၅။ သမနန္တရပစ္စယော – Daily life Patthana Samanantara Paccayo (Contiguity condition)

၅။ သမနန္တရပစ္စယော

Daily life Patthana

 

Samanantara Paccayo (Contiguity condition)

 

 

ကောင်းစွာ အကြားမရှိသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

It is compared to the renunciation of a universal king. It is the same thing. The king gets fed up with his life. The king leaves his country and goes into the forest. When he leaves the country, his son gets the opportunity to become king.

 

‘စည်းစိမ်မမက်၊ တောကြီးထွက်သည့်၊ စက္ကဝတ်မင်းဖျား၊ သားကြီးအားသို့’ ဟု လာရှိ သည်နှင့်အညီ စကြဝတေးမင်းကြီးသည် တောရပ်မှီသောအခါ သားကြီးရတနာသည် ကောင်းစွာတစ်ဆက်တည်း အကြားမရှိ ဘုရင်ဖြစ်လာသကဲ့သို ရှေးရှေးနာမ်တရားများသည် ချုပ်ပျောက်၍ နောက်နောက်နာမ်တရားများ ကောင်းစွာ အကြားမရှိဖြစ်ပေါ်အောင် ကျေးဇူး ပြုသည်။

စကြဝတေးမင်းသည် အရညဝါသီ တောရပ်မှီသောအခါ သားကြီးရတနာမှာ တစ်ဆက်တည်း အကြားမရှိ ဘုရင်ဖြစ်လာသကဲ့သို့ စိတ်တို့ကလည်း တစ်စိတ်တည်းထင်ရ လောက်အောင် ဆက်ကာ ဆက်ကာ ကောင်းစွာ အတားအဆီးမရှိ ဖြစ်ပေါ်စေသည့် ပစ္စည်းမှာ သမနန္တရပစ္စည်း ဖြစ်ကြောင်းကို ရှေးဆရာမြတ်များက အထက်ပါအတိုင်း ဥပမာပြုတော်မူကြပါသည်။

 

 

သမနန္တရပစ္စည်းကို ဟောတော်မူရခြင်းအကြောင်း

 

အနန္တရပစ္စည်းကို ဟောကြားတော်မူပြီးနောက် သမနန္တရပစ္စည်းကို ဟောတော်မူရသည့် အကြောင်းမှာ အချို့သောပုဂ္ဂိုလ်က အနန္တရကို ဟောခြင်းဖြင့် နားလည်နိုင်ပါသော်လည်း အချို့မှာမူ အနန္တရပစ္စည်းဟောရုံမျှဖြင့် မလုံလောက်သောကြောင့် သတ္တဝါတို့၏ (ဝေနေယျဇ္ဈာသယ = ကျွတ်ထိုက်သည့် သတ္တဝါတို့၏ အလိုဆန္ဒ) အားလျော်စွာ သမနန္တရကို ဟောတော်မူခြင်းဖြစ်ကြောင်း ရှေးဆရာမြတ်တို့က ဖွင့်ဆိုတော်မူကြပါသည်။

 

 

အနန္တရနှင့် သမနန္တရပစ္စည်းနှစ်ပါး၏အထူး

 

အနန္တရပစ္စယော၏ အဓိပ္ပာယ်မှာ (န + အန္တရ + ပစ္စယော) အကြားအလပ်မရှိ ကျေးဇူး ပြုနိုင်သည့် ပစ္စည်း။
သမနန္တရပစ္စယော၏ အဓိပ္ပာယ်မှာ (သံ + အနန္တရ + ပစ္စယော) = ကောင်းစွာ အကြား မရှိဘဲ နောက်စိတ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုနိုင်သည့် ပစ္စည်း။

တစ်ဖန် ဆရာမြတ်တို့က စကြမင်းနတ်ရွာစံခြင်းသည် သားကြီးဥပရာဇာ စကြမင်း ဖြစ်ရန် ကျေးဇူးပြုကြောင်းကို အနန္တရပစ္စည်း၏ ကျေးဇူးပြုပုံနှင့် ဥပမာပေးတော်မူကြသည်။ ခမည်းတော်စကြမင်း နတ်ရွာစံသည့်နှယ် ရှေးစိတ်ပျက်ခြင်းကပင် နောက်စိတ်ဖြစ်ရန် ကျေးဇူးပြုပုံကို ပြ၏။

တစ်ဖန် စကြမင်း ထီးနန်းစည်းစိမ်စွန့်ပြီး တောထွက်ခြင်းသည် သားကြီးဥပရာဇာ စကြမင်းဖြစ်ရန် ကျေးဇူးပြုကြောင်းကို သမနန္တရပစ္စည်း၏ ကျေးဇူးပြုပုံနှင့် ဥပမာပေးတော် မူကြပါသည်။ ခမည်းတော်စကြမင်းကြီး တောထွက်သည့်နှယ် ရှေးစိတ်ပျက်ခြင်းကပင် နောက်စိတ်ဖြစ်ရန် ကောင်းစွာ ကျေးဇူးပြုပုံကို ပြ၏။

မိုးကုတ်ဆရာတော်ကြီးက ပုဂ္ဂလဇ္ဈာသယအလို့ငှာ အနန္တရ, သမနန္တရပစ္စည်းနှစ်ပါးကို ဟောရ၏။ အနန္တရပစ္စည်းကို နာကြားဖူးသည့်ပုဂ္ဂိုလ်က သမနန္တရပစ္စည်းကို နာကြားရသော အခါ မိမိတို့သည် ပရိစယလေ့ကျက်ခဲ့သည့်တရား မဟုတ်သောကြောင့် သူတို့၏ဉာဏ်၌ မထင်ရကား ကျွတ်တန်းမဝင်မည်စိုး၍ ပုဂ္ဂိုလ်၏ အဇ္ဈာသယကို ကြည့်တော်မူပြီးလျှင် အနန္တရပစ္စည်းကို နာဖူး၊ အားထုတ်ခဲ့ဖူးသော ပုဂ္ဂိုလ်အား အနန္တရပစ္စည်းကို ဟောရသည်။ သမနန္တရပစ္စည်းကို နာဖူးတဲ့ပုဂ္ဂိုလ်အား သမနန္တရပစ္စည်းကို ဟောတော်မူရတယ်လို့မှတ်။ တရားထူး၍ ဟောတော်မူသည်မဟုတ်။

တစ်နည်းအားဖြင့် သမနန္တရကိုဟောမှ ဒေသနာတော်တင့်တယ်ရကား ဒေသနာတော်ကို တန်ဆာဆင်သောအားဖြင့် ဒေသနာဝိလာသအားဖြင့် ဟောတော်မူတယ်လို့ အချို့ သောဆရာများက ယူပေ၏။

သမနန္တရပစ္စည်းကို သံ-သဒ္ဒါကလေးနဲ့ အထူးပြုပြီး ဟောတော်မူရခြင်းမှာ ပထမစိတ် ချုပ်ပျောက်သွားလို့ရှိရင် နောက်စိတ်များ ဖြစ်ပေါ်ရ၏။ ဤကဲ့သို့ပင် ဖြစ်ပါငြားသော်လည်း ထက်အောက်ဝန်းကျင် ပတ်လည်တို့၌ စောင့်ဆိုင်းနေခြင်းမရှိပါဘဲ အကြောင်းတိုက်ဆိုင်ခဲ့ရင် ဖြစ်ရမယ်။ အကြောင်းမတိုင်ဆိုင်ခဲ့သော် ပျက်ရမည်လို့ဆိုတဲ့ သတ္တိသဘာဝကို သိစေခြင်း အကျိုးငှာ ဟောတော်မူတယ်မှတ်။

ဥပမာအားဖြင့် ထင်ရှားအောင် ပြဦးအံ့ – “ဝိဇ္ဇုပ္ပါဒေါ၀ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိ စ” ဟူသည်နှင့်အညီ ထက်ကောင်းကင်မှာ လျှပ်စစ်တို့သည် အကြောင်းတိုက်ဆိုင်တဲ့အခါမှာ ဝင်းခနဲ ဝင်းခနဲ ပေါ်လာရ၏။ အကြောင်းမတိုက်ဆိုင်တဲ့အခါမှာ မပေါ်ဘဲ နေကြကုန်သကဲ့သို့ မှတ်ရမယ်။ ပထမဇောကြောင့် နောက်ဒုတိယဇောကလေး ဖြစ်ပေါ်လာရ၏။ ပထမဇောသည် ဇာတိ စသောတရားတို့က နှိပ်စက်ခြင်းကြောင့် ပျက်စီးရ၏။ ဒါ့ကြောင့် “ဟုတွာ အဘာဝတ္ထေန အနိစ္စာ” လို့ မိန့်ထားရကား ဤကဲ့သို့ ပျက်စီးသွားရတာကလေးသည် အနန္တရသတ္တိမှတ်။ နာမ်တရားတို့သည် ရုပ်တရားများကဲ့သို့ သဏ္ဌာန်အားဖြင့် မရှိသည်၏ အဖြစ်ကို သိစေလိုသောကြောင့် သမနန္တရကို သံ-သဒ္ဒါဖြင့် ထပ်ဟောရ၏။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကလေး ပေါ်လာ၏။ ပေါ်ပြီးသည့်နောက် ငါသည် ချုပ်ငြိမ်းရုပ်သိမ်းရတော့မယ်။ ချုပ်ရငြားသော်လည်း ငါ့မှာ အလုပ်ဝတ္တရားကလေးရှိ၏။ ဘာအလုပ်လဲဆိုရင် စိတ်အစဉ်မပြတ်မှုကလေး အားထုတ်ဖို့ရာ ရှိသေးတာကြောင့် ချုပ်ငြိမ်းရုပ်သိမ်းတဲ့ သတ္တိ ကလေးသည် အနန္တရသတ္တိ မှတ်ပါ။

သမနန္တရကတော့ ငါသည် ချုပ်ငြိမ်းရုပ်သိမ်းရတော့မယ်။ ချုပ်ငြိမ်းရုပ်သိမ်းရငြား သော်လည်း ကိစ္စဌာနအားဖြင့် လျော်လျောက်ပတ်တဲ့တရားကလေးသာ လာရမယ်ဆိုပြီး ချုပ်ငြိမ်းရုပ်သိမ်းသွားတယ်။ ၎င်းချုပ်ငြိမ်းရုပ်သိမ်းသွားတဲ့ တရားကလေးသည် သမနန္တရမှတ်။

ပဉ္စဒွါရာဝဇ္ဇန်းပြီးလျှင် ဒဿနကိစ္စတပ်တဲ့ စက္ခုဝိညာဏ်မှသာလျှင် ဝင်ရမယ်။ ဒဿန ကိစ္စမတပ်ရင် မဝင်ရဘူးဆိုပြီး ချုပ်ငြိမ်းရုပ်သိမ်းသွားတဲ့ သတ္တိကလေးသည် သမနန္တရ သတ္တိ ကလေးမှတ်လေ။

အနန္တရမှာတော့ ရှေ့စိတ်ချုပ်သွားရင် ဘယ်လိုစိတ်တွေပေါ်ပေါ် အစဉ်မပြတ်ဖြစ်ပြီးရင် ပြီးရောလို့ဆိုတဲ့ သတ္တိသာရှိ၏။ ကိစ္စဌာနဟာ အရေးမကြီးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါနဲ့အာရုံ တူလျှင် ပြီးရောဆိုပြီး ချုပ်သွားရကား အနန္တရနှင့် သမနန္တရတို့မှာ ကိစ္စဌာနမှတ်တာနှင့် အာရုံ မှတ်တာမှာသာ ကွဲပြားပါသော်လည်း ၎င်းနှစ်ပါးတို့မှာ တူတယ်လို့ မှတ်ပါ။ နိယာမအားဖြင့် သိစေလိုသောကြောင့် ဓာတ်နှင့်အထူးပြုပြီး ဟောရတယ်လို့မှတ်ပါဟု အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သုံးချက်စု ချပို့စဉ် အဘိဓမ္မာပဋ္ဌာန်း ညဝါမှတ်စု စာအုပ်၌ လာရှိပါသည်။

ကျမ်းညွှန်း * အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သုံးချက်စု ချပို့စဉ် အဘိဓမ္မာပဋ္ဌာန်း ညဝါမှတ်စုစာအုပ် သုံးချက်စု ချပို့စဉ်။

 

 

ရဟန္တာတို့၌ ပဋိသန္ဓေစိတ် ထပ်ဖြစ်လာရန် မရှိပါ

ယောဂီတစ်ဦးသည် ဝိပဿနာတရားကို ပွားများအားထုတ်၍ ရဟန္တာဖြစ်သွား၏။ ထိုရဟန္တာအဖို့ လက်ရှိဘဝသည် နောက်ဆုံးဘဝဖြစ်သောကြောင့် ပရိနိဗ္ဗာန်စံဝင် စုတိစိတ်ကျပြီး နောက်တွင် တစ်ဖန်ဘဝအသစ်၌ မဖြစ်တော့ပေ။ တစ်နည်းအားဖြင့် ပဋိသန္ဓေစိတ် ထပ်ဖြစ် လာရန် မရှိတော့ပါ။

ထို့ကြောင့် ထိုရဟန္တာပုဂ္ဂိုလ်တို့၏ စုတိစိတ်သည် အနန္တရ၊ သမနန္တရတို့၏သတ္တိဖြင့် ထပ်မံ၍ စိတ်တစ်ပါးပါး ဖြစ်လာစေရန် ကျေးဇူးမပြုနိုင်တော့သောကြောင့် ပစ္စည်းတရား မဖြစ်နိုင်တော့ပြီ။ သို့သော် ရဟန္တာပုဂ္ဂိုလ်၏ စုတိစိတ်သည် မိမိရှေ့က ဖြစ်သောစိတ်၏ အနန္တရ၊ သမနန္တရသတ္တိဖြင့် ကျေးဇူးပြုခြင်းကို ရရှိထားသဖြင့် ၎င်းကို ပစ္စယုပ္ပန်တရားထဲ၌ ထည့်သွင်း ရ၏။

ဤတွင် သတိပြုရန်မှာ ဘဝတစ်ခုက သေပြီးနောက် ဘဝသစ်တစ်ခုရသည်ကို သူလို ကိုယ်လိုလူက သိနိုင်ခဲပါသည်။ ဤခန္ဓာဖြင့်ပင် ပုထုဇဉ်ဘဝမှသည် အရိယာဘ၀ ဖြစ်ရာ၌မူ သေသေချာချာ သိနိုင်ပါသည်။ ပမာပြရသော် လူတစ်ယောက် ရူးနေသည်ကို ရူးမှန်းမသိနိုင်သော်လည်း အရူးဘဝမှ ဆေးကုသခွင့်ရသဖြင့် ကောင်းသွားသည်ကို ကာယကံရှင်က သေသေချာချာ သိသကဲ့သို့ပင် ဖြစ်ပါသည်။

 

 

စိတ်တစ်ခုနှင့် တစ်ခုအကြား မခြားပါ

အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်တို့သည် တစ်ရက်ဖြစ်စေ၊ နှစ်ရက်ဖြစ်စေ စသည်ဖြင့် အဓိဋ္ဌာန် အတိုင်း ခုနစ်ရက်အထိ စိတ်၊ စေတသိက်၊ စိတ္တဇ္ဇရုပ်တို့ အလုံးစုံကို ချုပ်ငြိမ်းစေလျက် နိရောဓ သမာပတ်ကို ဝင်စားတော်မူနိုင်ကြ၏။

ယင်းသို့ မဝင်စားမီ နောက်ဆုံးဖြစ်သောစိတ်ကား နူးညံ့သိမ်မွေ့လှသော နေဝသညာ နာသညာယတနစိတ် ဖြစ်၏။ ထို့နောက် အဓိဋ္ဌာန်ထားသည့်အတိုင်း တစ်ရက်၊ နှစ်ရက်၊ သုံးရက် စသည်ဖြင့် ခုနစ်ရက်အထိ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ အလျဉ်းမဖြစ်ဘဲ ချုပ်ငြိမ်းနေကုန်၏။

အဓိဋ္ဌာန်သည့် ကာလပြည့်၍ နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ်ပုဂ္ဂိုလ်အား အနာဂါမိဖိုလ်စိတ်သည် လည်းကောင်း၊ ရဟန္တာ ပုဂ္ဂိုလ်အား အရဟတ္တဖိုလ်စိတ်သည် လည်းကောင်း ဖြစ်လာ၏။

ဤတွင် နိရောဓသမာပတ် မဝင်စားမီဖြစ်သော ရှေ့စိတ်နှင့် ထိုသမာပတ်မှ ထသော အခါဖြစ်သော နောက်စိတ်တို့အကြား ကာလအားဖြင့် ခုနစ်ရက်တိုင်တိုင် ခြားနေပါသော်လည်း စိတ်တစ်ခုမျှ အကြား၌ ခြားနေခြင်း မရှိပေ။ ဤနေရာ၌လည်း ရှေ့စိတ်က နောက်စိတ်ကို အနန္တရ၊ သမနန္တရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။

 

 

အသညသတ် ဗြဟ္မာကြီးများ

ဆက်လက်၍ လူ့ပြည်၌ ယောဂီပုဂ္ဂိုလ်တစ်ဦးသည် စိတ်၊ စေတသိက်ဟူသော နာမ်တရား တို့ကြောင့်သာ ဤဆင်းရဲဒုက္ခတို့ကို ခံစားနေရ၏ဟူ၍ နာမ်တရား၏ အပြစ်များကို ရှုပြီး ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းကာ ပဉ္စမဈာန်ကို ရ၏။

ထိုပုဂ္ဂိုလ်သည် စုတေသော် စိတ်၊ စေတသိက်ဟူသော နာမ်တရားတို့ အလျဉ်းမရှိဘဲ ရုပ်ခန္ဓာသက်သက်သာရှိသော အသညသတ်ဘုံ၌ ဗြဟ္မာကြီး ဖြစ်လေ၏။ ကမ္ဘာပေါင်း – ၅၀၀ ကာလပတ်လုံး နာမ်တရားများ မဖြစ်ဘဲ ရုပ်ခန္ဓာချည်းသာဖြစ်၍ တည်နေသည်။

တစ်ဖန် သက်တမ်းကုန်သောအခါ ထိုဗြဟ္မာဘုံမှ စုတေ၍ ကာမဘုံ၌ ဖြစ်ရလေ၏။ ထိုတွင် အသညသတ်ဘုံသို့ မရောက်မီကဖြစ်သော ရှေ့စုတိစိတ်နှင့် ကာမဘုံ၌ ပြန်ဖြစ်လာသည့် ပဋိသန္ဓေစိတ်တို့၏ အကြား၌ အချိန်ကာလအားဖြင့် ကမ္ဘာပေါင်း – ၅၀၀ ခြားပါသော်လည်း စိတ်တစ်ခုမျှ အကြား၌ ခြားနေခြင်း မရှိပေ။ ဤနေရာ၌လည်း ရှေ့စိတ်က နောက်စိတ်ကို အနန္တရ၊ သမနန္တရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။

ဤတွင် နိရောဓသမာပတ်ဝင်စားခြင်းနှင့် အသညသတ်ဘုံ၌ ဖြစ်ခြင်းတို့ကို ထောက်ရှု၍ အနန္တရပစ္စည်း၊ သမနန္တရပစ္စည်းတို့၌ ရှေ့စိတ်နှင့် နောက်စိတ်တို့အကြား ကာလအားဖြင့် ခြားကွယ်နေမှု ရှိ၏ မရှိ၏ကို မယူရဘဲ အခြားသဘာဝတစ်ခုခုက ခြားကွယ်နေမှုရှိခြင်း၊ မရှိခြင်းကိုသာ ယူရသည်ဟူ၍ အနန္တရ၊ သမနန္တရ၊ နတ္ထိနှင့် ဝိဂတပစ္စည်းတို့၏ သဘောကို နားလည်ရာ၏။

ကျမ်းညွှန်း * ဆရာကြီးဦးမြင့်ဆွေ၏ ပဋ္ဌာန်းမဟာကျမ်း

 

 

Physical continuity & Mental continuity

ပဋိသန္ဓေကအစပြုပြီး ယနေ့ထိတိုင် နာမ်တရားအစဉ်တန်း Mental process သည် အပြတ်အတောက် အရပ်အနား မရှိပေ။ အဆင်းရူပါရုံနှင့်ဆုံလျှင် မြင်သိစိတ် ဝီထိကျမည်။အသံသဒ္ဒါရုံနှင့်ဆုံလျှင် ကြားသိစိတ် ဝီထိကျမည်။ ကြားထဲ၌လည်း ဘဝင်စိတ်များခြားကာ အနန္တရအစဉ်ဖြင့် သွားနေပါသည်။

ယုတ်စွအဆုံး အိပ်ပျော်နေလျှင်လည်း နာမ်တရားအစဉ် Mental process က မပြတ် မတောက် ဖြစ်နေပါသည်။ နိုးကြားနေစဉ် ဝီထိစိတ်အစဉ်နှင့် အကြား၌ ဘဝင်စိတ်အစဉ် ကျသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်၌မူ ဘဝင်စိတ်အစဉ် ကျနေပါမည်။

Mental process စိတ်အစဉ်သည် တည်တံ့ခိုင်ခံ့နေသည် မဟုတ်ဘဲ ဥပါဒ်၊ ဌီ၊ ဘင်။ ဥပါဒ်၊ ဌီ၊ ဘင်။ ဥပါဒ်၊ ဌီ၊ ဘင်ဖြင့် ဖြစ်၊ တည်၊ ပျက်၊ ဖြစ်၊ တည်၊ ပျက်ကာ အသစ်၊ အသစ် ဖြစ်၍၊ ဖြစ်၍၊ ပျက်၍၊ ပျက်၍အပြတ်အလပ်မရှိ သွားနေပါသည်။

နာမ်တရား၏ဖြစ်စဉ်တွင် နာမ်တရားတစ်ပါးဖြစ်နေစဉ် နောက်ထပ်၍ နာမ်တရားများ ဖြစ်ခွင့် မရှိတော့ပေ။ အနန္တရပစ္စည်း၏ သဘောအရ ရှေ့ကနာမ်တရား ပျက်ပေးပြီးမှသာ နောက်ထပ်နာမ်တရားများ ဖြစ်ပေါ်ခွင့် ရှိကြလေသည်။

ရဟန္တာမဖြစ်သေးပါက နောက်ဘဝတစ်ခု ရနေဦးမည်သာ။ ဤဘဝ၏ စုတိစိတ် ကျပြီးသည်နှင့် ရှေ့ဘဝ၏ပဋိသန္ဓေ ဆက်ဖြစ်တော့သည်။ တစ်နည်း ထပ်၍ရှင်းပြရလျှင် စုတိစိတ် ဥပါဒ်၊ ဌီ၊ ဘင် ချုပ်သွားသည်နှင့် ပဋိသန္ဓေစိတ် ဥပါဒ်၊ ဌီ၊ ဘင် ဆက်ဖြစ်နေပါသည်။ စုတိစိတ် နှင့် ပဋိသန္ဓေစိတ်တို့အကြား ဘာမျှမခြားကြောင်းကို အနန္တရပစ္စည်းဖြင့် နားလည်နိုင်ပေသည်။
တစ်နည်းဥပမာပြရပါလျှင် ဂေါတမမြတ်စွာဘုရားရှင်အလောင်းအလျာ သုမေဓာ ရှင်ရသေ့ဘ၀ ဗျာဒိတ်တော်ခံယူပြီး ပါရမီတော်များကို ရှည်ကြာကာလ ဘဝများစွာ ဖြည့် ကျင့်လာခဲ့ရာ သံသရာဘဝများစွာ ခြားခဲ့ပါသော်လည်း နာမ်တရားအစဉ် Mental process ရပ်တန့်မသွားခဲ့ပါ။ ပြတ်တောက် မသွားခဲ့ပါ။ ထို့ကြောင့် ပါရမီတော်များ ပြည့်စုံကာ ဘုရားဖြစ်တော်မူခြင်း ဖြစ်ပါသည်။

ရုပ်ပိုင်းအနေနှင့်မူ ရုပ်ရှိသည့်ဘုံ၌ တစ်ဘဝသေလျှင် Physical continuity က ပြီးပြတ် သွားလေတော့သည်။ ဥပမာအားဖြင့် လူ့ဘဝမှ စုတိစိတ်ကျပြီး ခွေးဘဝ၏ ပဋိသန္ဓေရပါက ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အလုံးစုံ ပြောင်းသွားလေပြီ။ Physical continuity ပြတ်တောက်ကာ ခေါင်း၊ ခါး၊ ခြေ၊ လက် အလုံးစုံ အသစ်ဖြစ်လာသည်။

သို့သော် လူ့ဘဝမှလာသည့် ခွေးဖြစ်သောကြောင့် သင်လွယ်၊ တတ်လွယ်သည့်ခွေး၊ သခင့်အလိုကို အကဲခတ်နိုင်စွမ်းသည့်ခွေး၊ လိမ္မာသည့်ခွေး ဖြစ်လာစေရန် အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတပစ္စည်းများက ကျေးဇူးပြုပေသည်။

 

 

 

 

စိတ်၏သက်တမ်း

 

စိတ်၏သက်တမ်းသည် ‘လက်ဖျောက်တစ်ချက်တီး ကုဋေတစ်သိန်း’ ရှိ၏။ ယနေ့ခေတ် နာရီဖြင့်ပြောရလျှင် လက်ဖျောက်တစ်ချက်ကို တစ်စက္ကန့်ယူလျှင်ပင် တစ်စက္ကန့်အတွင်း၌ ဖြစ်ပျက်နေသည့် စိတ်အလုံးပေါင်းမှာ ကုဋေတစ်သိန်းရှိသည်။ တစ်နည်းအားဖြင့် တစ်စက္ကန့် အတွင်း၌ စိတ်အလုံးပေါင်း (၁,၀၀၀,၀၀၀,၀၀၀,၀၀၀) ရှိပေမည်။ သို့ဖြစ်ပါလျှင် စိတ်တစ်လုံး၏ သက်တမ်းကို သိလိုပါက တစ်စက္ကန့်ကို အထက်ဖော်ပြပါကိန်းဂဏန်းသင်္ချာဖြင့် စားရမည်။ ထို့ကြောင့် စိတ်တစ်လုံး၏ သက်တမ်းသည် (ဝ.၀၀၀၀၀၀၀၀၀၀၀၁)စက္ကန့်ဖြစ်ပါသည်။ ဒသမသုည ၁၁-လုံး၏နောက်က တစ်စက္ကန့်ဟူသောအချိန်သည် စိတ်တစ်လုံး၏ သက်တမ်း ဖြစ်သဖြင့် မှန်းဆ၍ပင်မရနိုင်လောက်အောင် အချိန်ကာလ တိုတောင်းလွန်းပါသည်။

 

 

နာမ်တရားများနှင့်အတူ ရုပ်တရားများလည်းဖြစ်နေ

နာမ်ဝီထိအစဉ်ကြီး စဉ်ဆက်မပြတ် ဖြစ်နေသကဲ့သို့ ရုပ်တရားများကလည်း မိခင်ဝမ်းထဲ ပဋိသန္ဓေကစပြီး ကမ္မဇရုပ်တို့က ဖြစ်နေပါသည်။ နောက်ပိုင်းတွင် နာမ်တရားအစဉ်တစ်ခုတွင် ရုပ်တရားများက စဉ်ဆက်မပြတ် ဖြစ်နေပါသည်။ ၎င်းရုပ်များမှာ ကံကြောင့်ဖြစ်သည့် ရုပ်၊ စိတ်ကြောင့်ဖြစ်သည့်ရုပ်၊ ဥတုကြောင့်ဖြစ်သည့်ရုပ်နှင့် အာဟာရကြောင့်ဖြစ်သည့်ရုပ်တို့ ဖြစ်သည်။ အနန္တရပစ္စည်းတွင် ရုပ်တရားကို မဟောဘဲ အကြောင်းဓမ္မလည်း နာမ်တရား၊ အကျိုး ဓမ္မလည်း နာမ်တရားကိုသာ ဟောတော်မူပါသည်။

 

 

ငါသေရင် ခေါင်းအုံးဘေး တံဆိပ်တုံးကြီးချထားမှာကို ရှက်လွန်းလို့

 

ပုဂံမင်း၏ညီတော် မင်းတုန်းမြို့စားနှင့် ကနောင်မြို့စား ညီနောင်နှစ်ပါးတို့သည် နောင်တော်ပုဂံမင်းကို လုပ်ကြံရန် အကြံကိုယ်စီဖြင့် ထွဋ်ခေါင်ဆရာတော် (AD-၁၇၉၈-၁၈၈၀) သီတင်းသုံးရာ ဆင်မချောင်သို့ ရောက်ရှိလာကြပါသည်။ ရဟန်းဝတ်ခွင့် တောင်းပန်သောအခါ ဆရာတော်ဘုရားကြီးက “မင်းသားတို့ သာသနာပြုရဦးမည့် အတိတ်ကံရှိပေသည်။ ရဟန်းဝတ်လိုလျှင် နောင်ဝတ်ကြပါ၊ မောင်တို့အတိတ်ကပါသည့် ဘုန်းကံကို ပစ္စုပ္ပန်စိတ်မိုက် ကြီးကြောင့် မပျက်စီးပါစေလင့်” ဟု အကျယ်တဝင့် မိန့်တော်မူပါသည်။

ခရစ် (၁၈၅၂) ခုနှစ် ဆရာတော် ရဟန်းသိက္ခာ (၃၄)ဝါ ရှိတော်မူချိန်၌ မင်းတုန်းမင်းတရား အထွဋ်အထိပ်သို့ရောက်၍ ညီတော်ကနောင်မင်းသား အိမ်ရှေ့ဥပရာဇာအဖြစ် ရောက် သောအခါ ဆင်မချောင်၌ ကျောင်းများ ဆောက်လှူကြပါသည်။ ထိုမျှဖြင့် အားမရကြသေးဘဲ ဘုရင်နှင့် အိမ်ရှေ့မင်းတို့က ရွှေနန်းတော်သို့ပင့်ကာ ရာဇဂုရုမင်းဆရာဘွဲ့တံဆိပ်တော်ကို ပရိသတ်ဗိုလ်ပါရှေ့၌ ဆက်ကပ် လှူဒါန်းကြရာ “ဒီတံဆိပ်တုံးကြီး ဘာအသုံးကျသလဲ? ငါသေရင် ခေါင်းအုံးဘေး တံဆိပ်တုံးကြီး ချထားမှာကို ရှက်လှတယ်၊ ငါ့ကြည် ညိုရင် ငါ့ တရားအတိုင်း လိုက်နာကြ” ဟု မိန့်တော်မူကာ စစ်ကိုင်းသို့ ပြန်ကြွတော်မူသည်။

ဆရာတော်ကြီးတို့၏ စိတ်အစဉ်၌ မထင်ပေါ်မကျော်ကြားလိုသည့် အပိစ္ဆဂုဏ်အပါအဝင်၊ ရသမျှဖြင့် ရောင့်ရဲတင်းတိမ်တော်မူသည့် ယထာလာဘ သန္တောသဂုဏ်၊ သန္တုဋ္ဌီ သလ္လေခဂုဏ်တို့က စဉ်ဆက်မပြတ် အနန္တရသတ္တိ၊ သမနန္တရသတ္တိ၊ အာသေဝေနသတ္တိ၊ နတ္ထိ၊ ဝိဂတသတ္တိတို့ဖြင့် ထုံးမွမ်းနေခြင်းကို ကြည် ညိုမဆုံး ဖြစ်ကြရပါသည်။

 

 

အနန္တရမျိုးပစ္စည်း ၇-ပါး

သတ္တဝါများ ဘဝပြောင်းသော်လည်း နာမ်တရားက မြဲသည်ဟူသော သဿတဒိဋ္ဌိကို ပယ်ခွာ၍ အယူမှန်ကန်စေရန် ၁-အနန္တရ။ ၂-သမနန္တရ။ ၃-အနန္တရူပနိဿယ။ ၄-နတ္ထိ။ ၅-ဝိဂတ။ ၆-အာသေဝနနှင့် ၇-အနန္တရူပကမ္မ = နာနာက္ခဏိကကံတို့ကို ဟောတော်မူခြင်း ဖြစ်ပါသည်။

၁- အနန္တရပစ္စည်း၏ ကျေးဇူးပြုပုံမှာ ရှေ့စိတ်နှင့် နောက်စိတ်နှစ်ခုကြားတွင် နာမ် တရားအစု အခြားမရှိစေရဘဲ ကျေးဇူးပြုခြင်း ဖြစ်ပါသည်။

၂- သမနန္တရပစ္စည်း၏ ကျေးဇူးပြုပုံမှာ ရှေ့စိတ်နှင့်နောက်စိတ် တစ်ခုတည်း ထင်ရလောက်အောင်ဖြစ်ပြီး ကျေးဇူးပြုသည်။

၃- အနန္တရူပနိဿယ၏ ကျေးဇူးပြုပုံမှာ နောက်စိတ်ဖြစ်ဖို့ရန်အတွက် လွန်ကဲ ကြီးမားသော အကြောင်းအဖြစ် ကျေးဇူးပြုသည်။

၄- နတ္ထိပစ္စည်း၏ ကျေးဇူးပြုပုံမှာ နောက်စိတ် ဖြစ်ခွင့်ရရန် ရှေ့စိတ်ချုပ်ခြင်း မရှိခြင်းဖြင့် ကျေးဇူးပြုသည်။

၅ နှင့် ၆ – ဝိဂတပစ္စည်း၏ ကျေးဇူးပြုပုံမှာ နတ္ထိက မရှိတာ။ ဝိဂတက ကင်းတာ။ ဝိဂတက မရှိရုံမက သူ၏သတ္တိပါကင်းခြင်း ဖြစ်သည်။

ပဋ္ဌာန်း၌ နာမ်တရားသက်သက်နှင့် ဆိုင်သည့်ပစ္စည်း (၆) မျိုး ရှိပါသည်။ ၎င်းတို့မှာ – ၁-အန္တရ။ ၂-သမနန္တရ။ ၃-အာသေဝန။ ၄-သမ္ပယုတ္တ။ ၅-နတ္ထိ ။ ၆-ဝိဂတတို့ ဖြစ်သည်။

ကျမ်းညွှန်း
* ဦးနု(ဓမ္မာစရိယ)၏ ကောင်းရာတု၍ ကောင်းမှုမြတ်နိုး။ ရွှေဟင်္သာတောရ ပါဠိတက္ကသိုလ်ကျောင်းတိုက် ရာပြည့်မော်ကွန်းတင်စာစောင် (၂၀၀၁-ခုနှစ်) (နှာ-၃၂၀)
* ဓမ္မာစရိယဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (၁၉၉၃-ခု) (နှာ-၁၆၆)

 

 

သမနန္တရပစ္စည်း၏ သင်္ချာ

 

သမနန္တရပစ္စည်း၏သင်္ချာမှာ – ၇ ဖြစ်ပါသည်။ ထို့ကြောင့် “သမနန္တရေ သတ္တ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည် –

ကုသလ သင်္ချာ – ၂

(၁) ကု-ကု (၂) ကု-ဗျာ

ကုသလ သင်္ချာ – ၂

(၁) အကု-အကု (၂) အကု-ဗျာ

အဗျာကတ သင်္ချာ – ၂

(၁) ဗျာ-ဗျာ (၂) ဗျာ-ကု (၃) ဗျာ-အကု

 

 

 

Mind to Mind

 

သမနန္တရပစ္စည်းသည် နာမ်တရားက နာမ်တရား Mind to Mind ကို ကျေးဇူးပြုသောပစ္စည်း ဖြစ်သည်။

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

ပစ္စယဟူသော အကြောင်းတရားမှာ – ရဟန္တာတို့၏ စုတိကြဉ်သော စိတ် – ၈၉ ပါး၊ စေတသိက် – ၅၂ ပါးတို့ ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စိတ် ၈၉-ပါးနှင့် စေတသိက် ၅၂-ပါးတို့ ဖြစ်သည်။

သမနန္တရမျိုးကြီး (၇)ပါး ရှိသည်။ ၎င်းတို့မှာ –

၁။ အနန္တရ၊

၂။ သမနန္တရ၊

၃။ အနန္တရူပနိဿယ၊

၄။ အာသေဝန၊

၅။ နာနာက္ခဏိကကမ္မ

၆။ နတ္ထိနှင့်

၇။ ဝိဂတပေါင်း (၇)ပါး ဖြစ်ပါသည်။

Loading