မာတိကာ

၃။ အဓိပတိပစ္စယော

Daily life Patthana

 

Adhipati paccayo (Predominance condition)

 

 

 

 

အကြီးအကဲအဖြစ်ဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

The ‘Adhipati’ means predominance. There is compared to a universal king because that king is the king of all the world. He is the one who is predominant in all of the world.

 

 

 

‘စကြာဘုန်းငူ၊ များဗိုလ်လူတို့၊ ပြိုင်သူမရှိ၊ အုပ်စိုးဘိသို့’ဟု လာရှိသည်နှင့်အညီ စကြဝတေး မင်းကြီးသည် ကမ္ဘာတစ်ခုလုံးကို ပြိုင်ဘက်မရှိ အုပ်စိုး၍ အုပ်ချုပ်ခံသူများသည် မင်းကြီး၏ အလိုလိုက်ရသကဲ့သို့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ရုပ်၊ နာမ်၊ ဓမ္မအာရုံတရား များသည် မိမိအပေါ်၌ အဓိပတိတပ်သောအခါ နာမ်တရားများကို မိမိအလိုကျဖြစ်အောင် တည်အောင် ကျေးဇူးပြုသည်။

 

 

 

အဓိပတိနှင့် ဣန္ဒြိယ

 

အဓိပတိမှာ အကြီးအမှူးဟု အဓိပ္ပာယ်ရပြီး၊ ဣန္ဒြိယမှာ အစိုးရသည်ဟု အဓိပ္ပါယ်ရ သဖြင့် အဓိပတိပစ္စည်းနှင့် ဣန္ဒြိယပစ္စည်းနှစ်ပါးတို့သည် အနက်အဓိပ္ပာယ် တူသယောင်ယောင် ထင်ရသော်လည်း မတူညီကြပါ။

ဥပမာဖြင့် ပြဆိုရလျှင် ထီးပြိုင် နန်းပြိုင်မင်းများ၏ အစိုးရခြင်းက ဣန္ဒြိယပစ္စည်းဟု ယူရမည်။ အတုမရှိ ပြိုင်ဘက်ကင်းသည့် စကြမင်းတို့၏ အစိုးရမှုကိုမူ အဓိပတိပစ္စည်း ယူသင့်ကြောင်း ဆရာမြတ်တို့က ညွှန်ပြတော်မူကြပါသည်။

တစ်နည်းအားဖြင့် နိုင်ငံတစ်နိုင်ငံလုံး၏ အကြီးအကဲဖြစ်သည့် နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးများဖြင့်လည်း ဥပမာပြနိုင်ပါသည်။ သမ္မတသည် အလုံးစုံကို အစိုးရသောကြောင့် အဓိပတိပစ္စည်းဖြင့်လည်းကောင်း၊ ဝန်ကြီးများသည် သက်ဆိုင်ရာဝန်ကြီးဌာနကိုသာ အစိုး ရသောကြောင့် ဣန္ဒြိယပစ္စည်းဖြင့်လည်းကောင်း ပမာပြုနိုင်ပါသည်။

 

 

 

စကြာမင်းပမာ အဓိပတိ

 

ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ လေးပါးလုံး တစ်ပြိုင်တည်း အဓိပတိမရပါ။ အကြောင်းမှာ အဓိပတိဟူသည် ရှင်ဘုရင်ဖြစ်သဖြင့် ပြိုင်ဘက်ကင်း၏။ ထို့ကြောင့် ဆန္ဒအဓိပတိဖြစ်ပါက ကျန်သူတို့ နောက်လိုက်ဖြစ်ပြီး၊ ဆန္ဒခိုင်းသမျှကို လုပ်ပေးရသည်။ ဝီရိယကဦးဆောင်လျှင် လည်း ကျန်သူတို့က နောက်လိုက်ဖြစ်၏။ စိတ္တကဦးဆောင်လျှင်လည်း ကျန်သူတို့က နောက် လိုက်ဖြစ်၏။ ဝီမံသပညာက ဦးဆောင်လျှင်လည်း ကျန်သူတို့က နောက်လိုက်ဖြစ်၏။

ဤတွင် လောဘက စိတ်ကို ခြယ်လှယ်ပြီး လောဘစိတ် ပြင်းထန်လာပါက ထိုလောဘစိတ်က အဓိပတိဖြစ်တော့၏။ ကျန်သည့် နာမ်ခန္ဓာတို့က နောက်လိုက်အဖြစ် လောဘစိတ် အလိုကျ ဆောင်ကြဉ်းပေးရပေတော့မည်။

ထိုနည်းအတူ ဒေါသက စိတ်ကို ခြယ်လှယ်ပြီး ဒေါသစိတ် ပြင်းထန်လာပါက ထိုဒေါသစိတ်က အဓိပတိဖြစ်၏။ ကျန်သည့် နာမ်ခန္ဓာတို့က နောက်လိုက်အဖြစ် ဒေါသစိတ်အလိုကျ ဆောင်ကြဉ်းပေးရပေတော့မည်။

ဤတွင် မကောင်းသော အကုသိုလ် ကြံတွေး၊ ပြောဆိုလုပ်ဆောင်မှုတိုင်း၌ ဓမ္မသဘာ၀ကပင် အမောဟဟူသော ဉာဏ်ပညာ မပါဝင်ပါ။ ထို့ကြောင့် အကုသိုလ်စိတ်ဇောအားကြီးသည်နှင့်အမျှ၊ ဝီရိယထက်သန်သည်နှင့်အမျှ၊ ဆန္ဒပြင်းပြသည်နှင့်အမျှ တိုး၍တိုး၍သာ မိုက်ကြပေတော့မည်။ အကြောင်းမှာ ဝီမံသပညာ၏ ဦးဆောင်လမ်းညွှန်မှု မရသောကြောင့် ဖြစ်ပါသည်။

ကုသလဟေတုဖြစ်သည့် အလောဘက စိတ်ကိုခြယ်လှယ်ပြီး အလောဘစိတ် အားကောင်းလာပါက ထိုအလောဘစိတ်က အဓိပတိဖြစ်တော့၏။ ကျန်သည့်နာမ်ခန္ဓာတို့က နောက်လိုက်အဖြစ် အလောဘစိတ်အလိုကျ ဆောင်ကြဉ်းပေးရပေတော့မည်။

ထိုနည်းအတူ ကုသလဟေတုဖြစ်သည့် အဒေါသက စိတ်ကို ခြယ်လှယ်ပြီး အဒေါသ စိတ် အားကောင်းလာပါက ထိုအဒေါသစိတ်က အဓိပတိဖြစ်၏။ ကျန်သည့် နာမ်ခန္ဓာတို့က နောက်လိုက်အဖြစ် အဒေါသစိတ် အလိုကျ ဆောင်ကြဉ်း ပေးရပေတော့မည်။

ထို့ကြောင့် ကောင်းသော ကုသိုလ်လုပ်ဆောင်မှုတိုင်း၌ ဓမ္မသဘာဝကပင် အမောဟ ဟူသော ဉာဏ်ပညာ ပါဝင်သည်။ ဤတွင် ကုသိုလ်စိတ်ဇော အားကြီးသည်နှင့်အမျှ၊ ဝီရိယ ထက်သန်သည်နှင့်အမျှ၊ ဆန္ဒပြင်းပြသည်နှင့်အမျှ တိုး၍တိုး၍သာ ကုသိုလ်အစုစုကို လုပ်ဆောင် ကြပေတော့မည်။ အကြောင်းမှာ ဝိဇ္ဇာအမောဟဟူသော ဉာဏ်ပညာ၏ ဦးဆောင် လမ်းညွှန်မှု ရသောကြောင့်ဖြစ်သည်ကို အောက်ပါသာဓကတို့ဖြင့် သိသာနိုင်မည် ဖြစ်သည်။

 

 

သီလကို အသက်နှင့် လဲတော်မူခဲ့သည့် သပြေကန်ဆရာတော်

 

ကျေးဇူးရှင် သပြေကန်ဆရာတော်ကြီး (AD ၁၉၁၁-၁၉၉၅)သည် နှလုံးရောဂါ၏ ဖိစီးနှိပ်စက်မှုဒဏ်ကြောင့် ရန်ကုန်မြို့ စစ်ဆေးရုံသို့ တက်ရောက်ကာ ဆေးဝါးကုသမှု ခံယူတော်မူခဲ့ပါသည်။

ဝိနယဂရုက လဇ္ဇီပေသလ သီလဝန္တ ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူသည့် ဆရာတော်ကြီးသည် ဆေးရုံ၌ သီတင်းသုံးရသည်ကို သံသယရှိတော်မူပါသည်။ ဂိလာနစောင့်ရှောက် သည့် ရဟန်းတော်တစ်ပါးက”ဆရာတော်ဘုရား ဒီဆေးရုံမှာ စစ်သားတွေပဲ ဆေးကုနေကြ ပါတယ်ဘုရား၊ အမျိုးသမီးများ ဒီအဆောင်မှာမရှိတဲ့အတွက် အာပတ်သင့်ရန် အကြောင်း မရှိပါဘုရား” ဟု လျှောက်ထားပါသည်။ ထိုအခါ ဆရာတော်ကြီးက “ဘယ်လို အထောက်အထားနှင့် ဦးဇင်းပြောနိုင်သလဲ”ဟု မိန့်တော်မူပါသည်။ ထိုအချိန်၌ပင် အမျိုးသမီး စစ်သူနာပြုများ အခန်းထဲဝင်လာကြသဖြင့် ရဟန်းတော်တစ်ပါးက “စစ်သူနာပြု ဒကာမတို့က တာဝန်နဲ့ဆိုတော့ တစ်ညလုံး အိပ်ရမှာမဟုတ်ဘူးနော်” ဟု စုံစမ်းရာတွင် “အရှင်ဘုရား ဒီဆေးရုံက စည်းကမ်းအလွန်ကြီးပါတယ် ဘုရား၊ တာဝန်ထမ်းဆောင်နေသူတို့က တာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်ရပါတယ်။ ဒါကြောင့်အိပ်လို့ မရပါဘူးဘုရား၊ မနက်သုံးနာရီ လောက်မှပဲ ခဏတဖြုတ်ကလေး ကျောချပြီး မှေးအိပ်ခွင့်ရပါတယ်ဘုရား”ဟု ပြည့်ပြည့်စုံစုံ လျှောက်ထားကြပါသည်။

ဆရာတော်ကြီးသည် ဝိနည်းရှုထောင့်ဖြင့် သုံးသပ်တော်မူပြီး ညစဉ် သန်းခေါင်ကျော် ပြီး ၃-နာရီမထိုးခင် ခုတင်ပေါ်၌ ထထိုင်တော်မူကာ ဘာဝနာတရား ပွားများတော်မူပါသည်။ ဆရာဝန်များက ဆရာတော်ကြီး ကျိန်းစက်ချိန်နည်းနေသဖြင့် နှလုံးရောဂါအတွက် စိုးရိမ်ကြပါသော်လည်း မလျှောက်ထားဝံ့ကြပေ။

တစ်ခုသောညဝယ် ဆရာတော်ကြီးသည် လဲလျောင်းလျက် မေတ္တာတရားအကြောင်း ဟောကြားတော်မူလာရင်းမှ “ဘယ်နှစ်နာရီရှိပြီလဲ”ဟု မေးတော်မူရာ “သုံးနာရီထိုးပါပြီဘုရား” ဟု လျှောက်သောအခါ “ဟယ်…ဟုတ်လား”ဟု အားယူကာ ချက်ချင်း အိပ်ရာမှထတော်မူရာ “ဆရာတော်ဘုရား မလှုပ်ရှားရပါဘူးဘုရား၊ မထပါနဲ့ဘုရား။ နှလုံးရောဂါက လှုပ်လှုပ် ရှားရှားဖြစ်ရန် မသင့်ပါဘုရား”ဟု လျှောက်ထားနေစဉ်မှာပင် ဆရာတော်ကြီး၏ ဦးခေါင်း ငိုက်စိုက်ကျသွားပါသည်။ ဆရာတော်ကြီးသည် အသက်နှင့်လဲပြီး ဝိနည်းသီလကို စောင့်ရှောက်တော်မူသွားပါသည်။ အလားပင်တူ သာသနာပိုင် အုတ်ဖိုဆရာတော်ကြီး၏ ခန္ဓာ ကိုယ်၌ အနာရောဂါဖြစ်စဉ်ကလည်း သေချင်သေပါစေ ဝိနည်းနှင့် မညီညွတ်သည့် ဆေးကုနည်းကိုမူ လက်ခံတော်မမူခဲ့ပါ။

 

 

 

ငါ၏အနာရောဂါသည် အလဇ္ဇီ၏ဖယောင်းချက်နှင့် မတန်

 

အခါတစ်ပါး အုတ်ဖိုဆရာတော်ကြီး (၁၈၁၈-၁၉၀၆)၏ ကျောလယ်၌ အနာပဆုတ် ပေါက်ရာ နာကျင်ကိုက်ခဲသည် ဟူ၍လည်း မမြွက်ဟ၊ တစ်ကြိမ်မျှလည်း ညည်းညူတော် မမူချေ။ အနာ၏အခြေအနေကိုလည်း မမေး၊ ရေဆေးရန် ဆေးလိမ်းရန်ဟု လျှောက်လျှင်သာ ဆေးကြောခြင်း ဆေးလိမ်းခြင်းကို ခံတော်မူသည်။

ဆေးလိမ်းတိုင်း၌မူ မည်သူ၏ ဆေးနည်းဟူ၍ကား မေးတော်မူ၏။ ဤသို့ဖြင့် ရောဂါ အနာမသက်သာ အနာဝကျယ်ပြော၍ ပျောက်ခဲသော အခြေအနေသို့ ရောက်လာ၏။ ထိုအကြောင်းကို တစ်ဆင့်စကား တစ်ဆင့်နား ကြားသိရသဖြင့် ရှေးအခါက ဆရာတော်ကြီး ထံပါး၌ နည်းခံတပည့်အဖြစ်ဖြင့် နေဖူးလျက် ဝါသနာအရ ဗေဒင်ဟော၊ ဓာတ်ဆင်၊ ဓာတ်ရိုက် ဆေးကုသသည့် ဘုန်းတော်ကြီး ဦးဗြူးဝက ဖယောင်းချက်လှူ၏။

ဆရာတော်က ‘ဘယ်သူ၏ ဖယောင်းချက်နည်း’ဟု မေးတော်မူသည်။ ‘ဦးဗြူးဝထံက ဖယောင်းချက်ပါဘုရား’ဟု လျှောက်လျှင် ‘ငါ၏ အနာရောဂါသည် အလဇ္ဇီ၏ ဖယောင်းချက်နှင့် မတန်မရာ၊ ဤဝေဒနာကြောင့် သေစေကာမူ အလဇ္ဇီ၏ ဖယောင်းချက်ကို မကပ်နှင့်၊ အခြားသို့သွား၍ စွန့်ပစ်လိုက်’ ဟု မိန့်တော်မူသည်။

သပြေကန်ဆရာတော်ကြီးနှင့် အုတ်ဖိုဆရာတော်ကြီးတို့၏ ဝတ္ထုသာဓကကို ထောက်ရှုပါက ဆရာတော်ကြီးတို့၏သန္တာန်၌ ရဟန်း၏ဝိနည်းသီလက ဆန္ဒာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီရိယာဓိပတိ၊ ဝီမံသာဓိပတိ ဖြစ်နေသောကြောင့် မိမိ၏အသက်ခန္ဓာကိုယ်ကိုပင် မငဲ့မကွက် စွန့်လွှတ်ကာ သီလကို ဖြည့်ကျင့်တော်မူသွားသည်မှာ ဘုရားရှင် သက်ရှိထင်ရှားရှိစဉ်နှင့်မခြား ရှိပါပေသည်။ သာသနာတော်၏အသက်ဖြစ်သော သီလသည် မြန်မာ့မြေပေါ်၌ ယနေ့တိုင် တည်တံ့မြဲ တည်တံ့လျက် ရှိနေပါသည်။

ဤသို့ ရဟန်းကောင်းများ ရှိနေသရွေ့”အနာဂတော သာသနံ လဇ္ဇီ ရက္ခိဿတိ၊ လဇ္ဇီ ရက္ခိဿတိ၊ လဇ္ဇီ ရက္ခိဿတိ”ဟူသော အဋ္ဌကထာ ဆရာမြတ်တို့၏ သြဝါဒသည်လည်း မြန်မာ့မြေပေါ်၌ တည်တံ့မြဲ တည်တံ့လျက် ရှိနေပေလိမ့်မည်။

ကျမ်းညွှန်း
* သဟသေယျသိက္ခာပဒ၊ ပါစိတ္တိယပါဠိ (နှာ-၂၇)
* အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)၊ မဟာထေရမြတ်တို့၏ စံနမူနာယူစရာ ကျင့်သီလအပိုင်း (၁)(၂၀၁၄၊ ဒုတိယအကြိမ်)
* မောင်ပန်းမွှေး၏ မြန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ ၂၀၀၈-ခုနှစ်၊ အောက်တိုဘာလ။ (နှာ-၇၃)

 

 

 

အာရမ္မဏာဓိပတိ ဟူသည်

 

အဓိပတိပစ္စည်းတွင် အာရမ္မဏာဓိပတိနှင့် သဟဇာတာဓိပတိဟူ၍ နှစ်ပါးရှိပါ၏။ အာရမ္မဏာဓိပတိသည် အာရုံအကြီးအမှူးဖြစ်ပြီး၊ သဟဇာတာဓိပတိသည် အတွင်းအဇ္ဈတ္တ သန္တာန် နာမ်တရား အကြီးအမှူး ဖြစ်သည်။

အာရမ္မဏာဓိပတိတွင် ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုပါသည်။ ပမာပြရလျှင် ဒါနပြုခဲ့ဖူးသည်။ သီလဆောက်တည်ခဲ့ဖူးသည်။ ထိုထိုပြုခဲ့ဖူးသည့် ဒါနကိုလည်းကောင်း၊ ဆောက်တည်ခဲ့ဖူးသည့် သီလကိုလည်းကောင်း၊ လေးလေးနက်နက် အာရုံပြုဆင်ခြင်ပါက မဟာကုသိုလ်စိတ်များ အထပ်ထပ်ဖြစ်ခြင်းသည်ပင် အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။

ထူးခြားသည်မှာ အာရမ္မဏာဓိပတိ၌ အကုသိုလ်က ကုသိုလ်နှင့် အကုသိုလ်က အဗျာကတကို ကျေးဇူးမပြုနိုင်ပါ။ အကြောင်းမှာ အကုသိုလ်ဖြစ်တိုင်းပါသည့် ဥဒ္ဓစ္စစေတသိက်သည် အာရုံကို စုစည်းမရသောကြောင့် လေးလေးနက်နက် အာရုံမပြုနိုင်ခြင်း ဖြစ်ပါသည်။

အာရမ္မဏာဓိပတိဟူသည် အာရုံခြောက်ပါးကို အာရုံပြုရာတွင် သာမညအာရုံပြုခြင်းနှင့် ဂရုံကတွာ အလေးအမြတ် ဂရုတစိုက် အာရုံပြုခြင်းဟူ၍ နှစ်မျိုးရှိ၏။ ပမာအားဖြင့် မြင်လိုက် မိသည့် အာရုံတစ်ခုခု၊ ကြားလိုက်မိသည့် အာရုံတစ်ခုခုက ‘မျက်စိထဲကကို မထွက်တော့ဘူး’ ‘နားထဲကကို မထွက်တော့ဘူး’ ဟု ပြောရာ၌ အာရမ္မဏာဓိပတိ ထိုက်၏။ တစ်နည်းဆိုရလျှင် အာရုံက အကြီးအမှူး ဖြစ်၏။ ဤသို့ အာရုံကအကြီးအမှူးဖြစ်ရာတွင် ကောင်းမွန်သည့် ဣဋ္ဌာရုံ၌လည်း တူတူ၊ မကောင်းသည့် အနိဋ္ဌာရုံ၌လည်း တူတူပင် ဖြစ်၏။

ထို့ကြောင့် အလေးအမြတ်ပြုအပ်သော လှပသည့် အဆင်းရူပါရုံကောင်းကောင်း၊ အေးကြည်လှသည့်အသံ သဒ္ဒါရုံကောင်းကောင်း၊ မွှေးကြိုင်လှသည့် အနံ့ဂန္ဓာရုံ ကောင်းကောင်း၊ ချိုဆိမ့်သည့် အရသာ ရသာရုံ ကောင်းကောင်း၊ သိမ်မွေ့နူးညံ့သည့်အတွေ့ ဖောဋ္ဌဗ္ဗာရုံ ကောင်းကောင်းနှင့် လောကီ လောကုတ္တရာ၌ ကြီးမားမြင့်မြတ်ကာ အလေးအမြတ် ပြုအပ်သော ရုပ်နာမ်နိဗ္ဗာန် ဓမ္မာရုံကောင်းကောင်းများတို့ကသာ အာရမ္မဏာဓိပတိ ထိုက်ပေသည်။

ထို့ကြောင့် ကာမအာရုံတို့သည် အလေးအမြတ်ပြုသော ပုဂ္ဂိုလ်အားသာလျှင် အာရမ္မဏာဓိပတိ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ အလေးအမြတ်မပြုသော ပုဂ္ဂိုလ်အား ကျေးဇူးမပြုပါ။

ဈာန်ရသော ပုဂ္ဂိုလ်တို့မှာမူ မိမိရအပ်ကုန်ပြီးသော မဟဂ္ဂုတ်ဈာန်ကိုလည်းကောင်း၊ အရိယသာဝက ပုဂ္ဂိုလ်တို့သည် မိမိရအပ်ကုန်ပြီးသော လောကုတ္တရာတရားတို့ကို လည်း ကောင်း အလေးအမြတ်မပြုဘဲ မနေပါ။ နိဗ္ဗာန်သည် သာမညအာရုံမဟုတ်သဖြင့် အာရမ္မဏာ ဓိပတိထိုက်၏။ အကြောင်းမှာ နိဗ္ဗာန်ကို တစ်ကြိမ် အာရုံပြုဖူးသူအနေဖြင့် သူ၏ စိတ်ထဲတွင် စွဲမြဲသွားသောကြောင့် ဖြစ်၏။

 

 

ဆရာတော်ကြီးအတွက် လာဘ၊ သက္ကာရ၊ သိလောကတို့က အာရမ္မဏာဓိပတိမထိုက်

 

နဘူးကျင်းဆရာတော်ကြီးသည် သက်တော် (၅၀)အထိ မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုနယ်များရှိ တောထဲတွင် တောရဆောက်တည်ကာ သီတင်းသုံးတော်မူခဲ့ပါသည်။ အနေ ရိုးပြီး ဆွမ်း သင်္ကန်း ကျောင်း ဆေးတို့ကို ခြိုးခြံချွေတာကာ ခေါင်းပါးစွာဖြင့် တောထဲတွင်သာ သီတင်းသုံးတော်မူသည့် ဆရာတော်ကြီး၏ အကျင့်မြတ်တို့ကို ဒါယကာ ဒါယိကာမများမှ သိရှိရန်ဝေးစွ၊ ရိပ်မိရန်ပင် ခက်ခဲလှပါသည်။

သို့ဖြစ်၍ထင့် “ဆရာတော်ကြီး ရွှေစက်တော်ဘုရား ရင်ပြင်ဘက်ကို ကောင်းကင်ပေါ်က ပျံသွားတာ မနက်က ဖူးလိုက်ရတယ်” ဟူ၍လည်းကောင်း “မနေ့ညနေက ကျိုက်ထီးရိုးဘုရားဘက်ကို ကောင်းကင်ပေါ်က ပျံကြွသွားတာ ဖူးလိုက်ရတယ်” ဟူ၍ လည်းကောင်း သတင်းစကားများ တီးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်လီ ဖြစ်လာပါသည်။ သို့သော် ဆရာတော်ထံပါး မမေးလျှောက်ဝံ့ကြသောကြောင့် စကုဆရာတော်ထံပါး ဒါယကာများက သွားရောက် မေးလျှောက်ထားကြပါသည် “ဆရာတော်ဘုရား နဘူးကျင်းဆရာတော် ဦးတိဿရက ရဟန္တာ ဖြစ်ပြီးတော့ ရွှေစက်တော်၊ ကျိုက်ထီးရိုးဘုရားတွေကို ကောင်းကင်ခရီးနှင့် ကြွတော်မူနေ ပါတယ်ဘုရား၊ ရွာကလူတွေကလည်း နေ့စဉ်လိုလို မြင်တဲ့သူတွေ ရှိလာပါတယ်ဘုရား”ဟု လျှောက်ရာ နဘူးကျင်းဆရာတော်ဘုရားနှင့် အကျွမ်းတဝင်ရှိပြီး အကျင့်သီလ တူမျှသည့် စကုဆရာတော်ဘုရားက –

“ဦးတိဿရက ဝိနည်းသီလ၊ ဓူတင်အရာမှာ ထိပ်တန်း ဖြစ်တော်မူတယ်။ ဒါကြောင့် သာသနာတော်ကို ကြည် ညိုတဲ့ နတ်တွေက ဆရာတော်ကို ကြည် ညိုလေးစားပြီး အယောင်ဆောင်လုပ်ပြတာမျိုးလည်း ဖြစ်နိုင်တာပဲ”ဟု စဉ်းစဉ်းစားစား ချိန်ချိန်ဆဆ မိန့်ကြားတော်မူပါသည်။ မာရ်နတ်၏ ကိုယ်စားလှယ် နတ်ယုတ်တို့ကလည်း ဆရာတော်၏ အကျင့်မြတ် ပဋိပတ်ကို ဖျက်စီးနိုင်ရန်အလို့ငှာ ကောင်းကင်ပျံပြခြင်းလည်း ဖြစ်နိုင်သည်သာ။

အဘယ်ကြောင့်ဆိုသော် နာမည်ဂုဏ်သတင်း ကျော်စောလာပါက လူပရိသတ် များလာမည်။ ထိုအခါ လာဘ်လာဘ ပေါများလာတော့မည်။ ဤသည်ပင်လျှင် မြတ်သော အကျင့်ကို ကျင့်နေသည့် ကျင့်ဆဲပုဂ္ဂိုလ်များအတွက် ကြီးလေးသော အနှောင့်အယှက် ဖြစ်လာလေပြီ။ ဓာတ်ခံအင်အားနည်းပါးသည့် ပုဂ္ဂိုလ်အတွက် ဤပလိဗောဓကပင် သီလညှိုးနွမ်းကြောင်း၊ ကမ္မဋ္ဌာန်းပျက်ကြောင်း ဖြစ်လာနိုင်ပါသည်။

လာဘ်လာဘ ဥစ္စာပစ္စည်း၊ နာမည်ဂုဏ်သတင်းကျော်စောမှု၊ ပရိသတ်အခြံအရံ ပေါများမှုတို့က လူအများ၏စိတ်ကို သိမ်းကြုံးဆွဲငင်နိုင်စွမ်းသည့်အထိ အာရမ္မဏာဓိပတိ ထိုက်ပေ၏။ သို့သော် ဝိနယဂရုကဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ်၊ သန္တုဋ္ဌိ သလ္လေခ ဂုဏ်တို့နှင့် ပြည့်စုံတော်မူသည့် နဘူးကျင်းဆရာတော်ကြီးအတွက်မှာမူ ထိုထိုအာရုံတို့က အာရမ္မဏာဓိပတိ မထိုက်ခဲ့ပါပေ။

အကြောင်းမှာ ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ထိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဆရာတော်ကြီး လွန်တော်မူသည့်တိုင်အောင် တစ်ခွန်းတစ်ပါဒမျှ ပြန်လည်၍မိန့်ကြားတော်မမူခြင်းကပင် ဆရာတော်၏ စိတ်တော်ကို မှန်းဆ ကြည် ညိုနိုင်မည် ဖြစ်ပါသည်။

ကျမ်းညွှန်း * အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)၊ မဟာထေရ်မြတ်တို့၏ စံနမူနာယူစရာကျင့်သီလအပိုင်း (၁) (၂၀၁၄၊ ဒုတိယအကြိမ်)

 

 

 

 

ဥဒေါင်းမ၏ တွန်ကျူးသံကြောင့် ဘုရားလောင်းရွှေဥဒေါင်းမင်း ညွှတ်ကွင်းမိ

 

ဘုရားအလောင်းတော် ရွှေဥဒေါင်းမင်းအတွက် ဥဒေါင်းမ၏တွန်ကျူးသံက အာရမ္မဏာ ဓိပတိဖြစ်ခဲ့သည်ကို ပြပါဦးမည်။ ဗာရာဏသီပြည့်ရှင်မင်း၏ မိဖုရားကြီးခေမာသည် အိပ်မက်ထဲက ရွှေဥဒေါင်းမင်းထံပါးမှ တရားတော်ကို နာကြားလိုကြောင်း မင်းကြီးထံသို့ သံတော်ဦးတင်လေ၏။ ထိုအခါ မင်းကြီး၏ စေခိုင်းချက်အရ မုဆိုးများက ဟိမဝန္တာတောင်ရှိ ရွှေဥဒေါင်းမင်းကို ညွှတ်ကွင်းဖြင့် ဖမ်းဆီးရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ကြပါ။

အကြောင်းမှာ ဘုရားလောင်းတော် ရွှေဥဒေါင်းမင်းက နံနက်တိုင်း နေထွက်ချိန်တွင် ‘ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော’ ဂါထာတော်ဖြင့် ပရိတ် အရံအတားပြုကာသွားလာသဖြင့် ကျော့ကွင်းနင်းမိသော်လည်း မဖမ်းမိနိုင်ခြင်းဖြစ်၏။

နှစ်ကာလရှည်ကြာလာသဖြင့် မုဆိုးလည်း တောထဲတွင် သေဆုံး၊ ခေမာမိဖုရားလည်း တောင့်တသည်ကို မရသဖြင့် နတ်ရွာစံလေ၏။ ထိုအခါမင်းကြီးက သူချစ်မြတ်နိုးရသည့် မိဖုရားနှင့် သေကွဲခွဲရသည်ကို ဒေါမာန်ပွားကာ “ဟိမဝန္တာတောင်မှ ရွှေဥဒေါင်း၏ အသားစားရ သူတို့သည် မအို၊ မသေရကုန်”ဟု ရွှေပေလွှာ ရေးထားခဲ့၏။ ထိုရွှေပေလွှာဖတ်ရသည့် မင်းခြောက်ဆက်နှင့် မုဆိုးခြောက်ဆက်တို့ ကွယ်လွန်သွားပြန်သော်လည်း ရွှေဥဒေါင်းကို ဖမ်းမမိခဲ့ပေ။

ခုနစ်ဆက်မြောက်မင်းလက်ထက်က မုဆိုးကမူ လိမ္မာပါးနပ်သဖြင့် မင်း၏ထံပါးမှ ခွင့်ပြု ချက်ရယူကာ ဥဒေါင်းမတစ်ကောင်ကို လက်ခုပ်တီးသံနှင့် ကခုန်တတ်၊ တွန်ကျူးတတ်သည် အထိ ပိုင်ပိုင်နိုင်နိုင် သင်ကြားပေး၏။ ထို့နောက် ရွှေဥဒေါင်းမင်း ကျက်စားရာတောင်ပေါ်၌ ကျော့ကွင်းထောင်ပြီး ဥဒေါင်းမကို တွန်ကျူးစေ၏။ ထိုအခါ ဘုရားလောင်း ရွှေဥဒေါင်းမင်းက ဒေါင်းမ၏ တွန်ကျူးသံကြားသည်နှင့် ကိလေသာထကြွလာသဖြင့် “ဥဒေတယံ စက္ခုမာ ဧကရာဇာ” ဂါထာကို ပရိတ်အရံအတားပြုရန်အလို့ငှာ ရွတ်ဆိုနိုင်စွမ်း မရှိတော့သဖြင့် မုဆိုး၏ ကျော့ကွင်းထဲ အမိခံလိုက်ရတော့၏။

ဥဒေါင်းမ၏ တွန်ကျူးသံသဒ္ဒါရုံဟူသော အာရုံသည် အကြောင်းတရား ဖြစ်သည်။ ရွှေဥဒေါင်းမင်း၏ သန္တာန်၌ ဖြစ်ပေါ်လာသည့် ကြားသိစိတ် သောတဝိညာဏ်နှင့် ယှဉ်ဘက် စေတသိက်တို့သည် အကျိုးတရား ဖြစ်သည်။ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာနိုင်ရန် အာရမ္မဏာဓိပတိ သတ္တိဖြင့် ကျေးဇူးပြု၏။ ဤတွင် ဘုရားလောင်း ရွှေဥဒေါင်းမင်းအဖို့ ဥဒေါင်းမတွန်ကျူးလာသည့် အသံအာရုံသည် အကြီးအမှူး အဓိပတိထိုက်သဖြင့် အနှစ်နှစ် အလလက အလေ့အကျင့်ရှိခဲ့သော ပရိတ်အရံအတားဂါထာကို ရွတ်ဆိုရန်ပင် မစွမ်းနိုင်တော့သော အခြေအနေသို့ ဆိုက်ရောက်ကာ မုဆိုးလက်ထဲ ရောက်သွားရှာပါတော့သည်။

ကျမ်းညွှန်း * ဇာတကအဋ္ဌကထာ အတွဲ-၄၊ မဟာမောရဇာတက (နှာ-၃၃၃)

 

 

 

 

သုတသောမမင်းနှင့် ပေါရိသာဒမင်းတို့၏ အာရမ္မဏာဓိပတိ

 

သုတသောမဇာတ်တော်၌ ပေါရိသာဒမင်းသည် လူသားကို အလေးအမြတ် ပြုသည် ဖြစ်၍ လူ့အသားတည်းဟူသော အကြောင်းကြောင့် ပြည့်စည်းစိမ်ကို စွန့်၍ တော၌ လှည့်လည်၏။ ဤဇာတ်တော်၌ ပေါရိသာဒအဖို့ လူ့အသား၏ အနံ့၊ အရသာတရားတို့သည် အာရမ္မဏာ ဓိပတိပစ္စည်း မည်၏။ ပေါရိသာဒမင်း၏ လောဘမူစိတ်သည် ပစ္စယုပ္ပန်တရားမည်၏။

သုတသောမမင်းသည် သစ္စာကို အလေးအမြတ်ပြု၍ သစ္စာတရားတည်းဟူသော အကြောင်းကြောင့် ပြည့်စုံသော ပြည်စည်းစိမ်အပါအဝင် ဆွေမျိုးအပေါင်းနှင့် မိမိ၏အသက် ကိုပါစွန့်၍ လူသားစားသည့် ပေါရိသာဒမင်း၏ လက်သို့ကပ်၏၊ ထိုသို့ကပ်ရာ၌ သစ္စာ တရားသည် အာရမ္မဏာဓိပတိပစ္စည်းမည်၏၊ သုတသောမမင်း၏ ကုသိုလ်စိတ်သည် ပစ္စယုပ္ပန် တရားမည်၏၊ ဤနည်းကို အလေးအမြတ်ပြုအပ်ကုန်သော အလုံးစုံသော အာရုံတို့၌ မှတ်အပ်၏ဟု ပဋ္ဌာန်းသိပ္ပံဆရာတော်က ဖွင့်ဆိုတော်မူပါသည်။

ကျမ်းညွှန်း * ဇာတကအဋ္ဌကထာ အတွဲ-၅၊ မဟာသုတသောမဇာတက (နှာ-၄၉၅)

 

 

 

 

မယ်ပဋာနှင့် ကိုဒါသ

 

ပဋာစာရီသည် မိမိ၏အိမ်ရှိ ကျေးကျွန်အစေအပါးတစ်ဦးနှင့် ချစ်ကြိုက်မိပြီး ဝေးရာသို့ ခိုးရာ လိုက်ပြေးလေသည်။ သားဦးရတနာကို ဖွားမြင်မည့်ကာလ၌ မိဘရပ်ထံသို့ ပြန်လိုကြောင်း ချစ်လင်ကိုဒါသကို ပြောပါသော်လည်း သူသည် သခင်မကိုခိုးသည့် ကျွန်ဖြစ်နေသဖြင့် မသွား ဝံ့ပါပေ။ (ဒါသမည်သည် ကျွန်ယောကျ်ားကို ခေါ်ခြင်းဖြစ်သည်)

ထို့ကြောင့် လင်ဖြစ်သူ မရှိခိုက် မိဘရပ်ထံသို့ ခိုးထွက်လာခဲ့ရာ ခရီးဆုံးမရောက်ခင် လမ်းခုလတ်၌ပင် ဖွားမြင်ခဲ့သဖြင့် ရွာသို့ ပြန်လာကြသည်။ ဤသို့ပင် ဒုတိယရင်သွေးကိုလည်း လမ်းခုလတ်၌ပင် မိုးကြီးလေကြီးကျနေစဉ် ဖွားမြင်ခဲ့သဖြင့် အမိုးအကာပြုလုပ်နိုင်ရန် ကိုဒါသသည် လမ်းဘေးဝဲယာ တောထဲသွားစဉ် ထိုည၌ပင် မြွေကိုက်ကာ သေဆုံးသွားပါသည်။ နောက်တစ်နေ့ မနက်၌မူ သားကြီးက ရေထဲမျှောပါသွားပြီး ဖွားမြင်ခါစ သားငယ်ကလေးကို စွန်ကြီးတစ်ကောင်က သုတ်ချီသွား၏။

ပဋာစာရီအဖို့ လင်သေ သားဆုံးသွားပြီဖြစ်သဖြင့် မိဘများရှိရာ သာဝတ္ထိသို့ လာခဲ့ရာ ယမန်နေ့က မိုးကြီးလေကြီးကြောင့် နေအိမ်ပြိုပြီး မိသားတစ်စုလုံး သေဆုံးကုန်တော့သည်။ ထိုအခါ ပဋာစာရီလည်း ရူးသွပ်ကာ လှည့်လည်သွားလာရင်း ဘုရားရှင်၏ ကျောင်းတော်သို့ ရောက်သွားလေသည်။ ဘုရားရှင်က “ချစ်သမီး သတိရစေလော့”ဟု မိန့်တော်မူသည်။ တစ်ဦးသောယောကျ်ားက အပေါ်ရုံအဝတ်ကို ပစ်ပေးသဖြင့် ၎င်းကိုဝတ်ရုံကာ တရားတော်ကို နာကြားပြီး အရိယာဖြစ်လေသည်။

ဤဝတ္ထုတွင် ကိုဒါသတည်းဟူသော ရူပါရုံအဆင်းက အာရမ္မဏာဓိပတိပစ္စည်း ဖြစ်ပါ သည်။ အဘယ်ကြောင့်ဆိုသော် ပဋာစာရီသူဌေးသမီးအဖို့ အလွန့်အလွန် နှစ်သက်စရာ ဖြစ်နေသောကြောင့်တည်း။ ပဋာစာရီ၏သန္တာန်၌ရှိသော လောဘဇောက အာရမ္မဏာဓိပတိ ပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ကိုဒါသတည်းဟူသော ကျွန်ယောကျ်ားသည် ပဋာစာရီအဖို့ နှစ်သက်စရာ နှစ်သက်မြတ်နိုးစရာ အဓိပတိသတ္တိ ရှိနေသောကြောင့်သာ သူသည် သူဌေးသမီး ဖြစ်ပါသော်လည်း ကျေးကျွန်ကိုဒါသအလိုနိုင်ငံသို့ လိုက်ပါရခြင်းဖြစ်သည်။

ဤနေရာတွင် “သဘာဝဣဋ္ဌဖြစ်စေ၊ ပရိကပ္ပဣဋ္ဌဖြစ်စေ အဓိပတိတပ်ရမည်မှတ်” ဟု မိုးကုတ်ဆရာတော်ကြီးက အဘိဓမ္မာပဋ္ဌာန်းညဝါ သုံးချက်စု ချပို့စဉ်ကျမ်း၌ ဟောကြားတော် မူထားပါသည်။

 

 

 

 

အာရမ္မဏာဓိပတိ နှင့် အာရမ္မဏူပနိဿယ

 

အာရမ္မဏာဓိပတိ နှင့် အာရမ္မဏူပနိဿယကို မိုးကုတ်ဆရာတော်ကြီး၏ ဥပမာဖြင့် ပြပါမည်။ ‘သမီးကလေးတစ်ယောက် မွေးဖွားလာတဲ့အခါမှာ ငယ်ငယ်တုန်းကတော့ မိမိသမီးကလေးကို စောင့်ရှောက်ရသည်မှာ ဂရုကာတဗ္ဗမျှသာ စောင့်ရှောက်ရသောကြောင့် အာရမ္မဏာ ဓိပတိမှတ်။ နောက် အပျိုအရွယ်ကလေး ဖြစ်လာတဲ့အခါကျပြန်တော့ ငယ်ငယ်တုန်းက စောင့်ရှောက်ရတာနဲ့မတူတော့ပါဘဲ အထူးသဖြင့် စောင့်ရှောက်ရသောကြောင့် ဗလဝကာရဏ ဖြစ်လာရကား အာရမ္မဏူပနိဿယမှတ်ပါ’

‘ဤကဲ့သို့ဖြစ်ရာမှာ ငယ်ငယ်တုန်းကလည်း ဒီရူပါရုံပဲ၊ ကြီးတော့လည်း ဒီရူပါရုံပဲ။ ဘာထူးသလဲဆိုပါရင် ငယ်ငယ်တုန်းကရူပါရုံကတော့ ယောက်ျားပျိုကလေးများ၏ စိတ်နှလုံးကို မရွှင်ပြုံးစေနိုင်သေးရကား စောင့်ရှောက်ရသော်လည်း သာမညသာဖြစ်သောကြောင့် အာရမ္မဏာဓိပတိမျှသာ။ နောက်အပျိုအရွယ်ကလေး ဖြစ်လာတဲ့အခါကျတော့ ယောက်ျားပျိုကလေးများ၏ စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက်စေသောကြောင့် အထူးစောင့်ရှောက်ရကား အာရမ္မဏူပနိဿယမှတ်ပါ။ ဒါ့ကြောင့် အာရမ္မဏာဓိပတိနဲ့ တူငြားသော်လည်း သတ္တိကလေးကတော့ ထူးတယ်လို့မှတ်ပါ’ ဟု အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သုံးချက်စု ချပို့စဉ် အဘိဓမ္မာပဋ္ဌာန်း ညဝါမှတ်စု၌ လာရှိပါသည်။

ကျမ်းညွှန်း * ဓမ္မပဒ၊ သဟဿဝဂ်၊ ပဋာစာရီထေရီမဝတ္ထု။
              * အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သုံးချက်စု ချပို့စဉ် အဘိဓမ္မာပဋ္ဌာန်း ညဝါမှတ်စုစာအုပ်။

 

 

 

 

ပုဂ္ဂိုလ်၏ အတွင်းဓာတ်ခံပေါ်၌ မူတည်သည်

 

အာရုံခြောက်ပါးက စားကျက်ဟု ပမာပြုမည်ဆိုလျှင် စားကျက်၌ ကုသိုလ်၊ အကုသိုလ် ဟူ၍ မရှိကောင်းပေ။ နာမ်တရားဖြစ်သည့် ကုသလဟေတုနှင့် အကုသလဟေတုကသာ ကုသိုလ်၊ အကုသိုလ်ဟူ၍ ရှိသည်။

ထို့ကြောင့် အလောဘ၊ အဒေါသ၊ အမောဟဟူသော ကုသလဟေတု အားကောင်းပါက ဒါန သီလ စသည့် ပြုပြုသမျှသော ကာမာဝစရကုသိုလ်တို့ကို ပစ္စဝေက္ခတိ = အာရုံပြု၍ ဆင်ခြင်နိုင်၏။

လောဘ၊ ဒေါသ၊ မောဟ ဟူသော အကုသလဟေတု အားကောင်းပါမူကား ထိုထို ဒါန သီလ စသည့် ကောင်းမှုများအပေါ်၌ပင် အဿာဒေတိ = သာယာမြတ်နိုး၏၊ အဘိနန္ဒတိ = အလွန် နှစ်သက်၏၊ ထိုသို့ သာယာ မြတ်နိုး နှစ်သက်မှုကို အာရုံပြု၍ စွဲလမ်းကပ်ငြိမှုရာဂ ဖြစ်ပေါ်လာ၏။ အယူလွဲမှားမှုဒိဋ္ဌိ ဖြစ်ပေါ်လာနိုင်၏။

သို့ဖြစ်ပါ၍ ကုသိုလ်မဖြစ်စေနိုင်သည့် အာရုံဟူ၍မရှိပါ။ ကုသိုလ်ရနိုင်ရန် အသုံးချ နိုင်စွမ်းရှိသူနှင့် အသုံးချနိုင်စွမ်းမရှိသူတို့သာ ကွာခြားပါသည်။ ပုဂ္ဂိုလ်၏ အတွင်းဓာတ်ခံအပေါ်၌ မူတည်ပါသည်။

ကျမ်းညွှန်း * ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)၏ လူတိုင်းအတွက် ပဋ္ဌာန်း (၂၀၁၁-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်)

 

 

 

 

အရှင်အာနန္ဒာနှင့် အရှင်ဒေဝဒတ်တို့၏ ဓာတ်ခံအားလျော်သည့် တောင်းဆုများ

 

ပမာပြရသော် အရှင်အာနန္ဒာနှင့် အရှင်ဒေဝဒတ်တို့သည် သာကီဝင်မင်းမျိုးချင်း တူညီသည်။ ခတ္တိယမျိုးနွယ်ချင်းလည်း တူညီသည်။ ဘုရား၏ညီတော်များ ဖြစ်တာချင်းလည်း တူညီသည်။ ရဟန်းဖြစ်တာချင်းလည်း တူညီပြန်သည်။ ဘုရားရှင်ထံ တောင်းခံသည့် ဖြစ်စဉ်၌လည်း တူညီပြန်သည်။ သို့သော် ဓာတ်ခံများက မိုးမြေမက ကွာခြားလွန်းပါသည်။
အရှင်အာနန္ဒာသည် ဘုရားထံပါးမှ ပယ်ဆုလေးပါးကို တောင်းခံတော်မူခဲ့ပါသည်။ ၎င်းတို့မှာ ဘုရားရှင်သည် အကယ်၍ တပည့်တော်အား –

၁- အဖိုးထိုက် အဖိုးတန်သင်္ကန်းကို မပေးဘဲနေတော်မူပါလျှင်

၂- မွန်မြတ်သော ဆွမ်းခဲဖွယ်ကို မပေးဘဲနေတော်မူပါလျှင်

၃- ဘုရားရှင် ကျိန်းစက်တော်မူရာကျောင်း၌ နေထိုင်ခွင့်မပေးဘဲ နေတော်မူပါလျှင်

၄- ပင့်ဖိတ်ရာသို့ တပည့်တော်ကို မခေါ်ဘဲထားတော်မူပါလျှင် တပည့်တော်သည် ဘုရားရှင်အား လုပ်ကျွေးပြုစုပါမည်ဘုရား။

တစ်ဖန် အရှင်အာနန္ဒာသည် တောင်းဆုလေးပါးလည်း လျှောက်ထားပါသေးသည်၊ ၎င်းတို့မှာ –

အကယ်၍ ဘုရားရှင်သည် –

၁- တပည့်တော် လက်ခံထားသော ဖိတ်ကြားရာသို့ လိုက်တော်မူပါလျှင်

၂- ရပ်ဝေးမှ ရောက်လာကြသော ပရိသတ်အား ရောက်လာသော အချိန်မှာပင် ဘုရားရှင်ထံသို့ ပို့ဆောင်ခွင့် ရပါလျှင်

၃- ယုံမှားသင်္ကာ တစ်စုံတစ်ရာ ပေါ်လာခဲ့သော် ပေါ်လာသော အချိန်မှာပင် ဘုရားရှင်ထံ ချဉ်းကပ်ခွင့်ရပါလျှင်

၄- တပည့်တော်၏ မျက်ကွယ်မှာ ဟောကြားတော်မူခဲ့သော တရားဒေသနာတော် များကို တပည့်တော်အား ထပ်မံဟောကြားတော်မူပါလျှင် ဘုရားရှင်အား တပည့်တော် လုပ်ကျွေး ပြုစုပါမည်ဟူ၍ ဖြစ်ပါသည်။

အရှင်ဒေဝဒတ်သည်လည်း တောင်းဆုငါးပါးကို လျှောက်ထားဖူးသည်။ ၎င်းတို့မှာ ရဟန်းအားလုံးသည် –

၁- အသက်ထက်ဆုံး တောကျောင်း၌သာ နေကြရန်

၂- ပင့်ဆွမ်းကိုပယ်၍ ဆွမ်းခံစားရန်

၃- အသက်ထက်ဆုံး ပံ့သကူသင်္ကန်းကိုသာ သုံးဆောင်ရန်

၄- သစ်ပင်ရင်းဟူသော ကျောင်း၌သာ သီတင်းသုံးရန်

၅- သက်သတ်လွတ်ကိုသာ ဘုဉ်းပေးရေးကို သံဃာတော်တို့အား စည်းကမ်းသတ်မှတ် ပြဋ္ဌာန်းပေးရန် ဖြစ်ပါသည်။

ဒေဝဒတ်၏ လျှောက်ထားချက်သည် မြင့်မြတ်သူတို့၏ ကျင့်စဉ်ပမာ ထင်မှတ်ရပါသော်လည်း အရှင်ဒေဝဒတ်၏ မူလဓာတ်ခံစိတ်ထား အလွန်ပင် ကောက်ကျစ်သဖြင့် ကြား ကောင်းရုံ တောင်းခြင်းဖြစ်ပြီး ထိုသို့ လိုက်နာကျင့်သုံးရန် သူ့၌ စိတ်ဆန္ဒ မရှိပါလေ။

အကြောင်းမှာ ရုပ်ကိုပဓာနပြုကာ ကြည် ညိုကြသူ သုံးပုံ ပုံလျှင် နှစ်ပုံရှိသည်။ ကျော်စော မှုကို ပဓာနပြုကာ ကြည် ညိုကြသူ ငါးပုံ ပုံလျှင် လေးပုံရှိသည်။ ခေါင်းပါးသော အကျင့်ကို ပဓာနပြုကာ ကြည် ညိုကြသူ ဆယ်ပုံ ပုံလျှင် ကိုးပုံရှိပြီး ဓမ္မကိုပဓာနပြုကာ ကြည် ညိုသူ တစ်သိန်းပုံလျှင် တစ်ပုံသာရှိသည်ဟု မြတ်ဘုရား ဟောကြားတော်မူထားသည်။

ဒေဝဒတ်သည် ဤခေါင်းပါးသောအကျင့်ကို လူကြိုက်များမှန်း သိထားပြီး ဖြစ်သည်။ ထို့ကြောင့် ဒေဝဒတ်၏ လျှောက်ထားချက်တို့ကို ဘုရားရှင်ခွင့်ပြုလျှင် ဘုရားသည် သူ့လောက်ပင် ဓမ္မရေးရာ၌ မလိမ္မာချေဟု စွပ်စွဲပေတော့မည်။ ဘုရားရှင်ခွင့်မပြုပါလျှင်မူ ငါသည် မြင့်မြတ်သူတို့၏ ကောင်းမြတ်သောကျင့်စဉ်တို့ကို ကျင့်သုံးနိုင်ရန် တောင်းဆိုပါသော်လည်း အားပေးခြင်းမရှိဟု စွပ်စွဲပေမည်။ နှစ်ဖက်အစွန်းမလွတ်အောင် ကောက်ကျစ်သောအကြံဖြင့် သံဃပရိသတ်အလယ်တွင် လျှောက်ထားခြင်းသာ ဖြစ်ပေတော့သည်။

ကျမ်းညွှန်း * (၁၁)၊ ဥပဋ္ဌာကပရိစ္ဆေဒဝဏ္ဏနာ၊ မဟာပဒါနသုတ္တ၊ မဟာဝဂ္ဂဋ္ဌကထာ (နှာ-၁၃)
              * (၄၃၄)၊ ပဉ္စဝတ္ထုယာစနကထာ၊ စူဠဝဂ္ဂပါဠိ (နှာ-၃၅၈)

 

 

 

သဟဇာတာဓိပတိ

 

သဟဇာတာဓိပတိ ပဋ္ဌာန်းပစ္စည်းသည် သာမန်လူစား အနုံစားတို့ မဖြစ်ပွားနိုင်ကြကုန်။ သံသရာခေါင်းဆောင်ကြီးများဖြစ်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကအလောင်းလျာကြီး များနှင့် ကမ္ဘာလောကကြီးများ ကြီးပွားအောင် ဆောင်ရွက်ကြသည့် ကမ္ဘာ့ခေါင်းဆောင်ကြီး တို့၏သန္တာန်၌ များသောအားဖြင့် ဤအဓိပတိပစ္စည်း ထင်ရှား၏။ မိမိတို့အလုပ် အဟုတ် ပြီးစီးအောင် အထူးသဖြင့် ကြံဆောင်အားထုတ်၍ ထိုထိုအမှုကိစ္စ ပြီးစီး အောင်မြင်ကြပါသည်။

“ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော” ဟု ပဋ္ဌာန်းပါဠိတော်ကြီးတွင် လာရှိပါသည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများဟူသည် လူထဲကလူဖြစ်ပါသော်လည်း အဓိပတိတပ်ရန် ပြုမူအားထုတ်ကြသဖြင့်သာ အဓိပတိ ခေါင်းဆောင်ကြီးများ ဖြစ်ကြပေသည်။

မိမိတို့အနေဖြင့်လည်း ဤအဓိပတိလေးပါး တရားနှင့် တွဲကာ တွဲကာ အားထုတ်ကြပါမူ ဤဘဝတွင်လည်း အဓိပတိ လူကြီး လူကောင်း အစားစား ဖြစ်နိုင်၏။ နောက်နောက်သံသရာ ကမ္ဘာလောကကြီး၌လည်း အဓိပတိအကျိုး အမျိုးမျိုးတို့ ခံစားကြပြီးလျှင် မိမိတို့ အဓိပတိ ပါရမီအားလျော်စွာ ဘုရားအဓိပတိ၊ ပစ္စေကဗုဒ္ဓါအဓိပတိ၊ သာဝကအဓိပတိ၊ လူကောင်း နတ်ကောင်း ဗြဟ္မာကောင်း နိဗ္ဗာန်တိုင်အောင် ရောက်ကြရ ခံစားကြရပေမည်။

အဓိပတိမဆောင်ဘဲ ထိုထိုအမှုတို့ကို ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသတို့ နုံနဲနဲ ပြုလုပ်ကြပါမူ လူနုံ၊ နတ်နုံ တို့သာ ဖြစ်ကြပါမည်။ အလတ်စား ပြုကြပါမူ အလတ်စားလူ၊ နတ်မျှသာ ဖြစ်ကြပေမည်။

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်နေ့တိုင်း ကုသိုလ်အလုပ်များဖြစ်ကြသည့် ရေချမ်း ဆီမီး ပန်း တို့ဖြင့် ပူဇော်ခြင်း၊ ဘုရားရှိခိုးခြင်း၊ သီလဆောက်တည်ခြင်း၊ မေတ္တာ စသော သမထ ကမ္မဋ္ဌာန်းနှင့် ဝိပဿနာကမ္မဋ္ဌာန်းတို့ကို ဝတ်မပျက် အားထုတ်ကြရမည် ဖြစ်ပါသော်လည်း ရံခါ စိတ်အားထက်သန်၍ ရံခါမှာမူ နုံနုံနဲ့နဲ့ ပျင်းပျင်းရိရိ ဖြစ်နေတတ်၏။

ဤကဲ့သို့ ပျင်းပျင်းရိရိ မဖြစ်ဘဲ မဆုတ်မဆိုင်း မနှောင့်မနှေးစေဘဲ သဟဇာတာဓိပတိ စိတ်စေတနာဖြင့် ပြုလုပ်အားထုတ်ပါမူ နိဗ္ဗာန်ကို မျက်မှောက်ပြုသည့်တိုင်အောင် ကျေးဇူးများပေမည်။

နာမ်အဓိပတိဖြစ်သည့် သဟဇာတာဓိပတိ၌ ပါဝင်သည့် ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိနှင့် ဝီမံသာဓိပတိတို့သည် အင်အားကြီးသော တန်ခိုးဣဒ္ဓိ၏ အခြေခံများ ဣဒ္ဓိပါဒ် တရားများလည်း ဖြစ်ကြ၏။

ထို့ကြောင့် ထိုတရားတို့သည် ကုသိုလ်နှင့် ယှဉ်လျှင်လည်း ကောင်းမှုအဖုံဖုံကို မနားမနေ ထက်ထက်သန်သန်ကြီး ပြုပေတော့သည်။ အကုသိုလ်နှင့် ယှဉ်လျှင်လည်း မကောင်းမှုအဖုံဖုံကို မနားမနေ ထက်ထက်သန်သန်ကြီး ပြုပေတော့သည်ဟု လယ်တီဆရာတော်ဘုရားကြီး၏ ပဋ္ဌာနုဒ္ဒေသဒီပနီ၌ လာရှိပါသည်။

ကျမ်းညွှန်း * လယ်တီဆရာတော်ဘုရားကြီး၏ ပဋ္ဌာနုဒ္ဒေသဒီပနီကျမ်း

 

 

 

အဓိပတိထိုက်သည့်တရား

 

အဓိပတိထိုက်သည့် ဆန္ဒဟူသည် ဘုရားလောင်းတော်တို့အတွက် “သဗ္ဗညုဉာဏ်တော် ကို ရဖို့ဆိုရင် ခြေလက်အင်္ဂါ စွန့်ရင်စွန့်ရပါစေ စွန့်မယ်၊ အသက်ကိုပါ စွန့်ရင်စွန့်ရပါစေ စွန့်မယ်” ဟူသော ဆန္ဒမျိုး ဖြစ်ပါသည်။

ပမာပြရသော် ဘုရားလောင်းတော် ယုန်မင်းက အလှူခံလာသည့်ပုဏ္ဏားအား မိမိခန္ဓာ ကိုယ်ကို လှူဒါန်းရန် မီးပုံထဲ ခုန်ဆင်းပြီး အသက်ကို အသေခံလှူဒါန်းနိုင်ခဲ့သည့် ဆန္ဒတော် သည် အဓိပတိထိုက်၏။ ဝီရိယတော်သည် အဓိပတိထိုက်၏။ စိတ္တ၊ ဝီမံသတို့သည်လည်း အဓိပတိထိုက်၏။ အဓိပတိထိုက်သည့် ဆန္ဒ၊ စိတ္တ၊ ဝီရိယနှင့် ဝီမံသတို့က တန်ခိုးကြီးသည်၊ ခိုင်ခံ့သည်၊ မပျောက်ကွယ်လွယ်ပေ။

 

 

 

 

ဆန္ဒာဓိပတိ

 

ဆန္ဒအားနည်းကြကုန်သော လူများစွာတို့သည် ကြီးကျယ်သော၊ အလွန် ပြုနိုင်ခဲကုန်သော ယောက်ျားမြတ်တို့သာ ပြုနိုင်သော လုပ်ရပ်တို့ကိုမြင်ပြီး လိုက်ပါဆောင်ရွက်ရန် ဝေးစွ အားကျစိတ်မျှပင် ပေါ်ခဲပေသည်။ “ငါတို့၏ အရာမဟုတ်” ဟု ဆိုကာ လျစ်လျူရှုကာ ပစ်ထားတော့၏။

ဆန္ဒအားကောင်းသော ပုဂ္ဂိုလ်သည်ကား ကြီးကျယ်သော၊ အလွန် ပြုနိုင်ခဲကုန်သော ယောက်ျားမြတ်တို့သာ ပြုနိုင်သောလုပ်ရပ်တို့ကို မြင်ပြီး စိတ်ဆန္ဒတက်ကြွကာ ပြုရန် အလွန် အလိုရှိ၏၊ ဤအမှုသည် ငါ၏ အရာတည်းဟု ဆုံးဖြတ်၏၊ သူ၏ဆန္ဒကို ဆွဲငင်အပ်သည်ဖြစ်၍ အမှုကိစ္စ မပြီးသေးသမျှ ကာလပတ်လုံး အကြား၌ ထိုအမှုကို စွန့်ပစ်ရန် မစွမ်းနိုင်ချေ၊ ဆုံးခန်းတိုင်ရောက် ပြီးမြောက်အောင် ဆောင်ရွက်ပေလိမ့်မည်။

ထို့ကြောင့် မည်သည့်အရာကမှ ဟန့်တားမရလောက်အောင် ထက်သန်သည့်ဆန္ဒ ပြင်းထန်နေသူအဖို့ ‘ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ’ ဆန္ဒဝတော = ဆန္ဒ ရှိသော ပုဂ္ဂိုလ်အား၊ ကိံနာမ = အဘယ်မည်သော၊ ကမ္မံ = အမှုသည်၊ န သိဇ္ဈတိ = မပြီးဘဲ ရှိပါအံ့နည်း။ “အို – ဆန္ဒကြီးမားရင် ဘာကိစ္စ မအောင်မြင်ဘဲ ရှိရမလဲ” ဟု ဆိုရပါမည်။

 

 

 

ဝီရိယာဓိပတိ

 

ဝီရိယ တွန့်တိုဆုတ်ယုတ်သော လူများစွာတို့သည်လည်း ထိုထိုအမှုကိုမြင်၍ ဝီရိယ လျော့ကုန်၏၊ ဤအမှုကိုပြုသော ငါ့အား များစွာသော ကိုယ်၌ဖြစ်သော ဆင်းရဲ, စိတ်၌ ဖြစ်သော ဆင်းရဲ ဖြစ်လိမ့်မည်ဟု ဆုတ်နစ်၏၊ ဝီရိယရှိသော ပုဂ္ဂိုလ်သည်ကား ထိုသို့ သဘောရှိကုန်သော ယောက်ျားတို့ ပြုအပ်ကုန်သော အမှုတို့ကိုမြင်၍ ဝီရိယ တက်ကြွ၏၊ ယခု ချက်ချင်းသာလျှင် ထ၍ပြုလုပ်ရန် အလိုရှိ၏။ သူသည် ကြာမြင့်စွာသော ကာလပတ်လုံးလည်း ထိုအမှုကိုပြုလျက် များစွာသော ကိုယ်၌ဖြစ်သော ဆင်းရဲ၊ စိတ်၌ဖြစ်သော ဆင်းရဲကို ခံစားရပါသော်လည်း ထိုဝီရိယဖြင့် ပြုအပ်သောအမှု၌ မငြီးငွေ့ပေ။ ဆုံးခန်းတိုင်ရောက် ပြီးမြောက်အောင် ဆောင်ရွက်ပေလိမ့်မည်။ ဝီရိယအားကောင်းသူတို့၏ အပြုအမူ အလုပ် အကိုင်ကို ပျင်းရိသည့် ငပျင်းတို့က အားလည်းမကျ၊ နှစ်လည်း မနှစ်သက်ကြပါပေ။

အသက်ပင် သေလျှင်သေပါစေ အသေခံကာ မရမနေကြိုးစား အားထုတ်သည့် ဝီရိယ ထက်သန်သူအဖို့ ‘ဝီရိယဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ’ ဝီရိယဝတော = ဝီရိယရှိသော ပုဂ္ဂိုလ်အား၊ ကိံနာမ = အဘယ်မည်သော၊ ကမ္မံ = အမှုသည်၊ န သိဇ္ဈတိ = မပြီးဘဲ ရှိပါအံ့နည်း။ “အို ဝီရိယကြီးမားရင် ဘာကိစ္စ မအောင်မြင်ဘဲ ရှိရမလဲ”

 

 

 

ဘုရားအလောင်းတော် ဇနကမင်းသား၏ အဓိပတိထိုက်သည့် လုံ့လဝီရိယ

 

မဟာဇနကဇာတ်တော်၌ ဘုရားအလောင်းတော် ဇနကမင်းသား၏ ခမည်းတော်ကို ဘထွေးတော်က စစ်ပွဲဆင်နွှဲပြီး မိတ္ထီလာပြည်ကို အရယူသွားတော့သည်။ ဘုရားအလောင်းတော် ကိုယ်ဝန်လွယ်ထားသည့် မိဖုရားခေါင်ကြီးသည် ကိုယ်လွတ် ထွက်ပြေးလွတ်မြောက် ခဲ့သည်။ သားကလေး ဖွားမြင်လာသောအခါ မင်းသားငယ်၏ အဖိုးအမည်ဖြစ်သည့် ဇနက မင်းသားဟု မှည့်ခေါ်၏။

အရွယ်ရောက်လာသောအခါ ဖခင်အစစ်အမှန်ကို ဖုံးကွယ်ထား၍ မဖြစ်တော့သည့် တစ်နေ့ မယ်တော်ကြီးက ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြ၏။ ဇနကမင်းသားကလေးက အဖ၏ တိုင်းပြည်ကို ပြန်လည်ရယူနိုင်ရန် စီမံရာတွင် ဥစ္စာဘဏ္ဍာကို ဦးစွာ စုဆောင်းရမည်ဟု ဆုံးဖြတ်ပါသည်။

မယ်တော့်ထံမှ ဥစ္စာငွေကြေးအချို့ကို အရင်းအနှီးအဖြစ်ယူပြီး မယ်တော်ကြီး အတန် တန်တားသည့် ကြားကပင် ကုန်ကူးသန်းရန်အတွက် သုဝဏ္ဏဘူမိသို့ ရွက်သင်္ဘောဖြင့် ထွက်ခွာလာ၏။ ပင်လယ်ပြင်တွင် လေမုန်တိုင်းမိသဖြင့် သင်္ဘောပျက်လေသည်။ ထိုအခါ မင်းသားသည် သင်္ဘောရွက်တိုင်ထိပ်သို့တက်ကာ တစ်ကိုယ်လုံးကို ထောပတ်ဆီများ သုတ်လိမ်းပြီး သင်္ဘောနှင့် အဝေးဆုံးရောက်အောင် ခုန်ချပါတော့သည်။ ပင်လယ်ပြင်တွင် မည်သည့်အစာမှ မစားရသော်လည်း ဥပုသ်နေ့၌ ဥပုသ်စောင့်တော်မူသေးသည်။ မင်းသားသည် လုံ့လဝီရိယ မလျှော့ချဘဲ ခုနစ်ရက်ပတ်လုံး မိတ္ထီလာပြည်သို့ ရည်မှန်းကာ ကူးခတ်နေတော့၏။ ခုနစ်ရက် ပြည့်သောနေ့တွင် မဏိမေခလာနတ်သမီးက ကယ်တင်ပြီး မင်းသားရည်မှန်းထားရာ မိတ္ထီလာ ပြည်သို့ ပို့ဆောင်ပေးပါသည်။

ထိုကာလ၌ မိတ္ထီလာပြည့်ရှင်ဘုရင် ဘထွေးတော်မင်းတရားကြီး နတ်ရွာစံပြီးချိန် ဖြစ်သဖြင့် စစ်မတိုက်ရဘဲ ဘုရင်အဖြစ်သို့ ရောက်တော်မူ၏။ အလောင်းတော်၏ ဝီရိယသည် ထက်သန်သဖြင့် အတူဖြစ်ဖက် နာမ်တရားများနှင့် စိတ္တဇရုပ်များလည်း ဝီရိယ၏အလိုအတိုင်း လိုက်ပါပေးရတော့သည်။ အတွင်းအဇ္ဈတ္တသန္တာန်မှ နာမ်တရား အကြီးအမှူးဖြစ်သည့် ဝီရိယ ဦးဆောင်ရာသို့ ဆန္ဒ၊ စိတ္တ၊ ဝီမံသတို့သည်လည်း ရည်မှန်းရာ ပန်းတိုင်ဆီသို့ ပို့ဆောင်ပေးတော့သည်။

 

 

 

သမုဒ္ဒရာရေကို ခန်းခြောက်စေမည့် ရှဉ့်မင်း၏ဝီရိယ

 

ဘုရားအလောင်းတော်သည် ရှဉ့်မျိုး၌ဖြစ်သည့် ဘဝတစ်ခုတွင် မိုးသည်းထန်စွာ ရွာချ သည်ရှိသော် ရှဉ့်သားကလေးများနေသော အသိုက်သည် သမုဒ္ဒရာရေပြင်ထဲ မျောပါသွား တော့သည်။ ဘုရားအလောင်းတော်သည် သမုဒ္ဒရာရေကို ရှဉ့်အမြီးဖြင့် ဆွတ်၍ ဆွတ်၍ တစ်နေရာ၌ ခါချကာ သမုဒ္ဒရာရေခန်းခြောက်စေပြီး သားသမီးငယ်များကို ရေအလျဉ်မှ ကယ်ထုတ်နိုင်ရန် ကြိုးပမ်းနေလေတော့သည်။

ဤဖြစ်စဉ်ကို မြင်မိသည့် သိကြားမင်းကြီးက ရှဉ့်ထံလာပြီး ‘သမုဒ္ဒရာရေ ဘယ်တော့ကုန်မလဲ’ ဟု ပြောရာ ဘုရားအလောင်းတော် ရှဉ့်က ‘လူပျင်းတို့နှင့် ငါစကားမပြောလိုဘူး၊ လာ မနှောင့်ယှက်ပါနှင့်၊ ထွက်သွားပါ’ ဟု ပြောကာ သိကြားမင်းကို နှင်ထုတ်လေသည်။ ဘုရားအလောင်းတော်ရှဉ့်၏ လုံ့လဝီရိယသည် အဓိပတိ ဖြစ်နေပါသည်။ ထို့ကြောင့် သူနှင့် ယှဉ်ဖက် နာမ်တရားများလည်း ဝီရိယနောက်လိုက်ပါကာ သဟဇာတာဓိပတိသတ္တိဖြင့် ကျေးဇူးပြုခြင်းပေတည်း။

ကျမ်းညွှန်း * (၅၃၉)၊ မဟာဇနကဇာတကဝဏ္ဏနာ၊ မဟာနိပါတ၊ ဇာတကဋ္ဌကထာ – ၆ (နှာ-၃၉)
              * ပါထိကဝဂ်အဋ္ဌကထာ (နှာ-၁၀၂)

 

 

 

 

စိတ္တာဓိပတိ

 

စိတ်တွန့်တို ဆုတ်ယုတ်သော လူများစွာတို့သည် ထိုထိုအမှုတို့ကို မြင်၍ စိတ်ဆုတ်နစ်ကုန်၏၊ တစ်ဖန် အာရုံလည်း မပြုနိုင်ကုန်။ စိတ်အားလွန်ကဲသူတို့ကား ထိုသို့ သဘောရှိကုန်သော အမှုတို့ကို မြင်၍ စိတ်တက်ကြွကုန်၏၊ စိတ်ကို ဖျောက်ရန် မစွမ်းနိုင်၊ အမြဲ ထိုအမှု၌ စိတ်စွဲမြဲ၏၊ သူသည် စိတ်အလိုသို့လိုက်၍ ရှည်မြင့်စွာသော ကာလပတ်လုံးလည်း ထိုအမှုကိုပြုလျက် များစွာသော ကိုယ်၌ဖြစ်သောဆင်းရဲ စိတ်၌ဖြစ်သောဆင်းရဲကို ခံစားရသော်လည်း ထိုစိတ်ဓါတ်ဖြင့် ပြုအပ်သောအမှု၌ မငြီးငွေ့ပေ။ ဆုံးခန်းတိုင်ရောက် ပြီးမြောက်အောင် ဆောင်ရွက်ပေလိမ့်မည်။

‘စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်’ ဆိုရလောက်သည့် အထိစိတ်ဓာတ် ပြင်းပြသူအဖို့ ‘စိတ္တဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ’ စိတ္တဝတော = စိတ်ရှိသောပုဂ္ဂိုလ်အား၊ ကိံနာမ = အဘယ်မည်သော၊ ကမ္မံ = အမှုသည်၊ န သိဇ္ဈတိ = မပြီးဘဲ ရှိပါအံ့နည်း။ “အို – စိတ်ဓာတ်သာ ကြီးမားရင် ဘာကိစ္စ မအောင်မြင်ဘဲ ရှိရမလဲ”

 

 

 

ပညာဓိပတိ

 

ပညာနုံ့သော လူများစွာတို့သည်လည်း ထိုသို့ သဘောရှိကုန်သော အမှုတို့ကိုမြင်၍ ပညာဆုတ်နစ်ကုန်၏၊ အမှုတို့၏ အစအဆုံးကို မမြင်ကုန်၊ အမိုက်အမှောင်၌ ဝင်ရကုန်ဘိ သကဲ့သို့ ဖြစ်ကုန်၏၊ ထိုအမှုတို့ကိုပြုရန် စိတ်လည်း မညွတ်ကိုင်းပေ။ ပညာလွန်ကဲ သူသည်ကား ထိုသို့ သဘောရှိသော အမှုတို့ကိုမြင်၍ ပညာတက်ကြွ၏၊ အမှုတို့၏ အစ၊ အဆုံးကို မြင်၏၊ အကျိုးရင်း၊ အကျိုးဆက်တို့ကို မြင်၏၊ လွယ်ကူစွာ အမှုပြီးခြင်း၏ အထူးထူးသော အကြောင်း ဥပါယ်ကိုလည်း မြင်၏၊ ရှည်မြင့်စွာသော ကာလပတ်လုံးလည်း ထိုအမှုကိုပြုလျက် များစွာသော ကိုယ်၌ဖြစ်သောဆင်းရဲ စိတ်၌ဖြစ်သောဆင်းရဲကို ခံစားရသော်လည်း ထိုပညာဖြင့် ပြုအပ် သောအမှု၌ မငြီးငွေ့ပေ။ ဆုံးခန်းတိုင်ရောက် ပြီးမြောက်အောင် ဆောင်ရွက်ပေလိမ့်မည်။

ဤအကျိုးရလဒ်ရရှိနိုင်ရန် ဤသို့ ကြိုးပမ်းဖော်ဆောင်ရမည်ဟု ပိုင်းခြား သိနိုင်စွမ်း သူအဖို့ ‘ပညာဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ’ ပညာဝတော = အသိဉာဏ်ပညာရှိသော ပုဂ္ဂိုလ်အား၊ ကိံနာမ = အဘယ်မည်သော၊ ကမ္မံ = အမှုသည်၊ န သိဇ္ဈတိ = မပြီးဘဲရှိပါအံ့နည်း။ “အို – အသိဉာဏ်ပညာ ကြီးမားရင် ဘာကိစ္စမအောင်မြင်ဘဲ ရှိရမလဲ”

အဓိပတိပစ္စည်း တရားလေးပါးတို့ ထင်ရှားရှိသောကြောင့် လောက၌ ယောက်ျားထူး ယောက်ျားမြတ်တို့ ထင်ရှားကုန်၏၊ သဗ္ဗညု ဗုဒ္ဓ၊ သဗ္ဗညု ဗောဓိသတ္တ၊ ပစ္စေကဗုဒ္ဓ၊ အဂ္ဂသာဝက၊ မဟာသာဝကနှင့် သာဝကလောင်းတို့ ထင်ကုန်၏၊ လောက၌လည်း ဤသို့သဘောရှိကုန်သော ပုရိသဝိသေသတို့၏ အစွမ်းဖြင့် သတ္တလောက၏ အကျိုးအစီးအပွား ချမ်းသာခြင်းငှာ အတတ် ပညာ အထူး၊ အသုံးအဆောင် ဝတ္ထုအထူးတို့ ထင်ကုန်၏။

ဆန္ဒ၊ စိတ္တ၊ ဝီရိယ တည်းဟူသော အဓိပတိတရားများနှင့် ပြည့်စုံပါသော်လည်း ဝီမံသမည်သော ဉာဏ်ပညာမရှိပါမူကား အကုသိုလ်ကို အစွန်းရောက်သည်အထိ ပြုမိတတ်သေးသည်။

 

 

 

ဆန္ဒနှင့် လောဘ

 

ပုထုဇဉ် လူ့ဗာလတို့၌ လောဘသည် ဆန္ဒထက် အလွန်အားကြီး၏၊ သို့ရာတွင် ပညာရှိ တို့၏သန္တာန်၌မူ ဆန္ဒသည်သာ လောဘထက် အလွန်အားကြီးလေသည်။ အကယ်၍ လောဘသာ ဆန္ဒထက် အလွန်အားကြီးသည် ဖြစ်ငြားအံ့ လောဘလက်တွင်းသို့ ရောက် ကုန်သော ဤသတ္တဝါခပင်းတို့သည် ဘဝ၏ ပြည့်စုံခြင်း၊ စည်းစိမ်၏ ပြည့်စုံခြင်းတို့ကို စွန့်ကာ နေက္ခမ္မတရားတို့ကို ဖြည့်ပြီး ဝဋ်ဆင်းရဲမှ အဘယ်သို့ ထွက်မြောက်နိုင်ကုန်အံ့နည်း။ ထို့ကြောင့် ဆန္ဒသည်သာလျှင် အဓိပတိမည်၏။ လောဘသည်လည်းကောင်း၊ ဒေါသသည် လည်းကောင်း အဓိပတိမဖြစ်ပေ။

ဝီရိယနှင့် ဆန္ဒသည် ကုသိုလ်၊ အကုသိုလ် မဟုတ်ပါ၊ ကုသိုလ်နှင့် ပေါင်းပါက ကုသိုလ်သတ္တိတိုးပြီး အကုသိုလ်နှင့် ပေါင်းမိပါက အကုသိုလ်တန်ခိုးတိုး၏။

ဟေတုပစ္စည်း၌ လောဘပါဝင်ပြီး၊ အဓိပတိပစ္စည်း၌မူ ဆန္ဒပါသည်။ လောဘက အကုသိုလ်နှင့်သာပေါင်းပြီး ကုသိုလ်နှင့် မပေါင်းပါ။ ဆန္ဒက ကုသိုလ် အကုသိုလ်နှင့် ပေါင်းနိုင် ပါသည်။

ဟိတ်ခြောက်ပါးတွင် အဓိပတိရသည့် တရားဟူ၍ အမောဟဉာဏ် တစ်ပါးသာရ၏။ ကျန်နှစ်ပါးဖြစ်သည့် အလောဘ၊ အဒေါသဟိတ်တို့ကလည်း အမောဟဉာဏ်နှင့် ပေါင်းမှသာ အားကောင်း၏။

ဤတွင် သတိပြုစရာရှိလာသည်မှာ အဓိပတိပစ္စည်းထိုက်သည့် တရားလေးပါးလုံး အကုသိုလ် စေတသိက်ထဲ ပါဝင်သည်မဟုတ်ပါ။ ထို့ကြောင့် ဆန္ဒလည်း ကောင်းတာရှိနိုင် သကဲ့သို့၊ မကောင်းတာလည်း ရှိနိုင်သည်။ ဝီရိယလည်း ကောင်းတာ ရှိနိုင်သကဲ့သို့၊ မကောင်းတာလည်း ရှိနိုင်သည်။ စိတ်လည်း ကောင်းတာရှိနိုင်သကဲ့သို့ မကောင်းတာလည်း ရှိနိုင်သည်။ ဝီမံသပညာကမူ အကုသိုလ်ဘက်၌ မရှိပါ။ ကုသိုလ်ဘက်တွင်သာ ရှိ၏။

 

 

 

ဝိပဿနာတရား

 

ဝိပဿနာတရားကို အားထုတ်သည့်ယောဂီက ကိလေသာကို ပယ်သတ်လိုပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မျက်မှောက်ပြုလိုပါမူ ဆန္ဒသာ အဓိပတိထိုက်ပါက ဖြစ်ပါသည်။ စိတ္တသာ အဓိပတိ ထိုက်ပါက ဖြစ်ပါသည်။ ဝီရိယသာ အဓိပတိထိုက်ပါက ဖြစ်ပါသည်။ ပညာသာ အဓိပတိထိုက်ပါက ဖြစ်ပါသည်။

ဝီရိယာဓိပတိ၌ ရိုးရိုးဝီရိယနှင့် အဓိပတိထိုက်သည့် ဝီရိယဟူ၍ နှစ်မျိုးရှိ၏။ အဓိပတိ ထိုက်သည့် ဝီရိယသည် တန်ခိုးကြီး၏၊ ခိုင်ခံ့၏၊ မပျောက်ပျက်လွယ်ပေ။ အဓိပတိထိုက်သည့် ဝီရိယကြောင့် မောသည်၊ ပင်ပန်းသည်ဟူ၍ မရှိတော့ပေ။ မဖြစ်နိုင်ဘူးဟူ၍ မရှိတော့ပေ။ အသက်သေနိုင်သည်ကိုလည်း မငဲ့ကွက်တော့ပေ။ ရည်မှန်းရာ ပန်းတိုင်သို့သာ တွင်တွင်ကြီး သွားပေတော့သည်။

ကျမ်းညွှန်း * ဆရာကြီးဦးကျော်ထွတ်၏ သဒ္ဒမ္မဇောတိကပဋ္ဌာန်းကျမ်း (၁၉၉၉-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။)

 

 

 

 

အဓိပတိပစ္စည်း၏သင်္ချာ

 

အဓိပတိပစ္စည်း၏ သင်္ချာမှာ ၁၀- ဖြစ်ပါသည်။ ထို့ကြောင့် “အဓိပတိယာ ဒသ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ – ၄

(၁) ကု-ကု (၂) ကု-အကု (၃) ကု-ဗျာ (၄) ကု-ကု၊ ဗျာ

အကုသလ သင်္ချာ – ၃

(၁) အကု-အကု (၂) အကု-ဗျာ (၃) အကု-အကု၊ ဗျာ

အဗျာကတ သင်္ချာ – ၃

(၁) ဗျာ-ဗျာ (၂) ဗျာ-ကု (၃) ဗျာ-အကု

 

သဟဇာတာဓိပတိနှင့် အာရမ္မဏာဓိပတိဟူ၍ နှစ်ပါးရှိရာ သဟဇာတာဓိပတိ၏ သင်္ချာမှာ – ၇ ဖြစ်ပြီး၊ အာရမ္မဏာဓိပတိ၏ သင်္ချာမှာလည်း – ၇ ပင် ဖြစ်ပါသည်။

အဓိပတိပစ္စည်းသည် သဟဇာတမျိုးနှင့် အာရမ္မဏမျိုး နှစ်မျိုးလုံးတွင် ပါဝင်ပါသည်။

 

 

 

Mind matter and Nibbana to Mind

 

အဓိပတိပစ္စည်းသည် နာမ်တရား၊ ရုပ်တရားနှင့် နိဗ္ဗာန်တရားတို့က နာမ်တရား Mind matter and Nibbana to Mind. ကို ကျေးဇူးပြုသောပစ္စည်း ဖြစ်သည်။

 

 

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

၁။ သဟဇာတာဓိပတိ

ပစ္စယဟူသော အကြောင်းတရားမှာ – ဆန္ဒ၊ ဝီရိယ၊ စိတ္တနှင့် ဝီမံသဟူသော အဓိပတိတရား ၄-ပါးတို့ ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – ယှဉ်ဖက် စိတ် စေတသိက်နှင့် စိတ္တဇရုပ်တို့ ဖြစ်သည်။

 

၂။ အာရမ္မဏာဓိပတိ

ပစ္စယဟူသော အကြောင်းတရားမှာ – အလေးအမြတ်ပြုအပ်သော ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ်၊ ဒေါသမူ-၂၊ မောဟမူ-၂၊ ဒုက္ခသဟဂုတ် ကာယဝိညာဉ် ကြဉ်သော စိတ်-၈၄ ပါး၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၄၇-ပါးနှင့် နိဗ္ဗာန်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – အလေးအမြတ်ပြုတတ်သော လောဘမူစိတ် ၈-ပါး၊ မဟာကုသိုလ်စိတ် ၈-ပါး၊ မဟာကြိယာဉာဏသမ္ပယုတ် စိတ် ၄-ပါး၊ လောကုတ္တရာစိတ် ၈-ပါးတို့ ဖြစ်သည်။

အဓိပတိပစ္စည်းသည် သဟဇာတမျိုးနှင့် အာရမ္မဏမျိုး နှစ်မျိုးလုံးတွင် ပါဝင်သည်။

 848 total views,  1 views today

Leave a Reply

Your email address will not be published.