မာတိကာ

၁၃။ ကမ္မပစ္စယော

Daily life Patthana

Kamma Paccayo (Khamma Condition)

 

 

စေ့ဆော်ခြင်းသဘောဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

The ‘Kamma’ is compared to a seed. When we sow a seed, it grows into a tree and then we get fruits and seeds again.

 

 

 

 

‘သစ်ပင်တို့အား၊ မျိုးစေ့လားသို့’ ဟု လာရှိသည်နှင့်အညီ သစ်ပင်များ၏ မျိုးစေ့တို့သည် ဆိုင်ရာ သစ်ပင်များ အပင်ပေါက်လာအောင် ကျေးဇူးပြုသကဲ့သို့ ဖြစ်ဆဲ သဟဇာတစေတနာ၊ ဥပါဒ်၊ ဌီ၊ ဘင် ခဏအသီးသီး၌ ဖြစ်သော နာနာက္ခဏိကစေတနာတို့သည် ဆိုင်ရာရုပ်နာမ် ခန္ဓာများ စေ့ဆော်ခြင်းသဘောအားဖြင့် ဖြစ်ပေါ်လာအောင် တည်ရှိလာအောင် ကျေးဇူး ပြုကြသည်။

 

သစ်ပင်တို့အား မျိုးစေ့လားသို့

 

ကမ္မပစ္စည်းကို ရှေးဆရာမြတ်များက သစ်ပင်တစ်ပင်၏ အခြေခံဖြစ်သည့် မျိုးစေ့နှင့် ဥပမာ ပေးတော်မူကြပါသည်။ ပရမတ္ထသရူပဘေဒနီကျမ်းပြု ရွှေကျင်သာသနာပိုင် ဝိသုဒ္ဓါရုံ ဆရာတော်က ‘သစ်ပင်တို့အား မျိုးစေ့လားသို့’ဟု မိန့်တော်မူပါသည်။ မျိုးစေ့အလိုက် သစ်ပင်ပေါက်လာကြသည့်နှယ် သတ္တဝါတို့သည်လည်း မိမိတို့၏ ဘဝါဘဝက ထူထောင် ထားခဲ့သည့် ကံမျိုးစေ့အတိုင်း ဖြစ်တည်နေကြပါသည်။

ကမ္မဟူသော ပါဠိကို မြန်မာဘာသာဖြင့် “ကံ” ဟု ခေါ်ကြပါသည်။အမှု၊ အလုပ်ဟု အဓိပ္ပာယ်ရ၏။ထိုအလုပ်သည် ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်ဟူ၍ သုံးမျိုးရှိသည်။ကိုယ်အလုပ်ဆိုသည်မှာ လက်ခြေစသော ကိုယ်အင်္ဂါတို့ဖြင့် ပြုလုပ်ရသော အမှုကိစ္စများ ဖြစ်သည်။ ဥပမာ-သူ့အသက်ကို ကိုယ်တိုင်သတ် ခြင်း၊ ကိုယ်တိုင် လှူဒါန်းပေးကမ်းခြင်း စသည်တို့ဖြစ်သည်။

နှုတ်အလုပ်ဆိုသည်မှာ နှုတ်ဖြင့် ပြောဆိုပြုလုပ်ရသော အမှုကိစ္စမျိုး ဖြစ်သည်။ ဥပမာ-သူတစ်ဖက်သားကိုဆဲခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ ဘုရားရှိခိုးခြင်း စသည်တို့ ဖြစ်သည်။

စိတ်အလုပ်ဆိုသည်မှာ ကိုယ်လည်းမလုပ် နှုတ်လည်းမပါ စိတ်ထဲ၌သာ တွေးတော ကြံစည်စိတ်ကူးမှုများ ဖြစ်သည်။ ဥပမာ- “ဒီလူ ကားတိုက်သေရင် ကောင်းမှာ” စသည်ဖြင့် မကောင်းကြံခြင်း၊ ပြုခဲ့ဖူးသော ဒါနကုသိုလ်၊ သီလကုသိုလ်တို့ကို ပြန်လည်စဉ်းစား အောက်မေ့ခြင်း၊ ဘုရားဂုဏ်ကို စိတ်ဖြင့် အာရုံပြုပွားများခြင်း စသည်တို့ ဖြစ်ပါသည်။အချုပ်ဆိုရသော် ကံဆိုသည်မှာ ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်တို့ပင် ဖြစ်ပါသည်။

 

စေတနာ စေတသိက်က လှုံ့ဆော်ပေးမှုကြောင့် ကံဖြစ်လာ

 

ထိုကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်ဆိုသည့် ကံတရားများသည် လှုံ့ဆော်သည့် အကြောင်းတရားမရှိပါဘဲ သူ့အလိုလို ဖြစ်ပေါ်လာကြသည်မဟုတ်၊ စိတ်နှင့်အတူ အမြဲယှဉ်တွဲ ဖြစ်ပေါ်နေသည့် စေတနာ စေတသိက်တရား၏ လှုံ့ဆော်ပေးမှုကြောင့် ဖြစ်ပေါ် လာကြခြင်း ဖြစ်သည်။

စေတနာသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကို ပြုလုပ်ရာ၌ လိုရင်းပဓာန အချက်အချာကျသော အကြောင်းတရား ဖြစ်သည်။ မည်သည့် အလုပ်ကိစ္စမဆို စေတနာမပါလျှင် မထမြောက် မအောင်မြင်နိုင်။ စေတနာပါရှိမှသာ ထမြောက် အောင်မြင်နိုင်သည်။ထိုကိုယ်မှု နှုတ်မှု စိတ်မှုဟူသော ကံတရားမှန်သမျှ စေတနာရှိမှ ဖြစ်ပေါ် လာကြရသောကြောင့် –

“ချစ်သားရဟန်းတို့ စေတနာကို ကံဟူ၍ ငါဘုရားဟောတော်မူ၏” စေတနာက စေ့ဆော်တိုက်တွန်းသောကြောင့် ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကို ပြုရ၏ ဟု ဘုရားရှင် ဟောတော် မူခြင်းဖြစ်သည်။

 

ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုကပင် ကံဖြစ်သည်

 

ထို့ကြောင့် ကံဆိုသည်မှာ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကိုပင် ခေါ်ပါသည်။ သို့သော် ထို ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုများသည် စေတနာကြောင့်သာ ထမြောက် အောင်မြင်ကြရသောကြောင့် အကျိုးတရားများဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့၏ “ကံ” ဟူသော နာမည်ကို အကြောင်းရင်း စေတနာပေါ် တင်စား၍ ဖလူပစာရနည်းအားဖြင့် အကြောင်းရင်းစေတနာကိုပင် “ကံတရား” ဟု ခေါ်ရသည်။ ထို့ကြောင့် စေတနာထက်လျှင် ကံထက်၏၊ စေတနာညံ့လျှင် ကံညံ့ရလေသည်။

 

ကံဟုမူလ၊ သမ္ဗုဒ္ဓတို့

 

ထို့ကြောင့် ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးက-

“ကံဟု မူလ၊ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့် သုခပွားရန်၊ ဤလူ့ထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်၊ ကာလဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေ့က ဆိုကုန်ကြ၏၊ လုံ့လမထူ၊ ဉာဏ်မကူပဲ၊ အယူတစ်ချောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို အခွင့်ရှု၍ အပြုလုံ့လ၊ ရှိအပ်စွတည့်၊ တံငါ့လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင်းငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူစွဲလော့” ဟု မဃဒေဝလင်္ကာတွင် စပ်ဆိုတော် မူထားသည်။

ကမ္မပစ္စည်းသည် ကျယ်ဝန်းလှသော ပစ္စည်းဖြစ်ပါသည်။ မျိုးအားဖြင့်လည်း သဟဇာတ ကမ္မက သဟဇာတငယ်၌ပါဝင်ပြီး၊ အနန္တရကမ္မက အနန္တရမျိုး၌ ပါဝင်ပါသည်။

 

သဟဇာတကမ္မနှင့် နာနာက္ခဏိကကမ္မ

 

ပဋ္ဌာန်းပဥှာဝါရ ကမ္မပစ္စည်း၌ အပိုင်း-၂ ပိုင်း ပါဝင်ပါသည်။ ၎င်းတို့မှာ –

၁-သဟဇာတကမ္မ (Simultaneous Kamma) ဟူသည် ကံမြောက်အောင် လှုံ့ဆော်ပေးသည့် စေတနာကံကိုပင် သဟဇာတကမ္မဟု ခေါ်သည်။

၂-နာနာက္ခဏိကကမ္မ (Asynchronous Kamma) ဟူသည် ကံမြောက်ပြီးနောက် မျိုးစေ့သဖွယ် အောင်မြင်စွာ အကျိုးဖြစ်ထွန်းစေနိုင်သည့် စေတနာကို ခေါ်၏။

 

၁-သဟဇာတကမ္မ

 

ဆရာတစ်ယောက်၏ တပည့်ကြီးများသည် သူလုပ်ရမည့် အလုပ်ကိုလည်း ကြိုးကြိုး စားစား လုပ်လေ့ရှိ၏။ တခြား တပည့်ငယ်များကိုလည်း သူတို့နှင့် ဆိုင်ရာအလုပ်ကိစ္စမှာ ကြိုးစား အားထုတ်ချင်စိတ် ဖြစ်ပေါ်လာအောင် အားပေးလေ့ ရှိ၏၊ ကြောင့်ကြဗျာပါရ စိုက်လေ့ရှိ၏။

ထို့အတူပင် အကုသိုလ်စေတနာသည် အကုသိုလ်အလုပ်ကို သူကိုယ်တိုင်လုပ်၍ တခြား သူများလည်း အကုသိုလ်အလုပ်ကို လုပ်ချင်စိတ် ဖြစ်ပေါ်လာအောင် နည်းမျိုးစုံသုံး၍ စည်းရုံး နှိုးဆော် တိုက်တွန်းလေ့ရှိ၏။ ကုသိုလ်စေတနာသည်လည်း ကုသိုလ်အလုပ်ကို ကိုယ်တိုင်လည်း လုပ်လေ့ရှိ၏။ တခြားသူတွေ ကုသိုလ်အလုပ်ကို လုပ်ချင်စိတ် ဖြစ်ပေါ်လာအောင်လည်း နှိုးဆော်သည်၊ တိုက်တွန်းသည်၊ နည်းမျိုးစုံဖြင့် စည်းရုံးသည်။ ထိုစေတနာ၏ သူများထက် ထူးချွန် လွန်ကဲသော အစွမ်းသတ္တိကိုပင် ကမ္မပစ္စည်းဟု ခေါ်ပါသည်။

 

မြင်တာနှင့် ကြည့်တာ

 

“မျက်စိမှာ မြင်တာနှင့် ကြည့်တာ၊ နားမှာ ကြားတာနှင့် နားထောင်တာ၊ နှာခေါင်းမှာ နမ်းတာနှင့် နံတာ” မတူညီကြောင်းကို ဝိပဿနာတရားကို နည်းမှန်လမ်းမှန် အားထုတ် ထားကြသည့် ယောဂီအနေဖြင့် ခွဲခွဲခြားခြား သိနိုင်ကြပါသည်။

မျက်စိဖွင့်ထားသဖြင့် သာမန်မြင်ခြင်းမျှ ဖြစ်ပါသည်။ ကြည့်ချင်၍ကြည့်ရာတွင်မူ စေတနာ၏အလုပ် ထင်ရှားပါသည်။ သာမန်မြင်နေခြင်းမှာ ဝိပါက်စိတ်ဖြစ်သဖြင့် လှုပ်ရှားမှု ဗျာပါရ မရှိပါ။ စင်္ကြံလျှောက်နေရာမှာ သစ်ပင်၊ တောတောင်၊ စေတီ၊ ပုထိုး၊ တိုက်တာတို့ကို သာမန်မြင်နေခြင်းကို ဆိုလိုပါသည်။

သို့သော် တစ်စုံတစ်ရာကို လိုချင်၍ဖြစ်စေ၊ သိချင်၍ဖြစ်စေ ကြည့်ရာတွင်မူ လောဘ ပါလာပါသည်။ သဘောမကျ အလိုမပြည့်၍ ကြည့်ရာတွင်လည်း ဒေါသပါလာသည်။ လောဘ စေတနာနှင့် ကြည့်ခြင်း၊ ဒေါသစေတနာနှင့် ကြည့်ခြင်းက သာမန်ကြည့်ခြင်းနှင့် ကွာခြားသွား ပါသည်။

ကြည့်ချင်၍ ကြည့်ရာတွင်မူ စေတနာကစေ့ဆော်တိုက်တွန်းသောကြောင့် သဟဇာတ ကမ္မအမည်ရ၏၊ မကျေနပ်သောကြောင့် ကြည့်လျှင်လည်း စေတနာကတွန်းသောကြောင့် သဟဇာတကမ္မ အမည်ရသည်။ လိုချင်၍ ကြည့်လျှင်လည်း စေတနာကတိုက်တွန်းသောကြောင့် သဟဇာတကမ္မ အမည်ရ၏။

ကုသိုလ် အကုသိုလ်သည် ကမ္မအမည် မရပါ။ စေတနာကသာ ထိုထိုကုသိုလ်၊ အကုသိုလ်တို့ဖြစ်အောင် တွန်းပို့တတ်သောကြောင့် ကမ္မအမည်ရပါသည်။

 

စေတနာပါမှ အထမြောက်သည်

 

စေတနာပါမှ အမှုကိစ္စမြောက်ပါသည်။ ပမာအားဖြင့် ယနေ့ခေတ်ပေါ် ပစ္စည်းဖြစ်သည့် တယ်လီဖုန်း Handset လိုချင်သူ၏စိတ်တွင် လောဘနှင့် စေတနာ ပေါင်းရသည်။ စေတနာက တွန်းပို့လိုက်သောကြောင့် လိုချင်မှုလောဘ ထွက်လာခြင်း ဖြစ်သည်။

လောဘသက်သက် မထွက်နိုင်ပေ။ သူ့လက်ထဲက တယ်လီဖုန်း Handset ကို မကြည့်ဘဲ မနေနိုင်လောက်အောင် စေတနာက တွန်းလိုက်သော ကြောင့် လောဘက ကြည့်ချင်တယ်ဟု ဖြစ်လာသည်။ လိုချင်တယ်ဟု ဖြစ်လာသည်။ သဘောကျတယ်ဟု ဖြစ်လာသည်။ မဖြစ်မနေ ရအောင်လုပ်မယ်ဟု ဖြစ်လာခြင်းသည် စေတနာ၏ တိုက်တွန်းနှိုးဆော်မှုကြောင့် ဖြစ်သည်။

ကုသိုလ်ဘက်တွင်လည်း နှင်းဆီပန်းခိုင်မြင်လိုက်သည်နှင့် ဈေးမည်မျှပေးရ၊ ပေးရ ချက်ချင်းဝယ်ပြီး ဘုရားပန်း လှူချင်လာတော့သည်။ ဤနေရာ၌ စေတနာကိုသာ ပြလိုရင်း ဖြစ်သောကြောင့် အခြားပစ္စည်းများကို မဖော်ပြခြင်း ဖြစ်ပါသည်။ ပစ္စည်းများစွာကို ဖော်ပြပါမူ စိတ်အလုပ်ကို စောင့်ကြည့်ရာတွင် ဝိပဿနာအလုပ်သဘောမပေါ်ဘဲ ပညတ်ဘက် ရောက်တတ်သောကြောင့် ဖြစ်ပါသည်။

ကုသိုလ်ကံ အကုသိုလ်ကံနှင့် စေတနာသုံးတန်

 

ဒါနပြုရာ၌ ပုဗ္ဗ၊ မုဉ္စ၊ အပရစေတနာသုံးမျိုး အကြိမ်များစွာ ဖြစ်ပေါ်သကဲ့သို့ အခြားသော ပုညကြိယဝတ္ထု၊ သုစရိုက်မှု၊ ဒုစရိုက်မှုတို့ကို ပြုလုပ်ရာ၌လည်း ထိုစေတနာသုံးမျိုးတို့ အကြိမ်များစွာ ဖြစ်ပေါ်လေ့ရှိပေသည်။ ယင်းစေတနာသုံးမျိုးတွင် မုဉ္စစေတနာကို သန္နိဋ္ဌာပက စေတနာဟုလည်း ခေါ်သည်။

စေတနာသုံးပါးတွင် ပုဗ္ဗစေတနာနှင့် အပရစေတနာတို့သည် မုဉ္စစေတနာ ထက်သန် မွန်မြတ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် မုဉ္စစေတနာသည်သာ ပဋိသန္ဓေအကျိုးကို ပေးလေသည်။ ပုဗ္ဗစေတနာ၊ အပရ စေတနာတို့သည်ကား ပဋိသန္ဓေအကျိုးကို မပေးနိုင်။ ပဝတ္တိအကျိုးကိုသာ ပေးစွမ်းနိုင်၏။ ထို့ကြောင့် ဥပရိပဏ္ဏာသ အဋ္ဌကထာ၊ စူဠကမ္မဝိဘင်္ဂသုတ် အဖွင့်၌ “ဆုံးဖြတ်သော သန္နိဋ္ဌာနစေတနာ၏ အစွမ်းကြောင့်လည်း နတ်ပြည်တို့၌ ဖြစ်ရ၏။ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် ဆိုအပ်ပြီးသောနည်းဖြင့် အသက်ရှည်ခြင်း ဖြစ်ပေသည်” ဟု လာရှိပါသည်။

 

၂-နာနာက္ခဏိကကမ္မ

 

နာနာက္ခဏိကကံသည် အချိန်ကာလအားဖြင့် ဘဝတစ်သိန်း၊ ဘဝတစ်သန်း ခြားသော်လည်း အပရာပရိယ ဝေဒနီယကံအဖြစ် အကျိုးပေးနိုင်သည်။ “ကံနှင့် ကံအကျိုးပေးအတိုင်းပဲ” ဟု ပြောဆိုကြခြင်းမှာ ဤနာနာက္ခဏိကကံကို ဆိုလိုခြင်းဖြစ်၏။

ကမ္မပစ္စည်းသည် သတ္တိအလွန်ကြီး၏။ အဘယ်ကြောင့်ဆိုသော် နာနာက္ခဏိကကံက ဘဝတစ်သန်း၊ ဘဝတစ်သောင်း ခြားပြီးသည့်နောက်လည်း အပရာပရိယဝေဒနီယကံအဖြစ်ဖြင့် အကျိုးပေးနိုင်သော သတ္တိရှိသောကြောင့်ပေတည်း။ ထို့ကြောင့် ကမ္မပစ္စည်း၏သတ္တိသည် အလွန် ကျယ်ဝန်းသောကြောင့်ပင် သာမန်အားဖြင့် နားလည်ရန် ခက်ခဲလှသည်။ အကြောင်းမှာ ကံပြုသည်က တစ်ချိန်ဖြစ်ပြီး ထိုကံ၏အကျိုးပေးက တစ်ချိန်ဖြစ်သောကြောင့်တည်း။

တစ်နည်းအားဖြင့် ကံကိုပြုပြီးနောက် အကြောင်းဆုံပါက မနက်ဖန်ဖြစ်စေ၊ သဘက်ခါ ဖြစ်စေ၊ နောက်ဘဝ၌ဖြစ်စေ၊ ဘဝသိန်းသန်းခြားပြီးမှဖြစ်စေ အကျိုးပေးနိုင်ပါသည်။ ပမာ အားဖြင့် ကမ္ဘာပေါင်းများစွာ ခြားပြီးမှသော်လည်း နောက်ဆုံး ကျွတ်တမ်းဝင်မည့်နေ့အထိ ကျေးဇူးပြုနိုင်ပါသေးသည်။ ထို့ကြောင့်ပင် ၎င်းကို နာနာက္ခဏိကကံ (Asynchronous Kamma)ဟု ခေါ်ခြင်းဖြစ်သည်။

ကောင်းသည့်အရာ၌ဖြစ်စေ၊ မကောင်းသည့်အရာ၌ပင်ဖြစ်စေ၊ သိလျက်ဖြစ်စေ၊ မသိလျက်ပင်ဖြစ်စေ၊ ယုံကြည်လျက်ဖြစ်စေ၊ မယုံကြည်ဘဲဖြစ်စေ၊ ကိုယ်ဖြင့် နှုတ်ဖြင့် စိတ်စေတနာ ထက်သန်စွာ အကောင်အထည်ဖော် ဆောင်ရွက်မှုတစ်ခုခြင်းသည် အောင်မြင်သော မျိုးစေ့သဖွယ် Potential energy တည်သွားပါသည်။ ဤသတ္တိကိုပင် နာနာက္ခဏိကကံ (Asynchronous Kamma) ဟုခေါ်၏။

နာနာက္ခဏိက ကမ္မပစ္စည်းသည် မိမိဖြစ်ပေါ် ချုပ်ပျောက်ပြီးနောက် ဝိပါက်စိတ်၊ စေတသိက် နာမ်တရားနှင့် ပဝတ္တိ ပဋိသန္ဓေ ကမ္မဇရုပ်တရားတို့အား ဖြစ်ပေါ်တည်တံ့စေသောအားဖြင့် ကျေးဇူးပြုသည်။ သဟဇာတကမ္မပစ္စည်းသည် ပြိုင်တူဖြစ်ဖက် စိတ်စေတသိက် နာမ်တရားနှင့် စိတ္တဇပဋိသန္ဓေကမ္မဇရုပ်တို့အား ဖြစ်ပေါ်တည်တံ့စေသောအားဖြင့် ကျေးဇူးပြုသည်။ ကုသိုလ် အကုသိုလ် စေတနာ ၃၃-ခုသည် သဟဇာတကမ္မသတ္တိဖြင့်လည်းကောင်း၊ နာနာက္ခဏိက ကမ္မသတ္တိဖြင့်လည်းကောင်း ကျေးဇူးပြုသည်၊ ဝိပါက်ကြိယာ စေတနာသည်ကား သဟဇာတ ကမ္မသတ္တိဖြင့်သာ ကျေးဇူးပြုသည်။

 

နာနာက္ခဏိကကမ္မ စေတနာ

 

နာနာက္ခဏိကကမ္မစေတနာသည် မိမိဖြစ်ပေါ် ချုပ်ပျောက်သွားပြီး ဖြစ်သော်လည်း ဂတိ၊ ဥပဓိ၊ ကာလ၊ ပယောဂ စသော အခြားအကြောင်းများနှင့် ပေါင်းဆုံညီညွတ်လျှင် ဝိပါက်စိတ် စေတသိက်နာမ်တရားနှင့် ပဝတ္တိပဋိသန္ဓေ ကမ္မဇရုပ်အကျိုးတရားတို့ ဖြစ်ပေါ်လာစေရန် မိမိဖြစ်ပေါ်ရာ ပုဂ္ဂိုလ်၏ခန္ဓာအစဉ်၌ သတ္တိထူးကို မြှုပ်နှံထားသကဲ့သို့သော သတ္တိထူးမျိုး ရှိ၏။

ထို့ကြောင့် နာနာက္ခဏိကကမ္မစေတနာသည် ဖြစ်ပေါ် ချုပ်ပျောက်ပြီး၍ ထင်ရှားမရှိ တော့သော်လည်း နောင်အခါဝယ် ကမ္ဘာပေါင်းကုဋေများစွာ ကွာခြားစေကာမူ အကျိုးတရားများ ဖြစ်ပေါ်လာစေရန် စွမ်းဆောင်နိုင်ပေသည်။ ဥပမာ ရှေးရှေးသင်ယူထားသော အတတ်ပညာသည် ဖြစ်ပေါ် ချုပ်ပျောက်ပြီး၍ ထင်ရှားမရှိသော်လည်း နောက်နောက် သင်ယူသော အတတ်ပညာများ တိုးတက်ဖြစ်ပွားစေရန် စွမ်းဆောင်နိုင်သကဲ့သို့ ဖြစ်ပေသည်။

 

ရဟန္တာ၏ ခမည်းတော်မုဆိုး

 

သောဏဂိရိခေါ် တောင်ခြေ၌ရှိသည့်ကျောင်း၌ သီတင်းသုံးနေသော ရဟန္တာ အရှင်သောဏမထေရ်၏ ခမည်းတော်ကြီးသည် သန်သန်မာမာရှိစဉ်က မုဆိုးအလုပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့၏၊ အိုမင်းမစွမ်း ရှိလာသည့်အခါမှ သားတော်ထံတွင် ရဟန်းကြီးပြုနေသည်။

မကျန်းမာ၍ သေခါနီးအချိန်ရောက်သည့်အခါ တစ်သက်တာလုံး သားကောင်များကို သတ်ဖြတ်နှိပ်စက်ခဲ့သည့် မုဆိုးကြီး၏ အကုသိုလ်ကံကြောင့် တောင်ခြေမှခွေးကြီးများ မိမိကို ကိုက်တော့မည်ဟန်ဖြင့် ဂတိနိမိတ်များ ထင်လာ၍ “ခြောက်ပါဟဲ့ သားရဲ့၊ ခြောက်ပါဟဲ့ သားရဲ့” ဟု ဆက်ကာဆက်ကာ အော်ဟစ်နေရှာသည်။

ထိုအခါ အရှင်သောဏက “ဘာလဲ ဦးပဉ္စင်းကြီး”ဟု မေးသည့်အခါ “ခွေးကြီးတွေ၊ ခွေးကြီးတွေ”ဟု ပြန်ပြောရာ ငရဲဂတိနိမိတ်ထင်နေကြောင်း ရဟန္တာအရှင်မြတ် သိသွားလေသည်။ ထို့နောက် “ငါ့လိုသား ရှိပါလျက် ငရဲဘာဖြစ်လို့ ကျရမလဲ” ဟူသော စိတ်ထားဖြင့် သာမဏေများကို ပန်းရှာခိုင်းပြီး ဘုရားရင်ပြင် တော်မှာ ပန်းမွေ့ရာခင်းစေကာ ဦးပဉ္စင်းကြီးကို ညောင်စောင်းနှင့်တကွရွှေ့၍ စေတီရုပ်ပွားတော်ရှေ့၌ ချထားသည်။ ထို့နောက် သားဖြစ်သူ ရဟန္တာမထေရ်က “ဦးပဉ္စင်းကြီးအတွက် ပန်းပူဇော်ထားပါတယ်၊ ကြည် ညိုပါ” ဟု တိုက်တွန်းသဖြင့် ကြည် ညိုဝမ်း မြောက်သည့်ခဏ၌ ခွေးကြီးနိမိတ်များ မထင်တော့ဘဲ နတ်သမီးနိမိတ်များ ပြောင်းလဲထင်လာရာ “ဟဲ့ သားရဲ့ဖယ်ပေးပါ၊ ဖယ်ပေးပါ၊ သားရဲ့ မိထွေးများ လာနေတယ်” ဟု နတ်သမီးအာရုံကိုမြင်ကာ ယောင်ယမ်းပြောဆိုနေစဉ် စုတိစိတ်ကျ၍ နတ်ပြည်သို့ ရောက်ရလေသည်။

 

ကံကိုယုံကြည်မှုနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိ

 

ကံတရားကို ယုံကြည်လက်ခံထားကြသည့် ဗုဒ္ဓဘာသာ ကမ္မဝါဒီ ပုဂ္ဂိုလ်တို့သည် မြတ်ဗုဒ္ဓ၏ ကမ္မဝါဒကို တိကျပြတ်သားစွာ နားလည်သိရှိထားရန် အလွန်အရေးကြီး၏။ ဗုဒ္ဓမြတ်စွာသည် ကံနှင့်ပတ်သက်၍-

သတ္တဝါတို့သည် ကံသာ ကိုယ်ပိုင်ဥစ္စာရှိ၏၊

ကံကပေးသော အမွေကို ခံယူရ၏၊

ကံသာ ဆင်းရဲကြောင်း၊ ချမ်းသာကြောင်းဖြစ်၏၊

ကံသာ ဆွေမျိုးမိတ်ရင်း သူငယ်ချင်းရှိ၏၊

ကံသာ အားထား ကိုးကွယ်ရာရှိ၏။

ကံကသာ သတ္တဝါတို့ကို အယုတ်အမြတ်ဖြစ်အောင် ဖန်တီးပေးသည်ဟု လမ်းညွှန်တော်မူထားခဲ့ပါသည်။ ထို့ကြောင့် မြန်မာဘာသာစကားတွင် “ကံသာလျှင် အမိ၊ ကံ သာလျှင် အဖ” ဟု ပြောဆိုကြခြင်း ဖြစ်သည်။
ဤမြတ်ဗုဒ္ဓ၏ ကမ္မဝါဒ၌ ကံဆိုသည်မှာ လွန်ခဲ့သည့် ဘဝများက ပြုလုပ်ခဲ့သည့် အတိတ်ကံများနှင့် ယခုလက်ရှိဘဝ၌ ပြုလုပ်သော ပစ္စုပ္ပန်ကံ ၂-မျိုးလုံးပင် ဖြစ်ပါသည်။ ဤကံ ၂-မျိုးလုံးကို အားကိုးယုံကြည်မှသာ အယူမှန်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဖြစ်နိုင်သည်။

ကျမ်းညွှန်း – *မဟာဓာတုကသုတ္တဝဏ္ဏနာ ၊ အနုပဒဝဂ္ဂ ၊ ဥပရိပဏ္ဏာသဌာကထာ (နှာ-၈၈)

 

နာမသန္တတိအစဉ်နှင့် ရူပသန္တတိအစဉ်

 

နာမသန္တတိအစဉ် Mental continuity နှင့် ရူပသန္တတိအစဉ် Physical continuity ပဋိ သန္ဓေအစ၊ စုတိအဆုံးရှိသည့် ဘဝ၊ ဘဝများစွာထဲက ခန္ဓာငါးပါးရှိသည့် သတ္တဝါများတွင် ရုပ်ဖြစ်စဉ်နှင့် နာမ်ဖြစ်စဉ်ဟူ၍ ရှိပါသည်။ နာမသန္တတိအစဉ် Mental continuity နှင့် ရူပ သန္တတိအစဉ် Physical continuity ဟူ၍ စာပေ၌ လာရှိပါသည်။ ရုပ်အစဉ်သည် တစ်ဘ၀ တစ်ခါ သေလျှင် ပျောက်ပျက်သွားသည်။ နာမ်အစဉ်ကမူ ရဟန္တာဖြစ်ပြီး ကျွတ်တမ်း မဝင်မချင်း ဖြစ်၊ တည်၊ ပျက်, ဖြစ်၊ တည်၊ ပျက်အစဉ်ဖြင့် Mental continuity တွင် သတ္တိအဖြစ်ဖြင့် ရှိနေပါသည်။

ကံအကျိုးပေးရန် တစ်နေရာရာတွင် ကိန်းဝပ်ပြီး တည်ရှိနေသည် မဟုတ်ပေ၊ပမာ ပြရသော် အတိတ်ဘဝတစ်ခု၏ တစ်နေရာရာ၊ တစ်ကွေ့ကွေ့၌ ပြုခဲ့ဖူးသည့် ဒါနကုသိုလ် စေတနာ၏သတ္တိသည် ပျောက်ပျက်မသွားဘဲ Mental continuity ဥပါဒ်၊ ဌီ၊ ဘင်, ဖြစ်၊ တည်၊ ပျက် နာမ်အစဉ်ထဲ၌ အနန္တရ၊ သမနန္တရ၊ အာသေဝန၊ အနန္တရူပနိဿယ၊ နာနာက္ခဏိက ကမ္မ စသည် ပဋ္ဌာန်းပစ္စယသတ္တိတို့ဖြင့် ပါဝင်နေခြင်းကို နားလည်ရမည် ဖြစ်ပါသည်။ ဂတိ၊ ကာလ၊ ပယောဂနှင့် ဥပဓိတို့ ပြည့်စုံကာ အကြောင်းဆုံသည့် ကာလတစ်ခုခု၌ ဧကန် အကျိုးပေးပေမည်။

သာမန်အားဖြင့် လူသားအများစု ဉာဏ်သက်ဝင်နိုင်ရန် ခက်ခဲနက်နဲသည့် သဘာ၀ ဓမ္မကို မြတ်စွာဘုရားရှင်သည် ပဋ္ဌာန်းတရားတော်၌ ဟောကြားတော်မူထားပါသည်။ ဤပဋ္ဌာန်း တရားတော်၏ အကြောင်းသတ္တိတို့ကြောင့်ပင် ဘဝတစ်ခု၌ ထူထောင်ခဲ့ဖူးသည့် အကြောင်း တရားတည်းဟူသော ကံသည် ဘဝတစ် သန်း၊ ဘဝတစ်သိန်း ခြားပြီးမှလည်း အကျိုးတရား အဖြစ် ပေါ်ပေါက်လာနိုင်ခြင်းကို နားလည်နိုင်မည် ဖြစ်သည်။

 

လူချင်းတူသော်လည်း ကံအကျိုးပေးကွဲခြင်းအကြောင်း

 

လူချင်းတူပါလျက် တချို့မှာ အသက်တို၍ တချို့မှာ အသက်ရှည်ခြင်း အစရှိသော လူတိုင်း မျက်မြင်တွင် ထူးခြားနေသည့် တစ်ဆယ့်လေးချက်သော ပြဿနာတို့ကို သုဘလုလင်၏ လျှောက်ထားချက်နှင့် မြတ်စွာဘုရားရှင်၏ ဖြေဆိုတော်မူသည့် အကြောင်းအရာတို့သည် ကံအကြောင်းကို လေ့လာနေသူအဖို့ များစွာ ဉာဏ်ပွင့်စေနိုင်ပါသည်။

အရှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် ယုတ်ခြင်း၊ မြတ်ခြင်းတို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းအရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။

၁။ အရှင်ဂေါတမ အသက်တိုသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၂။ အသက်ရှည်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၃။ အနာရောဂါများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၄။ အနာရောဂါကင်းသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၅။ အဆင်းမလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၆။ အဆင်းလှသော လူတို့ ကိုလည်း တွေ့မြင်ရပါကုန်၏။

၇။ အခြံအရံမရှိသော လူတို့ကိုလည်း တွေ့ရပါကုန်၏။

၈။ အခြံအရံများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၉။ စည်းစိမ်ဥစ္စာနည်းပါးသော လူတို့ကိုလည်း တွေ့ရပါကုန်၏။

၁၀။ စည်းစိမ်ဥစ္စာများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၁။ အမျိုးယုတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၂။ အမျိုးမြတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၃။ ပညာမဲ့သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၄။ ပညာရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

အရှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် ယုတ်ခြင်း မြတ်ခြင်းတို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်းဟု လျှောက်ထား၏။

လုလင်သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏။ ကံ၏ အမွေခံတို့ဖြစ်ကုန်၏။ ကံသာလျှင်အကြောင်း ရှိကုန်၏။ ကံသာလျှင် ဆွေမျိုး ရှိကုန်၏။ ကံသာလျှင် မှီခိုရာ ရှိကုန်၏။ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်အမြတ် ဖြစ်ခြင်းငှာ ခွဲခြမ်းဝေဖန်၏ဟု မိန့်တော်မူ၏။ အရှင်ဂေါတမသည် အကျဉ်းချုပ်ဟောထားတော်မူ၍ အကျယ်အားဖြင့် အနက်ကို မဝေဖန်အပ်သော ဤတရားစကား၏ အနက်သဘောကို အကျယ်အားဖြင့် အကျွန်ုပ် မသိပါ၊ တောင်းပန်ပါ၏။

၁။ သတ္တဝါတို့၌ ကြင်နာမှုကင်းကွာလျက် ရက်စက်စွာ သတ်လေ့ရှိသော မိန်းမ, ယောကျ်ားတို့သေလျှင် ငရဲရောက်ရတတ်၏၊ လူ့ပြည်သို့ ရောက်ရပြန်လျှ င်လည်း အသက်တိုတတ်သည်။

၂။ သတ္တဝါတို့၏ အသက်ကို မသတ်သောသူ သေလျှင်ကား နတ်ပြည်သို့ ရောက်ရ၏၊ လူ့ပြည်သို့ ရောက်ပြန်လျှင်လည်း အသက်ရှည်စွာ နေရလေသည်။

၃။ ခဲ, တုတ်, ဓားစသော လက်နက်တို့ဖြင့် သတ္တဝါတို့ကို ညှင်းဆဲလေ့ရှိသော မိန်းမ, ယောကျ်ားတို့သေလျှင် ငရဲသို့ ရောက်ရတတ်၏၊ လူ့ပြည်သို့ ရောက် ရပြန်လျှင်လည်း အနာရောဂါများစွာ ဖြစ်ရလေသည်။

၄။ သတ္တဝါတို့ကို မညှင်းဆဲသူသေလျှင်ကား နတ်ပြည်သို့ ရောက်ရ၏၊လူ့ပြည်သို့ ရောက်ပြန်လျှင်လည်း ကျန်းမာ ရွှင်လန်းစွာ နေရလေသည်။

၅။ ဒေါသကြီးသော မိန်းမ, ယောကျ်ားတို့သေလျှင် ငရဲသို့ရောက်ရ၏၊လူ့ပြည်သို့ ရောက်ရပြန်လျှင်လည်း အရုပ်ဆိုး အကျည်းတန် ဖြစ်ရလေသည်။

၆။ သည်းခံသောသူ သေလျှင်ကား နတ်ပြည်သို့ ရောက်ရ၏၊ လူ့ပြည်သို့ ရောက်ရပြန်လျှင်လည်း ရုပ်ရည်အဆင်း လှပခြင်းကို ရလေသည်။

၇။ မနာလို ဣဿာ အားကြီးသော မိန်းမ, ယောကျ်ားတို့သေလျှင် ငရဲသို့ ရောက်ရ၏၊ လူ့ပြည်သို့ရောက်ရပြန်လျှင်လည်း ခြွေရံသင်းပင်း နည်းပါးရလေ သည်။

၈။ မနာလို ဣဿာမရှိသူသေလျှင် နတ်ပြည်သို့ရောက်ရ၏၊ လူ့ပြည်သို့ရောက်ရ ပြန်လျှင်လည်း များစွာသော ခြွေရံသင်းပင်းကို ရရှိလေသည်။

၉။ မပေးလှူလေ့ရှိသော မိန်းမ, ယောကျ်ားတို့သေလျှင် ငရဲသို့ ရောက်ရတတ်၏၊ လူ့ပြည်သို့ ရောက်ပြန်လျှင်လည်း ဥစ္စာနွမ်းပါး ဆင်းရဲရလေသည်။

၁၀။ ပေးလှူလေ့ရှိသောသူ သေလျှင်ကား နတ်ပြည်သို့ ရောက်ရ၏၊ လူ့ပြည်သို့ ရောက်ရပြန်လျှင်လည်း ဥစ္စာကြွယ်၀ ချမ်းသာရလေသည်။

၁၁။ ရိုသေထိုက်သူတို့ကို မရိုသေသောမိန်းမ,ယောကျ်ားတို့သေလျှင် ငရဲသို့ ရောက်ရတတ်၏၊ လူ့ပြည်သို့ ရောက်ရပြန်လျှင်လည်း ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရလေသည်။

၁၂။ ရိုသေထိုက်သူတို့ကို ရိုသေလေ့ရှိသူတို့သေလျှင် နတ်ပြည်သို့ ရောက်ရ၏၊ လူ့ပြည်သို့ ရောက်ရပြန်လည်း မြင့်မြတ်သော အမျိုး၌ ဖြစ်ရလေသည်။

၁၃။ ပညာရှိတို့ထံ ချဉ်းကပ်၍ ကုသိုလ်ဖြစ်, မဖြစ်၊ အပြစ်ရှိ, မရှိစသည်တို့ကို မေးမြန်းလေ့ မရှိသော မိန်းမ, ယောကျ်ားတို့သေလျှင် ငရဲသို့ ရောက်ရတ တ်၏၊ လူ့ပြည်သို့ ရောက်ရပြန်လျှင်လည်း အသိလိမ္မာဉာဏ်ပညာ ကင်းဝေးသူ ဖြစ်ရလေသည်။ ထိုင်းမှိုင်းသူ ဖြစ်ရလေသည်။

၁၄။ ပညာရှိတို့ထံ ချဉ်းကပ်၍ စုံစမ်းမေးမြန်းလေ့, နာယူလေ့ရှိသောသူတို့ သေလျှင် နတ်ပြည်သို့ရောက်၏။ လူ့ပြည်သို့ ရောက်ရပြန်လျှင်လည်း အသိလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရလေသည်။

 

         ချမ်းသာစေဖို့ ပြုပြင်စို့

သူများအသက် သတ်သည့်အတွက် အသက်ကိုယ့်မှာတို။

မသတ်ရှောင်ရှား ထိုသူများ ရှည်လျားအသက်ကို။

သေအောင်မသတ် နှိပ်စက်တတ် များလတ်ရောဂါဆို။

ညှာတာစိတ်သွင်း မနှိပ်နင်း ကင်းရှင်းရောဂါကို။

ထန်ပြင်းဒေါသ ကြီးတတ်က အလှပျက်မည်ဆို။

ဒေါသကင်းစင် မေတ္တာယှဉ် ကြည်လင်လှသကို။

မနာလိုပြန် ဣဿာထန် ခြံရံကင်းမည်ဆို။

ဣဿာမထား ဝမ်းမြောက်ငြား ပေါများခြွေရံကို။

မလှူမဒါန်း မပေးကမ်း ခြောက်ခမ်းဥစ္စာဆို။

စွန့်ကြဲလေ့တုံ ပြုပါကုန် ကုံလုံကြွယ်ဝပို။

မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို။

ထိုက်သူရိုကျိုး မာန်နှိမ်ချိုး အမျိုးမြတ်သကို။

သိဖွယ်ဟူသမျှ မမေးက ဖျင်းအ ပညာဆို။

ကြားမြင်များအောင် မေးလေ့ဆောင် ခုနောင်တတ်သိလို။

 

 

စေတနာ မမြင့်မြတ်ခဲ့ရှာသည့် ကျွန်မကလေးမပြည့်

 

(၁) ဝိပဿီမြတ်စွာဘုရား၊ (၂) သိခီမြတ်စွာဘုရား၊ (၃) ဝေဿဘူမြတ်စွာဘုရား၊ (၄) ကကုသန်မြတ်စွာဘုရား၊ (၅) ကောဏဂုံမြတ်စွာဘုရားနှင့် (၆) ကဿပမြတ်စွာဘုရား တည်းဟူသော ခြောက်ဆူသော ဘုရားရှင်တော်မြတ်တို့၏ သာသနာတော်၌ ဘိက္ခုနီပြုပြီး သီလနှင့်ပြည့်စုံသော ရဟန်းမ၊ ရင့်ကျက်သော ပညာရှိသော ရဟန်းမ၊ ဣန္ဒြေကို စောင့်စည်းသော ရဟန်းမ ဖြစ်ခဲ့ဖူးသည့် အမျိုးကောင်းသမီးတစ်ဦးသည် ဂေါတမမြတ်စွာဘုရားရှင်၏ လက်ထက်တော်အခါ၌မူ အနာထပိဏ်သူဌေး၏ အိမ်တွင် ရေခပ်ကျွန်မ ဖြစ်နေရှာ၏။

သူဌေး၏အိမ်၌ ကျွန်တစ်ရာပြည့်ရန် တစ်ယောက်အလိုတွင် မွေးဖွားလာသူဖြစ်သဖြင့် တစ်ရာပြည့်ပြီဟူသော ပညတ်နိမိတ်ကိုယူကာ ပုဏ္ဏိကာ (ဝါ) မပြည့်ဟု အမည်မှည့် ခေါ်လိုက် ကြ၏။ မပြည့်သည် ဘုရားရှင်အဆူဆူတို့၏ သာသနာတော်၌ သီလဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံသူဖြစ်သဖြင့် ထိုဂုဏ်တို့ကြောင့်ပင် မာန်မာန ထောင်လွှား မှောက်မှားကာ အကျင့်သီလနှင့် ပြည့်စုံသည့် ရဟန်းမများကို စေတနာဆိုးဖြင့် မထီမဲ့မြင်များစွာ ပြုမိခဲ့ရှာ၏။

ထိုအကုသိုလ် စေတနာကံ၏ အကျိုးပေးကာ အချိန်ကာလအားဖြင့် ကမ္ဘာခြားသွားသော်လည်း နာနာက္ခဏိကံ၏သတ္တိကား ပျက်ပြယ်သွားသည်ဟူ၍ မရှိကောင်းပေ။ ရဟန္တာဖြစ်ပြီး ကျွတ်တမ်း မဝင်မချင်း Mental continuity ရှိနေပေဦးမည်။ ထို့ကြောင့် မပြည့်သည် ရဟန္တာဖြစ်ပြီး ကျွတ်တမ်းဝင်ရမည့် ဘဝ၌ပင် သူဌေးအိမ်၌ ရေခပ်ကျွန်မဘ၀ ဖြစ်နေရရှာ၏။ “မာနကြီးက မျိုးညံ့ရ” ဟူသော ဘုရားရှင်၏ အဆုံးအမကို မမေ့ပျောက်သင့်ပါ။

ကျမ်းညွှန်း – * မဟာစည်ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်စာအုပ်

 

ကံတူအကျိုးပေးပုံ ဝတ္ထုသာဓကများ

 

ဇာတ်တော်များ၌ ကံတူအကျိုးပေးပုံတို့ များစွာ ပါရှိပေသည်။ ရှေးရှေးက စိတ်တူကံတူ ပြုခဲ့သော ကံတို့သည် နောင်အခါ၌လည်း အတူအကျိုးပေးတတ်ကြ၏။ ဒါနအတူပြုခြင်း၊ သီလအတူဆောက်တည်ခြင်းတို့ ဖြစ်ပါသည်။ အချို့အတူပြုခွင့်မရသည့်တိုင် တစ်ယောက် ပြုနေသည်ကို တစ်ယောက်က သဘောကျခြင်း၊ အိမ်ရှင်လင်ယောက်ျားရှာ၍ အိမ်သူက ထိုပစ္စည်းဖြင့် ကုသိုလ်ပြုသည်ကို ဝမ်းမြောက်ခြင်း စသော ကုသိုလ်များကို “ကံတူ” ဟု ဆိုလို ပေသည်။ ထိုကဲ့သို့ ကံတူပြုရာ၌ ပညာရှိသူတော်ကောင်း အချင်းချင်းဖြစ်လျှင် တစ်ယောက် စကား တစ်ယောက်နားထောင်ကာ မခွဲမခွာနေလိုသော သမ္မာဆန္ဒဖြင့် တစ်ယောက်နှင့် တစ်ယောက် ငဲ့ညှာသော တဏှာဆန္ဒများလည်း ကုသိုလ်၏ ရှေ့အဖို့ နောက်အဖို့မှာ မကင်းဘဲ ရှိတတ်၏။ ထိုကုသိုလ်ကံ အကျိုးပေးသောအခါ သမ္မာဆန္ဒ,တဏှာဆန္ဒ အလိုကျအောင် ထိုသူနှစ်ယောက်တို့ အတူ တွေ့ဆုံရတတ်၊ အတူအကျိုးခံစားရတတ်ပေသည်။ ဤအရာမျိုးကို “ကံတူအကျိုးပေး” ဟု ခေါ်သည်။

ထိုကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် ငဲ့ညှာမှုဆန္ဒပြင်းပြလှသော ကုသိုလ်ရှင်တို့သည် သံသရာထဲ၌ ပါရမီဖြည့်ဖက်အဖြစ်ဖြင့် ကျင်လည်ကာအလောင်း တော်များဖြစ်ရပုံကိုလည်း ဘုရားရှင်နှင့် ယသော်ဓရာ မိဖုရား၊ ရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါ၊ မဟာကပ္ပိနမင်းနှင့် အနော်ဇာတို့အပြင် မကင်းရာ မကင်းကြောင်းဖြစ်၍ ပါလာကြသောရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်အနုရုဒ္ဓါ၊ ရှင်ရာဟုလာ၊ ခေမာထေရီ၊ ဥပ္ပလဝဏ်ထေရီ၊ မိထွေးတော်ဂေါတမီ၊ သုဒ္ဓေါဒနမဟာရာဇာတို့၏ ဝတ္ထုကြောင်းများဖြင့် ကောင်းကောင်းကြီး ယုံကြည်သင့်ကြပေသည်။

ကျမ်းညွှန်း –  (၂၃၆+၂၅၁)၊ ပုဏ္ဏာထေရီဂါထာဝဏ္ဏာနာ ၊ သောဠသနိပါတ၊ ထေရီဂါထာအဌကထာ (နှာ-၂၀၉)

 

သားသမီးမရသည့် ဇနီးမောင်နှံ

 

အကုသိုလ်ကံအရာမှာလည်း စိတ်တူသဘောတူပြုလျှင် ကံတူအကျိုးပေးပင် ဖြစ်၏။ ရှေးအခါက ဇနီးမောင်နှံနှစ်ဦးတို့သည် လှေပျက်၍ လူမရှိသောကျွန်းငယ်တစ်ခုသို့ ရောက်သွားသည်။ ထိုကျွန်း၌ အစာမရကြသဖြင့် ငှက်ဥနှင့် ငှက်ကလေးများကို သတ်၍ စားကြရ၏။ ထိုမကောင်းမှုအတွက် ငရဲကျပြီးနောက် ဘုရားလက်ထက်၌ ဥတေနမင်း၏သားတော် ဗောဓိမင်းသားနှင့် မိဖုရားဖြစ်လာကြသည်။ ရှေးကငှက်ကလေးများကို သတ်စားမိခဲ့သောကံကြောင့် သားသမီးမရပဲ ရှိလေသည်။

ငှက်ငယ်ကလေးများကို သတ်စားစဉ်က မိန်းမက သဘောမတူခဲ့လျှင် မိန်းမအတွက် သားသမီး ရထိုက်၏။ ယောက်ျားက သဘောမကျလျှင်လည်း ယောက်ျားအတွက် သားသမီး ရထိုက်၏။ ထိုဇနီးမောင်နှံ နှစ်ယောက်တို့မှာမူ စိတ်တူကိုယ်တူ သတ်ခဲ့သောကြောင့် လုံး၀ သားသမီးမရနိုင်ဘဲ ရှိလေသည်။ ဤသို့ စသည်ဖြင့် စိတ်တူကိုယ်တူပြုခဲ့သော အကုသိုလ် ကံများ၏ ကံတူအကျိုးပေးတတ်ပုံကို သတိထား၍ တစ်ယောက်က အကုသိုလ်မှုကို ပြုသည့် အခါ တစ်ယောက်က သဘောမကျဘဲ တားမြစ်ရန် သတိပြုသင့်ကြပေသည်။

ထို့ကြောင့် မဃဒေဝလင်္ကာသစ်၌ –

“အကုသိုလ်နှင့်၊ ကုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာမရ၊ လင်ပြုကလည်း၊ မယားအိမ်သူ၊ စိတ်မတူသော်၊ မှတ်ယူမှန်စွာ၊ မရရာဘူး” ဟု ညွှန်ကြား ထားခြင်း ဖြစ်ပေသည်။

 

ဆွမ်းဝအောင် မဘုဉ်းပေးခဲ့ရရှာသည့် အကုသလဝိပါက်

 

ကဿပဘုရားရှင်လက်ထက်တော်၌ သူကြွယ်တစ်ယောက်၏ ကျောင်းဘုန်းကြီး တစ်ပါးသည် သီလရှိ၏။ အနေအထိုင်ကောင်း၏။ သို့သော် ကျောင်းဒကာသူကြွယ် ခဏခေတ္တ လာရောက်ပို့ထားသည့် အာဂန္တုရဟန္တာအား ကျောင်းဒကာ ကြည် ညိုသည်ကို သည်းမခံနိုင်ဘဲ ကုလမစ္ဆရိယ အကုသိုလ်တရား ဖြစ်ပွားလျက် ရှိလေသည်။ ထို့ကြောင့် သူကြွယ်အိမ်သို့ နံနက်ဆွမ်းစားသွားခါနီး၌ အာဂန္တုကိုယ်တော် မနိုးအောင် ခေါင်းလောင်းကို လက်သည်းဖြင့် ထိုး၍ ကြွသွားလေသည်။ အိမ်ရောက်၍ သူကြွယ်က အာဂန္တုကိုယ်တော် အကြောင်းမေးသည့် အခါ –

“ဒကာကြီးရဲ့ကိုယ်တော်ဟာ အင်မတန် အအိပ်ကြီးတယ်၊ မနေ့က ဒကာကြီးရဲ့အိမ်မှာ အစားကောင်း အသောက်ကောင်းများ စားသောက်ပြီး နင်းကန်အိပ်နေတယ်၊ ခေါင်းလောင်း ထိုးတာတောင် မနိုးလို့ ထားခဲ့တယ်” ဟု ပြောလေသည်။

ကျောင်းဒကာမှာ လိမ္မာပါးနပ်သူဖြစ်၍ ဘုန်းကြီး၏ စိတ်ထားကို ရိပ်စားမိ၏။ ထို့ကြောင့် ကျောင်းဘုန်းကြီးအား ဆွမ်းကပ်ပြီး ဆွမ်းဘုဉ်းပြီးသောအခါ သပိတ်ကို ဆေးကြောပြီးနောက် “ဤခဲဖွယ်ဘောဇဉ်များကို အာဂန္တုကိုယ်တော်အား လှူပါဘုရား” ဟု သပိတ်ထဲ၌ ထည့်ပေးလိုက်၏။ ကျောင်းဘုန်းကြီးက မကျေနပ်၊ “သည်လိုဆွမ်းကောင်းတွေ စားနေရရင် ဒီကိုယ်တော် ငါ့ကျောင်းက ဆွဲချတောင် သွားတော့မှာ မဟုတ်ဘူး” ဟု ကျောင်း၌ ဆက်လက်နေထိုင်မည်ကို ဝန်တိုသော အာဝါသမစ္ဆရိယ၊ မိမိထက်သာသည်ကို မနာလိုသော ဣဿာတို့ကြောင့် ကျောင်း ဒကာလှူဒါန်းလိုက်သည့် ဆွမ်းများကို လမ်းမှာ သွန်ပစ်လိုက်လေသည်။

အာဂန္တုရဟန္တာ အရှင်မြတ်သည် ကျောင်းဘုန်းကြီး၏ စိတ်ဓာတ်ကိုသိတော်မူ၍ စောစောကပင် ကောင်းကင်ခရီးဖြင့် လိုရာအရပ်သို့ ကြွနှင့်ပြီး ဖြစ် လေသည်။ ကျောင်းဘုန်း ကြီးသည် ကျောင်းသို့ရောက်၍ ရှာဖွေရာ အာဂန္တုကိုယ်တော်ကို မတွေ့သည့်အခါ “ဒီကိုယ်တော်ဟာ ဧကန် ရဟန္တာ ဖြစ်မှာပဲ၊ ငါ့စိတ်သဘောကို သိတဲ့အတွက် တစ်ပါးအရပ်သို့ ကြွသွား တာဖြစ်မယ်၊ ငါဟာ ဝမ်းရေးကြောင့် ရဟန်းတို့နဲ့ မသင့်မလျော်တဲ့အမှုကို ပြုမိလေပြီ” ဟု ကြီးစွာသော စိတ်နှလုံး မချမ်းမသာခြင်း ဖြစ်လေသည်။ ထိုဘုန်းကြီးမှာ မကြာမီ စုတေ၍ ငရဲသို့ ရောက်ရလေသည်။

ကျမ်းညွှန်း * ဗောဓိရာဇကုမာရဝတ္ထု၊ အတ္တဝဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ-၂ (နှာ-၈၅)

 

ဖြစ်လေရာဘ၀ အစာငတ်

 

ထိုငရဲမှ တက်ပြီးနောက် ဘီလူးဘ၀ – ၅၀၀၊ ခွေးဘ၀ – ၅၀၀ တို့၌ အစာဝအောင် မစားရသည်သာ များလေ၏။ ထိုကဲ့သို့ ဆင်းဆင်းရဲရဲဖြင့် ဘဝသံသရာကို ကျင်လည်လာခဲ့ရာ ဂေါတမဘုရားရှင်လက်ထက်တော်၌ အိမ်ခြေတစ်ထောင်ရှိသော တံငါသည်ရွာဝယ် တံငါသည်မ၏ဝမ်း၌ ပဋိသန္ဓေနေရလေသည်။ ထိုသူ ပဋိသန္ဓေနေသည့် နေ့မှစ၍ တံငါရွာကြီး တစ်ရွာလုံး ငါးရှာမရရုံသာမက မီး ၇-ကြိမ်လောင်၍ မင်းဒဏ် ၇-ကြိမ် ခံရသည်။ တစ်ရွာလုံး ခဏချက်ချင်း ဆိုသလို ဆုတ်ယုတ်လျော့ပါး ဆင်းရဲသွားကြ၏။

ထိုအခါ စဉ်းစားဉာဏ်ရှိသူ လူကြီးများက ” ငါတို့ရွာထဲမှာ ကံဆိုးသူရှိလိမ့်မယ်၊ ရွာကို တစ်ဝက်စီခွဲကြစို့” ဟု တိုင်ပင်ပြီး ရွာကို တစ်ဝက်စီခွဲကြသည်။ ထိုအခါ ထိုကလေးကိုယ်ဝန် ပါသောဘက်၌ ရှေးနည်းတူ ဆင်းရဲပြန်သဖြင့် ထပ်၍ ထပ်၍ ခွဲကြရာ နောက်ဆုံး၌ ထိုကိုယ်ဝန်ရှိသော မိဘတို့ တစ်အိမ်သာ သီးခြားဖြစ် နေလေသည်။ ထို့နောက် မိခင်မှာ ဆင်းရဲစွာ ဖွားမြင်ရှာပြီး သူငယ်ကလေး သူ့ခြေဖြင့် သူသွားလာနိုင်သည့်အခါ ခွက်ကလေးကို ကလေးလက်၌အပ်၍ မိခင်ခမျာ ထွက်ပြေးလေတော့သည်။

 

တရားစစ်သူကြီး၏တပည့် ဖြစ်ခွင့်ရရှာသည်

 

ကလေးငယ်လည်း ထိုခွက်ကလေးဖြင့် တောင်းရမ်း စားသောက်၍ ဆင်းရဲငြိုငြင်စွာ အသက်မွေးရရှာ၏။ ဤသို့ဖြင့် ၇-နှစ်သားအရွယ် ရောက်လာ၍ တစ်နေ့တွင် အိမ်တစ်အိမ်၏ တံခါးဝ၊ ထမင်းအိုး ဆေးသည့်ရေများ စွန့်သွန်ရာဌာနတွင် ကျီးငှက်ပမာ ထမင်းလုံးတစ်လုံးစီ ရှာဖွေကောက်ယူစားနေစဉ် သာဝတ္ထိပြည်ထဲ ဆွမ်းခံဝင်လာသည့် တရားစစ်သူကြီး အရှင် သာရိပုတ္တရာမထေရ်ကြီး မြင်တော်မူကာ အလွန်သနားတော်မူသဖြင့် ကျောင်းတော်သို့ခေါ်ပြီး ကိုယ်တိုင် ခဲဖွယ်ဘောဇဉ်များ ကျွေးမွေး၍ ကိုယ်တိုင်ပင် ရေချိုးပေးပြီး ရှင်ပြုပေး လိုက်လေသည်။ ထို့နောက် အသက်နှစ်ဆယ်ပြည့်၍ ရဟန်းခံပေးရာ လောသကတိဿ ရဟန်းဟု အမည်တွင်၏။ ရဟန်းဘဝတွင် ဝိပဿနာတရားကို ပွားများအားထုတ်ရာ ရှေးရဟန်းဘ၀ တုန်းက သီလရှိသော ပုဂ္ဂိုလ်ဖြစ်သည့်အတွက် ရဟန္တာဖြစ်သွားလေသည်။

ထိုသို့ ရဟန္တာဖြစ်သွားသော်လည်း ဘုန်းကံနည်းပါးလာဘ်လာဘ ရှားပါးလှပေသည်။ အသဒိသ အလှူကြီးပေးလှူသော်လည်း ထိုရဟန်းမှာ ဆွမ်းဝအောင် မဘုဉ်းပေးရရှာပေ။ အသက်ရှင်ရုံမျှသာ စားသောက်ရ၏။ ထိုရဟန်း၏ သပိတ်ထဲသို့ ယာဂုတစ်ဇွန်းမျှ ထည့်လိုက်ရုံဖြင့် သပိတ် ပြည့်သွားပြီဟု အလှူရှင်တို့စိတ်တွင် ထင်သွား၏။ ရံခါလည်း ထိုရဟန်း၏ သပိတ်ထဲသို့ ယာဂု ခဲဖွယ် စသည်တို့ကို လှူဒါန်းမည်ပြုသည့်အခါ အလှူရှင်တို့၏ ခွက်ထဲ၌ ယာဂုစသည်တို့ ပျောက်နေတတ်ပေသည်။

 

ပရိနိဗ္ဗာန်စံဝင်မည့်နေ့၌သာ အဝဘုဉ်းပေးရ

 

လောသကတိဿ ပရိနိဗ္ဗာန်စံမည့်နေ့၌မူ ဆရာရင်းဖြစ်သူ အရှင်သာရိပုတ္တရာ မထေရ်ကြီးက “ဒီနေ့ ငါ့တပည့် ပရိနိဗ္ဗာန်စံတော့မယ်၊ ငါသည် ငါ့တပည့်အား အစားအစာ ဝအောင် လှူဒါန်း ကျွေးမွေးသင့်ပေသည်” ဟု ကြံစည်ပြီး မိမိနှင့်အတူ ဆွမ်းခံခေါ်သွားသည်။ ထိုအခါ ထိုရဟန်း အတွက်ကြောင့် အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးပင် ကန်တော့ဆွမ်း မျှကိုပင် မရတော့ချေ။ ထို့ကြောင့် ထိုရဟန်းကို ပြန်လွှတ်လိုက်ပြီး ရှင်သာရိပုတ္တရာ တစ်ပါးတည်း ဆွမ်းခံကြွသောအခါ၌မူ ဆွမ်းပြည့်ပြည့်စုံစုံ ရလေတော့သည်။

အရှင်သာရိပုတ္တရာလည်း အိမ်တစ်အိမ်တွင် ဆွမ်းဘုဉ်းပေးပြီးလျှင် အိမ်ကလူများကို ထိုရဟန်းထံသို့ ဆွမ်းပို့လွှတ်လိုက်ရာ လွှတ်လိုက်သူများမှာ သတိမေ့ပြီး လမ်းတွင်စားကြလေသည်။ ထိုအကြောင်းကို အရှင်သာရိပုတ္တရာကျောင်းပြန်ရောက်မှ သိရလျှင် ကောသလမင်းထံ သွား၍ စတုမဓူအလှူခံကာ ကျွေးရလေသည်။ ထိုသို့ ကျွေးရာ၌လည်း သပိတ်ကိုလွှတ် ပေးလိုက်လျှင် သပိတ်ပါကွယ်မည်စိုးသောကြောင့် အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် သပိတ်ကိုကိုင်၍ ကျွေး တော်မူမှ ထိုစတုမဓူကို အဝဘုဉ်းပေးပြီး ပရိနိဗ္ဗာန်စံရလေသည်။ အပရာ ပရိယဝေဒနိယကံ၏ နာနာက္ခဏိကအကျိုးပေးက ရှောင်လွှဲမရသည့် သာဓကဖြစ်ပေသည်။

ကျမ်းညွှန်း * လောသကဇာတကဝဏ္ဏနာ၊ အတ္ထကာမဝဂ္ဂ၊ ဧကကနိပါတ၊ ဇာတကဋ္ဌကထာ-၁ (နှာ-၂၅၁)

 

ဆန်းကြယ်သည့် အတိတ်ကံဟောင်း

 

ကံအကျိုးပေး ဆန်းကြယ်ပုံကို ပြဆိုဦးအံ့ – ဗုဒ္ဓရှင်တော်မြတ်ဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်က သာဝတ္ထိမြို့တော်၏ တံခါးအနီးတွင် ဒွါရမည်သော ရွာတစ်ရွာရှိ၏။ ထိုရွာကို မီးလောင်သည့်အခါ လေအဟုန်ဖြင့် ကောင်းကင်သို့ လွင့်တက်သွားသော မြက်ကရွတ်ခွေ မီးကွင်းတစ်ခုသည် ကောင်းကင်တွင် ပျံလာသော ကျီးတစ်ကောင်၏လည်ပင်းတွင် ဝင်စွပ် မိလေသည်။ ထိုကျီးမှာ မီးလောင်သဖြင့် ကျယ်လောင်စွာ အော်မြည်ကာ မြေသို့ကျ၍ သေရရှာသည်။

မဟာသမုဒ္ဒရာ၌လည်း သင်္ဘောကြီးတစ်စင်းသည် ရွက်တိုက်စက်ခုတ်၍ သွားနေ ဆဲမှာပင် ရုတ်တရက် ရပ်သွား၏၊ ရွက်လည်းရ၊ စက်လည်းကောင်း လျက် သင်္ဘောကြီး ရပ်တန့် သွားသည့်အချက်ကို လေ့လာရှာဖွေကြရာ မည်သည့်ချွတ်ယွင်းချက်ကိုမှ မတွေ့ကြသဖြင့် “သင်္ဘောမှာ ကံဆိုးသူပါနေပြီ” ဟု ယူဆပြီး မဲချကြသည်။ စာရေးတံမဲသည် သင်္ဘောသူကြီး ကတော်၏ လက်၌သာ သုံးကြိမ်တိုင်တိုင် ကျလေသည်။ ထိုအခါ သင်္ဘောသူကြီးသည် မိမိ မိန်းမအတွက် လူအများ ကို မပျက်စီးစေကောင်းပေဟုဆိုပြီး ထိုလှေသူကြီးကတော်၏ လည်ပင်းတွင် သဲအိုးကို ချည်၍ သမုဒ္ဒရာထဲသို့ ပစ်ချလိုက်စေသည်။ ထိုအခါမှသာ သင်္ဘောကြီးသည် ရှေးနည်းအတိုင်း ဆက်လက် ပြေးသွားနိုင်လေတော့သည်။

ရဟန်းတော်ခုနစ်ပါးသည်လည်း တောင်ခြေရင်းရှိ လိုဏ်တစ်ခု၌ သီတင်းသုံး နေထိုင်စဉ် အထက်မှ တောင်ထွတ်ကြီးတစ်ခု ပြိုကျ၍ လိုဏ်ပေါက်၀ ပိတ်သွားလေသည်။ ခုနစ်ရက်ကြာမှ ကျောက်ထွတ်ကြီးအလိုလို လိမ့်သွား၍ ပွင့်လေသည်။

 

အတိတ်အကြောင်းကံများ

 

ထိုဆန်းကြယ်သော အဖြစ်အပျက်ကြီး သုံးခုတို့အကြောင်းကို ဇေတဝန်ကျောင်းတော်၌ ရှင်တော်မြတ်ဘုရား တရားဟောကြားတော်မူနေစဉ် လျှောက်ထားကြသည်။ ထိုအခါ ရှင်တော်ဘုရားသည် ထိုပုဂ္ဂိုလ်သုံးဦးတို့၏ အတိတ်အကြောင်းကို ပြန်ပြောင်း ဟောကြား တော်မူပါသည်။ ထိုသုံးဦးတို့တွင် ကျီးသတ္တဝါသည် ရှေးလူဖြစ်စဉ်ဘဝ၌ နွားကြမ်းတစ်ကောင်ကို ဆုံးမ၍မရသောကြောင့် နွား၏လည်ပင်းတွင် ကောက်ရိုးစည်းကို ဖွဲ့ချည်လျက် မီးတိုက်ပြီး လွှတ်လိုက်၏၊ နွားကြမ်းကြီးမှာ ထိုမီးလောင်မှုကြောင့် သေဆုံးသွားရလေသည်။ ထိုကံ ဟောင်းကြောင့် ယခု ကျီးဖြစ်သောဘဝတွင် ကောင်းကင်ပျံသွားစဉ်မှာပင် လည်ပင်းတွင် မီးကွင်းစွပ်၍ သေဆုံးရခြင်း ဖြစ်သည်။

လှေသူကြီးကတော်မှာလည်း ရှေးဘဝက မိန်းမတစ်ယောက်ပင် ဖြစ်၏၊ ခွေးတစ် ကောင်သည် သူသွားလေရာ၌ တကောက်ကောက်လိုက်လျက် နေသည်၊ တွေ့မြင်သူများက “ဒို့ ခွေးမုဆိုး ထွက်လာပြီဟေ့”ဟု ပြက်ရယ်ပြုကြ၏၊ ခွေးပိုင်ရှင်မိန်းမက ထိုခွေးကို မလိုက်အောင် မည်သို့မျှ မလုပ်နိုင်ချေ၊ ထို့ကြောင့် ခွေး၏ လည်ပင်းတွင် သဲအိုးကိုဆွဲကာ ရေထဲ၌ နှစ်သတ်ဖူးခဲ့သည်၊ ထိုကံဟောင်းကြောင့် သင်္ဘောသူကြီးကတော် ဖြစ်လာချိန်တွင် ယခုကဲ့သို့ သမုဒ္ဒရာ ထဲတွင် သဲအိုးဆွဲ၍ ပစ်ချခံရလေသည်။

လိုဏ်ဂူအဝပိတ်ခံရသော ရဟန်းတော်ခုနစ်ပါးမှာလည်း ရှေးဘဝက နွားကျောင်းသားများဖြစ်ခဲ့ရာ ဖွတ်တစ်ကောင် တွင်းထဲဝင်သည်ကိုမြင်၍ သစ်ရွက်တို့ဖြင့် တွင်းကို ပိတ်ဆို့ သွားခဲ့သည်၊ ခုနစ်ရက်ကြာမှ ထိုနေရာသို့ရောက်၍ တွင်းကို ဖွင့်ကြည့်ရာ အစာငတ်၍ အားပြတ်ပြီး ထွက်လာသည့် ဖွတ်ကိုမြင်ရ၍ သနားသဖြင့် ချမ်းသာစွာ လွှတ်လိုက်ကြသည်၊ ထိုကံဟောင်းကြောင့် လိုဏ်ဂူပိတ် ခုနစ်ရက်ခံရခြင်း ဖြစ်လေသည်ဟု အတိတ်ဇာတ်ကြောင်း ပြန်ကာ အောက်ပါတရားကို ဟောကြားတော်မူပါသည်။
“မကောင်းမှုကို ပြုခဲ့သောသတ္တဝါသည် ကောင်းကင်၌ပင် တည်နေသည်ဖြစ်စေ၊ သမုဒ္ဒရာအလယ်၌ပင် တည်နေသည်ဖြစ်စေ၊ တောင်ခေါင်းတွင်း၌ပင် ဝင်အောင်းနေသည် ဖြစ်စေ၊ ထိုပြုခဲ့သည့် မကောင်းမှုကံအကျိုးမှ မလွတ်မြောက်နိုင်ချေ။ဤသြကာသလောကတွင် မကောင်းမှုကံ၏ အကျိုးပေးမှုမှ လွတ်မြောက်နိုင်သည့် အရပ်ဆိုသည်မှာ လုံးဝမရှိပါချေ” ဟု မြတ်စွာဘုရား ဟောကြားတော်မူပါသည်။

ကျမ်းညွှန်း * တယောဇနဝတ္ထု၊ ပါပဝဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ -၂ (နှာ-၂၄)

 

ပုဂ္ဂလဗျာပါရနှင့် ဓမ္မဗျာပါရ

 

ကမ္မပစ္စည်းကို ရှေးရှေးဆရာမြတ်တို့က “အားပါးထုတ်ထ လုံ့လသည်းစွာ”ဟု ဆိုတော် မူပါသည်။ ကြောင့်ကြ လုံ့လကို ဗျာပါရဟု သုံးနှုန်း၏။ ဤတွင် ပုဂ္ဂလဗျာပါရနှင့် ဓမ္မဗျာပါရ ဟူ၍ရှိရာ ကံက ပုဂ္ဂလဗျာပါရ ဖြစ်ပြီး ကံ၏အကျိုးပေးက ဓမ္မဗျာပါရ ဖြစ်သည်။ ပြုခဲ့ပြီး၊ ထူထောင်ခဲ့ပြီးသည့် ထိုထိုကောင်းကံ၊ မကောင်းကံတို့၏ အကျိုးပေးရန်အတွက်မှာမူ ပုဂ္ဂိုလ် အားစိုက်မှုနှင့် မသက်ဆိုင်တော့ပေ။ အားစိုက်ရန်လည်း မလိုတော့ပေ။ ကြောင့်ကြဗျာပါရ ပြုရန်လည်း မလိုအပ်တော့ပေ။ ၎င်းသည်ပင် ဓမ္မဗျာပါရ မည်လေ၏။

 

ကံ၏အကျိုးပေးနိုင်စွမ်း လေးပါး

 

ကံအကျိုးပေးနိုင်စွမ်း ၄-ပါး ရှိ၏။ ၎င်းတို့မှာ-

၁ – အမိအဖကို သတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း စသည့် ပဉ္စာနန္တရိယကံသည် အကုသိုလ်ဘက်တွင် ဧကန်အကျိုးပေးမည့် အလွန် အားကြီးသည့် ဂရုကံ ဖြစ်သည်။

၂ – သေရာညောင်စောင်း လဲလျောင်းရာ သေခါနီးကာလတွင် အနီးကပ်ပြုသည့် အာသန္နကံ။

၃ – နေ့စဉ်မပြတ် အလေ့အကျင့်ပြုထားသည့် အာစိဏ္ဏကံနှင့်

၄ – အထက်ပါ ကံသုံးပါးအဖြစ်သို့ မရောက်တတ်ဘဲ သာမန်အားဖြင့်ပြုလုပ်သော် ကဋတ္တာကံတို့ ဖြစ်သည်။ ပမာပြရသော် သူရူးပစ်လို က်သည့် ဒုတ်သည် ကျချင်ရာအရပ်၌ ကျသကဲ့သို့ ဂရုကကံစသည့် ရှေ့ကံသုံးပါးမရှိသော ဤကံက အကျိုးပေး၏။

 

သမ္ပတ္တိတရား လေးပါး

 

၎င်းတို့မှာ-

၁ – ကောင်းသည့်ဘုံဌာန၌ဖြစ်ခြင်း – ဂတိသမ္ပတ္တိ၊

၂ – ရုပ်ဆင်းအင်္ဂါပြည့်စုံခြင်း – ဥပဓိသမ္ပတ္တိ၊

၃ – မိမိ၏ပင်ကို ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားများ အသုံးချနိုင်လောက်သည့် အခါကာလပြည့်စုံခြင်း – ကာလသမ္ပတ္တိနှင့်

၄ – ချိန်ခါနှင့်အညီ လုံ့လကောင်းနှင့် ပြည့်စုံခြင်း – ပယောဂသမ္ပတ္တိတို့ ဖြစ်သည်။

ကုသိုလ်ကံ အကျိုးပေးထက်သန်ရန်အတွက် သမ္ပတ္တိတရားလေးပါး ပြည့်စုံရန် လိုအပ်ပေ၏။ အကုသိုလ်ကံ အကျိုးပေးထက်သန်ရန်အတွက်မှာမူ ဝိပ္ပတ္တိတရားနှင့် ကြုံရန် လိုအပ်ပေ၏။
ကံမျိုးစေ့လည်းကောင်းမည်၊သမ္ပတ္တိတရားနှင့်လည်း ပြည့်စုံပါက ကုသိုလ်အကျိုး ပြည့်ပြည့်၀၀ မုချ ကောင်းကျိုးပေးတော့မည်။ ကံမျိုးစေ့လည်း ညံ့မည်၊ ဝိပ္ပတ္တိတရားနှင့်လည်း ကြုံနေလျှင်မူ ပေးစရာရှိသည့် အကုသိုလ်ဆိုးကျိုးတို့က ပြည့်ပြည့်၀၀ ပေးပေတော့မည်။

 

အတိတ်ကံ၏တာဝန် ကျေပွန်လေပြီ

 

ကံကို မျိုးစေ့နှင့် ခိုင်းနှိုင်းသဖြင့် ‘သစ်ပင်တို့အား မျိုးစေ့လားသို့ ‘ဟု စာပေ၌ လာရှိပါသည်။ ဗုဒ္ဓဘာသာ၌ ကံ၏အရာ ကျယ်ဝန်းသဖြင့် ထဲထဲဝင်ဝင် လေ့လာထားရန် လို၏။ အတိတ်ကပြုခဲ့ဖူးသည့် အကုသိုလ်ကံ၊ ကုသိုလ်ကံက သူနှင့်ထိုက်တန်သည့် ဘုံဘဝတစ်ခုကို ပေးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ဆိုင်ရာရုပ်ဖြစ်သည့် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ ဟဒယဝတ္ထုတို့ကို လည်းကောင်း၊ တစ်ဖန် နာမ်ပိုင်းဆိုင်ရာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာစသည့် နာမ်ဓာတ်ခံကောင်းများကိုလည်းကောင်း ကံ၏အမွေအဖြစ် ကံက စီမံပေးလိုက်လေပြီ။ ထို့ကြောင့် အတိတ်ကံ၏တာဝန် ကျေပွန်လေပြီ။

သစ်ပင်တစ်ပင် ရှင်သန်ရန် ရေ၊ မြေ၊ လေ၊ မြေဆီသြဇာ တို့က ပံ့ပိုးပေးရသကဲ့သို့ ပုဂ္ဂလဗျာပါရကလည်း အရေးပါ၏။ အတိတ်ကံပြုစဉ်ကလည်း ပုဂ္ဂလဗျာပါရ တာဝန်ရှိခဲ့ သကဲ့သို့ ယခုဘဝကံအပင် သန်စွမ်းလာရန်အတွက်လည်း ပုဂ္ဂလဗျာပါရတာဝန် ရှိနေသည်။ ထို့ကြောင့် ပစ္စုပ္ပန်ဘဝ၌ ကောင်းကံပြုရန်လည်း သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာတည်း ဟူသော ပုဂ္ဂလဗျာပါရ စွမ်းပကားကို စိုက်ထုတ်ကြရပါသည်။

 

စေတနာထက်သန် အကျိုးပေးသန်

 

မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါကာလက ပုဏ္ဏားလင်မယား နှစ်ဦးပေါင်းမှ အပေါ်ဝတ်ရုံတစ်ထည်တည်းသာ ရှိသောကြောင့် သာသနာ့ မှတ်တမ်းတွင် စူဠေကသာဋက ဗြာဟ္မဏဟု မှတ်တမ်းပြုထားပါသည်။

ထိုပုဏ္ဏားသည် ညဦးပိုင်းတွင် ဘုရားထံတော်ပါးလာပြီး တရားနာနေပါသည်။ တရား တော်ကို နာယူရသောကြောင့် သူ့နှလုံးသား၌ သဒ္ဓါတရားများ တဖြည်းဖြည်း ယိုဖိတ်လာကာ လှူဒါန်းရန် အကြံအစည် ပေါ်လာလေသည်။

ထိုအခါ လှူဖွယ်ပစ္စည်းကို စိတ်ဖြင့် အိမ်အနှံ့ ရှာဖွေပါသော်လည်း တစ်စုံတစ်ခုကိုမျှ မတွေ့ရှာပါ။ နောက်ဆုံး ၎င်း၏ ကိုယ်ပေါ်မှ အပေါ်ရုံကို လှူဒါန်းရန် စိတ်ဆုံးဖြတ်လိုက်ပါသည်။

သို့သော် ‘အိမ်က ပုဏ္ဏေးမခမျာ ဝတ်ရုံစရာမရှိဘဲ နေရှာတော့မယ်’ဟု အတွေးပေါ် လာသဖြင့် ညဦးယံအလှူ မအောင်မြင်လိုက်ပေ။ ဤနည်းအတူ သန်းခေါင်ယံတွင် တစ်ကြိမ် သဒ္ဓါယိုဖိတ်လာပါသော်လည်း မစ္ဆရိယနှင့် သဒ္ဓါတိုက်ပွဲတွင် မစ္ဆရိယသာ နိုင်သွားလေ၏။ မိုးသောက်ယံ၌ကား မစ္ဆရိယကို သဒ္ဓါတရားက အနိုင်တိုက်နိုင်ခဲ့ပြီး သူ၏အပေါ်ရုံ အနွမ်းလေးကို ဘုရားရှင်ခြေတော်ရင်းသို့ တင်၍ လှူနိုင်ပါတော့သည်။ ဤဖြစ်စဉ် အသေးစိတ်ကို ပရိသတ်နောက်နားမှ တရားနာနေသည့် ပသေနဒီကောသလမင်းကြီးက သိသွားသဖြင့် ပြုနိုင်ခဲသည့် အလှူကို ဤပုဏ္ဏားက ပြုပေပြီဟုဆိုကာ ဝတ်စုံ ၃၂-စုံနှင့် သဗ္ဗစတုက္က (အလုံးစုံ ၄-ပါးစီ)ဆုကို ချီးမြှင့်လေ၏။ ပုဏ္ဏား၏ စေတနာသဒ္ဓါက နေ့ညမဆိုင်းဘဲ ချက်ခြင်း အကျိုး ပေးလေတော့၏။

အကယ်၍ ပထမညဦးယံ၌သာ စူဠေကသာဋက ဗြာဟ္မဏ၏ စေတနာသဒ္ဓါတရားက မစ္ဆရိယကိုနိုင်ခဲ့မည်ဆိုလျှင် အလုံးစုံ တစ်ဆယ့်ခြောက်ခုသော ဆု ကိုရမည်၊ အကယ်၍ သန်းခေါင်ယံ၌ သူ၏စေတနာ သဒ္ဓါတရားက မစ္ဆရိယကို နိုင်ခဲ့မည်ဆိုလျှင်မူ အလုံးစုံ ရှစ်ပါးသော ဆုကိုရမည်၊ ယခုမူ မိုးသောက်ယံ၌သာ သူ၏စေတနာသဒ္ဓါတရားက မစ္ဆရိယကို နိုင်ခဲ့သောကြောင့် အလုံးစုံလေးပါးဆုသာ ရခြင်းဖြစ်ကြောင်း မြတ်စွာဘုရားရှင်က မိန့်ကြား တော်မူပါသည်။ ထို့ကြောင့် ကောင်းမှုကုသိုလ်ပြုရန် လက်မနှေးသင့်ကြောင်းကို အတုယူ မှတ်သားဖွယ်ကောင်းသော သာဓကဝတ္ထု ဖြစ်ပေသည်။

 

ပုဗ္ဗစေတနာ၏အကျိုး

 

စေတနာသုံးတန် ပြည့်စုံသည်ကို မဆိုထားဘိ မိမိ၏ ပစ္စည်းဥစ္စာကို မပေးလှူမီ ပုဗ္ဗစေတနာ ဖြစ်ရုံမျှဖြင့်ပင် ကြီးမြတ်သောအကျိုးကို ရရှိနိုင်သည့်သာဓကကို ပြပါဦးမည်။ ရာဇဂြိုဟ်ပြည်၌ အမျိုးသမီးတစ်ယောက်သည် ဝါဝင်းသော သပွတ်ခါး ပန်းလေးပွင့်ကို စေတီတော်အား တင်လှူရန် အိမ်မှထွက်ခဲ့သည်။ စေတီ တော်သို့ မရောက်မီ လမ်းခရီးအကြား၌ နွားမကြီးဝှေ့သဖြင့် ထိုအမျိုးသမီးမှာ စုတေရရှာသည်။

ထိုအမျိုးသမီးကလေးမှာ စေတီတော်အား ပန်းလှူမှု အထမမြောက်သော်လည်း တင်လှူလိုသော ပုဗ္ဗစေတနာကြောင့် တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏ အခြံအရံ နတ်သမီးဖြစ်ရသည်။ ထိုနတ်သမီးသည် သိကြားမင်း၏ ရံရွှေတော် နတ်သမီးအပေါင်းတို့တွင် ရွှေသားအရောင် ဝင်းဝါတောက်ပြောင်သော ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် အခြားနတ်သမီး တို့ထက် သာလွန်သော နတ်သမီးတစ်ယောက် ဖြစ်ရသည်။

 

ပုဗ္ဗစေတနာချို့တဲ့ခဲ့သော ပဉ္စပါပီနှင့် မင်းကုသ

 

စေတနာသုံးတန်တွင် ပုဗ္ဗစေတနာချို့တဲ့ပျက်ကွက်ခဲ့ပါလျှင် ပထမအရွယ်၌ ဆင်းရဲ နွမ်းပါးခြင်း၊ ရုပ်အဆင်းအင်္ဂါ မလှခြင်း စသော အကျိုးများ ဖြစ်ရတတ်သည်။

ဘုရားရှင်လက်ထက်တော်က အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံအရာ၌ ထင်ရှားကျော်ကြားသည့် ဆင်းရဲသူမကလေး ပဉ္စပါပီသည် ရှေးတစ်ခုသောဘဝ၌ ဆင်း ရဲသူကလေးဖြစ်၍ မြေညက် များကိုနယ်ပြီး အိမ်နံရံများကို လိမ်းကျံရသော အလုပ်ကိုလုပ်၏။

တစ်နေ့တွင် ပစ္စေကဗုဒ္ဓါတစ်ပါးသည် လိုဏ်ဂူလိမ်းကျံရန် မြေညက်လိုသဖြင့် သပိတ်ပိုက်ကာ ထိုဆင်းရဲသူမကလေး အနီးတွင် လာရပ်သည်။ ထိုအခါ ဆင်းရဲသူမကလေးက “ဒီကိုယ်တော်ကြီးဟာ မြေညက် တောင်မှ အလှူခံရတယ်”လို့ ဒေါသစိတ်ဖြင့် ပြောကြားပြီး မျက်စောင်းထိုး၍ ကြည့်နေသည်။ သို့သော်လည်း မလှုပ်မရှက် ငြိမ်သက်စွာ ရပ်မြဲရပ်နေ သည်ကို မြင်ရသောကြောင့် ကြည် ညိုသဒ္ဓါစိတ်ဖြစ်ပေါ်လာပြီး ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ သပိတ်ထဲသို့ မြေညက်ခဲကြီးကို ထည့် ၍ စေတနာထက်သန်စွာဖြင့် လှူဒါန်းလိုက်လေသည်။

ထိုဆင်းရဲသူမလေးသည် ပဉ္စပါပီဘဝရောက်သောအခါ မြေညက်လှူခဲ့သော ဒါန စေတနာကြောင့် ကိုယ်အတွေ့ အလွန်ကောင်းသော အမျိုးသမီးကလေးဖြစ်ရသော်လည်း မလှူမီရှေ့အဖို့၌ ဒေါသစိတ်ဖြင့် နှုတ်ဖြင့် မကောင်းပြောကြားမှု၊ မျက်လုံးဖြင့် မျက်စောင်း ထိုးကြည့်မှုဆိုသည့် ပုဗ္ဗစေတနာချို့တဲ့မှုကြောင့် လက်, ခြေ, ပါးစပ်, မျက်စိ, နှာခေါင်း အင်္ဂါငါးပါးလုံး အချိုးအစားမကျ အရုပ်ဆိုးလှသော အမျိုးသမီးကလေး ဖြစ်ရလေသည်။

ဘုရားအလောင်းတော် ကုသမင်းသည် ကုသမင်းမဖြစ်မီ ဘဝတစ်ခု၌ မိမိအတွက် ဝေစုရသောမုန့်ကို မရီးဖြစ်သူက ပစ္စေကဗုဒ္ဓါတစ်ပါးအား ပေးလှူလိုက်ရာ အမျက်ထွက်ပြီး မုန့်ကိုပြန်၍ လုယူလိုက်သည်။ နောက်မှ ထိုမုန့်ကို ပစ္စေကဗုဒ္ဓါအား ပြန်လှူသည်။ မုန့်ကို လှူခဲ့သော ဒါနစေတနာကြောင့် တန်ခိုးကြီးသော မင်းတစ်ပါးဖြစ်ရသော်လည်း ပုဗ္ဗစေတနာ ချို့တဲ့ ပျက်ကွက်ခဲ့သောကြောင့် ရုပ်ဆိုးသူ ဖြစ်ရလေသည်။

ကျမ်းညွှန်း * စူဠေကသာဋကဗြာဟ္မဏဝတ္ထု၊ ပါပဝဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ – ၂ (နှာ-၁)
              * (၇၉၅-၇၉၉) ပီတဝိမာနဝဏ္ဏနာ၊ ဝိမာနဝတ္ထုအဋ္ဌကထာ (နှာ-၁၈၄)

 

အပရစေတနာချို့တဲ့သော အပုတ္တကသူဌေးကြီး

 

ပသေနဒီကောသလမင်းသည် နေမွန်းတည့်အခါ၌ မြတ်စွာဘုရားထံပါးသို့ ချဉ်းကပ်၍ ဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေ၏။ မြတ်စွာဘုရားက “မင်းကြီး သင်သည် ယခု နေမွန်းတည့်အခါ၌ အဘယ်အရပ်က လာခဲ့သနည်း” ဟု မိန့်တော်မူ၏။ ထိုအခါ မင်းကြီးက” အရှင်ဘုရား သာဝတ္ထိပြည်၌ သားသမီးမရှိသည့် အပုတ္တသူဌေးကြီး သေခဲ့၏၊ အမွေခံမည့်သူ မရှိသော ထိုသူဌေးကြီး၏ ဥစ္စာကို တပည့်တော်သည် နန်းတော်တွင်းသို့ သွင်း၍ လာခဲ့ပါ၏၊ အရှင်ဘုရား ရွှေချည်းပင် ရှစ်သန်းရှိပါ၏၊ ငွေမူကား အဘယ်ဆိုဖွယ်ရာ ရှိပါ အံ့နည်း၊ အရှင်ဘုရား ထိုသူဌေးကြီးသည် ပုန်းရည်နှင့် ဆန်ကွဲထမင်းကို စားသုံး၏။ သုံးလွှာ စပ်၍ချုပ်သော ပိုက်ဆံလျှော်အဝတ်ကို ဝတ်၏။ သစ်ရွက်ထီးကို ဆောင်းလျက် ဆွေးမြေ့သော ရထားငယ်ဖြင့် သွားပါ၏” ဟု လျှောက်၏။

ကျမ်းညွှန်း * ကုဏာလဇာတကဝဏ္ဏနာ၊ အသီတိနိပါတ၊ ဇာတကဋ္ဌကထာ-၅ ( နှာ-၄၇၂)
              * ကုသဇာတကဝဏ္ဏနာ၊ သတ္တတိနိပါတ၊ ဇာတကဋ္ဌကထာ-၅ (နှာ-၂၉၇)

 

ဉာဏ်နဲသည့် သူယုတ်၏ဥစ္စာ

 

မြတ်စွာဘုရားက “မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး သူတော်မဟုတ်သော သူယုတ် သည် များမြတ်ကုန်သော စည်းစိမ် တို့ကိုရ၍ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ အမိအဖတို့ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ သားမယားကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ ကျွန်အလုပ်သမားတို့ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ မိတ်ဆွေခင်ပွန်းတို့ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ အထက်နတ်ဘုံ၌ မြတ်သော အကျိုးကို ဖြစ် စေတတ်သော၊ နတ်ပြည်၌ ဖြစ်စေတတ်သော၊ ချမ်းသာသောအကျိုးနှင့် ပြည့်စုံသော၊ မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏ တို့၌ မဖြစ်စေ။ ထိုသူ၏ ဤသို့ ကောင်းစွာ မသုံးဆောင်အပ်ကုန်သော ထိုစည်းစိမ်ဥစ္စာတို့ကို မင်းတို့သည်မူလည်း ဆောင်ကုန်၏၊ ခိုးသူတို့သည်မူလည်း ဆောင်ကုန်၏၊ မီးသည်မူလည်း လောင်ကုန်၏၊ ရေ၌မူလည်း မျောကုန်၏၊ မချစ်မနှစ်လိုအပ်ကုန်သော အမွေခံတို့သည်မူလည်း ဆောင်ကုန်၏။ မင်းကြီး ဤသို့ ထိုသူ၏ ထိုစည်းစိမ်ဥစ္စာတို့သည် ကောင်းစွာ မသုံးဆောင် အပ်ကုန်သည်ဖြစ်၍ ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ သုံးဆောင်ခြင်းသို့ မရောက်ကုန်”

 

ဉာဏ်ရှိသည့် သူတော်ကောင်း၏ဥစ္စာ

 

“မင်းကြီး ဥပမာသော်ကား လူမရှိသော အရပ်၌ ကြည်လင်သောရေရှိသော၊ ချမ်းအေး သောရေရှိသော၊ ချိုမြိန်သောရေရှိသော၊ ဖြူသောရေရှိသော၊ ကောင်းသောရေဆိပ်ရှိသော၊ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ရေကန်သည် ရှိ၏။ ထိုရေကို လူအပေါင်းသည် မဆောင်ယူရာ၊ မသောက်ရာ၊ မချိုးရာ၊ အလိုရှိတိုင်း မပြုရာ။ မင်းကြီး ဤသို့ မပြုသော်လည်း ထိုရေသည် ကောင်းစွာ မသုံးဆောင်ဘဲလျက် ကုန်ခန်းခြင်းသို့ ရောက်ရာ၏၊ သုံးဆောင်ခြင်းသို့ မရောက်ရာ”

“မင်းကြီး စင်စစ် သူတော်ကောင်းဖြစ်သောသူသည် များမြတ်ကုန်သော စည်းစိမ်ဥစ္စာ တို့ကိုရ၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ အမိအဖတို့ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ သားမယားကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ ကျွန်အလုပ်သမားတို့ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ မိတ်ဆွေခင်ပွန်းတို့ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ အထက်နတ်ဘုံ၌ မြတ်သောအကျိုးကို ဖြစ်စေတတ်သော၊ နတ်ပြည်၌ ဖြစ်စေတတ်သော၊ ချမ်းသာသော အကျိုးနှင့် ပြည့်စုံသော၊မွန် မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ ဖြစ်စေ၏။ ထိုသူ၏ ကောင်းစွာ သုံးဆောင်အပ်ကုန်သော ထိုစည်းစိမ် ဥစ္စာတို့ကို မင်းတို့သည်မူလည်း မဆောင်ကုန်၊ ခိုးသူတို့သည်မူလည်း မဆောင်ကုန်၊ မီးသည် မူလည်းမလောင်၊ ရေ၌မူလည်း မမျော၊ မချစ်မနှစ်လိုအပ်ကုန်သော အမွေခံတို့သည်မူလည်း မဆောင်ကုန်။ မင်းကြီး ဤသို့ထိုသူ၏ ထိုစည်းစိမ်ဥစ္စာတို့သည် ကောင်းစွာ သုံးဆောင်အပ်ကုန် သည်ဖြစ်၍ သုံးဆောင်ခြင်းသို့ ရောက်ကုန်၏၊ ကုန်ခန်းခြင်းသို့ မရောက်ကုန်”

“မင်းကြီး ဥပမာသော်ကား ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း မနီးမဝေး၌ ကြည်လင်သော ရေရှိသော၊ ချမ်းအေးသောရေရှိသော၊ ချိုမြိန် သောရေရှိသော၊ ဖြူသော ရေရှိသော၊ ကောင်းသောရေဆိပ်ရှိသော၊ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ရေကန်သည် ရှိ၏။ ထိုရေကို လူအပေါင်းသည် ဆောင်လည်း ဆောင်ရာ၏၊ သောက်လည်း သောက်ရာ၏၊ ချိုးလည်း ချိုးရာ၏၊ အလိုရှိတိုင်း ပြုလည်း ပြုရာ၏၊ မင်းကြီး ဤသို့လျှင် ထိုရေသည် ကောင်းစွာ သုံးဆောင်အပ်သည်ဖြစ်၍ သုံးဆောင်ခြင်းသို့ ရောက်ရာ၏၊ ကုန်ခန်းခြင်းသို့ မရောက်ရာ”

“သိကြားလိမ္မာသော ပညာရှိသည် စည်းစိမ်ဥစ္စာတို့ကို ရ၍ သုံးဆောင်ခံစား၏၊ ကိစ္စကိုလည်း ပြု၏၊ ထိုပညာရှိသည် ဆွေမျိုးအပေါင်းအား ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုလျက် မကဲ့ရဲ့အပ်သည်ဖြစ်၍ ကောင်းမှုကို ပြုသောသူတို့၏ တည်ရာဖြစ်သော နတ်ပြည်သို့ ရောက်၏” ဟု မိန့်တော်မူ၏။

 

အပရစေတနာ ချို့ယွင်း

 

အပုတ္တကသူဌေး၏ အတိတ်ကြောင်းမှာ သူသည် ရှေးဘဝများစွာက ဘဝတစ်ခု၌ တဂ္ဂရသိခီအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူရန် မှာကြားသွား၏။ အရပ်တစ်ပါးမှ ပြန်လာ၍ ဇနီးဖြစ်သူ လောင်းလှူလိုက်သည့် မွန်မြတ်သောဘောဇဉ်ကို ပစ္စေကဗုဒ္ဓ၏ သပိတ်ထဲ မြင်ရသည့်အခါ “ဤမွန်မြတ်သော ဘောဇဉ် ကို ငါ၏အစေအပါး ကျေးကျွန်များအား ကျွေးမွေးလိုက်လျှင် ကောင်းပေမည်။ အလုပ်သမားကျေးကျွန်များသည် ဤဘောဇဉ်ကို စားရသည့်အတွက် ငါ့အမှုကိစ္စများကို ပြုလုပ်ကြလိမ့်မည်။ ဤရဟန်းကား မိမိနေရာသို့ပြန်ပြီး ဤဘောဇဉ်ကိုစားကာ အိပ်နေပေ လိမ့်မည်”ဟု နှလုံးမသာမယာဖြစ်ကာ အပရစေတနာ ချို့ယွင်းခဲ့လေသည်။

ထိုသူဌေးသည် ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူခဲ့သော ဒါနစေတနာကြောင့် နတ်ပြည်၌ နတ်သား (၇) ကြိမ်၊ လူ့ပြည်၌ သူဌေး (၇)ကြိမ် ဖြစ်ရသည်။အပရစေတနာ ချို့တဲ့ ပျက်ကွက်ခဲ့သောကြောင့် စည်းစိမ်ဥစ္စာ ရတနာသုံးဆောင်ဖွယ်ရာ အဖြာဖြာတို့နှင့် ပြည့်စုံသည့် သူဌေးကြီးဖြစ်ရသော်လည်း ထိုမွန်မြတ်သည့် ပစ္စည်းဥစ္စာ အသုံးအဆောင်တို့ကို မသုံးစွဲ ရက်ဘဲ ဆန်ကွဲထမင်းနှင့် ပုန်းရည်ဟင်းကိုသာ စား၍ သုံးစပ်,စပ်၍ချုပ်ထားသော ပိုက်ဆံလျှော်အဝတ်ကိုသာ ဝတ်ဆင်သည်၊ သွားသည့်အခါ၌လည်း သစ်ရွက်ထီးမျှကိုသာ ဆောင်းကာ ရထားအို ရထားဟောင်းကလေးဖြင့် သွားရခြင်း ဖြစ်လေသည်။

အပရစေတနာ ချို့တဲ့ခဲ့လျှင် ကောင်းမြတ်သော အသုံးအဆောင်ပစ္စည်းဘဏ္ဍာတို့ မိမိလက်ဝယ် ရှိနေလင့်ကစား ထိုပစ္စည်းဘဏ္ဍာများကို မသုံးစွဲလိုခြင်း မသုံးစွဲရခြင်း စသော မကောင်းကျိုးများ ဖြစ်ရတတ်သည့် သာဓကဖြစ်ပေသည်။

ကျမ်းညွှန်း * အပုတ္တကသေဋ္ဌိဝတ္ထု၊ တဏှာဝဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ-၂ (နှာ-၃၅၃)

 

 

လက်တွေ့ အကျိုးရ မြတ်ဒါနလင်္ကာ

 

ဤနေရာတွင် အလှူဒါနပေးသူတို့ရနိုင်သည့် အကျိုး ၅-ပါးပြလင်္ကာလည်း မှတ်သားစဖွယ် ဖြစ်ပါသည်။

အများချစ်အပ်၊ သူမြတ်တို့ချဉ်း၊ ကောင်းသတင်းကြွယ်။

ပွဲလယ်ဝင်ရဲ၊ ခန္ဓာစဲသော်၊ ရောက်မြဲနတ်ထံ၊ ဤငါးတန်၊ မှတ်ရန် ဒါနအကျိုးတည်း။

 

ကံမျိုးစေ့၏ သတ္တိကင်းရှင်းပုံ

 

မျိုးစေ့တစ်ခုသည် ဆိုင်ရာသစ်ပင်ကို တစ်ကြိမ်ပေါက်ရောက်စေပြီးသည့်အခါ အသုံး မကျတော့သကဲ့သို့ အတိတ်ကံက မြှုပ်နှံထားရစ်ခဲ့သည့် အရှိန်အဟုန်သတ္တိသည်လည်း ဆိုင်ရာ အကျိုးကို ပေးပြီးသည့်အခါမှသာ အရှိန်အဟုန် ကုန်ခန်းလေတော့သည်။

ထို့ကြောင့် စေတနာကွယ်ပျောက်ရာ၌ တရားကိုယ်သာ ကွယ်ပျောက်၍ သူ၏ နာနာက္ခဏိကကမ္မသတ္တိမှာ မပျောက်မပျက် ဆက်လက် တည်ရှိရစ်၏။ အကျိုးပေးပြီးသည့် အခါနှင့် အကျိုးပေးခွင့်မရ၍ အဟောသိကံဖြစ်သည့် အခါကျမှသာ ထိုစေတနာ၏သတ္တိများ လုံး၀ ကင်းရှင်းသွားလေတော့၏။

 

ကာလ၊ ဂတိ၊ ဥပဓိ၊ ပယောဂနှင့် ကံမျိုးစေ့

 

ထို့ကြောင့် ပဋ္ဌာနပကရဏအနုဋီကာ၌ အကြင်သတ္တဝါ၏ သန္တာန်၌ ကုသိုလ် အကုသိုလ် စေတနာ ဖြစ်၏၊ ထိုသတ္တဝါ သန္တာန်၌ပင် ကာလ၊ ဂတိ၊ ဥပဓိ၊ ပယောဂဟူသော အကြောင်းတို့နှင့် ပေါင်းဆုံ ညီညွတ်သည့်အခါ ထိုစေတနာ၏ အကျိုးတရားများဖြစ်ကြသော ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့သည် ဖြစ်ကြပေလိမ့်မည်။ ထိုသတ္တဝါ၏သန္တာန်၌ ထိုဝိပါက် နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့ကို ဖြစ်ပေါ်စေနိုင်သည့်သဘောရှိသော သတ္တိထူးကို စွမ်းအား ရှိသလောက် မြှုပ်နှံ၍ စေတနာတရားချုပ်ပြီးသွားခြင်း ဖြစ်ပေသည်ဟု အနုဋီကာ ဆရာကြီး ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။

ဤနေရာ၌ ဥပမာဆောင်၍ပြရသော် လူတစ်ယောက်သည် အခြေအနေအရ မိတ်ဆွေ တစ်ဦးထံမှ ကြွေးမြီချေးယူသည် ဆိုကြပါစို့၊ ထိုကြွေးယူခြင်းကိစ္စသည် ကြွေးယူ၍ရလျှင်ရခြင်း ပြီးငြိမ်းချုပ်ပျောက်သွား၏။

သို့ရာတွင် ကြွေးယူခြင်းအမှုကို ပြုခဲ့လေသောကြောင့် ထိုကြွေးယူခြင်းအမှုသည် နောင်တစ်နှစ် နှစ်နှစ် စသည် အချိန်ကျရောက်သည့်အခါ ထိုမိတ်ဆွေ၏ ကြွေးမြီကို ပြန်၍ ပေးဆပ်ရန်အတွက် အကြောင်းပစ္စည်း ဖြစ်နေပေသည်။ ထိုကြွေးယူမှု ချုပ်ငြိမ်း ပျောက်ပျက် သွားသော်ငြားလည်း ထိုကြွေးယူမှု၏ အရှိန် အဟုန် အစွမ်းသတ္တိ ရှိရစ် နေလေသောကြောင့် မိတ်ဆွေဖြစ်သူ၏ကြွေးကို ဧကန် ပေးဆပ်ရမည့်သဘော ကျရောက်နေ၏။ ကြွေးဝန်တင်၍ နေလေ၏၊ ကြွေးကို ပြေလည်အောင် ဆပ်ပြီးသည့်အခါ၌မူကား တစ်စုံတစ်ရာကြွေးဟူ၍ မရှိတော့ပြီ။

ထို့အတူ မိမိပြုလုပ်လိုက်သော ကုသိုလ်ကံ အကုသိုလ်ကံသည် နောင်အကြောင်း ညီညွတ်သည့်အခါ အကျိုးတရား ဖြစ်ပွားပေါ်ပေါက်လာစေရန် မျိုးထားမှု၊ အာမခံမှုဟူသော နာနာက္ခဏိက ကမ္မပစ္စယသတ္တိထူးကို ထားခဲ့ပြီး ချုပ်သွား၏၊ အကျိုးမပေးသေးသမျှ ကာလပတ်လုံး ကံကြွေးတင်လေ၏။ ထိုသို့ ကံကြွေးတင်နေခြင်းကြောင့် အကျိုးမပေးဘဲမဖြစ် စင်စစ် အကျိုးပေးရမည်သာ ဖြစ်၏။ အကျိုးပေးပြီးသည့်အခါမှသာ ကံကြွေးပြေလည်၍ ထိုကံ၏ အရှိန်အဟုန်သတ္တိ ကုန်ဆုံးသွားလေတော့သည်။ ဤကဲ့သို့ အတိတ်ဘဝက ပြုလုပ်ခဲ့သည့် ကုသိုလ်ကံ အကုသိုလ်ကံ စေတနာတို့ကြောင့် နောက်ဘဝသစ်တွင် ခန္ဓာအသစ် ဖြစ်ပေါ်ရ ခြင်းမှာ နာနာက္ခဏိကကမ္မပစ္စည်းအရ ကြောင်းကျိုး ဆက်သွယ်ပုံပင် ဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ပဋ္ဌာန်းပါဠိတော်တွင် “အတိတ်ဖြစ်သော ကုသိုလ် အကုသိုလ် ကံစေတနာသည် ဝိပါက် နာမ်ခန္ဓာ အကျိုးတရားတို့အားလည်းကောင်း ကမ္မဇရုပ်တရားတို့အားလည်းကောင်း နာနာက္ခဏိကကမ္မ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေ၏” ဟု ဟောတော်မူခြင်း ဖြစ်ပေသည်။ ဤသို့ သတ္တဝါတို့၏ အတိတ် ကုသိုလ်ကံ အကုသိုလ်ကံ စေတနာသည် ဘဝသစ်တွင် ခန္ဓာသစ်ကို ဖြစ်ပေါ်ဖန်တီးနိုင်ပုံကို ပဋ္ဌာန်းဒေသနာတော်လာ နာနာက္ခဏိကကမ္မပစ္စည်းဖြင့် နားလည်နိုင်ပေသည်။

 

မယ်တော်ကြီးသည် ရွာကျောင်း၌ပင် သီလယူလိုက်သည်

 

နဘူးကျင်းဆရာတော်ကြီးသည် လူအများနှင့် ရောယှက်နှောင်ဖွဲ့မှုနှင့် တောရကျောင်းတွင် လူအများစုဝေးခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားတော်မူလေ့ ရှိပါသည်။ ရန်ကုန် ဘုရားဖြူ စာချ ဆရာတော်ဘဝမှသည် တောရနေ ဓူတင်ဆောင်ရဟန်းဘဝသို့ ရောက်ရှိလာပြီး ဇာတိ နဘူးကျင်းရွာ၏အပြင် သုသာန်အနီးမှ တောရကျောင်းတွင် သီတင်းသုံးတော်မူပါသည်။

ဥပုသ်နေ့ တစ်နေ့၏ နံနက်ခင်းပိုင်းတွင် နဘူးကျင်းရွာမှ မယ်တော်ကြီး ဒေါ်အေးမှန်သည် ရွာကျောင်းတွင် သီလမယူဘဲ သားရဟန်းထံ သီလယူရန် တောကျောင်းသို့ ရောက်လာ ပါသည်။ မယ်တော်ကြီးတစ်ဦးတည်း တောရကျောင်းသို့ ရောက်ရှိလာပြီး သီလပေးရန် လျှောက်ထားပါသည်။ ထိုအခါ-

“ဒကာမကြီး သုသာန်နားက တောစပ်မှာ နွားတွေတွေ့တယ်၊ အဲဒီမှာ နွားကျောင်းသား ရှိလိမ့်မယ်၊ နွားကျောင်းသား တစ်ယောက်နှင့် အတူတူလာပြီး သီလယူပါ” ဟု မိန့်တော် မူပါသည်။

မယ်တော်ကြီးသည် သားရဟန်း၏ သီလစင်ကြယ်ရေးအတွက် အသိသက်သေ ယောကျ်ားတစ်ဦး အနီးမှာ ရှိရမည်ဆိုသည်ကို သဘောပေါက်မိဟန် မတူပေ။ အကြောင်းမှာ –

“မယ်တော်ကြီးလာနိုးနိုး ဘုန်းကြီးက စောင့်နေတာ ညနေကျတော့မှ သတင်းစကား တစ်ခု ရောက်လာတယ် ‘မယ်တော်ကြီး ရွာကျောင်းမှာပဲ သီလယူလိုက်ပါပြီ’တဲ့ အဲဒီကနောက် ဘယ်သူ့မှ သီလပေးစရာမလိုတော့တာ ဒီနေ့အထိပါပဲ” ဟု မိန့်ကြားတော်မူပါသည်။ဆရာတော်ကြီး၏ ဘဝနှင့်သီလသည် တစ်ထပ်တည်းကျသည်ကို ကြည်ညိုစဖွယ် ဖူးတွေ့ခဲ့ရပါသည်။ ဆရာတော်ကြီးသည် ရဟန်းသီလနှင့် ဓူတင်အကျင့်မြတ်ကို နောက်ဆုံး ဝင်သက် ထွက်သက်တိုင် ကျင့်ဆောင် တော်မူသွားပါသည်။ ဆရာတော်ကြီး ဤမျှ မြတ်နိုးတော်မူသည့် ဓူတင်အကျင့်နှင့် သီလတော်မြတ်တို့ကို ယခုတစ်ဘဝတွင်သာ ကျင့်ဆောင်နေခြင်းကား မဖြစ်နိုင်ပါပေ။

သံသရာရှည်ကြာ ဘဝါဘဝက သာသနာနှင့် ကြုံဆုံရသည့် ဘဝတိုင်း၊ ဘဝတိုင်း၌ ခြိုးခြံ၊ ရောင့်ရဲစွာဖြင့် သန္တုဋ္ဌိ သလ္လေခအကျင့်မြတ်ကို ခက်ခဲပင်ပန်း စွာ ဖြည့်ကျင့်တော် မူလာခဲ့သည့် နာနာက္ခဏိကကံ၏ သတ္တိပင် ဖြစ်ပေတော့သည်။

ကျမ်းညွှန်း * အရှင်ခေမာနန္ဒ (ရန်ကင်းတောရ)၊ မဟာထေရမြတ်တို့၏ စံနမူနာယူစရာ ကျင့်သီလအပိုင်း (၁) (၂၀၁၄၊ ဒုတိယအကြိမ်)

 

ဝေးကွာသောအရပ်၌ ကံတို့ အကျိုးပေးနိုင်ပုံ

 

စေတနာကံဟူသော နာမ်တရားသည် ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ဖြစ်၊ တည်၊ ချုပ်ပျက် သွားသော်ငြားလည်း ကံ၏ အရှိန်အဟုန် အစွမ်းအာနုဘော်မှာမူကား ထိုသတ္တဝါ၏ သန္တာန်၌ တည်ရှိနေသည်။ထိုသို့ ဖြစ်လျှင် ကံကို ပြုလုပ်သော သတ္တဝါသည် ဤလူ့ပြည်၌ ကွယ်လွန် သေဆုံးသွားပါလျက် အလွန်ဝေးကွာလှသော ငရဲပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ အဘယ်သို့ ဖြစ်နိုင်ပါသနည်းဟု မေးဖွယ် ရှိပြန်၏။

အဖြေကား ဝေးလွန်းသော အရပ်မှာပင် ဖြစ်စေ၊ နီးလွန်းသော အရပ်မှာပင်ဖြစ်စေ၊ အောက်အရပ်မှာဖြစ်စေ၊ အထက်အရပ်မှာဖြစ်စေ ကံအရှိန်အဟုန် အာနုဘော်၏ ပျံ့နှံ့ခြင်း မည်သည် ကြံစည်၍ မရနိုင်လောက်အောင် အရှိန်အဟုန်ရှိ၏။ အကျိုးဝိပါက်တို့ မည်သည်လည်း မိမိတို့ဖြစ်ထိုက်သော ဘုံဌာနမှာသာ ဖြစ်ကြကုန်၏။ ဌာနဘူမိ လွှဲပြောင်း၍ ဖြစ်လေ့မရှိကြ။ ငရဲဇာတ်ရှိသော ဝိပါက်သည် ငရဲဘုံ၌သာ ဖြစ်၏။ ဗြဟ္မာဇာတ်ရှိသော ဝိပါက်သည် ဗြဟ္မာဘုံ၌သာ ဖြစ်၏၊ ကံ၏အရှိန် အဟုန်ပြန့်နှံ့ခြင်းနှင့် အကျိုးဝိပါက်များကို သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်တို့ပင်သော်လည်း တားဆီးပိတ်ပင်၍ မရနိုင်ပေ။

 

စေတောပဏိဓိ

 

ဤနေရာတွင် ဆက်စပ်၍ သိနိုင်ရန် ဈာန်ကိုရပြီးသော ပုထုဇဉ်ပုဂ္ဂိုလ်သည် စုတေခါနီး၌ နိကန္တိ တဏှာဖြင့် ကာမဘုံကို တွယ်တာလျှင် ဈာန်ကွယ် ပျောက်၍ နတ်ပြည်တစ်ထပ်ထပ်သို့ ရောက်ကြရကြောင်းကို သာဓကတစ်ခု ပြလိုပါသည်။

ဈာန်ရ သောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်တို့သည် ဈာန်မှမယုတ်လျှင် သုဒ္ဓါဝါသမှတစ်ပါး အခြား ဗြဟ္မာ့ဘုံများတွင် အလိုရှိရာဘုံတွင် ဖြစ်နိုင်ကြ၏။ ဗြဟ္မာ့ဘုံသို့ ရောက်ပြီးသော တိဟိတ်ပုထုဇဉ် ဗြဟ္မာကြီးသည်ပင် လူ့ဘုံစသော ကာမသုဂတိဘုံများ၌ ဖြစ်လိုသော စေတော ပဏိဓိရှိခဲ့လျှင် ဈာန်မှ ယုတ်လျော့လျက် ကာမဘုံ၌ ဖြစ်နိုင်သေးကြောင်း အောက်ပါသာဓကဖြင့် သိနိုင်ပါသည်။

 

အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ထေရ်ရှင်လောင်းလျာ ဗြဟ္မာမင်း

 

တိဿဗြဟ္မာကြီးကား ပထမဈာန်သုံးဘုံတွင် မဟာဗြဟ္မာဘုံ၌ရှိသော ဗြဟ္မာမင်းကြီးတည်း။ ထိုဘုံ၌ သက်တမ်းကုန်လုနီး၍ အထက်ဗြဟ္မာဘုံသို့ တက် ရန် ဈာန်ပွားပြီးလေပြီ။

အရှင်အာနန္ဒာ၏ တပည့်ကြီးများဖြစ်၍ ဘုရားရှင်ကို ဖူးမြင်လိုက်ကြရသော သဗ္ဗကာမီ မထေရ်စသော ရဟန္တာမထေရ်ကြီးတို့သည် ဒုတိယ သင်္ဂါယနာ တင်ပွဲအပြီးတွင် ဆင်ခြင် ကြည့်ကြရာ နောင်အနှစ် ၁၁၈-နှစ် ကြာမြင့်သည့်အခါ ဤကဲ့သို့ပင် သာသနာ့အညစ်အကြေး ဘေးရန်များ ပေါ်လာပေဦးမည်ဟု မြင်တော်မူ၏။ ထိုအခါ သာသနာ့ အညစ်အကြေးများကို မည်သူ ဖြေရှင်း သုတ်သင်နိုင်မည်နည်းဟု ဆက်လက် ဆင်ခြင်ကြည့်ကြရာ လူ့ဘုံ နတ်ဘုံ တို့တွင် ဖြေရှင်းပေးနိုင်စွမ်းသည့် ပုဂ္ဂိုလ်ကိုမမြင်ဘဲ မဟာဗြဟ္မာ့ဘုံက တိဿဗြဟ္မာကြီးသာ ဖြေရှင်းနိုင်မည်ကို မြင်တော်မူကြ၏။ ထိုကြောင့် ရဟန္တာမထေရ်ကြီးများသည် မဟာဗြဟ္မာ့ဘုံသို့ ကြွရောက်ကာ တိဿဗြဟ္မာကြီးအား ထိုအချိန်တွင် သာသနာတော် သန့်ရှင်းရေးကို ဆောင်ရွက်ပေးရန် ပန်ကြားတော်မူကြသည်။

 

မောဂ္ဂလိပုတ္တတိဿထေရ်

 

တိဿဗြဟ္မာကြီးလည်း တာဝန်ယူပါမည်ဟု ဝမ်းသာအားရ ကတိပြုလိုက်လေသည်။ အချိန်ရောက်သည့်အခါ ဗြဟ္မာဘုံမှ စုတေ၍ မောဂ္ဂလိပုဏ္ဏေးမ၏ဝမ်း၌ ပဋိသန္ဓေ နေလေသည်။ မွေးဖွားလာသည့်အခါတွင် တိဿအမည်တွင်၍ နောင်သောအခါ ဘုရားသာသနာသို့ ဝင်လာပြီး အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဖြစ်လာသည်။ သာသနာတော်တွင် ရှုပ်ထွေးနေသော သာသနာအညစ်အကြေးများကို သုတ်သင်ရှင်းလင်း၍ အကြီးအမှူး ဦးစီး ခေါင်းဆောင်ပြုကာ တတိယ သင်္ဂါယနာ တင်တော်မူခဲ့ပါသည်။

ဤတိဿဗြဟ္မာကြီးဝတ္ထု၌ တိဿဗြဟ္မာကြီးသည် အထက်ဗြဟ္မာ့ဘုံ၌ ဖြစ်နိုင်သည့် ဈာန်သမာပတ်ရပြီးသော မဟာဗြဟ္မာမင်းကြီးဖြစ်လျက် စေတောပဏိဓိကြောင့် ကာမဘုံ၌ ဖြစ်သည်ကို တွေ့ရ၏။သာရတ္ထဒီပနီဋီကာ၌ ဤသို့ဖြစ်ခြင်းမှာ ပုဂ္ဂိုလ်တိုင်း စေတောပဏိဓိကြောင့် မဖြစ်နိုင်၊ ပြုအပ်သော ကောင်းမှုအထူး ရှိကြ၍ ဘုန်းကံကြီးမားသူများသာ စေတောပဏိဓိအစွမ်းကြောင့် ဖြစ်နိုင်ကြောင်းလာရှိပေသည်။

ကာမဘုံ၌ ဖြစ်ခြင်းသည် ကာမာဝစရကုသိုလ်ကံ၏ အစွမ်းဖြစ်သည်။ ကာမာဝစရ ကုသိုလ်ကံမှာ အင်အားသေးသော လဟုကကံမျိုးဖြစ်၍ အင်အား ကြီးမားသော ဈာန်ကုသိုလ် ဂရုကကံ၏ အကျိုးပေးမှုကို တားမြစ်နိုင်စွမ်း မရှိပါချေ။ သို့သော်လည်း “ရဟန်းတို့ သီလရှိသော ပုဂ္ဂိုလ်အား သီလတရား၏ စင်ကြယ်ခြင်းကြောင့် စိတ်၏တောင့်တခြင်းသည် ပြည့်စုံ၏” (ဣဇ္ဈတိ ဘိက္ခ‌ဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ) ဟု ဘုရားရှင် ဟောထားတော်မူ သောကြောင့် ကာမ ဘုံ၌ဖြစ်လိုသော စေတောပဏိဓိတရားသည် ဈာန်ဂရုက ကံ၏အကျိုးကို တားမြစ်လိုက်သဖြင့် ကာမာဝစရကုသိုလ်ကံသည် အကျိုးပေးခွင့်ရခြင်းဖြစ်၏။

ကျမ်းညွှန်း * ဒုတိယင်္သီတိကထာ၊ ဗာဟိရနိဒါနကထာ၊ ပါရာဇိကကဏ္ဍအဋ္ဌကထာ (နှာ-၂၈)

 

ပဋိသန္ဓေ လေးမျိုး

 

ကောင်းမွန်သည့် စိတ်စေတနာက ကောင်းကံမျိုးစေ့ တည်သွားသကဲ့သို့၊ မကောင်းသည့်စိတ် စေတနာဆိုးကလည်း မကောင်းသည့် ကံမျိုးစေ့ တည် သွားပါတော့သည်။ သို့သော် အကျိုးပေး မကြုံလာသေးပါ။

နာနာက္ခဏိကကံ၏ သဘောမှာ ကံပြုသည်က တစ်ချိန်ဖြစ်ပြီး ထိုကံ၏ အကျိုးပေးသည်က တစ်ချိန် ဖြစ်ပါသည်။ ဘဝသိန်းသန်းများစွာ ခြားပြီးမှလည်း အကျိုးပေးနိုင်ပါသည်။ နာနာက္ခဏိကကံ၏ သတ္တိက နာနာတ္တကာယ အမျိုးမျိုးသောရုပ် ပမာအားဖြင့် လူရုပ်ပုံ သဏ္ဌာန်၊ နတ်ရုပ်ပုံသဏ္ဌာန်၊ ငရဲသားရုပ်ပုံသ္ဌာန် စသည်ကိုလည်းကောင်း၊ နာနာတ္တသညီ အမျိုးမျိုးသော နာမ်အမှတ်သညာကိုလည်းကောင်း ဖြစ်စေနိုင်ပြီး ပဋိသန္ဓေ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်သည်။

ပဋိသန္ဓေအမျိုးအစား လေးမျိုးကို ဖော်ပြပါမည်။ ၎င်းတို့မှာ-

၁- အဏ္ဍဇပဋိသန္ဓေ = ဥထဲတည်သည့်ပဋိသန္ဓေ၊ ကြက်ငှက်စသည် သတ္တဝါများ၏ ပဋိသန္ဓေ။

၂- သံသေဒဇပဋိသန္ဓေ = သစ်ရွက်သစ်ပွင့် အညှီစသည်၌ တည်သည့် ပဋိသန္ဓေ၊

၃- ဇလာဗုဇပဋိသန္ဓေ = အမိဝမ်းတွင်းနေရသည့် ပဋိသန္ဓေ လူ၊ မြင်း၊ နွား စသည် သတ္တဝါများ၏ ပဋိသန္ဓေနှင့်

၄- သြပပါတိကပဋိသန္ဓေ = နတ်ဗြဟ္မာ၊ ငရဲသားများ ဘွားကနဲ ကိုယ်ထင်ဖြစ်ပေါ် လာသည့် ပဋိသန္ဓေတို့ ဖြစ်သည်။

ထို့ကြောင့် ကံပြုထားသည့် သတ္တိအားလျော်စွာ လူလည်း ဖြစ်ချင်ဖြစ်နိုင်သည်၊ တစ်ခြား သတ္တဝါလည်း ဖြစ်ချင် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က “ကံနှင့် ကံအကျိုး ပေးတာကို ငါဘုရား သိသလိုသာ သိကြမယ်ဆိုရင် လောကမှာ အကုသိုလ်လုပ်ဝံ့တဲ့သူ ရှိမှာမဟုတ်ဘူး” ဟု မိန့်ကြားတော်မူခြင်း ဖြစ် သည်။

 

ကံအကျိုးပေးသည့် ကာလလေးပါး

 

ကံအကျိုးပေးနိုင်ရန်လည်း အချိန်ကာလ လေးပါးရှိပါသည်။ ၎င်းတို့မှာ –

၁- ယခုပစ္စုပ္ပန်ဘဝ၌ပင် အကျိုးပေးနိုင်သည့် ဒိဋ္ဌဓမ္မဝေဒနီယကံ Immediately effective Kamma (ပထမဇော စေတနာ)

၂- ဒုတိဘဝ၌ အကျိုးပေးနိုင်သည့် ဥပပဇ္ဇဝေဒနီယကံ Subsequently effective Kamma (သတ္တမဇောစေတနာ)

၃- တတိယဘဝမှသည် နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် ဘဝတိုင်အောင် အကျိုးပေး နိုင်သည့် အလယ်ဇောငါးပါး၌ပါသော စေတနာ Indefinitely effective Kamma (အပရာပရိယဝေဒနီယကံ) နှင့်

၄- အကျိုးမပေးတော့ဘဲ အချည်းနှီးဖြစ်သွားသည့် အဟောသိကံ Defunct Kamma တို့ ဖြစ်ပါသည်။

 

ဒေဝဒတ်လောင်းပုဏ္ဏား၏ မလှပသည့် ကံအကျိုးပေး

 

ပုဏ္ဏားတစ်ယောက်သည် ဟိမဝန္တာတောင်ခြေ၌ လယ်ထွန်ပြီး နွားကိုထွန်မှ ခဏဖြုတ်၍ လွှတ်လိုက်ရာမှ နွားပျောက်သွားသဖြင့် တောတောင်အနှံ့ လှည့်လည်ကာ နွားရှာရာ ခုနစ်ရက် မြောက်လေ၏။ အစာငတ်၊ရေငတ်နေသည့် လယ်သမားပုဏ္ဏားသည် တည်သီးစားရန် တည်ပင်ပေါ်တက်ရာ ကိုင်းကျိုးသဖြင့် ချောက်ထဲ ကျသွားတော့၏။ ဘုရားလောင်းတော် မျောက်မင်းက ဒုက္ခရောက်နေသည့် ထိုပုဏ္ဏားကို ကုန်းပိုးကာ ကယ်တင်ခဲ့ပြီး ကုန်းပေါ်သို့ ရောက်သောအခါ မျောက် မင်းသည် ပင်ပန်းလွန်းသဖြင့် ထိုပုဏ္ဏား၏ ပေါင်ပေါ် ၌ အိပ်ပျော်သွားရှာ၏။

ထမင်းဆာနေသော ပုဏ္ဏားသည် ဤမျောက်ကို သတ်ပြီးစားမည်ဟူသော အကြံဆိုး တစ်ခုကြံပြီး အနားမှ ကျောက်တုံးတစ်တုံးဖြင့် မျောက်မင်း၏ ဦးခေါင်းကို ရိုက်ခွဲလေတော့သည်။ ထိုအခါ မျောက်မင်းသည် အလန့်တကြားဖြစ်ကာ သစ်ပင်ပေါ်သို့ တက်ပြေး၏။ မျောက်မင်း မသေသော်လည်း သေလုမျောပါး ခေါင်းကွဲသည့် ဒဏ်ရာမှ သွေးတစ်စက်စက် ကျနေတော့သည်။ မိမိခေါင်းကို ရိုက်ခွဲထားသည့် ပုဏ္ဏားကို ဦးခေါင်းမှကျသည့် သွေးစက်များ အတိုင်း လိုက်ပါစေကာ လူတို့သွားရာလမ်းသို့ အရောက်ပို့ဆောင်ပေး၏။ ဒေဝဒတ်လောင်း ပုဏ္ဏားသည် အသက်သခင်ကျေးဇူးရှင် ဘုရားလောင်းမျောက်မင်းအပေါ် လွန်ကျူးခဲ့သည့် ထိုမကောင်းမှု၏ အကျိုးပေးကြောင့် မြေမျိုခံရသည်။

ဒေဝဒတ်လောင်း ပုဏ္ဏားသည် မိမိအသက်သခင် ကျေးဇူးရှင်ဖြစ်ခဲ့သည့် ဘုရားလောင်း မျောက်မင်း၏ ဦးခေါင်းရိုက်ခွဲခဲ့သည့် ပထမဇောစေတနာက ဒိဋ္ဌဓမ္မဝေဒနီယကံ Immediately effective Kamma အဖြစ် ဤဘဝတွင်ပင် မြေမျိုခံရခြင်း ဖြစ်သည်။ မြေမျို၍ သေပြီး နောက် ဒုတိယဘဝ၌ အကျိုးပေးမည့် သတ္တမဇော စေတနာက ဥပပဇ္ဇဝေဒနီယကံ Subsequently effective Kamma အဖြစ် ဒုတိယဘဝတွင် အဝီစိငရဲကို ကျရောက်ခြင်း ဖြစ်ပါသည်။ အဝီစိငရဲကလွတ်ပြီးနောက် ကံအကျိုးပေးခြင်းကိစ္စ ပြီးမြောက်သွားပြီဟု ပြောမရသေးပါ။ အကြောင်းမှာ တတိယဘဝကစ၍ အကျိုးပေးမည့် အလယ် ဇော ၅-ပါးမှာပါသည့် စေတနာက အပရာပရိယ ဝေဒနီယကံအဖြစ် ထိုပုဏ္ဏားက ဆက်လက်ပြီး ပေးဆပ်ရဦးမည် ဖြစ်ပါသည်။

ကျမ်းညွှန်း * မဟာကပိဇာတကဝဏ္ဏနာ၊ တိသနိပါတ၊ ဇာတကဋ္ဌကထာ-၅ (နှာ-၆၉)

 

ဥပတ္ထမ္ဘကကံ

 

အတိတ်ဘဝများစွာက ပြုခဲ့ဖူးသည့် ကုသိုလ်ကောင်းမှုများ လူတိုင်းလူတိုင်း၌ ရှိပါသည်။ ထိုထို ကုသိုလ်၏ အကျိုးများ ရရှိနိုင်ရန်မှာမူ ယခုပစ္စုပ္ပန်၌ ကုသိုလ်ပြီးကုသိုလ် မနားတမ်း ရေလာမြောင်းပေးသည့်နှယ် ပြုလုပ်သည့် ကံကို ဥပတ္ထမ္ဘကကံ Supporting Kamma ဟု ခေါ်၏။

 

ဥက္ကဋ္ဌုက္ကဋ္ဌ၊ သြမကောမကကံများ

 

ဥက္ကဋ္ဌ + ဥက္ကဋ္ဌ = ဥက္ကဋ္ဌုက္ကဋ္ဌနှင့် သြမက + သြမက = သြမကောမက

ဥပမာ ဒါနကုသိုလ် ပြုစဉ်ကာလ၌လည်း ဉာဏ်ယှဉ်ခဲ့မည်၊ ကြောက်၍ လှူခြင်းလည်း မဟုတ်၊ အလှူခံ ပုဂ္ဂိုလ်ထံပါးမှ တစ်စုံတစ်ရာ လိုချင်စိတ်နှင့် လှူခြင်းလည်းမဟုတ်၊ လှူပြီးသည့် နောက်၌လည်း စိတ်နှလုံး မသာယာမဖြစ်ဘဲ မိမိပြုခဲ့သည့် ကုသိုလ်ကောင်းမှုများကို တွေးမိတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါက တိဟိတ်ဥက္ကဋ္ဌ မဟာကုသိုလ်စေတနာ ဖြစ်သဖြင့် တိဟိတ် ဥက္ကဋ္ဌ Higher အကျိုးကို ဧကန်ရပေမည်။

ကံပြုသူ၏ စိတ်စေတနာကြောင့် တိဟိတ် ဥက္ကဋ္ဌ Higher higher ဖြစ်သကဲ့သို့ ထိုစိတ် စေတနာကြောင့်ပင် More Lower ဖြစ်သွားနိုင်ပါသည်။ ဥက္ကဋ္ဌုက္ကဋ္ဌကုသိုလ် higher ကို highest ဖြစ်လာစေရန်လည်း ပြုသူ၏ စေတနာပေါ် ၌သာ မူတည်လေသည်။ ကုသိုလ် ပြုစဉ်၌ ဥက္ကဋ္ဌ + ဥက္ကဋ္ဌနှစ်ထပ်ကွမ်း ဖြစ်ခဲ့ပါက ပါဠိစာပေ Grammer (ဥက္ကဋ္ဌုက္ကဋ္ဌ) More higher ဟုခေါ်သည်။ အကုသိုလ်၌လည်း သြမက+ သြမက နှစ်ထပ်ကွမ်းဖြစ်သွား ပါဠိစာပေ Grammer အရ (သြမကောမက) Lowest ဟုခေါ်သည်။

အမြတ်စားနှင့် အညံ့စား ကုသိုလ်စေတနာ နှစ်မျိုး ရှိ၏၊ ၁- တိဟိတ် ဥက္ကဋ္ဌ့ higher ကုသိုလ် စေတနာနှင့် ၂-တိဟိတ် More Lower ကုသိုလ်စေတနာတို့ ဖြစ်၏။ တိဟိတ် ဥက္ကဋ္ဌ မဟာကုသိုလ်စေတနာက အငြိအစွန်းမရှိ ပေးကမ်းစွန့်ကြဲ လှူဒါန်းနိုင်သည့် အလောဘနှင့် လည်း ယှဉ်သည်၊ မေတ္တာပွား ကိုယ်ချင်းစာကာ သူ့အကျိုးကို လိုလားသည့် အဒေါသနှင့်လည်း ယှဉ်သည်၊ အသိအလိမ္မာ ဉာဏ်ပညာပြည့်ဝပြီး ကံနှင့်ကံ၏ အကျိုးကို ယုံကြည်သည့် အမောဟနှင့် လည်း ယှဉ်သည်။

ကုသိုလ်ကောင်းမှုပြုရာတွင် ကံကံ၏အကျိုးကို ယုံကြည်သည့် ဉာဏ်မယှဉ်ခြင်း၊ကြောက်၍သော်လည်းကောင်း၊ အလှူခံပုဂ္ဂိုလ်ထံပါးမှ တစ်စုံတစ်ရာ လိုချင်၍သော်လည်းကောင်း လှူဒါန်းခဲ့မည်၊လှူဒါန်းပြီး နောက်၌လည်း စိတ်နှလုံး မသာမယာ ဖြစ်မည်ဆိုလျှင် ကုသိုလ်အကျိုးပေး ညံ့သွားပေတော့မည်။

 

အညံ့စား သြမက

 

ပမာအားဖြင့် အလှူဒါနတစ်ခုကို ပြုရာတွင် မလှူခင်၌လည်း ကုန်ခမ်းသွားမှာကို နှမြောတွန့်တိုနေမည်၊ လှူဒါန်းမည့်ပစ္စည်းလည်း မစင်မကြယ်ဖြစ်နေမည်၊ လှူဒါန်းပြီးသော အခါ၌လည်း အများ၏ အသိအမှတ်ပြုခြင်းကို ခံချင်နေပြီး တစ်ဖက်တွင်လည်း ငါ့ပစ္စည်းတွေ ကုန်သွားပြီဟု နှမြောနေပြန်မည်။ တစ်ဖန် ကုသိုလ်လုပ်သည်ဟုဆိုပြီး အကူအပံ့ကို မျှော်လင့် နေပြန်မည်၊ ထင်မှတ်ထားသည့်အတိုင်း အကူအပံ့မရသဖြင့် နှလုံးမသာမယာ ဖြစ်နေပြန်မည် ဆိုလျှင် ဤအကြောင်း တရားများက ကုသိုလ်သတ္တိကို အားနည်းစေ၏။

ကုသိုလ်ကို ကုသိုလ်မှန်းလည်း မသိ၊ အကုသိုလ်ကို အကုသိုလ်မှန်းလည်း မသိ၊ အကျိုးကိုလည်း မသိ အကြောင်းကိုလည်း မသိဘဲ ကလေးသူငယ် များနှင့် လူအရိုင်းတို့ ပြုသကဲ့သို့ တော်စွာ၊ လျော်စွာ အမှုမဲ့ အမှတ်မဲ့ပြုခြင်းကို ဉာဏဝိပ္ပယုတ် Without Knoledge ဉာဏ်မဲ့ ကုသိုလ်ပြုခြင်းပေတည်း။ ပြုခဲ့ပြီးဖြစ်သည့် ကုသိုလ်ကောင်းမှုကို တွေးမိတိုင်း နှလုံးမသာမယာ ဖြစ်နေခြင်းကပင် တိဟိတ် သြမက Lower ကုသိုလ်စေတနာဖြစ်ရန် အကြောင်းရင်း ဖြစ်၏။

 

တိဟိတ်နှင့် ဒွိဟိတ်

 

ကုသိုလ်ကောင်းမှု မပြုခင်၊ ပြုဆဲ၊ ပြုပြီး ကာလသုံးပါးလုံး၌ အကုသိုလ် မရောယှက်ဘဲ ကုသိုလ်စေတနာချည်းသက်သက် ခြံရံပြီး ကုသိုလ်ပြုပါက အကောင်းစား တိဟိတ်ကုသိုလ် ဖြစ်ပြီး၊ အကုသိုလ် ခြံရံပြီး ပြုမိပါက အညံ့စားကုသိုလ် ဖြစ်သွားတော့၏။

ဉာဏသမ္ပယုတ် ဉာဏ်ယှဉ်သည့် ကုသိုလ်စိတ်က ၄-ပါး၊ ဉာဏဝိပ္ပယုတ် ဉာဏ် မယှဉ်သည့် ကုသိုလ်စိတ်က ၄-ပါးရှိ၏။ ဉာဏ်ယှဉ်သည့် ကုသိုလ်စိတ် ၄-ပါးက တိဟိတ်၊ ဉာဏ်မယှဉ်သည့် ကုသိုလ်စိတ် ၄- ပါးက ဒွိဟိတ် အကျိုးပေးနိုင်၏။ ထို့ကြောင့် ဉာဏ်ယှဉ်ခြင်း မယှဉ်ခြင်းကြောင့် အမြတ်စားနှင့် အညံ့စား ကွဲပြားနေခြင်း ဖြစ်သည်။

ဒွိဟိတ်ဟူသည် အလောဘနှင့် အဒေါသပါပြီး အမောဟဉာဏ်မပါသောကြောင့် ဟိတ်နှစ်ပါးသာရသဖြင့် ဒွိဟိတ်ဟု ခေါ်၏။ ကံပြုစဉ်က ယခုကဲ့သို့ စိတ်၏ အရည်အသွေး မတူညီသောကြောင့် အကျိုးပေး မတူညီကြခြင်း ဖြစ်သည်။

သို့သော် မဟာကုသိုလ်စိတ် ၈-ပါးက အပါယ်လေးပါးကို မပို့ပါ။ လူနတ်ချမ်းသာ အကျိုးကိုမူ ပေးနိုင်စွမ်းသည်။ ထို့ကြောင့် လူ့ပြည်နှင့် နတ်ပြည်ခြောက်ထပ်ကို ရနိုင်သည်။

တရားနာသည်ဖြစ်စေ၊ သီလဆောက်တည်သည်ဖြစ်စေ၊ ဒါနပြုသည်ဖြစ်စေ ထိုထို ပြုခဲ့ပြီးဖြစ်သည့် ကုသိုလ်တို့ကို ရက်လနှစ်ကြာသည့်တိုင်အောင် ထပ်ပြန်တလဲလဲ တွေးမိပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမည်။ကုသိုလ်စိတ်နှင့် ထုံမွမ်းနေမည်။တစ်ဖက်တွင်လည်း ထိုထို ကုသိုလ်ကောင်းမှုပြုစဉ်က အမြတ်စား ဥက္ကဋ္ဌ ကုသိုလ်ဖြစ်ခဲ့ပါမူ အလွန့်အလွန် မြင့်မြတ်သော ဥက္ကဋ္ဌုက္ကဋ္ဌ More higher ကုသိုလ်ဖြစ်ကာ အမြင့်အကျိုးကို ပေးနိုင်၏။

တိဟိတ်ပုဂ္ဂိုလ်က သာသနာနှင့်ကြုံနေသည့် ယခုဘဝ၌ တရားဓမ္မ ကျင့်ကြံအားထုတ်ပါက ဈာန်မဂ် ဖိုလ်ကို ရနိုင်သည်။ ဒွိဟိတ်ပုဂ္ဂိုလ်က ယခုဘ၀ ဈာန် မဂ်ဖိုလ် မရနိုင်တော့ပေ။

သို့ဖြစ်ပါ၍ ကုသိုလ်ကောင်းမှုမပြုခင် သေချာ စဉ်းစားဆင်ခြင်ပြီး နောင်တမရ လေအောင် ပြုသင့်သည်။ ကုသိုလ်ကောင်းမှု ပြုပြီးနောက်၌ နောင်တရကာ ပူလောင်နေမည် ဆိုလျှင် ထိုပြုပြီး ကုသိုလ်၏ အကျိုးပေးမှာ အလွန်ပင် ကြုံလှီသွားတော့သည်။ ကျောက်ဆောင် ကျောက်သားအကြားတွင် ပေါက်ရောက်နေသည့် သစ်ပင်ပမာ သန်သန်စွမ်းစွမ်း မဖြစ်နိုင်တော့ပေ။

 

ကမ္မပစ္စည်းထိုက်သည့် စေတနာစေတသိက်

 

ဤတွင် စိတ်ဖြစ်တိုင်း၌ မပါမဖြစ်ပါရသည့် စေတသိက်တို့ကိုလည်း သိထားသင့်ပါ သည်။ ၎င်းစေတသိက် Mental Factor ၇-ပါး ရှိသည်။ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေနှင့် မနသိကာရတို့ ဖြစ်၏။

မျက်စိနှင့် အဆင်းဆုံပြီး မြင်သိစိတ်တစ်ခု ဖြစ်ပေါ်လာရန်အတွက် ၁- စိတ်ကို အာရုံ သိရန် ဖဿက တွေ့ထိပေးပါသည်၊ ၂- ဝေဒနာက အာရုံကို ခံစားသည်၊ ၃- သညာက ဖြူ၊ နီ၊ ညို၊ ပြာ စသည်ဖြင့် မှတ်သားသည်၊ ၄- စေတနာက ကြည့်နိုင်ရန် ဆိုင်ရာ စိတ်စေတသိက် တို့ကို တိုက်တွန်းပေးသည်၊ ၅- ဧကဂ္ဂတာက အာရုံမှာ ခေတ္တခဏ ရပ်တည်ပေးနိုင်မှသာ မြင်ခြင်းကိစ္စ ပြည့်စုံပေတော့မည်။ ၆- ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် စိတ်သက် တည်တံ့နိုင်ရန် ဇီဝိတိန္ဒြေက ဆောင်ရွက် ပေးပါသည်။ ၇-အာရုံကို နှလုံးသွင်း မနသိကာရက ပါရသည်။ စိတ်တစ်လုံး၌ အနည်းဆုံး စေတသိက် ၇-လုံး ယှဉ်စပ်မှသာ အာရုံယူခြင်းကိစ္စ ပြီးမြောက်နိုင်၏။စေတသိက် ၇-လုံးထဲမှ စေတနာတစ်ခုကသာ ကမ္မပစ္စည်း ထိုက်ပေသည်။

 

ကမ္မပစ္စည်း၊ ပစ္စယုပ္ပန်နှင့် မျိုးတူပစ္စည်း

 

ပစ္စည်းဟူသော အကြောင်းတရားမှာ နာနာက္ခဏိကစေတနာ (ကုသိုလ်၊ အကုသိုလ် စေတနာ) ဖြစ်ပြီး၊ သဟဇာတစေတနာ (နာမ်တရားများ အတူတကွ၊ မဟာဘုတ်တရားများ အတူတကွ ဖြစ်ဖက်တရားအား ကျေးဇူးပြုတတ်သော စေတနာ) ပစ္စယုပ္ပန်ဟူသော အကျိုး တရားမှာ ဝိပါက်အကျိုးစိတ် (၃၆-ပါး) စေတသိက် (၃၈-ပါး) ပဋိသန္ဓေကမ္မဇရုပ်တို့ ဖြစ်၏။ သဟဇာတစေတနာ၌ စေတနာကြဉ်စေတသိက် (၅၁)ပါးနှင့် စိတ္တဇရုပ်နှင့် ပဋိသန္ဓကမ္မဇရုပ်တို့ ဖြစ်၏။

 

ကမ္မပစ္စည်း၏ သင်္ချာ

 

ကမ္မပစ္စည်း၏သင်္ချာမှာ – ၇ ဖြစ်ပါသည်။ ထို့ကြောင့် “ကမ္မေ သတ္တ”ဟု မှတ်သား နိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ-၃

(၁) ကု-ကု (၂) ကု-ဗျာ (၃) ကု-ကု၊ ဗျာ

အကုသလ သင်္ချာ-၃

(၁) အကု-အကု (၂) အကု-ဗျာ (၃) အကု-အကု၊ ဗျာ

အဗျာကတ သင်္ချာ-၁

(၁) ဗျာ-ဗျာ

 

ကမ္မပစ္စည်းသည် ကျယ်ဝန်းလှသော ပစ္စည်းဖြစ်ပါသည်။ မျိုးအားဖြင့်လည်း သဟဇာတ ကမ္မက သဟဇာတငယ်၌ပါဝင်ပြီး၊ အနန္တရကမ္မက အနန္တရမျိုး၌ ပါဝင်ပါသည်။

ထို့ကြောင့် ကမ္မပစ္စည်းနှင့် မျိုးတူသည့်ပစ္စည်း ၁၄-ပါး ရှိပါသည်၊ ၎င်းတို့မှာ ၁-အနန္တရ၊ ၂-သမနန္တရ၊ ၃- နိဿယ၊ ၄- ဥပနိဿယ၊ ၅- အညမည၊ ၆-ကမ္မ၊ ၇-ဝိပါက၊ ၈-အာဟာရ၊ ၉-သမ္ပယုတ္တ၊ ၁၀-ဝိပ္ပယုတ္တ၊ ၁၁-အတ္ထိ၊ ၁၂-နတ္ထိ၊ ၁၃-ဝိဂတ၊ ၁၄-အဝိဂတတို့ ဖြစ်ပါသည်။

 

Mind to Mind-Matter

 

ကမ္မပစ္စည်းသည် နာမ်တရားက နာမ်ရုပ်တရား (Mind to Mind – Matter) ကို ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်။

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

၁။ သဟဇာတကမ္မ

ပစ္စယဟူသော အကြောင်းတရားမှာ – စိတ် – ၈၉ ပါးရှိ စေတနာတို့ ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စိတ် – ၈၉ပါး၊စေတနာကြဉ်သော စေတသိက်-၅၁ ပါး၊ စိတ္တဇရုပ်နှင့် ပဋိသန္ဓေ ကမ္မဇရုပ်တို့ ဖြစ်သည်။

 

၂။ နာနာက္ခဏိကကမ္မ

ပစ္စယဟူသော အကြောင်းတရားမှာ – ကုသိုလ်၊ အကုသိုလ်ရှိ စေတနာတို့ ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – ဝိပါက်စိတ်-၃၆ပါး၊ စေတသိက်နှင့် ပဋိသန္ဓေကမ္မဇရုပ်တို့ ဖြစ်သည်။

ကမ္မပစ္စည်းသည် သဟဇာတ, အနန္တရ (၂)မျိုး၌ ပါဝင်၏။ယင်းကမ္မပစ္စည်းသည် အလွန်ပင်အရာကျယ်လှသော ပစ္စည်းကြီးပေတည်း။

 

 

Loading