မာတိကာ
၁၀။ ပုရေဇာတပစ္စယော
Daily life Patthana
Purejata Paccayo (Prenascence condition)
ပစ္စယုပ္ပန်တရားများမဖြစ်မီ ရှေးဦးစွာဖြစ်၍ ဖြစ်ဆဲအဖြစ်ဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်
The ‘Pure’ means before. ‘Jata’ means arisen. So ‘Purejâta’ means those that have arisen before, arisen before and still existing at the time. Purejâta is compared to the sun or the moon since the beginning of the world.
‘အလင်းမှီနေ၊ များဗိုလ်ခြေကို၊ ကပ္ပေစစွာ၊ ပေါ်ထွန်းလာပ၊ နေနှင့်လသို့’ ဟု လာရှိသည် နှင့်အညီ ရှေးကာလ၌ ပေါ်ထွက်လာသော နေ၊ လ တို့သည် အလင်းရောင်ကိုမှီ၍ နေကြသူ တို့အား ရှေးဦးဖြစ်၍ ကျေးဇူးပြုသကဲ့သို့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိအားဖြင့် အာရုံ ၅-ပါး နှင့် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ ဟဒယဝတ္ထုအားဖြင့် ဝတ္ထု ၆-ပါး တို့သည် ဆိုင်ရာသိစိတ်တို့အား ရှေးဦးဖြစ်၍ ဖြစ်ဆဲအဖြစ်ဖြင့်ကျေးဇူးပြုကြသည်။
ပုရေဇာတ (ပုရေ + ဇာတ) ပုရေ = ရှေးဦးစွာ၊ ဇာတ = ဖြစ်ပေါ်ခြင်း၊ ပစ္စယ = အကြောင်းတရား။ ရှေးဦးကြိုတင် ဖြစ်ပေါ်သည့် အကြောင်းတရားဟု အဓိပ္ပာယ်ရပါသည်။ Prenascence condition တစ်နည်း Born earlier ဟု ဘာသာ ပြန်ဆိုကြပါသည်။ ပုရေဇာတ Born earlier ဟု ခေါ်ရသည့် အကြောင်းမှာ ‘အကြောင်းတရားများက အကျိုးတရား မဖြစ်ပေါ်ခင် ရှေ့ကဖြစ်နှင့်သော ကြောင့်တည်း’။
ရှေးဆရာမြတ်များက ပုရေဇာတပစ္စည်းကို နေနှင့်လတို့ဖြင့် ဥပမာ ပြတော်မူကြပါသည်။ သားသမီးနှင့်မိဘကိုလည်း ပမာပြုနိုင်ပါသည်။ နေ၊ လတို့သည် လူသားတို့ထက် ရှေးကဖြစ် နှင့်ကာ သတ္တဝါတို့၏အကျိုးကို ပြုကြသည်။ ထိုနည်းအတူ မိဘများက သားသမီးတို့ထက် အရင်ဖြစ်နှင့်ကြရပါသည်။
ဇာတပစ္စည်း ၃-ပါး
(က) အကြောင်းတရားက အကျိုးတရားမဖြစ်ခင် ရှေ့ကဖြစ်နှင့်သည့် ပုရေဇာတပစ္စည်း Born earlier တစ်နည်း Prenascence condition
(ခ ) အကျိုးတရားက အကြောင်းတရားမဖြစ်ခင် ရှေ့ကဖြစ်နှင့်သည့် ပစ္ဆာဇာတပစ္စည်း Born later တစ်နည်း Postnascence condition
(ဂ ) အကြောင်းတရားနှင့် အကျိုးတရား ပြိုင်တူဖြစ်သည့် သဟဇာတပစ္စည်း Conascence- condition တစ်နည်း Born together
ဝတ္ထုပုရေဇာတနှင့် အာရမ္မဏပုရေဇာတ
ပုရေဇာတပစ္စည်းတွင် ၁-ဝတ္ထုပုရေဇာတနှင့် ၂-အာရမ္မဏပုရေဇာတ ဟူ၍ နှစ်မျိုး ရှိပါသည်။ ဝတ္ထုပုရေဇာတကို လေ့လာရာတွင် ၁-စက္ခုဝတ္ထု၊ ၂-သောတဝတ္ထု၊ ၃-ဃာနဝတ္ထု၊ ၄-ဇိဝှါဝတ္ထု၊ ၅-ကာယဝတ္ထု၊ ၆-ဟဒယဝတ္ထုတို့ကို ဦးစွာ မှတ်သားထားရပါမည်။
အာရမ္မဏပုရေဇာတကို လေ့လာရာတွင် ၁-ရူပါရုံ အဆင်း၊ ၂-သဒ္ဒါရုံ အသံ၊ ၃-ဂန္ဓာရုံ အနံ့၊ ၄-ရသာရုံ အရသာ၊ ၅-ဖောဋ္ဌဗ္ဗာရုံ အထိအတွေ့တို့ကို ဦးစွာ မှတ်သား မိရန် လိုပေသည်။
မြင်သိစိတ် စက္ခုဝိညာဏဖြစ်ပေါ်လာနိုင်ရန် တည်ရာမှီရာ Base အဖြစ် ကျေးဇူးပြု ခြင်းကို ဝတ္ထုပုရေဇာတဖြစ်ပြီး မြင်သိစိတ် စက္ခုဝိညာဏ ဖြစ်ပေါ်လာနိုင်ရန်အာရုံ Object အဖြစ် ကျေးဇူးပြုခြင်းကို အာရမ္မဏပုရေဇာတ ဖြစ်ပါသည်။ ကျန်သည့် နား၊ နှာခေါင်း၌ ကြားသိစိတ် နံသိစိတ်တို့ကိုလည်း အလားတူ နားလည်ရပါမည်။
ဝတ္ထုပုရေဇာတ ကြိုတင်ဖြစ်နှင့်သည်
ဤတွင် ဝတ္ထုပုရေဇာတပစ္စည်း၏ ထူးခြားချက်မှာ တည်ရာ မှီရာ Base က Born earlier ကြိုတင်ဖြစ်နှင့်ပြီး ကျေးဇူးပြုပါသည် (ဝါ) ဖြစ်စေပါသည်။
ဥပမာ- အဆင်းကိုမြင်ရန် စက္ခုဝတ္ထုကို အမှီပြုပြီး ဖြစ်ရသည်။ အသံကို ကြားရန် သောတဝတ္ထုကို အမှီပြုပြီး ဖြစ်ရပါသည်။
ပဥှာဝါရ၌ “ရူပါယတနံ စက္ခုဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော” ဟု လည်းကောင်း ပစ္စယနိဒ္ဒေသ ပါဠိတော်၌ “စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော” ဟု လာရှိပါသည်။ စက္ခုပသာဒ (ဝါ) စက္ခုဝတ္ထုသည် စက္ခုဝိညာဏဓာတ် (မြင်သိစိတ်)ကို ပုရေဇာတပစ္စည်းဖြင့် ကျေးဇူးပြု၏ဟု အဓိပ္ပာယ် ရရှိပါသည်။
မျက်စိအကြည် စက္ခုပသာဒ (ဝါ) စက္ခုဝတ္ထုသည် ရုပ်သက်၊ နာမ်သက်များ၏ သဘာဝနိယာမအတိုင်း ဥပါဒ်၊ ဌီ၊ ဘင် Process ထဲမှ ဖြစ် တည် ပျက်၍၊ ဖြစ် တည် ပျက်၍ သွားနေပါသည်။ ဤတွင် Born earlier တင်ကြို၍ ဖြစ်ရသည်ဟု ဆိုရာ၌ မိမိတို့သိမှတ်နိုင်သည့် အချိန်ကာလအားဖြင့် နှစ်၊ လ၊ ရက်၊ နာရီမည်မျှ တင်ကြိုဖြစ်ရသနည်းဟူသော မေးခွန်း ပေါ်ပေါက်လာပါသည်။
Everything change, Nothing remain without change.
Everything change, Nothing remain without change. ဟူသော အဆုံးအမတော် အတိုင်း မြစ်ရေများ မနားတမ်း တသွင်သွင် စီးဆင်းနေသကဲ့သို့ ရုပ်ဓမ္မ နာမ်ဓမ္မ အစဉ် သည်လည်း မနားတမ်း ဖြစ်ပျက်ပြောင်းလဲ၍ နေပါသည်။ ဤမျှ သက်တမ်းတိုတောင်းသော ရုပ်တရားများထဲမှ မည်သည့်စက္ခုဝတ္ထု = စက္ခုပသာဒရုပ်က မြင်သိစိတ်ကို ရှေ့မှ ကြိုတင်ဖြစ်ကာ ကျေးဇူးပြုမည်နည်းဟု မေးစရာ ပေါ်ပေါက်လာပါသည်။
ရုပ်ကလာပ်များ၏ ဖြစ်တည်နေမှု
သေက္ချတောင်ဆရာတော် ဦးတိလောက ပြုစုတော်မူခဲ့သည့် ကျမ်းစာအုပ်တွင် ရုပ်ကလာပ်များ ဖြစ်တည်နေမှုကို အလွန်တိကျစွာဖြင့် ဖော်ပြထားပါသည်။
“အခြေခံရုပ်ကလာပ်ကို ပရမတ္ထရုပ်ကလာပ်ဟု မှတ်ကြ၊ ပရမတ်ရုပ် ကလာပ်မည် သည်ကား တစ်ပါးကို တစ်ပါး မမှီတွယ်ရဘဲ မဖြစ်နိုင်ကြ၊ မတည်နိုင်ကြ၊ ထိုသို့ မဖြစ်နိုင်၊ မတည်နိုင်ကြသောကြောင့် ဘယ်ရုပ်က အောက်က၊ ဘယ်ရုပ်က အထက်က၊ ဘယ်ရုပ်က လက်ဝဲ၊ ဘယ်ရုပ်ကလက်ယာ၊ ဘယ်ရုပ်ကအတွင်း၊ ဘယ်ရုပ်က အပြင်က ဟု ရွေးချယ်မရဘဲ တစ်ခုတည်း ဖြစ်နေကြ၏။ ထို့ကြောင့် တစ်ခုစီကွဲသွားအောင် ခွဲခြား၍မရသော အဝိ နိဗ္ဘောဂရုပ်များအဖြစ် စုစည်းနေကြ၏။ ထိုရုပ်များသည် သဟဇာတသဘောဖြင့် အကုန်လုံး အတူတကွ တစ်ပြိုင်တည်းဖြစ်ပေါ်လာ၍ ပျက်လျှင်လည်း အကုန်လုံး အတူတကွ တစ်ပြိုင်တည်း ပျက်ကြလေ၏။ မြေဓာတ် လွန်ကဲသော ပရမတ္ထရုပ်ကလာပ်ပေါင်း သိန်း၊ သန်း၊ ကုဋေလောက် သမူဟကလာပ်များ ပေါင်းစုဖွဲ့ကြလျှင် ပရမာဏုမြူ ဖြစ်လာ၏။ ထိုပရမာဏုမြူ၏ အထည် ပမာဏ အရွယ်အစားကို ဤသို့သိရမည်”
“ဦးခေါင်းက သန်းတစ်ကောင်ကို ခုနစ်စိတ်စိတ်သော် တစ်စိတ်စာသည် လိက္ခာ မည်သော ပိုးတစ်ကောင်နှင့် ညီမျှသည်” ‘ထိုလိက္ခာပိုးသည် ဝဲနာ၊ ယားနာ ဖြစ်စေသော ပိုးဖြစ်ကြောင်း ယနေ့ ဆေးသိပ္ပံက အတည်ပြုကြပါသည်။’
“ထိုပိုးကောင်ငယ်တစ်ကောင်ကို ၃၆-စိတ် စိတ်သော် တစ်စိတ်သည် ရထရေဏုမြူ တစ်ခုနှင့် ညီမျှ၏” “ရထရေဏုမြူတစ်လုံးကို ၃၆-စိတ်စိတ်သော် တစ်စိတ်သည် တဇ္ဇာရီမြူ တစ်ခုနှင့် ညီမျှ၏”
“တဇ္ဇာရီမြူတစ်လုံးကို ၃၆-စိတ်စိတ်သော် တစ်စိတ်သည် အဏုမြူ Atom တစ်ခုနှင့် ညီမျှ၏” “အဏုမြူ Atom တစ်လုံးကို ၃၆-စိတ်စိတ်သော် တစ်စိတ်သည် ပရမာဏုမြူ Partical တစ်ခုနှင့် ညီမျှ၏”
ကျမ်းညွှန်း * Livescience.com
Energy မျှသာရှိပြီး Weight, Mass, Form, Dimension မရှိပေ
ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ အဘိဓမ္မာတရားတော်အရ အနုမြူ Atom တစ်လုံးတွင် ပရမာဏုမြူ Partical ၃၆-မျိုးဖြင့် ဖွဲ့စည်းထားကြောင်း နားလည်ရမည် ဖြစ်ပါသည်။ ယခုအခါ သိပ္ပံပညာရှင်များကရုပ် Matter ကို အထပ်ထပ် ခွဲခြမ်းစိတ်ဖြာကာ လေ့လာသောအခါရုပ်၌ အနှစ်အဆန် တစ်စုံတစ်ရာမှ မတွေ့ရှိတော့ဘဲ စွမ်းအင် Energy အဖြစ်သာရှိကြောင်း ဖော်ပြ လာကြပါသည်။ ထိုစွမ်းအင် Energy မျှသာရှိသော သဘောတရားတွင် ရုပ်တစ်ခု၌ ရှိသင့် ရှိထိုက်သည့် Weight အလေးချိန်၊ Mass ဒြပ်ထုသဘော၊ Form အဆင်းသဏ္ဌာန်၊ Dimension အရွယ်အစားပမာဏတို့ မရှိကြောင်းကို ယနေ့ ရူပဗေဒသိပ္ပံပညာရှင်များက တွေ့ရှိ လာပါသည်။
ဤတွေ့ရှိချက်က ရုပ်တွင် ထာဝရတည်မြဲသည့် အထည်ဒြပ်မရှိတော့ကြောင်း သက်သေ ထူနေပါသည်။ မြတ်စွာဘုရားရှင်က လွန်ခဲ့သည့် နှစ်ပေါင်း (၂၅၀၀)ကျော်ကပင် သိရှိတော် မူပြီး ‘ရူပံ ဘိက္ခေ၀ အနတ္တာ’ ဟု ဟောကြားတော်မူခဲ့သည့် တရားတော်နှင့် ယနေ့ တွေ့ရှိ ချက်သည် လွန်စွာမှ ညီညွတ်နေပေတော့သည်။
ဆဲလ် Cell ဟူသော ကလာပ်စည်း
ယနေ့သိပ္ပံပညာများ၏ လေ့လာတွေ့ရှိချက်တွင် သာမန်မျက်စိဖြင့် မမြင်မတွေ့ နိုင်လောက်အောင်ပင် အလွန့် အလွန်သေးငယ်သည့် အဏုမြူဓာတ်မှုန်များဖြင့် လူ့ခန္ဓာကိုယ်ကို ဖွဲ့စည်းတည်ဆောက်ထားကြောင်း ဖော်ပြပါသည်။ ထိုအဏုမြူဓာတ်မှုန်ကလေးတစ်ခုကို အက်တမ် Atom ဟု အမည်ပေးထားပါသည်။ ထိုအက်တမ်ကို ထပ်မံ၍ ခွဲခြမ်းစိတ်ဖြာသော အခါ ပရိုတွန် Proton ၊ နျူထရွန် Neutron နှင့် အီလက်ထရွန် Electron တို့ ပါဝင်နေကြောင်း တွေ့ရှိကြပါသည်။
Molecule & cell
လူ့ခန္ဓာကိုယ်တွင် ထိုအက်တမ် Atom တစ်ခုထက် ပိုပြီး ပေါင်းစပ်ကြီးထွားလာပါက မော်လီကျူး Molecule ဟုခေါ်သည်။ ဥပမာအားဖြင့် လူတိုင်းသိကြသည့် ရေ H2O ကို မော်လီကျူး Molecule ဟုခေါ်သည်။ ထိုမော်လီကျူး Molecule များစနစ်တကျ ဖွဲ့စည်း လာသောအခါ ဆဲလ် Cell ဟူသော် ကလာပ်စည်းများ ဖြစ်လာပါသည်။ လူ၏ခန္ဓာကိုယ်ကို ယေဘူယျအားဖြင့် Cell ဟုခေါ်သော ကလာပ်စည်းပေါင်း 30 Trillions ခန့်ဖြင့် ဖွဲ့စည်း ထားပါသည်။ ( 1 Trillion = 1000,000,000,000 ။ ၁-၏နောက်က သုည ၁၂-လုံးရှိသည့် သင်္ချာကြီးကို ၁-ထရီလီယန်ဟု ခေါ်ပါသည်။)
လူတစ်ယောက်၌ ၁-စက္ကန့်လျှင် Cell ဟူခေါ်သော ကလာပ်စည်းပေါင်း 3000,000,000 သုံးဘီလီယန် သေကြေပျက်စီးနေပါသည်။ အသစ်အသစ်ဖြစ်ပြီး ဖြည့်နေသည်ကလည်း အရေအတွက် တူညီနေပါသည်။ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ကလပ်စည်းများ သေကြေပျက်စီးသည့်နှုန်းက များပြီး ပြန်လည် ဖြည့်တင်းရန် အသစ်ဖြစ်သည့် ကလာပ်စည်းက နည်းပါးလာလေသည်။ (Cells are constantly dying and new ones are being made simultaneously.) ဟု သိပ္ပံက ဆိုလေသည်။
မိမိတို့၏ ခန္ဓာကိုယ်တွင်ဖြစ်နေသည့် ထိုထိုအခြေအနေ အရပ်ရပ်ကို ပကတိမျက်စိဖြင့် မမြင်နိုင်ပါသော်လည်း အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ အသားအရေ ကြည်လင် တောက်ပမှု နည်းပါးလာပါသည်။ အရေပြားများ တောင့်တင်းမှုမရှိဘဲ လျော့ရဲကာ တွဲကျ လာသည်ကိုမူ တွေ့မြင်နိုင်ပါသည်။
ကလာပ်စည်းတစ်ခုသည် သူ၏တာဝန်ထမ်းဆောင်ပြီးလျှင် ပျက်သွားပါသည်
သိပ္ပံပညာ၏တွေ့ရှိချက်တွင် Cell ဟုခေါ်သော ကလာပ်စည်းတစ်ခုခြင်းစီ၊ တစ်ခုခြင်း စီသည် အငြိမ်မနေဘဲ လှုပ်လှုပ်ရွရွ၊ လှုပ်လှုပ်ရွရွဖြစ်ပြီး လှုပ်ရှား နေကြောင်းနှင့် အသေအချာ လေ့လာကြည့်သောအခါတွင် ကလာပ်စည်း တစ်ခုခြင်းသည် သူတို့၏တာဝန် ပြီးဆုံးသည်နှင့် ပျက်၍၊ ပျက်၍၊ ပျက်၍သွားနေသည့် အစဉ်အတန်းကြီးကို ပညာရှင်များက တွေ့ရှိလာကြ ပါသည်။ သို့သော် လူပုဂ္ဂိုလ်က ဤဖြစ်စဉ်ကို မည်သို့မှ ခံစားမှု မရှိနိုင်သကဲ့သို့၊ ပကတိ မျက်စိနှင့်လည်း မမြင်ကြရပေ။
Cell ဟုခေါ်သော ကလာပ်စည်းတစ်ခု ပျက်စီးနေသည့်နှုန်း (သို့မဟုတ်) ဆဲလ်တစ်ခု အသက်ရှင်နိုင်သည့် သက်တမ်းမှာ Nano one second သာ ရှိလေသည်။ Nano one second ဟူသည် ၁-စက္ကန့်၏ သန်းတစ်ထောင်ပုံ တစ်ပုံဖြစ်ပါသည်။
တစ်နည်းပြောရလျှင် ၁-စက္ကန့်ကို 1000,000,000 သန်းတစ်ထောင်နှင့်စား၍ ရသည့် အချိန်ကို Nano one second ဟု ခေါ်ပါသည်။ အမေ့ဗိုက်ထဲတွင် သန္ဓေတည်သည့် အချိန်က စ၍ အဆိုပါ ဖြစ်စဉ်အတိုင်း ဖြစ်၍ ပျက်၍သာနေ၏။
ရုပ်ကလာပ်တစ်ခု၏ အသက်သည် စိတ်၏အသက် ခဏငယ် (၁၇ x ၃ = ၅၁) ချက်နှင့် ညီမျှ၏။ ရုပ်၏ ဥပါဒ် ခဏနှင့် ဘင်ခဏသည် ခဏေငယ်တစ်ချက်စီသာ ကြာပါသည်။ ရုပ်၏ဌီခဏမှာမူ ခဏငယ် ၄၉-ချက် ကြာပါသည်။ ထို့ကြောင့် လက်ဖျစ် ၁-တွက်၊ မျက်စိ တစ်မှိတ်၊ လျှပ်တစ်ပျက် ကာလတိုအတွင်း၌ ရုပ်ကလာပ်ပေါင်း ကုဋေပေါင်း ၅၈၀၀-ကျော် ပေါ်ပြီးပျောက် ဖြစ်ပြီး ပျက်နေကြပါသည်။ ထို့ကြောင့် ရုပ်ကလာပ်တစ်ခု၏ အသက်သည် ၁-စက္ကန့်ထက်ပင် တိုတောင်းသော လက်ဖျစ် ၁-တွက်၊ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပျက်အချိန်၏ ကုဋေ ၅၈၀၀-ပုံ တစ်ပုံခန့်သာ ရှိလေသည်။
စက္ခုပသာဒ မျက်စိရုပ်ကလည်း ပရမတ်
ရူပါရုံအဆင်းကလည်း ပရမတ် ဖြစ်ပါသည်။ မြင်သိစိတ်ကလည်း ပရမတ် ဖြစ်ပါသည်။ ရူပါရုံနှင့် စက္ခုပသာဒတို့သည် ပင်ကိုသဘောအားဖြင့် ဖောက်ပြန် ပြောင်းလဲနေပါသည်။ သူလိုကိုယ်လို သာမန်လူသား တစ်ယောက်အနေဖြင့် ဤသို့ခိုင်မြဲမှုမရှိ၊ အနှစ်သာရမရှိသော ဓမ္မသဘာဝတရားသက်သက်ကို ဓမ္မသဘာ၀ သက်သက်အဖြစ် သိရှိ နားလည် သဘော ပေါက်ကာ လက်ခံရန် လွန်စွာပင် ခက်ခဲပါသည်။
ထို့ကြောင့်ပင် ရူပါရုံနှင့် စက္ခုပသာဒတို့ တိုက်ဆုံမှုကြောင့် ဖြစ်ပေါ်လာသည့် မြင်ခြင်း ပေါ်မူတည်ပြီးလည်းကောင်း၊ ကြားခြင်း၊ နံခြင်း၊ ထိတွေ့ခြင်း စသည်ပေါ်မူတည်ပြီး ဖြူနီဝါပြာ အရောင်အသွေး အဆင်းသဏ္ဌာန် form၊ အဝိုင်းလေးတောင့် အရွယ်အစားပမာဏ Dimension ၊ အလေးချိန် Weight ဒြပ်သဘော Mass ဟူ၍ ပညတ်ဝေါဟာရ တင်ကြပါသည်။
အသိမှား၊ အမြင်မှား
တစ်ဖက်တွင်လည်း စက္ခုပသာဒ သက်သက်ဖြစ်သော ဓမ္မသဘာဝကို မသိနိုင်သဖြင့် “ငါ့မျက်စိ ကြည့်ကောင်းတယ်၊ ငါ့မျက်စိလှတယ်၊ ငါ့မျက်စိ အမြင်အားမကျသေးဘူး”ဟု အတ္တ၊ မာန ဖြစ်ကြတော့သည်။ ပရမတ္ထတရား၏ အထင်အရှား မရှိသည့်သဘာဝကို အမှန်အတိုင်း သိရှိနားလည်သဘောပေါက်ရန် ခက်ခဲသဖြင့် မိမိတို့ နားလည် သကဲ့သို့ ပြောင်းလဲခေါ်ဝေါ် ကြခြင်း ဖြစ်ပါသည်။
မျက်စိဟူသော စက္ခုပသာဒရုပ်တရားသည် အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားမျှသာဟု မသိနိုင်သေးသမျှ ကာလပတ်လုံး သံသရာကြောမှာ ရှည်ကြာသရွေ့ မျောပါကာ “ငါ့မျက်စိကောင်းအောင် ဘုရားသခင်က စောင့်ရှောက်ပေးထားလို့ ကောင်း နေတာ” ဟူ၍ လည်းကောင်း၊ “နတ်တွေ စောင့်ရှောက်ပေးထားလို့ ကောင်းနေတာ” ဟူ၍ လည်းကောင်း၊ “ဘာအကြောင်းကြောင့်မှ မဟုတ်ဘူး၊ သူ့အလိုလို ငါ့မျက်စိတွေ ကောင်း နေတာ” ဟူ၍ လည်းကောင်း ယူနေကြပါသည်။ ဉာဏ်နည်းလွန်းသောကြောင့် မူလသဘာ၀ အကြောင်းတရားက ပျောက်နေခြင်း ဖြစ်ပါသည်။
အမှန်တကယ်တွင်မူ လူဟုသမုတ်ထားသော်လည်း ရုပ်အမှုန်များစွာဖြင့် ရုပ်ကို တည်ဆောက်ထားပါသည်။ ၎င်းရုပ်မှုန်များလည်း ပေါ်ပြီးပျောက်နေသည့် သဘောတရား မျှသာဖြစ်သည်။ နာမ်တရားအပိုင်းတွင်လည်း အလွန့်အလွန် တိုတောင်းသည့်ကာလတိုအတွင်း ၌ပင် ပေါ်ပြီးပျောက် ဖြစ်ပေါ်လာပြီး ချုပ်နေသည့် သဘောတရားမျှသာ ရှိလေသည်။
ကျမ်းညွှန်း * ခွဲစိတ်ဆရာဝန် ဒေါက်တာစိန်လင်း၏ နယသာဂရ ပဌာန်းတရားတော် (စတုတ္ထအကြိမ်)၊ (၂၀၁၀-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်)။
ရုပ်သက်တမ်းနှင့် စိတ်သက်တမ်း
ဤနေရာတွင် ရုပ်၏သက်တမ်းနှင့် စိတ်၏သက်တမ်းတို့ကို ထပ်မံ၍ ပြဆိုပါဦးမည်။ ရုပ်၏ သက်တမ်းသည် စိတ္တခဏ ၁၇ – ချက်(ဝါ) = ခဏငယ် ၅၁-ချက်မျှသာရှိ၏။ ရုပ်၏ အသက်ကို တိတိကျကျပြရလျှင် အတီတဘဝင်၏ ဥပါဒ်ခဏမှ စတင်ဖြစ်လာသည့် ရူပါရုံသည် ဒုတိယတဒါရုံစိတ်၏ ဘင်ခဏ၌ ချုပ်ပျောက် သွားပါသည်။
တစ်နည်း ထပ်မံရှင်းပြရသော် Mental process တွင် မျက်စိနှင့် အဆင်းဆုံကာမျှဖြင့် မြင်သိစိတ် စက္ခုဝိညာဉ် မပေါ်နိုင်သေးကြောင်း ဦးစွာ သတိပြုရပါမည်။
“တီ၊ န၊ ဒ၊ ပ၊ စ” တီ=အတီတဘဝင်၊ န=ဘဝင်္ဂစလန၊ ဒ=ဘဝင်္ဂုပစ္ဆေဒ၊ ပ=ပဉ္စဒွါရ ဝဇ္ဇန်းပြီးမှသာ စက္ခုဝိညာဏ် မြင်သိစိတ် ပေါ်ပေါက်လာ၏။ ထို့ကြောင့် မြင်သိစိတ်ပေါ်ရန် ရှေ့တွင် တီ၊ န၊ ဒ၊ ပ ဟူသော Mental Process ထဲမှ စိတ္တက္ခဏ ၄-ချက် ဖြစ်ပေါ်ပေးရပါသည်။
လက်ဖျောက်တစ်တွက်တီး ကုဋေတစ်သိန်းနှုန်းဖြင့် ပေါ်ပြီးပျောက်၊ ဖြစ်ပေါ်လာပြီး ချုပ်နေသည်ဟူသော Process ၏ အလွန့်အလွန် တိုတောင်းလှပြီး၊ ဂဏန်းချပြရန်ပင် မဖြစ် နိုင်လောက်အောင် ကာလတိုကလေး ဖြစ်သော စိတ္တက္ခဏ ၄-ချက်စော၍ ပုရေဇာတ Born earlier ကြိုတင်ဖြစ်နှင့်၍ ကျေးဇူးပြုသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ပစ္စနိဒ္ဒေသ ပါဠိတော်တွင် “စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော” ဟု လာရှိပါသည်။ စက္ခုဝတ္ထုက စက္ခုဝိညာဉ်ကို ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြု၏။
ထို့ကြောင့် မျက်စိအကြည် စက္ခုပသာဒရုပ်၏ သက်တမ်းသည်လည်း ဤမျှသာ ရှိပေ သည်။ စိတ္တက္ခဏတိုင်း၊ စိတ္တက္ခဏတိုင်း၌ စက္ခုပသာဒရုပ်များ အသစ်အသစ်ဖြစ်နေသဖြင့် တဆက်တည်း ထင်ရလောက်အောင် မြင်နေရခြင်း ဖြစ်၏။ စာပေကျမ်းဂန် ဗဟုသုတအနေဖြင့် ဝီထိပိုင်း Mental process ကို သိရှိသူအဖို့ နားလည်ရန် မခက်ခဲနိုင်ပါ။ ဝိပဿနာတရားကို နည်းစနစ် မှန်ကန်စွာ အားထုတ်သည့် ယောဂီအဖို့လည်း သိနိုင်သည်။
စက္ခုပသာဒက စက္ခုဝိညာဉ်ကို ကျေးဇူးပြုရာတွင် ၄-ပစ္စည်းရှိ၏
မျက်စိအကြည်ရုပ်လည်း ရှိရမည်၊ အဆင်းရူပါရုံလည်း ရှိရမည်၊ ထိုနှစ်ခုဆုံမှသာ မြင်သိစိတ် ဖြစ်ပေတော့မည်။ ဤသို့အကြောင်းမဆုံနိုင်ပါက မြင်သိစိတ် မဖြစ်ပေါ်နိုင်ပါ။ စန္ဒယားတီးသည့် ဥပမာပြရလျှင် စန္ဒယားကြိုးလည်း ရှိရမည်၊ စန္ဒယားခလုတ်လည်း ရှိရမည်။ ထိုအကြောင်းတရားများပေါ် အမှီပြုပြီး စန္ဒယားသံထွက်ပေါ်လာခြင်း ဖြစ်သကဲ့သို့ မျက်စိ အကြည်ရုပ်ကို အမှီပြုပြီး မြင်သိစိတ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ စက္ခုပသာဒက စက္ခု ဝိညာဉ်ကို ၅-ပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။ ၎င်းတို့မှာ –
၁- နိဿယပစ္စည်း၊ ၂-ပုရေဇာတပစ္စည်း၊ ၃-အတ္ထိပစ္စည်း၊ ၄-အဝိဂတပစ္စည်းနှင့် ၅-ဣန္ဒြိယ ပစ္စည်းတို့ ဖြစ်၏။
၂- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၃- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော။
၄- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၅- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော။
၆- စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ပဋ္ဌာန်းပစ္စယနိဒ္ဒေသတွင် စက္ခုပသာဒက စက္ခုဝိညာဉ်ကို ကျေးဇူးပြုရာတွင် ၅-ပစ္စည်းရှိရာ –
၁- နိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟူသည် support condition စက္ခုပသာဒက မှီရာနိဿယအဖြစ်ဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။
၂- ပုရေဇာတပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟူသည် စက္ခုပသာဒက Born earlier ရှေ့ကဖြစ်နှင့်ပြီး ကျေးဇူးပြုခြင်း ဖြစ်သည်။
၃- အတ္ထိပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟူသည် စက္ခုပသာဒ မချုပ်သေးခင် ထင်ရှား ရှိဆဲကာလ Presence condition တွင် ကျေးဇူးပြုခြင်း ဖြစ်သည်။
၄- အဝိဂတဖြင့် ကျေးဇူးပြုခြင်းဟူသည် စက္ခုပသာဒက စက္ခုဝိညာဏ်ကို ကျေးဇူးပြု သောအခါ စက္ခုပသာဒက ရှေးဦးစွာဖြစ်ပြီး ထင်ရှားရှိနေရုံသာမက မကင်းနိုင်သည့် သဘော non- disappearance condition ဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။
၅- ဣန္ဒြိယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟူသည် မြင်ခြင်းကိစ္စတွင် စက္ခုပသာဒက Faculty condition အစိုးရခြင်းဖြင့် မြင်သိစိတ်ကို ကျေးဇူးပြုသည်။
ဖြစ်တူ၊ ပျက်တူ၊ အာရုံတူ၊ မှီရာတူ
စက္ခုပသာဒက ရုပ်တရားဖြစ်ပြီး၊ စက္ခုဝိညာဉ်က နာမ်တရားဖြစ်ပါသည်။ ရုပ်နှင့်နာမ်၊ နာမ်နှင့် ရုပ်တို့ ကျေးဇူးပြုရာတွင် သမ္ပယုတ္တယှဉ်စပ်၍ ကျေးဇူးမပြုပါ အကြောင်းမှာ “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော” ဟု ဟောတော်မူပါသည်။ သမ္ပယုတ္တတရား၌ ဖြစ်လည်းအတူတူ၊ ပျက်လည်းအတူတူ၊ အာရုံလည်းအတူတူ၊ မှီရာလည်းအတူဟူသော တူ ၄-ချက် ပြည့်စုံရပါမည်။
စက္ခုဝိညာဉ်နှင့် စက္ခုပသာဒတို့ ကျေးဇူးပြုရာတွင် စက္ခုဝိညာဉ်က စိတ္တက္ခဏ ၄-ချက်လွန်မှ ဖြစ်သဖြင့် ဖြစ်တာတူတူ မရတော့ပါ။ စက္ခုဝိညာဉ်က ဖြစ်၊ တည်၊ ပျက် ချုပ်သွား သော်လည်း ဝတ္ထုရုပ်က မချုပ်သေးသဖြင့် ပျက်တာတူတူလည်း မရပါ။ ထို့ကြောင့် သမ္ပယုတ္တ တရားမရဘဲ ဝိပ္ပယုတ္တသာရခြင်း ဖြစ်ပါသည်။ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပသာဒနှင့် ကာယပသာဒတို့ကိုလည်း စက္ခုပသာဒနည်းတူ ယူပါလေ။
မနောဓာတုနှင့် မနောဝိညာဏဓာတုအကြောင်း “ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”
၁- မနောဓာတု = မနောဓာတ် = သမ္ပဋိစ္ဆိုင်း = အာရုံကို လက်ခံသည့်စိတ် = သိရုံမျှ သိရုံမျှသာ၊
၂- မနောဝိညာဏဓာတု = မနောဝိညာဏဓာတ် = သန္တီရဏစိတ် = အားရှိပါးရှိ ထိထိမိမိ အသိဆုံးစိတ်၊
၃- ဝုဋ္ဌော = မနောဒွါရာဝဇ္ဇန်းစိတ် ပဋိသန္ဓေနောင် ဘဝင် ၁၆-ကြိမ် ဖြစ်ပါသည်။ လူ့ဘဝ၌ ပထမပဋိသန္ဓေစိတ်ဖြစ်ပါက မဟာဝိပါက်စိတ် ဖြစ်မည်။ မဟာဝိပါက် စိတ်သည် မနောဝိညာဏဓာတ် ဖြစ်သည်။ ထို့ကြောင့် မဟာဝိပါက်စိတ် = မနော ဝိညာဏဓာတ်။
ကျမ်းညွှန်း * တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော်ကြီး၏ ဗုဒ္ဓမြတ်စွာ၏နည်းသမုဒ္ဒရာ (၂၀၀၈-ခုနှစ်) တွင် ပုံနှိပ်ထုတ်ဝေသည်။
ဝိပဿနာဉာဏ်
စက္ခုပသာဒအကြည်က ရုပ်တရား ဖြစ်ပါသည်။ စက္ခုဝတ္ထုကလည်း ရုပ်တရားဖြစ်သည်။ ၎င်းကိုမှီပြီး ဖြစ်ပေါ်လာသည့် မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ ထိသိစိတ်တို့က နာမ်တရား ဖြစ်ပါသည်။
ပုရေဇာတပစ္စည်းကို လေ့လာခြင်းအားဖြင့် ရုပ်တရားနှင့် နာမ်တရားတို့သည် ယခုကဲ့သို့ အပြန်အလှန် အမှီသဟဲပြုနေကြောင်း ကွဲကွဲပြားပြား နားလည်လာသည်ကို နာမရူပ ပရိစ္ဆေဒ ဉာဏ်ဟု ခေါ်ပါသည်။
ဤပသာဒအကြည်ရုပ်နှင့် ရူပါရုံအဆင်းဟူသော အကြောင်းကြောင့် မြင်သိစိတ် ဟူသော အကျိုးတရားပေါ်နေကြောင်းကို သိရှိကာ ဉာဏ်သက်ဝင်လာနိုင်ခြင်းကို ပစ္စယ ပရိဂ္ဂဟဉာဏ်ဟု ခေါ်ပါသည်။
စူဠသောတာပန်
အဋ္ဌကထာဆရာအရှင်ဖြစ်တော်မူသော အရှင်မဟာဗုဒ္ဓဃောသက ဤနာမရူပ ပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါး ပြည့်စုံသူကို “ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာ ပန္နော နာမ ဟောတိ” သာသနာတော်၌ ရပ်တည်ရာရသွားသူ၊ သက်သာရာရသွားသူ သောတာပန် အငယ်စားဟု တင်စားတော်မူပါသည်။
“သစေ ဝိပဿနာသမ္မာဒိဋ္ဌိ ဘာဝိတာ ဒိဋ္ဌေ၀ ဓမ္မေ အရဟတ္တံ ပါပေတုံ သက္ကောတိ၊ ဣစ္စေတံ ကုသလံ။ သစေ န သက္ကောတိ သတ္တ ဘေ၀ ဒေတိ”
“ဝိပဿနာသမ္မာဒိဋ္ဌိသည် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်သို့ ရောက်စေခြင်းငှာ တတ်စွမ်းနိုင်၏။ အကယ်၍ မစွမ်းနိုင်သည်ဖြစ်အံ့၊ ခုနစ်ခုသော ဘဝတို့ကိုပေး၏”။ ဤနေရာ တွင် ဝိပဿနာသမ္မာဒိဋ္ဌိကို ဝိပဿနာဉာဏ်ဟု ယူရပါမည်။ အဘယ်ကြောင့် ဆိုသော် ‘ဝိပဿနာဉာဏံ ဝိပဿနာသမ္မာဒိဋ္ဌိ’ ဟုအင်္ဂုတ္တိုရ်ဋီကာ နှာ-၂၂၅ က ဖွင့်ဆိုထားသောကြောင့် ဖြစ်ပါသည်။
နိုင်ငံတော် သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကလည်း “အခုလို ပဋ္ဌာန်း တရားတွေ သင်ယူနာကြားပြီး ပစ္စယပရိဂ္ဂဟဉာဏ်ဖြစ်တဲ့အတွက် ရဟန္တာဖြစ်တဲ့ဘဝမှာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်နိုင်တယ်” ဟု မိန့်တော်မူဖူးပါသည်။
ကျမ်းညွှန်း * ဝိသုဒ္ဓိမဂ် ဒုတိယတွဲ (နှာ-၂၄၀)
* ဒုတိယဝဂ္ဂဝဏ္ဏနာ၊ ဧကဓမ္မပါဠိ၊ ဧကကနိပါတ၊ အင်္ဂုတ္တရအဌကထာ (နှာ-၃၆၉)
‘နေတံ မမ’ ငါ့ဥစ္စာမဟုတ်
အာရမ္မဏပုရေဇာတဟူသည် ရှေးကဖြစ်နှင့်သည့် အာရုံ (Object) အဖြစ်နှင့် ကျေးဇူး ပြုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မျက်စိပသာဒ အကြည်ရုပ်များသာ ရှေးကဖြစ်နှင့်ရသည် မဟုတ်ဘဲ အာရုံကလည်း ကြိုတင် ဖြစ်နှင့်ရပါသည်။
ပစ္စယနိဒ္ဒေသပါဠိတော်၌ “ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော” ဟု လာရှိပါသည်။ ဆိုလိုသည်မှာ အဆင်းအာရုံက မြင်သိစိတ်ကို ပုရေဇာတသတ္တိနှင့် ကျေးဇူးပြု၏။ ရူပါရုံက အတီတဘဝင် ဥပါဒ်ခဏမှစ၍အရင် Born earlier ဖြစ်နှင့်ပြီး၊ စက္ခုဝိညာဏ်ကို ကျေးဇူးပြုပါသည်။ ၎င်းကို အာရမ္မဏပုရေဇာတဟု ခေါ်သည်။
ထို့ကြောင့် မြင်သိစိတ် စက္ခုဝိညာဏဖြစ်ပေါ်လာနိုင်ရန် တည်ရာမှီရာ Base အဖြစ် ကျေးဇူးပြုခြင်းကို ဝတ္ထုပုရေဇာတ။ မြင်သိစိတ် စက္ခုဝိညာဏဖြစ်ပေါ်လာနိုင်ရန် အာရုံ Object အဖြစ် ကျေးဇူးပြုခြင်းကို အာရမ္မဏပုရေဇာတ ဖြစ်ပါသည်။ ကျန်သည့် နား၊ နှာခေါင်း၌ ကြားသိစိတ်၊ နံသိစိတ်တို့ကိုလည်း အလားတူ နားလည်ရပါမည်။
ယခုကဲ့သို့ နားလည်လာသူအနေဖြင့် မြတ်စွာဘုရား ဟောကြားတော်မူသည့် –
“နေတံ မမ နေသောဟမသ္မိ န မေသော အတ္တာ”
ဤခန္ဓာငါးပါး အစုအဝေးကြီးသည် ‘နေတံ မမ’ ငါ့ဥစ္စာမဟုတ်၊
ဤခန္ဓာငါးပါး အစုအဝေးကြီးသည် ‘နေသောဟမသ္မိ’ ငါမဟုတ်၊
ဤခန္ဓာငါးပါးအစုအဝေးကြီးသည် ‘န မေသော အတ္တာ’ ငါ၏အတ္တမဟုတ်ဟု နားလည်ရန် လမ်းစ ပေါ်လာပေလိမ့်မည်။
“အကြောင်းစုံမှ ဖြစ်လာပြီး တစ်ခဏမှ မတည်တံ့ဘဲ ပျက်နေတဲ့ သဘာဝတရား သက်သက် Natural phenomena ပါလား မြဲနေတာလည်း မရှိပါလား၊ ငါ့ဥစ္စာလို့လည်း ပြောမရ၊ ငါလည်းမဟုတ်” ဟု တစ်ချိန်ချိန် နားလည်ရန် လမ်းစပေါ်နိုင်သည်။ ထို့ကြောင့် ပဋ္ဌာန်း ၂၄-ပစ္စည်းသည် ခန္ဓာငါပါး သဘာဝဓမ္မကို ဖော်ပြသည့် ဝိပဿနာတရား ရှုမှတ်ရန် လမ်းညွှန်များ ပေတည်း။
ပုရေဇာတပစ္စည်း၊ ပစ္စယုပ္ပန်
ဝတ္ထုပုရေဇာတ၌ ပစ္စည်းဟူသောအကြောင်းတရားမှာ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထုဟူ၍ ဝတ္ထုရုပ် ၆-မျိုးဖြစ်၏။
အာရမ္မဏပုရေဇာတ၌ ပစ္စည်းဟူသောအကြောင်းတရားမှာ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဟူ၍ အာရုံရုပ် ၅-ပါးဖြစ်၏။
ဝတ္ထုပုရေဇာတ၌ ပစ္စယုပ္ပန်ဟူသောအကျိုးတရားမှာ စက္ခုဝိညာဏဓာတ်၊ သောတ ဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှါဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ် ၇-ပါးနှင့် ယှဉ်ဖက်စေတသိက်များ၊ အာရမ္မဏပုရေဇာတ၌ ပစ္စယုပ္ပန် ဟူသော အကျိုးတရားမှာ ဝိညာဏဓာတ် ၆-ပါးနှင့် ယှဉ်ဖက် စေတသိက်များ။
ပုရေဇာတပစ္စည်း၏ သင်္ချာ
ပုရေဇာတပစ္စည်း၏ သင်္ချာမှာ – ၃ ဖြစ်ပါသည်။ ထို့ကြောင့် “ပုရေဇာတေ တီဏိ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို တစ်ဖက်ပါအတိုင်း လေ့လာနိုင်ပါသည် –
အဗျာကတ သင်္ချာ – ၃
(၁) ဗျာ – ဗျာ (၂) ဗျာ – ကု (၃) ဗျာ – အကု
Matter to Mind
ပုရေဇာတပစ္စည်းသည် ရုပ်တရားက နာမ်တရား (Matter to Mind)ကို ကျေးဇူးပြုသော ပစ္စည်းဖြစ်သည်။
ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား
၁။ ဝတ္ထုပုရေဇာတ
(က) ရုပ်တရားက နာမ်တရား Matter to Mind ကို ကျေးဇူးပြုရာတွင် –
ပစ္စယဟူသောအကြောင်းတရားမှာ- ဝတ္ထုရုပ်-၆ပါးဖြစ်သည်။
ပစ္စယုပ္ပန္နဟူသောအကျိုးတရားမှာ – အရူပဝိပါက်-၄ပါး ကြဉ်သောစိတ်-၈၅ပါးနှင့် စေတသိက်-၅၂ ပါးတို့ ဖြစ်သည်။
၂။ အာရမ္မဏပုရေဇာတ
(ခ ) ရုပ်တရားက နာမ်တရား Matter to Mind ကို ကျေးဇူးပြုရာတွင် –
ပစ္စယဟူသောအကြောင်းတရားမှာ- ပစ္စုပ္ပန်နိပ္ဖန္နရုပ် – ၁၈ပါး တို့ ဖြစ်သည်။
ပစ္စယုပ္ပန္နဟူသောအကျိုးတရားမှာ- ကာမစိတ်-၅၄ ပါး၊ ဒိဗ္ဗစက္ခုအဘိညာဉ်နှင့် ဒိဗ္ဗသောတအဘိညာဉ် ၂-ပါးတို့ ဖြစ်သည်။
ပုရေဇာတနှင့် မျိုးတူသည့်ပစ္စည်းမှာ (ဝတ္ထုပုရေဇာတ)၌ ၆-ပါးဖြစ်ပါသည်။ ၎င်းတို့မှာ ၁-ဝတ္ထုပုရေဇာတ၊ ၂-ဝတ္ထုပုရေဇာတနိဿယ၊ ၃-ဝတ္ထုပုရေဇာတိန္ဒြိယ၊ ၄-ဝတ္ထုပုရေဇာတ ဝိပ္ပယုတ္တ၊ ၅-ဝတ္ထုပုရေဇာတတ္ထိနှင့် ၆-ဝတ္ထုပုရေဇာတအဝိဂတတို့ ဖြစ်ပါသည်။
(အာရမ္မဏပုရေဇာတ)၌ ၈-ပါး ဖြစ်ပါသည်။ ၎င်းတို့မှာ ၁-ပုရေဇာတ၊ ၂-အာရမ္မဏ၊ ၃-အဓိပတိ၊ ၄-နိဿယ၊ ၅-ဥပနိဿယ၊ ၆-ဝိပ္ပယုတ္တ၊ ၇-အတ္ထိ နှင်၈-အဝိဂတတို့ ဖြစ်ပါသည်။ ဝတ္ထုပုရေဇာတနှင့် အာရမ္မဏပုရေဇာတတို့၌ ပါဝင်သည့် ပစ္စည်းများအနက် တူရာ၊ တူရာ ၈-ပါးသာ ရှိပါသည်။