မာတိကာ
ရည်ရွယ်ချက်နှင့် ပန်ကြားလွှာ
ဤပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (Daily life Patthana) စာအုပ်သည် ပဋ္ဌာန်းပညာရှင်၊ ပါဠိပညာရှင် Patthana Pali scholar များကို မရည်ရွယ်ဘဲ ပါဠိစာပေနှင့် ဝေးနေသည့် ခေတ်ပညာတတ်များအတွက်သာ ရည်ရွယ်၍ ရေးသားထားခြင်း ဖြစ်ပါသည်။
ခက်ခဲနက်နဲသည့် ပဋ္ဌာန်းကျမ်းကို လူအများနားလည်စေရန် ရေးသားရာတွင် စွမ်းအားရှိသမျှ ကြောင့်ကြစိုက်ကာ ကြိုးပမ်းထားပါသော်လည်း ပညာရှင်များ၏ အမြင်တွင် ချွတ်ချော် တိမ်းပါးမှု တစ်စုံတစ်ရာများ မြင်တွေ့မိပါက ပြင်ဆင်ဖတ်ရှုပေးတော်မူပါရန် ပန်ကြားအပ်ပါသည်။
‘ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ’ စာအုပ်၏ စာမူကြမ်းကို မှော်ဘီ သာသနာ့ဝန်ဆောင် ပဓာနနာယကဆရာတော် ဦးစန္ဒသိရီ (ဓမ္မာစရိယ၊ ဝိနယဝိဒူ)၊ ရန်ကုန် မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်၏ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသိရီကဉ္စနာ ဘိဝံသ (အဂ္ဂမဟာအကျော်၊ ဒွိပိဋက၊ ပါဠိပါရဂူ၊ ပိဋကတ္တယပါရဂူ)နှင့် ပြင်ဦးလွင်မြို့၊ တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဒေါက်တာဉာဏောဘာသ (M.A, Ph.D) အရှင်သူမြတ်တို့၏ မူလပဓာနသာသနာ့တာဝန် များပြားနေသည့်ကြားက ရသည့်အချိန်တိုကလေးကို မရမကယူကာ ပဋ္ဌာန်းစာမူကြမ်းကို ဖတ်ရှုပေးတော်မူပြီး ပုဒ်ထီး၊ ပုဒ်မထားသိုမှုကအစ၊ စာလုံးပေါင်း၊ သတ်ပုံအမှားအယွင်း၊ ပါဠိသဒ္ဒါရေး ရှုထောင့်တို့ကိုပါ မခြွင်းမချန် စစ်ဆေးပြုပြင် တည့်မတ်ပေးတော်မူခဲ့ပါသဖြင့် ကျေးဇူးဥပကာရတင်ရှိပါသည်ဘုရား။
စာမူကြမ်းများကို ဖတ်ရှုကာ ကျမ်းညွှန်းများ တိုက်ဆိုင် စစ်ဆေးပေးတော်မူခဲ့သည့် ရန်ကင်းတောရကျောင်းမှ စာသင်သား တပည့်များဖြစ်ကြသော ဦးစန္ဒိမာ၊ ဦးဓမ္မရုစ၊ ဦးဉာဏောဘာသနှင့် ဦးကုသလတို့အားလည်းကောင်း၊ စာမျက်နှာ (၄၇၀) ကျော် ရှိသည့် ဤပဋ္ဌာန်းကျမ်းစာအုပ်၏ လက်ရေးစာမူမှသည် ကွန်ပျူတာစာမူချော ထွက်ပေါ်လာသည့်အထိ အဆင့်ဆင့် ဖတ်ရှုပြင်ဆင်နိုင်ရန် ၅-ကြိမ်တိုင်တိုင် Proof ထုတ်ကာ Hard copy, Soft copy များ ပုံနှိပ်နိုင်သည့်အထိ စိတ်ရှည်စွာ ဆောင်ရွက်ပေးခဲ့ကြသည့် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)၏ ရုံးခန်းမှ တာဝန်ခံဆရာလေး ဒေါ်ကုသလာ၊ ဒေါ်ဝိမလာနှင့် ရုံးအဖွဲ့အားလည်း ကျေးဇူးဥပကာရ တင်ရှိပါသည်။
ဆက်လက်ပြီး ပဋ္ဌာန်းတရားတော် လေ့လာနိုင်ရန် တိမ်မြှုပ်ပျောက်ကွယ် နေသည့် ရှားပါးကျမ်းစာအုပ်များစွာကို ရှာဖွေလှူဒါန်းပြီး ပဋ္ဌာန်းတရာတော်ကို လက်တွေ့ အသုံးချ Applied Method နည်းဖြင့် လေ့လာဆည်းပူးနိုင်ရန် ကူညီပေးခဲ့သည့် (Worldwide Patthana Dhamma Conference) ၏ ပဋ္ဌာန်းစာတမ်းရှင် အင်ဂျင်နီယာ ဒါယကာ ဦးအုန်းကျော် (B.E Electrical Power) နှင့် ဒါယိကာမ ဒေါ်မြမဉ္ဇ ထွန်း အား ကျေးဇူး ဥပကာရတင်ရှိပါသည်။
အရှင်ခေမာနန္ဒ (ရန်ကင်းတောရ-သပြေပင်)
နေပြည်တော်၊ ဒက္ခိဏသီရိမြို့
ဒေါက်တာဉာဏောဘာသ (M.A, Ph.D) ၏ အမှာစကား
‘ Buddhism in Myanmar. A Short History ‘ စာအုပ်တွင် စာရေးသူ Roger Bischoff က (၁၉၅၄)မှ (၁၉၅၆) ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ခဲ့ခြင်းနှင့် ကမ္ဘာ့နိုင်ငံအတော်များများ ကျင့်သုံးနေသော ဝိပဿနာတရားအားထုတ်နည်းများသည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်နည်းစနစ်များ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာအလယ်တွင် ထင်ရှားလာကြောင်း ဖော်ပြထားသည်၊ ထို့ပြင် ထေရဝါဒဗုဒ္ဓသာသနာ တော်မြတ်ကြီး မြန်မာနိုင်ငံတွင် အဆင့်ဆင့် ရင့်ကျက်မြင့်တက်လာပုံကိုလည်း ရာစုနှစ် အလိုက် သုံးသပ်ပြထားသည်။
A.D (၁၁)ရာစုတွင် “ဓမ္မဒဿီ” ဘွဲ့တော်ရ “ရှင်အရဟံ” အရှင်မြတ်ကြီးနှင့် သာသနာ့ ဒါယကာ “အနော်ရထာ” မင်းမြတ်တို့က ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို ကျင့်သုံး လိုက်နာရန် လွယ်ကူသော ဇာတ်နိပါတ် သုတ္တန်ပိဋကတ်တော်များကို အသုံးပြု၍ ပြည်သူတို့၏ နှလုံးအိမ်ဝယ် မျိုးစေ့ချ ပြုစုပျိုးထောင်ပေးခဲ့ကြသည်။
A.D (၁၄)ရာစု ရောက်သောအခါ “ဓမ္မစေတီ” မင်းမြတ်သည် သာသနာတော်ကို သန့်ရှင်းစင်ကြယ်စေရန် ရည်သန်၍ ရဟန်းတော် နှစ်ကျိပ်နှစ်ပါးတို့အား သီဟိုဠ်နိုင်ငံသို့ သင်္ဘောလှေများဖြင့် ပို့ဆောင်ကာ ကလျာဏီသိမ်တော်၌ ရဟန်းပြန်၍ခံစေလျက် ဝိနည်း ပိဋကတ်တော်လာ စည်းကမ်း သိက္ခာပုဒ်များကို တောက်ကြွား ဝင့်ထည်စေခဲ့ပြန်သည်။
A.D (၁၇)ရာစု ပင်းယနှင့် အင်းဝခေတ် မင်းမြတ်တို့၏ လက်ထက်တွင် ပိဋကတ် အကျော်အမော်ဆရာတော်များသည် အဘိဓမ္မာပိဋကတ်တော်များကို အထူးဦးစားပေးကာ အရောင်ဝင်း၍ အလင်းဖြာစေခဲ့ပြန်သည်။ အဘိဓမ္မာ၏ အထောက်အပံ့ရ၍ မြန်မာစကားသည် ဖွံ့ဖြိုးတိုးတက်လာပြီး နက်နဲသော အဘိဓမ္မာသဘောများကို ဖော်ကျူးနိုင်သော ပါဠိ အသုံးများဖြင့် ကြွယ်ဝလာသည်။
အဘိဓမ္မာကြောင့် မြန်မာတို့၏ လူနေမှုဘဝသည် ပြောင်းလဲရုံမျှမက ဝိပဿနာတရား၏ အခြေခံဖြစ်သော အသိခက်သော ရုပ်သဘာ၀ နာမ်သဘာဝများကိုလည်း ခွဲခြမ်း စိတ်ဖြာ လေ့လာရှုပွားတတ်လာသည်။ မြန်မာပြည်တွင် ယနေ့ထက်တိုင် ဝိပဿနာတရား ရှုပွားနည်းများ ပြန့်ပွားတိုးတက်နေသည်မှာ အဘိဓမ္မာကြောင့်ပင်တည်း။
မြန်မာတို့သည် အဘိဓမ္မာ (၇)ကျမ်းတွင် ပဋ္ဌာန်းကျမ်းတော်ကြီးကို အလွန်တန်ဖိုး ထားသည်၊ (၂၄)ပစ္စည်း ပုံနှိပ်ထားသော ယပ်တောင်များ၊ ပြက္ခဒိန်များ၊ ဗီနိုင်းပိုစတာများ၊ ကလေးငယ်များ၏ ပဋ္ဌာန်း (၂၄)ပစ္စည်း ဆိုသံများ၊ ပဋ္ဌာန်း (၂၄)ပစ္စည်းဆို၍ နံနက် (၄)နာရီ အုန်းမောင်းခေါက်သံများ၊ နေရာတိုင်း မြင်ရ ကြားရသည်။
သာသနာကွယ်ကြောင်း (၅)မျိုးအရ ပဋ္ဌာန်းတရားတော်သည် ခက်ခဲနက်နဲသောကြောင့် ပရိယတ္တိအန္တရဓာနအဖြစ် အစဆုံးကွယ်သောကျမ်း မဖြစ်စေရန် ရှင်ရောလူပါ ကြိုးစား သင်ယူကြသဖြင့် ပဋ္ဌာန်းဉာဏ်ရောင် တောက်ပြောင်သောခေတ်သို့ ရောက်နေလေပြီ၊ ယနေ့ခေတ်တွင် ရဟန်းတော်များသာမက လူပုဂ္ဂိုလ်များပါ ပဋ္ဌာန်းတရားတော်ကို ကျွမ်းကျင်စွာ ပို့ချနိုင်လေပြီ။
ယခုအခါ ပဋ္ဌာန်းကို လေ့လာသူ ပေါများလာသလောက်၊ တတ်မြောက်သူတို့ ရေးသား ဖွင့်ဆိုသော ပဋ္ဌာန်းအဖွင့်ကျမ်းတို့ကလည်း များသည်။ အခြားသော အဖွင့်ကျမ်းများရှိစေကာမူ ကျမ်းအသစ်တို့ကို ရေးသင့်က ရေးရမည်သာ ဖြစ်သည်။ ကျေးဇူးတော်ရှင် အဘယာရာမ ဆရာတော်ဘုရားကြီး၏ မောဂ္ဂလာန်သဒ္ဒါကျမ်းကြီးသည် ကစ္စည်းကျမ်းထက် များစွာ စုံလင်သော်လည်း လက်ရှိပုဂ္ဂိုလ်အများ လေးစားသင်ယူကြရာ၌ လွယ်လွယ်ကူကူ အချိန်မကြာစေဘဲ ပေါက်ရောက်စေလို၍ ကစ္စည်းဘာသာဋီကာကျမ်းကို ရေးသားရကြောင်း ဘာသာဋီကာ ကျမ်းပြုအကျော် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ကျမ်းအခြေခံနိဒါန်း၌ ဆိုထားသည်။
‘သင်္ဂါမေ သူရ, မိစ္ဆိန္တိ၊ ပ၊ အတ္ထကိစ္စေသု ပဏ္ဍိတံ၊ စစ်မြေ၌ ရဲစွမ်း ရှိသူကို လိုအပ် သည်။ ခက်ခဲသောအရေးအရာ၌ ပညာရှိကို လိုအပ်သည်’ ဟုသာ ရှုမြင်ပါသည်၊ ထို့ကြောင့် အရှင်ခေမာနန္ဒ (ရန်ကင်းတောရ) သည်လည်း ပဋ္ဌာန်းနှင့်ပတ်သက်လျှင် လိုအပ်သော ပညာရှင်ဟု ဆိုချင်ပါသည်။ စာရေးအလွန်ကောင်းသူတည်း။ အဘယ့်ကြောင်းနည်း။ သာတ္ထဂုဏ်၊ သဗျဉ္ဇနဂုဏ်နှင့် ပြည့်စုံအောင် ရေးတတ်သောကြောင့်တည်း။
သာတ္ထဂုဏ်ဟူသည် – ပဋ္ဌာန်းအကြောင်းရေးလျှင် ပဋ္ဌာန်းနှင့်ဆိုင်သော အကြောင်း အရာများ အပြည့်အစုံပါဝင်နေသည်ကို သာတ္ထဟု ဆိုသည်။ သဗျဉ္ဇနဂုဏ်ဟူသည် – ပြောပြလိုရာ အနက်အဓိပ္ပာယ်ကို စကားပရိယာယ် အမျိုးမျိုးလှယ်၍ ပြောပြသဖြင့် ဖတ်ရှုသူတို့ နားလည်လောက်အောင် စကားလုံးသဒ္ဒါတွေ စုံလင်နေခြင်းကို သဗျဉ္ဇနဟု ဆိုသည်။
ထိုဂုဏ်နှစ်ပါးပေါ်လွင်အောင် ရေးသားနိုင်သောကြောင့် စာရေးကောင်းသော အရှင်ခေမာနန္ဒ (ရန်ကင်းတောရ)၏ “ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ” ဟူသော ပဋ္ဌာန်းကျမ်းစာအုပ် မိမိလက်ထဲရောက်၍ ဖတ်လိုက်ရသောအခါ သိသလိုလိုနဲ့ မိမိမသိသေးတာတွေကို တိုး၍သိလာရသည်။ သိထားတာတွေ ပို၍ရှင်းသွားသည်။ ထို့ကြောင့် မိမိသည် စာသမားစာချဘုန်းကြီး တစ်ပါးဖြစ်၍ စာစကားဖြင့်သာ မဆိုစကောင်း ဆိုစကား ဆိုလိုက်ချင်ပါသည်။
၁။ နိကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ – မှောက်ထားသော အိုးခွက်ကို လှန်ပြလိုက်သကဲ့သို့ လည်းကောင်း၊
၂။ ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ – ဖုံးကွယ်နေသာအရာကို ဖွင့်လှစ်ပြလိုက်သကဲ့သို့ လည်းကောင်း၊
၃။ မူဠဿ ဝါ မဂ္ဂံ အာစိက္ခေယျ – မျက်စိလည် လမ်းမှားနေသူကို လမ်းမှန် ညွှန်ပြ လိုက်သကဲ့သို့လည်းကောင်း၊
၄။ အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ၊ စက္ခုမန္တော ရူပါနိ ဒက္ခန္တိ – “မျက်စိ ကောင်းသူတွေ မြင်စရာအရာဝတ္ထုများကို မြင်ကြပါစေ” ဟု ညဉ့်အမှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိပြလိုက်သကဲ့သို့လည်းကောင်း မိမိ ခံစားရပါသည်။
နိဂုံးချုပ်အနေဖြင့် မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏ ပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲ နိဂုံး၌ “ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ ပြေးသွားဘို့ရာ၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ” ဟု ရေးသားထားသကဲ့သို့ အရှင်ခေမာနန္ဒ (ရန်ကင်းတောရ) သည်လည်း “ကျွန်ုပ်တို့၏ နေ့စဉ်ဘဝနှင့် ပဋ္ဌာန်းတရားတော်” ဟူသော ပဋ္ဌာန်းကျမ်းဖြင့် ဘဝ၏နေရမည့် နည်းမှန်ကိုလည်းကောင်း၊ လျှောက်ရမည့် လမ်းမှန်ကိုလည်းကောင်း ပြထားလေပြီ။ စာရှုသူများ အရှင်ခေမာနန္ဒ (ရန်ကင်းတောရ)၏ ပဋ္ဌာန်းကျမ်း၌ ညွှန်ပြထားသော နည်းမှန်အတိုင်းနေ၍ လမ်းမှန်အတိုင်း လျှောက်လှမ်းနိုင်ပါစေဟု ဆန္ဒ ပြုပါသည်။
ဒေါက်တာဉာဏောဘာသ (M.A, Ph.D)
ပဓာနနာယကဆရာတော်
တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်
ပြင်ဦးလွင်
ကျမ်းဦးစကား
ပဋ္ဌာန်းကျမ်းသည် အလွန် သိမ်မွေ့ခက်ခဲ နက်နဲလှတော့၏။ ဆရာမြတ်များထံပါးမှ နည်းကောင်းရလျှင် စိတ်ရွှင်ကိုယ်ပျော်စွာဖြင့် ဒေသနာတော်ကိုလည်း ကြည်ညိုမဆုံး၊ ဒေသကဖြစ်တော်မူသော ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်မြတ်ကိုလည်း ကြည် ညိုပြီး ပဋ္ဌာန်းသင်ယူရသည်ကို သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ တိုးပြီး စိတ်ဝယ်ကြည်ရွှင် အေးမြကာ ဝမ်းသာမဆုံး ဖြစ်ရတော့၏။
ထို့ကြောင့် ပဋ္ဌာန်းတရားတော်၏ ကျယ်ဝန်းနက်နဲပုံကို လေ့လာနိုင်ရန် ဦးစွာ ပဋ္ဌာန်း၏ လမ်းညွှန်မြေပုံ Road Map ကို သိထားရန် လိုအပ်မည် ဖြစ်ပါသည်။ Road Map သိထားသူအဖို့ ပဋ္ဌာန်းကျမ်းစာအုပ် ၅-အုပ်ကို ကိုးကားထောက်ထားပြီး ပဋ္ဌာန်းတရားတော် ကြီး၏ ကျယ်ဝန်းနက်နဲပုံကို မှန်းဆကာ မိမိဉာဏ်ရှိသမျှ ကြည် ညိုနိုင်ကြမည် ဖြစ်ပါသည်။
ပဋ္ဌာန်းဟောရိုးစဉ်
မြတ်စွာဘုရားရှင်သည် ဥဒ္ဒေသကို ဟောတော်မူပြီးသည့်နောက်၌ နိဒ္ဒေဿကို ဟောတော်မူပါသည်။ ထိုနိဒ္ဒေဿကို ဟောတော်မူသည့်နောက်၌ ပုစ္ဆာဝါရ၊ ဝိဘင်္ဂဝါရ၊ သင်္ချာဝါရ ဟူ၍ သုံးပါးရှိရာ ထိုသုံးပါးတို့တွင် ပုစ္ဆာဝါရကို ရှေးဦးစွာ ဟောတော်မူပါသည်။
ထိုပုစ္ဆာဝါရ၌လည်း တိကပဋ္ဌာန၊ ဒုကပဋ္ဌာန၊ ဒုကတိကပဋ္ဌာန၊ တိကဒုကပဋ္ဌာန၊ တိကတိကပဋ္ဌာန၊ ဒုကဒုကပဋ္ဌာန ဟူ၍ ခြောက်ပါးရှိရာ တိကပဋ္ဌာနကို ရှေးဦးစွာ ဟောတော် မူပါသည်။
ထို၌လည်း ဓမ္မအနုလောမ၊ ဓမ္မပစ္စနိက်၊ ဓမ္မအနုလောမပစ္စနိက်၊ ဓမ္မပစ္စနီယာနုလောမ ဟူ၍ နည်းလေးပါးရှိရာ ဓမ္မအနုလောမကို ရှေးဦးစွာ ဟောတော်မူပါသည်။
ထို၌လည်း ကုသလတိက်၊ ဝေဒနာတိက် စသည်အားဖြင့် (၂၂) တိက်ရှိရာ ကုသလ တိက်ကို ရှေးဦးစွာ ဟောတော်မူပါသည်။
ထို၌လည်း ပဋိစ္စဝါရ၊ သဟဇာတဝါရ၊ ပစ္စယဝါရ၊ နိဿယဝါရ၊ သံသဋ္ဌဝါရ၊ သမ္ပယုတ္တဝါရ၊ ပဥှာဝါရ စသည်အားဖြင့် ခုနစ်ပါးရှိရာ ပဋိစ္စဝါရကို ရှေးဦးစွာ ဟောတော် မူပါသည်။
ထို၌လည်း ပစ္စယအနုလောမ၊ ပစ္စယပစ္စနိက်၊ ပစ္စယအနုလောမပစ္စနိက်၊ ပစ္စယ ပစ္စနီယနုလောမ ဟူ၍ နည်းလေးပါးရှိရာ ပစ္စယအနုလောမကို ရှေးဦးစွာ ဟောတော်မူပါသည်။
ထို၌လည်း ဧကမူလက ဒုမူလက ဟူ၍ ပစ္စည်း (၂၄)တွဲ အပြားရှိရာ ဧကမူလကကို ရှေးဦးစွာ ဟောတော်မူသည်။
ထို၌လည်း ဟေတု၊ အာရမ္မဏ စသည်အားဖြင့် (၂၄)ပါး အပြားရှိရာ ဟေတုပစ္စည်းကို ရှေးဦးစွာ ဟောတော်မူပါသည်။
ထို၌လည်း ကုသလာပဒ၊ အကုသလာပဒ၊ ကုသလာ အကုသလာပဒ၊ ကုသလာ အဗျာကတပဒ၊ အကုသလာ အဗျာကတပဒ၊ ကုသလာ အကုသလာ အဗျာကတပဒ ဟူ၍ စသည်အားဖြင့် ခုနစ်ပါးရှိရာ ကုသလာပဒကို ရှေးဦးစွာ ဟောတော်မူပါသည်။
ထို၌လည်း ကုသလာပဒါဝါသန၊ အကုသလာပဒါဝါသန၊ အဗျာကတာပဒါဝါသန၊ ကုသလာ အကုသလာပဒါဝါသန၊ ကုသလာ အဗျာကတာပဒါဝါသန၊ အကုသလာ အဗျာကတာ ပဒါဝါသန၊ ကုသလာ အကုသလာ အဗျာကတာပဒါဝါသန ဟူ၍ စသည်အားဖြင့် ခုနစ်ပါး ရှိရာ ကုသလာပဒါဝါသနကို ရှေးဦးစွာ ဟောတော်မူပါသည်။ ဟောဟန်ကား –
“သိယာ ကုသလံ ဓမ္မံ ပဋိစ္စ ကုသလော ဓမ္မော ဥပဇ္ဇေယျ ဟေတုပစ္စယာ” ဟူသည်တည်း။
ပဋ္ဌာန်းအကျဉ်းနှင့် မကျဉ်းမကျယ်တရားတော်
၁။ ပစ္စယုဒ္ဒေသ၌ ပဋ္ဌာန်း ၂၄-ပစ္စည်းကို ‘ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော’ စသည်ဖြင့် အကျဉ်းအားဖြင့် ဟောတော်မူပါသည်။
၂။ ပစ္စယနိဒ္ဒေသ၌ ပဋ္ဌာန်း-၂၄ပစ္စည်းကို ‘ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနဉ္စ ရူပါနံ ဟေတုပစ္စယေနပစ္စယော’ စသည်ဖြင့် မကျဉ်းမကျယ် ဟောတော်မူပါသည်။ ဤပစ္စယုဒ္ဒေသဟူသော ပဋ္ဌာန်းအကျဉ်းနှင့် ပစ္စယနိဒ္ဒေသ ဟူသော ပဋ္ဌာန်းမကျဉ်းမကျယ်တို့ကို ဗုဒ္ဓဘာသာဝင်များက သဒ္ဓါတရား ထက်သန်စွာဖြင့် အာဂုံဆောင်ကာ ပူဇော်လေ့ ရှိကြပါသည်။
တိက၊ ဒုကပဋ္ဌာန်း
မြတ်စွာဘုရားရှင်၏ နည်းသမုဒ္ဒရာ အနန္တနယဖြင့် ဟောကြားတော်မူသည့် ပဋ္ဌာန်း ကျမ်းပေါင်း = ၅၉၅၃၆ များစွာ ရှိသည့်အနက် ဦးစွာပဋ္ဌာန်း ၆-ကျမ်းကို ပြပါမည်။ ၎င်းတို့မှာ-
၁ – တိကပဋ္ဌာန်းကျမ်း
၂ – ဒုကပဋ္ဌာန်းကျမ်း
၃ – ဒုကတိကပဋ္ဌာန်းကျမ်း
၄ – တိကဒုကပဋ္ဌာန်းကျမ်း
၅ – တိကတိကပဋ္ဌာန်းကျမ်း နှင့်
၆ – ဒုကဒုကပဋ္ဌာန်းကျမ်း တို့ဖြစ်ပါသည်။
နည်းနယ -၄ပါး
ပဋ္ဌာန်းတရားတော်ကို အောက်ပါနည်းနယ ၄-နည်းဖြင့် ဟောကြားတော်မူပါသည်။
(က) ပစ္စယာနုလောမနည်း (အနုလုံ) Affirmative type
(ခ ) ပစ္စယာပစ္စနီယနည်း (ပစ္စနိက်) Negative type
(ဂ ) ပစ္စယာနုလောမပစ္စနီယနည်း (အနုလုံပစ္စနိက်) Affirmative – Negative type
(ဃ) ပစ္စနီယာနုလောမနည်း (ပစ္စနိက်အနုလုံ) Negative- Affirmative type တို့ဖြစ်ပါသည်။
ပဋ္ဌာန်း ၂၄-ကျမ်း
ပဋ္ဌာန်းကျမ်း၂၄-ကျမ်း ရှိပါသည်။ သာမန်အားဖြင့် ပဋ္ဌာန်း ၂၄-ပစ္စည်းကိုပင် ၂၄-ကျမ်း ခွဲထားသည်ဟု ထင်မှတ်ဖွယ် ရှိပါသည်။ ဤသို့မဟုတ်ပါ၊ တိက, ဒုက စသည့် ပဋ္ဌာန်း ၆-ကျမ်းကို ဟောကြားတော်မူသည့် နည်းနယ ၄-နည်းဖြင့် မြှောက်ပွားသော် (၆ ကျမ်း x ၄ နည်း) = ၂၄ ကျမ်း ဖြစ်ပါသည်။
၂၂- တိက် နှင့် ဒုက်-၁၀၀ အကြောင်း
တိက A set of three ကို မြန်မာမှုပြုရာတွင် တိက်ဟုခေါ်ပြီး၊ ဒုက A set of two ကိုမူ ဒုက်ဟု ခေါ်ပါသည်။ ၂၂-တိက်ကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –
၁။ ကုသလတိက်
၂။ ဝေဒနာတိက်
၃။ ဝိပါကတိက်
၄။ ဥပါဒိန္နတိက်
၅။ သံကိလိဋ္ဌတိက်
၆။ ဝိတက္ကတိက်
၇။ ပီတိတိက်
၈။ ဒဿနတိက်
၉။ ဒဿနဟေတုတိက်
၁၀။ အာစယဂါမိတိက်
၁၁။ သေက္ခတိက်
၁၂။ ပရိတ္တတိက်
၁၃။ ပရိတ္တာရမ္မဏတိက်
၁၄။ ဟီနတိက်
၁၅။ မိစ္ဆတ္တတိက်
၁၆။ မဂ္ဂါရမဏတိက်
၁၇။ ဥပ္ပန္နတိက်
၁၈။ အတီတတိက်
၁၉။ အတီတာရမ္မဏတိက်
၂၀။ အဇ္ဈတ္တတိက်
၂၁။ အဇ္ဈတ္တာရမ္မဏတိက် နှင့်
၂၂။ ဒသနိဒဿနတိက် တို့ ဖြစ်ပါသည်။
ဒုက A set of two ကို မြန်မာမှုပြုရာတွင် ဒုက်ဟု ခေါ်ပါသည်။ ဒုက် ၁၀၀-ကို အကျဉ်း အားဖြင့် တစ်ဖက်ပါအတိုင်း လေ့လာနိုင်ပါသည် –
၁ – ဟေတုဒုက်
၂ – သဟေတုကဒုက်
၃ – ဟေတုသမ္ပယုတ္တဒုက်
၄ – ဟေတုသဟေတုကဒုက်
၆ – နဟေတုသဟေတုကဒုက် ——–
၉၉ – သဥတ္တရဒုက်
၁၀၀ – သရဏဒုက် တို့ ဖြစ်ပါသည်။
ပဋ္ဌာန်းအကျယ် ကျမ်းပေါင်း ၅၉၅၃၆-ကျမ်း
၁ – တိကပဋ္ဌာန်းကျမ်း၌ (၂၂)တိက်ကို မူတည်ထားပြီး ဟောတော်မူပါသည်။
၂ – ဒုကပဋ္ဌာန်းကျမ်း၌ ဒုက် (၁၀၀)ကို မူတည်ထားပြီး ဟောတော်မူပါသည်။
၃ – ဒုကတိကပဋ္ဌာန်းကျမ်း ဒုက် (၁၀၀)မူတည်ထားပြီး တိက် (၂၂)ကို မူလီထားကာ ဟောတော်မူပါသည်။
၄ – တိကဒုကပဋ္ဌာန်းကျမ်း၌ တိက် (၂၂)မူတည်ထားပြီး ဒုက် (၁၀၀)ကို မူလီထားကာ ဟောတော်မူပါသည်။
၅ – တိကတိကပဋ္ဌာန်းကျမ်း၌ တိက် (၂၂)မူတည်ထားပြီး တိက် (၂၁)ကိုပင် မူလီထား ကာ ဟောတော်မူပါသည်။
၆ – ဒုကဒုကပဋ္ဌာန်းကျမ်း၌ ဒုက် (၁၀၀) မူတည်ထားပြီး ဒုက် (၉၉)ကိုပင် မူလီထားကာ ဟောတော်မူပါသည်။
ထို့ကြောင့် ကျမ်းပေါင်း အောက်ပါအတိုင်း ရရှိမည် ဖြစ်ပါသည်-
၁ – တိကပဋ္ဌာန်းကျမ်းပေါင်း = ၂၂ ကျမ်း
၂ – ဒုကပဋ္ဌာန်းကျမ်းပေါင်း = ၁၀၀ ကျမ်း
၃ – ဒုကတိကပဋ္ဌာန်းကျမ်း (၁၀၀ x ၂၂) = ၂၂၀၀ ကျမ်း
၄ – တိကဒုကပဋ္ဌာန်းကျမ်း (၂၂ x ၁၀၀) = ၂၂၀၀ ကျမ်း
၅ – တိကတိကပဋ္ဌာန်းကျမ်း (၂၂ x ၂၁) = ၄၆၂ ကျမ်း
၆ – ဒုကဒုကပဋ္ဌာန်းကျမ်း (၁၀၀ x ၉၉) = ၉၉၀၀ ကျမ်း
ကျမ်းစုစုပေါင်း = ၁၄၈၈၄ ကျမ်း ရှိပါသည်။
မြတ်စွာဘုရား ဟောကြားတော်မူသည့် နည်းနယ ၄ – နည်းဖြင့် မြှောက်ပွားသော် ပဋ္ဌာန်းကျမ်း စုစုပေါင်း (၁၄၈၈၄ x ၄ ) = ၅၉၅၃၆ ကျမ်း ရှိပါသည်။
မူလနှင့် မူလီယူကို ယူခြင်း
ပဋ္ဌာန်းကျမ်းများကို လေ့လာရာတွင် မူလနှင့် မူလီဟူသော ဝေါဟာရကို အရာဌာန များစွာတွင် တွေ့ရမည် ဖြစ်သည်။ ‘မူလ’ပုဒ်သည် မြန်မာစကား၌ရှိသော အဓိပ္ပာယ်နှင့် ဆင်တူသော်လည်း ‘မူလီ’ ပုဒ်ကမူ ပဋ္ဌာန်းစာဝါလိုက်နေသည့် စာသင်သားတို့နှင့် အချို့သော Scholar များကသာ သတိပြုမိကြမည် ဖြစ်ပါသည်။ ထို့ကြောင့် ဤအသုံးကို အောက်ပါ အတိုင်း လေ့လာနိုင်ပါသည်။
ဟေတုအစချီသည့် ပစ္စည်း၂-ပါးတွဲ၊ ၃-ပါးတွဲ၊ ၄-ပါးတွဲတို့တွင် ‘မူလ နှင့် မူလီ’ ယူဆပုံကို ဥပမာပြပါမည်။
* ၂-ပါးတွဲ၌ (ဟေတုပစ္စယာ မူလ ၊ နအာရမ္မဏပစ္စယာ မူလီ)
* ၃-ပါးတွဲ၌ (ဟေတုပစ္စယာ ၊ အာရမ္မဏပစ္စယာ မူလ၊ နအဓိပတိပစ္စယာ မူလီ)
ဤနည်းအတိုင်းပင် ရှေ့ကမူလဖြစ်ပြီး နောက်ကမူလီ ဖြစ်ပါသည်။
ဥပမာ – ပထမ မူလ၊ ဒုတိယ မူလ၊ တတိယမူလ……နောက်ဆုံး ၂၄- ခုမြောက် အဝိဂတပစ္စယာက မူလီဟု ယူရသည်။ (ဆဋ္ဌမူပဋ္ဌာန်းကျမ်း ၊ ပထမတွဲ၊ နှာ-၄၅) ကို လေ့လာနိုင်ပါသည်။
ပဋ္ဌာန်းပုစ္ဆာပေါင်း
ပဋ္ဌာန်းတရားတော်၌ ဖြစ်နိုင်ခြေရှိသည့် ပဋ္ဌာန်းပုစ္ဆာစုစုပေါင်းကို တွက်ယူပါမည်။ ခက်ခဲသည်ဟု မယူဆဘဲ သင်္ချာအဆင့်ဆင့် မြှောက်ပွားကာ ပေါင်းသွားခြင်းဖြင့် အဖြေကို ရရှိနိုင်ပါသည်။ သာမန်အခြေခံပညာရှိသူ တစ်ယောက်အနေဖြင့် စိတ်ရှည်ရှည်ဖြင့် ကြည့်မည်ဆိုလျှင် နားလည်ရန် ခက်ခဲလှမည် မထင်ပါ။
(က) တိကပဋ္ဌာန်းကျမ်းတွင် ၂၂-တိက်အတွက် အကြောင်းဓမ္မသည် အကျိုးဓမ္မကို ကျေးဇူး ပြုနိုင်သည့် သင်္ချာပုံစံမှာ –
(ပဒ ၇-ပါး x ပဒါဝါသန ၇-ပါး = ၄၉ ပါးဖြင့်) ဟောတော်မူသောကြောင့် – ၂၂ x ၄၉ = ၁၀၇၈ ပါး
(ခ ) ဒုကပဋ္ဌာန်းကျမ်းတွင် ဒုက် – ၁၀၀ အတွက် အကြောင်းဓမ္မသည် အကျိုးဓမ္မကို ကျေးဇူး ပြုနိုင်သည့် သင်္ချာပုံစံမှာ –
(ပဒ ၃-ပါး x ပဒါဝါသန ၃-ပါး = ၉ ပါးဖြင့်) ဟောတော်မူသောကြောင့် – ၁၀၀ x ၉ = ၉၀၀ ပါး
(ဂ ) ဒုကတိကပဋ္ဌာန်းကျမ်းတွင် ဒုက်-၁၀၀ နှင့် တိက်-၂၂ အတွက် အကြောင်းဓမ္မသည် အကျိုးဓမ္မကို ကျေးဇူးပြုနိုင်သည့် သင်္ချာပုံစံမှာ –
မူလဓမ္မဖြစ်သည့် ဒုကဓမ္မအတွက် အခြေခံသင်္ချာ ၉-ပါးနှင့် မူလီဓမ္မ တိက ၃-ကြိမ် ပြောင်းနိုင်သဖြင့် အခြေခံသင်္ချာ (၉ x ၃=၂၇) ရှိသောကြောင့် – ၁၀၀ x ၂၇ x ၂၂= ၅၉၄၀၀ ပါး
(ဃ) တိကဒုကကျမ်းတွင် တိက်-၂၂ နှင့် ဒုက်-၁၀၀ အတွက် အကြောင်းဓမ္မသည် အကျိုး ဓမ္မကို ကျေးဇူးပြုနိုင်သည့် သင်္ချာပုံစံမှာ –
မူလဓမ္မဖြစ်သည့် တိကဓမ္မအတွက် အခြေခံသင်္ချာ ၄၉-ပါးနှင့် မူလီဓမ္မ ဒုက ၂-ကြိမ် ပြောင်းနိုင်သဖြင့် အခြေခံသင်္ချာ (၄၉ x ၂=၉၈) ရှိသောကြောင့် – ၄၉ x ၂ x ၂၂ x ၁၀၀= ၂၁၅၆၀၀ ပါး
(င ) တိကတိကပဋ္ဌာန်းကျမ်းတွင် မူလဓမ္မ တိက်-၂၂ နှင့် မူလီဓမ္မ တိက်-၂၁ အတွက် အကြောင်းဓမ္မသည် အကျိုးဓမ္မကို ကျေးဇူးပြုနိုင်သည့် သင်္ချာပုံစံမှာ –
မူလဓမ္မ၏ သင်္ချာချက်ရေ ၄၉-ပါးနှင့် မူလီဓမ္မ ၃-ကြိမ် ပြောင်းနိုင်သဖြင့် တိကတိကကျမ်းအတွက် သင်္ချာပုံစံမှာ (၄၉ x ၃=၁၄၇) ဖြစ်သောကြောင့် – ၄၉ x ၃ x ၂၁ x ၂၂ = ၆၇၉၁၄ ပါး
(စ ) ဒုကဒုကပဋ္ဌာန်းကျမ်းတွင် မူလဓမ္မ ဒုက်-၁၀၀နှင့် မူလီဓမ္မ ဒုက်-၉၉ အတွက် အကြောင်း ဓမ္မသည် အကျိုးဓမ္မကို ကျေးဇူးပြုနိုင်သည့် သင်္ချာပုံစံမှာ –
မူလဓမ္မ၏ သင်္ချာချက်ရေ ၉-ပါးနှင့် မူလီဓမ္မ ၂-ကြိမ် ပြောင်းနိုင်သဖြင့် ဒုကဒုကကျမ်းအတွက် သင်္ချာပုံစံမှာ (၉ x ၂=၁၈) ဖြစ်သောကြောင့် – [(၉ x ၂ ) ၉၉]၁၀၀ = ၁၇၈၂၀၀ ပါး
ထို့ကြောင့် စုစုပေါင်း သင်္ချာ = ၅၂၃၀၉၂ ပါး
နည်း-၄ နည်းဖြင့် မြှောက်ပွားခြင်း
ပဋ္ဌာန်းတရားတော်ကို ဟောကြားတော်မူသည့် နည်း ၄ – နည်း ရှိသဖြင့် –
(၁) ဓမ္မအနုလောမနည်း၌ ကြောင်းကျိုးဓမ္မအစုံပေါင်း – ၅၂၃၀၉၂
(၂) ဓမ္မပစ္စနိက်နည်း၌ ကြောင်းကျိုးဓမ္မအစုံပေါင်း – ၅၂၃၀၉၂
(၃) ဓမ္မအနုလောမပစ္စနိက်နည်း၌ ကြောင်းကျိုးဓမ္မအစုံပေါင်း – ၅၂၃၀၉၂
(၄) ဓမ္မပစ္စနီယာအနုလောမနည်း၌ ကြောင်းကျိုးဓမ္မအစုံပေါင်း – ၅၂၃၀၉၂
ထို့ကြောင့် နယနည်း (၄)နည်းအတွက် သင်္ချာရေပေါင်း – ၂၀၉၂၃၆၈ ဖြစ်ပါသည်။
ဤကဲ့သို့ အကြောင်းဓမ္မသည် အကျိုးဓမ္မကို ကျေးဇူးပြုနိုင်သည့် ပုံစံပေါင်း ၂၀၉၂၃၆၈ သင်္ချာရှိသည့်အနက် အကြောင်းသည် အကျိုးကို ကျေးဇူးပြုနိုင်သည့် သတ္တိပုံစံ ဝါရ ၇-ပါးနှင့် ကျေးဇူးပြုသည့် ပစ္စည်းသတ္တိအတွဲပေါင်း ၂၆၅၄၄ ရှိသောကြောင့် စုစုပေါင်းပုစ္ဆာသည် (၂၀၉၂၃၆၈ x ၇ x ၂၆၅၄၄) = ၃၈၈ ၇၇၈ ၇၁၃ ၃၄၄ ပုစ္ဆာပေါင်း ရပါသည်။
ကုဋေပေါင်း သုံးသောင်း ရှစ်ထောင့် ရှစ်ရာ ခုနစ်ဆယ့် ခုနစ်ကုဋေ ရှစ်သန်း ခုနစ်သိန်း တစ်သောင်း သုံးထောင့် သုံးရာ လေးဆယ့် လေးမှာ ပဋ္ဌာန်းပုစ္ဆာပေါင်းသာ ဖြစ်ပါသည်။ ဤနေရာတွင် ပဋ္ဌာန်းအဖြေ ဝိသဇ္ဇနာအတွက် ဂဏန်းသင်္ချာ မတွက်ပြရသေးပါ။
အထက်ပါ တွက်နည်းအသေးစိတ်ကိုမူ မန္တလေးတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာကြီး ဦးခင်မောင်သန်း၏ စာအုပ်အဖြစ်မရောက်ခဲ့သည့် စာမူကျမ်း၌မူ ပို၍ ရှင်းလင်းလွယ်ကူစွာ တွက်ပြထားသည်။ ဆရာကြီး၏အဖြေနှင့် ဋီကာကျမ်းလာအဖြေတို့မှာ တစ်ထပ်တည်း ကိုက်ညီကြပါသည်။
ဝါရ ၇-ပါး
အထက်ပါ တွက်ရိုးပါ ၇- ဝါရမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၎င်းင်းတို့မှာ ဆဝါရ-၆-မျိုး နှင့် ပဥှာဝါရ ဟူ၍ စုစုပေါင်း ၇-မျိုး ရှိသည်။
၁ – ပဋိစ္စဝါရ
၂- သဟဇာတဝါရ
၃- ပစ္စယဝါရ
၄- နိဿယဝါရ
၅ – သံသဋ္ဌဝါရ
၆- သမ္ပယုတ္တဝါရ နှင့်
၇- ပဥှာဝါရ တို့ဖြစ်သည်။
၂၆၅၄၄-သင်္ချာကို ဖော်ထုတ်ခြင်း
ပဋ္ဌာန်း ၂၄-ပစ္စည်း၏ ဖြစ်နိုင်ခြေရှိသည့် ပစ္စည်းတွဲပေါင်းကို တွက်ယူပါမည်။ ပဋ္ဌာန်း တရားတော်၌ အကြောင်းဓမ္မသည် အကျိုးဓမ္မကို တစ်ပစ္စည်းဖြင့်သာ ကျေးဇူးပြုနိုင်သည့် ပစ္စယာနုလောမနည်း (အနုလုံ)နှင့် ပစ္စယပစ္စနီယနည်း (ပစ္စနိက်) ဟူ၍ ရှိပါသည်။
(အနုလုံ) နည်းဖြင့် ကျေးဇူးပြုနိုင်သည်မှာ -၂၄ ပစ္စည်းတွင် ၂၄-တွဲရမည်။
(ပစ္စနိက်) နည်းဖြင့် နဟေတု၊ နအာရမ္မဏ စသည်ဖြင့် -၂၄ တွဲရမည်။
ဤတွင် ပစ္စည်းတွဲ (၂၃)တွဲအတွက် မူလပစ္စည်း (၂၄)ကြိမ် ပြောင်းနိုင်သဖြင့် –
(၂၃ x ၂၄) = ၅၅၂ တွဲ ရပါသည်။
ထိုနည်းတူ (၂၂ x ၂၄) = ၅၂၈ တွဲ ရပါသည်။
ထိုနည်းတူ (၂၁ x ၂၄) = ၅၀၄ တွဲ ရပါသည်။
ဤနည်းအတိုင်း ဖြစ်နိုင်သည့် ပစ္စည်းအတွဲပေါင်းတို့ကို စဉ်၍ ပေါင်းပါက အောက်ပါ သင်္ချာတွဲရပါမည် –
= (၂၃ x ၂၄ = ၅၅၂)+(၂၂ x ၂၄ = ၅၂၈)+(၂၁ x ၂၄ = ၅၀၄)+(၂၀ x ၂၄ = ၄၈၀)+–+ (၁ x ၂၄ = ၂၄) = ၆၆၂၄
တစ်နည်းတွက်ပါက –
= (၂၃+၂၂+၂၁+၂၀+၁၉+၁၈+၁၇+၁၆+၁၅+၁၄+၁၃+၁၂+၁၁+၁၀+ ၉+၈+၇+၆+၅+၄+၃+၂+၁) =၂၇၆-တွဲ x ၂၄= ၆၆၂၄
ရရှိလာသည့် အတွဲပေါင်း – ၆၆၂၄ ကို ပစ္စယအနုလောမ၊ ပစ္စယပစ္စနိက်၊ ပစ္စယ အနုလောမပစ္စနိက်၊ ပစ္စယပစ္စနီယနုလောမ နည်းနယ – ၄ နည်းဖြင့်မြှောက်ပွားသော် –
၆၆၂၄ x ၄=၂၆၄၉၆ တွဲကို ရပါသည်။
ပစ္စည်းတစ်မျိုးအားဖြင့် ပစ္စယာအနုလောမနည်းဖြင့် ကျေးဇူးပြုသည့်ပစ္စည်းပေါင်း (ဟေတု၊ အာရမ္မဏ စသည်အားဖြင့်) ၂၄-တွဲ နှင့် ပစ္စယပစ္စနိက်နည်းအားဖြင့် တစ်ပစ္စည်းခြင်း ကျေးဇူးပြုသည့်အတွဲ (နဟေတု၊ နအာရမ္မဏ စသည်အားဖြင့်) ၂၄-တွဲ – စုစုပေါင်း
(၂၄+၂၄+၂၆၄၉၆) = ၂၆၅၄၄ တွဲ ပေါင်းရပါသည်။
အထက်ပါနည်းသည် (၂၀၉၂၃၆၈ x ၇ x ၂၆၅၄၄) = ၃၈၈ ၇၇၈ ၇၁၃ ၃၄၄ ပုစ္ဆာပေါင်း၏ တွက်နည်းတွင် ပါသည့် (၂၆၅၄၄-တွဲ)ကို ဖော်ထုတ်နည်း ဖြစ်ပါသည်။
ကျမ်းစာအုပ်အဖြစ် ရေတွက်ခြင်း
၃၈၈၇၇ ၈၇၁ ၃၃၄၄ – ကုဋေပေါင်း ၃၈၈၇၇ ၈ သန်း ၇ သိန်း တစ်သောင်း ၃၃၄၄ ပုစ္ဆာရှိသည်။
ခန့်မှန်းခြေအားဖြင့် စာတစ်ကြောင်း တစ်ပုစ္ဆာယူလျှင် အထက်ပါဂဏန်းသည်ပင် စာကြောင်းရေ ဖြစ်မည်။
ပိဋကတ်စာအုပ်၏ တစ်မျက်နှာလျှင် စာကြောင်း ၃၀- ခန့် ရှိပါသည်။
၃၈၈၇၇ ၈၇၁ ၃၃၄၄ /၃၀=၁၂၉၅၉၂၉၀၄၄၅ စာမျက်နှာ ရှိပါမည်။
စာတစ်အုပ်လျှင် စာမျက်နှာ – ၄၅၀ ခန့်ရှိသဖြင့် ပဋ္ဌာန်းကျမ်းစာအုပ်ပေါင်း = ၁၂၉၅၉၂၉၀၄၄၅/၄၅၀ =၂၈၇၉၈၄၂၃ အုပ် ရှိပါမည်။
ထို့ကြောင့် စာအုပ်ပေါင်း နှစ်ကုဋေ ရှစ်သန်း ခုနစ်သိန်း ကိုးသောင်း ၈၄၂၃ အုပ် ရှိမည် ဖြစ်ပါသည်။
မြန်မာ့မြေပေါ် ပဋ္ဌာန်းစာမျက်နှာ တင်ကြည့်ခြင်း
မြန်မာနိုင်ငံမြောက်ဖျား ခေါင်လန်ဖူးမှသည် တောင်ဖျား ရေး-ဘိတ်-ထားဝယ်တိုင်အောင် မိုင်ပေါင်း ၁၂၇၅-မိုင် ရှိပါသည်။ ပဋ္ဌာန်းပုစ္ဆာ ရေးထားသည့် A4 စာရွက်များဖြင့် ပတ်မည်ဆိုလျှင် ၁၉၂၅-ပတ်မိနိုင်မည် ဖြစ်သည်။
ကမ္ဘာကြီးပေါ် ပဋ္ဌာန်းစာမျက်နှာ တင်ကြည့်ခြင်း
ကမ္ဘာကြီး၏ အဝန်းသည် ၂၄၉၀၁-မိုင် ရှိပါသည်။ ပဋ္ဌာန်းကျမ်းပုံနှိပ်ထားသည့် A4 စာရွက်တစ်ရွက်ကို တစ်ပေထားတွက်ပါက ပေပေါင်း ၁၂၉၅၉၂၉၀၄၄၅-ပေ ရှိမည် ဖြစ်ပြီး မိုင်အားဖြင့် ၂၄၅၄၄၁၁-မိုင် ရှိပါမည်။ ထို့ကြောင့် ကမ္ဘာကို ပဋ္ဌာန်းပုစ္ဆာရေးထားသည့် A4 စာရွက်များဖြင့် ပတ်မည်ဆိုလျှင် ဆယ်ပတ်ခန့် ပတ်မိနိုင်မည် ဖြစ်ပါသည်။
ဤမျှ များပြားလှသည့် စာရွက်အရေအတွက်သည် ပဋ္ဌာန်းပုစ္ဆာအတွက်သာ ဖြစ်ပါသည်။ ထိုမျှများပြားလှသည့် ပုစ္ဆာအတွက် ဖြစ်နိုင်ခြေရှိသည့် အဖြေအရေအတွက်ကိုမူ ဤစာရှုသူ ဓမ္မမိတ်ဆွေများက ဆက်လက် စဉ်းစားနိုင်မည် ဖြစ်ပါသည်။
အင်ဂျင်နီယာ ဦးအုန်းကျော် (B.E Electrical Power)
(Worldwide Patthana Dhamma Conference ၏ ပဋ္ဌာန်းစာတမ်းရှင်)
ပြင်ဦးလွင်မြို့
ကျမ်းညွှန်း * မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာကြီးဦးခင်မောင်သန်း၏ ပဋ္ဌာန်းစာတမ်း။
နိဒါန်း
” နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ “
ဗုဒ္ဓမြတ်စွာဘုရားရှင် ၄၅-ဝါကာလပတ်လုံး ဟောကြားတော်မူခဲ့သည့် တရားတော် များကို ပထမသင်္ဂါယနာထေရ်အရှင်မြတ်တို့က ဝိမုတ္တိဟူသော ရသအားဖြင့်တစ်ပါး၊ ဓမ္မဝိနယအားဖြင့် နှစ်ပါး၊ ပထမ၊ မဇ္ဈိမ၊ ပစ္ဆိမ ဟူသော ဗုဒ္ဓဝစနအားဖြင့် သုံးပါး၊ သုတ္တ၊ ဝိနယ၊ အဘိဓမ္မ ဟူသော ပိဋကတ်တော်အားဖြင့် သုံးပါး၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒကဟူသော နိကာယ်အားဖြင့် ငါးပါး၊ သုတ္တ၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန၊ ဣတိဝုတ္တက၊ ဇာတက၊ အဗ္ဘုတဓမ္မ၊ ဝေဒလ္လဟူသော အင်္ဂါအားဖြင့်ကိုးပါး၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄၀၀၀)ဟူ၍ ရှိပါသည်။
သုတ္တန္တပိဋကတ်တော်
ဓမ္မက္ခန္ဓာအားဖြင့် (၂၁၀၀၀) ရှိသော သုတ္တန္တပိဋကတ်သည် ဝေနေယျသတ္တဝါတို့၏ စရိုက် ဝါသနာကိုလိုက်၍ လူအများ သိရှိနားလည်လွယ်သော ဝေါဟာရများကို အခြေခံကာ ဟောကြားထားသော တရားတော်များဖြစ်သည်။ သုတ္တန္တပိဋကတ်၌ –
၁ – ဒီဃနိကာယ် = ( ၃ ) ကျမ်း
၂ – မဇ္ဈိမနိကာယ် = ( ၃ ) ကျမ်း
၃ – သံယုတ္တနိကာယ် = ( ၅ ) ကျမ်း
၄ – အင်္ဂုတ္တရနိကာယ် = (၁၁ ) ကျမ်းနှင့်
၅ – ခုဒ္ဒကနိကာယ် = (၁၅ ) ကျမ်းဟူ၍ ကျမ်းပေါင်း (၃၇)ကျမ်း ရှိ၏။
သုတ္တန်တရားတော်များမှာ ကျွတ်ထိုက်သည့် ဝေနေယျတို့၏ အဇ္ဈာသယ၊ ဝါသနာ၊ စရိုက်တို့အလိုက် ထိုက်သင့်သကဲ့သို့ ဟောကြားတော်မူသည့် တရားတော်မျိုးဖြစ်သည်။ ထို့ကြောင့် ရံခါ တစ်ဂါထာတည်းဖြင့် တရားထူးရသွားသူများလည်း ရှိပါသည်။ ပမာပြရသော် ဗာဟိယဒါရုစီရိယအား မြတ်စွာဘုရားရှင်က-
“ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊
သုတေ သုတမတ္တံ ဘဝိဿတိ၊
မုတေ မုတမတ္တံ ဘဝိဿတိ၊
ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ” ဟု
ဟောကြားတော်မူရာ တရားနာလျက်သာလျှင် ဗာဟိယဒါရုစီရိယသည် အလုံးစုံသော အာသဝေါတရားတို့ကို ကုန်ခန်းစေလျက် ပဋိသမ္ဘိဒါတို့နှင့်တကွ ရဟန္တာဖြစ်တော်မူလေသည်။ ပရိနိဗ္ဗာန်စံဝင်ပြီးနောက်တွင် အတိုဆုံးသော တရားတော်ကို အလျင်အမြန် သိတော်မူနိုင်စွမ်းသောကြောင့် ခိပ္ပာဘိညာဧတဒဂ်ဘွဲ့ ရတော်မူပါသည်။
ကျမ်းညွှန်း * ဓမ္မပဒအဋ္ဌကထာ၊ သဟဿဝဂ်၊ ဗာဟိယဒါရုစီရိယဝတ္ထု (နှာ-၄၁၁)
ဝိနယပိဋကတ်တော်
ဓမ္မက္ခန္ဓာအားဖြင့် (၂၁၀၀၀)ရှိသော ဝိနယပိဋကတ်သည် ရဟန်းသံဃာတော်များ လိုက်နာကျင့်သုံးရန် ပညတ်ထားသော ဥပဒေစည်းမျဉ်းများ ဖြစ်သည်။ ဝိနည်းပိဋကတ်တော်၌-
၁ – ပါရာဇိကဏ်
၂ – ပါစိတ်
၃ – ဝိနည်းမဟာဝါ
၄ – စူဠဝါနှင့်
၅ – ပရိဝါဟူ၍ ငါးကျမ်းရှိ၏။
ဝိနည်းတော်ဟူသည် အာဏာဒေသနာတော် ဖြစ်လေသည်။ အကြောင်းအားလျော်စွာ ဘုရားရှင် ပညတ်တော်မူ၏။ မြတ်စွာဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်း သုံးတော်မူစဉ် အခါကာလက ရဟန်းတစ်ပါးသည် ဓူတင် ၁၃-ပါးကိုဆောင်သည်၊ ခြိုးခြံစွာ ကျင့်သုံးသည်၊ သုသာန်၌လည်း နေ၏။
ထိုရဟန်းသည် သေလွန်ကုန်သော မိဘဘိုးဘွားတို့အား ရည်စူးပြီး လူတို့က စွန့် ထားသည့် ခဲဖွယ် ဘောဇဉ်ကို ကိုယ်တိုင် ယူ၍စား၏။ ထို့ကြောင့် လူတို့က “ဤရဟန်းသည် ငါတို့၏ သေလွန်ကုန်သော မိဘဘိုးဘွားတို့အား ရည်စူးပြီး စွန့်ထားသည့် ခဲဖွယ်ဘောဇဉ် ကိုလည်း ကိုယ်တိုင်ယူ၍စား၏၊ ဝလည်းဝဖြိုး၏၊ လူ့အသားကို စားလေယောင်တကား” ဟု ကဲ့ရဲ့ရှုတ်ချ အပြစ်ပြောကြ၏။
ထိုအခါ မြတ်စွာဘုရားရှင်က “အကြင်ရဟန်းသည် အကပ်မခံရသေးသော အာဟာရ ကို ခံတွင်းဝသို့ဆောင်ငြားအံ့ ပါစိတ်အာပတ်သင့်၏” ဟု ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။
ကျမ်းညွှန်း * ဓမ္မပဒအဋ္ဌကထာ၊ သဟဿဝဂ်၊ ဗာဟိယဒါရုစီရိယဝတ္ထု (နှာ-၄၁၁)
* ပါစိတ်ပါဠိတော်၊ ဘောဇနဝဂ်၊ ဒန္တပေါနသိက္ခာပုဒ်
* ဆဋ္ဌသင်္ဂါယနာမှတ်တမ်း
အဘိဓမ္မာပိဋကတ်တော်
ဓမ္မက္ခန္ဓာအားဖြင့် (၄၂၀၀၀)ရှိသော အဘိဓမ္မာတရားတော်ကို လူ့ပြည်၌ မဟောဘဲ တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလကာလပတ်လုံး ဣရိယာပုတ်တစ်ခုတည်းဖြင့် ဟောကြား တော်မူသည်။ နတ်ဗြဟ္မာတို့က ဣရိယာပုတ်တစ်ခုတည်းဖြင့် တရားအစမှ အဆုံးတိုင် နာကြား နိုင်ပါသော်လည်း လူသားတို့အဖို့မှာမူ သုံးလပတ်လုံး ဣရိယာပုတ်တစ်ခုတည်းဖြင့် တရား အစ အဆုံး နာယူရန် မဖြစ်နိုင်ကောင်းပေ။
ဤတွင် ‘မြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားတော်ကို လူ့ပြည့်၌ မဟောကြား ခဲ့ပါလေ’ ဟု မမှတ်ယူသင့်ချေ။ ထိုဝါတွင်း၌ပင် ဓမ္မသေနာပတိ ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားတော်ကို နည်းရရုံ အကျဉ်းမျှ ဟောကြားတော်မူခဲ့ပါသည်။
တရားစစ်သူကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား ထိုအဘိဓမ္မာတရားတော်ကို မကျဉ်းမကျယ် တစ်ဆင့် ဟောကြား ပို့ချတော်မူခဲ့ပါသည်။ ယခု ရှိနေသော အဘိဓမ္မာပိဋကတ်သည်ကား အရှင်သာရိပုတ္တရာ ဟောကြား ပို့ချတော်မူခဲ့သည့် ပိဋကတ်တော်ပင် ဖြစ်ပါသည်။
ကျမ်းအားဖြင့် ခုနစ်ကျမ်းရှိ၏
အဘိဓမ္မာတရားမှာမူ သုတ္တန်တရားများကဲ့သို့ သတ္တဝါတို့၏ အဇ္ဈာသယ၊ ဝါသနာ၊ စရိုက်တို့သို့ မလိုက်ဘဲ ဓမ္မသဘာဝသက်သက်ကိုသာ ပဓာနထား၍ ဟောကြားသည့် တရားတော်မျိုး ဖြစ်သည်။ အဘိဓမ္မာပိဋကတ်၌ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်နှင့် ပဋ္ဌာန်းဟူ၍ ကျမ်းအားဖြင့် ခုနစ်ကျမ်းရှိ၏။
စာမျက်နှာပေါင်း (၄၉၄၁) မျက်နှာရှိ၏
အဘိဓမ္မာ (၇) ကျမ်းသည် စာအုပ်အားဖြင့် (၁၂)အုပ် ရှိပါသည်-
၁ – ဓမ္မသင်္ဂဏီကျမ်း၌ စာမျက်နှာ (၂၉၈) မျက်နှာ
၂ – ဝိဘင်းကျမ်း၌ စာမျက်နှာ (၄၅၃) မျက်နှာ
၃ – ဓာတုကထာကျမ်းနှင့် ပုဂ္ဂလပညတ်ကျမ်း၂-ကျမ်း (၁) အုပ်၌ စာမျက်နှာ (၁၈၅) မျက်နှာ
၄ – ကထာဝတ္ထုကျမ်း၌ စာမျက်နှာ (၄၅၄) မျက်နှာ
၅ – ယမိုက်ကျမ်း (၃-အုပ်) ၌ စာမျက်နှာပေါင်း (၉၁၁) မျက်နှာ
၆ – ပဋ္ဌာန်းကျမ်း (၅-အုပ်) ၌ စာမျက်နှာပေါင်း (၂၆၄၀) မျက်နှာ ရှိပါသည်။ ထို့ကြောင့် အဘိဓမ္မာ (၇) ကျမ်း (၁၂) အုပ်၏ စုစုပေါင်း စာမျက်နှာ (၄၉၄၁) မျက်နှာရှိ၏။
အဘိဓမ္မာတရားတော် ဟောကြားခြင်း
ရှင်တော်မြတ်ဘုရားသည် အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူရာတွင် သဗ္ဗညုတဉာဏ်တော်အစွမ်း ရှိတော်မူသည့်အတိုင်း လောကဓာတ်တစ်ခုလုံးကို မွှေနှောက် ချောက်ချားစေလျက် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ စသည်တရားတို့၏ သဘာဝဖြစ်စဉ်ကို အကြွင်းအကျန်မရှိ အကုန်အစင် ဝေဖန် ပိုင်းခြား ဟောကြားတော်မူပါသည်။
ဒေသနာတော်အစဉ်
အာဏာဒေသနာတော်၊ ဝေါဟာရဒေသနာတော်နှင့် ပရမတ္ထဒေသနာတော်ဟူ၍ ဒေသနာတော်အပြား သုံးပါးရှိရာတွင် အဘိဓမ္မာပိဋကတ်တော်သည် ပရမတ္ထဒေသနာတော် မျိုး ဖြစ်လေသည်။
ယထာပရာဓ သာသနာတော်၊ ယထာနုလောမ သာသနာတော်နှင့် ယထာဓမ္မသာသနာ တော်ဟူ၍ သာသနာအပြား သုံးပါးရှိရာတွင် အကယ်စင်စင် ထင်ရှားရှိသော ပရမတ္ထတရား တို့၌ သတ္တဝါတို့သည် ခွဲခြားဝေဖန်၍ သိမြင်နိုင်စွမ်း မရှိသဖြင့် ငါဟူ၍လည်းကောင်း၊ ငါ၏ ဥစ္စာဟူ၍လည်းကောင်း အတ္တအစွဲတည်းဟူသော အယူအဆ လွဲမှားနေသူတို့အား တရားကို အမှန်အတိုင်း သိမြင်အောင် ဆုံးမဟောကြားတော်မူသောကြောင့် ယထာဓမ္မသာသနာတော်ဟု ခေါ်သည်။
သံဝရာသံဝရကထာ၊ ဒိဋ္ဌိဝိနိဝေဌနကထာ၊ နာမရူပပရိစ္ဆေဒကထာဟူ၍ ကထာအပြား သုံးပါးရှိရာ အဘိဓမ္မာပိဋကတ်တော်သည် နာမ်ရုပ်နှစ်ပါးကို ပိုင်းခြားသိမြင်အောင် ဟော ကြားရာ ဖြစ်သောကြောင့် နာမရူပရိစ္ဆေဒကထာဟု ခေါ်သည်။
အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာ ဟူ၍ သိက္ခာအပြား သုံးပါးရှိရာ အဘိဓမ္မာပိဋကတ်၌ အဓိပညာဆိုင်ရာတို့ကို အထူးတလည် ဟောကြားတော်မူပြီး ပရမတ္ထ တရားတည်းဟူသော ရုပ်နာမ်တို့ကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်ကာ မဂ်ဉာဏ် ဖိုလ်ဉာဏ် သို့ ရောက်အောင် ဟောကြားရာဖြစ်သောကြောင့် အဓိပညာသိက္ခာဟု ခေါ်သည်။
ကျမ်းညွှန်း * ပါရာဇိကအဋ္ဌကထာ (အတွဲ-၁၊ နှာ-၂၀-၂၁)
အကျဉ်းဟောနှင့် အကျယ်ဟော ဒေသနာတော်
စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား ဟောတော်မူသည့် ဒေသနာတော်မှာ အကျဉ်း ဟောသည့် သင်္ခေပဒေသနာတော်ဖြစ်၏။ ဤသို့ အကျဉ်းသင်္ခေပဟောတော်မူခဲ့သည့် ပဋ္ဌာန်း ဒေသနာတော်ကို ဆဋ္ဌသင်္ဂါယနာတင်ပြီး ကျမ်းစာအုပ်အဖြစ် ပြုစုတော်မူသောအခါတွင်မူ –
( ပ ) ပေယျာလထိုးကာ ရှေ့နည်းအတိုင်းဟု မှာထား၍လည်းကောင်း
(သံခိတ္တံ) အကျဉ်းမျှသာဟု မှာထား၍လည်းကောင်း
(သဒိသံ) ရှေ့နှင့်တူသည်ဟု မှာထား၍လည်းကောင်း
(ဧဝံ ကာတဗ္ဗံ) ဤအတိုင်း ဆက်ဆိုပါဟု မှာထား၍လည်းကောင်း
(ပရိပုဏ္ဏံ) ပြည့်စုံလောက်ပေပြီဟု မှာထား၍လည်းကောင်း
(ဧဝံ ဂဏေတဗ္ဗံ) ဤအတူရေတွက်အပ်၏ဟု မှာထား၍လည်းကောင်း
(ဝိတ္ထာရေတဗ္ဗံ) အကျယ်ချဲ့ကြည့်ပါလေဟု မှာထား၍လည်းကောင်း ပဋ္ဌာန်း ကျမ်းစာအုပ်ကို အကျဉ်းချုံးထားသည့်တိုင် ဆဋ္ဌသင်္ဂါယနာတင်ထားသည့် ပဋ္ဌာန်းကျမ်းစာအုပ် အထူ (၅) အုပ်ရှိပြီး စာမျက်နှာမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
၁ – ပဋ္ဌာန်းကျမ်း (ပထမအုပ်)၌ စာမျက်နှာ (၄၆၄) မျက်နှာ
၂ – ပဋ္ဌာန်းကျမ်း (ဒုတိယအုပ်)၌ စာမျက်နှာ (၄၉၃) မျက်နှာ
၃ – ပဋ္ဌာန်းကျမ်း (တတိယအုပ်)၌ စာမျက်နှာ (၆၀၅) မျက်နှာ
၄ – ပဋ္ဌာန်းကျမ်း (စတုတ္ထအုပ်)၌ စာမျက်နှာ (၆၃၆) မျက်နှာ နှင့်
၅ – ပဋ္ဌာန်းကျမ်း (ပဉ္စမအုပ်)၌ စာမျက်နှာ (၄၄၂) မျက်နှာ ရှိပါသည်။
ထို့ကြောင့် ပဋ္ဌာန်းကျမ်း (၅-အုပ်)၌ စာမျက်နှာ စုစုပေါင်း (၂၆၄၀)မျက်နှာ ရှိ၏။
အနန္တနယ သမန္တပဋ္ဌာန်းကျမ်း
တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူသည့် အဘိဓမ္မာ ၇-ကျမ်းတွင် ပဋ္ဌာန်း ကျမ်းလည်း ပါဝင်ပါသည်။ ပဋ္ဌာန်းကျမ်းဟူသည်မှာ (ပ= အမျိုးမျိုး၊ ဌာန= အကြောင်း) ဟူ၍ အဓိပ္ပာယ်ရသဖြင့် နာမ်ရုပ်တို့ဖြစ်ပေါ်လာပုံ အကြောင်းအမျိုးမျိုးတို့ကို ဟောပြသည့် ကျမ်းဖြစ်၏။
ပဋ္ဌာန်းကျမ်း၏ အမည်ရင်းမှာ အနန္တနယ သမန္တပဋ္ဌာန်းကျမ်းဖြစ်၏။ (အနန္တ= အဆုံး အစမရှိ အနန္တ။ နယ= နည်းစနစ်။ သမန္တ= ထက်ဝန်းကျင် အလုံးစုံ ပြည့်စုံသည်) ဟု အဓိပ္ပာယ် ရပါသည်။ ထည့်သွင်းရန်လည်းမလို၊ နုတ်ပယ်ရန်လည်းမလို၊ ပြုပြင်ရန်လည်း မလိုအောင်ပင် ပြည့်စုံနေသောကြောင့် အနန္တနယသမန္တ ပဋ္ဌာန်းကျမ်းမည်ပေသည်။
ဉာဏသာဂရ
သမုဒ္ဒရာကြီးသည် ကမ်းမမြင်၊ လမ်းမမြင် အလွန့်အလွန် ကြီးမားကျယ်ပြန့်ပြောလှ၏၊ အလွန်လည်း နက်ရှိုင်းသဖြင့် သာဂရမည်ပါသည်။ ထိုသမုဒ္ဒရာကြီးကို ပမာပြုကာ သံသာရ သာဂရ= သံသရာသမုဒ္ဒရာ။ ဇလသာဂရ= ရေသမုဒ္ဒရာ။ နယသာဂရ= ပိဋကတ်သုံးပုံတည်း ဟူသော နည်းသမုဒ္ဒရာနှင့် ဉာဏသာဂရ= သဗ္ဗညုတဉာဏ်ဟူ၍ ဓမ္မသင်္ဂဏီ အဋ္ဌကထာ၌ လာရှိပါသည်။
ဤပဋ္ဌာန်းကျမ်းတော်ကြီးသည်လည်း အလွန့် အလွန် ကျယ်ပြန့်၏၊ အလွန့်အလွန် လည်း နက်ရှိုင်းလေ၏။ ပဋ္ဌာန်းကျမ်းကို ဟောကြားတော်မူသည့် မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးသည်လည်း အလွန့်အလွန် ကြီးကျယ်၏၊ အလွန့်အလွန်လည်း နက်ရှိုင်းသောကြောင့် “ဉာဏသာဂရ” မည်ပေသည်။
အကျဉ်းအားဖြင့် ပဋ္ဌာန်း (၆) ကျမ်း၊ အကျယ် (၂၄) ကျမ်း
ပဋ္ဌာန်းကျမ်း၂၄-ကျမ်း ရှိပါသည်၊ သာမန်အားဖြင့် ၂၄-ပစ္စည်းကိုပင် ၂၄-ကျမ်း ခွဲထားသည်ဟု ထင်မှတ်ဖွယ်ရှိပါသည်။ ဤသို့မဟုတ်ရပါ၊ ပဋ္ဌာန်း ၂၄-ကျမ်း ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
၁ – တိကပဋ္ဌာန်းကျမ်း
၂ – ဒုကပဋ္ဌာန်းကျမ်း
၃ – တိကဒုကပဋ္ဌာန်းကျမ်း
၄ – ဒုကတိကပဋ္ဌာန်းကျမ်း
၅ – တိကတိကပဋ္ဌာန်းကျမ်းနှင့်
၆ – ဒုကဒုကပဋ္ဌာန်းကျမ်း တို့ရှိရာ ဤ ၆-ကျမ်းကို ဟောတော်မူသည့် နည်းနယ ၄-နည်း ရှိလေသည်။
၎င်းတို့မှာ-
၁ – ပစ္စယာနုလောမနည်း
၂ – ပစ္စယာပစ္စနီယနည်း
၃ – ပစ္စယာနုလောမပစ္စနီယနည်း
၄ – ပစ္စနီယာနုလောမနည်း တို့ဖြစ်သည်။
ထို့ကြောင့် တိကကျမ်း၊ ဒုကကျမ်း အစရှိသည့် ၆-ကျမ်းကို ဟောနည်း ၄-နည်းဖြင့် မြှောက်ပွားပါက (၆ x ၄)=၂၄ ကျမ်း ရရှိမည် ဖြစ်ပါသည်။
သမုဒ္ဒရာရေအနက်တိုင်းသည့် ယုန်သူငယ်ပမာ
ထိုပဋ္ဌာန်း ၂၄-ကျမ်းအတွက် ပဋ္ဌာန်းပုစ္ဆာပေါင်းမှာ ဋီကာနည်းအရ (၃၈၈၇၇၈၇၁ ၃၃၄၄) ကုဋေပေါင်း သုံးသောင်း ရှစ်ထောင် ရှစ်ရာ ခုနစ်ဆယ့် ခုနစ်ကုဋေ ရှစ်သန်း ခုနစ်သိန်း တစ်သောင်း သုံးထောင့် သုံးရာ လေးဆယ့် လေးခု ရှိပါသည်။
တစ်ဖန်အဋ္ဌကထာနည်းအရ (၄၀၄၉၄၈၅၃၃၂၄၈) ကုဋေပေါင်း လေးသောင်း လေးရာ ကိုးဆယ့် လေးကုဋေ ရှစ်သန်း ငါးသိန်း သုံးသောင်း သုံးထောင့် နှစ်ရာ လေးဆယ့် ရှစ်ခု ရှိပါသည်။ ဤမျှ ကြီးကျယ် များပြားသော သင်္ချာမှာ အဖြေဝိသဇ္ဇနာ အရေအတွက် မပါသေးဘဲ ပုစ္ဆာ၏ အရေအတွက်မျှသာ ဖြစ်နေပါသေး၏။
ထို့ကြောင့် မိမိ၏ ပုထုဇဉ်ဉာဏ်ပိစိကလေးဖြင့် ပဋ္ဌာန်းတရားတော်၏ ကျယ်ဝန်းမှုကို ခန့်မှန်းရသည်မှာ မဟာသမုဒ္ဒရာရေအနက်ကို သိလိုလှသဖြင့် ခြေဖျားထောက်ကာ၊ ထောက်ကာမှန်းဆနေရှာသည့် ယုန်သူငယ်နှင့်ပင် ပမာတူလှ၏။သဗ္ဗညုတဉာဏ်တော်ကြီး၏ အစွမ်းသည်ကား အံ့ဘနန်းပါတကား၊ ကြီးကျယ်လှပေစွတကား။
ကျမ်းညွှန်း * ပဋ္ဌာန်းမူလဋီကာ (နှာ-၁၈၉-၁၉၂)
၁။ ဟေတုပစ္စယော Hetu Paccayo (Root Condition)
ဟိတ် ၆-ပါး ဖြစ်၍ အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား
ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စိမ်းရွှင်ညွန့်ဝေ၊ စည်ပင်စေထ၊ ထောက်ပံ့မသို့။ သဟဇာတံ၊ ရုပ်နှင့်နာမ်ကို၊ သန္ဓေ၊ ပဝတ်၊ မလွတ်စေရ။ သဘာဂတာ၊ ဆယ့်နှစ်ဖြာတွင်။ ကောင်းစွာ ခိုင်ကျည်၊ တည်သည်၏အဖြစ်ကို ပြီးစေတတ်သော ဟေတုသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာ ရှိသော ဟိတ်ခြောက်ပါး ပစ္စည်းတရားလည်းကောင်း။
၂။ အာရမ္မဏပစ္စယော Ârammanha Paccayo (Object support condition)
အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းရလေ၊ ထိုင်,ထစေသို့။ စိတ်,စေလေးတန်၊ နာမက္ခန်ကို။ ဖြစ်ဟန်တူစွာ၊ ရှစ်သဘာတွင်၊ ဆွဲငင်ထောက်ရာ အာရုံ၏အဖြစ်တည်းဟူသော အာရမ္မဏသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော အာရုံခြောက်ပါး ပစ္စည်းတရားလည်းကောင်း။
၃။ အဓိပတိပစ္စယော Adhipati paccayo (Predominance condition)
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
စကြာဘုန်းငူ၊ များဗိုလ်လူကို၊ ပြိုင်သူမရှိ၊ စိုးအုပ်ဘိသို့။ ဟသိ, မောဟ။ ကြဉ်ပသည့်ဇော၊ လောဘမူလ၊ အဋ္ဌပုညာ၊ ကြိယာသမ္ပယုတ်၊ လောကုတ်ရှစ်အား၊ ဆယ့်ခြောက်ပါးတွင်။ ကြီးမား လွှမ်းမိုး၊ အစိုးရခြင်းဟူသော အဓိပတိသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဟူသော သဟဇာတာဓိပတိလေးပါး, ဒုက္ခသဟ၊ မောဟကြဉ်စိတ်၊ ဣဋ္ဌနိပ္ဖန်၊ နိဗ္ဗာန် ဟူသော အာရမ္မဏာဓိပတိခြောက်ပါး ပစ္စည်းတရားလည်းကောင်း။
၄။ အနန္တရပစ္စယော Anantara Paccayo (Proximity condition)
အခြားမဲ့ (တစ်ဆက်တည်းအကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ပျော်စံနတ်ရွာ၊ စကြာမင်းဖျား၊ သားကြီးအားသို့၊ အခြားမဲ့နေ၊ စိတ်နှင့်စေကို။ မကွေတူစွာ၊ ခုနစ်ဖြာတွင်၊ သမာနဇာတ်။ ခြားမပြတ်ဘဲ၊ ဖြစ်စေတတ်သော အနန္တရသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ရှေးရှေးသော နာမ်ခန္ဓာလေးပါး အနန္တရပစ္စည်းတရားလည်းကောင်း။
၅။ သမနန္တရပစ္စယော Samanantara Paccayo (Contiguity condition)
ကောင်းစွာ အခြားမဲ့ (တစ်ဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
စည်းစိမ်မဖက်၊ တောကြီးထွက်သည့်၊ စက္ကဝတ်မင်းဖျား၊ သားကြီးအားသို့။ အခြားမဲ့နေ၊ စိတ်နှင့်စေကို။ မကွေပြိုင်ဘက်၊ ခုနစ်ချက်တွင်။ အောက်ထက်ယာဝဲ၊ ဝေခွဲမရှိ၊ မိမိတစ်မူ၊ တူသည့် အဖြစ်၊ ဆောင်လှစ်ပမာ၊ ကောင်းမွန်စွာလျင်၊ သမာနဇာတ်၊ ခြားမပြတ်ဘဲ၊ ဖြစ်စေတတ်သော သမနန္တရသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ရှေးရှေးသော နာမ်ခန္ဓာလေးပါး သမနန္တရ ပစ္စည်းတရားလည်းကောင်း။ (ဤနှစ်ပစ္စည်းတို့၌ ဥပမာကား ကျမ်းဂန်မလာ၊ ဆရာကြီးတို့ ဆောင်ကြသော ပုံတည်း။)
၆။ သဟဇာတပစ္စယော Sahajata Paccayo (Presence condition)
အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား
အလင်းဖြစ်မှု၊ ဆီးမီးပြုသည်၊ တန္တုပမာ။ သဟဇာတ၊ နာမနှင့်ရုပ်၊ ဘူတုပ္ပာဒါ၊ သန္ဓေခါ လည်း၊ ဝိပါဝတ္ထု၊ ယင်းခြောက်ခုအား။ တူငြားအဋ္ဌ၊ သဘာဂတွင်။ တကွမသွေ ဖြစ်စေခြင်း ဟူသော သဟဇာတသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ် ၊မဟာဘု၊ ဝတ္ထု ၊ ပါက၊ သဟဇာတ ခြောက်ပါးပစ္စည်း တရားလည်းကောင်း။
၇။ အညမညပစ္စယော Aññamañña Paccayo (Mutuality condition)
အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား
သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ ဥပကာရာ၊ ထောက်ပံ့လာသော၊ နာမ် မဟာဘု၊ ဝတ္ထု၊ နာမ်အား။ တူရှစ်ပါးတွင်။ ထောက်ထားလှန်ပင်း၊ အချင်းချင်းဟူသော အညမညသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ် ၊ မဟာဘု၊ ဝတ္ထု ၊ ပါက၊ အညမညသုံးပါး ပစ္စည်းတရားလည်းကောင်း။
၈။ နိဿယပစ္စယော Nissaya Paccayo (Dependence condition)
မှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား
သစ်ပင်အားမြေ၊ ထောက်ပံ့ပေသို့၊ နှစ်ထွေရုပ်၊ နာမ်၊ သဟဇံအားလည်းကောင်း။ စိတ္တကမ္မ၊ ပဋပုံဟန် (ပန်းချီသမား၊ နောက်ခံထားသည့်၊ ကားချပ်ပုံဟန်)၊ သတ်ဝိညာဏ်အားလည်းကောင်း။ တူမှန်သဘော၊ ဆယ့်သုံးဖြာတွင်။ တည်ရာမှီရာဟူသော အဓိဋ္ဌာနာကာရ၊ နိဿယာကာရ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်၊မဟာဘု၊ ဝတ္ထု ၊ ပါကဟူသော သဟဇာတနိဿယခြောက်ပါး၊ ပဝတ္တိစု၊ ဆဝတ္ထုဟူသော ပုရေဇာတ နိဿယခြောက်ပါး ပစ္စည်းတရားလည်းကောင်း။
၉။ ဥပနိဿယပစ္စယော Upanissaya Paccayo (Strong dependence condition)
အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား
မိုးနှင့်မကင်း၊ စုံခပင်းကို၊ မိုးတွင်းခြိမ့်အုန်း၊ ထစ်ချုန်းမြည်ကျိုး၊ ရွာသည့်မိုးသို့။ သုံးမျိုး ပြားလတ်၊ စိတ္တုပ္ပါဒ်အား။ ဆယ့်လေးပါးတွင် အားကြီးသော မှီရာအကြောင်း၏ အဖြစ်တည်းဟူသော ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဒုက္ခသဟ၊ မောဟကြဉ်စိတ်၊ ဣဋ္ဌနိပ္ဖန်၊ နိဗ္ဗာန်ဟူသော အာရမ္မဏူပနိဿယ၊ ရှေးရှေးသော နာမက္ခန်ဟူသော အနန္တရူပနိဿယ၊ ဗလဝရုပ် စိတ္တုပ်ပညတ်ဟူသော ပကတူပနိဿယသုံးပါး ပစ္စည်းတရားလည်းကောင်း။ (ဤဥပမာလည်း အဋ္ဌကထာမရှိ)
၁၀။ ပုရေဇာတပစ္စယော Purejâta Paccayo (Prenascence condition)
ရှေ့၌အရင်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
အလင်းမှီနေ၊ များဗိုလ်ခြေကို၊ ကပ္ပေ စစွာ၊ ပေါ်လာထွန်းပ၊ နေနှင့်လသို့။ နောက်မှ ဖြစ်လေ၊ စိတ်နှင့်စေအား။ တူကိုးပါးတွင် ရှေးဖျားဖြစ်၍၊ ပစ္စုပ္ပန္နေ၊ ပုရေဇာတသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဆဝတ္ထုဟူသော ဝတ္ထုပုရေဇာတ၊ နိပ္ဖန္နရုပ်ဟူသော အာရမ္မဏပုရေဇာတနှစ်ပါး ပစ္စည်းတရားလည်းကောင်း။ (ဤလည်း အဋ္ဌကထာမလာ)
၁၁။ ပစ္ဆာဇာတပစ္စယော Pacchajata Paccayo (Postnascence condition)
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ဂိဇ္ဈပေါတက (လင်းတပေါက်စ)၊ သရီရအား၊ အာဟာရဝယ်၊ တာတွယ်အာသာ၊ စေတနာသို့။ ပုရေဇာတ၊ ရုပ်ဓမ္မအား။ မျိုးလေးပါးတွင်။ နောက်ပါး၌ ဖြစ်သဖြင့်၊ ထောက်ပံ့ခိုင်မာ၊ ပစ္ဆာဇာတသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နောက်နောက် ပဉ္စဝေါကာ နာမ်ခန္ဓာ လေးပါး ပစ္စည်းတရားလည်းကောင်း။
၁၂။ အာသေဝနပစ္စယော Asevana Paccayo (Repetative condition)
အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
နောက်နောက်မွန်လေး၊ သာလွန်မွှေးအောင်၊ ရှေးရှေးထုံထား၊ နံ့သာလားသို့။ မခြားမပြတ်၊ မျိုးဇာတ်တူစွာ၊ ကုသလာ ကုသလ၊ ကြိယသဘော၊ နောက်နောက်ဇောအား။ တူခြောက်ပါးတွင်။ ခွန်အားဟုန်ပြင်း၊ ယူစေလျှင်း၍၊ ထုံခြင်းဟူသော အာသေဝနသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာ ရှိသော ရှေးရှေးသော လောကီဇောသတ္တစတ္တာလီသ၊ အာသေဝနသုံးပါး၊ ပစ္စည်းတရားလည်းကောင်း။
၁၃။ ကမ္မပစ္စယော Kamma Paccayo (Khamma condition)
အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သောတရား
သစ်ပင်တို့အား၊ မျိုးစေ့လားသို့။ ကြွင်းငြားတူလတ်၊ သဟဇာတ်နှင့်၊ ကဋတ္တာဝိပါက်၊ ဤနှစ်ချက်အား။ တဆယ့်ငါးတွင်။ အားပါးထုတ်ထ၊ လုံ့လသည်းစွာ၊ အမူအရာဟူသော ကမ္မသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟဇာတ်စေတနာဟူသော သဟဇာတကမ္မ၊ အတိတ် ကုသိုလ် အကုသိုလ်စေတနာဟူသော နာနာက္ခဏိကကမ္မနှစ်ပါး ပစ္စည်းတရားလည်းကောင်း။
၁၄။ ဝိပါကပစ္စယော Vipâka Paccayo (Resultant condition)
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ချမ်းရိပ်နားနေ၊ သွန်းလေပြည်သို့။ မကွေဖြစ်လတ်၊ သဟဇာတ်အား။ မျိုးရှစ်ပါးတွင်။ အင်အားချည့်ပန်း၊ ငြိမ်းချမ်းစေလျက်၊ ငြိမ်သက်ခြင်းဟူသော ဝိပါကသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဝိပါက်နာမက္ခန္ဓာဟူသော ဝိပါက ပစ္စည်းတရား၎င်း။
၁၅။ အာဟာရပစ္စယော Ahara Paccayo (Nutriment condition)
အထောက်အပံ့ ရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
မယိမ်းမယိုင်၊ ခိုင်စေသောအား၊ ထောက်သည့်ကျားသို့။ နှစ်ပါးသဟဇံ၊ ရုပ်နှင့် နာမ်အား၎င်း၊ လေးတန်သန္တတိ သမုဋ္ဌာနိကရုပ်အား၎င်း။ ယထာက္ကမ၊ ဒွါဒသမျိုးတူတွင်၊ ဆောင်ယူ ထောက်ပံ့ခြင်း ဟူသော အာဟာရသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဖဿ၊ စေတနာ၊ ဝိညာဏ် ဟူသော နာမ်အာဟာရသုံးပါး၊ အဇ္ဈတ်ဗဟိ၊ စတုသမုဋ္ဌာနိကသြဇာဟူသော ရုပ်အာဟာရ ပစ္စည်း တရားလည်းကောင်း။
၁၆။ ဣန္ဒြိယပစ္စယော Indriya Paccayo (Faculty condition)
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
တစ်ပြည်တွင်း၌၊ ချင်းချင်းမဟန့်၊ သီးမသန့်ဘဲ၊ ခွဲခန့်ပိုင်စား၊ မင်းအများသို့။ သုံးပါးပြားလတ်၊ သဟဇာတ်နှင့်၊ ဓာတ်ပဉ္စဝိညာဏ၊ ကမ္မဇရုပ်အား။ တူဆယ့်ငါးတွင်။ အခြားမသွေ၊ မိမိသို့လိုက် စေခြင်းဟူသော ဣန္ဒြိယသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်ဣန္ဒြေ တရားကိုယ် ရှစ်ပါးဟူသော သဟဇာတိန္ဒြိယ၊ မဇ္ဈိမာယုက၊ ပသာဒရုပ်ငါးခုဟူသော ပုရေဇာတိန္ဒြိယ၊ ဇီဝိတ ရုပ်ဟူသော ရူပဇီဝိတိန္ဒြိယသုံးပါး ပစ္စည်းတရားလည်းကောင်း။
၁၇။ ဈာနပစ္စယော Jhana Paccayo (Jhana condition)
စူးစိုက်ကာကပ်၍ ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
သစ်ပင်တောင်ငူ၊ တက်သသူသည်၊ အောက်လူတို့အား၊ ပြောသည့်လားသို့။ နှစ်ပါး ရုပ်နာမ်၊ သဟဇံအား။ ဆယ့်တပါးတွင်။ ထင်ရှား တပ်တပ်၊ ကပ်၍ ရှုခြင်းဟူသော အာရမ္မဏူပနိဇ္ဈာန၊ လက္ခဏူပနိဇ္ဈာန သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ပဉ္စဝိည်ကြဉ် စိတ်မှာယှဉ်သည့် ဈာနင်ခုနစ်ပါး ပစ္စည်းတရားလည်းကောင်း။
၁၈။ မဂ္ဂပစ္စယော Magga Paccayo (Path condition)
ဆောင်ပို့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ထိုဤမှာသို့၊ ဆောင်ယူပို့သည့်၊ ကူးတို့မသွေ။ သဟေတုကတ်၊ သဟဇာတ်အား။ ဆယ့်သုံးပါးတွင်။ ဖြူစင်မည်းညစ်၊ ဤအဖြစ်မှ၊ ပြန်လှစ်ဆူလှယ်၊ ထုတ်ဆယ်ဆောင်ယူ၊ ထွက်မြောက် ကြောင်းဟူသော မဂ္ဂသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟိတ်မှာယှဉ် မဂ္ဂင်ဆယ့်နှစ်ပါး ပစ္စည်းတရားလည်းကောင်း။
၁၉။ သမ္ပယုတ္တပစ္စယော Sampayutta Paccayo (Association condition)
ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
စတုမဓူ၊ ရောသည့်တူသို့။ လေးဆူနာမ်အား။ ခုနစ်ပါးတွင်။ လေးပါးအင်္ဂါ၊ မကွာချင်းချင်း၊ ယှဉ်ကြခြင်းဟူသော သမ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်ခန္ဓာလေးပါး သမ္ပယုတ္တပစ္စည်းတရားလည်းကောင်း။
၂၀။ ဝိပ္ပယုတ္တပစ္စယော Vippayutta Paccayo (Dis – association condition)
မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ခြောက်ထွေရသာ၊ ပေါင်းရောပါသို့။ သဟဇာရုပ်၊ ဝတ္ထုပ်,သန္ဓေ၊ အစထွေသား၊ သုံးမျိုးအားကို။ ထူးငြားသဘော၊ ဆယ့်သုံးဖြာတွင်။ နာနာဘာဝ၊ မယှဉ်ကြခြင်းဟူသော ဝိပ္ပယုတ္တသတ္တိ ထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော၊ ပဉ္စဝေါကာရ၊ ရူပသမုဋ္ဌာနိက စိတ်စေ၊ သန္ဓေ၊ ဟဒယ စသော သဟဇာတဝိပ္ပယုတ်၊ ပုရေဇာတဝိပ္ပယုတ်၊ ပစ္ဆာဇာတဝိပ္ပယုတ်သုံးပါး ပစ္စည်းတရားလည်းကောင်း။
၂၁။ အတ္ထိပစ္စယော Atthi Paccayo (Presence condition)
ပစ္စုပ္ပန်၌ ထင်ရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား
မြေမြင်းမိုရ်သည်၊ ထိုထိုစိမ်းရွှင်၊ မြက်သစ်ပင်အား၊ ထင်ရှားရှိနေ၊ ထောက်ပံ့ပေသို့။ တွက်ရေကုံထံ၊ ရုပ်နှင့်နာမ်အား။ ဆယ့်ငါးပါးတွင်။ ထင်ရှားရှိခိုက်၊ အထိုက်လျော်ထ၊ ဥပတ္ထ၊ ဥပတ္ထမ္ဘက သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ထိုထိုရုပ်နာမ်ဟူသော သဟဇာတတ္ထိ၊ ပုရေဇာတတ္ထိ၊ ပစ္ဆာဇာတတ္ထိ၊ အာဟာရတ္ထိ၊ ဣန္ဒြိယတ္ထိငါးပါး ပစ္စည်းတရားလည်းကောင်း။
၂၂။ နတ္ထိပစ္စယော Atthi Paccayo (Absence condition)
မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
မိုက်မှောင်ဖြစ်စေ၊ ငြိမ်းသေလေပြီး၊ ဆီမီးပုံသွေး၊ ဖြစ်ခွင့်ပေး၍၊ ကျေးဇူးပြုခြင်း လက္ခဏာ ရှိသော နတ္ထိပစ္စည်းတရားလည်းကောင်း။ (အနန္တရနည်းတူ)
၂၃။ ၀ိဂတပစ္စယော Vigata Paccayo (Disappearance condition)
ကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းသော အဖြစ်ဖြင့်၊ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဝိဂတပစ္စည်းတရားလည်းကောင်း။ (အနန္တရနည်းတူ)
၂၄။ အဝိဂတပစ္စယော Avigata Paccayo (Non-disappearance condition)
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ငါးတို့ပျော်ရာ၊ မဟာသမုဒ်၊ ရေအစုတ်သို့၊ မချုပ်တင်းလင်း၊ မကင်းသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော အဝိဂတပစ္စည်းတရားလည်းကောင်း။ (အတ္ထိနည်းတူ)
၁။ ဟေတုပစ္စယော
Daily life Patthana
Hetu Paccayo (Root Condition)
အရင်းအမြစ်အဖြစ်ဖြင့် ကျေးဇူးပြုသော ပစ္စည်းဖြစ်ပါသည်
The ‘Hetu’ means root. It is compared with roots of a tree. Just as the roots maintain a tree or make a tree firm, strong and prosperous.
‘ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စိမ်းရွှင်ညွန့်ဝေ၊ စည်ပင်စေထ၊ ထောက်ပံ့မသို့’ ဟု ရှေးဆရာမြတ်တို့က ဥပမာပြုတော်မူကြသည်နှင့်အညီ ရေသောက်မြစ်သည် ဆိုင်ရာ သစ်ပင်ကို ကောင်းမွန်စွာ တည်တံ့စေလျက် စိမ်းလန်းစိုပြည်လာစေရန် ထောက်ပံ့ ကျေးဇူးပြု သကဲ့သို့ လောဘ၊ ဒေါသ၊ မောဟနှင့် အလောဘ၊ အဒေါသ၊ အမောဟဟူသော ဟိတ်-၆ ပါး သည် ဆိုင်ရာအတူဖြစ်ဖော်ဖြစ်ဖက် ရုပ်၊ နာမ်တရားများကို အရင်းအမြစ်ကျကျ ကောင်း မွန်စွာ တည်တံ့စေလျက် မိမိနည်းတူ ဖြစ်လာစေရန် ကျေးဇူးပြုသည်။
ရေသောက်မြစ် နှစ်မျိုးရှိသည်
ရေသောက်မြစ်တွင် အခြေအမြစ် နှစ်မျိုးရှိ၏။ ကောင်းမွန်သည့် ကုသိုလ်ရေသောက်မြစ်နှင့် မကောင်းသည့် အကုသိုလ်ရေသောက်မြစ်တို့ ဖြစ်ပါသည်။ ကုသလဟေတုနှင့် အကုသလဟေတု တို့ဖြစ်သည်။ အလောဘ၊ အဒေါသ၊ အမောဟတို့သည် ကောင်းသည့် ကုသိုလ် ရေသောက်မြစ်များ ဖြစ်ကြပါသည်။ လောဘ၊ ဒေါသ၊ မောဟတို့သည် မကောင်းသည့် အကုသိုလ် ရေသောက်မြစ်များ ဖြစ်ကြပါသည်။
ဟေတုပစ္စယဟူသောပါဠိကို မြန်မာစကားဖြင့် ဟေတုပစ္စည်းဟူ၍ သုံးနှုန်းလေ့ရှိ ပါသည်။ ဟေတုကိုလည်း ဟိတ်ဟု မြန်မာမှုပြုကာ သုံးနှုန်းလေ့ ရှိကြပါသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသားသည့် ပဋ္ဌာန်းကျမ်းများတွင်မူ အဋ္ဌကထာလာအတိုင်း ဟေတုကို Root ရေသောက်မြစ်ဟု ဘာသာပြန်ဆိုကြပါသည်။
ဖြစ်စေ၊ တည်စေ၊ ဤနှစ်ထွေ ခေါ်လေ ကျေးဇူးပြု
ပဋ္ဌာန်းကို လေ့လာရာတွင် ကျေးဇူးပြုသည်ဟူသော အသုံးအနှုန်းကို နေရာများစွာတွင် တွေ့ရမည် ဖြစ်ပါသည်။ လောကတွင် တစ်စုံတစ်ခု ပေးကမ်း၊ ထောက်ပံ့ ကူညီသဖြင့်လည်း ကျေးဇူးပြုသည်ဟု သုံးနှုန်းလေ့ ရှိပါသည်။ ဤလောကအသုံးနှင့် ပဋ္ဌာန်းအသုံးအနှုန်း နှစ်ခုသည် စကားလုံး ဝေါဟာရအားဖြင့် တူညီပါသော်လည်း အနက်အဓိပ္ပာယ် မတူညီပေ။
လောက၌ ကျေးဇူးပြုသည်ဟူသော အသုံးအနှုန်းကို သိပြီးဖြစ်သော်လည်း ပဋ္ဌာန်း မြန်မာပြန်ရာတွင်သုံးသည့် ကျေးဇူးပြုသည်ဟူသော အသုံးမှာမူ ဖြစ်စေသည်ကိုလည်းကောင်း၊ တည်စေသည်ကိုလည်းကောင်း ဆိုလိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် ‘ဖြစ်စေ၊ တည်စေ ဤနှစ်ထွေ ခေါ်လေကျေးဇူးပြု’ ဟု ဆရာမြတ်များက လင်္ကာဖြင့် အသိပေးတော်မူထား ပါသည်။
ကုသိုလ်နှင့် အကုသိုလ်ရေသောက်မြစ်
ဟေတုကို ရှေးဆရာမြတ်တို့ ဖွင့်ဆိုချက်နှင့်အညီ ရေသောက်မြစ်ဟု ယူပြီး သုံးသပ်မည် ဆိုလျှင် မြေကြီးတူညီသော်လည်း ရေသောက်မြစ်က စုပ်ယူပုံ မတူညီသောကြောင့် အချို၊ အချဉ်၊ အခါး၊ အဖန် စသည့် အရသာများ၊ အဖြူ၊ အနီ၊ အဝါ၊ အပြာ စသည့် အရောင် အဆင်းများ အသီးသီး ကွဲပြားခြားနားနေခြင်း ဖြစ်ပါသည်။
ကုသိုလ်ရေသောက်မြစ်ဖြစ်သည့် အလောဘ၊ အဒေါသ၊ အမောဟ ဟူ၍ရှိရာ စွန့်လွှတ် နိုင်စွမ်းသည့် အလောဘရေသောက်မြစ်၊ ခွင့်လွှတ်နိုင်စွမ်းသည့် အဒေါသ မေတ္တာရေသောက် မြစ်နှင့် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းသည့် အမောဟဉာဏ်ပညာ ရေသောက်မြစ်တို့က အမြတ်စား အကောင်းစား ရေသောက်မြစ်များ ဖြစ်ကြ၏။
ထို့အတူ လောကအာရုံ ၆-ပါးဟူသော ‘အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့’ တို့ ကလည်း မည်သူ့အတွက် အကုသိုလ်ဖြစ်စေ၊ မည်သူ့အတွက်မှာမူ ကုသိုလ်ဖြစ်စေဟူ၍ မရှိကောင်းပါပေ။ ပုဂ္ဂိုလ်သတ္တဝါ အသီးသီးတို့၏ ကိလေသာဓာတ်ခံနှင့် ပါရမီဓာတ်ခံအပေါ် မူတည်ပြီး ထိုအာရုံကြောင့် ကုသိုလ်ဖြစ်သူ ရှိသကဲ့သို့၊ ထိုအာရုံကြောင့်ပင် အကုသိုလ်ဖြစ်သူ လည်း ရှိနိုင်ပါသည်။ ဤအာရုံကြောင့် အကုသိုလ်ဖြစ်သူ ရှိသကဲ့သို့၊ ဤအာရုံကြောင့်ပင် ကုသိုလ်ဖြစ်သူလည်း ရှိနိုင်ပါသည်။
ပါဠိဘာသာတွင် ‘န၊ အ၊ မ’ အက္ခရာတို့သည် အင်္ဂလိပ်ဘာသာတွင် Negative နှင့် သဘောခြင်း တူညီသည်။ ဥပမာ – လောဘသည် လိုချင်တပ်မက်ခြင်း၊ မစွန့်နိုင်၊ မခွာနိုင်ခြင်း ဟု အဓိပ္ပာယ်ရပြီး၊ အလောဘသည် ပေးကမ်းစွန့်ကြဲခြင်း၊ ရက်ရောခြင်း၊ လှူဒါန်းခြင်း၊ စွန့်လွှတ်နိုင်ခြင်းဟု အဓိပ္ပာယ်ရပါသည်။ ဒေါသနှင့် အဒေါသ၊ မောဟနှင့် အမောဟ တို့ကိုလည်း အလားတူ နားလည်နိုင်မည် ဖြစ်ပါသည်။
ကျမ်းညွှန်း – တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော်ကြီး၏ ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ (၂၀၀၈-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်)
မာဂဏ္ဍီပုဏ္ဏေးမ၏ ဒေါသအာဃာ
ကောသမ္ဗီပြည့်ရှင် ဥတေနမင်းကြီး၌ မိဖုရားသုံးပါးရှိသည်။ ပထမမိဖုရားမှာ သာမာဝတီ၊ ဒုတိယမိဖုရားမှာ မာဂဏ္ဍီဖြစ်ပြီး တတိယမိဖုရားမှာ ဝါသုလဒတ္တာတို့ ဖြစ်သည်။
သာမာဝတီမိဖုရားနှင့် သူ၏ကျေးကျွန်ဖြစ်သည့် ခုဇ္ဇုတ္တရာတို့သည် ဂေါတမမြတ်စွာ ဘုရားလက်ထက်တော်တွင် ခုဇ္ဇုတ္တရာက ဗဟုသုတအရာ၌လည်းကောင်း၊ သာမာဝတီ မိဖုရားက မေတ္တာအရာ၌လည်းကောင်း ဧတဒဂ်ဘွဲ့ထူးရမည့်သူများဖြစ်ကြောင်းကို ပဒုမုတ္တရမြတ်စွာဘုရားရှင်ထံတော်ပါးမှ ဗျာဒိတ်တော်ရပြီးသည့် ပါရမီရှင်ကြီးများ ဖြစ်ကြပါသည်။
ဥတေနမင်းကြီး၏ ဒုတိယမိဖုရားမာဂဏ္ဍီသည် ချောမောလှပသည့် ဗြာဟ္မဏအမျိုးသမီး ဖြစ်ပါသည်။ မာဂဏ္ဍီ၏မိဘနှစ်ပါးက သူတို့၏သမီးသည် အလွန် ချောမောလှပသဖြင့် အခြားသူများနှင့် မထိုက်တန်ဟုယူဆကာ တောင်းရမ်းလာသည့် မင်းညီမင်းသား၊ သူဌေးသား၊ သူကြွယ်သားတို့ကိုပင် ပယ်မြစ်ထား၏။
တစ်နေ့သောအခါတွင် ဖခင်မာဂဏ္ဍီပုဏ္ဏားကြီးက မြတ်စွာဘုရားကို ဖူးတွေ့နေရပါ သော်လည်း သူက ဘုရားရှင်မှန်းမသိရှာဘဲ ယောကျ်ားမြတ်တို့၏ လက္ခဏာတော်များနှင့် ပြည့်စုံသည့် ဤပုဂ္ဂိုလ်နှင့်သာ မိမိ၏သမီး ထိုက်တန်သည်ဟု ဆုံးဖြတ်ကာ ဘုရားရှင်ထံပါး ချဉ်းကပ်ကာ သူ၏သမီးချော မာဂဏ္ဍီပုဏ္ဏေးမကို ဇနီးအဖြစ် သိမ်းပိုက်ရန် လျှောက်ထားပါ တော့သည်။
မာဂဏ္ဍီပုဏ္ဏေးမကလေး မြတ်ဗုဒ္ဓပေါ် ငြိုးမာန်ဖွဲ့ရှာပြီ
ဘုရားရှင်က မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ဇနီးပုဏ္ဏေးမတို့ လင်မယားနှစ်ဦး အနာဂါမ်ဖြစ်မည့် အရေးကို မြင်တော်မူသဖြင့် တရားဟောကြားပေးတော်မူပါသည်။ “သင့်သမီး မာဂဏ္ဍီ ပုဏ္ဏေးမထက် အနှိုင်းအဆမဲ့ ပို၍ချောမောလှပသော မာရ်နတ်၏ သမီးများကိုပင် ငါမသိမ်း ပိုက်ခဲ့ကြောင်း၊ ကျင်ကြီး၊ ကျင်ငယ်၊ သွေး၊ သလိပ်တို့ဖြင့် ပြည့်နေသော သင့်သမီးကို အလိုမရှိ ပါကြောင်း” ဟူသော စကားရပ်များ တရားဟောရာ၌ပါရှိလေရာ ပုဏ္ဏားကြီးတို့လင်မယား အတွက်မှာမူ အနာဂါမ်ဖြစ်ရန် ကြီးစွာသော ဥပနိဿယ အကြောင်းအထောက်အပံ့ကောင်း ဖြစ်ခဲ့ပါသော်လည်း မာဂဏ္ဍီပုဏ္ဏေးမကလေး အတွက်မှာမူ မြတ်စွာဘုရားရှင်အပေါ် ငြိုးမာန် ဖွဲ့ရန် ကြီးစွာသော အကြောင်းအထောက်အပံ့ ဖြစ်သွားပါတော့သည်။
ထို့ကြောင့် သူက လက်စားချေရန် အခါအခွင့်ကောင်းကို စောင့်ဆိုင်းလျက်ရှိ၏။ တစ်နေ့ ဥတေနမင်းကြီး၏ မိဖုရားဖြစ်သောအခါ၌မူ လက်စားချေခြင်းလုပ်ငန်းကို စတင် ပါတော့သည်။ မြတ်စွာဘုရားရှင်နှင့် နောက်ပါသံဃာတော်များ ကောသမ္ဗီပြည်တွင်းသို့ ဆွမ်းခံကြွတော်မူသည်ကို မာဂဏ္ဍီမိဖုရား သိသည့်တစ်နေ့တွင် လူမိုက်လူရမ်းကား အမူးသမားများကို ရွှေငွေပေး၍ မြတ်စွာဘုရားရှင်နောက်သို့ တကောက်ကောက်လိုက်ကာ အမျိုးမျိုး ဆဲရေး၊ ပုတ်ခတ်၊ စွပ်စွဲ၊ ကဲ့ရဲ့စေပါသည်။
ဆဲရေးသူကို သည်းခံခြင်းဖြင့် ရင်ဆိုင်တော်မူသည်
နေ့စဉ် ဆွမ်းခံဝင်တိုင်း ဆဲရေးသံ ကြားရဖန် များလာသောအခါ အရှင်အာနန္ဒာက မြတ်စွာဘုရားအား “အရှင်ဘုရား ဤကောသမ္ဗီ ပြည်သူ ပြည်သားများသည် တပည့်တော်တို့ ဆွမ်းခံရာနောက်သို့ တကောက်ကောက်လိုက်လျက် ဆဲရေးကြပါသည်။ တခြားအရပ်ဒေသသို့ ကြွသင့်ပါပြီဘုရား”ဟု လျှောက်ထားပါသည်။ ထိုအခါ ဘုရားရှင်က “အာနန္ဒာ အခြားအရပ် ကလည်း ဤသို့ပင် ဆဲရေးပြန်သော် နောက်ထပ် အဘယ်အရပ်သို့ သွားမည်နည်း။ အရပ် လေးမျက်နှာသို့ သွားသောအခါ၊ အရပ်လေးမျက်နှာမှ ရောက်လာသော ရန်သူတို့ကို ရင်ဆိုင် ရမည်။ ဒါကြောင့် အယူမှားသူတို့ ဆဲရေးသည်ကို သည်းခံခြင်းဖြင့် ရင်ဆိုင်ရမည်၊ အာနန္ဒာ မကြောင့်ကြလင့်၊ ဆဲရေးသူတို့သည် ခုနစ်ရက်သာ ဆဲရေးနိုင်ကြမည်။ တစ်စုံတစ်ရာ တုန့်ပြန် ခြင်းမပြုဘဲ သည်းခံခြင်းအားဖြင့် ဆဲရေးသူတို့သည် ရှစ်ရက်မြောက်သောနေ့၌ ရပ်သွားကြ လိမ့်မည်”ဟု မိန့်တော်မူပါသည်။
‘အကုသိုလ်ကံ ဖိစီးခံရသူများအတွက် ပျက်စီးချိန် ရောက်လေသောအခါ၌ အမှားသည် အမှန်အသွင်ဖြင့် ထင်လာတတ်၏’ဟု ဝဇီရဗုဒ္ဓိဋီကာဆရာက ဖွင့်ဆိုထားသည့်အတိုင်း မာဂဏ္ဍီသည် လူနတ်ဗြဟ္မာတို့၏ ကိုးကွယ်ရာအစစ်ဖြစ်တော်မူသော သုံးလောကထွဋ်ထား မြတ်ဗုဒ္ဓအား လက်စားချေနေခြင်းကိုပင် မှန်ကန်သောလုပ်ရပ်၊ တရားမျှတသော ဆောင် ရွက်ချက်အဖြစ် ခံယူထားရှာပါသည်။ ဒေါသနှင့် မောဟရေသောက်မြစ် ရှည်နေသမျှ မာဂဏ္ဍီ ပုဏ္ဏေးမသည် မပြုသင့် မပြုထိုက်၊ မကြံသင့် မကြံထိုက်သည်တို့ကို ရှေ့ဆက်ရမည့်သံသရာ ခရီး၌ ကြံနေ၊ ပြုနေရှာပေဦးတော့မည်။
မာဂဏ္ဍီနှင့် သူ၏မိဘနှစ်ပါးတို့သည် ဘုရားရှင်တည်းဟူသော အတိဣဋ္ဌာရုံကို ဖူးမြင်ခွင့် ကြုံရခြင်း တူပါသော်လည်း မိဘနှစ်ပါးက အရိယာများ ဖြစ်သွားပါသည်။ သမီးက ရန်ငြိုး အာဃာတရှင်ကြီး ဖြစ်သွားရှာပါသည်။
ကျမ်းညွှန်း – ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း၏) လူတိုင်းအတွက်ပဋ္ဌာန်း (၂၀၁၁-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်)
အကုသိုလ်၏ ခေါင်းဆောင်သည် မောဟ
‘လောဘံ ပဋိစ္စ မောဟော၊ မောဟံ ပဋိစ္စ လောဘော၊ ဒေါသံ ပဋိစ္စ မောဟော၊ မောဟံ ပဋိစ္စ ဒေါသော’ဟု ပဋ္ဌာန်းပါဠိတော် တတိယတွဲ၌ လာရှိပါသည်။ တစ်စုံတစ်ခု ပြုလုပ်၊ ပြောဆိုရာတွင် နှစ်သက်သဘောကျစွာ ပြုလုပ်ပြောဆိုပါက လောဘနှင့် မောဟတို့ကြောင့် ဖြစ်မည်။ တစ်စုံတစ်ခု ပြုလုပ်၊ ပြောဆိုရာတွင် မကျေမနပ် ဆူဆူဆောင့်ဆောင့် ပြုလုပ် ပြောဆိုပါက ဒေါသနှင့် မောဟတို့ကြောင့် ဖြစ်သည်။
ပုဂ္ဂိုလ်သတ္တဝါက မကျေမနပ်သည်လည်း မဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါက ကျေနပ်နှစ်သက် သဘောကျသည်လည်း မဟုတ်ပါပေ။ အခြေအမြစ်ကျသော အကြောင်းတရားသည်ကား ထိုထို အကုသလဟေတုဟူသော လောဘ၊ ဒေါသနှင့် မောဟဖြစ်ပြီး၊ ကုသလဟေတုဟူသော အလောဘ၊ အဒေါသနှင့် အမောဟတို့သာ ဖြစ်ပေတော့သည်။
ထို့ကြောင့် နှစ်သက်တွယ်တာခြင်းဟူသော လောဘဟိတ် ရေသောက်မြစ်ကြီးနှင့် တွေဝေမိုက်မဲသည့် မောဟဟိတ် ရေသောက်မြစ်ကြီးများကြောင့် ကြိုက်နှစ်သက်သည့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့နှင့် အတွေးအကြံတည်းဟူသော အာရုံခြောက်ပါးတို့ကို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တည်းဟူသော ခြောက်ဒွါရတို့၌ ဆိုင်ရာဇောဝီထိ တို့ဖြင့် သိရှိကြသောအခါ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ အမျိုးမျိုးက အကုသိုလ် အစားစားကို ပြုပါတော့သည်။
မာဂဏ္ဍီသည် မနှစ်သက်ခြင်း၊ မုန်းတီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်းတည်းဟူသော ဒေါသဟိတ် ရေသောက်မြစ်ကြီးနှင့် တွေဝေမိုက်မဲ အသိဉာဏ်ပိတ်ဖုံးကာဆီးသည့် မောဟဟိတ်ရေသောက် မြစ်ကြီးတို့ကြောင့် အမြင်မှောက်မှားကာ လောကသားတို့၏ ကျေးဇူးရှင်ဖြစ်တော်မူသည့် မြတ်ဗုဒ္ဓအား ဆဲဆိုပြစ်မှားကာ ရိုင်းစိုင်းယုတ်မာသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ အမျိုးမျိုး တို့ကို ကမ်းကုန်အောင် ပြုပါတော့သည်။
မိမိတို့၏သန္တာန်၌လည်း အကုသိုလ်ရေသောက်မြစ်များ ရှည်လျားပြီး၊ အားကောင်း နေသရွေ့ “မာဂဏ္ဍီပုဏ္ဏေးမလောက်တော့ ငါ မိုက်တွင်းမနက်လောက်ပါဘူး”ဟု အဘယ်သို့ မိမိကိုယ်ကို အာမခံဝံံ့မည်နည်း။
ကျမ်းညွှန်း – (၁)၊ သာမာဝတီဝတ္ထု၊ အပ္ပမာဒဝဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ-၁ (နှာ-၁၂၈)
ကုသိုလ်၏ ခေါင်းဆောင်သည် အမောဟ
အသိဉာဏ်မှုန်ဝါးမှုဟူသော မောဟမပါဘဲ လိုချင်မှုလောဘ၊ စိတ်အလိုမကျမှုဒေါသ စသည်တို့ ဖြစ်ခွင့်မရှိပါ။ ထို့ကြောင့် လောဘ၊ ဒေါသဖြစ်ရသည့် အကြောင်းရင်းတွင် အသိဉာဏ်အားနည်းမှုဟူသော မောဟသည် အဓိကပါဝင်နေပါသည်။
ဝိပဿနာတရားကို အားထုတ်ပြီး အသိဉာဏ်ပညာ အတန်အသင့် ပြည့်စုံလာသည့် ယောဂီကမူ ဒေါသဖြစ်စရာကြုံ၍ စိတ်ထဲ ဒေါသဖြစ်လိုက်သည်နှင့် အမောဟဉာဏ်ပညာက ဒေါသမီးပွား မကြီးထွားခင် ပယ်လိုက်နိုင်ပါသည်။ တစ်နည်းအားဖြင့် ဒေါသစိတ် ဖြစ်သည် နှင့် အမောဟဉာဏ်ပညာက လက်ဦးမှုရယူနိုင်သဖြင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ အထိ မပွင့်အန်နိုင်တော့ပါ။
တစ်နည်းထပ်ပြရသော် ဉာဏ်ပညာရှိသူသည် ဒေါသစိတ်ကြောင့် နှုတ်ဝစီထွက်စေ ကာမူ ကာယအထိ မရောက်တော့ပေ။ တစ်နည်းထပ်ပြရသော် ဉာဏ်ပညာရှိသူသည် ဒေါသ စိတ်ကြောင့် မပြီးနိုင်၊ မစီးနိုင် တနုံ့နုံ့ဖြင့် ဖြစ်ကြောရှည်ကာ ဒေါသမီး၊ သောကမီး၊ အာဃာတ မီးတို့ကို မိုးမဆုံး မြေမဆုံး ပွားနေတော့မည် မဟုတ်ပေ။
သို့ဖြစ်ပါ၍ ဉာဏ်အားကြီးလေ ဖြစ်ပေါ်လာသည့် ဒေါသကို မြန်မြန်ပယ်နိုင်လေ ဖြစ်ပေ မည်။ စိတ်ထဲဖြစ်ကာမျှဖြင့် ပယ်နိုင်မည်။ သို့မဟုတ် နှုတ်ထွက်ကာမျှဖြင့် ပယ်နိုင်မည်။ ဝိပဿနာဉာဏ်အားကောင်းလာသည်နှင့်အမျှ ဒေါသစိတ်ကြောင့် ဖြစ်ပေါ်လာသည့် စိတ္တဇရုပ်၏ ပူလောင်မှု၊ မငြိမ်းချမ်းမှုကို ပိုင်ပိုင်ကြီး သိနားလည်လာနိုင်သူအဖို့ ထိုဖြစ်ခဲ့သည့် ဒေါသ၏ အကြောင်းအကျိုးကို ဆင်ခြင်နိုင်စွမ်းအားလည်း ပို၍ တိုးလာပေမည်။
ယုတ်မာသော၊ ပူလောင်သော၊ မငြိမ်းချမ်းသော ဒေါသမျိုး နောက်နောင် မဖြစ်လာ စေရန်နှင့် တဒင်္ဂ၊ တဒင်္ဂမှသည် အပြီးတိုင် ပယ်သတ်နိုင်ရန်မှာ ဝိပဿနာယောဂီ၏ အမောဟ ဉာဏ်ပညာကသာ ဆုံးဖြတ်ပေးပေလိမ့်မည်။
ဤနေရာတွင် ဝိပဿနာယောဂီဟု သုံးနှုန်းရပါသော်လည်း ဝေါဟာရပညတ်အား ဖြင့်သာ သုံးနှုန်းရခြင်း ဖြစ်ပါသည်။ အမှန်တကယ်တွင်မူ ရှုမှတ်သူ၊ ဝိပဿနာတရား အားထုတ်သူဟူ၍ မရှိပေ။ အမောဟဉာဏ်ပညာက သိစရာကို သိ၊ ဆုံးဖြတ်စရာကို ဆုံးဖြတ်၊ ပိုင်းဖြတ်စရာကို ပိုင်းဖြတ်ပေးနေသည့် ဓမ္မသဘာဝသက်သက်မျှသာ ဖြစ်ပေသည်။ ဤသို့ သဘောပေါက်လာသူသည် မိမိပိုင်ဆိုင်၍မရသည့် ခန္ဓာကိုယ်ပေါ်၌ တွယ်တာတပ်မက်မှု အနည်းငယ်ဖြစ်စေ လျော့ပါးလာပေတော့မည်။ ခန္ဓာ၏သဘောမှန်ကို သိတော်မူကြသည့် သူတော်ကောင်းကြီးတို့၏ အမြင်ကိုလည်း မိမိတို့၏ဓာတ်ခံအားလျော်စွာ ကြည် ညိုနိုင်ရန် သာဓကအချို့ကို ဖော်ပြပေးလိုပါသည်။
တောထဲပဲသေချင်ပြီး အလောင်းကို ကျီးတွေ လင်းတတွေ စားကြပါစေ
တောင်ဖီလာဆရာတော်ကြီးသည် အင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက် အလွန် ထင်ရှားပါသည်။ သက်တော် ၇၂-နှစ်တွင် ပျံလွန်တော်မူပါသည်။ ဆရာတော်သည် မိမိပျံလွန်တော်မူခါနီးတွင် လူမတွေ့နိုင်သော တောထဲသို့ ဝင်တော်မူ၍ ခန္ဓာကိုယ်ကို တောတိရစ္ဆာန်တို့ စားသုံးရန်အတွက် ရေချမ်းအိုးကို တည်တော်မူပြီးလျှင် တိတ်တဆိတ် ပျံလွန်တော်မူကြောင်း မှတ်တမ်းများ၌ လာရှိပါသည်။
ပထမရွှေကျင်ဆရာတော်ကြီးကလည်း “တို့ တောထဲပဲ သေချင်ပါတယ်၊ တောထဲ သေရင် ကျီးတွေ လင်းတတွေ စားပြီး ရေသောက်ပျံကြပါစေ၊ ရေမရှိတဲ့နေရာသေရင်လည်း အင်တုံကြီးတွေနဲ့ ရေတွေထည့် ထားကြရမယ်”ဟု မှာကြားတော်မူဖူးပါသည်။
ကျေးဇူးတော်ရှင် ဆရာသခင်ထေရ်မြတ်တို့၏ စိတ်အစဉ်ဝယ် ဤခန္ဓာကိုယ်ကောင် ကြီးသည် လက်ပံတုံးပမာ၊ ငှက်ပျောတုံးပမာ ထားတော်မူကာ စွဲလမ်းတပ်မက်မှု ကင်းတော် မူသည့် ကုသလဟေတု၏ သတ္တိအဟုန်က ကြီးကျယ်မြင့်မြတ်လှပါသည်။
သူလိုကိုယ်လိုပုထုဇဉ်တို့ကမူ ဤကိုယ်ကောင်ကြီးကို မိမိတို့ပိုင်ဆိုင်သည်ဟု ထင်တတ် ကြသည်။ ထို့ကြောင့် သေသွားသည့်တိုင် အလောင်းကောင်ကို ပေါင်ဒါ၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပါးနီတို့ဖြင့် ခြယ်သကြသည့်တိုင် အဝိဇ္ဇာ၊ မောဟ အကုသလဟေတု အားကြီးကြ၏။ ထို့ကြောင့် ပုထုဇဉ်တို့က ဆရာထေရ်မြတ်ကြီးတို့၏ ခန္ဓာပေါ်ရှုမြင်ပုံကို အတုယူအားကျရန်ဝေးစွ စိတ်ဖြင့်ပင် မကြံစည်ဝံ့ကြပါပေ။
ကျမ်းညွှန်း
* ဥုးမာနိတသိရီ ပြုစုတော်မူသည့် ပထမရွှေကျင်ဆရာတော် (နှာ-၂၇၁)
* အရှင်ရာဇဓမ္မာဘိဝံသ ရေးသားပြုစုတော်မူသည့် ဘဒ္ဒန္တသူရိယာဘိဝံသ၏ ထေရုပ္ပတ္တိကထာ၊ ၁၉၇၆- ပထမအကြိမ်၊ (နှာ-၂၀၃)
* ဆရာတော်အရှင်ရာဇိန္ဒထေရ်၏ သာသနာဗဟုဿု တပ္ပကာသနီကျမ်း (နှာ-၃၅၅)
* ဝိနယာလင်္ကာရဋီကာ (နှာ-၄၃၃)
သမ္ပယုတ်တရား
ဤလောဘဟေတုသည် ထိုစိတ် စေတသိက် ရုပ်တို့၏ အမြစ်ဟူသော အနက်သဘောကြောင့် ဟေတုလည်းမည်၏။ ကျေးဇူးပြုတတ်သော အနက်သဘောကြောင့် ပစ္စည်းလည်း မည်၏။ ထိုနှစ်ပါးသော အကြောင်းကြောင့် ဟေတုပစ္စည်းမည်၏။
ထိုနည်းအတူ ပြစ်မှားအပ်သော ဝတ္ထုတို့ကို အာရုံပြု၍ ပြစ်မှားသည်၏ အစွမ်းဖြင့် ဖြစ်ကုန်သော ဒေါသ၊ တွေဝေအပ်သော ဝတ္ထုတို့ကို အာရုံပြု၍ တွေဝေသည်၏ အစွမ်းဖြင့် ဖြစ်ကုန်သော မောဟတို့၌လည်း ဤနည်းကို မှတ်အပ်၏။
ဟေတုပစ္စည်း၌ သစ်ပင်၏အမြစ်တို့သည် အလိုလို မြေ၏အတွင်း၌ ကောင်းစွာတည်၍ မြေ၏အဆီအရသာ၊ ရေ၏အဆီအရသာကိုယူကာ ထိုသစ်ပင်တို့၏ အဖျားတိုင်အောင် ဆောင်၏၊ ထိုသို့ဆောင်ခြင်းဖြင့် သစ်ပင်သည် ရှည်မြင့်စွာသော ကာလပတ်လုံး ကြီးထွားလျက် တည်၏။
ထို့အတူ လောဘသည်လည်း ထိုထိုသို့သော ဝတ္ထုအာရုံ၌ တပ်မက်နှစ်သက်ခြင်း၏ အစွမ်းဖြင့် ကောင်းစွာ အာရုံပြုသောအားဖြင့် တည်၍ ထိုထိုသို့သော ဝတ္ထုအာရုံ၏ ချစ်အပ် သောသဘောရှိသော အဆီအရသာကိုယူ၍ သမ္ပယုတ်တရားတို့ကို ကိုယ်နှုတ်ဖြင့် လွန်ကျုးခြင်း တိုင်အောင် ဆောင်၏။ ထို့ကြောင့် ကိုယ်နှုတ်ဖြင့် လွန်ကျူးကြ၏။
ဤနည်းအတူ ဒေါသသည်လည်း ပြစ်မှားသည်၏ အစွမ်းဖြင့် မချစ်မနှစ်မြို့အပ်သော သဘော၊ မသာယာအပ်သော သဘောရှိ၏။ မောဟသည်လည်း တွေဝေသည်၏ အစွမ်းဖြင့် အထူးထူးသော အာရုံတို့၌ အချည်းနှီးသောစိတ် ဖြစ်ခြင်းသဘောရှိ၏။
ရလျှင်ပြုံး မရလျှင် မဲ့သူသည် ဉာဏ်မရှိ
ပြစ်မှားမှု၊ မုန်းတီးမှု၊ အလိုမကျမှု၊ စိတ်ဆိုးစိတ်ကောက်မှုမည်သော ဒေါသ၏ ဖြစ်စဉ်တွင် ‘သာမန် ဖြစ်ရိုးဖြစ်စဉ် ဖြစ်တတ်သည့် ဖြစ်စဉ်တစ်ရပ်မျှသာ’ဟု မသိနိုင်ရှာသည့် မောဟဦးဆောင်နေသဖြင့် ဒေါသဖြင့် သောင်းကျန်းနေခြင်း ဖြစ်ပါသည်။ လိုချင်မှု၊ ရလိုမှုမည်သော လောဘ၏ ဖြစ်စဉ်တွင်လည်း သာမန် ဖြစ်ရိုးဖြစ်စဉ် ဖြစ်တတ်သည့် ဖြစ်စဉ် တစ်ရပ်မျှသာဟု မသိနိုင်ရှာသည့် အဝိဇ္ဇာမောဟက ဦးဆောင်နေသဖြင့် လောဘဖြင့် သောင်းကျန်းနေခြင်း ဖြစ်ပါသည်။
ပမာပြရသော် လူတစ်ယောက်က သူရက်ကာလအတန်ကြာကပင် သူအလွန်လိုချင် နေခဲ့သည့် တယ်လီဖုန်း Handset ကို မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးသဖြင့် ရလာသည်ဆိုပါစို့၊ သူသည် အလွန်ပင် ပြုံးကာ၊ ပျော်ကာ နေပေတော့မည်။ သူပြုံးပျော်နေခြင်း သည် သူကြိုက်သည့် ပစ္စည်းရသဖြင့် လောဘကြောင့် မိုးမမြင်လေမမြင် ပျော်နေခြင်း ဖြစ်ပါသည်။ သူပျော်နေရုံမျှမက တွေ့သမျှ လူတိုင်းကို သူရထားသည့် တယ်လီဖုန်းကိုပြ၍ ကြွားနေပေဦးမည်။
သူ၏စိတ်အိမ်ကို လောဘက ခြယ်လှယ်ပြီး မောဟက ထပ်ဆောင်းပေးထား၏။ အမှန် တကယ်တွင်မူ ကြွားစရာကြီးလည်းမဟုတ်၊ ပျော်စရာကြီးလည်းမဟုတ် မိမိအတွက် လိုအပ် နေသည့်ပစ္စည်းတစ်ခု ယနေ့ လက်ဝယ်ရရှိလာခြင်းတည်းဟူသော ‘သာမန် ဖြစ်ရိုးဖြစ်စဉ်’ တစ်ရပ် သို့မဟုတ် လိုအပ်နေသည်နှင့် တိုက်တိုက်ဆိုင်ဆိုင်ရလာသည့် ဖြစ်ရပ်တစ်ခုမျှသာဟု မသိနိုင်ရှာသည့် မောဟက ဦးဆောင်နေပါတော့သည်။
ကျမ်းညွှန်း *လယ်တီဆရာတော်ကြီး၏ ပဋ္ဌာနုဒ္ဒေသဒီပနီကျမ်း။
မဖြစ်သေးတာသာရှိတာ၊ ဖြစ်တတ်တယ်
မောဟအားကြီးသလောက် အသိဉာဏ်အား မှေးမှိန်နေသောကြောင့်သာ ဤမျှ မိုးမမြင် လေမမြင် ပြုံးပျော်နေကြခြင်း ဖြစ်ပါသည်။ အမောဟမည်သော ဉာဏ်ပညာက စိတ်အိမ်၌ နေရာယူလာနိုင်ပါက ‘လောဘကြောင့် ပြုံးစရာလည်းမဟုတ်၊ ဒေါသကြောင့် မဲ့စရာလည်း မဟုတ် သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်တတ်သည့် သဘောမျှသာဖြစ်ကြောင်း’ကို နားလည်လက်ခံ လာနိုင်ပါသည်။
ထိုသူတော်ကောင်းသည် Why me? “ငါ့မှာမှ ဖြစ်ရလေခြင်းနော်”ဟူ၍ ရင်ဘတ် စည်တီးကာ ငိုကြွေးတော့မည်မဟုတ်ပေ။ ‘ဖြစ်တတ်တယ်’ ‘မဖြစ်သေးတာသာရှိတယ်’ ဟူသော သဘာဝတရားကို အနည်းငယ် သဘောပေါက် နားလည်နိုင်သည့်ဉာဏ်ရှိလာသော ကြောင့်ဖြစ်ပါသည်။
ထို့ကြောင့် လောဘနှင့် မောဟ အားနည်းလာပြီး အမောဟ နေရာဝင်ယူလာလျှင် ရ၍လည်း မပြုံးပါ။ ဒေါသနှင့် မောဟ အားနည်းလာပြီး အဒေါသ နေရာဝင်ယူလာလျှင် မရ၍လည်း မမဲ့တော့ပါ။ ဘဝတစ်လျှောက်လုံး ကလေးအရွယ်မှသည် ယနေ့တိုင် ရလျှင်ပြုံး၊ မရလျှင် မဲ့နေသည်မှာ အသိဉာဏ်ပညာသတ္တိ အားနည်းခြင်းကြောင့်ပေတည်း။
လောကဝေါဟာရအရ ‘မောင်ဖြူ မဲ့နေတယ်၊ မောင်မဲ ပြုံးနေတယ်’ ဟု ပြောရိုးရှိ သော်လည်း အမှန်တကယ် အရှိတွင်မူ ဒေါသဟူသောအကြောင်းကြောင့် မောင်ဖြူ မဲ့နေခြင်း ဖြစ်သည်။ လောဘဟူသော အကြောင်းကြောင့် မောင်မဲ ပြုံးနေခြင်း ဖြစ်သည်။
သို့သော် လူသားအများက “မောင်မဲ ထီပေါက်တော့ ပြုံးနိုင်တာပေါ့” ဟူ၍ လည်းကောင်း၊ “မောင်ဖြူ တယ်လီဖုန်းပျောက်တော့ မဲ့နေရှာတယ်” ဟူ၍လည်းကောင်း သူတို့နားလည်သကဲ့သို့ ပြောနေကြခြင်းသာ ဖြစ်ပါသည်။ အမှန်သဘောကို နားလည်၍ ပြောနေခြင်းမဟုတ်ပေ။
သန့်ရှင်းသည့်အပြုံးနှင့် မသန့်ရှင်းသည့်အပြုံး
တစ်နည်း ထပ်၍ပြရသော် မောဟနှင့်လည်း ပြုံးနိုင်ပါသည်။ အမောဟနှင့်လည်း ပြုံးနိုင်ပါသည်။ သို့သော် လောဘနှင့် မောဟအားကြီးသူသည် ဉာဏ်ပညာအားနည်းသဖြင့် ရလျှင်ပြုံးမည်၊ မရလျှင်မဲ့မည်။
ဒေါသနှင့် မောဟအားကြီးသူသည် ဉာဏ်အားနည်းသဖြင့် နိုင်လျှင် ပြုံးမည်။ ရှုံးလျှင် မဲ့မည်။ သူတို့သည် အဆင်ပြေလျှင် ပြုံးမည်၊ အဆင်မပြေလျှင် မဲ့ကြပေမည်။
အသိဉာဏ်ပညာ အမောဟဦးစီးပြီး အလောဘ၊ အဒေါသ အားကောင်းသူတို့သည် ဉာဏ်ပညာရှိသူများ ဖြစ်သဖြင့် ပြုံးလျှင်ပြုံးမည် နိုင်၍ပြုံးခြင်း မဟုတ်ပေ။ သဘောပေါက် နားလည်၍ ပြုံးခြင်းသာ ဖြစ်သည်။ သန့်ရှင်းသောအပြုံး ဖြစ်သည်။
ဥပမာအားဖြင့် ချီးကျူးဂုဏ်ပြုခံရလျှင် “ငါတော်လို့၊ ငါထိုက်တန်လို့ ရတာကွ” ဟု လက်သီးလက်မောင်းတန်းကာ ပြုံးပေမည်။ ထိုအပြုံးသည် မသန့်ရှင်းသောအပြုံး ဖြစ်သည်။
ချီးကျူးထောမနာ ပြုခံရလျှင်လည်း “အခု ချီးကျူးတာတွေ လာနေသလို နောက်တစ်နေ့ ကဲ့ရဲ့တာတွေလည်း လာနိုင်သေးတယ်”ဟု လောကသဘောကို နားလည်တော်မူကြသဖြင့် ချီးကျူးခြင်းကြောင့် ပြုံးတော်မူမည် မဟုတ်ပေ။ အကယ်၍ ပြုံးတော်မူလျှင်လည်း လောက၏ သဘောကို နားလည်တော်မူသောကြောင့်သာ ပြုံးတော်မူမည်ဖြစ်သဖြင့် သန့်ရှင်းသော အပြုံးသာ ဖြစ်ပေသည်။
မိန်းမတစ်ယောက်ကို တပ်မက်သောယောက်ျား၏ ဥပမာ
သက်ရှိသက်မဲ့ အာရုံတစ်ခုခုကို လိုချင်မှုအားကြီးလာသည်နှင့်အမျှ စိတ်ညစ်ညူး ပင်ပန်းနေပေမည်။ ထိုလိုချင်မှု လောဘခိုင်းသည့်အတိုင်း လုပ်နေ၊ ပြောနေ၊ ကြံစည်နေသမျှ ထိုလိုချင်မှုကို မစွန့်နိုင်သေးသမျှ စိတ်ညစ်ညူးပင်ပန်းမှု ဆက်ကာ ဆက်ကာ ဖြစ်နေပေမည်။ သူလိုကိုယ်လိုလူကမူ ထိုပင်ပန်းမှုကို သတိပြုမိမည် မဟုတ်ပေ။ ပင်ပန်းသည်ကို သိသူမှ သာလျှင် ထိုပင်ပန်းမှုမှ လွတ်ရန်ဆန္ဒ ရှိလာမည်။ လွတ်ရန်နည်းလမ်း ရှာပေမည်။ စွန့်နိုင်မှသာ ချမ်းသာမည်။ သို့သော် စွန့်နိုင်ရန်မှာမူ အမောဟဉာဏ်၏အရာ ဖြစ်ပေသည်။
လယ်တီဆရာတော်ကြီး၏ ပဋ္ဌာနနိဒ္ဒေသဒီပနီ၌ ယောက်ျားတစ်ယောက်သည် မိန်းမ တစ်ယောက်၌ တပ်မက်နှစ်သက်သောစိတ် ဖြစ်၏၊ သူသည် ထိုစိတ်ကို မစွန့်နိုင်သေးသမျှ ထိုမိန်းမကို အာရုံပြု၍ သူ့အား လောဘနှင့်တကွ ဖြစ်ကုန်သော ကာယကံလုပ်ဆောင်မှုများ၊ ဝစီကံပြောဆိုမှုများနှင့် မနောကံ ကြံစည်တွေးတောမှုများ စဉ်ဆက်မပြတ် တရစပ် ဖြစ်နေတော့၏။
အကယ်၍ တစ်နေ့သောအခါ၌ ထိုယောက်ျားသည် ဝတ္ထုကာမ၊ ကိလေသာကာမတို့၏ အပြစ်ကိုမြင်၍ မိန်းမကိုနှစ်သက်သာယာ သဘောကျသောစိတ်ကို စွန့်ခွာနိုင်ခဲ့ပါလျှင်မူ ထို မိန်းမကို အာရုံပြုသောအခါတွင် လောဘဖြစ်မည် မဟုတ်တော့ပေ။ အခြားသော ယောကျ်ား နှင့် ရည်ငံနေလျှင်လည်း ဒေါသဖြစ်တော့မည် မဟုတ်ပေ။ အကြောင်းမှာ အမောဟဉာဏ်ဖြင့် ထိုမိန်းမကို သဘောကျသောစိတ်ကို ပိုင်းဖြတ်ကာ စွန့်လွှတ်နိုင်ခဲ့ပြီး ဖြစ်သောကြောင့် ပေတည်း။
ကျမ်းညွှန်း * အရှင်ဇောတိက (ညောင်တုန်း)၏ ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ပို့ချဟောကြားချက်များ (၂၀၀၈-ခုနှစ်တွင် ထုတ်ဝေသည်။)
ဆန်ခြင်းနှင့် စုန်ခြင်း
ဇောက ကုသိုလ်ဇော၊ အကုသိုလ်ဇော၊ ကြိယာဇောဟူ၍ သုံးပါးရှိကြရာတွင် ကြိယာဇောကား ဘုရား ရဟန္တာတို့မှာသာ ဖြစ်ကြ၏။ ကြွင်းနှစ်ပါးတို့ကား ပုထုဇဉ်၊ သေက္ခတို့မှာ ဖြစ်ကြ၏။ သေက္ခပုဂ္ဂိုလ်မည်သည် ကျင့်ဆဲပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ရပါသည်။ သောတာပန်လည်း ကျင့်ဆဲသေက္ခာပုဂ္ဂိုလ်၊ သကဒါဂါမ်လည်း ကျင့်ဆဲသေက္ခာပုဂ္ဂိုလ်ဖြစ်ပြီး အနာဂါမ်လည်း ကျင့်ဆဲသေက္ခာပုဂ္ဂိုလ် ဖြစ်ပါသည်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့ကား အသေက္ခာပုဂ္ဂိုလ်တို့ ဖြစ်တော်မူပါသည်။
ကုသလာ ဓမ္မာ ဖြစ်ရန်မှာမူ ယောနိသော မနသိကာရ၊ ကလျာဏမိတ္တစသည် အကြောင်းတရားများနှင့် ညီညွတ်အောင် ပြုပြင်အားပေးမှသာ ဖြစ်နိုင်ကြ၏။ ဤသို့ ပြုပြင် မပေးနိုင်ပါက အလိုလိုပင် အနိမ့်သို့ကျခြင်း၊ အောက်သို့စုန်ခြင်းဖြင့် အမိုက်အမှောင်ကြီး ဖြစ်ပေတော့မည်။ ထို့ကြောင့် အထက်သို့ အတက်သဘော၊ အဆန်သဘောသို့ ရောက်အောင် ကား ကြံဆောင် အားထုတ်ယူကြရမည် ဖြစ်ပါသည်။
သတ္တဝါတို့၏ ဓမ္မတာသဘောအရ ကောင်းတာတွေ့ကြုံပါက လောဘဟိတ်၊ မောဟဟိတ် ဖြစ်ပြီး၊ မကောင်းတာကို တွေ့ကြုံပါက ဒေါသဟိတ်၊ မောဟဟိတ် ဖြစ်တတ်ပါသည်။ သာမညတို့ကို တွေ့ကြုံနေရလျှင်မူ မောဟဟိတ် ဖြစ်နေပေတော့သည်။
ပမာပြရလျှင် မိန်းမတစ်ယောက်နှင့် အိုးအိမ်ထူထောင်ထားမိသူအဖို့ အကုသလ ဟေတု ရေသောက်မြစ်သန်မာထွားကျိုင်းလာသည်နှင့်အမျှ လိုအပ်ချက်၊ လိုအပ်ချက်တို့ အလွန်ပင် များပြားလာတော့၏။ ထို့ကြောင့် “ဥစ္စာစီးပွား၊ ရွှေ၊ ငွေ၊ စပါးအလို့ငှာ မုသား ပြောဆိုရ၏။ ပိုင်ရှင်မပေးသည့် ဥစ္စာကိုလည်း ယူရ၏။ တစ်ပါးသူတို့အားလည်း နှိပ်စက်ရ၏။ ဒဏ်ပေးခြင်းကိုလည်း ခံရနိုင်၏”ဟု ဘုရားလောင်းရသေ့က ဗာရာဏသီသူဋ္ဌေးအားအိုးအိမ် ထူထောင်ခြင်း၏ အပြစ်တို့ကို ဟောကြားတော်မူဖူးပါသည်။
ကျမ်းညွှန်း * လယ်တီဆရာတော်ကြီး၏ ပဋ္ဌာနုဒ္ဒေသဒီပနီကျမ်း။
* ဝစ္ဆနခဇာတ်တော်၊ ဇာတကအဋ္ဌကထာ။
Right understood & Wrong understood
ဤနေရာတွင် သမ္မာဒိဋ္ဌိဖြစ်ကြောင်းနှင့် မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း နှစ်ပါးတို့ကိုလည်း ဖော်ပြလိုပါသည်။ သမ္မာဒိဋ္ဌိဟူသော အယူမှန်မှု Right understood ဖြစ်ရန် အကြောင်း နှစ်ပါးရှိ၏။ ၎င်းတို့မှာ-
“ပရတော စ ဃောသော ယောနိသော မနသိကာရော။ ဣမေ ခေါ ဘိက္ခဝေ ဒွေ ပစ္စယာ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ”
(၁) သူတစ်ပါးထံမှ ကြားနာမှတ်သားခြင်း၊ စာအုပ်ထဲ ဖတ်ရှုမိခြင်း၊ အွန်လိုင်းပေါ်မှ ဖတ်ရှုမိခြင်းနှင့်
(၂) ကောင်းသော နှလုံးသွင်းမှု ရှိခြင်းတို့ ဖြစ်၏။
မိစ္ဆာဒိဋ္ဌိဟူသော အယူမှားမှု Wrong understood ဖြစ်ရန် အကြောင်းသည်လည်း နှစ်ပါး ရှိ၏။ ၎င်းတို့မှာ-
“ပရတော စ ဃောသော အယောနိသော မနသိကာရော။ ဣမေ ခေါ ဘိက္ခဝေ ဒွေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယ”
(၁) သူတစ်ပါးထံမှ ကြားနာမှတ်သားခြင်း၊ စာအုပ်ထဲ ဖတ်ရှုမိခြင်း၊ အွန်လိုင်းပေါ်မှ ဖတ်ရှုမိခြင်းနှင့်
(၂) မကောင်းသော နှလုံးသွင်းမှု ရှိခြင်းတို့ ပေတည်း။
‘ယောနိသော မနသိကာရ’ အားကောင်းသူတို့၏ သန္တာန်၌ အလောဘ၊ အဒေါသ၊ အမောဟဟူသော ကောင်းမွန်သည့် ရေသောက်မြစ်ကြီးများ အားကောင်းနေပေမည်၊ ‘အယောနိသော မနသိကာရ’ အားကောင်းသူတို့၏ သန္တာန်၌ လောဘ၊ ဒေါသ၊ မောဟဟူသော မကောင်းသည့် ရေသောက်မြစ်ကြီးတို့ အားကောင်းမည်ဟု အဋ္ဌကထာကျမ်းများက ဆိုထားပါသည်။
မြတ်စွာဘုရားရှင်က အလောဘ ပေးကမ်းစွန့်ကြဲနိုင်ရန်၊ အဒေါသမေတ္တာတရားပွား၊ ကိုယ်ချင်းစာတရားထားနိုင်ရန်၊ အမောဟ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာတို့ ဖြစ်ထွန်း ပေါ်ပေါက်လာစေနိုင်ရန်အတွက် ‘မာ ဘိက္ခဝေ ပုညာနံ ဘာယိတ္ထ’ ကုသိုလ်ကောင်းမှုပြုရာ၌ မကြောက်မရွံ့ပြုကြရန် တိုက်တွန်းတော်မူထားပါသည်။
ဆက်လက်ပြီး ‘ပုညံ ဘာယတော သုခံ ဘာယတိ’ ကုသိုလ်ကောင်းမှုပြုရန် ကြောက်ရွံ့ သောသူ၏ထံသို့ သုခချမ်းသာအမျိုးမျိုး လာရောက်ရန်လည်း ကြောက်ရွံ့နေပေမည်ဟု ဟောကြားတော်မူထားပါသည်။
ကျမ်းညွှန်း * အင်္ဂုတ္ထိုရ် ပထမတွဲ (နှာ-၁၀၅)
ဘုရားအလောင်း၏ အားကြီးသည့် ကုသလဟေတု
ဗာရာဏသီပြည်တွင် ဒေဝဒတ်အလောင်း ကလာဗုမင်း အုပ်ချုပ်စဉ်အခါကာလ ဘုရား အလောင်းတော်သည် ကုဋေရှစ်ဆယ်ကြွယ်ဝသော ပုဏ္ဏားမျိုး၌ဖြစ်၏။ မိဘများ ကွယ်လွန် သွားသောအခါ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်လှူဒါန်း၍ ဟိမဝန္တာတောသို့ဝင်ကာ ရသေ့ရဟန်း ပြုတော်မူပါသည်။ သစ်သီးများဖြင့် ရှည်ကြာကာလ မျှတစွာနေပြီး ချဉ်၊ ဆား မှီဝဲရန်အလို့ငှာ ဗာရာဏသီပြည်သို့ ကြွတော်မူရာ စစ်သူကြီးက ကြည် ညိုသဖြင့် ရသေ့ကို ဆွမ်းလုပ်ကျွေး၍ မင်းဥယျာဉ်အတွင်း၌ပင် ကိုးကွယ်ထား၏။
တစ်နေ့သောအခါ ဒေဝဒတ်လောင်း ကလာဗုမင်းသည် သုရာယစ်လျက် ကချေသည် မောင်းမ အခြွေအရံများနှင့်အတူ ဥယျာဉ်ကစား ထွက်လာ၏။ မင်းကြီးအိပ်ပျော်နေစဉ် အခြွေအရံများက ခန္တီဝါဒီရသေ့ထံသွား၍ တရားနာယူနေ၏။ မင်းကြီးနိုးလာသောအခါ မောင်းမ အခြွေအရံများကို မတွေ့သဖြင့် လိုက်ရှာရာ ရသေ့ထံတော်ပါး၌ တရားနာနေသည်ကို တွေ့ရှိသဖြင့် အမျက်ဒေါသ ချောင်းချောင်းထွက်ကာ ရသေ့အား “သင်သည် အဘယ်ဝါဒ ရှိသနည်း” ဟု မေးလေ၏။ ရသေ့က “ခန္တီဝါဒရှိ၏”ဟု ဖြေကြားတော်မူရာ ခန္တီဝါဒ ရှိ၊ မရှိ စမ်းသပ်မည်ဟု ဆိုကာ သူသတ်ယောကျ်ားကိုခေါ်၍ ဘုရားလောင်းတော်၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရွက်၊ နှာခေါင်းတို့ကို ဖြတ်စေပြီး ရင်ဘတ်ကို ခြေဖြင့်ကန်ကျောက်ကာ မင်းဥယျာဉ်မှ ထွက်ခွာသွား၏။
ထိုအခါ အရှင်သာရိပုတ္တရာလောင်း စစ်သူကြီးရောက်ရှိလာပြီး ဘုရားလောင်းတော် ရသေ့အား ရှိခိုးကာ “အရှင်ဘုရားကို နှိပ်စက်ခဲ့သည့် ဘုရင်ကိုသာ အမျက်ထွက်တော်မူပါဘုရား၊ တိုင်းပြည်ကို အမျက်ထွက်တော်မမူပါနှင့်ဘုရား”ဟု လျှောက်ထားရာ ဘုရားလောင်းတော် ရသေ့က “ငါ၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရွက်၊ နှာခေါင်းတို့ကို ဖြတ်ခဲ့တဲ့ ဘုရင်မင်းကြီး အသက်ရှည်ပါစေသတည်း၊ ပညာရှိတို့မည်သည် အမျက်ဒေါသ မထွက်ကုန်သည်သာလျှင် တည်း” ဟု မိန့်ကြားတော်မူ၏။ ကလာဗုမင်းလည်း ဥယျာဉ်တံခါးသို့ ရောက်သောအခါ မြေမျို ခံခဲ့ရပါသည်။
ဒေဝဒတ်လောင်း၏သန္တာန်၌ ရွဲကုန်သည်ဘဝက စတင်ခဲ့သည့် ရန်ငြိုး ဒေါသဟိတ် ရေသောက်မြစ် ရှည်လျားခဲ့သောကြောင့် ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ ခန္တီဝါဒီရသေ့ကိုလည်းကောင်း၊ သူ၏အသက်ကို ကယ်တင်ပေးခဲ့သည့် ဘုရားလောင်းတော် မျောက်မင်းကိုလည်းကောင်း နှိပ်စက်ခဲ့သဖြင့် နှစ်ကြိမ်တိုင်တိုင် မြေမျိုခံရ၏။ ထိုဒေါသဟေတု ရေသောက်မြစ်၏ စွမ်းပကားက ဤမျှဖြင့် မရပ်တန့်သေးဘဲ ဘုရားရှင်သီတင်းသုံးတော်မူရာ ဇေတဝန်ကျောင်း ရှေ့ရှိ ရေကန်အနီး၌ မြေမျိုခံရပြီး ယနေ့တိုင် ငရဲဒုက္ခကို ခံနေရရှာပါသည်။
ဘုရားလောင်းတော်၏ သန္တာန်၌ ရှင်သန်နေသည့် အဒေါသရေသောက်မြစ်၏ သတ္တိ သည်ကား အံ့ဖွယ်ပေတည်း၊ မိမိ၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရွက်၊ နှာခေါင်းတို့ကို ရက်စက်စွာ ဖြတ်တောက်ကာ နှိပ်စက်ရုံမျှမက ရင်ဝကို ခြေဖြင့်ကန်ကျောက်ခဲ့သည့် ကလာဗု မင်းကို “မင်းကြီး အသက်ရှည်ပါစေသတည်း”ဟု ဆုမွန်ကောင်း တောင်းပေးနိုင်စွမ်းသည့် အထိ ခန္တီအား၊ မေတ္တာအားကြီးမားသည့် ကုသလဟေတု၏ သတ္တိကား အံ့ဖွယ်ရှိပေစွ။
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ (ဝါ) စိတ္တဇရုပ်
ပဋ္ဌာန်းပဥှာဝါရပါဠိ ဟေတုပစ္စည်း (အကု-အကု၊ ဗျာ)၌ အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ အကုသိုလ်ဟိတ် တစ်ပါးပါးသည် အတူယှဉ်၍ဖြစ်သော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာ ဟူသော နာမ်ခန္ဓာလေးပါးတို့အားလည်းကောင်း၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇ ရုပ်တို့အားလည်းကောင်း ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
လူ့ဘုံသည် ခန္ဓာငါးပါးရှိသော ဘုံဖြစ်သဖြင့် စိတ်လည်းရှိသည်၊ စိတ်၏တည်ရာမှီရာ ရုပ်လည်းရှိသည်။ ထို့ကြောင့် စိတ်ဖြစ်သည်နှင့် စိတ်ကြောင့်ဖြစ်သည့် ရုပ်တရားများ ဖြစ်ပေါ် လာပါသဖြင့် စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟု ဟေတုပစ္စည်း၌ လာရှိပါသည်။
လောဘစိတ်ကြောင့် ကျေနပ်နှစ်သက်ကာ ပြုံးပြုံးဖြီးဖြီးဖြစ်နေသည့် လောဘရုပ်ပုံ ကလည်းကောင်း၊ ဒေါသစိတ်ကြောင့် ခက်ထန်ကြမ်းတမ်းကာ စိတ်ရှုပ်၊ စိတ်ဆိုးနေသည့် ဒေါသရုပ်ပုံကလည်းကောင်း၊ မောဟစိတ်ကြောင့် ထိုင်းမှိုင်းလေးလံကာ တွေတွေဝေဝေ မောဟ ရုပ်ပုံတို့ကလည်းကောင်း အကုသလဟေတု၏ သတ္တိကြောင့် ဖြစ်ပေါ်လာသည့် စိတ္တဇရုပ်တို့ ပေါ်လွင် ထင်ရှားနေတတ်ပါသည်။
ပမာအားဖြင့် ဒေဝဒတ်လောင်းလျာ ကလာဗုမင်း၏သန္တာန်၌ အကုသလဟေတုမှ ပေါက်ဖွားလာခဲ့သော သမ္ပယုတ္တဓမ္မဖြစ်သည့် မှတ်သားမှု၊ ခံစားမှု စသည့် ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ဟူသော နာမ်ခန္ဓာလေးပါးတို့သည်လည်းကောင်း၊ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်တို့သည်လည်းကောင်း ဘုရားအလောင်းတော် ခန္တီဝါဒီ ရသေ့ကို ကိုယ်အားဖြင့်၊ နှုတ်အားဖြင့် နှိပ်စက်ရန်၊ ဒုက္ခပေးရန်၊ ညှဉ်းဆဲရန်အတွက် ဟေတု ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါတော့သည်။
ဆက်လက်ပြီး အလောဘစိတ်ကြောင့် ပေးကမ်းလှူဒါန်း စွန့်လွှတ်ကာ ရွှင်လန်းနေသည့် အလောဘရုပ်ပုံကလည်းကောင်း၊ အဒေါသစိတ်ကြောင့် ကိုယ်ချင်းစာနာ မေတ္တာထားကာ ကြည်လင်အေးချမ်းနေသည့် အဒေါသရုပ်ပုံကလည်းကောင်း၊ အမောဟစိတ်ကြောင့် တည်တည်ကြည်ကြည် လန်းလန်းဆန်းဆန်း သွက်လက်ထက်မြက်နေသည့် ဉာဏ်ဦးစီးသည့် အမောဟရုပ်ပုံကလည်းကောင်း ကုသလဟေတု၏သတ္တိကြောင့် ဖြစ်ပေါ်လာသည့် စိတ္တဇရုပ် တို့ ပေါ်လွင် ထင်ရှားနေတတ်ပါသည်။
* ကျမ်းညွှန်း – ဇာတက အဋ္ဌကထာ အတွဲ-၃၊ နှာ-၃၇ ခန္တီဝါဒီဇာတ်တော်
မရောင့်ရဲနိုင်သည့် ကိလေသာ
လောဘ၊ ဒေါသနှင့် မောဟတို့သည် အကုသိုလ်ရေသောက်မြစ်တို့ ဖြစ်ကြ၏။ လောဘ နှင့် စပ်လျဉ်း၍လည်း ‘ဗဟုကေ ပစ္စယေ ဒေန္တော၊ တယောပေတေ န ပူရယေ’ဟု ဣတိဝုတ္တက အဋ္ဌကထာ၌ လာရှိပါသည်၊ ပေးပေးသမျှ၊ ပံ့ပိုးသမျှ မည်မျှပင် ကြီးကျယ်စေကာမူ လောဘက မရပ်တန့်ပါ။ မီးပုံကြီးကို လောင်စာထည့်လေ လောင်လေ ဖြစ်သကဲ့သို့ လောဘကြီးသူကလည်း အဘယ်မျှ ရရှိနေစေကာမူ အားရကျေနပ် တင်းတိမ် ရောင့်ရဲသည်ဟူ၍ မရှိတတ်ပေ။
သတ္တဝါတစ်ဦး၏ သန္တာန်၌ ဒေါသဖြစ်လာသောအခါ အကောင်းအဆိုး၊ အကြောင်း အကျိုးကို ခွဲခြားသိနိုင်စွမ်း မရှိတော့ပေ။ သူ၏စိတ်တွင် အမှောင်မိုက်ကြီး ကျနေပါတော့သည်။ အကျိုးစီးပွားဖြစ်ထွန်းမည့် အရာကိုလည်း အကျိုးမရှိဟု ထင်ချင်ထင်ပြီး၊ အကျိုးမဲ့မည့်အရာ ကိုမူ အကျိုးရှိမည့်အရာပမာ ယူချင်ယူတတ်သည်။
ထို့ကြောင့် ဒေါသသည် မိမိ သူတစ်ပါး နှစ်ပါးသော အကျိုးစီးပွားကို ဖျက်ဆီးတတ် သကဲ့သို့ ဖြစ်ပေါ်လာလတ္တံ့သော ဘေးဒုက္ခအပေါင်းကို သိမြင်နိုင်စွမ်းသည့် ဉာဏ်ပညာ မျက်စိကိုလည်း အကန်းပမာ လုံးလုံးဖြစ်သွားတတ်သည်ကို အောက်ပါပုံဝတ္ထုဖြင့် သာဓကပြု ဖော်ပြပါမည်။
* ကျမ်းညွှန်း – ဣတိဝုတ္တက အဋ္ဌကထာ (နှာ-၉၃)
ကျောက်သွေးသမား၏ ဒေါသ
ဘုရားရှင် လက်ထက်တော်ကာလ သာဝတ္ထိမြို့၌ နန်းသုံးပတ္တမြားကို သွေးသည့် ကျောက်ထွင်းသမား တစ်ဦးရှိ၏။ တိဿမထေရ်မြတ်သည် ထိုကျောက်သွေးသမား ဒါယကာ၏ နေအိမ်ထဲသို့ အမြဲ ဆွမ်းခံ ကြွတော်မူလေ့ ရှိသည်။
တစ်နေ့ ဆွမ်းအလို့ငှာ အိမ်ထဲတွင် ခေတ္တ သီတင်းသုံးနေစဉ် နန်းတော်မှ မင်းမှုထမ်း ယောကျ်ားက ဘုရင်၏အဖိုးတန်ပတ္တမြားကို ယူလာပြီး အလုပ်အပ်နှံ၏။ ကျောက်သွေး သမားသည် အသားဆွမ်းဟင်း စီမံနေရာမှ သွေးများ ပေကျံနေသောလက်ဖြင့် ပတ္တမြားကို စစ်ဆေးလက်ခံပါသည်။ ထို့နောက် မထေရ်မြတ်အနားရှိ စားပွဲခုံပေါ် ခေတ္တတင်ထားပြီး မီးဖိုထဲ ဝင်သွားပါသည်။
ထိုစဉ်အခိုက် သူ၏အိမ်၌ အလှမွေးထားသည့် ကြိုးကြာက နီရဲပြီး သွေးညှီနံ့ရနေသည့် ပတ္တမြားကို မြိုချလိုက်၏။ ထိုဖြစ်စဉ်ကို မသိလိုက်သည့် ကျောက်သွေးသမားက ရဟန္တာ မထေရ်မြတ်ကို မဆင်မခြင် သံသယပွားကာ ပတ္တမြားသူခိုးဟု စွပ်စွဲတော့၏။ ‘ငါ့ပတ္တမြားပေး’ဟု တောင်းရာ ထေရ်မြတ်က ‘ငါမယူဘူး’ဟု မိန့်တော်မူ၏။
ထိုအခါ ပြစ်မှားသည့် အစွမ်းအားဖြင့် ဖြစ်လာသည့် ဒေါသအဟုန်နှင့် တွေဝေမိုက်မဲ သည့်အစွမ်းအားဖြင့် ဖြစ်လာသည့် မောဟအဟုန် နှစ်ပါးစုံတို့ကြောင့် ကျောက်သွေးသမားက ရဟန္တာ၏ခေါင်းကို ကြိုးဖြင့်တုပ်ကာ မညှာမတာ ရိုက်နှက်စစ်ဆေးရာ မထေရ်၏ပါးစပ်မှ သွေးများပင် ယိုစီးကျလာပါသည်။
ကြမ်းပြင်ပေါ်စီးလာသည့် သွေးကိုသောက်ရန် ရောက်ရှိလာသော ကြိုးကြာကိုလည်း ဒေါသစိတ် မိုးမွှန်နေသော ကျောက်သွေးသမားက အားဖြင့်ကန်လိုက်ရာ ထိုနေရာ၌ပင် သေသွားတော့၏။ ကြိုးကြာသေသောအခါမှ ရဟန္တာမထေရ်မြတ်က ကြိုးကြာက ပတ္တမြားကို မျိုထားကြောင်း မိန့်တော်မူသဖြင့် ဗိုက်ခွဲပြီး ပတ္တမြားကို ပြန်ရယူပါသည်။
နောင်တ၏သားကောင် ဖြစ်သွားသည့် ကျောက်သွေးသမားက ရဟန္တာမထေရ်မြတ် ထံတော်ပါး တောင်းပန်သည်။ ရဟန္တာထေရ်ရှင်မြတ်က “ငါခွင့်လွှတ်သည်”ဟု မိန့်တော်မူပါ သည်။ မထေရ်မြတ်ကား ကျောက်သွေးသမား၏ ရိုက်နှက်မှုဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ဝေဒနာနှင့်ပင် မကြာမြင့်မီ ပရိနိဗ္ဗာန်စံတော်မူပါသည်။
ရဟန္တာ၏သန္တာန်၌ ရေသောက်မြစ်နှင့်တူသည့် ဟိတ်တရားများ မရှိတော့သောကြောင့် ပင်စည် အညွန့် အပွင့် အသီးနှင့် တူသည့် လူ့ဘဝ၊ နတ်ဘ၀ မရှိတော့ဘဲ ဆီမီးတောက် ငြိမ်းသည့်နှယ် ချုပ်ငြိမ်းတော်မူပါသည်။
ကျောက်သွေးသမားမှာမူ ဒေါသဟိတ်၊ မောဟဟိတ် တို့ကြောင့် ရဟန္တာမထေရ်မြတ် အပေါ် ကျူးလွန်ခဲ့သည့် အကုသိုလ်ကံက အဝီစိငရဲသို့ ပို့ဆောင်တော့၏။
ကျောက်သွေးသမား၏သန္တာန်၌ ‘အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော’က ရဟန္တာထေရ်ရှင်ကို ကိုယ်ထိ လက်ရောက် ရိုက်သတ်နိုင်လောက်သည့်အထိ အကုသိုလ်စွမ်းပကားကို ထုတ်လုပ် ပေးလိုက်ပါသည်။ ထိုအခိုက်၌ ကျောက်သွေးသမားအဖို့ ဤလောကတွင် မလွန်ကျူးဝံ့သည့် အကုသိုလ်ဟူ၍ ရှိအံ့တော့မည် မဟုတ်ပေ။
မိမိတို့၏သန္တာန်၌လည်း အကုသလာဟေတု၏သတ္တိတို့ စုပြုံကာ ခေါင်ထိပ်သို့ ရောက်သည့် ထိုအခိုက်အတန့်တွင် နောင်တ၏သားကောင် ဖြစ်သွားရှာသည့် ကျောက်သွေးသမား ပမာ “ငါရဟန္တာကို သူခိုးလို့ ဘယ်သောအခါမှာမှ မစွပ်စွဲပါဘူး”ဟု ပြောရန်လွယ်ကူ လှမည် မထင်ပါ။ အကြောင်းမှာ ဤမေးခွန်းသည် ယခုတစ်ဘဝတာအတွက်သာမဟုတ်ဘဲ ပုထုဇဉ် ဘဝဖြင့် သံသရာရှည်နေသမျှ ဖြစ်လေရာဘဝတိုင်းအတွက် စဉ်းစား ဆင်ခြင်စရာ ဖြစ်ပေသည်။
ကျမ်းညွှန်း * ဓမ္မပဒ၊ အဋ္ဌကထာ အတွဲ-၂၊ မဏိကာရကုလုပကတိဿထေရ်ဝတ္ထု (နှာ-၂၂)
ကုသိုလ်ဟေတုနှင့် အကုသိုလ်ဟေတု
(စိတ် + စေတသိက် + စိတ္တဇရုပ်) စိတ်၊ စေတသိက်နှင့် ထိုစိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်တို့ကို ဥပမာတို့ဖြင့် ထပ်မံ၍ ပြပါဦးမည်။ မောင်အောင်ဝင်းသည် ငါးမျှားရန် ဝါသနာပါသည်။ မောင်အောင်သင်းကမူ ပရဟိတလုပ်ငန်းများလုပ်ပြီး ညနေတိုင်း ရပ်ကွက် ထဲက ဘုရားပေါ်တက်ကာ ပုတီးစိပ်သည်၊ ပဋ္ဌာန်းပဥှာဝါရ ပူဇော်သည်။ သူတို့သူငယ်ချင်း နှစ်ယောက်၏ ကာယကံ၊ ဝစီကံ၊ မနောကံတို့တွင် ဟေတုနှင့် ဟေတုကြောင့်ဖြစ်ပေါ်နေသည့် စိတ်၊ စေတသိက်နှင့် စိတ္တဇရုပ်များ အချိန်မလပ် ထုတ်လုပ်ပေးနေပါသည်။
ပြင်ပအမြင်အားဖြင့်မူ ငါးမျှားသည်၊ ဘုရားသွားသည်ဟု ပြောရိုးပြောစဉ် ပြောရပါ သော်လည်း သဘာဝဓမ္မအနေဖြင့်မူ တစ်ဦး၏စိတ်သန္တာန်၌ ကုသလဟေတုဟူသော အလောဘ၊ အဒေါသ၊ အမောဟနှင့်ဆိုင်ရာ (စိတ် + စေတသိက် + စိတ္တဇရုပ်)များ ဖြစ်နေ သည်။ အခြားတစ်ဦး၏ စိတ်သန္တာန်၌ အကုသလဟေတုဟူသော လောဘ၊ ဒေါသ၊ မောဟနှင့် ဆိုင်ရာ (စိတ် + စေတသိက် + စိတ္တဇရုပ်) များ ဖြစ်နေသည်။
အကုသလဟေတုနှင့် စိတ်၊ စေတသိက် စိတ္တဇရုပ်များ
မောင်အောင်ဝင်း ငါးမျှားနေစဉ် သူ၏သံငါးမျှားချိတ်ထိပ်က တီကောင်ကို ငါးကလေး တစ်ကောင်က မစူးမစမ်းဘဲ မြိုချလိုက်မိသဖြင့် အပြင်းအထန် ဒုက္ခရောက်နေရှာပါသည်။ ဤသတ္တဝါ သေလုမြောပါး မချိမဆန့်လူးလွန့်နေသည်ကို တံငါသည် မောင်အောင်ဝင်း၏ နှလုံးသားထဲ ကုသလဟေတု ခြောက်ခမ်းနေသဖြင့် သနားကရုဏာစိတ် တစ်ချက်မှ မပေါ် လာခဲ့ပါ။
ရေထဲလွတ်လပ်စွာ ကူးခပ်ကာ သဘာဝအတိုင်း နေနေကြသည့် သတ္တဝါအား ကမ်းစပ်ကနေ ငါးမျှားချိတ်ချကာ ဒုက္ခပေးနေသည့် မောင်အောင်ဝင်းကို ဒေါသနှင့် မောဟတို့က ဦးစီးနေပါသည်။ ထိုထိုဒေါသ၊ မောဟဦးစီးသည့် (စိတ် + စေတသိက် + စိတ္တဇရုပ်)တို့ စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနေပါသည်။
ထို့ကြောင့် ငါးကိုလှည့်စားကာ သူ့ငါးမျှားချိတ်ကို မျိုချစေရန်အတွက် နောက်တစ်သက် ဖြစ်သည့် တီကောင်ကို ငါးမျှားချိတ်၌ အရှင်လတ်လတ် ချိတ်လိုက်ပြန်သည်။ သက်ရှိ သတ္တဝါတို့ အပေါ် ကြင်နာသနားစိတ် လုံး၀ ပျောက်ကင်းနေသည်။ အသက်ကို ရက်ရက်စက်စက် မညှာ မတာ သတ်နေရသည်ကို ရှက်စရာ၊ ကြောက်စရာဟု မသိမမြင်နိုင်လောက်အောင်ပင် မောဟက ဖုံးလွှမ်းထားပြန်သည်။
ထိုဒေါသနှင့် မောဟစိတ်ကြောင့် ငါးပါးစပ်ထဲ ငါးမျှားချိတ်စူးဝင်သဖြင့် သွေးတို့ဖြင့် နီရဲနေသည်ကို မြင်တွေ့နေရသော်လည်း သနားရန်ဝေးစွ မသေမရှင်ဖြစ်နေရှာသည့် သူ့လက်ထဲမှငါးကို ခုန်ပြီး ထွက်ပြေးသွားမည်စိုးသောကြောင့် မြေပြင်ပေါ်ကို အားကုန်ကိုင် ပေါက်ပြီး သတ်လိုက်သည်အထိ သူ၏စိတ္တဇရုပ်တို့က ကြမ်းတမ်းနေပါတော့သည်။ သူ့လက်ချက်ကြောင့် တဒင်္ဂအတွင်း အသက်ပျောက်သွားသောငါးကို ကောက်ယူပြီး သူ့ခါးတွင် ကြိုးဖြင့် ချည်နှောင်ထားသည့် ပခြုပ်တောင်းထဲထည့်ပြီး လောဘနှင့် မောဟဦးစီးသည့်စိတ်ဖြင့် လိုချင်တာ ရလာသောကြောင့် သူဝမ်းသာနေရှာသည်။
ဤဖြစ်စဉ်တွင် ငါးကိုလည်း သနားစရာ၊ ဓားစာခံဖြစ်ရှာသည့် တီကောင်ကိုလည်း သနားစရာ၊ ထို့ထက်ပို၍ သူ့အသက် သတ်ရသည်ကို အပြစ်ဟု မသိနိုင်လောက်အောင် မောဟ ရေသောက်မြစ် သန်စွမ်းနေသည့် မောင်အောင်ဝင်းကလည်း သနားစရာ ဖြစ်နေပါသည်။
အရှိပရမတ်တရား
မောင်အောင်ဝင်းဟု သူသူငါငါ ခေါ်ပြောရပါသော်လည်း အမှန်တကယ်တွင်မူ အကုသလဟေတု ဖြစ်သည့် လောဘ၊ ဒေါသနှင့် မောဟတို့ကြောင့် ဖြစ်ပေါ်လာသည့် (စိတ် + စေတသိက် + စိတ္တဇရုပ်) တို့ကသာ အရှိပရမတ်တရား ဖြစ်၏။
‘မောင်အောင်ဝင်း ယနေ့ငါးသတ်သည်’ဟု ပြောရသော်လည်း နောက်တစ်နေ့တွင် ‘မောင်အောင်ဝင်း ဖဲရိုက်သည်’ဟု လုပ်ရပ်ပေါ်မူတည်ပြီး အခေါ်အဝေါ်အမည်နာမ အမျိုးမျိုး ပြောင်းလဲနိုင်ပါသည်။
သို့သော် သူ၏သန္တာန်၌ လောဘ၊ ဒေါသ၊ မောဟဟူသော အကုသလဟေတုကြောင့် ဖြစ်ပေါ်လာသည့် (စိတ် + စေတသိက် + စိတ္တဇရုပ်)တို့ကမူ ဖြစ်မြဲဖြစ်နေသည်။
လောကဝေါဟာရအားဖြင့် မောင်အောင်ဝင်းသည် အမျိုးမျိုးသော ကာယကံ ကိုယ်အပြုအမူ၊ မောင်အောင်ဝင်း၏ အမျိုးမျိုးသော ဝစီကံ နှုတ်အပြောအဆို၊ မောင်အောင်ဝင်း၏ အမျိုးမျိုးသော မနောကံ စိတ်အတွေးအကြံ အသီးသီးဖြင့် အသက်ရှင် ရပ်တည် လုပ်ကိုင် နေပါသည်။
သို့သော် သူ၏အမျိုးမျိုးသော ကာယကံ ကိုယ်အပြုအမူ၊ သူ၏ အမျိုးမျိုးသော ဝစီကံ နှုတ်အပြောအဆို၊ သူ၏အမျိုးမျိုးသော မနောကံ စိတ်အတွေးအကြံ အသီးသီးသည် အကုသလ ဟေတုဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟကြောင့်ဖြစ်သည့် (စိတ် + စေတသိက် + စိတ္တဇရုပ်) တို့သာ အမှန်တကယ် ရှိနေပါသည်။
ကုသလဟေတုနှင့် စိတ်၊ စေတသိက် စိတ္တဇရုပ်များ
သူ့သူငယ်ချင်းဖြစ်သူ မောင်အောင်သင်းသည် ဘုရားရှိခိုးသည်၊ တရားအားထုတ်သည်၊ ပဋ္ဌာန်းပဥှာဝါရသင်တန်း တက်သည်၊ အဘိဓမ္မာကို လေ့လာသည်။ ထို့ကြောင့် သူ၏သန္တာန်၌ ကုသလဟေတုကြောင့်ဖြစ်သည့် (စိတ် + စေတသိက် + စိတ္တဇရုပ်) တို့သာ ရှိနေပါသည်။
လောကဝေါဟာရအနေဖြင့်မူ မောင်အောင်သင်း ‘တရားအားထုတ်နေတယ်’၊ ‘မောင်အောင်သင်း ပဋ္ဌာန်းပဥှာဝါရသင်တန်း တက်နေတယ်’ ‘မောင်အောင်သင်း ဘုရားရှိခိုးနေတယ်’ဟု ပြောင်းလဲ မြင်ကြပါသော်လည်း အမှန်တကယ်မှာမူ သူ၏သန္တာန်၌ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကုသလဟေတုကြောင့်ဖြစ်သည့် (စိတ် + စေတသိက် + စိတ္တဇရုပ်) တို့သာ အမှန်တကယ် ရှိနေပါသည်။
ဤသို့ ဓမ္မသဘာဝအစစ်ကို သိမြင်လာနိုင်သူအဖို့ ပုဂ္ဂိုလ်၊ သတ္တဝါ၊ မောင်အောင်သင်း၊ မောင်အောင်ဝင်း၊ လိမ္မာတဲ့ယောကျ်ားကလေး၊ ဆိုးတဲ့ကောင်လေးဟု မမြင်တော့ဘဲ ကုသလ ဟေတု၊ အကုသလဟေတုတို့နှင့်ဆိုင်ရာ (စိတ်၊ စေတသိက်နှင့် စိတ္တဇရုပ်) တို့သာ ရှိကြောင်းကို သိရှိလာနိုင်ပါသည်။
အမှန်အားဖြင့် ပုဂ္ဂိုလ်၊ သတ္တဝါ၊ မောင်အောင်သင်း၊ မောင်အောင်ဝင်း၊ လိမ္မာတဲ့သူ၊ ဆိုးတဲ့သူဟူသည် လောကပညတ်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် ဆိုးတဲ့သူလည်း ကောင်းချင် ကောင်းလာနိုင်သည်။ လိမ္မာသည့်သူလည်း ဆိုးသူအဖြစ် ပြောင်းလဲချင် ပြောင်းလဲနိုင်သည်။
သို့သော် သတ္တဝါတို့၏သန္တာန်၌ရှိသည့် အလောဘ၊ အဒေါသ၊ အမောဟဟူသော ကုသလဟေတုနှင့် လောဘ၊ ဒေါသ၊ မောဟဟူသော အကုသလဟေတုကြောင့်ဖြစ်သည့် (စိတ် + စေတသိက် + စိတ္တဇရုပ်)တို့မှာမူ မပြောင်းမလဲ အမြဲ မှန်ကန်ပြီး အမှန်တကယ်ပင် ရှိနေသည့် သဘာဝတရားတို့ ဖြစ်ကြောင်းကို ပဋ္ဌာန်းလေ့လာသူအနေဖြင့် နားလည်နိုင်ရုံမက အပေါ်ယံ လူတို့သတ်မှတ်ချက်မှသည် လူတို့သတ်မှတ်ချက်မှလွန်သည့် ဓမ္မသဘာဝကို ဉာဏ်ဖြင့် သိမြင်နိုင်သည်အထိ ကျေးဇူးများနိုင်ပါသည်။
ပုဂ္ဂိုလ်အမြင်မှသည် တရားအမြင်ကို သိရှိသဘောပေါက်လာနိုင်သူအဖို့ ပုဂ္ဂိုလ်ပေါ် မူတည်ပြီး ဖြစ်မည့်ကျေနပ်မှု၊ မကျေနပ်မှု၊ သဘောကျမှု၊ သဘောမကျမှု စသည်တို့ဖြစ်ရန် အခွင့်အလမ်း နည်းသွားပေတော့မည်။
အဘယ်ကြောင့်ဆိုသော် “သူ မကောင်းလို့ မဟုတ်ဘူး၊ သူ့ရဲ့အဇ္ဈတ္တသန္တာန်က ဒေါသကြောင့် ဆိုးနေတာပါကလား၊ သူ့ရဲ့အဇ္ဈတ္တသန္တာန်က မောဟကြောင့် ဆိုးနေတာပါကလား၊ သူရဲ့ အဇ္ဈတ္တသန္တာန်က လောဘကြောင့်သာ ဆိုးနေတာပါကလား”ဟု ဓမ္မသဘာဝကို အမှန်အတိုင်းသိနိုင်သည့် ဉာဏ်ရှိလာသူအနေဖြင့် ဆိုးသူကို ပြစ်တင်ကဲ့ရဲ့ ဝေဖန်နေမည် မဟုတ်သောကြောင့် စိတ်ဆင်းရဲမှုမှ ကင်းဝေးခွင့်ရကာ စိတ်ချမ်းသာပေတော့မည်။
သူသတ်ကုန်း၌ စိတ်ငြိမ်းအေးစွာဖြင့် ကဗျာရေးသားနိုင်ခဲ့သည့် အမတ်ကြီး
သီလပြည့်စုံသူသည် သီလကျိုးပေါက်၊ ပျက်စီးခြင်းကြောင့် ဖြစ်ရမည့် စိတ်ပူလောင် ခြင်းမှ လွတ်မြောက်နေပါသည်။ ကံနှင့်ကံ၏အကျိုးကို နားလည်လက်ခံထားသူသည် ဉာဏ်ရှိခြင်းကြောင့် သူသူငါငါ ပုဂ္ဂိုလ်သတ္တဝါတို့ကို ပြစ်တင်ရမည့် စိတ်ပူလောင်ခြင်းမှ လွတ်မြောက်နေပေသည်။ သေခြင်းကို နားလည်လက်ခံထားသူသည် ခန္ဓာ၏ သဘောအမှန်ကို သိရှိထားသဖြင့် စိတ်ပူလောင်ခြင်းမှ လွတ်မြောက်နေပါသည်။
မြန်မာ့သမိုင်း၌ စာပေပညာရှင်တစ်ဦးဖြစ်သည့် အနန္တသူရိယအမတ်ကြီးက သူ့အား သတ်မိန့်ပေးထားသည့် ဘုရင်ကြီးထံပါးသို့ မျက်ဖြေလင်္ကာလေးပိုဒ် ရေးသားဆက်သနိုင်ခဲ့ ပါသည်။ ယနေ့တိုင် ဖတ်ရှုမိသူတိုင်း၏ စိတ်နှလုံးကို ဤကဗျာက လှုပ်ခါစေနိုင်သည့် သတ္တိ ရှိနေပါသည်။
သူသတ်သမားတို့ ဓားမိုးကာ ဝိုင်းရံနေသည့် သူသတ်ကုန်း၌ သေရတော့မည်ကို စိုးစဉ်းမျှ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျဉ်းမရှိပါဘဲ၊ ပကတိ စိတ်ကြည်လင် အေးငြိမ်းနေသောကြောင့်သာ ဤမျှ အနှစ်သာရပြည့်ဝပြီး မြန်မာ့စာပေသမိုင်း၌ မှတ်တမ်းတင်ကျန်ရစ်ခဲ့သည့် ကဗျာရှည်ကြီးကို သီကုံးနိုင်ခြင်း ဖြစ်ပါသည်။ အနန္တသူရိယအမတ်ကြီး၏ အလောဘ၊ အဒေါသ၊ အမောဟ ဦးစီးသည့် ကုသလဟေတု၏သတ္တိက အံ့ဖွယ်ရှိပေစွ။
သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ၊
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊ ရေပွက်ပမာ၊
တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွဲတတ်သည်။
မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊
သံသာစက်၌၊ ကြိုက်လတွန်မူ၊
တုံ့မယူလို၊ ကြည် ညိုစိတ်သန်၊
သခင်မွန်ကို၊ ချန်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။
စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်များ
“ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ရုပ်ဖြစ်ရတယ်။ ကံကြောင့်ဖြစ်တဲ့ ရုပ်ကချုပ်သွားပြီ၊ အခု အရှိန်အဟုန်ပဲ ကျန်တယ်။ ဒါကြောင့် စိတ်၊ ဥတု၊ အာဟာရတွေကို ပြုပြင်ရမယ်။စိတ်ဆင်းရဲရင် ရုပ်ပါခြောက်သွေ့တယ်၊ စိတ်ကောင်းမှ ရုပ်ကောင်းတယ်။ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်ကောင်းရင် ကျန်တဲ့ရုပ်တွေလည်း ကောင်းတယ်။ စိတ်မဆင်းရဲစေဘူး။ စိတ် ဆင်းရဲစရာ ကြားလိုက်ရင် ခဏနှင့် ဖျောက်ပစ်တယ်။ စိတ်ချမ်းသာဖို့ ဘုရားအာရုံပြုတယ်။ တရားနှလုံးသွင်းတယ်။ ဒီလိုနေတော့ စိတ်ချမ်းသာတယ်။ ဒီလိုနဲ့ပဲ ကျန်းမာနေပါတယ်” ဟု သာသနာပိုင် ရွှေဟင်္သာဆရာတော်ကြီး မိန့်တော်မူဖူးပါသည်။
တစ်ဖန် ဆရာတော်အရှင်သေဋ္ဌိလမှ “စိတ်ဟာပဓာနပဲ ဒါကြောင့် စိတ်အေးအေး ထားတယ်၊ စိတ်ပူစရာကြုံရင် ချက်ခြင်းသတိရပြီး စိတ်အေးအောင် ထားလေ့ရှိတယ်။စိတ်အေးတော့ စိမ့်စမ်းမှာ ပေါက်တဲ့သစ်ပင်လို စည်ကားစိုပြည်တယ်။ ထိုနည်းအတူ စိတ်ကြည်တော့၊ ရုပ်ကြည်တယ်၊ သက်ရှည်တယ်၊ ကျန်းမာတယ်။ စိတ်ပူရင် အကုသိုလ်မီး လောင်ပြီ၊ ဒီတော့ မိုးခေါင်ရေရှားမှာ ရေဝေး၊ မိုးဝေး၊ နေကပူပြင်းရင် အပင်က ကြုံလှီပြီး နေတယ်။ လူလည်း စိတ်ပူရင် ရုပ်တွေပါပူပြီ” ဟု မိန့်တော်မူပါသည်။
အသိအလိမ္မာ၊ ဉာဏ်ပညာ၊ ဝိဇ္ဇာ၊ အမောဟ
ဤတွင် ယောနိသော မနသိကာရလည်း ရှိမည်။ တရားတော်နှင့်အညီ သွန်သင် ဆုံးမပေးတတ်သည့် ဆရာကောင်းကိုလည်း ဆည်းကပ်မိပြီး ဝိပဿနာတရားကိုလည်း ကျင့်ကြံ ပွားများ အားထုတ်သူ၏သန္တာန်၌ ‘လောဘံ ပဋိစ္စ အမောဟော၊ ဒေါသံ ပဋိစ္စ အမောဟော၊ မောဟံ ပဋိစ္စ အမောဟော’ ဟု ပဋ္ဌာန်းတရားတော်၌ ဟောကြားတော်မူသည့်အတိုင်း ကြုံဆုံ သမျှအာရုံပေါ်မှ အမောဟဉာဏ်အလင်း ပွင့်ထွန်းနိုင်ပေ၏။
ထို့ကြောင့် ထိုထိုအာရုံကြောင့် ကိလေသာဖြစ်ခွင့်ရှိသကဲ့သို့ ထိုထိုအာရုံကြောင့်ပင် အမောဟဉာဏ်ပေါ်ကာ ပစ္စုပ္ပန်၊ တမလွန် ချမ်းသာမည့်အကြောင်း ‘ဣဓ မောဒတိ၊ ပစ္စ မောဒတိ’ ဟု ဟောကြားတော်မူပါသည်။ သာဓကအဖြစ် အဋ္ဌကထာလာ ဂေါပကနတ်သား ဥပမာဖြင့် ပြပါဦးမည်။
ကျမ်းညွှန်း * ပဋ္ဌာန်းကျမ်းအတွဲ-၃ (နှာ-၅၅)
ဂေါပက နတ်သား
ဘုရားရှင်လက်ထက်တော်ကာလ သာကီဝင်မင်းသမီး ဂေါပိကာသည် ရတနာသုံးပါး၌ သက်ဝင်ကာ သီလကို အမြဲစောင့်ထိန်းပြီး မိန်းမဘဝကို စက်ဆုပ်ရွံရှာသဖြင့် ယောကျ်ားဘဝကို လိုလား တောင့်တသူတစ်ဦး ဖြစ်လေသည်။ ထိုမင်းသမီး ဘဝတစ်ပါး ကူးပြောင်းသွားသော အခါ သူ၏တောင့်တချက် ဆုတောင်းအတိုင်းပင် တာဝတိံသာနတ်၏သခင် သိကြားမင်း၏ သားတော် ဂေါပက နတ်သား ဖြစ်လေသည်။
မင်းသမီးဘဝက ကိုးကွယ်ဆည်းကပ်ခဲ့သည့် သီလပြည့်စုံသော ရဟန်းတော်သုံးပါး ရှိလေသည်။ ထိုရဟန်းတော်များ ပျံလွန်တော်မူကြပြီးနောက် ယုတ်ညံ့သည့် ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်ကြသည်။ တစ်နေ့သောအခါ သိကြားမင်း အမှူးရှိသောနတ်သားတို့အား ဖျော်ဖြေရန် ရောက်လာသည့် ဂန္ဓဗ္ဗနတ်ထဲတွင် ရဟန်းဘဝမှ ဖြစ်လာသည့် နတ်သားသုံးပါးလည်း ပါလာသည်။
သူတို့သည် ကိုယ်ရောင်ကိုယ်ဝါ ပြောင်ဝင်းပြီး အလွန် လှပတင့်တယ်ကြသဖြင့် ဂေါပက နတ်သားက သူတို့မည်ကဲ့သို့ ကောင်းမှုကို ပြုခဲ့ပါလိမ့်ဟု နတ်တို့၏တန်ခိုးဖြင့် ဆင်ခြင်သော အခါ လူ့ဘဝက သူဆည်းကပ်ကိုးကွယ်ခဲ့သည့် သီလဝန္တ၊ ဈာန်ရ ရဟန်းတော်သုံးပါး ဖြစ်နေပေ တော့သည်။
ဂေါပက နတ်သားက ‘စင်ကြယ်သော သီလရှိပြီး၊ ဈာန်ရခဲ့သည့် ဤရဟန်းတော်များ အနေဖြင့် နတ်ပြည်ခြောက်ထပ် နှစ်သက်ရာဘုံ၌ ဖြစ်ခွင့်ရှိရုံမက ဗြဟ္မာ့ဘုံ၌ပင် ဖြစ်ခွင့်ရနိုင် ပါသော်လည်း မဖြစ်ခဲ့ကြပါ။ မိမိမှာမူ သူတို့ကို အမှီပြုကာ သိကြားမင်း၏သား ဖြစ်ရပေ၏’ဟု စဉ်းစားကာ ထိုနတ်သား သုံးပါးတို့အား သတိပေးစကား ပြောကြားလေ၏။
နတ်သားတို့ကလည်း မိမိတို့၏ဘဝကို အသီးသီး ဆင်ခြင်သောအခါ ဂေါပကနတ်သား ပြောသည်မှာ မှန်ကန်နေသဖြင့် နတ်သားနှစ်ပါးသည် သတိသံဝေဂရကာ တရားအားထုတ်ကြရာ နတ်ဘဝမှစုတေပြီး ဗြဟ္မာ့ဘုံ၌ ဖြစ်ကြလေသည်။
ဤဝတ္ထု၌ ဈာန်ရ သီလပြည့်စုံပါသော်လည်း ရှေးကဖြစ်ခဲ့ဖူးသည့် ဂန္ဓဗ္ဗနတ်မျိုး၌ တွယ်တာတပ်မက်သည့် တဏှာနိကန္တိ အကုသလဟေတုရေသောက်မြစ်၏ သတ္တိစွမ်းပကား ကြောင့် ထိုနတ်မျိုး၌ ဖြစ်ခြင်းပေတည်း။
ကျမ်းညွှန်း * မဟာဝဂ္ဂပါဠိ (နှာ-၂၁၆) ၊ မဟာဝဂ္ဂအဋ္ဌကထာ (နှာ – ၂၉၈)
ဗိမ္ဗိသာရဘုရင်ကြီး၏ဂတိ
ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရဘုရင်မင်းကြီးသည် ကုသိုလ်ကောင်းမှုတို့ကို အလွန်ပြုသူ ဖြစ်လေသည်။ မြတ်စွာဘုရားရှင်အား ဝေဠုဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်း သည့် ဘုရားကျောင်းဒကာကြီးလည်းဖြစ်၊ ကလျာဏပုထုဇဉ်အဆင့်ကို ကျော်လွန်ကာ သောတာပန် အရိယာအဆင့်သို့ ရောက်ပြီးသူလည်း ဖြစ်သည်။ ထိုထိုကုသိုလ်ကံတို့၏ စွမ်းအားကြောင့် အထက်အထက် နတ်ဘုံဗိမာန်များ၌ ဖြစ်နိုင်သူပေတည်း။
သို့သော် ဘုရင်ကြီးသည် စတုမဟာရာဇ်နတ်ဘုံ၌ အကြိမ်များစွာ ဖြစ်ခဲ့ဖူးသဖြင့် ထိုဘုံ၌ သာပြန်၍ နေလို၊ ဖြစ်လိုသည့် တဏှာနိကန္တိ အားအစွမ်းကြောင့်ပင် နတ်ပြည်ခြောက်ထပ်၏ အောက်ဆုံးထပ်ဖြစ်သော စတုမဟာရာဇ်နတ်ဘုံ၌ ဇနဝသဘအမည်ဖြင့် ဝေဿ၀ဏ်နတ်မင်း ကြီး၏ အခြံအရံနတ်သားမျှသာ ဖြစ်ရလေသည်။ ဤသည်လည်း တဏှာနိကန္တိမည်သော အကုသလဟေတု၏ သတ္တိပေတည်း။
အဗျာကတ တရား
အဘိဓမ္မာ၌ စိတ်စုစုပေါင်း ၈၉-ပါး၊ စေတသိက် ၅၂-ပါး ၊ ရုပ် ၂၈-ပါးနှင့် နိဗ္ဗာန်တို့သည် ပရမတ္ထတရားလေးပါး ဖြစ်ပါသည်။
စိတ် ၈၉ – ပါးထဲက ကုသိုလ်စိတ် =၂၁ – ပါး နှင့် အကုသိုလ်စိတ် ၁၂-ပါးကို နှုတ်ပါက ဝိပါက်စိတ် ၃၆-ပါးနှင့် ကြိယာစိတ် ၂၀-ပေါင်း = ၅၆-ပါး သည် အဗျာကတတရား ဖြစ်သည်။ ဝိပါက်နှင့် ကြိယာစိတ်၌ယှဉ်သည့် စေတသိက် ၃၈-ပါးကလည်း အဗျာကတတရား ဖြစ်သည်။ ရုပ်၂၈-ပါးနှင့် နိဗ္ဗာန်ကလည်း အဗျာကတတရားများ ဖြစ်၏။
ထို့ကြောင့် ရုပ်လည်း အဗျာကတ၊ ဝိပါက်စိတ်လည်း အဗျာကတ၊ ကြိယာစိတ်လည်း အဗျာကတ၊ နိဗ္ဗာန်လည်း အဗျာကတဖြစ်သည်။ ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်း မဟုတ်သည့် တရားများသည် အဗျာကတတရား ဖြစ်၏။
သို့ဖြစ်ပါ၍ ကုသိုလ်က အဗျာကတကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက (ကု၊ ဗျာ) ကုသိုလ်က ရုပ်ကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက (ကု၊ ဗျာ)တစ်ဖန် အကုသိုလ်က အဗျာကတကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက (အကု၊ ဗျာ) အကုသိုလ်က ရုပ်ကို ပစ္စည်း တစ်ပါးပါးနှင့် ကျေးဇူးပြုပါက (အကု၊ ဗျာ)
နာမ်တရားနှင့် ရုပ်တရားတို့ ကျေးဇူးပြုခြင်း
နာမ်တရားက နာမ်တရားကို အချင်းချင်း ကျေးဇူးပြုခြင်းဟူသည် အလောဘ၊ အဒေါသ၊ အမောဟက နာမ်တရားဖြစ်သည့် ယှဉ်ဖက်စိတ် စေတသိက်တို့ကို ကျေးဇူးပြုခြင်း ပေတည်း။
နာမ်တရားက ရုပ်တရားကို ကျေးဇူးပြုခြင်းဟူသည် ကုသိုလ်ဟိတ်ကြောင့် ဖြစ်လာသည့် စိတ္တဇရုပ်ကို ကျေးဇူးပြုခြင်းတည်း။
နာမ်က နာမ်ရုပ်ကို ကျေးဇူးပြုခြင်းဟူသည် အလောဘ၊ အဒေါသ၊ အမောဟ ကုသိုလ် ဟိတ်ကြောင့် ဖြစ်လာသည့် စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ကိုပေါင်းပြီး ကျေးဇူးပြုခြင်း မည်ပါသည်။ အကုသိုလ်ဟိတ်ကိုလည်း ဤနည်းအတိုင်း နားလည်နိုင်မည် ဖြစ်ပါသည်။
ကျမ်းညွှန်း * မဟာဝဂ္ဂပါဠိ (နှာ-၂၃၁)
ဟေတုပစ္စည်း၏ သင်္ချာ
ဟေတုပစ္စည်း၏သင်္ချာမှာ – ၇ ဖြစ်ပါသည်။ ထို့ကြောင့် “ဟေတုယာ သတ္တ”ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –
ကုသလ သင်္ချာ – ၃
(၁) ကု – ကု (၂) ကု – ဗျာ (၃) ကု – ကု၊ ဗျာ
အကုသလ သင်္ချာ – ၃
(၁) အကု – အကု (၂) အကု – ဗျာ (၃) အကု – အကု၊ ဗျာ
အဗျာကတ သင်္ချာ – ၁
(၁) ဗျာ – ဗျာ
Mind to Mind and Matter
နာမ်တရားက နာမ်နှင့် ရုပ်တရား Mind to Mind and Matter. တို့ကို ကျေးဇူးပြုသော ပစ္စည်း ဖြစ်သည်။
ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား
ပစ္စယဟူသော အကြောင်းတရားမှာ – လောဘ၊ ဒေါသ၊ မောဟနှင့် အလောဘ၊ အဒေါသ၊ အမောဟတို့ ဖြစ်၏။
ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – သဟိတ်စိတ် – ၇၁၊ သဟိတ်စေတသိက် – ၅၂၊ သဟိတ် စိတ္တဇရုပ်နှင့် သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်တို့ ဖြစ်၏။
ဟေတုပစ္စည်းသည် သဟဇာတမျိုးဖြစ်ပါသည်။
သဟဇာတအငယ်ပစ္စည်း ၇-ပါး
ဟေတုပစ္စည်းသည် သဟဇာတမျိုး ဖြစ်ပါသည်။ သဟဇာတတွင် သဟဇာတအကြီး၊ သဟဇာတအလတ်နှင့် သဟဇာတအငယ်ဟူ၍ရှိရာ ဟေတုပစ္စည်းသည် သဟဇာတအငယ် ပစ္စည်း ၇-ပါးထဲတွင် ပါဝင်ပါသည်။ ၎င်းတို့မှာ-
၁။ဟေတု
၂။သဟဇာတာဓိပတိ
၃။သဟဇာတကမ္မ
၄။နာမ်အာဟာရ
၅။သဟဇာတိန္ဒြိယ
၆။ဈာနနှင့်
၇။မဂ္ဂတို့ ဖြစ်ပါသည်။