၉။ ဥပနိဿယပစ္စယော – Daily life Patthana Upanissaya Paccayo (Strong dependence condition)

မာတိကာ

၉။ ဥပနိဿယပစ္စယော

Daily life Patthana

 

Upanissaya Paccayo (Strong dependence condition)

 

 

 

 

အားကြီးသော မှီရာအကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

The ‘Upa’ means very strong. So ‘Upanissaya’ means very strong support or here it is translated as decisive support. It is compared to the rain. When there are rains, trees can grow and beings can get water to drink. So they all depend on the rain for their existence or their survival.

 

 

‘မိုးနှင့်မကင်း၊ စုံခပင်းတို့၊ မိုးတွင်းခြိမ့်အုန်း၊ ထစ်ချုန်းမြည်ကျိုး၊ ရွာသည့်မိုးသို့’ ဟုရှေးဆရာမြတ်တို့က မိန့်တော်မူထားသည်နှင့်အညီ သက်ရှိ၊ သက်မဲ့ အရာဝတ္ထုအားလုံးအား အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုသကဲ့သို့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ပတ္ထနာ၊ ကာယိကသုခ၊ ကာယိကဒုက္ခ၊ ဥတု၊ ဘောဇဉ်၊ ပုဂ္ဂိုလ်၊ ကျောင်းအိပ်ရာနေရာ တို့သည် ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ တရားများဖြစ်ပေါ်အောင် အားကြီးသောမှီရာ အကြောင်းဖြစ်၍ ကျေးဇူးပြုကြသည်။

 

ဥပနိဿယပစ္စည်းကို မိုးနှင့် ပမာပြုကြသည်

 

ဥပနိဿယပစ္စည်းကို ရှေးဆရာတော်ကြီးများက မိုးနှင့် ဥပမာပြုတော်မူကြပါသည်။ မိုးကြီးပမာ သတ္တဝါအများ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ခေါ်လေဥပနိဿယ။

အဘယ်ကြောင့်ဆိုသော် မိုးက သက်ရှိသက်မဲ့အားလုံးတို့၏ မှီရာကြီး ဖြစ်သောကြောင့် ပေတည်း။ အကယ်၍ တစ်နှစ်ပတ်လုံးမိုးခေါင်ပြီး ရေမရပါက မြစ်ချောင်းဆည်မြောင်း တာတမံများ ခန်းခြောက်ပေမည်။ ထိုအခါ လယ်ယာများ မစိုက်နိုင်တော့ပါ၊ ရေအားလျှပ်စစ် ဓာတ်အား ထုတ်နိုင်ရန် တာဘိုင်စက်ကြီးများ မလည်နိုင်တော့သဖြင့် ဓာတ်အားမပေးနိုင် တော့ပါ။ မိုးရေမရပါက သီးပင် စားပင်များ၊ တိရစ္ဆာန်များသာမက လူအများလည်း သေပွဲဝင်ရ တော့မည်။ ထို့ကြောင့် မိုးရေသည် သက်ရှိသက်မဲ့ အားလုံးတို့၏ အားကြီးသည့်မှီရာ The great causes ဖြစ်ပါသည်။

 

ဥပနိဿယကောင်းရှိမှ ကြီးပွားတိုးတက်မည်

 

“ဥပနိဿယရှိမှ ပညာတတ်တယ်၊ ဥပနိဿယရှိမှ ကြီးပွားချမ်းသာတယ်” ဟူသော ပါဠိဝေါဟာရကို “အမှီသဟဲကောင်းရတယ်”ဟု မြန်မာစကားဖြင့် ပြောနိုင်ပါသည်။ ကလျာဏ မိတ္တ မိတ်ဆွေကောင်းကို အမှီသဟဲပြုခွင့် ရရှိသဖြင့် ဘဝတစ်သက်တာ ကျေးဇူးများသွားသည့် သာဓကများစွာကို ဘုရားလက်ထက်တော်၌သာမက ယနေ့ကာလ၌လည်း တွေ့မြင်နိုင် ပါသည်။ အမှီသဟဲကောင်းဟူသည် ဥပနိဿယကို ဆိုလိုခြင်း ဖြစ်ပါသည်။

အကြောင်းတရားနှင့် အကျိုးတရား၏ ထမင်းဥပမာ

ပဋ္ဌာန်းတရားတော်ကို လေ့လာရာတွင် အကြောင်းတရားပစ္စယနှင့် အကျိုးတရား ပစ္စယုပ္ပန္နကို ဦးစွာ လေ့လာ သိရှိထားသင့်ပါသည်။ မိမိ၏စားပွဲရှေ့တွင် ချထားသည့် ထမင်း တစ်ပန်းကန်ကို ပစ္စယုပ္ပန္နဟူသော အကျိုးတရားနေရာထားကာ ပမာပြ စဉ်းစားကြည့်ပါမည်။ လက်လှမ်းမီ၍ ဖြစ်နိုင်ခြေရှိသည့် နီးစွာသော အကြောင်းတရားများမှာဆန်၊ ရေ၊ မီး၊ အိုးနှင့် ထမင်းချက်တတ်သည့် နည်းပညာတို့ကို သာမန်အားဖြင့် တွေ့ရပါမည်။

ဤသည်တို့မှာ နီးစွာသော အကြောင်းတရားမျှသာ ရှိသေးသည်။ ထပ်၍ ဖြစ်နိုင်ခြေ ရှိသည့် အကြောင်းတရားတို့ကို စဉ်းစားပါက စပါးမျိုးစေ့၊ လယ်ယာမြေ၊ စိုက်ပျိုးရေ၊ မျှတသည့် ရာသီဥတု၊ စိုက်ပျိုးနည်းပညာ၊ လယ်သမားတို့ ရှိပါသေးသည်။

သို့သော် ဤအကြောင်းတရားမျှနှင့်လည်း ထမင်းမဖြစ်လာနိုင်သေးပါ။ စပါးရိတ်သိမ်း ခြွေလှေ့ပြီး ကြိတ်ခွဲရပေဦးမည်။ ထို့ကြောင့် မိမိရှေ့က ပန်းကန်ပြားထဲ ရောက်နေသည့် ထမင်းဟူသော အကျိုးတရားတစ်ရပ် ဖြစ်ပေါ်လာနိုင်ရန်အတွက် အကြောင်းတရားပေါင်း များစွာ ရှိနေပေသည်။

နေ့စဉ် စားသုံးနေရသည့် ထမင်းဟူသော အကျိုးတရားတစ်ရပ် ဖြစ်ပေါ်လာနိုင်ရန်ပင် ဤမျှများပြားသည့် အကြောင်းတရားများ ပါဝင်နေရာ၊ ထမင်းတစ်ပန်းကန်ထက် နှိုင်းဆ မရအောင် ခက်ခဲနက်နဲ ရှုပ်ထွေးလှသည့် ကံ၏အကျိုးတရားတစ်ရပ်အဖြစ် လူသားတစ်ဦး ပေါ်ပေါက်လာနိုင်ရန်အတွက်မှာမူ အကြောင်းတရားပေါင်း မည်မျှက ပံ့ပိုးကူညီ ထောက်ပံ့ပေး ရမည်ကို သဗ္ဗညုတဘုရားရှင်မှတစ်ပါး အခြားသူများက အပြည့်အစုံကို အဘယ်သို့ သိနိုင်ပါ အံ့နည်း။

အကျိုးတရားတို့ကိုမူ သူလိုကိုယ်လိုလူတိုင်းပင် မြင်သိနိုင်ပါသည်။ သို့ပါသော်လည်း ထိုအကျိုးတရားတစ်ရပ်ကို ဖြစ်စေနိုင်စွမ်းသည့် နောက်ခံက အကြောင်း တရားများကို သိနိုင် ရန်မှာမူ သူလိုကိုယ်လို လူတိုင်း၏အရာ မဟုတ်တော့ပေ။

အကြောင်းတရားနှင့် လျော်ညီသည့် အကျိုးတရားဟူသည် မုချရှိသည်။ ဖြစ်ထိုက်သည့် အကြောင်းတရားမရှိဘဲ အကျိုးတရား မပေါ်ပေါက်နိုင်ကြောင်းနှင့် လောကတွင် အကြောင်း တရားကင်း၍ဖြစ်သည့် အကျိုးတရားဟူ၍ မရှိနိုင်သည်ကိုမူ မြတ်ဗုဒ္ဓ၏တပည့်သာဝက အနည်းစုကသာ သိနိုင်ကြပါသည်။

 

အကြောင်းတရားနှင့် အကျိုးတရား၏ အသားဟင်းဥပမာ

 

ထမင်းစား စားပွဲရှေ့သို့ရောက်နေသည့် ထမင်းတစ်ပန်းကန် ဖြစ်ပေါ်လာနိုင်ရန် ဖြစ်နိုင်လောက်သည့် အဝေးအကြောင်းဓမ္မနှင့် အနီးအကြောင်းဓမ္မတို့ကို လေ့လာခဲ့ပြီး ဖြစ်ပါသည်။

ယခုတစ်ဖန် ထမင်းစားပွဲပေါ်က ငါးဟင်းတစ်ခွက်ကို အကျိုးတရားနေရာထား၍ စဉ်းစားကြည့်မည်ဆိုလျှင် ဟင်းချက်မည့်ငါး ရှိရမည်၊ မီးရှိရမည်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ ရှိရမည်၊ ချက်တတ်သည့် နည်းပညာ ရှိရပါမည်။ ဤသည်တို့မှာ ငါးဟင်းတစ်ခွက် ဖြစ်လာ နိုင်ရန်အတွက် ယေဘုယျအားဖြင့် တွေ့ရမည့် နီးစွာသော အကြောင်းဓမ္မတို့ ဖြစ်ပေသည်။

ဆက်လက်ပြီး သူတစ်ပါးအသက်ကို မညှာမတာ သတ်ရဲ၊ ဖြတ်ရဲသည့် တံငါသည် ရှိရမည်။ ငါးကို ဖမ်းဆီးသတ်ဖြတ်နိုင်သည့် လက်နက်ဖြစ်သည့် ငါးမျှားတံ၊ ငါးမျှားချိတ်၊ ပိုက်ကွန်၊ ဓားလက်နက်တို့ကို ထုတ်လုပ်သူရှိရမည်။ ထိုလက်နက်တို့ကို ရောင်းချသူ ရှိရဦးမည်။ ထိုမှတစ်ဖန် ငါးမဗိုက်ထဲကို ပဋိသန္ဓေရနိုင်သည်အထိ အကုသိုလ်ကံကိုထူထောင်ထားသည့် သတ္တဝါရှိရဦးမည်။

ထမင်းတစ်ပန်းကန် ဖြစ်လာရန်ကိစ္စတွင် ကံ၏အခန်းကဏ္ဍ ထင်ထင်ပေါ်ပေါ် မရှိခဲ့ ပါသော်လည်း ငါးဟင်းတစ်ခွက်တွင်မူ ကံ၏အခန်းကဏ္ဍ အရေးတကြီး ပါလာပါသည်။ပါဏာတိပါတကံကို လွန်ကျူး ချိုးဖောက်မည့် သတ္တဝါ၊ ဘဝါ ဘဝက ငါးမဗိုက်ထဲ ရောက်နိုင် လောက်သည့် အကုသိုလ်ကံကို ထူထောင်ထားခဲ့သော သတ္တဝါတို့ရှိမှသာ ငါးဟင်းတစ်ခွက် ဖြစ်လာပါမည်။

ဆက်လက်ပြီး ဝက်သားဟင်း၊ ကြက်သားဟင်းတို့ကို အကျိုးတရားနေရာထားကာ ဆင်ခြင်ပါလျှင် ထမင်းတစ်ပန်းကန်ထက် များစွာရှုပ်ထွေးသည့် အကြောင်းဓမ္မတို့ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

ဧရာမအကြောင်းတရား

ဥပနိဿယပစ္စည်းက အကျိုးတရားတို့ကို မလွဲမသွေ ဧကန် ဖြစ်ပေါ်စေနိုင်သည်အထိ အားကြီးသော အကြောင်းတရားဖြစ်သောကြောင့် မဟာပစ္စယ၊ ဗလဝကာရဏ ဧရာမ အကြောင်းတရား The great causes,Strong causes ဟု အဋ္ဌကထာက ဖွင့်ဆိုပါသည်။
ဥပနိဿယပစ္စည်း၌-

၁။ အာရမ္မဏူပနိဿယ = Object decisive support

၂။ အနန္တရူပနိဿယ = Proximity decisive support

၃။ ပကတူပနိဿယ = Natural decisive support ဟု သုံးမျိုးရှိသည်။

ဤသုံးပါးအနက် ပကတူပနိဿယသည် အားကြီးသည့် အကြောင်းတရား ဖြစ်သည်။ အာရမ္မဏူပနိဿယက အာရုံအကြောင်းတရား ဖြစ်ပါသည်။ အနန္တရူပနိဿယက ရဟန္တာ ဖြစ်ပြီး သဥပါဒိသေသနိဗ္ဗာန်ကို မျက်မှောက်မပြုသေးသမျှ ဥပါဒ်၊ ဌီ၊ ဘင်။ ဥပါဒ်၊ ဌီ၊ ဘင်ဖြင့် စိတ်များ ဆက်ကာ၊ ဆက်ကာ၊ ဆက်ကာ ဖြစ်၊ တည်၊ ပျက်နေသည့် သဘာဝသဘောကပင် အနန္တရူပနိဿယ မည်ပေသည်။

ဗလဝနှင့် ဒုဗ္ဗလ

အားကောင်းသည့် ဗလဝကံဟုဆိုရာတွင် သာမန်အားကောင်းရုံမျှ မဟုတ်ဘဲ လွန်လွန် ကဲကဲကို အားကောင်းသောကြောင့် ဗလ၀ မည်ပါသည်။

(၁) အခြားကံတစ်ပါးပါးက နှောင့်ယှက်လျင် ပျက်ပြယ်မည့်ကံကို ဒုဗ္ဗလကံဟု ခေါ်ပါသည်။

(၂) အခြားကံတစ်ပါးပါးက မနှောင့်ယှက်နိုင်လောက်သည်အထိ အားကောင်းသည့် ကံကို ဗလဝကံဟု ခေါ်၏။ ဥပနိဿယမှာ ဗလဝကံ The great,The Strong ဖြစ်ပါသည်။

၁။ အာရမ္မဏူပနိဿယ = (အာရမ္မဏ + ဥပနိဿယ)

အာရမ္မဏူပနိဿယသည် အာရမ္မဏာဓိပတိနှင့် တူပါသည်။ အာရမ္မဏာဓိပတိ = အာရုံသည်ပင် အားကြီးသည့် မှီရာအကြောင်း။ တစ်နည်းအားဖြင့် အာရုံက ဆိုင်ရာနာမ်တရား (စိတ်)ကို စွဲဆောင်သွားခြင်းမျိုးဖြစ်သည်။ သို့သော် အာရုံတိုင်းမဟုတ်ဘဲ ‘ဇေဋ္ဌ’အကြီးအမှူး Great သတ္တိလည်းရှိပြီး ရယူထားသည့် အာရုံကိုလည်း နှစ်နှစ်သက်သက် စွဲစွဲလမ်းလမ်းဖြစ်ကာ မစွန့်နိုင်၊ မခွာနိုင်၊ အာရုံမပြုဘဲ မနေနိုင်အောင်လည်းဖြစ်မှ အာရမ္မဏာဓိပတိပစ္စည်း တပ်ပါသည်။

ကာမအာရုံတို့က ပုထုဇဉ်တို့၏စိတ်ကို သိမ်းကြုံး စွဲယူနိုင်စွမ်းရှိပါသည်။ ကိလေသာ ကုန်ခမ်းနေသည့် အရိယာတို့၏စိတ်ကိုမူ ကာမအာရုံတို့က သိမ်းကြုံးနိုင်စွမ်း မရှိပေ။ ဈာနလာဘီပုဂ္ဂိုလ်က မိမိရထားသည့် ဈာန်ကို အလေးအမြတ် ပြုတော်မူကြပါသည်။ အရိယာ သာဝကတို့ကလည်း မိမိတို့ရထားသည့် လောကုတ္တရာတရားတို့ကို အလေးအမြတ် ပြုတော် မူကြပါသည်။

 

၂။ အနန္တရူပနိဿယ = (အနန္တရ + ဥပနိဿယ)

 

ရှေးရှေးစိတ်တို့ ပျောက်ပျောက်သွားကာ နောက်နောက်စိတ်တို့ မုချဧကန် ဖြစ်လာ စေနိုင်ရန် အနန္တရပစ္စည်းက ကျေးဇူးပြုခြင်းကြောင့်ပေတည်း။ အနန္တရူပနိဿယပစ္စည်းသည် အနန္တရပစ္စည်းနှင့် တူ၏။

ရုပ်ကိုယ်ကောင် Physical process continuity က ဒီဘဝသေလျှင် ပျက်ပြုန်း ပျောက် ကွယ်သွားပါသည်။ နာမသန္တတိ Mental process continuity က ရှေ့ဘဝ၊ ရှေ့ဘဝမှသည် သံသရာမဆုံးမချင်း၊ နိဗ္ဗာန်မရမချင်း အဆက်ဆက် ဖြစ်၍ နေပါသည်။ ယခုကဲ့သို့ ဆက်ကာ ဆက်ကာ ဖြစ်နေနိုင်ရန် Power အား ကြီးမားသောကြောင့် အနန္တရက ဥပနိဿယ ထိုက်ပါသည်။ ထို့ကြောင့် အနန္တရူပနိဿယ ဖြစ်လာရခြင်းပေတည်း။

တစ်နည်းအားဖြင့် စိတ်တစ်ခုချုပ်ပြီးသည်နှင့် နောက်စိတ်တစ်ခု ဖြစ်လာနိုင်ရန်မှာ သာမညစွမ်းအား Ordinary force နှင့် မရနိုင်ပါ။ ရှေးရှေးစိတ်တို့၌ Strong force ပြင်းထန်သည့် တွန်းအားရှိမှသာ နောက်နောက်စိတ်ကို ကျေးဇူးပြုနိုင်ပါသည်။

 

အနန္တရူပနိဿယ

 

ကုသိုလ်ဇောဝီထိအစဉ်တွင် အကုသိုလ်ဇောအစဉ် ဝင်မရပါ။ အကုသိုလ်ဇော စောနိုင် ရန်မူ ဇော၏နောက်၌ တဒါရုံ သို့မဟုတ် ဘဝင်ခြားပြီးမှသာ အကုသိုလ်ဇော စောနိုင်ပါသည်။ ထို့ကြောင့် ကုသိုလ်အကြောင်းကြောင့် အကုသိုလ်ဖြစ်ခွင့် အနန္တရမျိုး၌ မရနိုင်ပေ။ ကုသိုလ် အကြောင်းကြောင့် ကုသိုလ်အကျိုးဖြစ်ခွင့်နှင့် အကုသိုလ်အကြောင်းကြောင့် အကုသိုလ်အကျိုး ဖြစ်ခွင့်သာ ရနိုင်ပါသည်။

နေ့စဉ်ဘဝ၏ဖြစ်စဉ်နှင့် ပမာပြရမည်ဆိုလျှင် ဒါနပြုစဉ် ကုသိုလ်ဇော ဝီထိကျ၏။ ၎င်းမှာ ကုသိုလ်စစ်စစ်ဖြစ်သည်။ သို့သော် “ငါ့လို လှူဒါန်းနိုင်တဲ့လူ ဇမ္ဗူမှာ ရှိရိုးလား” ဟူသော မာနဝင်လာသည်ဟု ဆိုပါစို့၊ အချိန်ခြားသွားလေပြီ။ ကုသိုလ်ဇောဝီထိ များစွာဖြစ်ပြီး နောက်၌ တဒါရုံကျပြီး (ဝါ) ဘဝင်ခြားပြီးမှသာ မာနဖြစ်ကာ အကုသိုလ်ဇော ဝီထိကျခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဝီထိခြားပြီးမှ ကျေးဇူးပြုနိုင်စွမ်းသည့် ပဋ္ဌာန်းပစ္စည်းမှာ အနန္တရူပနိဿယ ဖြစ်၏။

 

ရူပသန္တတိ Physical process continuity နာမသန္တတိ Mental process continuity

 

စိတ်စေတနာမရှိသည့် ရူပသန္တတိအစဉ် Physical process continuity သည် တစ်စုံ တစ်ခုကိုမှ ပြုလုပ် ဆောင်ရွက်နိုင်စွမ်း မရှိပါ။ အကြောင်းမှာ စိတ်စေတနာ မရှိသောကြောင့် ဖြစ်ပါသည်။

နာမသန္တတိအစဉ် Mental process continuity သည် စိတ်စေတနာရှိသောကြောင့် စေ့ဆော် တိုက်တွန်းနိုင်စွမ်းပါသည်။ ထိုသို့သော အကြောင်းကြောင့်လည်း အတိတ်က ကောင်းကံ မကောင်းကံတို့ကို ထူထောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုထိုကောင်းကံ မကောင်း ကံနှင့် လျော်ညီသည့် ရူပသန္တတိအစဉ် Physical process continuity နှင့် နာမသန္တတိ အစဉ် Mental process continuity တို့ကို ယနေ့ရရှိထားခြင်းဖြစ်ကြောင်းကို ပရမတ္ထဝေါဟာရဖြင့် ခေါ်ဆိုနိုင်ပါသည်။ ၎င်း Process ကိုပင် လောကီပညတ် ဝေါဟာရဖြင့် လူဟုခေါ်သည်။ လူများစွာထဲက ၎င်းကို ယောကျ်ားဟု ခေါ်သည်။ ယောကျ်ားများစွာထဲက သူ့ကို မောင်မောင် ဟုခေါ်သည်။ အမှန်မှာမူ ရူပသန္တတိနှင့် နာမသန္တတိ အစဉ် Process မျှသာရှိ၏။

 

ပကတူပနှင့် အနန္တရူပတို့၏ မတူညီသည့်သတ္တိ

 

လွန်ခဲ့သည့် ဘဝပေါင်းများစွာက ပြုခဲ့သည့်ကုသိုလ်က ယခုအကျိုးပြုနိုင်သည်မှာ ပကတူပနိဿယ၏ သတ္တိပေတည်း။ ပြုနေဆဲ အခိုက်အတန့်ကလေးမှာပင် ကုသိုလ်၊ အကုသိုလ် ဝီထိပေါင်း သိန်းသန်းကုဋေ ဖြစ်နေလေပြီ။ ထို့ကြောင့် ပကတူပနိဿယ သဘောဟူသည် ခုအကြောင်းပစ္စည်းဖြစ် အခုချက်ချင်း အကျိုးပစ္စယုပ္ပန်တွေ ပေါ်ခြင်း မဟုတ်ပေ။ အကြောင်းနှင့်အကျိုးက ကာလရှည်ကြာ ဘ၀ သိန်း၊ သန်းမက ကမ္ဘာပေါင်း များစွာအထိ ဝေးနေစေကာမူ နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် ကာလတိုင်အောင် အကျိုးပေးခွင့် ရှိလေသည်။ ထို့ကြောင့် “online ဖြစ်နေတယ်”ဟု ပါမောက္ခချုပ်ဆရာတော်ကြီးက မိန့်တော် မူခြင်း ဖြစ်ပါသည်။

 

၃။ ပကတူပနိဿယ = (ပကတိ + ဥပနိဿယ)

 

ပကတူပနိဿယရပစ္စည်းသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ဟူသော သန္တာန်နှစ်ပါး၌ ဖြစ်ကုန်သော အလုံးစုံသော စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ပညတ်တို့ကို ကျေးဇူးပြုသည်။ ပကတိမည်သည် ပင်ကိုယ်ပကတိအားဖြင့်ပင် အားကြီးသည့်အကြောင်းတရား ဖြစ်ပါသည်။ ပကတူပနိဿယ Natural decisive support ဟူသည် အနန္တရူပနိဿယကဲ့သို့ ရှေ့စိတ်က အားကြီး၍လည်း မဟုတ်ပေ။ အာရမ္မဏူပ နိဿယကဲ့သို့ အာရုံကအားကြီး၍လည်း မဟုတ်ပေ။ ပကတူပနိဿယက ပင်ကိုပကတိ အနေဖြင့်ပင် အားကြီးနေသည်ကို ဆိုလိုပါသည်။

တစ်နည်းအားဖြင့် အနန္တရူပနိဿယနှင့် အာရမ္မဏူပနိဿယအပြင် အခြား အားကြီးသည့် အရာမှန်သမျှအားလုံး ပကတူပနိဿယ ဖြစ်၏။ ထပ်မံ၍ တစ်နည်းဆိုရသော် အခြားအကြောင်းတရားများ မရောနှောဘဲ သူ့ချည်းသက်သက် အကျိုးတရားကို ဖြစ်စေ နိုင်စွမ်းသည်ကိုပင် ပကတူပနိဿယခေါ်၏။

 

(၁) ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ (ကု-ကု)

 

ကုသိုလ်တည်းဟူသော အကြောင်းဓမ္မက ကုသိုလ်တည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော်ကိုပြရလျှင် “သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ” သဒ္ဓါတရား တည်းဟူသော ကုသိုလ်က စွန့်ကြဲလှူဒါန်းခြင်းဟူသော ဒါနကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏။ ဆက်လက်ပြီး စောင့်စည်းမှု သီလ၊ စူးစမ်းလေ့လာမှု သုတ၊ ပေးကမ်းစွန့်ကြဲမှု စာဂနှင့် သစ္စာလေးပါးကို ထိုးထွင်းသိမြင်မှု ပညာတည်းဟူသော အကြောင်းကြောင့်လည်း ကုသိုလ်များ ဆက်လက် ဖြစ်နိုင်ပေသည်။

ဤတွင် သတိပြုစရာတစ်ခုမှာ ပကတိဟူသော ပါဠိကို ရှေးကပြုလုပ်ခဲ့သည့် ကုသိုလ်ကံ အကုသိုလ်ကံကိုပင် ယူရမည်ဟု သဒ္ဓမ္မဇောတိက ပဋ္ဌာန်းကျမ်းပြုဆရာက ဆိုထားပါသည်။

သဒ္ဓါတရားဟူသည် ကံနှင့် ကံ၏အကျိုးအပါအဝင်၊ ပစ္စုပ္ပန်လောက တမလွန်လောက၊ သံသရာ စသည်ကို ယုံကြည်မှုက သဒ္ဓါတရား ဖြစ်ပါသည်။ သဒ္ဓါ ယုံကြည်မှုကို ရှေးဆရာတော် ကြီးများက “ရေကို လိုချင်တဲ့ ယောက်ျားဟာ မြေကြီးရဲ့အောက်မှာ ဧကန်မုချ ရေရှိကိုရှိရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ မြေကိုတူးသလို သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာလည်း ဒါန သီလ စသည် ပြုရင် ဒီကုသိုလ်ရဲ့ အကျိုးအာနိသင်ကို ဧကန် ရလိမ့်မယ်ဆိုပြီး ယုံကြည်လို့ပြုတာ”ဟု ပြတော်မူကြပါသည်။

ထိုနည်းအတူ မိမိတို့ပင်ပန်းစွာ ရှာဖွေစုဆောင်းထားရှိသည့် ဥစ္စာပစ္စည်းကို မိမိ၏ ရင်သွေးငယ်များကိုပင် မပေးမကျွေးဘဲ ရွှေတိဂုံဘုရား၌ ရွှေသင်္ကန်းကပ်ရန် လှူဒါန်းနိုင် ခြင်းသည် သာမန်ယုံကြည်မှု သဒ္ဓါတရား မဟုတ်ပေ။ ဤကုသိုလ်ကောင်းမှုသည် ဧကန် အကျိုးပေးမည်ဟု ယုံကြည်သောကြောင့် စွန့်လှူနိုင်ကြခြင်း ဖြစ်ပါသည်။

သို့သော် အားနာ၍ဖြစ်စေ၊ ကြောက်၍ဖြစ်စေ၊ မကောင်းတတ်၍ဖြစ်စေ၊ သူတစ်ပါး ကဲ့ရဲ့မှာစိုး၍ဖြစ်စေ ပြုတတ်ကြသည့် ဒါနကောင်းမှုစသည်ကမူ “သဒ္ဓံ ဥပနိဿာယ”နှင့် အကျုံးဝင်မည်ဟု မထင်ပါ။

အကြောင်းဓမ္မက အတိတ်၊ အကျိုးဓမ္မက ပစ္စုပ္ပန်ကာလကို ဖော်ပြသည့် ပဋ္ဌာန်းပါဠိ တော်မှာ ‘အတီတော ဓမ္မော ပစ္စုပ္ပန္နဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော၊ ပကတူပ နိဿယော အတီတံ သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ —- —- —-‘ ဟု ဟောတော်မူပါသည်။

မြင်တွေ့နေကြ ပါဠိတော်များ၌ အကြောင်းက ပစ္စုပ္ပန်၊ အကျိုးက အနာဂတ်ဖြစ်ပါ သော်လည်း ဤပါဠိတော်၌မူ အကြောင်းဓမ္မက အတိတ်ကာလဖြစ်ပြီး၊ အကျိုးဓမ္မက ပစ္စုပ္ပန် ကာလ ဖြစ်နေပါသည်။

ဖော်ပြခဲ့သည့် ပဋ္ဌာန်းပါဠိတော်ကို လယ်တီဆရာတော်ကြီးက “ပရိနိဗ္ဗာန် ပြုတော်မူပြီး ခဲ့တဲ့ ဘုရားနှင့် အရိယာသံဃာ၊ သမ္မုတိ သံဃာတော် အဆက်ဆက်တို့ဟာ နောက်လူတွေကို ကုသိုလ်ဖြစ်ဖို့ရာ ပကတူပနိဿယသတ္တိနဲ့ ကျေးဇူးပြုကြပါတယ်”ဟု မိန့်တော်မူပါသည်။ ဆက် လက်ပြီး “လောကမှာ သေလွန်သွားကြပြီးဖြစ်တဲ့ မိဘဆရာ သမားတွေ၊ ပညာရှိ ရဟန်းပုဏ္ဏား တွေ၊ တန်ခိုးအာနုဘော်ကြီးတဲ့ ရှေးမင်းတွေဟာ နောက်လူတွေကို ကုသိုလ်ကို အမွေ၊ အကုသိုလ်အမွေ ဖြစ်ဖို့ရာ၊ ချမ်းသာ၊ ဆင်းရဲဖြစ်ဖို့ရာ ကျေးဇူးပြုကြပါတယ်”ဟု မိန့်တော်မူပါသေး သည်။

ဆိုလိုသည်မှာ ရှေးရှေးပုဂ္ဂိုလ်တို့က နောက်နောက်ပုဂ္ဂိုလ်တို့အား များပြားလှသည့် သူတော်ကောင်း စကားများ၊ အထူးထူးသော လောကအဆောက်အဦများ ထားပေးခဲ့ ကြပါသည်။

နောက်နောင်လူများက ရှေးရှေးလူတို့ ထားပေးခဲ့သည့် လောကကျင့်ဝတ်၊ အမျိုးအနွယ် ကျင့်ဝတ်၊ အထူးထူးသော အယူဝါဒ၊ အလုပ်အကိုင်၊ အတတ်ပညာများအပြင် တည်ထားပေး ခဲ့သည့် ဆည်မြောင်း တာတမံများ၊ အဆောက်အဦများ၊ စေတီပုထိုးများ၏ အမွေခံဖြစ်ကြ ပါသည်။ ထို့ကြောင့် အတိတ်က အကြောင်းကြောင့် ယနေ့ယခု လောကမှာ ကြီးပွားနေကြ သည်ကို ဤပါဠိတော်က ပြဆိုခြင်း ဖြစ်ပါသည်။

ပဋိသမ္ဘိဒါဉာဏ်ရှင် အရှင်စူဠပန်

“မဂ္ဂေါ သေက္ခာနံ အတ္ထပဋိသမ္ဘိဒါယ၊ ဓမ္မပဋိသမ္ဘိဒါယ၊ နိရုတ္တိပဋိသမ္ဘိဒါယ၊ ပဋိဘာနပဋိ သမ္ဘိဒါယ၊ ဌာနာဌာနကောသလ္လဿ ဥပနိဿယပစ္စယေန ပစ္စယော” ကျင့်ဆဲဖြစ်သော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဟူသော အရိယာ သေက္ခပုဂ္ဂိုလ်တို့၏ အောက်မဂ် သုံးပါးသည် မာဂဓ ပါဠိ အနက်အဓိပ္ပာယ်ကို သိနိုင်စွမ်းသော အတ္ထပဋိသမ္ဘိဒါ ဉာဏ်ဖြစ်ခြင်း အကျိုးငှာလည်းကောင်း၊ ပါဠိ၏သဒ္ဒါကိုသိသော ဓမ္မပဋိသမ္ဘိဒါ ဉာဏ်ဖြစ်ခြင်း အကျိုးငှာ လည်းကောင်း၊ သတ္တဝါတိုင်း၏ ဘာသာစကားကိုသိသော နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ဖြစ်ခြင်း အကျိုးငှာလည်းကောင်း၊ အနက်၊ သဒ္ဒါ၊ အဓိပ္ပာယ် ဘာသာကို ထိုးထွင်းသိသော ပဋိဘာနပဋိ သမ္ဘိဒါဉာဏ်ဖြစ်ခြင်း အကျိုးငှာလည်းကောင်း၊ အကြောင်းအကျိုး ဟုတ်သည်၊ မဟုတ်သည်ကို သိသော ဌာနာဌာနကောသလ္လဉာဏ်ဖြစ်ခြင်း အကျိုးငှာလည်းကောင်း ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။

မဂ်ဉာဏ်က ပဋိသမ္ဘိဒါဉာဏ်ကို ဖြစ်စေသည့်သာဓကကို အရှင်စူဠပန်၏ ဝတ္ထုဖြင့် ပြပါမည်။ အရှင်စူဠပန်သည် မြတ်စွာဘုရားရှင်၏ ရူပကာယ အသရေတော် တင့်တယ်မှုကို ဖူးမြော်ရန် ဖွဲ့ဆိုထားသည့် စာလေးကြောင်းမျှသာရှိသည့် ဂါထာတော်ကို လေးလတာကာလ ပတ်လုံး ကျက်မရနိုင်လောက်အောင်ပင် ဉာဏ်ရည် ဉာဏ်သွေး ထိုင်းမှိုင်းတော်မူရှာပါသည်။

ဤမျှ ဉာဏ်ထုံထိုင်းနေသည့် ညီတော်အရှင်စူဠပန်ကို နောင်တော်ဖြစ်သူ အရှင် မဟာပန်က ရဟန်းဘဝဖြင့်နေလျှင် အကျိုးများမည်မဟုတ်ဟု ဆင်ခြင်ကာ လူထွက်ရန် တိုက်တွန်းတော်မူ၏။ သို့ပါသော်လည်း အရှင်စူဠပန်က မိမိရရှိထားသည့် ရဟန်းဘဝ၌ မွေ့လျော်တော်မူ၏။ မြင့်မြတ်သည့်ဘုရားရှင်၏ သာသနာ့ဝန်ထမ်း ရဟန်းဘဝမှသည် ယုတ်ညံ့သည့် လူ့ဘဝသို့ မရွေ့လျောချင်ဘဲ ရှိနေရှာ၏။

တစ်နေ့တွင် ဆရာဇီဝကသည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များအား ဆွမ်းကပ် လှူရန် လျှောက်ထားလာ၏။ အရှင်မဟာပန်က ကျောင်း၌ သံဃာငါးရာရှိပါသော်လည်း ညီဖြစ်သူ အရှင်စူဠပန်ကို ချန်လှပ်ကာ ၄၉၉-ပါး ရှိသည်ဟု ဆရာဇီဝကကို မှာကြားလိုက်၏။ ထိုအခါ အရှင်စူဠပန်သည် အလွန်အမင်း ဝမ်းနည်းကာ မနက်ဖြန်မိုးသောက်လျှင် လူ ထွက်မည်ဟု ဆုံးဖြတ်တော်မူလေ၏။

မြတ်စွာဘုရားရှင်သည် နံနက်မိုးသောက်အချိန် ရောက်သောအခါ ကျောင်း၏မုခ်ဝ၌ စင်္ကြံကြွကာ အရှင်စူဠပန်ကို စောင့်ဆိုင်းနေတော်မူ၏။ ထိုအခါ အိမ်ပြန်ရန် ဇေတဝန်ကျောင်း မုခ်ဝသို့ ရောက်လာသည့် အရှင်စူဠပန်ကို “ချစ်သား ဘယ်ကိုသွားမလို့လဲ” ဟု မေးတော်မူ၏။ အရှင်စူဠပန်က ဖြစ်စဉ်အကြောင်းအရာတို့ကို လျှောက်ထား၏။

ထိုအခါ ဘုရားရှင်သည် အရှင်စူဠပန်ကို ဂန္ဓကုဋီတိုက်အတွင်းသို့ ခေါ်တော်မူပြီး သူ၏စရိုက်နှင့် လျော်ညီသည့် ကမ္မဋ္ဌာန်းပေးတော်မူရာ ပဋိသမ္ဘိဒါဉာဏ်နှင့်တကွ စိတ်ဖြင့် ပြီးသည့်ကိုယ်ကို ဖန်ဆင်းရာ၌လည်းကောင်း၊ ရူပါဝစရ ဈာန်ဝင်စားရာတွင်လည်းကောင်း ဧတဒဂ်နှစ်ပါးရ ရဟန္တာကြီး ဖြစ်တော်မူ၏။ ပဋိသမ္ဘိဒါဉာဏ်ရသည့် အရှင်စူဠပန်သည် ပါဠိစာပေကို မသင်ကြားရဘဲ၊ မကျက်ရဘဲ အလိုလိုပင် ပိဋကတ်တော်လာ တရားတို့ကို သိပြီး၊ နားလည်ပြီး ဖြစ်နေပါတော့သည်။

အရှင်စူဠပန် ဤမျှဉာဏ်ထိုင်းရခြင်းမှာလည်း အကြောင်းမဲ့ မဟုတ်ပါပေ။ သူရဟန်း ဖြစ်ခဲ့သည့် တစ်ခုသောဘဝ၌ ဉာဏ်လေးသည့် ရဟန်းတော်များကို ကဲ့ရဲ့ပြစ်တင် လှောင်ပြောင် ခဲ့ဖူးသည့် ကံကြွေးကို ပေးဆပ်နေရခြင်း ဖြစ်ပါသည်။

ပဋိသမ္ဘိဒါဉာဏ်ရခြင်းကလည်း အကြောင်းမဲ့ မဟုတ်ပါ။ သံသရာ၌ ဘုရားသာသနာတော်နှင့် ကြုံသည့် အခါသမယကောင်းများတွင် အဘိဓမ္မာသင်ကြားခဲ့ဖူးသူဖြစ်မှသာ မဂ်ရသည့်အခါ၌ အခြားပုဂ္ဂိုလ်များနှင့် မတူဘဲ ပဋိသမ္ဘိဒါဉာဏ် ရနိုင်ပါသည်။

အရှင်စူဠပန် လေးလတာကာလပတ်လုံး ကျက်မရနိုင်ခဲ့သည့် ဂါထာတော်ကိုလည်း ဗဟုသုတအလို့ငှာ ဖော်ပြပေအံ့။

ပဒုမံ ယထာ ကောကနုဒံ သုဂန္ဓံ၊

ပါတော သိယာ ဖုလ္လမဝီတဂန္ဓံ။

အင်္ဂီရသံ ပဿ ဝိရောစမာနံ၊

တပန္တမာဒိစ္စမိဝန္တလိက္ခေ။

ကျမ်းညွှန်း  * (၇) ပဌာန်းပဉှာဝါရ၊ အတီတတ္တိက၊ ဓမ္မာနုလောမ တိကပဌာနပါဠိ (အတွဲ-၂၊ နှာ-၄၁၄)
               * လယ်တီဆရာတော်ကြီး၏ ပဌာနုဒ္ဒေသ ဒီပနီကျမ်း
               * (၁၅၃) အတ္ထင်္ဂတသိက္ခာပဒဝဏ္ဏနာ ဩဝါဒဝဂ္ဂ၊ ပါစိတျာဒိအဌကထာ (နှာ-၆၈)
               * ဓမ္မပဒအဌကထာ (အတွဲ-၁၊ နှာ-၁၅၃)

ပကတူပနိဿယသတ္တိဖြင့် ဗောဓိပက္ခိယတရား ၃၇-ပါးကို ကျေးဇူးပြု

 

မဂ် ဖိုလ် နိဗ္ဗာန်အလို့ငှာ ကျင့်ကြံအားထုတ်ရာတွင် ဤဘဝတွင် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ရန်မှာမူ ဗောဓိပက္ခိယတရား ၃၇-ပါးကို ပွားများရပါမည်။ ပွင့်တော် မူလတ္တံ့သော ဘုရားရှင် လက်ထက်တော်၌ ပရိနိဗ္ဗာန်ပြုနိုင်ရန် နှလုံးသွင်းထားရှိသူအဖို့မှာမူ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ရပေမည်။ ဤတွင် နိဗ္ဗာန်တရားသည် ပါရမီတရားတို့ကို ဖြစ်စေရန်လည်းကောင်း၊ ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို ဖြစ်စေရန်လည်းကောင်း ပကတူပနိဿယသည် အားကြီးသောအကြောင်း ဗလဝပစ္စယ ဖြစ်၏။

ထို့ကြောင့် ပဋ္ဌာန်းပဥှာဝါရတွင် “သဒ္ဓံ။ ပ။ သီလံ။ ပ။ သုတံ။ ပ။ စာဂံ။ ပ။ ပညံ ဥပနိဿယ ဒါနံဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ” ဟု လာရှိ၏။

ဗောဓိပက္ခိယတရားနှင့် ပါရမီတရားတို့၏ အသင်းအပင်းဖြစ်ကြသည့် သဒ္ဓါတရား တည်းဟူသော ယုံကြည်ခြင်းသည်၊ သီလသည်၊ အကြားအမြင် ဗဟုသုတသည်၊ စွန့်ကြဲခြင်း စာဂသည်၊ ဉာဏ်ပညာတို့သည် အားကြီးစွာ အမှီပြု၍ အလှူဒါနကို ပေးသည်၊ ငါးပါးသီလ ဆောက်တည်သည်၊ ရှစ်ပါးသောဥပုသ်သီလကို ဆောက်တည်သည်၊ ဈာန်ကို ဖြစ်ပေါ်စေ၏၊ ဝိပဿနာကို ဖြစ်ပေါ်စေ၏၊ မဂ်ကို ဖြစ်ပေါ်စေ၏၊၊ အဘိညာဉ် တန်ခိုးကို ဖြစ်ပေါ်စေ၏၊၊ သမာပတ်ကို ဖြစ်ပေါ်စေ၏။

(ကု-ကု) သဒ္ဓါ။ သီလံ။ သုတံ။ စာဂေါ။ ပညာ။ သဒ္ဓါယ။ သီလဿ။ သုတဿ။ စာဂဿ။ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။

သဒ္ဓါတရားတည်းဟူသော ယုံကြည်ခြင်းသည်၊ သီလသည်၊ အကြားအမြင် ဗဟုသုတ သည်၊ စွန့်ကြဲခြင်း စာဂသည်၊ ဉာဏ်ပညာသည် သဒ္ဓါတရားတည်းဟူသော ယုံကြည်ခြင်းအား၊ သီလအား၊ အကြားအမြင် ဗဟုသုတအား၊ စွန့်ကြဲခြင်း စာဂအား၊ ဉာဏ်ပညာအား ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

(၂) ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ (ကု-အကု)

 

ကုသိုလ်တည်းဟူသော အကြောင်းဓမ္မက အကုသိုလ်တည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာပါဠိတော်ကို ပြရလျှင် “သဒ္ဓံ ဥပနိဿာယ မာနံ ဇပ္ပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ” သဒ္ဓါတရားတည်းဟူသော ကုသိုလ်အကြောင်းကြောင့် မာနဖြစ်တတ်ကြောင်းကို ပြသောပါဠိ ဖြစ်ပါသည်။

ပမာပြရသော် လူ့လောကကြီးတွင် အချို့ ဥပါသကာ၊ ဥပါသိကာမတို့က ကုသိုလ် အလို့ငှာ ပဋ္ဌာန်း ပူဇော်လေ့ ရှိကြပါသည်။ “သူတို့ တို့လို သဒ္ဓါတရား မရှိကြဘူး၊ ရှိကြဦးတော့ တို့သဒ္ဓါကို ဘယ်မှီမလဲ၊ ကြည့်ပါလား ပဋ္ဌာန်းပူဇော်တယ်ဆိုပြီး ပစ္စယုဒ္ဒေသ ၂၄-ပစ္စည်းနှင့် ပြီးနေတာ၊ တို့က အခုပဋ္ဌာန်းကျမ်းကြီးတွေ နေ့တိုင်း ပူဇော်လာတာ ဆယ်ကြိမ်ပြည့်ပြီ” ဟူ၍ လည်းကောင်း၊ “သူတို့က ပဋ္ဌာန်းပူဇော်ရုံသာ ပူဇော်တတ်တာ၊ တို့က အဓိပ္ပာယ်နှင့်တကွ ပဥှာဝါရကို ပူဇော်တာလေ”ဟူ၍လည်းကောင်း မိမိပြုလေ့ရှိသည့် အာစိဏ္ဏကံကုသိုလ်ကို ဝါကြွားနေခြင်းသည် “သဒ္ဓံ ဥပနိဿာယ မာနံ ဇပ္ပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ” ပေတည်း။

 

မီးကျီးခဲပေါ် ယင်မနားသကဲ့သို့

 

လောကုတ္တရာတရားဟူသည် အလွန်ပင် သိမ်မွေ့၏။ ၎င်းကို လောဘစိတ်ဖြင့် အာရုံ ပြု၍ မရနိုင်ပါ။ ကိလေသာက လက်လှမ်းမမှီပါဟု ပြောနိုင်ပါသည်။ လက်လှမ်းမမှီခြင်း ဟူသည် ရဲနေသည့် မီးကျီးခဲပေါ် ယင်မနားနိုင်သကဲ့သို့ မဂ်စိတ် ဖိုလ်စိတ်ကို လောဘက မတွယ်ဝံ့ပေ။ လောကုတ္တရာစိတ်ကို ကိလေသာမကပ်နိုင်ပါ။ ရဲနေသည့် အသားတုံးကမူ ယင်ကောင်အကြိုက် ဖြစ်သကဲ့သို့ ပုထုဇဉ်၏ စိတ်သည် ကိလေသာ၏ တည်ရာမှီရာ ပျော်စံရာ ဖြစ်နေပေတော့သည်။

 

ဆုတောင်းခြင်းအကြောင်း

 

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဟူသော သူတော်ကောင်းတရား ၅-ပါးကို ဖြည့် ကျင့်သည်။ သို့သော် ထိုသူ၌ ဆုတောင်းမရှိလျှင်မူ သူ၏ဂတိ မမြဲနိုင်ပါ။ တစ်ဖန် သူတော် ကောင်းတရားငါးပါး မရှိလျှင်လည်း ထိုသူ၏ဂတိ မမြဲပါ။ တစ်ပါးသောသူမှာမူ သူတော် ကောင်းတရား ငါးပါးလည်း ရှိ၏၊ ဆုတောင်းလည်း ရှိလျှင်မူ ဂတိမြဲသည်။

ထို့ကြောင့် ‘တသ္မာ ကုသလံ ကမ္မံ ကတွာ ဧကသ္မိံ ဌာနေ ပတ္ထနံ ကာတုံ ဝဋ္ဋတိ’ ဟု လာရှိသဖြင့် ကုသိုလ်ပြုပြီးပါက ဆုတောင်းသင့်ပါသည်။ သို့မဟုတ်ပါက ကောင်းကင်ပေါ်သို့ ပစ်လိုက်သော တုတ်ချောင်းက မြေပြင်ပေါ်သို့ အရင်းပိုင်းနှင့်ကျမည် (သို့မဟုတ်) အဖျားပိုင်းနှင့် ကျမည်ကို ဧကန်မပြောနိုင်သကဲ့သို့ သတ္တဝါတို့၏ ရှေ့လာမည့်ဘ၀ ပဋိသန္ဓေနေရမည့် ဂတိကိုလည်း ဧကန်ပြောမရပါ။

ကျမ်းညွှန်း * (၁၆၁) သင်္ခါ ရူပပတ္တိ သုတ္တဝဏ္ဏနာ၊ အနုပဒဝဂ္ဂ၊ ဥပရိပဏ္ဏာသအဌကထာ (နှာ-၁၀၄)

 

အခြေခံတစ်ခုကြောင့် ကုသိုလ် အကုသိုလ် နှစ်မျိုးဖြစ်နိုင်သည်

 

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ တရားတွေ အားကောင်းပါက ကုသိုလ်တရား ဖြစ်မည်။ ရာဂ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိများ အားကောင်းပါက အကုသိုလ်ဖြစ်မည်။ ဤသည်မှာ ပကတူပ၏ သတ္တိပေတည်း။ သို့သော် ပဥှာဝါရ၌မူ အခြေခံတစ်ခုကြောင့် ကုသိုလ် အကုသိုလ် နှစ်မျိုးလုံး ဖြစ်နိုင်သည်။

 

(၃) ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ (ကု-ဗျာ)

 

ယုံကြည်ချက် သဒ္ဓါတရားဟူသော ကုသိုလ်ကြောင့် ရှေ့ဆက်၍ ကုသိုလ်ဖြစ်နိုင်သည်။ ပမာပြရသော် မိမိ၏ပိုင်ဆိုင်မှုကို စွန့်လွှတ်ပြီး ဒါနပြုနိုင်ခြင်းသည်လည်းကောင်း၊ အပင်ပန်းခံပြီး တရားအားထုတ်ခြင်း၊ သီလဆောက်တည်ခြင်းတို့ကို ပကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းပေတည်း။

ကုသိုလ်တည်းဟူသော အကြောင်းဓမ္မက အဗျာကတတည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုရာတွင် မှတ်သားစရာပါဠိတစ်ခုကို ပြရသော် “သဒ္ဓံ ဥပနိဿာယ အတ္တာနံ အာတာပေတိ” လောက၌ သဒ္ဓါတရားသာ ထက်သန်နေမည်ဆိုပါက ပြုလုပ်စရာကိစ္စရပ်များအတွက် “အေးသေးလို့၊ ပူနေသေးတယ်” စသည်ဖြင့် တစ်စုံတစ်ရာ ဆုတ်နစ်တွန့်တိုမှုမရှိဘဲ ပြုလုပ်နိုင်ပါသည်။ သို့သော် ထိုသို့ လုပ်ဆောင်ရသဖြင့် မောပန်း နွမ်းနယ်ခြင်းစသည့် ကာယိကဒုက္ခဝေဒနာများကြောင့် ခန္ဓာကိုယ်ကြီးကို ပူပန်စေပါသည်။ ထက်ဝန်းကျင်၌လဲ ပူပန်စေပါသည်။

“ပရိယိဋ္ဌိမူလကံ ဒုက္ခံ ပစ္စနုဘောတိ ” —– သဒ္ဓါတရားရှိလာပါက ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုနိုင်ပါသည်။ သဒ္ဓါတရားမရှိလျှင် အနည်းငယ်မျှသော ကုသိုလ်ကိုပင် ပြုနိုင်မည် မဟုတ်ပေ။ ဤသို့ ပြုနိုင်ရန်အတွက် ပစ္စည်းဥစ္စာရှိမှ ဖြစ်သဖြင့် ပစ္စည်းဥစ္စာကို ရှာရပါလိမ့်မည်။ ကြိုးစားရှာဖွေရာတွင်လည်း နေပူ မိုးရွာမရှောင် ရှာရသောကြောင့် ရှာမှီးရမှုကြောင့် ကာယိက ဒုက္ခကို ဧကန်ခံစားရမည်။

“သီလံ ဥပနိဿာယ” —- သီလဝန္တပုဂ္ဂိုလ်ဟူသည် မိမိ၏သီလကို လုံစေရန်၊ ကျင့်ဝတ်ပြည့်စုံစေရန် စောင့်ရှောက်ရာတွင် အဗ္ဘောကာသိက ဓူတင်စသည်ကို ဆောက်တည်ရသဖြင့် မိမိကိုယ်ကို ပူပန်စေပါသည်။ ထက်ဝန်းကျင်မှ ပူပန်စေပါသည်။ ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ထားသဖြင့် နေပူမိုးရွာမရှောင် ဆွမ်းခံထွက်သည့်အခါ ဆွမ်းကို ရှာမှီးခြင်း အကြောင်းခံဖြစ်သည့် ဒုက္ခဝေဒနာကို ခံစားရသည်။ ရှစ်ပါးသီလကို စောင့်ထိန်းထားသည့် ဥပါသကာအနေဖြင့်လည်း ညစာမစားရခြင်း၊ ပန်းနံ့သာမလိမ်းရခြင်းကြောင့် ပင်ပန်းမှုရှိနေ ပါသည်။

“စာဂံ ဥပနိဿာယ” —- ထို့နောက် စွန့်ကြဲပေးကမ်းသည့် ပုဂ္ဂိုလ်သည်လည်း စွန့်ကြဲပေးကမ်းရန်အတွက်သာ မိမိ၏စိတ်ကို ညွှတ်ထားသဖြင့် မိမိအဖို့ မျှတလောက်အောင်ပင် ချန်မထားတော့ဘဲ အားလုံး စွန့်ကြဲ လှူဒါန်းလိုက်ခြင်းကြောင့် ပင်ပန်းမှု၊ ပူလောင်မှု ရှိသည်။

 

သဒ္ဓါတရားကောင်းလွန်းတဲ့ ကာဏမာတာ

 

သာဝတ္ထိမြို့တွင် ကာဏာဟုအမည်ရသည့် သတို့သမီးတစ်ဦး ရှိလေသည်။ ကာဏာ၏ အဓိပ္ပာယ်မှာ မျက်ကန်းဖြစ်ပါသော်လည်း သူ မျက်စိကန်းနေသူ မဟုတ်ပါ။ သူ့ကို မြင်မြင်သမျှ ပုရိသယောက်ျားတိုင်း ရာဂစိတ်ကြောင့် အကန်းပမာ ဖြစ်ကုန်ကြသဖြင့် ကာဏာဟု အမည်တွင်နေခြင်း ဖြစ်ပါသည်။ ကာဏာ၏ မိခင်ကြီးကို ကာဏမာတာဟု ခေါ်ပါသည်။ သူသည် ရတနာသုံးပါးကြည် ညိုပြီး သဒ္ဓါတရား အလွန်ကောင်းသူ ဖြစ်ပါသည်။ ကာဏ မာတာသည် သမီးချောကို တစ်ပြည်တစ်ရွာက သတို့သားတစ်ယောက်နှင့် ထိမ်းမြားပေးလိုက် ပါသည်။

ကာလအတန်ကြာသောအခါ ကာဏာက သူ့မိခင်အိမ်ကို အလည်အပတ် ပြန်လာ ပါသည်။ သူ့ခင်ပွန်း ယောကျ်ားက လူလွှတ်ပြီး အမြန်ပြန်လာဖို့ မှာကြားလေသည်။ ထိုအခါ မိခင်ဖြစ်သူ ကာဏမာတာက ‘လက်ဆောင်မပါ လက်ချည်းသက်သက်ပြန်ရတာ ငါ့သမီး မျက်နှာငယ်ရှာမယ်’ ဟုဆိုကာ မုန့်ကြော်ပေးနေ၏။

ထိုအချိန်တွင် ရဟန်းတော်များ တစ်ပါးပြီးတစ်ပါး ဆွမ်းခံကြွလာသဖြင့် ကြော်ထားသည့် မုန့်များကို လောင်းလှူလိုက်ရာ မုန့်မကျန်တော့ပါ။ ထို့ကြောင့် သမီးကိုမနက်ဖြန်မှ ပြန်ခိုင်းပြီး နောက်တစ်နေ့ မုန့်ကြော်ပြန်ရာ ရှေးနည်းအတူ ရဟန်းတော်များကို လှူဒါန်းသဖြင့် ကုန်သွား ပါသည်။ ဤသို့ဖြင့် နောက်ရက်၊ နောက်ရက်များ၌လည်း ဆွမ်းလောင်းနေသောကြောင့် မုန့်ကုန်သွားသဖြင့် ကာဏာမပြန်နိုင်ဘဲ ဖြစ်နေရှာပါသည်။ သူ၏လင်ယောကျ်ားက လူလွှတ်ပြီး သုံးကြိမ်တိုင်တိုင် ခေါ်သော်လည်း ကာဏာမလာနိုင်သေးသောကြောင့် နောက်အိမ်ထောင် ပြုလိုက်သဖြင့် ကာဏာ ငိုနေပါတော့သည်။

ကာဏာငိုကြွေးနေသည်ကို ဘုရားရှင်ကြွလာခိုက် မြင်တော်မူသဖြင့် တရားဟော ပေးတော်မူပါသည်။ ရဟန်းတော်တို့ကိုလည်း အလှူခံရာတွင် အတိုင်းအရှည် သိတတ်ရန် ဝိနည်းပညတ်တော်မူပါသည်။ ကာဏာ၏ လင်ယောကျ်ားကလည်း ဘုရားရှင်ကြွလာတော် မူကြောင်း ကြားသိရသဖြင့် ကာဏာကိုပြန်၍ လက်ခံလေသည်။ သဒ္ဓါတရားကို အခြေခံကာ စွန့်ကြဲလှူဒါန်းသဖြင့် ပူလောင်ပြီး ငိုကြွေးရသည့် သာဓကပင်တည်း။

“ပညံ ဥပနိဿာယ” —- ပညာရှိဟူ၍ ဖြစ်လာပါက အဆင့်ဆင့်ပညာကို တိုးပွားနိုင်ရန် အချမ်းအပူ စသည်ကို ဂရုမထားနိုင်ဘဲ စာကျက်ရသည်၊ စာပြန်ရသည်၊ နှလုံးသွင်းရသည် ထိုထို အားထုတ်မှုတွေအတွက် ပူပန်စေသည်။ ပညာရှိသည် ဝိနည်းသီလကို သိနားလည်သဖြင့် မိစ္ဆအာဇီဝ၌ အပြစ်မြင်သည်။ သမ္မအာဇီဝ၌ အကျိုးကို မြင်စွမ်းသည်။ မိစ္ဆအာဇီဝကို ပယ်စွန့်ပြီး စင်ကြယ်သည့် အသက်မွေးခြင်းလည်း ရှာမှီးခြင်း အကြောင်းခံသဖြင့် ဆင်းရဲကို ခံစား ရပါသည်။

ကျမ်းညွှန်း * (၂၃၀) ကာဏာမာတုသိက္ခာပဒ၊ ဘောဇနဝဂ္ဂ၊ ပါစိတ္တိယပါဠိ (နှာ-၁၀၆)

 

မဟာသီဝမထေရ်

 

မဟာသီဝမထေရ်ကြီး၏ ပညာအကြောင်းခံပြီး ကာယိက ဒုက္ခဖြစ်ပုံမှာလည်း မှတ်သားစရာ ကောင်းလှပါသည်။ မထေရ်မြတ်သည် သီဟိုဠ်ကျွန်း၊ မဟာဂါမရွာရှိ မဟာဝိဟာရ ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူပါသည်။ သံဃာတော်အရှင်မြတ်တို့အား ပါဠိ၊ အဋ္ဌကထာတို့ကို ပို့ချပေးတော်မူပါသည်။ အရှင်မြတ်ထံပါး နည်းခံပြီး တရားအားထုတ်ကာ ရဟန္တာဖြစ်သွားသည့် တပည့်သံဃာများပင် သုံးသောင်းခန့် ရှိပြီးဖြစ်နေပါသည်။

ထိုတပည့် ရဟန္တာအရှင်မြတ်များထဲမှ တစ်ပါးက ဆရာသခင်ဖြစ်သူ ပုထုဇဉ်သာ ဖြစ်နေသေးသည်ကို သတိပြုမိသဖြင့် ဆရာ့ထံပါးကြွလာကာ-

“အရှင်ဘုရား တပည့်တော် အနုမောဒနာတရားတစ်ပုဒ် သင်လိုပါတယ်ဘုရား” ဟု လျှောက်ထားရာ –

“အချိန်မရှိဘူး ငါ့ရှင်”

“အရှင်ဘုရား ဒီလိုဆိုရင် ဆွမ်းခံမကြွခင် စုရပ်တန်ဆောင်းမှာ မေးလျှောက်ပါရစေဘုရား”

“အဲဒီမှာလည်း မေးတဲ့သူတွေရှိနေတယ် ငါ့ရှင်”

“အရှင်ဘုရား ဆွမ်းခံကြွနေတုန်း လမ်းမှာ မေးပါရစေဘုရား”

“အဲဒီမှာလည်း မေးတဲ့သူတွေ ရှိနေတယ် ငါ့ရှင်”ဟု စသည်ဖြင့် ဖြေကြားတော်မူသည်။

“အရှင်ဘုရားမှာ သေဖို့အချိန်တောင် ရှိမှ ရှိသေးရဲ့လားဘုရား”ဟု လျှောက်ထားပြီး

ဈာန်အဘိညာဉ်တန်ခိုးဖြင့် ကောင်းကင်ခရီးကို ကြွတော်မူပါသည်။

ထိုအခါ မဟာသီဝမထေရ်ကြီးလည်း “ငါ့တပည့်ကတောင် ငါ့ကို သတိပေးလာပြီ၊ ငါ တရားအားထုတ်ဦးမှ” ဟု ဆုံးဖြတ်တော်မူကာ သပိတ်ကိုလွယ်ပြီး တောထဲ ကြွသွားတော် မူပါသည်။

တစ်ရက်နှစ်ရက်အားထုတ်လျှင် တရားရမည် ထင်တော်မူပါသော်လည်း တရားမရဘဲ ဖြစ်နေပါသည်။ ထို့ကြောင့် တောထဲဝါဆိုပြီး ဝါကျွတ်လျှင်ရဟန္တာအဖြစ်နှင့် ကျောင်းပြန်ပြီး တပည့်သံဃာတော်တို့နှင့်အတူ ပဝါရဏာပြုရန် ကြိုးစားတော်မူပါသော်လည်း တရားထူး မရခဲ့ပါပေ။

မထေရ်မြတ်သည် အနှစ်သုံးဆယ်ပြည့် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ကို ရောက်လာသော်လည်း တရားထူးမရသေးပေ။ ထိုအခါ မထေရ်မြတ် ဆင်ခြင်တော်မူသည်မှာ ‘အရိုး ကြေကြေအရေခန်းခန်း မလျှော့သော ဇွဲလုံ့လဝီရိယဖြင့် အားထုတ်ပါသော်လည်း တရား မရသောကြောင့် ဤတစ်သက် တရားရရန်အကြောင်းများ မရှိလေရော့ပြီထင်’ ဟု တွေးမိကာ တစ်ပါးတည်း ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။

ထိုအခိုက် သီတင်းသုံးရာ ဂူအပြင်ဘက်တွင် အမျိုးသမီးတစ်ဦး၏ ငိုသံကို ပီပီသသ ကြားနေရသဖြင့် –

“အပြင်ကငိုနေတာ ဘယ်သူလဲ”ဟု မေးတော်မူရာ

“တပည့်တော်မ နတ်သမီးပါဘုရား”

“နင်က ဘာလို့ ငိုနေရတာလဲ” ဟု ထပ်ဆင့်မေးတော်မူရာတွင် နတ်သမီးက

“မဂ်ဖိုလ်ရအောင် ငိုနေတာပါဘုရား”ဟု ဖြေကြားလေ၏။

မထေရ်မြတ်ကြီးဟာ သတိပြန်ဝင်လာကာ ‘ငိုနေရုံနဲ့ တရားမရဘူးလို့ နတ်သမီး ကတောင် ငါ့ကို လှောင်ပြောင်နေပြီ’ ဟု ဆင်ခြင်တော်မူပြီးနောက် မိမိဖြည့်ကျင့်ခဲ့သည့် သီလ၊ သမာဓိ၊ ပညာတို့ကို ဆင်ခြင်သုံးသပ်တော်မူပြီး ဆက်လက် အားထုတ်တော်မူရာ ပဋိသမ္ဘိဒါ လေးပါးနဲ့တကွ ရဟန္တာဖြစ်တော်မူပါသည်။

ကျမ်းညွှန်း * မဟာဝဂ္ဂအဌကထာ၊ မဟာသီဝတ္ထေရဝတ္ထု (နှာ-၃၁၉)

(၄) အကုသလော ဓမ္မော အကုလဿ ဓမ္မဿ (အကု-အကု)

 

သုတသောမမင်းနှင့် ပေါရိသာဒ

 

(အကု၊ အကု-၁) ရာဂံ ဥပနိဿာယ ပါဏံ ဟနတိ၊ ရာဂကို အားကြီးစွာအမှီပြု၍ ပါဏံ ဟနတိ သူ့အသက်ကို သတ်၏။

ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်ပြည့်ရှင် သုတသောမမင်းကြီးသည် တက္ကသိုလ်ပြည်တွင် ပညာသင်ကြားခဲ့သည့် တစ်ရာ့တစ်ပါးသော စာသင်ဖက်မင်းသားတို့၏ ဆရာဖြစ်လေသည်။

သုတသောမမင်း၏ တပည့်လည်းဖြစ်၊ စာသင်ဖက်လည်းဖြစ်သော အရင်းနှီးဆုံး မိတ်ဆွေက ဗာရာဏသီပြည့်ရှင်မင်း ဖြစ်ပါသည်။ သူသည် အသားကို အလွန်ခုံမင်နှစ်သက်သူ ဖြစ်သည်။ တစ်နေ့သောအခါ စားတော်ချက် ရသကအနေဖြင့် အသားမရှိတော့သောကြောင့် လူသားကိုချက်ပြီး ပွဲတော်ဆက်လေ၏။ ထိုနေ့မှစ၍ မင်းကြီးသည် အခြားအသားကို မဆက်သ စေဘဲ လူသားကိုသာ နေ့စဉ်ဆက်သရန် မိန့်ကြား၏။ ထို့ကြောင့် ရသကလည်း လူသားကို နည်းမျိုးစုံဖြင့် ရရှိနိုင်ရန် ကြိုးပမ်းကာ ဆက်သလာရာ မကြာမြင့်မီကာလတွင် မင်းကြီး၏ ဇာတ်တူသား စားနေသည့်အဖြစ်ကြီးက ဖုံးမရ ဖိမရ ပေါ်ပေါက်၍ လာပါတော့သည်။

စစ်သူကြီး ကာဠဟတ္ထိမှ ဇာတ်တူသားစားခြင်းကြောင့် ပျက်စီးခဲ့ရသည့် ဇာတ်တော် များကို အထောက်အထားများဖြင့်ပြကာ လျှောက်ကြားပါသော်လည်း မရခဲ့ပါ။ “မင်းစည်းစိမ် ကိုသာ စွန့်ဖို့လိုလျှင် စွန့်မည်၊ လူသားစားခြင်းကိုမူ ငါ မစွန့်နိုင်” ဟု ပြောလာသဖြင့် နောက်ဆုံး လက်လျှော့လိုက်ရပါတော့သည်။

ထိုအခါ စစ်သူကြီးက တိုင်းသူပြည်သားတို့၏ ဆန္ဒအရ မင်းကြီးကို တိုင်းပြည်မှ ထွက်သွားရန် နှင်ထုတ်သောအခါ သန်လျက်တစ်ချောင်း၊ စားတော်ကဲ ရသကနှင့် လူသား ချက်ရန် အိုးတစ်လုံးတို့ကို တောင်းယူ၍ တိုင်းပြည်မှ ထွက်ခွာသွားတော့၏။ မင်းနှင့် စားတော်ကဲ ရသကတို့သည် တစ်ခုသောတောအုပ် ပညောင်ပင်ရင်း၌နေလျက် လမ်းသွားလမ်းလာတို့ကို ဖမ်းဆီး စားသောက်တတ်သောကြောင့် ပေါရိသာဒဟု အမည်တွင်လေ၏။

တစ်နေ့သောအခါ လူသားကိုမရသဖြင့် ပေါရိသာဒက သူ၏စားတော်ကဲရသကကိုပင် သတ်၍ စားလေတော့၏။ (“မရလျှင် ရသကကိုချိုင်”သည်ဆိုသော စကားပုံသည် ဤကိုစွဲ၍ ဖြစ်လာသည်။)

ထို့နောက် ပေါရိသာဒသည် လူတစ်ယောက်ကိုသတ်ရန် လိုက်လံဖမ်းဆီးရာ လူအများ ဝိုင်းအုံလိုက်လာသောကြောင့် ထွက်ပြေးပြီး အမြင့်တစ်ခုကို ခုန်ကျော်ရာတွင် ခြေဖဝါးကို ရှားငုတ်တစ်ချောင်း ထုတ်ချင်းပေါက် စူးဝင်လေ၏။

ထိုဒဏ်ရာက အလွန်ပြင်းထန် နာကျင်လှသဖြင့် သူ၏နေရာ ပညောင်ပင်ရင်း၌ အိပ်လျက်နေရာမှ “အရှင်ပညောင်ပင်စောင့်နတ်မင်း၊ အကယ်၍ အကျွန်ုပ်၏အနာကို ခုနစ်ရက်အတွင်း ပျောက်အောင် ကယ်မနိုင်မည်ဆိုလျှင် အသင့်ကို ဇမ္ဗူဒိပ်ကျွန်းရှိ တစ်ရာ့ တစ်ပါးသောမင်းတို့၏ လည်ချောင်းသွေး၊ အူ၊ အသားတို့ဖြင့် ပူဇော်ပါအံ့” ဟု တောင်းပန် လေ၏။

နတ်ကမစောင့်ရှောက်ရဘဲ ကံအားလျော်စွာ သူ၏အနာသည် ခုနစ်ရက်အတွင်း၌ ပျောက်လေ၏။ ပေါရိသာဒက နတ်မင်း မစသည်ဟူသော အယူကိုယူ၍ ကတိအတိုင်း တစ်ရာ့ တစ်ပါးသောမင်းတို့ကို ဖမ်းကာ ပူဇော်ရန် ထွက်လာခဲ့၏။

ဤတွင်လည်း ကံအားလျော်စွာပင် ရှေးဘဝက မိတ်ဆွေဖြစ်ခဲ့ဖူးသော ဘီလူး တစ်ယောက်နှင့် တွေ့ဆုံရပြီး ထိုဘီလူးထံမှ ပဒလက္ခဏမည်သော မန္တရားတစ်ခုကို ရခဲ့၏။ ထိုမန္တရား၏ စွမ်းပကားက လျင်မြန်စွာ ပြေးနိုင်၏။ ခွန်အားကြီး၏။ ရဲရင့်၏။ ရန်သူတို့ကို နိုင်၏။

ပေါရိသာဒသည် ဂါထာ၏အစွမ်းဖြင့် မင်းအပေါင်းတို့ကို ဥယျာဉ်ထွက်ရာ စသည်တို့၌ “ငါ ပေါရိသာဒတည်း” ဟု ဟစ်အော်၍ လိုက်ဖမ်းလျှင်အခြွေအရံ အစောင့်အရှောက်တို့က လန့်ဖျပ်ပြေးလေရကား အလွယ်နှင့်သာ ဖမ်းရလေ၏။ ရခဲ့သောမင်းတို့ကို လက်ဝါး၌ အပေါက် ဖောက်၍ ကြိုးဖြင့်သီပြီးလျှင် ခြေဖျားတို့ကိုသာ မြေ၌ထိစေလျက် ပညောင်ပင်၌ ဆွဲထားလေ၏။

သုတသောမမင်းကိုကား ဆရာဖြစ်ဖူးသည့်အတွက် မဖမ်းယူဘဲ ထားလေ၏။ ထိုသို့ဖြင့် ရသမျှသော မင်းအပါးတစ်ရာဖြင့်သာ ပူဇော်အံ့ဟု မီးညှိခြင်း၊ တံစို့ချွန်ခြင်းတို့ကို ပြုလျက်နေ၏။

ထိုအခါ ပညောင်ပင်စောင့်နတ်သည် ငါကား ပေါရိသာဒ၏ အနာပျောက်ရန် တစ်စုံ တစ်ရာမပြုရပါဘဲ ငါပြုသည်ထင်ကာ မင်းတို့ကိုသတ်ပြီး ငါ့ကို ပူဇော်ပေတော့မည်။ မင်းအပေါင်းတို့ ပျက်စီးခြင်းမှ တတ်နိုင်သမျှ ကာကွယ်အံ့ဟု ကြံကာ စတုမဟာရာဇ် နတ်မင်း တို့ထံသို့သွား၍ တားမြစ်ရန် တောင်းပန်၏။ “မတားမြစ်နိုင်” ဟု ဆိုသော် သိကြားမင်းထံသို့ သွားပြန်၏ ” “ငါကိုယ်တိုင်ကား မတားမြစ်နိုင်၊ သို့ရာတွင် တားမြစ်နိုင်သူကို ညွှန်အံ့၊ သုတသောမမင်းက တတ်နိုင်လတ္တံ့၊ သို့ကြောင့် သုတသောမမင်းကိုပါဆောင်၍ ပူဇော်ပါလော့ဟု ပေါရိသာဒအား ဆိုလေလော့” ဟု ညွှန်လေ၏။

ပညောင်ပင်စောင့်နတ်သည်လည်း ပေါရိသာဒရှေ့ ကိုယ်ထင်ပြကာ “အသင် ပေါရိသာဒ၊ ကတိစကားအတိုင်း တစ်ရာ့တစ်ပါးပြည့်အောင် သုတသောမမင်းကိုပါဆောင်၍ ပူဇော်ပါလော့” ဟု ဆိုလေ၏။ ပေါရိသာဒသည် နတ်ကို ကိုယ်တိုင်မြင်ရ၍ အလွန် ဝမ်းမြောက် ဝမ်းသာစွာဖြင့် သုတသောမမင်းကို ဖမ်းရန် ဆုံးဖြတ်လေ၏။

ပေါရိသာဒသည် နက္ခတ်ကိုကြည့်ကာ မနက်ဖြန် ဖုသျှနက္ခတ် စန်းယှဉ်မည်ဖြစ်သဖြင့် သုတသောမမင်းသည် မင်္ဂလာရေကန်သို့ ရေချိုးထွက်မည်ကို သိလေသည်။ သို့ဖြစ်ပါ၍ ရေကန်အတွင်း၌ ကြာဖက်အုပ်၍ ပုန်းကွယ်နေလေ၏။

သုတသောမမင်း ရေချိုးမင်္ဂလာကျင်းပရန် ထွက်လာရာ မြို့တံခါးအဝ၌ တက္ကသိုလ် ပြည်မှလာခဲ့သည့် နန္ဒမည်သော ပုဏ္ဏားနှင့်တွေ့၍ “အရှင်မင်းကြီး၊ အကျွန်ုပ်၌ အလွန် နက်နဲပြီး အဖိုးထိုက်တန်သော လေးဂါထာ ပါပါ၏။ အရှင်မင်းကြီးအကျိုးငှာ ယူဆောင်ခြင်း ဖြစ်ပါ၏” ဟု လျှောက်လေ၏။

မင်းကြီးကလည်း “ဆရာ ယနေ့နေဦးလော့၊ နက်ဖြန်မှ နာပြီး ပူဇော်အံ့” ဟု ဆို၍ ရေကန်၌ ရေချိုးပြီး အတက်တွင် ပေါရိသာဒက “ငါ ပေါရိသာဒတည်း”ဟု ဟစ်ကြွေး၍ဖမ်းရာ စစ်သည်ဗိုလ်ပါ အစောင့်အရှောက်တို့ ဖရိုဖရဲ လဲကျကုန်၏။ ပေါရိသာဒသည် အခြားမင်း တို့အား ခြေကိုကိုင်ကာ ဦးခေါင်း ဇောက်ထိုးထား၍ ဖမ်းလေ့ရှိသော်လည်း ဆရာဖြစ်သည့် သုတသောမမင်းကိုမူ ပခုံးဖြင့်ထမ်း၍ ဆောင်ခဲ့၏။

သုတသောမမင်း၏ ကိုယ်ပေါ်မှ ရေများစီးကျလာသည်ကို မြင်သဖြင့် သူ၏ဆရာ သေမှာကြောက်၍ ငိုယိုနေသည်ဟု ထင်လေသည်။ ထို့ကြောင့် “အရှင်မင်းကြီး၊ အဘယ်ကြောင့် ငိုကြွေးပါသနည်း” ဟု မေး၏။ “ငါ ငိုသည်မဟုတ်။ မိမိအတွက်လည်းကောင်း၊ သားမယား စည်းစိမ်အတွက်လည်းကောင်း တစ်စုံတစ်ရာ စိုးရိမ်ပူပန်ခြင်း ငါ့မှာမရှိ။ သို့ရာတွင် ငါသည် ပုဏ္ဏားတစ်ယောက်ထံပါးက လေးဂါထာနာယူပြီး ပူဇော်နိုင်ရန် ကတိပေးခဲ့၏။ ထိုကတိသစ္စာကို ငါစိုးရိမ်၏။ သို့ကြောင့် ပုဏ္ဏားထံသို့ ငါသွားလိုသေး၏။ဂါထာကို နာယူပြီးမှ သင့်ထံသို့ ငါပြန်ခဲ့အံ့” ဟု ဆို၏။ ပေါရိသာဒက မယုံကြည်ပါ။ အတန်တန် ယုံလောက်အောင်ပြော၍ နောက်ဆုံး ကျိန်ဆိုလေမှ လွှတ်လိုက်၏။

သုတသောမမင်းပြန်လာသော် တိုင်းသူပြည်သားတို့သည် ဝမ်းမြောက်ဝမ်းသာ ဆီးကြို ကြကုန်၏။ မင်းကြီးသည် ရောက်တည့်လျှင်ပင် အလျင်အမြန် နန္ဒပုဏ္ဏားကိုခေါ်၍ ဟောဖွယ် ရှိသော လေးဂါထာကို ဟောစေ၏။ နန္ဒပုဏ္ဏားသည်လည်း လက်ကို နံ့သာရည်တို့ဖြင့် ဆေးပြီးလျှင် လွယ်အိတ်ထဲမှ ရွှေပေကိုထုတ်၍ ကဿပမြတ်စွာဘုရားရှင် ဟောတော်မူ အပ်သော အောက်ပါ လေးဂါထာတို့ကို မင်းကြီးအား ဟောကြားလေ၏။

(၁) သူတော်ကောင်းနှင့် တစ်ကြိမ်မျှပင် ပေါင်းသင်းခြင်းသည် စောင့်ရှောက် ပေး တတ်၏။ မသူတော်နှင့် အကြိမ်များစွာ ပေါင်းသင်းခြင်းသည်လည်း မစောင့်ရှောက်တတ်လေ။

(၂) သူတော်ကောင်းနှင့်သာ ပေါင်းသင်းရာ၏။ ဘုရားအစရှိသော သူတော်ကောင်း တို့၏တရားကို သိရခြင်းသည် အထူးသဖြင့်မြတ်၏။

(၃) မင်းစီးရထားတို့သည်လည်းကောင်း၊ ခန္ဓာကိုယ်သည်လည်းကောင်း ဆွေးမြည့် အိုမင်းခြင်းသို့ ရောက်တတ်၏။ ဘုရားစသော သူတော်ကောင်းတို့ ချီးမွမ်း အပ်သော နိဗ္ဗာန်တရားသည်ကား အိုခြင်းသို့ မရောက်။

(၄) ကောင်းကင်သည် မြေနှင့် ဝေး၏။ သမုဒ္ဒရာ၏ ကမ်းနှစ်ဖက်သည် ဝေး၏။ ထိုဝေးခြင်းတို့ထက် သူတော်ကောင်းတို့၏တရားနှင့် မသူတော်တို့၏တရားသည် သာလွန်၍ ဝေးကြ၏ဟု ဟောပြီးသည့်အဆုံး၌ မင်းကြီးသည် ပုဏ္ဏားအား အသပြာလေးထောင်ကို ပူဇော်၏။

ထို့နောက် ပေါရိသာဒထံသို့ ပြန်သွားရန် ကတိထားခဲ့ရကြောင်းကို ခမည်းတော် မယ်တော်၊ မှူးမတ်၊ သေနာပတိနှင့်တကွ တိုင်းသူပြည်သားတို့အား ပြောပြသောအခါ ပြန်၍ မသွားရန် အမျိုးမျိုး အထွေထွေအားဖြင့် ငိုယို တောင်းပန်ကြကုန်၏။ ထိုသို့ တောင်းပန် သော်လည်း သုတသောမမင်းကြီးက ကတိသစ္စာဟူသည် မဖောက်မဖျက်ရပါဟုပြောဆို ဆုံးမကာ ပေါရိသာဒထံ အစားခံရန် ပြန်သွားလေ၏။

ပေါရိသာဒသည်ကား “သုတသောမမင်း လာလျှင်လည်း လာပါစေ၊ မလာလျှင်လည်း နေစေတော့၊ ရှိသမျှမင်းတို့ဖြင့်သာ ပူဇော်အံ့” ဟု ကြံပြီးလျှင် မီးညှိခြင်း၊ တံစို့ချွန်ခြင်း တို့ကို ပြု၍နေလေ၏။

ထိုခဏ၌ သုတသောမမင်းရောက်လာ၍ “အချင်း ပေါရိသာဒ၊ ငါ၏ ကတိသစ္စာကိစ္စ ပြီးလေပြီဖြစ်၍ ငါလာခဲ့ပြီ၊ သင်အလိုရှိတိုင်း ပြုလေလော့” ဟု ဆိုလေ၏။ ထိုအခါ ပေါရိသာဒသည် ဤမင်းကား သစ္စာစောင့်၏။ တည်ကြည်၏။ သေဘေးကိုလည်း အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိ။ ထိုသို့ မကြောက်သည်မှာလည်း နာခဲ့ရသော လေးဂါထာတို့၏ အာနု ဘော်ကြောင့် ဖြစ်တန်ရာ၏ဟု ကြံ၍ “ဆရာသုတသောမမင်း၊ သင့်ကို နောက်မှစားအံ့၊ ယခု မီးပျိုးနေသည့်အတွင်း သင်နာကြားခဲ့ရသော လေးဂါထာကို ငါ့အား ဟောပါဦးလော့၊ ငါလည်း နာလိုပါ၏” ဟု တောင်းဆိုလေ၏။

“အဆွေ ပေါရိသာဒ၊ အသင်ကဲ့သို့ ယုတ်မာကြမ်းတမ်း သစ္စာမရှိ လူသားစားသော သူသည် နူးညံ့သိမ်မွေ့ မွန်မြတ်သောတရားတော်ကို နာသဖြင့် အဘယ်အကျိုး ရှိအံ့နည်း” ဆိုလေ၏။

ထိုအခါ ပေါရိသာဒက “ငါ့ကို အဘယ်ကြောင့် တရားမစောင့်ဟု ဆိုသနည်း။ အခြား မင်းတို့လည်း အမဲလိုက်၍ စားကြ၏၊ ငါသည်လည်း လူသားကို ရှာ၍စား၏၊ သဘော အတူတူ သာတကား” ဟု ဆို၏။

“အဆွေပေါရိသာဒ၊ သင်သည် လူတကာ မင်းတကာတို့ မစားအပ် မစားထိုက်သော လူ၏အသားကို စား၏၊ ဤကား အလွန် စက်ဆုပ်ဖွယ်ဖြစ်ပြီး၊ တရားမစောင့်ခြင်းမည်၏” “အဆွေ သုတသောမမင်း၊ အသင်သည် အဘယ်ကြောင့် သေဘေးကို မကြောက်သနည်း” ဟု မေးသော်။

“ငါသည် တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်ခဲ့ပြီ၊ မိဘ၊ အဆွေခင်ပွန်း စသူတို့၏ ဝတ္တရားကိုလည်း ကျေပွန်စွာ ပြုခဲ့ပြီ။ ဤသို့အားဖြင့် တမလွန်ဘဝ၌ ငါစိုးရိမ်ရန် မရှိပြီ။ သို့ကြောင့် ငါမကြောက်သတည်း”ဟု ဆိုလေ၏။

ထိုအခါ ပေါရိသာဒသည် “ဤမင်းကား သူတော်ကောင်းတည်း။ ထိုသို့သောသူကို ငါပြစ်မှားအံ့။ ငါ၏ဦးခေါင်း ခုနစ်စိတ်ကွဲရာ၏ဟု ကြံ၍ အရှင်မင်းကြီး သင့်အား အကျွန်ုပ် မသတ်လိုတော့ပြီ။ ထိုလေးဂါထာကို နာပါရစေတော့” ဟု အကြိမ်ကြိမ် တောင်းပန်လေမှ နောက်ဆုံး၌ ထိုလေးဂါထာကို ဟောပြလေ၏။ တရားအဆုံး၌ ပေါရိသာဒသည် အလွန် နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ “အရှင်မင်းကြီး၊ ထိုလေးဂါထာအတွက် လိုရာဆု လေးပါးကို တောင်းယူပါလော့” ဟု ဆိုလေ၏။

ထိုအခါ သုတသောမမင်းကြီးသည် အောက်ပါလေးချက်ကို တောင်းလေ၏ –

(၁)”အဆွေ၊ သင်သည် အနာရောဂါမရှိ အနှစ်တစ်ရာ အသက်ရှည်သည်ကို မြင်လိုပါသည်” ဤဆုကို ပေါရိသာဒက ဝမ်းသာစွာဖြင့်ပေး၏။

(၂)”ထိုဖမ်းဆီးထားသော မင်းတို့ကို မစားစေလို” ဤဆုကိုလည်း ပေါရိသာဒက အလွယ်ဖြင့်ပေး၏။

(၃)”ထိုမင်းတို့ကို တိုင်းပြည်အရောက် ပြန်ပို့စေလို၏” ဤဆုကိုလည်း ပေါရိသာဒက အလွယ်ဖြင့်ပေး၏။

(၄)”လူသားကို မစားဘဲ ရှောင်ကြဉ်စေလို၏” ဤဆုကိုကား ပေါရိသာဒက မပေးဘဲ ခံ၍နေ၏။

အကြိမ်ကြိမ်တိုက်တွန်းသော် ကတိလည်းရှိသည်နှင့် မပေးဘဲနေရမည်မှာ အလွန် ခက်၍ ငိုယို တောင်းပန်လေ၏။ သုတသောမမင်းလည်း မလျှော့ဘဲ အပြစ်အမျိုးမျိုးပြကာ ကတိအကြိမ်ကြိမ် တောင်းသဖြင့် နောက်ဆုံး၌ ထိုဆုကိုလည်း ပေးလေ၏။

ထိုသို့ ပေါရိသာဒအား ဆုံးမယဉ်ကျေးစေပြီးမှ သုတသောမမင်းသည် ပေါရိသာဒကို တိုင်းပြည်သို့ ခေါ်၏။ ပေါရိသာဒလည်း ငိုကြွေးလျက် “ငါ မလိုက်လိုတော့ပြီ။ ငါသည် တိုင်းပြည်၏ ရန်သူဖြစ်၏။ ဤတောတွင်း၌သာ နေတော့အံ့” ဟု ဆိုလေ၏။

“သုတသောမမင်းလည်း အဆွေ၊ မစိုးရိမ်လင့်။ သင်ကဲ့သို့သော ကြမ်းတမ်းသော သူကိုပင် ဆုံးမနိုင်သေး၏။ အဘယ်ကြောင့် သင်၏ တိုင်းသူပြည်သားတို့အား မဆုံးမနိုင်ဘဲ ရှိအံ့နည်း။ အကယ်၍ သင်၏ ဗာရာဏသီပြည်ကို မရအံ့။ ငါ့ပြည်ကို တစ်ဝက်ခွဲ၍ပေးအံ့၊ လိုက်သာလိုက်ခဲ့လော့” ဟု ခေါ်လေ၏။

တိုင်းပြည်ရောက်သောအခါ ဗာရာဏသီပြည်၌ ပေါရိသာဒ၏သား အုပ်စိုးလျက်ရှိ၏။ ကာဠဟတ္ထိစစ်သူကြီးလည်း ရှိသေး၏။ စစ်သူကြီးနှင့်တကွ မှူးမတ် တိုင်းသူပြည်သားတို့သည် ယုတ်မာသော လူသားစားသော ပေါရိသာဒကို မလိုဟု လက်မခံဘဲ နေကြလေ၏။

ထိုအခါမှ သုတသောမမင်းသည် ပေါရိသာဒ နူးညံ့ယဉ်ကျေးပြီဖြစ်ကြောင်း၊ မိမိတို့ မင်းဟောင်းကို ပြန်လည် လက်ခံသင့်ကြောင်း တရား ဟောပြောပြသ ဆုံးမလေမှ စိတ်ကြည် လာကြ၍ လက်ခံကြလေ၏။ သုတသောမမင်း၊ ပေါရိသာဒမင်းနှင့်တကွ အခြားသော မင်းတို့သည် မိမိတို့တိုင်းပြည်သို့ အသီးသီးပြန်ရောက်၍ တိုင်းပြည်ချမ်းသာအောင် တရားသဖြင့် အုပ်စိုးကြလေသတည်း။

ဇာတ်ပေါင်းသော် ပေါရိသာဒသည် အင်္ဂုလိမာလ ဖြစ်လာ၏။ စစ်သူကြီး ကာဠဟတ္ထိ သည် အရှင်သာရိပုတ္တရာ ဖြစ်လာ၏။ နန္ဒပုဏ္ဏားသည် အရှင်အာနန္ဒာ ဖြစ်လာ၏။ ညောင်ပင် စောင့်နတ်သည် အရှင်မဟာကဿပ ဖြစ်လာ၏။ သိကြားမင်းသည် အရှင်အနုရုဒ္ဓါ ဖြစ်လာ၏။ တစ်ရာ့တစ်ပါးသောမင်းတို့သည် ဘုရားရှင်၏ ပရိသတ်ဖြစ်လာကြ၏။ သုတသောမမင်း၏ မယ်တော် ခမည်းတော်တို့သည် မယ်တော်မာယာနှင့် သုဒ္ဓေါဒနမင်းတို့ ဖြစ်လာကြ၏။ သုတသောမမင်းသည် ဘုရားဖြစ်လာ၏။

သုတသောမဇာတ်တော်တွင် ပေါရိသာဒမင်းက လူသားစားသဖြင့် ထိုအသား၏ အနံ့၊ အရသာ၌ ‘ဂရုံ ကတွာ’ ဖြစ်နေသည်။ တစ်ဖက်တွင်လည်း သုတသောမမင်းမှာမူကား ပေါရိသာဒ လူ့ဘီလူးထံ အစားခံရန် အသွားတွင် သစ္စာတရားက ‘ဂရုံ ကတွာ’ ရနေပါသည်။

ထို့ကြောင့် သစ္စာတရားကို မြတ်နိုးတော်မူသည့် သုတသောမမင်းကြီးအတွက် သစ္စာ တရားက ‘အာရမ္မဏာဓိပတိ’ ဖြစ်ခဲ့သကဲ့သို့ လူသားစားလေ့ရှိသည့် ပေါရိသာဒ လူ့ဘီလူးကြီး အတွက်မှာမူ လူ့အသား၏ အနံ့အရသာက ‘အာရမ္မဏာဓိပတိ’ ဖြစ်ခဲ့ပါသည်။

မှတ်သားရန် ကောင်းသည့်အချက်မှာ အာရမ္မဏာဓိပတိက အကောင်း အဆိုး ကုသိုလ်၊ အကုသိုလ် နှစ်မျိုးစလုံး ဖြစ်ခွင့် ရှိနိုင်ပါသည်။ အာရမ္မဏာဓိပတိနှင့် အာရမ္မဏူပနိဿယသည် သဘောအဓိပ္ပာယ်တူပါသည်။

ကျမ်းညွှန်း * (၅) မဟာသုတသောမဇာတကဝဏ္ဏနာ၊ အသီတိနိပါတ၊ ဇာတကအဌကထာ တွဲ-၅ (နှာ-၄၉၄)

 

ဆရာတင်မှား၍ အဖေကိုသတ်ခဲ့သည့် အဇာတသတ်မင်း

 

အကုသိုလ်တည်းဟူသော အကြောင်းဓမ္မကြောင့် အကုသိုလ်တည်းဟူသော အကျိုး ဓမ္မကို ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုရာတွင် မှတ်သားစရာ ပါဠိတစ်ခုကို ထုတ်နုတ် ပြရသော် “ရာဂံ ဥပနိဿာယ ပါဏံ ဟနတိ —- မာတရံ ဇီဝိတာ ဝေါရောပေတိ၊ ပိတရံ ဇီဝိတာ ဝေါရောပေတိ” ဟု ဖြစ်၏။

ရာဂလောဘကို အကြောင်းခံမိပါက မဖြစ်နိုင်သည့် အကုသိုလ်ဟူ၍ ဤလောကတွင် မရှိပေ။ အဆုံးစွန်အားဖြင့် အမေကို သတ်ခြင်းဟူသော မာတုဃာတကံ၊ အဖေကို သတ်ခြင်း ဟူသော ပိတုဃာတကံကို လွန်ကျူးနိုင်သည်အထိ ဖြစ်နိုင်ပါသည်။ သာဓကအနေဖြင့် ရှင်ဘုရင်ဖြစ်ရန် အဖေကိုသတ်သည့် အဇာတသတ်၏ ဘဝဇာတ်ကြောင်းကို သာဓက ပြုနိုင်ပါသည်။

(အဇာတ = မမွေးဖွားမီ + သတ္တု = ရန်သူ) အဇာတသတ်၏အမည်က အဖကိုသတ်မည့် ရန်သူဟု အဓိပ္ပာယ်ယူနိုင်ပါသည်။ မင်းသား အရွယ်ရောက်လာသည့်အခါတွင် ခမည်းတော် မင်းကြီးက အိမ်ရှေ့မင်းအဖြစ် အပ်နှင်းတော်မူပါသည်။ အိမ်ရှေ့မင်းအဖြစ်နှင့်နေစဉ် တစ်နေ့ သောအခါ၌ အရှင်ဒေဝဒတ်ရောက်ရှိလာပြီး တန်ခိုးပြကာ ဖြားယောင်းပါတော့သည်။ အသက် အရွယ် ငယ်ရွယ်နုနယ်သည့် မင်းသားကလေးသည် ဒေဝဒတ်ကို ယုံကြည် ကိုးစားလာ၏။ ထိုအခါ ဆရာဒေဝဒတ်က “အသင်မင်းသားလည်း ခမည်းတော်ကြီးကို သတ်ပြီး မင်းလုပ်ပါ၊ ငါလည်း ယောက်ဖတော် ဂေါတမကိုသတ်ပြီး ဘုရားလုပ်မယ်” ဟု သူ၏ စက်ဆုပ်ဖွယ် အကြံအစည်ကို ထုတ်ဖော် ပြောကြားလာပါသည်။

အရှင်ဒေဝဒတ်၏ ဘုန်းတန်ခိုး ကြီးထွားလိုခြင်းဟူသော ရာဂကို အကြောင်းပြုကာ ဘုရားရှင်၏ အသက်ကို ရန်ရှာပါတော့သည်။ ပဋ္ဌာန်းပဥှာဝါရပါဠိတော် (အကု-အကု)တွင် “ရာဂံ ဥပနိဿာယ ပါဏံ ဟနတိ — အရဟန္တံ ဇီဝိတာ ဝေါရောပေတိ ” ဟု လာရှိပါသည်။

မင်းသားကလည်း အကြံဆိုးရှိသည့် ဒေဝဒတ်၏ အကြိမ်ကြိမ် တိုက်တွန်းမှုကြောင့် သန်လျက်ဓားကို ပေါင်ကြားဝှက်ပြီး ဖခည်းတော်မင်းကြီးကို လုပ်ကြံရန် ကြိုးစားလာသဖြင့် မင်းစည်းစိမ်ကို ဆောင်နှင်း ပေးတော်မူလိုက်ပါသည်။
သို့သော် ရှင်ဒေဝဒတ်ကြီးက ခမည်းတော်မင်းကြီးကို အဆုံးစီရင်ရန် လှည့်ဖြား တိုက်တွန်းပြန်ပါသည်။ ထို့ကြောင့် အဇာတသတ်က ခမည်းတော်မင်းကြီးကို အချုပ်ထောင် အတွင်းသွင်းထားပြီး အစာအာဟာရမပေးဘဲ သတ်ရန် ရာဇဝတ်သားများကို အမိန့်ပေး ပါသည်။

သို့သော် မယ်တော်မိဖုရားကြီးက သားဘုရင် မသိစေဘဲ နည်းအမျိုးမျိုးဖြင့် မင်းကြီး အတွက် အာဟာရမျှတအောင် စောင့်ရှောက်ပေးနေသဖြင့် ခမည်းတော်ကြီး နတ်ရွာမစံသေး သည်ကို သိသဖြင့် မယ်တော်ကြီးကို ထောင်အတွင်း ဝင်ခွင့်မပေးတော့ပေ။

နောက်ဆုံး၌မူ ခမည်းတော်မင်းကြီး၏ ခြေဖဝါးကို သားလှီးဓားနှင့် အမွှာမွှာမွှန်း စေပြီး ဆီနှင့်ဆားတို့ဖြင့်နယ်ကာ မီးကျီးခဲနှင့် ကင်စေပြီး ခမည်းတော်ကို သေဆုံးသည့်အထိ နှိပ်စက်ပါတော့သည်။ အဇာတသတ်၏သားတော် ဥဒယဘဒ္ဒ ဖွားမြင်သည့်နေ့၌ပဲ ခမည်းတော် ဗိမ္ဗိသာရမင်းကြီး ကံတော်ကုန်ရှာသည်။ အဇာတသတ်မင်းကိုလည်း နန်းသက် ၃၂-နှစ် ရှိသည့်အခါ၌ သူ့ရဲ့သားတော် ဥဒယဘဒ္ဒက လုပ်ကြံသဖြင့် ကံကုန်ရှာပါသည်။

ဤဝတ္ထုကို သာဓကထားကာ စဉ်းစားမည်ဆိုလျှင် “ငါသူတော်ကောင်း မကောင်းတာ မလုပ်ဘူး” ဟု ပြောရန် ခက်ခဲမည်ထင်ပါသည်။ ဧရာမပါရမီရှင်ကြီး အရှင်မဟာမောဂ္ဂလာန် အလောင်းအလျာကပင် မယားစကားနားယောင်ကာ မိဘများကို တောနက်ထဲခေါ်ပြီး ရိုက် နှက်ခဲ့သေး၏။ ထို့ကြောင့် ပုထုဇဉ်ဘဝက မလွတ်သေးသရွေ့ ရာဂ၊ ဒေါသ၊ မောဟကို အကြောင်းပြုပြီး သံသရာတစ်ခွင်တွင် မကျူးလွန်နိုင်သည့် အကုသိုလ်ဟူ၍ မရှိနိုင်တော့ပေ။

ထို့ကြောင့် ပဋ္ဌာန်းကျမ်းအတွဲ-၂၊ နှာ-၁၆၈ တွင် “သကဘဏ္ဍေ ဆန္ဒရာဂေါ ပရဘဏ္ဍေ ဆန္ဒရာဂဿ ဥပနိဿယပစ္စယေန ပစ္စယော။ သကပရိဂ္ဂဟေ ဆန္ဒရာဂေါ ပရပရိဂ္ဂဟေ ဆန္ဒရာဂဿ ဥပနိဿယပစ္စယေန ပစ္စယော” လို့ ဟောတော်မူပါသည်။

မိမိပိုင်ဆိုင်ထားသည့် ရွှေငွေဘဏ္ဍာပစ္စည်းကို အကြောင်းပြုပြီး သူတစ်ပါး၏ ရွှေငွေ ဘဏ္ဍာဥစ္စာကို လိုချင်နေခြင်းနှင့် မိမိသိမ်းဆည်းထားသည့် ရွှေငွေဘဏ္ဍာကို အကြောင်းပြုပြီး သူတစ်ပါးတို့ သိမ်းဆည်းထားသည့် ရွှေငွေဘဏ္ဍာကို လိုချင်ခြင်းသည် ရှေးရှေးလိုချင်မှု ရာဂကို အကြောင်းပြုပြီး နောက်နောက်လိုချင်မှု ရာဂကို ဖြစ်စေပါသည်။

ကျမ်းညွှန်း * (၁၅၀)၊ ရာဇမစ္စကထာဝဏ္ဏနာ၊ သာမညဖလသုတ္တ၊ သီလက္ခန္ဓဝဂ္ဂဌဂထာ။ (နှာ-၁၂၃-၁၂၆)

 

ဆုတောင်းမှားခြင်းကြောင့် ဒုက္ခရောက်ခဲ့သည့် ကာဠီဘီလူးမဝတ္ထု

 

လိုချင်မှု ရာဂ၊ မုန်းတီးမှု ဒေါသ၊ အပြစ်ကို ဖုံးလွှမ်းစေသည့် မောဟ၊ ထောင်လွှားမှု မာန်မာန၊ အယူလွဲမှားမှု ဒိဋ္ဌိနှင့် ဆုတောင်းခြင်း ပတ္ထနာတို့ကြောင့် မဖြစ်နိုင်သည့် အကုသိုလ် ဟူ၍ မရှိကောင်းပေ။

ပဋ္ဌာန်းပဥှာဝါရပါဠိတော်၌ ရာဂေါ၊ ဒေါသော၊ မောဟော၊ မာနော၊ ဒိဋ္ဌိ၊ ပတ္ထနာ၊ ရာဂဿ၊ ဒေါသဿ၊ မောဟဿ၊ မာနဿ၊ ဒိဋ္ဌိယာ၊ ပတ္ထနာယ ဥပနိဿယပစ္စယေန ပစ္စယော။

ရာဂသည်၊ ဒေါသသည်၊ မောဟသည်၊ မာန်မာနသည်၊ အယူလွဲမှားမှု ဒိဋ္ဌိသည်၊ ဆုတောင်းခြင်းသည်၊ ရာဂအား၊ ဒေါသအား၊ မောဟအား၊ မာနအား၊ ဒိဋ္ဌိအား၊ တောင်းဆုအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ဆိုလိုသည်မှာ ရှေးရှေးဖြစ်သည့် လောဘက နောက်နောက်ဖြစ်လာမည့် လောဘကို ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်။ ရှေးရှေး ဖြစ်သည့် ဒေါသက နောက်နောက်ဖြစ်လာမည့် ဒေါသကို ဥပနိဿယ သတ္တိဖြင့် ကျေးဇူး ပြုသည်။ ကျန်သည့် မောဟ၊ မာန၊ ဒိဋ္ဌိ၊ ပတ္ထနာတို့လည်း အလားတူပင် ယူရပါမည်။

 

ဘဝအဆက်ဆက် လက်စားချေသည့် နှစ်ယောက်

 

ဘုရားရှင်လက်ထက်တော်ကာလ ပုဏ္ဏားသူကြွယ်တစ်ယောက်၌ မယားနှစ်ယောက် ရှိလေသည်။ မယားကြီးက သားသမီးမထွန်းကားဘဲ မြုံနေပြီးမယားငယ်က ကိုယ်ဝန်ရှိ လာပါသည်။ ထိုအခါ မယားကြီးက ကိုယ်ဝန်ပျက်ဆေးကို အစာထဲရောကာ တိုက်ကျွေးသဖြင့် မယားငယ်၏ ကိုယ်ဝန် နှစ်ကြိမ်တိုင်တိုင် ပျက်ကျသွားသည်။ တတိယကိုယ်ဝန် ရှိလာသော အခါ မိဘအိမ်ပြန်ပြီး ကိုယ်ဝန်ရင့်မှ လင်ယောကျ်ား၏အိမ်သို့ ပြန်လာပါသည်။

မယားကြီးက ကိုယ်ဝန်ရင့်သည်ကို မြင်ရသောကြောင့် ကိုယ်ဝန်ပျက်ဆေး အဆ များစွာကို မုန့်ထမင်းဟင်းဖြင့် ရောမွှေကာ တိုက်ကျွေးလိုက်သောကြောင့် ကလေးရောမိခင်ပါ ကွယ်လွန်သွားရရှာသည်။ မသေဆုံးခင် ဝေဒနာပြင်းထန်စွာ ခံစားနေရသောကြောင့် လင်တူ မယားဖြစ်သည့် ထိုမယားကြီးကို ဖြစ်လေရာဘဝမှာ လက်စားချေနိုင်ရန် ကျိန်ဆဲရင်း သေပွဲ ဝင်သွားရှာသည်။

သူ့ဆန္ဒအတိုင်း လက်စားချေနိုင်ရန် ထိုသူဌေးအိမ်၌ပင် ကြောင်မ ဖြစ်လာသည်။ မယားကြီးကလည်း ကွယ်လွန်ပြီးနောက် ဤသူဌေးအိမ်၌ပင် ကြက်မ ဖြစ်လာပါသည်။ ကြက်မ၏ဥကို ကြောင်မက စားသည်။ ကြက်မက မကျေမနပ်ဖြစ်ကာ ရန်ငြိုးဖွဲ့ပြန်၏။ ထို့နောက် ကြောင်မသေပြီး တောထဲ သမင်မဖြစ်၏။ ကြက်မသေပြီး ကျားသစ်မ ဖြစ်ကာ အပြန်အလှန် ကလေးကို စားကြပါသည်။

ထိုမကျေနပ်ချက် မဆုံးသေးသဖြင့် နောက်ဘဝ၌ ဘီလူးမိန်းမနှင့် လူမိန်းမ ဖြစ်လာ ပါသည်။ မီးဖွားပြီးတိုင်း ထိုဘီလူးမလာကာ ကလေးကို စားသည်။ ထို့ကြောင့် ‘ငါ့သား နှစ်ယောက်ကို ဘီလူးမစားလို့သေပြီး အခုတစ်ခါတော့ မိဘအိမ်ပြန်ပြီး မီးဖွားမှ ကောင်းမယ်’ ဟု ကလေးမိခင်က ဆုံးဖြတ်လေ၏။

မိဘအိမ်မှ မီးဖွားပြီးအပြန် ဇေတဝန်ကျောင်းရှေ့နား၌ ဘီလူးမနှင့် ရင်ဆိုင်တွေ့ရသဖြင့် ကလေးမိခင်က မြတ်စွာဘုရားရှိရာပြေးပြီး ကယ်တင်ပေးတော်မူပါရန် အသနားခံရှာသည်။ ဘီလူးမကို ကျောင်းစောင့်နတ်က ဝင်ခွင့်မပြုပေ။

ထို့ကြောင့် မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာကို ဘီလူးမကို ဘုရားရှင်အနားခေါ်လာဖို့ မိန့်တော်မူပါသည်။ ဘုရားရှင်က “ငါဘုရားရှေ့ကိုသာ သင်တို့နှစ်ယောက် မရောက်လာရင် သံသရာရှည်သမျှ ရန်သူဖြစ်ကြပေတော့မယ်” ဟု မိန့်ကြားတော်မူပြီး သူတို့၏ ရှေးဖြစ် ဟောင်းကို မိန့်ကြားတော်မူကာ ရန်ကို ချုပ်ငြိမ်းစေတော်မူပါသည်။

ကျမ်းညွှန်း * ကာဠယက္ခိနီဝတ္ထု၊ ယမကဝဂ္ဂ၊ ဓမ္မပဒအဌကထာ-၁ (နှာ-၂၉)

 

အကြောင်းဓမ္မလည်း ပါဏာတိပါတ၊ အကျိုးဓမ္မလည်း ပါဏာတိပါတ

 

ပါဏာတိပါတော ပါဏာတိပါတဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပါဏာတိ ပါတော အဒိန္နာဒါနဿ။ ပ။ ကာမေသု မိစ္ဆာစာရဿ။ ပ။ မုသာဝါဒဿ။ ပ။ ပိသုဏာယ ဝါစာယ။ ပ။ ဖရုသာယ ဝါစာယ။ ပ။ သမ္ဖပ္ပလာပဿ။ ပ။ အဘိဇ္ဈာယ။ ပ။ ဗျာပါဒဿ။ ပ။ မိစ္ဆာဒိဋ္ဌိယာ ဥပနိဿယပစ္စယေန ပစ္စယော။

သူတစ်ပါးအသက်ကို သတ်ခြင်း ပါဏာတိပါတသည် သူတစ်ပါးအသက်ကို သတ်ခြင်း အား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သူတစ်ပါးအသက်ကို သတ်ခြင်းသည် အဒိန္နာ ဒါနပိုင်ရှင်က ကိုယ် နှုတ်ဖြင့် မပေးသော သူ့ဥစ္စာကို ခိုးယူခြင်းအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သူတစ်ပါးအသက်ကို သတ်ခြင်းသည် မုသာ ဝါဒ လိမ်ညာသောစကားကို ပြောခြင်းအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သူတစ်ပါးအသက်ကို သတ်ခြင်းသည် ပိသုဏာဝါစာ ကုန်းတိုက် ချောပြစ်သောစကားကို ပြောခြင်းအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သူတစ်ပါးအသက်ကို သတ်ခြင်းသည် ဖရုသာဝါစာ ကြမ်းတမ်းသော စကားကို ပြောခြင်းအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သူတစ်ပါးအသက်ကို သတ်ခြင်းသည် သမ္ဖပ္ပလာပ အကျိုးမရှိသောစကားကို ပြောခြင်းအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သူတစ်ပါးအသက်ကို သတ်ခြင်းသည် အဘိဇ္ဈာယ သူတစ်ပါးဥစ္စာကို လိုချင်တပ်မက်ခြင်းအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သူတစ်ပါးအသက်ကို သတ်ခြင်းသည် ဗျာပါဒ သူတစ်ပါးအကျိုးမဲ့ကို ကြံစည်ခြင်းအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သူတစ်ပါး အသက်ကို သတ်ခြင်းသည် အယူလွဲမှားမှုဒိဋ္ဌိအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း ၂-ပါး

ဤနေရာတွင် မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်းနှစ်ပါးကိုလည်း ဖော်ပြပါမည်။ “ပရတော စ ဃောသော အယောနိသော မနသိကာရော။ ဣမေ ခေါ ဘိက္ခေ၀ ဒွေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယ” မိစ္ဆာဒိဋ္ဌိဟူသော အယူမှားမှု Wrong understood ဖြစ်ရန် အကြောင်းနှစ်ပါး ရှိပါသည်။ ၎င်းတို့မှာ (၁) သူတစ်ပါးထံမှ ကြားနာမိခြင်း၊ စာအုပ်ထဲဖတ်ရှုမိခြင်း၊ အွန်လိုင်း ပေါ်မှ ဖတ်ရှုမိခြင်းနှင့် (၂) မကောင်းသော နှလုံးသွင်းမှု ရှိခြင်းတို့ပေတည်း။

ကျမ်းညွှန်း *အင်္ဂုတ္ထိုရ် (အတွဲ-၁၊ နှာ-၁၀၅)

 

(၅) အကုသလော ဓမ္မော ကုလဿ ဓမ္မဿ (အကု-ကု)

 

အကုသိုလ်တည်းဟူသော အကြောင်းဓမ္မက ကုသိုလ်တည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော်ကို ပြရလျှင် “ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ။ အဘိညံ ဥပ္ပါဒေတိ။ သမာပတ္တိံ ဥပ္ပါဒေတိ။” စွဲလမ်းကပ်ငြိမှုရာဂကို ဥပနိဿာယ အမှီပြု၍ အလှူဒါနကို ပေး၏၊ သီလဆောက်တည်၏၊ ရှစ်ပါးသော ဥပုသ်သီလကို ဆောက်တည်၏၊ ဈာန်ကို ဖြစ်ပေါ်စေ၏၊ ဝိပဿနာကို ဖြစ်ပေါ် စေ၏၊ မဂ်ကို ဖြစ်ပေါ်စေ၏၊ အဘိညာဉ်ကို ဖြစ်ပေါ်စေ၏၊ သမာပတ်ကို ဖြစ်ပေါ်စေ၏။

အကုသိုလ်ဘက်တွင်လည်း လိုချင်မှုရာဂ၊ ရန်လိုမုန်းတီးမှုဒေါသ၊ တွေဝေမိုက်မဲမှု မောဟ၊ ထောင်လွှားမှု မာန၊ အယူမှားမှု ဒိဋ္ဌိတို့ ပါဝင်ပါသည်။ ထို့ကြောင့် “ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ” အရ ‘ရာဂတည်းဟူသော အကုသိုလ်က စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဟူသော ကုသိုလ်ကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုပါသည်’။ ထို့ကြောင့်ပင် ဥပနိဿယ ပစ္စည်းက ကုသိုလ် အကုသိုလ်နှစ်ဘက်တွင် အလွန်ပင် အားကြီးသည့် မှီရာအဖြစ် ကျေးဇူး ပြုပါသည်။

 

လောဘကိုအကြောင်းပြုပြီး ဈာန်အဘိညာဉ်ရခဲ့တဲ့ အသိတာဘူဇာတ်တော်

 

အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (အကု၊ ကု-၂)

ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ။ အဘိညံ ဥပ္ပါဒေတိ။ သမာပတ္တိံ ဥပ္ပါဒေတိ။

ရာဂတည်းဟူသော လိုချင်မှုလောဘကို အရင်းခံမူလ အကြောင်းပြုပြီး ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်းတို့ကို နားလည်နိုင်ပါသော်လည်း ဈာန်ကို ဖြစ်စေနိုင်ခြင်းကိုမူ နားလည်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သာဓကအားဖြင့် အသိတာဘူဇာတ်တော်ကို ပြပါမည်။

သိတဟူသော ပါဠိစကားမှာ ပြုံးရယ် ရွှင်ပျသည့်မျက်နှာဟု အဓိပ္ပာယ်ရပါသည်။ ရှေ့၌ ‘အ’ ထည့်ပြီး ‘အသိတာဘူ’ ဟူသည်ကား ‘သူသည် ပြုံးသည်ဖြစ်စေ၊ မပြုံးသည်ဖြစ်စေ နဂိုမူလကပင် ရွှင်ပြကြည်သာသည့် မျက်နှာရှိသူ’ ဟု အဓိပ္ပာယ်ယူရပါမည်။

အသိတာဘူက တစ်ခုသောဘဝ၌ အိမ်ရှေ့မင်းသားတစ်ပါး၏ မိဖုရားဖြစ်နေပါသည်။ ခမည်းတော်မင်းကြီးက အိမ်ရှေ့မင်းသားနှင့် မိဖုရားတို့ ပြစ်ဒဏ်သင့်သဖြင့် နိုင်ငံမှ နှင်ထုတ် လိုက်၏။ သူတို့ နှစ်ယောက်သည် ဟိမဝန္တာတောထဲကိုဝင်ပြီး သစ်သီးရှာ၊ ငါး၊ အမဲရှာစားပြီး ဆင်းရဲချို့ငဲ့စွာ နေကြရရှာ၏။

တစ်နေ့သောအခါတွင် မင်းသားက တောထဲတွင် အသိတာဘူထက် အနှိုင်းအဆမဲ့ လှပသည့် ကိန္နရီမကိုတွေ့သဖြင့် မိဖုရားကိုထားရစ်ခဲ့ပြီး ကိန္နရီမနောက်သို့ လိုက်သွား ပါတော့သည်။ တောနက်ထဲ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရှာသည့် မိဖုရားက “ငါက နန်းတော်ကနေ ဒုက္ခခံပြီး သူ့နောက်လိုက်လာခဲ့တယ် ခုတော့ ကိန္နရီမတွေ့လို့ ငါ့ကို ပစ်ထား ခဲ့ပြီ၊ ငါဒီလိုနေမယ့်အစား တောထဲသီတင်းသုံးတော်မူတဲ့ ရသေ့ထံတော်ပါးက ကမ္မဋ္ဌာန်း တောင်းပြီး တရားအားထုတ်တာ ကောင်းတော့မယ်ဟု” ဆုံးဖြတ်ကာ တရားအားထုတ်ပါ သည်။ မင်းသမီး၏ ရှေးရှေးဘဝများစွာက ဆည်းပူးအားထုတ်ခဲ့သည့် ပါရမီကုသိုလ် သတ္တိကြောင့် ကာလတိုအတွင်း ကောင်းကင်ပျံနိုင်သည့်အထိ ဈာန်အဘိညာဉ် တန်ခိုးကို ရနိုင်ခဲ့ပါသည်။

မင်းသားလည်း တောထဲ၌ကိန္နရီမကို ရနိုးနိုးဖြင့်လိုက်သွားရာ၊ လိုက်ရင်းလိုက်ရင်း ကိန္နရီမကို မျက်ခြည် ပြတ်သွားပါတော့သည်။ ထိုအခါ ကိန္နရီမကိုလက်လျှော့ကာ မင်းသမီးထံ ပြန်လာခဲ့ပါသည်။ ဘုရားအလောင်းတော်ရသေ့၏ ကျောင်းရှေ့သို့ ရောက်လာသော မင်းသား ကို အသိတာက မြင်လိုက်သည်နှင့် အဘိညာဉ်တန်ခိုးဖြင့် ကောင်းကင်ကို ပျံတက်သွားပါတော့ သည်။

ယခုကဲ့သို့ အသိတာမင်းသမီး ဈာန်အဘိညာဉ်ကို ရခြင်းသည် ရာဂ၊ ဒေါသက အကြောင်းရင်းခံ ဖြစ်လေသည်။ ထို့ကြောင့် ပဋ္ဌာန်းပဥှာဝါရပါဠိတော်တွင် “ရာဂံ ဥပနိဿာယ ဈာနံ ဥပ္ပါဒေတိ” “ဒေါသံ ဥပနိဿာယ ဈာနံ ဥပ္ပါဒေတိ” ဟု ဟောတော်မူခြင်း ဖြစ်ပါသည်။ ဤဇာတ်တော်တွင် အကုသိုလ်က ကုသိုလ်ကို ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။

ကျမ်းညွှန်း * ဇာတကအဌကထာ (အတွဲ-၂၊ နှာ၂၁၀)

 

ဗေဒင်အဟောကြောင့် သီလပြည့်စုံတဲ့ ရဟန်းကို သင်္ကန်းဒွိစုံနှင့် ငွေငါးကျပ်တစ်မတ် လှူဒါန်း

 

လောက၏အရေးအရာစုံကို စွန့်ပယ်ကာ တောရဂုံမြိုင်အတွင်း၌ ရဟန်းသီလကို ပြည့်ပြည့် ၀၀ဖြည့်ကျင့်ကာ တောရဆောက်တည်တော်မူနေကြသည့် ရဟန်းတော် အရှင် မြတ်များ အနေဖြင့်လည်း ရံခါတွင်မူ မထင်မှတ်ထားသည့် လောက၏ ရှုပ်ထွေးမှုများက ရိုက်ခတ် ပတ်သက်လာတတ်ပါသည်။

ဒါယကာတစ်ဦး ထန်းတစ်ပင်တောရကျောင်းသို့ မရောက်စဖူး ရောက်လာပါသည်။ သူ၏လက်ထဲတွင် ပလပ်စတစ်အကြည်ဖြင့် ထုတ်ထားသည့် သင်္ကန်းတစ်ထုပ် ကိုင်ထား ပါသည်။ ဆရာတော်ကြီး၏ ရှေ့သို့ တည့်တည့်မတ်မတ် ရောက်လာပြီး-

“ဆရာတော်ကြီးနှင့် တွေ့ချင်လို့ပါဘုရား”

“ဒီတောရမှာက ဆရာတော်ကြီး၊ ဆရာတော်ကလေးမရှိပါဘူး၊ ဘုန်းကြီးတစ်ပါးထဲ ရှိပါတယ်”

“မှန်ပါဘုရား၊ မှန်ပါဘုရား၊ ဆရာတော်ကြီးဦးတိဿရဆိုတာ အရှင်ဘုရားပါလားဘုရား”

ထိုဒါယကာသည် သူ၏ရှေ့တွင်ထိုင်နေသည့် ထေရ်အရှင်၏အမည်နာမကို နှုတ်မြွက် ခေါ်ဝေါ်ခြင်းမှာ ယဉ်ကျေးသူ ဗုဒ္ဓဘာသာဝင်တို့၏ အလေ့အလာမဟုတ်ကြောင်းကိုပင် သိရှိဟန် မတူပေ။ သူ၏ စိတ်အာရုံထဲတွင် ဘုန်းကြီးလွဲမှားမည်ကိုသာ စိုးရိမ်နေဟန် တူပါ သည်။ သို့ဖြစ်ပါ၍ “သာသနာဝင်မှတ်တမ်း ပြပါဦးဘုရား” ဟု မပြောရုံမျှသာ ကျန်ပါ တော့သည်။

သူတွေ့မြင်လိုသည့် တောရဘုန်းကြီး သေချာပြီဟု ပိုင်ပိုင် ဆုံးဖြတ်လိုက်ဟန်တူပါ သည်။ ထို့ကြောင့် သူအိတ်ထဲမှ ငွေစက္ကူနှင့် အကြွေစေ့ကိုထုတ်ပြီး သင်္ကန်းထုတ်ပေါ် တင်ပါသည်။ ထို့နောက် ရှေ့သို့တိုး၍ လာပါသည်။ ဆရာတော်ကြီးက-

“ဒကာကြီး ဘုရားဝိနည်းက ငွေမကိုင်ရဘူး၊ ပြီးတော့ ဘုန်းကြီးက သင်္ကန်းလည်း အလှူမခံဘူး” ဟု မိန့်တော်မူပါသည်။ တိစီဝရိတ် ဓူတင်ဆောင်ထားသည့် ရဟန်းအတွက် ဒါယကာ၏သင်္ကန်းကို အလှူခံမိသည်နှင့် တစ်ပြိုက်နက် အနှစ်နှစ်အလလက ဆောက်တည် လာခဲ့သည့် ဓူတင်အကျင့်မြတ်အတွက် နည်းများမဆို အနှောင့်အယှက် ဖြစ်တော့မည် ဆိုသည်ကိုလည်း ထိုဒါယကာ စိုးစဉ်းမျှ သိဟန်မတူပေ။ ထို့ကြောင့် မျက်နှာငယ်လေးဖြင့် အသနားခံ လျှောက်လာပြန်ပါသည်။

“တပည့်တော် စနေသားက စနေဂြိုဟ်စားနေတာကြောင့် ကံကြမ္မာက ညံ့နေပါတယ် ဘုရား။ ဒါကြောင့် မနေ့က ဗေဒင် သွားကြည့်ပါတယ်ဘုရား၊ ဗေဒင်ဆရာက တပည့်တော် အိမ်ရဲ့ စနေထောင့် အရပ်မျက်နှာက သီလနှင့်ပြည့်စုံတဲ့ စနေသား ရဟန်းတစ်ပါးကို သင်္ကန်း တစ်စုံနှင့် ငွေငါးကျပ်တစ်မတ်လှူပြီး ယတြာချေရမယ်လို့ အဟောရှိလို့ပါဘုရား၊ တပည့်တော်ကို သနားသောအားဖြင့် ဒီငွေနှင့် သင်္ကန်းကို အလှူခံတော်မူပါဘုရား” ဟု လျှောက်ထား လာပြန် ပါသည်။ ဆရာတော်ကြီးက ထိုဒါယကာကို သနားသောကြောင့်ထင်ပါသည် နှစ်များစွာ ဆောက်တည်လာခဲ့သည့် ဓူတင်ကို အပျက်ခံကာ သင်္ကန်းကို လက်ခံပေးရန် ဆုံးဖြတ် လိုက်ဟန်တူပါသည်။ ထို့ကြောင့် –

“သင်္ကန်းကိုတော့ လက်ခံပေးမယ်၊ ဒါပေမယ့် ဘုန်းကြီးဝတ်မှာတော့ မဟုတ်ဘူး ရသလား” ဟု မေးတော်မူရာ ဒါယကာက “ဗေဒင်ဆရာက လှူဒါန်းခဲ့ဖို့ပဲ ဟောထား ပါတယ်ဘုရား၊ ဝတ်ဖို့၊ မဝတ်ဖို့တော့ မဟောထားပါဘုရား” “ဒါပေမယ့် ငွေကတော့ လက်ခံ လို့မဖြစ်ဘူး” ဟု မိန့်တော်မူပါသည်။

ဤဖြစ်စဉ်သည် ပဋ္ဌာန်းပဥှာဝါရ ပကတူပနိဿယ၌ “ရာဂံ ဥပနိဿာယ ဒါနံဒေတိ” “မောဟံ ဥပနိဿာယ ဒါနံဒေတိ” ဟု လာရှိသည်နှင့် ညီညွတ်ပါသည်။ အကြောင်းမှာ နဘူးကျင်းဆရာတော်ကြီးက ထန်းတစ်ပင်တောရ၌ ဝါဆိုတော်မူသည့်နှစ်တွင် တောရကျောင်း သံဃာတော်များအား “ဗေဒင်ဆရာက ဝိနည်းသီလနှင့် ပြည့်စုံတဲ့ ဘုန်းကြီးကို သင်္ကန်း လှူခိုင်းတာတဲ့၊ သီလနှင့် ပြည့်စုံတဲ့ဘုန်းကြီးအနေနှင့် မထိမကိုင်ကောင်းတဲ့ ငွေလည်း လှူခိုင်း ပြန်သေးတယ်၊ ဘယ်လို ဗေဒင်ဆရာလဲ မသိပါဘူး” ဟု ပြုံးရွှင်စွာ မိန့်တော်မူပါသည်။

ထိုဒါယကာသည် ရာဂ၊ မောဟ၏ အားကြီးသည့် အကြောင်းအထောက်အပံ့ကြောင့် လှူဒါန်းခြင်း ဖြစ်ပါသည်။ ရဟန်း၏သီလဟူသည် ရာဂအား၊ မောဟအားကြီးသည့် သာမန် လူဝတ်ကြောင်တို့ နားလည်ရန် မစွမ်းနိုင်လောက်အောင်ပင် နက်နဲလှပါသည်၊ ခက်ခဲ လှပါသည်။ ဓူတင်အရာမူကား လူပုဂ္ဂိုလ်မဆိုထားဘိ သီတင်းသုံးဖော် ရဟန်းအချင်းချင်းပင် သိရန် ခက်ခဲလှပါပေ၏။

ကျမ်းညွှန်း * အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)၊ မဟာထေရ်မြတ်တို့၏ စံနမူယူစရာကျင့်သီလအပိုင်း(၁)(၂၀၁၄၊ဒုတိယအကြိမ်)
              * (၂၅)၊တေစီဝရိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂဌကထာ -၁ (နှာ-၆၂)

 

ဒေါသကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်

 

ဒေါသံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ။

ဒကာမကြီးဒေါ်ပိုသည် မန္တလေးမြို့၌ နေထိုင်ပါသည်။ ရံခါ ရန်ကင်းတောရကျောင်းသို့ ဖတ်သီဖတ်သီနှင့် လာတတ်ပြီး ကျောင်း၌နှစ်ရက်၊ သုံးရက်ကျော်လျှင် သူ့အိမ်ရှိရာ မန္တလေးသို့ လောလော၊ လောလောနှင့် ပြန်သွားတတ်ပါသည်။ တစ်ကြိမ်၌မူ ကျောင်း၌တရားအားထုတ်၊ နေ့စဉ် ဆွမ်းလောင်းလှူကာ ရှစ်ပါးသီလနှင့်နေခဲ့သည်မှာ တစ်လကျော်သွားသော်လည်း “ပြန်ပါတော့မယ်ဘုရား” ဟု မလျှောက်သေးပါ။ တရားတိုးတက်လှ၍လည်း မဟုတ်ပါ။

ရက်သတ္တငါးပတ်ခန့်၌ သူ့အိမ်က လူပျောက်ရှာရင်း ရောက်လာကြပြီး ကျောင်း၌ ဒေါ်ပိုကိုတွေ့သဖြင့် တအံ့တသြ ဖြစ်ကြပါသည်။ “အဖေနှင့် စကားအခြေအတင်ဖြစ်ပြီး မနက်အစော လင်းအားကြီးအချိန် အိမ်က ထွက်သွားတာဘုရား၊ အခု ရဲစခန်းမှာ လူပျောက် တိုင်ထားရတယ်ဘုရား” ဟု သူ၏သမီးကလျှောက်မှ သိရပါသည်။

စိတ်ဆိုးဒေါသဖြစ်ပြီး အိမ်ကထွက်လာခြင်းဟူသော အကြောင်းတရားကြောင့် ဒါနလည်း ပြုဖြစ်ခဲ့သည်၊ ရှစ်ပါးသီလကိုလည်း ဆောက်တည်ဖြစ်ခဲ့သည်၊ ဝိပဿနာတရား ကိုလည်း အားထုတ်ဖြစ်ခဲ့သည်။ အကြောင်းညီညွတ်ပါက ဈာန်လည်းရနိုင်သည်၊ မဂ်ဉာဏ် လည်း ရနိုင်ပါသည်။

ပဋ္ဌာန်းပါဠိတော်ပဥှာဝါရ၌ “ဒေါသံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ။ အဘိညံ ဥပ္ပါဒေတိ။ သမာပတ္တိံ ဥပ္ပါဒေတိ။” ဟု ပဋ္ဌာန်းပါဠိတော်တွင် လာရှိပါသည်။

အကြောင်းတရားဖြစ်သည့် ပစ္စည်းက အကုသိုလ်ဒေါသဖြစ်ပြီး အကျိုးပစ္စယုပ္ပန္န တရားက ကုသိုလ် ဖြစ်ပါသည်။ ဤဖြစ်စဉ်တွင်လည်း အကုသိုလ်က ကုသိုလ်ကို ပကတူပ နိဿယသတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။ ယခုဖြစ်စဉ်မျိုးကို ဆရာတော်ကြီးများက အကြောင်းတရားနှင့် အကျိုးတရားကို ဝီထိစိတ်အစဉ်ဖြင့် ကြည့်လျှင် အလှမ်းဝေးသည်ဟု မိန့်တော်မူလေ့ ရှိပါသည်။

 

မောဟကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်

 

မောဟဟူသည် အကုသိုလ်တရားဖြစ်၏။ အသိတရားခေါင်းပါးခြင်း၊ အလိမ္မာတရား မရှိခြင်း၊ ဉာဏ်မဲ့ခြင်း၊ ပညာအဆင်ခြင်နည်းပါးခြင်းကို မောဟဟု ခေါ်ပါ သည်။ မြန်မာနိုင်ငံ၌ စစ်မှန်သည့်ထေရဝါဒ သာသနာတော် တည်ထွန်းနေပါသော်လည်း သာသနာအစစ်အမှန်ကို မကိုးကွယ်တတ်သူများနှင့် ကံကံ၏အကျိုးကို နားလည်ယုံကြည် လက်ခံရန် ခက်ခဲသူများ ကိုလည်း မောဟအားကြီးသူ၊ ဉာဏ်မဲ့သူဟု ခေါ်နိုင်ပါသည်။

ထို့ကြောင့် ဒါနပြုသည်ဖြစ်စေ၊ သီလဆောက်တည်သည်ဖြစ်စေ၊ ဝေယျာဝစ္စ ပြုလုပ် သည်ဖြစ်စေ မြတ်စွာဘုရားရှင်၏ အဆုံးအမနှင့်အညီ ဆောင်ရွက်တတ်မှသာအကျိုးကျေးဇူး များပေမည်။ မိမိပြုသည့် ကောင်းမှုအတွက် ဆုတောင်းလျှင်လည်း ဘုရားရှင်အလိုကျ အမြင့်ဆုံး အမြတ်ဆုံး နိဗ္ဗာန်ဆုကိုသာ တောင်းသင့်ပါသည်။ အဘယ်ကြောင့် နိဗ္ဗာန်ဆုကို တောင်းရကြောင်းကိုမူ ဘုရားရှင်အဆုံးအမကို ထဲထဲဝင်ဝင် လေ့လာသင့်ပေသည်။

ထိုသို့ လေ့လာမှသာ ဘဝစည်းစိမ်ရရှိရေးအတွက် တောင်းဆုချွေနေခြင်းသည် “တပည့်တော် အိုဘေးဆိုးကြီး ကြုံစမ်းပါရစေဘုရား၊ တပည့်တော် အနာရောဂါဘေးဆိုးကြီး ကိုလည်း ကြုံစမ်းပါရစေဘုရား၊ တပည့်တော် သေဘေးဆိုးကြီးနှင့်လည်း မလွဲတမ်း ဆက်ဆက် ကြုံစမ်းပါရစေဘုရား” ဟု ဆုတောင်းသည်နှင့် အလားသဏ္ဌာန်တူနေပါသည်။

ပြုခဲ့မိတဲ့ အကုသိုလ်ကို ပယ်ဖျောက်ရန်

“ပါဏံ ဟန္တွာ တဿ ပဋိဃာတတ္ထာယ” – ပြုခဲ့ဖူးသည့် အကုသိုလ်ကို ပယ်ဖျောက်နိုင်ရန် (ဝါ) အကျိုးပေးခွင့် မရနိုင်ရန်အတွက် ဒါနပြုသည်၊ သီလဆောက်တည်သည်ဟု လာရှိပါသည်။ ဤဖြစ်စဉ်ကို ပမာပြရလျှင် ရှစ်ပါးသီလဆောက်တည်ထားသည် ဆိုပါစို့၊ ခြင်ကမကိုက်ဘဲ နားအနီးတွင် တဝီဝီလုပ်နေသဖြင့် ခြင်ရှိမည့် နေရာကို မှန်းပြီးရိုက်လိုက်ရာ ကိုယ့်ပါးလည်း ရိုက်မိ၊ ခြင်လည်း သေသွားသည်။ ထိုအချိန်တွင် “ငါ အကုသိုလ် လုပ်မိပြီ ဒါ ဘယ့်နှယ်လုပ်ရပါ့ မလဲ” ဟု ဆင်ခြင်ရာမှ “ငါ ရှစ်ပါးသီလဆောက်တည်မယ်၊ သမ္မပ္ပဓာန်တရားထဲက ပြုခဲ့မိပြီး အကုသိုလ်ကို ပြန်ပြောင်းတွေးထင်မနေတော့ဘူး၊ မပြုရသေးတဲ့ ထိုထိုအကုသိုလ်မျိုးကို နောင် မလုပ်တော့ဘူး” ဟု ဆုံးဖြတ်ချက်ချသည်။ ထို့နောက် ဒါနလည်းပြု၏၊ ရှစ်ပါးသီလလည်း ဆောက်တည်၏။

ပါဏံ ဟန္တွာ တဿ ပဋိဃာတတ္ထာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။

ဤပါဠိတော်တွင် မှတ်သားစရာတစ်ခုမှာ ပါဏာတိပါတစသည့် ဒုစရိုက် ၁၀-ပါးကို ပယ်ဖျောက်နိုင်ရန် ကုစားကောင်းပါသော်လည်း “မာတရံ ဇီဝိတာ ဝေါရောပေတွာ၊ ပိတရံ ဇီဝိတာ ဝေါရောပေတွာ” အမေအဖေကို သတ်ခြင်းဟူသော အနန္တရိယကံကိုမူ ကုစား၍ မရကောင်းပေ။ ဧကန်မုချပင် ငရဲကျပါမည်။ ဤကံကိုမူ အကျိုးပေးခွင့် မရှိတော့အောင် လုပ်မရနိုင်ပေ။

ဖခမည်းတော်ကိုသတ်ခဲ့သည့် အဇာတသတ်မင်းသည် သူ၏ဆရာ ဒေဝဒတ်မြေမျို ခံရပြီးနောက် မြတ်စွာဘုရားရှင်ထံပါး ချဉ်းကပ်ခါ သာမညဖလသုတ်ကို နာယူရသဖြင့် သောက အပူမီး အတော်အတန်ကြီး ငြိမ်းသွားပါသည်။ ထိုတွင်မကသေးဘဲ ပုထုဇဉ်ပုဂ္ဂိုလ်များထဲတွင် မြတ်စွာဘုရားရှင်ကို ကြည် ညိုသည့်အရာ၌ သူအသာဆုံးဖြစ်၏။သို့သော် အနန္တရိယကံကို လွန်ကျူးထားသဖြင့် မဂ်မရပါ။ ငရဲကို ဧကန်ရောက်ရှာပါသည်။ ငရဲသက်တမ်း လျော့သည့် သက်သာမှု အနည်းငယ်ကိုမူ ရရှိနိုင်ခဲ့ပါသည်။

 

(၆) အကုသလော ဓမ္မော အဗျာကတဿဿ ဓမ္မဿ (အကု-ဗျာ)

 

အကုသိုလ်တည်းဟူသော အကြောင်းဓမ္မက အဗျာကတတည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော်ကိုပြရလျှင် အကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယပစ္စယေနပစ္စယော = အကုသိုလ်ကံသည် အကုသိုလ် အကျိုး ဝိပါက်စိတ်အား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

သတ်သေဖို့ကံပါတဲ့သူ ကယ်မရပါ

ဝိပါက်ကံကိုယူရာတွင် ဗလဝနာနာက္ခဏိက ကမ္မကို ယူရမည် ဖြစ်ပါသည်။ ဗလ၀ ကုသိုလ်စေတနာကို ယူရပါမည်။ ဒုဗ္ဗလစေတနာကို မယူရပါ။ ရှေးရှေးဆရာတော်ကြီးများက ဝတ္ထုသာဓက ထုတ်ပြသည်မှာ “မိန်းမတစ်ယောက်ဟာ ကြိုးဆွဲချပြီး သေဖို့ရာ သစ်ပင်မှာ ကြိုးကိုတက်ချည်တယ်၊ လည်ပင်းစွပ်ဖို့ ကွင်းတွေလုပ်ပြီးမှ သူလုပ်စရာတစ်ခု သတိရလို့ အိမ်ထဲ ခဏဝင်သွားတယ်။ အဲဒီအခါမှာ သူခိုးတစ်ယောက်က သစ်ပင်ပေါ်က ကြိုးကို မြင်တော့ ‘ဟန်ကြပြီ ငါခိုးလို့ရတဲ့ ဥစ္စာပစ္စည်းတွေကို ဒီကြိုးနဲ့ ချည်ပြီး တော့ယူမှပဲ’ ဆိုပြီး ကြိုးကို ဓားနဲ့ဖြတ်ဖို့ရာ ကြိုးနားကပ်သွားတယ်။ ဒီအခါ ကြိုးကမြွေဖြစ်ပြီး ရှုးရှုးဆိုတဲ့ အသံပမာ ထွက်လာတာကို သူ့မျက်လုံးထဲမှာလည်း မြွေကိုမြင်၊ သူ့နားထဲလည်း မြွေသံကြားလာတော့ သူခိုးလည်းကြောက်ပြီး ထွက်ပြေးသွားတယ်။ ဒီမိန်းမကလည်း အိမ်ထဲကထွက်လာပြီး သူစီစဉ်ထားတဲ့အတိုင်း ကြိုးဆွဲချပြီး သေသွားပါတယ်”။ ဤနေရာတွင် သတ်သေရန် အကြောင်းစုံလာသောအခါ သူခိုးကပင် အနှောင့်အယှက် မပေးနိုင်လောက်သည်အထိ ကံက အားကြီးနေတော့သည်။ ဘဝါဘဝကပြုခဲ့သည့် ဤဗလ၀ အကုသိုလ် စေတနာကံကပင် ကြိုးကသူခိုးလက်ထဲ ပါသွားမည့်အရေးကို တားမြစ်ခြင်းကပင်လျှင် “အကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယပစ္စယေန ပစ္စယော” အဖြစ် အကုသိုလ် ဝိပါက်ကို ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းပေတည်း။

ကျမ်းညွှန်း * (၂၅၃)၊သရဏဂမနကထာ၊ သာမညဖလသုတ္တဝဏ္ဏနာ၊ သီလက္ခန္ဓဝဂ္ဂထကထာ (နှာ-၂၁၂)
              * မူလပဌာန်းဆရာတော်ဘုရား၏အသံဖမ်းပဌာန်းပို့ချစဉ်ကျမ်း

 

ကိုးဆယ့်ကိုးဇာတ် ယောကျ်ားသတ် အကျွတ်မဂ်ဖိုလ်ဝင်

 

ဆက်လက်ပြီး မာတိကမာတာဝတ္ထုကို ပြပါမည်။ ရဟန်းတော်တို့သည် မာတိကမာတာ လှူဒါန်းသည့် သင့်တင့်လျောက်ပတ်ကာ သပ္ပာယမျှတသော အစာအာဟာရကိုဘုဉ်းပေး သုံးဆောင်ခွင့် ရရှိကြသဖြင့် မကြာမီမှာပင် ပဋိသမ္ဘိဒါနှင့်တကွ၊ အရဟတ္တဖိုလ်သို့ ဆိုက်ရောက် ကုန်ကြ၏။

ဝါကျွတ်သောအခါ မြတ်စွာဘုရားရှင်ထံတော်ပါး သွားရောက်ကာ ဖူးမြော်ကြသဖြင့် မာတိကမာတာ၏ ဂုဏ်သတင်းကို ဇေတဝန်ကျောင်းတိုက်ရှိ အခြားရဟန်းတော်များလည်း ကြားသိကြရသည်။ ဤတွင် မထင်ရှားသည့် အညတရ ရဟန်းတော်တစ်ပါးသည် ထိုသတင်းကို ကြားရ၍ မြတ်စွာဘုရားထံပါး ကမ္မဋ္ဌာန်းကိုသင်ယူပြီး မာတိကရွာသို့ ကြွသွား လေ၏။

တောသို့ရောက်သော် အညတရ ရဟန်းသည် ‘ငါသည် ဒါယိကာမကြီးအား တွေ့မြင်လို လှ၏။ ငါ၏ အလိုဆန္ဒကို တကယ်ပင် သိနိုင်စွမ်းပါက ဒါယိကာမကြီးသည် ငါ့ထံသို့ ဆွမ်း ခဲဖွယ် ဘောဇဉ်တို့နှင့် လာစေသတည်း’ဟု ကြံစည်လေ၏။ ထိုအခါ မာတိကမာတာ ဒါယိ ကာမကြီးလည်း ‘ယနေ့ ငါ၏သားသည် ငါ့ကို တွေ့ရန် တောင့်တနေပေပြီ’ ဟု ဆိုကာ ဆွမ်း ခဲဖွယ် ဘောဇဉ်တို့ကိုယူ၍ ကျောင်းသင်္ခမ်းသို့သွားပြီး ရဟန်းအား ဆက်ကပ် လှူဒါန်းလေ၏။

ရဟန်းသည် ဆွမ်းဘုဉ်းပေးပြီးသည်ရှိသော် “ဒါယိကာမကြီး သင်သည် သူတစ်ပါး၏ စိတ်ကို သိသလော” ဟု မေးလေ၏။ မာတိကမာတာက “သူတစ်ပါးတို့၏စိတ်ကို သိသော သူတို့ ရှိကြပါသည်ဘုရား” ဟုဖြေရာ ရဟန်းတော်က “တစ်ပါးသူတို့ကို မေးခြင်းမဟုတ် သင့်ကိုသာ မေးခြင်းဖြစ်၏”ဟု မိန့်လေရာ မာတိကမာတာက တပည့်တော် သူတစ်ပါး၏ စိတ်ကို သိပါသည်ဘုရားဟု မလျှောက်ကြားဘဲ “သူတစ်ပါး၏စိတ်ကို သိသောသူတို့က ဤသို့ပင် ပြုကြကုန်၏”ဟု ဖြေကြားပါသည်။

အညတရရဟန်းအဖို့ အခက်ကြုံပါတော့သည်။ အကြောင်းမှာ ဒါယိကာမကြီးက သူကြံစည်သမျှကို အကုန်အစင် သိနေသဖြင့် ‘ပုထုဇဉ်တို့မည်သည် ကောင်းသည်ကိုလည်း ကြံမိ၏၊ မကောင်းသည်ကိုလည်း ကြံမိတတ်၏’ ထို့ကြောင့် ဤအရပ်မှ ထွက်ပြေးမှ ဖြစ်တော့ မည်ဟု ကြံ၍ ဒါယိကာမကြီးထံ ခွင့်ပန်ပြီး မြတ်စွာဘုရားထံ သွားလေ၏။

မြတ်စွာဘုရားရှင်ထံတော်ပါး အကြောင်းစုံလျှောက်လေသော် “ချစ်သား ထိုအရပ်၌သာ သင်၏စိတ်ကို နှိပ်ကွပ်ဆုံးမပြီး နေသင့်၏ “ဟု မိန့်ကြားတော်မူ၏။

ထိုအညတရ ရဟန်းသည် ရက်ကာလတိုတိုဖြင့် လောကီအဘိညာဉ်ပါဝင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၏။ ထိုအခါ မဂ် ဖိုလ်တည်းဟူသော ချမ်းသာဖြင့် အချိန်တို့ကို ကုန်လွန်စေလျက် “သြော် အံ့ဖွယ်ကောင်းပေစွတကား။ မာတိကာ မာတာဒါယိကာမကြီးသည် ငါ၏ဆောက်တည်ရာ ဖြစ်ပေ၏။ ထိုဒါယိကာမကြီးကိုမှီ၍ ဘဝမှလွတ်မြောက်ရာသို့ ရောက်ပေပြီ” ဟု ပြန်လည် ဆင်ခြင်မိလေ၏။

ထိုအခါ မာတိကမာတာ ဒါယိကာမကြီးသည် ဤဘဝ၌သာ ငါ၏ဆောက်တည်ရာ ဖြစ်ပေသလောဟု ဆင်ခြင်ရာ ကိုးဆယ့်ကိုးဘဝတိုင်တိုင် ထိုအညတရရဟန်း၏ ဇနီးမယား ဖြစ်ခဲ့ပြီး အခြားသောယောကျ်ားတို့အပေါ်၌ တပ်မက်နှစ်သက်သောစိတ်ကြောင့် ကိုးဆယ့်ကိုး ဘဝတိုင်တိုင် သူ့ကို သတ်ခဲ့သည့်အဖြစ်ကို မြင်လေ၏။

ထိုအခါ ဤဒါယိကာမကြီး၏ ကျေးဇူးမဲ့သည့်အဖြစ်ကား ဝန်လေးပေစွတကားဟု ကြံစည် အောက်မေ့မိနေလေ၏။ မာတိကမာတာလည်း တန်ခိုးဖြင့်ကြည့်ရာ ရဟန်းတော်က ကိုးဆယ့်ကိုးဘဝကိုသာ ရှုမြင်သုံးသပ်လေ၏၊ ကိုးဆယ့်ကိုးဘဝမှအလွန် ခုနစ်ခုမြောက်သော ဘဝ၌ ထိုအညတရရဟန်းအား မိမိအသက်ကို အသေခံ၍ ကယ်တင်ခဲ့ဖူးပုံကို မြင်လေ၏။ ထိုကြောင့် မာတိကမာတာက ရဟန်းတော်အား “ကိုးဆယ်ကိုးဘဝလွန်၍ ခုနစ်ဘဝတိုင် ကြည့်ရှု ဆင်ခြင်တော်မူပါဦးဘုရား” ဟု လျှောက်ရာ အညတရရဟန်း၏ ဒိဗ္ဗသောတနားဖြင့် ကြားသဖြင့် ဆင်ခြင်ပါသည်။ ထိုအခါ၌ ဒါယိကာမကြီးသည် မိမိအတွက် အသက်ပေးကာ စတေးခံခဲ့ရရှာပုံကို သိတော်မူ၏။

ထို့ကြောင့် ကဝိလက္ခဏာကျမ်းပြုဆရာက “ကိုးဆယ့်ကိုးဇာတ် ယောကျ်ားသတ် အကျွတ်မဂ်ဖိုလ်ဝင်” ဟု မှတ်တမ်းတင်ခဲ့၏။

ကျမ်းညွှန်း * စိတ္တဝဂ်၊ အညတရဘိက္ခုဝတ္ထု၊ ဓမ္မပဒအဌကထာ ပထမတွဲ (နှာ-၁၈၃)

 

(၇) အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ (ဗျာ-ဗျာ)

 

အဗျာကတတည်းဟူသော အကြောင်းဓမ္မက အဗျာကတတည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော်ကို ပြရလျှင် –

ကာယိကံ သုခံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။

နွေမိုးဆောင်း ဥတုသုံးပါးလုံး၌ ရဟန်းသံဃာတော်တို့က ဘုရားရှင် သာသနာတော်၏ ကျင့်ဝတ်ဖြစ်သည့် ဆွမ်းခံကြွရပါသည်။ ဝန်းကျင်တစ်ခွင် အေးစက်နေပြီး နံနက်ခင်းအစော နေမထွက်သေးသည့် ပြာသို၊ တပို့တွဲလ၏ ဆွမ်းခံလမ်းသည် ဖုံထူနေသည့် လှည်းလမ်းပေါ် လမ်းလျှောက်ရလျှင် ခြေဖဝါး မနာကျင်သော်လည်း ကျောက်လမ်း၌မူ ဖဝါးပြင်ကို ကျောက် စရစ်ခဲများစူးသည့် ဒုက္ခဝေဒနာကြောင့် အလွန် ပင်ပန်းကြရပါသည်။ ထိုကဲ့သို့ အေးနေသည့် ရာသီကာလတွင် ဆွမ်းခံလမ်းဘေး မီးဖိုထားပြီး ကုသိုလ်ယူ နိုင်ကြောင်း သတိ ပြုမိသူ အလွန် နည်းပါးပေသည်။ ဆွမ်းခံအပြန် ခြေဆေးနိုင်ရန် ရေနွေးကြိုပေးခြင်းဖြင့်လည်း ကုသိုလ် ယူနိုင်ပါသည်။ ဤသည်မှာ ဥတုကို အကြောင်းပြုကာ ကုသိုလ်ရကြောင်းပြခြင်း ဖြစ်ပါသည်။

ဥတုပြီးနောက် ဘောဇနမ္ပိဟူသည် စားဖွယ်၊ ခဲဖွယ်တို့ပင် ဖြစ်ပေသည်။ သေနာသန မည်သည် နေစရာ ထိုင်စရာ အိပ်ရာနေရာများပေတည်း။ ဤတွင်လည်း စိတ်ထားတတ်ပါက ကုသိုလ်ရပြီး၊ စိတ်မထားတတ်ပါက အကုသိုလ် ဖြစ်ပေတော့မည်။

ပမာပြရသော် စူပါမားကက်ရောက်သူသည် “ဒါလေး ကျောင်းကကိုရင်လေးတွေ အတွက် အဆင်ပြေမယ်ထင်တယ်၊ ဒီအာဟာရက ဆရာတော်များအတွက် အဆင်ပြေ လောက်မယ် ” ဟု စဉ်းစားနေခြင်းကပင် ကုသိုလ်ဖြစ်နေလေပြီ၊ မလှူရသေးသော်လည်း မိမိတို့၏သန္တာန်၌ ကုသိုလ်တိုးပွားနေလေပြီ။ မိမိဝတ်နိုင်ကြောင်း၊ မိမိကဝယ်နိုင်ကြောင်းကို သူတစ်ပါးကြွားရန်အတွက်လည်းကောင်း၊ မိမိစားနိုင်ကြောင်းကို သူတစ်ပါး ကြွားရန်အတွက် လုပ်ဆောင်သမျှ၊ ပြောကြားသမျှ အားလုံး အကုသိုလ် ဖြစ်နေပါတော့၏။

 

အဗျာကတတရားက ကုသိုလ်တရားကို ကျေးဇူးပြုခြင်း

 

ကာယိကံ ဒုက္ခံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။

ကိုယ်ဆင်းရဲခြင်းဒုက္ခကို၊ အအေးအပူဥတုကို၊ အစာအာဟာရကို၊ အိပ်ရာနေရာကို အမှီပြု၍ အလှူဒါန ပေး၏။ သီလခံယူဆောက်တည် ကျင့်သုံး၏၊ ရှစ်ပါးသောဥပုသ်သီလကို ဆောက်တည်၏၊ ဈာန်ကို ဖြစ်ပေါ်စေ၏၊ အဘိညာဉ်တန်ခိုးကို ဖြစ်ပေါ်စေ၏၊ သမာပတ်ကို ဖြစ်ပေါ်စေ၏။

ဒါနပါရမီ၊ သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ စသည် ပါရမီ(၁၀)ပါး တို့ကို ဖြည့်ကျင့် ဆည်းပူးခြင်းမည်သည် ကာယိကဒုက္ခ ကိုယ်ပင်ပန်းမှု ဆင်းရဲဒုက္ခကို ခံစားကြရပါသည်။ ထို့ကြောင့် ကုသိုလ်တရားတည်းဟူသော ပါရမီဆယ်ပါးအပြား သုံးဆယ် သည် အဗျာကတတရားဖြစ်သည့် ခန္ဓာကိုယ်ကောင်ကြီး ဆင်းရဲဒုက္ခဖြစ်စေရန် ပကတူပ နိဿယသည် အားကြီးသောအကြောင်း ဗလဝပစ္စယ ဖြစ်၏။

ကျမ်းညွှန်း * ပဌာန်းသိပ္ပံဆရာတော်၏ ပဌာန်းလမ်းညွှန်ကျမ်း (ဒုတိယအကြိမ်)(၂၀၀၈ – ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေသည်)

 

The law of nature

 

အကုသိုလ်က မကောင်းကျိုးကိုသာ ဖန်တီးပေးနိုင်ပြီး ကုသိုလ်က ကောင်းကျိုးကိုသာ ဖန်တီးပေးပါသည်။ ဤသည်မှာ The law of nature သဘာဝနိယာမ ဖြစ်ပါသည်။ ထိုထို ကောင်းသည့်အကြောင်း ရှိခဲ့၍သာ ဤကောင်းသည့်အကျိုး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုထို ကောင်းသည့်အကြောင်းတရားသာ မရှိခဲ့ပါက ဤကောင်းသည့် အကျိုးတရား ဖြစ်ပေါ် လာမည် မဟုတ်ပေ။

ရှုပ်ထွေးနက်နဲသည့် သတ္တဝါတို့၏ ကံအကျိုးပေးကိုနားလည်ရန် ခက်ခဲနေမည်ဆိုလျှင် ပတ်ဝန်းကျင် ရုပ်ပိုင်းဆိုင်ရာတွင်လည်း ထိုထိုအကြောင်းတရား ပြည့်စုံ၍သာ ဤအကျိုး တရားများ ပေါ်ပေါက်လာကြောင်းကို မြင်တွေ့နေရမည် ဖြစ်ပါသည်။ ပမာပြရမည်ဆိုလျှင် တန်ခူးလ၌ ဥတုဟူသော အကြောင်းကြောင့် ကံ့ကော်ပန်း ပွင့်လာခြင်းဟူသောအကျိုးကို နားလည်ရပေမည်။ မိုးရေဟူသော အကြောင်းဓမ္မကြောင့် ညှိုးနွမ်းနေသည့် သစ်ပင်များ စိမ်းလန်းဝေဖြာလာခြင်းဟူသော အကျိုးတရားကို နားလည်နိုင်ပါသည်။ ခါကာဘိုရာဇီတောင် ထိပ်၏ အအေးဓာတ်ဟူသောအကြောင်းက ရေခဲခြင်းဟူသောအကျိုးကို မြင်တွေ့ရမည် ဖြစ်ပါသည်။

ယခု ဆက်လက်ပြီး ကံနှင့်ကံ၏အကြောင်းအကျိုးကို လေ့လာပါမည်။ စက္ခုပါလ မထေရ်က ဆေးဆရာဝန်ဖြစ်ခဲ့သည့် တစ်ခုသောဘဝ၌ သူတစ်ပါး၏မျက်လုံးကို ကန်းအောင် ပြုခဲ့ပါသည်။ ထိုအကုသိုလ်ကံသည် ပြုဆဲခဏ၌ပင် ဥပါဒ်၊ ဌီ၊ ဘင်အဖြစ် ချုပ်ပျောက် ကုန်ဆုံးသွားခဲ့ပါသည်။ သို့သော် ထိုအကုသိုလ်ကံ၏သတ္တိ Potential energy က အနန္တရ၊ သမနန္တရ၊ ပကတူပနိဿယ၊ နာနာက္ခဏိကကမ္မ စသည့် ပစ္စည်းတို့ကြောင့် လှည်းဘီးသည် နွားခြေရာနောက် လိုက်ပါသကဲ့သို့ လိုက်ပါလာကာ ရဟန္တာဖြစ်သည့်ဘဝ၌ပင် မျက်လုံးကန်းရ ပါသေးသည်။ အကယ်၍ သူတစ်ပါး၏ မျက်လုံးကန်းအောင် ပြုလုပ်ခဲ့သည့် အကြောင်းကံသာ မရှိခဲ့ပါမူ ယခုဘ၀ မျက်လုံးကန်းခြင်းဟူသော အကျိုးတရား ပေါ်ပေါက်လာမည် မဟုတ်ပေ။ ရှည်ကြာကာလ သံသရာတွင် ပြုလုပ် ထူထောင်ထားရှိခဲ့သည့် အကြောင်းတရားတို့ ရှိခဲ့၍သာ ယခုဘဝတွင် အကျိုးတရားများ ပေါ်ပေါက်၍ လာနေခြင်း ဖြစ်ပါသည်။

“ယောနိသော ဘိက္ခေ၀ မနသိကရောတော အနုပ္ပန္နာ ကုသလာ ဥပ္ပဇ္ဇန္တိ” ဟု ဟော တော်မူပါသည်။ တွေ့ကြုံလာသည့် အာရုံပေါ်ကို အသင့်အတင့် နှလုံးသွင်းတတ်ပါက မဖြစ်သေးသည့် ကုသိုလ်လည်း ဖြစ်ပြီး၊ ဖြစ်နေသည့် ကုသိုလ်များလည်း တိုးပွားနေပေမည်။

အယောနိသော မနသိကာရအဖြစ် နှလုံးသွင်းမှားလျှင်မူ မဖြစ်သေးသည့် အကုသိုလ် လည်းဖြစ်မည်၊ ဖြစ်ဆဲအကုသိုလ်လည်း တိုးပွားပေမည်။ ပမာပြရသော် ရုပ်ရှင်ကြည့်ပြီး သရုပ်ဆောင်တို့၏ အပြုအမူကြောင့် စိတ်ဆိုးနေခြင်း၊ မင်းသမီးအတွက် လွမ်းပေးနေခြင်း တို့လည်း နှလုံးသွင်းမှားယွင်းမှုပင် ဖြစ်သည်။ ယခုကဲ့သို့ အကုသိုလ် အဖြစ်ခံခြင်းသည် လွန်စွ လွန်စွာ ဆုံးရှုံးလှပါသည်။

 

(၈) အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ (ဗျာ-ကု)

 

အဗျာကတတည်းဟူသော အကြောင်းဓမ္မက ကုသိုလ်တည်း ဟူသော အကျိုးဓမ္မကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရ ကုသလတိက်၌လာသည့် ပါဠိတော် ကို ပြရလျှင် ကာယိကံ သုခံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ကိုယ်ချမ်းသာ ခြင်းသုခကို အမှီပြု၍ အလှူဒါနပေး၏။ သီလခံယူဆောက်တည် ကျင့်သုံး၏၊ ရှစ်ပါးသော ဥပုသ်သီလကို ဆောက်တည်၏၊ ဈာန်ကို ဖြစ်ပေါ်စေ၏၊ ဝိပဿနာကို ဖြစ်ပေါ်စေ၏၊ မဂ်ကို ဖြစ်ပေါ်စေ၏၊၊ အဘိညာဉ်တန်ခိုးကို ဖြစ်ပေါ်စေ၏၊ သမာပတ်ကို ဖြစ်ပေါ်စေ၏။

အနာဂတ်တရားက ကျေးဇူးပြုပုံကို ပါဠိတော်၌ “အနာဂတံ စက္ခုသမ္ပဒံ ပတ္ထယမာနော ဒါနံဒေတိ၊ သီလံသမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ။ သောတသမ္ပဒံ ဃာနသမ္ပဒံ ဇိဝှါသမ္ပဒံ ကာယသမ္ပဒံ ဝဏ္ဏသမ္ပဒံ သဒ္ဒသမ္ပဒံ ဂန္ဓသမ္ပဒံ ရသသမ္ပဒံ ဖောဋ္ဌဗ္ဗသမ္ပဒံ ပတ္ထယမာနော အနာဂတေ ခန္ဓေ ပတ္ထယမာနော” စသည်ဖြင့် လာရှိသဖြင့် နောင် အနာဂတ် ကာလ၌ မိမိတို့၏ စက္ခု စသည့် ပြည့်စုံမှုကို တောင့်တပြီး ဒါန၊ သီလ စသည် ကုသိုလ် ကောင်းမှုကို ပြုကြောင်း၊ ဖြစ်လတ္တံ့ဖြစ်သည့် စက္ခု၏ ပြည့်စုံခြင်း စသည်က ပစ္စုပ္ပန်ဖြစ်သည့် သဒ္ဓါ သီလ သုတ စာဂ ပညာ ကာယိက သုခ ကာယိက ဒုက္ခ မဂ် ဖလသမာပတ်အား ကျေးဇူးပြုလေသည်။

ပွင့်တော်မူလတ္တံ့ဖြစ်သည့် မေတ္တေယျဘုရားရှင် လက်ထက်တော်ကာလ ဟောကြား တော်မူမည့် တရားတော်နှင့် သံဃာတော်အပေါင်းသည် ယခု ပစ္စုပ္ပန်ကာလ၌ ပါရမီဖြည့်နေ ကြသည့် လူအများအား ပါရမီကုသိုလ်ပြုနိုင်ရန် ကျေးဇူးပြုနေကြောင်းကို လယ်တီဆရာတော် ဘုရားကြီးက ပဋ္ဌာနုဒ္ဒေသဒီပနီ၌ ဖော်ပြတော်မူပါသည်။

ယခုဘ၀ နောင်ဘဝတို့၌ ရလတ္တံ့ဖြစ်သည့် ဥစ္စာ၊ စပါး ပေါများပြည့်စုံမှုတို့သည် ရှေးအခါက ရှိနေခဲ့ကြသည့်သူတို့အား အထူးထူးသော လုံ့လ ပယောဂ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရတို့ကို ပြုလုပ်ဆည်းပူးရန် ကျေးဇူးပြုခဲ့ပါသည်။ အနာဂတ်ဘဝ၌ ခံစားရလတ္တံ့ဖြစ်သည့် ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိ၊ မဂ်ဖိုလ်နိဗ္ဗာန်တို့၏ ပြည့်စုံခြင်းများကလည်း ယခုပစ္စုပ္ပန်ဘဝရှိ များစွာသောလူတို့အား ဒါန သီလ စသည့် ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ဆည်းပူးရန် ကျေးဇူးပြုပါသည်။

ဥပမာအားဖြင့် လောက၌ ဆောင်းအခါ စပါးသီးနှံတို့ကို ဧကန်ရလိမ့်မည်။ “ငါတို့ အလုပ်လုပ်ထားရင် ငါတို့လိုတဲ့ဥစ္စာကို ရကြမှာပဲ” ဟု ယုံကြည်မျှော်လင့်ပြီး မိုးအခါကပင် လယ်ထွန်းခြင်း စပါးစိုက်ခြင်းအမှုတို့ကို အားထုတ်ကြခြင်း ဖြစ်သည်။ မျှော်လင့်သကဲ့သို့ပင် စပါးအသီးအနှံရသည်ကို အတိတ်ပကတူပသတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်ပါသည်။

ကျမ်းညွှန်း *ပဌာန်းပဉှာဝါရ၊ အတီတတ္တိက၊ ဓမ္မာနုလောမ တိကပဌာနပါဠိ (နှာ-၄၁၄)

 

အတိတ်ဘဝက လင်နတ်သားထံရောက်ရန် ကုသိုလ်ပြုခြင်း

 

တာဝတိံသာနတ်ပြည်၌ မာလာဘာရီနတ်သားကို နတ်သမီးငါးရာက သစ်ပင်ပေါ် တက်ပြီး ပန်းခူးပေးနေပါသည်။ ကျန်သည့် နတ်သမီးငါးရာက သစ်ပင်ပေါ်က ကျလာသည့် ပန်းများကို သီကုံးပြီးနတ်သားကို ပန်ဆင်ပေးနေကြပါသည်။ ထိုအခိုက်အတန့်ကလေး အတွင်း၌ပင် သစ်ပင်ပေါ်က နတ်သမီးတစ်ပါး ပန်းခူးရင်း သေဆုံးပြီး ကွယ်ပျောက်သွားပါ သည်။ သူက သာဝတ္ထိပြည်တွင် အမျိုးသမီးတစ်ယောက်အဖြစ် ကိုးလလွယ် ဆယ်လနေကာ မွေးဖွားလာ၏။

သူက ဘဝဟောင်းကို အောက်မေ့နိုင်စွမ်းသည့် ဇာတိဿရဉာဏ်ရသူဖြစ်သဖြင့် သူ၏ အတိတ်ဘ၀ ဖြစ်စဉ်အားလုံးကို ပြန်ပြောနိုင်လေသည်။ အရွယ်ရောက်သောအခါ အိမ်ထောင် ကျပြီး သားလေးယောက် ဖွားမြင်ပါသည်။

သူ့အနေနှင့် လဆန်းလဆုတ် ဥပုသ်၊ အဖိတ်နေ့တိုင်း သံဃာတော်များကို ဆွမ်းစသည် လှူဒါန်းကာ၊ ကုသိုလ်ကောင်းမှု ပြုပါသည်။ ကောင်းမှုပြုတိုင်း ယခင်ဘဝက မာလာဘာရီ နတ်သားနှင့် ပြန်ဆုံဖို့ကို ဆုတောင်းလေ့ရှိ၏။ သူသေဆုံးသောအခါ တာဝတိံသာနတ်ပြည်၌ပင် နတ်သမီး ပြန်ဖြစ်ပါသည်။ ထိုအချိန်အထိ သူ၏သူငယ်ချင်း နတ်သမီးများက ပန်းခူးမြဲ ခူးနေဆဲ ရှိပါသေးသည်။ (တာဝတိံသာနတ်ပြည်၏ တစ်ရက်က လူ့ပြည်၏ နှစ်တစ်ရာနှင့် ညီမျှပါသည်)။

ဤဝတ္ထုတွင် ပတိပူဇိကာနတ်သမီးသည် လူ့ခန္ဓာမှသည် နတ်ခန္ဓာကို ရနိုင်ရန် အပင်ပန်း ခံကာ သီလ ဆောက်တည်သည်။ မိမိမစားမသုံးဘဲ သံဃာတော်များအား လှူဒါန်းသည်။ ခန္ဓာကိုယ်ပင်ပန်းခံကာ ဝေယျာဝစ္စများ ပြုလုပ်သည်။ ထို့ကြောင့် ဒုတိယဘဝတွင် နတ်သမီး ဖြစ်လေသည်။ ထို့ကြောင့် “ကာယိကံ ဒုက္ခံ ဥတုံ ဘောဇနံ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ ။”

ကိုယ်ဆင်းရဲခြင်း ဒုက္ခကို၊ အအေးအပူဥတုကို၊ အစာအာဟာရကို၊ အိပ်ရာနေရာကို အမှီပြု၍ အလှူဒါနပေး၏။ သီလခံယူဆောက်တည် ကျင့်သုံး၏၊ ရှစ်ပါးသောဥပုသ်သီလကို ဆောက်တည်၏ဟု ဟောတော်မူခြင်း ဖြစ်သည်။

ကျမ်းညွှန်း * ပတိပူဇိကကုမာရီဝတ္ထု၊ ပုပ္ဖဝဂ္ဂ၊ ဓမ္မပဒဌကထာ-၁ (နှာ-၂၂၈)

 

(၉) အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ (ဗျာ-အကု)

 

အဗျာကတတည်းဟူသော အကြောင်းဓမ္မက အကုသိုလ်တည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော်ကိုပြရလျှင် —-ကာယိကံ သုခံ ဥပနိဿာယ ပါဏံ ဟနတိ၊ အဒိန္နံ အာဒိယတိ၊ မုသာ ဘဏတိ၊ ပိသုဏံ ဘဏတိ၊ ဖရုသံ ဘဏတိ၊ သမ္ဖံ ပလပတိ၊ သန္ဓိံဆိန္ဒတိ၊ နိလ္လောပံ ဟရတိ၊ ဧကာဂါရိကံ ကရောတိ၊ ပရိပန္ထေ တိဋ္ဌတိ၊ ပရဒါရံ ဂစ္ဆတိ၊ ဂါမဃာတံ ကရောတိ၊ နိဂမဃာတံ ကရောတိ၊ မာတရံ ဇီဝိတာ ဝေါရောပေတိ၊ ပိတရံ ဇီဝိတာ ဝေါရောပေတိ၊ အရဟန္တံ ဇီဝိတာ ဝေါရောပေတိ၊ ဒုဋ္ဌေန စိတ္တေန တထာဂတဿ လောဟိတံ ဥပ္ပါဒေတိ၊ သံဃံ ဘိန္ဒတိ။

ကိုယ်ချမ်းသာမှုကို အားကြီးစွာအမှီပြု၍ ‘ပါဏံ ဟနတိ’ သူ့အသက်ကို သတ်၏။ ‘အဒိန္နံ အာဒိယတိ’ ပိုင်ရှင်က ကိုယ်နှုတ်ဖြင့် မပေးသော သူ့ဥစ္စာကို ခိုးယူ၏၊ ‘မုသာ ဘဏတိ’ လိမ်ညာသော စကားကို ပြော၏၊ ‘ပိသုဏံ ဘဏတိ’ ကုန်းတိုက် ချောပြစ်သော စကားကို ပြော၏၊ ‘ဖရုသံ ဘဏတိ’ ကြမ်းတမ်းသော စကားကို ပြော၏၊ ‘သမ္ဖံ ပလပတိ’ အကျိုးမရှိသော စကားကို ပြော၏၊ ‘သန္ဓိံ ဆိန္ဒတိ’ အိမ်ခြံစည်းရိုးကို ချိုးဖောက် ဖျက်၏၊၊ ‘နိလ္လောပံ ဟရတိ’၊ ပုန်းအောင်း၍ ဆောင်ယူ၏၊ ‘ဧကာဂါရိကံ ကရောတိ’တစ်အိမ်တည်း ဝိုင်းရံ လုယက်မှုကို ပြု၏၊ ‘ပရိပန္ထေ တိဋ္ဌတိ’၊ လမ်းခရီး၌ ရပ်၏၊ ‘ပရဒါရံ ဂစ္ဆတိ’ သူ့မယားကို သွားလာဆက်ဆံ၏၊ ‘ဂါမဃာတံ ကရောတိ’၊ ရွာဖျက်ခြင်းကို ပြု၏၊ ‘နိဂမဃာတံ ကရောတိ’၊ နိဂုံး ဖျက်ဆီးခြင်းကို ပြု၏၊ ‘မာတရံ ဇီဝိတာ ဝေါရောပေတိ’၊ အမေကိုသတ်၏၊ ‘ပိတရံ ဇီဝိတာ ဝေါရောပေတိ’ အဖေကိုသတ်၏၊ ‘အရဟန္တံ ဇီဝိတာ ဝေါရောပေတိ’၊ ရဟန္တာကို သတ်၏၊ ‘ဒုဋ္ဌေန စိတ္တေန တထာဂတဿ လောဟိတံ ဥပ္ပါဒေတိ’ ပြစ်မှားလိုသောစိတ်ဖြင့် မြတ်စွာဘုရားရှင်အား သွေးစိမ်းတည်ခြင်းကို ဖြစ်စေ၏၊၊ ‘သံဃံ ဘိန္ဒတိ’ သံဃာသင်းခွဲ၏။

 

ဥမ္မာဒန္တီပုဏ္ဏေးမနှင့် မုဒုလက္ခဏာမိဖုရား

 

(ဗျာ-အကု) အာရမ္မဏူပနိဿယ၌ “ဝိပါကာဗျာကတေ ကိရိယာဗျာကတေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ, ဒိဋ္ဌိ ဥပ္ပဇ္ဇတိ” ဟု လာရှိပါသည်။

ပမာပြရသော် ဥမ္မာဒန္တီအိမ်ကို ရောက်ရှိလာကြသည့် ဘုရင့်နန်းတော်မှ ပုရောဟိတ် ပုဏ္ဏားကြီးတို့အတွက် ဥမ္မာဒန္တီ၏ ရူပကာယအဆင်းက အာရမ္မဏာဓိပတိထိုက်၏။ ထို့ကြောင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့သည် ထမင်းဝိုင်းထဲ၌ပင် စိတ်ဂယောက်ဂယက် ဖြစ်ကြရပါသည်။

တစ်ဖန် ဘုရားအလောင်းတော် ဟရိတစ ရသေ့အတွက် မုဒုလက္ခဏာမိဖုရား၏ ခါးဝတ်လျှောကျသဖြင့် မြင်တွေ့ရသည့်အာရုံက အာရမ္မဏာဓိပတိထိုက်သောကြောင့် ဈာန်လျှောကျခြင်းဖြစ်သည်။

 

ဥမ္မာဒန္တီ၏ ဘဝနှင့်အလှ

 

ဥပ္ပလဝဏ်ထေရီမ အလောင်းအလျာဖြစ်သည့် ဥမ္မာဒန္တီ အမျိုးကောင်းသမီး၏ နောက်ခံ အကြောင်းကို ဖော်ပြပါမည်။ သူမ၏ အတိတ်ကာလ တစ်ခုသောဘဝ၌ ဝတ်စုံတစ်စုံ ရရှိရန် အတွက် သူဌေးတစ်ဦးထံ သုံးနှစ် ကျွန်ခံရသည့်အထိ ဆင်းရဲရှာသည်။ သူဌေးအလိုကျ ကျွန် သက်တမ်းတစ်ခုကို ရောက်သောကာလတွင် သူ၏လက်ထဲ ဝတ်စုံရလာပါသည်။ ထိုနေ့တွင် ရေချိုးပြီးမှဝတ်မည်ဟု စိတ်ဝယ်ရည်မှန်းကာ မြစ်ဆိပ်ကမ်းသို့ သွား၏။

ထိုအချိန်အခါ၌ ကဿပဘုရားရှင်၏ တပည့်သာဝက ရဟန်းတော်တစ်ပါး သင်္ကန်း မပြည့်မစုံဖြစ်နေသဖြင့် သစ်ရွက်သစ်ခက်တို့ကို ဝတ်ဆင်လာသည်ကို ဖူးတွေ့ရလေသည်။ ထိုအခိုက် သူကျွန်ခံပြီးခက်ခဲစွာ ရရှိပိုင်ဆိုင်ထားသည့် အဝတ်ကို သင်္ကန်းအဖြစ် လှူဒါန်းရန် ဆုံးဖြတ်လေ၏။ လှူဒါန်းပြီးနောက် သူဆုတောင်းပါသည်။ သူ၏ဆုတောင်းကား “သူ့ကို မြင်ရသည့် ယောက်ျားတိုင်း ရူးသွပ်သည်အထိ လှပသူ ဖြစ်ပါရစေ” ပင်တည်း။

ဤနေရာတွင် အလှူရှင်ဖြစ်သည့် အမျိုးကောင်းသမီးကလေး၏ သန္တာန်၌ –

၁။ ကိုယ်ကျင့်သီလဖြူစင်နေခြင်း၊

၂။ သုံးနှစ်နီးပါး ကျွန်ခံကာ တရားသောနည်းလမ်းဖြင့် ရရှိထားသည့် အဝတ် သင်္ကန်းဖြစ်ခြင်း။

၃။ ပေးလှူနေသည့် အချိန်သမယတွင် ရာဂ၊ ဒေါသ၊ မောဟ၊ မာန်မာနစသည့် ကိလေသာတရားဆိုးတို့က နှောင့်ယှက်မှု မရှိဘဲ ကြည်ရွှင် ဝမ်းမြောက်ကာ ပီတိသောမနဿ ပြဋ္ဌာန်းနေသည့် ကုသိုလ်စိတ်အစဉ် ဖြစ်နေခြင်း။

၄။ ကံနှင့် ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်သည့် သဒ္ဓါတရားရှိခြင်းဟူသော အလှူရှင် ပုဂ္ဂိုလ်၏ အင်္ဂါ (၄)ချက်နှင့် ပြည့်စုံနေပါသည်။

တစ်ဖန် အလှူခံပုဂ္ဂိုလ်မှာ ကဿပဘုရားရှင်၏ တပည့်သာဝက သီလပြည့်စုံသည့် အရှင်ကောင်း အရှင်မြတ် ဖြစ်နေခြင်းဟူသော အင်္ဂါရပ်နှင့်လည်း ပြည့်စုံနေပါသည်။ ထို့ကြောင့် အလှူပေးသည့်ပုဂ္ဂိုလ်ဘက်က အင်္ဂါလေးချက်၊ အလှူခံပုဂ္ဂိုလ်ဘက်က အင်္ဂါတစ်ချက် စုစုပေါင်း အင်္ဂါငါးချက် စုံညီသည့် အလှူဒါနတစ်ခု ဖြစ်နေခဲ့ပါသည်။

ထိုအမျိုးကောင်းသမီးကလေး သေလွန်ပြီးနောက် တစ်ခုသောဘဝတွင် သိဝိတိုင်း အရိဋ္ဌပုရမြို့မှ ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသည့် သူဌေးကြီး၏ သမီးရတနာတစ်ဦး ဖြစ်လာခဲ့ပါသည်။ အမည်မှာ ဥမ္မာဒန္တီ မည်ပါသည်။ “အဝတ်သင်္ကန်းတို့ကို ပေးလှူခြင်းသည် ရုပ်အဆင်းကို လှပတင့်တယ်အောင် ပေးလှူသည်မည်၏”ဟု ဘုရားရှင်ဟောတော်မူ သည်နှင့်အညီ သူပြုစုပျိုးထောင်ခဲ့သည့် ကံက အကျိုးပေးလာလေပြီ။ ရုပ်အဆင်းသည် နတ်သမီးတမျှ လှပတင့်တယ်လေသည်။

ထို့ကြောင့် သူအရွယ်ရောက်သောအခါ ဖခင်သူဌေးကြီးက “ငါ့သမီး မိဖုရားဖြစ်ထိုက် တယ်” ဟုဆိုကာ ရှင်ဘုရင်ထံဆက်သရာ၊ နန်းတော်မှ ပုရောဟိတ် ပညာရှိပုဏ္ဏားတို့ကို ဆန်းစစ် ကာသံတော်ဦးတင်ရန် သူဌေးကြီးအိမ်သို့ စေလွှတ်၏။ ပညာရှိပုရောဟိတ်များ ထမင်းဝိုင်းတွင် တန်ဆာဆင်ထားသည့် ဥမ္မာဒန္တီက ဧည့်ခံရန် ထွက်လာပါသည်။ ဥမ္မာဒန္တီကို မြင်လိုက်ရ သည်နှင့် သူ၏ဆုတောင်းအတိုင်း ပုဏ္ဏားကြီးများ အရူးပမာဖြစ်ကာ ထမင်းကို ပါးစပ်ထဲ မခွံ့မိဘဲ ဦးခေါင်းထက် တင်သူ၊ မျက်လုံးထဲ ထည့်မိသူ စသည့် ထိုမြင်ကွင်းကြောင့် ဥမ္မာဒန္တီက ရယ်မိသဖြင့် ဘုရင်မင်းမြတ်ထံ သံတော်ဦးတင်ရာတွင် “ရုပ်ဆင်းရူပကာယ ပြည့်စုံပင် ပြည့်စုံပါ သော်လည်း ကာဠကဏ္ဏီပမာ ယုတ်မာတဲ့မိန်းကလေးဖြစ်တဲ့အတွက် မိဖုရားအရာ မထိုက် တန်ပါ” ဟု လျှောက်ကြားသဖြင့် သူမိဖုရားမဖြစ်လိုက်ရှာဘဲ အဘိပါရက စစ်သူကြီး၏ ကတော်သာ ဖြစ်ရရှာလေသည်။

ကျမ်းညွှန်း * ဥမ္မာဒန္တီဇာတကဝဏ္ဏနာ၊ ပဏ္ဏာသနိပါတ၊ ဇာတကဌကထာ-၅ (နှာ-၂၂၀)

 

ဝက်သတ်သမားစုန္ဒ

 

ဗုဒ္ဓဘုရားရှင် လက်ထက်တော်ကာလ ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်အနီး၌ စုန္ဒအမည်ရှိသော ယောက်ျားတစ်ယောက်သည် ဝက်သတ်သောအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။ စုန္ဒသည် ဝက်ပေါက်စများကို ဝယ်ယူပြီး သူ့အိမ်၏ နောက်ဖေးဘက်၌ ဝက်ခြံကြီးတစ်ခုကို ဆောက်လုပ်၍ ထိုဝက်ပေါက်စတို့ကို မွေးမြူထားသည်။ ဝက်များ အရွယ် ရောက်သောအခါ သတ်ဖြတ်၍ ရောင်းချခြင်းဖြင့် အသက်‌မွေးဝမ်းကျောင်း၏။ သူသတ်သည့် ဝက်သွေး၊ ဝက်သားကို သားမယားနှင့်အတူ မြိန်ရှက်စွာ ချက်ပြုတ်စားသောက်သည်။

ဝေဠုဝန်ကျောင်းအနီးတွင် နေသော်လည်း မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ် ခြင်းလည်း မရှိ ပန်းတစ်ဆုပ်၊ ဆွမ်းတစ်ထုပ်မျှ မကပ်မလှူဘူးပေ။ ဤသို့ဖြင့် ၅၅-နှစ်တိုင်တိုင် ဝက်များကို သတ်ဖြတ်စားသောက် ရောင်းချလာခဲ့ရာ တစ်နေ့တွင် စုန္ဒသည် မကျန်းမမာ ဖြစ်လာ၏။ ဝက်များကို အနိုင်ယူခဲ့သမျှ မကောင်းမှုဒဏ်ကို ခံရလေပြီ။ ကိုယ်ပေါ်၌ အနာကြီးများ ပေါက်လာသည်၊ အဝီစိ ငရဲမီးလျှံသည် စုန္ဒရှိရာသို့ တက်လာ၍ လောင်မြိုက်သဖြင့် ဝေဒနာကို ပြင်းစွာ ခံစားရ၏။ သေခါနီး ဝက်အော်သကဲ့သို့ အော်မြည်ကာ ပြေးနေရ၏။ အိမ်သူအိမ်သားများလည်း သူ့ကို မည်သို့မျှ သက်သာအောင် မပြုပေးနိုင်ရှာသဖြင့် အိမ်ထဲမှ အပြင်သို့ ပြေးမထွက်နိုင်ရန် တံခါးများ ပိတ်ထားကြရ၏။ ဤသို့ဖြင့် ရက်သတ္တပတ်လုံးလုံး ခံစားရပြီး ၈-ရက် မြောက်သောနေ့တွင်သေ၍ အဝီစိငရဲသို့ ကျရောက်သွားလေသည်။ မိမိ တစ်ဝမ်းစားရဖို့နှင့် တစ်ခါးလှရဖို့အတွက် သတ်ဖြတ်သည့် စုန္ဒ၏ဖြစ်စဉ်မှာ “ကာယိကံ သုခံ ဥပနိဿာယ ပါဏံ ဟနတိ” ပင် ဖြစ်ပါသည်။ စုန္ဒကဲ့သို့ပင် အသက်မွေးဝမ်းကျောင်း မစင် ကြယ်သူ၊ အကုသိုလ်ကို မရှောင်ကြဉ်သူတို့အနေဖြင့် သူတို့ဘဝ၏ ဆင်းရဲခြင်း ချမ်းသာခြင်း နှင့် မသက်ဆိုင်ပေ၊ သူတို့၏အသိဉာဏ်နှင့်သာ သက်ဆိုင်၏။ “ဆင်းရဲလေလေ သံဝေရရ” ဟု အဆိုရှိသကဲ့သို့ပင် “ဆင်းရဲလို့ ငရဲမကြောက်နိုင်တော့ဘူး”ဟူသော ဆိုရိုးလည်း ရှိပါ သေးသည်။ ထို့ကြောင့် အသိဉာဏ်ရှိမှသာ စင်ကြယ်သည့် အသက်မွေးဝမ်းကျောင်း ပြုနိုင် ကြပေမည်။

ကျမ်းညွှန်း * စုန္ဒသူကရိကဝတ္ထု၊ ယမကဝဂ္ဂ၊ ဓမ္မပဒဌကထာ အတွဲ-၁ (နှာ-၈၀)

 

ဥတု၊ ဘောဇန၊ သေနာသန

 

ဥတု၊ ဘောဇန၊ သေနာသန စသည်တို့သည် ကုသိုလ်၊ အကုသိုလ် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ကို အဗျာကတဟု ခေါ်ပါသည်။ ကုသိုလ်ကောင်းမှုဖြစ်နိုင်ရန်လည်း တွန်းအားဖြစ်စေနိုင်သကဲ့သို့ မကောင်းမှု အကုသိုလ်ဖြစ်ရန်လည်း တွန်းအား ဖြစ်စေနိုင် ပါသည်။

သပ္ပာယလေးပါး မျှတမှသာ တရားရမည်ဟု ဒေသနာတော်၌ လာရှိပါသည်။ ထိုသပ္ပာယ လေးပါးတွင် အပူအအေး ဥတုသပ္ပာယ၊ အစားအစာ ဘောဇနသပ္ပါယ အပါအဝင် နေထိုင်စရာ သေနာသနသပ္ပာယတို့သည် အထူးအရေးပါလေသည်။ ထိုထို သပ္ပာယမမျှတပါက ဝိပဿနာ တရား၊ ဈာန်တရားများ မတိုးတက်နိုင်ပါ။

 

မာတိကမာတာ၏ သပ္ပာယမျှတသည့် ဆွမ်းဘောဇဉ်ကြောင့် ရဟန်းတော်များတရားရ

 

မြတ်စွာဘုရားရှင်ထံတော်ပါးမှ ကမ္မဋ္ဌာန်း သင်ယူတော်မူကြပြီး ရဟန်းတော် ခြောက်ကျိပ်တို့သည် မာတိကရွာကို ဂေါစရဂါမ်ပြုကာ ရွာအပြင်တောထဲ ဝါဆိုတော်မူကြ ပါသည်။ မာတိကာရွာသူကြီး၏ မိခင်ဖြစ်သူ မာတိကမာတာက ဝါဆိုတော်မူနေကြသည့် ရဟန်းတော်တို့အား ဆွမ်းလောင်းလှူလေ့ရှိပါသည်။

ရဟန်းတော်တို့လည်း အချင်းချင်းတိုင်ပင်၍ “ငါ့ရှင်တို့ ငါတို့သည် တရားအလုပ်ကို မမေ့မလျော့သော စိတ်နှလုံးဖြင့် ကျင့်သုံးဆောက်တည်နိုင်ရန် တစ်ပါးစီ၊ တစ်ပါးစီခွဲ၍ တရား ထိုင်ကြအံ့။ မကျန်းမမာ အနာရောဂါရခဲ့သည်ရှိသော် ကျောင်း၌ စုဝေးကြကုန်အံ့” ဟု ကတိကဝတ်ထား၍ အသီးသီးကြွသွားကာ မမေ့မလျော့သောသတိဖြင့် အားထုတ်ကြကုန်၏။

တစ်နေ့သ၌ မာတိကမာတာသည် ရဟန်းတော်တို့အတွက် ပျားရည်၊ သကာ၊ တင်လဲ စသည်တို့ကို လှူဒါန်းနိုင်ရန် ကျောင်းသို့လာခဲ့၏။ ထိုအခါ ရဟန်းတော်တို့ကို စုစုဝေးဝေး မဖူးမြင်ရသောကြောင့် မေးလျှောက်၏။ ထိုအခါ ရဟန်းတော်တို့ကို တွေ့လိုပါက ကျောက်စည် ကိုထိုးပါလျှင် ကြွလာပါလိမ့်မည်ဟု သိရသဖြင့် ကျောက်စည်ကိုထိုးရာ ရဟန်းတော်တို့လည်း စုဝေးရာဇရပ်သို့ ကြွလာတော်မူကြ၏။

ရဟန်းတော်တို့ တစ်နေရာစီ တစ်နေရာစီမှ ကြွလာကြသည့်အဖြစ်ကိုမြင်လျှင် မာတိကမာတာက အကြောင်းကို မေးလျှောက်ရာ ရဟန်းတော်တို့က ကမ္မဋ္ဌာန်းတရား အားထုတ်နေကြောင်း မိန့်ကြားတော်မူ၏။ မာတိကမာတာက ထိုကမ္မဋ္ဌာန်းတရားကို အား ထုတ်လိုကြောင်း လျှောက်ထားရာ ရဟန်းတော်တို့က ကမ္မဋ္ဌာန်းတရားကို ပေးတော်မူကြ၏။

ဤတွင် ဒါယိကာမကြီးလည်း မမေ့မလျော့သော သတိ ဝီရိယဖြင့် အားထုတ်လေသော် အနာဂါမိ မဂ် ဖိုလ်ကို ပဋိသမ္ဘိဒါလေးပါး၊ လောကီအဘိညာဉ်နှင့်တကွ မျက်မှောက်ပြုလေ၏။

ထိုအခါ မာတိကမာတာသည် တန်ခိုးအဘိညာဉ်ဖြင့် ရဟန်းတော်များကို ဆင်ခြင် ရာတွင် ‘ငါ၏သားတော်တို့သည် လောဘ၊ ဒေါသ၊ မောဟတို့ မကင်းကြသေးပါတကား။ အကြောင်းမူကား အာဟာရသပ္ပာယ မမျှတသောကြောင့်တည်း’ ဟူ၍ အကြောင်းရင်းခံကို မြင်လေ၏။ နောက်နေ့မှစ၍ ရဟန်းတော် တစ်ပါးခြင်းစီ၏ အလိုအဇ္ဈသယ အားလျော်သော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို စီရင်ပြီး လောင်းလှူပါသည်။ ရဟန်းတို့လည်း လျောက်ပတ်ပြီး သပ္ပာယမျှတသည့် အစာအာဟာရကို ဘုဉ်းပေးသုံးဆောင်ခွင့် ရရှိကြသဖြင့် မကြာမီမှာပင် ပဋိသမ္ဘိဒါတို့နှင့်တကွ၊ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကုန်ကြ၏။ ထို့ကြောင့် ဘောဇနသပ္ပာယ မျှတခြင်းသည်လည်း တရားထူးရရန် ကြီးစွာသော အကြောင်းအထောက်အပံ့ ဖြစ်ပေ၏။

ကျမ်းညွှန်း * အညတရဘိက္ခုဝတ္ထု၊ စိတ္တဝဂ္ဂ၊ ဓမ္မပဒဌကထာ အတွဲ-၁ (နှာ-၁၈၃)

 

ဥပနိဿယပစ္စည်း၏ သင်္ချာ

 

ပဋ္ဌာန်းပဥှာဝါရ ဥပနိဿယတွင် ရနိုင်သည့်သင်္ချာကို လေ့လာပါက အောက်ပါအတိုင်း တွေ့ရပါသည်။

ဥပနိဿယ၏ သုဒ္ဓသင်္ချာမှာ – ၉ ဖြစ်ပါသည်။ ထို့ကြောင့် “ဥပနိဿယေ နဝ” ဟု မှတ်သားနိုင်ပါသည်။ အာရမ္မဏူပနိဿယ၏သင်္ချာမှာ – ၇ ဖြစ်သည်။

ပကတူပနိဿယ၏ သင်္ချာမှာ – ၉ ဖြစ်ပါသည်။

ကုသလ သင်္ချာ-၃

(၁) ကု-ကု တွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

(၂) ကု-အကု တွင် အာရမ္မဏူပနိဿယ၊ (—–မရပါ—–)၊ ပကတူပနိဿယ ရ၏။

(၃) ကု-ဗျာ တွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

အကုသလ သင်္ချာ-၃

(၄) အကု-အကုတွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယရ၏။

(၅) အကု-ကုတွင် (—–မရပါ—–)၊ (—–မရပါ—–)၊ ပကတူပနိဿယ ရ၏။

(၆) အကု-ဗျာတွင် (—–မရပါ—–)၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

 

အဗျာကတ သင်္ချာ-၃

(၇) ဗျာ-ဗျာ တွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

(၈) ဗျာ-ကု တွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

(၉) ဗျာ-အကု တွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

ဥပနိဿယပစ္စည်းသည် လွန်စွာ ကျယ်ဝန်းပါသည်။ မျိုးအနေဖြင့်လည်း အာရမ္မဏ မျိုးတွင် အာရမ္မဏူပနိဿယ ပါဝင်သည်။ တစ်ဖန် အနန္တရမျိုးတွင် အနန္တရူပနိဿယ ပါဝင်သည်။ ဆက်လက်ပြီး ဒွိပကတူ၌လည်း ပကတူပနိဿယ ပါဝင်ပါသည်။

 

Mind Matter and Nibbana to Mind. Mind to Mind. Mind and Pannatti to Mind

 

ဥပနိဿယပစ္စည်း၌ ၁။ အာရမ္မဏူပနိဿယ၊ ၂။ အနန္တရူပနိဿယနှင့် ၃။ ပကတူပ နိဿယ ဟူ၍ရှိပါသည်။

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

၁။ အာရမ္မဏူပနိဿယ

နာမ်တရား၊ ရုပ်တရားနှင့် နိဗ္ဗာန်တရား Mind Matter and Nibbana to Mind တို့က နာမ်တရားကို ကျေးဇူးပြုသော ပစ္စည်း ဖြစ်သည်။

Mind ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် အာရမ္မဏာဓိပတိပစ္စည်းနှင့် အားလုံး တူညီပါသည်။

၂။ အနန္တရူပနိဿယ

အနန္တရပစ္စည်းသည် နာမ်တရားက နာမ်တရားကို ကျေးဇူးပြုသောပစ္စည်း ဖြစ်သည်။ Mind to Mind

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် အနန္တရ ပစ္စည်းနှင့် အားလုံး တူညီပါသည်။

၃။ ပကတူပနိဿယ

နာမ်တရားနှင့် ပညတ်တရားက နာမ်တရားကို ကျေးဇူးပြုသောပစ္စည်း ဖြစ်သည်။ Mind and Pannatti to Mind

ပစ္စယဟူသော အကြောင်းတရားမှာ – ဗလဝဖြစ်သော စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ပညတ်တို့ ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စိတ် ၈၉-ပါးနှင့် စေတသိက် ၅၂-ပါးတို့ ဖြစ်သည်။

ဥပနိဿယပစ္စည်းသည် အနန္တရမျိုး၌ ပါဝင်သည်။ အလွန်ကျယ်ဝန်းသော ပစ္စည်း ဖြစ်သဖြင့် အာရမ္မဏူပနိဿယနှင့် ပကတူပနိဿယတို့သည် ဥပနိဿယပစ္စည်း၌ အကျုံးဝင်သည်။

Loading