၁၉။ သမ္ပယုတ္တပစ္စယော

Daily life Patthana

Sampayutta Paccayo(Association condition)

 

 

 

ယှဉ်သောအားဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

The ‘Sampayutta Paccaya’ means association condition. Association is compared to four sweet things. You know that monks can eat some kinds of sweet things in the afternoon. They are a mixture of four things ghee, oil, molasses and honey. They are mixed together and must be cooked in the sun. That mixture we called Catumadhura.

 

‘စတုမဓူ၊ ရောစပ်မူနှင့် ၊ နည်းတူလှစွာ’ဟု လာရှိသည်နှင့် အညီ ထောပတ်၊ ပျားရည်၊ သကာ၊ နှမ်းဆီတို့ကို သမသွားအောင် မွှေသောအခါ တစ်ခုချင်း၏ အရသာ မထွက်တော့ဘဲ အရသာတစ်မျိုးတည်း ထွက်သကဲ့သို့ နာမ်ခန္ဓာ (၄)ပါး တရားတို့သည် အာရုံကို ယူသောအခါ တစ်ပါးချင်း၏သဘော မထင်ရှားဘဲ တစ်ပါးနှင့်တစ်ပါး အတူတကွ နှီးနှောယှဉ်တွဲ ဖြစ် ချုပ်မှီ အာရုံကိုယူပြီး ကျေးဇူးပြုကြသည်။

သမ္ပယုတ္တပစ္စည်းကို စတုမဓူဖြင့် ဥပမာပြသကဲ့သို့ မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာမှ စီးဆင်းလာသော ရေသည် သမုဒ္ဒရာထဲ ရောက်ပေမည်။ သမုဒ္ဒရာရေကို လက်ခုပ်ထဲ ယူကာ ‘ဒါက ဂင်္ဂါမြစ်ရေ၊ ဒါက ယမုံနာမြစ်ရေ၊ ဒါက အစိရဝတီမြစ်ရေ’ဟု မခွဲခြားနိုင်တော့သည် အထိ ရောနှောသမနေသည့်ပမာဟု မူလပဋ္ဌာန်းဆရာတော်ကြီးက သမ္ပယုတ္တပစ္စည်း၏ ကျေးဇူးပြုပုံကို ဥပမာပြုတော်မူပါသည်။

ထို့ကြောင့် သမအောင်ရောနှောထားသည့် စတုမဓူ၌ ဤကား ပျားရည်၊ ဤကား ထောပတ်၊ ဤကား တင်လဲ ဤကား နှမ်းဆီဟု ခွဲမရတော့သကဲ့သို့ နာမ်ခန္ဓာလေးပါးတို့ တစ်ပြိုင်နက်ဖြစ်ရာတွင်လည်း ဤကား ဝေဒနာ၊ ဤကား သညာ စသည်ဖြင့် ခွဲခြားမရတော့ဘဲ အာရုံသိမှု တစ်ခုတည်းအနေဖြင့်သာ ပေါင်းစည်းကာ ကျေးဇူးပြုသည့် ပစ္စည်းသည် သမ္ပယုတ္တ ပစ္စည်းမည်လေသည်။

 

စိတ်စေတသိက်တို့၏ သဘာဝ

ထို့ကြောင့် သမ္ပယုတ္တဟူသည် ရောနှောသမက တစ်စုတစ်ပေါင်းတည်းအဖြစ် ယှဉ်တွဲ ရောနှောနေခြင်းကို ဆိုလိုပါသည်။ စိတ် စေတသိက် ဟူသော နာမ်ခန္ဓာလေးပါးတို့သည် အညီအမျှ သမ၍ တစ်စုတည်းတစ်ပေါင်း တည်းအဖြစ်ဖြင့် ယှဉ်တွဲ ရောနှောကာ ကျေးဇူးပြုသော ပစ္စည်းဖြစ်ပါသည်။ စိတ်စေတသိက်ဟူသော နာမ်ခန္ဓာတို့သည် –

ဧကုပ္ပါဒ = အတူတကွ တစ်ပြိုင်နက် ဖြစ်ကြသည်။
ဧကနိရောဓ = အတူတကွ တစ်ပြိုင်နက် ချုပ်ကြသည်။
ဧကာလမ္ဗန = အာရုံတစ်ခုတည်းကိုသာ အာရုံပြုကြသည်။
ဧကဝတ္ထုက = မှီရာဝတ္ထု တူညီကြသည်။

ထို့ကြောင့် ‘အဖြစ်တူ၊ အပျက်တူ၊ မှီရာတူ၊ အာရုံတူကြသည်’ဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံမှသာ သမ္ပယုတ်ပစ္စည်းတရားများ ဖြစ်နိုင်ကြသည်။

 

ရုပ်တရားတို့၏ သဘာဝ

 

ရုပ်တရားတို့က ဖော်ပြပါ အင်္ဂါလေးရပ်နှင့် မပြည့်စုံသောကြောင့် သမ္ပယုတ္တ ပစ္စည်း မဖြစ်နိုင်ပေ။ ဤ၌ ဝိပ္ပယုတ္တပစ္စည်းသည် သမ္ပယုတ္တပစ္စည်း၏ ပြောင်းပြန်ဖြစ်၏။ အတူဖြစ်၊ အတူချုပ်၊ အာရုံတူ၊ မှီရာဝတ္ထုတူ ဟူသော သမ္ပယုတ်အင်္ဂါလေးရပ်တို့ဖြင့် မယှဉ်တွဲနိုင်ပြီး ပစ္စည်းနှင့် ပစ္စယုပ္ပန်တရားတို့ အချင်းချင်း မလိုက်လျောနိုင်သော သတ္တိသည်သာ ဝိပ္ပယုတ္တ ပစ္စည်း မည်လေ၏။

 

ပစ္စည်း သုံးတွဲ၊ ခြောက်ပါး

 

(က) သမ္ပယုတ္တပစ္စည်း နှင့်ဝိပ္ပယုတ္တပစ္စည်း
(ခ ) အတ္ထိပစ္စည်း နှင့် နတ္ထိပစ္စည်း
(ဂ ) ဝိဂတပစ္စည်းနှင့် အဝိဂတပစ္စည်းဟူ၍ နှစ်ပါးတွဲ၊ ပစ္စည်းခြောက်ပါး ဟောတော်မူပါသည်။

(က) သမ္ပယုတ္တပစ္စည်းသည် သမစွာ ရောနှောလျက် စိတ်စေတသိက်တို့ ယှဉ်သောအားဖြင့် ကျေးဇူးပြုတတ်သော ပစ္စည်းဖြစ်ပြီး၊ ဝိပ္ပယုတ္တပစ္စည်းမှာမူ ရုပ်တရား၊ နာမ်တရားတို့ အတူတကွ ဖြစ်ကြ၊ တွေ့ဆုံမိကြပါသော်လည်း အချင်းချင်း မနှီးမနှော မရောပြွမ်းခြင်း၊ မယှဉ်တွဲခြင်းအားဖြင့် ကျေးဇူးပြုတတ်သော ပစ္စည်းဖြစ်ပါသည်။

(ခ ) အတ္ထိပစ္စည်းသည် အကြောင်းတရားတို့လည်း ထင်ရှားရှိနေပြီး အကျိုးပြုမည့် တရားကလည်း ထင်ရှားရှိနေသည့် ပစ္စည်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် ရှိနေခိုက်တွင် ကျေးဇူးပြုပါက အတ္ထိပစ္စည်းဖြစ်ပြီး၊ မရှိတော့မှသာ ကျေးဇူးပြုပါက နတ္ထိပစ္စည်း ဖြစ်သည်။

(ဂ ) ဝိဂတပစ္စည်းသည် ရှေးရှေးနာမ်တရားအစုတို့က မိမိတို့ ချုပ်ကွယ် ကင်းပျောက်ခြင်း သည် နောက်နောက် နာမ်တရားအစုတို့အား ဖြစ်ခွင့်ပေးခြင်းဖြင့် ဝိဂတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပြီး မိမိမကင်းသေး၊ မချုပ်ပျောက်သေးသည်၏အဖြစ်ဖြင့် အဝိဂတပစ္စည်းက ကျေးဇူးပြုသည်။

သမ္ပယုတ္တပစ္စည်း၏ သင်္ချာ

 

သမ္ပယုတ္တတပစ္စည်း၏ သင်္ချာမှာ – ၃ ဖြစ်ပါသည်။ ထို့ကြောင့် “သမ္ပယုတ္တေ တီဏိ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

 

ကုသလ သင်္ချာ-၁

(၁) ကု-ကု

အကုသလ သင်္ချာ-၁

(၁) အကု-အကု

အဗျာကတ သင်္ချာ-၁

(၁) ဗျာ-ဗျာ

 

 

Mind to Mind

သမ္ပယုတ္တပစ္စည်းသည် နာမ်တရားက နာမ်တရား ( Mind to Mind) ကို ကျေးဇူးပြုသော ပစ္စည်း ဖြစ်သည်။

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

ပစ္စယဟူသော အကြောင်းတရားမှာ – စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါးတို့ ဖြစ်သည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ- စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး ဖြစ်သည်။

သမ္ပယုတ္တပစ္စည်းသည် သဟဇာတမျိုး၌ ပါဝင်၏။

Loading