မာတိကာ

၁၅ – အာဟာရပစ္စယော

Daily life Patthana

Ahara Paccayo (Nutriment condition)

 

 

ရုပ် နာမ် တရားများအား ထောက်ပံ့သောအားဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

The ‘Âhâra Paccayo’ is nutriment condition. Âhâra is compared to supporting poles.

‘အိမ်အိုကြီးများ မလဲပြိုရအောင် ကျားတိုင်များဖြင့် ထောက်ကန်ထားသကဲ့သို့’ အစား အသောက်၌ပါသော အဆီသြဇာ ကဗဠီကာရာဟာရရုပ်သည် ခန္ဓာကိုယ်အားလည်းကောင်း၊ ဖဿ၊ စေတနာ၊ ဝိညာဉ် နာမ်အာဟာရ ၃-ပါးသည် ယှဉ်ဖက် ရုပ်၊ နာမ်တရားတို့အား လည်းကောင်း ဖြစ်ပေါ်တည်ရှိလာအောင် ကျေးဇူးပြုသည်။

ရှေးဆရာမြတ်တို့က အာဟာရပစ္စည်းကို အိမ်အိုကြီးမလဲပြိုစေရန် ထောက်ကန်ထားသည့် ကျားတိုင်တို့သည် ထိုအိမ်အိုကို ခိုင်ခံ့စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ဟု ဥပမာ ပြုတော်မူကြပါသည်။ ပစ္စယုပ္ပန်တရားတို့အား ဖြစ်စေခြင်း၊ ထက်သန်အားကောင်းလာအောင် စောင့်ရှောက် ထောက်ပံ့ခြင်းကိစ္စတို့ဖြင့် ကျေးဇူးပြုမှုကို အာဟာရပစ္စယသတ္တိဟု ခေါ်သည်။

 

သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ

 

ကံက ဘဝအသစ်ကို ပို့ပေးလိုက်သဖြင့် ဘဝအသစ်ရရှိရေး၌ ကံ၏တာဝန် ကျေပွန် လေပြီ။ ဤရရှိထားသည့်ခန္ဓာ ဆက်လက် ရှင်သန်နေရန်မှာအာဟာရက တာဝန်ယူကာ ထောက်ပံ့ပေးရ၏။ ထို့ကြောင့် ‘သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ’ သတ္တဝါမှန်သမျှသည် အာဟာရ အကြောင်းအထောက်အပံ့ကြောင့်သာ ဖြစ် တည်နေနိုင်ကြပါသည်ဟု မြတ်စွာဘုရား ဟောတော်မူပါသည်။

သို့သော် အသညသတ်ပုဂ္ဂိုလ်များသည် လူ့ပြည်၌ တရားအားထုတ်ပြီး ဈာန်ဇော စောနေစဉ်၌ပင် ထိုင်လျက်စုတိစိတ်ကျလျှင် အသညသတ်ဘုံ၌ ထိုင် လျက်ပင် သွားပြီး ဖြစ်ရ၏။ ဈာန်ကိုအားထုတ်နေပြီး ဈာန်ဇောက ပို့ဆောင်သဖြင့် ဤဘုံသို့ရောက်ခြင်းဖြစ်သည်။ ထိုဈာန်ဇောကပင် အာဟာရဖြစ်၏။ အင်္ဂုတ္ထိုရ်အဋ္ဌကထာတွင် ‘ပစ္စယာဟာရော’ဟု ဆိုထား၏။

“ရူပဗြဟ္မာကြီးတွေမှာ ဘာကိုမှမစားဘဲ အာယုကပ်ကုန်သည့်တိုင် ကမ္ဘာချီအောင် နေနိုင်တာဟာ သူတို့၏သန္တာန်မှာရှိတဲ့ ကမ္မဇ စိတ္တဇ ဥတုဇတွေထဲမှာလည်း သြဇာဟာရှိသောကြောင့် ၎င်းသြဇာက ထောက်ပံ့ထားသည်ဖြစ်၍ ဒီလိုနေနိုင်တာမှတ်ပါ။ ငရဲဘုံ၌ဖြစ်သော သတ္တဝါသည် အကြင်မျှလောက်သောကာလပတ်လုံး ကံသည် မကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ၎င်းသတ္တဝါဟာ မသေသေးပါဘူးတဲ့။ ဒီအခါမှာ ၎င်းသတ္တဝါများသည် ဤမျှလောက် ကြာမြင့်အောင်ဘာကိုမျှမစားမသောက်ရဘဲနဲ့ နေနိုင်သည်မှာ အကုသိုလ်တည်း ဟူသော စေတနာကံ၏ အစွမ်းသတ္တိကြောင့် နေနိုင်သည်ဟုမှတ်ပါ” ဟု မိုးကုတ်ဆရာတော် ဘုရားကြီး၏ အဘိဓမ္မာ ပဋ္ဌာန်းညဝါမှတ်စု၌ လာရှိပါသည်။

ကျမ်းညွှန်း

* ပါတိကဝဂ္ဂပါဠိ (နှာ-၁၇၈)
* အဋ္ဌကနိပါတ၊ အင်္ဂုတ္တိုရ်အဋ္ဌကထာ။
* အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဘိဓမ္မာပဋ္ဌာန်း ညဝါမှတ်စု သုံးချက်စု ချပို့စဉ်။

 

ရုပ်အာဟာရနှင့် နာမ်အာဟာရ

အာဟာရဟုဆိုလျှင် သာမန်အားဖြင့် စားသုံးစရာ အာဟာရကိုသာ စိတ်ထဲရောက်ကြ ပါသည်။ စာပေ၌မူ အာဟာရနှစ်မျိုး လာရှိ၏ ၁- ရုပ်အာဟာရ physical nutriment နှင့် ၂- နာမ်အာဟာရ mental nutriment တို့ဖြစ်၏။

 

ရုပ်အာဟာရဟူသည်

 

၁ – ‘ကဗဠီကာရော အာဟာရော’ဟု ဆိုအပ်သော စားသောက်ဝါးမျိုသဖြင့် ဖြစ်ပေါ် လာသည့် အဆီအနှစ် သြဇာအာဟာရဓာတ် ဖြစ်၏။

 

နာမ်အာဟာရဟူသည်

 

၂ – ဖဿာဟာရ = Contact nutriment အာရုံကို တွေ့ထိခြင်းသဘော။ ဖဿစေတသိက် ဟူသော ဖဿာအာဟာရ၊

၃ – စေတနာဟာရ = Intention nutriment စေ့ဆော် တိုက်တွန်းခြင်းသဘော။ စေတနာ စေသိက်ဟူသော မနောသေဥ္စတနာအာဟာရနှင့်

၄ – ဝိညာဏာဟာရ = Conciousnes nutriment အာရုံကို သိတတ်သောသဘော၊ စိတ် ၈၉-ပါး (ဝါ) ပဋိသန္ဓေ ဝိညာဏ်ဟူသော ဝိညာဏာဟာရတို့ ဖြစ်ပါသည်။

ထို့ကြောင့် အာဟာရဟူသည် နာမ်အာဟာရက သုံးပါး၊ ရုပ်အာဟာရက တစ်ပါး ဖြစ်သဖြင့် စုစုပေါင်း အာဟာရလေးပါး ရှိပါသည်။ “ကဗဠီဖဿေ၊ မနောသ‌ဉ္စေ ၊ ဝိညာဏေ၊ လေးထွေ အာဟာရ” ဟု ဘုရားရှင် ဟောတော်မူထားပါသေးသည်။

 

၁။ ကဗဠီကာရ အာဟာရ

ဤဘဝကို ပဋိသန္ဓေဝိညာဏ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ တစ်ဘဝတာ အသက်ရှင်ရေးကို ရုပ်အာဟာရ တစ်ပါးက ထောက်ပံ့သည်။ နာမ်အာဟာရသုံးပါးကမူ တစ်ဘဝပြီး၊ တစ်ဘ၀ သံသရာခရီးရှည် မဆုံးမချင်း စဉ်ဆက်မပြတ် ရှင်သန်ရေးကို ကျေးဇူးပြုနေပါသည်။

ရုပ်အာဟာရဖြစ်သော အစားအသောက်များကြောင့် ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ် အာဟာရဇရုပ်များ အင်အား တောင့်တင်းခိုင်မာလာသည်ကို သိသာနိုင်ပါသည်။ နာမ်အာဟာရ ဖြစ်သည့် ဖဿ၊ စေတနာ၊ ဝိညာဉ် တို့၌လည်း အာရုံခြောက်ပါး တစ်ပါးပါး ဖဿကြောင့် တွေ့ထိလာပြီး၊ ကောင်းကောင်းဆိုးဆိုး အာရုံအရသာကို ဝေဒနာက ခံစားသည်။ ဖဿ အာဟာရ၏ လှုံဆော်ပေးခြင်းကြောင့် တဏှာကြီးပွားကာ သတ္တဝါများ သံသရာကို ပျော်ပျော်ကြီး ကျင်လည်နေခြင်းကပင် နာမ်အာဟာရကြောင့် ဖြစ်ပါသည်။

ရုပ်အာဟာရနှစ်မျိုး

 

ရုပ်အာဟာရ နှစ်မျိုးရှိ၏။ ၎င်းတို့မှာ ၁-ထမင်း၊ ဟင်း၊ သစ်သီးစသည် ဗဟိဒ္ဓသန္တာန်၌ တည်သော သြဇာနှင့် အဇ္ဈတ္တသန္တာန်၌ရှိသော (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) ဟူသော စတု သမုဋ္ဌာနိကသြဇာတို့ ဖြစ်၏။

ကျမ်းညွှန်း * နိဒါနဝဂ္ဂ သံယုတ်ပါဠိတော် အာဟာရသုတ်၌လည်း

 

စတုသမုဋ္ဌာနိကသြဇာ

ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်၌လည်း သြဇာရုပ်ပါသည်၊ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇ ရုပ်၌လည်း သြဇာရုပ်ပါသည်၊ ဥတုကြောင့်ဖြစ်သည့် ဥတုဇရုပ် ၌လည်း သြဇာရုပ်ပါသည်၊ အာဟာရကြောင့်ဖြစ်သည့် အာဟာရဇရုပ်၌လည်း သြဇာရုပ်ပါသည်။ ထိုသြဇာရုပ် (၄)ပါးသည် စတုသမုဋ္ဌာနိကသြဇာဖြစ်၏။

ထိုလေးပါးသော အကြောင်းကြောင့်ဖြစ်သည့် စတုသမုဋ္ဌာနိက သြဇာရုပ်တို့သည် ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်နှင့် အာဟာရဇရုပ်တို့ကို ကျေးဇူးပြု၏။ အတွင်းက သြဇာဓာတ် အားကောင်းသည့် လူမမာများအတွက် ပြင်ပမှ ဆေးဝါးဟူသောသြဇာနှင့် အဇ္ဈတ္တိကသြဇာတို့ ပေါင်းစပ်မိသော် ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ် အာဟာရဇ ရုပ်ဖြစ်သည့် ဣမဿ ကာယဿ ဤကိုယ်ကောင်ကြီးကို အသက်ရှည်နိုင်ရေးအတွက် ကျေးဇူးပြုနိုင်၏။

အတွင်းသြဇာ အားနည်းသူအဖို့ရာမှာမူ ပြင်ပဆေးဝါးများက ဣမဿ ကာယဿ ဤကိုယ်ကောင်ကြီးကို ကျေးဇူးမပြုနိုင်တော့ပေ။ ရုပ်အာဟာရနှင့် နာမ်အာဟာရ ရှိသည့် အနက် ဆေးသိပ္ပံပညာက ရုပ်အာဟာရကိုသာ ပြောနေကြပါသည်။ နာမ်အာဟာရကိုမူ အနည်းငယ် ရိုးတိုးရိပ်တိပ် ရိပ်မိရုံမျှသာ ရှိသေးသည်။

စိတ်စင်ကြယ် မြင့်မြတ်ပါက စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်တို့လည်း စင်ကြယ်ပြီး ရုပ်အပေါ်ကို အကျိုးများစွာ သက်ရောက်စေနိုင်ကြောင်းကို တရား အားထုတ်သူများအဖို့ သိသာထင်ရှားလှသည်။

ထိုနည်းတူ စိတ်ဆင်းရဲသောက များလွန်းပါက စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်တို့က ညှိုးနွမ်းသဖြင့် “စိတ်ထောင်းတော့ ကိုယ်ကြေ” ဟူသော ဆိုရိုးစကားပုံပင် ရှိနေ၏။

 

အရိယာဖြစ်သည့်တိုင် ကျေးဇူးပြုခဲ့သည့် ထမင်းအာဟာရ

မြတ်စွာဘုရားရှင်သည် သံဃာငါးရာ ခြံရံတော်မူလျက် အာဠဝီမြို့၌ ဆွမ်းခံကြွ တော်မူစဉ် သူဆင်းရဲသား တစ်ယောက်သည် နွားပျောက်ရှာနေလေ၏။ မြတ်စွာဘုရားရှင်က ဤသူဆင်းရဲ အရိယာဖြစ်မည့်အရေးကို မြင်တော်မူသဖြင့် ဇေတဝန်ကျောင်းတော်မှသည် ယူဇနာသုံးဆယ် (မိုင်-၃၀၀ ခန့်) ကွာဝေးသည့် အာဠဝီမြို့သို့ ကြွလာတော်မူခြင်း ဖြစ်ပါသည်။

တရားနာချိန် ရောက်ပြီဖြစ်သော်လည်း သူဆင်းရဲ မရောက်သေးသဖြင့် စောင့်ဆိုင်း နေတော်မူ၏။ သူဆင်းရဲက နေမွန်းတည့်ချိန်၌ နွားပျောက်ကိုရှာတွေ့သဖြင့် အိမ်မပြန်သေးဘဲ ဘုရားရှင်ထံပါး တရားနာရန် ရောက်လာခဲ့ပါသည်။ မြတ်စွာဘုရားရှင်က ဝေယျာဝစ္စအဖွဲ့ ခေါင်းဆောင်အား သံဃာတော်များ၏ ဆွမ်း ကြွင်း ဆွမ်းကျန်များ ရှိမရှိမေးတော်မူရာ ရှိသည့် အကြောင်း လျှောက်ကြားသဖြင့် သူဆင်းရဲကို ကျွေးမွေးရန် မိန့်ကြားတော်မူ၏။ ဆာလောင်၍ ပူလောင်ပင်ပန်းနေသည့် သူဆင်းရဲသည် ထမင်းဝသဖြင့် ပူပန်မှုကင်းကာ စိတ်မှာလည်း တည်တည်ကြည်ကြည် ဖြစ်တော့၏။ ထိုအခါ မြတ်စွာဘုရားရှင်ထံပါးမှ တရားတော်ကို နာကြားရသဖြင့် သူဆင်းရဲ သောတာပန် ဖြစ်၏။

ထိုသူဆင်းရဲ ဘုရားထံပါး ရောက်ခါစတွင် အလွန်အမင်း ဆာလောင်မွတ်သိပ်နေသဖြင့် ဘုရားရှင်၏ နှုတ်တော်ထွက် နက်နဲသောတရားတော်ကို နှလုံး သွင်းနိုင်မည် မဟုတ်ပေ။အစာ အာဟာရစားသုံးပြီးသည့်အခါတွင်မူ ခန္ဓာကိုယ်တွင် အာဟာရဇရုပ်များ စည်ပင်သွား၏၊ကျန်သည့် ကမ္မဇရုပ်၊ စိတ္တဇရုပ်နှင့် ဥတုဇရုပ်တို့လည်း အာဟာရဇရုပ်နှင့် ဆက်နွယ်ကာ လန်းဆန်းစည်ပင်ခြင်းသည် အာဟာရသတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်၏။

တစ်ဖန် မြတ်ဗုဒ္ဓ၏ အသံတော် သဒ္ဒါရုံနှင့် သူဆင်းရဲ၏ နားအကြည် ရုပ်တို့သည် လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ အဆင်းတော်ရူပါရုံနှင့် သူ၏ မျက်စိအကြည်ရုပ်တို့သည် လည်းကောင်း တိုက်ဆုံပြီး တွေ့ထိမှု ဖဿသည် ဖဿာဟာရအဖြစ် ယှဉ်ဖော်ယှဉ်ဖက် နာမ်တရားနှင့် စိတ္တဇရုပ်တို့အား နာမ်အာဟာရသတ္တိဖြင့် ကျေးဇူးပြု၏။ (မှတ်ချက်- မြတ်ဗုဒ္ဓမှ ထမင်းကျွေးရန် စီစဉ်ပေးတော်မူသည့် အကြောင်းဟူ၍ ပိဋကတ်သုံးပုံတွင် ဤဝတ္ထု၌သာ လာရှိ၏။)

 

ဆာလောင်ခြင်းသည် ရောဂါမည်၏

 

ဇိဃစ္ဆာပရမာ ရောဂါ၊ သင်္ခါရပရမာ ဒုက္ခာ။
ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

‘ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး အနာရောဂါမည်၏။ ခန္ဓာငါးပါး သင်္ခါရ တရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ပညာရှိသည် ဤသို့ဟုတ်တိုင်း မှန်စွာသိ၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု၏’

ဆာလောင်ခြင်းသည် အလွန်ကဲဆုံးသော ရောဂါမည်၏၊ အဆိုးဆုံး ရောဂါဖြစ် လေသည်။ အခြားသောရောဂါကို ဆေးဝါးကုသနိုင်သော်လည်းဆာလောင် ခြင်းရောဂါကို ပျောက်ကင်းနိုင်ရန် နေ့စဉ် အစာအာဟာရများ စားသုံးပေးနေရသည်။ ဤသည်ကပင် ဆာလောင်မှုကို ကုသပေးနေခြင်း မည်၏။အမြဲမပြတ်တမ်း ဆာလောင်နေသဖြင့် အမြဲ မပြတ်တမ်း စားသုံးကာနေရခြင်းကပင် ကြီးစွာသော အနာရောဂါကို ဆေးကုသနေခြင်း ဖြစ်ပါသော်လည်း သူတော်ကောင်းကြီးတို့အဖို့မှာမူ ဘုရားရှင်၏ဥပဒေတော်ကို ကျော်လွန်သည်ဟု သံသယရှိရုံမျှဖြင့်ပင် အစာအာဟာရကို ရက်ရက်ကြီး စွန့်ပစ်တော်မူလေ့ရှိကြောင်းကို ဒွါရသာသနာပိုင် အုတ်ဖိုဆရာတော်ကြီး၏ ဝတ္ထုဖြင့် သာဓကပြုပါအံ့။

ကျမ်းညွှန်း * တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော်ကြီး၏ ဗုဒ္ဓ မြတ်စွာ၏ နည်းသမုဒ္ဒရာ (၂၀၀၈-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်)

 

အာဇီဝပါရိသုဒ္ဓိသီလနှင့် အစာအာဟာရ

အုတ်ဖိုဆရာတော်ကြီး၏ အာဇီဝပါရိသုဒ္ဓိသီလတော်ကား ပွတ်သစ်စခရုသင်းအသွင် အလွန်စင်ကြယ်တော်မူ၏။ ပရိကထာ သြဘာနိမိတ် ဝိညတ်ဖြင့် ရအပ်သောဆွမ်းကိုထားဘိ ဝစီဝိညတ္တိဝိပ္ဖါရ နှုတ်မြွတ်သောကြောင့် ဖြစ်ပေါ်လာသော ဆွမ်းကိုသော်မှ ဘုဉ်းပေးတော်မမူ၊ ပဋိကူလသညာ စက်ဆုပ်ရွံရှာသဖြင့် စွန့်ပစ် စေတော်မူ၏။

လက်ပံလှရွာ အဇိနာရာမကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသောအခါ အလုပ် အကျွေးဖြစ်သော ကပ္ပိယဘိုးရွှေပြည့်က ဆွမ်းပို့ လှူဒါန်းဆက်ကပ် အပ်သည်ကို ဘုဉ်းပေး သုံးဆောင်ပြီးလျှင် “ဟဲ့ ရွှေပြည့် မုန့်ဟင်းခါး ဆွမ်းစားချင်တယ်” ဟု မိန့်တော်မူလိုက်မိ၏။ ကပ္ပိယဘိုးရွှေပြည့် ကျောင်းမှ ရွာသို့ ပြန်သွား သော အခါ ဒါယိကာမကြီးဒေါ်စိုက ဘိုးရွှေပြည့် ပြန်လာသည်ကိုမြင်လျှင် “ဦးရွှေပြည့် ဆရာတော်ဘုရားကြီးက ဘာများဘုဉ်းပေး သုံးဆောင် လိုသည်ဟု မိန့်တော်မူပါသနည်း” ဟု ဆီးကြိုမေးမြန်းရာ ဘိုးရွှေပြည့်က “မုန့်ဟင်းခါးဆွမ်း စားလိုသည်”ဟု မိန့်တော်မူလိုက်ကြောင်း ပြောပြ၏။

ဒါယိကာမကြီးဒေါ်စိုသည် သဒ္ဓါတရားအား ကြီးမားထက်သန်သည့် အလျောက် မုန့်ဟင်းခါးသည်ထံ အခြံအရံနှင့်တကွ ပြည့်စုံစွာ မှာထား၍ နောက်တစ်နေ့ နံနက်စောစော၌ ကပ္ပိယ ဘိုးရွှေပြည့် ကျောင်းသို့မရောက်မီ သွားရောက်လှူဒါန်းလေ၏။

ထိုအခါ၌ အလုပ်အကျွေးဖြစ်သော ဦးဇေယျက ကောင်းမွန်စွာ ပြင်ဆင်ပြီးလျှင် မုန့်ဟင်းခါးဆွမ်း ရောက်ပါပြီဟု ဆရာတော်ကြီးအား လျှောက်ထားရာ ဆရာတော်ကြီးက ခါတိုင်းဆွမ်းကပ်ချိန်နှင့်မတူ စောလွန်းလှသည်ဟု တွေးတောဆင်ခြင်ဟန်နှင့် “ဇေယျ” ဟု ခေါ်တော်မူ၏။ ဦးဇေယျက “ဘုရား” ဟု ထူးလျှင် “ရွှေပြည့် ရောက်ပြီလား”ဟု မေးတော်မူ၏။ ဦးဇေယျက “မရောက်သေးပါဘုရား” ဟုလျှောက်လျှင် “ဘယ်သူလာလှူသော မုန့်ဆွမ်း နည်း” ဟု မေးတော်မူ၏။

“ဒါယိကာမကြီးဒေါ်စိုက ဘိုးရွှေပြည့်ကို ဆရာတော်ကြီး ဘာများသုံးဆောင်လိုပါ သနည်းဟုမေးမြန်း၍ မုန့်ဟင်းခါးဆွမ်း ဘုဉ်းပေးသုံးဆောင်လိုကြောင်းကို မိန့်တော်မူ၏ဟု ဘိုးရွှေပြည့်က ပြောသောကြောင့် ကပ်လှူလာသော မုန့်ဆွမ်းပါဘုရား” ဟု ပြည့်စုံစွာ လျှောက်၏။ “ဇေယျ ဒီမုန့်ဆွမ်းကို အခြားတစ်ပါးသို့ သွားရောက် စွန့်ပစ်လိုက်” ဟု မိန့်တော် မူ၏။ လှူဒါန်းဆက်ကပ်လာသော ဒါယိကာမကြီး၏ သဒ္ဓါတရားကိုမျှ မထောက်မထား၊ အားပါးမနာ မညှာတာ မငဲ့ကွက် ဘဲ ရဲရဲကြီး စွန့်ပစ်စေတော်မူ၏။ ဘုဉ်းပေးတော်မမူပေ။

ဓမ္မသေနာပတိ အရှင်သာရိပုတ္တရာ၏ ထုံးကို နှလုံးသွင်းတော်မူ၍ အရိယဝံသဓမ္မ ကို ဥက္ကဋ္ဌပရိစ္ဆေဒအားဖြင့် ကျင့်တော်မူသည်ဖြစ်၍ ဆရာတော်ဘုရားကြီး၏ အာဇီဝပါရိသုဒ္ဓိ သီလတော်ကား လက်ဖျောက်ခတ်တီး၍ အံ့ချီးလောက်ဖွယ် စင်ကြယ်လှပါပေသတည်း။ သူတော်ကောင်းကြီးများသည် အစာအာဟာရတည်းဟူသော အကြောင်းကြောင့် မိမိ၏ သီလတော်ကို အငြိအစွန်းခံတော်မူလေ့ မရှိပါပေ။

ကျမ်းညွှန်း * ဂါထာအမှတ် (၂၀၃) ဧကဥပါသကာဝတ္ထု၊ သုခဝဂ်၊ ဓမ္မပဒပါဠိ

 

ကံ၊ စိတ်၊ ဥတု၊ အာဟာရ

လူ၏ခန္ဓာကိုယ်ကို ၁-ကမ္မဇရုပ်၊ ၂-စိတ္တဇရုပ်၊ ၃-ဥတုဇရုပ်နှင့် ၄-အာဟာရဇရုပ်တို့ဖြင့် ဖွဲ့စည်းထား၏။ (ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ပင် ဖြစ်၏) ထို ကံ၊ စိတ်၊ ဥတု၊ အာဟာရ ၄-ပါးအနက် ကံက စေတနာအာဟာရ ဖြစ်သည်။ စိတ်က ဝိညာဏအာဟာရ ဖြစ်သည်။ အာဟာရက ရုပ်အာဟာရပင် ဖြစ်သည်။ ဤ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့၏ ထောက်ပံ့မှု ကြောင့်ပင် သာမန်မျက်စိဖြင့် ကြည့်၍ မမြင်နိုင်လောက်သည့် ကလလရေကြည်မှသည် ကိုယ်ကောင်ကြီးအဖြစ်ဖြင့် အဆင့်ဆင့် ကြီးထွားလာခြင်းဖြစ်သည်။

သို့သော် ကံ၊ စိတ်၊ ဥတုတို့က ဇနကသတ္တိဖြင့် ဖြစ်ရုံမျှသာတတ်နိုင်၏။ သူတို့ကြောင့် ဖြစ်လာသည့် ခန္ဓာကိုယ်ကြီးကို သူတို့ကကြီးပွားလာစေရန် မ တတ် နိုင်ပေ။ အာဟာရကသာ ရုပ်ကလာပ်တို့ကို ကြီးပွား တိုးတက်လာစေနိုင်ပါသည်။

 

အဇ္ဈတ္တသြဇာ၏ အထောက်အပံ့

ကမ္မဇရုပ် အာဟာရအားကြီးသော အချို့ နတ်၊ ပြိတ္တာ၊ ငရဲသားတို့သည် အဆီသြဇာ အတွက် အစာအာဟာရစားသုံးရန် မလိုအပ်ဘဲ နာမ်အာဟာရက ထောက်ပံ့ပေးထား သောကြောင့် ကာလရှည်ကြာစွာ တည်တံ့နိုင်ကြ၏။

အမိဝမ်းတွင်းရှိ သူငယ်သည်လည်း အမိ၏အာဟာရ မပျံ့နှံ့သေးမီ ရက်သတ္တတစ်ပတ်၊ နှစ်ပတ်ခန့်အတွင်း တိဇရုပ်ရှိ သြဇာက ထောက်ပံ့ထားသည်။ ကာမာဝစရနတ်များသည် ဥပပတ္တိ ပဋိသန္ဓေအားဖြင့် နတ်ဖြစ်စ နတ်သြဇာကို မမှီဝဲရမီလည်း တိဇရုပ်ရှိ သြဇာကပင် ထောက်ပံ့ထား၏။

လူ့ပြည်၏ အနှစ်ငါးဆယ်သည် စတုမဟာရာဇ်နတ်ပြည်၏ တစ်နေ့သာရှိရကား ၎င်းနတ်များမှာ တစ်နေ့စားသည့်သြဇာသည် လူတို့၏ အရေအတွက် အားဖြင့် အနှစ်ငါးဆယ် တိုင်အောင် နေနိုင်ကြ၏။ ထို့ကြောင့် အာဟာရသည် ‘အာဟရတိ ဥပတ္ထမ္ဘတီတိ အာဟာရော’ ဟု လာရှိသဖြင့် ရုပ်ကလာပ်တို့ကို ထောက်ပံ့တတ်သည်မှာ ထင်ရှားပေ၏။

လူ့ပြည်၌ နိရောဓသမာပတ်ဝင်စားကြသည့် ရဟန္တာအရှင်မြတ်များမှာ နိရောဓ သမာပတ်ကို ဝင်စားသောအခါ ခုနစ်ရက်ထက် ပိုလွန်၍ မဝင်စားကြပေ၊ နိရောဓသမာပတ် ဝင်စားရသည်မှာ အလွန်တရာအေးချမ်းရကား အဘယ့်ကြောင့် ခုနစ်ရက်ထက် ပိုလွန်ပြီး မဝင်စားကြပါသနည်းဟူမူ လူ့ပြည်၌ စားသောက်ရသည့် အစာအာဟာရတို့မှာ ခုနစ်ရက်သာ ဘုတ်ကို ဆက်ပေးနိုင်သောကြောင့်တည်း။

ကျမ်းညွှန်း

*မဟာဒွါရနိကာယ ဂဏရက္ခိတ သိရီသောဘနထေရ်၏ မဟာဒွါရနိကာယ သာသနဝံသဒီပနီ (၁၉၅၅ ခုနှစ်) (နှာ-၄၈၃၊ ၄၈၅)
* ရာဇသိက္ခာပဒဝဏ္ဏနာ၊ နိဿဂ္ဂိယကဏ္ဍ၊ ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ (နှာ-၂၆၀)
* ဧကဥပသကာဝတ္ထု၊ သုခဝဂ္ဂ၊ ဓမ္မပဒအဋ္ဌကထာ-၂၊ (နှာ-၁၆၉)
* (၂၀၃)၊ ဧကဥပသကာဝတ္ထု၊ သုဒ္ဓဝဂ္ဂ၊ ဓမ္မပဒပါဠိ (နှာ-၄၃)

 

ပီတိဘက္ခ ပီတိအာဟာရ

မြန်မာနိုင်ငံအောက်ပိုင်း သူ့ကျွန်ဘဝမရောက်သေးခင်ခန့်က ဘုန်းတော်ကြီးဦးသီလ (၁၈၃၂-၁၉၀၇)သည် ရွှေကျင်ဆိတ်ကလေးတောရကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဝမ်းခနိမ်ရွာသို့ ဆွမ်းခံကြွရ၏။ တစ်နေ့သော် ဆွမ်းခံကြွရင်း သားငှက်များကိုထောင်သော ညွှတ်ကွင်း၌ ခြေထောက်စွပ်မိ၍ ရှေ့မတိုးဘဲ ရပ်နေတော်မူ၏။ ညွှတ်ထောင်ထားသူမြင်လျှင် ကြောက်လန့်နေ၍ အနားသို့ မကပ်ဝံ့ချေ။ အခေါက်ခေါက်လာရောက် ချောင်းမြောင်းကြည့်၏။ ဘုန်းတော်ကြီးကား ရပ်လျက်သာ။ ညွှတ်သမားလည်း ကြီးစွာသောက ဖြစ်နေရှာ၏။ လာ၍ လည်း မဖြုတ်ဝံ့၊ ကြာသော် အခြားသူတစ်ယောက်အား အဖြုတ်ခိုင်း၏။ ဘုန်းတော်ကြီးက ထိုလာသူအား-

“ဒကာ ဒါနင့်ညွှတ်ကွင်းလား” ဟု မေး၏။

“မဟုတ်ပါ” ဟု လျှောက်၍-

“သူတစ်ပါးညွှတ်ကွင်းကို မဖြုတ်နှင့်” ဟု ပယ်မြစ်တော်မူ၏။

ကိုယ်တိုင်လည်း ဝိနည်းအရ မဖြုတ်အပ်။ မဆိုင်သူ ဖြုတ်သော်လည်း ခွင့်မပြုထိုက်။ သို့နှင့် ထိုသူက ညွှတ်ကွင်းရှင်အား-

“မင်းတော့ခက်တာပဲ၊ မွန်းလည်းတည့်လုပြီ၊ ဆွမ်းမစားရလို့ သေသွားရင် မင်းတော့ အဝီစိပဲ”ဟု ပြန်၍ပြောရာ ညွှတ်ရှင်လည်း ဝမ်းနည်းကြေကွဲစွာ ငိုယို၍ လာရောက်ဖြုတ်ရတော့၏။

“နောင်ဒီလို မလုပ်တော့ပါ၊ သည်းခံပါဘုရား” ဟု ညွှတ်ကွင်းပါ လှူ၍ ကန်တော့၏။ ဘုန်းတော်ကြီးကား ဆွမ်းတစ်နပ် လစ်လပ်လေပြီ။ ရဟန်းတစ်ပါးအနေဖြင့် ညွှတ်ကွင်းကို ဖြုတ်လျှင် မိထိုက်သော သားကောင်အတွက် ဘဏ္ဍာစားထိုက်သည်၊ လျော်ရသည်။ ပြန်ထောင် ခဲ့ပြန်လျှင်လည်း ပါဏာတိပါတအပြစ် မလွတ်သဖြင့် အာပတ်သင့်ပါသည်။

ဘုရားရှင်စသော သူတော်ကောင်းတို့သည် မာရ်နတ်ကြောင့် ဆွမ်းလစ်လပ်ရသော အခါမျိုးတွင် ပီတိဘက္ခတရား ပီတိကိုသာ စား၍နေသော ဗြဟ္မာကြီးများကဲ့သို့ ဝမ်းမြောက် ဝမ်းသာပင် နေတော်မူကြမြဲ ဖြစ်၏။ တစ်နည်းအားဖြင့် မိမိသီလကို ဆင်ခြင်၍ ဖြစ်လာသော ပီတိကပင် အာဟာရဖြစ်နေသကဲ့သို့တည်း။

ကျမ်းညွှန်း

* ဓမ္မာစရိယဦးဌေးလှိုင်၏ မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊ (၁၉၉၃-ခုနှစ်) နဝမအကြိမ်။ (နှာ-၂၂၁)
* ပါရာဇိကကဏ္ဍ အဋ္ဌကထာ (၁) (နှာ-၃၃၇)

 

၂။ ဖဿအာဟာရ

ဖဿသည် အာရုံနှင့် တွေ့ထိခြင်းဟု အဓိပ္ပာယ်ရပါသည်။ အဘိဓမ္မာ ရုပ်နာမ်တရား တို့ကို စူးစူးစိုက်စိုက် လေ့လာသူသည် ဖဿ၏သဘောကို ဆင်ခြင် သောအခါ “ဖဿ ဆိုသည်မှာ ဝတ္ထု ၊ အာရုံ၊ ဝိညာဉ်သုံးပါးတို့ ပေါင်းဆုံမိသောကြောင့် ဖြစ်ပေါ်လာသော တရား” ဟု ဉာဏ်တွင် ထင်မြင်လာပါသည်။

စက္ခုအကြည်ဓာတ်၌ လူရိပ်စသော အဆင်းအာရုံတို့ ထင်လာ ထိခိုက်လာသည်နှင့် တစ်ပြိုင်နက် စက္ခုဝိညာဉ်ခေါ်သော မြင်သိစိတ်သည် ထိုအဆင်းအာရုံကို အာရုံပြု၍ ဖြစ်ပေါ် လာ၏။ ထိုအခါ ထိုစက္ခုဝိညာဉ်စိတ်နှင့်အတူ အာရုံကို တွေ့ထိတတ်သည့် စက္ခုသမ္ဖဿ ခေါ်သော ဖဿစေတသိက်လည်း ဖြစ်ပေါ်လာ၏။

ထို့အတူ နားအကြည်၊ သဒ္ဒါရုံ ၊ သောတဝိညာဉ်သုံးပါး ပေါင်းဆုံမိသည်နှင့် တစ်ပြိုင်နက် သောတသမ္ဖဿ ဖြစ်ပေါ်လာ၏။ နှာခေါင်းအကြည်၊ ဂန္ဓာရုံ ဃာနဝိညာဉ် သုံးပါးပေါင်းဆုံ မိသည်နှင့်တစ်ပြိုင်နက် ဃာနသမ္ဖဿ ဖြစ်ပေါ်လာ၏။ လျှာအကြည်၊ ရသာရုံ ဇိဝှာဝိညာဉ် သုံးပါးပေါင်းဆုံမိသည်နှင့် တစ်ပြိုင်နက် ဇိဝှာသမ္ဖဿဖြစ်ပေါ်လာ၏။ ကိုယ်အကြည်၊ ကာယ သမ္ဖဿ ဖြစ်ပေါ်လာ၏။ ဘဝင် မနော၊ အာရုံခြောက်ပါးတွင် တစ်ပါးပါး မနောဝိညာဉ် ဟူသော ဓာတ်သုံးပါး ပေါင်းဆုံမိသည်နှင့် တစ်ပြိုင်နက် မနောသမ္ဖဿ ဖြစ်ပေါ်လာ၏။ဖဿ ၆-ပါးကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

(၁) စက္ခုသမ္ဖဿ = စက္ခုဝိညာဉ်နှင့်အတူ ဖြစ်သော ဖဿ၊

(၂) သောတသမ္ဖဿ = သောတဝိညာဉ်နှင့်အတူ ဖြစ်သော ဖဿ၊

(၃) ဃာနသမ္ဖဿ = ဃာနဝိညာဉ်နှင့်အတူ ဖြစ်သော ဖဿ၊

(၄) ဇိဝှာသမ္ဖဿ = ဇိဝှာဝိညာဉ်နှင့်အတူ ဖြစ်သော ဖဿ၊

(၅) ကာယသမ္ဖဿ = ကာယဝိညာဉ်နှင့်အတူ ဖြစ်သော ဖဿ၊

(၆) မနောသမ္ဖဿ = ဒွေးပဉ္စဝိညာဉ်မှတစ်ပါးကြွင်း စိတ်(၇၉)ပါးနှင့်အတူ ဖြစ်သော ဖဿ၊

 

အဆင်း၊ ရူပါရုံ၊ မြင်သိစိတ်နှင့် ဖဿ၊ ဝေဒနာ

မျက်စိ အကြည်ဓာတ်၊ အဆင်းအာရုံနှင့် မြင်သိမှု ဝိညာဉ်ဓာတ်တို့သုံးပါး ပေါင်းဆုံ မိသည့်အခါ အာရုံကို တွေ့ထိခြင်းဆိုသည့် ဖဿသဘော ပေါ်လာပါသည်။ ဤနေရာ၌ မြင်သိမှု စက္ခုဝိညာဏဓာတ်က အဆင်းမှန်း၊ သဏ္ဌာန်မှန်း၊ ဖြူလျှင်ဖြူမှန်း၊ နီလျှင်နီမှန်း မျှကိုသာသိသည်၊ ကောင်းသောအရသာ မကောင်းသော အရသာ ထင်ရှားပေါ်ထွက်အောင် စက္ခုဝိညာဉ်က မစွမ်းနိုင်၊ အရသာပေါ်လာအောင် အာရုံကို ဖိညှစ်ကြိတ်နယ်မှုကား ဖဿ၏ ကိစ္စဖြစ်သည်။ ဖဿကြိတ်နယ်ပေးမှုကြောင့် အာရုံ၏အရသာပေါ်လာသည့်အခါ အာရုံ အမျိုးအစားအလိုက် အာရုံ၏အရသာကို ခံစားသည့် ဝေဒနာတရားအစားစား ပေါ်လာရသည်။

 

မနောဒွါရနှင့် ဖဿ၊ ဝေဒနာ

စိတ်နှလုံးနှင့် သဘောအာရုံကို မှီပြီး ကြံသိမှုဖြစ်တိုင်း၊ ဖြစ်တိုင်းမှာ မနောဒွါရခေါ်သည့် စိတ်နှလုံး၊ သဘောအာရုံဆိုသည့် စိတ်ကူးအာရုံနှင့် ကြံသိမှုခေါ်သည့် မနောဝိညာဉ်ဓာတ်တို့ ဆုံမိကြသည်။ ယင်းသုံးပါးတို့ ဆုံမိသည့်အခါ စိတ်ကူးထဲမှာ အာရုံကို တွေ့မှုဖဿ ဖြစ်ပေါ်လာ ပါသည်။ စိတ်ကူးထဲက အာရုံကိုတွေ့လျှင် ထိုအာရုံကို ခံစားသည့်ဝေဒနာများ ထိုက်သလို ဖြစ်ပေါ်လာပါသည်။

မိမိအလိုရှိသည့် ဣဋ္ဌအာရုံကောင်းများနှင့် တွေ့လျှင် သုခဝေဒနာ ဖြစ်လာ၏။ ရှေးတုန်းက ကောင်းစား ချမ်းသာခဲ့ဖူးသည်များကို ပြန်လည်တွေးတောပြီး စိတ်ထဲမှာ ချမ်းသာ ပျော်ရွှင် နေတတ်သည်။ နောင်အခါ ကြီးပွားချမ်းသာမည့် အရေးများကိုလည်း မျှော်ကြံတွေးပြီး ဝမ်းသာ ပျော်ရွှင်နေတတ်ပေသည်။ ယခု လောလောဆယ် ကြီးပွား ချမ်းသာနေပုံများကိုလည်း စဉ်းစားကြံပြီး ပျော်ရွှင်နေတတ်ပေသည်။ ဤသည်မှာ ကောင်းသော ဖဿအတွေ့ကြောင့် သုခဝေဒနာ ဖြစ်လာပုံဖြစ်သည်။

မိမိအလိုမရှိသည့် အနိဋ္ဌာရုံများနှင့် တွေ့လျှင်ကား ဆင်းရဲဒုက္ခ ဖြစ်လာ၏။ ဒုက္ခ ဝေဒနာဖြစ်ပုံကား ရှေးအခါက ဆင်းရဲခဲ့ရပုံ ဘေးဒုက္ခရောက်ခဲ့ရပုံများကို ပြန်လည် စဉ်းစား တွေးတော၍သော်လည်းကောင်း၊ နောင်အခါ ဆင်းရဲဒုက္ခရောက်ရမှာ ဘေးရန်နှင့်တွေ့ရမှာ အကြပ်အတည်းနှင့် ရင်ဆိုင်ရမှာများကို စဉ်းစား ကြံတွေး၍သော်လည်းကောင်း ယခု လောလောဆယ် ဆင်းရဲနေပုံဘေးရန်နှင့် တွေ့နေပုံတို့ကို စဉ်းစား ကြံတွေး၍သော်လည်းကောင်း စိတ်မချမ်းမသာ ဝမ်းနည်းစိတ်ပျက်စွာ ဖြစ်နေတတ်ပေသည်။ ဤသို့ဖြစ်ခြင်းသည် မကောင်းသော ဖဿအတွေ့ကြောင့် ဒုက္ခဝေဒနာဖြစ်ပုံ ဖြစ်ပါသည်။

ကျမ်းညွှန်း * ၁။ ရူပါဒိဝဂ္ဂ၊ ဧကကနိပါတ၊ အင်္ဂုတ္တရပါဠိ (နှာ-၁)

 

ဥမ္မာဒန္တီနှင့် သိဝိဘုရင်

သိဝိဘုရင်ကြီးသည် တန်ဆောင်မုန်းလပြည့် နက္ခတ်ပွဲသဘင်ကျင်းပသည့်ကာလ ဆီမီးရောင်ရှိန် တထိန်ထိန် ထွန်းညှိ အလှဆင်ထားသည့် အရိဋ္ဌပူရမြို့တော်ကြီးကို လှည့်လည် ရှုစားရန် ထွက်တော်မူလာခဲ့ပေသည်။ ရှေးဦးစွာ စစ်သေနာပတိကြီး အဘိပါရက၏ အိမ်ရှေ့သို့ ရောက်သွား၏။ ထိုအခါ၌ စစ်သေနာပတိကြီး၏ကတော် ဥမ္မာဒန္တီသူဌေးသမီးသည် ကိန္နရီမ ကလေးသဖွယ် လေသာပြတင်းပေါက်မှာရပ်လျက် မင်းကြီးအား ပန်းပွင့်ပန်းကုံးတို့ဖြင့် ကြဲချရင်း မိမိ၏အလှအပကို ပြသလိုက်၏။

ယင်းသို့ အလှအပ ပြရခြင်းမှာ အကြောင်းရှိပေသည်။ ဥမ္မာဒန္တီသူဌေးသမီးကလေး အရွယ်ရောက်လာချိန်တွင် ဖခင်သူဌေးကြီးက “မိမိမှာ ဘုရင်နှင့်သာ ထိုက်တန်သည့် သမီးရတနာ ထွန်းကားခဲ့ပါသည်။ လက္ခဏာတတ် ပုဏ္ဏားတော်ကြီးများကို စေလွှတ်စုံစမ်းပြီး အရှင်မင်းကြီး အလိုရှိတိုင်း စီမံပါ” ဟု သိဝိဘုရင်ကြီးအား လျှောက်ထားခဲ့ဖူးသည်။

ဘုရင်မင်းကြီးက ပုဏ္ဏားတော်ကြီးများကို သွားရောက်စုံစမ်းရန် စေလွှတ်လိုက်သည်။ ပုဏ္ဏားတော်ကြီးများသည် ဥမ္မာဒန္တီကို မြင်ရသည်နှင့် တစ်ပြိုင်နက် သတိလွတ်ကင်းပြီး ဣန္ဒြေ မဆောင်နိုင်ဘဲ စားသောက်သည့်နေရာမှာပင် အမှားမှား အယွင်းယွင်း ဖြစ်ခဲ့ကြရသည်။ ထိုအခါ ဥမ္မာဒန္တီက ကျက်သရေမဲ့တယ်ဆိုပြီး ပုဏ္ဏားတော်ကြီးများကို အိမ်မှ ထွက်သွားစေခဲ့သည်။

ဤပြုမူချက်ကြောင့် ပုဏ္ဏားတော်ကြီးများသည် ဥမ္မာဒန္တီအပေါ် ရန်ငြိုးဖွဲ့ကာ ဘုရင့် ထံသို့ “ဥမ္မာဒန္တီဟာ ယုတ်မာတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ မိဖုရားမဖြစ်ထိုက်ပါဘူး”လို့ လျှောက်တင်ကြ၏။ မင်းကြီးကလည်း ယုံကြည်ပြီး ဥမ္မာဒန္တီကို လျစ်လျူ ရှုထားခဲ့သည်။

ထိုအကြောင်းကို သိရသည့်အခါ ဥမ္မာဒန္တီက “နေနှင့်ဦးပေါ့၊ ဘုရင်ကြီးကို ဖူးမြော်ခွင့် ရတဲ့တစ်နေ့မှာ ဘုရင်ကြီး ဘယ်လိုဖြစ်မယ်ဆိုတာ သိရပါလိမ့်မယ်”လို့ ဘုရင်ကြီးအပေါ် စိတ်ထဲ မကျေမနပ် ဖြစ်နေခဲ့သည်။ ထို့နောက် ဖခင်သူဌေးကြီးက သမီးချော ဥမ္မာဒန္တီကို စစ်သေနာပတိကြီး အဘိပါရကထံ ဆက်သလိုက်သဖြင့် စစ်သူကြီးကတော် ဖြစ်လာသည်။ ဥမ္မာဒန္တီသည် ဘုရင်ကြီး မြို့လှည့်လည်လာသည့်အခါမှာ ဤကဲ့သို့ မိမိ၏ အလှကျက်သရေ များကို အစွမ်းကုန် ပြသလိုက်ခြင်း ဖြစ်ပေသည်။

ထိုအခါ သိဝိဘုရင်ကြီးမှာ ဥမ္မာဒန္တီ၏ ရုပ်ဆင်းအင်္ဂါလက္ခဏာများကို မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ရူးနောက်သွား၏။ မြို့ကို ဆက်လက် မရှုစားနိုင်တော့ဘဲ ထိုအိမ်ရှေ့မှပင် နန်းတော်သို့ လှည့်ပြန်လာခဲ့ရသည်။ နန်းတော်သို့ ရောက်သော်လည်း မအိပ်နိုင် မစားနိုင် ဥမ္မာဒန္တီ၏ ရုပ်ဆင်းအင်္ဂါကိုသာ မျက်စိထဲမှာ ဖျောက်မရဘဲ သူရူးပမာ မြည်တမ်းပြောဆို နေလေသည်။

ဤကဲ့သို့ သိဝိဘုရင်ကြီး ဒုက္ခဝေဒနာ ခံစားနေရသည်မှာ ဥမ္မာဒန္တီ၏ အဆင်းအာရုံကို သူ့စိတ်ထဲမှာ တွေ့နေသည်မှာ ဖဿကြောင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ကုသိုလ်ဖြစ်စရာ (ဝါ) အကုသိုလ်ဖြစ်စရာ အာရုံအကောင်းအဆိုးကို တွေ့ထိပေးနိုင်သည့် ဖဿကို နာမ် အာဟာရဟုခေါ်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် “မိန်းမတို့၏ အဆင်းသဏ္ဌာန်ကဲ့သို့ ယောက်ျား၏စိတ်ကို သိမ်းကျုံးဆွဲငင် ယူနိုင်သော အဆင်းသဏ္ဌာန်မည်သည်ကို လောကတွင် တစ်စုံတစ်ခုသော အဆင်းသဏ္ဌာန် ကိုမျှ ငါဘုရားမြင်တော်မမူ၊ မိန်းမအဆင်းသည်လည်း ယောက်ျား၏စိတ်ကို သိမ်းကျုံးဆွဲငင်၍ ယူနိုင်၏။” စသည်ဖြင့် အင်္ဂုတ္တိုရ်ပါဠိတော် ရူပါဒိဝဂ်၌ ဟောတော်မူခဲ့ခြင်း ဖြစ်ပေသည်။

ကျမ်းညွှန်း * ဥမ္မာဒန္တီဇာတကဝဏ္ဏနာ (နှာ-၂၂၀)

 

ဘေးဒုက္ခအပေါင်း၏ အကြောင်းရင်း ဖဿ

 

သတ္တဝါတို့သည် ချမ်းသာခံစားမှုကို အလွန် စုံမက်ကြ၏။ ချမ်းသာခံစားရေးအတွက် ချမ်းသာမှုပေးစွမ်းနိုင်မည့် အာရုံကိုတွေ့ထိရန် အမြဲ ကြိုးပမ်းနေကြ၏။

လှပသောအဆင်းကို မြင်ရလျှင် ချမ်းသာမှု ဖြစ်ပေါ်၏။ ထို့ကြောင့် လှပသော အဆင်း ကိုမြင်တွေ့မှု (စက္ခုသမ္ဖဿ)အတွက် ထိုအဆင်း ရူပါရုံရှိရာသို့ သွားရ၏။ ထိုအဆင်း ရူပါရုံ ရရှိရေးအတွက် ဒုက္ခခံကြရ၏။ သာယာသောအသံကို ကြားတွေ့မှု (သောတသမ္ဖဿ) မွှေးကြိုင်သောရနံ့ကို နံတွေ့မှု (ဃာနသမ္ဖဿ)၊ လျှာပေါ် ၌ မြက်မြက်ကလေးတွေ့မှု (ဇိဝှါ သမ္ဖဿ)၊ နူးညံ့သောအိပ်ရာ နေရာအဝတ်အထည် ယောက်ျား၊ မိန်းမတို့၏ အတွေ့အထိ (ကာယသမ္ဖဿ)၊ စိတ်ကူးယဉ်ကြည်နူးမှု (မနောသမ္ဖဿ) ဤဖဿများ ဖြစ်ပေါ်ရေးအတွက် ကြိုးပမ်းနေစဉ် အဆုံး အပိုင်းအခြားမရှိသော ဒုက္ခများကို ခံစားနေကြရ၏။

မြင်တွေ့မှု၊ ကြားတွေ့မှု၊ နံတွေ့မှု၊ လျက်တွေ့မှု၊ ထိတွေ့မှု၊ စိတ်ကူးတွေ့မှုများ ဖြစ်ပေါ် လာရေးအတွက် ထိုထိုအာရုံများနောက်သို့ တကောက်ကောက် လိုက်နေကြ၏။ ထိုသို့ အာရုံများနှင့် ထိတွေ့နိုင်ရေးအတွက် တရားသဖြင့် ကြိုးပမ်းအားထုတ်၍ မရနိုင်သောအခါ ဖြတ်လမ်းမှ လိုက်၍ ခိုးဝှက်လုယက်၏။ သူတစ်ပါး သားမယား ပြစ်မှား၏။ ထိုအခါ ခိုးသူကို ပိုင်ရှင်တို့က ဖမ်းဆီး သတ်ဖြတ်ကုန်၏။ အစိုးရမင်းတို့က အပြစ်ဒဏ်ခတ်၊ နှိပ်စက် ညှဉ်းဆဲ ကုန်၏။ သေလွန်သောအခါ၌လည်း အပါယ်လေးပါးသို့ လားရ၏။ ထို့ကြောင့် ပစ္စုပ္ပန် ၊ တမလွန် နှစ်တန်သော ဘေးဒုက္ခအပေါင်းသည် ဖဿသာလျှင် အကြောင်းရင်း မူလရှိ၏။

 

ကြာပွင့်ရနံ့သူခိုး

ဘုရားအလောင်းတော် ရသေ့သည် ပဒုမ္မာကြာအိုင်သို့ သွားစဉ် ပွင့်နေသော ပဒုမ္မာ ကြာပွင့်ရနံ့ကို နမ်းရှူမိ၏။ ထိုအခါ ကြာကန်ကိုစောင့်သည့် နတ်သမီးက သစ်ပင်၏ ပင်စည်အကြား၌ရပ်ကာ ထိတ်လန့်စေရန်ရည်ရွယ်ပြီး “ကြာပန်းအနံ့သူခိုး” ဟု စွပ်စွဲလေ၏။

ထိုအခါရသေ့ကြီးက “ကြာစွယ်ကြာရင်းတို့ကို နှုတ်ယူသူကို သူခိုးဟု မဆိုဘဲ အနံ့မျှသာ ရှူမိသည့်မိမိကို အဘယ်ကြောင့် သူခိုးဟု ဆိုရပါသနည်း”ဟု မေးမြန်းတော်မူပါသည်။ နတ်သမီးက “အရှင်ရဟန်း ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေးတို့ဖြင့် လိမ်းကျံကာညစ်ပတ် ပေရေနေသည့် နို့ထိန်း ကျွန်မဝတ်သော အဝတ်ကဲ့သို့ ထိုသူတို့မှာ အကုသိုလ်ပြုရမည်ကို ဝန်မလေးကြသဖြင့် ပြော၍ အကျိုးမရှိပါ၊ အရှင်ဘုရားတို့မှာမူ အပြစ်ကင်းစင်သဖြင့် ထိတ်လန့်အောင်ပြောဆိုလျှင် အကျိုးရှိမည်”ဟု လျှောက်ထား၏။

ထိုအခါ ဘုရားအလောင်းတော်ရသေ့က “နတ်သမီး နောင်လည်း ဤသို့သော အပြစ်ကို မြင်လျှင် ငါ့ကို အသိပေးပါ”ဟု မိန့်တော်မူပါသည်။ ထိုအခါနတ်သမီးက “အရှင်ရဟန်း တပည့်တော်သည် အရှင့်ကိုမှီပြီး အသက်မွေးတာလည်းမရှိ၊ အရှင်၏ သူရင်းငှားလည်း မဟုတ်တဲ့အတွက် အသိပေးရန် အကြောင်းမရှိပါ။ အရှင်ကိုယ်တိုင်သည်သာ ကောင်းမှု၊ မကောင်းမှုတို့ကို သိတော်မူပါဘုရား” ဟု လျှောက်ထား၏။

ဤဝတ္ထုတွင် ကြာပွင့်၏အနံ့အာရုံကို နမ်းရှူရခြင်းမှာ ဖဿကြောင့်ပင် ဖြစ်ပါသည်။ အာရုံအကောင်းအဆိုးကို တွေ့ထိပေးနိုင်သည့် ဖဿကို နာမ်အာဟာရဟု ခေါ်ခြင်း ဖြစ်ပါသည်။

ကျမ်းညွှန်း * ဇာတကအဋ္ဌကထာအတွဲ – ၃၊ (နှာ-၂၈၉) သိင်္ဃပုပ္ဖဇာတ်

 

ဖဿစေတသိက်နှင့် ပဋ္ဌာန်းတရားတော်

“သဠာယတနပစ္စယာ ဖဿော”၌ ပဋ္ဌာန်းနည်း ကြောင်းကျိုး ဆက်စပ်ဟန်ကား စက္ခုပသာဒရုပ်သည် စက္ခုဒွါရ၌ဖြစ်ပြီး စိတ်နှင့်ယှဉ်သော စေတသိက် ဖဿအား နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိ ခြောက်ပါးတို့ဖြင့် ကျေးဇူး ပြု၏။ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ ပသာဒတို့၌လည်း ဤနည်းတူ သိအပ်၏။ မနာယတန ဖြစ်သော လောကီဝိပါက်စိတ်သည် သမ္ပယုတ်ဖြစ်သော မနောသမ္ဖဿအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိကိုးပါးတို့ဖြင့် ကျေးဇူးပြု၏။

ရူပါရုံသည် စက္ခုသမ္ဖဿအား အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ ဟူ၍ ပစ္စယ သတ္တိလေးပါးတို့ဖြင့် ကျေးဇူးပြု၏။ သဒ္ဒါရုံစသည်၌လည်း ဤနည်းအတူပင် သိအပ်၏။ ပစ္စုပ္ပန်ဖြစ်သော ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံတို့သည် မနောသမ္ဖဿအား အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတဟူသော ပစ္စယသတ္တိလေးပါးတို့ဖြင့် ကျေးဇူးပြု၏။ အတိတ်၊ အနာဂတ်၊ ကာလဝိမုတ်ဖြစ်သော ဓမ္မာရုံခြောက်ပါးသော မနောသမ္ဖဿ အာရမ္မဏ ပစ္စယသတ္တိလေးပါးတို့ဖြင့် ကျေးဇူးပြု၏။

ဖဿပစ္စယာ ဝေဒနာ၌ ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုဟန်ကား စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် မိမိယှဉ်ဖက်ဖြစ်သော ဝေဒနာငါးပါးအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိရှစ်ပါးဖြင့် အသီးသီး ကျေးဇူး ပြု၏။ စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် သမ္ပဋိစ္ဆိုင်း၌ယှဉ်သော ဝေဒနာအား အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတဟူ၍ ပစ္စယသတ္တိငါးပါးတို့ဖြင့် ကျေးဇူးပြု၏။

စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် သန္တီရဏ၊ တဒါရုံ၌ ယှဉ်သော ဝေဒနာအား ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ မနောဒွါရဝီထိ၌ တဒါရုံ၌ယှဉ်သော မနောသမ္ဖဿ သည် ထိုတဒါရုံ၌ ယှဉ်သော ဝေဒနာအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူသော ပစ္စယသတ္တိရှစ်ပါးတို့ဖြင့် ကျေးဇူးပြု၏။ ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၌ယှဉ်သော မနောသမ္ဖဿသည် မိမိယှဉ်ဖက် ဝေဒနာအား ထိုနည်းအတူ ရှစ်ပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။ မနောဒွါရဝဇ္ဇန်း၌ ယှဉ်သော မနောသမ္ဖဿသည် တဒါရုံ၌ ယှဉ်သော ဝေဒနာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

၃။ စေတနာအာဟာရ

စေတနာစေတသိက်သည် စိတ်ဖြစ်သည့်အခါတိုင်း စိတ်နှင့်အတူ ဖြစ်ပေါ်လာရသည့် စေတသိက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုစေတသိက်ကို စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (ဝါ) စိတ်ဖြစ်တိုင်းပါ သဗ္ဗစိတ္တသာဓာရဏ စေတသိက်ဟု အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာကျမ်း စသည်တို့၌ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထိုစေတနာစေတသိက်သည် မိမိလည်း အာရုံကိုယူသည်၊ မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် စိတ်စေတသိက်တရားများ ဆိုင်ရာ ကိစ္စရပ်များကို ရွက်ဆောင်အောင်လည်း တိုက်တွန်း နှိုးဆော်ပေးသည်။

စေတနာသည် ငှက်စသောသတ္တဝါတို့၏ အတောင်နှင့် တူပေသည်။ ငှက်စသော သတ္တဝါတို့သည် အတောင်ရှိ၍သာ သစ်ပင်တစ်ပင်မှ တစ်ပင်သို့၊ တောတစ်ခုမှ တစ်ခုသို့ လှည့်လည်ပြီး မိမိတို့ခန္ဓာကိုယ်ကို ထိန်းကျောင်း မွေးမြူနိုင်ကြ၏။ အကယ်၍ ထိုသတ္တဝါများ၌ အတောင်မရှိခဲ့ပါလျှင် မပျံသန်းနိုင်ကြဘဲ သေကြဖို့သာ ရှိပေသည်။

ထို့အတူ သတ္တဝါအပေါင်းတို့၌လည်း အတောင်နှင့်တူသော စေတနာရှိ၍သာ စေတနာ၏ လှုံ့ဆော်တိုက်တွန်းမှုကြောင့် ကံကြီးကံငယ် အသွယ်သွယ်တို့ ဖြစ်ပေါ်လာကြပြီးလျှင် ဘ၀ တစ်ခုမှ ဘဝတစ်ခုသို့၊ ဘုံတစ်ခုမှ ဘုံတစ်ခုသို့ လှည့်လည်နိုင်ကြပေသည်။ အကယ်၍ စေတနာ မရှိပါက ကံတရားလည်း မပေါ်လာနိုင်၊ ကံတရားမပေါ်ပါက အကျိုးဝိပါကဝဋ်လည်း မဖြစ်လာနိုင်၊ အကျိုးဝိပါကဝဋ် မဖြစ်လာကလည်း ထိုဝိပါကဝဋ်အတွင်း၌ ထောက်တည် ကိန်းအောင်းနေကြသည့် ကိလေသာဝဋ်တို့လည်း မရှိနိုင်၊ ထိုအခါ ဝဋ်သုံးပါး ပြတ်သွားဖို့ ရာပင် ဖြစ်သည်။ ထို့ကြောင့် ဝဋ်သုံးပါး၌ ကျင်လည်နေရမှုသည် စေတနာ၏ အစွမ်းသတ္တိ ဖြစ်ကြောင်း သိသာထင်ရှားသောကြောင့် စေတနာသည် အာဟာရဟူသည့် အမည်ထူး တစ်မျိုးကို ရရှိခြင်းဖြစ်သည်။

 

စေ့ဆော်တိုက်တွန်းခြင်းသဘော ဥပမာ

ဥပမာအားဖြင့် စေတနာစေတသိက်သည် ကျောင်းတွင် ပညာသင်ကြားနေသော ခေါင်းဆောင်တပည့်ကြီးနှင့် သဘောတူပေသည်။ ခေါင်းဆောင်တပည့်ကြီးသည် ဆရာလာနေသည် အဝေးမှမြင်သည်နှင့် တစ်ပြိုင်နက် မိမိကိုယ်တိုင်လည်း စာအံစာကျက်၏။ အခြား အတူနေ တပည့်ငယ်များကိုလည်း “ဟိုမှာ ဆရာလာနေပြီ” စသည် ပြော၍ စာအံစာကျက်ရန် တိုက်တွန်း နှိုးဆော်၏။ ထိုခေါင်းဆောင် တပည့်ကြီးနည်းတူ စေတနာစေတသိက်သည် မိမိလည်း အာရုံကိုယူသည်၊ မိမိနှင့်အတူဖြစ်ဖက် စိတ်စေတသိက်တရားတို့ကို အာရုံ၌ ဆက်စပ် ပေးမှုကိုလည်း ပြုသည်။ ဖဿစသော အတူဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို ဆိုင်ရာကိစ္စများ ရွက်ဆောင်ကြရန်လည်း တိုက်တွန်း နှိုးဆော်ပေးသည်။

ဤသို့ မိမိကိစ္စ သူတစ်ပါးကိစ္စတို့ကို ပြီးစေတတ်သောကြောင့် (ဝါ) မိမိလည်း အာရုံကို ယူတတ်၊ အတူဖြစ်ဖက်တရားတို့ကိုလည်း မိမိကဲ့သို့ အာရုံကိုယူပြီး ဆိုင်ရာကိစ္စကို ဆောင်ရွက် ကြရန် နှိုးဆော်သကဲ့သို့ ဖြစ်သောကြောင့် စေတနာကို ခေါင်းဆောင်တပည့်ကြီးနှင့် တူသော တရားဟု အဋ္ဌကထာ၊ ဋီကာများ၌ ဖွင့်ဆိုကြပေသည်။

 

စေတနာနှင့် လယ်ပိုင်ရှင် ဥပမာ

ထပ်မံ၍ ဥပမာဖြင့်ပြပါဦးမည်။ စေတနာ စေတသိက်၏ ကြောင့်ကြဗျာပါရများပုံသည် လယ်လုပ်သား များနှင့်အတူ ကိုယ်တိုင်ထွက်၍ လယ်ရိတ်သိမ်းသော လယ်ပိုင်ရှင်ကြီးနှင့် တူပေသည်။ လယ်ပိုင်ရှင်ကြီးတို့မည်သည် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းပြီးသော လယ်ယာသီးနှံများကို ရိတ်သိမ်းရာတွင် မိမိပိုင်ပစ္စည်းများ မပျက်မစီးစေရန်၊ အလေအလွင့် နည်းပါးစေရန်၊ အချိန်မီ ပြီးစီးရန် “ဥစ္စာရင်လို ဥစ္စာရင်ခဲ”ဆိုသကဲ့သို့ လယ်လုပ်သားများထက် ပိုမို၍ ကြောင့်ကြဗျာပါရ စိုက်ရသည်မှာ ဓမ္မတာဖြစ်ပေသည်။

သို့ဖြစ်၍ လယ်ပိုင်ရှင်သည် ရှေးဦးစွာ လယ်ရိတ်သွားရန် လယ်လုပ်သားများကို ဆော်သြ၍ ခေါ်ဝေါ် စုဆောင်းရ၏။ ထို့နောက် မိမိနှင့် တစ်ပေါင်းတစ်စည်းတည်း လယ်ရိတ် ဆင်းကြသည်။ ကောက်ရိတ်သည့် အခါ၌လည်း “ယူကြပါ၊ ငင်ကြပါ၊ ရိတ်ကြပါ” ဟု အမြဲမပြတ် နှိုးဆော်ရ၏။ မည်သည့်နေရာအထိ ရိတ်ရမည်ဟုလည်း အပိုင်းအခြားကို ညွှန်ကြားရ၏။ ကောက်ရိတ်သမားတို့ ကြိုးကြိုးစားစား ရိတ်ကြရန် သူတို့အား ထမင်း၊ အဖျော်ယမကာ၊ နံ့သာ၊ ပန်းမန်စသည်တို့ဖြင့် အလိုက်သိစွာ တိုက်ကျွေးပေးကမ်းရ၏။ ရိတ်ရမည့် လမ်းကိုလည်း ညီမျှအောင် ဆောင်ရွက်ပေးရ၏။ ထို့အတူ စေတနာစေတသိက်သည် မိမိနှင့်အတူ ဖြစ်ဖော် ဖြစ်ဖက်တရားတို့ အာရုံ၌ ယှဉ်စပ်မိရန် လွန်စွာ ကြောင့်ကြဗျာပါရ များလှ၏။

ဤဥပမာ၌ လယ်ပိုင်ရှင်ကြီးသည် စေတနာ စေတသိက်နှင့်တူ၍ ကောက်ရိတ်သမား လယ်လုပ်သားများသည် စေတနာနှင့်အတူ ဖြစ်ကြသည့် တရားများနှင့် တူသည်။ လယ်လုပ် သားများ ကြိုးကြိုးစားစား ကောက်ရိတ်အောင် လယ်ပိုင်ရှင်ကြီး၏ ကြောင့်ကြဗျာပါရ များခြင်းသည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက်တရားတို့ အာရုံ၌ ယှဉ်စပ်မိရန် စေတနာ၏ ကြောင့်ကြဗျာပါရများပုံတို့ တူကြပါသည်။

 

စေတနာပဓာန

လောက၌ တစ်စုံတစ်ခုသော ကိုယ်မှု၊ နှုတ်မှုတို့ကို ပြုလုပ်ပြောဆိုရာတွင် စေတနာပါမှု မပါမှုသာ လိုရင်း ပဓာနဖြစ်ပေသည်။ ထင်ရှားစေဦးအံ့။ မျက်စိနှစ်ကွင်း အလင်းမရရှာသော စက္ခုပါလရဟန္တာမထေရ်မြတ်သည် မိုးရွာပြီးစ နံနက်စောစောထ၍ စင်္ကြံကြွတော်မူရာ ပိုးကောင်များစွာကို နင်းမိသဖြင့် ပိုးကောင် အမြောက်အမြား သေကြေပျက်စီးကြရ၏။ သို့သော် ထိုမထေရ်မြတ်သန္တာန်၌ သေစေလိုသော စေတနာမရှိသဖြင့် ပါဏာတိပါတကံ မထိုက်ပါ။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက သောတာပန် အရိယာဖြစ်သူ အမျိုးသမီးတစ်ဦးသည် မုဆိုးကြီးတစ်ယောက်နှင့် သင့်မြတ်ကာ အတူနေထိုင်ကြသည်။ ထိုအမျိုးသမီးသည် ခင်ပွန်းဖြစ်သူ မုဆိုးကြီးစေခိုင်းသမျှ လေး၊ မြား၊ လှံ၊ ပိုက်ကွန်စသည်တို့ကို ယူဆောင်ပေးရသည်။ ဇနီးသည် ယူဆောင်ပေးသော လေး၊ မြား စသည်ဖြင့် တောသတ္တဝါတို့၏ အသက်ကို သတ်ဖြတ်သည်။

သို့ရာတွင် ဇနီးဖြစ်သူမှာ သတ္တဝါတို့ကို သတ်ဖြတ်ပါ စေဟူသော ရည်ရွယ်ချက်ဖြင့် လေး၊ မြား စသည်တို့ကို ယူဆောင်ပေးသည် မဟုတ်၊ သောတာပန် အရိယာဖြစ်၍ သတ္တဝါ တို့အား သေစေလိုသော စေတနာလည်းမရှိ၊ ခင်ပွန်းသည်၏ စကားကို လိုက်နာသောအား ဖြင့်သာ ယူဆောင်ပေးရခြင်း ဖြစ်သည်။ ထို့ကြောင့် သေစေလိုသည့် စေတနာကင်းသော ဇနီးသည်မှာ ပါဏာတိပါတကံ မထိုက်။ ဥပမာ လက်၌အနာမရှိက အဆိပ်ကိုကိုင်သော်လည်း အဆိပ်မသင့်သကဲ့သို့ ဖြစ်သည်။

ထို့အတူ မုဆိုး၏စေခိုင်းမှုကြောင့် တွန်သံပေးကြရသော တယ်ခါ, တယ်ကြက် စသည်တို့ မှာလည်း သေစေလိုသော စေတနာမရှိသောကြောင့် ပါဏာတိပါတကံ မထိုက်နိုင်။

 

အိပ်မက်စေတနာ

အိပ်မက်ထဲတွင် ဘုရားဖူးရသည်၊ တရားနာရသည်၊ သူ့အသက်သတ်ရသည်၊ သူ့ဥစ္စာ ခိုးရသည် စသည်ဖြင့် မြင်မက်သောသူ၏ ကုသိုလ်အိပ်မက်စေတနာ၊ အကုသိုလ်အိပ်မက် စေတနာတို့သည် အာရုံထင်လာမှု အားနည်းသောကြောင့် ပဋိသန္ဓေကျိုးကို မပေးစွမ်းနိုင် ကြောင်းကိုလည်း မှတ်သားရပေသည်။

၄။ ဝိညာဏာဟာရ

ဝိညာဏ်ခြောက်ပါးရှိ၏။ ၎င်းတို့မှာ –
(၁) စက္ခုဝိညာဉ် = မြင်သိစိတ်
(၂) သောတဝိညာဉ် = ကြားသိစိတ်
(၃) ဃာနဝိညာဉ် = နံသိစိတ်
(၄) ဇိဝှာဝိညာဉ် = အရသာသိစိတ်
(၅) ကာယဝိညာဉ် = ထိသိစိတ် နှင့်
(၆) မနောဝိညာဉ် = ကြံတွေးသိစိတ် တို့ဖြစ်သည်။

ဖဿ၊ စေတနာနှင့် ဝိညာဉ်

ဖဿတည်းဟူသော အတွင်းလူရှိလို့သာ သူကအပြင်ဘက်က အာရုံဓမ္မတွေကို မတွေ့ထိ တွေ့ထိချင်အောင်၊ ဒီအာရုံတွေဟာ “ဟေ့… စားကောင်းတယ်၊ သောက်ကောင်းတယ်၊ ဝတ်ကောင်းတယ်၊ စားကြ၊ သောက်ကြ၊ တွေ့ထိကြလို့” အတွင်းက အာရုံဓမ္မတွေကို သူက ဆက်သွယ်ပေးနေတယ်လို့မှတ်ပါ။ ဒါ့ကြောင့် အာရုံနဲ့ အာရမ္မဏိကတရားဟာ ဘယ်လောက်ပဲဝေးဝေး သူက ဆက်သွယ်ပေးနေတာပဲလို့ မှတ်ပါ။

စေတနာသည် ‘စေတယတီတိစေတနာ’ဟူသည်နှင့်အညီ စေ့ဆော်တတ်သောကြောင့် စေတနာလို့မှတ်ပါ။ ဘယ်လိုစေ့ဆော်ပါသလဲလို့ဆိုရင်”ဟေ့…စားချိန်ကျပြီ စားကြလေ၊ စာတက်ချိန်ကျပြီ သွားကြလေ” စသည်ဖြင့် ခိုင်းလို့သာ စားရ၊ သွားရတယ်မှတ်ပါလေ။ ဤကဲ့သို့ သူတော်ကောင်း အလုပ်ကို လုပ်နေတာလည်း စေတနာကခိုင်းလို့ စေတနာက တိုက်တွန်း လို့ မှတ်ပါ။ အပါယ်ကိုသွားတာလည်း စေတနာကခိုင်းလို့၊ တိုက်တွန်းလို့၊ လုပ်တာဟု မှတ်ပါ။ ယခု လက်ကလေးကိုမြှောက်တာလည်း စေတနာကြောင့်၊ လက်ကလေးကို ချတာလည်း ချလိုသော စေတနာကြောင့်ဟုမှတ်ပါ။

ဝိညာဉ်သည်လည်း အာရုံဓမ္မတွေကို သိသည်ဖြစ်ပါသောကြောင့် ကျေးဇူးများတယ် လို့မှတ်ပါ။ ၎င်းဝိညာဉ်လေးသာ မရှိခဲ့ပါလျှင် မိမိတို့ကို ဆူးစူးမိသော်လည်းမသိ၊ ခလုတ် တိုက်မိသော်လည်း မသိ၊ အေးတယ်၊ ပူတယ်လို့လည်း မသိပါဘဲ ဖွဲ၊ ထင်းတုံးကြီးများကဲ့သို့ ဖြစ်နေမှာပါပဲတဲ့။ သို့ဖြစ်ပါ၍ ဝိညာဉ်သည် သတ္တဝါတို့၏သန္တာန်၌ ဆောင်တတ်သောကြောင့် ကျေးဇူးများသောကြောင့် အာဟာရမည်ပါတယ်မှတ်ပါ။

၎င်းဝိညာဉ်ကလေးသည် ဒီဟာဖြင့်တိုက်ကြီးပဲဟေ့လို့ သိသည်နဲ့တစ်ပြိုင်တည်း ဝေဒနာကလည်း ဒီတိုက်ကြီးဟာ တယ်ကောင်းပါလားဟေ့ဆိုပြီး ခံစားလိုက်တာပါပဲတဲ့၊ သညာကလည်း တယ်ကောင်းတဲ့တိုက်ပါပဲလို့ မှတ်လိုက်တာပါပဲတဲ့။ ၎င်းဝိညာဉ်ကလေး ချုပ်သွားလိုက်တဲ့အခါမှာ ဝေဒနာစသည်တို့လည်း ချုပ်ပျောက် ပျက်စီးသွားပါသောကြောင့် ဝိညာဉ်ကလေးမှာ ဇနကသတ္တိ ရှိတယ်ဆိုတာလို့ မှတ်ရမယ်။

ဝိညာဉ်ကလေးသည် ဤကဲ့သို့ဖြစ်စေပြီးသည့်နောက် ဒီဟာဖြင့်မကောင်းဘူးဟေ့၊ ကောင်းတယ်ဟေ့ စသည်ဖြင့် ပြောတာကတော့ ဝေဒနာစသည်တို့က ပြောတာလို့မှတ်ရမယ်။ ဒါ့ကြောင့် ဖြစ်ခြင်းသဘောသည် ဝိညာဉ်၊ မကောင်းဘူး၊ ကောင်းတယ်လို့ပြောတာက ဝေဒနာစသည်တို့က ပြောသောကြောင့် ဝိညာဉ်သည် အကူအညီအထောက်အပံ့ဘက်က များတယ်ဆိုတာထင်ရှားရကား ဥပတ္ထမ္ဘကသတ္တိလည်း ရှိတယ်လို့မှတ်ရမယ်။ သို့ဖြစ်ပါ၍ ဋီကာကျော်ဆရာဖွင့်ထားသော ‘ဇနယန္တောပိ’ ဟူသော စကားသည် အလွန်တရာ ကောင်းတဲ့ စကားပဲလို့ မှတ်ရမယ်ဟု မိုးကုတ်ဆရာတော်ကြီးက ပဋ္ဌာန်းညဝါ၌ မိန့်ကြားတော်မူပါသည်။

 

အာဟာရပစ္စည်း၏ သင်္ချာ

 

အာဟာရပစ္စည်း၏ သင်္ချာမှာ-၇ ဖြစ်ပါသည်။ ထို့ကြောင့် “အာဟာရေ သတ္တ” ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို တစ်ဖက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလ သင်္ချာ-၃

(၁) ကု-ကု (၂) ကု-ဗျာ (၃) ကု-ကု၊ ဗျာ

အကုသလ သင်္ချာ-၃

(၁) အကု-အကု (၂) အကု-ဗျာ (၃) အကု-အကု၊ ဗျာ

အဗျာကတ သင်္ချာ-၁

(၁) ဗျာ-ဗျာ

 

အာဟာရပစ္စည်းတို့မှာ ၁။ ရုပ်အာဟာရ ၂။ နာမ်အာဟာရ ၃။ ရုပ်အာဟာရတ္ထိ ၄။ ရုပ်အာဟာရအဝိဂတတို့ ဖြစ်သည်။

 

(Matter to Matter) (Mind to Mind-Matter)

အာဟာရပစ္စည်းတွင် ရုပ်အာဟာရနှင့် နာမ်အာဟာရဟူ၍ နှစ်ပိုင်းရှိပါသည်။

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

၁။ ရုပ်အာဟာရ – ရုပ်တရားက ရုပ်တရား (Matter to Matter) ကို ကျေးဇူးပြုရာတွင် –

ပစ္စယဟူသော အကြောင်းတရားမှာ – စတုသမုဋ္ဌာနိကရုပ်၌ရှိသော သြဇာဖြစ်ပါသည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စတုသမုဋ္ဌာနိကရုပ် (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) တို့ ကြောင့်ဖြစ်သည့် မဟာဘုတ် ၄-ပါး ဖြင့်ပြီးသည့် ရုပ် ကိုယ်ခန္ဓာတို့ ဖြစ်ပါသည်။

၂။ နာမ်အာဟာရနာမ်တရားက နာမ်-ရုပ်တရား (Mind to Mind-Matter) ကို ကျေးဇူးပြုရာတွင် –

ပစ္စယဟူသော အကြောင်းတရားမှာ – ဖဿ၊ စေတနာ၊ ဝိညာဏ်ဟုဆိုအပ်သော နာမ် အာဟာရ ၃-ပါးတို့ ဖြစ် ပါသည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ စိတ္တဇရုပ်နှင့် ပဋိသန္ဓေ ကမ္မဇရုပ်တို့ ဖြစ်သည်။ရုပ်အာဟာရပစ္စည်းမျိုး (၃)ပါး ရှိသည်။ ၎င်းတို့မှာ ၁။ ရုပ်အာဟာရ၊ ၂။ ရုပ်အာဟာ ရတ္ထိ နှင့် ၃။ ရုပ်အာဟာရအဝိဂတတို့ ဖြစ်ပါသည်။

Loading