မာတိကာ
၂၀။ ဝိပ္ပယုတ္တပစ္စယော
Daily life Patthana
Vippayutta Paccayo (Dis – association condition)
မယှဉ်သောအားဖြင့် ကျေးဇူးပြုတတ်သောပစ္စည်း ဖြစ်ပါသည်
The ‘Vippayutta Paccaya’ means dis-association condition.It is the opposite of Sampayutta Paccaya.It is compared to mixture of six tastes.When you mix six tastes,they will mix but they will not be blended.
‘ရသာခြောက်ပါး၊ ပေါင်း၍ထားသို့’ဟု ဖွင့်ဆိုသည်နှင့်အညီ ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး၊ ငန် အရသာ ၆-ပါးတို့သည် အတူတကွ ရောထားသော်လည်း အသီးသီးသတ္တိပြကာ မရော နှောဘဲ ကျေးဇူးပြုသကဲ့သို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ ဟဒယဝတ္ထု၊ ပဋိသန္ဓေစိတ်၊ စေတသိက် စသော ရုပ်နာမ်တရားတို့သည် အတူဖြစ်နေသော်လည်း တစ်ပါးနှင့်တစ်ပါး မလိုက်လျော မယှဉ်တွဲဘဲ ကျေးဇူးပြုကြသည်။
မပေါင်း၊ မစပ်၊ မရောခြင်းကပင် ကျေးဇူးပြုခြင်းတည်း
ဝိပ္ပယုတ္တဟူသည် အတူတကွဖြစ်ကြ၊ တွေ့ဆုံမိကြလျက်လည်း အချင်းချင်း မနှီးမနှော မရော ပြွမ်းခြင်း၊ မယှဉ်တွဲခြင်း၊ သမနေသည် မဟုတ်ခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ ဤသို့ အတူတကွကား ဖြစ်ကြ၏။ သို့သော် တရားတစ်ခုနှင့်တစ်ခု သမနေအောင် (တစ်သားတည်း ဖြစ်နေအောင်) မရောနှောဘဲ သူ့သဘောသူဆောင် အနေဖြင့်သာ(ဆက်ဆံကြလျက်) ကျေးဇူး ပြုတတ်သော ပစ္စည်းသည် ဝိပ္ပယုတ္တပစ္စည်း မည်၏။
သမ္ပယုတ္တပစ္စည်းသည် ရောစပ်ပေါင်းကာ ကျေးဇူးပြုသည့်ပစ္စည်းဖြစ်ပြီး၊ ဝိပ္ပယုတ္တမှာ မူ မပေါင်း၊ မရောဘဲ ကျေးဇူးပြုသည့်ပစ္စည်း ဖြစ်ပေသည်။ ပစ္စယနိဒ္ဒေသ၌ “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော”ဟု လာရှိပါသည်။
ထို့ကြောင့် ဝိပ္ပယုတ္တပစ္စယောတိ၊ ဝိပ္ပယုတ္တပစ္စည်းဟူသည်ကား – ရူပိနော၊ ရုပ်ဖြစ် ကုန်သော။ ဓမ္မာ၊ ဝတ္ထုရုပ် ခြောက်ပါးတို့သည်။ အရူပီနံ၊ နာမ်ဖြစ်ကုန်သော။ ဓမ္မာနံ၊နောက်နောက်၌ဖြစ်သော အရူပဝိပါက် ၄-ခုကြဉ်သော စိတ် ၈၅-ပါး, ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာတို့အား။ ဝိပယုတ္တပစ္စယေန၊ မယှဉ်ခြင်း ဝိပ္ပယုတ္တပစ္စယ သတ္တိဖြင့်။ ပစ္စယောဥပကာ ရကော၊ ကျေးဇူးပြုတတ်သည်။ ဟောတိ၊ ဖြစ်၏။
နာမ်တရားနှင့် ရုပ်တရားတို့သည် သဘောလက္ခဏာချင်း မတူညီသောကြောင့် တစ်သားတည်းပေါင်းစပ်၍ မရခြင်းကပင် ဝိပ္ပယုတ္တပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။တစ်နည်းအားဖြင့် ရူပနှင့် နာမဟူသော ဤရုပ်နာမ်သဘောတရားတို့သည် ပဉ္စဝေါကာရဘုံ၌ မပေါင်းစပ်ဘဲ အပြန်အလှန် ကျေးဇူးပြုပြီး တည်နေခြင်းကပင် ဝိပ္ပယုတ္တ Disassociation ဖြစ်နေပါသည်။
ထို့ကြောင့်အဋ္ဌကထာဆရာများက ဝိပ္ပယုတ္တ၏ကျေးဇူးပြုပုံကို ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး၊ ငန် အရသာ ၆-ပါးတို့ ရောနှောထားပါသော်လည်း သမ္ပယုတ္တအဖြစ် တစ်ပေါင်းတည်း မဖြစ်သည်ကို ပမာပြတော်မူကြပါသည်။
ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး၊ ငန် ဟူသော အရသာတို့ဖြင့် စားဖွယ်စုံချက်ထားသည့် ဟင်းကို မျက်စိဖြင့်ကြည့်လျှင် တစ်စုတစ်ပေါင်းတည်းပင်ဖြစ်သော်လည်း ဟင်း၏စပ်သည့် အရသာက သီးခြားစပ်လျက် ရှိနေသည်။ ချဉ်သည့်အရသာက သီးခြားချဉ်လျက် ရှိနေသည်။ ငန်သည့် အရသာကလည်း သီးခြားငန်လျက်ပင် ရှိနေသကဲ့သို့ပင် ဝိပ္ပယုတ္တပစ္စည်းသည်လည်း အချင်းချင်း တစ်ပေါင်းတည်း သမသွားအောင် ရောစပ်၍မရသည့် အကြောင်းတရားဖြစ်သည့် ရုပ်နှင့်အကျိုးတရားဖြစ်သည့် နာမ်ဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုနေပါသည်။ တစ်ဖန် အကြောင်းတရားဖြစ်သည့် နာမ်နှင့် အကျိုးတရားဖြစ်သည့် ရုပ်တို့က ဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုနေပါသည်။ ယခုကဲ့သို့ မပေါင်း၊ မစပ်၊ မရောယှက်ခြင်းကိုပင် ဝိပ္ပယုတ္တ Disassociation သတ္တိဖြင့် ကျေးဇူးပြုခြင်း မည်ပါသည်။
သမ္ပယုတ္တမဖြစ် ဝိပ္ပယုတ္တသဘောသာရှိ
ဤဝိပ္ပယုတ္တပစ္စည်းသည် သမ္ပယုတ္တပစ္စည်း၏ ဆန့်ကျင်ဘက်ဖြစ်၏၊ တူသောဖြစ်ခြင်း၊ တူသောချုပ်ခြင်း၊ တူသောအာရုံရှိခြင်း၊ တူသော မှီရာဝတ္ထုရှိခြင်းဟူသော လက္ခဏာလေးပါး တို့ဖြင့် မယှဉ်ရကား ပစ္စည်းနှင့် ပစ္စယုပ္ပန်တို့ အချင်းချင်း မလိုက်လျောနိုင်သော သတ္တိသည် ဝိပ္ပယုတ္တပစ္စည်း မည်၏၊ ဤဝိပ္ပယုတ္တပစ္စည်းကို အရသာခြောက်ပါး ရောစပ်ထားပုံနှင့် တူ၏ဟု ရှေးဆရာတို့ ဥပမာပြုကြသည်၊ ချို ချဉ် စပ် ဖန် အငန် အခါး အရသာခြောက်ပါး ရောစပ် ထားရာ၌ ရောပင်ရောသော်လည်း တစ်ခုနှင့်တစ်ခု မနှီးနှောမိကြသဖြင့် “အညီအမျှသမ”မဖြစ်နိုင်သလို ထို့အတူ ပစ္စည်းပစ္စယုပ္ပန်တို့ ရောနှောမိကြ တွေ့မိဆိုင်မိကြသော်လည်း အချင်းချင်း မလိုက်လျောနိုင်ကြသဖြင့် အညီအမျှ သမသဘော သမ္ပယုတ္တသဘောမရှိ၊ ဝိပ္ပယုတ္တ သဘောသာ ဖြစ်ကြလေသည်ဟု တောင်တွင်းကြီး ဘုံကျော်ဆရာတော်၏ ပဋ္ဌာန်းကျမ်း၌ ဖော်ပြပါရှိပါသည်။
ပဋ္ဌာန်းပဥှာဝါရအဖွင့်
ပဋ္ဌာန်းပစ္စည်းများကို လေ့လာခဲ့ရာတွင် ရုပ်ကနာမ်ကို ကျေးဇူးပြုသည်။ ရုပ်က ရုပ်နာမ်ကို ကျေးဇူးပြုသည်။ နာမ်က ရုပ်ကို ကျေးဇူးပြုသည်။ ရုပ်နာမ်က ရုပ်နာမ်ကိုကျေးဇူး ပြုသည်။ နာမ်က ရုပ်နာမ်ကို ကျေးဇူးပြုသည်ဟု စသည်ဖြင့် မှတ်သားခဲ့ပြီး ဖြစ်ပါသည်။
ယခု ဝိပ္ပယုတ္တပစ္စည်း၌မူ “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ၊ အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော” ဟု လာရှိသဖြင့် ရုပ်က နာမ်ကို၊ နာမ်က ရုပ်ကို ဝိပ္ပယုတ္တ ပစ္စည်း Disassociation သတ္တိဖြင့် မပေါင်း၊ မစပ်၊ မရောယှက်ဘဲ ကျေးဇူးပြုသည်။
တစ်နည်းအားဖြင့် ပေါင်းစပ် ရောယှက်၍ရသည့် ရုပ်ကရုပ်ကို၊ နာမ်ကနာမ်ကို ဝိပ္ပယုတ္တ သတ္တိဖြင့် ကျေးဇူးပြုခြင်း မရှိပါ။
ပစ္စယနိဒ္ဒေသပါဠိတော်၌ လာရှိသည့် ရူပိနော ဓမ္မာ = ရုပ်တရားကအကြောင်း၊ အရူပီနံ ဓမ္မာနံ = နာမ်တရားကအကျိုးဟုလည်းကောင်း၊ အရူပိနော ဓမ္မာ = နာမ်တရားက အကြောင်း၊ ရူပီနံ ဓမ္မာနံ ရုပ်တရားကအကျိုးဟုလည်းကောင်း ဟောတော်မူခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ဝိပါက်အဗျာကတ ကိရိယာအဗျာကတဖြစ်သော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာတည်းဟူသော နာမ်ခန္ဓာတို့သည် စိတ်ကြောင့်ဖြစ်သော စိတ္တဇ ရုပ်တို့အားလည်းကောင်း မှီရာဟဒယဝတ္ထုရုပ်အားလည်းကောင်း ဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် မပေါင်း၊ မစပ်၊ မရော၊ မယှက်ဘဲ Disassociation အဖြစ် ကျေးဇူးပြု၏။
တစ်ဖန် မှီရာဟဒယဝတ္ထုရုပ်က ဝိပါက်ကိရိယာ အဗျာကတဖြစ်ကုန်သော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာတည်းဟူသော နာမ်ခန္ဓာတို့အား လည်းကောင်း၊ ပဋိသန္ဓေအခိုက်တွင် ဝိပါက်အဗျာကတဖြစ်သော နာမ်ခန္ဓာတို့သည် ပဋိသန္ဓေ ကမ္မဇရုပ်တို့ အားလည်းကောင်း ဝိပ္ပယုတ္တ ပစ္စယသတ္တိဖြင့် မပေါင်း၊ မစပ်၊ မရော၊ မယှက်ဘဲ Disassociation အဖြစ် ကျေးဇူးပြု၏။
ဆက်လက်ပြီး ဝိပါက်အဗျာကတ ကိရိယာအဗျာကတဖြစ်သော နာမ်ခန္ဓာတို့သည် ပုရေဇာတဿ = ရှေး၌ဖြစ်သော ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယနှင့် စတုဇကာယ ဟူသော ကိုယ်ခန္ဓာရုပ်ကြီးကို ဝိပ္ပယုတ္တပစ္စယ သတ္တိဖြင့် မပေါင်း၊ မစပ်၊ မရော၊ မယှက်ဘဲ Disassociation အဖြစ် ကျေးဇူးပြုကြောင်းကို ပဥှာဝါရတွင် အကျယ်တဝင့် လာရှိပါသည်။ ဝိပ္ပယုတ္တပစ္စည်းသည် ၁- ဝတ္ထုပုရေဇာတဝိပ္ပယုတ်၊ ၂- ပစ္ဆာဇာတဝိပ္ပယုတ်နှင့် ၃-သဟဇာတ ဝိပ္ပယုတ် ဟူ၍ သုံးပါးအပြားရှိ၏။
၁- ဝတ္ထုပုရေဇာတဝိပ္ပယုတ္တပစ္စည်း
ဝတ္ထုပုရေဇာတ ဝိပ္ပယုတ္တပစ္စည်းသည် ဝတ္ထုပုရေဇာတ နိဿယပစ္စည်းနှင့် တူ၏။ ပဝတ္တိ အခါ၌ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ ဟဒယ ဟူသော ဝတ္ထုရုပ်ခြောက်ပါးတို့သည် ၎င်းတို့ကို မှီ၍ဖြစ်ကုန်သော စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်နှင့် မနောဝိညာဏ်တည်းဟူသော ဝိညာဏ်ခြောက်ပါး နာမ်တရားတို့အား ဝတ္ထုပုရေဇာတ ဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြုကုန်၏။
တစ်နည်းပြရသော် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်နှင့် ဟဒယ နှလုံးတည်းဟူသော ဝတ္ထုရုပ်ခြောက်ပါးတို့သည် မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ အရသာသိစိတ်၊ ထိသိစိတ်နှင့် ကြံသိစိတ်တည်းဟူသော နာမ်တရားကို ဝတ္ထုပုရေဇာတ ဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု ကုန်၏။
၂- ပစ္ဆာဇာတဝိပ္ပယုတ္တပစ္စည်း
ပစ္ဆာဇာတ ဝိပ္ပယုတ္တပစ္စည်းသည် ပစ္ဆာဇာတပစ္စည်းနှင့် တူ၏။ ပဉ္စဝေါကာရဘုံ၌ အရူပ ဝိပါက်စိတ် လေးခုကြဉ်သော နောက်နောင်သောစိတ် ၈၅-ပါး၊ စေတသိက် ၅၂-ပါး ဟူသော နာမ်တရားတို့သည် ရှေးရှေး၌ဖြစ်ကုန်သော (ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇ ကာယ ဟုခေါ်သော) ရုပ်တရားအပေါင်းတို့အား ပစ္ဆာဇာတဝိပ္ပယုတ္တ သတ္တိဖြင့် ကျေးဇူးပြု ကုန်၏။
၃-သဟဇာတဝိပ္ပယုတ္တပစ္စည်း
ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်ခန္ဓာလေးပါးနှင့် ဟဒယဝတ္ထုရုပ်တို့သည် အချင်းချင်း အားလည်းကောင်း၊ ပဉ္စဝေါကာရဘုံ၌ဖြစ်သော (အရူပဝိပါက်စိတ် ၄-ပါး၊ ဒွေပဉ္စဝိညာဏ် ၁၀-ပါး၊ ရဟန္တာတို့၏ စုတိစိတ် ကြဉ်သော) စိတ် ၇၅-ပါး၊ စေတသိက် ၅၂-ပါးဟူသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်ခန္ဓာလေးပါးတို့သည် မိမိတို့နှင့် အတူတကွဖြစ်ကုန်သော စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့အားလည်းကောင်း သဟဇာတဝိပ္ပယုတ္တ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုကုန်၏။
ဝတ္ထာရမ္မဏဝိပ္ပယုတ္တ
ဝတ္ထာရမ္မဏဝိပ္ပယုတ္တ ဆိုသည်မှာ စုတိစိတ်မှပြန်၍ရေသည်ရှိသော် (၁၇) ချက်မြောက် သော စိတ်နှင့်အတူဥပါဒ်သော ဟဒယဝတ္ထုကိုပင် အာရုံပြု၏။ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော တစ်ခုယုတ် သုံးဆယ်၊ တဒါရုံဧကာဒသတို့သည် (၁၇) ချက်မြောက်သော ဟဒယဝတ္ထုကိုပင် အာရုံပြု၏။ ၎င်းမနောဒွါရာဝဇ္ဇန်း အစရှိသောစိတ်တို့နှင့် ဟဒယဝတ္ထုမှာ ဧကုပ္ပါဒအစရှိသော အင်္ဂါလေးပါးမှ လွတ်သောကြောင့် ‘ဝိပ္ပယုတ္တ’ မှတ်ပါ။ သို့သော်လည်း ၎င်းဟဒယဝတ္ထုကြည်မှ သာလျှင် အာရုံဓမ္မတွေဟာ ကြည်ရ၏။ ၎င်းဟဒယဝတ္ထုမကြည်ပါက အာရုံဓမ္မတွေမှာ မကြည် သောကြောင့် နုံ့မှုထက်မှုဟုဆိုအပ်တဲ့ အကြောင်းအကျိုးကတော့ စပ်နေတယ်လို့မှတ်ပါဟု အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သုံးချက်စု ချပို့စဉ် အဘိဓမ္မာပဋ္ဌာန်း ညဝါမှတ်စု၌ လာရှိပါသည်။
*ကျမ်းညွှန်း – အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သုံးချက်စု ချပို့စဉ် အဘိဓမ္မာပဋ္ဌာန်း ညဝါမှတ်စုစာအုပ်သုံးချက်စု ချပို့စဉ်
ဝိပ္ပယုတ္တပစ္စည်း၏ သင်္ချာ
ဝိပ္ပယုတ္တပစ္စည်း၏ သင်္ချာမှာ – ၅ ဖြစ်ပါသည်။ ထို့ကြောင့် “ဝိပ္ပယုတ္တေ ပဉ္စ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –
ကုသလ သင်္ချာ-၁
(၁) ကု-ဗျာ
ကုသလ သင်္ချာ-၁
(၁) အကု-ဗျာ
အဗျာကတ သင်္ချာ-၃
(၁) ဗျာ-ဗျာ (၂) ဗျာ-ကု (၃) ဗျာ-အကု
( Mind-Matter to Mind-Matter) (Matter to Mind) (Mind to Matter)
ဝိပ္ပယုတ္တပစ္စည်းသည် နာမ်ရုပ်တရားက နာမ်ရုပ်တရား (Mind -Matter to Mind- Matter) ကိုလည်းကောင်း၊ ရုပ်တရားက နာမ်တရား (Matter to Mind) ကိုလည်းကောင်း၊ နာမ် တရားက ရုပ်တရား(Mind to Matter ) ကို ကျေးဇူးပြုသောပစ္စည်း ဖြစ်သည်။
ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား
၁။ သဟဇာတဝိပ္ပယုတ္တ- နာမ်ရုပ်တရားက နာမ်ရုပ်တရား (Mind -Matter to Mind- Matter) ကို ကျေးဇူးပြုရာတွင် –
ပစ္စယဟူသော အကြောင်းတရားမှာ – ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက်- ၄ ပါး ဒွေပဉ္စဝိညာဉ် ၁၀-ပါး၊ ရဟန္တာတို့၏ စုတိစိတ် ကြဉ်သောစိတ် ၇၅-ပါး၊ စေတသိက် ၅၂-ပါးတို့ ဖြစ်သည်။
ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ -ပဉ္စဝေါကာရ စိတ္တဇရုပ်နှင့် ပဋိသန္ဓေ ကမ္မဇရုပ်တို့ ဖြစ်သည်။
၂။ ပုရေဇာတဝိပ္ပယုတ္တ – ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် ပုရေ ဇာတပစ္စည်းနှင့် တူညီပါသည်။
၃။ ပစ္ဆာဇာတဝိပ္ပယုတ္တ – ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် ပစ္ဆာ ဇာတပစ္စည်းနှင့် တူညီပါသည်။ ဝိပ္ပယုတ္တပစ္စည်းသည် သဟဇာတနှင့် ပစ္ဆာဇာတမျိုး၌ ပါဝင်၏။