မာတိကာ
၂၂။နတ္ထိပစ္စယော
Daily life Patthana
Natthi Paccayo(Absence condition)
ချုပ်ပျောက်သောအားဖြင့် မရှိသောအားဖြင့် နောက်ဖြစ်သော နာမ်တရားတို့အား ဖြစ်ခွင့်ပေးလျက် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်
The ‘Natti Paccaya’is compared to a flame that has ceased,that has blown out.When the flame is blown out,there is darkness.The flame that goes out,the flame that ceases serves as a condition for darkness to arise.
‘မိုက်မှောင်ဖြစ်စေ၊ ငြိမ်းသေလေပြီး၊ ဆီမီးပုံသွေး၊ ဖြစ်ခွင့်ပေး၍’ ဥပမာပြုတော်မူကြ သည်နှင့်အညီ နေရောင်ကွယ်ပျောက်သည့်အခါ လရောင်ဖြစ်ပေါ်လာသကဲ့သို့ ရှေးရှေးစိတ်၊ စေတသိက်၊ နာမ်တရားများသည် ချုပ်ပျောက်သွားခြင်းဖြင့် မရှိခြင်းဖြင့် နောက်နောက်စိတ်၊ စေတသိက်၊ နာမ်တရားများအား ဖြစ်ပေါ်ခွင့်ရအောင် ကျေးဇူးပြုသည်။
နတ္ထိပစ္စည်းနှင့် အတ္ထိပစ္စည်း
နတ္ထိပစ္စယော၌ ‘န’ ဟူသည် မရှိခြင်းဟု အဓိပ္ပာယ်ရပြီး၊ အတ္ထိဟူသည် ရှိခြင်းဟု အဓိပ္ပာယ်ရပါသည်။ ရုပ်တရားနှင့် နာမ်တရားတို့ ကျေးဇူးပြုရာတွင် အတ္ထိပစ္စည်းက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ထင်ရှားရှိပြီးမှ ကျေးဇူးပြုပါသည်။ နတ္ထိပစ္စည်းက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ထင်ရှားမရှိဘဲ ကျေးဇူးပြုပါသည်။
ပမာပြရသော် မြတ်စွာဘုရားရှင် ပွင့်တော်မူလာသဖြင့် သက်တော်ထင်ရှားရှိစဉ် ကာလ ၌လည်း လောကသားတို့ကို သံသရာဝဲသြဃမှ လွတ်မြောက်သည်အထိကျေးဇူးပြုခဲ့ပါသည်။ ယနေ့ဘုရားရှင် မရှိတော့သည်မှာ နှစ်ပေါင်း – ၂၅၆၀ ကျော်သည့်တိုင် ဘုရားရှင်ဟောတော် မူခဲ့သည့် ဓမ္မတရားတော်များက လူသားအများ ကောင်းစားရေး၊ ချမ်းသာရေးကို ဆောင်ကြဉ်း ပေးနေဆဲပင် ဖြစ်ပါသည်။ ဤသည်မှာ ဘုရားရှင်ရှိနေဆဲကလည်း အတ္ထိပစ္စည်းအားဖြင့် ကျေးဇူးပြုတော်မူခဲ့ပါသည်။ ဘုရားရှင်မရှိတော့သည့် ကာလ၌လည်း နတ္ထိပစ္စည်းအားဖြင့် ကျေးဇူးပြုတော်မူဆဲ ဖြစ်ပါသည်။ ထိုနည်းအတူ ရုပ်တရား နာမ်တရားတို့ကလည်း ရှိနေဆဲမှာ ကျေးဇူးပြုခြင်းနှင့် မရှိတော့သည်အခါမှ ကျေးဇူးပြုခြင်းဟူ၍ နှစ်မျိုးရှိလေသည်။
သေခါနီးလေ အလုပ်ပိုလုပ်ရလေ
ကျေးဇူးတော်ရှင် ရေစကြိုဆရာတော်ကြီး (AD ၁၈၃၂-၁၉၁၄)သည် ဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို စည်ပင်ဖွံ့ဖြိုးအောင် ထမ်းဆောင်တော်မူဆဲ ကာလ၌ပင် ခန္ဓာကိုယ် ရောင်ရမ်းသည့်ရောဂါ စွဲကပ်လာသဖြင့် ဆေးဆရာအမျိုးမျိုးကိုပင့်ကာ ကြိုးစား ကုသပါသော်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် မကုသနိုင်ခဲ့ပါ။
မကျန်းမမာသော်လည်း ပို့ချမြဲ စာဝါတို့ကိုမူ နေ့စဉ် အမြဲ ပို့ချတော်မူလျက် ရှိပါသည်။ ထိုကဲ့သို့ စာဝါများ ပို့ချတော်မူသည်ကို သိရှိကြသော ဒကာ၊ ဒကာမတို့က –
“ဆရာတော်ဘုရား စာဝါများ ချတော်မမူပါနဲ့ဘုရား၊ သြဝါဒ-အနူသာသနီလောက် ကိုသာ မိန့်ကြားရင် လုံလောက်ပါပြီဘုရား အေးအေးသက်သာ နေထိုင်သီတင်းသုံးတော်မူပါ”စသည်ဖြင့် လျှောက်ထားကြရာ ကျေးဇူးတော်ရှင် ဆရာတော်ကြီးက-
“ဒကာ၊ ဒကာမတို့ ငါတို့ဘုရားရှင်ဟာ ပရိနိဗ္ဗာန်စံရာ ညောင်စောင်းပေါ်မှာ နောက်ဆုံး လျောင်းစက်တော်မူရင်း ဗုဒ္ဓကိစ္စကို ပြုတော်မူသေးသည်။ ငါတို့လည်း ဘုရားသားတော် ဖြစ်သည့်အတွက် သေသည်အထိ အလုပ်လုပ်ရမယ်” စသည်ဖြင့် မိန့်ကြားတော်မူသဖြင့် နောက်ထပ် လျှောက်ထားရန် ဝန်လေးနေကြကုန်၏။
သက်တော် (၈၂)နှစ်၏ ဝါတွင်းကာလတွင် အရုဏ်ဆွမ်း ဆွမ်းပြုတ်သာမက၊ နေ့ဆွမ်း ဘုဉ်းပေးမှုများပါ လျော့နည်းလာသဖြင့် တိုက်အုပ် စာချတပည့်ရဟန်းတော်များ၊ ဒါယကာ ဒါယိကာမများက-
“ဆရာတော်ဘုရား၊ စာဝါများကို ပို့ချခြင်း ရပ်နားတော်မူပါ၊ အခြားသော စာချပုဂ္ဂိုလ် တွေလည်း ရှိနေသားပဲဘုရား”စသည်ဖြင့် ဆရာတော်ကြီးက-
“မင်းတို့ကို ငါ တစ်လောတုန်းက ပြောပြီးပြီပဲ၊ သေခါနီးမှ ပိုအလုပ်လုပ်ရတယ်၊ လက်ယာတော်ရံ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ ပရိနိဗ္ဗာန်စံမည့်ညမှာတောင် မယ်တော်ကို တရားပြပြီး သာသနာအလုပ်ကို လုပ်သွားသေးတာပဲ၊ နောက်ကို လာမလျှောက် ကြနဲ့တော့”ဟု မိန့်ကြားတော်မူပါသည်။
ထိုနှစ်ဝါကျွတ် ပဝါရဏာပြုပွဲကို အသံတုန်တုန်ရီရီဖြင့် ရှေးဦးစွာ ပဝါရဏာပြုတော် မူပြီး သံဃာတော်အားလုံးတို့က ဆက်လက် ပဝါရဏာ ပြုတော်မူကြပါသည်။ ပဝါရဏာ ပြုပွဲအပြီး ဆရာတော်ဘုရားကြီးက “ငါ့ရှင်တို့၊ နောက်နှစ်မှာ ငါ့ရှင်တို့နဲ့အတူ ပဝါရဏာပြုရဖို့ မရှိတော့ဘူး၊ ဒီအကြိမ် ပဝါရဏာပြုရတာ သည်ဘ၀ နောက်ဆုံး ပဝါရဏာပြုခြင်း ဖြစ်ပေ လိမ့်မယ်”ဟု မိန့်ကြားတော်မူပါသည်။
ဆရာတော်ကြီးများ ရှိစဉ်အခါကာလ၌လည်း အတ္ထိပစ္စည်းအားဖြင့် ကျေးဇူးပြုတော် မူခဲ့ပြီးဖြစ်ပါသည်။ ဆရာတော်ကြီး လွန်တော်မူခါနီးတိုင် သာသနာ့တာဝန်ထမ်းဆောင် တော်မူသွားခြင်းကပင် ဆရာတော်ကြီးများယနေ့မရှိတော့သော်လည်း အတုယူ၊ အားကျစရာ စံနမူနာကောင်းအဖြစ် လိုက်နာနေကြသည့် တပည့်ပရိသတ်အတွက် နတ္ထိပစ္စည်းအားဖြင့် ယနေ့တိုင် ကျေးဇူးပြုနေပါသည်။
*ကျမ်းညွှန်း-ဆုပြည့်စုံထွန်း အယ်ဒီတာအဖွဲ့၏ ရေစကြိုဆရာတော်ဘုရားကြီး (နှာ-၁၁၃)
နေရောင်ကွယ်၍ လရောင်လင်းသည့်ပမာ
ရှေးရှေးဆရာတော်ကြီးများက နေရောင်ကွယ်ပျောက် လရောင်ရောက်လာသည့် ပမာဟု နတ္ထိပစ္စည်းကို ပြတော်မူကြပါသည်။ နေရောင်မရှိခြင်းကပင် လ၏အရောင်သာရန် ကျေးဇူးပြုသည့်ပစ္စည်းမှာ နတ္ထိပစ္စည်း မည်လေ၏။
ရှေးရှေး စိတ် စေတသိက် နာမ်တရားတို့ ချုပ်ပျောက်သွားခြင်းကပင် နောက်နောက် စိတ် စေတသိက် နာမ်တရားတို့ ဖြစ်ခွင့်ရကြပါသည်၊ ရှေးရှေး စိတ် စေတသိက် နာမ်တရားတို့ မချုပ်ပျောက်သေးပါက နောက်နောက် စိတ် စေတသိက် နာမ်တရားများ ဖြစ်ခွင့်မရကြပေ။နေရောင်ရှိနေပါက လရောင် မသာနိုင်သည့်ပမာ ဖြစ်ပေသည်။ ထို့ကြောင့် “နတ္ထိပစ္စယော= မရှိသည်ဖြစ်၍ ကျေးဇူးပြုသော ပစ္စည်း”ဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါသည်။
မြစ်ရေအလျဉ်ပမာ
ရှေးရှေးနာမ်တရား အဟောင်း အဟောင်းတို့က နောက်နောက် နာမ်တရား အသစ် အသစ်တို့အား အနမတဂ္ဂ သံသရာမှစ၍ နိဗ္ဗာန်သို့ စံဝင်သည့်တိုင်အောင် ‘မြစ်ရေအလျဉ် ကဲ့သို့’လည်းကောင်း၊ ‘လှည်းဘီး စက်ဝန်းကဲ့သို့’ လည်းကောင်း လျှပ်တပြက် ခဏမျှမခြား မရပ်မနား ဖြစ်ဖြစ်နေကြစေရန် ‘အနန္တရသတ္တိ၊ သမနန္တရသတ္တိ၊ နတ္ထိသတ္တိ၊ ဝိဂတသတ္တိ’ တို့ဖြင့် ကျေးဇူးပြုနေကြကုန်၏။ ဤပစ္စည်းလေးပါးတို့ကို ကောင်းစွာ လေ့လာသဘောပေါက် လျှင် နာမ်တရားတို့၏ ထူးဆန်းအံ့သြဖွယ် သဘောသဘာဝတို့ကို ကောင်းစွာ နားလည်နိုင် ပေတော့မည်။
နတ္ထိနှင့် ဝိဂတ၊ အတ္ထိနှင့် အဝိဂတတို့သည် အရတူနှစ်မျိုးပမာ
‘နတ္ထိ’သဒ္ဒါသည် ‘အတ္ထိ’နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ‘မရှိခြင်း၊ ထင်ရှားမရှိခြင်း’ဟု အဓိပ္ပာယ်ရှိ၏။ ငြိမ်းသွားလေပြီးသော ဆီမီးသည် (ဝါ) ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင် ဖြစ်ရန် အခွင့်ပေးသကဲ့သို့ ထို့အတူ ရှေးရှေးတရားတို့က မိမိတို့ မရှိခြင်းမျှဖြင့် နောက်နောက် တရားတို့အား ဖြစ်ရစ်စေရန် ကျေးဇူးပြုခြင်းသည် နတ္ထိပစ္စည်းမည်၏။ မရှိဘဲနှင့် ကျေးဇူးပြုခြင်း ဟုဆိုလို၏။
ထို့ကြောင့် ချုပ်ပျောက်လေပြီးသော ရှေးရှေးစိတ်၊ စေတသိက်ဟူသော နာမ်တရား တို့သည် မိမိတို့ မရှိတော့ခြင်းဖြင့် နောက်နောက် စိတ်၊ စေတသိက် နာမ်တရား အသစ်၊ အသစ်တို့အား ဖြစ်ရစ်စေရန် နတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည် (ဝါ) ဖြစ်ခွင့်ပေးသည်။
‘ဝိဂတ’ သဒ္ဒါလည်း ‘အဝိဂတ’နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ‘ချုပ်ကင်းခြင်း ကင်းပျောက် ခြင်းဟု အဓိပ္ပာယ်ရှိ၏။ ချုပ်ငြိမ်းသွားသော နေရောင်သည် (ဝါ) နေရောင်၏ ပျောက်ကင်း သွားခြင်းသည် လရောင်ဖြစ်ဖို့ရာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် ရှေးရှေးနာမ်တရားတို့က မိမိတို့ ချုပ်ကင်းကွယ်ပျောက်မှုဖြင့် နောက်နောက် နာမ်တရားစုအား ဖြစ်ခွင့်ပေးမှု ကျေးဇူး ပြုခြင်းသည် ဝိဂတပစ္စည်းမည်၏။
ထို့ကြောင့် ချုပ်ပျောက်လေပြီးသော ရှေးရှေးစိတ်,စေတသိက် နာမ်တရားတို့သည် မိမိတို့ ချုပ်ငြိမ်း ပျောက်ကင်းသွားခြင်းဖြင့် နောက်နောက် စိတ်၊ စေတသိက် နာမ်တရား အသစ်၊ အသစ်တို့အား ဝိဂတပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည် (ဝါ) ဖြစ်ခွင့်ပေးသည်။
သဘောလက္ခဏာ တူညီသော်လည်း သတ္တိကား မတူညီ
နတ္ထိနှင့် ဝိဂတပစ္စည်းတို့သည် ကျေးဇူးပြုပုံ သဘောလက္ခဏာအားဖြင့် တူညီနေကြ သော်လည်း သတ္တိအားဖြင့်ကား မတူညီကြပါ။ နတ္ထိသဘောသည် ချုပ်ပြီးသည့် အခြားမဲ့၌ ကင်းဆိတ်ခြင်း ဘာမျှမရှိတော့ခြင်း သဘောဖြစ်ပါသည်။ ဝိဂတ သဘောကား ချုပ်ကင်း မှုတည်း။ ချုပ်ပြီးနောက် ရှိခြင်း၊ မရှိခြင်းမှာ ဝိဂတသတ္တိ၏ တာဝန်မဟုတ်။ နတ္ထိ၏ တာဝန် တည်း။ မူလဋီကာ၌လည်း ထိုသဘောမျိုးကိုပင် ဆိုထားလေ၏။
မရှိခြင်းမျှဖြင့် ကျေးဇူးပြုနိုင်ခြင်းသည် နတ္ထိပစ္စည်းမည်၏။ (အထည်ကိုယ်သဘောမှ မကင်းချုပ်သေးခြင်းကြောင့် ဖြစ်ခွင့်မရကုန်သော နောက်နောက် တရားတို့အား) အထည် ကိုယ်သဘောမှ ကင်းချုပ်ခြင်းဖြင့် ကျေးဇူးပြုနိုင်ခြင်းသည် ဝိဂတပစ္စည်းမည်၏။ ချုပ်ပြီးသည့် အခြားမဲ့၌ ကင်းဆိတ် (မရှိ) ခြင်းသည် နတ္ထိမည်၏။ ချုပ်ခြင်းသို့ရောက်ခြင်း (ချုပ်သွား ခြင်း)သည် ဝိဂတပစ္စည်းမည်၏။ ဤကား ပစ္စည်းနှစ်ပါး၏ သတ္တိထူးခြား ပုံတည်း။
ပုဂ္ဂလဇ္ဈာသယအားဖြင့် ဟောတော်မူသည်
အချို့ကမူ “နတ္ထိနှင့် ဝိဂတ၊ အတ္ထိနှင့် အဝိဂတတို့ကို ဒေသနာဝိလာသ၊ ပုဂ္ဂလဇ္ဈာသယ အားဖြင့် အရတူပါလျက် ဘုရားရှင်က နှစ်မျိုးဟောတော်မူသည်ဟု ဆိုကြ၏။ ယင်းပစ္စည်း နှစ်မျိုးစလုံးသည် သတ္တိချင်းလည်း တူသည်ဟု ယူလိုဟန်ရှိ၏။
သို့သော် စင်စစ်မှာ အထက်ကပြခဲ့သည့်အတိုင်း နတ္ထိသတ္တိနှင့် ဝိဂတသတ္တိ၊ အတ္ထိ သတ္တိနှင့် အဝိဂတသတ္တိတို့ ကွဲပြားလေသည်သာတည်း။ ဤသို့ နက်နဲခက်ခဲလှစွာ နှိုက်နှိုက် ချွတ်ချွတ် ရှေးဆရာကြီးတို့က အဓိပ္ပာယ် ကောက်ယူကြလေသည်။ မည်သို့ပင်ဖြစ်စေ သဘော တရား တစ်မျိုးကို လူအများစုက နားလည်နိုင်သည့် ဝေါဟာရနှစ်မျိုး၊ သုံးမျိုး၊ လေးမျိုး စသည်ဖြင့် ပြောဆိုဟောကြားလေလျှင် ယင်းသဘော၊ ယင်း၏ အဓိပ္ပာယ် အတိအကျ အပြည့်အစုံကို မတိမ်းမစောင်း နားလည်နိုင်စေခြင်းအား များစွာ ထောက်ကူ ကျေးဇူးပြု သည်ဟူ၍ မှတ်ယူရာ၏ဟု ဆရာကြီးဦးမြင့်ဆွေက ပဋ္ဌာန်းမဟာကျမ်း၌ ဖော်ပြထားပါသည်။
*ကျမ်းညွှန်း- ဆရာကြီးဦးမြင့်ဆွေက ပဋ္ဌာန်းမဟာကျမ်း
အနန္တရမျိုးဖြစ်သည့် နတ္ထိပစ္စည်း
နတ္ထိပစ္စည်း၌ ရုပ်တရား မပါဝင်ပေ။ “သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ၊ တစ်ဆက်တည်းဖြစ်ပြီး ပျက်သွားသော စိတ် စေတသိက် နာမ်တရားတို့သည်။ ပဋုပ္ပန္နာနံ၊ မိမိတို့ နောက်မှ ဖြစ်ကုန်သော။ စိတ္တ စေတသိကာနံ ဓမ္မာနံ၊ စိတ် စေတသိက် နာမ်တရားတို့အား။ နတ္ထိပစ္စယေန ပစ္စယော၊ မရှိဘဲ ကျေးဇူးပြုပေ၏”ဟု နတ္ထိပစ္စည်းကို ပစ္စယနိဒ္ဒေသ၌ အကျဉ်း ဟောတော်မူပါသည်။ အနန္တရမျိုးဖြစ်သည့် နတ္ထိပစ္စည်းက နာမ်ကို နာမ်ချင်း မရှိဘဲ ကျေးဇူး ပြုပါသည်။
၂၄-ပစ္စည်းထဲတွင် အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ အာသေဝန၊ ကမ္မ၊ နတ္ထိနှင့် ဝိဂတဟူ၍ အနန္တရပစ္စည်း ၇-ပါး ရှိပါသည်။ သဟဇာတက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ထင်ရှားရှိပြီး ကျေးဇူးပြုသည့် အတ္ထိမျိုးဖြစ်သည်။ အတူတကွဖြစ်သည့် သဟဇာတမျိုး ဖြစ်ပါသည်။ အနန္တရမျိုးထဲက နတ္ထိပစ္စည်းမှာမူ မရှိတော့မှသာ ကျေးဇူးပြုပါသည်။
နာမ်တရားတစ်ခုက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ဖြစ်ပျက်သွားပြီးနောက် နာမ်တရားများ အဆက်မပြတ် ဖြစ်နေနိုင်ရန် ကျေးဇူးပြုတတ်သောကြောင့် နတ္ထိပစ္စည်းသည် အနန္တရမျိုး ဖြစ်ပါသည်။
အနန္တရနှင့် နတ္ထိတို့၏ ထူးခြားချက်
အနန္တရပစ္စည်းနှင့် နတ္ထိပစ္စည်းက အကြောင်းတရားလည်းတူတူ၊ အကျိုးတရားလည်း တူတူ ဖြစ်ကြပါသော်လည်း ကျေးဇူးပြုပုံ မတူကြပေ။ အနန္တရပစ္စည်း၏ ကျေးဇူးပြုပုံက ရှေးကဖြစ်သည့် စိတ်များနှင့် နောက်ကဖြစ်သည့် စိတ်များအကြားဝယ် အကြားအလပ်မရှိ ကျေးဇူးပြုပါသည်။ နတ္ထိက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ဖြစ်ပျက်သွားပြီး နောက်နာမ်တရားများ အဆက်မပြတ် ဖြစ်နေနိုင်ရန် ကျေးဇူးပြုပါသည်။
တစ်နည်းဆိုရသော် ရှေးရှေးစိတ် မရှိတော့သည့်နောက် နောက်နောက်စိတ်တို့ ဖြစ်ခွင့်ရသည်၊ ဤတွင် ရှေးရှေးစိတ်တို့ မရှိခြင်းအားဖြင့် နောက်နောက်စိတ်အား နတ္ထိပစ္စည်းက ဖြစ်ခွင့်ပေးခြင်းအားဖြင့် ကျေးဇူးပြုခြင်းကို ဆိုလိုပါသည်။
စိတ္တနိယာမအစဉ် Mental Process
နတ္ထိပစ္စည်းသည် အနန္တရမျိုးဖြစ်သဖြင့် ဝီထိအစဉ်ဖြင့် လေ့လာသင့်ပါသည်။
ဘဝင် – Stream of bhavanga
အတီတဘဝင် – Past bhavanga
ဘဝင်္ဂစလန – Vibrational bhavanga
ဘဝင်္ဂုပစ္ဆေဒ – Arrest bhavanga
ပဉ္စဒွါရာဝဇ္ဇန်း – Five-door adverting
စက္ခုဝိညာဉ် – Eye-consciousness
သမ္ပဋိစ္ဆိုင်း – Accepting(Receiving)
သန္တီရဏ – Investigating
ဝုဋ္ဌော – Decision (Determining)
ဇော- ၇ ကြိမ် – mental immpulsions(Javana)
တဒါရုံ -၂ ကြိမ် တို့သည် ရှေ့နောက် ဥပါဒ်၊ ဌီ၊ ဘင် ဖြစ်၊ တည်၊ ပျက် အစဉ်အတိုင်း ဖြစ်ကြသည်ကို စိတ္တနိယာမဟု ခေါ်ပါသည်။
အဘိဓမ္မာတရား ဟောကြားပုံမှာ
မြတ်စွာဘုရားရှင်တော်မြတ်သည် နူးညံသိမ်မွေ့ နက်နဲခက်ခဲလှသော တရားတို့ကို အဓိပ္ပာယ်ဆင်တူ ဝေါဟာရများစွာတို့ဖြင့် တန်ဆာဆင်ပြီး အဘိဓမ္မပိဋကတ်၌ ဟောတော်မူ ထား၏။ အဓိပ္ပာယ်ထပ်ဆင့် ရှင်းပြဘိသကဲ့သို့ရှိ၍ အဓိပ္ပာယ်ရင်း၊ အဓိပ္ပာယ်မှန်ကို တိကျစွာ သိနိုင်ရေး၌ များစွာ အထောက်အကူပြု၏။ ထို့ကြောင့် အဘိဓမ္မာတရားဟောကြားပုံမှာ ‘ရေပက်မဝင်နိုင်အောင် ဆိုသလို၊ ဆင်ခြေဆင်လက်တို့ဖြင့် ချေဖျက်၍ မနိုင်အောင် ‘ဟာကွက်၊ ပျော့ကွက်တွေမရှိ အဘက်ဘက်တွင် ပြည့်စုံခိုင်လုံပြီး အလွန်ပင် တိကျလှပေသည်ဟု ဆရာကြီးဦးမြင့်ဆွေက ပဋ္ဌာန်းမဟာကျမ်း၌ ဖော်ပြထားပါသည်။
နတ္ထိပစ္စည်း၏ သင်္ချာ
နတ္ထိပစ္စည်း၏သင်္ချာမှာ – ၇ ဖြစ်ပါသည်။ ထို့ကြောင့် “နတ္ထိယာ သတ္တ” ဟု မှတ်သား နိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –
ကုသလ သင်္ချာ-၂
(၁) ကု-ကု (၂) ကု-ဗျာ
အကုသလ သင်္ချာ-၂
(၁) အကု-အကု (၂) အကု-ဗျာ
အဗျာကတ သင်္ချာ-၃
(၁) ဗျာ-ဗျာ (၂) ဗျာ-ကု (၃) ဗျာ-အကု
Mind to Mind
နတ္ထိပစ္စည်းသည် နာမ်တရားက နာမ်တရား (Mind to Mind) ကို ကျေးဇူးပြုသော ပစ္စည်း ဖြစ်သည်။
ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန်ဟူသော အကျိုးတရား
ပစ္စယဟူသော အကြောင်းတရားမှာ- စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး တို့ဖြစ်သည်။
ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ- စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး ဖြစ်သည်။နတ္ထိ ပစ္စည်းသည် အနန္တရမျိုး၌ ပါဝင်၏။