က။ မိဘထံ ခွင့်ပန်ခြင်း

 

၁။ ရှင်သာမဏေပြုရန် မိဘများထံခွင့်ပန်ရမည်။
မိဘများ သက်ရှိထင်ရှားရှိပါက ရှင်းလောင်းကိုယ်တိုင်သွား၍ဖြစ်စေ၊ အခြားတစ်ဦးဦးကို စေလွှတ်၍ ဖြစ်စေ မိဘများအား ပန်ပြောစေရမည်။ မိဘများခွင့်မပြုသောသူကို ရှင်ရဟန်းပြုမပေးရ၊ အကယ်၍ပြုပေး မိပါကပြုပေးသည့်ရဟန်း ဒုက္ကဋ်အာပတ်သင့်၏ဟု မဟာဝါအဋ္ဌကထာ၌ လာရှိပါသည်။

*ကျမ်းညွှန်း
(၁)“န ဘိက္ခေ၀ အနနုညာတော မာတာပိတူဟိ ပုတ္တော ။ပေ။ အာပတ္တိ ဒုက္ကဋဿာ”တိ ( မဟာဝါပါဠိ-၁၁၆)
(၂)အာပုစ္ဆန္တေန သယံ ဝါ ဂန္တာ အာပုစ္ဆိတဗ္ဗာ ။ပေ။ “ဂစ္ဆ မာတာပိတရော အာပုစ္ဆိတွာ ဧဟီ”တိ။ (ပါစိတ္တျာဒိအဋ္ဌကထာ-၂၉၂)

 

၂။ မွေးစားသားဖြစ်စေကာမူ ရှင်သာမဏေပြုရာတွင် ခွင့်ပန်ပြောရပါမည်။
မွေးစားသားဖြစ်စေကာမူ ကိုရင်ဝတ်သောအခါ ငြင်းခုန်မှုများ ကဲ့ရဲ့မှုများ ဖြစ်လာတတ်သောကြောင့် ပန်ပြောပြီးမှသာ ဝတ်သင့်ပါသည်။ မပန်ပြောဘဲ ကိုရင်ဝတ်ပေးသော ရဟန်းအားလည်း အာပတ်မသင့်ပါ။

*ကျမ်းညွှန်း
မာတာပိတရော မတာ၊ ဒါရကော စူဠမာတာနံ သန္တိကေ သံဝဒ္ဓေါ ။ပေ။ ဒဟရကာလေ ဂဟေတွာ ပေါသနကာ မာတာပိတရော နာမ ဟောန္တိ၊ တေသုပိ ဧသေ၀ နယော။ (ပါစိတ္တျာဒိအဋ္ဌ-၂၉၃)

 

၃။ မိဘကို မမှီခိုသောသား ရှင်သာမဏေပြုရာတွင်လည်း မိဘအား ပန်ပြောရမည်။
မိဘများကို မမှီခိုဘဲ မိမိခြေထောက်ပေါ် မိမိရပ်တည်၍နေသောသူ ရှင်ပြုရာတွင်လည်း မိဘများကို ပန်ပြောပြီးမှသာ ရှင်ပြုပေးရပါမည်။

*ကျမ်းညွှန်း
ပုတ္တော အတ္တာနံ နိဿာယ ဇီဝတိ၊ န မာတာပိတရော၊ သစေ ရာဇာပိ ဟောတိ အာပုစ္ဆိတွာ၀ ပဗ္ဗာဇ္ဇေတဗ္ဗော။ (ပါစိတ္တျာဒိအဋ္ဌကထာ-၂၉၃)

 

၄။ မိဘထံပါး ခွင့်တောင်းစရာလိုဘဲ ရှင်ပြုပေးကောင်းသည့် ရှင်လောင်းများ။
ရှင်မပြုပေးက ကျောင်းကိုမီးရှို့မယ်၊ လက်နက်ဖြင့်သင်တို့ကို ပုတ်ခတ်မယ်၊ သင်တို့၏ ဆွေမျိုး အလုပ်အကြွေးတို့၏ ဥယျဉ်ခြံမြေတို့ကို ခုတ်ဖြတ်မယ်၊ အကျိုးမဲ့ကို ဖြစ်စေမယ်၊ သစ်ပင်ပေါ်က ခုန်ချပြီး သေမယ်၊ ခိုးသူတို့ဆီကို သွားမယ်၊ ဤသို့ တစ်မျိုးမျိုးသော စကားဖြင့်ပြောလာသော ရှင်လောင်းကိုမူ သူ၏အသက်ကို စောင့်ရှောက်ခြင်းအကျိုးငှာ မိဘများအား ပန်မပြောဘဲ ရှင်ပြုပေးကောင်းပါသည်။

*ကျမ်းညွှန်း
သစေ မံ န ပဗ္ဗာဇ္ဇေထ၊ ဝိဟာရံ ဈာပေမိ ။ပေ။ တံ ဇီဝဿေ၀ ရက္ခဏတ္ထာယ ပဗ္ဗာဇ္ဇေတုံ ဝဋ္ဋတိ။ (ပါစိတ္တျာဒိအဋ္ဌကထာ-၂၉၃)

 

၅။ ဖခင်ကိုသာ ပန်ပြောသူအား ရှင်သာမဏေပြုပေးခြင်း။
မိဘနှစ်ပါး အသက်ရှင်ဆဲဖြစ်ပါက နှစ်ပါးလုံးကို ပန်ပြောပြီးမှ ရှင်ပြုပေးရမည်။ အကယ်၍ တစ်ပါးတည်း အသက်ရှင်လျက်ရှိပါက တစ်ပါးတည်းကို ပန်ပြောပြီး ရှင်ပြုပေးကောင်းပါသည်။ အသက်ထင်ရှား ရှိပါသော်လည်း သားသမီးကို မထောက်ပံ့တော့သော ဖခင်ကိုမူ ပန်ပြောရန် မလိုအပ်တော့ပါ။

*ကျမ်းညွှန်း
(၁)သစေ ဒွေ အတ္ထိ ဒွေပိ အာပုစ္ဆိတဗ္ဗာ ။ပေ။ ယော ဇီဝတိ။ သော အာပုစ္ဆိတဗ္ဗော။ (ပါစိတ္တျာဒိအဋ္ဌ-၂၈၄)
(၂)ပိတာဿ ကုဟန္တိ ဝုတ္တေ စိတ္တကီဠေယံ ကီဠီတုံ ပလာတောတိ ဝဒတိ၊ တံ ပဗ္ဗာဇေတုံ ဝဋ္ဋတိ။(ပါစိတ္တျာဒိအဋ္ဌ-၂၉၂)

 

 

ခ။ ရှင်လောင်းဆံချခြင်း

 

၁။ ရှင်သာမဏေပြုရာတွင်လိုက်နာရမည့် အစီအစဉ်များ။
ဆံပင်နှင့် မုတ်ဆိတ်ကိုပယ်ပြီး ဖန်ရည်ဆိုးသင်္ကန်းကို ဝတ်စေရမည်။ ဆောင့်ကြောင့်ထိုင်စေ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ရုံကိုစံပါယ် တင်စေရမည်။ ရဟန်းတို့၏ခြေတို့ကို ရှိခိုးစေရမည်။ ဆောင့်ကြောင့်ထိုင်စေပြီး လက်အုပ်ချီစေကာ သရဏဂုံသုံးပါးကို ပီသစွာပေး၍ ရှင်သာမဏေ ပြုပေးရပါမည်။

*ကျမ်းညွှန်း
ပဌမံ ကေသမဿုံ သြဟာရာပေတွာ ။ပေ။ ပဗ္ဗဇ္ဇံ ဥပသမ္ပဒန္တိ။(မဟာဝါပါဠိ-၂၉)

 

၂။ ရှင်လောင်းကို ဆံချပေးခါနီး၌ ဥပဇ္ဈယ်ဆရာ၏ ပြုကျင့်ဖွယ်ရာများ။
ရှင်လောင်းဆံချပေးခါနီး၌ ဥပဇ္ဈယ်ဆရာကိုယ်တိုင် ရှင်လောင်းကို ရေချိုးရာသို့ ခေါ်၍ မငယ်လွန်းပါက ‘ရေချိုးလော့’ဟု ဆိုရပါသည်။ ဆံပင်ကို ကိုယ်တိုင်ဆပ်ပြာဖြင့် ပွတ်ပေးရမည်။ ငယ်ရွယ်ပါက ကိုယ်တိုင် ရေသို့သက်ဆင်း၍ ဆပ်ပြာပွတ်၍ ရေချိုးပေးရသည်။ ဝဲနာ အိုင်းနာရှိလျှင် မိခင်ပမာ မရွံ့မရှာ လက်ခြေဦးခေါင်းတို့ကို ပွတ်၍ ကောင်းစွာ ရေချိုးပေးရမည်။
ဤသို့ပြုကျင့်ပေးပါက ဆရာဥပဇ္ဈယ်တို့၌လည်းကောင်း၊ သာသနာတော်၌လည်းကောင်း၊ ချစ် ကြောက်ရိုသေသဖြင့် မဆုတ်မနစ် နေနိုင်ကုန်၏၊ ပျင်းရိခြင်းကို ပယ်ဖျောက်၍ မထေရ်ကြီးအဖြစ်သို့ ရောက်နိုင်ကုန်၏။ ကျေးဇူးသိတတ်သူများ ဖြစ်ကြ၍ ကျေးဇူးကို တုန့်ပြန်တတ်သူများ ဖြစ်ကြလိမ့်မည်။

*ကျမ်းညွှန်း
သယမေ၀ နဟာနတိတ္ထံ နေတွာ နှာယိတွာ ။ပေ။ ကတညူ ကတဝေဒီနော ဟောန္တိ။ (ပါစိတ္တျာဒိဋ္ဌ-၂၄၉)

 

၃။ ဆံချပေးရန်လိုသည့် ရှင်လောင်းနှင့် မလိုအပ်သည့် ရှင်လောင်းများ။
လက်နှစ်သစ်ဆံပင်ရှိသော ရှင်လောင်းနှင့် လက်နှစ်သစ်ထက်တိုသော ရှင်လောင်းတို့အား ဆံချပေးရန် မလိုပါ။ လက်နှစ်သစ်ထက်ရှည်ပါက သံဃာ ပန်ပြောရမည်၊ ဆံချပြီးမှသာ ရှင်ပြုပေးရပါမည်။

*ကျမ်းညွှန်း
ဒွင်္ဂုလကေသော ဝါ ဦနဒွင်္ဂုလကေသော ဝါ၊ ။ပေ။ ဘဏ္ဍုကမ္မံ အာပုစ္ဆိတွာ၀ ပဗ္ဗာဇေတဗ္ဗော (မဟာဝဂ္ဂအဋ္ဌကထာ-၂၈၅)

 

၄။ ဆံမုတ်ဆိတ်မပယ်ဘဲ ရှင်သာမဏေမဖြစ်ပါ။
ဆံပင်၊ မုတ်ဆိတ်တို့ကို မရိတ်ပယ်ဘဲ သရဏဂုံပေးပါက ရှင်သာမဏေမဖြစ်ပါ။

*ကျမ်းညွှန်း
ဥပဇ္ဈာယော စေ ကေသမဿုသြရောပနာဒီနိ အကတွာ ပဗ္ဗဇတ္တံ သရဏာနိ ဒေတိ၊ နရုဟတိ ပဗ္ဗဇ္ဇာ၊ ကမ္မဝါစံ သာဝေတွာ ဥပသမ္ပာဒေတိ ရုဟတိ ဥပသမ္ပါဒေတိ၊ ရုဟတိ ဥပသမ္ပဒါ။ (ဝဇီရ-၄၁၁)

 

၅။ ရှင်လောင်းကို ဆံချရန် ကျောင်းရှိသံဃာတော်များအား ပန်ကြားရမည်။
ရှင်လောင်းကို အတူတကွခေါ်သွားကာ ဥပစာရသိမ်၌ အကျုံးဝင်သော သံဃာတော်တို့ကို စည်းဝေး၍ “သံဃာတော် အရှင်မြတ်တို့ဘုရား ဤရှင်လောင်း၏ ဆံချမှုကို ပန်ပြောပါ၏ဘုရား”ဟု လျှောက်ထား ရပါသည် (သို့မဟုတ်) ရှင်းလောင်းကို သံဃာတော်တို့ရှိရာသို့ ခေါ်မသွားဘဲ ရဟန်းငယ်တစ်ပါးကို သံဃာ ရှိရာသို့ စေလွှတ်ပြီး “သံဃာတော်အရှင်မြတ်တို့ဘုရား ရှင်လောင်းတစ်ပါးရှိပါသည်။ ထိုရှင်လောင်း၏ ဆံချမှုကို ပန်ပြောပါ၏ဘုရား”ဟု လျှောက်ထားစေရမည်။ အကယ်၍သံဃာစည်းဝေးပြီး ပန်ကြားရန် အခက်အခဲရှိသော ကျောင်းတိုက်ကြီး များအတွက်မှာမူခန္ဓသိမ်ထဲတွင် လည်းကောင်း၊ မြစ်သမုဒ္ဒရာစသော အခြားသိမ်အပိုင်း အခြားသို့ လည်းကောင်းသွား၍ ဆံချပေးရပါမည်။

*ကျမ်းညွှန်း
(၁)“အနုဇာနာမိ ဘိက္ခေ၀ သံဃံ အပလောကေတုံ ဘဏ္ဍုကမ္မာယ” (ပါစိတ္တျာဒိဋ္ဌ-၂၄၈) (မဟာဝါပါဠိ-၁၀၇)
(၂)သီမာပရိယာပန္နေ ဘိက္ခူ သန္နိပါတေတွာ ပဗ္ဗဇာပေက္ခံ ။ပေ။ ဘုဏ္ဍုကမ္မံ အာပုစ္ဆာမာတိအာဒိနာ နယေန အာပုစ္ဆာပေတုံ ဝဋ္ဋတိ။ (ပါစိတ္တျာဒိအဋ္ဌကထာ-၁၈၄)
(၃)ခဏ္ဍသီမာယံ ဝါ ဌာတွာ နဒီသမုဒ္ဒါဒီနိ ဝါ ဂန္တာ ပဗ္ဗာဇေတဗ္ဗော။(ပါစိတ္တျာဒိဋ္ဌ-၂၈၄)

 

၆။ ရှင်လောင်းကို ဆံချပေးနေစဉ် ပြောသင့်သောစကားနှင့် မပြောသင့်သောစကားများ။
ရှင်လောင်းကို ဆံချပေးနေ စဉ်ပြောကြားသင့်သောစကားမှာ “ငါ့ရှင် ကောင်းစွာ မှတ်သားလော့”ဟုဆို၍ တစပဉ္စကမ္မဋ္ဌာန်းကို ပြောကြားထိုက်ပါသည်။
မပြောသင့်သောစကားမှာ သင်ကားပြည့်စုံ ထင်ရှား၏။ ယခုအခါ၌ ငါတို့သည် သင့်ကိုမှီ၍ ပစ္စည်း လေးပါးဖြင့် မပင်ပန်းကြကုန်လတ္တံဟု မပြောထိုက်ပါ။ အခြားသောဝဋ်မှ မထွတ်မြောက်ကြောင်းစကားတို့ကိုလည်း မပြောထိုက်ပါ။

*ကျမ်းညွှန်း
ကေသမဿုံ သြရောပနကာလေ “တွံ ဉာတော ယသဿီ ။ပေ။ တစပဉ္စကမ္မဋ္ဌာနံ အာစိက္ခိဗ္ဗံ” (ပါစိတ္တျာဒိအဋ္ဌကထာ-၂၄၉)

 

၇။ ဆံချရာတွင် ရှင်လောင်းအား တစပဉ္စကမ္မဋ္ဌာန်း ပြောကြားရမည်။
ရှေး၌သင်္ခါရတို့ကို သုံးသပ်၍ ဝိပဿနာအားထုတ်ဖူးသူဖြစ်လျှင် နေရောင်လင့်သောကြာကဲ့သို့ နှလုံးသွင်းကာမျှနှင့် ကိလေသာဖြိုဖျက်နိုင်သော ဉာဏ်ဖြင့် သင်ဓုန်းဓားအဆုံး၌ ရဟန္တာဖြစ်နိုင်သည်။ ထိုအမျိုးကောင်းသားတို့သည် ကလျာဏမိတ္တဆရာကောင်းကို အမှီရ၍သာ ဖြစ်ကုန်၏။

*ကျမ်းညွှန်း
သစေ သော ပုဗ္ဗေ မဒ္ဒိတသင်္ခါရော ဟောတိ ။ပေ။ အာဒိတော၀ ဧဝရူပီ ကထာ ကထေတဗ္ဗာ။ (ပါစိတ္တျာဒိအဋ္ဌကထာ-၂၄၉)

 

၈။ ဥပဇ္ဈာယ်ဆရာကိုယ်စား ရဟန်းငယ်က ရှင်သာမဏေပြုပေးနိုင်သည်။
ဥပဇ္ဈာယ်ဆရာက တာဝန်ပေးအပ်ထားသည့် ရဟန်းငယ်သည် ဆံချခြင်း၊ သင်္ကန်းဝတ်ပေးခြင်း နှစ်မျိုးကိုသာ ပြုလုပ်နိုင်သည်ဟု သာရတ္ထဋီကာ၌ လာရှိပါသည်။ ဝိမတိဋီကာ၌မူ ဥပဇ္ဈာယ်ဆရာက တာဝန် ပေးအပ်ထားသည့် ရဟန်းငယ်သည် ဆံချခြင်း၊ သင်္ကန်းဝတ်ပေးခြင်း၊ သရဏဂုံပေးခြင်း သုံးမျိုးလုံးကို ပြုကျင့်နိုင်သည်ဟု လာရှိသည်။

*ကျမ်းညွှန်း
(၁)ဧတံ ပဗ္ဗာဇေဟီတိ ကေသစ္ဆေဒနံ ကာသာယစ္ဆာဒနဉ္စ သန္ဓာယ ဝုတ္တံ။(သာရတ္ထ-၂၀၁)
(၂)ပဗ္ဗာဇေဟီတိ ဣဒံ တိဝိဓမ္ပိ သန္ဓာယ ဝုတ္တံ။(ဝိမတိ-၉၄)

 

၉။ ရှင်သာမဏေပြုရန်လူနှင့်သာမဏေများအားတာဝန်ပေးနိုင်သည်။
ဆံချခြင်းကိုမူ လူ၊ ရှင်၊ ရဟန်း မည်သူမဆို ပြုခွင့်ရှိပါသည်၊ သင်္ကန်းဝတ်ပေးခြင်းကိုမူ ရဟန်းကစေခိုင်းပါက မည်သူ ဝတ်ပေးသည်ဖြစ်စေ၊ မိမိကိုယ်တိုင် စွမ်းနိုင်၍ ယူဝတ်ကလည်း အပြစ်မရှိ။ သရဏဂုံပေးခြင်း ကိုမူ ရဟန်းမှ အပအခြားသူ ကိုပေး၍မရပါ။

*ကျမ်းညွှန်း
(၁)ကေသောရောပနံ ယေန ကေနစိ ကတံ သုကတံ။(ပါစိတ္တျာဒိဋ္ဌ-၂၄၈)
(၂)သစေပိ အညံ ဒဟရံ ဝါ သာမဏေရံ ဝါ ။ပေ။ သဗ္ဗံ ဝဋ္ဋတိ။(ပါစိတ္တျာဒိဋ္ဌ-၂၅၀)
(၃)သရဏာနိ ပန ဘိက္ခုတော အညော ပဗ္ဗာဇေတုံ န လဘတိ။ (ပါစိတ္တျာဒိဋ္ဌ-၂၄၈)

 

ဂ။ ရှင်လောင်းသင်္ကန်းဝတ်ခြင်း

 

၁။ ရှင်သာမဏေပြုရန် လူနှင့်သာမဏေများအား တာဝန်ပေးနိုင်သည်။
ဆံချခြင်းကို လူ၊ ရှင်၊ ရဟန်းမည်သူမဆိုပြုခွင့်ရှိပါသည်၊ သင်္ကန်းဝတ်ပေးခြင်းကိုမူ ရဟန်းကစေခိုင်းပါက မည်သူ ဝတ်ပေးသည်ဖြစ်စေ ၊ မိမိကိုယ်တိုင် စွမ်းနိုင်၍ ယူဝတ်ကလည်း အပြစ်မရှိ။ သရဏဂုံပေးခြင်းကိုကား ရဟန်းမှအပ အခြားသူ ပေး၍မရပါ။

*ကျမ်းညွှန်း
(၁)ကေသောရောပနံ ယေန ကေနစိ ကတံ သုကတံ။(ပါစိတ္တျာဒိဋ္ဌ-၂၄၈)
(၂)သစေပိ အညံ ဒဟရံ ဝါ သာမဏေရံ ဝါ ။ပေ။ သဗ္ဗံ ဝဋ္ဋတိ။(ပါစိတ္တျာဒိဋ္ဌ-၂၅၀)
(၃)သရဏာနိ ပန ဘိက္ခုတော အညော ပဗ္ဗာဇေတုံ န လဘတိ။ (ပါစိတ္တျာဒိဋ္ဌ-၂၄၈)

 

၂။ ကိုယ်တိုင်သင်္ကန်းဝတ်လာသည့် ရှင်လောင်းအပေါ် ဥပဇ္ဈာယ်ဆရာ၏တာဝန်များ။
ဥပဇ္ဈာယ်ဆရာမစေခိုင်းဘဲ ကိုယ်တိုင်သင်္ကန်းဝတ်လာပါက သရဏဂုံပေး၍ မရပါ။ ထို့ကြောင့် ရှင်လောင်းကိုယ်တိုင်ဝတ်လာသော ထိုသင်္ကန်းကို ဖယ်ရှားပြီး ဥပဇ္ဈာယ်က သင်္ကန်းကို ပြန်ပေးပြီးမှ သရဏဂုံပေးရပါမည်။

*ကျမ်းညွှန်း
ယံ နိဝါသနံ ပါရုပနံ ဝါ အနာဏတ္တိယာ နိဝါသေတိ ။ပေ။ တံ အပနေတွာ ပုန ဒါတဗ္ဗံ။ (ပါစိတ္တျာဒိအဋ္ဌကထာ-၂၅၀)

 

၃။ ရှင်လောင်းကို သရဏဂုံပေးနည်း နှစ်မျိုးရှိပါသည်။
သရဏဂုံတို့ကို ပေးသောဆရာသည် ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ဟု ဧကသမ္ဗန္ဓ၊ အနုနာသိကန္တပြု၍ ပေးရသည်။ (ဝါ-နာသိကဌာန်ကိုပြု၍ ဝါကျတစ်ကြောင်းလုံး၏ အလယ်၌ အသံမပြတ်စေဘဲ တစ်ဆက်တည်း ဆိုရမည်ကို ဆိုလိုပါသည်။)
တနည်း ‘ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမိ’ ဟု မကာရန္တပြု၍ အကြား၌ဖြတ်၍ ပေးရပါသည်။ (မကာရန္တရွတ်သောအခါ အသံဖြတ်၍ ဖြတ်၍ ဆိုရပါသည်။)

*ကျမ်းညွှန်း
ဣမာနိ စ ပန ဒဒမာနေန ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမီ’တိ ။ပေ။ ဝိစ္ဆိန္ဒိတွာ မကာရန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ။ (ပါစိတ္တျာဒိဋ္ဌ-၂၅၁)

 

၄။ ရှင်သာမဏေက သူ၏ဝါကို လိမ်လည်၍ သံဃိကလာဘ်လာဘရလိုခြင်းနှင့် ရဟန်းက သူ၏ဝါကို လိမ်လည်၍သံဃိကလာဘ်လာဘရလိုခြင်း။
ရှင်သာမဏေကသူ၏ ဝါကို လိမ်လည်၍ သံဃိကလာဘ်ရယူပါက လိင်ကျပါသည်။ ရဟန်းကသူ၏ဝါကို လိမ်၍ သံဃိကလာဘ်ကို ရယူပါက ထိုရဟန်းသည် ဘဏ္ဍာတန်ဖိုးအလိုက် ပါရာဇိက စသည် အထိဆုံးဖြတ် ရပါသည်။

*ကျမ်းညွှန်း
သယံ သာမဏေရော၀ ကူဋဝဿာနိ ဂဏေတွာ ဂဏှန္တော ပါရာဇိကော ဟောတိ၊ ထေယျသံဝါသကော ပန န ဟောတိ။ တထာ ဘိက္ခုပိ၊ သော ပန ဘဏ္ဍဂ္ဃေန ကာရေတဗ္ဗော။ (ဝဇိရဗုဒ္ဓိဋီကာ-၄၃၀)

 

၅။ လိင်္ဂထေနက ဖြစ်သူနှင့် မဖြစ်သူ။
ရဟန်းတော်တို့ကို လိမ်လည်လို၍ သင်္ကန်းဝတ်လာပါက လိင်္ဂထေနကဖြစ်ပါသည်။ ရဟန်းတော်တို့အား လိမ်လည်လိုစိတ်မရှိဘဲ လူတို့ကိုသာ လိမ်လည်လိုသည့်စိတ်ဖြင့် သင်္ကန်းဝတ်လာပါက လိင်္ဂထေနက မဖြစ်ပါ။

*ကျမ်းညွှန်း
ရာဇဘယာဒီဟိ ဂဟိတလိင်္ဂတာယ သော သုဒ္ဓမာနသော ။ပေ။ ဘိက္ခူနံ ဝေဉ္စတုကာမတာယ အဘာဝါ ဒေါသော န ဇာတော။ (သာရတ္ထဋီကာ-တ-၂၅၇)

 

၆။ အပြစ်ရှိသောကြောင့် ကျောင်းမှနှသ်ထုတ်ထားသည့် သာမဏေအတွက် ရှင်သာမဏေဖြစ်ခွင့်။
ကျောင်းမှအပြစ်ကြောင့် နှင်ထုတ်ထားသည့် သာမဏေတစ်ပါး ရှင်ဖြစ်ရန်တောင်းပန်လာပါက သံဃာအား ပန်ပြောပြီးမှသာ ရှင်သာမဏေပြုပေးရပါမည်။

*ကျမ်းညွှန်း
သစေ ယာဝတတိယံ ဝုစ္စမာနော နသြရမတိ(ပ) ပုန ပဗ္ဗဇ္ဇံ ယာစမာနောပိ အပလောကေတွာ ပဗ္ဗာဇေတဗ္ဗောတိ ဝဒန္တိ။ (သာရတ္ထဋီကာ-တ-၂၅၆)

 

 

ဃ။ ဥပဇ္ဈာယ်ဆရာ (ရဟန်းပြုခန်း၌လည်းကြည့်ပါ)

 

၁။ ဥပဇ္ဈာယ်ဆရာနှင့် အာစရိယဆရာတို့မတူပါ။
ဥပဇ္ဈာယ်ယူထားသူရဟန်းသည် ဥပဇ္ဈာယ်မည်ပါသည်။
အာဘိသမာစာရိက ကျင့်ဝတ်တို့၌ ဆုံးမနိုင်ရန် အပ်နှံခံရသော ရဟန်းသည် ဆရာမည်ပါသည်။
ဥပဇ္ဈာယ်ဆရာသည်ပင် အာဘိသမာစာရိက ကျင့်ဝတ်တို့၌ ဆုံးမအံ့ ဥပဇ္ဈာယ်ဆရာသည်ပင် ဆရာလည်းမည်ပါသည်။

*ကျမ်းညွှန်း
ယဿ သန္တိကေ ဥပဇ္ဈံ ဂဏာတိ ။ပေ။ ဥပဇ္ဈာယော၀ အာစရိယော ဟောတိ။ (ဝိမတိ-၉၅)

 

၂။ ဥပဇ္ဈာယ်ယူပြီးနောက် ဆရာတပည့်တို့၏တာဝန်ဝတ္တရားများ။
ငါဥပဇ္ဈာယ်ယူပြီးပြီဟု သိရုံမျှဖြင့် မအပ်ပါ။ ယနေ့မှစ၍ မထေရ်သည် ငါ၏တာဝန် ငါသည်လည်း မထေရ်၏ တာဝန်ဖြစ်ပြီဟု သိထားရပါမည်။

*ကျမ်းညွှန်း
အဇ္ဇတဂ္ဂေ ဒါနိ ထေရော မယှံ ဘာရော၊ အဟမ္ပိ ထေရဿ ဘာရောတိ ဣဒမ္ပိ ဉာတုံ ဝဋ္ဋတိ။ (ပါစိတ္တျာဒိဋ္ဌ-၂၅၈)

 

၃။ ဥပဇ္ဈာယ်ယူခြင်းနှင့် ပေးခြင်းအကြောင်း။
“ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ”ဟု သုံးကြိမ်ဆိုခြင်းသည် ဥပဇ္ဈာယ်ယူခြင်း မည်၏။ “သာဟု-လဟု”စသည် ပုဒ်ငါးမျိုးတွင် တစ်မျိုးမျိုးကို ဥပဇ္ဈာယ်မှ ပြန်ပြောခြင်းသည် ဥပဇ္ဈာယ်ပေးခြင်းမည်၏။

*ကျမ်းညွှန်း
သာဟူတိ ဝါ ပဉ္စပဒါနိ ဥပဇ္ဈာယဘာဝသမ္ပဋိစ္ဆနဝေဝါစနာနိ။ပေ။အာယာစနဒါနမတ္တေန ဂဟိတော ဟောတိ ဥပဇ္ဈာယော။(ပါစိတ္တျာဒိဋ္ဌ-၂၅၈)

 

၄။ ရှင်သာမဏေက သူ၏ဝါကို လိမ်လည်၍ သံဃိကလာဘ်လာဘရလိုခြင်းနှင့် ရဟန်းက သူ၏ဝါကို လိမ်လည်၍ သံဃိကလာဘ်လာဘရလိုခြင်း။
ရှင်သာမဏေကသူ၏ ဝါကို လိမ်လည်၍ သံဃိကလာဘ်ရယူပါက လိင်ကျပါသည်။ ရဟန်းကသူ၏ဝါကို လိမ်၍ သံဃိကလာဘ်ကို ရယူပါက ထိုရဟန်းသည် ဘဏ္ဍာတန်ဖိုးအလိုက် ပါရာဇိက စသည်အထိ ဆုံးဖြတ်ရပါသည်။

*ကျမ်းညွှန်း
သယံ သာမဏေရော၀ ကူဋဝဿာနိ ဂဏေတွာ ဂဏှန္တော ပါရာဇိကော ဟောတိ၊ ထေယျသံဝါသကော ပန န ဟောတိ။ တထာ ဘိက္ခုပိ၊ သော ပန ဘဏ္ဍဂ္ဃေန ကာရေတဗ္ဗော။ (ဝဇိရဗုဒ္ဓိဋီကာ-၄၃၀)

 

၅။ လိင်္ဂထေနက ဖြစ်သူနှင့် မဖြစ်သူ။
ရဟန်းတော်တို့ကို လိမ်လည်လို၍ သင်္ကန်းဝတ်လာပါက လိင်္ဂထေနကဖြစ်ပါသည်။ ရဟန်းတော်တို့အား လိမ်လည်လိုစိတ်မရှိဘဲ လူတို့ကိုသာ လိမ်လည်လိုသည့်စိတ်ဖြင့် သင်္ကန်းဝတ်လာပါက လိင်္ဂထေနက မဖြစ်ပါ။

*ကျမ်းညွှန်း
ရာဇဘယာဒီဟိ ဂဟိတလိင်္ဂတာယ သော သုဒ္ဓမာနသော ။ပေ။ ဘိက္ခူနံ ဝေဉ္စတုကာမတာယ အဘာဝါ ဒေါသော န ဇာတော။ (သာရတ္ထဋီကာ-တ-၂၅၇)

 

၆။ တပည့်ရှင်ရဟန်းသစ်အတွက် ဥပဇ္ဈာယ်ဆရာ၏ တာဝန်များ။
ရှင်ရဟန်းသစ်များကို သူတို့ကျင့်သုံးဖွယ်များ မသိသေးသမျှကာလပတ်လုံး သင်္ကန်း၊သပိတ်ဆောင်မှု စားအသောက်မှုအစီအစဉ်မကျသေးသမျှကာလပတ်လုံး ဆွမ်းစားဇရပ် စသော အရပ်များသို့ မစေလွှတ် ရပါ။ ဆရာဥပဇ္ဈာယ်၏ အနီး၌သာလျှင်ထား၍ ကလေးငယ်ကဲ့သို့ စောင့်ရှောက်ထိုက်ပါသည်။ အလုံးစုံသော အပ်စပ် မအပ်စပ်ကို ဆုံးမရပါသည်။ အဝတ်အရုံ စသော အာဘိသမာစာရိက ကျင့်ဝတ်တို့၌လည်း ဆုံးမထိုက်၏။

*ကျမ်းညွှန်း
ယာ၀ ပန အတ္တနာ သိက္ခိတဗ္ဗသိက္ခာပဒါနိ နဇာနာတိ ။ပေ။ အာဘိသမာစာရိကေသု ဝိနေတဗ္ဗော။ (ပါစိတ္တျာဒိဋ္ဌ-၂၅၂)

 

၇။ ဥပဇ္ဈာယ်ဆရာ တားမြစ်သော်လည်း ကြွသွားကောင်းသည့် အခြေအနေ။
ထိုဥပဇ္ဈာယ်ကို မှီ၍ နေခြင်းကြောင့် ပါဠိ၊ အဋ္ဌကထာ သင်ယူရန်လည်း မပြည့်စုံ၊ ကမ္မဋ္ဌာန်း အားထုတ်ရန်လည်း မပြည့်စုံသော ဗာလအဗျတ္တဆရာ ဖြစ်၏။သူ၏အနီး၌ နေစေချင်ရုံ သက်သက်ဖြင့် သွားခွင့် မပြုပါက တားမြစ်သော်လည်း သွားနိုင်ပါသည်။

*ကျမ်းညွှန်း
ပက္ကမိတုကာမေန ကမ္မံ အာစိက္ခိတွာ ယာဝတတိယံ ယာစိတဗ္ဗော ။ပေ။ ဧဝရူပေ နိဝါရေန္တေပိ ဂန္တုံ ဝဋ္ဋတိ။ (ပါစိတ္တျာဒိအဋ္ဌကထာ-၂၆၂)

 

၈။ မိမိဥပဇ္ဈာယ်ဆရာ အလဇ္ဇီဖြစ်နေပါက တပည့်က ဆောင်ရွက်ရမည့်တာဝန်။
ဥပဇ္ဈာယ်ဆရာက အလဇ္ဇီဖြစ်၍ ဥပဇ္ဈာယ်ဆရာ၏ ဝိသဘာဂရဟန်းက လဇ္ဇီဖြစ်နေပါက ထိုဥပဇ္ဈာယ်ကို ပယ်စွန့်၍ လဇ္ဇီတို့ဖြင့်သာလျှင် အတူတကွ အာမိသအစရှိသည် သုံးဆောင်မှုကို ပြုသင့်ပါသည်။ ဤနေရာ၌ ဥပဇ္ဈာယ်ဖြစ်မှုသည် ပဓာနမဟုတ် လဇ္ဇီ ဖြစ်မှုသာ ပဓာနဖြစ်သည်။

*ကျမ်းညွှန်း
သစေ ပန ဥပဇ္ဈာယော အလဇ္ဇီ သြဝါဒမ္ပိ န ဂဏှာတိ ။ပေ။ ဥပဇ္ဈာယာဒိဘာဝေါ ဟေတ္ထ န ပမာဏန္တိ ဒဋ္ဌဗ္ဗံ။ (ဝိမတိ-၁၀၃) (ဝဇိရ-၄၁၉)

 

၉။ မလိမ္မာသော အနီးနေတပည့်အတွက် ဥပဇ္ဈာယ်ဆရာ၏တာဝန်။
မိမိအပေါ်၌ ရှက်ကြောက်ရိုသေလေးစားမှု မရှိသော သဒ္ဓိဝိဟာရိကတပည့်အား နှင်ထုက်ရပါမည်။

*ကျမ်းညွှန်း
(၁)ပဉ္စဟိ ဘိက္ဓေ၀ အင်္ဂဟိ သမန္နာဂတံ သဒ္ဓိဝိဟာရိကံ အပ္ပဏာမေန္တော ဥပဇ္ဈာယော သာတိသာရော ဟောတိ။ (မဟာဝါပါဠိတော်-၆၉)
(၂)အပ္ပဏာမေန္တော ဥပဇ္ဈာယော သာတိသာရော ဟောတီတိ သပဒေါ ဟောတိ၊ အာပတိံ အာပဇ္ဇတိ။ (ပါစိတ္တျာဒိအဋ္ဌ-၂၆၃)

 

၁၀။ ဥပဇ္ဈယ်ဝတ်ကို ဖြည့်ကျင့်ရမည်ကို မသိသော ရဟန်းလည် းအာပတ်သင့်ပါသည်။
မသိ၍ မဖြည့်ကျင့်မိသော ရဟန်းသည် ဒုက္ကဋ်အာပတ်သင့်ပါသည်။

*ကျမ်းညွှန်း
“အကာတုံ န ဝဋ္ဋတီ”တိ အဇာနနတာယ ဝါ န ကရေယျ၊ ဒုက္ကဋ္ဋမေဝ။ (ဝိမတိ- ၁၀၄)

 

၁၁။ ဥပဇ္ဈယ်ဝတ်ကို ဖြည့်ကျင့်ရမည်ကို သိပါသော်လည်း မေ့လျော့ကာ မဖြည့်ကျင့်မိသောရဟန်း အာပတ်မသင့်ပါ ။
သိသော်လည်း မေ့လျော့ပြီး ဥပဇ္ဈယ်ဝတ်ကို မဖြည့်ကျင့်မိသော ရဟန်းသည် အာပတ်မသင့်ပါ။

*ကျမ်းညွှန်း
အဉ္စိစ္စ အသတိယာဒိအာဒီဟိ စ အကရောန္တဿ ပန အနာပတ္တိ။ (ဝိမတိ- ၁၀၄)

 

၁၂။ တပည့်အနေဖြင့် ဥပဇ္ဈာယဝတ် ဖြည့်ကျင့်ရန်မလိုသော အခြေအနေ
ဥပဇ္ဈာယ်က ‘ငါ့မှာ အလုပ်အကျွေးရှိနေပါတယ်၊ သင်တို့သည် မိမိရဲ့ သရဇ္ဈာယ်ခြင်း နှလုံးသွင်းခြင်းစသည် အားထုတ်ကြကုန်လော့’ဟု ပြောကြားထားသော အခါ၌လည်းကောင်း၊ ရဟန်းတစ်ပါးက ဥပဇ္ဈာယဝတ်များကို ‘သူဖြည့်ကျင့်မယ်၊ အရှင်ဘုရားတို့ ကြောင့်ကြမဲ့နေကြပါ ဘုရား’ဟု ပြောကြားထားသောအခါ၌လည်းကောင်း ဥပဇ္ဈာယဝတ် ဖြည့်ကျင့်စရာမလိုပါ။

*ကျမ်းညွှန်း
သစေ ဥပဇ္ဈာယော ‘မယှံ ဥပဋ္ဌာပကော အတ္ထိ’ ။ပေ။ တဿ ဘာရကရဏတော ပဋ္ဌာယ တေသံ အနာတ္တိ။ (ပါစိတ္တျာဒိအဋ္ဌ-၂၆၄)

 

၁၃။ သဒ္ဓိဝိဟာရိက တပည့်လိမ္မာပါက ဥပဇ္ဈာယ်ဆရာ အားပတ်မသင့်ပါ။
ဝတ်နှင့်ပြည့်စုံသောရဟန်းသည် အရှင်ဘုရား ကြောင့်ကြမဲ့နေတော်မူပါဘုရား တပည့်တော် အရှင်ဘုရား၏တပည့်များအား ဆုံးမစရာရှိတာကို ဆုံးမပါမည်။ ဂိလာနဖြစ်သောအခါလည်း ပြုစုပါမည်။ ပြုသင့်သောအရာတို့၌ပြုပါမည်ဟု လျှောက်ထားလျှင်လည်းကောင်း၊ တပည့်များက အရှင်ဘုရား ကြောင့်ကြမဲ့ နေတော်မူပါဘုရားဟု လျှောက်ထားလျှင်လည်းကောင်း၊ သဒ္ဓိဝိဟာရိကဝတ်တို့ကို မသာယာလျှင်လည်းကောင်း အာပတ်မသင့်ပါ။

*ကျမ်းညွှန်း
သစေ ဧကော ဝတ္တသမ္ပန္နော ဘိက္ခု ။ပေ။ ဝတ္တံ ဝါ န သာဓိယန္တိ တတော ပဋ္ဌာယ အနာပတ္တိ။ (သာရတ္ထ-၂၃၃) (ဝဇိရ- ၄၁၈) (ဝိမတိ- ၁၀၄)

 

၁၄။ ဆရာအပေါ်ဖြည့်ကျင့်ရမည့် တပည့်ဝတ်များ။
နိဿယည်းဆရာနှင့် စာချပေးသောဆရာတို့အား အနီး၌ နေသမျှကာလပတ်လုံး တပည့်ဝတ် ဖြည့်ရပါမည်။
ရှင်ပြုပေးသော ဥပဇ္ဈာယ်ဆရာနှင့် ရဟန်းပြုပေးသော ဥပဇ္ဈယ်ဆရာတို့အား အသက်ထက်ဆုံး ဝတ်ဖြည့်ရပါမည်။

*ကျမ်းညွှန်း
ပဗ္ဗဇ္ဇန္တေဝါသိကော စ ဥပသမ္ပာဒေဝါသိကော စ အာစရိယဿ ယာဝဇီဝံ ဘာရော။ နိဿန္တေဝါသိကော စ ဓမ္မန္တေဝါသိကော စ ယာ၀ သမီပေ ဝသန္တိ၊ တာဝဒေဝ။ (မဟာဝဂ္ဂအဋ္ဌကထာ-၂၆၇)

 

၁၅။ လူထွက်ချင်နေသော သဒ္ဓိဝိဟာရိတပည့်အပေါ်  ဆရာ၏လက်ငင်းတာဝန်များ။
သဒ္ဓိဝိဟာရိကဿ- အတူနေတပည့်ပေါ်၌၊ အနဘိရတိ- မမွေ့လျော်ခြင်းသည်၊ ဥပ္ပန္နာ-ဖြစ်သည်၊ သစေ ဟောတိ- အကယ်၍ ဖြစ်အံ့၊ ဥပဇ္ဈာယေန- ဥပဇ္ဈာယ်ဆရာသည်၊ ဝူပကာသာပေတဗ္ဗော- ကိုတိုင်သော်လည်း အရပ်တစ်ပါးသို့ ပင့်ဆောင်ထိုက်၏၊ ဝူပကာသာပေတဗ္ဗော- သူတစ်ပါးကိုသော်လည်း အရပ်တစ်ပါးသို့ ပင့်ဆောင်စေထိုက်၏၊ အဿ-ထိုအတူနေပည့်အတွက်၊ ဓမ္မကထာ ဝါ- တရားနှင့်စပ်သော စကားကိုသော်မူလည်း၊ ကာတဗ္ဗော-ပြုထိုက်၏။

*ကျမ်းညွှန်း
သစေ သဒ္ဓိဝိဟာရိကဿ အနဘိရတိ ဥပ္ပန္နာ ဟောတိ၊ ။ပေ။ ဓမ္မကထာ ဝါ ဝါဿ ကာတဗ္ဗော။ (မဟာဝါပါဠိ-၆၆)

 

၁၆။ ကိုရင်တစ်ပါးသည် ဥပဇ္ဈာယ်မယူမိဘဲ ရဟန်းခံမိပါက ရဟန်းဖြစ်ပါသည်။
ကံမပျက်သောကြောင့် ရဟန်း ဖြစ်ပါသည်။ ဥပဇ္ဈာယ်မယူမိဘဲ ရဟန်းခံပေးသော သံဃာတော်များ အာပတ်သင့်ပါသည်။

*ကျမ်းညွှန်း-သိက္ခာပဒပညတ္တိတော ပဋ္ဌာယ ဧဝံ ဥပသမ္ပာဒေန္တဿ အာပတ္တိ ဟောတိ။ ကမ္မံ ပန န ကုပ္ပတီတိ ဝဒန္တိ။ တံ န ဂဟေတဗ္ဗံ။ (ပါစိတ္တျာဒိအဋ္ဌကထာ-၃၀၇)

 

င။ ဥပဇ္ဈာယ်ပျက်ခြင်းနှင့် နိဿယည်းငြိမ်းခြင်း (ရဟန်းပြုခန်း၌လည်းကြည့်ပါ)

 

၁။ ဥပဇ္ဈာယ်ဆရာ ခရီးကြွသွားပါက နိဿယည်းမငြိမ်းသေးသော တပည့်၏တာဝန်။
မိမိ၏ဥပဇ္ဈာယ်ဆရာ ခရီးကြွသွားပါက ကျောင်းတိုက်တွင် မိမိနိဿယည်း ယူဖူးသော ဆရာထံပါး၌ လည်းကောင်း၊ ဧကသမ္ဘောဂပရိဘောဂရှိသော ဆရာထံပါး၌လည်းကောင်း နိဿယည်းယူရမည်။ ထိုသို့ မရှိလျှင် အခြားသော လဇ္ဇီပေသလဖြစ်သော ရဟန်းအထံ၌ နိဿယည်းယူရပါမည်။

*ကျမ်းညွှန်း
သစေ ဝိဟာရေ နိဿယဒါရကော အတ္ထိ ။ပေ။ တဿ လဇ္ဇိပေသလဘာဝံ ဇာနန္တေန တဒဟေ၀ နိဿယော ယာစိတဗ္ဗော။ (ပါစိတ္တျာဒိအဋ္ဌ-၂၆၇)

 

၂။ ဥပဇ္ဈာယ်ဆရာက မိမိကို နှင်ထုက်ပါက ပြုကျင့်ပုံ အဆင့်ဆင့်။
ဥပဇ္ဈာယ်ဆရာက မိမိကို နှင်ထုက်ပါက ဦးစွာ တောင်းပန်ရပါမည်။ ခွင့်မလွှတ်သေးပါက သုံးကြိမ် ဒဏ်ထမ်း၍ တောင်းပန်ရပါမည်။ ခွင့်မလွှတ်သေးပါက ကျောင်းတိုက်ရှိ မထေရ်ကြီးကို ပင့်ဆောင်၍ တောင်းပန်ရပါမည်။ ခွင့်မလွှတ်သေးပါက အခြားအရပ်သို့ထွက်သွား၍ ဥပဇ္ဈာယ်၏ သဘာဂရဟန်းတို့ အထံ၌သွားပြီး “ငါ၏ သဘာဂရဟန်းတို့ထံ၌ နေ၏ဟု ဥပဇ္ဈာယ်သည် ကြားသိ၍ ခွင့်လွှတ်အံ့” ဟု နှလုံးသွင်း၍ နေထိုက်ပါသည်။ ဤသို့လည်း ခွင့်မလွှတ်သေးပါက ထိုအရပ်၌သာလျှင် နေထိုက်ပါသည်။ အကယ်၍ ထိုကျောင်းတိုက်၌ ဒုမ္ဘိက္ခအစရှိသည်ကြောင့် နေမဖြစ်တော့က ဥပဇ္ဈာယ်ရှိရာ ကျောင်းတိုက်သို့ သာလျှင် ပြန်လာ၍ အခြားမထေရ်တစ်ပါးအထံ၌ နိဿယည်းယူ၍ နေရပါမည်။

*ကျမ်းညွှန်း
တေန ဥပဇ္ဈာယော ခမာပေတဗ္ဗော။ သစေ အာဒိတော၀ န ခမတိ၊ ဒဏ္ဍကမ္မံ အာဟရိတွာ သယမေ၀ ခမာပေတဗ္ဗော ။ပေ။ တံယေ၀ ဝိဟာရံ အာဂန္တွာ အညဿ သန္တိကေ နိဿယံ ဂဟေတွာ ဝသိတုံ ဝဋ္ဋတိ။ (ပါစိတ္တျာဒိအဋ္ဌကထာ-၂၆၈)

 

၃။ ဥပဇ္ဈာယ်ဆရာအပေါ် ရှက်ကြောက်ရိုသေလေးစားမှု မရှိသော သဒ္ဓိဝိဟာရိကတပည့်။
ဥပဇ္ဈာယ်ဆရာအပေါ် မရှက်မကြောက် မရိုမသေမလေးမစားပြုသော သဒ္ဓိဝိဟာရိကတပည့်ကို နှင်ထုတ်ရပါမည်။ အကယ်၍မနှင်ထုတ်ပါက ဥပဇ္ဈာယ်ဆရာ ဒုက္ကဋ်အာပတ် သင့်ပါသည်။

*ကျမ်းညွှန်း
(၁)ပဉ္စဟိ ဘိက္ခေ၀ အင်္ဂေဟိ သမန္နာဂတံ သဒ္ဓိဝိဟာရိကံ အပ္ပဏာမေန္တော ဥပဇ္ဈာယော သာတိသာရော ဟောတိ။ (မဟာဝါပါဠိတော်-၆၉)
(၂)အပ္ပဏာမေန္တော ဥပဇ္ဈာယော သာတိသာရော ဟောတီတိ သဒေါသော ဟောတိ၊ အာပ္ပတ္တိံအာပဇ္ဇတိ။ (ပါစိတျာဒိအဋ္ဌကထာ-၂၆၃)

 

၄။ မိမိနိဿယည်းယူ၍နေသော ကျောင်းတိုက်သို့ ဆရာဥပဇ္ဈာယ်ကြွလာပါက နိဿယည်း ငြိမ်းပါသည်။
ဥပဇ္ဈာယ်ဆရာနှင့် ပြန်တွေ့သောကြောင့် နိဿယည်းငြိမ်းသဖြင့် နိဿယည်း ပြန်ယူရပါမည်။

*ကျမ်းညွှန်း
ဆယိမာ ဘိက္ခေ၀ နိဿယပဋိပ္ပဿဒ္ဓိယော အာစရိယမှာ ။ပေ။ ဥပဇ္ဈာယေန ဝါ သမောဓာနဂတော ဟောတိ။ (မဟာဝါပါဠိ-၈၉)

 

၅။ ခရီးသွားရန် လျှောက်ထားသည့် အန္တေဝါသိကတပည့်၏ နိဿယည်း ငြိမ်းသည့်ကာလနှင့် မငြိမ်းသည့်ကာလ။
ယနေ့အာရုဏ် မတက်ခင်အတွင်း ခရီးသွားရန် ခွင့်တောင်း၍ ခွင့်ပြုပါက ထိုခွင့်ပြုရာ ခဏ၌ပင် နိဿယည်းငြိမ်းပါသည်။ မနက်ဖြန် အတွက်ခွင့်တောင်း၍ခွင့်ပြုက ယနေ့တစ်ရက် နိဿယည်း မငြိမ်းသေးပါ မနက်ဖြန်ရောက်လျှင် နိဿယည်းငြိမ်းပါသည်။ အကယ်၍ ခရီးမသွားဖြစ်ပါက နိဿယည်း ပြန်ယူရပါမည်။

*ကျမ်းညွှန်း
(၁)သစေ အန္တေဝါသိကော အာစရိယံ အာပုစ္ဆတိ ။ပေ။ တင်္ခဏညေ၀ နိဿယော ပဋိပ္ပဿမ္ဘတိ။ (ပါစိတ္တျာဒိအဋ္ဌကထာ-၂၆၈)
(၂)သစေ အာစရိယော ‘သွေ ပိဏ္ဍာယ စရိတွာ ဂမိဿာမီ’တိ ဝဒတိ ။ပေ။ ပုန ဒိဝသေ ပဋိပ္ပဿဒ္ဓေါ ဟောတိ။ (ပါစိတ္တျာဒိအဋ္ဌကထာ-၂၆၉)

 

၆။ ရှင်သာမဏေကိုဒဏ်ပေးနိုင်သည့် ပုဂ္ဂိုလ်။
ရှင်သာမဏေကိုဒဏ်ပေးနိုင်သည့် ပုဂ္ဂိုလ်များမှာဥပဇ္ဈာယ်ဆရာသည်လည်းကောင်း၊ ဥပဇ္ဈယ်ဆရာက ‘မိမိတပည့်မသင့်တော်တာ တွေ့ရင် ဒဏ်ပေးပါ’ဟုခွင့် ပြုခံထားရသော ပုဂ္ဂိုလ်သည်လည်းကောင်း ဒဏ်ပေး နိုင်ပါသည်။

ကျမ်းညွှန်း- တုမှာကံ သာမဏေရဿ အယံ နာမ အပရာေဓော၊ ။ပေ။ ‘မယှံ သာမဏေရာနံ ဒေါသေသတိ တုမှေ ဒဏ္ဍကမ္မံ ကရောထာ’တိ ကာတုံ ဝဋ္ဋတိ။ (ပါစိတ္တျာဒိအဋ္ဌကထာ- ၂၉၅)

 

၇။ ဒုဿီလကို ဥပဇ္ဈာယ်ဆရာပြုနေသူ၏အပြစ်။
ဒုဿီလကို ဥပဇ္ဈာယ်ဆရာပြု၍နေသော သူသည် ‘ရေချိုးခြင်းငှာ လာသော်လည်း မစင်ဖြင့် လိမ်းသုတ်ခြင်းကိုပြုသကဲ့သို့’ဖြစ်နေပေ၏ဟု အပြစ်ပြောခြင်းငှာ အပ်ပါသည်။

ကျမ်းညွှန်း-အာဒီနဝံ ပန ဝတ္ထုံ ဝဋ္ဋတိ ။ပေ။ ဒုဿီလံ နိဿာယ ဝိဟရန္တေန။(ပါစိတ္တျာဒိအဋ္ဌကထာ- ၂၅၆)

၈။ ရှင်သာမဏေကိုဒဏ်ပေးရာတွင် ထားသင့်သောစိတ်ထား။
ရှင်သာမဏေကိုဒဏ်ပေးမည့်ဆရာသည် ‘ရှောင်ကြဉ်စေလတ္တံ ၊ အထူးအားဖြင့် ရှောင်ကြဉ်စေလတ္တံ’ ဟူသော သနားစောင့်ရှောက်လိုသော စိတ်ထားဖြင့် ဒဏ်ပေးရပါမည်။
‘ပျက်စီးလတ္တံ ၊ လူထွက်စေလတ္တံ’ဟူသော ယုတ်မာသော စိတ်ထားဖြင့် ဒဏ်မပေးရပါ။

ကျမ်းညွှန်း- ‘သြရမိဿာတိ ဝိရမိဿတီ’တိ အနုကမ္ပာယ န နဿိဿတိ ဝိဗ္ဘမိဿာတီတိ အာဒိနယ ပဝတ္တေန ပါပဇ္ဈာသယေန။ (ပါစိတ္တျာဒိအဋ္ဌ-၂၉၅)

 

၉။ လိင်ကျပြီး နှင်ထုတ်သင့်သော သာမဏေ ။
အပြစ်များကျူးလွန်ထားပြီး နောင်အခါစောင့်စည်းခြင်း၌ မတည်သော သာမဏေကို နှင်ထုတ်သင့်ပါသည်။

ကျမ်းညွှန်း- သော သစေ အာကိဏ္ဏဒေါသောဝ ဟောတိ၊ အာယတိံ သံဝရေ န တိဋ္ဌတိ၊ နိက္ကဍ္ဎိတဗ္ဗော။(ပါစိတ္တျာဒိအဋ္ဌကထာ- ၂၉၆)

 

၁၀။ လိင်ကျသော်လည်း မနှင်ထုတ်သင့်သော သာမဏေ ။
အစောတလျှင် လွဲမှားစွာ ပြုကျင့်မိ၍ ‘ငါသည်မကောင်းသဖြင့် ပြုအပ်လေပြီဟူ၍ နောင်အခါ၌ စောင့်စည်းလိုစိတ်ရှိသော သာမဏေကို မနှင်ထုတ်ရပါ သရဏဂုံနှင့် ဥပဇ္ဈာယ်ကို ပေးရပါသည်။

ကျမ်းညွှန်း- အထ သဟသာ ဝိရဇ္ဈိတွာ ‘‘ဒုဋ္ဌု မယာ ကတ’’န္တိ ပုန သံဝရေ ဌာတုကာမော ဟောတိ၊ လိင်္ဂနာသနကိစ္စံ နတ္ထိ။ ယထာနိဝတ္ထပါရုတဿေဝ သရဏာနိ ဒါတဗ္ဗာနိ၊ ဥပဇ္ဈာယော ဒါတဗ္ဗော။(ပါစိတ္တျာဒိအဋ္ဌကထာ- ၂၉၆)

 

စ။ အထွေထွေ

 

၁။ ကြွက်နို့ရှိသောသူကို ရဟန်းပြုပေးခြင်း။
ဇီးစေ့လောက် ပမာဏရှိပြီး တိုးပွားလာနိုင်သော ကြွက်နို့ရှိပါက ရဟန်းမပြုပေးကောင်းပါ။ ဇီးစေ့ လောက်ပမာဏရှိပြီး မကြီးလာနိုင်က ဖုံးကွယ်ရာ အရပ်၌ရှိလျှင် ရဟန်းပြုပေးကောင်းပါသည်။ မျက်နှာ စသည် မဖုံးကွယ်ရာ အရပ်၌ ရှိနေက မကြီးလာနိုင်သော်လည်း ရဟန်းမပြုပေးကောင်းပါ။

*ကျမ်းညွှန်း
ယော ကောစိ ကောလဋ္ဌိမတ္တကောပိ စေ ။ပေ။ အပ္ပဋိစ္ဆန္နဌာနေ အဝဍ္ဎုနပက္ခေ ဌိတောပိ န ဝဋ္ဋတိ။ (ပါစိတ္တျာဒိအဋ္ဌ-၂၇၇)

 

၂။ လက်ချောင်းအပွား ပို၍ ပါနေသူကို သာမဏေပြုပေးခြင်း။
အပိုပါသော လက်ချောင်းတို့ကို ဖြတ်စေ၍ ချမ်းသာစွာပြုပြီးမှ သာမဏေပြုပေးရပါမည်။

*ကျမ်းညွှန်း
ယဿပိ ဆ အင်္ဂုလိယော ဟောန္တိ(ပ) ဆန္ဒိတွာ ဖာသုကံ ကတွာ ပဗ္ဗာဇေတဗ္ဗော ။ (ပါစိတျာဒိအဋ္ဌကထာ-၃၀၈)

 

၃။ မျက်နှာ၌ ဝတ်ခြံရှိနေသူကို ရှင်သာမဏေပြုပေးခြင်း။

*ကျမ်းညွှန်း
ဒဟရကာလေ- ငယ်ရွယ်သူတို့၏အခါ၌၊ ခီရပိဠကာ-နို့ရည်ရှိသော မိတ်ဖုကလေးတိုသည်၊ ဟောန္တိ-ဖြစ်ကုန်၏။ ယောဗ္ဗနကာလေ-အရွယ်ရောက်ရာအခါ၌၊ မုခေ-မျက်နှာ၌၊ ခီရပီဠကာ နာမ- နို့ရည်ရှိသော ဝတ်ခြံတို့မည်ကုန်သည်၊ ဟောန္တိ-ဖြစ်ကုန်၏။ မဟလ’ကကာလေ-ကြီးရင့်သူအခါ၌၊ နဿန္တိ-ပျောက်ကုန်၏။ တာ-ထိုမိတ်ဖု၊ ဝတ်ခြံဖုတို့သည်၊ ဂဏ္ဍသချံ- ဂဏ္ဍဟူသော အရေအတွတ်သို့၊ န ဂစ္ဆန္တိ- မရောက်ကုန်။ တာသု ထိုဝတ်ခြံတို့သည်၊ သတိ-ရှိကုန်လသော်၊ ပဗ္ဗာဇေတုံ- ရဟန်းမပြုခြင်းငှာ၊ ဝဋ္ဋတိ-အပ်၏။ (ပါစိတ္တျာဒိအဋ္ဌကထာ-၂၇၇)

 

၄။ သူခိုးကို ရဟန်းပြုပေးခွင့် ရှိ၊ မရှိ။
လူအများသိနေသော ထင်ရှားသော သူခိုးဖြစ်ပါက ရဟန်းမပြုပေးကောင်းပါ။ လူသိမများသော မထင်ရှားသော သူခိုးဖြစ်ပါက ရဟန်ပြုပေးကောင်းပါသည်။

*ကျမ်းညွှန်း
ပညာယတိ စ ‘အသုကော နာမ ဣဒံ ဣဒံ ကရောတီ’တိ ။သော နပဗ္ဗာဇေတဗ္ဗော။ ။ပေ။ ပစ္ဆာပိ ‘ဣမိနာ နာမ ဣဒံ ကတ’န္တိ န ပညာယန္တိ၊ တေပိ ပဗ္ဗာဇေတုံ ဝဋ္ဋတိ။ (ပါစိတ္တျာဒိအဋ္ဌ-၂၇၉)

 

၅။ အကြွေးတင်နေသူကို ရဟန်းပြုပေးမိခြင်း။
အကြွေးတင်နေသူကို ရဟန်းပြုပေးမိပြီးနောက် ကြွေးရှင်တို့က ကျောင်းသို့လိုက်လာကြပါက ‘ဒကာ သူအကြွေးမရှိဘူးပြောလို့ ရဟန်းခံပေးထားတာ၊ ခုတော့ ဘာတတ်နိုင်တော့မလဲ၊ ငါ၏ သပိတ်သင်္ကန်းကို ကြည့်လော့’ဟု ပြောရပါမည်။ အကယ်၍ မထေရ်ကြီးမျက်မှောက်၌ ကြွေးယူသူကို တွေ့သွားပါက ‘သင့်ကြွေးယူသူကို သင်ကိုယ်တိုင်သာ ဆောင်ရွက်ချင်သလို ဆောင်ရွက်ပါလော့’ဟု ပြောရပါမည်။

*ကျမ်းညွှန်း
ထေရေန ဝတ္ထဗ္ဗံ ‘မယာ ဥပါသက ‘အဏဏော အဟ’န္တိ ဝဒန္တော ပဗ္ဗာဇေတဗ္ဗော ။ပေ။ တ၀ ဣဏာယိကံ တွမေ၀ ဇာနာဟီ’တိ ဝတ္ထဗ္ဗော။ (ပါစိတ္တျာဒိဋ္ဌ-၂၁၈)

 

၆။ ရှင်သာမဏေများအတွက်လည်း သံဃာဒိသိသ်သိက္ခာပုဒ် ရှိပါသည်။
သုက္ကဿဋ္ဌိစသော လောဝဇ္ဇသိက္ခာပုဒ်တို့၌လည်း သာမဏေများ ကျင့်ရမည်။

*ကျမ်းညွှန်း
သုက္တဝိဿဋ္ဌိအာဒိလောကဝဇ္ဇသိက္ခာပဒေသု သာမဏေရေဟိ ဝတ္တဗ္ဗံ။ တတ္ထ အဝတ္တမာနော အလဇ္ဇီ ဒဏ္ဍကမ္မာရဟော စ ဟောတိ။ (ဝိမတိဋီကာ- ၉၅)

 

၇။ သာမဏေသည် ရယ်မြူးလို၍ဖြစ်စေ လိမ်ပြောပါက မုသာဝါဒကံထိုက်၏။
သာမဏေသည် ရယ်မြူးလို၍ လိမ်ပြောပါကလည်း လိင်ကျပါသည်။ အသွင်ကိုဖျက်၍ လူထွက်စေထိုက်ပါသည်။

*ကျမ်းညွှန်း
မုသာဝါဒေ ဟဿာဓိပ္ပါယတာယတိ။ ပ။ နာသေတဗ္ဗံ အာပဇ္ဇတိ။ (ဝိ၊ဋ္ဌ၊၃၊၂၉၆)

 

၈။ ရှင်သာမဏေသည် ရယ်မြူးလို၍ပင် မဟုတ်မှန်သော စကားမပြောဆိုရ။
ရှင်သာမဏေသည် ရယ်မြူးလိုေသောစိတ်ဖြင့် မဟုတ်မှန်သောစကားကိုဆိုလျှင် ထိုခဏ၌ ပင်သူယူထားသော သရဏဂုံ၊ ဥပဇ္ဈာယ်၊ ကျောင်းနေရာများ ငြိမ်းပါသည်။ သံဃလာဘ်ကိုလည်း မခံယူရတော့ပါ။

ကျမ်းညွှန်း- မုသာဝါဒေ ဟသာဓိပ္ပါယတာယပိ မုသာ ဘဏိတေ အဿမဏော ဟောတိ။ နာသေတဗ္ဗတံ အာပဇ္ဇတိ။ တာဝဒေဝဿ သရဏဂမနာနိ စ ။ပေ။ လိင်္ဂမတ္တမေ၀ ဧတံ အဝသိဋ္ဌံ ဟောတိ။ (ပါစိတ္တျာဒိအဋ္ဌကထာ- ၂၉၆)

 

၉။ မူးယစ်စေတတ်သောသေရည် သောက်မိသော သာမဏေ။
ကိုရင်က သေရည်ကိုသိလျက် သောက်လျှင်အပြစ် ရှိပါသည်။ မသိဘဲ သောက်မိက အပြစ်မရှိပါ။

ကျမ်းညွှန်း -မဇ္ဇပါနေ ပန ဘိက္ခုနော အဇနိတွာပိ ဗီဇတော ပဋ္ဌာယ ပိဝန္တဿ ပါစိတ္တိယံ။ သာမဏေရော ဇာနိတွာ ပိဝန္တော သီလဘေဒံ အာပဇ္ဇတိ၊ န အဇာနိတွာ။ (ပါစိတ္တျာဒိအဋ္ဌကထာ- ၂၉၆)

 

၁၀။ ရဟန်းက သေရည်ကို သေရည်မှန်းမသိဘဲ သောက်ခြင်း။
ရဟန်းသည်သေရည်ကို မသိဘဲ သောက်မိပါကလည်း ပါစိတ်အာပတ်သင့်ပါသည်။

ကျမ်းညွှန်း-မဇ္ဇပါနေ ပန ဘိက္ခုနော အဇနိတွာပိ ဗီဇတော ပဋ္ဌာယ ပိဝန္တဿ ပါစိတ္တိယံ။ (ပါစိတ္တျာဒိအဋ္ဌကထာ- ၂၉၆)

 

၁၁။ ဝါကျွတ်သော အခါသံဃိကလာဘ် ကိုရထိုက်သောကိုရင်နှင့် မရသင့်သောကိုရင်။
ပုရိမဝါသုံးလလုံး လိင်မကျသောကိုရင်သည် ပုရိမဝါထသော ရှင်ရဟန်းတို့ ရထိုက်သော သံဃိကလာဘ်ကို ရနိုင်ပါသည်။
ပုရိမဝါ၌ လိင်ကျ၍ သရဏဂုံပြန်ယူသောကိုရင်သည် ပစ္ဆိမဝါသုံးလပတ်လုံး လိင်မကျက ပစ္ဆိမဝါကျွတ်သော ရှင်ရဟန်းတို့ ရသင့်သော သံဃိကလာဘ်ကို ရနိုင်ပါသည်။
ပစ္ဆိမ၌ လိင်ကျ၍ သရဏဂုံပြန်ယူသောကိုရင်သည် ဝါထသောရဟန်းတို့ ရထိုက်သော သံဃိကလာဘ်ကို မရနိုင်ပါ။ သံဃာသည် ပန်ပြောပြီးမှသာ ပေးနိုင်ပါသည်။

ကျမ်းညွှန်း-သစေ ပုရိမိကာယ ပုန သရဏာနိ ဂဟိတာနိ ။ပေ။ သဃေန အပလောကေတွာ လာဘော ဒါတဗ္ဗော။ (ပါစိတ္တျာဒိအဋ္ဌကထာ- ၂၉၆)

 

 

 

 

 

Loading

Leave a Reply

Your email address will not be published. Required fields are marked *