မာတိကာ
၁၂။ အာသေဝနပစ္စယော
Daily life Patthana
Asevana Paccayo (Repetitive condition)
နောက်ဇောများအား ဂုဏ်သတ္တိသာလွန်ရန် အားကောင်းရန် အကြိမ်ကြိမ် ဖြစ်စေခြင်း ထုံမွမ်းခြင်းဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်
The ‘Âsevana’ means repetition, doing something again and again. It is compared to previous learning. It is also compared to using perfume again and again.
‘နောက်နောက်မွန်လေး၊ သာလွန်မွှေးအောင်၊ ရှေးရှေးထုံထား၊ နံ့သာလားသို့’ ဟု လာရှိသည်နှင့်အညီ နံ့သာတုံး၊ နံ့သာခဲများသည် အတူတူ ထုံထားသော အဝတ်တန်ဆာ တို့အား မွှေးကြိုင်အောင် ကျေးဇူးပြုသကဲ့သို့ ကျမ်းဂန်စာပေတို့ ရှေးရှေးသင်ယူမှုသည် နောက်နောင်သင်ယူမှုအား လွယ်ကူအောင် ပို၍ တတ်သိလာအောင် ကျေးဇူးပြု သကဲ့သို့ ရှေးရှေးကုသိုလ်၊ အကုသိုလ်၊ ကိရိယာဇောစိတ်များသည် နောက်နောင်ဖြစ်ပေါ်သော ကုသိုလ်၊ အကုသိုလ်၊ ကိရိယာဇောစိတ်များအား ဂုဏ်သတ္တိသာလွန်ရန်၊ အားကောင်းလာရန် အကြိမ်ကြိမ် ထုံမွမ်းသောအားဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုသည်။
Doing something again and again.
အာသေဝန (အာ + သေဝန) အာ = အထပ်ထပ်အခါခါ။ သေဝန = ထုံမွမ်းသည်၊ ပွားများသည်ဟု အဓိပ္ပါယ်ရပါ သည်။ ဇောတစ်ခုက ထိုဇောမျိုး ထပ်ခါထပ်ခါ ဖြစ်စေခြင်းကို ဆိုလိုပါသည်။ ပမာအားဖြင့် ရှေ့ရှေ့ကုသိုလ်ဇောက နောက်နောက် ကုသိုလ်ဇောကို ကုသိုလ် ဖြင့် အထပ်ထပ် ထုံမွမ်းခြင်းကို Repetitive Condition = အာသေဝန ပစ္စည်း မည်ပေသည်။
“အသေဝနာ စ ဗာလာနံ” ၌ အသေဝန အဓိပ္ပာယ်မှာ မပေါင်းသင်းရဟု ဆိုလိုပါသည်။ ပဋ္ဌာန်းတရားတွင်မူ အာသေဝနဟူသည် အထပ်ထပ် ထုံမွမ်းခြင်း Repetition. Doing something again and again ဟု အဓိပ္ပာယ်ရ ပါသည်။
ရှေးဆရာမြတ်များက အာသေဝနပစ္စည်းကို ရှေ့ရှေ့၌ စာပေကျမ်းဂန် သင်ကြား ခြင်းသည် နောက်နောက်၌ စာပေကျမ်းဂန်သင်ကြားခြင်းကို လွယ်ကူထက်သန်စေရန် ကျေးဇူးပြုသကဲ့သို့ ရှေ့ရှေ့ဇောတို့က နောက်နောက်ဇောတို့အား ထက်သန်အားရှိစေရန် ကျေးဇူးပြုခြင်းကို ဥပမာ ပြတော်မူကြပါသည်။
အာသေဝနကို ဥပမာများဖြင့် လေ့လာခြင်း
ပမာပြရသော် ပူပြင်းလှသည့် နွေဥတု၏ ညနေဆောင်း၌ ရေချိုးရာတွင် ပထမ ရေတစ်ဖလားလောင်းသော် မအေးနိုင်သေးပါ။ ဒုတိယအကြိမ် နှစ်ဖလားမြောက် လောင်း သော်လည်း မအေးသေးပါ။ သုံးဖလား၊ လေးဖလား ငါးဖလား ဆက်ကာ ဆက်ကာ လောင်း ပေးသောအခါ ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း အေးလာသည့် ပမာတည်း။ ရှေ့ရေဖလား များက ခန္ဓာကိုယ်အေးလာစေရန် နောက်နောက်ရေဖလားများကို ကျေးဇူးပြုပါသည်။ အာသေဝနပစ္စည်းကို ဤဥပမာဖြင့်လည်း နားလည်နိုင်မည် ဖြစ်ပါသည်။
အဖန်ဖန် အထပ်ထပ် ထုံမွမ်းခြင်းကို တစ်နည်း ဥပမာထပ်ပေးရသော် နံ့သာကြုတ်ထဲ အဝတ်အစားထည့်ထားပါက ကာလကြာလေ ပို၍ ပို၍ မွှေးကြိုင်လာလေ၊ ကာလကြာလေ ပို၍ ပို၍ မွှေးကြိုင်လာလေ ဖြစ်ပါသည်။ ဤတွင် ရှေးရှေး အမွှေးအကြိုင် ထုံမွမ်းမှုက နောက်နောက် အမွှေးအကြိုင် ထုံမွမ်းမှုကို အားရှိလာစေသကဲ့သို့ အာသေဝနကို နားလည် နိုင်ပါသည်။
အာသေဝနပစ္စည်းကို လောကအမြင်ဖြင့်လည်း ဥပမာပြပါမည်။ Musical instrument တူရိယာတစ်ခုခုကို တီးခတ်သည်နှင့် ပမာပြုနိုင်ပါသည်။ အစ၌ အတီးအမှုတ်ကို လေ့ကျင့် နေရပြီး နောက်ပိုင်းကာလတွင် တီးမှုတ်နေခြင်းကပင် လေ့ကျင့်နေခြင်း ဖြစ်ပေတော့သည်။အကြိမ်များများ တီးမှုတ်လေ ပို၍ ကျွမ်းကျင်လာလေပေတည်း။ ဤသည်ကို အာသေဝနနှင့် ပမာပြုကာ နားလည်နိုင်မည် ဖြစ်ပါသည်။
ကုသိုလ်ဇောသည် ကုသိုလ်ဇောကိုလည်းကောင်း၊ အကုသိုလ်ဇောသည် အကုသိုလ် ဇောကိုလည်းကောင်း အားကောင်းသည်ထက် အားကောင်းအောင် အာသေဝနသတ္တိဖြင့် အဖန်ဖန် အထပ်ထပ် ထုံမွမ်းကာ အားဖြည့်ပေးပါသည်။
ဤနေရာတွင် အာသေဝနဟူသည် အားထုတ်မှသာဖြစ်ပြီး အားမထုတ်ဘဲ မဖြစ် ကြောင်းကို ဥပမာဖြင့်ပြပါမည်။ ‘ဘုရားဖူးသွားမယ်’ ဟုဆိုပြီး လုံ့လ ဝီရိယ အားထုတ်မှသာ ကုသိုလ်ဇော စိတ္တုပ္ပါဒ် ဖြစ်ပေါ်လာ၏။ အကုသိုလ် အရာ၌လည်း ပါဏာတိပါတအမှုဖြစ်သည့် ခြင်တစ်ကောင်ကို ရိုက်သတ်ရန် လုံ့လ ဝီရိယအားထုတ်မှသာ အကုသိုလ်ဇောဝီထိ စိတ္တုပ္ပါဒ် ဖြစ်ပေါ်၏။
တောဟူသည် သူတော်ကောင်းကြီးတို့မြတ်နိုးရာဌာန ဖြစ်ပါသည်
ဗုဒ္ဓအလောင်းအလျာ သိဒ္ဓတ္ထမင်းသားကို လုမ္ဗနီအင်ကြင်းတော၏အလယ်၌ ဖွားမြင် တော်မူ၏။ နန်းစည်းစိမ်ကိုစွန့်၍ ဥရုဝေလတောကိုမှီကာ ခြောက်နှစ်တာ ကာလပတ်လုံး တရားရှာမှီး၏။ မိဂဒါဝုန်တော၌ပင် ဓမ္မစကြာတရားဦးကို ဟောကြားတော်မူပြီး ဘုရားရှင်သည် တောအရပ်များ၌ပင် ကာလရှည်ကြာချမ်းမြေ့စွာ သီတင်းသုံးတော်မူခဲ့ပါသည်။ ခန္ဓာဇာတ်သိမ်း အနုပါဒိသေသနိဗ္ဗာန် စံဝင်တော်မူရန် နောက်ဆုံးဦးခေါင်းချတော်မူရာ အရပ်သည်လည်း ကုသိနာရုံ အင်ကြင်းတောပင်ဖြစ်၏။
မြတ်စွာဘုရားရှင်၏ သားရဟန်းတစ်ပါးဖြစ်တော်မူသည့် နဘူးကျင်းဆရာတော် ကြီးသည် ရန်ကုန်မြို့ကြီးရှိ ဘုရားဖြူစာသင်တိုက်မှ သပိတ်တစ်လုံး သင်္ကန်း သုံးထည်ဖြင့် တောထွက်တော်မူပြီး ရွှေစက်တော်ဘုရား ခြေတော်ရင်းမှ ဂူတစ်ခုအတွင်း သီတင်းသုံးတော် မူခဲ့ပါသည်။ ဝါဆိုကာ သီတင်းသုံးမည့် ဂူအတွင်းအကဲခတ်ရာ မြွေဆိုးတစ်ကောင် ဂူပေါက်၀ နံရံတွင် ခိုအောင်းနေသည်ကို တွေ့ရပါသည်။ ထိုအခါ ဆရာတော်ဘုရားကြီးက –
“ဒီဂူထဲ သီတင်းသုံးမှာက ရဟန်း၊ မင်းက အဆိပ်ရှိတဲ့ သတ္တဝါဆိုတော့ လူနှင့် အတူနေလို့ မဖြစ်ပေဘူး” ဟု မိန့်တော်မူကာ မေတ္တာပို့သ ဖယ်ရှားခဲ့ရဖူးကြောင်း သိရပါသည်။ထိုဂူထဲ၌ပင် ဝါဆိုတော်မူကာ တောလမ်းအတိုင်း ရွာထဲ ဆွမ်းခံကြွတော်မူပါသည်။ တစ်နေ့ တောထဲဆွမ်းခံသွားရာခြေလမ်းတွင် သွေးကွက်များနှင့် စွပ်ကြောင်း တစ်ကြောင်းကို တွေ့ရပါ သည်။ ဆရာတော်ကြီးက မိမိသီတင်းသုံးရာဂူနှင့် မလှမ်းမကမ်းနေရာတွင် အခါတိုင်း မတွေ့ဘူးသည့် အခြေအနေထူးတစ်ရပ်ကို ကြုံတွေ့နေရသဖြင့် ဖြစ်စဉ်အမှန်ကို သိမှ သင့်တော်ပေမည်ဟု နှလုံးသွင်းတော်မူကာ လမ်းမှဖယ်ခွာသွားသည့် သွေးကွက်နှင့် စွပ်ကြောင်းအတိုင်း တောထဲသို့ သတိကြီးစွာထားပြီး လိုက်သွားပါသည်။ခြေသွားလမ်း၏ ညာဘက် မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ခြင်္သေ့ သို့မဟုတ် ကျား စသည့် အသားစားသတ္တဝါ တစ်ကောင်ကောင်က ရိုက်ပုတ် ဖမ်းဆီးသတ်ဖြတ် စားသုံးပြီး ဝမ်းဗိုက်အတွင်းမှ ကလီစာပင် မရှိတော့သည့် စားကြွင်းစားကျန် ခန္ဓာကိုယ် အစိတ်အပိုင်းကို မြင်ရပါသည်။ သီတင်းသုံးရာ ဂူနှင့် မလှမ်းမကမ်းတွင် အသက်အန္တရာယ် ပြုနိုင်လောက်သည့် သားစားသတ္တဝါ ရှိနေပေပြီ။ မေတ္တာနှင့် သစ္စာကိုသာ အားကိုးရပေတော့မည်ဟု နှလုံးပိုက်ကာ ဆွမ်းခံရွာသို့ ကြွတော်မူပါသည်။ ဆွမ်းခံရွာရောက်သော် ဆွမ်းလာလောင်းသည့် ဒါယကာတို့အား –
“ဆွမ်းခံတောလမ်းရဲ့ ညာဘက်က သစ်ပင်ကြီးကြီးအောက်မှာ ဝမ်းတွင်းကလီစာတွေ မရှိတော့တဲ့ ပံ့သကူအကောင်ကြီးတစ်ကောင်တော့ တွေ့ခဲ့ရတယ်”ဟု မိန့်တော်မူသဖြင့် ရွာသားများ သွားရောက်ကာ ယူကြပါသည်။ ရဟန်းသည် ပိုင်ရှင်မပေးသည့် ဥစ္စာကိုယူလျှင် တန်ဖိုးအားလျော်စွာ ပါရာဇိကအာပတ်အထိ သင့်နိုင်ပါသည်။ သို့သော် တိရစ္ဆာန်၏ စားကြွင်း စားကျန်ကိုယူလျှင် (ဝါ) ယူခိုင်းလျှင်မူ အာပတ်မသင့်ဟု ပါရာဇိကပါဠိတော်တွင် လာရှိပါသည်။
ကျမ်းညွှန်း * (၁၄၀)၊ ဒုတိယပါရာဇိက ဝိနီတဝတ္ထု၊ ပါရာဇိကကဏ္ဍ၊ ပါရာဇိကပါဠိ (နှာ-၇၃)
စ လယ် အဆုံး၊ တောမှာပုန်း ကျင့်သုံးစံပြ၊ ဒို့ဗုဒ္ဓ
ဆရာတော်ကြီးသည် ဓူတင်ဆောက်တည်ကာ တောတောင်ထဲ၌ နှစ်ပေါင်း-၄၅ နှစ်ကျော် ကာလရှည်ကြာ သီတင်းသုံးတော်မူခဲ့ပါသည်။ ရဟန်းတော်များကို တောရသာသနာ ချစ်မြတ်နိုးလာတတ်လာစေရန် ရည်ရွယ်ကာ မြတ်ဗုဒ္ဓ၏ဘဝသည် ‘စ လယ် အဆုံး၊ တောမှာပုန်း ကျင့်သုံးစံပြ၊ တို့ဗုဒ္ဓ’ ဖြစ်တော်မူသကဲ့သို့ ဘုရား၏ သားရဟန်းများလည်း တော၏ အရသာကို တစ်သက်ပတ်လုံး မဟုတ်စေကာမူ၊ တစ်နှစ်ဖြစ်စေ၊ တစ်လမျှဖြစ်စေ သီတင်းသုံး နေထိုင်ရန် တိုက်တွန်းတော်မူလေ့ ရှိပါသည်။ ဓူတင်ဆောင်ရဟန်း၊ ဝိနည်းဆောင်ရဟန်း၊ တော၌ သီတင်းသုံးတော်မူသည့် ရဟန်းတော်များကို ဝါမည်မျှ ငယ်သည်ဖြစ်စေ ချစ်ခင် မြတ်နိုးတော်မူပါသည်။ ကြည် ညို လေးစားတော်မူပါသည်၊ တန်ဖိုးထားတော်မူပါသည်။
ဆရာတော်ကြီး၏တစ်သက်တာ တောထဲ၌ပင် အာရညကင်ဓူတင်အပါအဝင် ဓူတင် ၁၃-ပါးကိုဆောင်ကာ ကျင့်ကြံနိုင်ခြင်းသည် ဘဝါဘဝများစွာကပင် ထုံမွမ်းလာခဲ့သည့် အလေ့ အလာ အာသေဝနသတ္တိကြောင့် ဖြစ်နိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဆရာတော်ကြီးသည် သုသာန်၌လည်းကောင်း၊ တော၌လည်း ကောင်း၊ သစ်ပင်အောက်တို့၌လည်းကောင်း၊ ဂူထဲ၌လည်းကောင်း ဆင်းရဲငြိုငြင်စွာဖြင့် သီတင်းသုံးတော်မူနေသည်ဟု ပတ်ဝန်းကျင်က ထင်ကောင်းထင်နေကြမည် ဖြစ်ပါသော်လည်း ဆရာတော်ကြီး၌ ဆင်းရဲသည့်အရိပ်အရောင်လည်းမရှိ၊ ပင်ပန်းနေသည့်အရိပ်အရောင် လည်းမရှိ၊ ငြိုငြင်နေသည့် အရိပ်အရောင်လည်းမရှိဘဲ ပကတိ ရွှင်လန်း ချမ်းမြေ့စွာဖြင့် ပြုလုပ်မြဲအလုပ်ကို အထပ်ထပ်ပြုလုပ်နေသည့်ပမာ ဖူးတွေ့ရခြင်းကြောင့် ဖြစ်ပါသည်။ ဆရာတော်ကြီး၏သန္တာန်၌ ဘဝအဆက်ဆက်က ထုံမွမ်းလာခဲ့သည့် အာသေဝန၏သတ္တိကား ရဟန္တာဖြစ်ပြီး ကျွတ်တမ်းဝင်သည့်တိုင် ကျေးဇူးပြုပေတော့မည်မှာ မလွဲဧကန်ပါတည်း။
ကျမ်းညွှန်း * အရှင်ခေမာနန္ဒ (ရန်ကင်းတောရ)၊ မဟာထေရ်မြတ်တို့၏ စံနမူနာယူစရာကျင့်သီလအပိုင်း (၁)(၂၀၁၄၊ ဒုတိယအကြိမ်)
ပါရမီပြည့်မှုကို အာသေဝနဖြင့် နားလည်နိုင်သည်
ရဟန်းသီလဖြည့်ကျင့်မှု၊ ဓူတင်ဆောက်တည်မှု၊ လောကီ ဈာန် တန်ခိုး အဘိညာဉ်၊ မဂ် ဖိုလ်ရမှု၊ ပါရမီပြည့်မှုတို့ ဟူသည် အာသေဝနပစ္စည်းပင်တည်း။ ကုသိုလ်၊ အကုသိုလ်တို့ အကြောင်းအထောက်အပံ့ ကြီးစွာရပြီး အကျိုးဖြစ်ထွန်းလာမှုသည်လည်း ပကတူပနိဿယ၏ သတ္တိဖြစ်ပြီး အာသေဝနသတ္တိဖြင့် အကြိမ်ကြိမ်ထုံမွမ်းပြီး ကျေးဇူးပြုခံရသည့် ပရမတ္ထ နာမ်တရားက အားကောင်းလာပါသည်။
ဘုရားအလောင်းတော်နှင့် အလောင်းအလျာများ ပါရမီဖြည့်ကျင့်ခဲ့သည့်ကာလ ရှည် ကြာပါသည်။ လွန်ခဲ့သည့် ၉၁-ကမ္ဘာအထက်ကာလက ပြုခဲ့သည့် ကုသိုလ်ကောင်းမှုတို့က ဘုရားဖြစ်တော်မူသည့်ဘဝအထိ လာပြီး ကျေးဇူးပြုပါသည်ဟု ပဋ္ဌာနုဒ္ဒေသကျမ်း၌ လာရှိပါ သည်။
ပါရမီတိုးကြောင်းနှင့် ကိလေသာတိုးကြောင်း
သူလိုကိုယ်လိုလူတို့က အချိန်တိုင်း၊ အချိန်တိုင်း၌ လောဘတိုးကြောင်း၊ ဒေါသ တိုးကြောင်း၊ မောဟတိုးကြောင်း၊ မာနတိုးကြောင်း၊ ဒိဋ္ဌိတိုးကြောင်းဟူသော စိတ်ကိုပူလောင် ပင်ပန်းစေတတ်သည့် ကိလေသာ ၁၀-ပါး တိုးပွားကြောင်းကိုသာ နေ့မနား၊ ညမနား လုပ်ဆောင်နေကြပါသည်။ (ကိလေသာဆယ်ပါးလင်္ကာ-လောဘ၊ ဒေါသ၊ မော၊ မာန၊ ဒိဋ္ဌိ၊ ဝိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ်၊ အဟိရိ၊ နောက်ဆုံးအနောတပ်)
အနည်းငယ်မျှသော လူနည်းစုကသာ ဒါနကုသိုလ်တိုးကြောင်း၊ သီလကုသိုလ်တိုး ကြောင်း၊ နိက္ခမကုသိုလ်တိုးကြောင်း၊ ပညာကုသိုလ်တိုးကြောင်း၊ ဝီရိယ ကုသိုလ်တိုးကြောင်း၊ ခန္တီကုသိုလ်တိုးကြောင်းမည်သော ဘဝသံသရာလွတ်မြောက်ရေးကို ဦးတည်သည့် ပါရမီ ၁၀-ပါး တိုးကြောင်းကို လုပ်ဆောင်နေကြပါသည်။ (ပါရမီဆယ်ပါးလင်္ကာ – ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ဝီရိယာ၊ ခန္တီ၊ သစ္စာ၊ ဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာ)
ထို့ကြောင့် လောက၌ ကုသိုလ်ပါရမီတိုးကြောင်းလုပ်နေသည့် သေးငယ်သည့် လူအုပ်စု နှင့် ကိလေသာကြီးပွားတိုးတက်ရေးကို လုပ်ဆောင်နေသည့် ကြီးမားသည့် လူအုပ်စုဟူ၍ လူအုပ်စု နှစ်စုသာ ရှိပေသည်။ ဤတွင် အသိဉာဏ်ကြီးမားသူက ပါရမီတိုးကြောင်းကို များများလုပ်ပြီး၊ အသိဉာဏ်ပါးရှားသူတို့က ကိလေသာတိုးကြောင်းကို များများလုပ်နေ ကြပါသည်။
ကျွန်မလေးပုဏ္ဏာ (မပြည့်)
ဘုရားရှင်၏ ကျောင်းဒါယကာကြီး အနာထပိဏ်သူဌေး၏အိမ်၌ အယောက်တစ်ရာ ပြည့်မြောက်သည့် ကျွန်မလေးမပြည့်၊ ပါဠိဘာသာဖြင့် ပုဏ္ဏဒါသီ၏ ဘဝအဆက်ဆက်က အာသေဝနသတ္တိကိုလည်း ထင်ရှားစွာ လေ့လာနိုင်မည် ဖြစ်ပါသည်။
သူမက သူဌေးအိမ်တွင် ရေခပ်ကျွန်မတာဝန် ယူရလေသည်။ တစ်ခုသော ဆောင်းတွင်း ကာလ အအေးဒဏ်ကို အမှုမထားနိုင်ဘဲ အခါတိုင်းကဲ့သို့ပင် အစိရဝတီမြစ်ကမ်းပါးသို့ နံနက် ဝေလီဝေလင်း ရေခပ်သွားပါသည်။
မြစ်ဆိပ်တွင် လူတစ်ယောက်သည် အပေါ်ဝတ်မပါ ဗလာကျင်း၍ ရေထဲ ငုပ်ချည် ပေါ်ချည် ပြုနေရာ အအေးဒဏ်ကြောင့် နှုတ်ခမ်းများမှာလည်း ပြာနေ၏။ တစ်ဆတ်ဆတ်လည်း တုန်နေရှာသည်။ ဤသူကား သာဝတ္ထိမြို့မှ ထင်ရှားသည့် ပုရောဟိတ်ပုဏ္ဏားကြီးတစ်ပါး ဖြစ်ကြောင်း မပြည့်သိပါသည်။
ဤမျှချမ်းအေးနေသည့်အချိန်တွင် အဘယ့်ကြောင့် မြစ်ထဲရေဆင်းချိုးနေသည်ကို သိလို လှသဖြင့် ပုဏ္ဏားကြီးအဝတ်အစားများ ဝတ်ရုံပြီးသောအခါ မေးကြည့်ပါသည်။ “ဆရာ ပုဏ္ဏားကြီး အရှင်သခင်တို့၏ ဆဲရေးခြင်း ရိုက်ပုတ်ခြင်းဟူသောအကြောင်းကြောင့် ကျွန်မသည် အအေးဒဏ်ကိုအန်တုပြီး မြစ်အတွင်းဆင်းကာ ရေခပ်ရ၏။ ဆရာပုဏ္ဏားသည်ကား မည်သူ့ကို ကြောက်၍ ရေထဲသို့ ဆင်းရပါသနည်း။ အဘယ့်ကြောင့် အအေးဒဏ်ကိုခံကာ စောစောစီးစီး ရေထဲတွင် ဆင်းပါသနည်း”ဟု သိလိုရင်းဖြင့် မေးလေ၏။
ပုဏ္ဏားကြီး၏ အကုသိုလ်ဆေးကြောသည့်ဒဿန
ထိုအခါ ပုဏ္ဏားကြီးက “မိန်းကလေး ငါသည် မကောင်းမှုကို ပြုခဲ့မိ၏။ ထိုမကောင်း မှုများ ကျေပျောက်စေရန် စောစောစီးစီး ရေချိုးခြင်းဖြစ်၏။ လောက၌ ငယ်သူဖြစ်ဖြစ် ကြီးသူဖြစ်ဖြစ် မကောင်းမှုပြုမိသော် ဤကဲ့သို့ စောစောစီးစီး ရေချိုးလိုက်ပါမူ ထိုမကောင်းမှု များသည် ကင်းစင် လွင့်ပျောက်သွားလေပြီ” ဟု သူ၏ ဒဿနကိုပြောပြလေသည်။
ထိုအခါ ကျွန်မ မပြည့်က “ဆရာပုဏ္ဏား မကောင်းမှုကို ရေဖြင့်ဆေးကြော၍ သန့်စင်ရိုး မှန်လျှင် ရေထဲအမြဲနေသည့် ငါး၊ လိပ်၊ မိကျောင်းတို့သည် အမြဲ စင်ကြယ်နေရာ၏၊ အကုသိုလ်ကို ရေဖြင့်ဆေးကြော၍ ရရိုးမှန်လျှင် ရေဆေးစဉ် ကုသိုလ်တရားတို့လည်း ရေဖြင့်သာ မျှောပါသွားကုန်ရာ၏၊ ဆရာပုဏ္ဏားကြီး မကောင်းမှုကို ကြောက်သဖြင့် နေ့စဉ် ရေချိုး၏။ အမှန်အားဖြင့် ထိုမကောင်းမှုသည် အကျိုးမပေးဘဲမနေ။ အကျိုးတစ်ဖန် ပေးလာပြန်မူ ဆင်းရဲရ၏။ ဆရာပုဏ္ဏားကြီး မကောင်းမှုကို ကြောက်လျှင် မကောင်းမှုကို မပြုဘဲနေရာ၏” ဟု ပြော၏။
ပုဏ္ဏားကြီးသည် မကောင်းမှု၏ စင်ကြယ်ပုံ လွတ်မြောက်ရပုံကို သဘာဝကျကျ ပြောပြသောသူမအား အပေါ်ရုံအဝတ်လွှာတစ်ခုကို ပေး၏။ ထိုအခါ ပုဏ္ဏားကြီးသည် ဤ မိန်းကလေးသည်ပင် ဤမျှတတ်သိနားလည်နေပါမူ သူ့ဆရာကား ဆိုဖွယ်ရာမရှိဟု တွေးဆကာ မြတ်စွာဘုရားအား ကိုးကွယ် ဆည်းကပ်လေတော့၏။ သရဏဂုံတည်ကာ ဥပါသကာအဖြစ်သို့ ရောက်ရှိသွားလေတော့၏။ထို့ကြောင့်အနာထပိဏ် သူဌေးသည် မပြည့်အားကျွန်ဘဝမှ လွတ်ငြိမ်းချမ်းသာခွင့်ဟူသော ဆုလာဘ်ကို ပေးလိုက်လေ၏။
ကျွန်မကလေး ရဟန်းမိန်းမ ဖြစ်ခွင့်ရလေပြီ
မြတ်စွာဘုရားရှင်၏သာသနာတော်၌ ကျွန်အား ရဟန်းပြုမပေးရဟု ဝိနည်း ပညတ် တော် ရှိလေသည်။ အရှင်က ကျွန်အဖြစ်မှ လွတ်ငြိမ်းခွင့် ပေးသောအခါမှသာလျှင် ရဟန်းပြုခွင့် ရရှိလေ၏။ ထို့ကြောင့် မပြည့်သည် ဘုရားရှင်ထံပါးသွားကာ ရဟန်းမအဖြစ် တောင်းပန်ပြီး တရားဘာဝနာကို ကြိုးစားပွားများအားထုတ်ရာ မကြာမီပင် အရဟတ္တဖိုလ်သို့ ဆိုက်လေ တော့၏။
ဝိပဿီမြတ်စွာဘုရား၊ သိခီမြတ်စွာဘုရား၊ ဝေဿဘူမြတ်စွာဘုရား၊ ကကုသန်မြတ်စွာ ဘုရား၊ ကောဏာဂုဏ်မြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရားတို့၏ သာသနာတော်တွင် ဘိက္ခုနီမအဖြစ်ဖြင့် စာသင်စာချ တရားဟောခြင်းများကို လုပ်၍ ပါရမီဖြည့်ခဲ့သော သူတစ်ယောက် ဖြစ်ပါလျက် သူမသည် အဘယ့်ကြောင့် ကျွန်ဘဝကို ရောက်နေရပါသနည်း။
ဂေါတမဘုရားရှင်လက်ထက်တော်တွင် အာသဝေါကင်းကွာ ရဟန္တာဖြစ်မည့်သူ မှန်သော်လည်း သံသရာခရီးကို လျှောက်လှမ်းခဲ့စဉ် မပြုသင့်မပြုထိုက်သည့် အမှားများစွာကို လုပ်ခဲ့မိသောကြောင့် ကျွန်မဘဝသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ သူမ၏အမှားကား အခြား မဟုတ်။ မာနခက်ထန်ခြင်းတည်း။ မာန်မာန ခက်ထန်သူများသည် အမျိုးယုတ်၌ ဖြစ်တတ် လေ၏။
တစ်ဖန် အယူလွဲမှားနေသည့် ပဏ္ဍိတ်ပညာရှိကြီး၏ နှလုံးသားကို ထိခိုက်စေနိုင် လောက်သည့် တရားစကားကို ကျွန်မလေးမပြည့်က ပြောပြနိုင်ခြင်းမှာလည်း ဤဘ၀ တစ်ခု တည်း၏ ဆည်းပူးလေ့လာခဲ့သည့်သတ္တိ မဟုတ်ပါပေ။ ခြောက်ဆူသော ဘုရားရှင်တို့၏ လက်ထက်တော် အခါကာလက အဋ္ဌကထာ ဖွင့်နိုင်လောက်သည့်အထိ အထပ်ထပ် ထုံမွမ်းလာခဲ့သည့် ဉာဏ်စွမ်းရည်၏သတ္တိ potential ပေတည်း။ ထို့ကြောင့် ဘဝခြားသော်လည်း ဖြစ်၊ တည်၊ ပျက် နာမသန္တတိအစဉ် Mental process တွင် အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နာနာက္ခဏိက ကမ္မပစ္စည်းတို့၏ ကျေးဇူးပြုခြင်းကြောင့် potential energy သတ္တိအဖြစ် ပါဝင်လာခြင်း ဖြစ်ပေသည်။ (လင်္ကာ – ဂေါ၊ က၊ ကော၊ က၊ ဝေ၊ သိ၊ ဝိ ဘုရားခုနစ်ဆူတည်း)
ကျမ်းညွှန်း * (၂၃၆-၂၅၁)၊ ပုဏ္ဏာထေရီဂါထာ၊ သောဠသနိပါတ၊ ထေရီဂါထာပါဠိ (နှာ-၄၀၆)
အားကြီးလှသည့် အာသေဝနသတ္တိ
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဆိပ်ကြီးရွာ၌ သီတင်းသုံးတော်မူသည့် ဝင်းရော် ဆိပ်ကြီးတောရ ဆရာတော်ဘဒ္ဒန္တဇောတိပါလမဟာထေရ် (AD ၁၈၈၉-၁၉၈၇)ကို ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း၏ ဆဋ္ဌမဂိုဏ်းချုပ်အဖြစ် တင်မြှောက်ပြီးသောအခါ ဘီလူး ကျွန်း ချောင်းဆုံမြို့နယ် ရွာလွတ်ရွာ နိဂြောဓာရုံ ကျောင်းဒါယကာများက သူတို့၏ကျောင်း မှာပင် အမြဲ သီတင်းသုံးတော်မူရန် သံဃာတော်များ၏ ရှေ့မှောက်တွင် ပင့်ဖိတ်လျှောက်ထား ကြပါသည်။ ထိုအခါ ဆရာတော်ကြီးက “အေး ဒကာတို့ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ ဖွတ်၊ ပဒတ်၊ ကြောင်၊ ယုန်ကောင် စသော တောကောင် သတ္တဝါတို့ မည်သည်မှာ သူတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော တောတောင်မှာသာလျှင် အစဉ်ပျော်မွေ့လေ့ ရှိပါတယ်။ တောမှာမွေးကာ တောမှာနေ၍ တောဓလေ့ တောမွေ့ သဘာဝသတ္တဝါ ဖြစ်သည့်အလျောက် သူတို့၏ မွေးရပ်ဌာနီ ကျက်စားရာခရီး မဟုတ်သော လူတို့၏နေရာ မြို့ရွာများ၌ မည်မျှ အဆောက်အအုံ အစားအစာတွေ ပေါများပြည့်စုံ၍ ကောင်းမွန်စေကာမူ ပျော်မွေ့ခြင်း မရှိဘဲ တောတောင်ကိုသာ အမြဲထာဝရ အောက်မေ့တသကြ သလို ထို့အတူပါပဲ” ဟု မိန့်တော်မူကာ ဒကာတို့ ပင့်ဖိတ် လျှောက်ထားသည်ကို လက်မခံဘဲ ပယ်မြစ်တော်မူ၏။
သံသာရဘီရုက၊ လဇ္ဇီပေသလ၊ သိက္ခာကာမ၊ ဝိနယဂရုက၊ ဓူတင်တေရသဆောင် တော်မူသည့် ဆရာတော်ကြီး၏တောတောင်တို့၌သာ အစဉ်မွေ့လျော်သည့် စိတ်အစဉ်သည် ဤတစ်ဘဝတာ၏ အလေ့အကျင့်ကောင်း မဟုတ်လောက်ပေ။ ဘဝါဘဝများစွာက လေ့ကျင့် ပျိုးထောင်လာခဲ့သည့် အာသေဝနသတ္တိက အားကြီးလှပါပေသည်။
ကျမ်းညွှန်း * မောင်ပန်းမွှေး၏ မြန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ၊ ဘဒ္ဒန္တဇောတိပါလမဟာထေရ် (၂၀၀၈ ခုနှစ်၊ ပထမအကြိမ်)
ဇောဟူသည်
ဇောဟူသည် အရှိန်အဟုန်ပြင်းလွန်းသောကြောင့် အာရုံပေါ်မူတည်ပြီး- ၇ ကြိမ်ခန့် ဖြစ်ပါသည်။ ဇောအမျိုးအစားများမှာ ကုသိုလ်ဇော၊ အကုသိုလ်ဇောနှင့် ကြိယာဇောတို့ ဖြစ်သည်။ အာသေဝနပစ္စည်းက ဇောကို ရည်ညွှန်းပါသည်။ ဇောခုနစ်ကြိမ်သည် တူညီသည့် သဘာဝဖြင့် အထပ်ထပ် ဖြစ်လေ့ရှိပါသဖြင့် ပဂုဏ အလေ့အကျင့်ရလာပြီး ဗလ၀ အား ကောင်းလာခြင်း ဖြစ်သည်။ ဇောရှေ့မှ စက္ခုဝိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောတို့သည် မည်သည့် စွမ်းရည်သတ္တိမျှ မရှိကြပေ။ ဖြစ်ရိုးဖြစ်စဉ် တာဝန် ထမ်းဆောင်ခြင်းသာတည်း။
* အတီတဘဝင် = ကောင်းကျိုးလည်းမပေးနိုင် ဆိုးကျိုးလည်းမပေးနိုင်ပါ။
* ဘဝင်္ဂစလန = ကောင်းကျိုးလည်းမပေးနိုင် ဆိုးကျိုးလည်းမပေးနိုင်ပါ။
* ဘဝင်္ဂုပစ္ဆေဒ = ကောင်းကျိုးလည်းမပေးနိုင် ဆိုးကျိုးလည်းမပေးနိုင်ပါ။
* ပဉ္စဒွါရာဝဇ္ဇန်း။ သမ္ပဋိစ္ဆိုင်း။ သန္တီရဏ။ ဝုဋ္ဌောတို့ကလည်း ကောင်းကျိုးလည်း မပေးနိုင် ဆိုးကျိုးလည်းမပေးနိုင်ပါ။ ဇောကသာ ကောင်းကျိုး ဆိုးကျိုး ပေးနိုင်ပါသည်။
ရှေးရှေးဇောက ချုပ်ချုပ်သွားပါသော်လည်း သူ့၌ရှိသည့်စွမ်းအားကို အကြိမ်ကြိမ် ထုံမွမ်း ထုံမွမ်း ပေးလိုက်သည်။ ပမာပြရသော် ပန်းတိမ်သည်သား ဘဝများစွာ ရွှေနှင့် ထုံခဲ့၊ ရွှေနှင့် မွေ့လျော်ခဲ့သဖြင့် မြတ်ဗုဒ္ဓက ပန်တိမ်းသည်နှင့် သင့်လျှော်သည့်ကမ္မဋ္ဌာန်းကို ပေးတော်မူခဲ့ သည်။ အကြိမ်ကြိမ် ထုံမွမ်းထားသဖြင့် repetitive condition ကြောင့် အားရှိနေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် အနန္တရမျိုးထဲ ပါဝင်ခြင်း ဖြစ်ပါသည်။ အာသေဝနပစ္စည်း၏ အထောက်အပံ့ ရပါက ဇောကအားရှိပြီး၊ မရပါက အားမရှိပေဟု အဋ္ဌကထာ comentry။ ဋီကာ sub comentry ကျမ်းတို့က ပြဆိုပါသေးသည်။ သတ္တဝါတို့၏သန္တာန်၌ ဇောစိတ်တွေက အာသေဝနသတ္တိ ရပါသည်။ ကုသိုလ်အမှု၌ ကုသိုလ်သတ္တိရပြီး အကုသိုလ်၌လည်း အကုသိုလ်သတ္တိရသည်။ ထိုသတ္တိတို့ကပင် သတ္တဝါတို့၏ သန္တာန်တွင် အထပ်ထပ်ထုံမွမ်းကာ Repetition.Doing something again and again. ဖြစ်နေကာ ကုသိုလ်၊ အကုသိုလ်တို့ အားကောင်းနေကြခြင်း ဖြစ်ပါ သည်။
ဤတွင် အာသေဝနကကျေးဇူးပြုရာတွင် မျိုးဇာတ်တူရပါသည်။ ကုသိုလ်ဇောက ကုသိုလ်ဇောကိုပင် ကျေးဇူးပြုသည်။ အကုသိုလ်ဇောက အကုသိုလ်ဇောကိုပင် ကျေးဇူးပြု သည်။ ဤတွင် ပထမဇောရှေ့က ဝုဋ္ဌောသည် ဇာတ်မတူပါ။ သတ္တမဇောနောက်က တဒါရုံ ကလည်း သတ္တမဇောနှင့် ဇာတ်ချင်းမတူပါ။ ထို့ကြောင့် ‘ပထမဇောကြဉ်သော၊ သတ္တမဇော ကြဉ်သော’ ဟု ဆိုရခြင်း ဖြစ်ပါသည်။
စူဠေကသာဋက ဗြာဟ္မဏဝတ္ထု
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အခါကာလက လင်မယားနှစ်ဦးပေါင်းမှ အပေါ်ဝတ်ရုံ တစ်ထည်တည်းသာရှိသည့် ပုဏ္ဏားဇနီးမောင်နှံ သာဝတ္ထိ မြို့စွန်၌ နေကြလေသည်။ ထို့ကြောင့် သာသနာ့မှတ်တမ်းတွင် ၎င်းပုဏ္ဏားကို စူဠေကသာဋက ဗြာဟ္မဏဟု မှတ်တမ်းပြုထားပါသည်။
ထိုပုဏ္ဏားသည် တစ်ခုသောညဉ့်ဦးယံတွင် ဘုရားရှင်ထံတော်ပါးကို တရားလာနာနေ ပါသည်။ မြတ်ဘုရား၏ထံတော်ပါးမှ တရားတော်ကို နာယူရသဖြင့် သူ့နှလုံးသား၌ သဒ္ဓါ တရားများ ယိုဖိတ်လာကာ တစ်စုံတစ်ခုခုကို လှူဒါန်းရန် အကြံအစည် ပေါ်လာလေသည်။
ထိုအခါ လှူဖွယ်ပစ္စည်းကို စိတ်ဖြင့် အိမ်အနှံ့ ရှာဖွေပါသော်လည်း တစ်စုံတစ်ရာကိုမျှ မတွေ့ရှာပါ။ နောက်ဆုံး သူ၏ကိုယ်ပေါ်မှ အပေါ်ရုံကို လှူဒါန်းရန် စိတ်ဆုံးဖြတ်လိုက်ပါသည်။ သို့သော် ‘အိမ်ကပုဏ္ဏေးမခမျာ ဝတ်ရုံစရာမရှိဘဲ နေရှာတော့မယ်’ ဟု အတွေးပေါ်လာ သဖြင့် ညဉ့်ဦးယံအလှူ မအောင်မြင်လိုက်ပေ။ ဤနည်းတူတူ သန်းခေါင်ယံတွင် တစ်ကြိမ် သဒ္ဓါယိုဖိတ်လာပါသော်လည်း ဝန်တိုမစ္ဆရိယစိတ်နှင့် သဒ္ဓါစိတ်တို့၏ တိုက်ပွဲတွင် ဝန်တို မစ္ဆရိယစိတ်ကသာ နိုင်သွားလေ၏။ မိုးသောက်ယံ၌ကား ဝန်တိုမစ္ဆရိယစိတ်ကို သဒ္ဓါစိတ်က အနိုင်တိုက်နိုင်ခဲ့ပြီး ဘုရားရှင်ခြေတော်ရင်းသို့ သူ၏ အပေါ်ရုံအနွမ်းလေးကို တင်လှူနိုင်ပါ တော့သည်။
ဤဖြစ်စဉ်အသေးစိတ်ကို ပရိသတ်နောက်နားမှ တရားနာနေသည့် ပသေနဒီကောသလ မင်းကြီးက သိသွားသဖြင့် ပြုနိုင်ခဲသည့်အလှူကို ဤပုဏ္ဏားက ပြုပေပြီဟုဆိုကာ ဝတ်စုံ-၃၂ စုံနှင့် သဗ္ဗစတုက္က (အလုံးစုံ ၄-ပါးစီ) ဆုကို ချီးမြှင့်လေ၏။ ပုဏ္ဏား၏စေတနာသဒ္ဓါက ချက်ခြင်း အကျိုးပေးလေ၏။
အကယ်၍ ပထမညဦးယံ၌ပင် စူဠေကသာဋကဗြာဟ္မဏ၏ သံသရာတစ်လျှောက်က အာသေဝနသတ္တိကောင်းခဲ့သည့် မစ္ဆရိယစိတ်ကို သဒ္ဓါစိတ်ကသာ နိုင်ခဲ့မည်ဆိုလျှင် အလုံးစုံ တစ်ဆယ့်ခြောက်ခုသောဆုကို ရမည်၊ အကယ်၍ သန်းခေါင်ယံ၌ ဝန်တိုမစ္ဆရိယစိတ်ကို နိုင်ခဲ့မည်ဆိုလျှင်မူ အလုံးစုံရှစ်ပါးသောဆုကို ရမည်၊ ယခုမူ မိုးသောက်ယံ၌သာ သူ၏ အားကြီး လာသည့် သဒ္ဓါစိတ်က သံသရာတစ်လျှောက်က အာသေဝနသတ္တိကောင်းခဲ့သည့် ဝန်တိုမစ္ဆရိယကို နိုင်ခဲ့သောကြောင့် အလုံးစုံလေးပါးဆုသာ ရခြင်းဖြစ်ကြောင်း မြတ်စွာဘုရားရှင်က မိန့်ကြားတော်မူပါသည်။ ဤဝတ္ထုသည် ကောင်းမှုကုသိုလ်ပြုရာတွင် လက်မနှေးဘဲ ပြုသင့် ကြောင်းကိုပြသော မှတ်သားဖွယ် သာဓကဖြစ်ပေသည်။
ကျမ်းညွှန်း * စူဠေကသာဋက ဗြာဟ္မဏဝတ္ထု၊ ဓမ္မပဒအဌကထာ – ၂ (နှာ-၁)
ဇောခုနစ်ကြိမ်တွင် အဘယ်ဇော အားကြီးဆုံးဖြစ်သနည်း
ကုသိုလ်သတ္တိရှိသည့်ဇောနှင့် အကုသိုလ်သတ္တိရှိသည့်ဇောဟူ၍ ရှိသည်။ ဤတွင် သတိပြုရမည်မှာ ကုသိုလ်ဇောက ကုသိုလ်ဇောကိုသာ အားကောင်းအောင် လုပ်ပေးနိုင်ပြီး အကုသိုလ်ဇောကလည်း အကုသိုလ်ဇောကိုသာ အားကောင်းအောင် လုပ်ပေးပါသည်။
ပထမဇော၊ ဒုတိယဇော၊ တတိယဇော၊ စတုတ္ထဇော၊ ပဉ္စမဇော၊ ဆဋ္ဌမဇောနှင့် သတ္တမ ဇောတို့ ရှိသည့်အနက် အစဦးဆုံးဖြစ်သည့် ပထမဇောက အားမကောင်းသေးပါ။ အကြောင်းမှာ ပထမဇောရှေ့၌ ဝုဋ္ဌော ရှိနေပါသည်။ မနောဒွါရာဝဇ္ဇန်းစိတ် (ဝါ) ဝုဋ္ဌောက အဗျာကတ ဖြစ်သဖြင့် ဇောနှင့် မျိုးဇာတ်မတူသောကြောင့် အာသေဝနသတ္တိ မရပေ။ ထို့ကြောင့် ပထမဇော အားနည်းခြင်း ဖြစ်ပါသည်။
ဒုတိယဇောကမူ အနည်းငယ် အားကောင်းလာပါသည်။ အဘယ်ကြောင့်ဆိုသော် မျိုးဇာတ်တူသည့် ပထမဇော၏ ကျေးဇူးပြုမှုကို ရသောကြောင့် ဖြစ်ပါသည်။ ဒုတိယ၊ တတိယ တို့က ပို၍၊ ပို၍ အားကောင်းလာကြပါသည်။ စတုတ္ထဇောက အားအကောင်းဆုံး ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရှေ့ရှေ့ဇောတို့၏ ကျေးဇူးပြုမှုကို အပြည့်အဝရသောကြောင့် ပေတည်း။ ထိုရှေးရှေးဇောတို့သည် နောက်နောက်ဇောတို့အား ဂုဏ်သတ္တိသာလွန်ရန်၊ အားကောင်းရန် အကြိမ်ကြိမ် ဖြစ်စေခြင်း၊ ထုံမွမ်းခြင်းဖြင့် ကျေးဇူးပြုသောကြောင့် အားရှိလာခြင်းဖြစ်သည်။
သတ္တမဇောသည် အားကောင်းသောကြောင့် မဖြစ်မနေ အကျိုးပေးရပါသည်။ ပမာပြ ရသော် အဖသတ်သူ အမိသတ်သူတို့သည် ဒုတိယဘဝ၌ အဝီစိငရဲသို့ မုချဧကန် ရောက်ကြ ရသည်။ သတ္တမဇောက ဒုတိယဘဝကိုသာ ပေးနိုင်စွမ်းပြီး အကျိုးပေးခွင့်မရပါက အဟော သိကံ ဖြစ်သွားပေတော့သည်။
အာသေဝနပစ္စည်း၌ ရှေ့ရှေ့ဇောက အကြောင်းပစ္စည်းတရားဖြစ်ပြီး ရှေ့နောက် ဇောက အကျိုးပစ္စယုပ္ပန် ဖြစ်ပါသည်။ ဇောနောက် တဒါရုံသည် အဗျာကတ (ဝိပါက်) စိတ် ဖြစ်ပါသည်။ ထို့ကြောင့် နောက်နောက်ဇောမရှိတော့သည့် သတ္တမဇောကလည်း အာသေဝန သတ္တိ မရနိုင်တော့ပေ။
အလယ်ဇောငါးပါးကမူ အပရာပရိယဝေဒနီယကံ (ဆာယာ၀ အနုပါယိနီ = အစဉ် လိုက်သော အရိပ်ပမာ) နိဗ္ဗာန်ကို မျက်မှောက်မပြုမခြင်း ကုသိုလ်၊ အကုသိုလ်က အစဉ်အမြဲ လိုက်ပါကာ အကြောင်းဆုံလျှင် ကျေးဇူးပြုပေတော့မည်။ အရိပ်ပမာ လိုက်နေသည်ဟု ဆိုရာ တွင် အဘိဓမ္မာသဘောအရ သဿတဒိဋ္ဌိ ဖြစ်နိုင်ပါသည်။ နားလည်လွယ်ရန် ရေးသားရ ခြင်းသာ ဖြစ်ပါသည်။
ဇောစေတနာက ပျက်ပျက်သွားသော်လည်း သတ္တိကျန်ခဲ့သည်
မှတ်သားစရာကောင်းသည်မှာ ဇောစိတ်က ကောင်းကျိုး ဆိုးကျိုးတို့ကို ဖန်တီးနိုင် စွမ်းသည့် သတ္တိရှိသည်ဟု တစ်ဖက်ကဆိုပြီး အခြားတစ်ဖက်တွင်လည်း ဖြစ်၊ တည်၊ ပျက် အစဉ်တွင် ပျက်ပျက်သွားနေသဖြင့် မည်ကဲ့သို့ အကျိုးပေးသနည်းဟု မေးစရာ ပေါ်လာပါသည်။
အဖြေမှာ ပထမဇောစိတ်က ဖြစ်၊ တည်၊ ပျက်သွားပါသော်လည်း ပြီးပြီး၊ ပျောက်ပျောက် မဟုတ်ဘဲ ဒုတိယဇောစိတ်ကို ဖြစ်ခွင့်ပေးရုံမက သတ္တိများပါ ချန်ပေးခဲ့ပါသည်။ ထက်ကြပ် မကွာ အခြားမဲ့ ဒုတိယဇောစိတ်က ဖြစ်၊ တည်၊ ပျက် သွားပါသော်လည်း ပြီးပြီးပျောက်ပျောက် မဟုတ်ပါ။ တတိယဇောစိတ်ကို ဖြစ်ခွင့်ပေးရုံမက သတ္တိများပါ ချန်ပေးခဲ့ပါသည်။ ဤနည်း အတိုင်း နားလည်ရပေမည်။
ထို့ကြောင့် တစ်နေ့တာ ကြုံဆုံသမျှ စာရင်းမရှင်းခဲ့မိပါက၊ မကျေလည်ခဲ့မိပါက၊ တေးမှတ် ထားမိပါက၊ အကြွေးချန်ထားခဲ့မိပါက၊ အကြောင်းဆုံတိုင်း ဆိတ်ငြိမ်ရာ၌ နေလိုက်တိုင်း ပြန်ပြန်ပေါ်နေခြင်းသည် အကုသိုလ်ဇော၏ သတ္တိပြနေခြင်းဖြစ်သည်။ ယခုကဲ့သို့အကြွေး မကျန်သည့်နေနည်းဖြင့် ဘဝကိုနေတတ်ရန် လေ့ကျင့်ရမည် ဖြစ်ပါသည်။သို့မရှင်းဖြစ်ခဲ့ပါက သူနှင့်နွယ်နေသည့် သောကဖြစ်စရာကိုလည်း ခေါ်လာနိုင်သည်။ ဒေါသဖြစ်စရာကိုလည်း ခေါ်လာနိုင်ပါသည်။
သတ္တမဇောစေတနာ၏ အကျိုးပေး
ဒုတိယဇောသည် ပဋိသန္ဓေ ပဝတ္တိအကျိုးနှစ်ပါးစုံကို ပေးပြီး ချုပ်သွားပါသော်လည်း သူ၏သတ္တိကို ထားခဲ့၏။ တစ်ဖန် တတိယဇော ပေါ်လာရပြန်၏။ တတိယဇောသည် ပထမဇော၊ ဒုတိယဇောတို့၏ သတ္တိကိုလည်း ယူဆောင်ပြီး မိမိသတ္တိလည်း ပါသည်။ စတုတ္ထ ဇောသည် ပထမဇော၊ ဒုတိယဇော၊ တတိယဇောတို့၏ သတ္တိကိုလည်း ယူဆောင်ပြီး မိမိသတ္တိ လည်း ပါသည်။ ဤနည်းအတူ နောက်ဆုံး သတ္တမဇော ပေါ်လာ၏။ သတ္တမဇောသည် ပထမဇော၊ ဒုတိယဇော၊ တတိယဇော၊ စတုတ္ထဇော၊ ပဉ္စမဇော၊ ဆဋ္ဌမဇောတို့၏ သတ္တိကိုလည်း ယူဆောင်ပြီး မိမိသတ္တိလည်း ပါသော်လည်း အားမရှိပါပေ။
အားမရှိဟု ဆိုရခြင်းမှာ သတ္တမဇောသည် ဒုတိယဘဝ၌ အကျိုးပေးပြီး အဟောသိကံ ဖြစ်သောကြောင့်တည်း။ ပမာပြရသော် နွားသတ်သော သတ္တမဇောစေတနာသည် ဒုတိယ ဘဝ၌ ပဋိသန္ဓေအကျိုးကို ပေးသည်ရှိသော် ကျန်သော ဆိတ်သတ်ခြင်း၊ ဝက်သတ်ခြင်း စသော သတ္တမဇောစေတနာတို့က အဟောသိကံသာ ဖြစ်ရ၏။ ထို့ကြောင့် သတ္တမဇောကို အားမရှိဟု မိုးကုတ်ဆရာတော်ကြီးက ပဋ္ဌာန်းညဝါ၌ မိန့်တော်မူသည်။ သို့သော် အလယ်ဇော ငါးချက် မှာပါသော စေတနာသည်က တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့်တိုင်အောင် အကျိုးကို ပေးနိုင်၏။ အဟောသိကံဟူ၍ နောက်ကကံများကဲ့သို့ မရှိပါပေ။
ပဋ္ဌာန်းပစ္စည်းများကို ယှဉ်တွဲလေ့လာခြင်း
အနန္တရပစ္စည်းက မျိုးဇာတ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျေးဇူးပြုပါသည်၊ ဥပမာ= ကု – ဗျာ၊ အကု – ဗျာ၊ ဗျာ – ကု၊ ဗျာ – အကု။ အာသေဝနပစ္စည်းကမူ မျိုးဇာတ်တူမှသာ ကျေးဇူးပြုသည်။ ဥပမာ = ကု – ကု၊ အကု – အကု၊ ဗျာ – ဗျာ။ ဟေတု။ အာရမ္မဏ။ ဥပနိဿယတို့က ကု – အကု။ အကု – ကုများကိုလည်း ကျေးဇူးပြုပါသည်။
အာသေဝနမှာ ၁-မျိုး (ကု-ကု) – ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အာသေဝန ပစ္စယေန ပစ္စယော။
အနန္တရမှာ ၂-မျိုး (ကု-ကု။ ကု-ဗျာ) -ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အနန္တရ ပစ္စယေန ပစ္စယော။ ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ဥပနိဿယမှာ ၃-မျိုး (ကု-ကု။ ကု-အကု။ ကု-ဗျာ) ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။
ယခုကဲ့သို့ ပဋ္ဌာန်းပစ္စည်းများကို ယှဉ်တွဲလေ့လာခြင်းဖြင့် ပဋ္ဌာန်းတရားတော် လေ့လာရာ၌ များစွာ ထောက်ကူ ဖြစ်စေနိုင်ပါသည်။ အာသေဝနပစ္စည်းသည် –
* (အနန္တရ) proximity condition အခြားမရှိဟူသော ရှုထောင့်က မပြပါ။
* (အန္တရူပနိဿယ) contiguity condition အားကြီးသော မှီရာဟူသော ရှုထောင့် ကလည်း မပြပါ။
* (နတ္ထိ) absence condition မရှိတော့မှ ကျေးဇူးပြုသည်ဟူသော ရှုထောင့်ကလည်း မပြပါ။
* (ဝိဂတ) disappearance condition လုံးဝကင်းကွာသွားပြီးမှ ကျေးဇူးပြုသည်ဟူသော ရှုထောင့်ကလည်း မပြပါ။
* (အာသေဝန) repetitive condition အဖန်ဖန် အထပ်ထပ်ကြောင့် ဖြစ်လာသည့် ရှုထောင့်ကသာ ပြပါသည်။
ထို့ကြောင့် အကျိူးတရားတစ်ခု ပေါ်ပေါက်လာနိုင်ရန် မတူညီသည့် စွမ်းရည်သတ္တိ များစွာတို့က ကျေးဇူးပြုနေကြောင်းကို မြတ်စွာဘုရားရှင်က ပဋ္ဌာန်း
ဒေသနာတော်တွင် မရေ မတွက်နိုင်သည့် နည်းလမ်းအဖုံဖုံဖြင့် တန်ဆာဆင်ကာ ဟောကြားတော်မူခြင်း ဖြစ်ပါသည်။
အဗျာကတ၊ ကြိယာ
အာသေဝနပစ္စည်း၌ ရုပ်တရားများ မပါပေ။ အကြောင်းလည်း နာမ်တရားဖြစ်ပြီး၊ အကျိုးလည်း နာမ်တရားပင် ဖြစ်ပါသည်။ ထို့ကြောင့် နာမ်တရားက နာမ်တရားကို Mind to mind ကျေးဇူးပြုသောပစ္စည်း ဖြစ်သည်။
ကုသိုလ်မျိုးဖြစ်စေ၊ အကုသိုလ်မျိုးဖြစ်စေ မျိုးဇာတ်တူသည့် ဇောတစ်ခုက နောက် နောက်ဇောများအား အထပ်ထပ် ဖြစ်စေသည်။ ပထမဇောစိတ်၏ရှေ့က ဝုဋ္ဌောသည် အဗျာကတဖြစ်သဖြင့် ဇာတ်မတူပါ။ သတ္တမဇောနောက် တဒါရုံသည်လည်း အဗျာကတဖြစ်သဖြင့် ဇာတ်မတူသောကြောင့် အာသေဝနသတ္တိဖြင့် ကျေးဇူးမပြုနိုင်ပါ။
ထို့ကြောင့် ပထမဇောသည် ပစ္စည်းသာရ၏။ ဒုတိယဇောမှစ၍ အလယ်ဇောငါးချက် တို့က ကိုယ်ပိုင်သတ္တိလည်းရှိ၊ သူတစ်ပါးကိုလည်း သတ္တိပေးနိုင်သောကြောင့် ပစ္စည်း၊ ပစ္စယုပ္ပန် နှစ်ပါးစုံရ၏။ သတ္တမဇောမှာမူ ပစ္စယုပ္ပန်သာရ၏။ အာသေဝနသည် အမျိုးဇာတ်ခြားလျှင်မရပေ။
ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောနှင့် တဒါရုံတို့က ကောင်းကျိုးကိုလည်း ဖန်တီးမပေးနိုင်ပါ။ ဆိုးကျိုးကိုလည်း ဖန်တီးမပေးနိုင်ပါ။ သူတို့က အဗျာကတ တရားများသာ ဖြစ်ကြပါသည်။
အဗျာကတဟူသည် ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်းမဟုတ်သော တရားများ ဖြစ်ပါသည်။ ထို့ကြောင့် ရုပ်သည် အဗျာကတ၊ ဝိပါက်စိတ်သည် အဗျာကတ၊ ကြိယာစိတ်သည် အဗျာကတ၊ နိဗ္ဗာန်သည်လည်း အဗျာကတတရား ဖြစ်ပါသည်။
“စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ လေးရပ် ပရမတ်” မှ စိတ် (၈၉)ပါးထဲက ကုသိုလ်စိတ် (၂၁)ပါးနှင့် အကုသိုလ်စိတ် (၁၂)ပါးကို နှုတ်ပါက ဝိပါက်စိတ် (၃၆)ပါး ကြိယာစိတ် (၂၀)ပါး တို့သည် အဗျာကတ ဖြစ်ပါသည်။
ရုပ် (၂၈)ပါးနှင့် နိဗ္ဗာန်သည်လည်း အဗျာကတ ဖြစ်ပါသည်။ ဝိပါက်နှင့် ကြိယာ၌ ယှဉ်သည့် စေတသိက်(၃၈)ပါးသည်လည်း အဗျာကတတရား ဖြစ်ပါသည်။
ကြိယာဟူသည် “နေဝကုသလာ နာကုသလာ န စ ကမ္မဝိပါကာ” Neither Kusala nor non Kusala nor result of Kamma. ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်းမဟုတ်၊ ကံ၏ အကျိုးပေးဝိပါက်လည်း မဟုတ်ပေ။
နောက်တစ်နည်း ကြိယာကို နားလည်ရန်မှာ ကုသိုလ်အလုပ်ဟူသည် အကုသိုလ်ကို ဖယ်ရှားရန် ဖြစ်ပါသည်။ ရဟန္တာပုဂ္ဂိုလ်အဖို့ အကုသိုလ် ပယ်ဖျက်တိုက်ခိုက်ရန် မရှိတော့ သဖြင့် ရဟန္တာပုဂ္ဂိုလ်ပြုသည့် ကုသိုလ်ကောင်းမှုအစုစုမှာ ကြိယာ ဖြစ်ပါသည်။
ဖိုလ်သည် အားထုတ်ခြင်းကင်း၏
ဖိုလ်ဇောသည် အားထုတ်ရတဲ့ တရားလား၊ အားမထုတ်ရတဲ့ တရားလားလို့ဆိုရင်၊ အားမထုတ်ရတဲ့တရား မှတ်ပါ။ ဘာ့ကြောင့်လဲဆိုရင် ၎င်းမဂ်ထဲမှာပါသော စေတနာသည် အကာလိကဂုဏ်နှင့် ပြည့်စုံသည့်အားလျော်စွာ အခါမလင့်အကျိုးကို ပေးရသောကြောင့် မဂ်ပြီးရင် တစ်ခါတည်း ဖိုလ်ပါပဲတဲ့။ မဂ်ပြီး ဖိုလ် မဖြစ်ချင်ပါဘူးလို့များ ငြင်းသေးသလားဆိုရင် မငြင်းပါဘူးတဲ့။ မဂ်ပြီး တစ်ခါတည်း ဖိုလ်ဖြစ်၏။ ဒါဖြင့် အားမထုတ်ရတဲ့တရားဆိုတာ သိရ မည်။ ထို့ကြောင့် ဖိုလ်သည် နိရုဿာဟဒုဗ္ဗလ အားထုတ်ခြင်းကင်း၏။ အားထုတ်ခြင်းကင်း သဖြင့် အာသေဝနပစ္စည်းမတပ်ဘူး၊ (ဝါ) မဖြစ်ဘူး မှတ်ဟု မိုးကုတ်ဆရာတော်ကြီးက မိန့်တော် မူပါသည်။
ကျမ်းညွှန်း * အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏သုံးချက်စု ချပို့စဉ်အဘိဓမ္မာပဌာန်းညဝါ မှတ်စုစာအုပ် သုံးချက်စုချပို့စဉ်
ကံနှင့် ကိလေသာ
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ သင်္ခါရပစ္စယာ ဝိညာဏံ။ အဝိဇ္ဇာဟူသည် မောဟကိလေသာ။ သင်္ခါရမည်သည် ကံ။ ထို့ကြောင့် ကံနှင့် ကိလေသာ ပေါင်းကာ ဝိညာဏံ = ဘဝတစ်ခု ဖြစ်လာစေပါသည်။ ကိလေသာ မရှိတော့ပါက ကံက လက်ကျိုး ခြေကျိုး ဖြစ်သွားပါတော့သည်။ ကံအလုပ်မဖြစ်တော့သောကြောင့် ဘဝမရှိတော့ပေ။ ထို့ကြောင့် ကိလေသာကို အပြီးတိုင်ပယ်ထားသည့် ရဟန္တာပုဂ္ဂိုလ်အဖို့ ကုသိုလ်ကံများ ပြုနေ စေကာမူ နောက်ဘဝကို ကံက မဖန်တီးနိုင်တော့ပေ။
ပါဠိစာပေ၌ အရဟတ္တမဂ်သည် ကမ္မက္ခယ = ကံကုန်ခြင်းကိုပြုသည်ဟု လာရှိပါသည်။ဤနေရာတွင် ကံကို တိုက်ရိုက်ပယ်ခြင်း မဟုတ်ဘဲ ကိလေသာကိုသာ ပယ်ခြင်း ဖြစ်ပါသည်။ကိလေသာကုန်သောကြောင့် ကံက ဘဝကို မထူထောင်နိုင်တော့ခြင်းပေတည်း။
ရဟန္တာပုဂ္ဂိုလ်၌ ဘဝအသစ် မရှိတော့ပါ။ ထို့ကြောင့် ကံပြုသော်လည်း ကံအရာ မမြောက်တော့ပေ။ ဘဝအသစ်ထူထောင်နိုင်ရန် ကံက ကိလေသာအဖော်ရရန် လိုအပ်ပါသည်။ ကိလေသာမရှိတော့သည့် ရဟန္တာပုဂ္ဂိုလ်အတွက် ကံက အလုပ်မလုပ်နိုင်တော့ပေ။
ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်
အရဟတ္တမဂ်ဖြင့် ကိလေသာတို့ကို ပယ်သတ်သဖြင့် ကိလေသာ ကုန်ခမ်းသွားခြင်း ဖြစ်သည်။ ဤသည်ကို ကိလေသာ မရှိတော့သောကြောင့် သဥပါဒိသေသနိဗ္ဗာန် = ကိလေသာ ပရိနိဗ္ဗာန်ဟူ၍လည်း ခေါ်ပါသည်။ ကိလေသာ ပရိနိဗ္ဗာန်ပြုပြီး ဖြစ်ပါသော်လည်း ကံနှင့် ကိလေသာကပေါင်းပြီး ထုတ်လုပ်ထားခဲ့သည့် ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်ကမူ ကျန်ရှိ နေပါသည်။ ခန္ဓပရိနိဗ္ဗာန်ပြုသည်ကိုမူ အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်ပါသည်။ မြတ်စွာဘုရား ရှင်သည် သက်တော် (၈၀)တွင် ကုသိနာရုံ၌ အနုပါဒိသေသနိဗ္ဗာန် = ခန္ဓပရိနိဗ္ဗာန် ပြုတော်မူ ပါသည်။ ခန္ဓာ ၅-ပါး ရုပ်နာမ်အပေါင်း ဝိပါက်နာမက္ခန္ဓာ၊ ကဋတ္တာရုပ်အကြွင်းအကျန်မရှိ တော့ဘဲ အပြီး ချုပ်ငြိမ်းသွားခြင်း ဖြစ်ပါသည်။ ကိလေသပရိနိဗ္ဗာန်ကိုမူ ဘုရားဖြစ်တော်မူစဉ် ကပင် မျက်မှောက်ပြုတော်မူပြီး ဖြစ်ပါသည်။
ခိုင်မြဲတည်တံ့မှုမရှိသည့် ပရမတ္ထဓမ္မ
စက္ခုပသာဒ မျက်စိရုပ်ကလည်း ပရမတ်၊ ရူပါရုံအဆင်းကလည်း ပရမတ်။ မြင်သိစိတ်ကလည်း ပရမတ်ဖြစ်ပြီး သူတို့က ပင်ကိုယ်သဘောကကို ခိုင်မြဲတည်တံ့မှုမရှိဘဲ အချိန်ပြည့်ဖောက်ပြန် ပြောင်းလဲနေသည်။ အနှစ်သာရမရှိ ဖြစ်နေပါသည်။
သို့ပါသော်လည်း ယောဂီပုဂ္ဂိုလ်အနေဖြင့် ယခုကဲ့သို့ အဖြစ်မှန်၊ သဘောမှန် ပရမတ် တရားကို သိရှိနားလည်ရန် ခက်ခဲလှပါသည်။ မလွယ်ကူပါ။ ထို့ကြောင့် အဆင်းအာရုံ မြင်ခြင်းပေါ်မူတည်ပြီး ဖြူနီဝါပြာ အရောင်အသွေး အဆင်းသဏ္ဌာန် အဝိုင်းလေးထောင့် တို့အဖြစ် ပညတ်ဝေါဟာရသို့ ပြောင်းလဲဖလှယ်ပြီး တင်စားပြောဆိုကြပါသည်။
တစ်ဖက်တွင်လည်း မျက်စိကို “ငါ့မျက်စိ ကြည့်ကောင်းတယ်။ ငါ့မျက်စိလှတယ်။ ငါ့မျက်စိ အမြင်အားမကျသေးဘူး”ဟု အမျိုးမျိုး ပညတ်တင်ပြီး တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် သတ်မှတ်ပြောဆိုကြသည်။
မျက်စိကလည်း အကြောင်းကြောင့်ဖြစ်သည့် အကျိုးတရားဆိုသည်ကို မသိသဖြင့် “ဖန်ဆင်းရှင်က ဖန်ဆင်းတယ်။ မျက်စိကောင်းအောင် ဘုရားက လုပ်ပေးထားတယ် နတ်တွေ စောင့်ရှောက်ထားတာ” ဟု ထင်နေကြသည်။ မူလသဘာ၀ အကြောင်းတရား ပျောက်နေ ခြင်းသည် ဉာဏ်နည်းသောကြောင့်ပေတည်း။
အာသေဝနပစ္စည်း၏ သင်္ချာ
အာသေဝနပစ္စည်း၏သင်္ချာမှာ -၃ ဖြစ်ပါသည်။ ထို့ကြောင့် “အာသေဝနေ တီဏိ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –
ကုသလ သင်္ချာ-၁
(၁) ကု – ကု
အကုသလ သင်္ချာ-၁
(၁) အကု – အကု
အဗျာကတ သင်္ချာ -၁
(၁) ဗျာ – ဗျာ
Mind to Mind
အာသေဝနပစ္စည်းသည် နာမ်တရားက နာမ်တရား (Mind to Mind) ကို ကျေးဇူးပြုသောပစ္စည်း ဖြစ်သည်။
ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား
ပစ္စယဟူသော အကြောင်းတရားမှာ – အဆုံးဇောကြဉ်သော ရှေးရှေးသော လောကီဇော ၄၇ – ပါးနှင့် စေတသိက် ၅၂ – ပါး
ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ- ပထမဇော၊ ဖိုလ်ဇောကြဉ်သော နောက်နောက်သော ဇော ၅၁ – ပါးနှင့် စေတသိက် ၅၂-ပါး
အာသေဝနပစ္စည်းသည် အနန္တရမျိုး၌ ပါဝင်သည်။