၂၃။ဝိဂတပစ္စယော

Daily life Patthana

Vigata Paccayo(Disappearance condition)

 

 

 

ကင်းကွာသောအားဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

The ‘Vigata Paccaya ‘means’ disappearance condition. It is compared to the disappearance of the sun at night.When the sun goes down,there is darkness.The disappearance of the sun makes it possibles for darkness to arise.

 

‘နေရောင်ကွယ်ပျောက်၊ လရောင်ရောက်သို့’ ဟု ရှေးဆရာမြတ်တို့က ဥပမာပြုတော် မူသည်နှင့်အညီ အမှောင်ကင်းပျောက် ကင်းကွာသွားသည့်အခါ အရုဏ်အရောင် ဖြစ်ပေါ် လာသကဲ့သို့ ရှေးရှေးစိတ်၊ စေတသိက်၊ နာမ်တရားများသည် ပျောက်သွားခြင်း၊ ကင်းကွာသွားခြင်းဖြင့် နောက်နောက်စိတ်၊ စေတသိက်၊ နာမ်တရားများအား ဖြစ်ပေါ်ခွင့်ရအောင် ကျေးဇူးပြုသည်။

ဝိဂတ၏ အဓိပ္ပာယ်မှာကင်းကွာခြင်း Disappearance ဟု ယူရပါမည်။ ရှေးဆရာမြတ်တို့က ဥပမာပြုသည်မှာ နေရောင်ကင်းပျောက်ခြင်းသည် လရောင်ထွန်းလင်းလာရန် ကျေးဇူး ပြုသကဲ့သို့ ရှေးရှေး နာမ်တရားအစုတို့က မိမိတို့ ချုပ်ကွယ်ကင်းပျောက်ခြင်းသည် နောက်နောက် နာမ်တရားအစုတို့အား ဖြစ်ခွင့်ပေးခြင်းဖြင့် ဝိဂတပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်။မြတ်စွာဘုရားရှင်တော်မြတ်က အဘိဓမ္မပိဋကတ်တော်၌ အဓိပ္ပာယ်ဆင်တူ ဝေါဟာရ များစွာတို့ဖြင့် တန်ဆာဆင်ပြီး အဓိပ္ပာယ် ထပ်ဆင့် ရှင်းပြတော်မူသည့်နှယ် ဟောကြားတော်မူ ထားပါသည်။

 

ဆရာမြတ်တို့၏အမြင်

ထို့ကြောင့် အချို့ဆရာမြတ်များက နတ္ထိနှင့် ဝိဂတ၊ အတ္ထိနှင့် အဝိဂတတို့သည် အရတူ နှစ်မျိုး၊ နှစ်တွဲ ဖြစ်ပါသည်။ ဘုရားရှင်မှ ဝေါဟာရကွဲပြားစွာ ဟောတော်မူခြင်းသည် အချို့သော နတ်ဗြဟ္မာတို့က ဝိဂတနှင့် အဝိဂတဖြင့် ဟောမှနားလည်နိုင်ပြီး၊ အချို့ကမူ အတ္ထိနှင့် နတ္ထိ ပစ္စည်းဖြင့် ဟောတော်မူမှ နားလည်နိုင်မည်ဖြစ်သောကြောင့် ပုဂ္ဂလဇ္ဈာသယ အားလျော်စွာသာ ဖြစ်ကြောင်း ထောက်ပြတော်မူကြသည်။

တစ်ဖန် အချို့ဆရာမြတ်များကမူ နတ္ထိသဘောသည် ချုပ်ပြီးသည်၏ အခြားမဲ့၊ ဘာမျှ မရှိခြင်းသဘောဖြင့် ကျေးဇူးပြုခြင်းဖြစ်ပြီး ဝိဂတမှာမူ ကင်းသည့်အနေဖြင့် ကျေးဇူးပြုခြင်း ဖြစ်ကြောင်း ညွှန်ပြတော်မူကြပါသည်။

ဆရာကြီးဦးမြင့်ဆွေ၏ ပဋ္ဌာန်းမဟာကျမ်း၌လည်း ရှေးရှေးနာမ်တရားအဟောင်း အဟောင်းတို့က နောက်နောက် နာမ်တရားအသစ်အား အနမတဂ္ဂသံသရာမှစ၍ နိဗ္ဗာန် မျက်မှောက်ပြုသည့်တိုင် ‘မြစ်ရေအလျဉ်ကဲ့သို့’ လည်းကောင်း၊ ‘လှည်းဘီးစက်ကဲ့သို့’လည်း ကောင်း ခဏမခြား မရပ်မနား ဖြစ်ဖြစ်နေကြစေရန် အနန္တရသတ္တိ၊ သမနန္တရသတ္တိ၊ နတ္ထိသတ္တိ၊ ဝိဂတသတ္တိတို့ဖြင့် ကျေးဇူးပြုနေကြကုန်၏။

ဤပစ္စည်းလေးပါးတို့ကို ကောင်းစွာ လေ့လာသဘောပေါက်လျှင် နာမ်တရားတို့၏ ထူးဆန်းအံ့ဖွယ် သဘောသဘာဝတို့ကို ကောင်းစွာ နားလည်နိုင်ပေမည်ဟု ဖွင့်ဆို ရေးသားထားပါသည်။

*ကျမ်းညွှန်း- ဦးမြင့်ဆွေ မဟာဝိဇ္ဇာ(လန်ဒန်)၏ပဌာန်းမဟာ

 

 

နတ္ထိပစ္စည်းနှင့် ဝိဂတပစ္စည်းအထူး

နတ္ထိပစ္စည်းသည် မိမိတို့၏အမိအဖများသည် သေခါနီးသောအခါ၌ မိမိတို့အား “ငါတို့သေခဲ့လျှင် ကျန်သောပစ္စည်းဥစ္စာများကို ငါ့သား ငါ့သမီးများ ယူရစ်ကြပေတော့”ဟု သြကာသဒါနကြီး ထားပြီးပေးသွားသကဲ့သို့ ‘ငါတည်းဟူသော ပဉ္စဒွါရာဝဇ္ဇန်း ချုပ်သွားခဲ့လို့ ရှိရင် မင်းတည်းဟူသော စက္ခုဝိညာဏ်တို့ ဖြစ်ကြဟေ့’လို့ မပြောသော်လည်း ပြောသကဲ့သို့ အခွင့်အခါ ဟု ဆိုအပ်သော သြကာသသတ္တိကိုပေး၍ ကျေးဇူးပြု၏။

ဝိဂတပစ္စည်းမှာမူ မိမိတို့၏မိဘများသည် သေခါနီးသောအခါ၌ မိမိတို့အား ငါတို့ မရှိ သည့်နောက် ငါတို့၏ပစ္စည်းဥစ္စာများကို ယူရစ်ကြတော့ဟု ဆိုအပ်တဲ့ သြကာသဒါနကို မပေးခဲ့ပါသော်လည်း မိဘများ မရှိသည့်နောက် အမွေအနှစ်ဖြစ်ပါ၍ သားသမီးများ ရသကဲ့သို့ ပဉ္စဒွါရာဝဇ္ဇန်းကလေး ချုပ်ပျောက်သွားပြီးနောက် ‘ငါမရှိသည့်နောက် မင်းတည်း ဟူသော စက္ခုဝိညာဏ်တို့ ဖြစ်ကြဟေ့’ဟု သြကာသဒါနကိုလည်း မပေးခဲ့ပါဘဲ သူတည်း ဟူသော စက္ခုဝိညာဏ်ကလေးမှာ ၎င်းပဉ္စဒွါရာဝဇ္ဇန်းကလေး ချုပ်သွားပြီသည့်နောက် မိမိမှာ ဖြစ်ခြင်းငှာ သက်ဆိုင်နေသောကြောင့် ဖြစ်ရပြီးလျှင် ကျေးဇူးပြုသွားပေ၏ဟု အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋ္ဌာန်းညဝါမှတ်စု၌ ဤသို့နားလည်လွယ်သည့် ဥပမာတို့ဖြင့် ဖော်ပြပါရှိပါသည်။

*ကျမ်းညွှန်း – အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သုံးချက်စု ချပို့စဉ် အဘိဓမ္မာပဌာန်း ညဝါမှတ်စုစာအုပ် သုံးချက်စု ပို့ချစဉ်

 

ဝိဂတပစ္စည်း၏ သင်္ချာ

ဝိဂတပစ္စည်း၏သင်္ချာမှာ – ၇ ဖြစ်ပါသည်။ ထို့ကြောင့် ”ဝိဂတေ သတ္တ” ဟု မှတ်သား နိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ-၂

(၁) ကု-ကု (၂) ကု-ဗျာ

အကုသလ သင်္ချာ-၂

(၁) အကု-အကု (၂) အကု-ဗျာ

အဗျာကတ သင်္ချာ-၃

(၁) ဗျာ-ဗျာ  (၂) ဗျာ-ကု (၃) ဗျာ-အကု

 

 

Mind to Mind

ဝိဂတပစ္စည်းသည် နာမ်တရားက နာမ်တရား (Mind to Mind ) ကို ကျေးဇူးပြုသော ပစ္စည်းဖြစ်သည်။

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

ပစ္စယဟူသော အကျိုးတရားမှာ – စိတ် ၈၉ ပါး ၊ စေတသိက် ၅၂ ပါး တို့ဖြစ်ပါသည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စိတ် ၈၉ ပါး ၊ စေတသိက် ၅၂ ပါး တို့ဖြစ်ပါသည်။

အဝိဂတပစ္စည်းသည် အနန္တရမျိုး၌ ပါဝင်၏။

၁။ အနန္တရ ၊

၂။ သမနန္တရ၊

၃။ အနန္တရူပနိဿယ၊

၄။ အာသေဝန၊

၅။ နာနာက္ခဏိကကမ္မ၊

၆။ နတ္ထိ၊

၇။ ဝိဂတ – ပေါင်း (၇)ပါး ဖြစ်ပါသည်။

Loading