အစားထိုး၍ မရသည့် ဆုံးရှုံးမှုတစ်ခု

သင်တန်းနည်းပြဆရာမ ဒေါ်သီတာညွန့်သည် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာသတ္ထုသန့်စင် စက်ရုံတွင် ဒုတိယညွှန်ကြားရေးမှူး ရာထူးတာဝန်တစ်ဖက်ဖြင့် အလုပ်တာဝန်ကို ပင်ပန်းသည်ဟု မထင်မှတ်ပဲ နေပြည်တော် ရန်ကင်းတောရဆရာတော် သာသနာပြုလုပ်ငန်းများကို အားတတ်သရော ပါဝင်ဆောင်ရွက်ခဲ့ပါ သည်။
ရန်ကင်းတောရကျောင်း၏ ရှေးယခင် တောရသာသနာရှိစဉ်ကာလကပင် ရန်ကင်းတောရဆရာတော်ပါး ယောဂီတပည့်အဖြစ် နည်းခံယူကာ သတိပဋ္ဌာန်ဝိပဿနာတရားကို နေ့စဉ်အချိန်မရွေး အားထုတ်ခဲ့ပြီး အလုပ်အလွန်များသည့် ကြားကပင်ဖြစ်စေ၊ နေထိုင်မကောင်းသည့်နေ့ရက်များ၌ပင်ဖြစ်စေ ဥပုသ်သီလကို မကျိုးမပေါက်စေဘဲ ရာသက်ပန်မြတ်မြတ်နိုးနိုး စောင့်ထိန်းခဲ့သည့် နည်းပြဆရာမ ယောဂီတစ်ဦးဖြစ်ပါသည်။


၂၀၀၈-ခုနှစ်တွင် စတင်ဖွင့်လှစ်သည့် လူငယ်ဝိပဿနာနှင့် ယဉ်ကျေးလိမ္မာ သင်တန်းနှင့် ယဉ်ကျေးမှု ဆရာ၊ ဆရာမမွမ်းမံသင်တန်းတို့မှ စတင်ပြီး ဆရာတော်၏ သာသနာပြု ပရဟိတလုပ်ငန်းများ၌ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်လာပြီး ၂၀၀၉-ခုနှစ်မှစတင်ပြီး ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်းဌာန၌ သင်တန်းနည်းပြဆရာမအဖြစ် တာဝန်ယူခဲ့ပါသည်။
ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် နိုင်ငံတာဝန်ထမ်းဆောင်နေစဉ် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းနည်းပြဆရာမ၏ တစ်နေ့တာဘဝကို တရားအားထုတ်ခြင်း၊ တရားနာကြားခြင်း၊ တရားစာပေ ဖတ်ရှုလေ့လာခြင်း၊ တရားမှတ်စုများ ထုတ်ခြင်း၊ တနင်္ဂနွေဓမ္မကျောင်းတော် သင်ကြားခြင်းတို့ဖြင့် ကုန်လွန်စေခဲ့ပါ သည်။ နည်းပြဆရာဖြစ်သင်တန်းများ ရှိသည့်ကာလများတွင်မူ သင်တန်းပို့ချမည့် ဘာသာရပ် များကို ပိုင်နိုင်စွာလေ့လာခဲ့ပြီး ဓမ္မအလုပ်များကို အားတတ်သရော တာဝန်ယူဆောင် ရွက်ခဲ့ရာ အဓိကတာဝန်ယူူ ဆွေးနွေသင်ကြားသည့် ဘာသာရပ်မှာ “လူတိုင်းကျင့်သုံး ရမည့် သီလ” ဘာသာရပ် ဖြစ်ပါသည်။


ဆရာမဒေါ်သီတာညွန့်သည် ဆရာတော်၏ သြဝါဒစကားများကိုလည်း မြတ်မြတ် နိုးနိုး လိုက်နာ ကျင့်သုံးလေ့ရှိပြီး ဦးပဉ္ဇင်းမှ အမှတ်တမဲ့အားဖြင့် မိန့်ကြားတော်မူသည့် စကားကိုပင် ဦးထိပ်ပန်ဆင်၍ လိုက်နာဆောင်ရွက်ခဲ့ပါသည်။ သင်တန်းမှူးဆရာမကြီးများ ထောက်ပြပြောဆိုမှုများကိုလည်း တပည့်မလေး တစ်ယောက်ကဲ့သို့ မငြီးမညူ လိုက်နာ ဆောင်ရွက်လေ့ရှိပါသည်။ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၌ သင်တန်း တက်ရောက် လာကြသည့် သင်တန်းသား၊ သင်တန်းသူများနှင့် တရားဆွေးနွေး ဝိုင်းများ၊ သရုပ်ပြခြင်း များစသည့် သင်ကြားရေး လှုပ်ရှားမှုများတွင်လည်း တက်တက်ကြွကြွ ဦးဆောင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဆရာမဒေါ်သီတာညွန့်သည် ချွေးဒီးဒီးကျနေသော်လည်း အပြုံးမပျက်ဘဲ ရှင်သန်မှုနေ့ရက်များကို အစိုးရဌာန တာဝန်များ၊ ဓမ္မကျောင်းတော် ဆရာမအပြင် သင်တန်းနည်းပြဆရာမအဖြစ်လည်း ဘဝကို တန်ဖိုးရှိရှိ အသုံးချခဲ့ပါ သည်။


ဆရာမဒေါ်သီတာညွန့်သည် ၁၉၆၅-ခုနှစ် မေလ (၁၆) ရက်တွင်မွေးဖွားပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လ (၂ ) ရက်နေ့ အသက်(၅၅) နှစ်တွင် ကွန်လွန်အနိစ္စရောက်ခဲ့ပါသည်။ ကြီးမားသောရောဂါဖိစီးမှုဒဏ်ကို ခံစားနေရပါ သော်လည်း ဝိပဿနာတရားတော်၏ သတ္တိကြောင့် စိတ်အေးငြိမ်းစွာဖြင့် မရဏသေမင်းကို ရင်ဆိုင်သွားနိုင်ခဲ့ ပါသည်။
ဧလာသတ္ထုစက်ရုံ မိသားစုအတွက် လည်းကောင်း၊ ဧလာဓမ္မကျောင်းတော် မိသားစုအတွက်လည်းကောင်း ဆုံးရှုံးမှုတစ်ရပ် ဖြစ်သကဲ့သို့ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာအတွက်လည်း တန်ဖိုးဖြတ်၍မရ၊ အစားထိုး၍လည်းမရနိုင်သည့် ဆရာမ တစ်ဦး ဆုံးရှုံးခြင်ပင်ဖြစ်ပါသည်။

Loading

By admin

Leave a Reply

Your email address will not be published. Required fields are marked *