ရန်ကင်းတောရကျောင်း

နေပြည်တော် ရန်ကင်းတောရကျောင်

လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၏ တောင်ဘက် မလှမ်းမကမ်း တောင်တန်းပေါ်၌ ရန်ကင်းတောရ တည်ရှိပါသည်။ ဒုတိယကမ္ဘာစစ်ကြီးများ မတိုင်မီကပင် ညောင်လွန့်ဆရာတော်ဘုရားကြီး၏ ဥပနိဿယခံ ဘဒ္ဒန္တကေလာသထေရ်က တောရဆောက်တည်ကာ စတင် သီတင်းသုံးတော်မူခဲ့သည့် တောရ ဖြစ်ပါသည်။ ရှေးရှေးကာလမှသည် ယနေ့ထိတိုင် ဝိနည်း သီလအရာတွင် အထူး အလေးဂရုပြုတော်မူလေ့ရှိသည့် ဝိနယ ဂရုက လဇ္ဇီပေသလ သိက်ခါကာမ မထေရ်မြတ်ကြီးတို့သည် ဤရန်ကင်းတောင်ပေါ်တွင် အစဉ်အဆက် သီတင်းသုံးတော်မူခဲ့ကြပါသည်။
သာသနာတော်တွင် နေလပမာ ထင်ရှားသည့် ညောင်လွန့်တောရ ဆရာတော်ဘုရားကြီးကိုယ်တိုင် ကြွရောက်ကာ ရန်ကင်းတောရသိမ်ကို ၁၉၃၈-ခုနှစ်တွင် သမုဒ်ပေးတော်မူခြင်းဖြင့် ချီးမြှောက်တော်မူပါသည်။

ရန်ကင်းဆရာတော် ခုနစ်ဆက်

(၁) ပထမ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တကေလာသထေရ် (၁၉၃၀ မှ ၁၉၃၇)
(၂) ဒုတိယ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထေရ် (၁၉၃၁ မှ ၁၉၃၈)
(၃) တတိယ ရန်ကင်းတောရဆရာတော်ဘဒ္ဒန္တဥတ္တမထေရ် (၁၉၃၉ မှ ၁၉၄၆)
(၄) စတုတ္တ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တနန္ဒိယထေရ် (၁၉၄၇ မှ ၁၉၇၈)
(၅) ပဉ္စမ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တဓမ္မပါလထေရ် (၁၉၇၉ မှ ၁၉၉၃)
(၆) ဆဋ္ဌမ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တနေမိန္ဒထေရ် (၁၉၉၄ မှ ၂၀၀၂)နှင့်
(ရ) သတ္တမ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တခေမာနန္ဒထေရ် (၂၀၀၃ မှ ယနေ့တိုင်) ဖြစ်ပါသည်။

သာသနာတော် အဓွန့်ရှည်ရေး

ရန်ကင်းတောရကျောင်း၌ သီတင်းသုံးတော်မူကြသည့် ရဟန်းတော်တို့သည် မြတ်ဗုဒ်ဓ၏ ဝိနည်း ဥပဒေတော်ကြီးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်၍ တသွေမတိမ်း လိုက်နာတော်မူကြသည်။
ငွေကို မကိုင်ကြပါ။ ကွမ်း၊ ဆေးလိပ် မသုံးဆောင်ကြပါ။ ညစာစားခြင်း၊ ရုပ်ရှင် ပြဇာတ်ကြည့်ခြင်း မပြုကြပါ။ ဆွမ်းခံချိန်မှအပ အကြောင်းမဲ့ ရပ်ရွာထဲ ကြွသွားခြင်း မပြုကြပါ။ သာရေး နာရေး စသည် ကိစ္စရပ် များ၌ ပါဝင်ခြင်း မပြုကြပါ။ မိမိတို့၏ ပဓာနတာဝန်ဖြစ်သည့် ဝိပဿနာတရားအားထုတ်ခြင်း၊ စာပေပရိယတ္တိ သင်အံ လေ့ကျင့်ခြင်း၊ ဓုတင်ဆောင်ခြင်း၊ ကမ္မဋ္ဌာန်းအားထုတ်နိုင်ရန် သင်ပြပေးခြင်းနှင့် စာပေရေးသားပြုစုခြင်း စသည် များပြားလှစွာသော တာဝန်များကို ထမ်းဆောင်တော်မူလျက် ရှိကြပါသည်။
ထို့အပြင် သာသနာတော် အဓွန့်ရှည်ရေးအတွက် တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် ယနေ့ လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုး ဘာသာ သာသနာတော် ကို ချစ်မြတ်နိုးတတ်သည့် လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး နိုင်ငံတစ်ဝန်း ဓမ္မကျောင်းတော်များ ဖွင့်လှစ်ကာ ပရဟိတ သာသနာပြုလုပ်ငန်း တာဝန်ကိုလည်း ထမ်းဆောင်လျက်ရှိပါသည်။
သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်၊ ဒါယကာ၊ ဒါယိကာမတို့သည် ပရိယတ် ပဋိပတ် အရည်အချင်း၌သာမက သီလအရာ၌လည်း စံပြုလောက် အောင် ဖြည့်ကျင့်စေကာ မြတ်ဗုဒ္ဓ၏ သာသနာတော်ကို ဆရာ ဒကာ စုပေါင်းညီညာ သာသနာပြုတော်မူလျက် ရှိပါသည်။

‘‘တပည့်တွေ ဆရာထက်တော်ရမယ် ’’ဟူသော ဆောင်ပုဒ်ဖြင့် သာသနာပြုတော်မူနေသည့် သတ္တမမြောက်ရန်ကင်းဆရာတော်

သတ္တမမြောက်ရန်ကင်းဆရာတော် ဘဒ္ဒန္တခေမာနန္ဒမှ ‘‘တပည့်တွေ ဆရာထက်တော်ရမယ်’’ ဟူသော ရည်မှန်းချက်ကို ထားရှိကာ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာနှင့် ပရဟိတ သာသနာပြုလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်တော်မူလျက်ရှိပါသည်။ ဆရာတော်သီတင်းသုံးတော်မူရာ (၂၀၀၃) ခုနှစ်မှသည် ယနေ့ထိတိုင် ရန်ကင်းတောင်တော်မြတ်တွင် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ သာသနာရေးဆိုင်ရာ လုပ်ငန်း ကိစ္စရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သင်ကြားရေးလုပ်ငန်းများ

(၁) ရှေးရှေးမဟာထေရ်များနည်းတူ ဝိနည်းသီလကို ပဓါနအခြေခံသည့် ပရိယတ္တိစာသင်တိုက်၏ အခြေခံကို ပြန်လည်သက်ဝင်လာနိုင်ရန် ရဟန်းငယ် ရှင်သာမဏေငယ်များကို ပြုစုပျိုးထောင် လျက် ရှိပါသည်။
(၂) သာသနာတော်တည်ရန်မှာ စာပေ ပရိယတ်မရှိလျှင် မဖြစ်သဖြင့် အရည်အချင်းရှိသည့် ရှင်ရဟန်းများကို စာသင်တိုက်များသို့ ပို့ဆောင်ကာ၊ စာမေးပွဲအောင်မြင်မှုကို ပဓါနမထားဘဲ၊ ဝိနည်းသီလ မြတ်နိုးရေးနှင့် ပရိယတ်စာပေ တတ်မြောက်ရေးကို အကောင်အထည်ဖော်လျက် ရှိပါသည်။
(၃) ရှင်သာမဏေငယ်များနှင့် သီလရှင်များအား ပရိယတ္တိအခြေခံစာပေများ၊ အင်္ဂလိပ်စာ၊ ကွန်ပျုတာဘာသာရပ်အပါအဝင် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကိုလည်း အခါအားလျော်စွာ သင်ကြားပို့ချပေးလျက် ရှိပါသည်။
(၄) ပဋိပတ္တိအတွက် အားထားနိုင်သည့် တပည့်ကောင်းများ ပေါ်ထွန်းလာနိုင်ရေးအတွက် ရည်မျှော်ကာ ဝိပဿနာတရား စခန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ် ပို့ချသင်ပြလျက် ရှိပါသည်။
(၅) ရပ်နီးရပ်ဝေးမှ ယောဂီများကို လက်ခံလျက် သတိပဋ္ဌာန် ဝိပဿနာတရား ပြသပေးလျက် ရှိသည့်အပြင် ရပ်ဝေး တရားစခန်း များကို လက်ခံ၍လည်း အခါအားလျော်စွာ သတိပဋ္ဌာန် ဝိပဿနာတရားများ သင်ကြားပေးလျက် ရှိပါသည်။
(၆) မိဘချို့တဲ့သည့် လူငယ်များအား တက္ကသိုလ်ပညာနှင့် အထက်တန်းကျောင်းပညာများကို သင်ကြားနိုင်ရန် ဆရာတော်ကိုယ်တိုင် မိမိအစီအစဉ်ဖြင့် ထောက်ပံ့ကာ ကျောင်းထားပေးလျက် ရှိပါသည်။
(ရ) အခါအားလျော်စွာ ခရီးများသွား၍ ဓမ္မရေးရာအဖြာဖြာတို့ကို ပြည်သူတို့အား ရှင်းလင်း ဆွေးနွေး ဟောပြောပြသပေးလျက် ရှိပါသည်။

(ဂ) စာပေများရေးသား၍လည်း အများပြည်သူတို့အား ဓမ္မရေးရာသုတများကို မျှဝေပေးနေရာ ယနေ့အချိန်အထိ စာအုပ်ပေါင်း (၃၄)မျိုးကို ရေးသားတော်မူပြီး အုပ်ရေ စုစုပေါင်း တစ်သန်းခွဲ ကျော်ပုံနှိပ် ဖြန့်ချီ ခဲ့ပြီးဖြစ်ပါသည်။ ဆရာတော်သည် (ဉာဏ်)ပူဇော်ခ၊ စာမူခများကိုမူ လက်ခံတော် မူခြင်း မရှိပါ။ မေးမြန်းစုံစမ်းခြင်းလည်း အလျင်းမရှိပါ။ အနာမာသဝတ္ထုငွေကြေးကို ကိုင်တွယ်ခြင်း မရှိပါ။ ဝိနည်းကို အထူး မြတ်နိုးတော်မူပါသည်။
(၉) ကမ္ဘာ့ ပြည်သူများအား ဝိပဿနာရေးရာ ဗဟုသုတရရှိရေးအတွက်လည်း အင်တာနက်ပေါ်သို့ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် စာပေများရေးသားကာ စွမ်းနိုင်သမျှ ဖြန့်ချီပေးလျက် ရှိပါသည်။
(၁၀) အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အဘိဓမ္မာနှင့် ဝိသုဒ်ဓိမဂ်သင်တန်းကို ပို့ချလျက် ရှိပါသည်။

တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ

(၁) မြို့ပြတိုးတက်လာမှုကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်လတ္တံ့သော အနှောင့်အယှက် အမျိုးမျိုးကို မျှော်မြင်ကာ မင်းအစိုးရထံသို့ သာသနာမြေ လျှောက်ထားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ အစိုးရထံမှလည်း ဝိသုံဂါမသိမ် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။
(၂) ကမ္မဋ္ဌာန်းအားထုတ်နေကြသည့် ရဟန်းယောဂီ၊ လူယောဂီများ ချမ်းသာစွာ တရားဓမ္မများ အားထုတ်နိုင်ရေးအတွက် ဗိမာန်တော်ကြီးအပါအဝင် ဓမ္မာရုံ၊ ဆွမ်းစားကျောင်း၊ ယောဂီဆောင် များအပါအဝင် လိုအပ်သော အဆောက်အဦများကို ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ ဖြစ်ပါသည်။
(၃) အခန်းပေါင်း(၁၀၀၀)ကျော်ရှိသည့် မဟာရံတံတိုင်း ကာရံခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက် လျက်ရှိပါသည်။
(၄) ကန်နှစ်ဆင့်ရှိသည့် ဆည်ဘောင်ကို တည်ဆောက်ခြင်းနှင့် တောင်ပတ်လမ်းများအပါအဝင် မဂ္ဂင်တံတားနှင့် ပါရမီတံတား နှစ်စင်းကိုလည်း တည်ဆောက်ခဲ့ပြီး ဖြစ်ပါသည်။
(၅) စက်ရေတွင်းများ တူးဖော်ခဲ့ပြီး ရေဂါလံ တစ်သောင်းကျော်ဆန့်သည့် ရေကန်ကြီးများကို တည်ထားခဲ့ပါသည်။ စက်ရေတွင်း၏ ရေထွက်နှုန်းမှာ တစ်နာရီ ဂါလံ (၁၀၀၀)ကျော်ရှိပြီး ရေ၏ pH level မှာ (ရ.၁) ဖြစ်ပါသည်။
(၆) သက်တမ်း(၆၀)ကျော်ပြီဖြစ်သော ရှေးဟောင်းသိမ်ကြီးကို အကြီးစား ပြုပြင် မွမ်းမံနိုင်ခဲ့ပါသည်။
(ရ) စေတီပုထိုး သာသနိက အဆောက်အဦများ အပါအဝင် သစ်ပင်တောတောင်ကို စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက် ရှိပါသည်။
(ဂ) မြို့ပတ်ကွန်ကရစ်လမ်းနှင့် ဆက်သွယ်သည့် ကျောင်းအဝင်လမ်းကိုလည်းကောင်း ကျောင်း တွင်းလမ်းကိုလည်းကောင်း မြေသားလမ်းမှသည် ကတ္တရာလမ်းအဖြစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ပါသည်။
(၉) တိုးချဲ့လုပ်ကိုင်လာသည့် သာသနာပြုလုပ်ငန်းကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် လိုအပ် နေသည့် ဓမ္မဗိမာန်တော်ကြီးနှင့် အာဂန္တုသံဃာတော်များ ချမ်းသာစွာ သီတင်းသုံး နေထိုင် နိုင်ရန်လည်း ထေရာဝါသကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်ပြီး ဖြစ်ပါသည်။
(၁၀) ဧက(၅၀)ကျော်ရှိသည့် ကျောင်းဝင်း၌ ကျွန်း၊ ပျဉ်းကတိုး၊ တမာ၊ မဟော်ဂနီ စသည် သစ်ပင်များ စိုက်ပျိုးကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

ဓမ္မကျောင်းတော်များ ဖွင့်လှစ်ကာပရဟိတသာသနာပြုခြင်း

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းများ၊ မွမ်းမံသင်တန်းများ၊ နယ်လှည့်သင်တန်းများ၊ လူငယ်သင်တန်းများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားသည့် သင်တန်းများ စသည် သင်တန်းများကိုလည်း လစဉ်၊ အပတ်စဉ် စီမံချက်များ၊ အချိန်ဇယားများရေးဆွဲကာ စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြား ပို့ချလျက် ရှိပါသည်။ ထို့ပြင် ညီတော်နောင်တော်များ ဖွင့်လှစ်သည့် သင်တန်းများသို့လည်း နည်းပြဆရာ စေလွတှ်ခြင်း၊ သင်နည်း စနစ်များ မျှဝေခြင်းတို့ကိုလည်း အမြဲမပြတ် ဆောင်ရွက်လျက် ရှိပါသည်။
ဤမျှကြီးမားကျယ်ပြန့်သည့် သာသနာပြု လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်

(၁) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟို၏ လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ဗဟိုအဖွဲ့ရုံး
(၂) နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏လုပ်ငန်း ချောမွေ့စေရန် စင်တာရုံးနှင့်
(၃) ရန်ကင်းတောရ၏ စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်နိုင်ရန် ရန်ကင်းရုံးဟူ၍ တာဝန်ကြီးလေးသည့် ရုံးလုပ်ငန်း သုံးရပ်ကိုလည်း ဤရန်ကင်းတောင်တော်ပေါ်မှပင် ဦးဆောင်ကြီးကြပ်၍ နိုင်ငံတစ်ဝန်း ဆက် သွယ်ကာ ဆောင်ရွက်လျက် ရှိပါသည်။
ထို့ပြင် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ တနင်္ဂနွေ သင်တန်း ဓမ္မကျောင်းတော်များ၏ နှစ်ပတ်လည် အခမ်းအနားများ၊ အစည်း အဝေးများ၊ ဆွေးနွေးပွဲများသို့လည်း တက်ရောက်ကာ လိုအပ်ချက်များကို ကူညီ ဖြေရှင်း ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါသည်။

ဓမ္မကျောင်းတော်များလှုပ်ရှားမှု

၂၀၀၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၆ ခုနှစ် စက်တင်ဘာလထိ ဓမ္မကျောင်းတော်ပေါင်း (၇၉၂) ကျောင်း ဖွင့်လှစ်ခဲ့ပြီး သင်တန်း (၉) မျိုး ကို(၂၉၀) ကြိမ် ထိ ပို့ချနိုင်ခဲ့ပါ သည်။

(၁)နည်းပြဆရာဖြစ်သင်တန်း
(၂)ဆရာ၊ ဆရာမ မွမ်းမံသင်တန်း၊
(၃)ဆရာ၊ ဆရာမ နယ်လှည့်မွမ်းမံသင်တန်း၊
(၄)ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ရက်တို)၊
(၅)လူငယ်နည်းပြသင်တန်း၊
(၆)သြင်္ကန် ရက်တို သင်တန်း၊
(ရ)ရန်ကင်းတောရ ပရိယတ်ပဋိပတ်ဌာန၏ ဝိပဿနာတရားစခန်း၊
(၈)ရန်ကင်းတောရ ပရိယတ်ပဋိပတ်ဌာန၏ နွေရာသီ နယ်လှည့်ဝိပဿနာတရားစခန်း၊
(၉)ရန်ကင်းတောရ ပရိယတ်ပဋိပတ်ဌာန၏ သြင်္ကန် ဝိပဿနာတရားစခန်း
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲအတွက် နေပြည်တော်၌ စာဖြေ ဌာနတစ်ခု ဖွင့်လှစ်ကာ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ဦးဆောင် တာဝန်ယူပြီး စာမေးပွဲများ ကျင်းပပေးနေပါသည်။

(၂၀၁၆) ခုနှစ်အထိ မြို့နယ်ပေါင်း (၁၃)မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ပေါင်း (၈၂၀)ဦး ဖြေဆိုခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ စတုတ္ထဆု၊ နှစ်သိမ့်ဆု၊ ဂုဏ်ထူးဆု၊ ထူးချွန်ဆု ဟူ၍ ဆုပေါင်း (၁၁၇)ဆု ရရှိခဲ့ကြပါသည်။

နိဂုံး

ဤမျှ များပြားလှသည့် သာသနာ့တာဝန်များကို ထမ်းဆောင်နေသည့် ရန်ကင်းတောရ၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာသို့ နိုင်ငံတစ်ဝန်းမှ ဆရာတော်မထေရ်မြတ်ကြီးများ၊ ရဟန်းသံဃာတော်များ၊ တာဝန်ရှိသည့် ဌာန ဆိုင်ရာများ ဓမ္မကျောင်းတော်သင်ဆရာကြီး ဆရာမကြီးများ၊ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် မြို့နယ်အသီးသီး၌ ဖွင့်လှစ်ထားရှိသည့် ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် တည်တံ့ပြည့်ပွားရေးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ သင်တန်းသား၊ သင်တန်းသူများက လုပ်ငန်းလိုအပ်ချက်ရှိလျှင် ရှိသလို မြေပုံပါ ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်းကို အသုံးပြုကာ နေ့နေ့ညည ဝင်ထွက်သွားလာကာ ကြီးမားကျယ်ပြန့်သည့် သာသနာ့တာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

 

 446 total views,  7 views today