မာတိကာ

၁၆။ ဣန္ဒြိယပစ္စယော

Daily life Patthana

Indriya Paccayo (Faculty condition)

 

 

ဆိုင်ရာပစ္စယုပ္ပန်တရားများအား အစိုးတရအဖြစ်ဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

The ‘Indriya’ is faculty or exercising power. Indriya is compared to regional chiefs or ministers as opposed to a universal king or prime minister. The ministers have authority over respective departments, not over everything.

 

‘တစ်ပြည်တွင်း၌၊ ချင်းချင်းမဆန့်၊ သီးမသန့်ဘဲ၊ ခွဲခန့်ပိုင်စား၊ မှူးမတ်များသို့’ ဟုရှေး ဆရာမြတ်တို့က ပမာပြုတော်မူသည်နှင့်အညီ တိုင်းပြည်အတွင်း၌ မြို့များ၊ ရွာများကို အုပ်ချုပ် ရသောမြို့စား၊ ရွာစားများသည် ဆိုင်ရာ မြို့ရွာများကို အစိုးရသကဲ့သို့ ကျန်းမာရေးဌာန ပညာရေး ဌာန စသည်ကို အုပ်ချုပ်ရသော ဝန်ကြီးများသည် ဆိုင်ရာဌာနကို အစိုးရသကဲ့သို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ၊ စိတ်စသော ဣန္ဒြေတရားတို့သည် ယှဉ်ဖော်ယှဉ်ဖက် ဆိုင်ရာရုပ်၊ နာမ်တရား တို့အား အစိုးတရ ဖြစ်ပေါ်တည်ရှိလာအောင် ကျေးဇူးပြုကြသည်။

 

ဣန္ဒြေတရား

ပါဠိစာပေတွင် လာရှိသည့် ဣန္ဒြိယကို မြန်မာဘာသာဖြင့် ဣန္ဒြေဟု တိုက်ရိုက် သုံးနှုန်း ပါသည်။ ပါဠိတော်၌လာရှိသည့် ဣန္ဒြေမှာ အစိုးရသည်ဟု အဓိပ္ပာယ်ရပါသည်။ အင်္ဂလိပ် ဘာသာဖြင့် Faculty ဟု ပြန်ဆိုနိုင်ပါသည်။ သို့သော် မြန်မာစကား နေ့စဉ် အသုံးအနှုန်း၌ လာသည့် ဣန္ဒြေ၏ အဓိပ္ပါယ်မှာ ပါဠိတော်၌လာသည့် အနက်ကို မဖော်ဆောင်ပေ။ ဥပမာ ‘မိန်းမတို့ ဣန္ဒြေ ရွှေပေးလို့မရ’။

တိုင်းပြည်အတွင်း၌ မြို့ရွာများကို အုပ်ချုပ်ရသော မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာ မြို့ရွာများကို အစိုးရသကဲ့သို့ ပြည်ထဲရေးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန စသည့်ဌာနတို့ကို အုပ်ချုပ်ရသော ဝန်ကြီးများသည် ဆိုင်ရာ ဝန်ကြီးဌာနများကို အစိုးရသကဲ့သို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် စသော ဣန္ဒြေတရား တို့သည် ယှဉ်ဖော် ယှဉ်ဖက် ဆိုင်ရာ ရုပ်၊ နာမ်တရားတို့အား အစိုးတရ ဖြစ်ပေါ် တည်ရှိ လာစေရန် ကျေးဇူးပြုကြသည်ဟု ဆရာမြတ်များက ပမာပြုကာ ဖွင့်ဆိုတော်မူကြသည်။

 

အဓိပတိပစ္စည်းနှင့် ဣန္ဒြိယပစ္စည်း

အဓိပတိပစ္စည်းနှင့် ဣန္ဒြိယပစ္စည်းနှစ်ပါးသည် တူသယောင်ယောင် ထင်ရသည်။ ထိုပစ္စည်းနှစ်ပါး၏ ခြားနားချက်မှာ အဓိပတိသည် ဧကရာဇ်မင်းဖြစ်ပြီး၊ ဣန္ဒြိယသည် မိမိ ဆိုင်ရာကိစ္စ၌သာ အုပ်စိုးခွင့်ရှိသည့် ဝန်ကြီး၊ မှူးမတ်အလား ဖြစ်သည်။

 

ရုပ်ဣန္ဒြေနှင့် နာမ်ဣန္ဒြေ

ဣန္ဒြိယပစ္စည်း၌ ဣန္ဒြေ ၂၂-ပါး ရှိပါသည်။ ရုပ်ဣန္ဒြေ ၈-ပါးနှင့် နာမ်ဣန္ဒြေ ၁၄-ပါး တို့ ဖြစ်ပါသည်။
ရုပ်ဣန္ဒြေ ၈-ပါးမှာ ၁။ ရုပ်ဇီဝီတိန္ဒြေ၊ ၂။ စက္ခုန္ဒြေ၊ ၃။ သောတိန္ဒြေ၊ ၄။ ဃာနိန္ဒြေ၊ ၅။ ဇိဝှိန္ဒြေ၊ ၆။ ကာယိန္ဒြေ ၊ ၇။ ဣတ္ထိန္ဒြေ နှင့် ၈။ ပုရိသိန္ဒြေတို့ ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဇီဝီတရုပ် ၁-ပါး၊ ပသာဒရုပ် ၅-ပါးနှင့် ဘာဝရုပ်၂-ပါးတို့ ပေတည်း။သင်္ဂြိုဟ်တွင် ဟဒယဝတ္ထုရုပ် ၁-ပါး ပါသောကြောင့် ကမ္မဇရုပ် ၉-ပါး ရှိပါသည်။ သို့သော် ဟဒယဝတ္ထုရုပ်သည် ဣန္ဒြေမထိုက်ပါ။

နာမ်ဣန္ဒြေ ၁၄-ပါး ရှိပါသည်။ ၎င်းတို့မှာ ၁။ မနိန္ဒြေ၊ ၂။ သုခိန္ဒြေ၊ ၃။ ဒုက္ခိန္ဒြေ၊၄။ သောမနဿိန္ဒြေ၊ ၅။ ဒေါမနဿိန္ဒြေ၊ ၆။ ဥပေက္ခိန္ဒြေ၊ ၇။ သဒ္ဓိန္ဒြေ၊ ၈။ ဝီရိယိန္ဒြေ၊ ၉။ သတိန္ဒြေ၊ ၁၀။ သမာဓိန္ဒြေ နှင့် ၁၁။ ပညိန္ဒြေ၊ ၁၂။ အနညာတညဿမီတိန္ဒြေ၊၁၃။ အညိန္ဒြေနှင့် ၁၄။ အညာတာဝိန္ဒြေတို့ ဖြစ်ပါသည်။

နာမ်ဣန္ဒြေ ၁၄-ပါးကို တရားကိုယ်ကောက်ပါက အောက်ပါအတိုင်း ၈-ပါး ရ၏။ ၁။ မနိန္ဒြေသည် စိတ် ၈၉-ပါးပင်တည်း။ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမန ဿိန္ဒြေနှင့် ဥပေက္ခိန္ဒြေဟူသော ဣန္ဒြေ ၅-ပါးတို့သည် ၂။ ဝေဒနာစေတသိက်ဖြစ်၏။၃။ နာမ်ဇီဝိတ။ ၄။ သဒ္ဓိန္ဒြေသည် သဒ္ဓါစေတသိက်၊ ၅။ ဝီရိယိန္ဒြေသည် ဝီရိယစေတသိက်၊၆။ သတိန္ဒြေ သတိစေတသိက်၊ ၇။ သမာဓိန္ဒြေသည် ဧကဂ္ဂတာစေတသိက်နှင့် ၈။ ပညိန္ဒြေ အနညာတညဿမီတိန္ဒြေ၊ အညိန္ဒြေနှင့် အညာတဝိန္ဒြေတို့သည် ပညာစေတသိက်တို့ ဖြစ်ပါသည်။

စက္ခုပသာဒကို စက္ခာယတနဟုလည်းကောင်း၊ စက္ခုန္ဒြေဟုလည်းကောင်း နေရာဌာန အားလျော်စွာ သုံးနှုန်းသည်။

စက္ခုန္ဒြိယ = စက္ခုပသာဒ= မျက်စိအကြည်ရုပ်က စက္ခုဝိညာဏ် = မြင်သိစိတ်ကို အစိုးရသည်။ တစ်နည်း စက္ခုန္ဒြေသည် မြင်ခြင်းကိစ္စ၌ တာဝန်ရှိ၏ (ဝါ)အစိုးရ၏။ စက္ခုပသာဒဟု ခေါ်သည့် မျက်စိအကြည်ရုပ် အားနည်းလာပါက မျက်မှန် ကူပေးရသည်။

သောတိန္ဒြိယ = သောတပသာဒ = နားအကြည်ရုပ်သည် သောတဝိညာဏ် = ကြားသိ စိတ်ကို အစိုးရသည်။ တစ်နည်း သောတိန္ဒြေသည် ကြားခြင်းကိစ္စ၌ တာဝန်ရှိ၏ (ဝါ)အစိုးရ၏။

ဃာနိန္ဒြိယ = ဃာနပသာဒ = နှာခေါင်းအကြည်ရုပ်သည် ဃာနဝိညာဏ် = နံသိစိတ်ကို အစိုးရသည်။ တစ်နည်း ဃာနိန္ဒြေသည် နံခြင်းကိစ္စ၌ တာဝန်ရှိ၏ (ဝါ)အစိုးရ၏။
ဇိဝှိန္ဒြိယ = ဇိဝှာပသာဒ = လျှာအကြည်ရုပ်သည် ဇိဝှာဝိညာဏ် = အရသာသိစိတ်ကို အစိုးရသည်။ တစ်နည်း ဇိဝှိန္ဒြေသည် အရသာသိခြင်းကိစ္စ၌ တာဝန်ရှိ၏ (ဝါ)အစိုးရ၏။

ကာယိန္ဒြိယ = ကာယပသာဒ = ကိုယ်အကြည်ရုပ်သည် ကာယဝိညာဏ်= ကိုယ်အထိ အတွေ့သိစိတ်ကို အစိုးရသည်။ တစ်နည်း ကာယိန္ဒြေသည် ထိသိခြင်းကိစ္စ၌ တာဝန်ရှိ၏ (ဝါ) အစိုးရ၏။

စိတ်က အဆင်းအာရုံ၊ အသံအာရုံစသည့် အာရုံအသစ်ကို ယူနိုင်ရန် တိုက်ရိုက်မစွမ်းနိုင်သဖြင့် မျက်စိ၊ နားစသည်တို့ကို စေခိုင်းရပါသည်။

 

နှုတ်ဣန္ဒြေမရှိသောရဟန်းသည် ပစ္စုပ္ပန်အကျိုးနည်း၊ သံသရာအကျိုးနည်းမည်

 

မန်လည်ဆရာတော်ကြီးကား ရဟန်းမြင်တိုင်း ပေးလှူအပ်သောပစ္စည်းတို့ စင်ကြယ်သည်ဟု လက်ခံတော်မမူ၊ အလဇ္ဇီဟု ထင်ရှားသိမြင်သော ရဟန်းတို့ ရောက်လာ နေထိုင်သည့် နေရာကိုပင် ရေဆေးတော်မူသည်၊ ဝိနည်း၌ ကျစ်လျစ်တော်မူသည်။

အခါတစ်ပါး မန်လည်ဆရာတော်ကြီးရှေ့ မဲဓီးဆရာတော်က ပြည်ပန်းရွှေဟင်းကို တပည့်တော်မကြိုက်ပါဟု ဆိုမိရာ “နှုတ်ဣန္ဒြေမရှိသောရဟန်းသည် ပစ္စုပ္ပန်အကျိုးနည်း၊ သံသရာအကျိုးနည်း၊ ငါ ဤအာဟာရကို မကြိုက်ဆိုမိခြင်းကြောင့် ထိုအာဟာရကို ဒါယကာတို့ မလှူလျှင် အလုပ်အကျွေး တပည့်တို့မျှ မစားရသည်ကား ပစ္စုပ္ပန်အကျိုးနည်း။ ငါဤအာဟာရမျိုးကို ကြိုက်သည်ဆိုမိခြင်းကြောင့် ရအပ်သောအာဟာရကို သုံးဆောင် စားသောက်သည်ကား သံသရာအကျိုးနည်း၏” ဟု ဇိဝှာဣန္ဒြေစောင့်စည်းခြင်း၏ ပစ္စုပ္ပန်၊ သံသရာအကျိုးတို့ကို ဆုံးမတော်မူ၏။

 

ဣတ္ထိန္ဒြေနှင့် ပုရိသိန္ဒြေ

 

ပုရိသိန္ဒြေနှင့် ဣတ္ထိန္ဒြေ နှစ်ပါးသည် ရုပ်ဣန္ဒြေများ ဖြစ်ကြသည်။ ဘာဝရုပ်ဟုလည်း ခေါ်ပါသည်။
ပုရိသိန္ဒြေမည်သော ပုမ္ဘာဝရုပ်ဟူသည် အထီးသတ္တဝါ ဖြစ်လာနိုင်ရန် အကြောင်းခံ ဖြစ်သောရုပ် ဖြစ်သည်။ အထီးသတ္တဝါ၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့တည်နေ၏။ ပုရိသဘာဝရုပ် ဟုလည်း ခေါ်၏။

ဣတ္ထိန္ဒြေမည်သော ဣတ္ထိဘာဝရုပ်ဟူသည် အမသတ္တဝါဖြစ်လာနိုင်ရန် အကြောင်းခံ ဖြစ်သောရုပ်ဖြစ်သည်။ အမသတ္တဝါ၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့တည်နေ၏။ ဤပုမ္ဘာဝရုပ်နှင့် ဣတ္ထိဘာဝရုပ်တို့သည် ကံကြောင့်ဖြစ်သည့်ရုပ်များ ဖြစ်ကြ၏။

ကံထူထောင်စဉ်က အမျိုးသားကလည်း အမျိုးသားကဲ့သို့ပင် အာရုံခံစားသည်၊ အမျိုးသားကဲ့သို့ပင် ဝတ်စားဆင်ယင်သည်၊ အမျိုးသားကဲ့သို့ပင် လှပခံ့ညားချင်သည်၊ ဤကံတို့ကပင် အမျိုးသားဘဝကို ရစေသည်။ အမျိုးသမီးကလည်း အမျိုးသမီးကဲ့သို့ပင် အာရုံခံစားသည်၊ အမျိုးသမီးကဲ့သို့ပင် ဝတ်စားဆင်ယင်သည်၊ အမျိုးသမီးကဲ့သို့ပင် လှပခံ့ညားလိုသည်၊ ဤကံတို့ကပင် အမျိုးသမီးဘဝကို ရစေသည်။

သို့သော် ကာမေသုမိစ္ဆာစာရကံကဲ့သို့ အကုသိုလ်ကံကို လွန်ကျူးမိလျှင်မူ အထီးဘ၀ မှသည် အမဘဝ၊ နပုန်း၊ ပဏ္ဍုက်ဘ၀ အမျိုးမျိုးသို့ ဖောက်လွဲဖောက်ပြန် ဖြစ်သွားတတ်ပါသည်။

 

ယောကျ်ားဘဝမှ မိန်းမဘဝသို့ ပြောင်းသွားသော သူဌေးသား

 

သောရေယျမြို့မှ သောရေယျသူဌေးသားသည် မြစ်ဆိပ်ထဲ ရေကစားသွားစဉ် ရုပ်ရည် ဥပဓိသပ္ပာယ်ပြီး ဧတဒဂ်ရသည့် ရဟန္တာအရှင် မဟာကစ္စည်းထေရ်သူမြတ်ကို ဖူးတွေ့ခွင့် ရလေသည်။ ထိုအခိုက် သူဋ္ဌေးသားစိတ်ဖောက်ပြန်ကာ “ဒီလိုရုပ်ချောမောလှပပြီး၊ အသား အရေပြေပြစ်တဲ့ ရဟန်းက ငါ့ရဲ့ မိန်းမဖြစ်ရင် သိပ်ကောင်းမှာပဲ”ဟု ပြစ်မှားမိလေသည်။

ထိုကံက သူ့ကို ချက်ခြင်းအကျိုးပေးကာ သောရေယျသူဌေးသားသည် ယောကျ်ားဘ၀မှသည် မိန်းမဘဝသို့ လိင်ပြောင်းသွားပါတော့သည်။ ဤအံ့ဖွယ် ဖြစ်ရပ်ကြောင့်သူ၏ မူလပတ်ဝန်းကျင်ကို ရင်မဆိုင်ဝံ့တော့သဖြင့် မြစ်ဆိပ်မှသည် အိမ်မပြန်တော့ဘဲ တိတ်တဆိတ် ထွက်ခွာသွားရာ လှည်းကုန်သည်များနှင့်အတူ လိုက်ပါပြီး တက္ကသိုလ်ပြည်သို့ ရောက်ရှိသွား ပါသည်။

တက္ကသိုလ်ပြည်မှ သူဌေးသားတစ်ဦးနှင့် အိမ်ထောင်ကျကာ သူဌေးကတော် ဖြစ်သွားပြီး သားနှစ်ယောက် ထွန်းကားခဲ့သည်။ ထိုမျှ ကာလကြာညောင်းလာသည့် တစ်နေ့၌ သောရေယျ မြို့က မြစ်ဆိပ်ထဲ ရေကစားအတူဆင်းခဲ့သည့် ရင်းနှီးသည့်မိတ်ဆွေတစ်ဦး တက္ကသိုလ်ပြည်ကို ကုန်ရောင်းဝယ်ရန် ရောက်လာသည်ကို တွေ့လေသည်။ ထိုမိတ်ဆွေကို အိမ်သို့ဖိတ်ခေါ်ကာ ထမင်းကျွေးပြီး သူ့ဘဝ၏ ဖြစ်ကြောင်းကုန်စဉ် ပြောကြားလိုက်လေသည်။

ထိုအခါကာလတွင် ရဟန္တာအရှင် မဟာကစ္စည်းသည် တက္ကသိုလ်ပြည်ရောက်ရှိ သီတင်းသုံးတော်မူနေပါသည်။ ထို့ကြောင့် မိတ်ဆွေဖြစ်သူက ထေရ်ရှင်ကို အိမ်ပင့်ပေးကာ ဆွမ်းဆက်ကပ်လှူဒါန်းပြီး ပြစ်မှားကျူးလွန်ခဲ့သည့် ထိုထိုအပြစ်တို့ကို ကန်တော့တောင်းပန်လေ၏။ ထေရ်ရှင်က ခွင့်လွှတ်တော်မူသည်နှင့်တစ်ပြိုင်နက် အမျိုးသားဘ၀ ပြန်ဖြစ်သွားပါသည်။ ထို့နောက် ထေရ်ရှင်သူမြတ်ထံပါး ရဟန်းပြုပြီး တရားကျင့်ကြံခဲ့ရာ ရဟန္တာ ဖြစ်တော်မူခဲ့ပါသည်။

ကျမ်းညွှန်း * (၄၃)၊ သောရေယျတ္ထေရဝတ္ထု၊ စိတ္တဝဂ္ဂ၊ ဓမ္မပဒအဋ္ဌကထာ-၁ (နှာ-၂၀၆)

 

ရုပ်ဇီဝိတနှင့် နာမ်ဇီဝိတ

 

ရုပ်တရား၊ နာမ်တရား ဟူသည် စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး၊ နိဗ္ဗာန်တို့ ဖြစ်၏။ ၎င်းတို့သည် ပရမတ္ထတရားများ ဖြစ်ကြသည်။ ၎င်းကို အကျဉ်းအားဖြင့် ရုပ်နာမ်နှစ်ပါးဟု ခေါ်သည်။

ရုပ်၂၈-ပါးထဲတွင် ရုပ်၏အသက်ဟူသော ရုပ်ဇီဝိတရှိ၏။ ၎င်းရုပ်ဇီဝိတက သူနှင့် အတူဖြစ်သည့် ကမ္မဇရုပ်တို့ကို မပုပ်မသိုး မပျက်စီးစေရန် စိုးမိုးအုပ်ချုပ်ကာ ကျေးဇူးပြု၏။ နာမ်တရား ၅၂-ပါးကို နာမ်၏အသက်ဟူသော နာမ်ဇီဝိတက မပျက်စီးစေရန် စိုးမိုးအုပ် ချုပ်ကာ ကျေးဇူးပြု၏။

ဘဝထဲက ပဋ္ဌာန်းတရား

အကြောင်းဓမ္မတည်းဟူသော နာမ်ဣန္ဒြေ သဒ္ဓါတရားက အကျိုးဓမ္မတည်းဟူသော စိတ္တဇရုပ်အား ကျေးဇူးပြုပုံကို ပမာပြုကာ ဖော်ပြပါမည်။ တနင်္ဂနွေနေ့ ပဋ္ဌာန်းသင်တန်း တက်ရတော့မည်ဖြစ်သဖြင့် နာမ်ဣန္ဒြေတစ်ပါးဖြစ်သည့် သဒ္ဓါတရားနှင့် ယှဉ်ဘက် စိတ်စေတသိက်တရားတို့က ထိုနေ့ နံနက်ကတည်းကပင် ထက်သန်နေရုံမျှမက ရုပ်ခန္ဓာကိုယ် ကောင်ကြီးကပါ ဖျတ်လတ်၊ သွက်လက်၊ ရွှင်လန်းနေခြင်းသည် အကြောင်းဓမ္မဖြစ်သည့် နာမ်ဣန္ဒြေသဒ္ဓါတရားက အကျိုးဓမ္မဖြစ်သည့် စိတ္တဇရုပ်ကို ကျေးဇူးပြုခြင်းပေတည်း။

နာမ်ဣန္ဒြေတစ်ပါးဖြစ်သည့် သဒ္ဓါတရားလျော့နည်း၊ ညံ့ဖျင်းသွားပါမူ ကိုယ်အမူအရာ၊ နှုတ်အမူအရာဟူသော စိတ္တဇရုပ်တို့လည်း လျော့ရဲသွားသည်ကို မိမိတို့၏ လက်တွေ့ ဘဝထဲတွင် နားလည်နိုင်ပါသည်။ ခံစားမှုဝေဒနာကြောင့်၊ တည်ကြည်မှုသမာဓိကြောင့်၊ စိတ်ကြောင့်၊ အသိဉာဏ်ပညာစသည့် နာမ်ဣန္ဒြေတို့ကြောင့် စိတ္တဇရုပ်ကို ကျေးဇူးပြုရာ၌လည်း အလားတူ နားလည်နိုင်ပေတော့မည်။

 

အကြောင်းဓမ္မ၊ အကျိုးဓမ္မ

 

စင်္ကြံလျှောက်ရာတွင် သိသိနေသည့် စိတ်နှင့်ယှဉ်ဖက် စေတသိက်တို့က နာမ်ဣန္ဒြိယ ပစ္စည်း အကြောင်းဓမ္မဖြစ်ပြီး၊ သွားနေ၊ ရပ်နေသည့် ကိုယ်အမူအရာကြီးက အကျိုးဓမ္မ စိတ္တဇ ရုပ်တို့ဖြစ်၏။

ဝိပဿနာတရားပွားများအားထုတ်နေသည့် ယောဂီက ပဋ္ဌာန်းတရားတော်ကို သိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဝိပဿနာတရား တည်းဟူသော ပဋ္ဌာန်းတရားတော်များကို ပွားများအားထုတ်နေခြင်းသာ ဖြစ်ပေသည်။

 

လွတ်လမ်းရယ် ဘယ်မမြင်

 

ရံခါစိတ်ကို လိုချင်မှုလောဘက လွှမ်းမိုး ခြယ်လှယ်ထားသည်၊ ရံခါ မုန်းတီး ရန်လိုမှု ဒေါသက လွှမ်းမိုး ခြယ်လှယ်ထားသည်၊ ရံခါ တွေဝေမိုက်မဲမှု မောဟက လွှမ်းမိုး ခြယ်လှယ် ထားသည်။ ထိုထိုအခိုက်အတန့်၌ လောဘ၊ ဒေါသ၊ မောဟကိလေသာတို့၏ ကျေးကျွန်ဘဝသို့ လုံးလုံး ရောက်ရှိနေပါတော့သည်။

ထိုအခါ သခင်ဖြစ်သည့် လောဘကိလေသာ၏ စေခိုင်းမှုအရ သူလိုချင်သည့် အာရုံ တို့ကို မနားမနေ ရှာဖွေ ဆက်သနေရတော့သည်။ သခင်ဖြစ်သည့် ဒေါသကိလေသာ၏ စေခိုင်းမှုအရ သူမုန်းတီးသူကို မရမနေ ဖျက်ဆီးရန် ကြိုးပမ်းနေရတော့သည်။

ဘုရားရှင်၏ အဆုံးအမစကားကို မရရှာသည့် သူလိုကိုယ်လို သာမန်လူသားတို့အဖို့ ကိလေသာ၏ ချုပ်ကိုင်ခြယ်လှယ်မှုကို နားမလည်နိုင်သဖြင့် အရှင်သခင် လောဘ အလိုကျ၊ အရှင်သခင် ဒေါသအလိုကျ၊ အရှင်သခင် မောဟအလိုကျ ဘဝဇာတ်ခုံပေါ် ၌ မမောမပန်း သေပွဲဝင်သည့်ထိ ကပြနေရသည်ကိုပင် ဘဝ၏တာဝန်၊ ဘဝ၏ အဓိပ္ပာယ်၊ ဘ၀ ပန်းတိုင်အဖြစ် ရူးရူးမိုက်မိုက် ခံယူနေကြရှာပါသည်။

အချိန်တိုင်း စက္ကန့်မလပ် ရန်သူကိလေသာ၏အလိုကျ လုပ်ဆောင်ပေးနေရသည်ကိုပင် ရန်သူ့အကျိုးမှန်း မသိ၊ မိမိအကျိုးမှန်း မသိနိုင်လောက်အောင်ပင် အဝိဇ္ဇာမောဟက ပိပိရိရိ ပိတ်ဖုံး ကာဆီးခံထားရရှာသူ၏ ဘဝသည် ထိုရန်သူ့လက်ခုပ်ထဲမှ လွတ်လမ်းရယ် ဘယ်မမြင်ရတော့ပေ။

 

ဆန္ဒထက်သန်သူမှသာ အရိယာဖြစ်မည်

 

ဘုရားရှင်၏ သာသနာတော် တည်တံ့ပြန့်ပွားနေသည့် ယနေ့ကာလတွင် အရိယာ ဖြစ်ကာ ဘဝသံသရာလွတ်မြောက်ရေးအတွက် ဣန္ဒြေထက်မြက်လိုသူတို့အဖို့ နည်းလမ်း ၇-သွယ်ရှိပါသည်။

၁။ သီလသိက္ခာကို စောင့်ထိန်းရာ၌ စိတ်ဆန္ဒ ထက်သန်၏။
၂။ တရားကို ဆင်ခြင်ရာ၌ စိတ်ဆန္ဒ ထက်သန်၏။
၃။ ကိလေသာတဏှာကို တူးဖြိုရာ၌ စိတ်ဆန္ဒ ထက်သန်၏။
၄။ ဆိတ်ငြိမ်ရာတွင် တစ်ဦးတည်းနေခြင်း၌ စိတ်ဆန္ဒ ထက်သန်၏။
၅။ လုံ့လဝီရိယအရာ၌ စိတ်ဆန္ဒ ထက်သန်၏။
၆။ သတိပညာ၌ စိတ်ဆန္ဒ ထက်သန်၏။
၇။ အရိယာဖြစ်ရန် စိတ်ဆန္ဒ ထက်သန်၏။

 

ဤအခြင်းအရာ ၇-ပါး၌ စိတ်ဆန္ဒသည် တစ်ခဏ ထက်သန်ခြင်း မဟုတ်ဘဲ ယခုရော နောင်ပါ အစဉ်အမြဲ ထက်သန်နေရမည်ဟု ဟောတော်မူပါသည်။

လင်္ကာ- သီလ၊ တရား၊ ကိလေသာ၊ တစ်ကိုယ်တည်း ပျော်တတ်ပြီ။
ဝီရိယ၊ ပညာ၊ အရိယာ ဆန္ဒထက်သန်၏။

 

သုဗြဟ္မာနတ်သား ဝတ္ထု

 

သုဗြဟ္မာနတ်သားသည် နန္ဒဝန်ဥယျာဉ်အတွင်း၌ နတ်သမီးတစ်ထောင်နှင့် မြူးတူးပျော်ပါးကာ နတ်စည်းစိမ်ကို ခံစားနေပါသည်။ နတ်သမီးငါးရာတို့က ပန်းပင်ပေါ်တက်ပြီး ပန်းပွင့်များ ခြွေချပေးကြပါသည်။ ကျန်နတ်သမီး ငါးရာတို့က ကြွေကျလာသည့် ပန်းများကို နတ်သားဆင်မြန်းနိုင်ရန် သီဆိုကခုန်ကာ သီကုံးနေကြပါသည်။ အတန်ကြာသောအခါ ပန်းပင်ပေါ်က ပန်းလည်းကျမလာ၊ နတ်သမီးတို့၏အသံကိုလည်း မကြားရတော့သဖြင့် နတ်သားက “ငါ့ရဲ့နတ်သမီးတွေ ဘယ်များ သွားကြပါလိမ့်”ဟု သူ၏ ဒိဗ္ဗစက္ခုနတ်မျက်စိဖြင့် ကြည့်သောအခါ သစ်ပင်ပေါ်မှ နတ်သမီးငါးရာအားလုံး ငရဲရောက်သွားပြီး ငရဲဒုက္ခခံနေရ သည်ကို တွေ့မြင်ရတော့သည်။

ထိုအခါ နတ်သားသည် အလွန်အမင်းစိတ်သောက ဖြစ်လာပါတော့သည်။ ဆက်လက် ပြီး သူ၏လားရာကို ကြည့်သောအခါ၌လည်း ကျန်နတ်သမီးငါးရာနှင့်အတူ သူသည် ယနေ့မှသည် ၇-ရက်ပြည့်လျှင် ငရဲကိုလားရတော့မည်အကြောင်း သိရှိရသဖြင့် ပူဆွေး ငိုကြွေးကာ ဆောက်တည်ရာမရ ဖြစ်သွားရှာသည်။

‘လူ့ပြည်မှ မြတ်စွာဘုရားသည်သာ ငါ၏ ကိုးကွယ်ရာထောက်တည်ရာ ဖြစ်လေပြီ’ဟု ကြံတွေးကာ ဘုရားထံတော်ပါး ချဉ်းကပ်ရာ မြတ်စွာဘုရားက –

“နာညတြ ဗောဇ္ဈာ တပသာ၊ နာညတြိန္ဒြိယသံဝရာ။
နာညတြ သဗ္ဗနိဿဂ္ဂါ ၊ သောတ္ထိံ ပဿာမိ ပါဏိနံ” ဟု ဟောကြား တော်မူပါသည်။
“ဗောဇ္ဈင်တရားပွားများခြင်းကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်၊ ခြိုးခြံသောအကျင့်ကျင့်ခြင်းကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်၊ ဣန္ဒြေစောင့်စည်းခြင်းကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရားမမြင်၊အလုံးစုံငြိတွယ်ခြင်းကင်းသော နိဗ္ဗာန်ကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်”ဟု သုဗြဟ္မာနတ်သားကို မိန့်ကြားတော်မူပါသည်။ ဒေသနာတော်အဆုံး၌ သောတာပန် တည်သွားကြ၏။

ဤဝတ္ထု၌ လာရှိသည့် ဣန္ဒြေ ၆-ပါးဟူသည် ၁။ စက္ခုန္ဒြေ၊ ၂။ သောတိန္ဒြေ၊ ၃။ ဃာနိန္ဒြေ၊ ၄။ ဇိဝှိန္ဒြေ၊ ၅။ ကာယိန္ဒြေနှင့် ၆။ မနိန္ဒြေတို့ ဖြစ်သည်။ ထိုထို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်စိတ်တို့ကို မစောင့်ထိန်းဘဲ သတ္တဝါတို့ ချမ်းသာမည် မဟုတ်ပေ။

ဣန္ဒြေ ၆-ပါးကို စောင့်စည်းရန် ပိဋကတ်တော်၏ နေရာများစွာတွင် မြတ်စွာဘုရား ဟောကြား ဆုံးမတော်မူပါသည်။ ယောဂီများ ဝိပဿနာတရား အားထုတ်ခြင်းဟူသည် မှာလည်း ထိုထို ဒွါရတံခါးဝ၌ ထင်လာသည့်အာရုံတို့ကို ရှုမှတ်နေခြင်းပင် ဖြစ်ပေသည်။

 

ကျမ်းညွှန်း

* (၉၈)၊ သုဗြဟ္မသုတ္တဝဏ္ဏနာ၊ အနာထပိဏ္ဍိကဝဂ္ဂ၊ ဒေဝပုတ္တသံယုတ္တ၊ သဂါထာဝဂ္ဂဋ္ဌကထာ (နှာ-၁၀၂)
* (၉၅)၊ ဖေဏပိဏ္ဍူပမသုတ္တ၊ ပုပ္ဖဝဂ္ဂ၊ ခန္ဓဝဂ္ဂသံယုတ္တပါဠိ။ (နှာ-၁၁၇)

 

ဘုရားရှင်၏ ဉာဏ်တော်အထူး

 

နက်နဲသည့် ပဋ္ဌာန်းတရားတော်ကို လေ့လာဆည်းပူးကာ ပညာလိုလားကြသည့် သူတော်ကောင်းများအနေဖြင့် ဘုရားရှင်၏ ဉာဏ်တော်အထူးကို ကြည် ညိုနိုင်ရန် ဤနေရာတွင် ဖော်ပြပေးလိုက်ပါသည် –
၁။ သတ္တဝါတို့ ဣန္ဒြေရင့် မရင့်ကိုသိသော ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်၊
၂။ သတ္တဝါတို့၏ အလိုဆန္ဒ အာသယနှင့် ထိုသတ္တဝါတို့ အတွင်း၌ရှိသော ကိလေသာ နုသယတို့ကို တတ်တတ်ထင်ထင် သိမြင်နိုင်သော အာသယာနု သယဉာဏ်၊
၃။ ခပ်သိမ်းဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်နိုင်သော သဗ္ဗညုတဉာဏ်၊
၄။ အဆီးအတား အပိတ်အပင်မရှိဘဲ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်သုံးတန်လုံးတို့မှာ ဖြစ်ထိုက်သမျှ စသော လောကီ၊ လောကုတ္တရာအရာရာတို့ကို တ ပ်တပ်ထင်ထင် သိမြင်နိုင်သော အနာဝရဏဉာဏ်၊
၅။ ရေ မီး အစုံအစုံသော တန်ခိုးပြာဋိဟာတို့ကို တစ်ပြိုင်နက်လိုလျှင် ထင်မြင်ရအောင် ပြသနိုင်သော ယမကပါဠိဟာရိယဉာဏ်၊
၆။ သတ္တဝါအများ အစားစားတို့ကို ကြီးထွားမြင့်မြတ်သော သနားခြင်း မဟာကရုဏာ သမာပတ္တိဉာဏ်တော်တို့ ဖြစ်ပါသည်။

 

သေခြင်းသဘောတရား

 

အာယု ဥသ္မာ စ ဝိညာဏံ၊ ယဒါ ကာယံ ဇဟန္တိမံ၊
အပဝိဒ္ဓေါ တဒါ သေတိ၊ ပရဘတ္တံ အစေတနံ။
‘အာယုဟူသော အသက် ရုပ်ဇီဝိတနှင့် နာမ်ဇီဝိတ၊ ဥသ္မာဟူသော ကိုယ်ငွေ့ (ဥသ္မာ တေဇောဓာတ်) နှင့် ဝိညာဏ်ဓာတ်တို့က ခန္ဓာကိုယ်ကြီးကို စွန့်သွားသောအခါ ဤကိုယ်ကောင် ကြီးသည် ပိုးလောက်စသည်တို့၏အစာ ဖြစ်ပေတော့၏’ ဝိညာဉ် လိပ်ပြာထွက်သွားသည် မဟုတ်ဘဲ အသက်ရှင်စေနိုင်သည့် အကြောင်းတရားများ ပျက်စီးသွားခြင်းကပင် သေဆုံးခြင်း ဖြစ်ပါသည်။

ရှေ့က ရုပ်ဇီဝိတနှင့် နာမ်ဇီဝိတတို့က ပေါ်ပြီးပျောက်၊ ဖြစ်ပေါ်လာပြီး ချုပ်ငြိမ်းသွားသော်လည်း နောက်နောက်ဇီဝတများကို ‘တို့ဖြစ်သလို ဖြစ်ရစ်ကြနော်’ဟု မပြောသော်လည်း ပြောဘိသကဲ့သို့ အဆက်ဆက် စောင့်ရှောက်ခြင်း ဖြစ်သည်။
ပမာပြရသော် စက္ခုပသာဒ အကြည်ဓာတ် ရုပ်တရားက အဆင်းကို မြင်နိုင်ခြင်းမှာ ထိုဇီဝိတဟူသော အကြောင်းလည်း တစ်ကြောင်းအဖြစ် ပါဝင်သည်။ အတ္တ၊ လိပ်ပြာ၊ အသက် ကောင်ပမာ ထာဝရအဖြစ် တည်တံ့ကာ မြင်နေ၊ ကြားနေခြင်းကား မဟုတ်ပေ။

ဤနေရာတွင် ဆေးပညာအရ သေဆုံးခြင်းကို ယူပုံကိုလည်း ဗဟုသုတအဖြစ် ဖော်ပြ ပေးပါမည်။ လူတစ်ဦးသေဆုံးခြင်းနှင့် စပ်လျဉ်း၍ ဆေးပညာ၏ ဆုံးဖြတ်ချက်မှာ သုံးချက် ပါဝင်ပါသည်။ ၁။ နှလုံးခုန်ရပ်သွားရမည်။ ၂။ အသက်ရှူရပ်သွားရမည်။ ၃။ မျက်စိကိုဖြဲပြီး ဓာတ်မီးရောင်ဖြင့်ကြည့်လျှင် သူငယ်အိမ်အလုပ်မလုပ်တော့ကြောင်း သိရမည်။

 

မရဏာသန္နအခါနှင့် အာသန္နကံ

 

ဘဝတစ်ခု၏ နောက်ဆုံးအချိန်၏ အခြေအနေကို ဖော်ပြလိုသည်မှာ ဖားနတ်သား ဝတ္ထု၌ မြတ်စွာဘုရားရှင်၏ တရားတော်အသံကို နားထောင်နေသည့်ဖားကို နွားကျောင်းသားက နွားမောင်းသည့်တုတ်ဖြင့် ထောက်ထားမိလေသည်။ ဖား၏သန္တာန်၌ ဘုရားရှင်၏ တရားတော်က အာရမ္မဏာဓိပတိပစ္စည်းထိုက်နေသခိုက်၌ တုတ်ထောက်ထားသည့် ဒဏ်ချက်ကြောင့် စုတိစိတ်ကျကာ နတ်ပြည်၌ ဖားနတ်သား ဖြစ်ပါသည်။

အရှင်သောဏ၏ ဖခင်ရဟန်းကြီး၏ဝတ္ထု၌ မရဏာသန္နအခါ မဟုတ်သောကြောင့် ဂတိနိမိတ် ပြောင်း၍ရခြင်းဖြစ်သည်။ မရဏာသန္နအခိုက်အတန့်၌မူ စုတိနှင့် အလွန်နီးနေ သဖြင့် ထိုဇော၏အာရုံကို မည်သူမျှ မပြောင်းလဲနိုင်ပါ။ ပြောင်း၍ရခြင်းမှာ မရဏာသန္နအခိုက် မဟုတ်ဘဲ အာသန္နအခါ ဖြစ်နေသောကြောင့်သာ ရခြင်းဖြစ်သည်။

ထို့ကြောင့် ‘ဝတ္ထာရမ္မဏာ’သည် ပဝတ္တိအခါဖြစ်စေ၊ မရဏာသန္နအခါဖြစ်စေ မနောဒွါရ မှတ်ရမည်။

 

ကံကြောင့် ဘဝအသစ်ရ

 

လောကလူသားအများ တွေးထင်ကြသည့် အသက်ဟူသော အကောင်အထည်ကား မရှိပါပေ။ ဓာတ်သဘာ၀ သက်သက်မျှသာ ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဒေသနာတော်အရ ဘဝကူး ပြောင်းရာတွင် အသက်၊ လိပ်ပြာ၊ အတ္တက ကူးပြောင်းသွားသည် မဟုတ်ပေ။

ရှေးရှေးက ပြုခဲ့ပြီးသည့် ကံ၏သတ္တိ Potential Energy ကြောင့် ဘဝအသစ်ကို ရလာခြင်း ဖြစ်ပါသည်။ ထိုထိုကံတစ်ပါးက ဘဝအသစ်ကို ထူထောင်ပေးပြီး ရုပ်ဇီဝိတ၊ နာမ်ဇီဝိတတို့က စောင့်ရှောက်ပေးကြသည်။ စာပေလာ ဥပမာမှာ မိခင်က သားကို မွေးဖွားပေးပြီး နို့ထိန်းက သားကလေးကြီးပြင်းလာချိန်အထိ စောင့်ရှောက်သည်နှင့် တူပါသည်။ မိခင်ရင်းသည် ကံနှင့် တူပြီး၊ နို့ထိန်းမှာ ရုပ်ဇီဝိတနှင့် နာမ်ဇီဝိတတို့နှင့် တူလေသည်။

 

ဣန္ဒြိယပစ္စည်း၏ သင်္ချာ

 

ဣန္ဒြိယပစ္စည်း၏သင်္ချာမှာ – ၇ ဖြစ်ပါသည်။ ထို့ကြောင့် “ဣန္ဒြိယေ သတ္တ”ဟု မှတ်သား နိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ-၃

(၁) ကု – ကု (၂) ကု – ဗျာ (၃) ကု – ကု၊ ဗျာ

အကုသလ သင်္ချာ-၃

(၁) အကု – အကု (၂) အကု – ဗျာ (၃) အကု – အကု၊ ဗျာ

အဗျာကတ သင်္ချာ-၁

(၁) ဗျာ – ဗျာ

 

(Matter to Mind) ( Matter to Matter) ( Mind to Mind-Matter)

ဣန္ဒြိယပစ္စည်း၌ ၁။ ဝတ္ထုပုရေဇာတိန္ဒြိယ၊၂။ ရူပဇီဝိတိန္ဒြိယနှင့် ၃။ သဟဇာတိန္ဒြိယဟူ၍ သုံးပိုင်း ရှိပါသည်။

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

၁။ ဝတ္ထုပုရေဇာတိန္ဒြိယ – ရုပ်တရားကနာမ်တရား Matter to Mind ကို ကျေးဇူးပြုရာတွင် –

ပစ္စယဟူသော အကြောင်းတရားမှာ – ၁။ စက္ခုပသာဒမျက်စိအကြည်ရုပ်၊ ၂။ သောတပသာဒ နားအကြည်ရုပ်၊ ၃။ ဃာနပသာဒ နှာခေါင်းအကြည် ရုပ်၊ ၄။ ဇိဝှါပသာဒ လျှာအကြည်ရုပ်နှင့် ၅။ ကာယ ပသာဒ ကိုယ်အကြည်ရုပ်တို့ ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ- ဒွေပဉ္စဝိညာဉ် – ၁၀ ပါးနှင့် စေတသိက် – ၇-ပါးတို့ ဖြစ်ပါသည်။

၂။ ရူပဇီဝိတိန္ဒြိယ – ရုပ်တရားက ရုပ်တရား Matter to matter ကို ကျေးဇူးပြုရာတွင်-

ပစ္စယဟူသော အကြောင်းတရားမှာ – ရုပ်ဇီဝိတိန္ဒြေ ဖြစ်ပါသည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – ရုပ်ဇီဝိတိန္ဒြေကြဉ်သော ကလာပ်တူ ကမ္မဇရုပ် ၉-ပါး ဖြစ်သည်။

၃။ သဟဇာတိန္ဒြိယ – နာမ်တရားက နာမ်နှင့် ရုပ်တရား Mind to mind-matter ကို ကျေးဇူးပြုရာတွင် –

ပစ္စယဟူသော အကြောင်းတရားမှာ – ၁။ နာမ်၏အသက်ဖြစ်သည့် နာမ်ဇီဝိတိန္ဒြေ၊ ၂။ စိတ်၊ ၃။ ဝေဒနာ၊ ၄။ သဒ္ဓါ၊ ၅။ ဝီရိယ၊ ၆။ သတိ၊ ၇။ သမာဓိ နှင့် ၈။ ပညာ တည်းဟူသော နာမ်ဣန္ဒြေရှစ်ပါးတို့ ဖြစ်ပါသည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ စိတ္တဇရုပ် Mind -born matter နှင့် ပဋိသန္ဓေကမ္မဇရုပ် Kamma- born matter at the moment of birth ဣန္ဒြိယပစ္စည်းသည် သဟဇာတ၊ ဝတ္ထုပုရေဇာတ၊ ရူပဇီဝိတိန္ဒြိမျိုး (၃)ပါး၌ ပါဝင်၏။

Loading