၁၁။ ပစ္ဆာဇာတပစ္စယော

Daily life Patthana

 

Pacchajata Paccayo (Postnascence condition)

 

 

နာမ်တရား၏ နောက်၌ဖြစ်၍ ရုပ်များအား ထောက်ပံ့သောအားဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

ပစ္ဆာဇာတပစ္စည်း (ပစ္ဆာ = နောက်မှ + ဇာတ = ဖြစ်၍) ကျေးဇူးပြုသောပစ္စည်း။

The ‘Paccha’ means after so that arises later, that arises after, something that arises later and supports something that has been there. It is compared to expectation of food in vultures’s young.

 

 

‘ပေါက်ခါစအရွယ်၊ လင်းတငယ်အား၊ တွယ်တာအာသာ၊ စေတနာသို့’ ဟု လာရှိသည် နှင့် အညီ လင်းတပေါက်စကလေး၏ အစာအာဟာရကိုတောင်းတသောအာသာစေတနာ သည် နောက်၌ဖြစ်သော သူ၏ခန္ဓာကိုယ်ကို ကြီးပြင်းလာအောင် ထောက်ပံ့ကျေးဇူးပြု သကဲ့သို့ ပစ္စယုပ္ပန်တရား၏ နောက်၌ဖြစ်၍ ရုပ်များအား ထောက်ပံ့သောအားဖြင့် ကျေးဇူး ပြုသောပစ္စည်း ဖြစ်ပါသည်။

 

ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုခြင်း

 

ပစ္ဆာဇာတမည်သည် ယခုကဲ့သို့ ရုပ်တရား နာမ်တရားများ ရှိသည့်ဘုံတွင် ရှေးရှေး စိတ်နှင့် အတူဖြစ်လာသည့် ရုပ်တရားများ သက်တမ်းပြည့် ရှင်သန်နိုင်ရန် နောက်နောက် စိတ်များက စဉ်ဆက်မပြတ် ဖြစ်ပေးရသည်ကိုပင် ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုခြင်း မည်ပါသည်။

ဤတွင် ကံကြောင့်၊ ဥတုကြောင့်၊ အာဟာရကြောင့်၊ စိတ်ကြောင့်ဖြစ်သည့် ရှေးရှေး ရုပ်တရားက အကျိုးတရား၊ နောက်နောက်စိတ်များက အကြောင်းတရားဖြစ်၏။ နောက်မှ ဖြစ်သည့်စိတ်က ရှေ့မှဖြစ်နှင့်သည့် ရုပ်ကို ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ဖြစ်ပါသည်။

တစ်နည်း ဖော်ပြရမည်ဆိုလျှင် ပုရေဇာတ Born Earlier ၌ ရှေးရှေးက ဖြစ်နှင့်သည့် အကြောင်းရုပ်တရားက နောက်နောက်ဖြစ်သည့်အကျိုး နာမ်တရားကို ကျေးဇူးပြု၏။

ပစ္ဆာဇာတ Born Later ၌မူ နောက်နောက်ကဖြစ်သည့် အကျိုးနာမ်တရားက ရှေးရှေးက ဖြစ်သည့် အကြောင်းရုပ်တရားကို ကျေးဇူးပြု၏။

ထို့ကြောင့် ပစ္ဆာဇာတပစ္စည်းကို နို့ထိန်းမိခင်နှင့်တူသည်ဟု ပမာပြုကာ နို့စို့မည့် သားငယ်က ဦးစွာဖြစ်နှင့်ပြီး နို့ထိန်းမိခင်က နောက်မှဖြစ်လာသည်နှင့် တူညီကြောင်း ပြတော် မူပြီး အဋ္ဌကထာများတွင်မူ လင်းတငယ်ကို ပမာပြု ပြတော်မူကြပါသည်။

ပစ္ဆာဇာတပစ္စည်း၏ ထူးခြားချက်မှာ အခြားပစ္စည်းများကဲ့သို့ ဖြစ်စေတတ်သည့် ဇနက သတ္တိမရှိဘဲ တည်တံ့ခိုင်မြဲအောင် ထောက်ပံ့ကူညီတတ်သည့် ဥပတ္ထမ္ဘကသတ္တိသာ ရှိ၏။

ထို့ကြောင့် ” ဖြစ်စေ၊ တည်စေ၊ ဤနှစ်ထွေ ခေါ်လေကျေးဇူးပြု” ဟူသော လင်္ကာအရ ပစ္ဆာဇာတသည် အခြားပစ္စည်းများနှင့်မတူ တည်တံ့အောင် ကျေးဇူးပြုသည်။ အခြားပစ္စည်း များက ဖြစ်ပေါ်အောင် ကျေးဇူးပြု၏။

 

ဇာတ (၃)ပါး သိစရာ

 

၁- ပုရေဇာတပစ္စည်း Born earlier တွင် (ပစ္စယ) အကြောင်းတရားကရှေ့၊ (ပစ္စယုပ္ပန်) အကျိုးတရားက နောက်မှဖြစ်ကာ ကျေးဇူးပြုခြင်း ဖြစ်ပါသည်။

၂- ပစ္ဆာဇာတပစ္စည်း Born later တွင်မူ၊ (ပစ္စယုပ္ပန်) အကျိုးတရားက ရှေ့ဖြစ်နှင့်ပြီး၊ (ပစ္စယ) အကြောင်းတရားက နောက်မှဖြစ်ပြီး ကျေးဇူးပြုခြင်း ဖြစ်ပါသည်။ ဤပစ္စည်းနှစ်ခု၏ ကျေးဇူးပြုပုံသည် ပြောင်းပြန် ဖြစ်ပါသည်။

၃- သာမန်အားဖြင့် အကြောင်းတရားဖြစ်ပြီးနောက် အကျိုးတရား ပေါ်ပေါက်မြဲ ဖြစ်၏။ ပစ္ဆာဇာတတွင်မူ အကြောင်းနာမ်တရားက နောက်မှဖြစ်ပြီး အကျိုး တရားဖြစ်သည့် ရုပ်က ဦးစွာဖြစ်ခါ ကျေးဇူးပြုခြင်း ဖြစ်သည်။

 

ပစ္ဆာဇာတတ္ထိ

 

သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ရှေ့မှောက်ရောက်ကာ ‘ဧကန်မုချ ဘုရား ဖြစ်မယ်’ ဟူသာ ဗျာဒိတ်စကားကို ရသည်နှင့်တစ်ပြိုင်နက် မိမိလက်ဝယ်သို့ ရောက်လုနီး ဖြစ်နေသည့် နိဗ္ဗာန်ချမ်းသာကို စွန့်ပြီးသွား၏။

ရှင်ရသေ့က နိဗ္ဗာန်ချမ်းသာကို စွန့်သွားရခြင်းမှာ ‘ငါသည် ဧကန်မုချ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ရမယ်’ ဟု သိသောကြောင့် ယခုရမည့် နိဗ္ဗာန်ချမ်းသာကို စွန့်ခြင်းဖြစ်သည်။

ယနေ့သဗ္ဗညုတဉာဏ်တော်ကို မရသေးသော်လည်း နောင်ရလတ္တံ့သော သဗ္ဗညုတ ဉာဏ်တော်က ကျေးဇူးပြုသောကြောင့် နိဗ္ဗာန်ချမ်းသာကြီးကို စွန့်ခြင်းဖြစ်သည်။

ထို့ကြောင့် ပစ္ဆာဇာတသည် ပါဠိတော်အလိုအားဖြင့် ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြု ခြင်းကို ပစ္ဆာဇာတတ္ထိ။ ထင်ရှားမရှိသော်လည်း စိတ္တနိယာမအားဖြင့် ကျေးဇူးပြုခြင်းကိုလည်း ပစ္ဆာဇာတတ္ထိဟု ယူသင့်ကြောင်း ဋီကာကျော်ဆရာကဆိုထားသည်။

 

ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ

 

ဤနေရာတွင် ၁-ဧကဇကာယ၊ ၂-ဒွိဇကာယ၊ ၃-တိဇကာယနှင့် ၄-စတုဇကာယ ကိုလည်း ဖော်ပြရန် လိုအပ်လာပါသည်။ ပါဠိစာပေတွင် ကာယဟူသည် အစု အပေါင်းကို ခေါ်သည်။

ဧကဇကာယဟူသည် ဘဝ၏အစပထမ ပဋိသန္ဓေစိတ်ကလေးတွင် ဥပါဒ်၊ ဌီ၊ ဘင်ဟူ၍ ခဏငယ် ၃-ချက် ဖြစ်သည်။ ဤဖြစ်စဉ်တွင် ပဋိသန္ဓေစိတ်၏ ဥပါဒ်အခိုက်တွင် ဆိုင်ရာ ကမ္မဇရုပ်များ ဖြစ်လာသည်။ တစ်နည်းအားဖြင့် ပဋိသန္ဓေ စတည်သည့် ထို Moment တွင် ပဋိသန္ဓေစိတ် ဖြစ်လာပါသည်။

ထိုပဋိသန္ဓေစိတ်၏ ဥပါဒ်အခိုက်တွင် ကံကထုတ်လုပ်လိုက်သည့် ကမ္မဇရုပ် Kamma- produce matter တစ်မျိုးတည်း ရှိပါသေးသည်။ ဥပါဒ်အခိုက်တွင် ဖြစ်လာသည့် ကမ္မဇရုပ် ကိုပင် ဧကဇကာယဟု ခေါ်ပါသည်။

တစ်ဖန် ပဋိသန္ဓေစိတ်၏ ဌီအခိုက်ရောက်သောအခါ ဥတုဇရုပ် ဖြစ်လာသည်။ အပူ အအေးဟူသော ဥတုကြောင့်ဖြစ်သည့် ရုပ်ကို ဥတုဇရုပ် Temperature-produce matter ဟုခေါ်၏။ ဌီအခိုက်တွင် ဖြစ်လာသည့် (ကမ္မဇရုပ် + ဥတုဇရုပ်)ကိုပင် ဒွိဇကာယဟု ခေါ်သည်။

ဆက်လက်ပြီး ပဋိသန္ဓေစိတ်နောက်၌ ဘဝင်စိတ် ၁၅-ကြိမ်၊ ၁၆-ကြိမ်ခန့် ဖြစ်သည်။၎င်းအနက် ပထမဦးဆုံးဖြစ်လာသည့် ဘဝင်စိတ်၏ ဥပါဒ်အခိုက်တွင် စိတ္တဇရုပ် ဖြစ်လာသည်။ ဘဝင်စိတ်၏ ဥပါဒ်အခိုက်တွင် ဖြစ်လာသည့် ထို (ကမ္မဇရုပ် + ဥတုဇရုပ် + စိတ္တဇရုပ်) ကိုပင် တိဇကာယဟု ခေါ်ပါသည်။

ထို့နောက် အာဟာရဇရုပ်များ Nutriment-produce matter ပေါ်လာသဖြင့် (ကမ္မဇရုပ် + ဥတုဇရုပ် + စိတ္တဇရုပ် + အာဟာရဇရုပ်)များ ပြည့်စုံလာသဖြင့် စတုဇကာယ ဖြစ်လာ ပါသည်။ လူ့ဘုံ၊ နတ်ဘုံ၊ အပါယ်လေးဘုံဟူသော ကာမာဝစရဘုံ၌ ၎င်းရုပ်လေးမျိုးရှိသဖြင့် စတုဇကာယသတ္တဝါ ခေါ်၏။

ဗြဟ္မာ့ဘုံ၌မူ ကဗဠီကာရာဟာရ မသုံးဆောင်ဘဲ ပီတိဘက္ခာ ပီတိကိုသာ သုံးဆောင် သည်။ ပီတိသည်ပင် အစားအသောက်သဖွယ် ဖြစ်နေသည်။ တိဇကာယသတ္တဝါဟု ခေါ်သည်။

ဤကာယကြီး မယိုင်မလဲတည်တံ့နိုင်ရန် စိတ်စေတသိက်တို့က နောက်နောက်မှ နေ၍ ခဏမခြား ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြု၏။

 

ဘဝအသစ်၏ ပဋိသန္ဓေဝီထိပုံ

 

 

 

ရုပ်၏သက်တမ်းနှင့် ကျေးဇူးပြုပုံ

 

ရုပ်၏သက်တမ်းသည် တစ်စက္ကန့်၏ အပုံတစ်သန်းပုံ တစ်ပုံမျှ မြန်ဆန်ကြောင်း သိပ္ပံပညာက ဖော်ပြလာကြပါသည်။ ဗုဒ္ဓအဘိဓမ္မာအရ လက်ဖျောက်တစ်ချက်တီး ကာလတို ကလေးတွင် စိတ်ပေါင်း ကုဋေတစ်သိန်း ဖြစ်ပျက်နေပြီး ရုပ်၏အသက်သည် စိတ်သက်ထက် ၁၇-ဆ ပိုကြာသည်။ (ဝါ) စိတ်၏ဖြစ်ပျက်မှုသည် ရုပ်ထက် ၁၇-ဆ ပိုမြန်သည်။

ထို့ကြောင့်ပစ္ဆာဇာတပစ္စည်း ကျေးဇူးပြုသည်မှာ ဘဝအစ ပဋိသန္ဓေက စတင်ပါသည်။ ပဋိသန္ဓေစိတ် ဖြစ်သည်နှင့် သဘာဝနိယာမတရားအရ ဆိုင်ရာရုပ်များ ပါလာပါသည်။ ၎င်းတို့မှာ ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်နှင့် အာဟာရဇရုပ်တို့ ဖြစ်၏။

 

ဘဝတစ်ခု၏ ရုပ်အစဉ်နှင့် နာမ်အစဉ်

 

ဘဝတစ်ခု၏ ရုပ်တရားများက အခြားဘဝအသစ်တစ်ခုကို ဖြစ်ပေါ်စေနိုင်စွမ်း မရှိပါ။ အကြောင်းမှာ ဤဘဝ၏ ရူပသန္တတိအစဉ်ကြီး ပြတ်သွားခဲ့ပြီး ဖြစ်သောကြောင့်တည်း။

ဤဘဝ၏ အစဦးဆုံးနာမ်က ပဋိသန္ဓေ ဝိညာဉ်စိတ်ဖြစ်ပြီး အစဦးဆုံးရုပ်က ကမ္မဇရုပ် ဖြစ်ပါသည်။ နာမ်တရားစေတနာကသာ ရုပ်နာမ်နှစ်ပါးကို ဖြစ်စေနိုင်စွမ်း၏။

ထို့ကြောင့် နာမ်အစဉ်မှာမူ အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတသတ္တိဖြင့် အခြားမရှိ ဖြစ်တည်ပျက်အစဉ်ဖြင့် ဘဝပေါင်း ထောင်သောင်း သိန်းသန်းမက ဖြစ်နေပါသည်။ သို့ပါ သော်လည်း ဘဝအသစ်၏ ရူပသန္တတိအစဉ်မှာမူ ထူထောင်ခဲ့သည့် ကံအားလျော်စွာ လူရုပ်၊ နတ်ရုပ်၊ ခွေးရုပ်၊ နွားရုပ်တို့လည်း ပြောင်းလဲ ဖြစ်နိုင်သည်သာ။

 

ဘဝတစ်ခု၏ ပထမဦးဆုံးစိတ်နှင့် နောက်ဆုံးစိတ်

 

ဘဝဟောင်းမှ ဘဝအသစ်ဖြစ်ရာတွင် ဘဝဟောင်း၏ နောက်ဆုံးစိတ်ကို စုတိစိတ်ဟု ခေါ်ပါသည်။ စုတိစိတ်၏ ခဏမခြား ဖြစ်ပေါ်လာသောစိတ်ကို ပဋိသန္ဓေစိတ်ဟု ခေါ်ပြီး ဘဝအသစ်၏ပထမဦးဆုံးသော စိတ်ကိုလည်း ပဋိသန္ဓေစိတ်ဟု ခေါ်ပါသည်။ ထိုစိတ်၏ နောက်၌ ခဏမခြား ဖြစ်ပေါ်လာသည့်စိတ်ကိုမူ ပဋိသန္ဓေစိတ်ဟု မခေါ်ဘဲ အမည်အသစ်ဖြင့် ဘဝင်စိတ်ဟုခေါ်သည်။

စုတိစိတ်၊ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်တို့သည် နေရာအားလျော်စွာ အမည်အခေါ် အဝေါ် ကွဲပြားပါသော်လည်း ဆိုင်ရာဘဝတစ်ခုတွင် အတူတူပင် ဖြစ်သည်။ “ပဋိသန္ဓိ ဘဝင်္ဂဉ္စ တထာ စဝန မာနသံ” ဟု စာပေ၌ လာရှိပါသည်။

မှတ်ချက်။ ။ သတိပြုစရာတစ်ခုမှာ ပဋိသန္ဓေအခိုက် ပစ္ဆာဇာတပစ္စည်း မရပါ။ အကြောင်း မှာ ရှေးကဖြစ်နှင့်ပြီးသည့် ရုပ်မရှိသောကြောင့်တည်း။

 

အမိဝမ်းထဲ ပဋိသန္ဓေတည်သည့် သတ္တဝါ

 

ဘဝတစ်ခုမှ သေဆုံးပြီးနောက် အမိဝမ်းထဲ ပဋိသန္ဓေတည်သည့် သတ္တဝါတို့၏ ပဋိ သန္ဓေခဏ၌ နာမ်တရားအဖြစ် ပဋိသန္ဓေ ဝိညာဏ်စိတ်နှင့် စေတသိက် ၃၃-ခု ဖြစ်လာသည်။ရုပ်တရားအဖြစ် ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသကဟူသော ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်ကလာပ် သုံးစု (သုံးစည်း)တို့ တစ်ပြိုင်တည်း ဖြစ်လာကြ၏။

 

ပစ္ဆာဇာတပစ္စည်း၏ သင်္ချာ

ပစ္ဆာဇာတပစ္စည်း၏ သင်္ချာမှာ – ၃ ဖြစ်ပါသည်။ ထို့ကြောင့် “ပစ္ဆာဇာတေ တီဏိ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ-၁

(၁) ကု-ဗျာ

အကုသလ သင်္ချာ-၁

(၁) အကု-ဗျာ

အဗျာကတ သင်္ချာ-၁

(၁) ဗျာ-ဗျာ

 

Mind to Matter

 

ပစ္ဆာဇာတပစ္စည်းသည် နာမ်တရားက ရုပ်တရား (Mind to Matter) ကို ကျေးဇူးပြုသော ပစ္စည်း ဖြစ်သည်။

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

ပစ္စယဟူသော အကြောင်းတရားမှာ- အရူပဝိပါက် – ၄ ခု ကြဉ်သောစိတ် – ၈၅ ပါး နှင့် စေတသိက် – ၅၂ ပါးတို့ ဖြစ်ပါသည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – ပဋိသန္ဓေ (ဝုဋ္ဌောမနောဒွါရဝဇ္ဇန်း) အစရှိသော ရှေးရှေး သောစိတ်နှင့် အတူဥပါဒ်သော ဧကဇ၊ ဒွိဇ၊ တိဇ၊ စတုဇကာယတို့ ဖြစ်ပါသည်။

 

ပစ္ဆာဇာတမျိုး (၄) ပါး

ပစ္ဆာဇာတမျိုး (၄) ပါးရှိသည်။ ၎င်းတို့မှာ –

၁။ ပစ္ဆာဇာတ

၂။ ပစ္ဆာဇာတဝိပ္ပယုတ္တ

၃။ ပစ္ဆာဇာတတ္ထိ နှင့်

၄။ ပစ္ဆာဇာတအဝိဂတ တို့ ဖြစ်ပါသည်။

Loading