မာတိကာ
၃။ ပိဏ္ဍပါတ်ဓူတင်
Pinhdhapāta dhutanga
ပိဏ္ဍပါတ်ဓူတင်ကိုဆောင်သောရဟန်းသည် ဆွမ်းခံရသောဆွမ်းမှ အပိုအလွန်ဖြစ်သော သံဃဘတ် စသော လာဘ်ကိုပယ်ပြီး ဆွမ်းစသော အာမိသအလို့ငှာ
ဒါယကာတို့၏အိမ်သို့ ဆွမ်းခံကြွတော်မူလေ့ ရှိပါသည်။
The bhikkhu who is used to search for his food in this manner is called a pinhdhapātika.
ပိဏ္ဍပါတ်ဓူတင် ဆောက်တည်ပုံ
ပိဏ္ဍပါတ်ဓူတင်ကို ဆောက်တည်လိုသော ရဟန်းသည်
အတိရေကလာဘံ ပဋိက္ခိပါမိ
“ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ” ၁
ဟူသော နှစ်ပါးတွင် တစ်ပါးပါးဖြင့် ဆောက်တည်ရာ၏။
ကျမ်းညွှန်း – ၁။ (၃) ပိဏ္ဍပါတိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၆၃)
“ဆွမ်းခံသွား၍ ရသောဆွမ်းမှ၊ အပိုအလွန်ဖြစ်သော၊ သံဃဘတ်အစရှိသော လာဘ်ကို ပယ်ပါ၏”
“ဆွမ်းခံကြွခြင်း အလေ့ရှိသူ၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို ဆောက်တည်ပါ၏”
“atirekalābhamh pathikkhipāmi, pinhdhapātikanHgamh samādiyāmi.”
“I renounce to any food coming from another source than the food obtained by means of the bowl,
I will train into eating only food obtained through collect by means of the bowl.”
ဝေါဟာရအဓိပ္ပာယ်
အတိရေကလာဘံ = ဆွမ်းခံသွား၍ရသောဆွမ်းမှ၊ အပိုအလွန်ဖြစ်သော၊ သံဃဘတ်အစရှိသော လာဘ်ကို၊
ပဋိက္ခိပါမိ = ပယ်ပါ၏။
ပိဏ္ဍပါတိကင်္ဂံ = ဆွမ်းခံကြွခြင်း အလေ့ရှိသူ၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို၊
သမာဒိယာမိ = ဆောက်တည်ပါ၏။
ပိဏ္ဍပါတ = ဆွမ်းခံသူ၏သပိတ်၌ကျသော ဆွမ်းစသော အာမိသများ။
ပိဏ္ဍပါတိက = ဒါယကာတို့၏အိမ်သို့ ဆွမ်းခံကြွလျက် အာမိသရှာဖွေလေ့ရှိသောရဟန်း၊
ပိဏ္ဍပါတိကင်္ဂ = ဆွမ်းစသော အာမိသအလို့ငှာ ဒါယကာတို့၏အိမ်သို့ ရှာဖွေလေ့ရှိသော ရဟန်း၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကပင် ပိဏ္ဍပါတ်ဓူတင် မည်၏။
ပိဏ္ဍပါတ်ဓူတင်ဆောင် သူယုတ်မာရဟန်း
ငါသည် ပိဏ္ဍပါတ်ဓူတင်ကို ဆောက်တည်၏။ ငါမှတစ်ပါးသော
ဤရဟန်းတို့သည် ပိဏ္ဍပါတ်ဓူတင်ကို မဆောက်တည်ကြဟု ဆင်ခြင်၏။
ထိုရဟန်းသည် ပိဏ္ဍပါတ်ဓူတင် ဆောက်တည်သည်၏ အဖြစ်ဖြင့်
မိမိကို ချီးမြှောက်၏။ သူတစ်ပါးကို ရှုတ်ချ၏။
ဤသည်မှာ သူယုတ်မာရဟန်းတို့၏ တရားတည်း။
ပိဏ္ဍပါတ်ဓူတင်ဆောင် သူတော်ကောင်းရဟန်း
ပိဏ္ဍပါတ်ဓူတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည်
လောကုတ္တရာတရား အားလျော်သော တရားကို ကျင့်၏။
ရိုသေထိုက်အောင် ကျင့်၏။ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏။
ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏။
ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏။
သူတော်ကောင်းတရား
ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍
ပိဏ္ဍပါတ်ဓူတင် ဆောက်တည်သည်၏ အဖြစ်ဖြင့်
မိမိကို မချီးမြှောက်။ သူတစ်ပါးကို မရှုတ်ချ။
ဤသည်မှာလည်း သူတော်ကောင်းတို့၏ တရားတည်း။၁
ကျမ်းညွှန်း – ၁။ (၁၀၇) သပ္ပုရိသသုတ္တ၊ အနုပဒဝဂ္ဂ၊ ဥပရိပဏ္ဏာသပါဠိ (နှာ-၈၉)
မြတ်စွာဘုရား ဆွမ်းခံရင်း ကပိလဝတ်ပြည်ကြွတော်မူ
MA ဦးဇင်း ။ ။ ပိဏ္ဍပါတနှင့် ပိဏ္ဍပါတိကအဓိပ္ပာယ် မတူဘူးလားဘုရား။
ဆရာတော် ။ ။ ဆွမ်းခံရဟန်းရဲ့ သပိတ်ထဲကျတဲ့ ဆွမ်းတို့၊ ဆွမ်းဟင်းတို့၊ ဘောဇဉ်တို့ စတဲ့ အာမိသတို့က “ပိဏ္ဍပါတ” ဖြစ်ပါတယ်။ ဒါယကာ၊ ဒါယိကာမတို့ရဲ့ အိမ်ရှေ့ တွေကို ဆွမ်းခံကြွပြီး ဆွမ်းစတဲ့ အာမိသရှာဖွေလေ့ရှိတဲ့ ပုဂ္ဂိုလ်ကို “ပိဏ္ဍပါတိက” ရဟန်းလို့ ခေါ်ပါတယ်ဦးဇင်း။
MA ဦးဇင်း ။ ။ ဘုရားရှင် ကပိလဝတ်ကို ကြွပြီး ဆွမ်းခံခဲ့ပါသလားဘုရား။
ဆရာတော် ။ ။ ဘုရားဖြစ်တော်မူပြီးနောက် ကာဠုဒါယီအမတ်ရဲ့ လျှောက်ထားချက်အရ ဖွားမြင် တော်မူရာ ကပိလဝတ်ပြည်ကို ကြွတော်မူတဲ့အခါမှာ “ရှေးရှေး နောင်တော်ဘုရားရှင်တို့ရဲ့ ကျင့်စဉ်အတိုင်း ငါဘုရားသည်လည်း အိမ်စဉ်မပြတ် ဆွမ်းရပ်မှ သင့်လျော်ပေမည်” လို့ နှလုံးသွင်းတော်မူပြီး သံဃာတော် နှစ်သောင်းခြံရံပြီး အိမ်စဉ် ဆွမ်းခံကြွတော်မူခဲ့ပါတယ်။
MA ဦးဇင်း ။ ။ ကပိလဝတ်ပြည်သူပြည်သားတွေ သူတို့ရဲ့ဘုရင်ကြီးကို သင်္ကန်းဝတ်နဲ့ ဖူးမြင် ရလို့ ဝမ်းမြောက်ကြမှာပါဘုရား။
ဆရာတော် ။ ။ ဟုတ်ပါတယ်။ ပြည်သူပြည်သားတွေ ဝမ်းမြောက်ဝမ်းသာ ဆွမ်းလောင်းကြပါ တယ်။ ဒါပေမဲ့ ဝမ်းမမြောက်နိုင်တဲ့ တစ်ယောက်က ကပိလဝတ်ပြည် နန်းတွင်းသူ ရာဟုလာမယ်တော် ယသော်ဓရာမင်းသမီးပါပဲ။
MA ဦးဇင်း ။ ။ အံ့သြစရာပါပဲဘုရား။ ဘုရားရှင်ကြွတော်မူလာတာကို ဘာ့ကြောင့်များ မယ်တော် ယသော်က ဝမ်းမမြောက်ဘဲ ဖြစ်နေရတာပါလဲဘုရား။
ဆရာတော် ။ ။ ဘုံမြင့်ပြာသာဒ်ထိပ်ကနေ ယသော်ဓရာမင်းသမီးက ဘုရားရှင်နဲ့ သံဃာတော် နှစ်သောင်း အိမ်စဉ်ဆွမ်းခံတာကို မြင်လိုက်တာနဲ့ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရှာတယ်။ ပြီးတော့ သူက ချက်ချင်း သုဒ္ဓေါဒနမင်းကြီးထံပါး အခစားဝင်ပြီး တိုင်ချက်ဖွင့်ပါတော့တယ်။
MA ဦးဇင်း ။ ။ မယ်တော်ယသော်က ဘယ်လိုတိုင်ချက်များ ဖွင့်တာပါလဲဘုရား။
ဆရာတော် ။ ။ “ခမည်းတော်မင်းကြီး .. အရှင်မင်းကြီး၏သားတော်သည် မျိုးရိုးအနွယ် ဂုဏ်ကို မထိန်းသိမ်း၊ မိဘနှင့် သားမယားကိုမှ အားမနာလေယောင်တကား။ ဝမ်းစာအတွက် အိမ်တကာ၌ ရပ်၍ ရပ်၍ စားစရာ လိုက်တောင်းနေလေရဲ့။ ကောင်းကြသေးရဲ့လား” လို့ သံတော်ဦး တင်လိုက်တယ်။
MA ဦးဇင်း ။ ။ ဆွမ်းခံကြွတာ အပြစ်ဖြစ်သွားတာပါလားဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ ဆွမ်းခံကြွမိတာ သူတို့ရဲ့အမြင်မှာ အပြစ်ကြီးကျူးလွန်လိုက်သလို ဖြစ်သွားတယ်။ ဒါကြောင့် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက ယသော်ဓရာ မင်းသမီးရဲ့ သံတော်ဦးတင် လျှောက်ထားလာတဲ့စကားကို ကြားလိုက်ရလို့ ထိတ်လန့်တုန်လှုပ်ပြီး ရုတ်ခြည်း အမြန်ထပါတယ်။ ပြီးတော့ ပုဆိုးကို လက်တစ်ဖက်နဲ့ ကိုင်မပြီး အဆောတလျင် ရွှေနန်းတော်ထက်ကနေ ဆင်းသွားပြီး သားတော်ဘုရား အနီးအနားမှာ ရပ်ပါတယ်။ “သားတော်ဘုရား တပည့်တော်တို့ကို ဘာ့ကြောင့် အခုလို အရှက်ခွဲရတာလဲ။ ဘာ့ကြောင့် တစ်အိမ်တစ်လုတ် ဝမ်းစာရှာရတာလဲ။ သားတော်ဘုရားရဲ့ နောက်ပါအခြံ အရံ ရဟန်းတော်နှစ်သောင်းအတွက် ခမည်းတော်မှာ ဆွမ်းဟင်းလျာ ဘောဇဉ် ပြည့်ပြည့် စုံစုံမရဘူး လို့များ မှတ်ထင်တော်မူသလား” လို့ တစ်ခါတည်း စိတ်လိုက်မာန်ပါကြီးကို လျှောက်လိုက်တော့တယ်။
MA ဦးဇင်း ။ ။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့် ယသော်ဓရာမင်းသမီးတို့က ဘုရားရှင် ဆွမ်းခံ ကြွတော်မူတာကို ဂုဏ်သိက္ခာကျတယ်လို့ ယူဆထားဟန် တူပါတယ်ဘုရား။
ဆရာတော် ။ ။ ခတ္တိယမင်းမျိုးရဲ့အမြင်မှာ အဲသလိုမြင်တာ ဖြစ်ပါလိမ့်မယ်။ မြတ်စွာဘုရားရှင်က ကပိလဝတ်မြို့တွင်းက ဆွမ်းခံလမ်းပေါ်မှာပဲ “ခမည်းတော်မင်းကြီး ဤအိမ်စဉ်မပြတ် ဆွမ်းရပ် လှည့်လည်ခြင်း ကျင့်ဝတ်သည် ငါဘုရားတို့၏ အနွယ်စဉ်ဆက်ဆင်းသက်လာသော အကျင့်ဖြစ် ပေသည်” လို့ မိန့်တော် မူလိုက်ပါတယ်။
MA ဦးဇင်း ။ ။ ဘုရားရှင်မိန့်ကြားတော်မူတဲ့ စကားကို ခမည်းတော်မင်းကြီးက ကျေနပ် နှစ်သက် ပါသလားဘုရား။
ဆရာတော် ။ ။ ဘယ်ကျေနပ်မလဲ “အကျွန်ုပ်တို့ သကျသာကီဝင် မင်းမျိုးမင်းနွယ်သည်ကား တစ် ပါးသူ အိမ်ရှေ့မှာရပ်ပြီး တောင်းရမ်း စားသောက်တဲ့အမျိုးအနွယ် မဟုတ်ပါ” လို့ ခပ်တင်းတင်း ပြန်ပြော တယ်ဦးဇင်း။
MA ဦးဇင်း ။ ။ လောကမှာ ပွင့်ထွန်းတော်မူခဲ့တဲ့ ဘုရားရှင်တို့ရဲ့ ဂုဏ်ရည်ကို မသိသေးလို့ ဘုရင်ကြီးပြောတာနေမှာပါဘုရား။
ဆရာတော် ။ ။ ဟုတ်တာပေါ့။ ဘုရားရှင်က “အသင်မင်းကြီးတို့၏ မျိုးနွယ်သည်ကား ဒကာ တော်မင်းကြီး လျှောက်ထားသည့်နှယ် ဟုတ်ပါပေတယ်။ သို့သော် ဘုရားမျိုးနွယ်တော်ကား ဒီပင်္ကရာ မြတ်စွာဘုရား၊ ကောဏ္ဍညမြတ်စွာဘုရား၊ မင်္ဂလမြတ်စွာဘုရား၊ သုမနမြတ်စွာဘုရား၊ ရေဝတ မြတ်စွာဘုရား၊ သောဘိတ မြတ်စွာဘုရား၊ အနောမဒဿီမြတ်စွာဘုရား၊ ပဒုမမြတ်စွာဘုရား၊ နာရဒ မြတ်စွာဘုရား၊ ပဒုမုတ္တရမြတ်စွာဘုရား၊ သုမေဓမြတ်စွာဘုရား၊ သုဇာတ မြတ်စွာဘုရား၊ ပိယဒဿီ မြတ်စွာဘုရား၊ အတ္ထဒဿီမြတ်စွာဘုရား၊ ဓမ္မဒဿီ မြတ်စွာဘုရား၊ သိဒ္ဓတ္ထမြတ်စွာဘုရား၊ တိဿ မြတ်စွာဘုရား၊ ဖုဿမြတ်စွာ ဘုရား၊ ဝိပဿီမြတ်စွာဘုရား၊ သိခီမြတ်စွာဘုရား၊ ဝေဿဘူမြတ်စွာဘုရား၊ ကကုသံမြတ်စွာဘုရား၊ ကောဏဂုံမြတ်စွာဘုရားနှင့် ကဿပမြတ်စွာဘုရားရှင် တို့၏ အဆက် အမျိုးအနွယ် ဖြစ်ပေသည်။ ထိုထိုမြတ်စွာဘုရားတို့သည် ဖိတ်ကြားသော ဒါယကာမရှိမူ အိမ်စဉ်မပြတ် ဆွမ်းရပ် လှည့်လည်တော် မူကြမြဲ ဖြစ်ပါတယ် ခမည်းတော်မင်းကြီး”လို့ အကျယ်တဝင့် ပြည့်ပြည့်စုံစုံ မိန့်ကြားတော်မူပါတယ်။
MA ဦးဇင်း ။ ။ ဒါဆိုရင် ပွင့်တော်မူပြီးဘုရားရှင်တို့က မြတ်သောဆွမ်းခံအကျင့်ကို ကျင့် တော်မူမြဲဓမ္မတာဆိုတာ နားလည်ရလို့ ကြည်ညိုမဆုံး ဖြစ်ရပါတယ်ဘုရား။
ဆရာတော် ။ ။ ဘုရားရှင်က ဆွမ်းခံတော်မူရာ ခရီးလမ်းမအလယ် ရပ်တော်မူလျက်ကပင် ခမည်းတော်မင်းကြီးကို “ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။ ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ” နဲ့ အစပြုတဲ့ဂါထာကို ဟောတော်မူလို့ ဆွမ်းခံလမ်းပေါ်မှာပဲ ခမည်းတော်ကြီး သောတာပန် တည်ပါတယ်။
MA ဦးဇင်း ။ ။ သာဓုပါဘုရား။ ဒီပါဠိဂါထာရဲ့ အဓိပ္ပာယ်ကို သိပါရစေဘုရား။
ဆရာတော် ။ ။ မြန်မာလိုပြောပြမယ်နော် “ဆွမ်းခံဝတ်၌ မမေ့လျော့ရာ၊ ကောင်းစွာ ကျင့်အပ် သော အကျင့်တရားကို ကျင့်ရာ၏။ တရားကိုကျင့်သောသူသည် ဤလောက၌လည်းကောင်း၊ တမလွန် လောက၌လည်းကောင်း ချမ်းသာစွာ နေရ၏” တဲ့ နောက်တစ်ပိုဒ်က “သုစရိုက်တရားကို ကျင့်ရာ၏။ ဒုစရိုက်တရားကို မကျင့်ရာ။ တရားကို ကျင့်သောသူသည် ဤလောက၌ လည်းကောင်း၊ တမလွန် လောက၌လည်းကောင်း ချမ်းသာစွာနေရ၏” လို့ အဓိပ္ပာယ်ရပါတယ်ဦးဇင်း။၁
ကျမ်းညွှန်း – ၁။ (၁၀၅) ရာဟုလဝတ္ထုကထာ၊ ဝိနယမဟာဝဂ္ဂအဋ္ဌကထာ (နှာ-၂၈၆)
MA ဦးဇင်း ။ ။ မြန်မာလို ရပါပြီဘုရား။ အင်္ဂလိပ်လိုများ ရှိသေးရင် သိချင်ပါသေးတယ်ဘုရား။
ဆရာတော် ။ ။ ရှိတယ် ဦးဇင်း။ ရှိတယ်။ သိချင်ရင်ပြောပြမယ်နော် “One should be attentive in standing for alms, follow Dhamma, which is good conduct. One, who lives with Dhamma, has joy in this world and in the next. One should follow Dhamma which is good conduct, not which is poor conduct. One who lives with Dhamma has joy in this world and in the next.”လို့ ဘာသာပြန်တာ တွေ့ရပါတယ်။ ဒါကြောင့် ဒီသာသနာမှာ ဆွမ်းခံကျင့်ဝတ်ကို စတင်ခဲ့တာ ချောချောမောမော မဟုတ်ဘူးနော်။ ဒါကြောင့် နေ့စဉ်ဆွမ်းခံတာကို တန်ဖိုးထားတော်မူပါဦးဇင်း။
MA ဦးဇင်း ။ ။ မှန်ပါ။ ဘုရားတပည့်တော် ရဟန်းဘဝတစ်လျှောက်လုံး အလေးအနက် ဂရုပြုပြီး ဆွမ်းခံပါ့မယ်ဘုရား။ ဆွမ်းဓူတင်တွေကိုလည်း ကျင့်ပါ့မယ်ဘုရား။
ဆရာတော် ။ ။ ဆွမ်းခံကျင့်ဝတ်ပြည့်တဲ့ ရဟန်းအတွက် ဆွမ်းဓူတင်က အထူးကျင့်ရတယ်ကို မရှိပါဘူး ဦးဇင်း။
MA ဦးဇင်း ။ ။ တပည့်တော် နားမလည်ပါဘုရား။ အကျယ် အမိန့်ရှိပေးတော်မူပါ။
ဆရာတော် ။ ။ မာန်ကင်းတောင်ဆရာတော် မိန့်တော်မူတာ သတိရလို့ ပြောပြဦးမယ်နော်။ ဆရာတော်ကြီးက ဘုန်းကြီးကို သပိတ်နဲ့ ဆွမ်းဘုဉ်းပေးနေတာကြည့်ပြီး “ဆွမ်းခံကျင့်ဝတ် ပုံမှန်ရှိ သလား”လို့ မေးတော်မူတယ်။ “ရှိပါတယ်ဘုရား”လို့ လျှောက်လိုက်တယ်။ ဆရာတော်ကြီးက “ဆွမ်းဓူတင်ရသလား”လို့ မေးတော် မူပြန်တယ်။ ဘုန်းကြီး ဘာမှမဖြေဘဲ ဆရာတော်ကြီးထံပါးက စကား ကို စိတ်ဝင်စားပြီး စောင့်မျှော်နေလိုက်ပါတယ်။
MA ဦးဇင်း ။ ။ ဆရာတော်ကြီးက ဘာများမိန့်တော်မူပါသလဲဘုရား။
ဆရာတော် ။ ။ “ဆွမ်းခံကျင့်ဝတ် နေ့စဉ်ပုံမှန် ရှိနေမှတော့ ဆွမ်းဓူတင်ငါးပါး ဖြည့်ကျင့်ဖို့ ဘာမှ တာဝန်မလေးတော့ဘူး ဦးဇင်း။ ဆွမ်းဓူတင်ကို ယူဖြစ်အောင်ယူနော်” လို့ မိန့်ကြားတော်မူပါတယ်။
MA ဦးဇင်း ။ ။ ဆရာတော်ကြီးကိုယ်တိုင် ဓူတင်ဆောင်တော်မူတယ် ထင်ပါတယ်ဘုရား။
ဆရာတော် ။ ။ မသိဘူး။ ဆရာတော်ကြီးရှေ့ မမေးဝံ့ဘူးဦးဇင်း။
MA ဦးဇင်း ။ ။ မမေးကောင်းတာပါလားဘုရား။
ဆရာတော် ။ ။ မမေးလျှောက်ခဲ့ရပါသော်လည်း အခုလို အဆုံးအမပေးတော်မူနေတဲ့ ဆရာ တော်က တောရကျောင်းမှာ သီတင်းသုံးတော်မူနေတာ မျက်မြင် ဖူးတွေ့နေရတယ်။ ဆရာတော်မှာ ဆွမ်းဓူတင်ငါးပါးမက သင်္ကန်းဓူတင်၊ သုသာန်ဓူတင် စတာတွေလည်း ကျင့်တော်မူနေမှာ သေချာပါတယ်။
MA ဦးဇင်း ။ ။ အခုလိုကြားနာမှတ်သားရတာကြ ည်ညိုမဆုံးပါဘုရား။
ဘုရားရှင် ဓူတင်ကို အထူးချီးမွမ်းတော်မူပါတယ်
ဆရာတော် ။ ။ ဓူတင်နဲ့ စပ်လျဉ်းပြီး မြတ်စွာဘုရားရှင်ရဲ့ ဆန္ဒတော်ကို ထင်ရှားစေတဲ့ သြဝါဒစကား သတိရလို့ ပြောပြဦးမယ်နော်။
MA ဦးဇင်း ။ ။ မှန်ပါ။ မှတ်သားပါ့မယ်ဘုရား။
ဆရာတော် ။ ။ ဘုရားရှင်က “နောင်အနာဂတ်ကာလ၌လည်း ငါ၏တပည့် သားရဟန်း တို့သည် ငါဘုရားကဲ့သို့ အတူလိုက်ကာ ဆွမ်းခံမှုကျင့်ဝတ်ကို ဖြည့်ကျင့်ကြပေလိမ့်မည်ဟု နှလုံးသွင်းတော်မူတယ်” ဒါကြောင့် ဘုရားရှင်ကိုယ် တော်တိုင် ဆွမ်းခံကြွတော်မူပါတယ် ဦးဇင်း။
MA ဦးဇင်း ။ ။ တောမှာနေပြီး ဆွမ်းဓူတင်ဆောင် ရဟန်းတော်များကိုသာ ဘုရားရှင် ဖူးခွင့်ပြု တော်မူတယ်လို့လည်း တပည့်တော် ဖတ်ဖူးတယ်ဘုရား။
ဆရာတော် ။ ။ မြတ်စွာဘုရားက “တောကျောင်းနေရဟန်း၊ ပိဏ္ဍပါတ်ဓူတင်ဆောင်ရဟန်း၊ ပံ့သကူဓူတင်ဆောင်ရဟန်းတို့သာ ငါဘုရားကို ဖူးမြော်ဖို့ အလိုရှိတိုင်း ချဉ်းကပ် ကြပါစေ”လို့ မိန့်တော် မူဖူး တယ်။ ဒါကြောင့် ဘုရားဖူးမြင်ခွင့်ရဖို့အတွက် ရဟန်းတော်တွေ ဓူတင်ဆောက်တည်ကြတယ် ဦးဇင်း။၁
ကျမ်းညွှန်း ၁။ (၅) နိသီဒနသန္ထတသိက္ခာပဒ၊ ကောသိယဝဂ္ဂ၊ ပါရာဇိကပါဠိ (နှာ-၃၃၆)
MA ဦးဇင်း ။ ။ ဒီကနေ့ မြန်မာပြည်မှာလည်း ဓူတင်တွေ ဆောက်တည်တော်မူကြတဲ့ အရှင် ကောင်း၊ အရှင်မြတ် အများကြီး ရှိပါသလားဘုရား။
ဆရာတော် ။ ။ ရှိပါတယ် ဦးဇင်း။ ရှိပါတယ်။ သို့သော် လူမသိ၊ သူမသိ ကျင့်သုံးတော်မူကြတာ များတယ်။ ဒါကြောင့် ပျံလွန်းတော်မူပြီးနောက်မှ မှတ်တမ်းတွေအရ သိကြရ၊ ကြ ည်ညိုကြရတာပါ။
MA ဦးဇင်း ။ ။ တပည့်တော်လည်း ကြည် ညိုပါရစေဘုရား။
ဆရာတော် ။ ။ ကြ ည်ညိုပါရစေဆိုတော့ သတိရတာလေးတစ်ခု ပြောပြမယ်နော်။ ဆွမ်းခံဝတ် မပျက်တဲ့ သာသနာပိုင်ဆရာတော်အကြောင်း ဦးဆုံးပြောပြမယ်။ ဘုရင်မင်းရဲ့ ဆရာ ရာဇဂုရုဖြစ်တော် မူပါသော်လည်း ဆရာတော်ကြီးက သက်တော် ၇၀ ကျော်တိုင်အောင် ပိဏ္ဍပါတ်ဓူတင်ကို ဝတ်မပျက် ဆောင်တော်မူခဲ့ပါတယ်။ နေပူ မိုးရွာ ဖိနပ်မစီး၊ ထီးမဆောင်း၊ သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်တို့ ကိုသာ အမြဲ ဆောင်တော်မူတယ်။
MA ဦးဇင်း ။ ။ သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်နဲ့ နေတော်မူတာဆိုတော့ တိစီဝရိတ်ဓူတင်၊ ပံ့သကူဓူတင်တွေလည်း ဆောင်တော်မူတာပါလားဘုရား။
ဆရာတော် ။ ။ ဒါကို ဆုံးဖြတ်ဖို့ တော်တော်ခက်ခဲတယ်ဦးဇင်း။ အမြင်နဲ့ ဝေဖန်လို့ မရဘူး။ အခုလို ဖူးမြင်ရတာမို့လို့ ဆွမ်းဓူတင်၊ သင်္ကန်းဓူတင်တွေ ဆောင်တော်မူတယ်လို့ပဲ မှန်းဆပြီး ကြည် ညိုရတာပါ။
MA ဦးဇင်း ။ ။ မှန်ပါ။ ကြ ည်ညိုမဆုံးပါဘုရား။
ဆရာတော် ။ ။ စစ်ကိုင်းတောင်ရိုး အနောက်ပရက္ကမချောင် ဆရာတော်ကြီး အရှင်ဝဏ္ဏာစာရ ထေရ်ရှင်မြတ်ကလည်း ပိဏ္ဍပါတ်ဓူတင်ဆောင်ပုဂ္ဂိုလ် ဖြစ်တော်မူပါတယ်။ ဘယ်အရပ်ကြွသည်ဖြစ်စေ သပိတ်လွယ်ပြီး ကြွတော်မူတယ်။ ရောက်ရာ အရပ်မှာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ် ဦးဇင်း။
MA ဦးဇင်း ။ ။ မျက်စိထဲ ဖူးမြင်ပြီး ကြ ည်ညိုလျက်ပါဘုရား။
ဆရာတော် ။ ။ ဆရာတော်ကြီးရဲ့တူ ကုန်းသာကျောင်းဘုန်းကြီး ဦးသီရိဓမ္မက သပိတ်ကြီး လွယ် ပြီး ပရက္ကမဆရာတော်ကြီးဆီ ရောက်လာတယ်။ ဆရာတော်ကြီးက “သီရိဓမ္မ ရောက်တဲ့နေရာမှာ ဆွမ်းခံစားခဲ့သလား။ အခု စစ်ကိုင်းမှာ ဆွမ်းခံခဲ့သလားကွယ်”လို့ မေးတော်မူတယ်။
MA ဦးဇင်း ။ ။ ဦးသီရိဓမ္မက ဘယ်လို ဖြေတော်မူပါသလဲဘုရား။
ဆရာတော် ။ ။ “ဆွမ်းမခံခဲ့ပါဘုရား”လို့ ဖြေတယ်။ ဆရာတော်ကြီးက “ဒီလိုဆိုရင် ကိုယ်တော့် ဟာကကွယ် သပိတ်ကို တကယ်အားမကိုးသေးပါဘူး။ ကပ်မဲ့သူ မရှိမှ အားကိုးမှာပါကွယ်။ သပိတ် ဆောင်မှတော့ တစ်ခါတလေမဟုတ်ဘဲ နေ့စဉ် ဆွမ်းခံနိုင်အောင် ကြိုးစားကွယ်။ သပိတ်ကြီးလွယ်ပြီး ကပ်တဲ့ဆွမ်း စားနေရင် သပိတ်ကြီး အားနာစရာကွယ်” တဲ့ ဦးဇင်း။
MA ဦးဇင်း ။ ။ ဘုရားတပည့်တော် အခုလည်း ဆွမ်းခံနေပါတယ်။ နောင်လည်း ရာသက်ပန် ဆွမ်းခံနိုင်အောင် ကြိုးစားပါ့မယ်ဘုရား။
ဆရာတော် ။ ။ သာဓုပါဗျာ။ ဆွမ်းခံတဲ့ပုဂ္ဂိုလ်ဆိုတာ အကျင့်သီလ ပြည့်စုံရမယ်တဲ့။ သီလ မရှိဘဲ ဆွမ်းခံရင် ရှက်သလိုလို ကြောက်သလိုလို ဖြစ်တတ်တယ်တဲ့ဦးဇင်း။
MA ဦးဇင်း ။ ။ ဆွမ်းခံသွားရင် ထီးဆောင်းခွင့် ရှိပါသလားဘုရား။
ဆရာတော် ။ ။ ဓူတင်ဆောင်ဆရာတော်များက နေပူမိုးရွာ ထီးဆောင်းတော် မမူကြပါဘူး။ ကျန်းမာရေး မကောင်းလွန်းရင်တော့ ထီးဆောင်းပြီး ဆွမ်းခံကြွတာ အပြစ်မရှိဘူးလို့ ဆရာတော်ကြီး တစ်ပါး ဆုံးဖြတ်ပေးတော်မူဖူးတယ်။
MA ဦးဇင်း ။ ။ တပည့်တော် အကျင့်သီလ ပြည့်စုံအောင် ဖြည့်ကျင့်ပြီး ဆွမ်းခံပါ့မယ်ဘုရား။
ဆရာတော် ။ ။ ဘုရားရှင် ချီးမွမ်းတော်မူတဲ့ အလုပ်မို့လို့ သာဓုခေါ်ပါတယ်ဘုရား။
အရိပ်အယောင်ပြပြီး ရလာမဲ့ဆွမ်းကို ခံယူတော်မမူပါ
MA ဦးဇင်း ။ ။ နဘူးကျင်းဆရာတော်ကြီးက တစ်ရွာတည်းကိုပဲ ဆွမ်းခံတော်မူတာပါလား ဘုရား။
ဆရာတော် ။ ။ ဆရာတော်ကြီးက အကြောင်းမညီညွတ်မှု တစ်စုံတစ်ရာ မပေါ်ပေါက်ရင် နွေလေးလလုံးဖြစ်စေ၊ မိုးလေးလလုံးဖြစ်စေ၊ ဆောင်းလေးလလုံးဖြစ်စေ အစဉ်အမြဲ တစ်ရွာထဲကိုပဲ ဆွမ်းခံကြွတော်မူလေ့ရှိတယ်။
MA ဦးဇင်း ။ ။ အကြောင်း မညီညွတ်မှုဆိုတာ ဘာကိုဆိုလိုတာပါလဲဘုရား။
ဆရာတော် ။ ။ ဒါဆိုရင် ဖြစ်စဉ်တစ်ခုကို ပြောပြမှပဲ နားလည်မယ်ထင်တယ်။
MA ဦးဇင်း ။ ။ တင်ပါ၊ ဖြစ်စဉ်နဲ့ဆိုရင် ပိုလို့ မှတ်မိလွယ်ပါတယ်ဘုရား။
ဆရာတော် ။ ။ ဆရာတော်ကြီးက တစ်ခုသောဝါပကာလမှာ ကျွန်းတက်ပဲ့ရွာကို မနက်တိုင်း ဆွမ်းခံကြွတော်မူခဲ့တယ်။
MA ဦးဇင်း ။ ။ မဟာမြိုင်တောရရဲ့ အနောက်တောင်ဘက်က ရွာပါလားဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ နေ့တိုင်း ဆွမ်းခံလာခဲ့တာ အဲဒီတစ်ရက်က အိမ်စဉ်ရပ်သော်လည်း ဆွမ်းထွက်လောင်းမဲ့သူ မရှိဘူးတဲ့။
MA ဦးဇင်း ။ ။ ဘာကြောင့်ပါလဲဘုရား။
ဆရာတော် ။ ။ လွန်ခဲ့တဲ့ညက ရွာမှာ ရုံဝင်ခမယူဘဲ ညလုံးပေါက် ဗီဒီယိုပြသတဲ့။ ပွဲကြိုက်တဲ့ ဆွမ်းဒကာ၊ ဒကာမတွေက မိုးအလင်းရုပ်ရှင်ကြည့်ပြီး အိပ်မောကျသွားတာ ဆွမ်းမချက်ဖြစ်တော့ဘူး ဦးဇင်း။ ဆွမ်းမပါတဲ့သပိတ်နဲ့ ရွာကထွက်လာတော့မှ ရွာအစွန်အဖျားအိမ်က ဒါကာမတစ်ယောက်က ဆွမ်းလောင်းဖို့ ထွက်လာသတဲ့။
MA ဦးဇင်း ။ ။ မှန်ပါဘုရား။
ဆရာတော် ။ ။ ဆရာတော်ကြီးက “ဆွမ်းက ပန်းကန်လုံးလေးတစ်လုံးတော့ လာလောင်းနေပြီ၊ ဒါပေမဲ့ ရှေ့ဆက်ရဖို့ရာလည်း အိမ်မရှိတော့ဘူး။ တောထဲကို ဝင်ရတော့မှာမို့ သပိတ်ဖွင့်မပေးခဲ့ဘူး” လို့ မိန့်တော်မူဖူးတယ်။
MA ဦးဇင်း ။ ။ ကျောင်းကနေ ရေကျင်းပြီး ယူသွားတဲ့ သပိတ်နဲ့ပဲ ကျောင်းပြန်ကြွလာတော်မူ တာပါလားဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ ဆရာတော်ကြီး ရေပဲဘုဉ်းပေးတော်မူတာကို သပိတ်ဆေးဖို့ ရောက်လာတဲ့ကပ္ပိယ ဦးသန်းမောင်က သိသွားတယ်။ ဒါနဲ့ နောက်နေ့မနက် လဲဘူးဆရာတော်ကြီးကို “အရှင်ဘုရား ဘယ်ရွာကို ဆွမ်းခံကြွပါသလဲ” လို့မေးတော်မူတယ်။ လဲဘူးဆရာတော်က “တပည့်တော် ကြာပင်ရွာကို ကြွပါတယ်ဘုရား” လို့ လျှောက်တယ်။ နဘူးကျင်းဆရာတော်ကြီးက “ဒါဆိုရင် တပည့် တော် ကြာပင်ရွာကို ဆွမ်းခံလိုက်ဦးမယ်ဘုရား”လို့ မိန့်တော်မူတယ်။
MA ဦးဇင်း ။ ။ ကျွန်းတက်ပဲ့ရွာက ဆွမ်းမရလို့ ကြာပင်ရွာကို ကြွတော်မူတာပါလားဘုရား။
ဆရာတော် ။ ။ နဘူးကျင်းဆရာတော်ကြီးက ဒီရွာဆွမ်းမရလို့တော့ တစ်ခြားတစ်ရွာကို ဘယ် သောအခါမှာမှ ကြွမှာမဟုတ်ပါဘူး ဦးဇင်း။
MA ဦးဇင်း ။ ။ ဒါဆိုရင် ဘာကြောင့် ဆွမ်းခံရွာ ပြောင်းတာပါလဲဘုရား။
ဆရာတော် ။ ။ ဆရာတော်မိန့်တော်မူတာက “ဘုန်းကြီး ဆွမ်းမရတာကို ကပ္ပိယက သိသွား တယ်။ ဒါကြောင့် သူရွာမှာပြောလိမ့်မယ်ဘုရား။ ဒီကနေ့မနက် ဒကာ ဒကာမတွေက မွန်မွန်မြတ်မြတ် ပြင်ဆင်ချက်ပြုတ်ပြီး လောင်းလိမ့်မယ်”လို့ မိန့်တော်မူပြီး ကြွမြဲရွာကို မကြွဘဲ ဆွမ်းခံရွာ ပြောင်း တော်မူတယ် ဦးဇင်း။
MA ဦးဇင်း ။ ။ အရိပ်အယောင်ပြပြီး ရလာမဲ့ဆွမ်းကို မခံယူလိုတဲ့အတွက် ကြာပင်ရွာကို ကြွတော်မူတာသိရလို့ နဘူးကျင်းဆရာတော်ကြီး ခြေတော်အစုံကို ရှိခိုး ဦးတင်ပါတယ်ဘုရား။
ပိဏ္ဍပါတ်ဓူတင် ပျက်နိုင်တဲ့အကြောင်း
MA ဦးဇင်း ။ ။ ပိဏ္ဍပါတ်ဓူတင် ဆောင်ထားတဲ့ရဟန်းအတွက် ဘယ်လိုအခြေအနေမှာ ဓူတင် ပျက်ပါသလဲဘုရား။ တပည့်တော် လျှောက်ထားလိုတာက အာရညကင် ဓူတင်ဆောင်ရဟန်းက တောရအင်္ဂါနဲ့ မပြည့်စုံတဲ့နေရာမှာ အရုဏ်တက်ချိန် အထိနေမိရင် အာရညကင်ဓူတင် ပျက်တယ်ဆို တာမျိုး ဒီမှာလည်း ဘယ်လို အခြေအနေဆိုရင် ပိဏ္ဍပါတ်ဓူတင် ပျက်တတ်သလဲဆိုတာကို မေးလျှောက် လိုတာပါဘုရား။
ဆရာတော် ။ ။ ဓူတင်ကို စိတ်ဝင်စားတဲ့ အရှင်ဘုရားတို့လို ပုဂ္ဂိုလ်အနေနဲ့ ဒါသိဖို့လိုပါတယ်။ ပိဏ္ဍပါတ်ဓူတင် ပျက်နိုင်တဲ့အကြောင်းက အတော်များတယ်။
MA ဦးဇင်း ။ ။ များသလောက် အားလုံးကို သိပါရစေဘုရား။
ဆရာတော် ။ ။ သံဃဘတ် အစရှိတဲ့ ၁၄ ပါးသော ဘတ်တို့က ပိဏ္ဍပါတ်ဓူတင်ကို ပျက်စေ နိုင်ပါ တယ်ဘုရား။
MA ဦးဇင်း ။ ။ သံဃဘတ်ရဲ့ အဓိပ္ပာယ် မသိပါဘုရား။
ဆရာတော် ။ ။ ဟုတ်ပြီ။ ပါဠိစကားမှာ ထမင်းကို ဘတ္တလို့ခေါ်တယ်။ ပါဠိကို မြန်မာမှု ပြုလိုက်တော့ “ဘတ်” ဖြစ်သွားတယ်ဘုရား။
MA ဦးဇင်း ။ ။ မှန်ပါ။ ဒါဆိုရင် “ဘတ်”ဆိုတာ ထမင်းလို့ နားလည်ပါပြီဘုရား။
ဆရာတော် ။ ။ ပိဏ္ဍပါတ်ဓူတင် ပျက်နိုင်တဲ့ကိစ္စ ဆက်ကြရအောင်။ပိဏ္ဍပါတ်ဓူတင်ဆောင်တဲ့ ရဟန်းက အခုပြောမယ့် ၁၄ ပါးသော “ဘတ်”တို့ကို မသာယာရဘူး။ တစ်နည်း ပြောရရင် လက်မခံရဘူး။
MA ဦးဇင်း ။ ။ ၁၄ ပါးက ဘာတွေပါလဲဘုရား။
ဆရာတော် ။ ။ စာလိုပဲ ပြောပြမယ်နော်။ (၁) သံဃာအားလုံးအား လှူသော သံဃဘတ်၊ (၂) သံဃာ့ထံမှ ညွှန်ကြားစေ၍ လှူသော ဥဒ္ဒေသဘတ် (၃) ပင့်ဖိတ်၍ လှူအပ်သော နိမန္တနဘတ် (၄) စာရေးတံ မဲချ၍ လှူသော သလာကဘတ်၊ (၅) လဆန်းလဆုတ် တပက္ခ၌ တစ်ကြိမ်လှူသော ပက္ခိကဘတ်၊ (၆) လပြည့် လကွယ် ဥပုသ်နေ့၌လှူသော ဥပေါသထိကဘတ်၊ (၇) လဆန်းတစ်ရက် လဆုတ်တစ်ရက်နေ့၌ လှူသော ပါဋိပဒိကဘတ်၊ (၈) အာဂန္တု၊ ရဟန်းတို့ကို ရည်၍လှူသော အာဂန္တုကဘတ်၊ (၉) ခရီးသွားရဟန်းတို့ကို ရည်၍လှူသော ဂမိကဘတ်၊ (၁၀) သူနာရဟန်းတို့ကို ရည်၍ လှူသော ဂိလာနဘတ်၊ (၁၁) သူနာပြုသူကို ရည်၍လှူသော ဂီလာနုပဋ္ဌာကဘတ်၊ (၁၂) ကျောင်းကို ရည်၍ လှူသော ဝိဟာရဘတ်၊ (၁၃) ဆွမ်းခံဝင်ရာ အဦးအစ အိမ်၌ပင်လျှင် တည်ထား၍လှူသော ဓုရဘတ်နှင့် (၁၄) အလှည့်ကျဖြင့် လှူဒါန်းသော ဝါရကဘတ်တို့ကို ခံယူမိရင် ဓူတင်ပျက်ပါတယ်ဘုရား။၁
ကျမ်းညွှန်း ၁။ (၃) ပိဏ္ဍပါတိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသော၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၆၃)၊ * (၃၂၅)၊ သံဃဘတ္တာဒိအနုဇာနနကထာ၊ သေနာသနက္ခန္ဓက၊ စူဠဝဂ္ဂအဋ္ဌကထာ (နှာ-၈၈)
MA ဦးဇင်း ။ ။ ဘယ်လိုအကြောင်းတွေကြောင့် ဓူတင်ပျက်တတ်ပါသလဲဘုရား။
ဆရာတော် ။ ။ ဒီနေရာမှာက အသုံးအနှုန်းကြောင့်ပါ ဦးဇင်း။ မဇ္ဈိမဒေသ ယဉ်ကျေးမှုအရ ဘတ္တဆိုတဲ့ အသုံးအနှုန်းက ဗန်းစကား slang usage လို ဖြစ်နေတယ်။ ဒါကြောင့် ယဉ်ကျေးတဲ့ ပညာရှိ အဝန်းအဝိုင်းမှာ အခုလို မသုံးနှုန်းကြဘူး။ ဒါကြောင့် ဒီလို အသုံးအနှုန်းမျိုးနဲ့ ရဟန်းသံဃာတော်များကို မပင့်ဖိတ်ရဘူး။
MA ဦးဇင်း ။ ။ ဒါဆိုရင် ဘယ်လို အသုံးအနှုန်းဆိုရင် ယဉ်ကျေးပြီး အပ်စပ်ပါသလဲဘုရား။
ဆရာတော် ။ ။ ဘတ္တ = “ဘတ်”ဆိုတဲ့ အသုံးထက် ဘိက္ခဆိုတဲ့အသုံးက ပိုပြီး ဆီလျော်ပါ တယ်ဦးဇင်း။
MA ဦးဇင်း ။ ။ မှန်ပါဘုရား။
ဆရာတော် ။ ။ ပိဏ္ဍပါတ်ဓူတင်ဆောင်တဲ့ ရဟန်းအနေနဲ့ “သံဃဘတ်ကို ခံယူတော်မူပါဘုရား” တစ်နည်းပြောရရင်“ထမင်းအလှူခံတော်မူပါဘုရား”ဆိုရင် မအပ်ဘူးနော် “ဆွမ်းအလှူခံတော်မူပါဘုရား” ဆိုရင် အပ်စပ်ပါတယ်ဦးဇင်း။
MA ဦးဇင်း ။ ။ အခုလို လျှောက်ထားလို့ ဆွမ်းအလှူခံရင် ဓူတင်အတွက် အနှောင့်အယှက် မရှိ တော့ဘူးလားဘုရား။
ဆရာတော် ။ ။ “ဆွမ်းခံကြွတော်မူပါ” “ဆွမ်းအလှူခံတော်မူပါ” စတဲ့ ဆွမ်းဆိုတဲ့ ဝေါဟာရ အသုံးက အပ်စပ်ပါတယ်။
MA ဦးဇင်း ။ ။ ကျောင်းဝင်းထဲမှာပဲ ဆွမ်း၊ ဆွမ်းဟင်းတွေ ချက်လောင်းရင်လည်း အပ်စပ်ပါသ လားဘုရား။
ဆရာတော် ။ ။ ဘုန်းကြီး ချက်ကပ်တာ မဟုတ်ဘူးလေ။ ဒါယကာ ဒါယိကာမတွေက ကျောင်း ဝင်းထဲမှာချက်ပြီး အပ်စပ်အောင် လျှောက်ထားမယ်ဆိုရင် ကပ်လို့ရပါတယ်။ ဆွမ်းဓူတင် ၅ ပါးကို ဆောင်တော်မူတဲ့ ဆရာတော်ကြီးများက ကျောင်းဝင်းထဲမှာ ဆွမ်းကိုမခံယူတော့ဘဲ ကျောင်းဝင်းရဲ့ အပြင်ဘက်ထွက်ပြီး သပိတ်နဲ့ အလှူခံတော်မူလေ့ ရှိပါတယ်။
MA ဦးဇင်း ။ ။ ကျောင်းဝင်းအပြင်ထွက်ပြီး သပိတ်နဲ့ ဆွမ်းခံမှသာ ဆွမ်းဓူတင်မပျက်တာ ပါလားဘုရား။
ဆရာတော် ။ ။ ဒီနေရာမှာ အာစရိယဝါဒကို ပြောရမယ် ထင်ပါတယ်။
MA ဦးဇင်း ။ ။ အာစရိယဝါဒလည်း ဘုရားတပည့်တော် မှတ်သားထားချင်ပါတယ်ဘုရား။
ဆရာတော် ။ ။ “ပိဏ္ဍပါတ်ဓူတင်ကိုဆောင်ပြီး ဆွမ်းခံစားမဲ့ရဟန်းက ကျောင်းဝိုင်းထဲမှာ သပိတ် ဖွင့်ပြီး ဆွမ်းခံနေမဲ့အစား ကျောင်းဝင်းအပြင်ဘက်လေးထွက်ပြီးတော့ ဆွမ်းခံလိုက်တာပေါ့ဘုရား” လို့ ကျေးဇူးရှင် နဘူးကျင်းဆရာတော်ကြီး မိန့်တော်မူဖူးတယ်။ ဆရာတော်ကြီးကိုယ်တိုင်လည်း အခုလိုပဲ ကျင့်သုံးတော် မူသွားပါတယ်။
MA ဦးဇင်း ။ ။ ကျောင်းဝင်းထဲ ဆွမ်းခံရင် ဆွမ်းဓူတင် ပျက်ပါသလားဘုရား။
ဆရာတော် ။ ။ မပျက်ပါဘူး။ ဒီမှာနားထောင်ကြည့်လေ။ ပိဏ္ဍပါတ်ဓူတင်ကို ဥက္ကဋ္ဌဆောင် တော်မူတဲ့ ရဟန်းကို “ဒီတစ်နေ့ တပည့်တော် ကျောင်းကို ဆွမ်း လာပို့ပါမယ်” လို့ လျှောက်ထားပြီးတော့ ရောက်လာတဲ့ဆွမ်း လုံး၀ လက်မခံ ရပါဘူး။ မဇ္ဈိမပုဂ္ဂိုလ်က တစ်ရက်ပို့တဲ့ဆွမ်းကို လက်ခံနိုင်တယ်။ မုဒုပုဂ္ဂိုလ်က နှစ်ရက်အထိ ပို့လာတဲ့ဆွမ်းကို လက်ခံခွင့် ရှိပါတယ်။၁
MA ဦးဇင်း ။ ။ မှန်ပါဘုရား။ မှတ်သားစရာ ကောင်းလှပါတယ်။
ဆရာတော် ။ ။ ပြီးတော့ ဆွမ်းဓူတင်တစ်ပါးဖြစ်တဲ့ သပဒါနစာရိကဓူတင် ဥက္ကဋ္ဌပုဂ္ဂိုလ်က ကျောင်းကို ပို့လာတဲ့ဆွမ်းကို လုံးဝလက်မခံရဘူး ဦးဇင်း။ မဇ္ဈိမပုဂ္ဂိုလ်ကလည်း ကျောင်းကိုပို့လာတဲ့ ဆွမ်းကို လက်မခံရပါဘုရား။
MA ဦးဇင်း ။ ။ မုဒုပုဂ္ဂိုလ်အတွက်တော့ ရပါသလားဘုရား။
ဆရာတော် ။ ။ မုဒုပုဂ္ဂိုလ်အတွက် တစ်ရက်ပို့တဲ့ဆွမ်းကို လက်ခံခွင့် ရှိပါတယ်။၂
ကျမ်းညွှန်း ၁။ (၂၆) ပိဏ္ဍပါတိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၆၃)၊ ၂။ (၂၇) သပဒါနစာရိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၆၅)
MA ဦးဇင်း ။ ။ အိမ်က ချက်လာတာဖြစ်စေ၊ ကျောင်းဝင်းထဲမှာပဲ ချက်တာဖြစ်စေ၊ ဆိုင်ကနေ ကပ္ပိလာတာဖြစ်စေ ရပါသလားဘုရား။
ဆရာတော် ။ ။ အပြစ်မရှိပါဘူး ဦးဇင်း။ ဘာ့ကြောင့်လဲဆိုရင် ဒီနေ့ခေတ်မှာ သပိတ်ထဲ ထမင်း လောင်းမယ်လို့ မပြောဆိုကြပါဘူး။ ဆွမ်းလောင်းမယ်၊ ဆွမ်းခံကြွတော်မူပါ။ ဆွမ်းခံတယ်လို့ပဲ သုံးနှုန်းတဲ့အတွက် ဓူတင်အတွက် အထူးအနှောင့်အယှက်ဖြစ်စရာ မရှိပါဘူး။
MA ဦးဇင်း ။ ။ တပည့်တော် တစ်ခုတွေးမိတာက ပိဏ္ဍပါတ်ဓူတင်ဆောင်ထားတဲ့ ရဟန်း တစ်ပါးက ခရီးသွားစရာရှိနေလို့ အိမ်စဉ်ဆွမ်းမခံတော့ဘဲ မိဘဆွေမျိုး အိမ်မှာဝင်ပြီး သပိတ်နဲ့ ဆွမ်း အကပ်ခံပြီး ဘုဉ်းပေးလို့ရှိရင် ဓူတင်ပျက်ပါ သလားဘုရား။
ဆရာတော် ။ ။ ပိဏ္ဍပါတ်ဓူတင် မပျက်ပါဘူး။ သို့သော် ဆွမ်းကောင်း ဟင်းကောင်း ဘုဉ်းပေး ရအောင်လို့ မိဘဆွေမျိုးအိမ် ဝင်တာဆိုရင်တော့ သပဒါနစာရိကဓူတင် ပျက်တယ်။ မနက် ခရီးမထွက်ခင် ဆွမ်းတစ်ထပ်စားခဲ့ပြီး ဖြစ်ပေမဲ့ လမ်းမှာ မိဘဆွေမျိုးအိမ်ဝင်ပြီး ဒုတိယအကြိမ် စားမယ်ဆိုရင်တော့ ဧကာသနိက်ဓူတင် ပျက်တယ်ဦးဇင်း။
ဝိနည်းနှင့် တွဲကျင့်ရတယ်
MA ဦးဇင်း ။ ။ ရဟန်းတစ်ပါးပါး ဆွမ်းလောင်းရင် ဘယ်လိုများ ဖြစ်တတ်လို့ပါလဲဘုရား။
ဆရာတော် ။ ။ ဇရပ်မှာ လာလောင်းတဲ့ရဟန်းက သူကိုယ်တိုင်အကပ်မခံဘဲ ယူလာခဲ့တဲ့ ဆွမ်း တွေ၊ ဆွမ်းဟင်းတွေ ဖြစ်ခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် ဆွေမျိုးလည်းမတော်၊ ပစ္စည်းလေးပါးလည်း ဖိတ်ကြားမထားတဲ့သူဆီက တောင်းရမ်းပြီး လာလှူတဲ့ ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ အာပတ်သင့်နိုင်ပါတယ် ဘုရား။
MA ဦးဇင်း ။ ။ မှန်ပါဘုရား။ မှတ်သားထားပါ့မယ်ဘုရား။ ဖြစ်ခဲ့ဖူးတဲ့သာဓကများ ရှိရင် သိပါရစေဘုရား။
ဆရာတော် ။ ။ သာဓကဆိုလို့ နဘူးကျင်းဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တစ်ခုတော့ သတိရတယ် ဦးဇင်း။
MA ဦးဇင်း ။ ။ မှန်ပါ။ နည်းယူနိုင်ဖို့အတွက် ဖြစ်စဉ်အသေးစိတ်ကို သိပါရစေဘုရား။
ဆရာတော် ။ ။ ဝါတွင်းကာလတစ်ရက်မှာ ထန်းတပင်တောရကျောင်းရှေ့မှာရှိတဲ့ သရက်ပင် ကြီးအောက်က ဇရပ်မှာ ဒကာ ဒကာမတွေက ဆွမ်းလောင်းဖို့ ပြင်ဆင်နေကြတယ်။ အဲဒီအချိန်မှာ ဒကာတစ်ယောက်က ဆရာတော်ကြီးရဲ့ သပိတ်ကို ယူပြီးတော့မှ သပိတ်ထဲ ဆွမ်း၊ ဆွမ်းဟင်းတွေ လောင်းထည့်ပြီး ဆရာတော်ကြီး လက်ထဲကို ကပ်ဖို့ပါပဲ။ အဲဒီ အချိန်အခိုက်ကလေးမှာ အခြေအနေတစ်ခု ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားတယ်။
MA ဦးဇင်း ။ ။ ဘယ်လိုများ အပြောင်းအလဲ ဖြစ်တာပါလဲဘုရား။
ဆရာတော် ။ ။ ကင်ဆာရောဂါဖြစ်နေရှာတဲ့ ဓမ္မာစရိယအောင် ဂိလာနရဟန်းတစ်ပါးက ဆရာ တော်ကြီးကို ဖူးမြင်ချင်လို့ဆိုပြီး ဆွမ်းလောင်းမဲ့ ပရိသတ်ထဲမှာပါလာတယ်။ သူက ဆရာတော်ကြီးကို ကြည်ညိုရှာလို့ ဆွမ်းတွေနှင့်ပြည့်နေတဲ့သပိတ်ကို ဆွမ်းလောင်စင်ကနေယူပြီး ဆရာတော်ကြီးလက်ထဲ ရိုရို သေသေ သွားကပ်လိုက်ပါတယ်။
MA ဦးဇင်း ။ ။ အဲဒီရဟန်းလက်ထဲကို ဘယ်သူက သပိတ်ကပ်လိုက်သလဲဘုရား။
ဆရာတော် ။ ။ အာဂန္တုရဟန်းလက်ထဲကို ဘယ်သူမှ သပိတ်မကပ်ရသေးဘူး။ ဒကာ၊ ဒကာမ တွေက ဆွမ်းသပိတ် ပြင်ပြီးခါလေးပဲရှိသေးတယ်။ အဲဒီအချိန်မှာ သူက သပိတ်ယူပြီး ဆရာတော်ကြီး လက်ထဲ သွားကပ်လိုက်တာပါဦးဇင်း။
MA ဦးဇင်း ။ ။ မကပ်ကောင်းဘူးလို့ ထင်ပါတယ်ဘုရား။
ဆရာတော် ။ ။ ဒကာ ဒကာမတွေက ရဟန်းလက်ထဲ မကပ်ရသေးတဲ့ အာမိသဆွမ်းကို ရဟန်းက လက်နဲ့တောင် မထိကောင်းပါဘူး။
MA ဦးဇင်း ။ ။ မှန်ပါ။ တပည့်တော် အဲဒါစဉ်းစားနေတာပါဘုရား။
ဆရာတော် ။ ။ အကယ်၍ ရဟန်းတစ်ပါးပါးက ထိမိရင် အဲဒီရဟန်းက မဘုဉ်းပေးရဘူး။ ထိရုံ မကလို့ နေရာပါရွေ့သွားပြီဆိုရင် ဘယ်သံဃာမှ မဘုဉ်းပေးကောင်းတော့ဘူးနော်။၁ ဒါကဝိနည်းနော် ဦးဇင်း။
ကျမ်းညွှန်း – ၁။ (၂၆၇)၊ ဒန္တပေါဏသိက္ခာပဒ၊ ဘောဇနဝဂ္ဂ၊ ပါစိတ္တိယပါဠိ။ (နှာ-၁၂၁)
MA ဦးဇင်း ။ ။ ဂိလာနဦးဇင်းက သပိတ်ကိုမပြီးတော့မှ ဆရာတော်ကြီးလက်ထဲကို လှူလိုက် တာဆိုတော့ ဆွမ်းသပိတ်နေရာ ရွေ့သွားပါပြီဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ ရွေ့သွားပြီ။ ဒါကြောင့် ဆရာတော်ကြီးက “ဦးဇင်း ဒီသပိတ် အကပ်ခံပြီးပြီလား”လို့ မေးတော်မူတယ်။ ပရိသတ်အားလုံးက ဘာဖြေရ မယ်မှန်း မသိတော့ဘဲ မှင်တက် မိနေတုန်းမှာ နားလည်တဲ့ ဒကာတစ် ယောက်က “မကပ်ရသေးပါဘုရား” လို့ ဖြေလိုက်တယ်။
MA ဦးဇင်း ။ ။ ဆရာတော်ကြီးက ဘာများ ဆက်မိန့်တော်မူသလဲဘုရား။
ဆရာတော် ။ ။ ဒီဆွမ်းတွေက ဘုရားဥပဒေအရ မအပ်စပ်တော့ဘူးလေ။ ဒါကြောင့် ဆရာတော် ကြီးက သပိတ်ကို မယူပြီးတော့ နှုတ်ခမ်းကကိုင်ပြီး ပရိသတ်ရှေ့မှာပဲ မြေကြီးပေါ် သွန်ချတော်မူပါတယ်။
MA ဦးဇင်း ။ ။ မြင်ရ ကြားရသူအားလုံး စိတ်မကောင်းစရာပါပဲဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ နောက်ကာလ အတော်ကြီးကြာမှ ဆရာတော်ကြီးက “အကပ် မခံထားတဲ့ ဆွမ်းသပိတ်ကို ယူလာပြီး ဒီဘုန်းကြီးလက်ထဲကို ထည့်တဲ့ ကိုယ်တော်က ဝိနည်းစာတွေ သင်ထားပြီးသား၊ ဓမ္မာစရိယအောင်ထားပြီးသားလို့ သိရတယ်။ ဒါကြောင့် နောက်နောင် အားလုံး မှတ်မှတ်သားသား ဖြစ်စေဖို့ အားလုံးရှေ့မှာ သပိတ်နှုတ်ခမ်းကိုကိုင်ပြီး ဆွမ်းကို သွန်လိုက်တာပါ” လို့ မိန့်တော်မူတာ မှတ်မိနေသေးတယ် ဦးဇင်း။
MA ဦးဇင်း ။ ။ အဲဒီနေ့ ဆရာတော်ကြီး ဘာများ ဘုဉ်းပေးတော်မူပါသလဲဘုရား။
ဆရာတော် ။ ။ နေ့စဉ်ဆွမ်းခံပြီး တစ်ထပ်ပဲ ဘုန်းပေးတော်မူလေ့ရှိတာမို့လို့ အဲဒီတစ်နေ့ ရေဘုဉ်းပေးတော်မူပါတယ်။
MA ဦးဇင်း ။ ။ ဆွမ်းဓူတင်ငါးပါး ဆောင်တော်မူပါသလားဘုရား။
ဆရာတော် ။ ။ ဆရာတော်ကြီးက ဘယ်ဓူတင်တွေ ဆောင်ပါတယ်လို့တော့ တစ်ခါမှ မိန့်တော် မမူခဲ့ဖူးဘူးဦးဇင်း။ သို့သော် ဓူတင်များစွာကို အမြတ်ဆုံးဥက္ကဋ္ဌအဖြစ် ဆောင်တော်မူနေတယ်ဆိုတာ ဆရာတော်ကြီးကို တပည့်များကအနီး၊ အဝေး အကဲခတ်ခြင်းဖြင့်လည်း သိရတယ်။ ဓူတင်ဆိုင်ရာ ခဲရာ၊ ခဲဆစ်များကို မေးမြန်းလျှောက်ထားတိုင်း မေးခွန်းရှင်ကျေနပ်သည့်အထိ ဖြေကြားပေးတော်မူနေခြင်းကြောင့်လည်း ကြ ည်ညိုမဆုံး ဖြစ်ရပါတယ်ဦးဇင်း။
MA ဦးဇင်း ။ ။ သာသနာတော်မှာ ဓူတင်ကို ကြောင်လက်သည်းဝှက်သလို ကျင့်တော်မူတဲ့ သံဃာတော်များအကြောင်း အခုလိုသိခွင့်ရလို့ ကြ ည်ညိုမဆုံး ဖြစ်ရပါတယ်ဘုရား။
အရှင်ဒေဝဒတ်ရဲ့ အပြစ်မကင်းတဲ့ တောင်းဆု
MA ဦးဇင်း ။ ။ သာသနာတော်မှာ အရှင်မဟာကဿပက ဓူတင်အရာ ထိပ်တန်းလို့ ဖတ်ဖူး ပါတယ်ဘုရား။
ဆရာတော် ။ ။ ဟုတ်ပါတယ် ဦးဇင်း။
MA ဦးဇင်း ။ ။ အရှင်ဒေဝဒတ်လည်း ဓူတင်ဆိုင်ရာ ဘုရားရှင်ထံပါး တောင်းဆုပြုတာရှိတယ်လို့ ဖတ်ဖူးပါတယ်ဘုရား။
ဆရာတော် ။ ။ ဟုတ်ပါတယ်။ အရှင်မဟာကဿပက ဓူတင်ကို အမြတ်တနိုးဖြင့် ရာသက်ပန် ဆောင်တော်မူခဲ့တာ ဦးဇင်း။ အရှင်ဒေဝဒတ်ကျတော့ အကြံဆိုးကြီးနဲ့ ဘုရားရှင်ထံတော်ပါး တောင်းဆု ပန်တာပါ။
MA ဦးဇင်း ။ ။ ဘယ်လိုအကြံဆိုးနဲ့ ဘယ်လိုဆုများကို ပန်ဆင်ခဲ့တာပါလဲဆိုတာ အသေးစိတ် သိပါရစေဘုရား။
ဆရာတော် ။ ။ အသေးစိတ်ကြီး မဟုတ်သော်လည်း သိသင့်သလောက်ထဲက လိုအပ် သလောက် ပြောပြမယ်နော်။
MA ဦးဇင်း ။ ။ သိသင့်သလောက်ကိုလည်း သိချင်ပါတယ်ဘုရား။
ဆရာတော် ။ ။ ဘုရားဖြစ်တော်မူပြီး နောက်နှစ်မှာ သာကီဝင်မင်းသား ၆ ပါး ဘုရားရှင် နောက် လိုက်လာပြီး ရဟန်းပြုကြတယ်။ ဘယ်သူတွေလဲဆိုရင် ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဗဂု၊ ကိမိလ နှင့် ဒေဝဒတ္တ တို့ ဖြစ်ကြတယ်။ သူတို့နဲ့အတူ ဆတ္တာသည် ဥပါလိလည်း ပါသေးတယ်။ ရဟန်းဖြစ်ပြီးနောက် အရှင်ဘဒ္ဒိယ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ဗဂုနှင့် အရှင်ကိမိလတို့ ၄ ပါး ရဟန္တာ ဖြစ်တော်မူကြ တယ်။ အရှင်အာနန္ဒာက သောတာပန်မှာပဲတင်နေပြီး အရှင်ဒေဝဒတ်ကတော့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုမရဘဲ အဘိညာဉ်တစ်မျိုးပဲရတယ် ဦးဇင်း။၁
ကျမ်းညွှန်း ၁။ (၇) သံဃဘေဒကက္ခခန္ဓက၊ ပဌမဘာဏဝါရေ၊ စူဠဝဂ္ဂပါဠိ (နှာ-၃၃၉)
MA ဦးဇင်း ။ ။ အရှင်ဒေဝဒတ်က ဘာတရားထူးမှ မရတာပါလားဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ သာသနာတော်မှာ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန် တို့ကို ဘုရားရှင်က အဂ္ဂသာဝကအရာ အပ်နှင်းတော်မူတော့ မင်းမျိုးကိုမခန့်ဘဲ၊ ပုဏ္ဏားမျိုးကို ခန့်လို့ဆိုပြီး အရှင်ဒေဝဒတ် ပြဿနာရှာဖူးတယ်။ နောက်ပိုင်း ကျတော့ ဘုရားထံပါးက သံဃာထုကို သူ့ဆီအပ်ထားပြီး အေးအေးဆေးဆေး သမာပတ်ဝင်စားပြီးနေတော်မူဖို့ သူကလျှောက်သေးတယ်။
MA ဦးဇင်း ။ ။ ဘုရားပင်ပန်းမှာစိုးရိမ်လို့ လျှောက်တာပါလားဘုရား။
ဆရာတော် ။ ။ အခုလိုစိတ်ကောင်းနဲ့ လျှောက်ထားတာမဟုတ်ပါဘူး။ သူက ဘုရားလုပ်ချင် နေတာမို့ သဘောဆိုးနဲ့ လျှောက်တာပါ။ ဘုရားရှင် လက်ခံတော်မမူပါဘူး။ဒါကြောင့် သူက ဓူတင်အကြောင်းအရာပါတဲ့တောင်းဆု ၅ ပါးကို တောင်း ပြန်တယ်။
MA ဦးဇင်း ။ ။ ဓူတင်အကြောင်းအရာပါနေလို့ အဲဒီ ၅ ပါးကို သိပါရစေဘုရား။
ဆရာတော် ။ ။ ကောင်းပြီ။ စာထဲကအတိုင်း ပြောပြမယ်နော်။ “ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား အကျွန်ုပ် တောင်းပန်ပါ၏။
(၁) ရဟန်းအားလုံး အသက်ထက်ဆုံး တောကျောင်းနေကြပါစေ။ ရွာနီးကျောင်းသို့ တက်ရောက် နေထိုင်သော ရဟန်းအား အပြစ်ရောက်ပါစေ။
(၂) ရဟန်းအားလုံး အသက်ထက်ဆုံး ပိဏ္ဍပါတ်ဓူတင်ဆောင်ချည်း ဖြစ်ကြ ပါစေ (ဆွမ်းခံ၍ချည်း စားကြပါစေ)။ ဒါယကာတို့ ပင့်ဖိတ်၍ ကျွေးသောဆွမ်းကို စားဖို့ရန် လက်ခံသောရဟန်းအား အပြစ်ရောက်ပါစေ။
(၃) ရဟန်းအားလုံး အသက်ထက်ဆုံး ပံသုကူဓူတင်ဆောင်ချည်း ဖြစ်ကြပါစေ (ပံသုကူ သင်္ကန်းကိုသာ ဝတ်ရုံကြပါစေ)။ လူဒါယကာတို့လှူသော သင်္ကန်း ကို လက်ခံသာယာသော ရဟန်းအား အပြစ်ရောက်ပါစေ။
(၄) ရဟန်းအားလုံး အသက်ထက်ဆုံး ရုက္ခမူဓူတင်ဆောင်ချည်း ဖြစ်ကြပါစေ (သစ်ပင်ရင်း၌သာ နေကြပါစေ)။ အမိုးရှိသောကျောင်းသို့ ချဉ်းကပ်သော ရဟန်းအား အပြစ်ရောက်ပါစေ။
(၅) ရဟန်းအားလုံး အသက်ထက်ဆုံး ငါး၊ အမဲကို မစားကြပါစေလင့် (သက်သတ်လွတ်သာ စားကြပါစေ)။ ငါး၊ အမဲကို စားသော ရဟန်းအား အပြစ်ရောက်ပါစေ”တဲ့ ဦးဇင်း။၁
ကျမ်းညွှန်း ၁။ (၃၃၄) ပဉ္စဝတ္ထုယာစနကထာ၊ စူဠဝဂ္ဂပါဠိ (နှာ-၃၅၉)
MA ဦးဇင်း ။ ။ တောင်းဆုတွေက တော်တော်ကြီး ကောင်းလွန်းပါတယ်ဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ ခြိုးခြံချွေတာစွာနဲ့ ရဟန်းဘဝကို ဖြတ်သန်းဖို့လို့ ထင်ရတဲ့ တောင်းဆုတွေပါပဲ ဦးဇင်း။ သို့သော် အရှင်ဒေဝဒတ်ရဲ့ အကြံက ကောက် ကျစ်တယ်။ မဖြောင့်မှန်ဘူး။ မရိုးသားဘူး။
MA ဦးဇင်း ။ ။ ဘယ်လို မရိုးသားတာပါလဲဘုရား။
ဆရာတော် ။ ။ အကယ်၍ ဘုရားရှင်က သူလျှောက်တာကို လက်ခံတော်မူရင် သူ့လောက် ဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်က မစူးရှဘူး။ သူက ပိုသိတယ်ဆိုပြီး သဗ္ဗညုတဉာဏ်တော်ကို ပျက်ရယ်ပြုတော့မှာ။
MA ဦးဇင်း ။ ။ ဘုရားရှင်က တောင်းဆုကို ပယ်ချတော်မူရင် သူဘယ်လိုလုပ်မှာလဲဘုရား။
ဆရာတော် ။ ။ ပယ်ချတော်မူရင်၊ ဒီလောက်မြင့်မြတ်တဲ့၊ ဒီလောက်ကောင်းမွန်တဲ့၊ ဒီလောက် ခြိုးခြံမှု၊ ရောင့်ရဲမှုကို ဦးတည်တဲ့ သူ့ရဲ့ဆန္ဒတော်ကို ဘုရားမဖြည့်ဆည်း နိုင်တာသာကြည့်ကြ ငါသာဘုရားထက်သာအောင် ကျင့်တော့မှာမို့ ငါ့ဝါဒ ကြိုက်နှစ်သက်တဲ့ ရဟန်းတွေ လိုက်ခဲ့ကြပါဆိုပြီး သံဃာသင်းခွဲမှာပါ။
MA ဦးဇင်း ။ ။ အတော်ပက်စက်တဲ့ အကြံဆိုးကြီးပါလားဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ ဒါကြောင့် ဘုရားရှင်က ပယ်ချတော်မူလိုက်တယ်။ ဘုရားရှင် မိန့်တော်မူတာက “မသင့်လျော်ဘူး ဒေဝဒတ် –
(၁) အလိုရှိသော ရဟန်းသည် တောကျောင်း၌ နေပါစေ။ အလိုရှိသော ရဟန်းသည် ရွာနီး ကျောင်း၌ နေပါစေ။
(၂) အလိုရှိသော ရဟန်းသည် ပိဏ္ဍပါတ်ဓူတင်ဆောင် ဖြစ်ပါစေ။ (ဆွမ်းခံ၍ စားပါစေ။)။ အလိုရှိသောရဟန်းသည် ဒါယကာတို့ ပင့်ဖိတ်၍ ကျွေးသော ဆွမ်းကို လက်ခံသာယာပါစေ။။
(၃) အလိုရှိသော ရဟန်းသည် ပံသုကူဓူတင်ဆောင် ဖြစ်ပါစေ။ (ပံသုကူသင်္ကန်းကို ဝတ်ရုံပါစေ။)။ အလိုရှိသော ရဟန်းသည် ဒါယကာတို့ လှူဒါန်းသောသင်္ကန်းကို လက်ခံသာယာပါစေ။
(၄) ဒေဝဒတ် ငါဘုရားသည် ရှစ်လပတ်လုံး သစ်ပင်ရင်း အိပ်ရာနေရာကို ခွင့်ပြုအပ်ပြီး ဖြစ်လေ သည်။
(၅) (မြင်ခြင်း၊ ကြားခြင်း၊ ရွံရှာယုံမှားခြင်း) ဤအစွန်းသုံးပါးမှ ကင်းလွတ်ပြီး စင်ကြယ်သည့် မမြင်အပ်၊ မကြားအပ်၊ မရွံရှာ မယုံမှားအပ်သည့် ငါး၊ အမဲကို (စားသုံးဖို့ရန်) ငါဘုရား ခွင့်ပြုအပ်ပြီး ဖြစ်လေသည်”လို့ မိန့်တော်မူလိုက်ပါတယ်။
MA ဦးဇင်း ။ ။ အရှင်ဒေဝဒတ်က ဓူတင်ဆောင်တော်မူလိုဟန်ပဲ ပြတာပါလားဆိုတာ နားလည်ပါပြီဘုရား။ ကျေးဇူးတင်ပါတယ်ဘုရား။
ဓူတင်မဆောင်တဲ့ရဟန်းကို မရှုတ်ချရဘူး
ဆရာတော် ။ ။ ဓူတင်ဆောက်တည်တဲ့ရဟန်းဆိုတာ ရိုးသားရတယ်။ ခြိုးခြံရတယ်။ ရောင့်ရဲ ရတယ် ဦးဇင်း။
MA ဦးဇင်း ။ ။ မှန်ပါဘုရား။
ဆရာတော် ။ ။ မြတ်စွာဘုရားရှင်က တောရဆောက်တည်ပြီး အာရညကင်ဓူတင်ဆောင် ရဟန်း တစ်ပါးအနေနဲ့ “ငါသည် အာရညကင်ဓူတင်ကို ဆောက်တည်တယ်၊ တခြားရဟန်းတွေက အာရညကင်ဓူတင်ကို မဆောက်တည်ကြဘူး” လို့ တွေးတောဆင်ခြင်တယ်။ ပြီးတော့ အာရညကင် ဓူတင်ကို ဆောက်တည်သူ အဖြစ် မိမိကို ချီးမြှောက်ပြီး သူတစ်ပါးကို ရှုတ်ချတယ်ဆိုရင် ဘုရားရှင်က “ရဟန်းတို့ ဒါက သူယုတ်မာတို့၏ တရား”လို့ မိန့်ကြားတော်မူတယ်။
MA ဦးဇင်း ။ ။ မှန်ပါ။ ဘုရားတပည့်တော် အထူးဆင်ခြင်ပါ့မယ်ဘုရား။
ဆရာတော် ။ ။ ကောင်းပါပြီ။ ဘုရားရှင်က “အာရညကင်ဓူတင်ကို မဆောက်တည်သော်လည်း လောကုတ္တရာတရား အားလျော်သောတရားကို ကျင့်လေ့ရှိတယ်။ ရိုသေ ထိုက်အောင် ကျင့်လေ့ရှိတယ်။ တရားနဲ့လျော်စွာ ကျင့်လေ့ရှိတယ်ဆိုရင် အခုလို အကျင့်ကောင်းတဲ့ ရဟန်းကို ပူဇော်ထိုက်တယ်။ ချီးမွမ်းထိုက်တယ်”တဲ့။၁
MA ဦးဇင်း ။ ။ အာရညကင်ဓူတင်နဲ့ စပ်လျဉ်းပြီး ဘုရားရှင်ရဲ့ ဆန္ဒတော်ကို သိရပါပြီဘုရား။ ကျန်တဲ့ဓူတင်အပေါ်မှာ ဘုရားရှင်မိန့်ကြားချက်များ ရှိရင်လည်း သိပါရစေ။
ဆရာတော် ။ ။ မြတ်စွာဘုရားရှင်က ပံ့သကူဓူတင်ဆောင် ရဟန်းတစ်ပါးအနေနဲ့ “ငါသည် ပံ့သကူဓူတင်ကို ဆောင်တယ်၊ တခြားရဟန်းတွေက ပံ့သကူဓူတင်ကို မဆောင် ကြဘူး” လို့တွေးတော ဆင်ခြင်တယ်။ ပြီးတော့ ပံ့သကူဓူတင် ဆောင်သူအဖြစ် မိမိကို ချီးမြှောက်ပြီး သူတစ်ပါးကို ရှုတ်ချတယ်ဆိုရင် ဘုရားရှင်က “ရဟန်းတို့ ဒါက သူယုတ်မာတို့၏တရား” လို့ မိန့်ကြားတော်မူတယ်။ “ပံ့သကူဓူတင်ကို မဆောင်သော်လည်း လောကုတ္တရာတရား အားလျော်သော တရားကို ကျင့်လေ့ရှိတယ်။ ရိုသေထိုက်အောင် ကျင့်လေ့ရှိတယ်၊ တရားနဲ့လျော်စွာ ကျင့်လေ့ရှိတယ်ဆိုရင် အခုလိုအကျင့်ကောင်းတဲ့ ရဟန်းကို ပူဇော်ထိုက်တယ်၊ ချီးမွမ်းထိုက်တယ်” တဲ့ ဦးဇင်း။ နောက်ထပ် ပိဏ္ဍပါတ်ဓူတင်၊ ရုက္ခမူဓူတင်၊ ဧကာသနိက်ဓူတင်၊ သုသာန်ဓူတင်တွေမှာလည်း အလားတူ မိန့်ကြားတော် မူတယ်လို့ နားလည်ပါလေ ဦးဇင်း။
MA ဦးဇင်း ။ ။ မှန်ပါ၊ မှတ်သားထားပါ့မယ်ဘုရား။ ဘုရားရှင် ချီးမွမ်းထိုက်အောင် ကြိုးစား ပါ့မယ်ဘုရား။
ဆရာတော် ။ ။ ချီးမွမ်းထိုက်တဲ့ ဓူတင်ဆောင်ရဟန်းဖြစ်ဖို့ ဘုရားရှင်မိန့်တော်မူတာက “ဓူတင်ဆောင်တဲ့ရဟန်းက စိတ်မပျံ့လွင့်သူ ဖြစ်ရမယ်တဲ့။ ကျူပင်လို မထောင်လွှားသူ ဖြစ်ရမယ်တဲ့။ မလျှပ်ပေါ်သူ နှုတ်မကြမ်းသူ ဖြစ်ရမယ်တဲ့။ ဖရိုဖရဲ စကားမရှိသူ ဖြစ်ရမယ်တဲ့။ သတိရှိသူ ဖြစ်ရမယ်တဲ့၊ ဆင်ခြင်ဉာဏ်ရှိသူ ဖြစ်ရမယ်တဲ့။ တည်ကြည်သူ ဖြစ်ရမယ်တဲ့၊ စောင့်စည်းအပ်သော ဣန္ဒြေရှိသူ ဖြစ်ရမယ်တဲ့ ဦးဇင်း။၂
ကျမ်းညွှန်း ၁။ (၁၀၇) သပ္ပုရိသသုတ္တ၊ အနုပဒဝဂ္ဂ၊ ဥပရိပဏ္ဏာသပါဠိ (နှာ-၈၉)၊ ၂။ (၃၂) ဥဒ္ဓတသုတ္တံ၊ မေဃိယဝဂ္ဂ၊ ဥဒါနပါဠိ (နှာ-၁၂၁)
MA ဦးဇင်း ။ ။ ဒီအင်္ဂါနဲ့ညီရင် ချီးမွမ်းထိုက်ပြီလားဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ ဒီအင်္ဂါအချက်တွေရဲ့ ဆန့်ကျင်ဘက်ဆိုရင်တော့ ကဲ့ရဲ့ထိုက်တဲ့ ရဟန်းဖြစ်ပြီ ဦးဇင်း။
MA ဦးဇင်း ။ ။ ဘုရားရှင် ချီးမွမ်းထိုက်တဲ့ ရဟန်းဖြစ်အောင် ကြိုးစားပါ့မယ်ဘုရား။
ဆရာတော် ။ ။ သာဓု၊ သာဓု၊ သာဓုပါဘုရား။ ဆွမ်းခံချိန်ရောက်ပြီ၊ ဒီနေ့တော်ကြစို့ ဦးဇင်း။
အနာဂတ်သာသနာဘေး
ဆရာတော် ။ ။ သာသနာတော်ရဲ့ အနာဂတ်မှာ ကြုံလာလတ္တံ့သော ဘေးရန်အန္တရာယ်ကို လည်း ဘုရားရှင်ဟောတော်မူတာ ရှိသေးတယ်ဦးဇင်း။
MA ဦးဇင်း ။ ။ အနာဂတ်သာသနာတော်ရဲ့ ဘေးရန်ကိုလည်း အသေးစိတ် သိပါရစေဘုရား။
ဆရာတော် ။ ။ ဘုရားရှင်က “အနာဂတ်ကာလမှာ ရဟန်းတွေက သင်္ကန်းကောင်းကောင်းကို အလိုရှိကြလိမ့်မယ်။ ဒါကြောင့် သူတို့ ပံ့သကူဓူတင်ဆောင်တဲ့ ကျင့်စဉ် ကောင်းကို စွန့်လွှတ်ကြလိမ့်မယ်” တဲ့။
MA ဦးဇင်း ။ ။ ဒီကနေ့ခေတ်မှာ ဒါတွေ ဖြစ်လာနေပြီလားဘုရား။
ဆရာတော် ။ ။ ဖြစ်လာပြီ။ ဖြစ်လာတာတောင် ကြာပါပြီဦးဇင်း။ ဘုရားရှင် ဆက်ဟောတော် မူတာက “ရဟန်းတွေက အနာဂတ်ကာလမှာ အစွန်အဖျားကျတဲ့ တောကျောင်းတွေကို စွန့်လွှတ်ပြီးတော့ မြို့၊ ရွာ၊ နိဂုံး၊ မင်းနေပြည်တွေမှာ နေထိုင် သီတင်းသုံးကြလိမ့်မယ်။ သင်္ကန်းကောင်းကောင်း ရဖို့အတွက် ဘုရားရှင် ခွင့်ပြု တော်မမူတဲ့ မလျောက်ပတ်တဲ့ နည်းတွေသုံးပြီး မအပ်စပ်တဲ့ အဝတ်သင်္ကန်း တွေကို ရှာမှီးကြလိမ့်မယ်”တဲ့ ဦးဇင်း။၁
ကျမ်းညွှန်း ၁။ (၈၀) စတုတ္ထအနာဂတဘယသုတ္တ၊ ကောဓာဇီ၀၀ဂ္ဂ၊ အင်္ဂုတ္တရပါဠိ၊ (ဒုတိယတွဲ၊ နှာ-၉၆)
MA ဦးဇင်း ။ ။ ဒါတွေလည်း အခုဖြစ်လာနေပြီလားဘုရား။
ဆရာတော် ။ ။ ဖြစ်လာတာတောင် ကြာလှပါပြီ ဦးဇင်း။
MA ဦးဇင်း ။ ။ စိတ်မကောင်းစရာပါဘုရား။
ဆရာတော် ။ ။ ဘုရားရှင် ဆက်ဟောတော်မူပါတယ်။ “အနာဂတ်ကာလမှာ ရဟန်းတွေက ဆွမ်းကောင်းကောင်းကို အလိုရှိကြလိမ့်မယ်။ ဒါကြောင့် သူတို့ ပိဏ္ဍပါတ် ဓူတင်ဆောင်တဲ့ ကျင့်စဉ် ကောင်းကို စွန့်လွှတ်ကြလိမ့်မယ်”တဲ့။ ပြီးတော့ “ရဟန်းတွေက အနာဂတ်ကာလမှာ ဆွမ်းခံတဲ့အကျင့်ကို စွန့်လွှတ်ပြီးတော့ မြို့၊ ရွာ၊ နိဂုံး မင်းနေပြည်တွေမှာ နေထိုင်သီတင်းသုံးကြလိမ့်မယ်။ လျှာဖျားနဲ့ အရသာကောင်းကောင်း ခံစားရဖို့အတွက် ဘုရားရှင် ခွင့်ပြုတော်မမူတဲ့ မလျောက်ပတ်တဲ့ နည်းတွေသုံးပြီး၊ မအပ်စပ်တဲ့ စားသောက်ဖွယ်ရာတွေကို ရှာမှီးကြလိမ့်မယ်” တဲ့ ဦးဇင်း။၁
MA ဦးဇင်း ။ ။ ဒါတွေလည်း အခုဖြစ်လာနေပြီလားဘုရား။
ဆရာတော် ။ ။ ဖြစ်လာတာတောင် ကြာလှပါပြီ ဦးဇင်း။
MA ဦးဇင်း ။ ။ လေးအသင်္ချေ ကမ္ဘာတစ်သိန်းကာလတိုင်တိုင် ဒုက္ခများစွာ ခံပြီးတော့မှ ပေါ်ပေါက်လာတဲ့ သာသနာတော်ကြီး ကာလမကြာမီမှာပဲ ဆုတ်ယုတ် သွားတာ စိတ်မကောင်းပါဘုရား။
ဆရာတော် ။ ။ ဘုရားရှင် ဟောတော်မူတာ ရှိပါသေးတယ်။ “နောင်အနာဂတ်ကာလမှာ ရဟန်းတွေက ကျောင်းကောင်းကောင်းကို အလိုရှိလာကြလိမ့်မယ်။ ဒါကြောင့် သူတို့ သစ်ပင်ရင်းမှာ နေရတဲ့ ရုက္ခမူဓူတင်ဆောင်တဲ့ ကျင့်စဉ်ကောင်းကို စွန့်လွှတ်ကြလိမ့်မယ်” တဲ့။ ပြီးတော့ “ရဟန်းတွေက အနာဂတ်ကာလမှာ အစွန် အဖျားကျတဲ့ တောကျောင်းတွေကို စွန့်လွှတ်ပြီးတော့ မြို့၊ ရွာ၊ နိဂုံး၊ မင်းနေပြည် တွေမှာ နေထိုင် သီတင်းသုံးကြလိမ့်မယ်။ ကျောင်းကောင်းကောင်း ရဖို့အတွက် ဘုရားရှင် ခွင့်ပြုတော်မမူတဲ့ မလျောက်ပတ်တဲ့ နည်းတွေသုံးပြီး မအပ်စပ်တဲ့ ပစ္စည်းတွေကို ရှာမှီးကြလိမ့်မယ်” တဲ့ ဦးဇင်း။
ဥက္ကဋ္ဌ၊ မဇ္ဈိမ၊ မုဒု
MA ဦးဇင်း ။ ။ ပိဏ္ဍပါတ်ဓူတင်ဆောင် ရဟန်းများအတွက် ဥက္ကဋ္ဌ၊ မဇ္ဈိမ၊ မုဒု အဖြစ်ကို လည်းသိပါရစေဘုရား။
ဆရာတော် ။ ။ ကောင်းပါပြီ။ ပိဏ္ဍပါတ်ဓူတင်ဆောင် ဥက္ကဋ္ဌပုဂ္ဂိုလ်က ရှေ့မှကြိုပြီး လောင်း လှူတဲ့ဆွမ်းကိုလည်း ခံယူကောင်းတယ်။ နောက်ကနေ လိုက်လာပြီး လောင်းလှူတဲ့ဆွမ်းကိုလည်း ခံယူကောင်းပါတယ်။
MA ဦးဇင်း ။ ။ ဆွမ်းဘုဉ်းပေးဖို့ ထိုင်နေတုန်းမှာ လာလှူတဲ့ဆွမ်းကိုလည်း ယူလို့ ရပါသေး သလားဘုရား။
ဆရာတော် ။ ။ ရတယ်၊ ရတယ်။ ဆွမ်းခံရာကနေ ပြန်လာပြီး ဆွမ်းဘုဉ်းပေးတဲ့နေရာ ထိုင်နေ တုန်းမှာ ဒါယကာတို့ လာလှူဒါန်းတဲ့ ဆွမ်းကိုလည်း ယူလို့ရတယ်ဦးဇင်း။ ပြီးတော့ အိမ်တစ်အိမ် ရှေ့မှာ ဆွမ်းရပ်နေတုန်း အိမ်ရှင်က သပိတ်ယူသွားပြီးတော့ ဆွမ်းထည့်ကပ်လာရင်လည်း ပိဏ္ဍပါတ် ဓူတင်ဆောင် ဥက္ကဋ္ဌပုဂ္ဂိုလ်က ခံယူလို့ ရသေးတယ်။၂ ကျန်တဲ့ ဆွမ်းဓူတင်တွေရဲ့ ကျင့်စဉ်နဲ့ ရောထွေးပြီး မစဉ်းစားရဘူးနော်။
ကျမ်းညွှန်း ၁။ (၈၀) စတုတ္ထအနာဂတဘယသုတ္တ၊ ကောဓာဇီ၀၀ဂ္ဂ၊ အင်္ဂုတ္တရပါဠိ၊ (ဒုတိယတွဲ၊ နှာ-၉၆)၊ ၂။ (၃) ပိဏ္ဍပါတိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၆၃)
MA ဦးဇင်း ။ ။ ပိဏ္ဍပါတ်ဓူတင်ဆောင် ဥက္ကဋ္ဌပုဂ္ဂိုလ်အတွက် ဘယ်အနေအထားဆိုရင် မရတော့မှာလဲဘုရား။
ဆရာတော် ။ ။ ဟုတ်ပြီ။ အခုပြောပြမယ်နော်။ “ဒီနေ့တစ်ရက် ဆွမ်းခံမကြွပါနဲ့ဘုရား၊ တပည့်တော်တို့ ဆွမ်းလာပို့ပါမယ်” လို့ ဖိတ်ကြားလာရင် ပိဏ္ဍပါတ်ဓူတင် ဥက္ကဋ္ဌပုဂ္ဂိုလ်က လက်မခံရဘူး။
MA ဦးဇင်း ။ ။ မှန်ပါ၊ တစ်ရက်ကလေး ဆွမ်းခံမကြွပါနဲ့ဘုရား။ တပည့်တော် ဆွမ်းလာပို့မယ် ဆိုရင် ဥက္ကဋ္ဌပုဂ္ဂိုလ်က လက်မခံရတာပါလားဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ ဒါက ပိဏ္ဍပါတ်ဓူတင် ဥက္ကဋ္ဌပုဂ္ဂိုလ်ရဲ့ ထူးခြားချက်ပါပဲ။
MA ဦးဇင်း ။ ။ မဇ္ဈိမရဲ့ ထူးခြားချက် ဘာများရှိပါသလဲဘုရား။
ဆရာတော် ။ ။ ပိဏ္ဍပါတ်ဓူတင် မဇ္ဈိမပုဂ္ဂိုလ်က “ဒီနေ့တစ်ရက် ဆွမ်းခံမကြွပါနဲ့ဘုရား။ တပည့်တော်တို့ ဆွမ်းလာပို့ပါမယ်”လို့ တစ်ရက်အတွက် ဖိတ်ကြားလာတာကို လက်ခံခွင့်ရှိတယ်။
MA ဦးဇင်း ။ ။ နောက်ရက်တွေအတွက်လည်း ဆွမ်းခံမကြွဘဲ လက်ခံခွင့် ရှိပါသေးသလားဘုရား။
ဆရာတော် ။ ။ မရှိတော့ဘူး။ ဒီနေ့တစ်ရက်အတွက်ပဲ ရတယ်ဘုရား။
MA ဦးဇင်း ။ ။ ဥက္ကဋ္ဌလည်း သိရပါပြီဘုရား။ မဇ္ဈိမလည်းသိရပါပြီ မုဒုရဲ့အခြေအနေကို သိပါရစေဘုရား။
ဆရာတော် ။ ။ မုဒုပုဂ္ဂိုလ်ကျတော့ မနက်ဖြန်အတွက် ဖိတ်ကြားလာရင်လည်းရတယ်။ သန်ဘက် ခါအတွက် ဖိတ်ကြားရင်လည်း လက်ခံလို့ရပါတယ်။ နှစ်ရက်အထိ လက်ခံခွင့်ရှိတယ်လို့လည်း တချို့ ဆရာတော်များက ဆုံးဖြတ်ကြတယ်။ တချို့ဆရာသမားများက မုဒုပုဂ္ဂိုလ်အတွက် ရက်အကန် အသတ်မရှိ ဖိတ်ကြား တာကို လက်ခံခွင့်ရှိတယ်လို့လည်း ဆုံးဖြတ်တာ ကြုံဖူးတယ်။
MA ဦးဇင်း ။ ။ မှန်ပါ။ နားလည်ပါပြီဘုရား။
ဆရာတော် ။ ။ ဆွမ်းဓူတင်ငါးပါး ယူတော်မူကြတဲ့ ပုဂ္ဂိုလ်အတွက် ဓူတင်ဆိုင်ရာဆုံးဖြတ် တာမှာ ဘက်ပေါင်း စုံအောင်ကြည့်ပြီး သုံးသပ် ဆုံးဖြတ်ကြရပါတယ်။ ဝိနည်းမှာ “ဂရုက လဟုကေသု ဂရုကေ ဌာတဗ္ဗ” လို့ဆိုထားသလို ဓူတင်အရာ မှာလည်း ဓူတင်ကို မြတ်နိုးတော်မူကြတဲ့ ဆရာသခင်များက အလေးဂရု ဘက်ကို မြတ်နိုးတော်မူကြပါတယ်။
MA ဦးဇင်း ။ ။ မှန်ပါဘုရား။
ဆရာတော် ။ ။ ဆွမ်းခံကြွရာမှာ ကျောင်းဝင်းအပြင်မှာ လောင်းတာကို လက်ခံတော်မူတာ ရှိသလို အချို့သော ထေရ်ရှင်များက ရွာကနေ ဆွမ်းခံကြွလာပြီး ကျောင်းအနီးရောက်မှ လောင်းမဲ့ဆွမ်းကို ခံယူတော် မမူလိုကြဘူး။
MA ဦးဇင်း ။ ။ ဘယ်နေရာက စောင့်ပြီး လောင်းတာကို လိုလားတော်မူကြပါသလဲဘုရား။
ဆရာတော် ။ ။ ဘုန်းကြီးတို့ရဲ့ ဆရာသမားတစ်ပါးက ရွာထဲ၊ ရွာအပြင်၊ ရွာအနီးအနားဆိုရင် သပိတ်ဖုံးဖွင့်ပြီး ချီးမြှောက်တော်မူတယ်။ ကျောင်းဝင်းအနီးမှာ လာလောင်းရင်တော့ သပိတ်ဖုံး ဖွင့်ပေးလေ့ မရှိကြဘူး ဦးဇင်း။
MA ဦးဇင်း ။ ။ မှတ်သားပါ့မယ်ဘုရား။ သိသင့်တာတွေ သိပါရစေဘုရား။
ဆရာတော် ။ ။မဇ္ဈိမနှင့်မုဒု ပုဂ္ဂိုလ်တို့က ဆွမ်းပို့လာမဲ့ ဒါယကာကို စောင့်မျှော်ရတယ်။ ဥက္ကဋ္ဌ ပုဂ္ဂိုလ်က ဘယ်သူမှ စောင့်နေ၊ မျှော်နေစရာ မရှိလို့ကို လွတ်လပ်တာပါ။
MA ဦးဇင်း ။ ။ မှန်ပါဘုရား။
ဆရာတော် ။ ။ သူတစ်ပါးနှင့် မစပ်ဘဲ လွတ်လပ်ချမ်းသာစွာနေရတဲ့ သုခကိုလည်း ဥက္ကဋ္ဌ ပုဂ္ဂိုလ်က ရတယ်ဦးဇင်း။ ဘာ့ကြောင့်ရတာလဲဆိုရင် ဘယ်တစ်စုံတစ်ဦးသော ဒါယကာ၊ ဒါယိကာမကကိုမှ ဆွမ်းကိစ္စအတွက် စောင့်ဆိုင်းစရာ မလိုတော့ဘူး။ ဆွမ်းခံပြီး ဆွမ်းဘုဉ်းလိုက်ရုံပဲဦးဇင်း။ သို့သော် မဇ္ဈိမရဟန်းနှင့် မုဒုရဟန်းတို့က “တပည့်တော်ကို ဒါယကာတစ်ယောက်က ဆွမ်းလောင်းလှူဖို့ လျှောက်ထားတဲ့အတွက် စောင့်နေပါရစေဘုရား” ဆိုတော့ လွတ်လပ်သေးရဲ့ လားဦးဇင်း။
MA ဦးဇင်း ။ ။ တပည့်တော် နားလည်ပြီဘုရား။ အနှောင်အဖွဲ့လွတ်တဲ့အရသာကို ပိဏ္ဍပါတ် ဓူတင် ဥက္ကဋ္ဌပုဂ္ဂိုလ်က ရသော်လည်း ကျန်တဲ့ပုဂ္ဂိုလ်များက မရဘူးဘုရား။
ဆရာတော် ။ ။ ဟုတ်တယ်။ ဆက်ကြည့်ရအောင် မုဒုပုဂ္ဂိုလ်ဆိုရင် “တပည့်တော်က ဒီနေ့ရော မနက်ဖြန်အတွက်ပါ ဒါယကာရဲ့ ဆွမ်းကို လက်ခံထားပါတယ်ဘုရား” တဲ့။ ဥက္ကဋ္ဌပုဂ္ဂိုလ်လို လွတ်လပ် ချမ်းသာစွာ သွားနိုင်တဲ့အရသာမရှိတာကို ဆိုလိုတာပါ။
MA ဦးဇင်း ။ ။ မှန်ပါ။ တပည့်တော် မှတ်သား လိုက်နာပါမယ်ဘုရား။
ပိဏ္ဍပါတ်ဓူတင်ဆောင် ရဟန်းရသည့်အကျိုး ၁၅ ပါး
(၁) ဆွမ်းခံ၍ရသော တစ်လုတ်တစ်ခဲ ဆွမ်းဘောဇဉ်ကို မှီ၍ ရဟန်းဘဝမျှတကာ တည်နေရ ၏ဟူသော မြတ်စွာဘုရားရှင်၏ စကားတော်ကြောင့် ရဟန်းဖြစ်စက သိမ်ထဲ၌ ဝန်ခံခဲ့သော ပဌမ နိဿယနှင့် လျော်သော အကျင့်ရှိခြင်း။
(၂) ဒုတိယ အရိယဝံသတရား၌ တည်ခြင်း၊
(၃) သူတစ်ပါးနှင့် မစပ်သော အသက်မွေးမှုရှိခြင်း၊
(၄) အဖိုးလည်း နည်းကုန်၏။ ရလည်း ရလွယ်ကုန်၏။ “ထိုအဖိုးနည်း၍ ရလွယ်သော ပစ္စည်းတို့သည် အပြစ်လည်းမရှိကုန်”ဟု မြတ်စွာဘုရား ချီးမွမ်းအပ်သော ပစ္စည်း ရှိသည်၏အဖြစ်၊
(၅) ဆွမ်းခံရန် ပျင်းရိခြင်းကို နှိမ်နင်းနိုင်သည်၏အဖြစ်၊
(၆) စင်ကြယ်သော အသက်မွေးမှုရှိခြင်း၊
( ၇) သေခိယကျင့်ဝတ်၏ ပြည့်ခြင်း၊
( ၈) သူတစ်ပါးကို မမွေးမြူရသည်အဖြစ်၊
( ၉) ဆွမ်းလောင်းလှူသော သူတစ်ပါးတို့အား ချီးမြှောက်ခြင်းကို ပြုခြင်း၊
(၁၀) အောက်ဆုံးဖြစ်သော အသက်မွေးမှု၌ တည်သဖြင့် မာန်မာနကို ပယ်ရခြင်း၊
(၁၁) များတာကို တားမြစ်ပယ်ရှားနိုင်ခြင်း၊
(၁၂) ဂဏဘောဇနသိက္ခာပုဒ်၊ ပရမ္ပရဘောဇနသိက္ခာပုဒ်၊ စာရိတ္တသိက္ခာပုဒ်တို့ဖြင့် အာပတ် မသင့်ခြင်း၊
(၁၃) အပ္ပိစ္ဆတာ စသည်တို့ အားလျော်သော အသက်မွေးခြင်း ရှိသည်၏အဖြစ်၊
(၁၄) ကောင်းမြတ်သော အကျင့်ပဋိပတ်ကို ပွားစေခြင်းနှင့်
(၁၅) နောင်လာနောက်သား အမျိုးသားအပေါင်းကို ဒိဋ္ဌာနုဂတိသို့ ရောက်စေခြင်းဖြင့် ချီးမြှင့် ရခြင်းတို့ ဖြစ်သည်။၁
ပိဏ္ဍိယာလောပသန္တုဋ္ဌော၊ အပရာယတ္တဇီဝိကော၊
ပဟီနာဟာရလောလုပ္ပေါ၊ ဟောတိ စာတုဒ္ဒိသော ယတိ။
ဝိနောဒယတိ ကောသဇ္ဇံ၊ အာဇီဝဿ ဝိသုဇ္ဈတိ၊
တသ္မာ ဟိ နာတိမညေယျ၊ ဘိက္ခာစရိယာယ သုမေဓသော။
ဧဝရူပဿ ဟိ –
“ပိဏ္ဍပါတိကဿ ဘိက္ခုနော၊ အတ္တဘရဿ အနညပေါသိနော၊
ဒေဝါပိ ပိဟယန္တိ တာဒိနော၊ နော စေ လာဘသိလောကနိဿိတော”တိ။၂
ဆွမ်းခံ၍ရသော တစ်လုပ်တစ်ခဲသောဆွမ်းဖြင့် ရောင့်ရဲသော သူတစ်ပါးနှင့် မစပ်သော အသက်မွေးခြင်းရှိသော အစာအာဟာရ၌ မက်မောသေ
လောလုပ္ပတဏှာကို ပယ်ပြီးသော ရဟန်းသည် အရပ်လေးမျက်နှာတို့၌ အပိတ်အပင်ကင်း၍ အလိုရှိရာသို့ သွားနိုင်ပေ၏။
ပျင်းရိခြင်းကိုလည်း ပယ်ဖျောက်နိုင်၏။ ထိုပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်း၏ အသက်မွေးမှုသည် စင်ကြယ်ပေ၏။
ထို (၃-ပါးသောအကြောင်း) ကြောင့် ကောင်းသောပညာနှင့် ပြည့်စုံသော ရဟန်းသည် ဆွမ်းခံသောအကျင့်ကို မထီမဲ့မြင် မအောက်မေ့ရာ။ မှန်ပေ၏။
ဤသို့သဘောရှိသော ကိုယ့်ကိုယ်ကိုသာ မွေးမြူသည်ဖြစ်၍ သူတစ်ပါးကို မမွေးမြူသော (ဣဋ္ဌာရုံ အနိဋ္ဌာရုံကို အတူပြု၍ ရှုနိုင်သဖြင့်)
တာဒိဂုဏ်နှင့် ပြည့်စုံသော ဆွမ်းခံလေ့ရှိသော ရဟန်းအား အကယ်၍ လာဘ်အကျော်အစောကို မမှီပါမူ
(သိကြားစေသော) နတ်တို့သော်လည်း ချစ်မြတ်နိုးကုန်သေး၏။၃
ကျမ်းညွှန်း ၁။ (၃) ပိဏ္ဍပါတိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၆၃)၊ ၂။ (၂၆) ပိဏ္ဍပါတိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၆၄)၊ ၃။ မဟာစည်ဆရာတော်ကြီး၏ ဝိသုဒ္ဓိမဂ်မြန်မာပြန် (ပထမတွဲ၊ နှာ-၂၁၅)