မာတိကာ

၄။ အနန္တရပစ္စယော

 

Daily life Patthana

 

Anantara Paccayo (Proximity condition)

 

 

 

 

 

 

 

အကြားမရှိသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

The ‘Anantara’ means no interval. This is compared to the death of a universal king. When a universal king dies, that means he gives his son the chance to become a king.

 

 

 

 

‘ပျော်စံနတ်ရွာ၊ စကြဝတေး၊ သားကြီးအားသို့’ ဟု ရှေးဆရာမြတ်တို့က ဆိုထား သည်နှင့် အညီ စကြဝတေးမင်းကြီးသည် နတ်ရွာစံပြီးသည်နှင့် တစ်ပြိုင်နက် သားကြီး ရတနာသည် ဘုရင်ဖြစ်လာသကဲ့သို့ ရှေးရှေးနာမ်တရားများသည် ချုပ်ပျောက်၍ နောက် နောက် နာမ်တရားများ အကြားမရှိ ဖြစ်ပေါ်အောင် ကျေးဇူးပြုသည်။

အနန္တရ (န+အန္တရ) အန္တရ = အကြား၊ ကွက်လပ်။ န = မရှိ မည်သည့် စိတ်မှအကြား၌ မခြားသဖြင့် အခြား မရှိဟုခေါ်သည်။ အကြားမရှိဘဲ ရှေ့စိတ် နောက်စိတ်တို့ နှစ်စိတ် မဟုတ်ဘဲ တစ်ဆက်တည်းပင် ဖြစ်နေသည်ဟု ထင်မှတ်မှားလောက်အောင်ပင် အကြားမရှိ ခြင်းကို အနန္တရပစ္စယောဟု ခေါ်သည်။

 

နိယာမတရားများ

 

လောက၌နိယာမတရား ၅-ပါး ရှိပါသည်။ ၎င်းတို့မှာ ၁-ဗီဇနိယာမ၊ ၂-ဥတုနိယာမ၊ ၃-ကမ္မနိယာမ၊ ၄-ဓမ္မနိယာမ နှင့် ၅-စိတ္တနိယာမ Law of mind တို့ ဖြစ်ပါသည်။

(၁) ဗီဇနိယာမ = အမျိုးဗီဇကြောင့် စွဲမြဲခြင်း၊ ဥပမာ ထိကရုံးပင်တို့ကို တို့ထိလိုက်လျှင် ရုံးစု၍သွားခြင်း။ မြက် သစ်ပင်တို့ အမျိုးနှင့်တူစွာ သီးကြပွင့်ကြခြင်း။ သံသတ္တုတို့သည် သံလိုက်ရှိရာသို့ အလိုအလျောက်လာရခြင်း စသည် ဖြင့် ပြုပြင်သူမရှိဘဲ ဗီဇရုပ်ကို အစွဲပြု၍ သူ့သဘာဝအလျောက် ဖြစ်မြဲ၊ ဖြစ်သော သဘောတရားသည် ဗီဇနိယာမတည်း။

(၂) ဥတုနိယာမ = ဥတုရာသီအားလျော်စွာ အရပ်ရပ်ရှိ စပါးမျိုး၊ မြက်၊ သစ်ပင်မျိုးတို့၌ သူ့အချိန်ကျလျှင် နှိုးဆော်သူရှိသကဲ့သို့ တညီတညွတ်တည်း သီးကြ ပွင့်ကြခြင်း၊ သူ့အချိန် သူ့အခါ၌ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ဆီးနှင်း ကျခြင်း၊ ပင်လယ် သမုဒ္ဒရာ၌ ဒီရေတက်ခြင်း၊ သူ့အချိန်ကျလျှင် ကမ္ဘာ မီးလောင်ခြင်း၊ ကမ္ဘာပျက်မိုးရွာခြင်း၊ ကမ္ဘာပြုမိုးရွာခြင်း စသည်ဖြင့် ပြုပြင်သူမရှိဘဲ ဥတုကိုအစွဲပြု၍ သူ့သဘာဝအလျောက် ဖြစ်မြဲ၊ ဖြစ်သော သဘောတရားသည် ဥတုနိယာမတည်း။

(၃) ကမ္မနိယာမ = မကောင်းမှု ကံကြောင့် ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေဖြစ်ပေါ်ရခြင်း၊ ပဝတ္တိအခါ ဒုဂ္ဂတိ သုဂတိဘုံ၌ မကောင်းကျိုးဖြစ်ပေါ်ခြင်း၊ ကောင်းမှုကံကြောင့် ကောင်းကျိုး ဖြစ်ပေါ်ခြင်းစသော ပြုပြင်သူမရှိဘဲ ကံကို အစွဲပြု၍ သူ့ သဘာဝအလျောက် ဖြစ်မြဲ၊ ဖြစ်သော သဘောတရားသည် ကမ္မနိယာမတည်း။

(၄) ဓမ္မနိယာမ = ဘုရားလောင်းတို့ ပဋိသန္ဓေနေတော်မူစဉ် ဖွားတော်မူစဉ် ကာလတို့၌ မြေတုန်လှုပ်ခြင်း၊ အရောင်အလင်း ဖြစ်ပေါ်ခြင်း စသော သုံးဆယ့်နှစ်ပါး သော နိမိတ်ကြီးတို့ ဖြစ်ပေါ်ခြင်း၊ အဝိဇ္ဇာရှိသော သူတို့သန္တာန်မှာ သင်္ခါရ စသည်တို့၏ ဖြစ်ပေါ်ခြင်း၊ မဂ်ဉာဏ်နှင့် နိဗ္ဗာန်ကို မြင်လိုက်သည် ရှိသော် အဝိဇ္ဇာကုန်ခန်းခြင်း၊ သင်္ခါရ စသည်တို့ ကင်းကြခြင်း စသည်ဖြင့် တရားဓမ္မကိုအစွဲပြု၍ ဖြစ်မြဲ၊ ဖြစ်သော သဘောတရားသည် ဓမ္မ နိယာမတည်း။

(၅) စိတ္တနိယာမ = အာရုံ တိုက်ခိုက်လာလျှင် ပြုပြင်စီရင်သူ မရှိဘဲ သူ့သဘာဝအလျောက် ဝီထိစိတ်တန်းစဉ်၍ ဖြစ်မြဲ၊ ဖြစ်သော အမူအရာသည် စိတ္တနိယာမတည်း။

 

 

 

ဝီထိစိတ်အစဉ်

 

သတ္တဝါတို့၏ သန္တာန်၌ အဆင်း၊ အသံ၊ အနံ့ စသည့်အာရုံတစ်ခုခုဖြင့် မကြုံဆုံရဘဲ အိပ်ပျော်နေသကဲ့သို့ ဖြစ်နေသည့် နာမ်တရားတို့ကို ဘဝင်စိတ် Life continuum အိမ်ရှင်စိတ် ဟုခေါ်၏။

ဘဝင်စိတ်များ စဉ်ဆက်မပြတ်တရစပ် ဖြစ်နေရာမှသည် အဆင်း၊ အသံ စသည့် အာရုံ တစ်ပါးပါးက ရိုက်ခတ်လာပါက ဘဝင်စိတ်ကို လာထိပါသည်။ အာရုံဆုံကာ ထိထိချင်း မသိနိုင်သေးပါ၊ ဘဝင်စိတ်အစဉ်က အလွန်ကြီးမားသည့် အရှိန်အဟုန်ဖြင့် မရပ်မနား တရစပ် ဖြစ်နေသဖြင့် ထိုစိတ်အစဉ်ကြီးကို ရပ်၍ မရသေးသဖြင့် ဘဝင်တစ်ခုခန့် အနည်းဆုံး အရှိန် လွန်သွားပါသည်။

ထိုအရှိန်လွန်သွားသည့် ဘဝင်စိတ်ကို ၁- အတီတဘဝင် ဟုခေါ်ပါသည်။ ထို့နောက် ဘဝင်အစဉ် လှုပ်သွားသည့် ဘဝင်စိတ်ကို ၂- ဘဝင်္ဂစလနဟု ခေါ်ပါသည်။ ဘဝင်အစဉ် ရပ်သွားသည့်ဘဝင်စိတ်ကို ၃- ဘဝင်္ဂုပစ္ဆေဒဟု ခေါ်ပါသည်။ ထို့နောက် အဆင်းအာရုံကို ဆင်ခြင်သည့် ၄- ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်လာပါသည်။ အဆင်းအာရုံကို သိသည့်မြင်သိစိတ် ၅- စက္ခုဝိညာဏ်စိတ် ဖြစ်လာသည်။ မြင်သိစိတ်ဖြစ်ပြီးနောက် အာရုံကိုလက်ခံသည့် ၆- သမ္ပဋိစ္ဆိုင်းစိတ်၊ အာရုံကိုစူးစမ်းသည့် ၇- သန္တီရဏစိတ်၊ အာရုံကိုဆုံးဖြတ်သည့် ၈- ဝုဋ္ဌောစိတ်တို့ ဖြစ်ကြသည်။

ထို့နောက်၌ ဝုဋ္ဌော၏ အဆုံးအဖြတ်အတိုင်း အကောင်းအဆိုး ခွဲခြားကာ ခံစားသည့် ဇောစိတ် ၇-ကြိမ် ဆက်၍ ဖြစ်၏။ ထို့နောက် အာရုံကို အာသာမပြေနိုင်သေးသည့် သဘော ဖြင့် တဒါရုံစိတ် ၂-ကြိမ် ဖြစ်ပါသည်။ အတီတဘဝင်က စတင်ပြီး ဒုတိယတဒါရုံ အဆုံးအထိ စိတ်အရေအတွက် ၁၇-လုံးပြည့်သောအခါ သိစိတ် ဖြစ်စဉ်တစ်ခု ပြီးဆုံးလေသည်။

ကျမ်းညွှန်း * သုခမှတ်စု (၁၉၉၇၊ ဆဋ္ဌမအကြိမ်)

 

 

 

သရက်သီးကြွေသည့် ဥပမာဖြင့် ဝီထိကိုလေ့လာခြင်း

 

ဝီထိဖြစ်စဉ်ကို သရက်ပင်ရင်း၌ သရက်သီးကြွေသည့် ဥပမာဖြင့် လေ့လာနိုင်ပါသည်။ ဥပမာအားဖြင့် လူတစ်ယောက်သည် သရက်ပင်ရင်း၌ အိပ်ပျော်နေသည် ဆိုပါစို့။ ထိုသူ အိပ်ပျော်နေစဉ် ဘဝင်စိတ်အစဉ် ငြိမ်သက်စွာ ဖြစ်ပေါ်နေပါသည်။

ထိုအခိုက် သရက်ပင်ပေါ်မှ သရက်သီးအမှည့်တစ်လုံး အိပ်ပျော်နေသူ၏ အနီးတွင် ကြွေကျခြင်းသည် ပြင်ပ အသံအာရုံနှင့် နားနှင့် တိုက်ဆုံခြင်းကို ပမာပြုနိုင်ပါသည်။ သရက်သီး ကြွေကျသံကြောင့် ထိုလူထရန် လှုပ်ရှားလာ၏။ ဤကား ဘဝင်စိတ် ၂-ကြိမ်လှုပ်၍ ပြတ်သည် နှင့်တူသည်။ (အတီတဘဝင်နှင့် ဘဝင်္ဂစလန)

ထိုလူသည် ခေါင်းထောင်၍ စူးစမ်းဆင်ခြင်ခြင်းသည် (ပဉ္စဒွါရာဝဇ္ဇန်း) စိတ်က အာရုံကို နှလုံးသွင်းသည်နှင့် တူသည်။ သရက်သီးကို မြင်ရရုံမျှ မြင်ရခြင်းသည် (စက္ခုဝိညာဏ်) မြင်သိစိတ် ဖြစ်ပါသည်။

ထို့နောက် သရက်သီးကို ကောက်ယူလိုက်သည်။ ဤကား (သမ္ပဋိစ္ဆိုင်း)က အာရုံကို လက်ခံယူသည်နှင့် တူသည်။ သရက်သီးကို အနီးကပ် ကြည့်ရှု နမ်းရှုပ်ခြင်းသည် (သန္တီရဏ)က အာရုံကို စုံစမ်းသည်နှင့် တူသည်။ သရက်သီးမှည့်နေသဖြင့် စား၍ရမှန်း သိခြင်းသည် (ဝုဋ္ဌော)က အာရုံဆုံးဖြတ်သည်နှင့် တူသည်။

သရက်သီးကို အားရပါးရ ၇- ကြိမ် ကိုက်စားခြင်းသည် ဇော ၇- ကြိမ် စောသည်နှင့် တူသည်။ ခံတွင်းထဲ ကျန်နေသည့် သရက်သီးအဖတ်ကို တံတွေးနှင့်တကွ မျိုချခြင်းသည် (တဒါရုံ) ၂ – ကြိမ်နှင့် တူသည်။ ထိုလူသည် စားပြီးနောက် လဲလျောင်းကာ အိပ်ပျော်သွားသည်။ ဤကား ဘဝင်စိတ်အစဉ် ဆက်လက် ဖြစ်နေသည်နှင့်တူသည်။ ဧည့်သည်လာသဖြင့် တံခါးခေါက်သည့် ဥပမာကိုလည်း ဆရာတော်ကြီးများ ပြတော်မူပါသေးသည်။

 

 

 

ဝီထိစိတ်နှင့် ဘဝင်စိတ်

 

ဝီထိစိတ်ကို Awareness ဟူ၍လည်းကောင်း၊ ဘဝင်စိတ်ကို Life continuum ဟူ၍ လည်းကောင်း နေရာအားလျော်စွာ ခေါ်ဝေါ်ပါသည်။

အိမ်ရှင်စိတ်ဟူသည် လူဖြစ်စေ၊ နတ်ဖြစ်စေ၊ အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်၊ ပြိတ္တာ ပင်ဖြစ်စေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ကာလတွင် ဖြစ်သောစိတ်မှာ ဘဝင်စိတ် (ဝါ) အိမ်ရှင်စိတ် ဖြစ်ပါသည်။

ထို့အပြင် မျက်စိ၊ နား စသည်ဒွါရများ၌ ထင်လာသော အာရုံအသစ်ကြောင့် ဝီထိ စိတ်အစဉ် မဖြစ်သေးသည့် တဒင်္ဂများတွင်လည်း ဘဝင်စိတ် (ဝါ) အိမ်ရှင်စိတ်များ ဖြစ်နေလျက်ရှိ၏။ အဘိဓမ္မာ၌ ဝိပါက်စိတ်ဟု ခေါ်သည်။

ဘဝတစ်ခု၌ ဖြစ်ကြသော ပဋိသန္ဓေစိတ်၊ စုတိစိတ်နှင့် ဘဝင်စိတ်တို့သည် ၁-အမျိုး ဇာတ်တူသည်။ ၂- ယှဉ်ဖက်စေတသိက်တူသည်။ ၃- အာရုံလည်းတူကြသော စိတ်များ ဖြစ်သည်။ ဤသို့ သတ္တိတူညီပါသော်လည်း နေရာအားလျော်စွာ အမည်နာမရကြခြင်း ဖြစ်ပါသည်။

ပမာပြရသော် လူတစ်ယောက်သည် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်ဖြင့် ပဋိသန္ဓေတည်လျှင် ဘဝင်စိတ်နှင့် စုတိစိတ်တို့သည်လည်း သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်ပင် ဖြစ်ကြရသည်။ ပဋိသန္ဓေစိတ်က ဂတိနိမိတ်ကို အာရုံပြုလျှင် ဘဝင်စိတ် စုတိစိတ်တို့ကလည်း ထိုဂတိနိမိတ်ကိုပင် အာရုံပြုကြရိုးဖြစ်၏။

ထို့ကြောင့် ပဋိသန္ဓေစိတ်၊ ပထမဘဝင်၊ ဒုတိယဘဝင် စသည်တို့ကို ‘မင်းတို့ လူ့ပြည် သွားပြီး ဒီစိတ်နဲ့ ပဋိသန္ဓေနေကြရမယ်။ ဒီစိတ်နဲ့ပဲ အိပ်ကြရမယ်၊ ဒီစိတ်နဲ့ပဲ စုတိစိတ် ကျရမယ်’ဟု ကံက စီမံပေးလိုက်ပါသည်။ ထိုထိုကံ၏ စီမံပေးသည့်အတိုင်းပင် ဖြစ်ကြရသဖြင့် ကံ၏ကျွန် ‘ကမ္မဒါသ’ များသာ ဖြစ်ကြ၏ဟု ပညာရှင်များက တင်စားကြပါသည်။။

ပုထုဇဉ်နှင့် သေက္ခက ကုသိုလ်လုပ်ပါက မနောဒွါရာဝဇ္ဇန်းနောက် ကုသိုလ်ဇောကျပါ သည်။ အကုသိုလ်လုပ်ပါက မနောဒွါရာဝဇ္ဇန်းနောက် အကုသိုလ်ဇောကျပါသည်။ ဘုရား ရဟန္တာများမှာမူ မနောဒွါရာဝဇ္ဇန်းနောက် ကြိယာဇောကျပါသည်။ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း နောက်တွင် ကုသိုလ်ဇော၊ အကုသိုလ်ဇောနှင့် ကြိယာဇောတို့ စောနိုင်ပါသည်။

 

 

 

စိတ်တစ်ခု၏ သက်တမ်း

 

စိတ်တစ်ခု၏ အသက်မှာ ဥပါဒ်၊ ဌီ၊ ဘင် (ဖြစ်၊ တည်၊ ပျက်) ဟူသော ခဏငယ်သုံးချက် ရှိသည်။ ခဏငယ်သုံးချက်ကို စိတ္တက္ခဏ ၁-ချက်ဟု ခေါ်သည်။ ၁-ဝီထိ၌ စိတ္တက္ခဏ ၁၇-ချက် ရှိသည်။ စိတ္တက္ခဏ ၁၇-ချက် ကာလကြာသည့်တိုင် ဖြစ်နေသော စိတ်ဖြစ်စဉ် ဓမ္မ သဘာဝကြီးကို တစ်ဝီထိဟု ခေါ်လေသည်။ ဝီထိ ၂-မျိုးရှိသည်။ (က) ပဉ္စဒွါရဝီထိ (ခ) မနောဒွါရဝီထိတို့ ဖြစ်ပါသည်။

ဤစိတ်ဖြစ်စဉ် Mental process သည် အလွန်တိကျပြီး တစ်ခုကို၊ တစ်ခု ကျော်သွားရိုး မရှိပါ။ လက်ဖျစ် ၁-တွက်၊ မျက်စိ ၁-မှိတ် တဒင်္ဂတစ်ခဏကာလတိုအတွင်း၌ စိတ္တက္ခဏပေါင်း ကုဋေ ၁-သိန်း ( 10 12) ရှိ၏။ ထို့ကြောင့် စိတ်တစ်ခု၏သက်တမ်းသည် (1/10 12) = 0.000000000001 စက္ကန့်သာ ရှိပါသည်။

ဤနေရာတွင် လက်ဖျစ် ၁-တွက်၊ မျက်စိ ၁-မှိတ် တဒင်္ဂတစ်ခဏကာလတိုကို နားလည်လွယ်စေရန် ၁-စက္ကန့်ဟု ယူထားသည်။ အမှန်တကယ်တွင်မူ လက်ဖျစ်၁-တွက် ကာလသည် ၁-စက္ကန့်ထက်ပင် တိုတောင်းသောအချိန် ဖြစ်၏။

ကျမ်းညွှန်း * ဒေါက်တာမင်းတင်မွန်၏ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် (၂၀၀၁ ခုနှစ်၊ စတုတ္ထအကြိမ်)

 

 

ဝီထိပိုင်း

စက္ခုဒွါရ ၁၅-ဝီထိ

 

 

အာရုံ၏ထင်ရှားမှု၊ မထင်ရှားမှုအလိုက် ဝီထိအစဉ်

 

အာရုံထင်ရှားမှု၊ မထင်ရှားမှုအလိုက် ဝီထိဖြစ်စဉ်ကို အတိမဟန္တာရုံ၊ မဟန္တာရုံ စသည်တို့ကိုလည်း လေ့လာထားသင့်ပါသည်။

(၁) အတိမဟန္တာရုံ = ထင်ရှားအားကြီးသည့်အာရုံ ၅-ပါး ဥပါဒ်ပြီးနောက် စိတ္တခဏ တစ်ချက်အလွန်တွင် ဒွါရ၌ ထင်လာ၏။ အလွန်များသော ဝီထိ စိတ္တုပ္ပါဒ်ရှိ၏။

(၂) မဟန္တာရုံ = သင့်ရုံထင်ရှားအားကြီးသော အာရုံ ၅-ပါး ဥပါဒ်ပြီးနောက် စိတ္တခဏ နှစ်ချက် သို့မဟုတ် သုံးချက်အလွန်တွင် ဒွါရ၌ ထင်လာ၏။ များသော ဝီထိစိတ္တုပ္ပါဒ်ရှိ၏။

(၃) ပရိတ္တာရုံ = မထင်ရှားမသိသာသည့် အားနည်းလှသော အာရုံ ၅-ပါး ဥပါဒ်ပြီး နောက် စိတ္တခဏ ၄-ချက်မှ ၉-ချက်အလွန်တွင် ဒွါရ၌ ထင်လာ၏။ နည်းသော စိတ္တုပ္ပါဒ်အရေအတွက် ရှိ၏။

(၄) အတိပရိတ္တာရုံ = အလွန်တရာပင် မထင်ရှား မသိသာသည့် အားနည်းလှသော အာရုံ ၅-ပါး ဥပါဒ်ပြီးနောက် စိတ္တခဏ ၁၀-ချက်မှ ၁၅-ချက် အလွန်တွင် ဒွါရ၌ ထင်လာ၏။ အလွန်နည်းသော ဝီထိစိတ္တုပ္ပါဒ် အရေအတွက်ရှိ၏။

 

 

မနောဒွါရဝီထိ

 

မနောဒွါရ၌ အာရုံထင်ပုံ ၂-မျိုးရှိပါသည်။ ၎င်းတို့မှာ –

၁။ ဝိဘူတာရုံ = ထင်ထင်ရှားရှားဖြစ်သောအာရုံနှင့်

၂။ အဝိဘူတာရုံ = မထင်မရှားဖြစ်သောအာရုံ တို့ဖြစ်ပါသည်။

ဤကဲ့သို့ဝီထိဖြစ်စဉ် Mental process တစ်ခုပြီးဆုံးသွားပါက အိမ်ရှင်စိတ်ဟူသော ဘဝင်စိတ် Life continuum ဖြစ်၏။ ထို့နောက် ထိုမြင်ပြီး ကြားပြီးသည့် အာရုံတို့ကို အကြိမ်ကြိမ် ပြန်လည်တွေးတော စဉ်းစားသည့် မနောဒွါရဝီထိဖြစ်၏။ ထို့နောက် ကြံတွေးစိတ်များက သဘောကျ ကျေနပ်လောက်သည့်အထိ ဆက်၍ဆက်၍ ဖြစ်ပြီးနောက်၌မူ ဘဝင်စိတ်အစဉ် ဆက်ဖြစ်နေပါတော့သည်။

ဤစိတ်ဖြစ်စဉ် Mental process ၁၇-ကြိမ်ထဲမှ အာရုံ၏အရသာကို အမှန်တကယ် ခံစားခွင့်ရသည့် ဇောစိတ် ၇-ကြိမ် အခိုက်အတံ့အတွင်း၌သာ ကုသိုလ်စိတ်၊ အကုသိုလ်စိတ် တို့ဖြစ်၏။ အတီတဘဝင်မှသည် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်းစိတ်၊ သန္တီရဏ၊ ဝုဋ္ဌောစိတ်တို့သည် အခိုက်အတန့် တစ်ခုစီသာဖြစ်ပြီး ချုပ်ပျောက်သွားကြပါသည်။ ထို့ကြောင့် ၎င်းစိတ်တို့သည် ကုသိုလ် အကုသိုလ်ဟူသော အမည်မရဘဲ အဗျာကတဟူသော အမည်ရခြင်း ဖြစ်သည်။

 

 

မနောဓာတ်နှင့် မနောဝိညာဏဓာတ်

 

ပဋ္ဌာန်းတရားတော် ပစ္စယနိဒ္ဒေသ၌ လာရှိသည့် မနောဓာတ်နှင့် မနောဝိညာဏ ဓာတ်ကိုလည်း သိထားရန် လိုပေသည်။ စိတ်အကျဉ်း ၈၉-ပါးထဲက ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေး တို့သည် မနောဓာတ် (သို့) မနောဓာတုဟု အမည်ရသည်။ က-စက္ခု ဝိညာဏ်ဒွေး၊ ခ-သောတဝိညာဏ်ဒွေး၊ ဂ-ဃာနဝိညာဏ်ဒွေး၊ ဃ-ဇိဝှါဝိညာဏ်ဒွေးနှင့် င-ကာယဝိညာဏ်ဒွေးဟူ၍ စိတ်စုစုပေါင်း ၁၀-ပါး၊ စ-ပဉ္စဒွါရာဝဇ္ဇန်း ၁-ပါး၊ ဆ-သမ္ပဋိစ္ဆိုင်းဒွေး ၂-ပါးတို့ကို စုစုပေါင်းသော် စိတ် ၁၃-ပါးရ၏။ ကျန်သည့်စိတ် (၈၉ – ၁၃ = ၇၆)ပါး က မနောဝိညာဏဓာတ် (သို့) မနောဝိညာဏဓာတုဟု အမည်ရလေသည်။ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ စသည်ကို အမှီမရပေ။ ထိုစိတ် ၇၆-ပါး၏ မှီရာမှာ ဟဒယဝတ္ထုရုပ်ပေတည်း။

 

 

စက္ခုဝိညာဏဓာတု၊ မနောဓာတုနှင့် မနောဝိညာဏဓာတု

 

ပဋ္ဌာန်းကျမ်း၌လာရှိသည့် စက္ခုဝိညာဏဓာတုသည် သင်္ဂြိုဟ်အရ စက္ခုဝိညာဏနှင့် အဓိပ္ပာယ်တူပါသည်။ မနောဓာတုသည် သင်္ဂြိုဟ်အရ သမ္ပဋိစ္ဆိုင်းနှင့် အဓိပ္ပာယ်တူပါသည်။ မနောဝိညာဏဓာတုမှာမူ သင်္ဂြိုဟ်အရ သန္တီရဏနှင့် အဓိပ္ပာယ်တူပါသည်။

မဂ္ဂဝီထိ၌ ဉာဏ်နုံ့သည့် မန္ဒပုဂ္ဂိုလ်၏ မဂ္ဂဝီထိနှင့် ဉာဏ်ထက်သည့် တိက္ခပုဂ္ဂိုလ်၏ မဂ္ဂဝီထိဟူ၍ နှစ်မျိုး လေ့လာပါမည်။

ပုထုဇဉ်ယောဂီ၏ မနောဒွါရ၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါး အာရုံ ထင်လာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟု ဘဝင် ၂-ကြိမ် လှုပ်၍ပြတ်ပြီးလျှင် ထိုထင်လာသောအာရုံကို ဆင်ခြင်လျက် မနောဒွါရာဝဇ္ဇန်း ဖြစ်၏။

ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ် ၄-ပါး အနက်မှ တစ်ပါးပါးသည် လက္ခဏာရေးသုံးပါးကို အာရုံပြုလျက် ပရိကမ် ဥပစာ အနုလုံဟု ၃-ကြိမ်၊ နိဗ္ဗာန်ကို အာရုံ ပြုလျက် ဂေါတြဘု ၁-ကြိမ် ဖြစ်၍ချုပ်၏။

ထို့နောက် သောတာပတ္တိမဂ်ဇောသည် နိဗ္ဗာန်ကို အာရုံပြုလျက် ၁-ကြိမ်ဖြစ်၍ ထိုမဂ်၏ အခြားမဲ့၌ သောတာပတ္တိဖိုလ်ဇောသည် နိဗ္ဗာန်ကို အာရုံပြုလျက် ၂-ကြိမ် ဖြစ်၍ချုပ်ပြီးလျှင် ဘဝင်ကျကာ မဂ်မှထ၏။ (တိက္ခပည ပုဂ္ဂိုလ်ဖြစ်သော် ပရိကမ်ကို ချန်လှပ်ပြီး ဖိုလ်ဇော ၃-ကြိမ် စောရမည်။)

ကျမ်းညွှန်း * မဟာသဒ္ဓမ္မဇောတိကဓဇ ဆုထူးပန်ဆရာဟန်၏ သံသရာလမ်းညွှန်ပညာ ဆုထူးပန် အဘိဓမ္မာကျမ်းများ (ပထမအဆင့်၊ ၂၀၁၂-ခုနှစ်) တွင် ထုတ်ဝေသည်။

 

 

 

 

 

ရူပါဝစရ ဈာန်ဝင်စားရန်

 

ကသိုဏ်းနိမိတ်အာရုံသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟူ၍ ဘဝင် ၂-ကြိမ် လှုပ်ကာ ပြတ်ပြီးလျှင် ထိုကသိုဏ်းနိမိတ်ကိုပင် အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ်ဖြစ်၏။

ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ် သောမနဿစိတ် (ပဉ္စမဈာန် ဝင်စားရန် ဥပေက္ခာစိတ်ယူ) ၂-ပါးတွင် တစ်ပါးပါးသည် မန္ဒပညပုဂ္ဂိုလ်ဖြစ်သော် ပရိကမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ်၊ (တိက္ခပည ပုဂ္ဂိုလ်ဖြစ်သော် ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၃-ကြိမ်) ဖြစ်၍ချုပ်၏။ ထို့နောက် ရူပါဝစရကုသိုလ် ပထမဈာန် (သို့မဟုတ် ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်) စိတ်သည် အပ္ပနာဇောအဖြစ် အကြိမ်များစွာဖြစ်၍ချုပ်ကာ ထို့နောက် ဘဝင်ကျပြီး ဈာန်မှထ၏။

 

နိရောဓသမာပတ်နှင့် အနန္တရသတ္တိ

 

အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့သည် နိရောဓသမာပတ် ဝင်စားတော့မည်ဆိုပါက ရူပါဝစရ ပထမဈာန်မှစကာ ဈာန်ကို အဆင့်ဆင့် ဝင်စားရပါသည်။ နောက်ဆုံး နေဝသညာ-နာသညာ ယတနဈာန်စိတ် ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် ထပ်မံ၍ မည်သည့်စိတ်မှ မဖြစ်တော့ပေ။ စိတ် စေတသိက် စိတ္တဇရုပ်များပါ ချုပ်ငြိမ်းသွားပါသည်။ ကမ္မဇရုပ်၊ ဥတုဇရုပ်နှင့် အာဟာရဇရုပ် တို့သာရှိသည့် ခန္ဓာအစဉ်ဖြင့် ၇-ရက်လုံးလုံးနေနိုင်ပြီး အဓိဋ္ဌာန် စေ့ပြီးနောက် နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ်ပုဂ္ဂိုလ်က အနာဂါမိဖိုလ်စိတ် ဖြစ်သည်၊ ရဟန္တာပုဂ္ဂိုလ်က အရဟတ္တဖိုလ်စိတ် ဖြစ်လေသည်။

နိရောဓသမာပတ်မဝင်စားမီ နောက်ဆုံးဖြစ်ခဲ့သည့် နေဝသညာနာသညာယတန ဈာန် စိတ်နှင့် နိရောဓသမာပတ်မှ ထသောအခါဖြစ်သည့် အနာဂါမိဖိုလ်စိတ် သို့မဟုတ် အရဟတ္တ ဖိုလ်စိတ်တို့၏ အကြား၌ ကာလအားဖြင့် ၇-ရက်လုံးလုံး ကြာသွားပါသည်။ သို့ပါသော်လည်း ထိုစိတ်နှစ်ခုတို့၏ အကြားတွင် မည်သည့်နာမ်ခန္ဓာမှ မဖြစ်တော့ပေ။ ထို့ကြောင့် နိရောဓ သမာပတ် မဝင်စားမီက စိတ်နှင့် နိရောဓသမာပတ်မှ ထသောအချိန်တွင် ဖြစ်သည့်စိတ်ကို အနန္တရ (အကြားအလပ်မရှိသည့်) သတ္တိဖြင့် ကျေးဇူးပြုပါသည်။

 

 

အသညသတ်ဗြဟ္မာဘုံနှင့် အနန္တရသတ္တိ

 

ဈာန်ရပြီးနောက် အသညသတ်ဗြဟ္မာဘုံကို ရောက်နိုင်သည့် ဈာနလာဘီပုဂ္ဂိုလ်၏ စုတိ နှင့် ပဋိသန္ဓေ အကြားကာလ ကပ် ၅၀၀-သက်တမ်း ကြာမြင့်လေသည်။ အသင်္ချေယျလေးခု သော ရှည်ကြာကာလသည် မဟာကပ်တစ်ခုဖြစ်သဖြင့် ကပ်-၅၀၀ ဟူသောကာလကို မည်မျှ ရှည်သည်ဟု ပိုင်းခြားသိနိုင်ရန် ခက်ခဲလှပေသည်။ အသညသတ်ဗြဟ္မာ့ဘုံ၌ သိတတ်၊ ခံစားတတ်၊ မှတ်သားတတ်၊ စေ့ဆော်တတ်သည့် နာမ်တရားတို့မရှိဘဲ ရုပ်တရားကြီး သက်သက်သာ မပုပ်မပျက်ဘဲ ကပ် – ၅၀၀ တိုင်တိုင် သက်တမ်းရှည် တည်နေပါသည်။

ကာမသုဂတိဘုံမှ နောက်ဆုံး စုတိစိတ်နှင့် အသညသတ်ဘုံမှ သက်တမ်းကုန်၍ ကာမ ဘုံတွင် ပြန်ဖြစ်သည့် ပဋိသန္ဓေစိတ် နှစ်ခုတို့၏အကြား အချိန်ကာလမှာအလွန့်အလွန် ရှည်လျားစွာ ခြားနေပါသော်လည်း နာမ်တရား၌ အကြားမရှိခြင်းက အလွန်ပင် အံ့သြစရာ ဖြစ်ပါသည်။ အနန္တရပစ္စည်း၏ သတ္တိက ဤမျှအထိ ကျယ်ဝန်း၏။

 

 

ရုပ်နာမ်နှင့် စပ်လျဉ်းသည့် တရားတော်ကို နာကြားဖူးခြင်း၏အကျိုး

 

သာဝတ္ထိမြို့မှ ပုဏ္ဏားကြီးတစ်ယောက်သည် လယ်စိုက်သောအခါ လယ်ဦးအလှူကို ပေး၏။ ကောက်ပင်များရိတ်သိမ်း၍ တလင်းမှာ နယ်သောအခါ တလင်းဦး အလှူဟူ၍ လှူ၏။ စပါးကို ကျီထဲသိမ်းသည့်အခါ ကျီဦးအလှူ၊ ထမင်းချက်သောအခါတွင်လည်း ထမင်းဦးအလှူ ဟူ၍ ပေးလှူ၏။ ချက်ပြီးထမင်းများကို ထမင်းစားပန်းကန်ထဲ ခူး၍ထည့်သောအခါ၌လည်း ထမင်းခူးဦးအလှူ ဟူ၍ အလှူငါးမျိုး ပေးလှူလေ့ရှိ၏။ ဤသို့ အဦးအဖျားတို့ကို ပေးလှူတတ်သောကြောင့် ထိုပုဏ္ဏားကို ပဉ္စဂ္ဂဒါယကာ= ငါးပါးသော ဌာနတို့၌ အဦးအဖျားကို လှူသည့် ဒါယကာဟူ၍ ပိဋကတ်တော်၌ မှတ်တမ်းရှိ၏။

ဘုရားရှင်သည် ပဉ္စဂ္ဂဒါယကာ ပုဏ္ဏားကြီးဇနီးမောင်နှံတို့၏ ကျွတ်တမ်းဝင်မည့် အရေးကို မြင်တော်မူသဖြင့် ပုဏ္ဏားကြီးအိမ်သို့ တစ်ပါးတည်း ဆွမ်းခံကြွတော်မူ၏။ ထိုအချိန်၌ ပုဏ္ဏားကြီးသည် အိမ်အဝင်တံခါးဝကို ကျောပေးလျက် ထမင်းစားနေသဖြင့် ဘုရားရှင်အား ပုဏ္ဏားမမြင်ပါ။

ပုဏ္ဏေးမကြီးသည် ပုဏ္ဏားကြီးကို ခူးခပ်ကျွေးမွေးနေသဖြင့် ဘုရားရှင်ကို ဖူးမြင်နေရသော်လည်း ချက်ထားသမျှ ထမင်းဟင်းများအားလုံးကို ပုဏ္ဏားကြီးက လောင်းလှူလိုက်မည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် ဘုရားရှင် ဆွမ်းရပ်တော်မူနေသည့်အကြောင်း ပုဏ္ဏားကြီးကို အသိမပေးရုံမျှမက ဘုရားရှင်ကိုမမြင်နိုင်ရန် ဘေး၌ရပ်လျက် ကွယ်ကာထားလိုက်သေး၏။

ပုဏ္ဏေးမကြီး ရပ်နေရာမှ မျက်စိကို စွေ၍ ဘုရားရှင်ကြွသွားလေပြီလားဟု ကြည့် လိုက်ရာ ရပ်မြဲအတိုင်း ရပ်နေသည်ကို တွေ့ရသဖြင့် ပုဏ္ဏားကြီး မကြားစေရန် ‘ကန်တော့ ဆွမ်းပါ’ ဟု တိုးတိုးကလေး ဆိုလိုက်သည်။

သို့သော် ဘုရားရှင်က ငါမကြွသေးဟူသော သဘောဖြင့် ခေါင်းကို လှုပ်ခါ၍ ပြတော် မူ၏။ တစ်လောကလုံးက လေးစားရသည့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဤသို့ ဦးခေါင်း လှုပ်ရမ်းပြသည်ကို ပုဏ္ဏေးမကြီး မြင်ရသဖြင့် သူ၏စိတ်ကို မချုပ်ထိန်းနိုင်တော့ဘဲ အသံထွက် ရယ်မိလေသည်။

ထိုခဏမှာပင် ဘုရားရှင်က ရောင်ခြည်တော်များ လွှတ်တော်မူသဖြင့် ပုဏ္ဏားကြီးက ဘုရားရှင်အား ဖူးမြင်ရတော့၏။ ဤတွင် ပုဏ္ဏားကြီးသည် ထမင်းစားရာမှ ကပျာကယာထပြီး “အရှင်ဂေါတမ တပည့်တော်စားထားသည့် ထက်ဝက်ကျန်နေသော ဤဆွမ်းကို အလှူခံနိုင် ပါမည်လော” ဟု လျှောက်ထား၏။

ဘုရားရှင်က “အို..ပုဏ္ဏား သူတစ်ပါးကို အမှီပြု၍ အသက်မွေးရသောသူသည် အဦးအဖျားဖြစ်စေ၊ အလယ်ပိုင်းဖြစ်စေ၊ အကြွင်းအကျန်မျှပင်ဖြစ်စေ ရသမျှဆွမ်းကို ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း မပြုပေ” ဟု မိန့်တော်မူ၏။

ထိုစကားကို ကြားရသဖြင့် ပုဏ္ဏားကြီးက ဝမ်းသာအားရဖြစ်ကာ စားကြွင်းစားကျန် ဖြစ်သော ထမင်းဟင်းများကို လောင်းလှူပြီးလျှင် “အို…အရှင်ဂေါတမ အရှင်ဘုရားသည် တပည့်များကို ဘိက္ခုဟု ခေါ်ကုန်၏၊ အဘယ်သို့သော ကျင့်ဝတ်များကြောင့် ဘိက္ခုမည်ပါ သနည်း” ဟု မေးလျှောက်၏။

ဤပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည် ကဿပဘုရားရှင် လက်ထက်တော် ကာလက ရုပ်နာမ်နှင့် စပ်လျဉ်းသည့် တရားတော်ကို နာကြားခဲ့ဖူးသည့် အာဂမသုတ ရှိခဲ့ဖူးသည်ကို မြင်တော်မူသဖြင့် ရုပ်နာမ်နှင့်စပ်သော တရားစကားကို အောက်ပါအတိုင်း မိန့်ကြားတော်မူ ခဲ့ပါသည်။

‘သဗ္ဗသော နာမရူပသ္မိံ ၊ ယဿ နတ္ထိ မမာယိတံ။

အသတာ စ န သောစတိ၊ သ ဝေ “ဘိက္ခူ”တိ ဝုစ္စတိ’

“အလုံးစုံသော နာမ်တရားနှင့် ရုပ်တရားတို့၌ ငါ ၊ ငါ၏ဥစ္စာဟု စွဲလမ်းမှုမရှိသဖြင့် နာမ်ရုပ် ပျက်သော်လည်း စိုးရိမ်မှုမရှိသူကို ဘိက္ခုရဟန်းဟု ဆိုထိုက်၏” ဟူသော ဒေသနာတော်အဆုံး၌ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီးတို့သည် အနာဂါမ် ဖြစ်ကြလေသည်။

ရှည်ကြာလှသည့် သံသရာခရီး၏ တစ်တောင့်တစ်နေရာ၌ နာကြားခွင့်ရခဲ့သည့် တရားတော်၏သတ္တိသည် ပျက်ပြယ်မသွားခဲ့ပါ။ ဤပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့၏ ရူပသန္တတိအစဉ် physical continuity သည် အကြိမ်များစွာ ရေတွက်မရသည့်တိုင် သေကြေပျက်စီးကာ အသစ် အသစ်သောခန္ဓာတို့ ရခဲ့ဖူးပေါင်းများလှပေပြီ။ သို့သော် နာမသန္တတိအစဉ် Mental continuity သည် ဥပါဒ်၊ ဌီ၊ ဘင် စိတ္တနိယာမအတိုင်း အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတသတ္တိ တို့ဖြင့် ကာလရှည်ကြာ ခြားခဲ့ပါသော်လည်း အကြောင်းစုံလျှင် ကျေးဇူးပြုနိုင်ပါသည်။

 

 

အလိုလိုဖြစ်လွယ်နေသည့်ကုသိုလ်၊ အကုသိုလ်

 

မိမိတို့၏ နာမသန္တတိစိတ်အစဉ်၌ အလိုလိုဟုပြောရလောက်အောင် ‘စိတ်ဆိုးလွယ် လိုက်တာ၊ သောကဖြစ်လွယ်လိုက်တာ၊ ဝမ်းနည်းလွယ်လိုက်တာ၊ စိတ်ကောက်လွယ်လိုက်တာ၊ မနာလိုဖြစ်လွယ်လိုက်တာ’ တို့သည် အကုသိုလ် ကိလေသာတည်း။

မိမိတို့၏ နာမသန္တတိစိတ်အစဉ်၌ အလိုလိုဟုပြောရလောက်အောင် ‘ပေးကမ်းလှူဒါန်း လွယ်လိုက်တာ၊ မေတ္တာထားလွယ်လိုက်တာ၊ တရားနာဖို့ စိတ်အားထက်သန်လွယ်လိုက်တာ၊ ဗုဒ္ဓနုဿတိ စီးဖြန်းရတာ လွယ်လိုက်တာ၊ သတိပဋ္ဌာန်းတရား အားထုတ်ရတာ လွယ်လိုက်တာ’ တို့သည် ကုသိုလ်ပါရမီတည်း။

တစ်နည်းထပ်ပြရသော် မေတ္တာပွားနေစဉ်၌ မေတ္တာနာမ်ရုပ်တို့ ဖြစ်နေပါသည်။ ပေးကမ်းလှူဒါန်းစဉ်၌ အလောဘနာမ်ရုပ်တို့ ဖြစ်နေသည်။ စိတ်ဆိုး၊ စိတ်ကောက်နေစဉ် ဒေါသနာမ်ရုပ်တို့ ဖြစ်နေသည်။ အလေ့အကျင့် သန်ရာသန်ရာ အဖြစ်များနေကြခြင်းဖြစ် ပါသည်။ အကုသိုလ်ဘက်၌ အလေ့အကျင့်များပါက အကုသိုလ် အဖြစ်များမည်။ ကုသိုလ် ဘက်၌ အလေ့အကျင့်များပါက ကုသိုလ်အဖြစ်များမည်။ မြစ်ကမ်းပါးပေါ် ပေါက်နေသည့် သစ်ပင်ကြီးသည် မြစ်ဖက်သို့ကိုင်းနေသဖြင့် လဲကျသောအခါ မြစ်ဖက်သို့သာ လဲကျမည်ဟု အဋ္ဌကထာ၌ ဥပမာရှိပါသည်။

ကိလေသာက လူကို ကစားစရာအရုပ်ပမာ အလွန်နိုင်သည်။ ထို့ကြောင့် သီလ၊ သမာဓိ၊ ပညာ မည်သော သိက္ခာသုံးရပ်ကို ကျင့်သုံးလေ့မရှိသူ သာမန်လူတို့အဖို့ လောဘ၊ ဒေါသ၊ မောဟ၊ မာန ကိလေသာတို့က ကြာလေတိုးလေ၊ ကြာလေရင့်လေ ဖြစ်မြဲဖြစ်နေပါသည်။

ရဟန်းဖြစ်သောကြောင့်လည်းကောင်း၊ ရှင်ဘုရင်ဖြစ်သောကြောင့်လည်းကောင်း၊ သူဆင်းရဲဖြစ်သောကြောင့်လည်းကောင်း ကိလေသာလက်မှ လွတ်ငြိမ်းရန်အခွင့် သာမည် မဟုတ်ပေ။ ကိလေသာလွတ်ရာနည်းလမ်းသည် သီလ၊ သမာဓိ၊ ပညာဟူသော တစ်ကြောင်း တည်းသော မဂ္ဂင်လမ်းသာရှိ၏။

ကျမ်းညွှန်း * (၃၆၇)၊ ပဉ္စဂ္ဂဒါယက ဗြာဟ္မဏဝတ္ထု၊ ဘိက္ခုဝဂ္ဂ၊ ဓမ္မပဒပါဠိ (နှာ-၆၆) (အဋ္ဌကထာ-၂ နှာ-၃၆၇)

 

 

အဘိဓမ္မာ၏ ဇာတ်ကောင်

 

သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ဟူသော ပိဋကတ်သုံးပုံ ရှိရာ၌ သုတ္တန်များတွင် ဇာတ်ကောင်များ ပါလေသည်။ ဝိနည်း၌လည်း မည်သည့်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး ဤဝိနည်းသိက္ခာပုဒ်ကို ပညတ်သည်ဟူသော ဇာတ်ကောင်ပါသည်။ အဘိဓမ္မာ၌မူ ဇာတ်ကောင်က မိမိကိုယ်တိုင် ဖြစ်နေပေတော့သည်။ အဘယ်ကြောင့်ဆိုသော် အဘိဓမ္မာတရား၌ ပရမတ္ထဓမ္မကိုသာ ဘုရားရှင်ဟောကြားတော်မူသောကြောင့် ဖြစ်ပါသည်။

 

 

ဝီထိစိတ် (ဝါ) အသိစိတ်တစ်မျိုး ဖြစ်ပေါ်လာနိုင်ရန် အကြောင်းတရားများ

 

စက္ခုဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ စက္ခုပသာဒ ကောင်းမွန်ရမည်။
၂။ ရူပါရုံဟူသည့် မြင်နိုင်သော အဆင်းရှိရမည်။
၃။ အာလောကဟူသော အလင်းရှိရမည်။
၄။ မနသိကာရဟူသည့် နှလုံးသွင်းမှု ရှိရမည်။
(စက္ခာ လောက၊ ရူပထင်ပြီ၊ မနသီ၊ လေးလီစက္ခုဖို့)

 

သောတဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ သောတပသာဒ ကောင်းမွန်ရမည်။
၂။ သဒ္ဒါရုံဟူသည့် ကြားနိုင်သော အသံ ရှိရမည်။
၃။ အာကာသဓာတ်ဟူသည့် လေဖြတ်သန်း သွားလာနိုင်သော ဟင်းလင်းနယ် ရှိရမည်။
၄။ မနသိကာရဟူသည့် နှလုံးသွင်းမှု ရှိရမည်။
(သောတာ ကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးလီသောတဖို့)

 

ဃာနဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ ဃာနပသာဒ ကောင်းမွန်ရမည်။
၂။ ဂန္ဓာရုံဟူသည့် အနံ့ ရှိရမည်။
၃။ ဝါတဟူသည့် အနံ့ကို ဆောင်သောလေ ရှိရမည်။
၄။ မနသိကာရဟူသည့် နှလုံးသွင်းမှု ရှိရမည်။
(ဃာန ဝါတ၊ ဂန္ဓထင်ပြီ၊ မနသီ၊ လေးလီဃာနဖို့)

 

ဇိဝှာဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ ဇိဝှာပသာဒ ကောင်းမွန်ရမည်။
၂။ ရသာရုံဟူသည့် အရသာ ရှိရမည်။
၃။ အာပဟူသည့် လျှာရည် ရှိရမည်။
၄။ မနသိကာရဟူသော နှလုံးသွင်းမှု ရှိရမည်။
(ဇိဝှာ အာပ၊ ရသထင်ပြီ၊ မနသီ၊ လေးလီဇိဝှာဖို့)

 

ကာယဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ ကာယပသာဒ ကောင်းမွန်ရမည်။
၂။ ဖောဋ္ဌဗ္ဗာရုံဟူသည့် အထိအတွေ့ ရှိရမည်။
၃။ ထဒ္ဓပထဝီဟူသည့် ခက်မာသော ပထဝီ ရှိရမည်။
၄။ မနသိကာရဟူသော နှလုံးသွင်းမှု ရှိရမည်။
(ကာယ ထဒ္ဓ၊ ဖောဋ္ဌထင်ပြီ၊ မနသီ၊ လေးလီကာယဖို့)

 

မနောဒွါရဝီထိဖြစ်ရန် အကြောင်း ၄-ပါး

၁။ မနောဒွါရဟုခေါ်သော ဘဝင်စိတ် ရှိရမည်။
၂။ ပဉ္စာရုံ သို့မဟုတ် ဓမ္မာရုံဟူသည့် အာရုံတစ်ခုခု ရှိရမည်။
၃။ ဟဒယဝတ္ထုဟူသည့် စိတ်မှီရာ ဝတ္ထု ရှိရမည်။
၄။ မနသိကာရဟူသော နှလုံးသွင်းမှု ရှိရမည်။
(မနော ဟဒယ၊ ဓမ္မထင်ပြီ၊ မနသီ၊ လေးလီမနဖို့)

 

မှတ်ချက်။ ။ ဝီထိစိတ် (ဝါ) အသိစိတ်တစ်မျိုးဖြစ်ပေါ်ရန် အကြောင်း ၄-ချက်စီ ဖော်ပြထားရာ၌ ပထမ ၃-ချက်စီသည် သိပ္ပံလိုအပ်ချက်နှင့် ကိုက်ညီ၏။ စတုတ္ထအချက်မှာ သိပ္ပံတွင်မပါသော အဘိဓမ္မာ၏ ထူးခြားချက် ဖြစ်၏။ သတိမမူလျှင် ဂူမမြင်ဟူသော စကားအတိုင်း နှလုံးသွင်းမှု မရှိလျှင် မမြင်နိုင်ကြောင်း ထင်ရှားသည်။ နို့စို့ကလေးငယ်ကို ချော့သိပ်ရင်း အိပ်မောကျနေသော မိခင်သည် မိုးကြိုးပြင်းထန်စွာ ခြိမ်းသည့်အခါ မနိုးဘဲ ကလေးငယ်၏ “အင့်အင့်” ဟု တိုးတိုးငိုသံကိုမူ ကြားနိုင်ပြီး နိုးလာနိုင်ခြင်းကို ထောက်ရှု၍ မနသိကာရ၏ အရေးပါပုံကို သိရန် ခက်ခဲမည်မထင်ပါ။

 

 

ဝီထိ = အစဉ်အတန်း Process of consciousness

 

၁ – စက္ခုဒွါရဝီထိ = စက္ခုဒွါရ၌ထင်လာသည့် ရူပါရုံကြောင့် ဖြစ်ပေါ်လာသည့် စိတ်အစဉ်။

၂ – သောတဒွါရဝီထိ = သောတဒွါရ၌ထင်လာသည့် သဒ္ဒါရုံကြောင့် ဖြစ်ပေါ်လာသည့် စိတ်အစဉ်။

၃ – ဃာနဒွါရဝီထိ = ဃာနဒွါရ၌ထင်လာသည့် ဂန္ဓာရုံကြောင့် ဖြစ်ပေါ်လာသည့် စိတ်အစဉ်။

၄ – ဇိဝှာဒွါရဝီထိ = ဇိဝှာဒွါရ၌ထင်လာသည့် ရသာရုံကြောင့် ဖြစ်ပေါ်လာသည့် စိတ်အစဉ်။

၅ – ကာယဒွါရဝီထိ = ကာယဒွါရ၌ထင်လာသည့် ဖောဋ္ဌဗ္ဗာရုံကြောင့် ဖြစ်ပေါ်လာသည့် စိတ်အစဉ်။

၆ – မနောဒွါရဝီထိ = မနောဒွါရ၌ထင်လာသည့် ပဉ္စာရုံ၊ ဓမ္မာရုံကြောင့် ဖြစ်ပေါ်လာသည့် စိတ်အစဉ်။

ကျမ်းညွှန်း * ဒေါက်တာမင်းတင်မွန်၏ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် (စတုတ္ထအကြိမ်) (၁၉၉၈-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။)

 

 

စိတ္တဟတ္ထမထေရ်ဝတ္ထု

 

သာဝတ္ထိမြို့နေ အမျိုးကောင်းသားတစ်ဦးသည် တောထဲနွားပျောက်ရှာရာ နေမွန်း တည့်သဖြင့် ထမင်းလည်းဆာ လူလည်းပင်ပန်းလာပါသည်။ ထိုစဉ် ရဟန်းတော်များ သီတင်းသုံးရာကျောင်းကိုမြင်သဖြင့် အစာတစ်ခုခု ရလိုရငြား ကျောင်းထဲဝင်သွားရာ ဆွမ်းကျန်များကို စွန့်တော်မူသဖြင့် ဗိုက်ဝအောင် စားခွင့်ရလေသည်။ စားရသည့်ဆွမ်းက အလွန်ကောင်းနေသဖြင့် ယနေ့ တစ်စုံတစ်ဦးဦး၏ ပင့်ဖိတ်မှုကြောင့် ဤမျှကောင်းနေခြင်း ဖြစ်မည်ဟု တွေးမိသဖြင့် မေးလျှောက်လေသည်။ ရဟန်းတော်များက ဤဆွမ်းသည် ပုံမှန်လောင်းလှူသည့်ဆွမ်း ဖြစ်ကြောင်း မိန့်တော်မူသည်။ ထိုအမျိုးကောင်းသားက ‘ငါ့မှာ ပင်ပင်ပန်းပန်း ရှာဖွေတာတောင် ဒီလောက်ကောင်းကောင်း မစားရဘူး၊ ဒီတော့ ရဟန်းဝတ်တာပဲ ကောင်းမယ်’ဟု ဆုံးဖြတ်ကာ ရဟန်းပြုခွင့်တောင်း၏။ ရဟန်းဖြစ်ပြီး ရက်အတန်ကြာသော် ဆူဖြိုးလာသဖြင့် ‘အိမ်တကာ လှည့်ပြီး တောင်းရမ်းစားရတာ မဟန်သေးပါဘူး၊ လူ့ဘဝနှင့်ပဲ လုပ်စားတာကောင်းပါတယ်’ ဟု တွေးမိပြန်ကာ သိက္ခာချလူထွက်ပြီး အိမ်ပြန် လယ်ယာလုပ်ငန်းများ လုပ်ကိုင်၏။

ဤသို့ဖြင့် လူဝတ်နှင့် နေရာမှတစ်ဖန် ရဟန်းပြုပြန်၊ နောက်တစ်ဖန် လူထွက်ပြန်ဖြင့် ခြောက်ကြိမ် တိုင်ခဲ့လေတော့သည်။ ယခုကဲ့သို့ စိတ်သွားရာ အာရုံနောက် လိုက်ပါတတ် သောကြောင့် ရဟန်းတော်များက သူ့ကို စိတ္တဟတ္ထမထေရ်ဟု မှည့်ခေါ်ကြလေသည်။

သူသည် လူ့ဘဝနှင့် ရဟန်းဘဝကို လူးလာတုံ့ခေါက် ပြုနေရင်းပင် သူ့မယား၌ ကိုယ်ဝန်တည်လေသည်။ ခုနစ်ကြိမ်မြောက် ရဟန်းပြုလတ္တံ့သောအချိန်တွင် တောမှ ထွန်တုံး ထွန်သန်တို့ကို အိမ်သို့ယူလာပြီး သင်္ကန်းကိုယူရန် အိမ်ထဲဝင်သွားစဉ် ကိုယ်ဝန်ရှိနေသည့် သူ၏မယား ခုတင်ထက်၌ ပိုးစိုးပက်စက် အိပ်ပျော်သည်ကိုမြင်ရာမှ ဖူးဖူးယောင်နေသည့် အကောင်ပုပ်၏ကိုယ်ကဲ့သို့ ရွံရှာစက်ဆုပ်ကာ သင်္ကန်းကိုပိုက်လျက် အိမ်ကထွက်ခွာသွားစဉ် လမ်း၌ပင် သောတာပန်တည်လေသည်။ ရဟန်းတော်များထံပါး ရဟန်းပြုခွင့် တောင်းပြီး ရဟန္တာ ဖြစ်လေသည်။

မယားအာရုံကြောင့် သံဝေဂဖြစ်ကာ ထွက်လာစဉ် အိမ်နှင့်ကျောင်းအကြား၌ ဘဝါဘ၀ များစွာက ဖြည့်ကျင့်လာခဲ့သည့် ပါရမီတော်များ၏ လှုံ့ဆော်မှု၊ သာသနာတော်နှင့် ကြုံနေသည့် ယခုဘဝ၏ အကြောင်းစုံမှုတို့ကြောင့် လမ်းခရီး၌ပင် သောတာပန်ဖြစ်၏။ အနန္တရသတ္တိက ဘုရားရှင်မှအပ ကျန်သူတို့အနေဖြင့် မကြံစည်ဝံ့လောက်အောင်ပင် နက်နဲလှပါသည်။ ကြီးကျယ်လှပါသည်။

ကျမ်းညွှန်း * (၅)၊ စိတ္တဟတ္ထတ္ထေရဝတ္ထု၊ စိတ္တဝဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ (နှာ-၁၉၄)

 

အမှန်မသိသဖြင့် အမြင်မှားနေသည်

 

သက္ကာယဟူသည် အမှန်တကယ်ရှိနေသော ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး၏ ဖောက်ပြန် တတ်သည့်သဘောနှင့် သိတတ်သည့်သဘော နှစ်ပါးမှာ ပရမတ္ထအားဖြင့် အမှန်တကယ် ရှိသည့်သဘောတရားဖြစ်ပါသည်။ မောင်ဖြူ၊ မောင်မဲဟူသည် အမည်ပညတ်မျှသာဖြစ်သည်။ သို့သော် ဤသို့ ခေါ်ဝေါ်ပညတ်ထားသည်ကိုပင် မုချအမှန်တကယ် အရှိတရားဟု ထင်နေ ခြင်းက မှားယွင်းသောအမြင်ဖြစ်ပြီး သက္ကာယဒိဋ္ဌိ ဟုခေါ်သည်။

ဘဝဟူသည် တစ်ဆက်၊ တစ်စပ်တည်း သွားနေခြင်းလည်း မဟုတ်ပေ။ လွန်ခဲ့သည့် ဘဝလည်းငါပဲ၊ နောင်လာမည့်ဘဝ၌လည်း ငါဖြစ်ဦးမည် ဟူသော အယူကိုယူမိလျှင် သက္ကာယ ဒိဋ္ဌိ ဖြစ်မည်။ ရှေးဘဝနှင့် နောက်ဘဝတို့သည် သီးခြားစီ ဖြစ်သည်ဟူသော အယူကို ယူမိလျှင် ဥစ္ဆေဒဒိဋ္ဌိဖြစ်မည်။

ထို့ကြောင့် ဘဝါဘဝကို တစ်ဆက်တည်းဟု ယူပါက “သဿတဒိဋ္ဌိ”၊ သီးခြားစီဟု ယူပါက ဥစ္ဆေဒဒိဋ္ဌိ၊ အကြောင်းမရှိဘဲ အလိုလိုဖြစ်ပေါ်သည် ဟု ယူပါက “အဟေတုက ဒိဋ္ဌိ”။ ထာဝရဘုရားက ဖန်ဆင်းသည်၊ ဗြဟ္မာကြီးက ဖန်ဆင်းသည်ဟု ယူပါက “ဝိသမ ဟေတုဒိဋ္ဌိ”။ ဤသည်တို့မှာ အယူမှားမှုများသာ ဖြစ်ပေသည်။

ကျမ်းညွှန်း * (၂၉၆)၊ အဋ္ဌယထာဘုစ္စဝဏ္ဏနာ၊ မဟာဝဂ္ဂဋ္ဌကထာ (နှာ-၂၄၇)

 

 

ကောသလမင်းကြီး၏ အသဒိသဒါနဝတ္ထု

 

အသဒိသဒါနကြီးအတွက် သာဝတ္ထိပြည်၌ အပြိုင်အဆိုင် လှူဒါန်းနေကြသည့် ကာလတွင် ကောသလမင်းကြီး၏ ကဏှမည်သော အမတ်ကြီးတစ်ယောက်က “သူတို့ အပြိုင် အဆိုင် အနိုင်ဂုဏ်ထူးကိုရချင်လို့ လှူဒါန်းနေကြတာ ဘာကုသိုလ်ရမှာလဲ၊ ဝတ္ထုပစ္စည်းတွေ ကုန်ဆုံးရုံမျှပဲရှိတယ်” ဟု စိတ်၌ ပြစ်မှားလျက် ရှိနေ၏။

အခြားအမတ်တစ်ဦးဖြစ်သည့် ဇုဏှအမတ်ကြီးကမူကား “သြော် ဘုရားတစ်ဆူတစ်ဆူ သက်ရှိထင်ရှားကာလအတွင်း ကြီးမားမြင့်မြတ်လှတဲ့ ဒါနကြီးများ တစ်လှူသာဖြစ်ပွားနိုင်တဲ့ ဒီအသဒိသဒါနကြီးများကို ကိုယ်အား၊ ဉာဏ်အား၊ ပစ္စည်းအားတို့နှင့် မနိုင်နိုင်အောင်၊ အပြိုင် အဆိုင် ကြံဆောင်ပြုလုပ် အားထုတ် လှူဒါန်းနိုင်ကြပါပေတကား” ဟု စိတ်ဝယ်တွေးကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်နေ၏။ အာရုံချင်းတူတူ စိတ်အစဉ် မတူညီကြခြင်းမှာ ရှည်လျားလှသည့် ဘဝသံသရာ၌ သတ္တဝါတို့ လေ့ကျင့်ဆည်းပူးခဲ့သည့် အထုံဝါသနာကြောင့် ဖြစ်၏။

နောက်ဆုံးတွင် မလ္လိကာမိဖုရားကြီး၏ စီမံမှုကြောင့် ကောသလမင်းကြီးက အနိုင် ရပါသည်။ အသဒိသဒါနအတွက် အနုမောဒနာတရားကို မြတ်စွာဘုရားရှင်က တစ်ဂါထာမျှသာ ဟောတော်မူပါသည်။ ထိုအခါ ကောသလမင်းကြီးက မကျေနပ်လှ၍ နောက်တစ်နေ့၌ ဘုရားရှင်ထံပါးသွားကာ “ဤမျှလောက် ကြီးကျယ်သော ဒါနကြီးကို ပြုပါလျက် အဘယ် အတွက်ကြောင့် အနုမောဒနာတရားကို တစ်ဂါထာတည်းသာ ဟောကြားရပါသလဲဘုရား” ဟု လျှောက်ထားသောအခါ “အကယ်၍ ဤအသဒိသဒါန အကျိုးကြီးကြောင်းကို အကျယ် ပွား၍ ငါဘုရားဟောကြားလိုက်သည်ရှိသော် ဤဒါနကြီးကို ချီးမွမ်းဝမ်းမြောက်သော ဇုဏှအမတ်မူကား သောတာပန် ဖြစ်နိုင်ပါသော်လည်း ဤကြီးကျယ်မြင့်မြတ်သော အလှူကြီးကို စိတ်ဝယ်ပြစ်မှားနေခဲ့သော ကဏှအမတ်ကြီးကား ဦးခေါင်းရှစ်စိတ်ကွဲ၍ တစ်ခါတည်း သေသွားမည်အကြောင်းကို ကရုဏာရှေ့ထား၍ တစ်ဂါထာတည်းသာ ငါဘုရား ဟောကြားသည်” ဟု မိန့်တော်မူပါသည်။

ဤနေရာတွင်အာရုံခြင်း၊ ဖြစ်ရပ်ခြင်း တူညီနေသော်လည်း ကဏှအမတ်၏ စိတ်အစဉ် နှင့် ဇုဏှအမတ်ကြီးတို့၏ စိတ်အစဉ်နှင့် အယူအမြင် မတူကွဲပြားသဖြင့် အကျိုးပေးလည်း ကွဲပြားပေတော့မည်။

မင်းနှင့်ပြည်သူ တစ်ဦးနှင့် တစ်ဦးအနိုင်ရအောင် ပြုလုပ်လှူဒါန်းကြသောအခါ သူတို့၏ စိတ်နှလုံးဝယ် သာလိုနိုင်လိုကြသည် မှန်သော်လည်း လောဘ၊ ဒေါသ၊ မောဟ အရာမျိုး မဟုတ်ဘဲ အင်အားကြီးသော ကုသိုလ်နယ်ထဲက သာလိုကြခြင်းသာဖြစ်သည်ဟု ယူနိုင်ပါသည်။

ကျမ်းညွှန်း * (၂၉၆)၊ အဋ္ဌယထာဘုစ္စဝဏ္ဏနာ၊ မဟာဝဂ္ဂဋ္ဌကထာ (နှာ-၂၄၇)

 

 

ပဋ္ဌာန်းသင်တန်းနှင့် ပဋ္ဌာန်းဉာဏ်

 

အနန္တရပစ္စည်းတွင် နောက်နောက် ပစ္စည်းတရားတို့သည် ရှေးရှေးပစ္စည်းတရားအပေါ် မူတည်ပြီး ဖြစ်လာရသည်မှာ ဓမ္မတာဖြစ်ပေသည်။ ထို့ကြောင့် ရှေးရှေးစိတ်တို့က ပျက်ပျက် သွားပြီး နောက်နောက်စိတ်များ ဖြစ်ပေါ်လာနိုင်ရန် အနန္တရသတ္တိဖြင့် ကျေးဇူးပြုပါသည်။

သို့သော် ဟေတု ၆-ပါးထဲက ကုသိုလ်၊ အကုသိုလ် တစ်ပါးပါး ပါနေပါသည်။ အာရမ္မဏ အာရုံကလည်း ပါနေသည်။ အာရုံက အဓိပတိထိုက်လောက်သည့် အာရုံဖြစ်လျှင်မူ ထိုထို အာရုံကို မခွဲနိုင် မခွာနိုင်အောင်ပင် ကျေးဇူးပြုနေပါတော့သည်။

ထို့ကြောင့် ဟေတုပစ္စည်းက သူရသည့်အာရုံကို အမြစ်တွယ်သည့်ပမာ တွယ်ပြီး အာရုံ ပြုနေပါသည်။ ဤသို့သော သဘာဝကြောင့် အကျိုးတရားတစ်ရပ် ပေါ်ပေါက်လာနိုင်ရေး အတွက် ဟေတု၊ အာရမ္မဏ၊ အဓိပတိ၊ အနန္တရ စသည် စသည်ဖြင့် အကြောင်းပစ္စည်းများစွာ ပါဝင် ကျေးဇူးပြုရပါသည်။

ယခုကဲ့သို့ ပဋ္ဌာန်းသင်တန်း တက်ရောက်သင်ကြားနေသည့် အချိန်တွင် မဟာကုသိုလ် စိတ်ရှစ်ပါးထဲက သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် ဖြစ်နေပါသည်။ ဝီထိအနေအားဖြင့် ပဉ္စဒွါရဝီထိထဲက မျက်စိ၊ နား၊ ကိုယ်ကာယစသည်တို့က အလုပ်အများဆုံး လုပ်နေကြရသဖြင့် ဝီထိတစ်ခုခြင်းစီ၌ ဇောခုနစ်ကြိမ် စောနေကြပါသည်။ မဟာကုသိုလ်စိတ်၏ ဇောခုနစ်ကြိမ်အနက် ပထမဇောဖြစ်လာသည်နှင့် တစ်ပြိုင်နက်တည်း သမ္ပယုတ္တဓမ္မအနေနှင့် စေတသိက်ပေါင်း ၃၈-ပါး ဖြစ်ပါသည်။

၎င်းတို့မှာ (သဗ္ဗသာဓာရဏစေတသိက် ၇-ပါး + ပကိဏ်းစေတသိက် ၆-ပါး + သောဘဏ သာဓာရဏ ၁၉-ပါး + ဝိရတီစေတသိက် ၃-ပါး + အပ္ပမညာစေတသိက် ၂-ပါး + ပညိန္ဒြေစေတသိက် ၁-ပါး = ပေါင်း ၃၈-ပါး) ထိုထိုစေတသိက်တို့တွင် အလောဘဟိတ် ပါနေသည်။ အဒေါသနှင့် အမောဟဟိတ်တို့ ပါနေပါသည်။ ဤမျှ ကြီးကျယ် ကျယ်ပြန့်သည့် ဖြစ်စဉ်တို့သည် ပထမဇော၏ အခိုက်အတန့်အတွင်း၌ ဖြစ်နေကြခြင်းတည်း။

ဤဖြစ်စဉ်တို့သည် ယခု ပဋ္ဌာန်းသင်တန်း သင်ကြားသင်ယူနေကြသည့် မြို့တော်ဝန် ကျောင်း၏ စံကျောင်းထဲမှ ဘုန်းကြီးတို့ ဆရာတပည့်တို့၏ သန္တာန်၌ ဖြစ်နေကြခြင်းပေတည်း။ တစ်ဖန် ထိုထိုစိတ်၊ စေတသိက်များဖြစ်လာသည့် တဒင်္ဂ တခဏအတွင်း၌ပင် စိတ္တဇရုပ် များစွာတို့လည်း သင်တန်းသူ သင်တန်းသားတို့၏ သန္တာန်တွင် ဖြစ်ပေါ်လာနေပါသည်။

ထိုကြောင့် ယခု အနန္တရပစ္စည်းကို သင်ကြား၊ သင်ယူနေသည့် အခိုက်အတန့် အတွင်း ၌ပင် စိတ်၊ စေတသိက်နှင့် စိတ္တဇရုပ်ဟူသော နာမ်တရားနှစ်မျိုးနှင့် ရုပ်တရားတို့ ကုဋေပေါင်း များစွာ ဖြစ်နေသည့် Process မျှသာဖြစ်သည်။ ပုဂ္ဂိုလ်သတ္တဝါ မရှိပေ။

 

 

အနန္တရပစ္စည်း၏ သင်္ချာ

 

အနန္တရပစ္စည်း၏သင်္ချာမှာ – ၇ ဖြစ်ပါသည်။ ထို့ကြောင့် “အနန္တရေ သတ္တ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည် –

ကုသလ သင်္ချာ – ၂

(၁) ကု-ကု (၂) ကု-ဗျာ

အကုသလ သင်္ချာ – ၂

(၁) အကု-အကု (၂) အကု-ဗျာ

အဗျာကတ သင်္ချာ – ၂

(၁) ဗျာ-ဗျာ (၂) ဗျာ-ကု (၃) ဗျာ-အကု

 

 

Mind to Mind

 

အနန္တရပစ္စည်းသည် နာမ်တရားက နာမ်တရား Mind to Mind ကို ကျေးဇူးပြုသော ပစ္စည်း ဖြစ်သည်။

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

ပစ္စယဟူသော အကြောင်းတရားမှာ – ရဟန္တာစုတိကြဉ်သော စိတ် – ၈၉ ပါး၊ စေတသိက် – ၅၂ ပါးတို့ ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စိတ် – ၈၉ ပါးနှင့် စေတသိက် – ၅၂ ပါးတို့ ဖြစ်သည်။

အနန္တရမျိုးကြီး (၇)ပါး ရှိသည်။ ၎င်းတို့မှာ –

၁။ အနန္တရ၊

၂။ သမနန္တရ၊

၃။ အနန္တရူပနိဿယ၊

၄။ အာသေဝန၊

၅။ နာနာက္ခဏိကကမ္မ

၆။ နတ္ထိနှင့်

၇။ ဝိဂတပေါင်း ၇-ပါး ဖြစ်ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 564 total views,  1 views today

Leave a Reply

Your email address will not be published.