပဋိသန္ဓေတည်သည့် သတ္တဝါတို့တွင် နာမ်တရားအဖြစ် ပဋိသန္ဓေဝိညာဏ် စိတ်နှင့် စေတသိက် ၃၃-ပါး၊ ရုပ်တရားအဖြစ် ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက ဟူသော ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ် ကလာပ်သုံးစု (သုံးစည်း)တို့သည် တစ်ပြိုင်တည်း ဖြစ်လာကြသည်။

 

 

ကာယဒသက၊ ဘာဝဒသကနှင့် ဝတ္ထုဒသက

 

(က) ကာယဒသကဟူသည် ကာယပသာဒ၊ ဇီဝိတရုပ်၊ အဋ္ဌကလာပ်ရုပ် ၈-ပါး ဟူသော ကာယဒသက
(ခ ) ဘာဝဒသကဟူသည် ကမ္မဇကလာပ် ကိုးစည်း၌ပါသည့် အထီးအမ ကွဲပြားစေသည့် ဣတ္ထိဘာဝဒသက ကလာပ်၊ ပုမ္ဘာဝဒသက ကလာပ်
(ဂ ) ဝတ္ထုဒသကဟူသည် ဟဒယဝတ္ထုရုပ် ဇီဝိတ အဋ္ဌကလာပ်
(ဃ) သုတ္တန်ဒေသနာတော်အရ ပဋိသန္ဓေအခါကိုယူရာတွင် အမေ့ဝမ်းထဲ ရောက်သည့် အချိန်ကစပြီး မဖွားမချင်း ကာလကို ယူပါသည်။ အဘိဓမ္မာဒေသနာ၌မူ ပဋိသန္ဓေ စိတ်၏ ဥပါဒ်၊ ဌီ၊ ဘင် ခဏငယ်သုံးချက် အတွင်းကိုသာ ပဋိသန္ဓေအခိုက်ဟု ယူပါသည်။

 

 

ပဉ္စဝေါကာရ၊ စတုဝေါကာရ၊ ဧကဝေါကာရ

 

(က) စတုဝေါကာရဘုံဟူသည် နာမ်ခန္ဓာလေးပါးသာရှိသည့် အရူပလေးဘုံ
(ခ ) ဧကဝေါကာရဘုံဟူသည် ခန္ဓာတစ်ပါးသာရှိသည့် အသညသတ်ဘုံ
(ဂ ) ပဉ္စဝေါကာရဘုံဟူသည် ခန္ဓာငါးပါးရှိသည့် ကာမ၊ ရူပဘုံ။ ထိုထိုဘုံများအနက် ခန္ဓာငါးပါးရှိသည့်ဘုံကသာ ပဋိသန္ဓေနှင့် ဟဒယဝတ္ထုရုပ်များရှိသဖြင့် အညမည ပစ္စည်းနှင့် သဟဇာတပစ္စည်း ရပါ၏။

 

 

ဘဝအသစ်ကို ဖန်တီးပေးသည့် သဘာဝနိယာမတရား

 

သေခါနီးအခြေအနေကို ရင်ဆိုင်နေရသူသည် သူ၏ ဘဝတစ်သက်တာ ပြုလုပ်ခဲ့သည့် အကြောင်းအရာများစွာအနက်မှ စွမ်းအားအကောင်းဆုံး အကြောင်းအရာက စဉ်းစား၍ မဟုတ်ဘဲ မထင်မှတ်ထားသည့် အိပ်မက်တစ်ခု ရုတ်တရက်မက်လိုက်သည့်နှယ် စိတ်တံခါးဝသို့ အင်အားကြီးစွာဖြင့် အလိုအလျောက် ဝင်ရောက်လာတတ်သည်။ လူမမာက ရွေးချယ် သောကြောင့် ပေါ်လာခြင်း မဟုတ်ပါ။ တွန်းဖယ်၍ မရတော့ပါ။

သို့မဟုတ် ဘဝတစ်သက်တာ မိမိပြုလုပ်ခဲ့သည့် အလုပ်၏ နိမိတ်သင်္ကေတများက အထက်ပါနည်းအတိုင်း ပေါ်လာတတ်ပါသည်။ သို့မဟုတ်ပါက လားရောက်ရမည့်ဘဝနှင့် ဆိုင်ရာအာရုံတို့က စိတ် တံခါးဝသို့ အင်အားကြီးစွာဖြင့် ဝင်ရောက်ကာ နေရာယူထားလေတော့သည်။ လူမမာက ဤအာရုံတို့ကို ရှောင်လွှဲမရဘဲ မတွေ့မြင်လိုသော်လည်း မြင်တွေ့ နေရခြင်းမျိုး ဖြစ်ပါသည်။

ဤအကြောင်းတရားတို့ကပင် ဘဝအသစ်တစ်ခုကို ဖြစ်ပေါ်လာစေရန် သဘာဝက ဖန်တီးပေးထားသည့် ကံနှင့် ကံ၏ အကျိုးဆက်များပေတည်း။ မကောင်းသည့် ငရဲနိမိတ် ကဲ့သို့သော အာရုံထင်လာသည့် လူမမာများကမူ ရုတ်တရက် ကြောက်လန့်တကြား အထိန်း အကွပ်မဲ့ အော်ဟစ်လာတတ်သဖြင့် သူနာပြုများက နှစ်သိမ့်အားပေးရတတ်ကြောင်းနှင့် အချို့ လူမမာများကမူ အလွန်အမင်း ကြောက်လန့်ကာ ရုန်းကန်နေတတ်ကြောင်းကိုလည်း သုတေသန စာတမ်းများ၌ ဖော်ပြထားပါသည်။

ဤသို့ ကြောက်လန့်တကြားသေခြင်းကို ရင်ဆိုင်နေရသည့် လူမမာကို စောင့်ရှောက် နေသူ မိသားစုဝင်များအနေဖြင့် စိတ်မချမ်းမမြေ့ ဖြစ်ရုံသာမက ကိုယ်ကိုယ်တိုင် သေခါနီး ကာလ၌ အလားတူ အဖြစ်ဆိုးမျိုး ကြုံမည်ကိုလည်း အထူးပင် စိုးရိမ်ကာ ထိတ်လန့် တုန်လှုပ် နေတတ်ကြပါသည်။ သေဆုံးခါနီး ဤဘဝ၏ နောက်ဆုံးစိတ်ကို ဖန်တီးပေးသူမှာ တန်ခိုးရှင်၊ ဖန်ဆင်းရှင် Creater, God မဟုတ်ဘဲ မိမိပြုလုပ်ခဲ့သည့်အလုပ် (ကမ္မ = ကံ)ပင် ဖြစ်ပါသည်။

 

 

ဘဝတစ်ခုကို ဖန်ဆင်းပေးနိုင်စွမ်းသည့် ကံလေးမျိုး

 

(က) ကြီးလေးသော (ဂရုကံ) ပမာအားဖြင့် မိဘကိုသတ်သည့် ပဉ္စာနန္တရိယကံ

(ခ ) အလေ့အလာအဖြစ် လိုလိုလားလား ပြုလုပ်ခဲ့သည့် (အာစိဏ္ဏကံ)။ ဘဝတစ် လျှောက်လုံး ကြိမ်ဖန်များစွာ အလေ့အကျင့်များခဲ့သည့် ကံ (ဝါ) တစ်ကြိမ် တစ်ခါမျှပင် ပြုခဲ့ပါသော်လည်း စိတ်ဝယ် ထပ်တလဲလဲ အောက်မေ့နေသည့် ကုသိုလ်၊ အကုသိုလ်ကံ

(ဂ ) သေခါနီးကာလ၌ ကပ်၍ပြုလုပ်သည့် (အာသန္နကံ)၊ ပမာအားဖြင့် သေခါနီး ကာလ သံဃာတော်များထံပါးမှ ပရိတ်တရားတော်များကို နာကြားခြင်း၊ သပိတ်၊ သင်္ကန်း စသည် လှူဒါန်းသည့်ကံ

(ဃ) ဤကံသုံးမျိုး ထင်ဟပ်မလာနိုင်ပါက (ကဋတ္တာကံ)၊ ဘဝါဘဝများစွာက ပြုလုပ် ခဲ့သည့် ကုသိုလ်၊ အကုသိုလ်များအနက် တစ်ခုခု ထင်ဟပ်လာပါမည်

သေခါနီးကာလတွင် ဤကံလေးမျိုးအနက် ကံတစ်ပါးပါးက စိတ်ကို အားကောင်းစွာ လွှမ်းမိုးထားမည် ဖြစ်ပါသဖြင့် ကာယကံရှင်သည် ထိုအချိန်၌ ထိုအတွေးကို ဖယ်ရှားနိုင်စွမ်း မရှိရှာတော့ပါ။ လူမမာ၏အနီး၌ ရဟန်းတော်များ၏ တရားအသံကို နာကြားနေရပါ သော်လည်း စိတ်၌ ထင်ဟပ်နေသည့် ထိုအတွေးအာရုံကို ဖယ်ရှားနိုင်ရန် အခက်အခဲ ရှိကောင်း ရှိနိုင်ပါသည်။

ဤဘဝ၏ နောက်ဆုံးအချိန်တွင် အားကြီးသည့်အာရုံကပင် မရဏာသန္နဇောစိတ်ကို လွှမ်းမိုးကာ ဘဝသစ်တစ်ခုကို ဖော်ဆောင်ပေးပါတော့မည်။ ဤသည်မှာ ဘာသာလူမျိုးနှင့် မသက်ဆိုင်သည့် သဘာဝနိယာမတရား Natural Law ဖြစ်ပေသည်။

 

ပဋိသန္ဓေ အဆင့်ဆင့်

 

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဣန္ဒကူဋတောင် ဣန္ဒကဘီလူး၏ ဗိမာန်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဣန္ဒကဘီလူးသည် မြတ်စွာဘုရားထံပါးသို့ ချဉ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆိုလျှောက်ထား၏။

“အရှင်ဘုရား မြတ်စွာဘုရားတို့သည် ရုပ်ကို ဇီဝဟူ၍ ဆိုတော်မမူကုန်။ အဘယ် အကြောင်းကြောင့် ဤသတ္တဝါသည် ဤကိုယ်ကို ရသနည်း၊ ထိုသတ္တဝါအား အရိုးစု၊ အသား စိုင်တို့သည် အဘယ်မှ ရောက်လာသနည်း။ အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် အမိဝမ်း၌ ကပ်ငြိသနည်း” ဟု လျှောက်၏။

“ဘီလူး ရှေးဦးစွာ ကလလရေကြည်ဖြစ်၏၊ ကလလရေကြည်မှ အမြှုပ် ဖြစ်၏၊ အမြှုပ်မှ သားတစ်ဖြစ်၏၊ သားတစ်မှ အခဲဖြစ်၏၊ အခဲမှ ခက်မငါးဖြာတို့ ဖြစ်ကုန်၏၊ ဆံ၊ အမွေး၊ ခြေသည်း၊ လက်သည်းတို့လည်း ဖြစ်ကုန်၏။

ဤသတ္တဝါ၏ အမိသည် ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း စား၏၊ အမိ၏ဝမ်း၌တည်သော ထိုသတ္တဝါသည် ထို (အမိစားသော) အစာဖြင့် ထိုအမိဝမ်း၌ မျှတ၏ဟု မိန့်တော်မူ၏။ ဆက်လက်ပြီး –

 

 

 

(၁) ပထမံ ကလလံ ဟောတိ = ပထမသတ္တာဟ (ရက်သတ္တပတ်)၌ ကလလ ရေကြည် ဖြစ်၏။

(၂) ကလလာ ဟောတိ အဗ္ဗုဒံ = ဒုတိယပတ်၌ အမြှုပ်ကလေးဖြစ်လာသည်။

(၃) အဗ္ဗုဒါ ဇာယတေ ပေသိ = ထို့နောက် တတိယပတ်တွင် နီနီထွေးထွေး အသားတစ်ကလေး ဖြစ်လာသည်။

(၄) ပေသိ နိဗ္ဗတ္တတေ ဃနော = ထို့နောက် စတုတ္ထပတ်တွင် ခပ်မာမာအသား တုံးကလေး ဖြစ်လာသည်။

(၅) ဃနာ ပသာခါ ဇာယန္တိ = ပဉ္စမပတ်၌ ခေါင်း, ခြေနှစ်ဘက်၊ လက်နှစ်ဘက် ဖြစ်မည့် နေရာငါးခုမှာ ခက်မငါးဖြာဟု ခေါ် သည့် အဖုကလေးငါးခု ဖြစ်လာသည်။

(၆) ကေသာ လောမာ နခါပိစ = ထို့နောက် ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း စသည့် အင်္ဂါရပ်အစိတ်အပိုင်းများလည်း အခါအားလျော်စွာ လူ့အင်္ဂါရပ်စုံအောင် ဖြစ် ပေါ်လာ၏” ဟူ၍ ဘီလူးကို မြတ်စွာဘုရားရှင်က မိန့်ကြားတော်မူပါသည်။

 

 

၃၂-ပါးသောကောဠာသနှင့် နတ်တို့၏ခန္ဓာ

 

မာဂဏ္ဍီပုဏ္ဏေးမနှင့် မိဘတို့အား ဘုရားရှင်က “သင့်သမီး မာဂဏ္ဍီပုဏ္ဏေးမကလေး ထက် အနှိုင်းအဆမဲ့ ပို၍ ချောမောလှပသော မာရ်နတ်၏ သမီးများကိုပင် ငါ မသိမ်းပိုက်ခဲ့ကြောင်း၊ ကျင်ကြီး၊ ကျင်ငယ်၊ သွေး၊ သလိပ်တို့ဖြင့် ပြည့်နေသော သင့်သမီးကို အလိုမရှိ ပါကြောင်း” မိန့်တော်မူပါသည်။

ထို့ကြောင့် လူသားခန္ဓာသည်ကျင်ကြီး၊ ကျင်ငယ်၊ သွေး၊ သလိပ်၊ သည်းခြေ စသည် ဖြင့်(၃၂) ကောဋ္ဌာသနှင့် ပြည့်စုံပြီး နတ်တို့၏ခန္ဓာမှာမူ (၃၂)ပါးသော ကောဋ္ဌာသမပြည့်စုံ ကြောင်းကို ဤဒေသနာတော်ဖြင့် မှတ်သားနိုင်ပါသည်။

 

ဇီဝိတသည် လိပ်ပြာမဟုတ်ပေ

သတ္တဝါတစ်ခု၏ တစ်ဘဝလုံးကို ခြုံငုံကြည့်ပါက ပဋိသန္ဓေကစပြီး စုတိအဆုံး ရှိသည့်ကြားတွင် ရံခါ ဘဝင်စိတ်ဖြစ်ပြီး၊ ရံခါ ဝီထိစိတ်ဖြစ်သည်၊ လိပ်ပြာ၊ အတ္တ၊ ဇီဝဟူသော အသက်ကောင်မရှိပေ။ Mental process & Physical process မျှသာရှိသည်။ အဘိဓမ္မာတွင် ရုပ်ဇီဝိတ၊ နာမ်ဇီဝိတကို အသက်ဟု ယူဆသူများ ရှိကြသည်။ ဇီဝိတမည်သည် စောင့်ရှောက် တတ်သည့် သဘောမျှသာဖြစ်သည်။ လိပ်ပြာ၊ အတ္တကောင် မဟုတ်ပါပေ။

ကျမ်းညွှန်း * သဂါထာဝဂ္ဂသံယုတ် ပါဠိတော် ၁၀-ယက္ခသံယုတ်၊ ၁-ဣန္ဒကသုတ်

 

မဟာဘူတာ

 

“ဧကံ မဟာဘူတံ တိဏ္ဏန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော” မဟာဘူတ = ကြီးမား၊ ထင်ရှားသည့်ရုပ် = မဟာဘုတ်ဟု ရှေးဆရာတော်ကြီးများက မြန်မာပြန်ဆိုခဲ့ပါသည်။ မဟာဘုတ်တွင် (က) ကမ္မဇမဟာဘုတ် (ခ) စိတ္တဇမဟာဘုတ် (ဂ) အာဟာရဇမဟာဘုတ် (ဃ) ဥတုဇမဟာဘုတ်ဟူ၍ လေးပါးရှိ၏။

(က) ကမ္မဇမဟာဘုတ် = ကံကြောင့်ဖြစ်သည့် ရုပ်= စက္ခုပသာဒရုပ် စသည်မှာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါးလုံး အတူတကွ ပါဝင်နေသည်။

(ခ ) စိတ္တဇမဟာဘုတ် = စိတ်ကြောင့်ဖြစ်သည့်ရုပ် = ကာယဝိညတ် စသည်၌ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါးလုံး အတူတကွ ပါဝင်နေပါသည်။

(ဂ ) အာဟာရဇမဟာဘုတ် = အာဟာရကြောင့်ဖြစ်သည့်ရုပ် = အာဟာရမှီဝဲ ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါးလုံး အတူတကွ ပါဝင်၏။

(ဃ) ဥတုဇမဟာဘုတ် ဥတုကြောင့်ဖြစ်သည့်ရုပ် = အပူအအေးကြောင့် ပြောင်းလဲ ဖြစ်နေသည့်ရုပ် စသည်၌လည်း ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါးလုံး အတူတကွ ပါနေသည်။ ဤမဟာဘုတ်တို့သည် ဖြစ်လည်းအတူတူ၊ ပျက်လည်း အတူတူ။

 

 

ခန္ဓာငါးပါး ဝိပဿနာရှုကွက်

 

ဥသြငှက်၏ “ဥသြ ဥသြ” ဟူသောအသံကို သောတပသာဒ ပြည့်စုံသူတိုင်း ကြား ပေမည်။ သဘာဝတရားက ကြားပြီးပြီးချင်း ပျောက်သွားတော့သည်။ ဖောက်ပြန်ပျက်စီးသွားပြီ ဟူ၍လည်း ပြောနိုင်ပါသည်။ သောတပသာဒက ရုပ်တရား၊ အသံကလည်း ရုပ်တရား ဖြစ်၏။ ထို့ကြောင့် ရူပက္ခန္ဓာ ပေါ်သွားသည်။ နားက ကြားသည်။ ဥသြတွန်သံလေး နားဝင်ချိုလိုက်တာ၊ ကောင်းလိုက်တာ ဟူသောခံစားချက် ဝေဒနာက္ခန္ဓာပေါ်သည်။ ဥသြသံဟူသော အမှတ်သညာ၊ ဒီနှစ် ဥသြသံကြားရတာ ခါတိုင်းနှစ်ထက် စောတယ်ဟူသော အမှတ်သညာက သညာက္ခန္ဓာ။ ဥသြသံကို ကြားသိစိတ်က ဝိညာဏက္ခန္ဓာ။ နားက ကြားနိုင်အောင် အာရုံစိုက်ပြီး အတွင်းစိတ်ကနေ ပြုပြင်ပေးလိုက်သောကြောင့် ကြားခြင်းဖြစ်သည်။ တွေးနေ ငေးနေပါက ကြားမည် မဟုတ်ပေ။ ဤသို့ ပြုပြင်စီမံပေးသည်ကပင် သင်္ခါရက္ခန္ဓာဖြစ်သည်။

တစ်နည်းဆိုရသော် ဥသြသံနှင့် သောတပသာဒက ရူပက္ခန္ဓာ။ သာယာသည့်အသံ ခံစားသည်က ဝေဒနက္ခန္ဓာ။ ဥသြသံမှန်း မှတ်သားမိသည်က သညာက္ခန္ဓာ၊ ကြားသိစိတ်က ဝိညာဏက္ခန္ဓာ၊ ပြုပြင်စီမံပေးသည်က သင်္ခါရက္ခန္ဓာဟူသော ခန္ဓာငါးပါးတို့က တစ်ပြိုင်နက် တည်းဖြစ်ပြီး၊ တစ်ပြိုင်နက်တည်း ပျက်သွားကြလေသည်။ ပမာအားဖြင့် ညမှောင်နေသည့် အခန်းထဲ မီးထွန်းလိုက်သည်နှင့် မီးရောင်ရောက်၊ အမှောင်ပျောက်ခြင်းတို့သည် တစ်ပြိုင်နက်တည်း ဖြစ်၏။

 

 

ပေါ်ရာထင်ရှားရာသိရန် ပဓာန

 

ဝိပဿနာရှုသည့် ယောဂီအနေဖြင့် ဤမျှများပြားသည့် ဖြစ်စဉ် Function ကို မှတ်သား မိရန် မလွယ်ကူပေ။ ထင်ရှားရာတစ်ပါးပါးကို ရှုလျှင် (ဝါ) သိလျှင် (ဝါ) မိလျှင် လုံလောက် ပါသည်။ ပမာဆိုရသော် ဥသြသံကို ကြားလိုက်သည့် အသံကိုဖြစ်စေ၊ နှစ်သက်သည့် ခံစားမှုကို ဖြစ်စေ၊ မှတ်သားမှုကိုဖြစ်စေ ပေါ်ရာထင်ရှားရာ သိနိုင်သည်။ အလေ့အကျင့်ကောင်းသည့် ယောဂီအဖို့ ခံစားမှု၊ မှတ်သားမှု၊ သိမှု ပေါ်ပြီးပျောက် နေသည်ကို ရှုမိ၊ သိမိလျှင် လုံလောက် ပါသည်။ အလုံးစုံသော ခန္ဓာငါးပါးလုံး၏ ပေါ်ပြီးပျောက်၊ ဖြစ်ပေါ်လာပြီး ချုပ်သည်ကို သိနိုင်ရန်ကား မဖြစ်နိုင်ကောင်းပေ။ ဘုရားရှင်တို့၏ အရာသာဖြစ်ပေသည်။

ထို့ကြောင့် ယောဂီရှုမှတ်မိရန်မှာမူ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဒွါရခြောက်ပါးအနက် တစ်ပါးပါးမှ ပေါ်လာသော ခန္ဓာငါးပါးမှ ဖမ်းရပေမည်။

 

 

ခန္ဓာငါးပါးအစုအပုံ

 

အထက်ပါ ဥပမာတွင် ဥသြသံကို နားကကြားသိရာမှ ခန္ဓာငါးပါးပေါ်လာပုံကို ဖော်ပြထားပါသည်။ ခန္ဓာငါးပါးကို အစုအပုံဟု ဘာသာပြန်နိုင်ပါသည်။ သို့သော် လောက ဝေါဟာရအရ မြင်တွေ့နေရသည့် စပါးပုံ၊ သဲပုံပမာ အစုအပုံ မဟုတ်ပါပေ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်အားဖြင့် စု၍ရသောကြောင့် အစုဟုခေါ်ခြင်း ဖြစ်သည်။ အတိတ်က ဖြစ်ခဲ့သည်။ ပစ္စုပ္ပန်၌ ဖြစ်နေသည်။ အနာဂတ်၌လည်း ဖြစ်ပေဦးမည်ဆိုသောကြောင့် ခန္ဓာ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်အားဖြင့် စုပေါင်း၍ ရေတွက်ရသောကြောင့် ခန္ဓာဟုခေါ်သည်။ ထို့ကြောင့် စပါးပုံ၊ သဲပုံပမာမဟုတ်ဘဲ သဘောတရားအနေနှင့်သာ ရှိသည်။

သို့သော် မြင်တွေ့နေရသည့် သဏ္ဌာန်ပညတ်ဟူသော အသွင်သဏ္ဌာန်နှင့် အစု အပေါင်းဟူသော သမူဟနှစ်ခုကိုသာ မြင်ပြီး၊ သူ၏ သဘာဝအရှိ၊ ဓာတ်သဘောကို မမြင် တွေ့နိုင်ကြသောအခါ ပုဂ္ဂိုလ်သတ္တဝါအဖြစ် ပုံဖော်ကြခြင်းဖြစ်သည်။

ယောကျ်ား၊ မိန်းမ၊ ဖြူတယ်၊ မည်းတယ်ဟု ပုံဖော်ကြသည်။ ထိုအခါ “သူက ငါ့လူ၊ ငါ့လူကို မထိနဲ့ မင်းဒုက္ခရောက်ချင်လို့လား” ဟု ဖြစ်လာပါတော့သည်။ သဘာဝသဘောတရားကို သဘောတရားဟု မမြင်ဘဲ ပုဂ္ဂိုလ်သတ္တဝါဟု ပုံဖော်ရာမှ ရန်သူ၊ မိတ်ဆွေ၊ ချစ်သူ၊ မုန်းသူ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

 

 

ဝိပဿနာဉာဏ်ပေါ်ရန်

စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်ကိုလည်း ပြင်ပမှ အတုံးအခဲအဖြစ် ခံစားပြီးသိရသော်လည်း ရုပ်၏ဖောက်ပြန်တတ်သည့် သဘောအရ အကောင်အထည်အားဖြင့် မရှိပေ။

တစ်ဖန် မဟာဘုတ်တို့လည်း တစ်ပါးအကြာင်းဖြစ်လျှင် ကျန်သုံးပါကအကျိုး၊ နှစ်ပါးက အကြောင်းဖြစ်လျှင် ကျန်နှစ်ပါးကအကျိုး ဖြစ်နေသည်။ အတူတကွဖြစ်နေသဖြင့် တစ်ခု ပျက်လျှင် ကျန်သုံးခုလည်း ပျက်တော့သည်သာ။ သဟဇာတအနေဖြင့် အတူတကွဖြစ်၊ အတူတကွပျက်နေသည့် သဘာဝတရားကြီးဟု နားလည်ရန် ပဓာနဖြစ်သည်။

အဋ္ဌကထာများ၌ ဖွင့်ဆိုသည်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေခြင်းဟု ပြသည်။ သဘာဝဟူသည် သုညဟု ပြသောကြောင့် အစိုင်အခဲ၊ အတုံး၊ အရည်၊ အဖတ်၊ ပုံသဏ္ဌာန် ကင်းဆိတ်သည့် သဘောကပင် သုညဖြစ်သည်။ ကင်းဆိတ်ခြင်းမည်သည် ပုဂ္ဂိုလ် သတ္တဝါ၊ ယောကျ်ား၊ မိန်းမ၊ သူ၊ ငါ၊ အသက်၊ လိပ်ပြာ မဟုတ်သည်ကို ကင်းဆိတ်သည်ဟု ဆိုလိုပါသည်။

“ဥသြသံ ပေါ်လာတယ်၊ ဟော အခုမရှိတော့ဘူး၊ ပျောက်သွားပြီ၊ ဒါဖြစ်ပျက်ပေါ့” ဟု အတွေးဖြင့် “ပေါ်ပြီးပျောက်သွားတယ်” ဟု ပြုလုပ်နေမိပါလျှင်မူ ပညတ်ဖြစ်ပျက်ဖြစ်သောကြောင့် ဝိပဿနာဉာဏ် အဆင့်ဆင့် မြင့်တက်လာမည့်အခွင့်အရေး လုံးဝဆုံးရှုံးသွားမည် ဖြစ်ပါသည်။

 

 

အကြောင်းအကျိုးတရား Cause & Effect

 

မြတ်စွာဘုရားရှင်က အကျိုးတရားတစ်ရပ် ပေါ်ပေါက်လာနိုင်ရန်အတွက် အကြောင်း တရားပေါင်းများစွာ ပေါင်းဆုံပေးရကြောင်း ဟောတော်မူပါသည်။ အကြောင်းတရား ပေါင်းဆုံ သဖြင့် ဖြစ်ပေါ်လာသည့် သဘောတရားကို နားလည်လာသူအဖို့ တစ်စုံတစ်ဦးဦးသော တန်ခိုးရှင်၊ ဖန်ဆင်းရှင် Creator က ဖန်ဆင်းတာလည်း မဟုတ်သကဲ့သို့ အကြောင်းမဲ့ ဖြစ်နေခြင်းလည်း မဟုတ်ကြောင်းကို ပိုင်ပိုင်နိုင်နိုင် သိရှိလာနိုင်သည်။

ဖြစ်သင့်သော အကြောင်းတရားကြောင့် ဖြစ်သင့်သော အကျိုးတရား ပေါ်ပေါက်လာ ခြင်းသာတည်း။ ထိုအကျိုးတရား မဖြစ်ပေါ်နိုင်သော အကြောင်းတရားကြောင့် ထိုထို အကျိုးတရား မဖြစ်နိုင်ပေဟု သိရှိလာခြင်းကို ဆိုလိုပါသည်။ ဥယျာဉ်ထဲ စိုက်ပျိုးထားသည့် ပန်းသီးစေ့ဟူသော အကြောင်းတရားကြောင့် ချိုသော ပန်းသီး သီးသည်။ ခါးသော ကြက်ဟင်း ခါးသီး မသီးနိုင်ပေ။ စပ်သောငရုပ်သီးလည်း မသီးပေ။ ချဉ်သောရှောက်သီးလည်း မသီးနိုင်ပေ။

ထိုထိုသင့်သောအကြောင်းတရားတို့ကြောင့်သာ ထိုထိုသင့်သော အကျိုးတရားတို့ ပေါ်ပေါက်လာခြင်း ဖြစ်၏။ ယခုကဲ့သို့ Right understanding သမ္မာဒိဋ္ဌိအမြင် မှန်ကန်ရန် ပဋ္ဌာန်း တရားတော်ကို သင်ယူနေကြရခြင်း ဖြစ်ပါသည်။

ဤသို့ နားမလည်နိုင်ပါက အဟေတုက မိစ္ဆာဒိဋ္ဌိ၊ အကိရိယမိစ္ဆာဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သဿတဒိဋ္ဌိတို့မှ လွန်မြောက်ရန် ခဲယဉ်းပေလိမ့်ဦးမည်။

 

 

ဧဝံဓမ္မတာနည်း Of such a nature method

 

ဧဝံဓမ္မတာနည်းဟူသည် “ဖြစ်သင့်သည့် အကြောင်းတရားတို့ကြောင့်သာ ဖြစ်သင့်သည့် အကျိုးတရားတို့ ဖြစ်ကြသည်” ဟု အမှန်ကို အမှန်အတိုင်း သိသည်ကို ဧဝံဓမ္မတာနည်းဟု ခေါ်၏။

ဥပမာ အဝိဇ္ဇာဟူသောအကြောင်းကြောင့်သာ ဖြစ်ထိုက်သည့် သင်္ခါရဟူသော အကျိုး တရား ဖြစ်လာ၏။ သင်္ခါရဟူသော အကြောင်းကြောင့်သာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဝိညာဏ် ဟူသော အကျိုးတရား ဖြစ်လာသည်ဟု သိရှိနားလည်လာနိုင်သည်ကို သမ္မာဒိဋ္ဌိဉာဏ်အမြင်ဖြင့် အမှန်အတိုင်း သိလာခြင်း မည်ပါသည်။

တစ်နည်းပြဆိုရသော် ဤအကျိုးတရားသည် ဖြစ်သင့်သည့်အကြောင်းတရားတို့ ပေါင်းဆုံ၍သာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤအကျိုးတရားတစ်ရပ် မပေါ်ပေါက် သင့်သည့် အကြောင်းတရားကြောင့်မူ ထိုအကျိုးတရား မဖြစ်ပေါ်နိုင်ပေဟု အမှန်အတိုင်း သိမြင်သည်ကို သမ္မာဒိဋ္ဌိဉာဏ် Right understanding ခေါ်၏။

ထိုထိုအကျိုးတရားကို ဖြစ်စေနိုင်သည့် အကြောင်းတရားတို့ကို အမှန်အတိုင်း မသိနိုင် သေးသည့် သံသရာရှည်ကြာ ကာလပတ်လုံး၌မူ မဖြစ်နိုင်သည့် အကြောင်းတရားများ စွာကြောင့် အကျိုးတရားများ ဖြစ်နေသည်ဟု မှားမှားယွင်းယွင်း ယူပေတော့မည် (သို့မဟုတ်) အကြောင်းမဲ့ဖြစ်နေသည်ဟု မိစ္ဆာဒိဋ္ဌိအမြင် wrong understanding အားဖြင့် မှားမှားယွင်းယွင်း ယူပေတော့မည် ယူနေပေတော့မည်။

အဋ္ဌကထာလာ ဥပမာမှာ နွားနို့မှ ဒိန် ဖြစ်သည်။ ရေမှသည် ဒိန် မဖြစ်နိုင်ပါ။ ဆီမှသည် ဒိန်မဖြစ်နိုင်ပါ။ ဖြစ်သင့်သည့် အကျိုးတရားတစ်ရပ် ဖြစ်ပေါ်လာနိုင်ရန် ဖြစ်သင့်သည့် အကြောင်းတရား ဧကန် မုချ ရှိရပါမည်။ ဖြစ်သင့်သည့်အကြောင်းတရား မရှိပါဘဲ အကျိုး တရားတစ်ရပ် မပေါ်ပေါက်နိုင်ပါပေ။

အကျိုးတရား မပေါ်ပေါက်နိုင်သည့် အကြောင်းတရားက ထိုထိုအကျိုးတရားကို မဖော်ထုတ်ပေးနိုင်ပါ။ ဆီမှသည် နို့ဓမ်းခေါ်သည့် ဒိန်မဖြစ်နိုင်ပါ။ ရေမှသည် ဒိန်မဖြစ်နိုင်ပါဟု ပိုင်ပိုင် သိမြင်သဘောကျနိုင်လာသည့် ယောဂီအဖို့ အကျိုးတရားဟူသမျှ၌ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ မရှိဘဲ အကြောင်းမဲ့ အကျိုးတရားတို့ ပေါ်ပေါက်လာနိုင်သည်ဟူသော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိအယူတို့မှ လွတ်မြောက်နေပါသည်။

 

 

အကြောင်းအကျိုး ရှေ့ဖြစ် နောက်ဖြစ်

 

ပဋ္ဌာန်းတရားတော်၌ ပစ္စယ= ပစ္စည်းဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန်ဟူသော အကျိုးတရားတို့ရှိရာတွင် အကြောင်းကအရင် အကျိုးကနောက်လည်းရှိသည်။ အကြောင်းနှင့် အကျိုး တစ်ပြိုင်နက်ဖြစ်တာလည်း ရှိပါသည်။ အကျိုးကအရင်ဖြစ်ပြီး အကြောင်းက နောက်မှာ ဖြစ်တာလည်း ရှိပါသည်။

တရားရှုမှတ်ရာတွင်လည်းပစ္စယ = အကြောင်းတရား၊ ပစ္စယုပ္ပန္န = အကျိုးတရား ပါနေ ပါသည်။ ဥပမာ တရားရှုမှတ်ရာတွင် စိတ်ကလေးငြိမ်းအေးပြီး ချမ်းသာနေသည်ကို သိသိ နေသည်ဆိုပါစို့ ထိုအခိုက်တွင် သညာပါသည်။ ငြိမ်းအေးကာ ချမ်းသာနေသည့်ဝေဒနာကို မှတ်သိနေတာမှာ စေတနာက သညာကို သိခိုင်းနေသည်။ သိသိနေခြင်းက ဝိညာဏ်ဖြစ်သည်။ ထို့ကြောင့် ‘စတ္တာရော ခန္ဓာ အရူပိနော’ နာမ်ခန္ဓာလေးပါး အလုပ်လုပ်နေခြင်း ဖြစ်ပါသည်။

ဝေဒနာကို မှတ်သိနေရာတွင် သူက အကြောင်းတရားဖြစ်ပြီး ကျန်သည့် သညာ၊ သင်္ခါရ၊ ဝိညာဏ သုံးပါးတို့က အကျိုးတရား ဖြစ်သည်။ ဝေဒနာကို အကျိုးတရားထားပါက သညာ၊ သင်္ခါရ၊ ဝိညာဏတို့က အကြောင်းတရား ဖြစ်ပါသည်။

မဟာဘုတ်လေးပါးသည် ၂-ပါးက အကြောင်းဖြစ်ပါက ၂-ပါးက အကျိုးဖြစ်၏။ ၃-ပါးက အကြောင်းဖြစ်ပါက ၁-ပါးက အကျိုးဖြစ်၏။ ထို့ကြောင့် “ဧကံ မဟာဘူတံ တိဏ္ဏန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော။ တယော မဟာဘူတာ ဧကဿ မဟာဘူတဿ သဟဇာတပစ္စယေန ပစ္စယော။ ဒွေ မဟာဘူတာ ဒွိန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော” ဟု လာရှိပါသည်။

မဟာဘူတ = မဟာဘုတ် ၄-ပါး = ကြီးမားထင်ရှားသည့်ရုပ် = မဟာဘုတ်ဟူ၍ပင် ရှေးက မြန်မာပြန်ခဲ့ပါသည်။

ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါးလုံး အပြန်အလှန် ကျေးဇူးပြုနေခြင်းကို “ဧကံ မဟာဘူတံ တိဏ္ဏန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော။”

မဟာဘုတ်မှာ ကမ္မဇမဟာဘုတ် စိတ္တဇမဟာဘုတ် အာဟာရဇမဟာဘုတ် ဥတုဇမဟာဘုတ်တို့ ရှိပါသည်။

(က) ကံကြောင့်ဖြစ်သည့်ရုပ် = စက္ခုပသာဒရုပ်စသည်မှာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါးလုံး အတူတကွ ပါနေသည်။

(ခ ) စိတ်ကြောင့်ဖြစ်သည့်ရုပ် = ကာယဝိညတ်စသည်မှာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါး လုံး အတူတကွ ပါဝင်နေပါသည်။

(ဂ ) အာဟာရကြောင့်ဖြစ်သည့်ရုပ်= အာဟာရမှီဝဲလိုက်ပါက ဖြစ်လာသည့်ရုပ် စသည်မှာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါးလုံး အတူတကွ ပါနေသည်။

(ဃ) ဥတုကြောင့်ဖြစ်သည့် ရုပ်= အပူအအေးကြောင့် ပြောင်းလဲဖြစ်နေသည့်ရုပ် စသည်မှာလည်း ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါးလုံး အတူတကွ ပါနေသည်။

ဤမဟာဘုတ်တို့က ဖြစ်လျှင်လည်း အတူတကွဖြစ်ပြီး၊ ပျက်လျှင်လည်း အတူတကွ ပျက်ပါသည်။

 

 

ဥပါဒါရုပ် ၂၄-ပါး

မဟာဘုတ်ကို မှီ၍ဖြစ်သောရုပ် ၂၄-ပါးကို ဥပါဒါရုပ်ဟု ခေါ်သည်။ ၎င်းတို့မှာ ပသာဒရုပ် ၅-ပါး။ ဂေါစရရုပ် ၄-ပါး။ ဘာဝရုပ် ၂-ပါး။ ဟဒယဝတ္ထု ၁-ပါး။ ဇီဝိတရုပ် ၁-ပါး။ အာဟာရရုပ် ၁-ပါး။ ပရိစ္ဆေဒရုပ် ၁-ပါး။ ဝိညတ်ရုပ် ၂-ပါး။ ဝိကာရရုပ် ၃-ပါးနှင့် လက္ခဏရုပ် ၄-ပါးတို့ ဖြစ်ကြသည်။

* ပသာဒရုပ် ၅-ပါးမှာ = စက္ခုပသာဒ စသည် ၅-ပါး။
* ဂေါစရရုပ် ၄-ပါးမှာ = ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၏ တရားကိုယ် ပထဝီ၊ တေဇော၊ ဝါယောတို့ကို ယူသည်။
* ဘာဝရုပ် ၂-ပါးမှာ = ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်။
* ဟဒယဝတ္ထု = စိတ် စေတသိက်တို့တည်ရာ။
* ဇီဝိတရုပ်မှာ = ကမ္မဇရုပ်တို့ကို စောင့်ရှောက်သောရုပ်
* အာဟာရရုပ်မှာ = အဆီအနှစ်သြဇာရုပ်။
* ပရိစ္ဆေဒရုပ်မှာ = ရုပ်ကလာပ်တစ်ခုနှင့်တစ်ခုပိုင်းခြားထားသောအကြားရုပ်။
* ဝိညတ်ရုပ်မှာ = မိမိအလိုဆန္ဒကို သူတစ်ပါးအား သိစေနိုင်သော အမူ အရာရုပ်ကာယ။ ဝစီဝိညတ် စသည်။
* ဝိကာရရုပ်မှာ = လဟုတာရုပ်၊ မုဒုတာရုပ်၊ ကမ္မညတာရုပ်။
* လက္ခဏရုပ်မှာ = ဥပစယရုပ်၊ သန္တတိရုပ်၊ ဇရတာရုပ်၊ အနိစ္စတာရုပ်တို့ ဖြစ်ကြပါသည်။

 

သဟဇာတပစ္စည်း၏သင်္ချာ

သဟဇာတပစ္စည်း၏သင်္ချာမှာ -၉ ဖြစ်ပါသည်။ ထို့ကြောင့် “သဟဇာတေ နဝ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ -၃
(၁) ကု-ကု (၂) ကု-ဗျာ (၃) ကု-ကု၊ ဗျာ

အကုသလ သင်္ချာ -၃
(၁) အကု-အကု (၂) အကု-ဗျာ (၃) အကု-အကု၊ ဗျာ

အဗျာကတ သင်္ချာ -၁
(၁) ဗျာ-ဗျာ

ကုသလာဗျာကတ သင်္ချာ -၁
(၁) ကု-ဗျာ၊ ဗျာ

အကုသလာဗျာကတသင်္ချာ -၁
(၁) အကု-ဗျာ၊ ဗျာ

 

 

(Mind to Mind and Matter) (Matter to Matter) (Mind to Matter and Vice versa)

 

သဟဇာတပစ္စည်းသည် နာမ်တရားက နာမ်နဲ့ရုပ်တရား (Mind to Mind and Matter) ကို လည်းကောင်း၊ ရုပ်တရားက ရုပ်တရား (Matter to Matter) ကိုလည်းကောင်း၊ နာမ်တရားက ရုပ်တရားတို့ (Mind to Matter and Vice versa) ကို အပြန်အလှန် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်။

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

(က) နာမ်တရားက နာမ်နဲ့ရုပ်တရား Mind to Mind and Matter ကို ကျေးဇူးပြုရာတွင် –

ပစ္စယဟူသော အကြောင်းတရားမှာ – စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါးတို့ ဖြစ်သည်။
ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ စိတ္တဇရုပ်နှင့် ပဋိသန္ဓေကမ္မဇရုပ်တို့ ဖြစ်သည်။

(ခ ) ရုပ်တရားက ရုပ်တရား Matter to Matter ကို ကျေးဇူးပြုရာတွင် –

ပစ္စယဟူသော အကြောင်းတရားမှာ – မဟာဘုတ် ၄-ပါး ဖြစ်သည်။
ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – မဟာဘုတ် ၄-နှင့် ဥပါဒါန်ရုပ်တို့ ဖြစ်သည်။

Loading

Leave a Reply

Your email address will not be published. Required fields are marked *