အခန်း – ၁

ဘုဉ်းပေးခြင်းဆိုင်ရာ ဘုရားဥပဒေတော်

၁။ ကာလိက ၄-ပါး

ဆရာတော် ။ ။ ရဟန်းဘဝဆိုတာ စားချင်တိုင်း စားလို့မရဘူး၊ သတ်မှတ် ပိုင်းခြားထားတဲ့အချိန်အတွင်း မှာမှ ဘုဉ်းပေးသုံးဆောင်ကြရတယ်။ ဒါကို ပါဠိလို ‘ကာလိက’ လို့ ခေါ်ပါတယ်။
MA ကျောင်းသား ။ ။ ပါဠိလို နားမလည်ပါဘုရား။ ကာလိက ဆိုတာကြီးက ဘာလဲဘုရား။
ဆရာတော် ။ ။ ကာလိကဆိုတဲ့ ပါဠိ စကားရဲ့အဓိပ္ပါယ်က ပိုင်းခြားသတ်မှတ်ထားတဲ့ အချိန်အခါမှာ မှီဝဲ သုံးဆောင်ရတဲ့ အစား၊ အသောက်တွေ ဖြစ်ပါတယ်။ နားလည်အောင် ပြောပြမယ်နော်။
ဘာ့ကြောင့်လဲဆိုရင် ကျောင်းသား၊ ကပ္ပိယတွေက ကာလိကလေးမျိုးအကြောင်းကို ပြည့်ပြည့်စုံစုံ သိထားမှသာလျှင် သံဃာတော်တို့ကို အချိန်အခါအားလျော်စွာ ဆက်ကပ်တတ်မယ်။ အမှား အယွင်းမရှိ ဆက်ကပ်တတ်မယ်။ ဒါကြောင့် တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြပေးမယ်နော်။
MA ကျောင်းသား ။ ။ မှန်ပါဘုရား။ မြန်မာ စကားနှင့်မှပဲ တပည့်တော်က ဖြစ်မှာပါဘုရား။
ဆရာတော် ။ ။ အချိန်အခါအားလျော်တဲ့ ကာလိက ၄-ပါး ရှိတယ်မောင်ကျောင်းသား၊ အဲဒါတွေကတော့ မနက် အရုဏ်တက်ချိန်ကနေ နေ့လည် နေမွန်းတည့်ချိန် တိုင်အောင် ဘုဉ်းပေးသုံးဆောင်ကောင်းတဲ့ အစားအစာတွေကို ‘ယာဝကာလိက’ ခေါ်ပါတယ်။
ဆရာတော် ။ ။ ဒုတိယက ‘ယာမကာလိက’ ခေါ်တယ်။ သူက ဒီကနေ့ မနက်အစောအရုဏ်တက်ချိန်ကနေ နောက်နေ့ မနက် အရုဏ်မတက်ခင် အချိန်အထိ သုံးဆောင်ကောင်းတဲ့ ဖျော်ရည် စတာတွေပါ။
MA ကျောင်းသား ။ ။ လူတွေသောက်သုံးတဲ့ ယမကာ ဆိုတာနှင့် စာလုံး နည်းနည်းဆင်တူတယ်ဘုရား။
ဆရာတော် ။ ။ မြန်မာဝေါဟာရ စကား လုံး-၃၉၇၀ ကျော် လောက်က ပါဠိကနေ နည်းမျိုးစုံနှင့် ဆင်းသက် ရောက်ရှိလာတာမို့ ဒီမှာလည်း ယာမကာလိက ကနေ ယမကာဖြစ်လာတာပါ မောင်ကျောင်းသား။
MA ကျောင်းသား ။ ။ မှန်ပါဘုရား။
ဆရာတော် ။ ။ အခုတစ်ခါ တတိယက ‘သတ္တာဟကာလိက’ ဆိုတာ သံဃာတော်များ ရက်သတ္တတစ်ပတ် သိုမှီ ပြီးသုံးဆောင်ကောင်းတဲ့ ပျားရည်၊ ထောပတ် စတာတွေပါ။
MA ကျောင်းသား ။ ။ မှန်ပါဘုရား။
ဆရာတော် ။ ။ အခုနောက်ဆုံး ‘ယာ၀ ဇီဝိက’က အသက်ထက်ဆုံးတိုင် သိုမှီသိမ်းဆည်း ဘုဉ်းပေးလို့ရတဲ့ အင်္ဂလိပ်ဆေး၊ မြန်မာဆေးတို့ ပါဝင်ပါတယ်။

၁။ ယာဝကာလိကဝတ္တု

Dr. အောင်သူ ။ ။ တပည့်တော်ကလည်း အသေးစိတ် သိချင်ပါသေးတယ်ဘုရား။
ဆရာတော် ။ ။ ကောင်းပါပြီ၊ ပထမ ဦးဆုံး ဒီနေ့ အရုဏ် တက်ချိန်ကစပြီး နေမွန်းမတည့်မီ ကာလအတွင်း ဘုဉ်းပေးသုံးဆောင်ကောင်းတဲ့ အရာတွေကို အသေးစိတ် ပြန်ပြောပြမယ်နော်။ အဲဒါကို ပါဠိလို ယာဝကာလိကဝတ္ထုလို့ ခေါ်တယ်နော်။
Dr. အောင်သူ ။ ။ မှန်ပါဘုရား … ယာဝကာလိက ဝတ္ထုဆိုတာ ဘာတွေပါပါသလဲဘုရား။
ဆရာတော် ။ ။ ယာဝကာလိကဝတ္ထုထဲ ဆွမ်းပါတယ်။ ဆွမ်းဟင်း၊ ဆွမ်းကျော်၊ မုန့်ဟင်းခါးဆွမ်း၊ ခေါက်ဆွဲ ဆွမ်း၊ အသီးသီး လူတွေစားနေကျ အစားအစာ အားလုံးပါတယ်။ သစ်သီးတွေ၊ သစ်ရွက်တွေ၊ သစ်မြစ်တွေ၊ သစ်ဖု၊ ခဲဖွယ်၊ စားဖွယ် အကုန်လုံးဟာ အရုဏ်တက်ပြီးတဲ့ အချိန်ကနေပြီးတော့မှ မွန်းမတည့်မချင်း သုံးဆောင်ကောင်းတဲ့ အစာအာဟာရတွေဖြစ်တယ်။
MA ကျောင်းသား ။ ။ ဒါဆိုလို့ရှိရင် ဘုရား တပည့်တော်က ဒီကနေ့ ကပ်လိုက်တဲ့ ငှက်ပျောသီးဆိုတော့ အသီးထဲမှာ ပါတယ်ဘုရား။ ဒီနေ့ မွန်းမတည့်မချင်းပဲ သုံး ဆောင်ကောင်းတာပါလားဘုရား။
ဆရာတော် ။ ။ မှန်ပါတယ်၊ မှန်ပါတယ်။
MA ကျောင်းသား ။ ။ ဒါဆို ပိုတဲ့ငှက်ပျောသီး ကို ဘာလုပ်ရမလဲဘုရား။
ဆရာတော် ။ ။ ပိုတဲ့ဟာကို အာလယ ပြတ် စွန့်လိုက်ရုံပါပဲ။
MA ကျောင်းသား ။ ။ ဘယ်ကို သွားစွန့်ပစ်ရ မလဲဘုရား။ ငှက်ပျော သီးကအများကြီးဥစ္စာ။
ဆရာတော် ။ ။ ဘယ်စွန့်ပစ်၊ စွန့်ပစ်ပေါ့။ ရဟန်းက သုံးဆောင်လို့မှ မရတော့တာ၊ မသုံးဆောင်ကောင်းတဲ့ပစ္စည်းဖြစ်သွားပြီလေ။
MA ကျောင်းသား ။ ။ ကပ္ပိယကို ပေးစွန့်လို့ ရပါသလားဘုရား။
ဆရာတော် ။ ။ ရတယ်၊ ရတယ်။
Dr. အောင်သူ ။ ။ ရှင်းပါပြီဘုရား။ နောက်နောင် တပည့်တော်ဘာသာ ငှက်ပျောသီးယူလာပြီး ကြွက်မကိုက်တဲ့ နေရာလေးတစ်နေရာမှာ သိမ်းဆည်းထားပြီးတော့မှ နေ့တိုင်း၊ နေ့တိုင်း အရှင်ဘုရားကို တစ်လုံး၊ နှစ်လုံး လောင်းလှူရင် ရပါသလားဘုရား။
ဆရာတော် ။ ။ ရပါတယ်၊ ရပါတယ်။ အဲဒါ ဘာမှအပြစ်မရှိပါဘူး။ လောင်းသူလည်း ကုသိုလ်ရ၊ အလှူခံပုဂ္ဂိုလ်မှာလည်း ချမ်းချမ်းသာသာ ဝိနည်းတော်နဲ့ အညီ ဘုဉ်းပေးလို့ရတာပေါ့ဒကာကြီး။

Loading