မာတိကာ

 သိကောင်းစရာ ဓူတင်သာသနာ

 

ဓမ္မဝိနယာလင်္ကာရဝိနည်းပါဠိတက္ကသိုလ်၏

ပဓာနနာယက ဓမ္မဝိနယဆရာတော်၏ အာသီသဆုတောင်း

မဟာထေရော ဝိဇာနန္တော၊ ဓုတင်္ဂေ ဝိနယေသု စ၊

စတုသီလေ ဝိသောဓေန္တော၊ သုခီ ဒီဃာယုကော ဘဝေ။ (ပထျာဝတ္တ)

နိဝါနံ ကာမစိတ္တေန၊ သီလဝန္တေန ဘိက္ခုနာ၊

သောတူနံ ဟိတအတ္ထာယ၊ အယံ ဂန္ထော ရစီယတေ။ (ပထျာဝတ္တ)

 

သီလဝန္တ သမဏတို့ ဦးချပန်ဆင် ဓုတင်ဝိနည်း အသီးသီး၌ အပြီးဧကန် မယွင်းမှန်စွာ ထူးခြားစွာ သိပေထသော၊ ပါတိမောက္ခ အစလာသည့် လေးဖြာသီလဟူသမျှ၌ အထူး သုတ်သင် ဖြူဝင်းစင်သော၊ ခေမာနန္ဒ ဗြဟ္မဏဟု မည်ရကျော်လာ ထေရ်မဟာသည်၊ ရှည်ကြာမြင့်စွာ သာသနာဝန် အားသွန်ကြိုးပမ်း ဆက်ထမ်းနိုင်ဖို့ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာလျက် ရာကျော်အသက် ရှည်ပါစေသတည်း။

တစ်ထောင့်ငါးရာ ကိလေသာတို့ ကင်းကွာရာမှန် မြတ်နိဗ္ဗာန်ကို လိုလားတောင့်တ စိတ်ရှိထသော၊ ပါတိမောက္ခ အစလာသည့် လေးဖြာသီလ ပြည့်စုံထသော၊ ခေမာနန္ဒ ဗြဟ္မဏဟု မည်ရကျော်လာ သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းကျော်သည်၊ သင်ယူ လိုလား လူနတ်များစွာ သတ္တဝါတို့၏၊ ဓုတင်စခန်း အကျင့်လမ်းတွက် ဆက်ဆက်အကျိုး စီးပွားတိုးဖို့၊ သိကောင်းစရာ ဓူတင်သာသနာ သညာလာသည့် ကျမ်းစာမြတ်ကို ရေသား တီထွင် စီရင်အပ်ပေသတည်း။

 

ရန်အောင်မြင်ကျောင်း (မြို့တော်ဝန်ကျောင်း)

သံဃာတော်တို့၏ အာသီသဆုတောင်း

ဓမ္မာဘိရတ စိတ္တေန ၊ ဣမံ ဂန္ထံ ဝိစာယကော

သီလဝန္တော မဟာထေရော၊ ဟောတု ဒီဃာယုကော သုခီ။ (ပထျာဝတ္တ)

ကိလေသာနံ ဓုတတ္ထာယ၊ ဓုတင်္ဂေ သာဓု သိက္ခကာ

ဣမံ ဂန္ထံ ပဌိတွာန ၊ အာစရန္တု သုခံ သဒါ။ (ပထျာဝတ္တ)

တရား၌ အလွန်မွေ့လျော်သောစိတ်ဖြင့်

ဤကျမ်းဂန်ကို ရေးသားပြုစုတော်မူသော

သီလနှင့် ပြည့်စုံတော်မူသော မဟာထေရ်မြတ်သည်

သက်ရှည်ကျန်းမာသည် စိတ်ချမ်းသာသည် ဖြစ်ပါစေ။

ကိလေသာတို့အား ဖျက်ဆီးခြင်းငှာ

ဓူတင်အကျင့်တို့ကို ကောင်းစွာ ဖြည့်ကျင့်သူတို့သည်

ဤကျမ်းဂန်ကို ဖတ်ရှု၍

အခါခပ်သိမ်း လွယ်ကူချမ်းသာစွာ ဖြည့်ကျင့်နိုင်ကြပါစေ။

 

ဆုတောင်း

ဤကောင်းမှုကုသိုလ်ကြောင့်

ကမ္ဘာပေါ်တွင်

မြတ်ဗုဒ္ဓသာသနာတော်

အဓွန့်ရှည်ကြာ တည်တံ့၍

ကမ္ဘာသူ ကမ္ဘာသားများ

ဝိမုတ္တိသုခကို

ရရှိခံစားနိုင်ကြပါစေသတည်း။

ဆန္ဒမွန်

နှလုံးသားမြင့်မြတ်သည့်

ရဟန်းတော်တစ်ပါးပါးက

တစ်နေ့နေ့၊ တစ်ချိန်ချိန်၊ တစ်နေရာရာ၌

ဤစာအုပ်ကို ဖတ်ရှုမိကာ

သဒ္ဓါယိုဖိတ် အားကျစိတ်များ နိုးကြားလာပြီး

ဓူတင်ဆောင်ရန် ဆုံးဖြတ်ချက်ချနိုင်သည့်အထိ

အထောက်အပံ့ကောင်း ဖြစ်လာပါလျှင်

ဘုရားတပည့်တော်ဆန္ဒ ပြည့်ဝပါပြီဘုရား။

အရှင်ခေမာနန္ဒ

ရန်ကင်းတောရ၊ သပြေပင်

 

ကျေးဇူးဥပကာရ မော်ကွန်း

 

“သိကောင်းစရာ ဓူတင်သာသနာ” စာအုပ်၏ စာမူကြမ်းကို ဂန္ဓာရုံဘုံကျော်ဆရာတော် ဘဒ္ဒန္တဓမ္မဝိလာသ၊ မှော်ဘီ သာသနာ့ဝန်ဆောင် ပဓာနနာယက ဆရာတော်ဦးစန္ဒာသိရီ (ဓမ္မာစရိယ ဝိနယဝိဒူ)၊ ရန်ကုန် မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်၏ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ (အဂ္ဂမဟာအကျော်၊ ဒွိပိဋက၊ ပါဠိပါရဂူ၊ ပိဋကတ္တယပါရဂူ) နှင့် အေးချမ်းသာယာဆရာတော် ဘဒ္ဒန္တကဝိနန္ဒ (မဟာဝိဟာရ ဓမ္မဝိနယတက္ကသိုလ်၏ အဓိပတိ ဆရာတော်၊ ဝိနယဝံသပါလအသင်း၏ ပဓာနဦးဆောင်ဆရာတော်) အရှင်သူမြတ်တို့ အနေဖြင့် စာမူကြမ်းကို ဖတ်ရှုပေးတော်မူပြီး စာလုံးပေါင်း၊ သတ်ပုံအမှားအယွင်း၊ ပါဠိသဒ္ဒါရေး ရှုထောင့်တို့ကိုပါ မခြွင်းမချန် စစ်ဆေးပြုပြင် တည့်မတ် ပေးတော်မူခဲ့ပါသဖြင့် ကျေးဇူးဥပကာရတင်ရှိပါသည်ဘုရား။

စာမူကြမ်းများကို အထပ်ထပ်ဖတ်ရှုကာ အကြံဉာဏ်ကောင်းများစွာကို ပေးတော်မူခဲ့သည့်  ထန်းတပင်တောရဆရာတော် ဘဒ္ဒန္တကေဝလ၊ ရွှေဒါးတောရဆရာတော် ဘဒ္ဒန္တဇာဂရနှင့် ဘဒ္ဒန္တကောသလ္လ၊ မဟာဝိဟာရဝါသီ ဘုန်းတော်လေးအရှင်အဘယာလင်္ကာရ၊ ဓမ္မဝိနယာ လင်္ကာရ စာသင်တိုက်နှင့် ဓမ္မဝိနယာလင်္ကာရဝိနည်းပါဠိတက္ကသိုလ်တို့၏ ပဓာနနာယကဆရာတော် အရှင်ဉာဏုတ္တရ၊ မဟာဝိဟာရမှော်ဘီ၏ စာချဆရာတော် အရှင်ကဝိဓဇ၊ မဟာဝိဟာရ ရန်ကင်းတောရ စာချဆရာတော် ဦးဇဝနာလင်္ကာရ အရှင်မြတ်တို့အား ကျေးဇူးဥပကာရတင်ရှိပါသည်။

ကျမ်းညွှန်းများ တိုက်ဆိုင် စစ်ဆေးပေးတော်မူခဲ့ကြသည့် ရန်ကင်းတောရကျောင်း (မြို့တော်ဝန်ကျောင်း)မှ တပည့်များဖြစ်ကြသော ဦးစန္ဒိမာ (အဘိဝိနယာစရိယ၊ B.Sc(Bot). ADMK (THAMES-OXFORD),DMA))၊ ဦးဓမ္မရုစ (စာချတန်း၊ အဘိဝိနယာစရိယ တတိယအဆင့်)၊ ဦးဉာဏောဘာသ (သာသနဓဇဓမ္မာစရိယ၊ သာမဏေကျော် တတိယအဆင့်)နှင့် ဦးဓမ္မပိယ တို့အားလည်းကောင်း၊ စာမျက်နှာ သုံးရာခန့်ရှိသည့် ဤဓူတင်ကျမ်းစာအုပ်ကို လက်ရေး စာမူမှသည် ကွန်ပျူတာစာမူချော ထွက်ပေါ်လာသည့်အထိ အဆင့်ဆင့် ဖတ်ရှုပြင်ဆင်နိုင်ရန် ၅ ကြိမ်တိုင်တိုင် Proof  ထုတ်ကာ ပုံနှိပ်နိုင်သည့်အထိ စိတ်ရှည်စွာ ဆောင်ရွက်ပေးခဲ့ကြသည့် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန် ကျောင်း)၏ ရုံးခန်းမှ တပည့်များဖြစ်ကြသည့် တာဝန်ခံ ဆရာလေးဒေါ်ကုသလာ(B.A, Myanmar)၊ ဒေါ်ဝိမလာ(B.A, Philosophy) နှင့် ရုံးအဖွဲ့အားလည်း ကျေးဇူးဥပကာရတင်ရှိပါသည်။ ဆက်လက်ပြီး စာမူကြမ်း၌ မြန်မာစာ သတ်ပုံအပါအဝင် ပုဒ်ထီး၊ ပုဒ်မ ထားသိုမှုကအစ ခွဲထားတို့ကို အကြိမ်ကြိမ် အထပ်ထပ် စစ်ဆေးတည့်မတ်ပေးခဲ့သည့် ပညာရေးဝန်ကြီးဌာန၊ နေပြည်တော် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်ခင်မျိုးသစ် (B.A, B.Ed) ကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း မှတ်တမ်းတင်ပါသည်။

(ရန်ကင်းတောရဆရာတော်၊ နေပြည်တော်)

ဂန္ဓာရုံဘုံကျော်ဆရာတော်၏ ဥယျောဇဉ်

 

အရှင်ခေမာနန္ဒ ရန်ကင်းတောရ၏ “သိကောင်းစရာ ဓူတင်သာသနာ”စာအုပ်၏စာမူကြမ်းကို ဖတ်ရှုခွင့်ရသည့်အတွက် ဓူတင်နှင့် ပတ်သက်သော အသိဉာဏ်များ တိုးပွား၍ ဓူတင်ဆောင် မထေရ်မြတ်တို့ကို ကြ ည်ညိုသော သဒ္ဓါတရားများလည်း ဖြစ်ပေါ်လာပါသည်။ ဆွမ်း၊ သင်္ကန်း၊  ကျောင်း၊ ဆေး ပစ္စည်းလေးပါးနှင့် ပတ်သက်၍ တရားသဖြင့် ရတာကလေးနှင့် တင်းတိမ် ရောင့်ရဲ ဖို့ရန်လည်း မိမိ၏စိတ်ကို ဆုံးမဖြစ်ပါသည်။

အရှင်ခေမာနန္ဒ ရန်ကင်းတောရသည် သူ့မှာရှိနေသောအချိန်၊ သူ့မှာရှိနေသော စွမ်းအား၊ သူ့မှာရှိနေသော အာရုံစိုက်မှုကို “သိကောင်းစရာ ဓူတင်သာသနာ”အတွက် အများကြီးပေး၍ ကြိုးစားအားထုတ်ထားတာကို တွေ့ရပါသည်။ အရှင်ခေမာနန္ဒ၏ အရေးအသားသည် ချောမွေ့ ပြေပြစ်သည်။ ကျိုးကြောင်း ဆက်နွယ်မှုကောင်းသလို စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ သူ၏ “သိကောင်းစရာ ဓူတင်သာသနာ”ကို လေးလေးစားစား စိတ်ဝင်တစား ဖတ်ရှုနေရင်းပင် ဓူတင်အရာတွင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသော အရှင်မဟာကဿပ၏ စကားတော်ကိုလည်း မကြာခဏပင် သတိရနေမိပါသည်။ သတိရမိသည့်အတိုင်းပင် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မဟာဂေါသိင်္ဂသုတ် တော်ကို ပြန်၍ ကြည့်ရှုမိပါသည်။ အခါတစ်ပါး၌ ရှင်တော်မြတ်ဘုရားသည် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ရေဝတ၊ အရှင်အာနန္ဒာတို့လို ထင်ရှား ကျော်ကြားသည့် တပည့်များနှင့်အတူ ဂေါသိင်္ဂ အင်ကြင်းတောထဲမှာ သီတင်းသုံးနေတော်မူပါသည်။

ထိုအခါ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ရေဝတနှင့် အရှင်အာနန္ဒာတို့ တရားနာဖို့ရာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ထံ ဆည်းကပ်ကြပါသည်။ အရှင်သာရိပုတ္တရာမထေရ်မြတ်က အရှင်အာနန္ဒာ၊ အရှင်ရေဝတ၊ အရှင်အနုရုဒ္ဓါတို့ကို သူသိချင်နေ သောမေးခွန်းကို မေးမြန်းပြီးချိန်မှာ အရှင်မဟာကဿပကို ဆက်၍ မေးမြန်းပါသည်။

ငါ့ရှင် ကဿပ . . .ဂေါသိင်္ဂ အင်ကြင်းတောသည် ပျော်မွေ့ဖွယ်ကောင်းပါသည်။ အင်ကြင်း ပန်းတွေကလည်း ပင်လုံးကျွတ် ဖူးပွင့်နေပါသည်။ အင်ကြင်းပန်းရနံ့တိုဖြင့်လည်း မွှေးကြိုင်နေပါ သည်။ ငါ့ရှင်ကဿပ အဘယ်သို့သဘောရှိသောရဟန်းသည် အင်ကြင်းတောကို တင့်တယ်စေနိုင်ပါသနည်း။

ငါ့ရှင် သာရိပုတ္တရာ . . . ဤသာသနာတော်မှာ ရဟန်းတစ်ပါးသည် ကိုယ်တိုင်လည်း အာရညကင်ဓူတင်ဆောင်၍ အာရညကင်ဓူတင်ဆောင်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောပြသည်။ ကိုယ်တိုင်လည်း ပိဏ္ဍပါတ်ဓူတင်ဆောင်၍ ပိဏ္ဍပါတ်ဓူတင်ဆောင်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောပြသည်။ ကိုယ်တိုင်လည်း ပံသုကူဓူတင်ဆောင်၍ ပံသုကူဓူတင်ဆောင်ခြင်း၏ ဂုဏ်ကျေးဇူးကို လည်း ပြောပြသည်။ ကိုယ်တိုင်လည်း တိစီဝရိတ်ဓူတင်ဆောင်၍ တိစီဝရိတ်ဓူတင်ဆောင်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောပြသည်။ ကိုယ်တိုင်လည်း အလိုနည်း၍ အလိုနည်းခြင်း၏ ဂုဏ်ကျေးဇူး ကိုလည်း ပြောပြသည်။ ကိုယ်တိုင်လည်း တရားသဖြင့် ရတာကလေးနှင့် တင်းတိမ်ရောင့်ရဲ၍ တရားသဖြင့်ရတာလေးနှင့် တင်းတိမ်ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောပြသည်။ ကိုယ်တိုင် လည်း ဆိတ်ငြိမ်၍ ဆိတ်ငြိမ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောပြသည်။ ကိုယ်တိုင်လည်း အဖော်များနှင့် ခွဲနေ၍ အဖော်များနှင့် ခွဲနေခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောပြသည်။ ကိုယ်တိုင် လည်း စဉ်ဆက်မပြတ် ကြိုးစားအားထုတ်၍ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ခြင်း၏ ဂုဏ် ကျေးဇူးကိုလည်း ပြောပြသည်။ ကိုယ်တိုင်လည်း ကိုယ်ကျင့်သီလနှင့် ပြည့်စုံ၍ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောပြသည်။ ကိုယ်တိုင်လည်း တည်ကြည်မှု သမာဓိနှင့် ပြည့်စုံ၍ သမာဓိနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောပြသည်။ ကိုယ်တိုင်လည်း အသိ အလိမ္မာÓဏ်ပညာနှင့် ပြည့်စုံ၍ ပညာနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောပြသည်။ ကိုယ်တိုင်လည်း ကိလေသာ ကျော့ကွင်းမှ လွတ်မြောက်၍ ကိလေသာကျော့ကွင်းမှ လွတ်မြောက် ခြင်း၏ ဂုဏ်ကျေးဇူးကို လည်း ပြောပြသည်။ ကိုယ်တိုင်လည်း လွတ်မြောက်မှုကို ဆင်ခြင်သောဉာဏ်နှင့် ပြည့်စုံ၍ လွတ်မြောက်မှုကို ဆင်ခြင်သောဉာဏ်၏ ဂုဏ်ကျေးဇူးကိုလည်း ပြောပြသည်။ ငါ့ရှင် သာရိပုတ္တရာ . . .ဒီလို အရည်အသွေး ရှိသော ရဟန်းသည် ဂေါသိင်္ဂ အင်ကြင်းတောကို တင့်တယ်စေနိုင်ပါသည်။

အရှင်မဟာကဿပက အရှင်သာရိပုတ္တရာအား လျှောက်ထားသကဲ့သိုပင် ကိုယ်တိုင်ပင် အာရည ကင်ဓူတင်၊ ပိဏ္ဍပါတ်ဓူတင်၊ ပံသုကူဓူတင်၊ တိစီဝရိတ်ဓူတင် စသည်ကို ဆောင်တော်မူ၍ ဓူတင် ဆောင်ခြင်း၏ ဂုဏ်ကျေးဇူးကို ဟောပြောရေးပြနေသော ဆရာတော်များသည်လည်း သာသနာတော်ကို တင့်တယ်စေသူ၊ သာသနာတော်ကို အလှဆင်နေသူများပင် ဖြစ်သည်ဟု စဉ်းစားနေမိ၊ ဆင်ခြင်နေမိပါ သည်။

“ရန်ကင်းတောရဆရာတော် အရှင်ခေမာနန္ဒ လောကနှင့် သာသနာတော်ကို ဆက်လက်၍ အလှဆင်နိုင်ပါစေ”

ဓမ္မဝိလာသ ဂန္ဓာရုံဘုံကျော်ဆရာတော်

 

ဘုန်းတော်လေး ဦးအဘယာလင်္ကာရ (မဟာဝိဟာရဝါသီ) ၏ အမှာစကား

 

ဆွမ်း သင်္ကန်း ကျောင်းနှင့် စပ်၍ ဖြစ်တတ်သော ကိလေသာတို့ကို ဖျက်ဆီးတတ်သောကြောင့် ဓူတင်ဟုခေါ်သည်။ ထိုကြောင့် ဓူတင်ကို ကျင့်သူသည် အပ္ပိစ္ဆဂုဏ် (အလိုနည်းခြင်း)၊ သန္တုဋ္ဌိဂုဏ် (ရောင့်ရဲခြင်း)၊ သလေ’ခဂုဏ် (ခေါင်းခေါင်းပါးပါးကျင့်ခြင်း) ပဝိဝေကဂုဏ် (တိတ်ဆိတ်မှုကို လိုလားခြင်း) တို့နှင့် ပြည့်စုံရမည်ဖြစ်သည်။ ထင်ပေါ်လိုမှု၊ လာဘ်ပေါလိုမှုဖြင့် ဓူတင်အကျင့်ကို ကျင့်လျှင် ကုသိုလ်လည်း မရ၊ ဓူတင်လည်းမမည်ဟု ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ပထမတွဲ၊ စာမျက်နှာ-၇၇) တွင် မိန့်တော်မူ၏။ မှန်၏၊ ကိလေသာကို ပယ်ခွာတတ်သောကြောင့် ဓူတင်ဟု ဆိုရသည် မဟုတ်လော၊ ကိလေသာကို မပယ်ခွာနိုင်လျှင် အဘယ်မှာ ဓူတင်ဟု ခေါ်ဆိုနိုင်တော့မည်နည်း။ ဓူတင်ကျင့်သူတို့ သတိထားစရာပင်။

မသိနားမလည်သူအချို့က ဓူတင်အကျင့်ကို အတ္ထကိလမထအကျင့်ဟု မှတ်ထင်နေကြသည်။ စင်စစ်သော်ကား ဓူတင်အကျင့်ဟူသည် ကိလေသာတို့ကို ပယ်သတ်ရန် ဘုရားမြတ်စွာ ခွင့်ပြုတော်မူခဲ့သော ကျင့်စဉ်များထဲမှ တစ်ခုပင်ဖြစ်သည်။ ခန္ဓာကိုယ်ကို ပင်ပန်းညှဉ်းဆဲကြောင်း အတ္တကိလမထ ကျင့်စဉ်မဟုတ်ပေ။ အတ္တကိလမထအကျင့်ဟူသည် ခန္ဓာကိုယ် ပင်ပန်းရုံမျှသာ ဖြစ်သည်။ ကုသိုလ်စိတ် အနည်းငယ်မျှပင်မဖြစ်။ သာသနာတော်လာ ကျင့်စဉ်များကား ပင်ပန်းလျှင် ပင်ပန်းသလောက် အကျိုးရသော ကျင့်စဉ်များဖြစ်ကြ၍ အရိုးကြေကြေ အရေခန်းခန်း ကျင့်ရ မည်ပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်လက်ထက်တော်အခါ၌ ရဟန်းများသည် ဓူတင်အကျင့်ကို ကျင့်တော်မူကြသည်။ အရှင်နာလကမထေရ်မြတ်သည် တစ်ရွာ၌ တစ်ကြိမ်သာ ဆွမ်းခံပြီး တောတစ်တော၌ တစ်ရက်၊ သစ်တစ်ပင်အောက်၌ တစ်ရက်သာ နေရသည်။ ဓူတင်အကျင့်ထက်ပင် ပြင်းထန်လှသော မောနယျအကျင့်ကိုပင် ကျင့်တော်မူခဲ့လေသည်။ ရှေးအခါက မြန်မာနိုင်ငံတွင်လည်း ဓူတင်အကျင့်ကို ကျင့်ရာ၌ ထင်ရှားသော မထေရ်မြတ်များ ပေါ်ထွက်ခဲ့ဖူးပါသည်။ ထိုမထေရ်မြတ်များ၏ လက်လှမ်းမီသမျှ ဘွဲ့အမည်များကိုလည်း ကျမ်းပြုဆရာတော်က ဤကျမ်းစာ၏ နောက်ဆုံးတွင် စုစည်း ဖော်ပြထားသည်ကို တွေ့ရပါသည်။

ယခုအခါ၌ကား ဓူတင်အကျင့်ကို ကျင့်သူလည်း ရှားပါးလာ၏။ ရှိလျှင်လည်း မထင်ရှား၊ လျှို့ဝှက်တော်မူကြသည်။ ထို့ကြောင့်ပင်ထင်၏။ ဓူတင်အကြောင်းကို ပြောဆိုဆွေးနွေးသံများ မကြားရ၊ ဓူတင်အကြောင်းနှင့် စပ်၍ ရေးသားထားသော ကျမ်းစာအုပ်တို့ကလည်း အလွန်ရှားပါး လှသည်။ ဓူတင်ကျင့်လိုသူသည် မည်သူ့ထံ ချဉ်းကပ်၍ မေးမြန်းရမည် မသိ၊ မည်သည့်စာအုပ်ကို ဖတ်ရှုရမည်မသိ၊ မြန်မာနိုင်ငံတွင် ဓူတင်နှင့် စပ်လျဉ်း၍ ဤသို့သောအခြေအနေသို့ ရောက်ရှိ နေပေသည်။ ဝိသုဒ္ဓိမဂ်မြန်မာပြန်ကျမ်းတို့၌ ဓူတင်အကြောင်းများ ပါဝင်သော်လည်း စာသံပေသံဖြင့် ဘာသာပြန်ဆိုရေးသားထားသောကြောင့် စာပေနှင့် နီးစပ်သူတို့အတွက် အဆင်ပြေလှသော်လည်း စာပေနှင့် အလှမ်းဝေးသူတို့အတွက်ကား အဆင်မပြေလှပေ။

သို့ဖြစ်၍ ဓူတင်ကျင့်လိုသူတို့အတွက် မြန်မာစကားပြေဖြင့် ရှင်းရှင်းလင်းလင်း ရေးသား ထားသည့် စာအုပ်တစ်အုပ်ရှိသင့်သည်ဟု စဉ်းစားမိသည်။ မြန်မာစကားပြေဖြင့် ဓူတင်စာအုပ် ပေါ်ထွက် လာရန်အတွက် မိမိစိတ်ထဲတွင် ရန်ကင်းတောရဆရာတော်ကို မြင်မိသည်။ ရန်ကင်းတောရ ဆရာတော်သည် မိမိတို့ ကြည်ညိုရသော စာရေးဆရာ ဆရာတော်တစ်ပါးဖြစ်သည်။ ဆရာတော်သည် စာရေးသည့်အခါ ဆွေးနွေးကြဟန်ဖြင့် အကြောင်းအရာတစ်ခုကို ရှင်းလင်းအောင် ရေးသားတတ် သည်။ ထို့ကြောင့် ဓူတင်စာအုပ်အတွက် ဆရာတော်ကို မြင်မိသည်။ ဓူတင်စာအုပ်ကို ရေးသားမည့် သူသည် ကိုယ်တိုင်လည်း ကျင့်သုံးသူဖြစ်လျှင် မည့်သည့်နေရာမှာ မည်သို့ အခက်အခဲရှိသည်၊ မည်သို့ ဖြေရှင်းလျှင် ရနိုင်သည်ကို ကောင်းကောင်းသိသည်။ ရန်ကင်းဆရာတော်သည် ဓူတင်    အရာတွင် ထင်ရှားသည့် နဘူးကျင်းတောရဆရာတော်၏ တပည့်ဖြစ်၍ ဓူတင်ဆောင်ပတ်ဝန်းကျင်၌ ကျင်လည်လာရသူ ဖြစ်သည့် အပြင် ကိုယ်တိုင်လည်း ကျင့်သုံးသူဖြစ်သည်။ ဆရာတော်မှာ အတွေ့ အကြုံရှိသည်။ အာစရိယဝါဒ များရှိသည်။ ထို့ကြောင့်လည်း ဓူတင်စာအုပ်အတွက် ဆရာတော်ကို မြင်မိသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ပဋိပတ်သာသနာတော်အတွက် လစ်ဟာနေသည့် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းသည့်အနေဖြင့် လူတိုင်းနားလည်နိုင်အောင် ဓူတင်ကျမ်းစာအုပ်တစ်အုပ် ရေးသားပေးပါရန် ကာလအတန်ကြာကပင် လျှောက်ထားခဲ့ဖူးပါသည်။ ယခုအခါ နှစ်အတော်ကြာကြာ တောင့်တခဲ့ရသည့် မိမိ၏ဆန္ဒ ပြည့်ဝလေပြီ၊ လူတိုင်းနားလည်နိုင်သည့် “သိကောင်းစရာ ဓူတင် သာသနာ} စာအုပ်ကောင်းတစ်အုပ် ပေါ်ထွက်လာပေပြီ။ မိမိမျှော်လင့်ခဲ့သည့်အတိုင်း ဤကျမ်း စာအုပ်တွင် ဓူတင်အကြောင်းအရာတို့ကို လူတိုင်းနားလည်အောင် ရေးသားထားသည်။ ခက်ခဲနက်နဲ သည့် အဆုံးအဖြတ်တို့ကိုပင် ပေါ့ပေါ့ပါးပါး ဆွေးနွေးတင်ပြထားသည်။ လက်တွေ့ ကျင့်သုံးတော် မူသည့် ဆရာတော်ကြီးများ၏ အယူအဆများကိုလည်း တွေ့ရှိရသည်။ ဓူတင်အကြောင်းအရာ သာမက အလျဉ်းသင့်ရာ၌ ဝိနည်းအကြောင်းအရာတို့ကိုပါ ထည့်သွင်းရေးသားထားသည်ကို တွေ့ရ သည်။ ဤဓူတင်ကျမ်းစာသည် သဒ္ဓါတရားကောင်း၍ ဓူတင်အကျင့်ကို ကျင့်လိုသော ရဟန်းရှင် လူတို့အတွက် ဓူတင်အကျင့်ကို ကောင်းကောင်းကြီး လမ်းညွှန်နိုင်သည့် ဓူတင်လမ်းညွှန် ကျမ်းကြီးဟုဆိုလျှင် မှားအံ့မထင်ပါ။

ဓူတင်အကျင့်ကို ကိလေသာကုန်ပြီး ရဟန္တာအရှင်မြတ်များပင်လျှင် အမြတ်တနိုး ဆောက်တည် ကျင့်သုံးတော်မူကြသေးလျှင် ကိလေသာများပြားလှသော ပုထုဇဉ်ရဟန်းများ အနေဖြင့်ကာ အထူး ရိုသေမြတ်နိုး ဆောက်တည်ကျင့်သုံးသင့်သော အကျင့်တစ်ခု ဖြစ်ပေတော့သည်။

အရှင်အဘယာလင်္ကာရ (မဟာဝိဟာရဝါသီ)

 

သာသနာကွယ်ခြင်းဟူသည်

 

သာသနာဟူသည် အဆုံးအမဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ နှုတ်တော်ထွက်စကား အဆုံးအမ တို့ကို ထိုထိုပိဋကတ်တော် စာအုပ်များထဲတွင် မှတ်တမ်းတင်ထားပါသည်။ ထိုမှတ်တမ်းများကို သင်ယူ လေ့လာကာ လိုက်နာကျင့်သုံးနေသူရှိမှသာ သာသနာတည်သည်၊ အဆုံးအမ တည်သည်ဟု ဆိုရ၏။ အချို့ဗုဒ္ဓဘာသာ တိုင်းနိုင်ငံများမှ တိုင်းသူပြည်သားများသည် ယခုအခါ ဗုဒ္ဓဘာသာကိုစွန့်ကာ အခြား ဘာသာကို ကိုးကွယ်နေကြကုန်၏။ ထိုတိုင်းပြည်များ၏ ယဉ်ကျေးမှု ပြတိုက်များတွင် ပိဋကတ်တော် ပေစာ၊ ကျောက်စာများ၊ ဘုရားဆင်းတုတော် စသည်တို့ကို ရှေးဟောင်းပစ္စည်းများအဖြစ် ထိန်းသိမ်း ထားပါသည်။

၎င်းတို့၏ တိုင်းနိုင်ငံမြေပေါ်တွင်လည်း စေတီအပျက် အုတ်ပုံများနှင့် ဆင်းတုတော်များ  ရှိနေပြီး ၎င်းတို့ကိုလည်း စောင့်ရှောက်ထားပါသေးသည်။ ကြည်ညို၍ မဟုတ်ဘဲ နိုင်ငံရပ်ခြားသားများ လာရောက် ကြည့်ရှုလျှင် ငွေကောက်ခံနိုင်ရန် ဖြစ်သည်။ သို့သော် ထိုတိုင်းနိုင်ငံများတွင် မြတ်ဘုရား၏ အဆုံးအမကို လိုက်နာကျင့်သုံးသူ မရှိတော့သောကြောင့် ဗုဒ္ဓသာသနာတော် ကွယ်ပျောက်သွားလေပြီ၊ သာသနာကွယ်သွားလေပြီ။

 

ကျေးဇူးရှင် နဘူးကျင်းဆရာတော်

“တချို့ဘုန်းကြီးတွေက သာသနာကွယ်ရင် ဘယ်လိုကွယ်မှာလဲလို့ မေးကြတယ်။ အခု အကျင့် ပဋိပတ်ထဲက ဓူတင်အကျင့်ကို ကျင့်တဲ့ရဟန်း အလွန်ရှားနေပြီ။ ရဟန်းတွေ ဓူတင်ကို မကျင့်တော့ရင် ဓူတင်သာသနာ ကွယ်သွားပြီ”

ကျေးဇူးရှင် စံကင်းဆရာတော်

“သာသနာကွယ်တယ်ဆိုတာဟာ အခြားမဟုတ်၊ သာသနာနောက်ပိုင်းမှာ ရဟန်းတော်တွေ၊ လူတွေက ဘုရားရှင်စကား နားမထောင်၊ မလိုက်နာ၊ မကျင့်သုံးတော့တာကိုပဲ သာသနာကွယ်တယ်လို့ ဆိုရမယ်”

ကျေးဇူးရှင် ဗာရာဏသီဆရာတော်

“သာသနာပျက်တယ်ဆိုတာ ကိုယ်တိုင် မကျင့်သုံးကြလို့ ကိုယ့်သန္တာန်မှာ သာသနာပျက်တာ၊ ငွေကြေးကို ကိုယ်တိုင်ကိုင်တွယ်တော့ ဇာတရူပရဇတသိက္ခာပုဒ် မိမိသန္တာန်မှာ ပျက်တယ်၊ ရှောင်ကြဉ်ရင် မိမိသန္တာန်မှာ ဇာတရူပသိက္ခာပုဒ် သာသနာတော် တည်တာပဲ” ဟုမိန့်တော်မူကြပါသည်။

 

ကျေးဇူးရှင် ပန်းကုံးဆရာတော်

“သာသနာ နေရောင်၊ လရောင် ကွယ်သွားပြီ၊ ဖယောင်းတိုင် မီးရောင်ပဲ ရှိတော့တယ်”ဟု မိန့်တော်မူကြပါသည်။

(ရန်ကင်းတောရဆရာတော်၏ မထေရ်မြတ်ကြီးတို့၏ စံနမူနာယူစရာကျင့်သီလ အပိုင်း (၁) စာအုပ်မှ ရယူပါသည်)

စီစဉ်သူများ

 

သိကောင်းစရာ ဓူတင်သာသနာအတွက် ကပ္ပိယကြီး၏ လျှောက်ထားလွှာ

 

ကျင့်စဉ်ပြည့်ဝသည့် ဓူတင်၏ဂုဏ်ရည် – ၁

 

နဘူးကျင်းဆရာတော်ထံတော်ပါးမှ ဥပနိဿယရယူထားပြီး အနယ်နယ်အရပ်ရပ်၌ တောရ ဆောက်တည်တော်မူကြသည့် တပည့်သံဃာတော်များသည် ဆရာတော်ကြီး၏ ဈာပနပွဲကျင်းပရာ  ရမည်းသင်းမြို့နယ် နဘူးကျင်းတောရသို့ အသီးသီးကြွရောက်တော်မူလာကြပါသည်။ တပည့်တော် လည်း ရန်ကင်းဆရာတော်နှင့် မလေးရှားဆရာတော်တို့၏ ကပ္ပိယအဖြစ် ဆရာတော်များနှင့်အတူ ရန်ကုန်မြို့ ရွှေဥမင်တောရမှ ညကားစီးပြီး ရောက်ရှိလာပါသည်။

သံဃ့ာအကြီးအမှူး ဘဒ္ဒန္တဇာဂရိယမထေရ်မြတ် (ရန်ကုန်ဆရာတော်ကြီး)က “ရွာကပင့်သံဃာများကို တစ်ပါး သင်္ကန်းတစ်စုံ ကပ်လှူပါမည်ဘုရား။ ဆရာတော်ကြီး၏ တောရနေတပည့် သံဃာများအား မနက်အရုဏ်တက်ချိန်၌ ဆွမ်းလောင်းလှူပြီး အပ်စပ်တဲ့ ဖိနပ်တစ်ရံစီ လှူပါမည်ဘုရား” ဟု မိန့်ကြားတော်မူပါသည်။

သာသနာတော်၌ ထင်ရှားသည့် မိမိတို့၏ ဆရာသခင် ပျံလွန်တော်မူရာ ဈာပနအခမ်းအနား၌ တောကျောင်းဘုန်းကြီးဖြစ်သဖြင့် လှူဖွယ်သင်္ကန်း တစ်စုံပင် မရရှိတော့ပါတကားဟု တပည့်ကြီး များက မတွေးမိကြဘဲ ရန်ကုန်ဆရာတော်ကြီး၏ အမြော်အမြင်ကြီးမားစွာ စီမံခန့်ခွဲမှုကို လေးစား ကြည်ညိုမိကြ ကြောင်းကို တိုးညင်းစွာ မိန့်ကြားတော်မူကြပါသည်။

အကြောင်းမှာ တောရဆောက်တည်တော်မူကြသည့် အရှင်မြတ်များ တစ်ပါးချင်းစီ၏ ရင်ထဲ၌ ပါတိမောက္ခ သံဝရသီလ၊ ဣန္ဒြိယသံဝရသီလ၊ ပစ္စယသန္နိဿိတသီလနှင့် အာဇီဝပါရိသုဒ္ဓိသီလသာမက နဘူးကျင်းဆရာတော်ကြီး၏ ဥပနိဿယခံ တပည့်ကောင်းပီပီ ဓူတင်ကျင့်မြတ်ကိုလည်း စွမ်းနိုင် သမျှ ဆောက်တည် ကျင့်သုံးနေကြပေလိမ့်မည်။

အကယ်၍ တိစီဝရိတ်ဥက္ကဋ္ဌဓူတင်ဆောင် ပုဂ္ဂိုလ်အား သင်္ကန်းတစ်စုံ လှူဒါန်းမိမည်ဆိုလျှင် လှူဒါန်းသူ သင်္ကန်းဒါယကာအဖို့ ကုသိုလ်ရစေကာမူ ဓူတင်ဆောင်ပုဂ္ဂိုလ်၏ ကျင့်စဉ်အတွက် ထို သင်္ကန်းကြောင့် အနည်းနှင့်အများ အနှောင့်အယှက် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဈာပန အခမ်းအနား စီမံခန့်ခွဲတော်မူကြသည့် မထေရ်မြတ်များကိုယ်တိုင်လည်း ဓူတင်ကို မြတ်နိုးတော် မူကြသဖြင့် စီမံတတ်ပါတကား။ ဓူတင်အကျင့် သာသနာတော်ကြီးသည်လည်း ကြည်ညိုဖွယ် ကောင်းပေစွတကား။ ဆရာတော်ကြီး၏ တပည့်များ ကိုယ်တိုင် ကျင့်သုံးလျက်ရှိသည့် ဓူတင်အကျင့် ကိစ္စဖြစ်သဖြင့် သိမြင်တော်မူစွမ်းကြပါတကား။

ထို့ကြောင့် ကျေးဇူးရှင်ဆရာသခင် ယနေ့လူ့ပြည်လောကမှ မျက်ကွယ်ပြုပြီးသွားပါသော်လည်း ဆရာ့လမ်းစဉ်ကို ဆရာသက်ရှိထင်ရှား အခါကာလကအတိုင်းပင် ယနေ့ထက်တိုင် တပည့်ကြီးများက လိုက်နာကျင့်သုံးခြင်းအားဖြင့် ဆရာ့ကျေးဇူးကို ဆပ်နေကြပါသည်။

 

ကျင့်စဉ်ပြည့်ဝသည့် ဓူတင်၏ဂုဏ်ရည် – ၂

 

ရန်ကင်းဆရာတော်လောင်းလျာ အရှင်ခေမာနန္ဒသည် ရွှေဥမင်ဆရာတော်ကြီး ထံတော်ပါး၌ ကမ္မဋ္ဌာန်းနည်းခံယူကာ ဝါးနက်ချောင်းအမည်ရသော တောအရပ်၌ တရားအားထုတ်လျက်ရှိပါသည်။ ဆောင်းဥတု၏ တစ်ခုသောနံနက်ခင်း ဝေလီဝေလင်းအချိန်တွင် ရွှေဥမင်ဆရာတော်ကြီး ထံတော်ပါးသို့ တရားလျှောက်ထားရန်နှင့် ဝိနည်းဆိုင်ရာသံသယ မေးလျှောက်ရန် ရောက်ရှိလာပါသည်။

ရွှေဥမင်ဆရာတော်ကြီးသည် အရုဏ်ဆွမ်းဘုဉ်းပြီး ကျောင်းတွင်း၌ စင်္ကြံကြွတော်မူနေပါသည်။ အရှင်ခေမာနန္ဒ တောအရပ်မှ အစောကြီးရောက်ရှိလာသည်ကို မြင်တော်မူသဖြင့် စင်္ကြံလမ်းမှ ဖယ်ခွာကာ ကုလားထိုင်တွင် ထိုင်တော်မူပြီး တပည့်ရဟန်း၏ လျှောက်ထားလာမည့် စကားကို မစောင့်ဆိုင်းတော့ဘဲ “ဦးဇင်း အရုဏ်ဆွမ်း ဘုဉ်းပြီးပြီလား” ဟူ၍ မေးတော်မူပါသည်။ ရောက်ရှိလာသည့်အချိန်နှင့် ခရီးကို ခန့်မှန်းကာ ဆွမ်းဘုဉ်းပြီး မဖြစ်နိုင်သေးကြောင်းကို ရိပ်မိသဖြင့် မေးတော်မူခြင်း ဖြစ်နိုင်ပါသည်။ “မဘုဉ်းဖြစ်သေးပါဘုရား”ဟု တိုးညှင်းစွာ လျှောက်ထား လိုက်ပါသည်။

ဆရာတော်ကြီးက “ဧကာသနိက်လား” ဟု မေးတော်မူရာ ဆရာတော့်ခြေရင်း၌ လက်အုပ်ချီ ထိုင်လျက်သာနေပြီး ဘာမှ မဖြေကြားတော့ပါ။ ထိုကာလမှစ၍ ဆရာတော်ကြီးသည် “ဆွမ်းဘုဉ်းပါဦး” “ဆွမ်းဘုဉ်းပြီးပြီလား”၊ “အချိုပွဲလေး ဘုဉ်းပေးပါဦး”ဟု လွန်တော်မူသည့်တိုင် နောင်ဘယ်သောအခါမှာမှ တိုက်တွန်းခြင်း၊ မေးမြန်းခြင်း မပြုတော့ပေ။

“ဘုရားတပည့်တော်မှာ ရွှေဥမင်ဆရာတော်ကြီးအပေါ် ကြ ည်ညိုစရာဂုဏ်တွေ ပြောပြလို့ မကုန်နိုင်အောင် အများကြီးပါဘုရား၊ ဆရာတော် လွန်တော်မူသည့်ကာလတိုင်အောင် ဘုရားတပည့်တော်ကို ဆွမ်းဘုဉ်းဖို့ နောက်ထပ်တစ်ကြိမ်မှ မေးမြန်းတော်မမူတော့တာကိုလည်း ကြ ည်ညို မဆုံး ဖြစ်ရပါတယ်ဘုရား၊ ဒီလိုဆရာတော်မျိုး တပည့်တော်တို့ သာသနာမှာ ရှားသွားပြီဘုရား” ဟု သီတင်းသုံးဖော်တစ်ပါးအား မိန့်တော်မူခဲ့သည်ကို တပည့်တော် ယနေ့တိုင် မှတ်မိနေပါသည်။

နောက်ကာလအတန်ကြာသောအခါတွင် ရွှေဥမင်ဆရာတော်ကြီးက ရန်ကင်းဆရာတော် လောင်းလျာ အရှင်ခေမာန္ဒအား ခေါ်တော်မူသည်။ ကပ္ပိယမှတစ်ဆင့် မှာကြားသည့်စကားထဲတွင် “ဆွမ်းခံပြီးတော့ ဆွမ်းဘုဉ်းပြီးမှ ကြွလာရင်လည်း ရပါတယ်”ဟု ပါလာသည်။ ဝါးနက်ချောင်း တောထဲကထွက်ပြီး လေထီးတပ်ထဲ ဆွမ်းခံရပါသည်။ တပ်ထဲကရသည့်ဆွမ်းထက် ဆရာတော်ကြီး၏ ဆွမ်းဝိုင်းက အစစနူးညံ့၊ ကောင်းမွန်၊ မြင့်မြတ် ပြည့်စုံနေပေလိမ့်မည်။ သို့သော် ရဟန်း သီလအပေါ် ရွှေဥမင်ဆရာတော်ဘုရားကြီး၏အမြင်က စကားတင်စား၍ ပြောမပြနိုင်အောင် နက်ရှိုင်းပြီး၊ စူးရှလွန်းပါသည်။ ထိုကြောင့် ကြ ည်ညိုမဆုံး ဖြစ်ရပါသည်။

 

မပြည့်ဝသည့်ဂုဏ်ရည်

 

စိတ်ပျက်ဖွယ် အတွေ့အကြုံတစ်ခုလည်း ကြုံဖူးကြောင်း မိန့်တော်မူပါသေးသည်။ “တပည့်တော် ခရီးသွားလာတာ နည်းသော်လည်းပဲ ၁၃၆၉-ခု၊ တန်ဆောင်မုန်းလထဲမှာ ခရီးတစ်ခု သွားဖြစ်တယ်။ ခရီးထွက်ပြီး သုံးရက်မြောက်မှာတော့ မန္တလေးမြို့ကို ည (၁၁) နာရီကျော်မှာ ရောက် တယ်။ ဒကာတွေ စီစဉ်ပေးတဲ့ကျောင်းကို သီတင်းသုံးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ကျောင်းက သာမညကျောင်းမှ မဟုတ်ဘဲ။ နာမည်ဂုဏ်သတင်းကြီးရုံမက ဘုန်းကံကြီးမားတဲ့ ဆရာတော်တစ်ပါးရဲ့ ကျောင်းကြီးပါ။ ရောက်တာနှင့် အာဂန္တုကဝတ်အရ ဆရာတော်ကြီးကို ကန်တော့ပါတယ်။ ဆရာတော်ကြီးကလည်း ဝမ်းမြောက်ဝမ်းသာ ရှိလှပါတယ်။

“အရှင်ဘုရားကို စောင့်နေတာလို့တောင် မိန့်တော်မူသေးတယ်။ အဲသည်မှာ အခက်အခဲက စတာပါဘုရား”

“ဘယ်လို အခက်အခဲပါလဲဘုရား”

“မနက်ဖြန်မနက် အရုဏ်ဆွမ်းကို အရှင်ဘုရား ခေါက်ဆွဲသုပ် ကြိုက်သလား၊ မြီးရှည်ကြိုက် သလား၊ နံပြားထောပတ်သုတ် ကြိုက်ပါသလား၊ ပဲပလာတာ ကြိုက်သလား မိန့်ပါဘုရား။ အရှင်ဘုရား အကြိုက်ဆုံးကို ကပ်ပါ့မယ်ဘုရား”

“ရပါပြီဘုရားလို့ သုံးကြိမ်လျှောက်သော်လည်း မရဘူးဘုရား၊ ခက်တော့ခက်ပြီ”

“ဒါနှင့် မနက် ဘယ်လိုဖြစ်ပါသလဲဘုရား”

“မနက်အစောကြီး ကိုရင်ကို လာပင့်ခိုင်းတယ်၊ ထွက်ပြေးလို့လည်း မရတော့ဘူး၊ ဆရာတော်ရဲ့ ခေါင်းရင်းကကျောင်းမှာ နေရတာလေ၊ ဒါနှင့် လိုက်သွားလိုက်တယ်၊ တပည့်တော် စိတ်ကူးက ရေလေးဘာလေး ဘုဉ်းပေးမယ်ပေါ့ဘုရား”

“အဆင်ပြေပါသလားဘုရား”

“ခက်ပြီဆိုနေမှတော့ဘုရား၊ ခက်တော့တာပဲလေ၊ မနေ့ညကမိန့်တဲ့ စားဖွယ်အမျိုးအစား အားလုံး စားပွဲပေါ်ရောက်နေတယ်။ “ဘုဉ်းပါဘုရား၊ ဘုဉ်းပေးပါဘုရား”လို့ အတင်းတိုက်တွန်း နေတာ အားတောင်နာလှပြီ၊ နောက်ဆုံးတော့မေးတယ်။ “ဒါတွေမှမဘုဉ်းရင် အရှင်ဘုရား ဘာဘုဉ်း မလဲတဲ့” တပည့်တော်လည်း “ရေဘုဉ်းမယ်ဘုရား” လို့ လျှောက်လိုက်မိတယ်၊ ရေတစ်မတ်ခွက် အပြည့်ထည့်ပြီး “ဘုဉ်းလေ၊ ဘုဉ်းတော့လေ”လို့ အထပ်ထပ် လျှောက်နေတာ အခုထိလည်း ကြားယောင်၊ မြင်ယောင် နေမိသေးတယ်၊ အဲဒီတုန်းကလေ ရွှေဥမင်ဆရာတော်ဘုရားကို ပိုပိုပြီး သတိရမိတယ်ဘုရား}}ဟု သီတင်းသုံးဖော်များအား မိန့်တော်မူသည်ကို တပည့်တော် မှတ်သား ထားဖူးပါသည်။

ဝန်ခံချက် – “ရန်ကင်းတောရဆရာတော်၏” နဘူးကျင်းဆရာတော်ကြီး၏ စံနမူနာယူစရာကျင့်သီလစာအုပ် နှင့် မထေရ်မြတ် ကြီးတို့၏ စံနမူနာယူစရာကျင့်သီလ အပိုင်း (၁)၊ အပိုင်း (၂) အပိုင်း (၃) စာအုပ်နှင့် မိန့်ကြားချက် အချို့ကို မှီငြမ်းထားပါသည်။

ကပ္ပိယဦးကျော်ဝင်း (ပျဉ်းမနား) (၃၀.၁၀.၂၀၂၂)

ဤစာအုပ်အကြောင်း

 

လွန်ခဲ့သော ဆယ်စုနှစ်တစ်စုကျော်ကာလက လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်းစာအုပ်ကို ရေးသားခဲ့ချိန်၌ စာဖတ်သူများ လွယ်ကူစွာ နားလည်နိုင်မည့် စာရေးသားဟန်ဖြစ်မှ အဆင်ပြေမည်။ သို့မဟုတ်ပါက ခက်ခဲ၊ နက်နဲသည့် ဝိနည်းအဆုံးအဖြတ်များကို ဖတ်ရှုရာတွင် စာဖတ်သူများ စိတ်ပင်ပန်းမည်ဟု တွေးထင်မိဖူးပါသည်။

ထို့ကြောင့် စကားပြေရေးနည်း၊ စကားပြောရေးနည်း၊ အပြန်အလှန် စကားပြောရေးနည်း  စသည်ဖြင့် ရေးနည်းအမျိုးမျိုးဖြင့် စမ်းသပ်ရေးကြည့်ပါသည်။ ရေးထားသည့် စာမူကိုလည်း စာဖတ်သူ တို့အား ပေးဖတ်ပြီး နားလည်နိုင်စွမ်းကို လေ့လာကြည့်ရာတွင် အပြန်အလှန် စကားပြောဟန်ဖြင့် ရေးနည်းမှာ ခက်ခဲနက်နဲသည့် အကြောင်းအရာတို့ကို ရှင်းလင်းရာတွင် ပို၍ နားလည်လွယ်သည်ကို သိရှိခဲ့ရပါသည်။ သို့ဖြစ်ပါ၍ ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် လူတို့နှင့်သက်ဆိုင်သော ရဟန်း ဝိနည်း စာအုပ် အပိုင်း (၁) နှင့် (၂) အပါအဝင် ဝိပဿနာလူငယ်စကားဝိုင်း အပိုင်း (၁) နှင့် (၂) တို့ကို လည်း အပြန်အလှန် စကားပြောသည့်ဟန်ဖြင့် ရေးသားခဲ့ဖူးသည်။ ယနေ့တိုင်  ဝိနည်း ဗဟုသုတ လေ့လာရန် အထောက်အကူ ဖြစ်သည်ကို ကြားသိနေရသဖြင့် ဝမ်းမြောက်ရပါသည်။

ယခုတစ်ဖန် ဓူတင်အကြောင်းရေးရန် အကြောင်းဖန်လာပါသည်။ ဘုန်းတော်လေး ဦးအဘယာလင်္ကာရက ဓူတင်ကျင့်လိုကြသည့် ရဟန်းကောင်းများ လွယ်ကူစွာ ကျင့်သုံးနိုင်ရန် ဓူတင်စာအုပ်တစ်အုပ် လိုအပ်နေပါသည်။ ထို့ကြောင့် အကြောင်းညီညွတ် ပြည့်စုံပါက ရေးသား ပေးနိုင်ပါရန် လျှောက်ထားပါသည်။ စာရေးဝါသနာပါသူအဖို့ စာရေးရသည့်အလုပ်ဟူသည် ဘုရားစကားကို အမြဲ ကြံစည်စဉ်းစား တွေးတောနေရပါသည်။ ထို့ကြောင့် ပရိယုဋ္ဌာနကိလေသာကို တဒင်္ဂချင်း ပိတ်ဆို့ တားဆီးပေးနိုင်သောကြောင့် ဘုန်းကြီးအိုအဖို့ တရားအားထုတ်သည့်အလုပ်နှင့် စာရေးရသည့်အလုပ်က မငြီးငွေ့နိုင်အောင် အလွန်ပင် အံဝင်ခွင်ကျ ဖြစ်လှပါသည်။ သို့ဖြစ်ပါ၍ ဝါသနာပါပြီး လုပ်ချင်နေသည့် အလုပ်တစ်ခုကို လုပ်ဖြစ်သည့်အထိ တိုက်တွန်းအားပေးခဲ့သည့် ဘုန်းတော်လေး ဦးအဘယာလင်္ကာရကိုလည်း အထူးကျေးဇူးတင်ပါသည်။

သို့သော် အခက်အခဲတစ်ခု ရှိလာပါသည်။ ၎င်းမှာ ဓူတင်ဆိုင်ရာ အဆုံးအဖြတ်ဟူသည် အလွန်ပင် နက်နဲ၊ သိမ်မွေ့၊ ခက်ခဲရုံမက အာစရိယဆရာသခင်၏ သွန်သင်လမ်းညွှန်မှုမပါဘဲ မှန်ကန်စွာ ကျင့်ရန်ခက်ခဲပါသည်။ ထို့ကြောင့် ရေးဟန်ကို စဉ်းစားနေသည်မှာ ကာလ အတန်ကြာ သွားပါသည်။ လေးနက်ခက်ခဲပြီး ရဟန်းတို့နှင့်သာ သက်ဆိုင်သည့်ဓူတင်ကို စကားပြေဖြင့် နားလည်အောင် ရေးသားရန် စာရေးသူမှ မစွမ်းနိုင်တော့ကြောင်း ဘုန်းတော်လေးကို ဝန်ခံမိပါသည်။ ဘုန်းတော်လေးက အပြန်အလှန် စကားပြောသည့်ဟန်ဖြင့် ရေးသားလျှင် သင့်မြတ်မည်ဟု အကြံပြုပါသည်။ ထို့ကြောင့် ယခင်စာအုပ်များကဲ့သို့ပင် ဆရာတော်နှင့် MA ဦးဇင်းဟူသော Character တို့ကို အသုံးပြုကာ ရေးသားပါသည်။

“သိကောင်းစရာ ဓူတင်သာသနာ” စာအုပ်သည် နားလည်ရန်လွယ်ကူပြီး အရှင်ဘုရားများ အတွက် ကျေးဇူးများပါက ဘုန်းတော်လေးဦးအဘယာလင်္ကာရအား ကျေးဇူးတင်တော်မူကြပါဘုရား။ အကယ်၍ ဤစာအုပ်၌ မပြည့်စုံမှုများ၊ ချို့ယွင်းချက်များတွေ့ရှိပါက ဘုရားတပည့်တော်၏ တာဝန်ဖြစ်သောကြောင့် တပည့်တော်ကို အကြံပြုပေးတော်မူကြပါဘုရား။

အရှင်ခေမာနန္ဒ (ရန်ကင်းတောရ-သပြေပင်)

 

နိဒါန်း

 

ဘုရားရှင်၏ အလိုတော်ကျ ဓူတင်ကျင့်တော်မူကြသည့် ထေရ်ရှင်မြတ်တို့၏ အနီးအပါး ချဉ်းကပ်ခဲ့ဖူးရာတွင် အလိုနည်းခြင်းဟူသော အပ္ပိစ္ဆတာဂုဏ်၊ ရောင့်ရဲလွယ်ခြင်းဟူသော သန္တုဋ္ဌိတာ ဂုဏ်၊ ခေါင်းပါးခြင်းဟူသော သလေ’ခတာဂုဏ်၊ ဆိတ်ငြိမ်မှု၌ မွေ့လျော်ခြင်းဟူသော ပဝိဝေကတာ ဂုဏ်တို့ သာမက စာဖြင့်ရေးဖွဲ့မကုန်နိုင်လောက်သည့် အနှိုင်းအဆမဲ့ များလှစွာသော ဂုဏ်ကျေးဇူး တို့ကို ဖူးမြင် ကြည်ညိုခဲ့ရပါသည်။ သို့သော် စာရေးသူသည် မိမိ၏ ပကတိ မံသစက္ခုဖြင့် ဖူးမြင်ခဲ့ခြင်း ဖြစ်ပါသည်။ မိမိမမြင်နိုင်လောက်သည်အထိ၊ လက်လှမ်း မမီနိုင်လောက်သည်အထိ သူတော်ကောင်း ကြီးတို့၏ သန္တာန်၌ ဂုဏ်ရည်များစွာ ရှိနိုင်ပါသေးသည်။

ဓူတင်ကျင့်လိုတော်မူကြသည့် သူတော်ကောင်းများအနေဖြင့် ထိုထိုဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံ တော်မူသည့် သူတော်ကောင်းကြီးများထံပါး ချဉ်းကပ်ပြီး နည်းခံယူရပါသည်။ ဓူတင်အရာ၌ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာသာမက အာစရိယဝါဒများအထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆင်ခြင် ဆုံးဖြတ်ရသည်များ ရှိပါသည်။ လိုရင်းမှာမူ ဆရာ့ထံပါး နည်းခံယူရခြင်းသာ ပဓာနဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့ဓူတင်ဆိုင်ရာ အဆုံးအဖြတ်များသည် ခက်ခဲပါသည်။ နက်နဲပါသည်။ ထို့ကြောင့် ဓူတင်ဆောင်မည့်ပုဂ္ဂိုလ်၏ဉာဏ်၌ ရံခါ ဝေေ၀ဝါးဝါးလည်း ဖြစ်တတ်ပါသည်။ ရံခါ မပြတ် မသား မဝံ့မရဲလည်း ဖြစ်တတ်သည်။ ရံခါ၌မူ ဓူတင်ဆောင်လိုသည့် စိတ်ဆန္ဒ ကုန်ခန်းသည်အထိ သဒ္ဓါတရားများ ဖရိုဖရဲ ဖြစ်တတ်ပါသေးသည်။ ထို့ကြောင့် ဓူတင်နည်းနိဿယပေးမည့်ဆရာသည် အလွန်ပင် အရေးကြီးလှပါသည်။

ဤနေရာတွင် အချို့က ကိလေသာခါထုတ်ရန် ဓူတင်ကို ကျင့်လိုကြသည်။  သို့သော် နိဿယည်းပေးနိုင်မည့် အာစရိယဆရာသမားများထံပါး ဆည်းပူးခွင့်မရသောကြောင့် မိမိတို့၏ စိတ် အထင်ဖြင့် ဓူတင်ကို ကျင့်ကြသည်။ ထိုပုဂ္ဂိုလ်တို့၏ ကျင့်စဉ်ဆိုင်ရာ အဆုံးအဖြတ်တွင် အလွဲလွဲ အမှားမှားကို စိတ်မကောင်းစွာ တွေ့ရတတ်ပါသည်။ မှန်ကန်သည့်လမ်းကို တည့်မတ်လိုသည့် ကလျာဏသူတော်ကောင်း ရဟန်းများစွာကိုလည်း ဖူးမြင်ရသကဲ့သို့ သူ၏အမှားလမ်းစဉ်ကိုပင် ဆုပ် ကိုင်ပြီး ကျင့်နေသည့် ရဟန်းများလည်း ဆုံဖူးပါသည်။ အချို့မှာမူ လူတို့၏စိတ်ကို ဖမ်းစားနိုင်ရန် ဓူတင်ကို အဗ္ဘုတအံ့သြဖွယ်အဖြစ် အထူးအဆန်းလုပ်ပြပြီး လာဘ၊ သက္ကာရ၊ သိလောကကို ရှာမှီး နေကြသည်ကို တွေ့ရပါသည်။ ဘုရားရှင်၏ ဓူတင်ကျင့်စေလိုသည့် ဆန္ဒတော်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်း သွေဖည်နေသည်ကိုတွေ့ရ၍ စိတ်မကောင်းဖြစ်ဖူးပါသည်။

ပြည်တွင်း၊ ပြည်ပမှ ရဟန်းများနှင့်အတူ ကာလအတန်ကြာ နေထိုင်ရာတွင် ဓူတင်ကို သူတို့  နားလည် ကျင့်သုံးနေသည်မှာ နည်းမျိုးစုံလှသည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် နိုင်ငံ ခြားသားရဟန်းသုံးပါးက စိတ်တူကိုယ်တူ နိသဇ္ဇိဓူတင် ကျင့်သည်ကို အနီးကပ်တွေ့ဖူးသည်။ သူတို့သည် နေဝင်သည်မှစ၍ မိုးလင်းချိန်တိုင် စြင်္ကံလျှောက်ကြသည်။ တရားထိုင်ကြသည်။ တရား ဆွေးနွေးကြသည်။ လဲလျောင်း၍ ကျိန်းစက်သည်ကို မတွေ့ရပါ။ သို့သော် သူတို့သည် နေ့အခါ၌ မွေ့ရာအထူပေါ်၌ ကျောဆန့်၊ ခေါင်းချပြီး အိပ်ကြသည်။ မေးကြည့်ရာတွင်သူတို့ နိသဇ္ဇိဓူတင် ဆောင်လာသည်မှာ ယမန်နေ့က ကိုးလပြည့်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာ လျှောက်ကြသည်။

ရဟန်းတစ်ပါးကမူ ဆွမ်းလောင်းသည့်ဒကာမအား “ဒကာမကြီး ဦးဇင်း ပံ့သကူဓူတင် ဆောင်နေ တယ်။ အခုသင်္ကန်းက ထူလည်းထူတယ်၊ အရောင်လည်း သိပ်မကြိုက်ဘူး။ ဒီသင်္ကန်းထက် အရောင်နည်းနည်းနုပြီး၊ ချည်သားစစ်စစ်သင်္ကန်းတစ်စုံကို မနက်ဖြန် ဆွမ်းခံလမ်းမှာ ပံ့သကူပစ်ပေး ပါနော်” ဟု ဆွမ်းခံအိမ်ရှေ့၌ မှာကြားသည်။ သူသည် ပံ့သကူဓူတင်အဆုံးအဖြတ်ကို မသိ၍ပေလော၊ သူသည် ပံ့သကူဓူတင်ဆောင်ရဟန်းဖြစ်ကြောင်းကို ထိုဒကာမများအား သိစေလို၍ပေလော မေးမြန်း လျှောက်ထားခွင့် မကြုံခဲ့သောကြောင့် မသိရပါ။

တောရကျောင်း၌ ဓူတင်ဆောင်ရဟန်းတစ်ပါးကမူ တိစီဝရိတ်ဓူတင်ဆောင်သည်ဟု သိရပါ သည်။ ကြည်ညိုမိသဖြင့် ဓူတင်ဆိုင်ရာအဆုံးအဖြတ်အချို့အပေါ် အမြင်ချင်း ဖလှယ်ကြပါသည်။ ထိုအခါ သိလာရသည်မှာ သူဆောင်သည့် တိစီဝရိတ်ဟူသည် ကျောင်း၌သုံးရန် တိစီဝရိတ်သင်္ကန်း သုံးထည် ထား၏။ ဆွမ်းခံလမ်း၌ နှစ်ထပ်သင်္ကန်း ပခုံးပေါ်တင်ရန် တိစီဝရိတ်သင်္ကန်းသုံးထည် ထား၏။ ခရီးစသည် ကြွရာတွင်သုံးရန် တိစီဝရိတ်သင်္ကန်း သုံးထည်ထား၏။ သူသည် သင်္ကန်း   သုံးထည်နှင့် သင်္ကန်းသုံးစုံကို မကွဲမပြား ဖြစ်နေခြင်းလော မသိရပါ။ သို့သော် ထိုရဟန်း၌ ဆိုဆုံးမ လွယ်ကူသည့် သောဝစဿတာဂုဏ်ကို မတွေ့ရသဖြင့် ဆိတ်ဆိတ်နေလိုက်ပါသည်။

သုသာန်ဓူတင်ဆောင် ရဟန်းတစ်ပါး ဆုံဖူးပါသေးသည်။ သူသည် သူ့ဇနီးဟောင်း၏ ဂူကြီး ပေါ်၌ အမိုးမဏ္ဍပ်ထိုးပြီး နေ့နေ့ညည နေလေ့ရှိပါသည်။ ဆိုလာမီးဖြင့် ဖုန်းအားသွင်းပြီး၊ ကက်ဆက်ဖြင့် အလွမ်းသီချင်းများကို ရံခါဖွင့်တတ်သည်။ ထိုသုသာန်ဓူတင်ဆောင်သည်ဆိုသော ကိုယ်တော်ကြီးက သရဲကြောက်တတ်သောကြောင့် ရွာထဲက ကာလသားနှစ်ယောက်က အုတ်ဂူပေါ်၌ ညညလာ အိပ်ပေးရသည်။

ရဟန်းတစ်ပါးက သရဲခြောက်သည်ဟု နာမည်ကြီးနေသော တနင်္သာရီတိုင်းထဲက သုသာန် တစ်ခုကိုသွားပြီး ဓူတင်ကျင့်မည်ဟု ပြောသည်။ စာရေးသူကို လာပြောသည်မှာ ရဟန်းမဟုတ်ဘဲ မာတုဂါမတစ်ယောက် ဖြစ်နေသည်။ သူမေးသည်မှာ “တပည့်တော်တို့ဆရာတော်က လေယာဉ်နဲ့ သွားပြီး၊ ဟိုတယ်မှာတည်းမယ်။ ပြီးတော့ ညညသုသာန်ကြွပြီး ဓူတင်ဆောင်မှာပါဘုရား။ တပည့်တော် ကိုလည်း သုသာန်ဓူတင်ဆောင်ဖို့ တစ်ပါတည်း ခေါ်မယ်လို့မိန့်တယ်။ တပည့်တော်က သရဲကြောက် တယ်၊ ဒါကြောင့် လိုက်သွားဖို့ သင့်ပါ့မလားလို့ မေးလျှောက်တာပါ” ဟုပြော၏။ ဤမေးခွန်းကို ကြားရသဖြင့် အလွန်အမင်းပင် အံ့သြမိပါသည်။ ဓူတင်အကျင့်သည် တန္တရ၊ မန္တရ အကျင့်ဖြစ်နေပြီ လော၊ ထေရဝါဒစံကို ကျော်လွန်၍ ကျင့်သည့်အကျင့် ဖြစ်နေပြီလော၊ ယတြာချေသည့် အကျင့် ဖြစ်နေပြီလောဟု အတွေးရေယဉ်ကြော၌ မျောပါမိပြီး ဒကာမကို မျက်လွှာပင့်ပြီး မျက်မှန်ပေါ်က ကျော်ကြည့်မိသည်။ လက်ညှိုးနှင့် လက်ခလယ်၌ ဓာတ်လုံးလက်စွပ် ပန်ဆင်ထားသည်။လက်ထဲတွင် အဝါရောင် ကိုးလုံးပုတီးတစ်ကုံး တွေ့ရသည်။ စိတ်ရှုပ်လာသဖြင့် သက်ပြင်းချမိသည်။ မေးခွန်းကို လည်း မဖြေတတ်သောကြောင့် ဆိတ်ဆိတ်ပင် နေလိုက်ပါသည်။ ယနေ့ခေတ်တွင် ဓူတင်ကို အဘယ် ကဲ့သို့ နားလည်ပြီး၊ အဘယ်ရည်ရွယ်ချက်များဖြင့် ကျင့်နေပြီး၊ အဘယ်ကိလေသာတို့ကို ထိုဓူတင် ကျင့်စဉ်ဖြင့် သူတို့ ခါထုတ်နေသည်ကို ဉာဏ်မမီလောက်အောင် ဖြစ်သွားပါသည်။

ဧကာသနိက်ဓူတင်ဆောင် ရဟန်းတစ်ပါးကိုလည်း ဖူးတွေ့ခဲ့ရသေးသည်။ ဆုံလည်ကုလား ထိုင်ဖြင့် ဆုံလည်တပ်ထားသည့် စားပွဲကြီးအပေါ် ဆွမ်း ဟင်းခွက်အပြည့်တင်ပြီး ဇွန်း၊ ခက်ရင်း၊ ဓားတို့ကိုသုံးပြီး တိုက်ပန်းကန်ပြား၊ ကြွေဇွန်းတို့ဖြင့် ဆွမ်းကို ဘုဉ်းပေးသည်။ သူသည်ဆွမ်းကို         တစ်ထပ်တည်း၊ တစ်ထိုင်တည်း၊ တစ်ကြိမ်တည်းသာ ဘုဉ်းပေးကြောင်း မကြာခဏ ပြောပြတတ်သည်။ သို့သော် ထူးခြားနေသည်မှာ ဆွမ်းနှင့် တိုက်ရိုက်သက်ဆိုင်ပြီး မဖြစ်မနေပါရမည့်သပိတ် ပျောက် နေပါသည်။ ထိုသောတုဇန ရဟန်းသည် သပိတ်မပါဘဲ ဆွမ်းဓူ တင်ကျင့်နေဟန် တူပါသည်။ ခေတ်သစ်ဓူတင်ဆောင် ကိုယ်တော်ဖြစ်လိမ့်မည်ဟု တွေးမိပါသည်။

နောင်အနာဂတ်၌ ဓူတင်ကို လိုလားတော်မူလိုကြမည့် သူတော်ကောင်း ရဟန်းများအတွက် စံနမူနာယူစရာ အလွန်အမင်း ရှားပါးလာနေပါသည်။ သို့ဖြစ်ပါ၍ မထေရ်မြတ်များ မိန့်တော်မူ ဖူးသကဲ့သို့  “ဓူတင်သာသနာ အလင်းရောင် ကွယ်သွားပြီ၊ ယခု တိမ်တောက်၍ လင်းနေခြင်းပေလော” ဟု တွေးထင်နေမိပါသည်။

အရှင်ခေမာနန္ဒ (ရန်ကင်းတောရ-သပြေပင်)

 

 

ဓူတင် နှင့် ဓူတင်ဆောင်ရဟန်း

 

 

ဓုတင် နှင့် ဓူတင်

 

MA ဦးဇင်း             ။        ။ စာအုပ်တွေ၊ မဂ္ဂဇင်းတွေထဲမှာ ဓူတင်လို့လည်း ရေးကြတယ်။ ဓုတင်လို့ လည်း ရေးကြတယ်။ ဘယ်ဟာအမှန်ပါလဲဘုရား။

ဆရာတော်              ။        ။ ဓုတင်္ဂဆိုတဲ့ ပုဒ်ရင်းကို လေ့လာရင် ဓုတနှင့် အင်္ဂကို တွေ့ရပါမယ်။ ဒါကို မြန်မာစာပေမှာကျတော့ ပါဠိသက်စကားလုံးအဖြစ် ‘ဥ’သရ နှင့် ဓုတင်  လို့လည်း သုံးကြတယ်။

MA ဦးဇင်း            ။        ။ တပည့်တော်တို့ စကားပြောတဲ့အခါမှာ ဓူတင်လို့ပဲ ပြောကြပါတယ်ဘုရား။

ဆရာတော်              ။        ။ ဟုတ်တယ်။ မြန်မာစကားမှာ ‘ဦ’ သရနဲ့ ဓူတင်လို့ အသံရှည် ပြောဆို သုံးနှုန်းကြပါတယ်။ ဒါကြောင့် ပါဠိသက်စကားလုံး ဖြစ်နေတာမို့ အသုံးမှန်ပါတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ ရှေးရှေးအခါကာလကတည်းက အခုလို ဓုတနှင့် ဓူတဆိုပြီး နှစ်မျိုး ဖြစ်တာပါလားဘုရား။

ဆရာတော်             ။        ။ ဟုတ်တယ်။ သျှင်မဟာသီလဝံသရဲ့ ဆုတောင်းခန်းပျို့မှာ ‘ဓုတင်အမည်၊ ဝတ်ဆောက်တည်လျက်’ လို့ ရေးတာတွေ့ရပြီး မဟာဇနကပျို့မှာကျတော့ ‘သစ်တစ်ပင်၌၊ ဓူတင်တစ်ဆူ၊ ရုက္ခမူဖြင့်’ လို့ တွေ့ရပြန်တယ်ဦးဇင်း။

MA ဦးဇင်း           ။        ။ ရှေးရှေးပညာရှိတွေကလည်း ဓုတင် နှင့် ဓူတင် နှစ်မျိုးလုံး ရေးသားခဲ့ ကြတဲ့ အတွက် ကြိုက်သလို သုံးလို့ရပြီနော်ဘုရား။

ဆရာတော်             ။        ။ အဲသလိုတော့ မဟုတ်သေးဘူးထင်တယ်။ ဒီကနေ့ခေတ် ပညာရှင်တွေက ပါဠိသက်အဖြစ်ရေးရင် ဓုတင်လို့ရေးကြပြီး၊ မြန်မာစကားပြေသက်သက်ရေးရင် စကားပြောသံနှင့်အတူ ဓူတင်လို့ ရေးကြပါတယ်ဦးဇင်း။

MA ဦးဇင်း           ။        ။ မှန်ပါ။ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်            ။        ။ နဘူးကျင်းဆရာတော်ကြီး ရေးသားတော်မူခဲ့တဲ့ ကျမ်းစာအုပ်တစ်အုပ်ရဲ့ နာမည်ကို ပါဠိ၊ မြန်မာ နှစ်ဘာသာနဲ့ ရေးတော်မူခဲ့ဖူးတယ်။

MA ဦးဇင်း          ။        ။ ဘယ်စာအုပ်ပါလဲဘုရား။

ဆရာတော်           ။        ။ ဓူတင်ဆိုင်ရာ စာအုပ်ပါ ဦးဇင်း။ “ဓုတင်္ဂဝိနစ္ဆယ (ခေါ်) ဓူတင်အဆုံး အဖြတ် ကျမ်း”ဆိုပြီး ဓူတင်လို့ အသုံးနှစ်မျိုးသုံးထားတာ တွေ့ရပါတယ်ဦးဇင်း။

MA ဦးဇင်း         ။        ။ မြန်မာမှာ ဓူတင်သုံးတာ တွေ့ရပြီး၊ ပါဠိမှာ ဓုတင်လို့ရေးတာ သတိပြုမိ ပါတယ်ဘုရား။ ဘုရားတပည့်တော်များ အခုစကားပြော လျှောက်ထားရာမှာလည်း ဓုတင်လို့ပြောရတာ လျှာခလုတ်တိုက်လို့ ဓူတင်လို့ပဲ သုံးခွင့်ပြုတော်မူပါဘုရား။ ပါဠိသက်ဝေါဟာရ  ဓုတင်နှင့် ဓုရ အဓိပ္ပာယ် တူတူပဲလား ဘုရား။ ပြီးတော့ ဓူရနှစ်ဖြာလို့လည်း ဖတ်ဖူးတယ်။ အဲဒီမှာ ဓူတင်ပါသလား ဘုရား။

ဆရာတော်           ။        ။ နေဦး၊ နေဦး။ ဓုတင်နှင့် ဓုရ အဓိပ္ပာယ် မတူဘူးနော်။ ကိလေသာကို ခါထုတ်ပစ်နိုင်တဲ့အကျင့် An ascetic practice ကို ဓူတင်ခေါ်တယ်။ မလုပ် မနေရ ဧကန်လုပ်ရမဲ့တာဝန်က ဓုရ Responsibility ဖြစ်ပါတယ်။ ‘ရဟန်းကိစ္စ၊ နှစ်ဓုရကို၊ လုံ့လအားသည်း၊ ဟိတ်ဟန်နည်း၍၊ ပစ္စည်းမသို၊ စိတ်မတို၊ ခင်ပျိုကြီးပွားကြောင်း’ လို့လည်း စာပေမှာ လာသေးတယ်ဦးဇင်း။

MA ဦးဇင်း         ။        ။ တပည့်တော် တက္ကသိုလ်တက်တုန်းက အလွတ် ကျက်ဖူးတယ်ဘုရား။ ရဟန်း များရဲ့ နှစ်ဓူရဆိုတာက ဘယ်ဟာတွေပါလဲဘုရား။

ဆရာတော်           ။        ။ အေး ဟုတ်ပြီ။ ဖြေဖို့ ကျန်ရစ်ခဲ့တယ်။ စာပေဆိုင်ရာတာဝန်က ဂန္ထဓူရပါ၊ ဝိပဿနာတရား အားထုတ်ရမဲ့တာဝန်က ဝိပဿနာဓူရပါ ဦးဇင်း။

 

သန္တုဋ္ဌိ သလ္လေခ ဖြစ်တိုင်း ဓူတင်မခေါ်ပါ

 

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။ အစားမှာလည်း ခြိုးခြံရမယ်။ အဝတ်သင်္ကန်းလည်း ခြိုးခြံရမယ်။ နေစရာ ကျောင်း၊ အိပ်ရာနေရာတွေမှာလည်း ခြိုးခြံရမယ်ဆိုတော့ ဓူတင်ကျင့်ရတာ တော်တော် ပင်ပန်းမယ်လို့ ထင်ပါတယ်ဘုရား။ ဒီတော့ စား၊ ဝတ်၊ နေရေး အကုန်လုံးကို ခြိုးခြံရမယ်။ မစားဘဲ၊ မဝတ်ဘဲ၊ မအိပ်ဘဲ ကျင့်ရမယ်ဆိုတဲ့ အကျင့်မျိုးကိုလည်း ဓူတင် ခေါ်နိုင်ပါသလားဘုရား။

ဆရာတော်              ။        ။ အဝတ်မဝတ်ဘဲ ကျင့်တဲ့အကျင့်။ ထမင်းကို လက်ထဲခံယူပြီး မတ်တတ်စားပြီး ကျင့်တဲ့အကျင့်၊ မတ်တတ်ရပ်လျက် ကျင်ကြီးစွန့်တဲ့ အကျင့်တွေက သာသနာ ပြင်ပက ဘာသာခြားတို့ရဲ့ အကျင့်သာဖြစ်တယ်။ သာသနာတွင်း အကျင့်နှင့် မသက်ဆိုင်ပါဘူး။ အဲသလို အကျင့် မျိုးကို ဓူတင်လို့လည်း မခေါ်ပါဘူးဦးဇင်း။

MA ဦးဇင်း             ။        ။ ဓူတင်အကျင့်ကလည်း အဲသလို ကိုယ်ဆင်းရဲ ဒုက္ခခံပြီး ကျင့်ရတဲ့ အကျင့်မျိုးပဲ မဟုတ်ပါလားဘုရား။

ဆရာတော်              ။        ။ ဦးဇင်းတွေးတဲ့ အတွေးအခေါ်မျိုးကို ရှေးရှေးအခါတုန်းက မိလိန္ဒမင်းကြီး လည်း တွေးဖူးတယ်။ ဒါကြောင့် အရှင်နာဂသိန်ကို မေးခွန်းတစ်ခု မေးလျှောက်ဖူးတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ တပည့်တော်အတွေးနှင့်တူတဲ့ ဘုရင်ကြီးရဲ့ မေးခွန်းနှင့် အဖြေကိုလည်း အကျယ်သိပါရစေဘုရား။

ဆရာတော်              ။        ။ ‘ရဟန်းအဖြစ်ကို မခံယူပါဘဲလျက်လည်း တရားကျင့်၍ ရနိုင်ပါမူကား အရှင်ဘုရားတို့၏ ရဟန်းအဖြစ် ကျင့်သုံးခြင်းသည် အကျိုးမဲ့၊ အချည်းနှီး ဖြစ်လေစွတကား။ ရှေးရှေးဘဝတုန်းက ပြုခဲ့သော အကုသိုလ်ကံကြောင့် ယခုဘဝတွင် ဒုက္ခခံကာ ရဟန်းပြုကြရကုန်၏။ ဓုတင်အကျင့်ကို ကျင့်ကြရကုန်၏’တကားလို့ အပြစ်တင်ပြီး လျှောက်တယ်။

ကျမ်းညွှန်း ၁။ (၃၉၄) တပေါပက္ကမကထာ၊ မဟာသီဟနာဒသုတ္တ၊ သီလက္ခန္ဓဝဂ္ဂပါဠိ  (နှာ-၁၅၇)၊ *  (၅၅) တပေါဇိဂုစ္ဆာဝါဒ၊ ဥဒုဗ္ဗရိကသုတ္တ၊ ပါထိကဝဂ္ဂပါဠိ (နှာ-၃၂)၊ ၂။ (၂) ဓုတင်္ဂပဥှ၊ အနုမာနဝဂ္ဂ၊ မိလိန္ဒပဥှပါဠိ (နှာ-၃၃၂)

MA ဦးဇင်း                ။        ။ တော်တော်ကြီးကို အပြစ်မြင်လျှောက်လိုက်တာပဲဘုရား။

ဆရာတော်              ။        ။ ဟုတ်တယ်။ သူက ဆက်လျှောက်သေးတယ် ‘ဧကာသနိက်ဓူတင် ဆောင်၍ တစ်ထပ်သာ စားကြရသော ရဟန်းတို့သည် ရှေးရှေးဘဝက သူတစ်ပါး၏ ပစ္စည်းကို ခိုးကြခဲ့ လေယောင် တကား။ ထိုအကုသိုလ်ကံကြောင့် အချိန်မရွေး စားသောက်ခွင့် မရကြဘဲ တစ်နေရာတည်း၌ တစ်ထပ်သာ စားကြလေ ယောင်တကား။ အဗ္ဘောကာသိက ဓူတင်ဆောင်၍ လွင်တီးခေါင်၌ နေထိုင် ကြရသော ရဟန်းတို့သည်လည်း ရှေးရှေးဘဝတို့၌ ကျေးလက်တောရွာတို့ကို ဖျက်ဆီးခဲ့သော ခိုးသား ဓားပြတို့ ဖြစ်ခဲ့ကြလေယောင်တကား။ ထိုသို့ ဖျက်ဆီးခဲ့ကြဖူးသောကြောင့် အမိုးအကာအောက်တွင် နေထိုင်ခွင့်မရကြဘဲ လွင်တီးခေါင်၌ နေကြရလေယောင်တကား။ နိသဇ္ဇိဓူတင် ဆောင်၍ ထိုင်လျက်သာ နေကြရသော ရဟန်းတို့သည်လည်း ရှေးရှေးဘဝ၌ လမ်းခရီးမှ စောင့်ကြို နှိပ်စက်ကြသော ခိုးသား ဓားပြတို့ ဖြစ်ခဲ့ကြလေယောင်တကား။ ထိုအကုသိုလ် ကံကြောင့် ယခုဘဝတွင် အိပ်စက်ခွင့်မရဘဲ ထိုင်လျက်သာ နေကြရလေယောင်တကား’ လို့ ဓူတင်အကျင့်မြတ်ကို အပြစ်တင်ပြီး စကားနိုင်ယူခဲ့ဖူး တယ် ဦးဇင်း။

MA ဦးဇင်း               ။        ။ မှန်ပါဘုရား။ ဒါဆိုရင် ဘုရားရှင်ရဲ့တပည့် ရဟန်းများက ဘယ်ကဲ့သို့ မြင့်မြတ် ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ခြိုးခြံခေါင်းပါးတဲ့ ဓူတင်အကျင့်ကို ကျင့်ကြတာပါလဲဘုရား။

ဆရာတော်              ။        ။ ဓူတင်ကို ကျင့်ခြင်းရဲ့ ပင်မပဓာန၊ အဓိက ရည်ရွယ်ချက်က လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်ဖို့ ကျင့်ရတာပါ။ စိတ်ရဲ့ အညစ်အကြေးတွေကို ခါထုတ်ဖို့ ကျင့်ရတာပါဘုရား။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ အကြောင်း အထောက်အပံ့အတွက် ကျင့်ရတာပါဘုရား။

 

ဓူတင်ဆောင်ရဟန်းကို ဓူတင်က စောင့်ရှောက်ပေးတယ်

 

MA ဦးဇင်း             ။        ။ သိပ်ပြီးကို ကြီးကျယ် မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေပါဘုရား။ တပည့် တော် သိချင်သေးတာက ဘယ်ဓူတင်က ဘယ်အပေါ်မှာ ဖြစ်ခွင့်ရှိတဲ့ ဘယ်လို ကိလေသာအညစ်အကြေးတွေကို မဖြစ်အောင် စောင့်ရှောက်ပေးတယ်ဆိုတာ အသေးစိတ် ရှိပါသလားဘုရား။

ဆရာတော်              ။        ။ ရှိပါတယ်။ ရှိတယ်၊ ရှိတယ် ဦးဇင်း။ သင်္ကန်းမှာ ဖြစ်ခွင့်ရှိတဲ့ တဏှာ လောဘကို သင်္ကန်းသုံးထည်ကိုသာဆောင်တဲ့ တိစီဝရိက်ဓူတင်နှင့် အမှိုက်ပုံတို့၊ အလောင်းကောင်တို့ ကနေ ကောက်ယူရတဲ့ သင်္ကန်းကိုဆောင်တဲ့ ပံသုကူဓူတင် ၂ ပါး တို့က တိုက်ထုတ် ကာကွယ်ပေးနိုင်ပါ တယ်။ ဆွမ်းခံပြီး ဘုဉ်းပေးရတဲ့ ပိဏ္ဍပါတ်ဓူတင်၊ အိမ်အစဉ်အတိုင်း ဆွမ်းခံရတဲ့ သပဒါနစာရိကဓူတင်၊ တစ်ကြိမ်တည်း ဘုဉ်းပေးရတဲ့ ဧကာသနိက်ဓူတင်၊ တစ်ခွက်တည်းနဲ့ ဘုဉ်းပေးရတဲ့ ပတ္တပိုဏ်ဓူတင်ပါဝင် ဆွမ်းဓူတင် ၅ ပါးက ဆွမ်းနှင့် စပ်လျဉ်းပြီးတော့ ဖြစ်ခွင့်ရှိတဲ့ တဏှာလောဘကို ကာကွယ် စောင့်ရှောက် ပေးနိုင်ပါတယ် ဦးဇင်း။

MA ဦးဇင်း             ။        ။ မှန်ပါ။ ကျင့်ရင်ကျင့်သလောက် ကျေးဇူးများလွန်းတဲ့ အကျင့်ပါဘုရား။

ဆရာတော်              ။        ။ ဟုတ်ပါတယ်။ ဆက်ပြီး ပြောပြဦးမယ်နော်။ တောကျောင်းမှာနေရတဲ့ အာရညကင်ဓူတင်၊ သစ်ပင်ရင်းမှာနေရတဲ့ ရုက္ခမူဓူတင်၊ လွင်တီးခေါင်မှာ နေရတဲ့ အဗ္ဘောကာသိကဓူတင်၊ သုသာန်မှာနေရတဲ့ သုသာန်ဓူတင်နှင့် သံဃာညွှန်ရာကျောင်းမှာသာနေရတဲ့  ယထာသန္တတိ ဓူတင်တွေက ကျောင်း၊ အိပ်ရာနေရာနဲ့ စပ်ပြီးတော့ ဖြစ်ခွင့်ရှိတဲ့ တဏှာလောဘကို ကာကွယ်ပေး နိုင်ပါတယ်။

ကျမ်းညွှန်း ၁။ (၂) ဓုတင်္ဂပဥှ၊ အနုမာနဝဂ္ဂ၊ မိလိန္ဒပဥှပါဠိ (နှာ-၃၃၂)၊ ၂။ (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ  (နှာ-၇၉)၊ ၃။ (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ  (နှာ-၇၉)

MA ဦးဇင်း            ။        ။ နောက်ဆုံးအမှတ်စဉ် ၁၃ နိသဇ္ဇိဓူတင်က ဘာကိုကာကွယ်ပေးတာပါလဲဘုရား။

ဆရာတော်              ။        ။ ပျင်းရိ၊ ထိုင်းမှိုင်း၊ ငိုက်မြည်းနေတဲ့ ထိနမိဒ္ဓ ကိလေသာကို တိုက်ထုတ်ဖို့ နိသဇ္ဇိဓူတင်က ကာကွယ်ပေးနိုင်ပါတယ်ဘုရား။

MA ဦးဇင်း            ။        ။ ဓူတင်တစ်ပါးချင်းစီက ကိလေသာများကို တိုက်ထုတ်ပေးနိုင်တာ သိခွင့် ရပါပြီဘုရား။ ဓူတင် ၁၃ ပါးကို အကျဉ်းမှတ်တဲ့နည်းများ ရှိသေးရင်လည်း သိပါရစေဘုရား။

ဆရာတော်              ။        ။ ကောင်းပါပြီ။ ဓူတင် ၁၃ ပါးကို အလွယ်မှတ်မိအောင် ဓူတင်ကိုမြတ်နိုး တော်မူတဲ့ တောရဆရာတော်တစ်ပါးက ဘုန်းကြီးကို နည်းပေးထားတာ ရှိတယ်။  ]ငါးငါးနှစ်တစ်} လို့ မှတ်ရမယ်တဲ့ ဦးဇင်း။

MA ဦးဇင်း            ။        ။ ငါးငါးနှစ်တစ် ကို ဂဏန်းသင်္ချာနဲ့ ဘယ်လိုမှတ်ရတာပါလဲဘုရား။

ဆရာတော်              ။        ။ ဟုတ်ပြီ။ ပြောပြမယ်နော်။ ဂဏန်းသင်္ချာနဲ့ ၅၅၂၁ လို့ မှတ်ရမယ်ဆိုတာက ပထမဦးဆုံး ၅ က ဆွမ်းဓူတင် ၅ ပါး။ ဒုတိယ ၅ က ကျောင်းနေရာဆိုင်ရာ ဓူတင် ၅ ပါး။ တတိယ ၂ က သင်္ကန်းဆိုင်ရာ ဓူတင် ၂ ပါး။ နောက်ဆုံး ၁ က နိသဇ္ဇိဓူတင် ၁ ပါးနော်။ ဂဏန်းသင်္ချာက အခုလို ကြီးစဉ်ငယ်လိုက် ၅၅၂၁ စဉ်ထားတာဆိုတော့ မှတ်မိလွယ်တာပေါ့ဘုရား။

MA ဦးဇင်း            ။        ။ မှန်လှပါဘုရား။ အခုလို တူရာတူရာ အုပ်စုလိုက် မှတ်ထားတဲ့အတွက် မမေ့တော့ပါဘူးဘုရား။ ဒီ ၅၅၂၁ အုပ်စုထဲက ဓူတင်တွေရဲ့ အဓိပ္ပာယ်ကို မြန်မာလို မှတ်မိလွယ်တဲ့နည်းများ ရှိသေးရင်လည်း သိချင်ပါသေးတယ်ဘုရား။

ဆရာတော်              ။        ။ ကောင်းပါပြီ။ ဆွမ်းဓူတင် ၅ ပါးကစပြီး စာသံပေသံမပါ မြန်မာစကား ရိုးရိုးလေးနဲ့ ပြောပြမယ်နော်။ ‘ဆွမ်းခံစားပါ့မယ်ဘုရား’၊ ‘အိမ်စဉ်အတိုင်း ဆင်းရဲ ချမ်းသာမရွေးကြွပါ့မယ်ဘုရား’၊ ‘တစ်နေ့မှာတစ်ခါ နေရာမရွှေ့ဘဲ စားပါ့မယ်ဘုရား’ ‘တစ်ခွက်တည်း စားပါ့မယ်ဘုရား’၊ ‘တော်ပြီ၊ တန်ပြီ ပြောမိရင် နောက်တစ်ခါ မစားတော့ပါဘုရား’ တဲ့ ဦးဇင်း။

MA ဦးဇင်း            ။        ။ မြန်မာစကားနဲ့ ပေါ့ပေါ့ပါးပါး၊ လွယ်လွယ်ကူကူ ကြားနာရ မှတ်သားခွင့် ရတာ ကျေးဇူးတင်ပါတယ်ဘုရား။ ဆွမ်းဓူတင် ၅ ပါးရပါပြီဘုရား။

ဆရာတော်              ။        ။ ဒုတိယ ၅ က ကျောင်းနေရာဆိုင်တဲ့ ဓူတင်နော် ‘တောရကျောင်းမှာ နေပါ့မယ်ဘုရား’ ‘သုသာန်မှာ နေပါ့မယ်ဘုရား’၊ ‘သစ်ပင်အောက်မှာ နေပါ့မယ်ဘုရား’၊ ‘မိုးကောင်းကင် အောက် နေပါ့မယ်ဘုရား’၊ ‘ထားရာကျောင်းမှာ နေပါ့မယ်ဘုရား’တဲ့။ နောက် ၂ ရှိသေးတယ်။ ဒီ ၂ က သင်္ကန်းဓူတင် ဆိုင်ရာနော်။ ‘သင်္ကန်းသုံးထည် သုံးပါ့မယ်ဘုရား’၊ ‘ပံ့သုကူသင်္ကန်း သုံးပါ့ မယ်ဘုရား’တဲ့ ဦးဇင်း။ နောက်ဆုံး ၁ ကတော့ ဝီရိယဓူတင်နော်။ ‘ခါးဆန့် ခေါင်းချပြီး မအိပ်ပါဘုရား’တဲ့။

ကျမ်းညွှန်း ၁။ (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ  (နှာ-၇၉)၊ *မဟာစည်ဆရာတော်ကြီး ဝိသုဒ္ဓိမဂ်မြန်မာပြန် (နှာ-၂၂)

MA ဦးဇင်း            ။        ။ ကျေးဇူးတင်ပါတယ်ဘုရား။ အခုလို ခြိုးခြိုးခြံခြံ၊ ပင်ပင်ပန်းပန်း ကျင့်ရတဲ့ အတွက် တချို့သူတွေက သာသနာတော်မှာ ဓူတင်အကျင့် ကျင့်တာကို သက်သက် ဒုက္ခခံကြတာလို့ စွပ်စွဲချင်ကြတာ အပြစ်ကြီးလှပါတယ်ဘုရား။

ဆရာတော်              ။        ။ သူတို့ သာသနာ့အဆုံးအမကို ထဲထဲဝင်ဝင် မသိလို့ ပြောကြတာပါ။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးပေါ်မှာ တွယ်တာမှု တဏှာကို ဒီဓူတင် ၁၃ ပါးနဲ့ ဘုရားရှင် ကာကွယ်ပေးတော်မူတာပါ။ ဒါကြောင့် ဓူတင်ကျင့်တဲ့ ရဟန်းရဲ့  ဘာဝနာလုပ်ငန်းက အနှောင့်အယှက်မရှိ ဖြောင့်ဖြောင့်တန်းတန်းကြီးကို တိုးတက်ပြီးတော့ အရိယာဖြစ်တဲ့အထိ ကျေးဇူးပြုနိုင်တယ်ဦးဇင်း။

MA ဦးဇင်း            ။        ။ သာဓုပါဘုရား။ အခုလို သိရတာ ဝမ်းမြောက်ပါတယ်ဘုရား။

ဆရာတော်              ။        ။ အခုလို မြင့်မြတ်တဲ့ ဓူတင်အကျင့်ကို ဘ၀တစ်သက်တာလုံး ဆောက်တည် တော်မူခဲ့တဲ့ ဓူတင်ဧတဒဂ် အရှင်မဟာကဿပ မထေရ်မြတ်ကြီးတို့ကို အတုယူပြီး အပ္ပိစ္ဆတာ အလိုနည်း တဲ့ဂုဏ်၊ သန္တုဋ္ဌိတာ ရောင့်ရဲလွယ်တဲ့ ဂုဏ်တွေနဲ့ ပြည့်စုံလိုတဲ့ ရဟန်းတော်များက ဓူတင်အကျင့်ကို မပျက်မကွက် ကျင့်သုံး ဆောက်တည်ကြရပါမယ်ဘုရား။

MA ဦးဇင်း            ။        ။ ဘုရားတပည့်တော် တစ်နေ့ကျရင် ဓူတင်ကို မဖြစ်မနေ ကျင့်ပါမယ် ဘုရား။

ဆရာတော်              ။        ။  သာဓု၊ သာဓု၊ သာဓုပါ ဦးဇင်း။

 

သာမဏေ နှင့် လူတို့အတွက်ဓူတင်

 

MA ဦးဇင်း             ။        ။ ရဟန်းများက ဓူတင် ၁၃ ပါး ဆောင်ခွင့်ရှိတာကို သိရပါပြီဘုရား။ ရှင်သာမဏေတွေလည်း ဓူတင် ၁၃ ပါး ကျင့်ချင်ရင် ကျင့်ခွင့်ရှိပါသလားဘုရား။

ဆရာတော်              ။        ။ ရဟန်းတော်များအတွက် ဘုရားရှင် ခွင့်ပြုတော်မူထားတဲ့ နှစ်ထပ်သင်္ကန်း ကို သာမဏေတွေက သုံးခွင့်မရှိပါဘူး။ ဒါကြောင့် ဓူတင် ၁၃ ပါးထဲက တိစီဝရိက်မှတစ်ပါး ကျန်တဲ့ ဓူတင် ၁၂ ပါးကို တန်းတူကျင့်ခွင့် ရှိပါတယ်။

ကျမ်းညွှန်း ၁။      (၄၈၀-၁-၉) ဥဒေါသိတသိက္ခာပဒဝဏ္ဏနာ၊ စီဝရ၀ဂ္ဂ၊ ဝဇီရဗုဒ္ဓိဋီကာ (နှာ-၂၃၃)

MA ဦးဇင်း             ။        ။ ကိုရင်လေးကနေ အသက် ၂၀ ပြည့်လို့ ရဟန်းဖြစ်လာရင်တော့ ဓူတင် အားလုံး အပြည့် ဆောင်နိုင်ပြီလားဘုရား။

ဆရာတော်              ။        ။ ရဟန်းဖြစ်ရင် အားလုံးဆောင်နိုင်ပါပြီ။

MA ဦးဇင်း             ။        ။ လူတွေလည်း ဓူတင်ကျင့်လို့ရတယ်လို့ ဖတ်ဖူးပါတယ်ဘုရား။ သူတို့က  ဘယ်နှစ်ပါး ကျင့်နိုင်တာလဲဘုရား။

ဆရာတော်              ။        ။ လူ ဒကာ၊ ဒကာမတွေက တစ်နေ့တစ်ကြိမ်တည်းပဲ စားခွင့်ရှိတဲ့ ဧကာသနိက်ဓူတင်နှင့် တစ်ခွက်တည်း၊ တစ်ထိုင်တည်းသာ စားခွင့်ရှိတဲ့ ပတ္တပိုဏ်ဓူတင် တို့ကို ဆောက်တည်နိုင်ကြပါတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ လူက ဓူတင် ၁၃ ပါးထဲက ၂ ပါးပဲ ကျင့်လို့ရတာပါလားဘုရား။

ဆရာတော်              ။        ။ ဟုတ်ပြီ။ ဝိသုဒ္ဓိမဂ်ဆရာတော်ကတော့ လူတွေဓူတင် ၂ ပါးပဲ ရတယ်လို့ ပြပါတယ်။ သို့သော် လူတွေကျင့်လို့ရတဲ့ဓူတင်ကို မစဉ်းစားဘဲ၊ လူတွေ ကျင့်လို့မရတဲ့ ဓူတင်ကို စဉ်းစား ရင် ပံ့သကူဓူတင်နှင့် တိစီဝရိက်ဓူတင်ဆိုတဲ့ သင်္ကန်းနဲ့ ဆိုင်တဲ့ဓူတင်နှစ်ပါးကို လူတွေကျင့်လို့ မရနိုင်ဘူး။ ဆွမ်းဓူတင်ထဲက တချို့လည်း အခက်အခဲ ရှိနိုင်မယ်ထင်တယ်။ ကျန်တဲ့ဓူတင်တွေထဲက လူတွေ ကြိုးစား ကြံဆပြီးကျင့်ရင် ရနိုင်တာ အများကြီး ရှိနိုင်ပါတယ်။

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။

ဆရာတော်              ။        ။ ပမာပြရရင် သစ်ပင်အောက်မှာ နေတာရနိုင်တယ်။ မိုးကောင်းကင် အောက် လွင်တီးခေါင်မှာ နေတာရနိုင်တယ်။ သတ္တိကောင်းရင် လူခြေတိတ်ချိန်မှာ သုသာန်ထဲ သွားနေ တာ ရနိုင်သေးတယ်။ တောအင်္ဂါ ပြည့်ပြည့်စုံစုံ ရတဲ့နေရာမှာ အရုဏ်တက်တဲ့အချိန်အထိ နေမယ်ဆိုရင် လည်း အာရညကင်ဓူတင် ရနိုင်တယ်လေ။ ဓူတင်ကို ကျင့်နိုင်ရင် ကျင့်နိုင်သလောက် နောင် ဖြစ်လတ္တံ့ သော ဘဝါဘဝအတွက် ဝါသနာထုံတဲ့အကျိုးကို ရတာပါဦးဇင်း။

MA ဦးဇင်း             ။        ။ ပံ့သကူအဝတ်လည်း ကောက်ပြီးသုံးရင် ရနိုင်လောက်ပါတယ်ဘုရား။

ဆရာတော်              ။        ။ စွန်းလွန်းဆရာတော် အလောင်းအလျာ သူလူ့ဘဝတုန်းက တရားကို ပိုပြီး လွတ်လွတ်လပ်လပ် အားထုတ်ရအောင်လို့ ဘယ်အထိ ကြံစည်ခဲ့သလဲဆိုရင်  ‘အဝတ်အတွက် ဂုံနီအိတ် တစ်လုံးကို လက်နှစ်ဖက်နေရာနှင့် ခေါင်းနေရာ အပေါက်ဖောက်ပြီး စွပ်ထားမယ်။ စားစရာကို တောင်း ရမ်းစားပြီး အရူးတစ်ယောက်လိုနေပြီး တရားအားထုတ်ရကောင်းမလား’လို့ စဉ်းစားမိခဲ့သတဲ့ ဦးဇင်း။

MA ဦးဇင်း             ။        ။ ဆရာတော်အလောင်းအလျာ အဝတ်နှင့် အစားကို ခြိုးခြံဖို့ ကြံစည်တော် မူတာပါလားဘုရား။

ဆရာတော်              ။        ။ ဟုတ်တယ်။ သူက ဓူတင်လို့ အမည်နာမ မတတ်ခဲ့ပါသော်လည်း ဓူတင်ရဲ့ ဂုဏ်ရည်ဖြစ်တဲ့ အလိုနည်းတဲ့ အပ္ပိစ္ဆတာဂုဏ်၊ ရောင့်ရဲလွယ်တဲ့ သန္တုဋ္ဌိတာဂုဏ်တော့ ပေါ်လွင်ပါတယ်။ သို့သော် ဓူတင်ကို လူလိုကျင့်ရင်တော့ လူလောက်ပဲ ကျင့်နိုင်မှာပါ ဦးဇင်း။

ကျမ်းညွှန်း ၁။      (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ (နှာ-၈၀)၊ ၂။       ဓမ္မာစရိယဦးဌေးလှိုင်ရေးသားပြုစုသည့် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (၁၉၉၂) ခုနှစ်၊ * ပရမတ္ထသရူပဘေဒနီ ဒုတိယတွဲ  (နှာ-၁၄၄)  Ä မဟာစည်ဆရာတော်ကြီး ဝိသုဒ္ဓိမဂ်မြန်မာပြန် (နှာ-၂၂)

 

ဓူတင်ဆောက်တည်တော့မယ်ဆိုရင်

 

MA ဦးဇင်း               ။        ။ ဓူတင်ကို သီတင်းသုံးဖော်များတောင် မသိအောင် သိုဝှက် ဆောက်တည် ရမယ်လို့ နားလည်ထားပါတယ်ဘုရား။ တစ်ဖက်ကလည်း ဓူတင်ကို အဓိဋ္ဌာန်ပြီး ဆောက်တည်ရမယ်၊ ဆရာ့ထံပါး နည်းခံယူရမယ်လို့လည်း ဆိုထားတော့ ဘယ်ကဲ့သို့ ဓူတင်ကို ဆောက်တည်ရမလဲဆိုတာ သိပါရစေဘုရား။

ဆရာတော်              ။        ။ ဒါလည်း မေးသင့်တဲ့ မေးခွန်းပါပဲ ဦးဇင်း။  ဓူတင်ဆောက်တည်လိုတဲ့ ရဟန်းက မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိရင် ဘုရားထံတော်မှောက်သွားပြီး ဆောက်တည်ရပါ မယ်။ ဒါမှမဟုတ် မဟာသာဝကကြီးတို့ရဲ့ ရှေ့တော်မှောက်ကိုသွားပြီး ဆောက်တည်ရမယ်။ ဒါမှ မဟုတ်ရင် ရဟန္တာပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်ကိုသွားပြီး ဆောက်တည်ရမယ်။ ဒါမှမဟုတ်ရင် အနာဂါမ်ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်ကိုသွားပြီး ဆောက်တည်ရမယ်။ ဒါမှမဟုတ်ရင် သကဒါဂါမ်ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်ကိုသွားပြီး ဆောက်တည်ရမယ်။ ဒါမှမဟုတ်ရင် သောတာပန် ပုဂ္ဂိုလ်ရဲ့ ရှေ့တော်ကိုသွားပြီး ဆောက်တည်ရမယ် ဘုရား။

MA ဦးဇင်း            ။        ။ အခုကာလမှာက ဘုရားရှင်လည်း မရှိတော့ပါဘုရား။ မဟာသာဝကကြီး များလည်း မရှိပါဘုရား။ ရဟန္တာ၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန် တို့ကိုလည်း ဘုရားတပည့်တော် မရှာတတ်ပါဘုရား။ ဒါဆိုရင် ဘယ်လို ဆောက်တည်ရပါမလဲဘုရား။

ဆရာတော်              ။        ။ ဒါဆိုရင် ပိဋကသုံးပုံဆောင်၊ နှစ်ပုံဆောင်၊ တစ်ပုံဆောင်၊ နိကာယ် ငါးရပ် ထဲက နိကာယ်တစ်ပါးပါးကိုဆောင်တဲ့ ပုဂ္ဂိုလ်တို့ရဲ့ ရှေ့မှောက်မှာ ဆောက်တည် ရမယ်တဲ့ဦးဇင်း။

MA ဦးဇင်း            ။        ။ ဒီမှာလည်း အခက်အခဲရှိနေသေးရင် ဘယ်လိုများ ဆောက်တည်ရမလဲ ဘုရား။

ဆရာတော်              ။        ။ မိမိအလေးဂရုထားပြီး လေးစားတဲ့ ဆရာသမားများရဲ့ ရှေ့မှာဆောက် တည်ရင်လည်း ရနိုင်တယ်လို့ နဘူးကျင်းဆရာတော်ကြီး ဆုံးဖြတ်ပေးတော်မူ ဖူးတယ်ဦးဇင်း။

MA ဦးဇင်း            ။        ။ မှတ်သားပါ့မယ်ဘုရား။ နောက်ထပ်ရှိသေးရင် သိချင်ပါသေးတယ်ဘုရား။

ဆရာတော်              ။        ။ စေတီရင်ပြင်ကို တံမြက်စည်းလှည်း၊ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး တော့ မြတ်စွာဘုရားရှင် ရှေ့တော်မှောက်မှာ ဆိုဘိသကဲ့သို့ နှုတ်ကဆိုပြီးတော့ ဆောက်တည်လို့လည်း ရပါသေးတယ်ဦးဇင်း။

ကျမ်းညွှန်း ၁။ (၂၃) ဓုတင်္ဂနိဒ္ဒေသော၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ ( နှာ-၅၉)၊ ၂။ (၂၃) ဓုတင်္ဂနိဒ္ဒေသော၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ ( နှာ-၅၉)၊ ၃။ (၂၃) ဓုတင်္ဂနိဒ္ဒေသော၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ ( နှာ-၅၉)၊ *  မဟာစည်ဆရာတော်ကြီး ဝိသုဒ္ဓိမဂ်မြန်မာပြန် (နှာ-၂၂)

MA ဦးဇင်း            ။        ။ မှန်ပါ။ ပြီးတော့ တစ်ခုသိချင်တာက ဓူတင်ကို သိုသိုသိပ်သိပ် ဆောင်ရ မယ်။ ဆရာရှာရမယ်လို့လည်း ဆိုထားပါတယ်ဘုရား။ လျှို့ဝှက် သိုသိပ်စွာ ကျင့်နေတဲ့ ဓူတင်ဆောင် ဆရာရှာရတာ အခက်အခဲ ရှိမယ်ထင်ပါတယ်ဘုရား။ တပည့်တော် ဓူတင်ကို အမြတ်ဆုံး ဥက္ကဋ္ဌကနေစပြီး ဆောက်တည်ဖို့ စဉ်းစားထားတဲ့အတွက် ဆရာရှာရမှာပါမယ်ဘုရား။

ဆရာတော်              ။        ။ ဦးဇင်းရဲ့ သဒ္ဓါတရားကိုတော့ အသိအမှတ်ပြုပါတယ်ဘုရား။ ဓူတင်ကို ဆိုင်းဘုတ်တပ်ပြီး ကျင့်တဲ့ကျောင်းမျိုးကို ရှာရမှာမဟုတ်ပါဘူး ဦးဇင်း။ ရဟန်းသီလကိုမြတ်နိုးတဲ့ အဝန်း အဝိုင်းမှာရှိတဲ့ သံဃာတော်များက ဓူတင်ကို ကျင့်မြဲ ဖြစ်ပါတယ်။ ဒါကြောင့် ဓူတင်ကျင့်တဲ့ကျောင်းကို မရှာဘဲ ရဟန်းသီလပြည့်စုံအောင် ဖြည့်ကျင့်လေ့ရှိတဲ့ တောရကျောင်းမျိုးကိုရှာရင် ဦးဇင်းအတွက် ဓူတင် သင်ကြားပေးမဲ့ ဆရာကောင်းကို ဧကန်မုချ တွေ့မှာပါ။ တစ်ဆက်တည်း ပြောပြချင်တာက ဓူတင်ကို ကိုယ်တိုင် ကျင့်သုံးတော်မူလေ့ရှိတဲ့ သီတင်းသုံးဖော်များက အရှင်ဘုရားတို့လို သဒ္ဓါပဗ္ဗဇိတ ရဟန်းတော် များအတွက် မိန့်ကြားတော်မူလေ့ရှိတဲ့စကား ရှိပါတယ်။

MA ဦးဇင်း            ။        ။ အဲဒီ သြဝါဒစကားကိုလည်း နာကြားပါရစေဘုရား။

ဆရာတော်              ။        ။ ဓူတင်ကျင့်ချင်ရင် ကိုယ်တိုင် ဓူတင်ကျင့်နေတဲ့ဆရာကို တွေ့အောင်ရှာပါ။ ပြီးတော့ “အလွယ်ဆုံးဖြစ်တဲ့ မုဒုကနေ စကျင့်တော်မူပါဘုရား”တဲ့။

MA ဦးဇင်း            ။        ။ ဘာဖြစ်လို့ပါလဲဘုရား။

ဆရာတော်              ။        ။ ဒါက ရေရှည် ရဟန်းတစ်သက်ကျင့်ရမဲ့ ကျင့်စဉ်ဖြစ်တဲ့အတွက် သိပ်ကြီး ခက်ခဲနေရင် စိတ်ဓာတ်တွေကျပြီး ‘ငါလို ပါရမီနည်းတဲ့ရဟန်းအတွက် ဒီဓူတင်ကျင့်စဉ်က အဆင်မပြေ လောက်ပါဘူး’ ဆိုပြီး ပါရမီလွှဲချပြီးတော့ ဓူတင်ကို စွန့်ပစ်မိတတ်တယ်။ တချို့ရဟန်းတွေမှာကျတော့ အမွန်မြတ်ဆုံး ဥက္ကဋ္ဌကနေ စလိုက်တော့ ပင်ပန်းမခံနိုင်တော့လို့ ကြောက်သွားတာမျိုးလည်း ရှိတယ် ဘုရား။ ဒါကြောင့် မုဒုလို လွယ်ရာကနေ ကျင့်ရင်းကျင့်ရင်း တဖြည်းဖြည်း မဇ္ဈိမတို့၊ ဥက္ကဋ္ဌတို့ကိုလည်း ရောက်နိုင်ပါတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ ဒါဆိုရင် မုဒုကနေ မဇ္ဈိမတို့၊ ဥက္ကဋ္ဌတို့ကို ရောက်ဖို့လွယ်ကူတဲ့ ဓူတင်များ ရှိပါသလားဘုရား။

ဆရာတော်              ။        ။ ရှိတယ်။ ရှိပါတယ်။ ဓူတင် ၁၃ ပါးထဲက  အာရညကင်ဓူတင်ဆိုရင် မဇ္ဈိမတို့၊ ဥက္ကဋ္ဌတို့ကို သိပ်ကြီး ကြောင့်ကြမစိုက်ရဘဲ ရနိုင်တယ်လေ။ ဆိုပါစို့။ နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး တောရတဲ့ကျောင်းမှာ သီတင်းသုံးပြီး အာရညကင်ဓူတင်ကို မပျက်အောင် ဆောင်ထား မယ်ဆိုရင် အာရညကင်ဥက္ကဋ္ဌဓူတင်ဆောင် ဂုဏ်ရည်ကိုရတယ်လေ ဦးဇင်း။

MA ဦးဇင်း             ။        ။ မှန်ပါ။ မှတ်သားလိုက်နာပါ့မယ်ဘုရား။

ဆရာတော်              ။        ။ ဒီအာရညကင်ဓူတင်ကို ဥတုနဲ့ပိုင်းခြားရတယ် ဦးဇင်း။ ဆိုကြပါစို့ ဝါဆို လပြည့်ကျော် ၁ ရက်ကနေ တန်ဆောင်မုန်းလပြည့်အထိ မိုးဥတုနော်။

MA ဦးဇင်း            ။        ။ မှတ်မိပါပြီဘုရား။

ဆရာတော်              ။        ။ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်ကနေ တပေါင်းလပြည့်အထိ ဆောင်းဥတုယူရမယ်။ တပေါင်းလပြည့်ကျော် ၁ ရက်ကနေ ဝါဆိုလပြည့်အထိကို နွေဥတုယူရမယ် ဦးဇင်း။ အာရညကင်ဓူတင် ဆောင်မဲ့ရဟန်းက ဥတုတစ်ခုခုကို မှီရမယ်ဘုရား။ ဥပမာ ပြောရရင် မိုးတစ်ဥတုကို အာရညကင်ဓူတင်ဆောင်မယ်ဆိုရင် ဝါဆိုလပြည့်ကျော် တစ်ရက်ကနေစမယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ အာရညကင်ဓူတင်ရဲ့ ဥတုယူဆပုံက ဝါဆိုတာနဲ့ တူတူယူရတာပါလား ဘုရား။

ဆရာတော်              ။        ။ ဝါဆိုလပြည့်ကျော်တစ်ရက်က စမယ်ဆိုတာတော့ တူတယ်ဦးဇင်း။ သီတင်းကျွတ်လပြည့်ရင် ဝါကျွတ်သော်လည်း အာရညကင်ဓူတင်ယူထားတဲ့ကာလက တန်ဆောင်မုန်း လပြည့်အထိ ယူရတယ်။ ဒါမှ မိုးဥတုလေးလ အာရညကင်ဓူတင်ရတယ်။

MA ဦးဇင်း            ။        ။ ဒါကြောင့် သီတင်းကျွတ်သော်လည်း တောဝါက မကျွတ်သေးဘူးဆိုလိုတာပါလားဘုရား။

ဆရာတော်              ။        ။ ဟုတ်တယ်။ တောဝါက တန်ဆောင်မုန်းလပြည့်မှ ကျွတ်တယ်။ လေးလအပြည့်ယူရတယ်။ ဒါကြောင့် အာရညကင်ဓူတင် ဆောင်တော်မူတဲ့ မထေရ်မြတ်များက တောရတဲ့နေရာ မဟုတ်ရင် တစ်နေ့တစ်ရက်မှ သီတင်းမသုံးလိုကြပါဘူး။

MA ဦးဇင်း            ။        ။ ဘာကြောင့်ပါလဲဘုရား။

ဆရာတော်              ။        ။ အာရညကင်ဓူတင် တစ်ရက်၊ တစ်မနက်မှ မပျက်ချင်ကြလို့ပါ။

MA ဦးဇင်း             ။        ။ မှတ်သားလိုက်နာပါ့မယ်ဘုရား။

ဆရာတော်              ။        ။ ဒါကြောင့် မိုးတစ်ဥတုကို အာရညကင်ဓူတင် ဆောင်မယ်ဆိုရင် ဝါဆို လပြည့်ကနေ စရမယ်။ နွေတစ်ဥတုဆိုရင်လည်း တပေါင်းလပြည့်ကနေ စရပါမယ်။ ကြားထဲမှ တစ်နေ့ တစ်မနက်မှ မပျက်အောင် ကျင့်ရပါတယ်။

MA ဦးဇင်း            ။        ။ မှန်လှပါဘုရား။ ဓူတင်ကျင့်ရတာ ခက်ခဲလွန်းတဲ့အတွက် ငယ်တုန်းအခါ မှာပဲ ကျင့်တာကောင်းမယ် ထင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ အဲသလို ပုံသေမှတ်လို့တော့ မရပါဘူး။ သို့သော် တချို့ဓူတင်ကတော့ အသက်ကြီးလာရင် အခက်အခဲနည်းနည်း ရှိလာတတ်တယ်လို့ နဘူးကျင်း ဆရာတော်ကြီး မိန့်တော်မူဖူးတယ်ဘုရား။

MA ဦးဇင်း            ။        ။ ဘယ်ဓူတင်များပါလဲဘုရား။

ဆရာတော်              ။        ။ ဆရာတော်ကြီးက ‘နိဿဇ္ဇိဓူတင်လိုမျိုးက မကျန်းမာရင် ဆောင်လို့    မလွယ်ဘူး။ ဒါကြောင့် အရွယ်ငယ်တုန်း၊ ကျန်းမာတုန်း၊ သဒ္ဓါတရားလည်း ထက်သန်နေတုန်း လုပ်နိုင် သလောက် လုပ်ထားတာကောင်းတယ်’ လို့ မိန့်တော်မူဖူးတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ မှတ်သားလိုက်နာပါ့မယ်ဘုရား။ တပည့်တော် ဓူတင်ကို စနစ်တကျ ဆောက်တည်နိုင်ဖို့ ဘယ်စာတွေ ဖတ်ရကောင်းမလဲဘုရား။

ဆရာတော်              ။        ။ ဒါက စာဖတ်ရုံနဲ့တော့ မလုံလောက်ဘူး ဦးဇင်း။ တကယ်ဓူတင်ဆောင် သံဃာတော်များရှိတဲ့ တောရကျောင်းမှာ သီတင်းသုံးပြီး  နည်းယူသင့်ပါတယ်။ တချို့ ဓူတင်အဆုံး အဖြတ်တွေက သိမ်မွေ့တယ်။ စာဖတ်ရုံနဲ့ ကွဲကွဲပြားပြား မဖြစ်ချင်ဘူး။ ဒါကြောင့် ဝိသုဒ္ဓိမဂ်ကိုလည်း ဖတ်ထားပါ။ ပြီးတော့ ဓူတင်ဆောင် ထေရ်ရှင်များရဲ့အကြောင်း ရေးထားတဲ့ စာတွေကိုလည်း လေ့လာပါ။ တကယ်ကျင့်နေတဲ့ ဆရာတော်များကို ရှာဖွေပြီးနည်းခံပါ။ ဓူတင်မှာ အာစရိယဝါဒကိုလည်း လျစ်လျူရှု လို့ မရပါဘူးဦးဇင်း။

MA ဦးဇင်း               ။        ။ မှန်ပါဘုရား။ အခုလိုသိရလို့ ကျေးဇူးတင်ပါတယ်ဘုရား။

 

ဝိနည်း၊ ဓူတင်၊ နိဿဂ္ဂိ

 

MA ဦးဇင်း               ။        ။ ငွေကြေးကို တချို့ကလည်း ‘နဝကမ္မ’ လှူတယ်လို့ ပြောကြတယ်။ တချို့ ကလည်း ‘နဝကမ္မအလှူငွေ’ လို့လည်း ပြောကြတယ်။ တချို့က ‘နဝကမ္မ အတွက်ပါ’ ဘုရားလို့လည်း လျှောက်ကြတယ်။ ဒီအသုံးအနှုန်းတွေ ပြည့်စုံပါသလားဘုရား။

ဆရာတော်              ။        ။ စေတီတော်အတွက်လှူရင် ‘စေတိ ယဿ ဒေမ’ လို့ စာကပြပါတယ်။  ကျောင်းအတွက်လှူရင် ‘ဝိဟာရဿ ဒေမ’ ပေါ့ ဦးဇင်း။ အသစ်ဆောင် ရွက်စရာ အမှုကိစ္စအတွက် လှူဒါန်းတာကို ‘နဝကမ္မဿ ဒေမ’လို့ ခေါ်နိုင်ပါတယ် ဦးဇင်း။ ‘နဝ’ အသစ်ဖြစ်လာတဲ့ + ‘ကမ္မ’ အမှုကိစ္စတွေလို့ အဓိပ္ပာယ်ယူရင် ရပါတယ်။ အမှုသစ်၊ အလုပ်သစ်တွေပါ ဦးဇင်း။

MA ဦးဇင်း               ။        ။ ‘နဝကမ္မ’ လှူတယ်ဆိုရင် ရပါသလားဘုရား။

ဆရာတော်              ။        ။ ‘နဝကမ္မဿ ဒေမ’ ‘နဝကမ္မအားလှူပါ၏’ဆိုတော့ အလုပ်အသစ်၊ အမှုအသစ်အတွက်လှူတာ။ အလှူခံက အမှုသစ်ပဲဖြစ်နေပါတယ်။ ဒါကြောင့် ရဟန်းတော်အတွက် ငွေလှူတာ မဟုတ်ဘူးလို့ နားလည်ရပါမယ်။ ဒီနေရာမှာ အရေးကြီးတာက အနာမာသဝတ္ထုနဲ့ ပတ်သက် လို့ လျှောက်ထားတာ၊ စီမံခန့်ခွဲတာမှာ ကပ္ပိယက လိမ်လိမ်မာမာ ရှိရပါမယ်။

MA ဦးဇင်း               ။        ။ ကပ္ပိယက ဘယ်လိုများ လိမ္မာရတာပါလဲဘုရား။

ဆရာတော်              ။        ။ သူက ရဟန်းဝိနည်းပိုင်း နားလည်လေ ရဟန်းချမ်းသာလေ ဖြစ်ပါတယ်။ ဒါကြောင့် ကပ္ပိယလိမ်မာလေပေါ့ ဦးဇင်း။ ကပ္ပိယက ‘ဘုရားတပည့်တော် ဆီမှာ တစ်သောင်းကျပ် ရှိပါတယ်ဘုရား။ အရှင်ဘုရား အလိုရှိတဲ့အခါမှာ တစ်သောင်းကျပ်ကနေ ဖြစ်ပေါ်လာတဲ့ ပစ္စည်းလေးပါး ကို အလှူခံတော် မူပါဘုရား’၊ ‘ကပ္ပိယညွှန်းတော်မူပါဘုရား’၊ ‘လုံခြုံရာအရပ် ညွှန်းတော်မူပါ ဘုရား’ လို့ လျှောက်ရတယ်။

MA ဦးဇင်း               ။        ။ ငွေကိုအလှူမခံဖို့ မလျှောက်ရဘဲ ပစ္စည်းအလှူခံဖို့ လျှောက်ရတာ မှတ်မိပါပြီဘုရား။

ဆရာတော်              ။        ။ ဟုတ်တယ်။ အရေးကြီးတဲ့ စကားလုံးတစ်လုံးက ‘တစ်သောင်းကျပ်ကနေဖြစ်ပေါ်လာတဲ့ပစ္စည်း’လို့ လျှောက်ရတယ်။ ဆိုလိုတာက ဒီတစ်သောင်းနဲ့ တန်ဖိုးညီတဲ့ ပစ္စည်းတွေကို ဆိုလိုတာ။ ‘တန်ဖိုး’လို့ ဆိုကတည်းက ငွေစက္ကူ မဟုတ်တော့ဘူး။ ပစ္စည်း ဖြစ်သွားတယ်နော်ဦးဇင်း။

MA ဦးဇင်း               ။        ။ တပည့်တော် သေသေချာချာ မှတ်သား လိုက်နာပါ့မယ်ဘုရား။

ဆရာတော်              ။        ။ မထိကောင်း၊ မကိုင်ကောင်း၊ မသုံးသပ်ကောင်းတဲ့ အနာမာသငွေကြေးနဲ့ ပတ်သက်ပြီး ဝိနည်းမှာ တားမြစ်ချက်သုံးပိုင်း ရှိတယ်။ ပထမဦးဆုံး ဥဂ္ဂဏှေယျ = ကိုယ်တိုင် အလှူခံယူ တာကို တားမြစ်တယ်။ ဒုတိယ ဥဂ္ဂဏှာ ပေယျ = ကျောင်းသား ကပ္ပိယစသူတွေကို အလှူခံခိုင်းတာလည်း တားမြစ်တယ်။ နောက်ဆုံးတစ်ခုက သာဒိယေယျ = အနား၌မှာချထားတာကို မတားမြစ်ဘဲ သဘောကျ သာယာပြီးလက်ခံတာကိုလည်း တားမြစ်ပါတယ် ဦးဇင်း။ ဒါကြောင့် တစ်စုံတစ်ယောက်က ‘အရှင်ဘုရား မှာ ကပ္ပိယရှိသလား’ လို့မေးလာရင် ‘ဒီဒကာကြီး ကပ္ပိယပါ’ လို့ ပြောပြခွင့် ရှိတယ်ဘုရား။

ကျမ်းညွှန်း – ၁။ ပါရာဇိကပါဠိ (နှာ-၃၄၅)

MA ဦးဇင်း               ။        ။ ‘ဒီကပ္ပိယကြီးကို ပေးလိုက်’ လို့ ပြောရင် ရနိုင်ပါသလားဘုရား။

ဆရာတော်              ။        ။ ဘယ်ရမလဲဦးဇင်း။ မရဘူး။ မရဘူးနော်။ ‘ဒီကပ္ပိယဒကာကြီးကို ပေးခဲ့ လိုက်ပါ’ လို့တော့ လုံး၀ မစီမံကောင်းတော့ဘူး။ ဒါကို သတိပြုရမယ်နော်။ ဒါကြောင့် ကပ္ပိယဝေါဟာရနဲ့ အပ်အပ်စပ်စပ် လျှောက်ထားတတ်အောင်  ကပ္ပိယက ရဟန်းဝိနည်း တတ်သိဖို့လိုတယ်။ သူ့ကို သင်ကြား ပေးရမယ်။ လေ့ကျင့်ပေးရမယ်။ သာသနာ့ယဉ်ကျေးမှုကို သူနားလည်မှဖြစ်မယ်။

MA ဦးဇင်း               ။        ။ မှန်ပါ။ မှတ်သားထားပါ့မယ်ဘုရား။ ဒါဆိုရင် ရဟန်းဝိနည်း မစောင့်ထိန်း ဘဲနဲ့ ဓူတင်ဆောင်ရဟန်းကောင်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ ဦးဇင်း ဓူတင်မဆောင်လို့ ဝိနည်းမပျက်ဘူး။ ဝိနည်းပျက်ရင်တော့ ဓူတင်ပါ ပျက်တယ်နော်။ ဒါကြောင့် အဋ္ဌကထာဆရာတော်များက ‘ဝိနယော နာမ သာသနဿ အာယု၊ ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ’ တဲ့ အဓိပ္ပာယ်က ‘ဝိနည်းဟာ သာသနာတော်ရဲ့ အသက်ဖြစ်တယ်၊ ဝိနည်းတည်မှ သာသနာ တည်မယ်’ ဘုရား။

MA ဦးဇင်း               ။        ။ ဒီကနေ့လည်း ‘ဝိနည်းတည်မှ သာသနာတည်မယ်’ လို့ ပြောကြ၊ ဆိုကြ၊ ရေးကြပါတယ်။ ဝိနည်းတည်တယ်ဆိုတာ ဘယ်လိုတည်တာပါလဲဘုရား။

ဆရာတော်              ။        ။ ဟုတ်ပြီ။ ဒါကို သာသနာပိုင် မြောင်းမြဆရာတော်ကြီး မိန့်တော်မူဖူးတာ ကို ပြောပြမယ်နော်။ ဆရာတော်ကြီးက ‘ဝိနည်းတည်မှဆိုတာ ဘယ်လိုတည်မလဲ၊ စာအုပ်ကြီးထဲ ဝိနည်းတွေ ရှိနေတာပဲ၊ ဘုရားဟောထားတဲ့ ပါဠိတော်တွေ ဝိနည်းတွေ ရှိနေတယ်။ ဒီစာအုပ်ထဲ စာပုံနှိပ်တိုက်က ရိုက်ပြီးတော့ ထားတာ။ ထားပြီးတော့ ကျောင်းတကာ့ကျောင်း လှူကြ တန်းကြ။ အဲဒီ စာအုပ်ထဲ ဘီရိုထဲ ထည့်ထားတာကို ဝိနည်းတည်တယ်လို့ ခေါ်မလား။ အဲဒါကို စဉ်းစားကြ။ ဝိနည်း တည်တယ်ဆိုတဲ့ ဥစ္စာက ရတာကို ရွတ်တာနဲ့ပဲ ဝိနည်းတည်တယ် ဆိုမလား။ ဒါကို စဉ်းစားကြ။ ရရုံနဲ့လဲ ဝိနည်းတည်တယ် မမည်သေးဘူး။ အမှန်ကတော့ အဲဒီဝိနည်းကို ရထားလို့ရှိရင်ဖြင့် ဝိနည်း အလေးပြု ကြရလိမ့်မယ်။ ရထားတဲ့ ကိုယ်တော်တိုင်း ရထားပြီဆိုလို့ရှိရင် ဝိနည်းအလေးပြု ကြရလိမ့်မယ်။ အဲဒီလို လေးလေးစားစား လုပ်လာကြလို့ရှိရင်ဖြင့် ဝိနည်းတည်တယ်လို့ ဆိုနိုင်တယ်။ ဝိနည်းရပါရဲ့၊ ဝိနည်းအံ ပါရဲ့၊ သိပါရဲ့၊ နားလည်ပါရဲ့ မကျင့်ဘူးဆိုလို့ရှိရင် ဝိနည်းတည်မလား၊ မတည်နိုင်ဘူး၊ အဲဒါ အခု စည်းဝေး နေတဲ့ ရဟန်းတော်တွေ သာသနာပြု ဒကာ ဒကာမတွေ ကြပ်ကြပ်စဉ်းစားဖို့ လိုတယ်။ ရရုံနဲ့ ဝိနည်း မတည်နိုင်ဘူး။ သိရုံနဲ့လဲ မတည်နိုင်ဘူး။ ရတယ်၊ သိတယ်၊ ကျင့်တယ်။ အဲဒီလို ကျင့်လာလို့ ရှိရင်ဖြင့် ဝိနည်းတည်နိုင်တယ်။

MA ဦးဇင်း               ။        ။ အလွန် မှတ်သားထိုက်ပါတယ်ဘုရား။ ဝိနည်းလေ့လာနေတဲ့ တပည့်တော် အတွက် အလွန်ကို စိတ်ဓာတ်ခွန်အား ဖြစ်ရပါတယ်ဘုရား။ ကျေးဇူးတင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ သတိရလို့ ပြောပြရဦးမယ်။ ဓူတင်ကို မြတ်မြတ်နိုးနိုး ဆောင်တော်မူတဲ့ မဟာထေရ်တစ်ပါး မိန့်တော်မူတာ သတိရနေသေးတယ်။

MA ဦးဇင်း               ။        ။ ဘယ်လိုအကြောင်းအရာများပါလဲဘုရား။

ဆရာတော်              ။        ။ ဝိနည်းဆိုင်ရာ အကြောင်းပါဦးဇင်း။ ဆရာတော်ကြီးက ‘တပည့်တော်တို့  ဆီကို တောရဆောက်တည်မယ်၊ ဓူတင်ကျင့်မယ်ဆိုပြီး အနယ်နယ် အရပ်ရပ်က ရဟန်းတွေလာကြတယ် ဦးခေမာ။ ‘အရှင်ဘုရားတို့ နိဿဂ္ဂိ ကင်းရှင်းကြရဲ့လား။ စွန့်စရာ စွန့်ခဲ့ပြီးပြီလားဘုရား’ လို့ မေးတာကို သူတို့ ဘာမေးနေမှန်း နားမလည်ကြဘူး။ ဘာကို ဘယ်လို စွန့်ရမယ်မှန်းလည်း မသိကြတော့ဘူး။ တချို့ စာသင်တိုက်က လာကြတာပါ။ စာတွေ အများကြီး တတ်ကြတယ်။ အတန်းတွေ အောင်ထားကြတယ်။ ဝိနည်းမရှိဘဲ ဓူတင်ကို ဘယ်လိုလုပ် ကျင့်ကြမလဲဘုရား’ လို့ စိတ်ပျက် လက်ပျက်အသံနဲ့ မိန့်တော်မူဖူးတယ်။

ကျမ်းညွှန်း ၁။ မြောင်းမြဆရာတော်နှင့် ဗုဒ္ဓမြတ်စွာသာသနာ (နှာ- ၂၀၆၊ ၂၀၇)

MA ဦးဇင်း            ။        ။ ဓူတင်ဆောင် ဆရာတော်ကြီးတို့က အဲသလို ရဟန်းများကို ဘယ်လိုလုပ် ပေးပါသလဲဘုရား။

ဆရာတော်              ။        ။ အာဂန္တုကြွလာရင် ဒီမှာမေးစစ်ရသလိုပေါ့ ဦးဇင်း။ သပိတ်၊ သင်္ကန်းကအစ နိဿဂ္ဂိကင်းရဲ့လား။ လက်ထဲ အနာမာသ နဝကမ္မဝတ္ထုငွေတွေ ပါလာသလား။ အကုန်မေးစစ်ပြီးမှ လက်ခံ သင်ကြားပေးကြရတာပေါ့။

MA ဦးဇင်း            ။        ။ သူတို့လက်ဝယ်မှာ အခုပါလာတဲ့ ပရိက္ခရာပစ္စည်းတွေ နိဿဂ္ဂိစင်ကြယ်ရင် ပြည့်စုံပါသလားဘုရား။

ဆရာတော်              ။        ။ ဒါက နည်းနည်းကျယ်ပြန့်တယ်ဘုရား။ သူ့လက်ဝယ်မှာတော့ ကင်းစင်ပြီ ဟုတ်တယ်။ သို့သော် သူလာခဲ့တဲ့ကျောင်းမှာဖြစ်စေ၊ ဒီကနေ ပြန်သွားပြီး နေမဲ့ကျောင်းမှာဖြစ်စေ သူ အာလယပြတ် မစွန့်နိုင်သေးတဲ့ နိဿဂ္ဂိပစ္စည်းတွေ ရှိနေသေးသလား။ ဒါစဉ်းစားဖို့လိုတယ်။ ဒီနေရာမှာ သတိရလို့ နဘူးကျင်းဆရာတော်ထံပါး နည်းခံယူဖို့ ကြွလာတဲ့ရဟန်းတစ်ပါးကို နိဿဂ္ဂိစွန့်ခိုင်းတဲ့ အကြောင်း ပြောပြဦးမယ်နော်။

MA ဦးဇင်း               ။        ။ မှန်ပါ။ နဘူးကျင်းဆရာတော်ကြီးရှေ့မှာ စွန့်တာပါလားဘုရား။

ဆရာတော်              ။        ။ မဟုတ်ပါဘူး။ သိမ်ထဲမှာ စွန့်တာပါ။ မအပ်မစပ်ဖြစ်တဲ့ နိဿဂ္ဂိပစ္စည်း တွေကို စွန့်ပြီးတဲ့အခါ ဆရာတော်ကြီးက “အရှင်ဘုရားသီတင်းသုံးခဲ့တဲ့ကျောင်းမှာ အခုလိုဝိနည်းအရ သံသယဖြစ်နိုင်တဲ့ ပစ္စည်းတွေ ရှိသေးသလား” လို့ မေးတော်မူတယ်။ အဲဒီရဟန်းက “တပည့်တော် ငွေစု ပြီးဝယ်ထားတဲ့ ကက်ဆက်တစ်လုံးနှင့် တစ်နာရီတစ်ခါ အသံမြည်တဲ့နာရီတစ်လုံး ရှိပါသေးတယ်ဘုရား” လို့ လျှောက်တယ်။ ဆရာတော်ကြီးက “ဒါဆိုရင် အဲဒီပစ္စည်းတွေကိုလည်း အရှင်ဘုရား စွန့်နိုင်သေးသလား” လို့ မေးပါတယ်။ ရဟန်းက “တပည့်တော် ဝိနည်း စင်စင်ကြယ်ကြယ် ဖြစ်ချင်တဲ့အတွက် စွန့်ပါ မယ်ဘုရား။ တပည့်တော် အဲဒါတွေကို ဘယ်တော့စွန့်ရမလဲဘုရား”လို့ မေးလျှောက်တယ်။ ဆရာတော် ကြီးက “အရှင်ဘုရားစွန့်ဖို့ အာသီသဆန္ဒပြည့်ဝနေရင် မနက်ဖြန်မနက် ရန်ကုန်ပြန်ပြီး အရင်စွန့်လိုက်ပါ။ ပြီးမှ ပြန်ကြွခဲ့ပါ။ သပိတ်သင်္ကန်းပါ သံသယရှိရင် စွန့်ပါ၊ တပည့်တော် အပ်အပ်စပ်စပ် လှူပါ့မယ်” လို့ မိန့်တော်မူလိုက်ပါတယ်။

MA ဦးဇင်း               ။        ။ ဆိုဆုံးမလွယ်ကူတာကို ကြည်ညိုမဆုံး ဖြစ်ရပါတယ်ဘုရား။

ဆရာတော်              ။        ။ သူတော်ကောင်းများရဲ့ ဂုဏ်ရည်ပေါ့ ဦးဇင်း။ နောက်ထပ် ညီအစ်ကို ရဟန်းနှစ်ပါး ထန်းတပင်တောရကို ကြွလာတာရှိသေးတယ်။

MA ဦးဇင်း               ။        ။ ညီအစ်ကိုရဟန်းနှစ်ပါးက ဘယ်နယ်ကပါလဲဘုရား။ သူတို့လည်း နိဿဂ္ဂိ ထိုက်တဲ့ ပစ္စည်းတွေ ပါလာတာပါလားဘုရား။

ဆရာတော်              ။        ။ သူတို့က ပစ္စည်းနိဿဂ္ဂိထိုက်တာမဟုတ်ဘူး။ သူတို့ အခုသီတင်းသုံးရာ ကျောင်းကို အရင်ဘုန်းကြီးတွေက ငွေတွေကိုင်ပြီး မအပ်မစပ်စီမံခဲ့ကြလို့ ကျောင်းကြီး နိဿဂ္ဂိဖြစ်နေ တာပါ။ သူတို့နှစ်ပါးက တန့်ဆည်နယ်ဘက်ကလို့ သိရပါတယ် ဦးဇင်း။

MA ဦးဇင်း               ။        ။ ကျောင်းကြီး နိဿဂ္ဂိဖြစ်နေရင် ပစ္စည်းစွန့်သလိုမျိုး ကျောင်းကြီးကို စွန့် ပစ်ရတော့မှာပါလားဘုရား။ သို့သော် ကျောင်းကြီးစွန့်ပြီး ဘယ်မှာသွားနေရတော့မလဲဘုရား။ ကျောင်းကို ဘယ်သူ့ကို စွန့်ရမလဲဘုရား။ အခုလို ကျောင်းကြီး နိဿဂ္ဂိဖြစ်တယ်ဆိုတာကို တပည့်တော် တစ်ခါမှ မတွေးဖူးဘူးဘုရား သာသနာတော်ကြီး အဆင်မှပြေပါတော့မလားဘုရား။ ပြည့်ပြည့်စုံစုံသိပါရစေဘုရား။

ဆရာတော်              ။        ။ ကောင်းပါပြီ။ အဲဒီရွာကျောင်းက ညီအစ်ကိုဆရာတော်နှစ်ပါးက ရွာရဲ့         သာရေး၊ နာရေး ကိစ္စအ၀၀ကို ဆောင်ရွက်ပေးနေကြတာဆိုတော့ ရွာကျောင်းကြီးစွန့်ပြီး တောထဲသွားလို့ လည်း မဖြစ်ပြန်သေးဘူးဘုရား။ အဲဒီရွာကျောင်းမှာပဲ နေကြရမှာပါ။ နဘူးကျင်းဆရာတော်ကြီး အဆုံး အဖြတ်ပေးတော်မူတာကို နားထောင်ဦးလေနော်။

MA ဦးဇင်း            ။        ။ ဆရာတော်ကြီး အဆုံးအဖြတ်ကို ခပ်မြန်မြန် သိချင်လှပါပြီဘုရား။

ဆရာတော်              ။        ။ နဘူးကျင်းဆရာတော်ကြီးက “အရှင်ဘုရားတို့ နိဿဂ္ဂိထိုက်နေတဲ့ ကျောင်း ကြီးပေါ်ကို မနေချင်ကြတော့ဘူးဆိုရင် အခုဒီကျောင်းဝင်းထဲမှာပဲ အပ်အပ်စပ်စပ် ဝိနည်းနှင့်ညီတဲ့ သက်ငယ်ကျောင်းငယ်လေးတစ်ဆောင် ဆောက်လုပ်စေပြီးတော့ ရပ်ရွာသာရေးနာရေးကိစ္စတွေကို ဆောင် ရွက်တာပေါ့ဘုရား” လို့ ဆုံးဖြတ်ပေးတော်မူပါတယ်။

MA ဦးဇင်း            ။        ။ တပည့်တော်သိချင်သေးတာက ကျောင်းကြီးနိဿဂ္ဂိဖြစ်မှတော့ ကျောင်းဆောက်ထားတဲ့မြေက အပ်စပ်ပါတော့မလားဘုရား။

ဆရာတော်              ။        ။ ကျောင်းကြီးဆောက်တဲ့အခါမှာ ဝိနည်းနားမလည်တဲ့ ရဟန်းတွေက စီမံတာ မတတ်လို့ အခုလို နိဿဂ္ဂိဖြစ်ရတာပါ ဦးဇင်း။ သူတို့ ဝိနည်းဗဟုသုတရှိရင် မအပ်မစပ်တွေ မလုပ်ဘူးပေါ့ဘုရား။ ဒီကျောင်းမြေက ရှေးရှေးရွာမြေဖြစ်နေတဲ့အတွက် ဘုန်းကြီးတွေရဲ့ မအပ်မစပ် လုပ်တဲ့ ပယောဂ ပါမှာမဟုတ်လို့ အပ်စပ်ပါတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ မှန်လှပါ။ မှတ်သားထားထိုက်တဲ့ အဆုံးအဖြတ်ပါဘုရား။

ဆရာတော်              ။        ။ အခုဆက်ပြီး ရွှေဒါးဆရာတော်ကြီးရဲ့ ဆိုဆုံးမလွယ်ကူပြီး မာန်မာနကင်းတဲ့ ဂုဏ်ရည်ကိုလည်း ပြောပြပါဦးမယ်။

MA ဦးဇင်း            ။        ။ မှန်ပါ။ နိသဂ္ဂိစွန့်တဲ့အကြောင်းပါလားဘုရား။

ဆရာတော်              ။        ။ ဟုတ်တယ်။ ဆရာတော်ကြီးက မအပ်မစပ်ဖြစ်နေတဲ့ ရွာကျောင်းကို စွန့်ပြီး တောရကျောင်းကို ရောက်တဲ့နေ့မှာ သက်တော် ၈၅ နှစ် ပြည့်ပြီးဖြစ်သော်လည်း သွားတွေက ငယ်သွားလို ဖြူဖွေး ပြည့်စုံနေတဲ့အတွက် နဘူးကျင်းဆရာတော်ကြီး သံသယဖြစ်တော်မူတယ်နဲ့တူတယ်။

MA ဦးဇင်း               ။        ။ နဘူးကျင်းဆရာတော်ကြီးက ဘယ်လိုမိန့်တာပါလဲဘုရား။

ဆရာတော်              ။        ။ “အရှင်ဘုရားသွားတွေက ငယ်သွားတွေပါလားဘုရား”လို့ မေးတော်မူ တယ်။ ရွှေဒါးဆရာတော်ကြီးက “ငယ်သွားမဟုတ်ပါ၊ အံကပ် တပ်ထားပါတယ်ဘုရား”လို့ ဖြေတော်မူတယ်။ ဒါနဲ့ “အဲဒီအံကပ်က အရှင်ဘုရား ဘယ်လို ရလာတာပါလဲဘုရား” “ဘုရားတပည့်တော် ပျဉ်းမနားက သွားစိုက်ဆရာဝန်ကို ပိုက်ဆံပေးပြီး လုပ်ခိုင်းခဲ့တာပါဘုရား”လို့ လျှောက်လိုက်တဲ့အခါမှာ နဘူးကျင်း ဆရာတော်ကြီးက “ဒါဆိုရင်တော့ အရှင်ဘုရားသွားတွေကလည်း နိဿဂ္ဂိ မလွတ်ပြန်ဘူး။ ဒါကိုလည်း အာလယပြတ် အပြီးစွန့်ရဦးမယ်။ ဖြစ်နိုင်ပါ့မလားဘုရား” လို့ မေးတော်မူတဲ့အခါ ရွှေဒါး ဆရာတော်က “ဆရာတော် မိန့်မှာတော်မူတဲ့အတိုင်း ဒီသွားတွေ စွန့်ပယ်ပစ်ပြီး အပ်အပ်စပ်စပ် ဝိနည်းနှင့် ညီညွတ် အောင် ထပ်မံ ပြုလုပ်သုံးစွဲပါ့မယ်ဘုရား”လို့ မဆိုင်းမတွ၊ မတွန့်မဆုတ် ရဲရင့်စွာ ဖြေကြားပြီး တောရ သာသနာမှာ ရာသက်ပန် ဝိနည်းနဲ့အညီ နေတော်မူပါတယ် ဦးဇင်း။

MA ဦးဇင်း                 ။        ။ ဆိုဆုံးမလွယ်ကူတဲ့ဂုဏ်က အလွန်ပင် အံ့သြစရာပါဘုရား။ ကြည်ညိုမဆုံး ဖြစ်ရပါတယ်ဘုရား။ တပည့်တော် သိချင်သေးတာတစ်ခုက အခုလို ပယ်စွန့်ရင် အလုံးစုံ စင်ကြယ်ပြီလား ဘုရား။

ဆရာတော်              ။        ။ စင်ကြယ်တယ်လို့ဆိုတာမှာ ဒေသနာပြောကြားပြီးတော့ စင်ကြယ်တာ လည်း ရှိတယ်။ ဒါက ‘ဒေသနာသုဒ္ဓိ’ လို့ ခေါ်ပါတယ် ဦးဇင်း။

MA ဦးဇင်း                 ။        ။ မှန်ပါဘုရား။

ဆရာတော်              ။        ။ စောင့်ဆည်းပြီး စင်ကြယ်တာလည်း ရှိတယ်။ ဒါက ‘သံဝရသုဒ္ဓိ’တဲ့နော်။ ရှာမှီးမှုမှာ စင်ကြယ်တာက ‘ပရိယဋ္ဌိသုဒ္ဓိ’ ပါ။ ပြီးတော့ အခုနောက်ဆုံး ဆင်ခြင်မှုနဲ့ စင်ကြယ်တာ ရှိသေး တယ်။ ဒါက ‘ပစ္စဝေက္ခဏာသုဒ္ဓိ’ ပါဘုရား။ ရဟန်းဆိုတာ အခုလို ပြည့်ပြည့်၀၀ စင်ကြယ်အောင် နေရ ပါတယ်ဦးဇင်း။

ကျမ်းညွှန်း ၁။  ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ဒုတိယတွဲ (နှာ-၂၇၂)

MA ဦးဇင်း                 ။        ။ မှန်ပါဘုရား။ တပည့်တော် အခုလိုစင်ကြယ်တဲ့ရဟန်းဖြစ်အောင် ကြိုးစားပါ့မယ်ဘုရား။

 

နိဿဂ္ဂိတွေ အယောင်ဆောင်သူ

 

ဆရာတော်              ။        ။ အခုလို စင်ကြယ်မှုကို လိုလားတော်မူရုံမက ဆိုဆုံးမလွယ်ကူပြီး စိတ်ထား ကောင်းတဲ့ရဟန်းတွေရှိသလို တောရကျောင်းကို ရောက်လာလို့ တောရစည်းကမ်းအရ နေခွင့်ရဖို့ ရည်ရွယ် ချက်နဲ့ တစ်ခဏတာကလေး အယောင်ဆောင် နိဿဂ္ဂိစွန့်တာလည်း ရှိပါသေးတယ် ဦးဇင်း။

MA ဦးဇင်း               ။        ။ ဘယ်လို အယောင်ဆောင် ရဟန်းမျိုးပါလဲဘုရား။

ဆရာတော်              ။        ။ ပြီးခဲ့တဲ့ ပြာသိုလပြည့်နေ့ညနေ ဥပုသ်ပြုပြီးချိန်မှာ ရောက်လာတဲ့ အာဂန္တု ဘုန်းကြီးရဲ့ ဖြစ်စဉ်ကို မှတ်မိတယ်မဟုတ်ဘူးလား။

MA ဦးဇင်း               ။        ။ မှတ်မိပါသေးတယ်ဘုရား။ သူပိုင် ပိုလျှံနေတဲ့ ပရိက္ခရာပစ္စည်းတွေ၊ စာအုပ် တွေ၊ နာရီတွေ၊ ခြင်ထောင်တွေ၊ ပန်ကာတွေကအစ အားလုံးရောင်းပြီးတော့ ဘဏ်မှာ စာရင်းဖွင့်တယ် တဲ့။ ပြီးတော့ တယ်လီဖုန်းထဲမှာ ငွေထည့်ထားပြီး ဒီကို ကြွလာတာပါဘုရား။ ‘အရှင်ဘုရား နိဿဂ္ဂိ ကင်းရှင်းရဲ့လား။ လက်ထဲ အနာမာသ နဝကမ္မဝတ္ထုငွေတွေ ပါလာသေးသလား’ လို့ မေးစစ်တော့ ‘တပည့်တော် အကုန်ရှင်းခဲ့ပါတယ်ဘုရား’ လို့ လျှောက်တာ မှတ်မိပါတယ်ဘုရား။

ဆရာတော်              ။        ။ ဟုတ်တယ်။ သူ အကုန်ရှင်းပုံက တစ်မျိုးလေ။ အကုန်ရောင်းထုတ်ပြီး တော့ လက်ထဲငွေ မကိုင်တော့ဘူး။ ဖုန်းထဲထည့်လာတယ်။ ပြီးတော့ မြို့ကျောင်း စွန့်ပြီး တောရ သာသနာဘက်ကို ကူးပြောင်းလာတာတဲ့။ အနာဂတ်သာသနာတော်အတွက် ရင်လေးစရာ ကောင်းလွန်း ပါတယ်ဘုရား။

ဗြ ဦးဇင်း                 ။        ။ အခုလို တယ်လီဖုန်းထဲ ငွေတွေထည့်သိမ်းထားပြီးတော့ နိဿဂ္ဂိကင်းပြီလို့ ပြောတာ ရပါသလားဘုရား။

ဆရာတော်              ။        ။ မရဘူး ဦးဇင်း။ မရဘူး။ ဒါမရဘူး။ ဒီနေရာမှာ တစ်ဖက်ထဲကို ကြည့်လို့ မလုံလောက်ဘူး ဦးဇင်း။ ဝိနည်းမှာ ‘ကယဝိက္ကယ သိက္ခာပုဒ်’ တို့ ‘ရူပိယ သိက္ခာပုဒ်’ တို့ ရှိနေပြီး သားလေ။ ‘ကယဝိက္ကယ’ ဆိုတာ ရောင်းတာဝယ်တာမှာ မပါရဘူး။ နောက်ဆုံး ဒီငွေတွေ သာယာတာက ကို ဝိနည်းအပြစ် ဖြစ်နေပြီ။ ဒါတွေအားလုံး မစင်မကြယ် ဖြစ်ကုန်ပြီ။ ခေတ်ကြီးက ‘တိုးတက်တယ်’ ‘တိုးတက်တယ်’ ဆိုပြီး တော်တော်ကို ခက်သွားပြီ ဦးဇင်း။

ကျမ်းညွှန်း ၁။  ပါရာဇိကပါဠိ (နှာ-၃၅၀)

 

ရဟန်းဝိနည်းနှင့် ဘဏ်စာရင်း၊ Online ငွေလွှဲတဲ့ကိစ္စ

 

MA ဦးဇင်း            ။        ။ တပည့်တော် စဉ်းစားနေတာတစ်ခု ရှိတယ်ဘုရား။ ဘဏ်စာရင်းဖွင့် ထားတာ ဝိနည်းအရ အပ်စပ်ပါသလားဘုရား။

ဆရာတော်              ။        ။ မေးတာက မရှင်းဘူး။ ဘဏ်စာရင်းကို ရဟန်းကဖွင့်တာလား။ ကပ္ပိယက ဖွင့်တာလားဦးဇင်း။

MA ဦးဇင်း            ။        ။ ရဟန်းက ဖွင့်သည်ဖြစ်စေ၊ ကပ္ပိယက ဖွင့်သည်ဖြစ်စေ ရပါသလားဘုရား။

ဆရာတော်              ။        ။ ကပ္ပိယက ဘဏ်စာရင်းပဲဖွင့်ဖွင့်၊ Kpay, Wave money တွေထဲကနေ ငွေ ထုတ်သုံးသုံး၊ တယ်လီဖုန်းနဲ့ ငွေလွှဲပြီး Online shopping ကနေ ဈေးဝယ်ဝယ် ဘာအပြစ်မှ မဖြစ်ပါဘူးဦးဇင်း။

MA ဦးဇင်း            ။        ။ တပည့်တော် သိချင်တာက ကပ္ပိယရဲ့ငွေ မဟုတ်ပါဘုရား။ ရဟန်းတစ်ပါး အတွက်ဒကာ၊ ဒကာမတွေက အပ်စပ်အောင် ဝိနည်းလမ်းကြောင်းအတိုင်း လှူဒါန်းထားတဲ့ ဝတ္ထုငွေတွေ ကို ဘဏ်စာရင်း ဖွင့်ထားမယ်ဆိုရင် အပြစ်ရှိပါသလား။

ဆရာတော်              ။        ။ ကောင်းပါပြီ။ ပြောပြမယ်နော်။ အလှူရှင်ဦးသူတော်က ဂိလာနရဟန်း ဦးဝဏ္ဏိတကို ဆေးကုသဖို့ ဆေးဖိုးလှူချင်တယ်။ ဒါကြောင့် ဦးဝဏ္ဏိတ ရှေ့ကိုသွားပြီး “ကပ္ပိယ ညွှန်းတော်မူပါဘုရား၊ လုံခြုံရာအရပ် ညွှန်းတော် မူပါဘုရား” လို့ လျှောက်ထားလာတဲ့အခါမှာ ဘုန်းကြီးအနားမှာ ကပ္ပိယ မရှိတဲ့အတွက် ကပ္ပိယရဲ့ဘဏ်စာရင်း Bank account ကို လုံခြုံရာအရပ်   ဂုတ္တဋ္ဌာန A safe place အဖြစ် နှလုံးသွင်းပြီး ညွှန်ပြကောင်းပါတယ်။

MA ဦးဇင်း            ။        ။ ဦးသူတော်က Online ကနေ ဘဏ်စာရင်းထဲ နဝကမ္မ ထည့်လှူဒါန်းပြီးရင် ဘုန်းကြီးက ကပ္ပိယဆီကနေ အလှူခံလို့ ရပြီလားဘုရား။

ဆရာတော်              ။        ။ မရသေးဘူး ဦးဇင်း။ လုံး၀ မရသေးပါဘူး။ မရဘူးနော်။

MA ဦးဇင်း            ။        ။ ဒါဆိုရင် ဦးသူတော်အလှုငွေ ကပ္ပိယဘဏ်စာရင်းထဲ ရောက်သွားပြီးတဲ့နောက် လိုအပ်တဲ့ဆေးကို ဘယ်တော့ကျမှ အလှူခံရမှာပါလဲ ဘုရား။

ဆရာတော်              ။        ။ ဒါအလွန်မေးကောင်းတဲ့ မေးခွန်းပါဦးဇင်း။ ဒီနေရာမှာ အရေးကြီးဆုံးက ကပ္ပိယ မလျှောက်ရသေးဘူးလေ။ ကပ္ပိယက သူ့ရဲ့ဘဏ်စာရင်းကို စစ်ဆေး ပြီး ကျောင်းရောက်တဲ့အခါမှာ “ဒါယကာ ဦးသူတော်က အရှင်ဘုရား ဆေး    ကုသဖို့အတွက် လှူဒါန်းခဲ့တဲ့ အပ်စပ်ဝတ္ထု တစ်သိန်းကျပ် ဘဏ်စာရင်းထဲမှာ ရှိပါတယ်။ အရှင်ဘုရား အလိုရှိတဲ့အခါ တစ်သိန်းတန်ဆေးဝါးပစ္စည်းများ တပည့်တော်ထံမှ အလှူခံတော်မူပါဘုရား”လို့ လျှောက်ထားရင် အပြစ်မရှိ တော့ပါဘူး။ ဝိနည်းအရ လာရာလမ်းကြောင်း စင်ကြယ်ပြီး အာဂမနသုဒ္ဓိ ဖြစ်တဲ့အတွက် သင့်မြတ်ပါပြီ။ ဆေးလိုတဲ့အခါမှာ၊ ဆေးခန်းသွားဖို့ အကြောင်း ရှိလာတဲ့အခါမှာ ကပ္ပိယကို အသိပေးပြီး ဆောင်ရွက်လို့ ရပြီဦးဇင်း။

MA ဦးဇင်း            ။        ။ မှတ်သားထားပါ့မယ်ဘုရား။ ဆေးဆိုင်က ဆေးကို Online ကနေမှာပြီး ဘဏ် ထဲကငွေကို ဖုန်းနဲ့ Online ကနေ ငွေပေးချေမယ်ဆိုရင်လည်း အပ်စပ်ပါသလားဘုရား။

ဆရာတော်              ။        ။ ဘုန်းကြီးဆေးလိုအပ်တဲ့အခါမှာ ကပ္ပိယက ဆေးဆိုင်ကို သွားဝယ်သည် ဖြစ်စေ၊ Online ကနေ မှာသည်ဖြစ်စေ၊ Online ကနေ ပေးချေသည်ဖြစ်စေ ကပ္ပိယ လုပ်သမျှ အကုန်လုံး အပ်စပ်ပါတယ်။ အပြစ်မရှိဘူး။ ကပ္ပိယကလုပ်မှ နော် ဦးဇင်း။ ကပ္ပိယကဝယ်မှနော်ဦးဇင်း။ ကပ္ပိယက ဆောင်ရွက်မှနော်။ ဘုန်းကြီး ဝယ်တာမဟုတ်ဘူးနော်။ သတိပြုဦးနော် ဦးဇင်း။

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။ အခုလိုကိစ္စမှာ ဘုန်းကြီးက ဘယ်အထိသာ ပါဝင်ခွင့်ရှိတာ ပါလဲဘုရား။

ဆရာတော်              ။        ။ ဘုန်းကြီးက သူဘာဆေးလိုအပ်တယ်လို့ ကပ္ပိယကို ပြောခွင့်ရှိတယ်။ ဆေးရုံ၊ ဆေးခန်းသွားချင်တယ်လို့ ပြောခွင့်ရှိပါတယ်။

MA ဦးဇင်း            ။        ။ ကပ္ပိယနှင့် ဘဏ်စာရင်းကိစ္စကို တပည့်တော် နားလည်ပါပြီဘုရား။ ကျေးဇူး တင်ပါတယ်ဘုရား။ အခုလို တိုးတက်လာနေတဲ့ နည်းစနစ်တွေနဲ့ နည်းပညာ ဆိုင်ရာ ပစ္စည်းတွေသုံးပြီး ဝိနည်းမှာ သံသယဖြစ်စရာတွေ အနာဂတ်မှာ အများကြီး ရှိလာဦးမယ်လို့ တပည့်တော် ထင်မိပါတယ်ဘုရား။

ဆရာတော်              ။        ။ ဟုတ်တယ်။ သူတော်ကောင်းကြီးများက သာသနာတော်ရဲ့ ဒီအခြေအနေကို အစောကတည်းက မြင်တော်မူခဲ့ကြတယ် ဦးဇင်း။ ဒါကြောင့် အဂ္ဂမဟာ ပဏ္ဍိတ ကျေးဇူးရှင် မြောင်းမြတိုက်သစ် ပဇ္ဇောတာရုံဆရာတော်ကြီးက “လူတို့နှင့် သက်ဆိုင်သော ရဟန်းဝိနည်း” စာအုပ်ရဲ့အမှာစာထဲမှာ အလွန် မှတ်သား စရာကောင်းတဲ့ စကားကို သြဝါဒ ပြုတော်မူဖူးတယ်။

MA ဦးဇင်း            ။        ။ ဆရာတော်ကြီးရဲ့ သြဝါဒစကားကို တပည့်တော်လည်း နာယူမှတ်သားပါရစေဘုရား။

ဆရာတော်              ။        ။ ကောင်းပါပြီ။ ပြောပြပါမယ်။ ဆရာတော်ကြီးက “သာသနာတော်ရဲ့ အခြေ အနေဟာ အတော်ပင် ရင်လေးစရာ ဖြစ်နေပါပြီ။ ဓမ္မစက်ကို ဓမ္မစက်မှန်း မသိကြတော့ဘူး။ သိသော်လည်း အလေးဂရုမပြုကြတော့တဲ့ အခြေအနေ ရောက်နေပါပြီ။ ဝိနည်းကို တပည့်တော်တို့ မမွေးမီ ရှေးတစ်ခေတ်က လေးစားတော်မူခဲ့ကြတဲ့ မထေရ်မြတ်တို့၏ စိတ်ဓာတ်တိုးတက်မှု တည်ငြိမ်မှု ရင့်ကျက်မှု အခြေအနေတွေကို ယခုခေတ်ရဲ့ ရုပ်ဓာတ် တိုးတက်မှုတို့က ဝါးမျို ဖျက်ဆီးနေတာကို တွေ့မြင်နေကြရပါတယ်။ အတော် တောင့်ထားနိုင်မှ တော်ကာကျပါမည်”တဲ့ ဦးဇင်း။

MA ဦးဇင်း            ။        ။ ရှေ့ဆက်အနာဂတ်ကာလမှာ တိုးတက်လာလတ္တံ့သော ရုပ်ဝတ္ထုပစ္စည်းအသစ် နည်းပညာအဆန်းတွေက ရဟန်းတော်များရဲ့ ဝိနည်းဆိုင်ရာမှာ ဘယ်မျှအထိ အနှာင့်အယှက် အခက်အခဲဖြစ်စေမလဲ မသိဘူးဘုရား။

ဆရာတော်              ။        ။ မှန်းဆလို့ မရတော့ပါဘူးဘုရား။ မသေခင် စိတ်မချမ်းမြေ့စရာတွေ အများ ကြီး မြင်ရ၊ ကြားရ၊ ကြုံရဦးမယ် ထင်ပါတယ် ဦးဇင်းရယ်။

 

ဖျာကြမ်းအောက်က လုံခြုံရာ ဂုတ္တဋ္ဌာနအရပ်ပါ

 

MA ဦးဇင်း               ။        ။ ဝိနည်းက သာသနာတော်အသက်ဆိုတာ ဘုရားတပည့်တော် ပို၍ပို၍ နားလည်လာပါပြီဘုရား။ ဓူတင်နှင့် ဝိနည်းက ခွဲမရအောင် တွဲနေတာကိုလည်း သိပါပြီဘုရား။

ဆရာတော်              ။        ။ ဒါကြောင့် အလွန်သိမ်မွေ့တဲ့အတွက် ကပ္ပိယလည်း ဝိနည်းပိုင်းမှာ လိမ္မာ ပါးနပ်ရမယ်။ ရဟန်းကလည်း ဝိနည်းကို သေသေချာချာ နားလည်ရမယ်။ ဘုန်းကြီး သံသယကြီးလွန်းနေပြီး ကပ္ပိယကို မယုံကြည်ရင်လည်း မဖြစ်ဘူး။ ကပ္ပိယက ဖောက်ပြန်ပြီး ငွေတွေလိမ်ယူသွားရင်လည်း မဖြစ်ပြန်ဘူး။ ကပ္ပိယ ပေါ်ကိုလည်း ယုံကြည်မှု ပြည့်ဝရမယ်။ ပြီးတော့ ကပ္ပိယက ဝိနည်းသီလ စောင့်ရှောက်တော်မူတဲ့ သံဃာတော်များရဲ့ ဘဝနှင့် အခက်အခဲကို နားလည် သဘောပေါက်ပြီး သာသနာတော် ချစ်မြတ်နိုးတဲ့စိတ်နဲ့ သစ္စာရှိဖို့လည်း အလွန်ကို အရေးကြီးပါတယ် ဦးဇင်း။

MA ဦးဇင်း               ။        ။ မှန်ပါဘုရား။ ငွေကိုမကိုင်ဘဲ ကပ္ပိယနဲ့ အပ်စပ်အောင်စီမံပြီး သာသနာ ပြုတော်မူနေတဲ့ ဆရာတော်များမှာ လူတွေနားမလည်နိုင်လောက်အောင်ကို သိမ်မွေ့တဲ့ အခက်အခဲကို ဘုရားတပည့်တော် အခု သဘောပေါက်လာပါပြီ ဘုရား။

ဆရာတော်              ။        ။ သာဓုပါဗျာ။

MA ဦးဇင်း               ။        ။ တပည့်တော် အခုသိချင်တာလေးတစ်ခု ရှိသေးတယ်ဘုရား။ မေးခွင့်ရရင် မေးလျှောက်ချင်ပါတယ်။ တပည့်တော် ဓူတင်ဆောင်တဲ့အခါမှာ စင်ကြယ်တဲ့ ရဟန်း ဖြစ်ချင်လို့ပါဘုရား။

ဆရာတော်              ။        ။ စကားပလ္လင် ရှည်လျားပုံထောက်ရင် အနာမာသငွေကြေးကိစ္စပဲ ဖြစ်မယ်ထင်တယ်။

MA ဦးဇင်း            ။        ။ မှန်လှပါဘုရား။ အကယ်၍ တပည့်တော် တောမှာတစ်ပါးတည်း သီတင်း သုံးနေတဲ့အခါမှာ သင်္ကန်းကဆွေးမြေ့နေလို့ ဖာထေးပြီး သုံးနေရပါတယ်။သင်္ကန်းတစ်စုံ လိုအပ်နေပါတယ်ဘုရား။ အဲသလိုကာလမှာ ဆွမ်းခံလမ်း ပေါ်မှာ ဒါယကာတစ်ယောက်က ကားပေါ်ကဆင်းလာပြီး ကျောင်းကို လိုက် လာတယ်။ တပည့်တော်မှာ သင်္ကန်းဝယ်လှူဖို့ အချိန်မရှိတော့တဲ့အတွက် သင်္ကန်းဖိုး ငါးသောင်းကို လုံခြုံရာအရပ် ညွှန်းဖို့လျှောက်ပါတယ်။ တပည့် တော်က ခေါင်းရင်းက ဖျာကြမ်းအောက်က လုံခြုံတယ်လို့ ညွှန်လိုက်ပါတယ်။ အပ်စပ်ပါမလားဘုရား။

ဆရာတော်              ။        ။ ရပါတယ်။ အပ်စပ်ပါတယ်။

MA ဦးဇင်း            ။        ။ ကံအားလျှော်စွာ သင်္ကန်းရောင်းတဲ့ ဒကာနှစ်ယောက်ကလည်း အဲဒီနေ့ ညနေပိုင်းရောက်လာလို့ သင်္ကန်းပြကြတယ်။ သင်္ကန်းတန်ဖိုးက သုံးသောင်း ကျပ်တန်တယ်လို့ ပြောပါတယ်ဘုရား။ တပည့်တော်က အနားမှာ ကပ္ပိယ မရှိသေးတဲ့အတွက် ]]ကပ္ပိယတော့မရှိဘူး၊ သင်္ကန်းဖိုးတော့ ဖျာအောက်မှာ ရှိတယ်}}လို့ ပြောလိုက်တဲ့အခါမှာ သူကဖျာအောက်က ဝတ္ထုငါးသောင်း အားလုံးယူပြီး သင်္ကန်းထားခဲ့မယ် လုပ်ခဲ့ရင် တပည့်တော်မှာ ဘာမှပြောပိုင်ခွင့် မရှိတော့ဘူးလားဆိုတာ သိချင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ ဒီဖြစ်စဉ်မျိုး အဋ္ဌကထာမှာ တိုက်ရိုက်ဖွင့်ထားတာ တစ်ခုရှိတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ သိပါရစေဘုရား။ ဒါယကာလှူဒါန်းထားတဲ့ အပ်စပ်ဝတ္ထုကို အခုလို မတရား ယူသွားရင် ဘာလုပ်ရသလဲဆိုတာ သိချင်တာပါဘုရား။

ဆရာတော်              ။        ။ ကောင်းပါပြီ။ အဋ္ဌကထာအဖွင့်ကို ကြည့်ရအောင်နော်  “အကယ်၍ သပိတ် ရောင်းသူဖြစ်စေ၊ သင်္ကန်းရောင်းသူဖြစ်စေ လာပြီး ‘အရှင်ဘုရား ဤဟာကို ယူကြပါ’ ဟု ဆိုသော် ‘ဒကာ ငါတို့မှာ ဤဟာဖြင့် အလိုရှိ၏၊ ဝတ္ထုကလည်း ဤသို့  စီရင်ထား၏။ ကပ္ပိယကားမရှိ’ ဟု ဆိုထိုက်၏။ အကယ်၍ ရောင်းသူက ‘တပည့်တော် ကပ္ပိယလုပ်ပါမည်၊ တံခါးကိုဖွင့်၍ပေးကြပါ’ဟု ဆိုအံ့၊ တံခါးကို ဖွင့်၍ ‘ဤအရပ်၌ ထား၏’ဟု ဆိုထိုက်၏။ ‘ဤဟာကိုယူ’ဟု မဆိုကောင်း။ ထိုဒကာသည် ထိုငွေကိုယူ၍ ထိုအပ်သော ဘဏ္ဍာကို ပေးအံ့ အပ်၏။ အကယ် ၍ ငွေကို တန်ဖိုးထက်ပို၍ယူအံ့ ‘ငါတို့သည် သင့်ဘဏ္ဍာကို မယူကုန်၊ ထွက်လော့’ဟု ရဟန်းက ဆိုထိုက်၏” တဲ့ ဦးဇင်း။

MA ဦးဇင်း            ။        ။ တပည့်တော် နားလည်သလိုလိုတော့ ရှိတယ်။ သိပ်ပြီးတော့ မရှင်းလှဘူးဘုရား။

ဆရာတော်              ။        ။ ဆိုပါစို့။ ကျောင်းပေါ်ကိုတက်ပြီး ‘ဒီနေရာ လုံခြုံတယ်’ လို့ ဒါယကာကို ပြောလို့ရတယ်။ သို့သော် ]ဒီနေရာမှာ ထားခဲ့ပါ}လို့တော့ မပြောရဘူးဆိုတာ မှတ်မိသေးသလား ဦးဇင်း။

MA ဦးဇင်း            ။        ။ မှတ်မိပါတယ်ဘုရား။

ဆရာတော်              ။        ။ အခုလည်း ဖျာကြမ်းအောက်က လုံခြုံရာ ဂုတ္တဋ္ဌာနအရပ်ပေါ့ ဦးဇင်း ။ သင်္ကန်း သည်က ဖျာအောက်ကနေ တန်ဖိုးထက်များတဲ့ ဝတ္ထုကိုယူဆောင်ရင် ‘မယူနဲ့ ထားခဲ့’ တို့  ‘တန်ရာတန်ကြေးပဲယူ’ လို့တော့ ပြောခွင့် မရှိဘူး။

MA ဦးဇင်း            ။        ။ တပည့်တော်တို့မှာ ပြောခွင့် ဘာများရှိပါသေးသလဲဘုရား။

ဆရာတော်              ။        ။ ရှိတယ် ဦးဇင်း။ ရှိတယ်လေ။ ခုနစာမှာပြထားပြီးသားလေ သင်္ကန်းသည် ဒကာက ငွေကိုယူပြီး သင်္ကန်းကို ပေးမယ်ဆိုရင် အပ်တယ်။ အကယ်၍ ငွေကို တန်ဖိုးထက်ပိုပြီး ယူရင် “ငါတို့သည် သင့်ဘဏ္ဍာကို မယူကုန်။ ထွက်လော့” လို့ ပြောလို့ရတယ်လေ ဦးဇင်း။

MA ဦးဇင်း               ။        ။ အခုမှ သဘောပေါက်တာပါဘုရား။ တန်ကြေးအားဖြင့် မညီမျှတာကြုံလာရင် မယူတော့ဘူးလို့ ပြောခွင့်ရှိတာကို သိရလို့ ကျေးဇူးတင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ ဒါကြောင့် ရဟန်းဆိုတာ ဝိနည်းကျွမ်းကျင်ရတယ်ဘုရား။

ဓူတင်ကြောင့် ရနိုင်တဲ့အကျိုး

 

MA ဦးဇင်း            ။        ။ ဓူတင်ဆောင် ရဟန်းတစ်ပါးရနိုင်တဲ့ အကျိုးကျေးဇူးကိုလည်း သိပါရစေဘုရား။

ဆရာတော်              ။        ။ အကျိုးက ၂၈ ပါးရှိတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ မှန်ပါ အားလုံးသိချင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ မိလိန္ဒာပဥှာ ပါဠိတော်မှာပြတဲ့အကျိုးကို အရင်ပြောပြမယ်နော်။ (၁) သုဒ္ဓါဇီ၀ အသက်မွေးမှု စင်ကြယ်၏။ (၂) သုခဖလ-ချမ်းသာကျိုးရှိ၏။ (၃) အနဝဇ္ဇ -အပြစ်မရှိ၊ (၄) န ပရ-ဒုက္ခာပန-သူတစ်ပါးတို့အား ဒုက္ခမပေး။ (၅) အဘယ – ဘေးမရှိ။ (၆) အသမ္ပီဠန-သူတစ်ပါးကို မနှိပ်စက်။ (၇) ဧကန္တဝဍ္ဎိုကံ – အမှန်ကြီးပွား၏။ (၈) အပရိဟာနိယ – ကုသိုလ်တရား မဆုတ်ယုတ်။ (၉) အမာယာ – မာယာစဉ်းလဲခြင်းမရှိ။ (၁၀) အာရက္ခာ – သေခြင်းကို စောင့် တတ်၏၊ (၁၁) ပတ္ထိတဒဒ – တောင့်တတိုင်းပေး၏။ (၁၂) သဗ္ဗသတ္တ ဒမန – သတ္တဝါအားလုံးကို ဆုံးမတတ်၏။ (၁၃) သံဝရဟိတ – စောင့်စည်းသော အကျိုးရှိ၏။ (၁၄) ပဋိရူပ – လျောက်ပတ်သော အကျင့်ဖြစ်၏၊ (၁၅) အနိဿိတ – ကိလေသာတို့ မမှီမကပ်နိုင်။ (၁၆) ဝိပ္ပမုတ္တ – ကိလေသာမှ လွတ်၏။ (၁၇) ရာဂက္ခယ – ရာဂ ကုန်၏၊ (၁၈) ဒေါသက္ခယ – ဒေါသကုန်၏၊ (၁၉) မောဟက္ခယ – မောဟ ကုန်၏။ (၂၀) မာနပ္ပဟာန – မာန်တက်မှုကို ပယ်၏။ (၂၁) ကုဝိတက္ကစ္ဆေဒန – မိစ္ဆာဝိတက်ကို ဖြတ်၏။ (၂၂) ကင်္ခါဝိတရဏ – ယုံမှားသင်္ကာမှ ကူးမြောက်၏။ (၂၃) ကောသဇ္ဇဝိဒ္ဓံသန – အပျင်းကို ပယ် ဖျောက်၏။ (၂၄) အရတိပ္ပဟာန – မမွေ့လျော်ခြင်းကို ဖျောက်၏။ (၂၅) ခမန – သည်းခံတတ်၏။  (၂၆) အတုလ – အတုမရှိမြတ်သောအကျင့် တည်း။ (၂၇) အပ္ပမာဏ – မနှိုင်းယှဉ်အပ်သောဂုဏ်ရှိ၏။ (၂၈) သဗ္ဗဒုက္ခက္ခယ ဂမန – ဒုက္ခကင်းရာ နိဗ္ဗာန်သို့ ရောက်၏တဲ့ ဦးဇင်း။

ကျမ်းညွှန်း ၁။  ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ဒုတိယတွဲ (နှာ-၂၇၀)

MA ဦးဇင်း             ။        ။ အသေအချာ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်              ။        ။ ကောင်းပါပြီ။ ဒါကြောင့် ဓူတင်ဆောင်ရင် ကိလေသာတွေပါးပြီး ကုသိုလ်တွေ တိုးတာပေါ့ ဦးဇင်း။ သို့သော် မိမိဓူတင်ဆောင်ကြောင်းကို လူတွေ့တိုင်း ပြောလို့တော့ မရဘူးနော်။

MA ဦးဇင်း            ။        ။ ပြောရင် ဘာဖြစ်ပါသလဲဘုရား။

ဆရာတော်              ။        ။ ဓူတင်မှာ အလိုလောဘနည်းခြင်းဆိုတဲ့ ဓုတင်္ဂ အပ္ပိစ္ဆတာဂုဏ်ရည် ပျက်တာ ပေါ့ဘုရား။၂

MA ဦးဇင်း            ။        ။ ဒါဆိုရင် တချို့စာစောင်မဂ္ဂဇင်း၊ သတင်းစာတွေမှာ ဘယ်ဆရာတော်က ဓူတင်ဘယ်နှစ်ပါး ဆောင်တော်မူတယ်လို့ ဓာတ်ပုံတွေနဲ့ ရေးကြတာ ဓုတင်္ဂ အပ္ပိစ္ဆတဂုဏ်ရည် ပျက်တာပါလားဘုရား။

ဆရာတော်              ။        ။ ဒီနေရာမှာ စဉ်းစားရမှာက စာရေးသူကိုယ်တိုင် အကြည်ညိုလွန်ပြီး ရေးတာ လား။ ဓူတင်ကျင့်သူကပဲ ရေးခိုင်းတာလား။ ဒါတော့ သူတို့ကိုယ်စီရဲ့ စိတ်စေတနာပေါ် မူတည်ပါမယ်ဘုရား။ ဒီလိုဖြစ်စဉ်မျိုး ရှိတော့ရှိတတ် ပါတယ်။

MA ဦးဇင်း            ။        ။ ဘယ်မှာရှိခဲ့တာပါလဲဘုရား။

ဆရာတော်              ။        ။ နဘူးကျင်းဆရာတော်ကြီး မကျန်းမမာဖြစ်စဉ်က ရန်ကုန်မြို့ သန်လျင် တံတားရဲ့အလယ်မှာ အရုဏ်ယူတော်မူတဲ့ သတင်းစကားကြောင့် တချို့သော ရဟန်းတွေက ‘နဘူးကျင်းဆရာတော်က လူသိရှင်ကြား လူတွေကြား၊ အိမ်တွေကြားမှာ ဓူတင်ဆောင်ပြသလို ဖြစ်မနေပေဘူးလား’ လို့ အပြစ် တင်ခဲ့ကြဖူးတယ်ဘုရား။

ကျမ်းညွှန်း ၁။      (၂) ဓုတင်္ဂပဥှ၊ အနုမာနဝဂ္ဂ၊  မိလိန္ဒပဥှပါဠိ ( နှာ-၃၃၃)၊ ၂။  အပ္ပိစ္ဆတာဒိဝဏ္ဏနာ၊ ရထဝိနီတသုတ္တဝဏ္ဏနာ၊ မူလပဏ္ဏာသအဋ္ဌကထာ  – ဒုတိယတွဲ  (နှာ-၄၆)၊ * (၆၃) အပ္ပိစ္ဆတကထာဝဏ္ဏနာ၊ ဧကကနိပါတအဋ္ဌကထာ (နှာ-၅၈)

MA ဦးဇင်း             ။        ။ တပည့်တော် အခုမှ ကြားရတာပါဘုရား။

ဆရာတော်              ။        ။ ဟုတ်ပါလိမ့်မယ်။ ဆရာတော်ကြီးရဲ့ အနီးနေတပည့်ကြီးများ မိန့်ကြားတော် မူတာက “ဆရာတော်ကြီးနှင့် အနီးနေလေ ကြည်ညိုစရာတွေ တိုးတွေ့လေပဲ ဦးခေမာ။ ဆရာတော်ကြီး ကျင့်စဉ်တွေကို ကျင့်သုံးတော်မူနေတာက  လာဘ် လာဘ အမျိုးမျိုးရဖို့  မဟုတ်ဘူး။ သက္ကာရ သူတစ်ထူးရဲ့ ပူဇော်အထူးကို ခံယူရဖို့လည်း မဟုတ်ဘူး။ သိလောက လူသိများပြား ကျော်ကြားလိုလို့လည်း မဟုတ်ဘူး ဒီလောကဂုဏ်တွေ ရဖို့အတွက် ဆရာတော်ဘုရားကြီး တစိုးတစိမျှ ဆောင်ရွက်တာ မတွေ့ခဲ့ရပါဘူးဘုရား။ ဆရာတော်ကြီးရဲ့ စိတ်ဓာတ်တော် ကိုတော့ တပည့်တော်တို့ ဘယ်သိနိုင်မလဲ။ သို့သော် လုပ်ရပ်ကတော့ မျက်မြင်ပဲလေ။ မိန့်တဲ့စကားတွေ ကြားနေမှတ်သားနေ ရတာပဲလေ။ ဆရာတော်ကို ကြည်ညိုလို့ ဆောင်းပါး၊ ကဗျာ၊ လင်္ကာတွေကို မရေးကြဖို့ မိန့်တော်မူနေတယ်။ ဆရာတော်ပြုစုတော်မူတဲ့ ကျမ်းစာအုပ်တွေမှာ ဓာတ်ပုံမထည့်ကြဖို့ အမြဲသတိပေးတော်မူနေတယ်။ သိက္ခာထပ်တာမျိုးကို သံသယမရှိရင် လုပ်ဖို့မလိုပါဘူးလို့ ပြတ်ပြတ်သားသားကြီးကို မိန့်တော်မူနေတယ်လေ” လို့ ပြောပြဖူးတယ်။

MA ဦးဇင်း            ။        ။ တင်ပါဘုရား။

ဆရာတော်              ။        ။ ဟုတ်တယ်။ ဆရာတော်ကြီးမှာ ဝါ<ကား ပလွှားမှုမရှိတဲ့ဂုဏ်။ ပကတိ ရိုးသား တော်မူတဲ့ဂုဏ်၊ ရောင့်ရဲလွယ်တဲ့ဂုဏ်တွေက ပေါ်လွင်တယ်။ ဆရာတော်ကြီးရဲ့ နှလုံးသွင်းကတော့ ဘယ်လောက် အခက်အခဲရှိနေရှိနေ၊ ဘယ်လောက် မမာမကျန်း ဖြစ်နေဖြစ်နေ သီလစင်ကြယ်ဖို့နှင့် ကျင့်ဆဲဓူတင်အကျင့်ကို မပျက်ဖို့ကိုဘဲ အထူးအာရုံပြုထားပုံက ပေါ်လွင်ပါတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ ဒါဆိုရင် မရင်းနှီးတဲ့ ရဟန်းတစ်ပါးပါးက ]အရှင်ဘုရား ဓူတင်ဆောင်ပါ သလား}လို့ မေးရင် ဘယ်လိုဖြေရမလဲဘုရား။

ဆရာတော်              ။        ။ ဒီမေးခွန်းကို နဘူးကျင်းဆရာတော်ထံပါးကို မြစ်သား ဦးကောသလ’ မေး လျှောက်ဖူးတယ် ဦးဇင်း။ ဆရာတော်ကြီး ဖြေကြားပေးတာက ]အရှင်ဘုရား ဤမေးခွန်းကို အခြားရဟန်းအား မေးထိုက်ပါသလားဘုရား}လို့  ပြန်မေး ရမယ်တဲ့။ အဲသလို ပြန်မေးတာသည်ပင် အဖြေစကား ဖြစ်ပါတော့တယ်တဲ့။

MA ဦးဇင်း             ။        ။ မှန်ပါဘုရား။ ဒီမေးခွန်းကို လူတစ်ယောက်ယောက်က မေးရင် ဖြေကြားနည်း ရှိပါသေးသလားဘုရား။

ဆရာတော်              ။        ။ ရှိတယ်။ ‘အို .. ဒါယကာကြီး ဤမေးခွန်းမျိုးကို ရဟန်းများအား မမေးထိုက် ဟု ထင်ပါသည်’ လို့ ဖြေရမယ်တဲ့ဘုရား။ သို့သော် ကိုယ်တိုင် ဓူတင်ကျင့်လို တဲ့အတွက် စိတ်စေတနာကောင်းနဲ့ မေးမြန်းစုံစမ်းလာတဲ့ ရဟန်းဖြစ်နေမယ် ဆိုရင်တော့ သူ့ကို ချီးမြှောက်တဲ့အနေနဲ့ ဖြေကြားပေးရမယ်။ လမ်းညွှန်ပေးရမယ်။ သူ ဓူတင်ကျင့်ချင်စိတ်တွေ တိုးပွားလာအောင် အားပေးရမှာပါဘုရား။

MA ဦးဇင်း               ။        ။ မှန်လှပါဘုရား။

 

တောရကျောင်းမှာ သိုမှီးတာအပြစ်

 

MA ဦးဇင်း             ။        ။ ဓူတင်ဆောင်တော်မူတဲ့ ရဟန်းတော်များက သပိတ်တစ်လုံး၊ သင်္ကန်းသုံး ထည်နဲ့ သစ်ရွက်မိုးကျောင်းမှာ သီတင်းသုံးတော်မူတဲ့အတွက် ပစ္စည်းပစ္စယ သိုမှီး သိမ်းဆည်းတာလည်း မရှိဘူး ထင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ ဓူတင်ဆောင်ရဟန်းတော်ရဲ့ ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားရှင် အခါများစွာ ချီးကျူးတော်မူခဲ့ဖူးပါတယ်ဘုရား။ ‘အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ ကိလေသာတို့ကို ခေါင်းပါးစေခြင်း၊ ဆိတ်ငြိမ်ရာ၌ နေခြင်း၊ ကိလေသာတို့ကို ဖျက်ဆီးသောအကျင့်ကို ကျင့်ခြင်း၊ အားထုတ်အပ်သော ဝီရိယရှိခြင်း၊ ဒါယကာတို့က ပြုစုမွေးမြူလွယ်ခြင်း အစရှိသော ဂုဏ်ကျေးဇူးတည်းဟူသော ရေစင်ဖြင့် အညစ်အကြေးကို ဆေးလျှော်သန့်စင်ပြီးသည်ဖြစ်၏’ တဲ့။၁

MA ဦးဇင်း             ။        ။ ရှင်တော်ဘုရားရဲ့ ချီးကျူးစကားကို နာကြားရတဲ့အတွက် တပည့်တော် ဓူတင်ဆောင်ရဟန်းကောင်းဖြစ်အောင် ကြိုးစားပါ့မယ်ဘုရား။

ဆရာတော်              ။        ။ သာဓုပါ။ တောနေရဟန်း ပစ္စည်းသိုမှီးတဲ့အဖြစ်ကို ပြောပြဦးမယ်နော်။

MA ဦးဇင်း            ။        ။ မှန်ပါ။ တပည့်တော် သိချင်နေတာပါဘုရား။

ဆရာတော်              ။        ။ ရှေးက ရသေ့နှစ်ပါး ဟိမဝန္တာတောထဲမှာ  သစ်သီးသစ်ဥတွေကိုစားပြီး တရားကျင့်လာကြတာ နှစ်ကာလ တော်တော်ကြာသွားတဲ့အတွက် ကျန်းမာ ရေးအရ အချဉ်အငန်တွေကို မှီဝဲနိုင်ဖို့ရာ နယ်စွန်ရွာလေးတစ်ရွာကို သွားပြီး ဆွမ်းခံကြပါတယ်။

MA ဦးဇင်း            ။        ။ ရွာသူရွာသားတွေက ဆားအငန် လှူဒါန်းပါသလားဘုရား။

ဆရာတော်              ။        ။ တစ်ခါတစ်ရံလည်း ဆားမပါဘူး။ တစ်နေ့ကျတော့ အိမ်တစ်အိမ်က ဆား ခပ်များများ လှူလိုက်တယ်။ ရတဲ့ဆားထဲက ကျန်တာကို ဝိဒေဟရသေ့က ဖက်နှင့်ထုပ်ပြီး သက်ငယ်အမိုးကြားမှာ ညှပ်ထားလိုက်ပါတယ်။

ကျမ်းညွှန်း ၁။  (၂၂) ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ (နှာ-၅၇)၊ *   မဟာစည်ဆရာတော်ကြီး ဝိသုဒ္ဓိမဂ်မြန်မာပြန် (နှာ-၂၂)

MA ဦးဇင်း            ။        ။ ရသေ့တစ်ပါးက အခုလိုသိမ်းတာ အပြစ်ဖြစ်သလားဘုရား။

ဆရာတော်              ။        ။ ဆက်နားထောင်ကြည့်ရအောင်လေ။ နောက်တစ်နေ့ ဆွမ်းခံသွားတော့ ဆားမရတော့ဘူး။ ဒါနဲ့ ဝိဒေဟရသေ့က ခေါင်မိုးကြားက ဆားထုပ်ကိုယူပြီး ဂန္ဓာရ ရသေ့ထံပါး ပေးလိုက်တယ်။ ဂန္ဓာရ ရသေ့က အံ့သြပြီး ‘ဒီကနေ့ ဆားမရပါဘူး။ ဒါ ဘယ်ကရသလဲ’ လို့ မေးလိုက်တော့ ဝိဒေဟရသေ့က မနေ့ကပိုတဲ့ဆားကို သက်ငယ်အမိုးကြားမှာ သိမ်းထားတဲ့အကြောင်း ပြောပြ လိုက်ပါတယ်။ ဒါနဲ့ ဂန္ဓာရ ရသေ့က ]သင်သည် ယူဇာနာသုံးရာရှိသော ဝိဒေဟတိုင်းကို စွန့်ထားခဲ့ပြီးမှ ရသေ့ပြုလာသူ ဖြစ်ပါလျက် ယခု ဤဆားလေး တစ်ပွင့်၊ နှစ်ပွင့်ကို တပ်စွန်းနေဘိ၏’ လို့ ဆုံးမစကား ပြောလိုက်တယ်။

MA ဦးဇင်း            ။        ။ သူတော်ကောင်းတို့များ သိုမှီးမှုကို အပြစ်လို့ မြင်တော်မူကြတာကိုးဘုရား။

ဆရာတော်              ။        ။ ဟုတ်ပါတယ် ဦးဇင်း။ သီတင်းသုံးဖော် တောနေရဟန်းတော်တစ်ပါး ပြောဖူးတာက ‘ပြီးခဲ့တဲ့အဖိတ်နေ့က တောရဆောက်တည်မလို့ဆိုပြီး အိုးခွက် ပန်းကန်တွေနဲ့ ဘုန်းကြီးအိုကြီးတစ်ပါး<ကလာလို့ ရွာကျောင်းမှာပဲ နေပါတော့လားဘုရားလို့ ပြောလွှတ်လိုက်ရတယ် ဦးခေမာ’တဲ့။ ဆရာတော်ကြီးက ဆက်ပြီးတော့ ‘တောကျောင်းမှာ မီးမဖိုတာ အကောင်းဆုံး၊ မီးဖိုလိုက်ပြီဆိုရင် တောရကျောင်းရဲ့ဂုဏ်ရည် ပျက်တော့တာပဲဘုရား’လို့ မိန့်တော်မူလိုက် သေးတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ တပည့်တော် ဓူတင်ရဲ့ဂုဏ်ရည်ကို တဖြည်းဖြည်း ပိုပိုပြီး မြင်လာပါပြီဘုရား။

ဆရာတော်              ။        ။ ဓူတင်က ရဟန်းချမ်းသာဖို့ပါဘုရား။ နဘူးကျင်းဆရာတော်ကြီး မိန့်တော် မူဖူးတာတစ်ခု သတိရလို့ ပြောပြဦးမယ်နော်။

MA ဦးဇင်း            ။        ။ မှန်ပါ။ ဘုရားတပည့်တော် တောရဆောက်တည်တဲ့ တစ်နေ့ကျရင် ပြည့်ပြည့် စုံစုံလိုက်နာပါ့မယ်ဘုရား။

ဆရာတော်              ။        ။ ကောင်းပါပြီ။ ဆရာတော်ကြီးက ‘မီးခိုးမစဲ၊ ရဟန်းမွဲ’တဲ့ ဆက်ပြီးတော့ ‘သပိတ် လက်ဆွဲ၊ ရဟန်းမွဲ’ တဲ့ ဦးဇင်း။

MA ဦးဇင်း            ။        ။ ဆိုလိုရင်းအဓိပ္ပာယ် မပေါ်ပါဘုရား။

ဆရာတော်              ။        ။ ဟုတ်ပြီ။ တောရကျောင်းမှာ မီးဖိုပြီး ချက်ပြုတ် စားသောက်တဲ့ရဟန်းလည်း မွဲတယ်တဲ့၊ သပိတ်လက်ဆွဲပြီး အိမ်ရှေ့တွေမှာ ဆွမ်းခံစားရတဲ့ရဟန်းကလည်း ဆင်းရဲတယ်တဲ့ ဦးဇင်း။ ဘာကြောင့်လဲဆိုရင် တောရကျောင်းမှာ မီးဖိုပြီး ချက်ပြုတ်နေမှတော့ ဆီလိုတယ်၊ ဆားလိုတယ်၊ ဆန်လိုတယ်။ ဆန်၊ ဆီ၊ ဆားရှိပြန်တော့ ဟင်းချက်စရာ လိုပြန်တယ်။ ကြက်သွန်လိုပြန်တယ်၊ ချင်းလိုပြန်တယ်။ ဒါကြောင့် အိမ်ထောင်ရှင်တစ်ယောက်ပမာ အမျိုးမျိုး ရှာဖွေဖြည့်ဆည်းနေရလို့ ဆင်းရဲတာပါဦးဇင်း။

ကျမ်းညွှန်း ၁။  (၁) ဂန္ဓာရဇာတကဝဏ္ဏနာ၊ ဂန္ဓာရဝဂ္ဂ၊ ဇာတကအဋ္ဌကထာ – တတိယတွဲ (နှာ-၃၄၅)

MA ဦးဇင်း            ။        ။ နားလည်ပါပြီဘုရား။’သပိတ်လက်ဆွဲ၊ ရဟန်းမွဲ’ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း အကျယ်သိပါရစေဘုရား။

ဆရာတော်              ။        ။ သပိတ်လက်ဆွဲပြီး အသက်မွေးရတဲ့ ရဟန်းဘဝလည်း မွဲတာပဲလေ ဦးဇင်း။   သို့သော် နဘူးကျင်းဆရာတော်ကြီး မိန့်ကြားတော်မူလိုတာက မွဲတာချင်းတူတူ သပိတ်လက်ဆွဲတဲ့ရဟန်းက ပိုချမ်းသာတယ်တဲ့ဘုရား။

MA ဦးဇင်း            ။        ။ နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ ဒီနေ့တော်ကြစို့။ ဆွမ်းခံထွက်ရဦးမယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။

 

ကမ္မဋ္ဌာန်းတိုးတက်လည်း ဓူတင်ဆောင်ပါ၊ မတိုးတက်လည်း ဓူတင်ဆောင်ပါ

 

MA ဦးဇင်း            ။        ။ ဓူတင်ကို ရဟန်းတိုင်း အားလုံးကျင့်ရမှာပါလားဘုရား။ တပည့်တော် လျှောက် ထားလိုတာက ဓူတင်က ခက်ခဲပင်ပန်းတော့ ရဟန်းတိုင်း မကျင့်နိုင်လောက် ဘူးထင်လို့ပါဘုရား။

ဆရာတော်              ။        ။ မိလိန္ဒမင်းကြီးရဲ့အမေးကို အရှင်နာဂသိန် ဖြေကြားတော်မူတာ ပြောပြ   မယ်လေ။ ]မင်းမြတ် တစ်ဆယ့်သုံးပါးကုန်သော ဓူတင်အကျင့်ကို မကျင့်ဖူးသူ တို့အား သစ္စာတရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်နိုင်}တဲ့ ဦးဇင်း။၁

MA ဦးဇင်း            ။        ။ ဘဝသံသရာလွတ်မြောက်ရေးအတွက် ဓူတင် ဒီမျှအရေးကြီးတာကို အခုမှပဲ သိရပါတော့တယ်ဘုရား။

ဆရာတော်              ။        ။ ဟုတ်ပြီ။ အရှင်နာဂသိန်က ဥပမာ ပေးတော်မူပါသေးတယ်။ “ရေမလောင်း ပါက မျိုးစေ့ မပေါက်ရောက်နိုင်သလို ဓူတင်အကျင့်ကို မကျင့်ဖူးသူတို့အား သစ္စာတရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်”တဲ့။၂

MA ဦးဇင်း            ။        ။ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်              ။        ။ အကြောင်းအရာတစ်ခု သတိရလို့ ပြောပြဦးမယ်နော်။ ဘုရားရှင်က ]ဥပသေန သင်၏ ဤပရိသတ်သည် ကြည်ညိုဖွယ် ရှိပေစွတကား။ ဥပသေန သင်သည် အသို့လျှင် ပရိသတ်ကို ဆုံးမသနည်း} လို့ ဥပသေနထေရ်ကို မေးတော်မူ ဖူးတယ်။

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။

ကျမ်းညွှန်း ၁။ (၂) ဓုတင်္ဂပဥှ၊  အနုမာနဝဂ္ဂ၊ မိလိန္ဒပဥှာပါဠိ (နှာ-၃၃၄)၊ ၂။ (၂) ဓုတင်္ဂပဥှ၊  အနုမာနဝဂ္ဂ၊ မိလိန္ဒပဥှာပါဠိ (နှာ-၃၃၄)

ဆရာတော်              ။        ။ အရှင်ဥပသေန ဖြေကြားတော်မူတာ သိပ်မှတ်သားစရာကောင်းတယ် ဦးဇင်း။ ‘အသျှင်ဘုရား ရဟန်းတစ်ပါးပါးက တပည့်တော်ဆီကိုလာပြီး ရဟန်းအဖြစ် တောင်းမယ်။ ဒါမှမဟုတ် နိဿရည်းတောင်းလာရင် ဘုရားတပည့်တော်က သူ့ကို အခုလို သတိပေးစကား ပြောပါတယ်ဘုရား ‘ငါ့သျှင် ငါသည် အာရည ကင်ဓူတင် ဆောက်တည်၏။ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်၏။ ပံသုကူဓူတင် ဆောက်တည်၏။ တိစီဝရိက်ဓူတင် ဆောက်တည်၏၊ သင်သည်လည်း အကယ်၍ အာရညကင်ဓူတင် ဆောက်တည်အံ့၊ ပိဏ္ဍပါတ်ဓူတင် ဆောက် တည်အံ့၊ ပံသုကူဓူတင် ဆောက်တည်အံ့၊ တိစီဝရိက်ဓူတင် ဆောက်တည်အံ့၊ ဤသို့ ဆောက်တည်ခဲ့သော် ငါသည် သင့်ကို ရှင်ရဟန်း ပြုပေးအံ့၊ နိဿရည်း ပေးအံ့’လို့ ပြောပါတယ်ဘုရား။ သူက တပည့်တော်ရဲ့ စကားကို ကြားရလို့ နှစ်သက်ကျေနပ်ခဲ့ရင် ရှင်ရဟန်းပြုပေးပါတယ်။ နိဿရည်းပေးပါတယ်ဘုရား။ သူ မနှစ်သက် မကျေနပ်ခဲ့ရင်တော့ သူ့ကို ရှင်ရဟန်းပြုမပေးပါ၊ နိဿရည်း လည်း မပေးပါဘုရား’လို့ လျှောက်ပါတယ်။ ဘုရားရှင်ကလည်း သာဓု ခေါ်တော်မူပါတယ်။၁

MA ဦးဇင်း            ။        ။ သာဓုပါဘုရား။ သာဓု၊ သာဓု။

ဆရာတော်              ။        ။ နောက်ပြီး သေဝိတဗ္ဗဓုတင်၊ အသေသိတဗ္ဗဓုတင် ဆိုပြီး ရှိသေးတယ်။

MA ဦးဇင်း            ။        ။  ပြည့်ပြည့်စုံစုံ သိပါရစေဘုရား။

ဆရာတော်              ။        ။ ကောင်းပါပြီ။ ဓူတင်ကျင့်တဲ့အတွက် ကမ္မဋ္ဌာန်းတိုးပွားတဲ့ ရဟန်းက ဓူတင် ကျင့်ကို ကျင့်ရမယ်တဲ့ဦးဇင်း။ ဓူတင်ကျင့်လို့ ကမ္မဋ္ဌာန်း ဆုတ်ယုတ်တဲ့ ရဟန်းက ဓူတင်ကို မကျင့်ရဘူးတဲ့။

MA ဦးဇင်း            ။        ။ ဓူတင်ကျင့်သည်ဖြစ်စေ၊ မကျင့်သည်ဖြစ်စေ ကမ္မဋ္ဌာန်းတိုးပွားတဲ့ ရဟန်း အတွက်ဆိုရင် ဘယ်လိုများ လုပ်ရပါသလဲဘုရား။

ဆရာတော်              ။        ။ ဟုတ်ပြီ၊ ဓူတင်ကျင့်သည်ဖြစ်စေ၊ မကျင့်သည်ဖြစ်စေ ကမ္မဋ္ဌာန်းတိုးပွားတဲ့ ပုဂ္ဂိုလ်ထူးဖြစ်နေရင် ]နောင်လာသူတို့ အတုယူ လိုက်နိုင်ကြပါစေ} ဆိုပြီး ချီးမြှင့်တဲ့စိတ်နဲ့ ဓူတင်ကို ကျင့်ရပါမယ်တဲ့ဘုရား။ နောက်တစ်ခု ရှိသေးတယ်။ ဓူတင်ကျင့်သော်လည်း ကမ္မဋ္ဌာန်း မတိုးပွားဘူး။ ဓူတင်မကျင့်သော်လည်း ကမ္မဋ္ဌာန်းမတိုးပွားတဲ့ရဟန်းက နောင်အခါ ဝါသနာထုံဖို့၊ ပါရမီဖြစ်ဖို့ ဓူတင် ကျင့်ရပါမယ်တဲ့ ဦးဇင်း။၂

ကျမ်းညွှန်း ၁။ (၅၆၅) နိသီဒနသန္ထတသိက္ခာပဒ၊ ကောသိယဝဂ္ဂ၊ ပါရာဇိကပါဠိ (နှာ-၃၃၈)၊ ၂။ (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ (နှာ-၇၉)

 

စရိုက် နှင့် ဓူတင်

 

MA ဦးဇင်း            ။        ။ ဓူတင်ကျင့်ဖို့ စရိုက်အားလျော်စွာ ခွဲခြားထားတာများ ရှိပါသလားဘုရား။

ဆရာတော်              ။        ။ ရှိတယ်ဦးဇင်း။ ရာဂစရိုက်၊ မောဟစရိုက် ထူပြောတဲသူ ဓူတင်ကိုကျင့်ရမယ် ဦးဇင်း။ ဘာ့ကြောင့်လဲဆိုရင် ဓူတင်ကျင့်တယ်ဆိုတာ ခြိုးခြံရတယ်။ ရောင့်ရဲ ရတယ်။ သည်းခံရပါတယ်။ ဒါကကို ကိလေသာခေါင်းပါးစေတာပါ။၁

MA ဦးဇင်း            ။        ။ တပည့်တော် စိတ်ထဲမှာ သေသေချာချာ မရှင်းသေးပါဘုရား။

ဆရာတော်              ။        ။ ကောင်းပါပြီ။ ဆင်းရဲ ခြိုးခြံပြီးနေရင် ရာဂငြိမ်းတယ်လေ။ ရပြီနော်။

MA ဦးဇင်း            ။        ။ မှန်ပါ။ ရပါပြီဘုရား။ တပည့်တော် ရဟန်းဖြစ်လာပြီးနောက် ညစာမစားရတဲ့ အပြင် စားချင်တာလည်း မစားရ၊ ဝတ်ရတာလည်း တစ်ရောင်တည်း ဖြစ်နေပြီး ရွေးချယ်ခွင့်မရှိတော့ လောဘကိလေသာက ခေါင်းမထောင်နိုင်တာ လက်တွေ့ ပါဘုရား။ ရာဂငြိမ်းပါတယ်ဘုရား။

ဆရာတော်              ။        ။ ဟုတ်ပြီ။ ဆက်စဉ်းစားကြည့်နော်။ ကိလေသာခေါင်းပါးစေဖို့ မမေ့မလျော့ မပေါ့မဆနေတဲ့သူမှာ မောဟလည်း ငြိမ်းနိုင်တယ်ဦးဇင်း။

MA ဦးဇင်း            ။        ။ နားလည်ပါပြီဘုရား။

ဆရာတော်              ။        ။ ဒေါသစရိုက်ရှိတဲ့သူက အာရညကင်ဓူတင်၊ ရုက္ခမူဓူတင်တို့ကို ကျင့်သင့် တယ်တဲ့။ တောကျောင်းမှာနေရင်၊ သစ်ပင်ရင်းမှာနေရင် အခြားတစ်ဦး တစ်ယောက်နဲ့မှ ပြောဆိုဆက်ဆံစရာမရှိတော့ ဒေါသလည်း ငြိမ်းတာပေါ့  ဦးဇင်း။

MA ဦးဇင်း            ။        ။ မှတ်သားထားပါ့မယ်ဘုရား။ ဓူတင်တစ်ပါးကို ဆောင်တာနဲ့ အခြားအကျိုး   များစွာပြီးတာကို သတိပြုမိလာတယ်။ မှန်ပါသလားဘုရား။

ဆရာတော်              ။        ။ မှန်ပါတယ်။ ဒီနေရာမှာ ခေါင်းတည်ပဓာန ဓူတင် ၃ ပါးအကြောင်း ပြောပြ ဦးမယ်နော်။

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။

ဆရာတော်              ။        ။ သပဒါနစာရိကဓူတင်ကို ဆောင်နိုင်ရင် ပိဏ္ဍပါတ်ဓူတင်ကိုလည်း ဆောင်နိုင် တော့တာပဲလေ ဦးဇင်း။ ပြီးတော့ ဧကာသနိက်ဓူတင်ကိုသာ ဆောင်နိုင်ရင် ပတ္တပိုဏ်ဓူတင်နှင့် ခလုပစ္ဆာဘတ္တိကဓူတင်တို့ကိုလည်း ဆောင်နိုင်တော့တယ် ဘုရား။၂

MA ဦးဇင်း            ။        ။ အံ့သြစရာပါဘုရား။ ဓူတင်တစ်ပါးဆောင်ရင် နှစ်ပါး၊ သုံးပါး တစ်ပါတည်း ဆောင်ဖြစ်ဖို့ အကြောင်းပြည့်စုံနိုင်တာပါလား။

ကျမ်းညွှန်း ၁။ (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ (နှာ-၇၉)၊ ၂။ (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ (နှာ-၇၉)

ဆရာတော်              ။        ။ ပြီးတော့ ရှိသေးတယ်။ အဗ္ဘောကာသိကဓူတင်ကို ဆောင်နိုင်ရင် ရုက္ခမူဓူတင်၊ ယထာသန္ထတိဓူတင်တို့ကို အထူးကြောင့်ကြစိုက်ပြီး မဆောင်သော်လည်း ဆောင်ပြီး၊ ပြည့်နိုင်ပါတယ်ဦးဇင်း။

MA ဦးဇင်း             ။        ။ မှန်လှပါဘုရား။ အံ့သြစရာပါပဲဘုရား။

ဆရာတော်              ။        ။ ပံ့သုကူဓူတင်နှင့် တိစီဝရိက်ဓူတင်တို့က သင်္ကန်းနှင့်စပ်တဲ့ ဓူတင် ၂ ပါးနော်။ သပဒါနစာရိကဓူတင်၊ ဧကာသနိက်ဓူတင်၊ ပတ္တပိုဏ်ဓူတင်၊ ပိဏ္ဍပါတ်ဓူတင် နှင့် ခလုပစ္ဆာဘတ္တိက ဓူတင်တို့က ဆွမ်းနှင့်စပ်လျဉ်းတဲ့ဓူတင် ၅ ပါးဖြစ်  ပါတယ်။ ပြီးတော့ ကျောင်းနှင့် စပ်လျဉ်းတဲ့ဓူတင် ၅ ပါးက အာရညကင်ဓူတင်၊ ရုက္ခမူဓူတင်၊ အာဗ္ဘောကာသိကဓူတင်၊ သုသာန်ဓူတင်နှင့် ယထာသန္ထတိ ဓူတင်တို့ ဖြစ်ပါတယ်ဘုရား။ နိသဇ္ဇိဓူတင်ကတော့ ဝီရိယနဲ့စပ်တဲ့ ဓူတင်ပါ။

MA ဦးဇင်း             ။        ။ ဓူတင်နဲ့ဆိုင်တဲ့ ဗဟုသုတအများကြီးရလို့ ကျေးဇူးတင်ပါတယ်ဘုရား။ ရဟန်း တစ်ပါးရဲ့ဘဝမှာ ဓူတင်က များစွာ အကျုံးဝင်နေပါတယ်ဘုရား။ နောက်ထပ် သိသင့်တာတွေ ရှိသေးရင်လည်း သိချင်ပါသေးတယ်ဘုရား။ ဓူတင် ၁၃ ပါး စလုံးကို ကျင့်တော်မူတဲ့ အရှင်မြတ်များ ဒီဘက်ခေတ်မှာ ရှိပါသေးသလား ဘုရား။

ဆရာတော်              ။        ။ ဓူတင်ဆိုတာ သိုသိုသိပ်သိပ်၊ ကျစ်ကျစ်လျစ်လျစ်နဲ့ လူမသိ သူမသိကျင့်    ရတာဆိုတော့ ဘယ်ရဟန်းက ဘယ်လိုကျင့်နေတယ်ဆိုတာကို သိရခက်လှ ပါတယ်ဘုရား။ ဆရာသခင်များရဲ့ အဆုံးအမတစ်ခု သတိရတာလေး ပြောပြ ဦးမယ်နော်။ ကိုယ်တိုင်ကျင့်ပြီး ပြောပြတဲ့ဖြစ်စဉ် ဖြစ်မယ်ထင်ပါတယ်။

MA ဦးဇင်း             ။        ။ မှန်လှပါဘုရား။ တန်ဖိုးကြီးလှပါတယ်ဘုရား။

ဆရာတော်              ။        ။ ဓူတင် ၁၃ ပါးစလုံး အားလုံးကိုကျင့်လိုတဲ့အထိ သဒ္ဓါတရားထက်သန်နေတဲ့ ရဟန်းတစ်ပါးအနေနဲ့ ဘယ်လိုကျင့်နိုင်သလဲဆိုရင် ပထမဦးဆုံးညကို အပိုင်းသုံးပိုင်း ပိုင်းကြည့်ရအောင်နော်။ ညဉ့်ဦးပိုင်း ပုရိမယာမ် ၄ နာရီရှိမယ်။ပြီးတော့ ညဉ့်နက်သန်းခေါင်ယံ မဇ္ဈိမယာမ်ကလည်း ၄ နာရီရှိမယ်။ ပြီးတော့ နောက်ဆုံး မိုးသောက်ယံ ပစ္ဆိမယာမ်မှာ ၄ နာရီ ရမယ်ဦးဇင်း။

MA ဦးဇင်း            ။        ။ မှတ်မိပါပြီဘုရား။ ညပိုင်း ၁၂ နာရီရှိတာကို သုံးပိုင်းပိုင်းလိုက်တော့ ၄ နာရီ စီရလာတာပါဘုရား။

ဆရာတော်              ။        ။ ဟုတ်ပါတယ်။ အခုဓူတင်ကျင့်ပုံကို ပြောပြမယ်နော်။ ညဉ့်ဦးပိုင်း ပုရိမယာမ်မှာ မိမိကို နေရာချထားပေးတဲ့ ကျောင်းမှာနေပြီး ယထာသန္တတိဓူတင်ကို ဆောက်တည်မယ်ဦးဇင်း။

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။

ဆရာတော်              ။        ။ ပြီးတော့ ညဉ့်နက်သန်းခေါင်ယံမှာ သုသာန်ကိုသွားမယ်။ သုသာန်မြေမှာရှိတဲ့ သစ်ပင်အောက်မှာနေရင် သုသာန်ဓူတင်နှင့် ရုက္ခမူဓူတင်တွဲပြီး ဆောက်တည်လို့ ရပြီနော်။

MA ဦးဇင်း            ။        ။ မှန်ပါ။ ဓူတင်သုံးပါးရပါပြီဘုရား။ သို့သော် သုသာန်မှာ သစ်ပင်ကြီးကြီးမရှိဘူး ဆိုရင် ရုက္ခမူဓူတင် ဘယ်လို ဆောက်တည်ရမလဲဘုရား။

ဆရာတော်              ။        ။ ဒါဆိုရင်လည်း လွင်တီးခေါင် မိုးကောင်းကင်အောက်မှာနေရင် အဗ္ဘော ကာသိကဓူတင် ရမှာပေါ့ဦးဇင်း။

MA ဦးဇင်း             ။        ။ မှန်ပါ နားလည်ပါပြီဘုရား။ ညဉ့်ဦးယံနှင့် သန်းခေါင်ယံမှာ ကျင့်ရမယ့် ဓူတင်ရပါပြီဘုရား။ နိသဇ္ဇိလည်းရမယ် ထင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ နိသဇ္ဇိဓူတင် ရပါတယ်ဘုရား။ သုသာန်သွားပြီး ဘယ်မှာကျောချပြီးခေါင်းအုံးနဲ့ အိပ်နေလို့ရမလဲ။

MA ဦးဇင်း             ။        ။ နားလည်ပါပြီဘုရား။

ဆရာတော်              ။        ။ ဆက်ပြောပြမယ်နော်။ မိုးသောက်ယံ ရောက်တဲ့အခါ တောရတဲ့နေရာမှာ အရုဏ်တက်ချိန်အထိနေရင် အာရညကင်ဓူတင်ရပြီဦးဇင်း။ တောထဲ အရုဏ်တက်ပြီးတာနဲ့ ဆွမ်းခံထွက်ပြီး ဆွမ်းဓူတင် ၅ ပါး ကျင့်လို့ရပါပြီဘုရား။

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။ တောရတဲ့နေရာက သစ်ပင်ကြီးကြီး အောက်မှာနေရင် ရုက္ခမူဓူတင် ရမှာပါဘုရား။ လွင်တီးခေါင်မှာနေရင် အဗ္ဘောကာသိကဓူတင် ရဦးမယ် ထင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ ရတယ်လေဦးဇင်း။ ရတယ်။

MA ဦးဇင်း            ။        ။ တပည့်တော် သိချင်တာတစ်ခုက သစ်ပင်အောက်မှာနေရတဲ့ ရုက္ခမူဓူတင် ကျင့်ရင် လွင်တီးခေါင်မှာနေရတဲ့ အဗ္ဘောကာသိကဓူတင် မရဘူးဖြစ်နေ ပါတယ်။ ပြီးတော့ လွင်တီးခေါင်မှာနေရတဲ့ အဗ္ဘောကာသိကဓူတင်ကို ကျင့်ရင် ရုက္ခမူဓူတင်က မရဘူးဖြစ်နေပါတယ်ဘုရား။

ဆရာတော်              ။        ။ ဒီကိစ္စကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် မဟာဋီကာ ဆရာတော်များက ဆုံးဖြတ် ပေးတော်မူထားတာ ရှိတယ်ဘုရား။

MA ဦးဇင်း            ။        ။ တပည့်တော် အဲဒီအဆုံးအဖြတ်ကို သိပါရစေဘုရား။

ဆရာတော်              ။        ။ ဓူတင် ၁၃ ပါးစလုံး ဆောက်တည်ထားတဲ့ရဟန်းက တောရအင်္ဂါနဲ့ညီတဲ့ သုသာန်ကို ရှာရမယ်တဲ့။

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။ အဲဒီတောရအင်္ဂါနဲ့ညီတဲ့ သုသာန်မှာရှိတဲ့ သစ်ပင်အောက် နေရမလား၊ မိုးကောင်းကင်အောက် လွင်တီးခေါင်မှာ နေရမလားဆိုတာ မကွဲပြားသေးပါဘုရား။

ဆရာတော်              ။        ။ အဲဒီတောရအင်္ဂါနဲ့ညီတဲ့ သုသာန်မြေပေါ်က သစ်ပင်အောက်မှာ နေသည် ဖြစ်စေ၊ လွင်တီးခေါင်မှာ နေသည်ဖြစ်စေ ယထာသန္တတိဓူတင်ရယ် ရုက္ခမူ ဓူတင်နှင့် အဗ္ဘောကာသိကဓူတင် မပျက်ဘူးလို့ စာတွေက ပြထားပါတယ်ဦးဇင်း။

MA ဦးဇင်း            ။        ။ ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော် အခုထိ နားလည်တာလေး လျှောက်ပါရစေဘုရား။ မှားရင် အမှန်ကို ပြပေးတော်မူပါဘုရား။

ဆရာတော်              ။        ။ လျှောက်ပါလေ။

MA ဦးဇင်း            ။        ။ ညဦးပိုင်း သီတင်းသုံးရာကျောင်းမှာ ဓူတင် ၁ ပါးရပါတယ်။ သန်းခေါင်ယံမှာ သုသာန်သွားပြီးတော့ မိုးသောက်ယံမှာ တောအရုဏ်ယူတာနဲ့ ဓူတင် ၅ ပါး ရပါပြီဘုရား။ မိုးလင်းဆွမ်းခံကြွရင် ဆွမ်းဓူတင် ၅ ပါး ရပါပြီဘုရား။

ဆရာတော်              ။        ။ ဟုတ်ပြီဦးဇင်း။ အခုဓူတင် ၁၁ ပါးရပြီနော်။ သင်္ကန်းဓူတင် ၂ ပါးကို ဆက်ကျင့်ရင် ဓူတင် ၁၃ ပါးလုံး အပြည့်ရပြီပေါ့ဘုရား။

MA ဦးဇင်း            ။        ။ မြန်မာနိုင်ငံမှာ အခုလို ဓူတင်ဆောင် ရဟန်းတော်များ ရှိပါသေးသလားဘုရား။

ဆရာတော်              ။        ။ အခုလို ကျင့်နည်းတွေ ပြည့်ပြည့်စုံစုံ ရှိနေသေးတဲ့အတွက် ကျင့်သုံးတော်မူကြတဲ့ သူတော်ကောင်းများ မြန်မာ့မြေပေါ်မှာ မဆိတ်သုဉ်းသေးပါဘူး ဦးဇင်း။

MA ဦးဇင်း            ။        ။ သာဓု၊ သာဓု၊ သာဓု ပါဘုရား။ ဓူတင်ဆောင် ထေရ်ရှင်များကို ဦးညွတ် ရှိခိုး ကန်တော့ပါတယ်ဘုရား။

 

ဓုတ နှင့် ဓုတဝါဒ

 

MA ဦးဇင်း            ။        ။ ဓူတင်သာသနာဆိုင်ရာ သိကောင်းစရာတွေကို သိရတာ အားရလှပါတယ် ဘုရား။ နောက်ထပ်  သိသင့် တာများရှိသေးရင် သိပါရစေဘုရား။

ဆရာတော်              ။        ။ သိသင့်တာဆိုလို့ သတိရမိတာလေးတစ်ခုက ဓူတင်နဲ့စပ်လျဉ်းပြီး ပုဂ္ဂိုလ် ၄ ပါး ရှိတယ်ဦးဇင်း။

MA ဦးဇင်း            ။        ။ ဘယ်လို ပုဂ္ဂိုလ် ၄ ပါးပါလဲဘုရား။

ဆရာတော်              ။        ။ အရှင်ဗာကုလလို ကိုယ်တိုင်သာ ဓူတင်ဆောင်ပြီး တစ်ပါးသောရဟန်းများကို ဓူတင်ဆောင်ဖို့ မဟောပြော မဆုံးမတဲ့ရဟန်းကို ဓုတလို့သာခေါ်ပြီး ဓုတဝါဒ လို့ မခေါ်ဘူးတဲ့ဘုရား။

MA ဦးဇင်း            ။        ။ ဓုတရဟန်းခေါ်တာကို မှတ်မိပါပြီဘုရား။

ဆရာတော်              ။        ။ နောက်တစ်ပါးက အရှင်ဥပနန္ဒလို ကိုယ်တိုင်ကတော့ ဓူတင်မဆောင်ဘူး။ တစ်ပါးသော ရဟန်းတော်များကို ဓူတင်ဆောင်ဖို့ ဟောပြောဆုံးမတဲ့ ရဟန်းကို ဓုတဝါဒခေါ်ပြီး ဓုတတော့ မဟုတ်ဘူးတဲ့ ဦးဇင်း။

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။

ဆရာတော်              ။        ။ နောက်တစ်ပါးက အရှင်လာဠုဒါယီကဲ့သို့ ကိုယ်တိုင်လည်း ဓူတင်မဆောင်ဘူး၊ တစ်ပါးသူတို့ကိုလည်း ဓူတင်ဆောင်ဖို့ ဟောပြောဆုံးမခြင်းမရှိတဲ့ ရဟန်း ကိုတော့ ဓုတလည်းမခေါ်ဘူး။ ဓုတဝါဒလည်း မခေါ်ပါဘူးတဲ့ဘုရား။ အခုနောက်ဆုံး အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပ၊ အရှင်ပိဏ္ဍောလ ဘာရဒွါဇမထေရ်ကြီးများကဲ့သို့ ကိုယ်တိုင်လည်း ဓူတင်ဆောင်တော်မူတယ်။ တစ်ပါးသူတို့ကိုလည်း ဓူတင်ဆောင်ဖို့ ဟောပြော ဆုံးမတဲ့အတွက် ဓုတလည်း ဟုတ်တယ်။ ဓုတဝါဒလည်း ဟုတ်ပါတယ်ဦးဇင်း

MA ဦးဇင်း           ။        ။ လေးနက်စွာ မှတ်သားပါ့မယ်ဘုရား။ တပည့်တော်လည်း ဓုတ၊ ဓုတဝါဒ ဖြစ်အောင် ကြိုးစားပါ့မယ်ဘုရား။

ဆရာတော်             ။        ။ သာဓုပါ ဦးဇင်း။

 

ဓူတင်ဆိုင်ရာ အဆုံးအဖြ တ်အချို့

 

MA ဦးဇင်း             ။        ။  ဓူတင်ဆိုင်ရာ သိမှတ်ဖွယ်ရာတွေ ရှိသေးရင် ထပ်သိချင်ပါသေးတယ် ဘုရား။

ဆရာတော်              ။        ။ ဆိုင်ရာဓူတင် အခန်းကျရင်လည်း ထပ်ပြောကြသေးတာပေါ့ ဦးဇင်း။ အခု သတိရမိတာလေးတွေ နည်းနည်း ပြောပြဦးမယ်နော်။

MA ဦးဇင်း            ။        ။ မှန်ပါဘုရား။

ဆရာတော်              ။        ။ ဝိနည်းကျမ်းဖြစ်တဲ့ စူဠဝါပါဠိတော်မှာ ပြထားတာ တစ်ခုရှိတယ်။ ပရိဝါသ်ယူပြီး ဓူတင် ၁၃ ပါးကို စတင်ပြီးတော့ ဆောက်တည် ကျင့်သုံးလိုတဲ့ ရဟန်းက အာရညကင်ဓူတင်နှင့် ပိဏ္ဍပါတ်ဓူတင်တို့ကို မဆောက်တည်ရဘူးလို့ ဆိုထားတယ်။

MA ဦးဇင်း            ။        ။ ဘာကြောင့်ပါလဲဘုရား။

ဆရာတော်              ။        ။ ပါဠိတော်က ဒီလောက်ပဲပြပြီး စူဠဝါအဋ္ဌကထာမှာကျတော့ အာရညကင် ဓူတင် မဆောက်တည်ရဆိုတာ ဘာကြောင့်လဲဆိုရင် အသစ်အသစ် ရောက် လာကြမဲ့ ရဟန်းတို့ကို ပရိဝါသ် ကြားဖို့ရာ ရှက်တဲ့စိတ်ကြောင့် အာရညကင် ဓူတင် မဆောက်တည်ကြဘူးလို့ ဆိုပါတယ် ဦးဇင်း။

MA ဦးဇင်း            ။        ။ တင်ပါဘုရား။

ဆရာတော်              ။        ။ ဆက်ပြောတာ ရှိသေးတယ်။ သို့ပါသော်လည်း နဂိုကတည်းက အာရညကင် ဓူတင်ဆောက်တည်ပြီး ဖြစ်နေတယ်ဆိုရင်တော့ အဖော်ရဟန်းကိုပင့်ပြီး တောထဲမှာ အရုဏ်တက်စေရမယ်တဲ့။

MA ဦးဇင်း            ။        ။ ကျင့်စရာ အသေးစိတ်သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဘုရား။

ဆရာတော်              ။        ။ နေဦးနော်။ သတိရတာလေး ပြောပြဦးမယ် ဦးဇင်း။ ဒဏ်သားရဟန်း ဖြစ်နေ တဲ့အတွက် ဆွမ်းစားကျောင်းမှာ အစွန်အဖျားနေရာမှာ နေရမှာနော်။ ဒါကို ရှက်တဲ့စိတ်ရှိနေရင် ပိဏ္ဍပါတ်ဓူတင်ကို အခုမှစပြီး မဆောက်တည်သင့်ဘူးတဲ့ ဦးဇင်း။ ဒီနေရာမှာ ထပ်ဖွင့်ဆိုတာ တစ်ခုရှိတယ်။ အဲဒီရဟန်းက ပင်ကိုက ပိဏ္ဍပါတ်ဓူတင် ဆောက်တည်ထားခဲ့ပြီးသူ ဖြစ်နေရင်တော့ ကျင့်ကောင်း ပါတယ်လို့ ဖွင့်ဆိုထားပြန်တယ်ဘုရား။

MA ဦးဇင်း            ။        ။ ရှေးရှေးဆရာသခင်များရဲ့ အသေးစိတ် ဖွင့်ဆိုချက်တွေ အခုလို ပြည့်ပြည့် စုံစုံ သိခွင့်ရလို့ ဝမ်းမြောက်ပါတယ်ဘုရား။

ကျမ်းညွှန်း ၁။  (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ (နှာ-၇၈)၊ ၂။ (၇၆) ပါရိဝါသိကဝတ္တ၊ ပါရိဝါသိကခန္ဓက၊ စူဠဝဂ္ဂပါဠိ (နှာ-၈၃)

ဆရာတော်              ။        ။ ကောင်းပါပြီ။ နောက်ထပ်တစ်ခု သတိရတာက ညောင်လေးပင်တောရ ဆရာတော်ကြီးရဲ့ ဓူတင်ဆိုင်ရာ အဆုံးအဖြတ်တစ်ခုပါ။ မူရင်းစာအတိုင်းပဲ ပြောပြမယ်နော် ]အချို့ကား ခွက်အများ အကပ်ခံလျှင် ပျက်သည်။ ကိုယ် တိုင်ပင် ထည့်လျှင်ပျက်သည်ဟု မစားမီက ပျက်ခြင်းကို အဆိုဦးကုန်၏။ အချို့ကား၊ ထိုခွက် တစ်ခုတည်းဖြင့်သော်လည်း နှစ်ကြိမ်စားလျှင် နှစ်ခု   မြောက်ခွက်ဖြစ်၍ နှစ်ကြိမ်နှင့် နှစ်ခွက် မကွဲမပြား အယူအဆ ရှုပ်ထွေးကုန်၏။ အချို့ကား ခံတွင်းသို့ ရောက်သမျှအရိုး စသည်တို့ကို တဖြည်းဖြည်း ဝါး၍ မျိုရမည်။ မမျိုမူ၍ ထွေးလျှင် ပျက်သည်ဟု အတ္တကိလမထနည်းဖြင့် အယူသီးကုန်၏။ အချို့ကား ခွက်၌ ရှိသမျှအားလုံး ရောနယ်မွှေမှ မြတ်သည်ဟု ပညာမဲ့သဒ္ဓါလွန်စကား ကျွံကုန်၏} တဲ့ ဦးဇင်း။

MA ဦးဇင်း            ။        ။ တင်ပါ။ အလွန်မှတ်သားထိုက်တဲ့ ဓူတင်ဆိုင်ရာ အဆုံးအမပါဘုရား။

ဆရာတော်              ။        ။  ဆရာတော်ကြီး ဆက်ပြီးမိန့်တော်မူတာက ‘ဆရာမြတ်တို့ကား ခံသောအခါ ခွက်များလည်း အပြစ်မရှိ။ စားသောအခါ တစ်ခွက်တည်းသာ စားရသည်။ ဝမ်းပမာဏ သင့်ရုံ ယူအပ်သောကြောင့် ကိုယ်တိုင် ပြင်ထည့်ခြင်းကို အပြစ် မဆိုသင့်။ နေရာရွှေ့ပြောင်း၍ အထပ်ထပ်စားလျှင် အပြစ်မရှိ။ ခွက်ကား မပြောင်းရ။ ခွက်၌ရှိသော အရိုး၊ စပါးလုံး စသည်ကို လက်ဖြင့်ယူ၍ ထွေးခံ၌ သော်လည်း မစွန့်အပ်။ ခံတွင်းသို့ ရောက်သော အရိုးစသည်ကိုကား ပါးစောင်တစ်ဖက်ဖြင့် ထွေးစွန့်ကောင်း၏။ ရောမွှေရသည် ဟူသော  စကားလွန် တွင်ကျယ်သောကြောင့် စက်ဆုပ်၍ ဤဓုတင်ကို ကျင့်လိုသူ နည်းပါးချေပြီ။ ငါတို့ ဘုရားသခင်သည် သန့်သန့်ရှင်းရှင်း စားခြင်းကိုသာ နှစ်သက်သော မြို့ကြီးသားဖြစ်သောကြောင့် သေခိယ၌ ရွံဖွယ်ပြုခြင်းတို့ကို များစွာ ကဲ့ရဲ့တော်မူပြီဟု ဆိုကုန်၏။’ လို့ ဝိသုဒ္ဓိမဂ်အရသာစာအုပ်မှာ ပြထားတယ်ဘုရား။

MA ဦးဇင်း            ။        ။ မှတ်သားထားပါ့မယ်ဘုရား။

ကျမ်းညွှန်း ၁။ (၇၆) ပါရိဝါသိကဝတ္တကထာ၊ ပါရိဝါသိကခန္ဓက၊ စူဠဝဂ္ဂအဋ္ဌကထာ (နှာ-၁၀)၊ ၂။  ညောင်လေးပင်တောရဆရာတော်၏ ဝိသုဒ္ဓိမဂ်အရသာ (၂၀၁၉) ခုနှစ်

ဆရာတော်              ။        ။ အခုနောက်ဆုံး ဓူတင်ကျင့်ထိုက်သူ ၁၀ ပါးကို ဆက်ပြောပြဦးမယ်နော်။

MA ဦးဇင်း            ။        ။ တင်ပါဘုရား။

ဆရာတော်              ။        ။ ဓူတင်အကျင့်ဆိုတာ အကျိုးကြီးကျယ် မြင့်မြတ်တယ် ဦးဇင်း။ ဒါကြောင့်  ‘သာမန် ရဟန်းပုဂ္ဂိုလ်တိုင်း မကျင့်နိုင်ကြဘူး။ ဓူတင်ကျင့်ထိုက်သူ ဆိုတာက ဘယ်လိုလဲဆိုရင် (၁) ယုံကြည်မှု သဒ္ဓါရှိသူ၊ (၂) မကောင်းမှုမှ ရှက်တတ်သူ၊ (၃) တည်ကြည်မှု သမာဓိရှိသူ၊ (၄) အံ့ဖွယ်ကို မပြုတတ်သူ။ (၅) အကျိုးကို ထုံလေ့ရှိသူ၊ (၆) မလျှပ်ပေါ်သူ၊ (၇) အကျင့်သိက္ခာကို လိုလားသူ၊ (၈) မြဲစွာ ဆောက်တည်မှုရှိသူ။ (၉) ကဲ့ရဲ့တတ်ခြင်းသဘော မရှိသူ၊ (၁၀) မေတ္တာပွား၍ နေလေ့ရှိသူတဲ့’ ဦးဇင်း။ ဒီတစ်ကျိပ်သော ရဟန်းတို့က ဓူတင်အကျင့်ကို ကျင့်ထိုက်သူများ ဖြစ်ကြပါတယ်ဘုရား။

 

ကျမ်းညွှန်းများ

၁။   (၂) ဓုတင်္ဂပဥှ၊ အနုမာနဝဂ္ဂ၊ မိလိန္ဒပဥှပါဠိ (နှာ-၃၃၃)

*    မောနေယျစံကျောင်းဆရာတော် အရှင်မဟာ ဝိညသုဒ္ဓိမဂ္ဂဒီပနီ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ အဖွဲ့က ပုံနှိပ်ထုတ်ဝေသည်။ (၁၉၇၃ ခု)

*    အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝသ၏ ပထမကျမ်းစာ ရတနာ့ဂုဏ်ရည် (၂၀၀၆) ခုနှစ်

*    ဆဋ္ဌသင်္ဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ရေးသားစီရင်အပ်သော ဝိသုဒ္ဓိမဂ် မြန်မာပြန် (ပထမတွဲ) (၂၀၀၈)ခုနှစ်

*   အရှင်တိဿရထေရ် (သာသနဓဇသိရီပဝရ ဓမ္မာစရိယ၊ ဂဏဝါစက၊ အရညဝါသီ) ရေးသားတော်မူသည့် ဓုတင်္ဂဝိနိစ္ဆယ ခေါ် ဓူတင်အဆုံးအဖြတ်ကျမ်း (၂၀၁၆)ခုနှစ်

*   ကျော်နန္ဒအောင် စုဆောင်းပူဇော်သည့် ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဝိပဿနာရှုနည်းများ ပေါင်းချုပ် (ဒုတိယအုပ်)

*   ဓမ္မာစရိယ ဦးဌေးလှိုင်ရေးသားပြုစုသည့် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (၁၉၉၂)ခုနှစ်

*   ညောင်လေးပင်တောရဆရာတော်၏ ဝိသုဒ္ဓိမဂ်အရသာ(၂၀၁၉) ခုနှစ်

*    အရှင်ခေမာနန္ဒ (ရန်ကင်းတောရ-သပြေပင်) ရေးသားတော်မူသည့် နဘူးကျင်းဆရာတော်ကြီး၏ စံနမူနာယူစရာကျင့်သီလ (၂၀၁၇)ခုနှစ်

*    http://www.suttacentral

*    http://www.wisdomlib.org

*    http://en.dhammadana.org

*    https://www.thitsa-paramisociety.com

*    https://www.tititudorancea.com

*    https://www.dhammatrainingcenter.com

 

https://www.dhammatrainingcenter.com/wp-content/uploads/2022/12/သိကောင်းစရာ-ဓူတင်သာသနာ-ဓူတင်-နှင့်-ဓူတင်ဆောင်ရဟန်း-Download-.pdf

Loading