မာတိကာ

၂၁။ အတ္ထိပစ္စယော

Daily life Patthana

Atthi Paccayo(Presence condition)

 

ပစ္စုပ္ပန်သဘောဖြစ်ပြီး ထင်ရှားရှိသောအားဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

‘မြေမြင့်မိုရ်သည် ၊ ထိုထိုစိမ်းရွှင် ၊ မြက်သစ်ပင်အား ၊ ထောက်ပံ့လားသို့’ ဟု ဖွင့်ဆိုတော်မူကြသည်နှင့်အညီ မြင့်မားသောတောင်သည် ပေါက်ရောက်နေသော မြက်သစ်ပင်အား ထင်ရှားရှိသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ သဟဇာတတတ္ထိ ပုရေဇာတတ္ထိ ၊ ပစ္ဆာဇာတတ္ထိ ၊ အာဟာရတတ္ထိ ၊ ဣန္ဒြိယတ္ထိဟူသော အတ္ထိ (၅)မျိုးဆိုင်ရာ ရုပ်နာမ်တရားတို့သည် ယှဉ်ဖော် ယှဉ်ဖက် ရုပ်နာမ်တရားတို့အား ပစ္စုပ္ပန်သဘောဖြစ်သော ထင်ရှားရှိသောအားဖြင့် ကျေးဇူးပြုကြသည်။

 

အတ္ထိ၏ အဓိပ္ပာယ်

အတ္ထိပစ္စည်းသည် ပစ္စုပ္ပန်အနေအားဖြင့် မိမိထင်ရှားရှိခိုက် မိမိကဲ့သို့ ထင်ရှား ရှိနေသည့် တရားအား ထောက်ပံ့သမှု ကျေးဇူးပြုသည့် ပစ္စည်းဖြစ်ပါသည်။ ဥပမာအားဖြင့် မြေကြီး၊ မြင်းမိုရ်တောင် ဟိမဝန္တာတောင်တို့သည် မိမိတို့ထင်ရှားရှိခိုက် မိမိအပေါ် ပေါက်ရောက် နေကြသည့် ထိုထိုသစ်ပင် စသည်တို့အား သြဇာထက်မြက်စေရန်လည်းကောင်း၊ စိမ်းလန်း စိုပြည် ရှင်သန်စေရန်လည်းကောင်း ထောက်ပံ့သောအားဖြင့် ကျေးဇူးပြုကြပါသည်။

 

သတ္တိနှစ်မျိုး

အတ္ထိပစ္စည်းဟူသည် ထင်ရှားရှိပြီး ကျေးဇူးပြုသည့် ပစ္စည်းဖြစ်ပါသည်။ တစ်နည်း ဆိုပါက Presence condition အဖြစ် ကျေးဇူးပြုခြင်း ဖြစ်သည်။ အကြောင်းတရားတို့လည်း ထင်ရှားရှိနေပြီး အကျိုးပြုမည့် တရားကလည်း ထင်ရှားရှိနေသည့်ပစ္စည်းကို အတ္ထိပစ္စည်းဟု ခေါ်သည်။ ရှိနေခိုက်တွင် ကျေးဇူးပြုပါက အတ္ထိပစ္စည်းဖြစ်ပြီး၊ မရှိတော့မှသာ ကျေးဇူးပြုပါက နတ္ထိပစ္စည်း ဖြစ်သည်။

ဤအတ္ထိပစ္စည်းတွင် ဇနကသတ္တိနှင့် ဥပတ္ထမ္ဘကသတ္တိဟူ၍ နှစ်မျိုးရှိ၏။ ဥပါဒ်အခိုက် ဘင်အခိုက်တွင် ထိုပစ္စည်း ထင်ရှားရှိနေသော်လည်း ဖြစ်နေခိုက် ပျက်နေခိုက် ဖြစ်သောကြောင့် မထင်ရှားပါ။ ဌီအခိုက်၌မူ ပို၍ထင်ရှားသဖြင့် ဇနကသတ္တိရှိသော်လည်း ဥပတ္ထမ္ဘကသတ္တိက ပြဋ္ဌာန်းကြောင်း မူလပဋ္ဌာန်းဆရာတော်ကြီး မိန့်တော်မူပါသည်။

 

အတ္ထိပစ္စည်း၏ မျိုးကွဲများ

အတ္ထိပစ္စည်းသည် “သဟဇာတ၊ ပုရေဇာတ၊ ပစ္ဆာဇာတ၊ အာဟာရ၊ ဣန္ဒြိယ”ဟူသော ပစ္စည်းငါးမျိုးတို့နှင့် ဆက်စပ်လျက်ရှိ၏။ ထို့ကြောင့် အတ္ထိပစ္စည်းသည် ထိုထို ပစ္စည်းငါးမျိုးထဲ ကပင် ပစ္စုပ္ပန်အနေ ထင်ရှား တင်းလင်းရှိဆဲအဖြစ်ဖြင့် ကျေးဇူးပြုသော ပစ္စည်းတရားမျိုးကို စုပေါင်း၍ပြသော ပစ္စည်းဖြစ်သည်။

(၁) သဟဇာတတ္ထိသည် သဟဇာတနှင့်တူ၏။
(၂) ဝတ္ထုပုရေဇာတတ္ထိသည် ဝတ္ထုပုရေဇာတနိဿယနှင့်တူ၏။
(၃) ဝတ္ထာရမ္မဏပုရေဇာတတ္ထိသည် ဝတ္ထာရမ္မဏပုရေဇာတနိဿယနှင့်တူ၏။
(၄) အာရမ္မဏပုရေဇာတတ္ထိသည် အာရမ္မဏပုရေဇာတနှင့်တူ၏။
(၅) ပစ္ဆာဇာတတ္ထိသည် ပစ္ဆာဇာတနှင့်တူ၏။
(၆) အာဟာရတတ္ထိသည် ရုပ်အာဟာရနှင့်တူ၏။
(၇) ဣန္ဒြိယတ္ထိသည် ရူပဇီဝိတိန္ဒြိယနှင့် တူ၏ဟု မိုင်းခိုင်းဆရာတော်ကြီးက မိန့်တော်မူထား၏။

အကျဉ်းအားဖြင့်မူ အတ္ထိပစ္စည်း မျိုးကွဲအမည် ငါးပါးရှိလေသည်။ ၎င်းတို့မှာ-
(၁) သဟဇာတပစ္စည်းနှင့်တူသော အတ္ထိပစ္စည်းကို ‘သဟဇာတတ္ထိ’ဟူ၍လည်းကောင်း
(၂) ပုရေဇာတပစ္စည်းနှင့်တူသော အတ္ထိပစ္စည်းကို ‘ပုရေဇာတတ္ထိ’ ဟူ၍လည်းကောင်း
(၃) ပစ္ဆာဇာတပစ္စည်းနှင့်တူသော အတ္ထိပစ္စည်းကို ‘ပစ္ဆာဇာတတ္ထိ’ဟူ၍လည်းကောင်း
(၄) အာဟာရပစ္စည်းနှင့်တူသော အတ္ထိပစ္စည်းကို ‘အာဟာရတ္ထိ’ဟူ၍လည်းကောင်း
(၅) ဣန္ဒြိယပစ္စည်းနှင့်တူသော အတ္ထိပစ္စည်းကို ‘ဣန္ဒြိယတ္ထိ’ဟူ၍လည်းကောင်း

အကျဉ်းအားဖြင့် အတ္ထိပစ္စည်း မျိုးကွဲအမည် ငါးပါးရှိလေသည်။ အဓိပ္ပါယ်မှာ-
(၁) သဟဇာတတ္ထိ- အတူတကွဖြစ်၍ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်း၊
(၂) ပုရေဇာတတ္ထိ- ရှေးဦးစွာ ဖြစ်နှင့်၍ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်း၊
(၃) ပစ္ဆာဇာတတ္ထိ- နောက်မှဖြစ်၍ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်း၊
(၄) အာဟာရတ္ထိ- လွန်စွာဆောင်၍ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြု ခြင်းနှင့်
(၅) ဣန္ဒြိယတ္ထိ – အစိုးရ၍ ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်းတို့ပေတည်း။

အတ္ထိပစ္စည်း ငါးမျိုးကို ဆက်၍ ရှင်းဦးအံ့-
(၁) သဟဇာတပစ္စည်းရင်းမှာ တစ်မျိုးတည်းရှိ၍ ယင်းနှင့်တူသော အတ္ထိပစ္စည်းကို ‘သဟဇာတတ္ထိ’ဟူ၍ တစ်ခုတည်းထားသည်။

(၂) ပုရေဇာတပစ္စည်းမှာ ‘ဝတ္ထုပုရေဇာတ၊ အာရမ္မဏပုရေဇာတ၊ ဝတ္ထာရမဏပုရေ ဇာတ’ဟူ၍ မျိုးကွဲသုံးခုရှိရာ၊ ယင်းသုံးမျိုးစလုံးနှင့် တူသောကြောင့် အတ္ထိပစ္စည်း ကိုလည်း “ဝတ္ထုပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတတ္ထိ၊ ဝတ္တာရမဏပုရေဇာ တတ္ထိ”ဟူ၍ အမည် သုံးမျိုးဖြင့် ခွဲပြထားရ၏။

(၃) ပစ္ဆာဇာတပစ္စည်းမှာ တစ်မျိုးတည်းရှိ၍ ယင်းနှင့်တူသော အတ္ထိပစ္စည်းကိုလည်း ‘ပစ္ဆာဇာတတ္ထိ’ဟူ၍ တစ်မျိုးတည်းထားသည်။

(၄) အာဟာရပစ္စည်းမှာ ‘ရုပ်အာဟာရ၊ နာမ်အာဟာရ’ဟူ၍ နှစ်မျိုးရှိသော်လည်း၊ နာမ်အာဟာရမှာ သဟဇာတပစ္စည်းမျိုးဖြစ်၍ ‘သဟဇာတတ္ထိ’ပစ္စည်းထဲပါဝင်ပြီး ဖြစ်သောကြောင့် ယင်းအတွက် ‘နာမ် အာဟာရတ္ထိ’ဟု အမည်သီးခြား မဖော်ပြဘဲ၊ ထူးခြားသော ရုပ်အာဟာရအတွက်သာ ရုပ်အာဟာရတ္ထိ’ဟု ခွဲ၍ ဖော်ပြ ခြင်းဖြစ်၏။

(၅) ဣန္ဒြိယပစ္စည်းမှာလည်း ‘သဟဇာတိန္ဒြိယ၊ ဝတ္ထုပုရေဇာတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယ’ဟူ၍ ပစ္စည်းမျိုးကွဲ သုံးခုခွဲထားရာ၊ သဟဇာတိန္ဒြိယသည် သဟဇာတပစ္စည်းထဲ ပါသွားပြီ ဖြစ်၍လည်းကောင်း၊ ဝတ္ထုပုရေဇာတိန္ဒြိယလည်း ဝတ္ထုပုရေဇာတ ပစ္စည်းထဲ ပါသွားပြီဖြစ်၍ လည်းကောင်း ယင်းနှစ်မျိုးအတွက် အတ္ထိပစ္စည်း အမည်ကို သီးခြားဖော်မပြတော့ဘဲ၊ ထူးခြားသော ရူပဇီဝိတိန္ဒြိယအတွက်သာ’ရူပဇီဝိတိန္ဒြိယတ္ထိ’ ဟူ၍ ခွဲခြား ဖော်ပြခြင်း ဖြစ်၏။

 

(ဇာတသုံးပါး) သဟဇာတ၊ ပုရေဇာတ၊ ပစ္ဆာဇာတ

သဟဇာတတ္ထိဟူသည် ရုပ်တရား နာမ်တရားတို့ (ပစ္စည်း = အကြောင်းဓမ္မနှင့် ပစ္စယုပ္ပန် = အကျိုးဓမ္မတို့) အတူတကွ ဖြစ်ပေါ်လာပြီး၊ ဥပါဒ်, ဌီ,ဘင်အားဖြင့် ထင်ရှားရှိနေဆဲအခိုက်၌ ကျေးဇူးပြုသဖြင့် သဟဇာတတ္ထိ။

ပုရေဇာတတ္ထိဟူသည် အကြောင်းဓမ္မ = ပစ္စည်းက အရင်ဖြစ်ပြီး၊ အကျိုးဓမ္မဖြစ်သည့် ပစ္စယုပ္ပန်က နောက်မှဖြစ်သည်။ ရှေ့အရင်ဖြစ်သည်၊ နောက်ဖြစ်သည်ဟုဆိုရာ၌ ရုပ်က ရုပ်သက် (၁၇)ချက် မချုပ်သေးခင် ဖြစ်သည်ကို ဆိုလိုပါသည်။ ထို့ကြောင့် ရှိနေဆဲမှာပင် ကျေးဇူးပြုသဖြင့် ပုရေဇာတတ္ထိ။

ပစ္ဆာဇာတတ္ထိဟူသည် အကြောင်းဓမ္မက နောက်မှဖြစ်ပြီး၊ အကျိုးဓမ္မက အရင်ဖြစ်နှင့် နေပါသော်လည်း နောက်မှဖြစ်သည့် အကြောင်းတရားက ဥပါဒ်, ဌီ, ဘင်အားဖြင့် ထင်ရှား ရှိနေဆဲမှာ ကျေးဇူးပြုသဖြင့် ပစ္ဆာဇာတတ္ထိ။

 

နှစ်ဆယ့်လေးသွယ်၊ ပဋ္ဌာန်းဝယ်၊ အဘယ်ပစ္စည်း ကျယ်သနည်း

အတ္ထိပစ္စည်းသည် ရှိခြင်းအားဖြင့် ကျေးဇူးပြုသောကြောင့် ပဋ္ဌာန်းတရားတော်တွင် အကျယ်ဝန်းဆုံး ပစ္စည်း ၄-ပါးထဲမှ တစ်ပါး အပါအဝင် ဖြစ်သည်။ ထို့ကြောင့်ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ စွယ်စုံကျော်ထင်ကျမ်း၌ ‘နှစ်ဆယ့်လေးသွယ်၊ ပဋ္ဌာန်းဝယ်၊ အဘယ် ပစ္စည်းကျယ်သနည်း’ ဟူသော အမေးပုစ္ဆာ တစ်ခုပါသည်။ အဖြေမှာ ‘၁။ အာရမ္မဏပစ္စည်း၊ ၂။ ဥပနိဿယပစ္စည်း၊ ၃။ ကမ္မပစ္စည်းနှင့် ၄။ အတ္ထိပစ္စည်း’ဟူသော ပစ္စည်း ၄-ပါး၌ ခပ်သိမ်း သောပစ္စည်းတို့ လာရောက်စုပေါင်းခြင်းသို့ ရောက်သောကြောင့် ဤပစ္စည်းလေးပါးသည် အကျယ်ဝန်းဆုံး ဖြစ်ပါသည်။

(၁) စိတ်၊ စေတသိက်တို့၏ အာရုံအဖြစ်သို့ မရောက်သော တစ်စုံတစ်ခုသော တရားသည် မရှိ။ ထို့အတွက် အာရုံအဖြစ်သို့ ရောက်သောတရားတို့သည် အာရမ္မဏပစ္စည်းဖြစ်၍ ခပ်သိမ်းသောပစ္စည်းတို့သည် အာရမ္မဏပစ္စည်းတို့၌ ပေါင်းယူနိုင်ပါသည်။

(၂) အကြင်ပစ္စည်းသည် မိမိတို့၏ ပစ္စယုပ္ပန်တရားတို့အား မှီရာအဖြစ်သို့ မရောက် သော တစ်စုံတစ်ခုသော ပစ္စည်းမည်သည် မရှိ။ ထို့အတွက် ခပ်သိမ်းသော ပစ္စည်းသည် ဥပနိဿယပစ္စည်းဖြစ်၍ ပေါင်းယူနိုင်ပါသည်။

(၃) အကြင်ပစ္စည်းမှန်သမျှသည် ကံဟူသော အကြောင်းရင်း ရှိသောကြောင့် လည်း ကောင်း၊ ကံနှင့်စပ်၍ ဖြစ်ခြင်းကြောင့်လည်းကောင်း ခပ်သိမ်းသောပစ္စည်း တို့သည် ကမ္မပစ္စည်း၌ ပေါင်းယူနိုင်ပါသည်။

(၄) ခပ်သိမ်းသော ပစ္စည်းတရားတို့သည် ပရမတ်အားဖြင့်လည်းကောင်း၊ လောက သမ္မုတိအားဖြင့်လည်းကောင်း ထင်ရှားရှိသောကြောင့် အတ္ထိပစ္စည်း၌ ပေါင်းယူ နိုင်ပါသည်။ ထို့ကြောင့်ပင် ပဋ္ဌာန်း ၂၄-ပစ္စည်းကို အကျဉ်းချုံ့ပါက ၄-ပစ္စည်း ဖြစ်သည့် အာရမ္မဏပစ္စည်း၊ ဥပနိဿယပစ္စည်း၊ ကမ္မပစ္စည်းနှင့် အတ္ထိပစ္စည်းထဲသို့ အားလုံး အကျုံးဝင်ကြောင်း အဋ္ဌကထာ၌ ဖော်ပြပါသည်။

*ကျမ်းညွှန်း- ဆရာကြီး ဦးကျော်ထွတ်၏သဒ္ဒမ္မဇောတိကပဌာန်းကျမ်း(၁၉၉၉-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။)

 

၂၄- ပစ္စည်း ပါဝင်နေပုံ ခွဲခြမ်းပြခြင်း

အာရမ္မဏမျိုးထဲတွင် အာရမ္မဏ၊ အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿယ၊ အာရမ္မဏ ပုရေဇာတ၊ အာရမ္မဏပုရေဇာတအတ္ထိနှင့် အာရမ္မဏပုရေဇာတအဝိဂတပစ္စည်း များ ပါဝင်သည်။

ဥပနိဿယပစ္စည်း၏ အာရမ္မဏူပနိဿယအပိုင်းတွင် အာရမ္မဏ၊ အဓိပတိ၊ နိဿယ၊ ပုရေဇာတ၊ ဝိပ္ပယုတ္တ၊ အတ္ထိနှင့် အဝိဂတတို့ပါဝင်သည်။ ဆက်လက်ပြီး ဥပနိဿယ၏ အနန္တရူပ နိဿယအပိုင်း၌မူ အနန္တရ၊ သမနန္တရ၊ အနန္တရကမ္မ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတပစ္စည်းများ ပါဝင်သည်။ထို့နောက် ကမ္မပစ္စည်းသည် သဟဇာတမျိုးဝင်သဖြင့် သဟဇာတကမ္မနှင့် နာနာက္ခဏိက ကမ္မတို့ ပါဝင်သည်။

တစ်ဖန် အတ္ထိပစ္စည်း၌ သဟဇာတိန္ဒြိယတ္ထိ၊ ပုရေဇာတိန္ဒြိယတ္ထိ၊ ပစ္ဆာဇာတိန္ဒြိယတ္ထိ၊ ရူပါဟာရတ္ထိ၊ ရူပဇီဝိတိန္ဒြိယတ္ထိပါသည်။ ထို့ပြင် သဟဇာတမျိုးထဲတွင် အတ္ထိပါသည်။ ပုရေဇာတမျိုးထဲ၌လည်း အတ္ထိပါနေသည်။ ပစ္ဆာဇာတမျိုးထဲ၌လည်း အတ္ထိပါဝင်သည်။ ဣန္ဒြိယထဲမှာ လည်းပါသည်။ အာဟာရထဲမှာလည်း ပါဝင်ပါသည်။ ထို့ကြောင့် ပစ္စည်းလေးမျိုးထဲတွင် ၂၄-ပစ္စည်းအားလုံး ပါဝင်ပါသည်။

အတ္ထိပစ္စည်း၏ အပိုင်း ၇-ပိုင်း

၁။ စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။ (နာမ်ခန္ဓာလေးပါး)
၂။ စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။ (မဟာဘုတ်လေးပါး)
၃။ သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။ (နာမ်ရုပ်)
၄။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (စိတ်စေတသိက်)
၅။ မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (မဟာဘုတ်နှင့်ဥပါဒါရုပ်)
၆။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ (အာယတန)
၇။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ မနောဝိညာဏဓာတုယ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ (ဝတ္ထုရုပ်)

 

(၁) “စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော” (နာမ်တရားက နာမ်တရားကို ကျေးဇူးပြုသည်။)

နာမ်ခန္ဓာ-၄ ပါး ရှိပါသည်။ ၎င်းတို့မှာ ၁-ဝေဒနက္ခန္ဓာ ၂-သညက္ခန္ဓာ ၃-သင်္ခါရက္ခန္ဓာနှင့် ၄- ဝိညာဏက္ခန္ဓာတို့ ဖြစ်ပါသည်။

နာမ်ခန္ဓာသုံးပါးက တစ်ပါးကို၊ နာမ်ခန္ဓာနှစ်ပါးက နှစ်ပါးကို ကျေးဇူးပြုခြင်းကို ဆိုလို ပါသည်။ အတူတကွ ဖြစ်နေသည့်အခိုက် အတ္ထိသတ္တိနှင့် ကျေးဇူးပြုသည်။

“တယော ခန္ဓာ ဧကဿ ခန္ဓဿ အတ္ထိပစ္စယေန ပစ္စယော” သုံးပါးသော နာမ်ခန္ဓာက တစ်ပါးသော နာမ်ခန္ဓာကို ကျေးဇူးပြုခြင်းကို ဆိုလိုပါသည်။ ပမာအားဖြင့် ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာက သင်္ခါရက္ခန္ဓာကို ခဏမခြား ကျေးဇူးပြုခြင်းကို ဆိုလိုပါသည်။

“ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော” တစ်ဖန် နှစ်ပါးသောနာမ်ခန္ဓာက ကျန်နှစ်ပါးသော နာမ်ခန္ဓာအား ကျေးဇူးပြုခြင်းကို ဆိုလိုပါသည်။ ပမာအားဖြင့် ဝေဒနက္ခန္ဓာနှင့် သညာက္ခန္ဓာတို့က ဝိညာဏက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာကို ကျေးဇူးပြုခြင်းကို ဆိုလိုပါသည်။

ဥပမာ လောဘစိတ်ဖြစ်လာပါက လောဘတစ်ခုတည်းဖြစ်သည်ဟု ထင်တတ်ကြ ပါသည်။ အမှန်မှာမူ သူနှင့်ဆိုင်ရာ စေတသိက်များစွာက အတူတကွ ဖြစ်ကြပါသည်။ လောဘမူစိတ် (၈)ပါး ရှိပါသည်။ ထိုထိုစိတ်တို့ဖြစ်တိုင်း စေတသိက် (၁၈)ပါးမှ (၂၁) ပါးအထိ ဖြစ်ခွင့်ရှိ၏။ မောဟမူစိတ် (၂)ပါး ရှိပါသည်။ ထိုထိုစိတ်ဖြစ်တိုင်း စေတသိက် (၁၅) ပါးအထိ ဖြစ်ခွင့်ရှိပါသည်။

ထိုလောဘမူစိတ် (၈)ပါး မောဟမူစိတ်(၂)ပါးနှင့် ဆိုင်ရာဆိုင်ရာစေတသိက်တို့သည် အပြန်ပြန် အလှန်လှန် အတ္ထိသတ္တိဖြင့် ကျေးဇူးပြုနေခြင်း ဖြစ်ပါသည်။ ခန္ဓာတစ်ပါးက ပစ္စယ အကြောင်းဖြစ်ပါက အခြားနာမ်ခန္ဓာတို့က ပစ္စယုပ္ပန်အကျိုး ဖြစ်သွားပါသည်။

ဝိပဿနာ၊ သမထတရားများ အားထုတ်ပြီး ဉာဏ်အဆင့်၊ ဈာန်အဆင့် မြင့်မား လာကြသည့် ယောဂီများက စာပေပရိယတ္တိ၌ လာရှိသည့် ဤသဘောကို အနည်းငယ်ဖြစ် စေ သိရှိနိုင်ကြပါသည်။

ပမာအားဖြင့် ရှစ်ပါးသီလ ဆောက်တည်ကြသည့် ယောဂီများကလည်း သူတို့ ကာလရှည်ကြာ မကျိုးမပေါက် မပြောက်မကျားအောင် ဆောက်တည်လာခဲ့သည့် မိမိတို့၏ သီလကို အောက်မေ့ဆင်ခြင်လျှင် စိတ်ဝယ် တသိမ့်သိမ့်ဖြစ်ကာ ငြိမ်းအေးလာသည်ကို လက်တွေ့သိကြပါသည်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားနေပါက ကိုယ်ရောစိတ်ပါ ငြိမ်းအေး လာပါသည်။ အနုသယကိလေသာ၏သတ္တိကြောင့် ဒေါသ စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက်တည်း စိတ်ထဲတွင်သာမက ခန္ဓာကိုယ်၌လည်း ပူလောင်လာသည်ကို လက်တွေ့နားလည်နိုင်မည် ဖြစ်ပါသည်။

နက်နဲလွန်းပါသည်။ လောက၌ မြတ်စွာဘုရားရှင်သာ မပွင့်ထွန်းခဲ့ပါက တစ်ပါးတည်း သာဟု ထင်မှတ်ယူဆမိကြမည်မှာ ဧကန်မုချပေတည်း။ ယခုကဲ့သို့ Presence condition ဖြင့် အပြန်အလှန် အထောက်အကူပြုနေခြင်းကိုပင် အတ္ထိပစ္စည်းဖြင့် ကျေးဇူးပြုခြင်းပေတည်း။

 

(၂) စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။(မဟာဘုတ် ၄-ပါး) (ရုပ်ကရုပ်ကို ကျေးဇူးပြုသည်)

မဟာဘုတ် ၄-ပါး ရှိပါသည်။ ပထဝီဟူသည် “မာတဲ့သဘော၊ ပျော့တဲ့သဘော” တေဇောဟူသည် “ပူသည့်သဘော၊ အေးသည့်သဘော” အာပေါဟူသည် “ဖွဲ့စည်းသည့် သဘော” ဝါယောဟူသည် “တွန်းကန် လှုပ်ရှားသည့်သဘော” တို့ကလည်း တစ်ပါးနှင့်တစ်ပါး အပြန်ပြန်အလှန် အမှီသဟဲပြုကာ အတ္ထိပစ္စည်း Presence conditionဖြင့် ကျေးဇူးပြုနေ ပါသည်။

“ဧကံ မဟာဘူတံ တိဏ္ဏန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော။ တယော မဟာဘူတာ ဧကဿ မဟာဘူတဿ၊ ဒွေ မဟာဘူတာ ဒွိန္နံ မဟာဘူတာနံ အတ္ထိပစ္စယေန ပစ္စယော”
၁-ကမ္မဇမဟာဘုတ်၊ ၂-စိတ္တဇမဟာဘုတ်၊ ၃-ဥတုဇမဟာဘုတ်နှင့် ၄-အာဟာရဇ မဟာဘုတ်ဟူ၍ လာရှိပါသည်။

(က) ကမ္မဇမဟာဘုတ် – သတ္တဝါတို့၏ခန္ဓာ၌ရှိသည့် ကမ္မဇပထဝီ၊ ကမ္မဇတေဇော၊ ကမ္မဇဝါယောနှင့် ကမ္မဇ အာပေါလေးပါးက အပြန်အလှန် ကျေးဇူးပြု‌နေပါသည်။ ထို့ကြောင့် ကမ္မဇမဟာဘုတ် ဓာတ်တစ်ပါးပါး ချွတ်ယွင်းပျက်ပြားပါက သေနိုင်သည်။

(ခ) စိတ္တဇမဟာဘုတ် – ဝိပဿနာယောဂီများက သိမြင်နိုင်ပါသည်။

(ဂ) ဥတုဇမဟာဘုတ် – ဥတုဇမဟာဘုတ်မှာလည်း ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတို့ပေတည်း။ အပူ၊ အအေးလွန်ကဲ လာပါက ရုပ်ကဖောက်ပြန်ပြီ၊ အပူအအေးမျှတနေပါက ရုပ်က ချက်ချင်း လန်းဆန်းလာတတ်ပါသည်။

(ဃ) အာဟာရဇမဟာဘုတ် – အာဟာရဇမဟာဘုတ်မှာလည်း ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတို့ ဖြစ်ပါသည်။ မိမိ ကြိုက်နှစ်သက်သည့် အစာအာဟာရများရှေ့မှောက်သို့ ရောက်ရှိလာပါက အလွန်ပင် ပြုံးပျော် ကျေနပ်သွားခြင်းမှာ အာဟာရဇမဟာဘုတ်၏ သတ္တိဖြစ်သည်။ မိမိရောဂါနှင့် တည့်သည့် ဆေးကိုသောက်သုံးခွင့်ရလျှင် ချက်ချင်းပင် လန်းဆန်းလာသည်မှာလည်း ထို နည်းတူ ဖြစ်သည်။ မဟာဘုတ်လေးပါးသည် ရှိနေသည့်အခိုက်၌ အပြန်အလှန် ကျေးဇူး ပြုသဖြင့် အတ္ထိပစ္စည်းဖြစ်၏။

 

(၃) သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။ (နာမ်ရုပ်နှစ်ပါးက နာမ်ရုပ်နှစ်ပါးကို ကျေးဇူးပြုသည်။)

သြက္ကန္တိက္ခဏဟူသည် ပဋိသန္ဓေတည်ခိုက်ကို ဆိုလိုပါသည်။ ဤသို့သန္ဓေတည်သည့် ခဏ၌ နာမ်နှင့် ရုပ်တို့သည် အပြန်အလှန် သတ္တိဖြင့် ကျေးဇူးပြုပါသည်။ကလလရေကြည် တည်သည့်အခိုက် ဟဒယဝတ္ထုရုပ်ပါလာသည်။ ဝတ္ထုဒသက ကလာပ် ပါလာသည်။ ထိုဟဒယဝတ္ထုရုပ်က ပဋိသန္ဓေစိတ်၏ တည်ရာမှီရာဝတ္ထုရုပ်အဖြစ် ဆောင်ရွက် ပေးသဖြင့် ပဋိသန္ဓေစိတ်နှင့် ဟဒယဝတ္ထုရုပ်တို့က သဟဇာတ Born together ပြိုင်တူ ဖြစ်လာ ကြပါသည်။ဘဝ၏အစကနဦး၌ ကံကဖန်တီးပေးလိုက်သည့် ရုပ်နာမ်အစုံ ရှိနေသည့်အခိုက်တွင် အပြန်အလှန် ကျေးဇူးပြုသောကြာင့် အတ္ထိပစ္စည်း ဖြစ်ပါသည်။

 

ပဋိသန္ဓေခဏ

အမိဝမ်းထဲ၌ ပဋိသန္ဓေတည်သည့် သတ္တဝါတို့၌ နာမ်တရားအဖြစ် ပဋိသန္ဓေဝိညာဏ် စိတ်နှင့် စေတသိက် (၃၃)ပါး။ ရုပ်တရားအဖြစ် ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက ဟူသော ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်ကလာပ် သုံးစု (သုံးစည်း )တို့ တစ်ပြိုင်နက် ဖြစ်ကြပါသည်။

 

 

ကာယဒသက = ကာယပသာဒ ဇီဝိတ အဋ္ဌကလာပ်ရုပ် ဟူသော ကာယဒသက။
ဘာဝဒသက = ကမ္မဇကလာပ် ကိုးစည်း၌ပါဝင်သည့် အထီး အမ ခွဲခြားစေသည့် ဣတ္ထိ ဘာဝဒသက ကလာပ် သို့မဟုတ် ပုမ္ဘာဝဒသကကလာပ် ဟူသော
ဘာဝဒသက။
၀တ္ထုဒသက = ဟဒယဝတ္ထုရုပ် ဇီဝိတအဋ္ဌကလာပ်ရုပ်ဟူသော ဝတ္ထုဒသကတို့ ပေတည်း။ ပဋိသန္ဓေခဏတွင် ရုပ်နာမ်တို့ကလည်း ရှိနေသည့် အခိုက် ၌ အပြန် အလှန် ကျေးဇူးပြုသဖြင့် အတ္ထိပစ္စည်းဖြစ်၏။

 

ဤဘဝ၏အစ

မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်မြို့အနီး ဣန္ဒကူဋတောင်၌ရှိသည့် ဣန္ဒကနတ် ဘီလူး၏ နတ်ဗိမာန်တွင် သီတင်းသုံးနေတော်မူစဉ်က ဗိမာန်ရှင်ဖြစ်သည့် နတ်ဘီလူးက ဘုရားရှင်ထံပါး မေးလျှောက်သည်မှာ –

“အရှင်ဘုရား ပွင့်တော်မူသမျှ ဘုရားအဆူဆူတိုင်းကပဲ ရုပ်ကို “အသက်၊ ဇီဝ၊ အတ္တဆိုတာ မရှိဘူး”လို့ချည်း ဟောတော်မူကြပါတယ်၊ ဒါဆိုရင် ဘယ်လိုနည်းနဲ့ ဒီသတ္တဝါ တွေဟာ ဒီခန္ဓာကိုယ်ကြီးကို ရရှိနိုင်မလဲ၊ သတ္တဝါတွေရဲ့ အရိုးတွေ၊ အသားစိုင်တွေဆိုတာ ကရော ဘယ်ကနေ ရောက်လာပါသလဲ၊ ဒီသတ္တဝါဟာ ဘာကြောင့် တောင်ရဲ့လိုဏ်ခေါင်းသဖွယ် ဖြစ်တဲ့ အမိဝမ်းတိုက်မှာ ကိန်းအောင်းနေနိုင်ပါသလဲ”ဟု မေးလျှောက်၏။ (ညွှန်း-သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်-၂၀၈)

မြတ်စွာဘုရားရှင်က-
(၁) ပထမံ ကလလံ ဟောတိ = ပထမသတ္တာဟ (ရက်သတ္တပတ်)မှာ ကလလရေကြည် ဖြစ်တယ်။
(၂) ကလလာ ဟောတိ အဗ္ဗုဒံ = အဲဒီနောက် ဒုတိယပတ်မှာ အမြှုပ်ကလေးဖြစ်တယ်။
(၃) အဗ္ဗုဒါ ဇာယတေ ပေသိ = အဲဒီနောက် တတိယပတ်မှာ နီနီထွေးထွေး အသား တစ်ကလေး ဖြစ်တယ်။
(၄) ပေသိ နိဗ္ဗတ္တတေ ဃနော = အဲဒီနောက် စတုတ္ထပတ်မှာ ခပ်မာမာအသားတုံးကလေး ဖြစ်လာတယ်။
(၅) ဃနာ ပသာခါ ဇာယန္တိ = အဲဒီနောက် ပဉ္စမပတ်မှာ ခေါင်း၊ ခြေနှစ်ဘက်၊ လက် နှစ်ဘက်ဖြစ်မည့် နေရာငါးခုမှာ ခက်မငါးဖြာလို့ခေါ်တဲ့ အဖုကလေးငါးခု ဖြစ်လာတယ်။
(၆) ကေသာ လောမာ နခါပိ စ = နောက်တော့ ဆံပင် ၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း စတဲ့ အင်္ဂါရပ်အစိတ်အပိုင်းတွေလည်း အခါအားလျော်စွာ လူ့အင်္ဂါရပ်စုံအောင် ဖြစ်ပေါ် လာတယ်”ဟု မြတ်စွာ ဘုရားရှင်က မိန့်ကြားတော်မူပါတယ်။

*ကျမ်းညွှန်း- (၂၃၅)ဣန္ဒကသုတ္တ၊ ယက္ခသံယုတ္တ၊ သဂါထာဝဂ္ဂသံယုတ္တပါဠိ (နှာ -၂၀၈)

 

ဘဝဖြစ်တည်မှုအပေါ် ဗုဒ္ဓစာပေရှုထောင့်နှင့် ဆေးသိပ္ပံအမြင်

ယနေ့ဆေးပညာရှင်များ အပါအဝင် လူသားများစွာက အမိအဖတို့၏ ဗီဇသွေးနှစ်မျိုးတို့ ပေါင်းစပ်ရာမှ လူဖြစ်လာသည်ဟု မှတ်ထင်ထားကြပါသည်။ ဗုဒ္ဓ၏အဘိဓမ္မာကျမ်းများ အလိုအရမှာမူ လူတစ်ယောက်ဘဝတစ်ခု၌ ပဋိသန္ဓေစတင် ဖြစ်တည်နိုင်ရေးအတွက် (၁) အမိအဖတို့ ဗီဇသွေးနှစ်ခု ပေါင်းဆုံမိခြင်း၊ (၂) အမိရဲ့သားအိမ်က လစဉ် စွန့်ပစ်ရမည့် ဥတုသွေးညစ်တို့ ပယ်စွန့် သန့်စင်ပြီးချိန်ဖြစ်ခြင်း၊ (၃) ဘဝဟောင်းမှ ဘဝသစ်ကို ကူးပြောင်း ဖြစ်ပေါ်မည့် ဂန္ဓဗ္ဗခေါ်သည့် ပဋိသန္ဓေဝိညာဏ်မျိုးစေ့လေး ရှေးရှုတည်ခြင်းဟူသော အင်္ဂါရပ် သုံးပါး စုံညီမှသာ သတ္တဝါတို့၏ ဘဝသစ်တစ်ခု ပဋိသန္ဓေနေမှု စတင်ဖြစ်ပေါ်သည်။

ဂန္ဓဗ္ဗဓာတ်

ထိုသုံးပါးထဲက “ဂန္ဓဗ္ဗဓာတ်”ဟုဆိုသော အတိက်ကံ၏ သတ္တိအရ ဘဝသစ်တစ်ခုတွင် ပဋိသန္ဓေ ဖြစ်တည်မည့် ‘ပဋိသန္ဓေဝိညာဉ်နှင့် ကမ္မဇရုပ်’တို့၏ မျိုးစေ့ဖြစ်သည်။ တစ်နည်း အားဖြင့် ပဋိသန္ဓေဝိညာဉ်နှင့် ကမ္မဇရုပ်တို့ကို ဖြစ်စေနိုင်သည့် ကမ္မသတ္တိဓာတ်တစ်ခုကိုပင် ဂန္ဓဗ္ဗဓာတ်ဟု ဆိုလိုပါသည်။ ဂန္ဓဗ္ဗဓာတ်၌ ကံပါရမီတို့၏ သတ္တိသည်လည်းကောင်း၊ ကံ ကောင်းခြင်း၊ ဉာဏ်ကောင်းခြင်းတို့၏ အခြေခံတို့သည်လည်းကောင်း ပါဝင်၏။

 

ရုပ်တို့ စဖြစ်ပုံ

အမိအဖတို့၏ ဗီဇသွေးနှစ်ခု၊ ဂန္ဓဗ္ဗဓာတ်နှင့် စင်ကြယ်သည့် အမိ၏သားအိမ်ဟူသော အကြောင်းတရားတို့ ဆုံမိသည်နှင့် ပဋိသန္ဓေဖြစ်ချိန်တွင် နာမ်တရားအဖြစ် ပဋိသန္ဓေ ဝိညာဉ်စိတ်နှင့် စေတသိက် (၃၃)ပါး၊ ရုပ်တရားအဖြစ် ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထု ဒသကဟူသော ကမ္မဇရုပ် ကလာပ်သုံးစုတို့ တစ်ပြိုင်နက်တည်း ဖြစ်ကြပါသည်။

ပဋိသန္ဓေစိတ်ကလေး ‘ဥပါဒ်’ပြီး ‘ဌီ’ဟူသော အခိုက်ကိုရောက်ချိန်ကစပြီး ဥတုကြောင့် ဖြစ်သည့် ဥတုဇရုပ်တို့ကလည်း ခဏမစဲ စိတ္တက္ခဏ အချိန်တိုင်း၌ မပြတ်တရစပ် ဖြစ်နေ ပါသည်။ ပဋိသန္ဓေ နောင် ပထမ ဘဝင်စိတ်ကလေး စဖြစ်ချိန်ကစပြီး စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်တို့လည်း ဖြစ်လာပါသည်။

ပထမဆုံး ပဋိသန္ဓေစပြီး ဖြစ်ချိန်မှသည် ရက်သတ္တတစ်ပတ်စာ အချိန်အတွင်း၌ သန္ဓေသားဟူသော ကလလရေကြည် ကလေးမျှပင်ပဲ ရှိပါသေးသည်။ အရွယ်ပမာဏကလည်း ၀မ်းတွင်းမွေး ဆိတ်သားငယ်၏ အမွေးမျှင်ကလေးတစ်ချောင်းကို ဆီထဲနှစ်ပြီး ခါထုတ်လိုက် သောအခါ ထိုအမွေးမျှင်လေး၏ထိပ်၌ ကပ်ကျန်နေမည့် ဆီကြည်ပမာဏမျှလောက်သာ ရှိ၏။

သို့သော် ထိုသဘာဝသတ္တိတွင် ဘဝင်စိတ်နှင့် စေတသိက်ဟူသော နာမ်တရားများ၊ ကမ္မဇရုပ်၊ ဥတုဇရုပ်၊ စိတ္တဇရုပ်ဟူသော ရုပ်သုံးပါးရှိနေ၏။
ထို့နောက် ဒုတိယ ရက်သတ္တပတ်ရောက်သောအခါ ဆီကြည်ကလေးမှသည် “အမြှုပ်” ကလေးအဖြစ် ပြောင်းလာသည်။ ဤအချိန်အထိလည်း ရုပ်က အထက်၌ပြခဲ့သည့် သုံးပါးသာ ရှိသေးသည်။

တတိယ ရက်သတ္တပတ်ရောက်သောအခါ အမြှုပ်ကလေးမှသည် သွေးနီခဲလေး”သားတစ်” ဖြစ်လာသည်။ သားတစ်ဆိုသော်လည်း အသားတုံးပမာ မာမာခဲခဲ မဟုတ်သေးဘဲ၊ ဂျယ်လီပမာ သွေးပျစ်ခဲခဲလေးသာ ရှိသေးသည်။ ဤတတိယပတ်ရောက်သောအခါ မိခင်စားသောက်သည့် အစားအစာများကတစ်ဆင့်ရသည့် သြဇာဓာတ်က သန္ဓေသားလောင်းအတွက် အာဟာရဇရုပ် စတင်ဖြစ်လေသည်။

ထိုကာလမှစ၍ ရုပ်လေးမျိုးစုံပြီး၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရအကြောင်းတရား လေး မျိုးလုံး ပေါင်းဆုံမိပြီဖြစ်သကဲ့သို့ အာဟာရလေးမျိုးလုံးလည်း ပြည့်စုံလာပါသည်။ (အာဟာရ လေးမျိုးဟူသည် ၁။ အတိတ်ကံစေတနာက စေတနာဟာရ ၂။ ပဋိသန္ဓေဝိညာဉ်က ဝိညာဏာဟာရ ၃။ အာရုံနှင့် တွေ့ထိတာက ဖဿာဟာရ ၄။ မိခင်ထံပါးကရသည့် သြဇာ ဓာတ်က ရုပ်အာဟာရတို့ ဖြစ်ပါသည်။)

ထမင်းလုတ်၊ ဟင်းလုတ်ထဲ၌ပါသည့် သြဇာဓာတ်ကလေးများက အာဟာရဇရုပ်ကို ဖြစ်စေတတ်သည့် ဇနကသတ္တိဖြင့် ကျေးဇူးပြုပေးပါသည်။ ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ် တို့က ဥပထမ္ဘကသတ္တိဖြင့် ထောက်ပံ့ကူညီပေးပါသည်။ ထို့ကြောင့် “ကဗဠီကာရော အာဟာ ရော = သြဇာဟုခေါ်သော အာဟာရဓာတ်ကလေးသည်။ ဣမဿ ကာယဿ = ဤခန္ဓာကိုယ် ကြီးတစ်ခုလုံး (ရုပ်လေးမျိုးလုံး)အား။ အာဟာရပစ္စယေန ပစ္စယော = အာဟာရသတ္တိဖြင့် ကျေးဇူး ပြုခြင်းပေတည်း။

စတုတ္ထပတ်တွင် အစိုင်အခဲ ခပ်မာမာကလေး ဖြစ်လာသည်။ပဉ္စမပတ်တွင် ခက်မငါးဖြာ (ခေါင်း၊ လက်နှစ်ဘက်၊ ခြေနှစ်ဘက်) ဖြစ်နိုင်ရန်အတွက် အဖုလေး ငါးဖုပေါ်လာပါသည်။

ထို့နောက် ရက်သတ္တ (၇)ပတ်မြောက်ခန့်ကစပြီး မျက်စေ့၊ နား၊ နှာစသည့် အင်္ဂါတို့ ပေါ်ပေါက်လာသည်။ ရက်သတ္တ(၁၁)ပတ်ခန့်ရောက်ချိန်တွင် ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်းတို့ပါ စုံလင်လာတော့သည်။

*ကျမ်းညွှန်း- ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)လူတိုင်းအတွက် ပဋ္ဌာန်း

 

(၄) စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ စိတ် စေတသိက် (နာမ်) က ရုပ်ကို ကျေးဇူးပြုသည်

စိတ်စေတသိက်တရားတို့က စိတ္တဇရုပ်ကို ထုတ်လုပ်သည်။ ပမာပြရသော် စိတ်ဆိုးပါက စိတ်ရော၊ ရုပ်ပါ ကြမ်းတမ်းလာပါသည်။ စိတ်စေတသိက်တရားတို့ ရှိနေသည့်အခိုက်၌ အပြန် အလှန် ကျေးဇူးပြုသောကြောင့် အတ္ထိပစ္စည်းမည်၏။

 

 

(၅) မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ မဟာဘုတ်နှင့် ဥပါဒါရုပ် (ရုပ်)က ရုပ်ကို ကျေးဇူးပြုသည်

မဟာဘုတ်တို့ပေါ်လာသည်နှင့် ဥပါဒါရုပ်တို့ကလည်း Born together ဖြစ်လာပါသည်။ ဥပါဒါရုပ်ဟူသည် – ၂၄ ပါးရှိ၏။ ၎င်းတို့မှာ- ပသာဒရုပ်က – ၅ ပါး။ ဂေါစရရုပ်က – ၄ ပါး။ ဘာဝရုပ်က -၂ ပါး၊ ဟဒယဝတ္ထုရုပ် – ၁ ပါး၊ ဇီဝိတရုပ်- ၁ ပါး၊၊ အာဟာရရုပ် – ၁ပါး၊၊ ပရိစ္ဆေဒရုပ် – ၁ ပါး၊၊ ဝိညတ်ရုပ် -၂ ပါး၊ ဝိကာရရုပ် – ၃ ပါး၊ လက္ခဏရုပ် – ၄ပါး စုစုပေါင်း -၂၄ ဖြစ်သည်။ ပသာဒရုပ်ဟူသည် စက္ခုပသာဒ၊ သောတပသာဒ စသည်တို့ ဖြစ်သည်။ဂေါစရရုပ်ဟူသည် မျက်စိနားစသည် ပဉ္စဝိညာဉ်၏ ကျက်စားရာအာရုံဖြစ်သည့် ရူပါရုံ၊ သဒ္ဒါရုံ စသည့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိတွေ့တို့ ဖြစ်ကြသည်။မဟာဘုတ်နှင့် ဥပါဒရုပ်တို့ကလည်း ရှိနေသည့်အခိုက်၌ အပြန်အလှန်ကျေးဇူးပြုသဖြင့် အတ္ထိပစ္စည်းဖြစ်၏။

 

သြဇာရုပ်

အလွန်သေးငယ်သည့် အက်တမ်အမှုန်အမွှားကို ရုပ်ဖြစ်ကြောင်း ယနေ့ သိပ္ပံပညာရှင်များက သိလာကြပါသည်။ မျက်စိဖြင့် မမြင်ရသည့် ရုပ်အမှုန်အမွှားအက်တမ် အဏုမြူ တစ်ခုစီ တစ်ခုစီ အဋ္ဌကလာပ်ပေါင်း မြောက်မြားစွာ ရှိနေပါသည်။ ၎င်းကလာပ်ကလေး တစ်ခုစီတွင်လည်း သြဇာရုပ် ရှိပါသည်။ ထိုသြဇာရုပ်က ကျန်သည့် ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ်တို့ကို အာဟာရသတ္တိဖြင့် ကျေးဇူးပြုပါသည်။

 

(၆) စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ (အာယတန)

အာယတန-၁၂ ပါး ရှိပါသည်။ အာယတနဟူသည် အကြောင်းဟု အဓိပ္ပာယ်ရပါသည်။စိတ်စေတသိက်တို့၏ ဖြစ်ပေါ်ကြောင်းဟု ဆိုနိုင်ပါသည်။ စက္ခာယတနမည်သည် စက္ခုပသာဒပင်တည်း။ ရူပါယတနကလည်း ရူပါရုံပင်တည်း။ ထို့ကြောင့် စက္ခုပသာဒရုပ်ဟူသော မျက်စိ အကြည် ရုပ်တရားက စက္ခုဝိညာဉ် = မြင်သိစိတ်ကို ထင်ရှားရှိခြင်းအားဖြင့် ကျေးဇူးပြုပါသည်။

ဤနေရာတွင် စက္ခုပသာဒရုပ်ကို မြင်သိစိတ်က မှီရပါသည်။ ထို့ကြောင့် စက္ခုပသာဒ ရုပ်က ကြိုတင် ဖြစ်နှင့်ရသောကြောင့် ပုရေဇာတပစ္စည်း Born earlier က ကျေးဇူးပြု၏။

 

(၇) ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ, တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ (ဝတ္ထုရုပ်)

ယံရူပံ = ဟဒယဝတ္ထုရုပ်ကို ဆိုလိုပါသည်။ စိတ်၏မှီရာ ဝတ္ထုရုပ်က ခြောက်ခု ရှိပါသည်။ ၎င်းတို့မှာ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှာဝတ္ထု၊ ကာယဝတ္ထုနှင့် ဟဒယဝတ္ထုတို့ ဖြစ်ပါသည်။

ဟဒယဝတ္ထုကိုမှီ၍ သိရုံမျှသိသည့် မနောဓာတ်နှင့် သေသေချာချာသိသည့် မနော ဝိညာဏဓာတ်တို့ ဖြစ်ကုန်၏။ ထိုသိရုံမျှသိသည့် မနောဓာတု၊ သေသေချာချာသိသည့် မနောဝိညာဏဓာတုတို့နှင့် ယှဉ်ကုန်သော စေတသိက်တရားတို့အား ဟဒယဝတ္ထုက ကြိုတင် ဖြစ်၍ အတ္ထိပစ္စည်းဖြင့် ကျေးဇူးပြု၏။ (မနောဓာတု = သမ္ပဋိစ္ဆိုင်း။ မနောဝိညာဏဓာတု = သန္တီရဏ)

 

အတ္ထိပစ္စည်းနှင့် ယထာဘူတဉာဏ်

ရုပ်နာမ်တရားတို့ကို ပစ္စုပ္ပန်အနေအားဖြင့် တစ်ခုနှင့်တစ်ခု အတ္ထိပစ္စည်းဖြင့် ဖွဲ့စပ်၍ ကျေးဇူးပြုထားခြင်းကြောင့် အထူးထူးသော နိမိတ်သဏ္ဌာန် ဟန်ပန်ပုံပန်း အဆန်းတကြယ် ဖြစ်နေကြ၏။ ‘ထိုထို အမျိုးမျိုးအထူးထူးသော နိမိတ်တို့သည် အတ္ထိပစ္စည်း၏ ကိစ္စပါတကား’ ဟု နားလည်လာသူအဖို့ ထိုထိုနိမိတ်တို့ ပျောက်ကွယ်နိုင်ကြပါသည်။

ဥပမာအားဖြင့် ဆန်ကြိတ်စက်ကြီး၌ အချင်းချင်းဖွဲ့စပ် ချိတ်ဆက်ထားသည့် စက် ယန္တရားတို့၏ ပဓာနဖြစ်သော ခလုတ်ကို မဖွင့်သေးသမျှ ငြိမ်သက်စွာပင် ရှိနေပေမည်။ ထို starting ခလုတ်ကို ဖွင့်လိုက်သည်နှင့် စက်ယန္တရားကြီး၏ ပူလီများ၊ ဘတ်ကြိုးများ၊ ကြိတ်လုံး များ၊ ဆန်ကာများက တလှုပ်လှုပ်တရွရွ လှုပ်၍၊ ယမ်း၍၊ ခါ၍နေတော့သည်နှယ် တူပါသည်။

 

ပရမတ္ထတရားကို မမြင်နိုင်ရန် ဖုံးကာထားသည့်တရားများ

၁။ နာမပညတ်ခေါ် အမည်ဖုံးကာနေခြင်း။
၂။ သန္တတိပညတ်ခေါ် အစဉ်အတန်းဖုံးကာနေခြင်း။
၃။ သမူဟပညတ်ခေါ် အပေါင်းအစုဖုံးကာနေခြင်း။
၄။ သဏ္ဌာနပညတ်ခေါ် အသွင်သဏ္ဌာန် ဖုံးကာနေခြင်းတို့သည် လောကသားတို့ အတွက် ပရမတ္ထတရားကို မြင်နိုင်စွမ်းမရှိရန် ဖုံးကာထားသည့် တရားစုများ ဖြစ်၏။

 

၁။ နာမပညတ်

လောက၌ အရာဝတ္ထုမှန်သမျှတို့သည် အမှန်တကယ် ပရမတ်ဖြစ်ကြသည်။ ထိုပရမတ် သဘောတို့ကို နာမည်ခေါ်ဝေါ်၍ မဖြစ်၊ စကားပြောဆို၍ မဖြစ်၊ ထိုသို့ မဖြစ်သဖြင့် ‘ငါ၊ သူ၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ မောင်ဖြူ၊ မောင်မဲ’ စသည်ဖြင့် နာမည်အသီးသီး သတ်မှတ်ထားကြရသည်။ ကာလကြာမြင့်လာသည့်အခါ သတ္တဝါများသည် မူလပရမတ် အပေါ်သို့ စိတ်မရောက်ကြတော့ဘဲ ပညတ်ထားသည့် အမည်နာမတို့တွင်သာ စိတ်စွဲသွား တတ်ကြသည်။ ထိုအခါ ကြာကြာစံလိုပါက ကြာဆံလှူရမည်ဟု ရှုပ်ထွေးလာသည်။ အနေမြဲရန် ပြောင်းဖူးစိုက်ရမည်။ အင်္ဂလိပ်စကားဖြင့် ပြောင်းဖူးကို Corn ဟု ပြောင်းခေါ်လိုက်ပါက အဘယ်သို့ အနေမြဲရန် မပြောင်းဖူး ဖြစ်တော့မည်နည်း။ သတ်မှတ်ချက်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် မူလဖြစ်သည့် ခန္ဓာငါးပါး သို့မဟုတ် နာမ်ရုပ်တရားဟုခေါ်သည့် ပရမတ်ကို မမြင်နိုင် စွမ်းသည်က အကြောင်းရင်းဖြစ်ပေသည်။

 

၂။ သန္တတိပညတ်

ပရမတ္ထသဘာ၀ အစစ်အမှန်တရားသည် တစ်ခုနှင့်တစ်ခုတစ်ဆက် တစ်စပ်တည်း မဟုတ်ဘဲ၊ အပြတ်၊ အပြတ်များသာ ဖြစ်ကြသည်။ သို့သော် တစ်ဆက်တစ်စပ်တည်းဟု ထင်ရ လောက်အောင် ဖြစ်ပျက်မှုက မြန်ဆန်လွန်းလှပါသည်။

ဥပမာပြရသော် မှောင်မိုက်သည့် ညဉ့်အခါကာလတွင် ခပ်လှမ်းလှမ်းမှ လူတစ် ယောက်က မီးစတစ်ခုကိုကိုင်၍ စက်ဝိုင်းပုံသဏ္ဌာန်ဖြစ်အောင် မြန်နိုင်သမျှ မြန်မြန် လှည့်ပြလိုက်သည့်အခါ မြင်ရသူတို့က မီးစကြာဝိုင်းဟု ထင်ရသကဲ့သို့တည်း။ ဤသဘောသည် ပရမတ်အမှန်တရားကို သန္တတိပညတ်က ဖုံးထားခြင်းဖြစ်သည်။

 

၃။ သမူဟပညတ်

အပေါင်းအစုက ဖုံးအုပ်ထားခြင်း။ ပရမတ်သဘာဝ၌ ရုပ်တရားသည် သူ့ဘာသာသူ၊ သူ့ကလာပ်စည်းနှင့်သူ တစ်ခုပြီးမှတစ်ခု ဖြစ်နေသည်။ စိတ်လည်း ထို့အတူဖြစ်သည်။ တစ်စိတ်ပြီးမှတစ်စိတ် ဖြစ်နေသည်။ အပေါင်းအစုဟူ၍ မရှိပါပဲလျက် အပေါင်းအစုဟူ၍ ထင်မှတ်နေကြသည်။ အထူးသဖြင့် ရုပ်အပေါ်၌ ရုပ်တုံးကြီး၊ ရုပ်ခဲကြီးဟု ထင်မှတ်နေခြင်းသည် သမူဟပညတ် ဖုံးထားခြင်း ဖြစ်သည်။

 

၄။ သဏ္ဌာနပညတ်

ပရမတ္ထသဘာဝ၌ ယောက်ျားသဏ္ဌာန်၊ မိန်းမသဏ္ဌာန်၊ ခွေးသဏ္ဌာန်၊ နွားသဏ္ဌာန်၊ ငှက်သဏ္ဌာန်၊ ဦးခေါင်းသဏ္ဌာန်၊ လက်ခြေသဏ္ဌာန် စသည်ဖြင့် မရှိ။ ထိုသဏ္ဌာန်သည် ပရမတ္ထ သဘာဝ၏ တည်နေဟန်ကိုလိုက်၍ ခေါ်ဆိုနေခြင်းသာ ဖြစ်သည်။ အမှန်တကယ် အရင်းခံ ပရမတ်မှာ သဏ္ဌာန်အနေဖြင့် မရှိ။

ဥပမာ မြေမှုန့်များကိုစု၍ ရေဖြင့်နယ်ပြီး နွားသဏ္ဌာန်လုပ်လျှင် နွားရုပ်ခေါ်နိုင်သည်။ ဆင်သဏ္ဌာန်လုပ်လျှင် ဆင်ရုပ်ခေါ်နိုင်သည်။ လူသဏ္ဌာန်လုပ်လျှင် လူရုပ်ခေါ်နိုင်သည်။ မိမိပြုလုပ်ချင်သည့် အရုပ်များကို ပြုလုပ်၍ ခေါ်ဆိုနိုင်ကြပါသည်။ ဤသည်ကိုပင် သူ့တည်နေ ဟန်ကိုလိုက်၍ အမျိုးမျိုးခေါ်ဆိုနေခြင်း ဖြစ်သည်။ ထို့အတူပင် ပရမတ္တတရားကိုလည်း သူတို့၏တည်နေရာကို လိုက်၍ လူဟု ခေါ်ချင်ခေါ်ကြသည်။ အိမ်၊ ကျောင်း၊ ဇရပ်၊ ဓမ္မာရုံ အသီးသီးခေါ်ကြသည်။ သို့သော် မူလပရမတ်သည် လူလည်းမဟုတ်၊ နတ်လည်းမဟုတ်၊ အိမ်၊ ကျောင်း၊ ဇရပ်၊ ဓမ္မာရုံလည်း မဟုတ်ပေ။

သတ္တဝါတို့သည် ထိုထိုသဏ္ဌာန်များကိုသာ ကာလရှည်ကြာ ကမ္ဘာပေါင်းများစွာ အမှားကြာလာတော့ အမှန်ဖြစ်နေတော့သည်။ ထို့ကြောင့် တကယ့်အစစ်အမှန် ပရမတ်များ ကိုမူ မမြင်ကြတော့ဘဲ သဏ္ဌာန်ပညတ်တို့အပေါ်၌ ထင်မြင် စွဲလမ်းနေကြပေတော့သည်။

 

ပရမတ်ကွယ်သောကြောင့် ကိလေသာဖြစ်ကြသည်

ဤပညတ်တို့၏ အစွမ်းဖြင့် နိမိတ်ပုံသဏ္ဌာန် အသီးသီး ပေါ်လွင်နေသောကြောင့် တင့်တယ်သည်၊ မင်္ဂလာရှိသည်၊ ကောင်းမြတ်သည်၊ ချစ်ခင်ဖွယ်ဖြစ်သည်ဟု ထင်မှတ်ပြီးကာ လိုချင်မှု၊ လိုချင်မှု၊ လိုချင်မှုတို့က အတောမသတ်နိုင်ဘဲ ပွားများနေကြရပါသည်။

မူလသဘောအားဖြင့် နိမိတ်အမှတ်အသား လက္ခဏာမရှိပါက လောဘဟူ၍ မရှိနိုင် တော့ပေ။ အတ္ထိပစ္စည်းဖြင့် ရုပ်နာမ်တို့အချင်းချင်း ကျေးဇူးပြုပုံကို အတိအကျမြင်လာနိုင်ပါက နိမိတ်သဏ္ဌာန် ပျောက်ကွယ်ပြီးမူ သဘောမှန်အတိုင်း သိရှိလာနိုင်သဖြင့် လောဘလည်း မရှိရကား သာယာဖွယ်ဟု ထင်မှတ်မှားရန် မရှိနိုင်တော့ပေ။

ဤရုပ်နာမ်တရားတို့၏ အစဉ်ဖြစ်နေသည့် ပညတ်တို့၏ အစွမ်းအားဖြင့် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ လှပသည်၊ တင့်တယ်သည်၊ မြတ်နိုးဖွယ်ဖြစ်နေသည်မှာ အတ္တဇီဝရှိသဖြင့်ဟု စွဲထင်မှတ်မှားနေကြပါသည်။ အတ္ထိပစ္စယသတ္တိဖြင့် “ဒီတရားရှိနေလို့သာ ဒီတရားရှိရတယ်၊ ဒီတရားတည်နေဖို့ရာ ဒီတရားက ကျေးဇူးပြုထားတယ်”ဟု အမှန်ကို အမှန်အတိုင်း သဘာ၀ တရား၏ ကျေးဇူးပြုပုံကို မြင်နိုင်စွမ်းပါမူကား အတ္တဇီဝစသည့်အယူ ဆိတ်သုဉ်းနိုင်ပါသည်။

တစ်နည်းအားဖြင့် ရူပါရုံအဆင်းကို အာရမ္မဏပုရေဇာတသတ္တိကြောင့် မြင်ခြင်း ဟူသော စက္ခုဝိညာဉ်ဖြစ်နေသည်။ ဤသည်မှာ အကြောင်းကိုစွဲ၍ အကျိုးတရားဖြစ်မှု သာတည်း။ “ငါမြင်တာမဟုတ်၊ သဟဇာတတ္ထိကြောင့် ရုပ်နာမ်အစဉ်ဖြစ်နေတာ၊ ငါဖြစ်နေတာ မဟုတ်၊ ပစ္ဆာဇာတတ္ထိနာမ်တရားတို့ကြောင့် ဒီစတုသမုဋ္ဌာနိက ရုပ်တရားတွေ တည်နေတယ်၊ ငါတည်နေတာ မဟုတ်။ ရုပ်အာဟာရတ္ထိ သြဇာကြောင့် စတုသမုဋ္ဌာနိက ရုပ်တရားတို့ အင်အား ပြည့်ဝပြီး ရွှင်လန်းလတ်ဆတ်နေတယ်၊ ငါအင်အားပြည့်၀ လတ်ဆတ်နေတာ မဟုတ်ဘူး။ ရူပဇီဝိတိန္ဒြိယအတွက် ကမ္မဇရုပ်တို့ မပျက်မပြားဘဲ ရှည်ကြာစွာ အသက်ရှိတဲ့အသွင်နဲ့ တည်နေနိုင်တာဖြစ်တယ်၊ ငါတည်နေနိုင်တာ မဟုတ်”ဟု အတ္ထိပစ္စည်း၏သဘောမှန်ကို ဆင်ခြင်နိုင်လျှင် ယုံမှားမှုများ ကင်းပျောက်နိုင်ပါသည်။

 

 

အတ္ထိပစ္စည်း၏ ဝိပဿနာအမြင်ကိုပြခြင်း

(၁) ရူပါရုံတည်းဟူသော ပုရေဇာတတ္ထိပစ္စည်းအတွက်ကြောင့် မြင်ခြင်းတည်းဟူသော ‘ဝိညာဏ်’ ပစ္စယုပ္ပန်တွေ ဖြစ်၍နေသည့် အကြောင်းကို အစွဲပြုပြီး၊ အကျိုးတရား ဖြစ်ပွား၍နေသော ပဋိစ္စသမုပ္ပါဒ်တည်း။ ‘ငါမြင်သည် မဟုတ်’ဟု စက္ခုဒွါရ၌ ယုံမှားကင်း လေ၏။ သောတဒွါရ စသည်တို့၌လည်း ဤနည်းတူ သိပါလေ။

(၂) သဟဇာတတ္ထိ ပစ္စည်းအတွက်ကြောင့် ရုပ်နာမ်အစဉ် ဖြစ်နေသည်။ “ငါဖြစ်နေသည် မဟုတ်” ဟု သိရမည်။

(၃) ပစ္ဆာဇာတတ္ထိ ပစ္စည်းထိုက်သော နာမ်တရားတို့အတွက်ကြောင့် (ကံ ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ကြောင့်ဖြစ်သော) ဤစတုသ မုဋ္ဌာနိက ရုပ်သည် တည်တံ့၍ နေနိုင်သည်။ “ငါတည်နေသည် မဟုတ်”ဟု သိရမည်။

(၄) အာဟာရတ္ထိ ပစ္စည်းထိုက်သော ‘သြဇာ’အတွက်ကြောင့် စတုသမုဋ္ဌာနိက ရုပ် တရားတို့ အားအင်ပြည့်ဝ၊ ရွှင်ပျလတ်ဆတ်၍ နေသည်။ “ငါအင်အားပြည့်၀ လတ်
ဆတ်၍ နေသည် မဟုတ်”ဟု သိရမည်။

(၅) ဣန္ဒြိယတ္ထိ ပစ္စည်းထိုက်သော ရုပ်ဇီဝိတအတွက်ကြောင့် သတ္တဝါထင်စရာ,အထည် ကိုယ်ဖြစ်သော ကမ္မဇရုပ်တို့ မပျက်ပြားဘဲ၊ ရှည်ကြာစွာ အသက်ရှိကြသည့်အသွင်ဖြင့် တည်နေနိုင်သည်။ “ငါတည်နေနိုင်သည် မဟုတ်” ဟု သိရမည်။

ဤသို့ အတ္ထိပစ္စည်း၏သဘောကို ကျနစွာ သိစွမ်းနိုင်ပါမူ ယုံမှားခြင်း အမျိုးမျိုးပျောက်၍ ကင်္ခါဝိတရဏဝိသုဒ္ဓိဉာဏ်လမ်း ပေါက်နိုင်လေသည်။ ယင်းဉာဏ်အမြင်ရှိသူသည် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကင်းကွာသွားပြီ ဖြစ်ရကား စူဠသောတာပန်မည်တော့သည်ဟု ဝိသုဒ္ဓိမဂ် (ဒု၊ ၂၄၀)၌ မိန့်ဆို လေသည်။ အတ္ထိပစ္စည်း၏ သဘောကို ကျနစွာ မြင်သိပါမူကား ဤမျှလောက်ပင် အကျိုးများ ပေတော့သည်။

*ကျမ်းညွှန်း-ဆရာကြီးဦးမြင့်ဆွေ၏ မဟာပဋ္ဌာန်းကျမ်း

သီလ သမာဓိ ပညာဖြင့် အကုသိုလ်ပယ်ခြင်း

ကိုယ်နှင့် နှုတ်မှာ ဖြစ်ပေါ်လာငြား အကုများ ပယ်ရှားမြတ်သီလ။
စိတ်အစဉ်မှာ ဖြစ်ပေါ်လာငြား အကုများ ပယ်ရှားမြတ်သမထ။
ဘဝစဉ်ဆက် ကိန်းလျက်ပါငြား အကုများ ပယ်ရှားမြတ်ပညာ။

 

နိဗ္ဗာန်သည် အတ္ထိပစ္စည်းမထိုက်ပါ

ထင်ရှားရှိခိုက် ကျေးဇူးပြုသောကြောင့် အတ္ထိပစ္စည်းထဲတွင် နိဗ္ဗာန်ပါသင့်သည်ဟု ထင်စရာရှိပါသည်။ အတ္ထိ (၅)မျိုး၏ သုဒ္ဓသင်္ချာကို ကြည့်ပါက နိဗ္ဗာန်မပါဝင်ပေ။အတ္ထိပစ္စည်း ဟူသည် ရှိခိုက်၌ ကျေးဇူးပြုသည်၊ မရှိသည့်အခိုက်၌ ကျေးဇူးမပြုပါ။ နိဗ္ဗာန်ဟူသည် မရှိ ခိုက်ဟူ၍ မရနိုင်ပေ။ သဘာဝအနေဖြင့် နိဗ္ဗာန်မည်သည် အမြဲတမ်းရှိနေသည်။ ပမာပြရလျှင် ‘မီးငြိမ်းသည်’ဟု ဆိုရာတွင် ငြိမ်းခြင်းမည်သော အငြိမ်းဓာတ် ရှိနေသည်ကို ဆိုလိုပါသည်။ထို့ကြောင့် နိဗ္ဗာန်သည် အမြဲတမ်းရှိနေသောကြောင့် အတ္ထိပစ္စည်း မတပ်ပေ။ ရှိနေသည့် အခိုက် ကျေးဇူးပြုပြီး၊ မရှိသည့်အခိုက် ကျေးဇူးမပြုပါဟူ၍ အပြောင်းအလွဲမျိုး မရနိုင်သဖြင့် နိဗ္ဗာန်ကို အတ္ထိပစ္စည်း မတပ်ရပါ။ ကျန်သည့် သင်္ခါရတရားတို့ကမူ ရှိသည့်အခိုက် ကျေးဇူးပြု ကြပြီး မရှိသည့်အခိုက်၌ ကျေးဇူးမပြုကြပါ။

*ကျမ်းညွှန်း- ပါချူပ်ဆရာတော်၏ ပဌာန်းမြတ်ဒေသနာတော်

 

အတ္ထိပစ္စည်း၏ သင်္ချာ

အတ္ထိပစ္စည်း၏ သင်္ချာမှာ – ၁၃ ဖြစ်ပါသည်။ ထို့ကြောင့် “အတ္ထိယာ တေရသ”ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ-၃
(၁) ကု-ကု (၂) ကု-ဗျာ (၃) ကု-ကု၊ ဗျာ

အကုသလ သင်္ချာ-၃
(၁) အကု-အကု (၂) အကု-ဗျာ (၃) အကု-အကု၊ ဗျာ

အဗျာကတ သင်္ချာ-၃
(၁) ဗျာ-ဗျာ (၂) ဗျာ-ကု (၃) ဗျာ-အကု

ကုသလာဗျာကတ သင်္ချာ -၂
(၁) ကု-ဗျာ-ကု (၂) ကု-ဗျာ၊ ဗျာ

အကုသလာဗျာကတ သင်္ချာ -၂
(၃) အကု-ဗျာ-အကု (၄) အကု-ဗျာ၊ ဗျာ

 

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

၁။ သဟဇာတတ္ထိ – ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် သဟဇာတ ပစ္စည်းနှင့် တူညီပါသည်။

၂။ ပုရေဇာတတ္ထိ – ပစ္စယဟူသောအကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသောအကျိုးတရားတို့သည် ပုရေဇာတ ပစ္စည်းနှင့် တူညီပါသည်။

၃။ ပစ္ဆာဇာတတ္ထိ – ပစ္စယဟူသောအကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသောအကျိုးတရားတို့သည် ပစ္ဆာဇာတ ပစ္စည်းနှင့် တူညီပါသည်။

၄။ အာဟာရတ္ထိ – ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသောအကျိုးတရားတို့သည် ရုပ်အာဟာရ နှင့် တူညီပါသည်။

၅။ ဣန္ဒြိယတ္ထိ – ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရားတို့သည် ရူပဇီဝိ တိန္ဒြိယနှင့် တူညီပါသည်။- အတ္ထိပစ္စည်းသည် သဟဇာတ၊ ဝတ္ထုပုရေဇာတ၊ ပစ္ဆာဇာတ၊ ရုပ်အာဟာရ၊ ရူပဇီဝိ တိန္ဒြိယမျိုး (၅)ပါး၌ ပါဝင်၏။

Loading