ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာ(၅)နိုင်ငံ ရှိသည့်အနက် မြန်မာနိုင်ငံသည်သာ ထေရဝါဒသာသနာ့အုတ်မြစ် ခိုင်ခံ့သည့်နိုင်ငံဖြစ်ပါသည်။ ရှေးရှေးမြန်မာမင်းများ လက်ထက်ကပင် ဗုဒ္ဓသာသနာတော်ကို ကာလရှည်ကြာ အသန့်ရှင်းဆုံး ထိန်းသိမ်းထားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာ့မြေပေါ်၌ ဗုဒ္ဓလက်ထက်တော်နှင့်မခြား ရာစုနှစ်ပေါင်းများစွာ တည်တံ့လာခဲ့သည့် ထေရဝါဒသာသနာတော်ကြီး ယုတ်လျှော့ကျဆင်း မသွားစေရန်မှာ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်တို့၏ သမိုင်းပေးတာဝန်ကြီးတစ်ရပ်ဖြစ်ပါသည်။
ဤတာဝန်ကို ပခုံးပြောင်းကာ ထမ်းဆောင်ကြမည့် တိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။
မြတ်ဗုဒ္ဓ၏ဒေသနာတော် လူငယ်များ၏နှလုံးသာထဲ စွဲမြဲတည်စေရန် သင်ကြား သင်ယူရေး လုပ်ငန်းစဉ်ကောင်း(Good Teaching and Learning Process) အသုံးပြုရမည်ဖြစ်ပါသည်။ ကမ္ဘာ့ပညာရှင်များက အသိမှတ်ပြုလက်ခံထားသည့် (CCA) Child- Centered Approach) နည်းစနစ်သည် ယနေ့ဗုဒ္ဓဘာသာဝင် လူငယ်များအတွက် အသင့်တော်ဆုံး နည်းစနစ်ကောင်းပင် ဖြစ်ပါသည်။
(CCA)သင်ကြားနည်းသည် ကလေးများကို ဘက်ပေါင်းစုံမှ နွေးထွေး ယုယကြင်နာစွာ သင်ကြားပေးသော နည်းဖြစ်ပါသည်။ သိပ္ပံနည်းလည်း ကျပါသည်။ ဗုဒ္ဓဒေသနာတော်နှင့်လည်း ညီညွတ်ပါသည်။ ကလေးများ၏ ပင်ကိုဉာဏ်ကို ဖွံဖြိုးတိုးတက်စေသော နည်းလမ်းကောင်လည်းဖြစ်ပါသည်။ ကလေးများ မိမိကိုယ်ကို ယုံကြည်၍ ဦးဆောင်နိုင်စွမ်းရည်ကို ပေါ်ထွက်လာစေပါသည်။
ထိုမျှမက ဗုဒ္ဓဘာသာ ယဉ်သွေးငယ်များ၏ရင်ထဲ ဉာတတ္ထစရိယာ၊ လောကတ္ထစရိယာ အကျင့်နှစ်ဖြာအတွက် ခိုင်မာသည့် အုတ်မြစ်ချပေးနိုင်သော သင်ကြားနည်းကောင်း ဖြစ်ပေသည်။ ထို့ကြောင့် ဤအဆင့်မြင့် သင်ကြားနည်းဖြင့် သင်ခန်းစာများကို သင်ကြားပေးနိုင်မည်ဆိုလျှင် တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်များ ယဉ်ကျေးလိမ္မာလာကာ အမျိုးဘာသာ သာသနာကို ဧကန်မုချ စောင့်ရှောက်နိုင်ပေတော့မည်။
536 total views, 3 views today