မာတိကာ
၁၇။ ဈာနပစ္စယော
Daily life Patthana
Jhana Paccayo (Jhana condition)
စူးစူးစိုက်စိုက် ရှုတတ်သောသဘောဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်
The ‘Jhâna’ condition is compared to pepole who go up a tree or a mountain. A person who goes up a tree sees things for himself and then he relates to other people what he sees.
‘သစ်ပင်တောင်ငူ၊ တက်သောသူသည်၊ အောက်လူတို့အား၊ ပြောသည့်လားသို့’ဟု လာရှိသည်နှင့်အညီ တောင်ပေါ်၊ သစ်ပင်ပေါ်သို့ တက်ရောက်ကြည့်ရှုသူက မြင်ရသည့် အာရုံများကို အောက်လူတို့အား သူမြင်ရသလိုရှုမြင်ရအောင် ပြောကြားသကဲ့သို့ ဝိတက်၊ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါတရားတို့သည် ယှဉ်ဖော်ယှဉ်ဖက်ဆိုင်ရာ ရုပ်၊နာမ်တရားတို့အား ကသိုဏ်း စသော အာရုံတို့ကို ရှုကြည့်မှုသဘော ဖြစ်ပေါ်တည်ရှိ လာအောင် ကျေးဇူးပြုကြသည်။
ဈာန်၏အဓိပ္ပာယ်
ဈာန်၏အဓိပ္ပာယ်မှာ စူးစူးစိုက်စိုက် ရှုကြည့်ခြင်းပင် ဖြစ်သည်။ စိတ်ကို အာရုံတစ်ခုပေါ်တွင် တည်တံ့နေစေရန် ထားခြင်းကပင် ဈာန်မည်ပါသည်။ အခြားအာရုံအားလုံးကို ခေတ္တ မေ့ထားပြီး အာရုံတစ်ခုတည်းပေါ်၌ ထပ်တလဲလဲ ဖြစ်နေခြင်းသည်ပင် ဈာန်ဝင်စားခြင်း မည်ပေသည်။ “တောင်ဖျား၊ သစ်ပင်ဖျားပေါ်သို့တက်ပြီး ကြည့်သောသူသည် အဝေးအနီး အရပ်တို့ကို မြင်ရခြင်းဟူသော အကျိုးကျေးဇူးကို ရသကဲ့သို့” ဟု ဈာန်ပစ္စည်းကို ရှေးဆရာမြတ်တို့က ဥပမာပြုတော်မူကြပါသည်။
သက္ကတစာပေ၌ Dhyana ဟုလာရှိပါသည်။ Dhyana ကို အင်္ဂလိပ်စာပေဖြင့် Meditation, Training of the Mind ဟု ဘာသာပြန်ဆိုနိုင်ပါသည်။
ပါဠိစာပေ၌ လာရှိသည့်ယာနကို ယာဉ်ဟူ၍လည်းကောင်း၊ သတိသမ္ပဇညကို သတိ သမ္ပဇဉ်ဟူ၍လည်းကောင်း၊ ဝိညာဏကို ဝိညာဉ်ဟူ၍လည်းကောင်း မြန်မာမှုပြုလေ့ ရှိပါသော်လည်း ဈာန်ကိုမူ ဈာဉ်ဟုမခေါ်ဘဲ ဈာန်ဟု မြန်မာစာပေ၌ သုံးနှုန်းလေ့ ရှိပါသည်။
ဥပမာပြဆိုခြင်း
ထိုထိုဈာန်အင်္ဂါတို့သည် ကုသိုလ်နှင့်လည်း ယှဉ်တွဲဖြစ်ပေါ်တတ်ပြီး အကုသိုလ်နှင့်လည်း ယှဉ်တွဲဖြစ်ပေါ်တတ်ပါသည်။ အဝေးက ပစ်မှတ်စက်ဝိုင်းတစ်ခုကို မြားဖြင့်မှန်အောင် ပစ်နေသည့် လေးသမားသည် စူးစူးစိုက်စိုက် အာရုံ၌တည်မှသာ မှန်အောင်ပစ်နိုင်ပေမည်။
ပမာပြရသော် ငါးမျှားနေသည့် တံငါသည်၏ခေါင်းထိပ်၌ နေကခြစ်ခြစ်တောက်ပူနေပြီး အောက်၌ ရွှံ့နွံထဲ ဒူးမြုပ်နေသည်။ တစ်ဖန် ရေစပ်၌ ခြင်မည်းကြီးများက သူ၏ကိုယ်ခန္ဓာပေါ်တွင် သီးနေသော်လည်း သူမသိတော့ပေ။ အကြောင်းမှာ သူ၏စူးစိုက်မှုက ငါးမျှားချိတ်အရင်းက ရေပေါ်ပေါ်နေသည့် ဖော့တုံးလေးပေါ်သို့ ပြည့်ပြည့်၀၀ရောက်ပြီး သူ့အာရုံနှင့်သူ ပီတိဖြစ် နေသည်။ ဧကဂ္ဂတာ ဖြစ်နေသည်။
အထက်ပါ ဥပမာကဲ့သို့ပင် ဝိတက်စသည့် ဈာန်အင်္ဂါတို့ကလည်း ကမ္မဋ္ဌာန်းအာရုံပေါ်သို့ စူးစူးစိုက်စိုက်ကပ်ခါ ရှုမှတ်နေခြင်း ဖြစ်ပါသည်။ စိတ်ကိုအာရုံထဲ စူးဝင်နေမတတ် ထင်ရလောက်အောင် အာရုံနှင့်စိတ် တွဲကပ်ထားသည့် သဘောကပင် ဈာန်မည်ပေသည်။
သပ္ပာယ်သည့် ဘုရားရုပ်ပွားတော်ကို ကြည် ညိုနေသူတစ်ဦး သဒ္ဓါတရားများ တဖွားဖွား ဖြစ်ကာ ဘုရားအာရုံမှတစ်ပါး အခြားအာရုံမဝင်ဘဲနေခြင်း၊ (ဝါ) ဘုရားအာရုံပေါ်မှ စိတ်က မခွဲနိုင်၊ မဖယ်နိုင်ခြင်းကပင် ဈာန်တရား ဖြစ်ပေသည်။
စိတ်ပါလက်ပါ ငါးမျှားနေသည့်အခါ လောဘဦးစီးသော အကုသိုလ်စိတ်သည် ငါးတည်းဟူသော အာရုံတစ်မျိုးတည်း၌ ကြာမြင့်စွာ တည်တတ်၏၊ စိတ်ပါလက်ပါ ဘုရားရှိခိုး သည့်အခါ၌ သဒ္ဓါဦးစီးသော ကုသိုလ်စိတ်သည် ဘုရားတည်းဟူသော အာရုံတစ်မျိုးတည်း၌ ကြာမြင့်စွာ တည်နေတတ်၏။
ထိုစိတ်များသည် အခြားအာရုံတစ်မျိုးမျိုးသို့ မရွှေ့မပြောင်းဘဲ မိမိသဘောအားဖြင့် တည်ကြည်နေ၏။ ဤသည်မှာ ငါးတည်းဟူသော အာရုံတစ်မျိုး၊ ဘုရားတည်းဟူသော အာရုံ တစ်မျိုး၌ ဧကဂ္ဂတာကျနေခြင်း သမာဓိရနေခြင်း ဖြစ်သည်။ ဧကဂ္ဂတာသမာဓိ ဟူ၍လည်း ခေါ်သည်။
ထို့ကြောင့် လယ်တီဆရာတော်ကြီးက “စိုက်စိုက်စူးစူး၊ အထူးမြဲမြံ ရှုအားသန်၊ ဈာန်ဟု ခေါ်သတတ်” ဟု မိန့်ဆိုတော်မူထားပါသည်။
ဈာန်ကို ကုသိုလ်၊ အကုသိုလ်ဟု ပုံသေမဆိုနိုင်ပါ
မြန်မာစကား၌မူ ဈာန်၊ မဂ်၊ ဖိုလ်ဟု အစဉ်အလာအားဖြင့် သုံးနှုန်းလာခဲ့သဖြင့် အဘိ ဓမ္မာကို စနစ်တကျ မလေ့လာထားသူအဖို့ ဈာန်ကိုလည်း မဂ်ဖိုလ်ကဲ့သို့ပင် အမြဲ ကောင်းသည့် တရားဟု ထင်မှတ်ထားကြပါသည်။
သို့သော် ဈာန်စိတ်ဖြစ်တိုင်း အမြဲကုသိုလ်စိတ်ဖြစ်သည်ဟု မဆိုနိုင်ပေ။ ကောင်းသည့် စိတ်ဖြင့်လည်း အာရုံကို စူးစိုက်ရှုတတ်သကဲ့သို့၊ မကောင်းသည့်စိတ်ဖြင့်လည်း အာရုံကို စူးစိုက် ရှုတတ်ပါသည်။ ထို့ကြောင့် ဈာန်ကို ကုသိုလ် အကုသိုလ်ဟု ပုံသေမဆိုနိုင်ပါ။
ဧကဂ္ဂတာသမာဓိ
ဗုဒ္ဓမြတ်စွာ ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဝိသာခမည်သော အနာဂါမ် အရိယာဥပါသကာက ရဟန္တာအရှင်မ ဓမ္မဒိန္နာဘိက္ခုနီအား ဤသို့ မေးလျှောက်ဖူးသည်။
“အရှင်မ သမာဓိဆိုသည်မှာ အဘယ်ပါနည်း”
“စိတ်၏အာရုံ တစ်မျိုးတည်းသာ ရှိခြင်းသည် သမာဓိတည်း” ဟု ရိုးရှင်းစွာ ဖြေကြား တော်မူခဲ့ပါသည်။
ဤပါဠိတော်အရ စိတ်သည် ရူပါရုံတစ်ခုမှ အခြားရူပါရုံတစ်ခုသို့ဖြစ်စေ မရွေ့ရှားဘဲ အာရုံတစ်ခု၌ တစ်ခဏမျှ တည်နေခြင်းသည်လည်းကောင်း၊ ထိုအာရုံ၌ ကြာမြင့်စွာ တည်နေ ခြင်းသည်လည်းကောင်း စိတ်၏အာရုံ တစ်မျိုးတည်းသာရှိခြင်းဖြစ်၍ ဧကဂ္ဂတာသမာဓိဟု ခေါ်သည်။
စိတ်ဖြစ်တိုင်း ဧကဂ္ဂတာဖြစ်ပုံ
ဧကဂ္ဂတာသည် ကောင်းမှု၊ မကောင်းမှု ကုသိုလ်၊ အကုသိုလ် စသည်အားလုံး၌ပင် စိတ်ဖြစ်တိုင်းဖြစ်တိုင်း ပါဝင်သော သဘောတရား ဖြစ်သည်။ စိတ်ဖြစ်သည့် တစ်ချိန်တည်းမှာပင် အာရုံနှင့်စိတ် ချိတ်မိလျက်ရှိသည်။ စိတ်သည် အာရုံနှင့်ကင်း၍ စိတ်ချည်းသက်သက် မဖြစ်နိုင်ပါ။ သို့ရာတွင် အာရုံနှင့် စိတ်ချိတ်မိခြင်းကို ဧကဂ္ဂတာခေါ်သည်မဟုတ်၊ ယင်းသည် အာရုံနှင့်စိတ် ဆုံတွေ့ခြင်းသာ ဖြစ်သည်။
ဥပမာ အနီရောင်ပန်းတစ်ပွင့်ကို တွေ့မြင်ရာ၌ မြင်သိစိတ်ဖြစ်သည်နှင့် တစ်ချိန်တည်းမှာပင် အနီရောင်ပန်းဟူသော အဆင်းအာရုံနှင့် ချိတ်မိလျက်ရှိသည်။ သို့ရာတွင် မြင်သိစိတ်နှင့်အဆင်းအာရုံတို့ ချိတ်မိ၊ ဆုံမိမှုကို ဧကဂ္ဂတာမခေါ်၊ မြင်သိစိတ်၏ အနီရောင်ပန်း အဆင်း အာရုံ၌ တစ်ခဏမျှ တည်တံ့မှု၊ တည်ကြည်မှုသဘောကိုသာ ဧကဂ္ဂတာခေါ်သည်။
ထို့ပြင် ဤတည်တံ့မှုဧကဂ္ဂတာ သဘောသည် မြင်သိစိတ်နှင့် အနီရောင်ပန်းအဆင်း အာရုံတို့ကို တွေ့ဆုံပြီးနောက်မှ ဖြစ်ပေါ်လာသည်မဟုတ်၊ တွေ့ဆုံသည်နှင့် တစ်ပြိုင်နက် တည်တံ့မှုသဘော ဧကဂ္ဂတာလည်း ဖြစ်ပေါ်လာသည်။
အကုသိုလ်မှုဆိုင်ရာ စိတ်ပါလက်ပါ ငါးမျှားနေသော သမာဓိနှင့် စိတ်ပါလက်ပါ ဘုရားရှိခိုးနေသော သမာဓိ၊ တရားနာသော သမာဓိ၊ ဒါနမှု၌ ရေစက်ချနေသောသမာဓိ စသည်တို့၌ ထပ်ခါထပ်ခါ ဧကဂ္ဂတာ သမာဓိရနေသော သဘောများဖြစ်၍ မိစ္ဆာသမာဓိမဂ္ဂင် သမာဓိန္ဒြေသမာဓိ၊ သမာဓိဗိုလ် စသည်တို့ ဖြစ်နိုင်ပေသည်။
ထို့ကြောင့် ကမ္မဋ္ဌာန်းစသည့် အာရုံတစ်ခုခုကို ယူရာ၌ ထိုအာရုံပေါ်မှာ ကြာရှည်စွာ ထပ်ခါထပ်ခါ အာရုံပြုနိုင်ခဲ့လျှင် ‘သမာဓိရသည်၊ သမာဓိအားကောင်းလာပြီ’ ဟု ပြောဆိုလေ့ ရှိကြ၏။ သမာဓိဓာတ်ခံကောင်းသူမှာ အနေအထိုင်လည်း တည်ကြည်ပြီး အပြောအဆိုလည်း တည်ငြိမ်၏။ သွားလာသောအခါ၌လည်း ဣန္ဒြေရပြီး ပေါင်းသင်းဆက်ဆံမှု၌လည်း ဖြောင့်မတ် တည်ကြည်လေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဧကဂ္ဂတာခေါ် သမာဓိဆိုသည်မှာ စိတ်မလှုပ်ရှားမှု၊ စိတ်မပျံ့လွင့်မှု၊ စိတ်တည်တံ့မှု၊ တည်ကြည်မှု၊ ငြိမ်သက်မှု၊ တည်ငြိမ်မှု၊ စိတ်၏ တည်တည်တံ့တံ့ စူးစိုက်မှု၊ အာရုံတစ်ခု၌ ခိုင်ခံ့တည်ငြိမ်မှု၊ စိတ်၏ငြိမ်ဝပ်ပိပြားမှု၊ အာရုံတစ်ခု၌ စိတ်ကိုကောင်းစွာ ထားမှု စသည်တို့ ဖြစ်ပါသည်။ ဤသဘောတရား အားလုံးတို့မှာ သမာဓိအနုအရင့် သဘော ကွာခြားခြင်းမှတစ်ပါး ရဟန္တာဘိက္ခုနီအရှင်မ ဓမ္မဒိန္နာအမိန့်ရှိသည့် ‘စိတ်၏ အာရုံတစ်မျိုး တည်းသာရှိခြင်း’ သဘောများပင် ဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို ဧကဂ္ဂတာသမာဓိဟု ခေါ်သည်။
သမာဓိ၏ မပျံ့လွင့်ခြင်း လက္ခဏာ
သတ္တဝါတို့၏စိတ်သည် အဆင်းရူပါရုံမှသည် အသံ သဒ္ဒါရုံသို့လည်းကောင်း၊ အလိုရှိ အပ်သော အဆင်းဣဋ္ဌရူပါရုံမှ မလိုလားအပ်သော အနိဋ္ဌရူပါရုံသို့လည်းကောင်း၊ သာယာဖွယ် ကောင်းသော ဣဋ္ဌသဒ္ဒါရုံကို နားထောင်နေရာမှ မနှစ်မြို့ဖွယ်ကောင်းသော အသံ အနိဋ္ဌသဒ္ဒါရုံ များသို့လည်းကောင်း၊ ပညာရေးအကြောင်းကို စဉ်းစားနေရာမှ စီးပွားရေးအကြောင်း၊ သားရေး သမီးရေးအကြောင်းသို့လည်းကောင်း ပြေးသွားပျံ့လွင့်၍ နေတတ်လေသည်။
ဘုရားရှိခိုးရင်း တရားနာရင်းပင် ထိုထိုဤဤ တွေးချင်ရာတွေးနေတတ်ခြင်း၊ လတ်တလော အကြောင်းအရာတစ်မျိုးကို စဉ်းစားနေရာမှ အတိတ်ဖြစ်စဉ်အမျိုးမျိုးသို့ ငေးမော တွေးတောနေတတ်ခြင်း စသည်တို့မှာ စိတ်၏ပျံ့လွင့်ခြင်းများပင် ဖြစ်သည်။
ဧကဂ္ဂတာသည် ထိုကဲ့သို့ အာရုံအမျိုးမျိုးသို့ ပျံ့လွင့်၍နေသော ယှဉ်ဘက်စေတသိက် တရားများကို အာရုံတစ်မျိုးတည်း တစ်အာရုံတည်း၌ တစ်ခဏမျှပင်ဖြစ်စေ တည်တံ့အောင် တည်ကြည်အောင် ပြုလုပ်တတ်သည်။ ထို့ကြောင့် ဧကဂ္ဂတာခေါ် သမာဓိသည် ယှဉ်ဖက် သမ္မယုတ် တရားတို့ကို မပျံ့လွင့်စေခြင်း လက္ခဏာရှိသည်ဟု အဘိဓမ္မာစာပေများက ဖွင့်ဆိုကြသည်။
ကျမ်းညွှန်း * သာသနာရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ – ၃ (၂၀၀၄ – ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေသည်)
စိတ်နှင့် အာရုံ
ဤနေရာတွင် စိတ်တစ်ခု၏ သက်တမ်းသည် အလွန့်အလွန် တိုတောင်းလှသဖြင့် အာရုံပေါ်တွင် ဘယ်ကဲ့သို့ ကြာကြာတည်နိုင်သနည်းဟု မေးစရာမေးခွန်း ပေါ်လာပါသည်။
ထိုတိုတောင်းလွန်းသည့် အချိန်ကာလတိုအတွင်း၌ ဖြစ်ခွင့်ရှိသည့် စိတ်နှင့် ယှဉ်ဖော် ယှဉ်ဖက် တရားအားလုံးတို့သည် အာရုံတစ်ခုတည်းပေါ် ၌ မကွဲမကွာကပ်၍ တည်နေခြင်းတည်း။ ထပ်တလဲလဲ အသစ်အသစ်ဖြစ်နေသည့် စိတ်တို့ကလည်း ရှေ့စိတ်နည်းတူ အာရုံတစ်ခု တည်းပေါ် ၌ မကွဲမကွာ ကပ်၍ တည်နေခြင်းကို ဆိုလိုပါသည်။ ပထမစိတ်လည်း ဤအာရုံ၌ တည်သည်။ ဒုတိယစိတ်လည်း ဤအာရုံ၌ပင် တည်သည်။ တတိယစိတ်လည်း ဤအာရုံ၌ပင် တည်သည်။
သာမန်အခြေအနေတွင် နားက အသံကြားလျှင် စိတ်ကအသံကို ရောက်သည်၊ အနံ့ တခုခုရလျှင် စိတ်က ထိုအနံ့အာရုံဆီကို ရောက်သည်။ ဈာန်ဟူသော အနေအထားရောက် လာပါက သတ်မှတ်ထားသည့် အာရုံမှတစ်ပါး အခြားအာရုံသို့ စိတ်က မရောက်တော့ပေ။
ဈာန်အင်္ဂါနှင့် မိမိတို့၏ နေ့စဉ်ဘဝ
အာရုံကို စူးစိုက်ရှုမှတ်မှုနှင့် စပ်လျဉ်းသော (ဈာန+အင်္ဂါ) = ဈာနင်္ဂ = ဈာန်အင်္ဂါ ၅-ပါး ရှိပါသည်။ ၎င်းတို့မှာ ၁- ဝိတက် ၂- ဝိစာရ ၃- ပီတိ ၄- သုခ ၅- ဧကဂ္ဂတာတို့ ဖြစ်ပါသည်။
ဥပမာပြရသော် ကြေးစည်ကို စတင်ထိုးသောအခါ ထွက်လာသည့် အသံအာရုံပေါ် စိတ်ရောက်သည်ကို ဝိတက်၊ တဝီဝီမြည်သံပမာ အာရုံကို သုံးသပ်ခြင်းက ဝိစာရဟု ပြကြသည်။သာမန်အားဖြင့် နေ့စဉ်ဘဝထဲ အချိန်တိုင်းတွင် ဝိတက်၊ ဝိစာရ ဖြစ်နေသည်သာ။ ပမာပြရသော် ပန်းကလေးတစ်ပွင့် တွေ့လိုက်ရာတွင် ဝိတက်က အာရုံကိုယူသည်၊ ဝိစာရက ဒါနှင်းဆီပန်း ပါလား၊ ဒါက စက္ကုပန်းအနီပါလားဟု သုံးသပ်သည်က ဝိစာရ ဖြစ်သည်။
စူးစိုက်မှုတိုင်း ဈာန်ဖြစ်သော်လည်း ဈာန်တိုင်း ကုသိုလ်မဖြစ်နိုင်ပေ။ အာရုံလည်း မှန်၊ နှလုံးသွင်းလည်းမှန်မှသာ ကုသိုလ်ဖြစ်မည်။ သို့မဟုတ်ဘဲ အာရုံလည်းမှား၊ နှလုံးသွင်းလည်း မှားလျှင်မူ အကုသိုလ်သာ ဖြစ်နေပေတော့မည်။ ကုသိုလ်ဈာန်ဖြစ်ရန် စူးစိုက်ရှုသင့်သည့် အာရုံများအမျိုးအားဖြင့် (၄၀)ရှိကြောင်း ကျမ်းဂန်များ၌ လာ၏။
ကမ္မဋ္ဌာန်း – ၄၀
၁။ ပထဝီစသည့် ကသိုဏ်း – ၁၀ ပါး။
၂။ အသုဘ – ၁၀ ပါး။
၃။ ဗုဒ္ဓါနုဿတိ စသည့် အနုဿတိ – ၁၀ ပါး။
၄။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော အပ္ပမညာတရား – ၄ ပါး။
၅။ အာဟာရေပဋိကုလသညာ – ၁ ပါး။
၆။ ဓာတ်လေးပါးကို ပိုင်းခြားမှတ်သားသည့် စတုဓာတု၀၀တ္ထာန် – ၁ ပါး။
၇။ အာကာသာနဉ္စာယတန စသည့်အာရုပ္ပ – ၄ ပါး တို့ ဖြစ်သည်။
ဈာန်အင်္ဂါနှင့် သမထကမ္မဋ္ဌာန်း
ဝိတက် = မနားတမ်းပြေးလွှားနေသည့် စိတ်ကို သမထကမ္မဋ္ဌာန်း၏ အာရုံဖြစ်သည့် အာနာပါနပေါ်သို့ မနားတမ်း ဆွဲတင်ပေးနေသည့်သဘောက ဝိတက်ပေတည်း။ သက္ကတ စာပေ၌ Vitarka ဟူ၍ လာရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် Initial application , Applied thinking ဟု ပြန်ဆိုနိုင်ပါသည်။ ဤသို့ အကြိမ်ကြိမ် ဆွဲတင်ပေးဖန် များလာသောအခါ စိတ်က မပြေးတော့ဘဲ ထားလိုသည့် အာနာပါန ထွက်လေဝင်လေ အာရုံပေါ် ဝပ်၍နေတော့သည်။ ဤသည် ကိုပင် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့် ယှဉ်သည့် ပထမဈာန်ကို ရလေပြီ။ (ဒုတိယဈာန် ရောက်သောအခါတွင် စိတ်က ထားလိုသည့်အာရုံ ပေါ်သို့ ဝပ်နေပါသဖြင့် ဝိတက်၏လုပ်ငန်း မရှိတော့ပေ)
ဝိစာရ = ဝိစာရမည်သည် အာရုံကို သုံးသပ်သည့်သဘော ဖြစ်သည်၊ သက္ကတစာပေ၌ Vicara ဟူ၍ လာရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် Sustained application Sustained thinking ဟု ပြန်ဆိုနိုင်ပါသည်။ ဝိတက်၏ လုပ်ငန်းမရှိတော့သဖြင့် စိတ်ကမပြေးတော့ဘဲ ဝပ်နေသဖြင့် ထိုအာရုံကိုပင် ထပ်တလဲလဲ သုံးသပ်နေခြင်း ဖြစ်ပါသည်။ ဤသည်ကိုပင် ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါလေးပါးနှင့်ယှဉ်သည့် ဒုတိယဈာန် သမာဓိပေတည်း။ (တတိယဈာန် ရောက်သောအခါတွင်မူ စိတ်ကသုံးသပ်ရန် မလိုတော့ဘဲ ငြိမ်သက်နေသဖြင့် ဝိစာရ၏ လုပ်ငန်းမရှိတော့ပေ)
ပီတိ = ပီတိဟူသည် ဤအာနာပါန အာရုံနှင့်နေရသည်ကို အလွန် ကျေနပ်နှစ်သိမ့် မြတ်နိုးနေတော့သည်။ သက္ကတစာပေ၌ Priti ဟူ၍ လာရှိပြီး ပီတိကို အင်္ဂလိပ်ဘာသာဖြင့် Rapture, Delight ဟု ပြန်ဆိုနိုင်ပါသည်။ အာရုံပေါ်သို့ ဆွဲတင်ပေးသည့် ဝိတက်လည်းမလို၊ သုံးသပ်သည့် ဝိစာရလည်းမလိုဘဲ အခြားအာရုံကိုလည်း မယူလိုတော့ဘဲ ဤအာရုံနှင့် နှစ်သိမ့် ကျေနပ်၍ နေတော့သည်။ မည်မျှကြာသည့်တိုင် တရားထိုင်နေပါသော်လည်း ပျင်းရိငြီးငွေ့ သွားသည်ဟု မရှိဘဲ သဘောကျနှစ်သက်မှုက ထင်ရှားနေပါသည်။ ဤသည်ကိုပင် ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါသုံးပါးနှင့် ယှဉ်သည့် တတိယဈာန် သမာဓိပေတည်း။
သုခ = သုခဟူသည် ကိုယ်စိတ် ငြိမ်းအေးချမ်းသာခြင်း ဖြစ်သည်။ သက္ကတစာပေ၌ Sukha ဟူ၍ လာရှိပြီး အင်္ဂလိပ်ဘာသာဖြင့် Happiness ဟု ပြန်ဆိုနိုင်ပါသည်။ အလိုရှိသော အာရုံကို ရရှိသည့်ခဏ၌ နှစ်သိမ့်အားရမှု ပီတိက သာလွန်ထင်ရှားနေသည်။ ထိုအခိုက် သုခရှိနေသော်လည်း မသုံးဆောင် မခံစားရသေးသောကြောင့် ထိုသုခ မထင်ရှားသေးပါ။ ရရှိသည့်အာရုံ သုံးဆောင်ခံစားသည့်အခိုက် ကိုယ်စိတ်၏ ချမ်းသာရွှင်လန်းမှုသုခက သာ၍ ထင်ရှား၏ဟု ဝိသုဒ္ဓိမဂ်၌ လာရှိသည်။ တစ်နည်းဖော်ပြရသော် ပီတိကြောင့် ချမ်းသာသည်ကို ကြိုက်ပြီး ချမ်းသာခြင်းနှင့် ပမာပြုပြီး သုခ၏ချမ်းသာခြင်းကို မကြိုက်ဘဲ သူ့အလိုလို ချမ်းသာခြင်းနှင့် ပမာပြုကြလေသည်။ ဤသည်ကို သုခသက်သက် စတုတ္ထဈာန် ချမ်းသာပေတည်း။ ပီတိကို ခွာနိုင်သောကြောင့် ချမ်းသာသက်သက်ကို ခံစားရခြင်း ဖြစ်သည်။ အချို့မှာ ဤချမ်းသာ ကိုပင် နိဗ္ဗာန်ချမ်းသာဟု ထင်မှတ်မှားကြသည်။
ဧကဂ္ဂတာ = ဧကဂ္ဂတာသည် ပဉ္စမဈာန်သမာဓိဖြစ်၏။ သက္ကတစာပေ၌ Ekagrata ဟူ၍လာရှိပြီး အင်္ဂလိပ်ဘာသာဖြင့် One pointedness, concentration ဟု ပြန်ဆိုနိုင်ပါသည်။ သုခချမ်းသာကို နှစ်သက်တွယ်တာကာ မခွာနိုင်လျှင်လည်း ပဉ္စမဈာန်သမာဓိကို မရပါ။ ပြေးလွှား နေသည့်စိတ် ငြိမ်အောင်ကြိုးစားစဉ်ကလည်း ပထမဈာန်သမာဓိ ရရှိခဲ့သည်။ ဝိစာရသုံးသပ် စဉ်ကလည်း ဒုတိယဈာန်သမာဓိ ရရှိခဲ့သည်။ တတိယဈာန်၌လည်း သမာဓိရရှိခဲ့သည်။ ဤသို့ အဆင့်ဆင့်သော သမာဓိကို ရရှိခဲ့ပါသော်လည်း လောကီချမ်းသာအားလုံးကို ဥပေက္ခာပြုနိုင်သဖြင့် ရရှိမည့် ပဉ္စမဈာန်သမာဓိလောက် မစင်ကြယ်ပေ။
ဧကဂ္ဂတာ၏ နီးစွာသော အကြောင်းမှာ သုခ
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဟူ၍ ဈာန်အင်္ဂါ ငါးပါးရှိ၏။ ၎င်းတို့သည် မိမိတို့ကိစ္စအသီးသီးကို ဆောင်ရွက်ကြသည်။ ဝိတက်က ယှဉ်ဖက်သမ္ပယုတ်တရားစုကို အာရုံတစ်ခုသို့ ရောက်နေအောင် မနေမနား တင်ပေးပါမှ ဝိစာရက အာရုံကို ထပ်တလဲလဲ စွဲမြဲစွာ သုံးသပ်ခြင်းသဘောကို ဆောင်ရွက်နိုင်ပေသည်။
ဝိစာရက အာရုံကို ထပ်တလဲလဲ သုံးသပ်ပေးပါမှ ပီတိက အာရုံကို နှစ်သက်ခြင်း သဘောကို ဆောင်ရွက်နိုင်ပါမည်။ ပီတိက အာရုံကို နှစ်သက်ပါမှလည်း သုခကအာရုံ၏ အရသာကို ခံစားခြင်းသဘောကို ဆောင်ရွက်နိုင်ပါမည်။ သုခက မွန်မြတ်သော အရသာကို ခံစားပါမှ ဧကဂ္ဂတာက တစ်ခုတည်းသော အာရုံ၌ စိတ်ကိုတည်တံ့စေခြင်းကိစ္စကို ဆောင်ရွက် နိုင်ပါမည်။
ထို့ကြောင့် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမှာ သုခဖြစ်ပါသည်။ ဝိတက်၊ ဝိစာရ၊ ပီတိ စသည်တို့ကား ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမဟုတ်ဘဲ ဝေးသော အကြောင်းများသာ ဖြစ်ကြလေသည်။
သို့ပါသော်လည်း ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသောအကြောင်းမှာ သုခဖြစ်သည်ဟု ဆိုသော်လည်း စတုတ္ထဈာန် စသည်၌ သုခမရှိသောကြောင့် နီးစွာသောအကြောင်းမှာ သုခမဖြစ် နိုင်ပေ။ ထို့ကြောင့် သုခသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းဖြစ်သည်ဟု ဆိုခြင်းသည် များသောအားဖြင့် ဖြစ်သည်ကို ရည်ရွယ်၍ဆိုခြင်း ဖြစ်လေသည်။
ထို့ကြောင့် အဋ္ဌကထာ၌ သုခသည် ဧကဂ္ဂတာ၏ ပဒဋ္ဌာန်ဖြစ်သည်ဟု ဆိုရာ၌ ဝိသေသ အားဖြင့် ဖြစ်သည်ကို ဆိုလိုပေသည်ဟု ဖွင့်ပြ၍ ဋီကာ၌ ဝိသေသအားဖြင့် ဖြစ်သည်ဟု အဋ္ဌကထာဆရာဆိုသည်မှာ ယေဘုယျအားဖြင့် ဖြစ်သည်ကို ဆိုလိုရင်းဖြစ်၏ဟု ထပ်ဆင့် ဖွင့်ပြပေသည်။
အနုဋီကာ၌ကား သုခသည် သမာဓိ၏ အထူးဝိသေသအားဖြင့် အနီးကပ်ဆုံးအကြောင်း ဖြစ်နိုင်ပုံကို ချမ်းသာမှုသုခရှိသူ၏စိတ်သည် တည်ကြည်၏ဟု ဟောတော်မူသည်ကို ကိုးကားလျက် ဝိသေသဆိုသည်မှာ အလွန်အကဲ အထူးဝိသေသအားဖြင့် ဖြစ်ခြင်းမျိုးကို ဆိုနိုင် သေးကြောင်း ဖွင့်ဆိုလေသည်။
ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိအထူး
စိတ်၏တည်ကြည်မှု သမာဓိသည် ဥပစာရအခိုက်အတန့်၌ နီဝရဏတို့ကို ပယ်ခြင်းဖြင့် စိတ်၏ တည်ကြည်မှုကို ရရှိသည်။ ဈာန်ကိုရသော အပ္ပနာအခိုက်အတန့်၌ကား ဈာန်အင်္ဂါ ထင်ရှားဖြစ်ပေါ်ခြင်းဖြင့် စိတ်၏တည်ငြိမ်မှုကို ရရှိခြင်းဖြစ်သည်။ ထို့ပြင် ဥပစာရသမာဓိ ဖြစ်သောအခါ ယောဂီ၏စိတ်သည် ရံခါ နိမိတ်ကို အာရုံပြု၍ ရံခါ ဘဝင်သို့ သက်ရောက် လေသည်။ ဥပမာ နုနယ်သော ကလေးသူငယ်ကို မထူ၍ထားသော်လည်း အဖန်ဖန် မြေသို့ လဲကျဘိသကဲ့သို့ ထို့အတူ ဥပစာရအခိုက်၌ အားအစွမ်း မရှိသောကြောင့် ရံခါနိမိတ်ကို အာရုံ ပြုသော်လည်း ရံခါ ဘဝင်သို့ သက်ရောက်ရလေသည်။
အပ္ပနာသမာဓိ ဖြစ်သောအခါ၌ကား ဈာန်စိတ်သည် နေ့ရောညဉ့်ပါ ကုသိုလ်ဇောစိတ် အစဉ်များဖြစ်ပြီး (ဝါ) ကုသိုလ်ဇောချည်းဖြစ်၍ ကမ္မဋ္ဌာန်းအာရုံ၌ တည်လေသည်။ ဥပမာ- အားရှိသော ယောက်ျားသည် နေရာမှထ၍ တစ်နေ့ပတ်လုံး ရပ်နိုင်ဘိသကဲ့သို့ ဤအတူ အပ္ပနာ အခိုက်အတန့်၌ ဈာန်အင်္ဂါတို့သည် အားရှိသောကြောင့် နေ့ရောညဉ့်ပါ ကုသိုလ်ဇောချည်း ဖြစ်၍ ကမ္မဋ္ဌာန်းအာရုံ၌ တည်လေသည်။
ဈာန်ဝင်စားခြင်းနှင့် မြေ လျှိုးမိုးပျံခြင်း
* ထိုပဉ္စမဈာန်ကို ဝင်စားနိုင်သူမှသာ အဘိညာဉ်အတွက် ဆက်လက် ကြိုးပမ်း အားထုတ်ရမည် ဖြစ်ပါသည်။
* ဤသို့ ဈာန်ဝင်စားခြင်းကိုပင် ကောင်းကင်ခရီးဖြင့် ဈာန်ပျံသည်ဟု လူအများက မှတ်ထင်ကြပါသည်။ ဈာန်ရတိုင်း ကောင်းကင်ပျံ၍ မရနိုင်ပါ။ အဘိညာဉ်တန်ခိုး ရရှိသူမှသာ မြေ လျှိုးမိုးပျံနိုင်ခြင်း ဖြစ်ပါသည်။ အဘိညာဉ်မည်သည် အဘိ + ညာဉ်= အထူးအစွမ်းထက်သည့် ဉာဏ်မည်ပေသည်။
* အထက်ဖော်ပြပါ ရူပဈာန်ကို ရရှိထားသည့် သူတော်ကောင်းတို့ကသာ အဘိညာဉ်ကို ထပ်ဆင့် ကြိုးစား အားထုတ်ရပါသည်။ ထို့ကြောင့် ဈာန်မည်သည် အဘိညာဉ်တို့၏ အခြေခံ လုပ်ငန်းစဉ်များသာ ဖြစ်၏။
ဈာန်သဘောပါနေသည်
ကုသိုလ်လုပ်တိုင်း ဈာန်သဘောပါနေသည်။ ဥပမာ “မနက်ဖန် မနက် ဆွမ်းချက် လောင်းမယ်”ဟု စိတ်ကူးကြံစည်သည်၊ အပြန်အလှန် သုံးသပ်နေသည်၊ ဆွမ်းလောင်းလှူရန် ပြင်ဆင်နေရသည်ကို နှစ်သက် ဝမ်းမြောက်နေသည်။ ထိုသူ၏ စိတ်အစဉ်တွင် ဝိတက်၊ ဝိစာရ၊ ပီတိ စသည် ပါနေသည်။ စိတ်အေးငြိမ်း ချမ်းသာနေသည်မှာ သုခဖြစ်သည်၊ တည်ကြည်မှု သမာဓိလည်း ပါနေပါသည်။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် လုပ်ငန်းများတွင် ဈာန်အင်္ဂါများ ပါနေသည်သာ။ တစ်ဖန် အကုသိုလ်အမှုဖြစ်သည့် ခိုးမည်၊ သတ်မည် စသည်ကို ကြံစည် ရာတွင်လည်း ဈာန်အင်္ဂါများ ထိုက်သည့်အားလျော်စွာ ပါနေသည်သာ။
သမထနှင့် ဝိပဿနာကမ္မဋ္ဌာန်း
မေတ္တာကမ္မဋ္ဌာန်းကို ရှုပွားလိုသော ယောဂီသည် ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးဦးကို စူးစူး စိုက်စိုက် အာရုံပြုပြီး “ကျန်းမာချမ်းသာပါစေ၊ ကျန်းမာချမ်းသာပါစေ” ဟု စိတ်ထဲ အကြိမ်ကြိမ် အထပ်ထပ် ရှုပွားရပါမည်။ ရှုပွားဖန်များလာသည်နှင့်အမျှ ကြည်နူးနှစ်သိမ့်သည့် ပီတိ၊ ချမ်းသာမှု သုခ၊ အာရုံပေါ်တွင်သာ စိတ်က စူးစိုက်ကျရောက်နေမှု ဧကဂ္ဂတာတရားတို့ ဖြစ်လာမည်။ ဤတရားတို့သည် တစ်ခဏ တစ်ခဏအတွင်း ပြောင်းလဲဖြစ်ပျက်နေကြသည့် သဘောအထိ အသိစိုက် ရောက်လာပါက ဝိဿနာဉာဏ် သက်ဝင်လာလေပြီ။
* စူးစူးစိုက်စိုက် ရှုမှတ်သည်ဆိုရာတွင် ကမ္မဋ္ဌာန်းအားထုတ်သည့် ယောဂီက ရှုပွားခြင်း မဟုတ်ပါ၊ ထို ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော တရားငါးပါးတို့က ရှုနေခြင်းသာဖြစ်ကြောင်းကို တရားအားထုတ်နေကြသည့် ယောဂီများအနေဖြင့် သတိပြုရပေမည်။
* အာရုံတစ်ခုတည်းအပေါ် စူးစိုက်တည်ကြည်ခြင်းသည် ဧကဂ္ဂတာတရား၏ လုပ်ငန်း ဖြစ်၏။ အများပြောဆိုကြသည့် သမာဓိတရားမည်သည် ဤဧကဂ္ဂတာကို ပြောခြင်း ဖြစ်သည်။
* ဈာန်အင်္ဂါတရားတို့သည် တားဆီးပိတ်ပင်တတ်သော နီဝရဏ = Hindrance တို့ကို ပယ်ခွာနိုင်စွမ်း ရှိလေသည်။
ငြိမ်းအေးမှုအဆင့်ဆင့်
တရားရှုမှတ်လာသည်နှင့်အမျှ ငြိမ်းအေးမှုအမျိုးမျိုးကို တွေ့ကြုံနိုင်ပါသည် –
(က) ကာမဂုဏ်နှင့် အကုသိုလ်တရားများ ကင်းဝေးပြီး ကြံစည်စဉ်းစားမှု (ဝိတက်) သုံးသပ်ဆင်ခြင်မှု (ဝိစာရ)များပါ ကင်းဆိတ်ကာ ပီ တိကြောင့်ဖြစ်သည့် အေးငြိမ်း မှုလည်းရှိ၏။
(ခ ) ပီတိပါကင်းပျောက်ပြီး သုခချည်းသက်သက်ကြောင့် ချမ်းသာသည့် ငြိမ်းအေးမှုလည်း ရှိသေးသည်။
(ဂ ) သုခကိုလည်း ပယ်ဖျောက်ပြီး ဝမ်းသာဝမ်းနည်းမရှိဘဲ ဥပေက္ခာကြောင့် ငြိမ်သက် အေးငြိမ်းမှုကလည်း ရှိပါသေးသည်။
(ဃ) မှတ်သားမှုသညာ အားလုံးကို လွန်မြောက်ကာ အာကာသဟူသော ကောင်းကင် ပညတ်ကို အာရုံပြုပြီးနေနိုင်သည့် ငြိမ်းအေးမှုလည်း ရှိသေးသည်။
(င ) ထို့ပြင် အာကာသကိုပင် နှလုံးမသွင်းမူဘဲ သိမှု (ဝိညာဉ်) တစ်ခုထဲကို သာလျှင် အာရုံပြုကာနေသည့် ချမ်းသာမှုလည်း ရှိပါသေးသ ည်။
(စ ) သိမှု (ဝိညာဉ်)ကိုပါ နှလုံးမသွင်းတော့ဘဲ စိုးစဉ်းမျှမရှိသည်ကို သိ၍နေသည့် ငြိမ်းအေးမှုလည်း ရှိသေးသည်။
(ဆ) ထိုဘာမှမရှိကိုပင် သိမနေတော့ဘဲ သညာရှိသည်လည်းမဟုတ်၊ သညာမရှိသည် လည်းမဟုတ်ဟု ဆိုရလောက်အောင် အလွန်သိမ်မွေ့သည့် စိတ်အဆင့်ဖြင့် ငြိမ်းအေးမှုလည်း ရှိသေးသည်။
သာသနာတော်၏ ပဓာနကျသည့် ငြိမ်းအေးမှု
မြတ်စွာဘုရားရှင် သာသနာတော်၏ အဓိကပဓာန အနှစ်သာရမှာမူ မဂ်ဖိုလ် နိဗ္ဗာန်သာ လျှင်တည်း။
မယှံ ပန သာသနေ န ဧတံ သာရံ၊ ဝိပဿနာမဂ္ဂဖလာနိ သာရံ။
မယှံ- ငါဘုရား၏၊ သာသနေ – အဆုံးအမသာသနာတော်၌၊ ဧတံ – ဤသမာဓိကိစ္စသည်၊ န သာရံ – အနှစ်သာရ အားကိုးရာမဟုတ်၊ ဝိပဿနာမဂ္ဂဖလာနိ – ဝိပဿနာမဂ်ဖိုလ်တို့သည်၊ သာသနေ – ငါဘုရား၏ သာသနာတော်၌၊ သာရံ- အားကိုးစရာ အနှစ်သာရပေတည်း။
ယောဂီပုဂ္ဂိုလ်များအနေဖြင့် ရုပ်ဓမ္မ၊ နာမ်ဓမ္မကို ဝိပဿနာတင် ရှုပွားကာနေသော်လည်း ကျွမ်းကျင်လိမ္မာမှု မရှိသေးလျှင်သော်လည်းကောင်း၊ ဆရာကောင်း မမှီရလျှင်သော်လည်းကောင်း ဉာဏ်ပိုင်းမရောက်ဘဲ ဈာန်ပိုင်းကို ရောက်နေတတ်ပါသည်။
ဝိပဿနာ ရှုပွားရာတွင်လည်း ဈာန်သဘောများ ပါနေတတ်သည်
“ဝိပဿနာရှုတဲ့ နေရာမှာလည်း ဈာန်သဘောတွေ ပါနေတတ်ပါတယ်။ ဒါက ပဋိပတ် ပရိယတ် ကျွမ်းကျင်နှံ့စပ်ဖို့ လိုပါတယ်။ (၁) အာရုံပေါ်အောင်ကြံမှု ဝိတက်၊ (၂) အာရုံကို ထပ်ခါထပ်ခါ သုံးသပ်ဆင်ခြင်မှု ဝိစာရ၊ (၃) နှစ်သက်အားရမှု ပီတိ၊ (၄) စိတ်ရွှင်လန်းချမ်းသာမှု သုခနှင့် (၅) ရှုခိုက်အာရုံနှင့် ကပ်ခနဲ၊ ကပ်ခနဲ အားစိုက်တည်ကြည်မှု သမာဓိတို့ ထင်ရှားပါတယ်။ ရှုမှတ်တိုင်းမှာ ဈာန်အင်္ဂါ ၅-ပါးရှိတဲ့ ပထမဈာန်နှင့် ခပ်တူတူ ဖြစ်နေတတ်ပါတယ်။
ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါမှာ ပေါ်လာသမျှအာရုံကို မှတ်သိရုံမျှ မှတ်သိသွားပြီး ပီတိသုခတွေ အလွန်အကဲ ဖြစ်နေတယ်။ စိတ်ပျံ့လွင့်မှုမရှိဘဲ တည်ငြိမ်နေတယ်။ ဒါကြောင့် ဒီရှုမှတ်တိုင်း ရှုမှတ်တိုင်းမှာ ဈာန်အင်္ဂါ ၃-ပါးရှိတဲ့ ဒုတိယဈာန်နှင့် ခပ်တူတူ ဖြစ်နေတယ်။
ဥဒယဗ္ဗယဉာဏ် အရင့်ပိုင်းမှာတော့ အရောင်အလင်းစတဲ့ ဥပက္ကိလေသာတွေ ပျောက်သွားပြီး အာရုံတွေ အဖြစ်အပျက်တွေကို ရှင်းလင်းပြတ်သားစွာ သိရပါတယ်။ အဲဒီအခါမှာ ပီတိသဘော မပါတော့ဘဲ စိတ်ချမ်းသာမှုက အလွန်အကဲ ထင်ရှားပါတယ်။ စိတ်ပျံ့လွင့်မှုမရှိဘဲ တည်ငြိမ်နေတယ်။ အဲဒီမှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း သုခဧကဂ္ဂတာဆိုတဲ့ အင်္ဂါ ၂-ပါးရှိတဲ့ တတိယဈာန်နှင့် ခပ်တူတူ ဖြစ်နေတယ်။
ဘင်္ဂဉာဏ်အစရှိတဲ့ အထက်ပိုင်းဉာဏ်တွေကတော့ ဥပေက္ခာနှင့် ဧကဂ္ဂတာ ထင်ရှား တတ်တယ်။ သင်္ခါရုပေက္ခဉာဏ်မှာ လျစ်လျူရှုတဲ့ ဥပေက္ခာဧကဂ္ဂတာဆိုတဲ့ အင်္ဂါ ၂-ပါးရှိတဲ့ စတုတ္ထဈာန်နှင့် ခပ်တူတူ ဖြစ်နေတတ်တယ်။
တစ်ခါတစ်ရံမှာ ကိုယ်ကြီးတစ်ကိုယ်လုံးပျောက်ပြီး ဟင်းလင်းပြင်ထဲ ရောက်နေသလို ထင်ရတဲ့အခါမှာ အာကာသနဉ္စယတနဈာန်၊ စိတ်တစ်မျိုးတည်းပေါ်နေလို့ အဲဒီစိတ်ကို ကြည့်ရှု နေတဲ့အခါမှာ ဝိညာဏဉ္စာယတနဈာန်၊ ဘာမျှမရှိတာကိုချည်း ရှုမှတ်နေရသလို ထင်ရတဲ့အခါမှာ အာကိဉ္စညာယတနဈာန်နှင့် ပေါ်လာတဲ့စိတ်ကော မှတ်သိတဲ့စိတ်ပါ အလွန်သိမ်မွေ့နေလို့ စိတ်ဟာ မရှိသလိုလို ဖြစ်နေတဲ့အခါမှာ နေဝသညာနာသညာယတနဈာန်တွေနှင့် ခပ်တူတူ ဖြစ်နေတယ်” ဟု မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုနည်းကျမ်း၌ လာရှိပါသည်။
ကျမ်းညွှန်း * ခန္ဓဝဂ္ဂသံယုတ်အဋ္ဌကထာ (နှာ-၂၈၉)
မှားတတ်ပါသည်
ယနေ့ သာသနာတော်၌လည်း ပရိယတ်အရာ အခြေခံကောင်းကို လက်ဝယ်ထားပြီး တောထဲ၌ တစ်ပါးတည်းနေပြီး အရိုးကျေကျေ အရည်ခန်းခန်း အားထုတ်တော်မူနေကြသည့် အရှင်ကောင်း အရှင်မြတ်များ ရှိနေပါသည်။ ပရိယတ္တိနှင့် ပရိပတ္တိ အရာသည် အလွန် သိမ်မွေ့ လွန်းပါသည်။ ထို့ထက် သမထနှင့် ဝိပဿနာအရာသည် သာ၍ သိမ်မွေ့သောကြောင့် ဆုံးဖြတ်ချက်ချ မစောမိရန် လိုအပ်ပါသည်။
ထို့ကြောင့် အားထုတ်မှုအစဉ်တွင် ငြိမ်းအေးမှုအမျိုးမျိုး ရှိနိုင်ပါသည်။ ဈာန်ပိုင်းတွင်လည်း ချုပ်ပျောက်မှုနှင့် ဆင်တူသဖြင့် ကောက်ချက်ချ မှားတတ်ပါသည်။ ပီတိကြောင့်လည်း ဖြစ်တတ်သည်။ သုခကြောင့်လည်း ဖြစ်တတ်သည်။ သမာဓိကြောင့်လည်း ဖြစ်တတ်သည်။ ရံခါ ထိနမိဒ္ဓကြောင့်လည်း ချုပ်ပျောက်သယောင်ယောင် မှားယွင်း ယူဆမိတတ်သည်။
ထိုင်၍ တရားအားထုတ်နေစဉ်တွင် လင်းခနဲ၊ သိမ့်ခနဲ၊ လက်ခနဲလည်း ဖြစ်ဖြစ် သွားတတ်သည်။ ရံခါ အတန်ကြာ ဘာမှမသိသလိုလိုလည်း ဖြစ်နေတတ်ပါသည်။သတိ အတော်အတန် ကောင်းလာသော ယောဂီ၌မူ ဘဝင်စိတ်များ ခြားသွားသဖြင့်လည်း ဘာမျှ မသိလိုက်သည့်သဘောမျိုး ဖြစ်တတ်ပါသည်။
ထို့ကြောင့် မှားနိုင်စရာ များစွာရှိနေသောကြောင့် ပရိယတ် ပဋိပတ် စွယ်စုံကျွမ်းကျင် တော်မူသည့် ဆရာသမားများထံ ဆည်းကပ်ခါ နည်းခံယူမိရန် အလွန်ပင် အရေးကြီးလွန်း ပါသည်။
ကျမ်းညွှန်း * မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုဖွယ်ကျမ်း
အာရမ္မဏူပနိဇ္ဈာန်နှင့် လက္ခဏူပနိဇ္ဈာန်
ဈာန်တရားဟူသည် ကသိုဏ်းစသည့် အာရုံကို စူးစိုက်ရှုမှတ်ရသည့် အာရမ္မဏူပနိဇ္ဈာန်နှင့် သင်္ခါရရုပ်နာမ်တို့၏ အနိစ္စစသည့် သဘောလက္ခဏာတို့ကို စူးစိုက်ရှုပွားရသည့် လက္ခဏူပ နိဇ္ဈာန်ဟူ၍ နှစ်မျိုးရှိ၏။
ဈာန်သမာပတ်သည် အာရမ္မဏူပနိဇ္ဈာန်ကို ခေါ်ခြင်းဖြစ်သည်။ အာရုံတစ်ခုတည်း၌ စိတ်ကို စွဲမြဲသက်ဝင်တည်နေသဖြင့် အပ္ပနာဈာန် (ဈာန်သမာဓိ)ဟု ခေါ်၏။ သာသနာပ ကာလတွင် အမြင့်ဆုံးပန်းတိုင်မှာ ဤအပ္ပနာဈာန် ဖြစ်ပေသည်။
သာသနာတွင်း၌မူ ဈာန်သည် ပန်းတိုင်မဟုတ် ငြမ်းသာဖြစ်၏။ အကြောင်းမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ရေးအတွက် အထောက်အကူပြုသဖြင့် ငြမ်းသဘော ဖြစ်ခြင်းပေတည်း။ သာသနာတွင်း၌မူ ပေါ်လာသမျှ အရှုခံအာရုံ၏ မတည်တံ့သည့် သဘောလက္ခဏာ၊ မခိုင်ခံ့သည့် သဘောလက္ခဏာ၊ အစိုးမရသည့် သဘောလက္ခဏာတို့ကို ရှုပွားရသဖြင့် လက္ခဏူပနိဇ္ဈာန် မည်ပေသည်။
မဟာစည်ဆရာတော်ကြီး၏ ဈာန်ဆိုင်ရာလင်္ကာ
စူးစိုက်သမှု ကပ်၍ရှု ဈာန်ဟု ခေါ်ပေသည်။
အာရမ္မဏူ လက္ခဏူ နှစ်မူကွဲပြားသည်။
သမထဈာန် ဝိပသ်ဈာန် နှစ်တန်သူ့အမည်။
တည်ငြိမ်ရုံမျှ ရှုနေက သမထဈာန် ခေါ်သည်။
လက္ခဏာသုံးရပ် ရှုသိမှတ် ဝိပသ်ဈာန် ခေါ်သည်။
ဆီမီးလျှံ၏ ငြိမ်သက်ခြင်းနှင့် တူသည်
အာရုံတစ်ခု၌ တည်တံ့မှု ဧကဂ္ဂတာသည် ကောင်းမှုကုသိုလ်ဆိုင်ရာတွင် စူးစိုက်စွာ တည်တံ့မှု၊ အစိုးတရ တည်တံ့မှု၊ မတုန်မလှုပ် တည်တံ့မှုသဘောများ ဖြစ်ပေါ်လာပြီး အာရုံတစ်ခု၌ စိတ်ငြိမ်သက်စွာ တည်ကြည်မှု သမာဓိသဘော ဖြစ်လာ၏။ ထိုသို့ဖြစ်ပေါ်လာသော သမာဓိသည် အဋ္ဌကထာအဆိုအရ လေငြိမ်သောအရပ်၌ ထွန်းညှိ၍ထားအပ်သော ဆီမီးလျှံ၏ တည်ငြိမ်ခြင်းနှင့် တူလေသည်။
လေငြိမ်သောအရပ်၌ ထွန်းညှိ၍ထားအပ်သော ဆီမီးလျှံသည် မယိမ်းမယိုင် ဖြောင့်မတ် တည်ငြိမ်သကဲ့သို့ စိတ်၏တည်ကြည်မှု သမာဓိသည်လည်း ထိုထိုအာရုံသို့ ယိမ်းယိုင် လှုပ်ရှားခြင်းမရှိ၊ တစ်ခုတည်းသော အာရုံ၌သာ ငြိမ်သက်စွာ တည်ကြည်လေသည်။
ဥပမာအားဖြင့် ယောဂီသူတော်စင်သည် ပထဝီကသိုဏ်းအာရုံကို ပထဝီ၊ ပထဝီ၊ ပထဝီ ဟု အဖန်ဖန် စီးဖြန်းသောအခါ ထိုယောဂီ၏ စိတ်သည် ပထဝီကသိုဏ်းဟူသော မြေအဝိုင်း အာရုံတစ်ခု၌သာ ငြိမ်သက်စွာ တည်၍နေသည်။
စီးဖြန်းမှုအရှိန်ရလေလေ တည်ကြည် ငြိမ်သက်မှုသမာဓိ ကောင်းလာလေလေ ဖြစ်၏။ ထိုအခါ ယောဂီ၏စိတ်သည် လေငြိမ်သောအရပ်၌ ထွန်းညှိထားအပ်သော ဆီမီးလျှံ၏ တည်ငြိမ်ပုံကဲ့သို့ ပထဝီကသိုဏ်းဟူသော အာရုံပေါ်မှ သွေဖီ၍မသွားဘဲ ပျံ့လွင့်မှုဥဒ္ဓစ္စက မည်မျှပင် ဆွနေသော်လည်း တုန်လှုပ်ထကြွခြင်းမရှိဘဲ ငြိမ်သက်စွာ တည်ရှိလေသည်။
ထို့ကြောင့် သူတော်စင်ယောဂီသည် သမာဓိ၏ သဘောကို ဆင်ခြင်သည့်အခါ ငြိမ်သက်သော သဘောတရားဟု ဉာဏ်အားရှေးရှုထင်လာ၏။ ထိုသို့ထင်လာသောကြောင့် အာရုံတစ်ခု၌ တည်တံ့မှုသမာဓိသည် ငြိမ်သက်သောသဘော (ဥပသမပစ္စုပဋ္ဌာန်) ရှိသည်ဟု ဖွင့်ဆိုကြသည်။
ဝိတက်နှင့် ထိန၊ မိဒ္ဓ နီဝရဏ
ဝိတက်ကို ကြံစည်ခြင်းဟု ပြန်ဆိုကြပါသည်။ ဝိတက်သည် အာရုံပေါ်သို့ စိတ်ကို တင်ပေးသည့် လက္ခဏာရှိသဖြင့် ဝိတက်သည် ကုသိုလ်ဖြစ်စရာအာရုံပေါ်ကိုလည်း စိတ်ကို တင်ပေးသကဲ့သို့၊ အကုသိုလ်ဖြစ်စရာ အာရုံပေါ်သို့လည်း စိတ်ကို တင်ပေးလေ့ ရှိပါသည်။ ထို့ကြောင့် ကုသိုလ် ဝိတက်၊ အကုသိုလ်ဝိတက်ဟူ၍ ရှိနိုင်ပေသည်။ ကမ္မဋ္ဌာန်းအာရုံပေါ် စိတ်ကို တင်တင်ပေးသည့် ဝိတက်သည် ဈာန်ဆိုင်ရာ ဝိတက်ဖြစ်၏။ ဤဝိတက်က ထိန မိဒ္ဓ နီဝရဏ ဟူသော ထိုင်းမှိုင်း ငိုက်မျဉ်းမှုကို ပယ်ခွာပေးနိုင်၏။
ဝိစာရနှင့် ဝိစိကိစ္ဆာနီဝရဏ
ဝိစာရသည် အာရုံကို အပြန်ပြန် သုံးသပ်ခြင်း သဘောလက္ခဏာရှိ၏။ ဝိစိကိစ္ဆာသည် ရတနာသုံးပါးအပေါ် ယုံမှားသံသယဖြစ်တတ်သည့် သဘောရှိ၏။ ဝိစာရသည် ဝိတက်က တင်ပေးလိုက်သည့် အာရုံကို အပြန်ပြန်အလှန်လှန် သုံးသပ်နိုင်စွမ်းသည့် သဘောရှိသဖြင့် ဝိစိကိစ္ဆာ၏ နှောင့်ယှက်မှုကြောင့် ပေါ်ပေါက်နေသည့် ယုံမှားသံသယကို ပယ်ခွာပေးနိုင်သည်။
ပီတိနှင့် ဗျာပါဒ
ပီတိသည် မြန်မာစကားကဲ့သို့ ဖြစ်နေပါသည်၊ အဓိပ္ပာယ်မှာ နှစ်သက်ခြင်းပေတည်း။ ပီတိသည် အာရုံပေါ် နှစ်သက်နေသည့် သဘောလက္ခဏာ ရှိ၏။ နှစ်သက်မှု ရှိနေခြင်းကြောင့်ပင် ခက်ထန် ကြမ်းတမ်း ပူလောင်သည့် ဗျာပါဒ နီဝရဏကို စိတ်အိမ်မှ ပယ်ခွာနိုင်ခြင်း ဖြစ်၏။
သုခနှင့် ဥဒ္ဓစ္စ ကုက္ကုစ္စ
သုခသည်လည်း မြန်မာစကားကဲ့သို့ပင် ဖြစ်နေပါသည်၊ အဓိပ္ပာယ်မှာ ချမ်းသာခြင်း ပေတည်း။ သုခသည် အာရုံ၏အရသာကို စိတ်ဝယ် ချမ်းချမ်းသာသာခံစားသည့် သဘော လက္ခဏာရှိပေသည်။ ထို့ကြောင့် ရရှိလာသည့် အာရုံဖြင့် စိတ်နှလုံးချမ်းသာနေသောကြောင့်ပင် စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စနှင့် ပြုမှားခဲ့မိဖူးသည့် မကောင်းမှုအတွက်လည်းကောင်း၊ မပြုရသေးသည့် ကောင်းမှု မပြုမိသေးခြင်းအတွက်လည်းကောင်း စိတ်ဝယ်ပူလောင် ပင်ပန်းစေနိုင်စွမ်းသည့် ကုက္ကုစ္စ နီဝရဏကို ပယ်ခွာနိုင်ခြင်း ဖြစ်ပေ၏။
သမာဓိနှင့် ကာမစ္ဆန္ဒနီဝရဏ
ဧကဂ္ဂတာဟူသည် အာရုံတစ်ခုတည်းအပေါ်တွင် စိတ်တည်ငြိမ်နေခြင်းပေတည်း။ အဋ္ဌကထာ၌ သမာဓိဟူ၍လည်း သုံးနှုန်း၏။ ကာမစ္ဆန္ဒနီဝရဏမည်သည် အာရုံငါးပါး ကာမဂုဏ် တရားတို့ကို နှစ်သက်စွဲလမ်း တပ်မက်တတ်သည့်သဘော ဖြစ်ပါသည်။ ကာမဂုဏ်နောက် တကောက်ကောက် လိုက်ပါသွားသည့် စိတ်၌ ငြိမ်သက်တည်ကြည်မှုဟူ၍ မရှိတော့ပေ။ ဈာန်အင်္ဂါနှင့် ယှဉ်တွဲနေသည့် ဈာန်စိတ်အစဉ် လွင့်စဉ်မသွားရလေရန် သမာဓိမည်သော ဧကဂ္ဂတာ တရားက အာရုံပေါ် တည်ကြည်ငြိမ်သက်စွာနေသဖြင့် ဆန့်ကျင်ဘက် ကာမစ္ဆန္ဒနီဝရဏကို ပယ်ခွာနိုင်ခြင်းဖြစ်သည်။
သာမဏေတစ်ပါး၏တရားကြောင့် အသောကမင်း ဗုဒ္ဓဘာသာကူးပြောင်း
ရှင်သာမဏေငယ်တစ်ပါး ငြိမ်သက် တည်ကြည်သောဣန္ဒြေဖြင့် ကြွလှမ်းနေသည်ကို အသောကမင်းတရားကြီးက နန်းတော်လေသာပြတင်းမှ စူးစူးစိုက်စိုက် ကြည့်ရှုကာ “လောက လူသားတွေ အချိန်တိုင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြတယ်၊ ဒီသာမဏေလေးက အလွန်မတန် ငြိမ်သက်တည်ကြည်တယ်၊ ကြည် ညိုစရာ ကောင်းလိုက်တာ” ဤနေရာတွင် ဈာနပစ္စည်းက ကျေးဇူးပြုနေခြင်း ဖြစ်ပါသည်။ မင်းတရားကြီးအမိန့်ဖြင့် အမတ်ကြီးများက ကိုရင်လေးအား ပင့်လာရာ ငြိမ်ငြိမ်သက်သက်ပင် နန်းတော်ထဲ ရောက်ရှိလာပါသည်။
ထိုအခါ မင်းတရားကြီးက “အရှင်ဘုရားနဲ့ သင့်တော်တဲ့နေရာဌာနမှာ ထိုင်တော်မူပါ ဘုရား”ဟု လျှောက်ထားရာ ကိုရင်က မိမိအလေးဂရုပြုရမည့် ရဟန်း၊ သာမဏေ ရှိ မရှိ၊ ကြည့်ရှုရာ မရှိကြောင်းသိသဖြင့် ဘုရင်မင်းတရားကြီး၏ ရာဇပလ္လင်ထက်တက်ပြီး ရဲရဲရင့်ရင့် သီတင်းသုံးတော်မူပါသည်။
အသောကမင်းကြီးကို ဗုဒ္ဓဘာသာဝင် ဖြစ်သွားစေသည့်တရား
ရှင်ဘုရင်က အရှင်ဘုရား၏ ဆရာဟောကြားသည့်တရား နာလိုပါသည်ဟု လျှောက်ထားရာ နိဂြောဓသာမဏေက “အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ” ဟု ဟောကြား တော်မူပါသည်။ အဓိပ္ပာယ်မှာ “သတိရှိကာ သိနေတာ၊ သေမှာလွတ်ဖို့ အကြောင်းတည်း။ သတိကင်းပ မေ့နေက သေကြဖို့ရာ အကြောင်းတည်း။ လုပ်ကိုင်ပြောကြား သတိထား မေ့အား မကြီးနဲ့” ။
အသောကမင်းကြီးသည် ဤအပ္ပမာဒတရားကို နာကြားလိုက်ရသဖြင့် အလွန်ပင် နှစ်သက်သဘောကျသဖြင့် “အရှင်ဘုရားအတွက် ဘုရားတပည့်တော် ဆွမ်းရှစ်အုပ် လှူဒါန်း ပါမယ်ဘုရား”ဟု လျှောက်ထားရာ ကိုရင်က “ဒကာတော်မင်းတရား အဲဒီဆွမ်းရှစ်အုပ်ကို ဥပဇ္ဈာယ် ဆရာအား လှူဒါန်းပါတယ်”ဟု မိန့်ကြားပါသည်။ ရှင်ဘုရင်က “ကောင်းပါပြီ၊ အရှင်ဘုရားအတွက် ဘုရားတပည့်တော် နောက်ထပ် ဆွမ်းရှစ်အုပ် လှူဒါန်းပါမယ်ဘုရား” ဟု လျှောက်ထားရာ ကိုရင်က “ဒကာတော်မင်းတရား အဲဒီဆွမ်းရှစ်အုပ်ကို ဓမ္မာစရိယဆရာတော်တို့အား လှူဒါန်း ပါတယ်”ဟု မိန့်ကြားပါသည်။
ရှင်ဘုရင်က “ကောင်းပါပြီ၊ အရှင်ဘုရားအတွက် ဘုရားတပည့်တော် နောက်ထပ် ဆွမ်းရှစ်အုပ် လှူဒါန်းပါမယ်ဘုရား”ဟု လျှောက်ထားရာ ကိုရင်က “ဒကာတော်မင်းတရား အဲဒီဆွမ်းရှစ်အုပ်ကို သံဃာတော်များအား လှူဒါန်းပါတယ်”ဟု မိန့်ကြားပါသည်။ ရှင်ဘုရင်က “ကောင်းပါပြီ၊ အရှင်ဘုရားအတွက် ဘုရားတပည့်တော် နောက်ထပ် ဆွမ်းရှစ်အုပ် လှူဒါန်းပါမယ်ဘုရား” ဟု လျှောက်ထားသဖြင့် ရှင်ဘုရင်မင်းမြတ်သည် တစ်ထိုင်တည်း တစ်နေရာတည်းတွင် ဆွမ်းအုပ် ၃၂-အုပ် လှူဒါန်းခဲ့ပါသည်။
မင်းကောင်းတစ်ပါးကြောင့် သာသနာ တစ်ခေတ်ဆန်းခဲ့သည်
နောက်တစ်နေ့နံနက်တွင် နိဂြောဓသာမဏေက ဥပဇ္ဈာယ်ဆရာ အပါအဝင် သံဃာတော် အရှင်သူမြတ်များကို နန်းတော်သို့ ပင့်ဆောင်လာခဲ့ပါသည်။ အရှင်သူမြတ်များသည် စိတ်တော်ကလည်း ငြိမ်သက်၊ ဣန္ဒြေကလည်း ငြိမ်သက်စွာဖြင့် ကြွရောက်ကာ ဆွမ်းဘုဉ်းပေးတော် မူကြသည်ကို ဖူးမြင်ရသဖြင့် မင်းတရားကြီးက အလွန်ပင် ကြည် ညိုလေသည်။
အသောကမင်း၏ဘိုးတော် စန္ဒဂုတ်မင်း၊ ခမည်းတော် ဗိန္ဒုသာရမင်းတို့ လက်ထက်မှသည် အဝတ်ဗလာ ကိုယ်တုံးလုံး တက္ကတွန်းခြောက်သောင်းကို နန်းတော်တွင်း၌ နေ့စဉ် ထမင်း အဖျော်များ လှူဒါန်းခဲ့ပါသည်။ ထို တိတ္ထိတို့၌ စောင့်စည်းမှုဣန္ဒြေမရှိ၊ နန်းတွင်း၌ သောသော ညံလျက်၊ စားကြသောက်ကြသည့် မြင်ကွင်းနှင့် ယနေ့ ဘုရားသားတော်တို့၏ အပြုအမူက အလွန်အမင်းပင် မိုးမြေမက ကွာခြားနေသည်ကို ရှင်ဘုရင်က နှိုင်းယှဉ် ကြည့်မိလေ၏။ ထို့ကြောင့် ထိုနေ့မှစ၍ တိတ္ထိခြောက်သောင်းအစား ရဟန်းတော်ခြောက်သောင်းတို့ကို နန်းတော်သို့ပင့်ကာ နေ့စဉ် နေ့စဉ် ဆွမ်းများ ဆက်ကပ်လှူဒါန်းပါတော့သည်။
ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင်
မင်းကြီးက “အရှင်သူမြတ်တို့ဘုရား ဗုဒ္ဓမြတ်စွာဟောပြတော်မူခဲ့တဲ့ တရားတွေဟာ ဘယ်လောက်ရှိပါသလဲဘုရား”ဟု မေးလျှောက်ရာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် သူမြတ်က “ပိဋကတ်အားဖြင့် သုံးပုံ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ။ နိကာယ်အားဖြင့်ငါးရပ် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်။ အင်္ဂါအားဖြင့် ကိုးတန် သုတ္တ၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန၊ ဣတိဝုတ္တက၊ ဇာတက၊ အဗ္ဘုတဓမ္မ၊ ဝေဒလ္လ။ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိပါတယ်မင်းကြီး”ဟု ပြည့်ပြည့်စုံစုံ ဖြေကြားတော်မူပါသည်။
အသောကမင်းတရားကြီးသည် ဓား ၊လှံ ၊ လက်နက်၊ လေး၊ မြားကို စွန့်ကာ ဗုဒ္ဓတရား တော်ကို လူတိုင်းလူတိုင်း သိရှိရန် အိန္ဒိယနိုင်ငံ အနှံ့အပြား ကျောက်စာတော်များ စိုက်ထူပါသည်။ ထိုအခါ မင်းတရားကြီးက ဓမ္မက္ခန္ဓာ တစ်ဆူ တစ်ဆူအတွက် ကျောင်းဆောင်တစ်ဆောင်၊ စေတီတစ်ဆူ၊ ရေကန်တစ်ကန်၊ ရေတွင်းတစ်တွင်းဖြင့် ပူဇော်တော့မည်ဟု ဆုံးဖြတ်ချက် ချပါသည်။ ထို့ကြောင့် ဇမ္ဗူဒိပ်မြေပြင်အနှံ့ စေတီပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ကျောင်းဆောင်ပေါင်း ရှစ်သောင်းလေးထောင် ပေါ်ထွန်းလာခဲ့ပါတော့သည်။
သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကို ဖူးမြော်လိုသည့်ဘုရင်
အသောကမင်းတရားကြီးသည် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကို ဖူးမြော်လိုပါကြောင်း ရဟန်းတော်များကို လျှောက်ထားရာ ရဟန်းတော်များက ကာလနဂါးမင်းဆိုတာ ရှေးရှေးမြတ်စွာဘုရားရှင်တွေကို မီလိုက်တယ်၊ အဲဒီ ကာလနဂါးမင်းကို အသင်မင်းကြီး ခေါ်ဆောင်ပြီး မြတ်စွာဘုရားရှင်တို့ရဲ့ ပုံပန်းသဏ္ဍာန်ကို ဖန်ဆင်းခိုင်းရရင် ဘုရားရှင်တို့ကို ဖူးမြင်ရသကဲ့သို့ ဖြစ်ပါလိမ့်မယ်ဟု မိန့်ကြားတော်မူကြပါသည်။
အသောကမင်းတရားကြီး၏ အာဏာစက်ကြောင့် ကာဠနဂါးမင်း နန်းတော်သို့ ရောက်ရှိ လာခဲ့ရာ “အသင်နဂါးမင်း၊ အသင်နဂါးမင်းဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဖူးမြင်လိုက်ရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားရှင် ပုံပန်းသဏ္ဌာန်ကို ဖန်ဆင်းပြပါ”လို့ အမိန့်တော်ချရာ နဂါးမင်းက “အရှင်မင်းကြီး မြတ်စွာဘုရားတို့ရဲ့ ပုံပန်းသဏ္ဌာန်ကို လုံးဝဥဿုံတူအောင်တော့ဖြင့် မဖန်ဆင်းနိုင်ပါဘူး၊ ဘာကြောင့်တုန်းဆိုတော့ ဗုဒ္ဓမြတ်စွာဘုရားရှင်တို့ဆိုတာ တစ်ထောင့်ငါးရာ ကိလေသာတွေကို ဝါသနာအငွေ့အသက်နှင့်တကွ အပြီးအပြတ် ပယ်သတ် တော်မူထားပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို အာရုံပြုနိုင်လောက်ရုံပဲ ဖန်ဆင်းပြပါမယ်”လို့ လျှောက်ထားပြီး ဖန်ဆင်းပြပါသည်။
ထိုအခါ အသောကမင်းတရားကြီးသည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ရုပ်ပုံတော်ကို ခုနစ်ရက် တိတိ စူးစူးစိုက်စိုက်ကြည့်ရှု ဖူးမြော်ပါတော့သည်။ ဤနေရာတွင် မင်းတရားကြီးစိတ်အစဉ်ကို ဈာနပစ္စည်းဖြင့် ကျေးဇူးပြုနေခြင်း ဖြစ်ပါသည်။ မင်းကြီး၏ ကာမာဝစရ ကုသိုလ်စိတ် အစဉ်၌ ယှဉ်နေသော ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ တရားတို့သည် ဈာန်အင်္ဂါတရားများပင် ဖြစ်သည်။
နဂါးမင်းဖန်ဆင်းထားသည့် ဘုရားအာရုံပေါ်သို့ စိတ်ကို တင်၍တင်၍ ပေးလိုက် ခြင်းသည် ဝိတက်ပေတည်း။ ထိုအာရုံကိုပင် အပြန်ပြန် အလှန်လှန် သုံးသပ်နေခြင်းသည် ဝိစာရ ပေတည်း။ နှစ်သက်မှုများ ဖြစ်နေခြင်းသည် ပီတိပေတည်း၊ ထို့နောက် ကိုယ်ချမ်းသာ စိတ်ချမ်း သာတွေ ဖြစ်နေခြင်းသည် သုခပေတည်း၊ ဘုရားရုပ်ပုံပေါ်၌ စိတ်ငြိမ်သက်ကာ အခြားတစ်ပါးသို့ စိတ်မပြေးဘဲနေခြင်းသည် ဧကဂ္ဂတာပေတည်း။ ဤအကြောင်းတရားတို့သည် အတူတကွ ယှဉ်၍ ဖြစ်သည့် စိတ်စေတသိက်၊ စိတ္တဇရုပ်တို့ကိုလည်း စူးစူးစိုက်စိုက် တည်တံ့စေရန် ဈာနသတ္တိဖြင့် ကျေးဇူးပြုခြင်းပေတည်း။
ထိုအခါမင်းတရားကြီးမှာ “သြော် လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာများနှင့်တကွ ဖြစ်နေတဲ့ ဒီကာလနဂါးမင်းရဲ့ ရုပ်ပုံတောင် ဒီမျှတင့်တယ်သပ္ပာယ်နေတယ်၊ ရာဂ၊ ဒေါသ၊ မောဟ ကိလေသာအားလုံး ကင်းကွာတော်မူတဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ရုပ်ပုံတော်သာဆိုရင် အနှိုင်းမဲ့သာ လွန်ပေလိမ့်ပေမယ်” ဟု နှလုံးသွင်းဆင်ခြင်သည်နှင့် တစ်ပြိုင်နက် ပီတိသောမနဿ တဖွားဖွား ဖြစ်ပေါ်လာကာ ခုနစ်ရက်တိတိ စူးစူးစိုက်စိုက်ပြီး ဖူးမြင်ပူဇော်ခဲ့ခြင်းသည် ဈာနပစ္စည်း၏ ကျေးဇူးပြုပုံပေတည်း။
ကျမ်းညွှန်း * တတိယသင်္ဂီတိကထာ၊ ပါရာဇိကကဏ္ဍအဋ္ဌကထာ-၁ (နှာ-၃၇)
သက်တော်ထင်ရှား မြတ်စွာဘုရားရှင်၏ အသံတော်
အသောကမင်းတရားကြီး၏ မိဖုရားခေါင်ကြီး အသန္ဓိမိတ္တာသည်လည်း မင်းတရားကြီး နည်းတူ ရတနာသုံးပါးကို အလွန်ပင်ကြည် ညိုသည်၊ မိဖုရားကြီးက ဆရာတော် သံဃာတော်များ ဘုရား မြတ်စွာဘုရားရှင်တို့ရဲ့ အသံတော်ဟာ ဘယ်လိုများ ရှိမလဲဘုရား နှိုင်းယှဉ်စရာ ဥပမာများ ရှိပါသလားဟု မေးလျှောက်လေ၏။ သံဃာတော်များက ဘုရားရှင်တို့ရဲ့ အသံတော်ကို ဟိမဝန္တာတောင်က ကရဝိက်ငှက်ရဲ့ အသံနှင့် နှိုင်းကြပါတယ်ဟု မိန့်ကြားတော်မူလေ၏။
အသောကမင်းတရားကြီး ဘုန်းတော်ကြောင့် နန်းတော်သို့ ကရဝိက်ငှက် ရောက်လာပါသော်လည်း အသံမတွန်ကျူးဘဲ ဖြစ်နေပါသည်။ ထိုအခါ ပညာရှိများ အကြံပေးလျှောက်ထား ချက်အရ ကရဝိက်ငှက်၏ လေးဘက် လေးတန်အပြည့် မှန်များထောင်ပြကြရာ မှန်ပေါ်တွင် အရိပ်ထင်နေသည်ကိုပင် သူ၏အပေါင်းအဖော်တွေ့သည့်နှယ် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ အတောင်များ တဖျပ်ဖျပ်ခတ်၍ အလွန် သာယာသောအသံဖြင့် တွန်ကျူးပါတော့သည်။
မိဖုရားကြီးလည်း ထိုအသံပေါ် ၌ နစ်မျောကာ “သြော် ရာဂ ဒေါသ မောဟကိလေသာတွေ အပြည့်ရှိပြီး အဟိတ် တိရစ္ဆာန်ဖြစ်တဲ့ငှက်ရဲ့ အသံတောင် ဒီလောက်သာယာနေရင် ရာဂ ဒေါသ မောဟ ကိလေသာတွေ ကင်းကွာပြီးဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်တို့ရဲ့ အသံတော်ဆိုရင် ဘယ်လောက်များ သာယာမယ်ဆိုတာ ပြောစရာတောင် မလိုတော့ဘူး၊ ဒီကရဝိက်ငှက်ရဲ့အသံနဲ့ နှိုင်းယှဉ်လို့ မရနိုင်လောက်အောင်ကိုပဲ ပိုပြီးတော့ သာယာမှာပဲ”ဟု အာရုံပြုကာ ဝမ်းမြောက် ဝမ်းသာဖြစ်နေခြင်းသည် ဈာနပစ္စည်း၏ ကျေးဇူးပြုခြင်းပေတည်း။
ကရဝိက်ငှက်၏အသံကြောင့် မိဖုရားကြီးမှာ နှစ်သက်မှု ပီတိဖြစ်သည်၊ ထိုပီတိ သည်လည်း ပေါ်ပြီးပျောက် ဖြစ်ပေါ်လာပြီးချုပ် ဖြစ်နေသည်ကို မိဖုရားကြီးသိလာသဖြင့် သြော် မမြဲတဲ့ သဘောတရားတွေပါလား၊ ဖြစ်ပေါ်လာတာကလည်းပဲ အကြာကြီးတည်မှ မတည်ပဲကိုး၊ ဒါကမမြဲတဲ့ သဘောတရားတွေပါလား၊ ဒီလို ဖြစ်လိုက် ပျက်လိုက်၊ နှိပ်စက်နေတဲ့အတွက် ဒုက္ခသဘောတရားတွေပါလား၊ မိမိအလိုသို့ မလိုက်မပါ၊ သူ့သဘောသူဆောင်လို့ ဖြစ်နေကြ၊ ပျက်နေကြလို့၊ အနတ္တသဘော တရားတွေပါလားဟု ဈာန်အင်္ဂါတစ်ပါးဖြစ်သည့် ပီတိ သောမနဿကို ဝိပဿတိ၊ ဝိပဿနာရှုရာ မိဖုရားကြီး သောတာပန် ဖြစ်သွားပါသည်။ ဤသည်မှာ ဈာနသတ္တိဖြင့် ကျေးဇူးပြုခြင်းပေတည်း။
ရူပဈာန်
* ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ပထမဈာန်၊
* ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဒုတိယဈာန်၊
* ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါသုံးပါးနှင့် ပြည့်စုံသော တတိယဈာန်၊
* သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော စတုတ္ထဈာန်၊
* ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန်၊
အရူပဈာန်
* ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော (အဆုံးအပိုင်းအခြားမရှိ ကောင်းကင်ပညတ်ဟူသော) အာကာသာနဉ္စာယတနဈာန် ( Space of infinity as the object of meditation)
* ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော (အဆုံးအပိုင်းအခြားမရှိသော ပထမာရုပ္ပဝိညာဏ်ဟူသော) ဝိညာဏဉ္စာယတနဈာန် (Boundless conciousness as the object of meditation)
* ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော (ပထမအရုပ္ပဝိညာဏ်စိတ်၏ စိုးစဉ်းအနည်းမျှမရှိသော နတ္ထိဘောပညတ်ဟူသော) အာကိဉ္စညာယတနဈာန် (Nothingness as the object of meditation)
* ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော (သညာရှိသည်လည်းမဟုတ်၊ သညာမရှိသည်လည်း မဟုတ်သော) နေဝသညာနာသညာယတနဈာန် (Neither conciousness nor non- conciousness)
ဈာန်နှင့် မထိုက်သူ
မြတ်စွာဘုရားရှင်က ရဟန်းတို့ ဤတရားငါးမျိုးတို့ကိုမပယ်ဘဲ ပဌမဈာန်သို့ ရောက်၍ နေရန်မထိုက်ဟု ဟောတော်မူပါသည် –
၁။ နေစရာ ကျောင်းနှင့်ပတ်သက်ပြီး ဝန်တိုနေတတ်တဲ့သူ၊
၂။ မိမိကိုကိုးကွယ်နေတဲ့ ဉာတိပဝါရိတ အမျိုးဒါယကာတို့က အခြားပုဂ္ဂိုလ်ကို ဆည်းကပ်ကိုးကွယ်မှာ ဝန်တိုတတ်တဲ့သူ၊
၃။ ပစ္စည်းလာဘ်လာဘတွေ သူများသုံးမှာ စားမှာကို ဝန်တိုတတ်တဲ့သူ၊
၄။ မိမိထက် ဂုဏ်အဆင်းသာတဲ့သူအပေါ် ဝန်တိုတတ်တဲ့သူ၊
၅။ ကျေးဇူးတရားကို မသိတတ်တဲ့သူ တို့ပေတည်း။
* ကမ္မဋ္ဌာနဟူသော ပါဠိဘာသာစကားကို ပါဠိသက်ဝေါဟာရဖြင့် ကမ္မဋ္ဌာန်းဟု ခေါ်ကြ ပါသည်။ ကမ္မပုဒ်က အလုပ်၊ ဌာနပုဒ်က တည်ရာဖြစ်သဖြင့် ဘာဝနာအလုပ်၏ တည်ရာဖြစ်သော အာရုံကို ကမ္မဋ္ဌာန်းဟုခေါ်၏။
* ကမ္မဋ္ဌာန်းအလုပ်၊ ဘာဝနာအလုပ်ဟူသည် စိတ်ကို ဖြူစင်အောင်လုပ်ရသည့် စိတ်နှင့် ဆိုင်သောအလုပ် ဖြစ်ပေသည်။
* ဘာဝနာနှစ်မျိုးရှိ၏။ ၁ – သမထဘာဝနာ ၂ – ဝိပဿနာ ဘာဝနာတို့ ဖြစ်၏။
* သမထဘာဝနာက အာရုံတစ်ခုတည်း၌ စိတ်ကို စူးစူးစိုက်စိုက်ထားရသော အလုပ် ဖြစ်ပါသည်။
ဈာနပစ္စည်း၏ သင်္ချာ
ဈာနပစ္စည်း၏သင်္ချာမှာ (၇) ဖြစ်ပါသည်။ ထို့ကြောင့် “ဈာနေ သတ္တ” ဟု မှတ်သားနိုင် ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –
ကုသလ သင်္ချာ-၃
(၁) ကု-ကု (၂) ကု-ဗျာ (၃) ကု-ကု၊ ဗျာ
အကုသလ သင်္ချာ-၃
(၁) အကု-အကု (၂) အကု-ဗျာ (၃) အကု-အကု၊ ဗျာ
အဗျာကတ သင်္ချာ-၁
(၁) ဗျာ-ဗျာ
Mind to Mind-Matter
ဈာနပစ္စည်းသည် နာမ်တရားက နာမ်ရုပ်တရား (Mind to Mind-Matter) ကို ကျေးဇူး ပြုသောပစ္စည်း ဖြစ်သည်။
ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား
ပစ္စယဟူသော အကြောင်းတရားမှာ – ဈာနင်တရားကိုယ် ၅-ပါး (ဝိတတ်၊ ဝိစာ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ)တို့ ဖြစ်သည်။
ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – ဒွေပဉ္စဝိညာဏ် ၁၀-ပါးကြဉ်သော စိတ် ၇၉-ပါး၊ စေတသိတ် ၅၂-ပါး၊ စိတ္တဇရုပ်နှင့် ပဋိသန္ဓေကမ္မဇရုပ် တို့ ဖြစ်သည်။
ဈာနပစ္စည်းသည် သဟဇာတမျိုး၌ ပါဝင်၏။