၁။ ပံ့သကူဓူတင်

Pamhsukūla dhutanga

 

ပံ့သကူဓူတင်ကို ဆောင်တော်မူသောရဟန်းသည် ဒါယကာတို့လှူဒါန်းသော သင်္ကန်းကိုပယ်ပြီး ပံ့သကူသင်္ကန်းကိုဆောင်၍ နေတော်မူလေ့ရှိသည်။

The bhikkhu who has got used to utilise only pamhsukūla  robes , that arrives from a disgusting spot (such as a charnel) is called a “pamhsukūlika.

ပံ့သကူဓူတင် ဆောက်တည်ပုံ

ပံ့သကူဓူတင်ကို ဆောက်တည်လိုသော ရဟန်းသည်

“ဂဟပတိဒါနစီဝရံ ပဋိက္ခိပါမိ””

“ပံသုကူလိကင်္ဂံ သမာဒိယာမိ”

ဟူသော နှစ်ပါးတွင် တစ်ပါးပါးဖြင့် ဆောက်တည်ရာ၏။

ကျမ်းညွှန်း  ၁။ (၁) ပံသုကူလိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၅၉)

 

“ဒါယကာတို့လှူဒါန်းသော သင်္ကန်းကို ပယ်ပါ၏”

“ပံ့သကူသင်္ကန်း ဆောင်လေ့ရှိသောရဟန်း၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို ဆောက်တည်ပါ၏”

“gahapatidānacīvaramh pathikkhipāmi,  pamhsukūlikanHgamh samādiyāmi.” “I renounce to the offered robes, I will train into utilising only abandoned robes.”

 

ဝေါဟာရအဓိပ္ပာယ်

 

ဂဟပတိဒါနစီဝရံ          = အိမ်ရှင်ဒါယကာတို့ လက်ဖြင့်လှူအပ်သော သင်္ကန်းကို၊

ပဋိက္ခိပါမိ                   = ပယ်ပါ၏။

ပံသုကူလိကင်္ဂံ              = ပံသကူသင်္ကန်း ဆောင်လေ့ရှိသောပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို၊

သမာဒိယာမိ                 = ဆောက်တည်ပါ၏။

ပံသုကူလိက                 = ပံ့သကူသင်္ကန်းကို ဝတ်ရုံ သုံးဆောင်လေ့ ရှိသောရဟန်း၊

ပံသုကူလိကင်္ဂ              = ထိုပံ့သကူသင်္ကန်းကို ဝတ်ရုံ သုံးဆောင်လေ့ ရှိသောရဟန်း၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကပင် ပံ့သကူဓူတင်မည်၏။

 

ပံ့သကူဓူတင်ဆောင် သူယုတ်မာရဟန်း

ငါသည် ပံ့သကူဓူတင်ကို ဆောက်တည်၏။ ငါမှတစ်ပါးသော

ဤရဟန်းတို့သည် ပံ့သကူဓူတင်ကို မဆောက်တည်ကြဟု ဆင်ခြင်၏။

ထိုရဟန်းသည် ထိုပံ့သကူဓူတင် ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏။

သူတစ်ပါးကို ရှုတ်ချ၏။ ဤသည်မှာ သူယုတ်မာရဟန်းတို့၏ တရားတည်း။

 

ပံ့သကူဓူတင်ဆောင် သူတော်ကောင်းရဟန်း

ပံ့သကူဓူတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည်

လောကုတ္တရာတရား အားလျော်သောတရားကို ကျင့်၏။

ရိုသေထိုက်အောင် ကျင့်၏။ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏။

ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏။

ထိုအကျင့်ကောင်းသော ရဟန်းကိုချီးမွမ်းထိုက်၏။

သူတော်ကောင်းတရား

ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍

ပံ့သကူဓူတင် ဆောက်တည်သည်၏ အဖြစ်ဖြင့်

မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။

ဤသည်မှာလည်း သူတော်ကောင်းတို့၏ တရားတည်း။

ပံ့သကူ နှင့် ပံသုကူ

 

MA ဦးဇင်း        ။           ။ တပည့်တော် ဓူတင်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့အတွက် ဓူတင်ဆိုင်ရာ သိကောင်းစရာတွေ မေးလျှောက်ခွင့် ပြုတော်မူပါဘုရား။

ဆရာတော်          ။           ။ ဦးဇင်းက ဓူတင်အကြောင်းထဲက ဘာတွေကိုများ စိတ်ဝင်စားနေတာလဲ။

MA ဦးဇင်း        ။           ။ တပည့်တော် ဓူတင်ရဲ့အဓိပ္ပာယ်ကိုလည်း ပြည့်ပြည့်စုံစုံ သေသေချာချာ သိချင်ပါသေးတယ်ဘုရား။

ဆရာတော်          ။           ။ ကောင်းပါပြီ။ ဓုတင်္ဂ = ဓုတင်ရဲ့အဓိပ္ပာယ်က ကိလေသာကို ခါတွက်ခြင်းတဲ့။

MA ဦးဇင်း        ။           ။ ခါတွက်တယ်ဆိုတာ ဘာကိုဆိုလိုနေမှန်း နားမလည်သေးပါဘုရား။

ဆရာတော်          ။           ။ ခါတွက်တယ်ဆိုတဲ့ မြန်မာစကားရဲ့ အဓိပ္ပာယ်ကတော့ လက်မှာပေကျံနေတဲ့ အညစ်အကြေးတွေကို ခါချတာ၊ ခါထုတ်ပြစ်ရတာလိုပဲ နိဗ္ဗာန်ကို လိုလားတဲ့ အရှင်မြတ်တို့ကလည်း ၁၃ ပါးသော ဓူတင်အကျင့်မြတ်တို့ကို ကျင့်ပြီးတော့ အတွင်းသဏ္ဌာန်မှာရှိနေတဲ့ ကိလေသာအညစ်အကြေးတွေ ခါထုတ်တာကို ဆိုလို တာပါဦးဇင်း။

MA ဦးဇင်း        ။           ။ မှန်ပါဘုရား။ ဓူတင် ၁၃ ပါးထဲမှာ ပထမဦးဆုံး ဓူတင်က ပံ့သကူဓူတင်လို့ မှတ်သားထားဖူးတာ မှန်ပါသလားဘုရား။

ဆရာတော်          ။           ။ မှန်တယ်ဦးဇင်း။ မှန်တယ်။

MA ဦးဇင်း        ။           ။ တပည့်တော်က မြန်မာစာပေကို ဝါသနာပါတယ်ဘုရား။ မေးခွင့်ပြုတော်မူပါ၊ ပံ့သကူနှင့် ပံသုကူအဓိပ္ပာယ်က အတူတူပဲလားဘုရား။

ဆရာတော်          ။           ။ တူပါတယ်။ ဒါကလည်း ပါဠိကနေသက်ဆင်းလာတဲ့ ဝေါဟာရဖြစ်ပါတယ်။  မြေကြီးပေါ် စွန့်ပစ်ထားတဲ့အဝတ်၊ အရှင်မရှိတဲ့ပစ္စည်းကို ခေါ်တာပါ။ ‘ပံသုကူလစီဝရ’ ဆိုရင် ပံ့သကူသင်္ကန်းလို့ ယူရပါတယ်။ အင်္ဂလိပ်လို A robe made of rags taken from dustbin လို့လည်းယူနိုင်ကြောင်း ဦးဟုတ်စိန် အဘိဓာန်က ပြပါတယ်။

MA ဦးဇင်း        ။           ။ ပံ့သကူက မြန်မာစကားပါလားဘုရား။

ဆရာတော်          ။           ။ ပါဠိသက်စကားပါ။ မြန်မာက ‘ပံသုကူလ’လို့ ခေါ်ရတာ အဆင်မပြေတော့ ‘ပံသုကူ’ ကနေ ပံ့သကူဖြစ်လာတာပါ။ ပင့်သကူလို့ သုံးတာလည်း ရှိပါသေးတယ်။

MA ဦးဇင်း        ။           ။ တချို့ဒေသတွေမှာ ပံ့သကူလို့ ခေါ်ရတာ မပီသတဲ့အတွက် ပင့်သကူလို့ ခေါ်တာကြားဖူးတယ်ဘုရား။

ကျမ်းညွှန်း *     ဒဂုန်ဦးထွန်းမြင့်၏ ပါဠိသက်ဝေါဟာရအဘိဓာန် (နှာ-၁၁၇)

ဆရာတော်       ။           ။ မဟာဇနကပျို့မှာတော့ ‘ပင့်သကူသင်္ကန်း၊ ရဟန်းဘွယ်ရာ၊ ထေးဖြာပြတ်စုတ်’ လို့ မှတ်တမ်းရှိတယ်။

MA ဦးဇင်း      ။           ။ မှန်ပါ။ ပံ့သကူဓူတင်ကို ဘယ်လိုဆောင်ရတာပါလဲဘုရား။

ဆရာတော်       ။           ။ ‘ဂဟပတိဒါနစီဝရံ ပဋိက္ခိပါမိ၊ ပံသုကူလိကင်္ဂံ သမာဒိယာမိ’ ‘ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို ပယ်ပါ၏။ ပံသုကူဆောက်တည်ခြင်းဟူသော အင်္ဂါကို ဆောက်တည်ပါ၏’ လို့ နှုတ်က ဆိုပြီးတော့ ဓူတင်ကို ယူရတယ်။

ကျမ်းညွှန်း ၁။   (၂၄)၊ ပံသုကူလိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၅၉)

MA ဦးဇင်း      ။           ။ ပါဠိလိုဆိုမှ ရတာပါလား။ မြန်မာလိုဆိုရင်ရော ရပါသလားဘုရား။

ဆရာတော်       ။           ။ ရပါတယ်။ နှစ်ဘာသာစလုံး ဆိုရင်လည်း ရပါတယ် ဦးဇင်း။

ဗြ ဦးဇင်း        ။           ။ မှန်ပါဘုရား။ ပံ့သကူသင်္ကန်းကို အမြဲဆောင်ထားလို့ ပံ့သကူကိုယ်တော်ကြီးလို့ ခေါ်ကြ တာပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ပံ့သကူသင်္ကန်းကို အမြဲ ဆောင်တော်မူတဲ့ရဟန်းကို ပါဠိလို ‘ပံသုကူလိကထေရ်’ လို့ ခေါ်ပါတယ်။ မြန်မာလို ‘ပံ့သကူ ကိုယ်တော်’ လို့ ခေါ်နိုင်ပါတယ်။

 

ပံ့သကူသင်္ကန်း

 

MA ဦးဇင်း     ။           ။ ပံ့သကူသင်္ကန်း ဆောင်တဲ့အလေ့အကျင့်က ဘုရားရှင် လက်ထက်တော်အခါက အစပြု ခဲ့တာပါလားဘုရား။

ဆရာတော်       ။           ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက ဒီနေ့လို သင်္ကန်းတိုက်တွေ မရှိသေးဘူးလေ ဦးဇင်း။

MA ဦးဇင်း      ။           ။ ဟုတ်သားပဲ။ သင်္ကန်းအတွက် တော်တော်ခက်ခဲကြမယ် ထင်ပါတယ်ဘုရား။

ဆရာတော်       ။           ။ လမ်းဘေးပစ်ထားတဲ့ အဝတ်စုတ်တွေ၊ သုသာန်မှာ လူသေအလောင်းကောင် ပတ်ထားတဲ့ အဝတ်တွေ၊ အမှိုက်ပုံမှာ ပစ်ထားတဲ့အဝတ်တွေကို ကောက်ယူပြီးတော့ ဖြတ်တောက်ချုပ်ဆိုးပြီး သင်္ကန်းအဖြစ် သုံးရတာဆိုတော့ အထိုက်အလျောက် အခက်အခဲ ရှိပါတယ်။

MA ဦးဇင်း      ။           ။ လူတွေ စွန့်ပစ်ထားတာတွေကိုမှ ကောက်ယူရတာဖြစ်လို့ ပံ့သကူသင်္ကန်း ခေါ်တာ ပါလားဘုရား။

ဆရာတော်       ။           ။  ဟုတ်တယ်ဦးဇင်း။ ကျွန်မရဲ့အလောင်းကို ပတ်ထားပြီး လောက်ကောင်တွေ တရွရွဖြစ်နေတဲ့ ဆာရီလိုအဝတ်ပိုင်းကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ခွာယူပြီး ပံ့သကူသင်္ကန်းအဖြစ် သုံးဆောင် တော်မူခဲ့တဲ့ သာဓကတစ်ခုရှိခဲ့ဖူးတယ်။

MA ဦးဇင်း      ။           ။ အဲသလို အလောင်းကနေရတဲ့ ပံ့သကူသင်္ကန်းကိုတော့ ဘုရားတပည့်တော် မသုံးရဲပါ ဘုရား။

ဆရာတော်       ။           ။ ဒါ အမြင့်မြတ်ဆုံးသင်္ကန်းလို့ ဘုရားရှင် ချီးမွမ်းတော်မူပါတယ်။ ဦးဇင်းက ဘာကြောင့် မသုံးရဲတာလဲ။

MA ဦးဇင်း      ။           ။ အလောင်းကောင်ကနေ ယူရတာဆိုတော့ တစ္ဆေ သရဲ ကြောက်တာပါဘုရား။ တပည့်တော် သိချင်တာ မေးလျှောက်ပါရစေ။ ပံ့သကူဆောင် ရဟန်းက သုသာန်ကြွပြီး အလောင်းကောင်ပေါ်က အဝတ်ကိုတွေ့တာနဲ့ ပံ့သကူကောက်ယူလို့ ရပြီလားဘုရား။

ဆရာတော်       ။           ။ လူသေအလောင်းကောင်က ကိုယ်မပျက်သေးရင်တော့ ပံ့သကူကောက်ယူလို့ မရသေးဘူးဘုရား။

MA ဦးဇင်း     ။           ။ ဘယ်လောက်ကြာကြာ စောင့်ဆိုင်းပြီးမှ ယူရတာပါလဲဘုရား။

ဆရာတော်       ။           ။ ဘုရားရှင် လက်ထက်တော်အခါက သာဓကတစ်ခု ရှိခဲ့ဖူးတယ်။

MA ဦးဇင်း     ။           ။ တစ္ဆေခြောက်တဲ့ သာဓကပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ ဟုတ်တယ် ဦးဇင်း။ ရဟန်းတစ်ပါးက သင်္ကန်းလိုအပ်နေရှာတယ်။ ဒါနှင့် သူက သင်္ကန်းရလိုရငြား သုသာန်ကိုသွားလိုက်တာ အလောင်းကောင်တစ်ခုကို တွေ့တယ်။ ဒါပေမဲ့ ကိုယ်ကောင် မပျက်သေးဘူး။ သူက သင်္ကန်းလည်း လိုအပ်နေတာဆိုတော့ အလောင်းကောင်ကို ပတ်ထားတဲ့ အဝတ်ကိုခွာပြီး ပံ့သကူယူလိုက်တယ်။

ကျမ်းညွှန်း ၁။   (၁၅၄)၊ စိဝရသုတ္တဝဏ္ဏနာ၊ ကဿပသံယုတ္တ၊ နိဒါနဝဂ္ဂအဋ္ဌကထာ (နှာ-၁၈၄)၊ ၂။ (၁၃၇)၊ ဝိနီတဝတ္ထု၊ ဒုတိယပါရာဇိက၊ ပါရာဇိကပါဠိ (နှာ-၇၂)

MA ဦးဇင်း      ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ အဲဒီခဏမှာပဲ လူသေကောင်ကြီးက ဖုတ်တစ္ဆေဝင်ပူးပြီး ‘တပည့်တော် အဝတ်ကို ပြန်ပေးပါ’ လို့ အော်ပြီး နောက်ကနေ လိုက်တောင်းသတဲ့။

MA ဦးဇင်း     ။           ။ ပံ့သကူသင်္ကန်းဆောင်ရတာ ကြောက်စရာကြီးပါဘုရား။ ဆရာတော်ကြီးက သူ့နောက်က လိုက်လာတဲ့ တစ္ဆေကို အဝတ်တွေ ပြန်ပေးလိုက်ပါသလားဘုရား။

ဆရာတော်       ။           ။ ပြန်မပေးခဲ့ဘူးဦးဇင်း။

MA ဦးဇင်း     ။           ။ ဟာ ဒါဆိုရင် တစ္ဆေက ကျောင်းအထိ လိုက်လာသလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ တစ္ဆေက အဲဒီအရှင်မြတ် သီတင်းသုံးတော်မူတဲ့ ကျောင်းတံခါး ပေါက်အထိ လိုက်လာတယ်။

MA ဦးဇင်း     ။           ။ တစ္ဆေက တံခါးကို တွန်းဖွင့်ပြီး ကျောင်းထဲကို ဝင်သလားဘုရား။

ဆရာတော်       ။           ။ ကျောင်းထဲတော့မဝင်ဘူး။ အရှင်မြတ်က ကျောင်းထဲဝင်ပြီး တံခါးပိတ်လိုက်တာနဲ့ အလောင်းကောင်ကို ပူးနေတဲ့တစ္ဆေ ထွက်သွားတော့တယ်။

MA ဦးဇင်း     ။           ။ တစ္ဆေဝင်ပူးနေတဲ့ အလောင်းကောင်ကြီးက ဘယ်ရောက်သွားသလဲဘုရား။

ဆရာတော်       ။           ။ အလောင်းကောင်က ကျောင်းရှေ့တံခါးဝမှာ လဲကျနေရစ်ခဲ့တယ် ဦးဇင်း။

MA ဦးဇင်း     ။           ။ ကြောက်စရာ ကောင်းလိုက်တာ။ ဒီနေရာမှာ တစ္ဆေရဲ့အဝတ်ကို ပိုင်ရှင်မပေးဘဲ ယူတဲ့ရဟန်း အာပတ်မသင့်ဘူးလားဘုရား။

ဆရာတော်       ။           ။ ပါရာဇိကအာပတ်တော့ မသင့်ပါဘူးဦးဇင်း။ ဘုရားရှင်က ‘ရဟန်းတို့ ကိုယ်မပျက်သေးတဲ့ လူသေကောင်ကနေ ပံ့သကူမကောက်ရဘူး။ ကောက်ယူရင် ဒုက္ကဋ်အာပတ်သင့်တယ်’ လို့ ပညတ်တော်မူပါတယ်။

ကျမ်းညွှန်း ၁။   (၁၃)၊ ဝိနီတဝတ္ထု၊ ဒုတိယပါရာဇိက၊ ပါရာဇိကပါဠိ (နှာ-၇၃)

MA ဦးဇင်း      ။           ။ တပည့်တော်သိချင်တာက လူသေကောင်ရဲ့ ဘယ်လိုအခြေအနေကို ကိုယ်မပျက်သေး ဘူးလို့ ယူရပြီး၊ ဘယ်လိုအခြေအနေရောက်မှ ကိုယ်ပျက်တယ်လို့ ယူရပါသလဲဘုရား။

ဆရာတော်       ။           ။ အလောင်းကောင် သုသာန်ရောက်တဲ့အချိန်မှာ ဓားတွေနဲ့ခုတ်ပိုင်းထားလို့ ကိုယ်အင်္ဂါ အစိတ်အပိုင်း ပျက်နေတာဖြစ်စေ၊ ကား၊ ရထားကြိတ်ထားလို့ ကိုယ်အင်္ဂါအစိတ်အပိုင်း ပျက်နေတာဖြစ်စေ၊ မသေခင်ကတည်းက နူနာရောဂါလိုမျိုးဖြစ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း ပျက်နေတဲ့အလောင်းကနေ ပံ့သကူ ကောက်ယူလို့ရတယ် ဦးဇင်း။

MA ဦးဇင်း      ။           ။ သုသာန်မရောက်ခင်ကတည်းက ကိုယ်အင်္ဂါအစိတ်အပိုင်း ပျက်နေတာမျိုး ဆိုရင် ပံ့သကူကောက်ယူလို့ ရတယ်ဆိုတာကို နားလည်ပါပြီဘုရား။ ဒါဆိုရင် ကင်ဆာရောဂါဖြစ်ပြီး အဖု၊ အကြိတ် အကြီးကြီးတွေ ကွဲအက်ပြီးတော့ ပြည် တွေ၊ သွေးတွေ တရွှဲရွှဲ ဖြစ်နေတဲ့ အလောင်းကောင်ကနေလည်း ပံ့သကူ ကောက်ရင်ရမယ်လို့ ထင်ပါတယ်ဘုရား။

ဆရာတော်       ။           ။ ရတယ်ဦးဇင်း။ သို့သော် သုသာန်ရောက်လာတဲ့ အလောင်းကောင်က လတ်လတ် ဆတ်ဆတ် ဖြစ်နေရင်တော့ ပံ့သကူကောက်ခွင့် မရှိဘူး။ ဒါကြောင့် ကိုယ်ပျက်တဲ့အထိ စောင့်ပြီးမှ ယူရမယ်လို့ ပြဋ္ဌာန်းတာပါ ဦးဇင်း။

MA ဦးဇင်း      ။           ။ မှန်ပါ။ ကိုယ်ပျက်တယ်ဆိုတာကို ဘယ်လိုအခြေအနေပါလဲဘုရား။

ဆရာတော်       ။           ။ အလောင်းကောင်ကို ကျီးတွေ၊ စွန်တွေ၊ လင်းတတွေ၊ တောခွေး၊ အိမ်ခွေး တွေက နှုတ်သီးနဲ့ထိုးဆွပြီး စားထားရင် ကိုယ်ပျက်ပြီလို့ ယူနိုင်ပါပြီ။

MA ဦးဇင်း      ။           ။ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်       ။           ။ နောက်ထပ်တစ်ခု သိသင့်စရာက သုသာန်ရောက်ပြီးနောက် တိရစ္ဆာန်တွေ မစား မသောက်ထားသော်လည်း သုံးရက်လောက်နေရင် အလောင်းကောင်ကြီး ဖူးဖူးရောင်လာတော့မယ်။ ဒါဆိုရင် လည်း ပံ့သကူကောက်လို့ ရပါတယ်ဘုရား။ နောက်တစ်ခုရှိသေးတာက ကိုယ်မပျက်သေးသော်လည်း သုသာန် စောင့်တို့၊ ကပ္ပိယတို့က ကောက်ပြီး ယူလာမယ်ဆိုရင်လည်း ရပါတယ် ဦးဇင်း။

MA ဦးဇင်း      ။           ။ မာတုဂါမအလောင်းဆိုရင် ကိုယ်တိုင်ကောက်ယူခွင့် ရှိပါသလားဘုရား။

ဆရာတော်       ။           ။ ရှိပါတယ် ဦးဇင်း။ ရှိပါတယ်။ သမဏသညာနဲ့ သတိကြီးကြီးထားပြီး ကောက်ယူရပါမယ်ဘုရား။

ကျမ်းညွှန်း ၁။  ဝိနယသင်္ဂဟအဋ္ဌကထာ (နှာ-၄၂၂)

MA ဦးဇင်း     ။           ။ ပံ့သကူသင်္ကန်းကို ဘုန်းကြီးအလောင်းကနေရရင် ပိုကောင်းမယ် ထင်ပါတယ်ဘုရား။

ဆရာတော်       ။           ။ ဘုန်းကြီးပျံကနေရတဲ့ သင်္ကန်းကတော့ ဘာမှချုပ်လုပ် ဆေးဆိုးစရာမလိုဘဲ သုံးနိုင်တာ ပေါ့။

MA ဦးဇင်း     ။           ။ ဘုန်းကြီးပျံကနေ သင်္ကန်းရဖို့ ခက်ခဲမယ်ထင်ပါတယ်ဘုရား။

ဆရာတော်       ။           ။ လွယ်တဲ့နည်း တစ်ခုရှိတယ် ဦးဇင်း။ တစ်နေ့ တစ်နေ့ အလောင်းရာချီ သင်္ဂြုဟ်လေ့ရှိတဲ့ သုသာန်မျိုးမှာ ဘုန်းကြီးအလောင်းလည်း ပါတတ်တယ်။

MA ဦးဇင်း     ။           ။ ရန်ကုန်က ရေဝေးသုသာန်မှာ ဘုန်းကြီးအလောင်း ရှိမရှိက ဘယ်လိုလုပ် သိရပါမလဲ ဘုရား။

ဆရာတော်       ။           ။ အလွယ်ဆုံးနည်းကတော့ သုသာန်က သုဘရာဇာတွေနဲ့ ချိတ်ဆက်ထားရင် ဘုန်းကြီး အလောင်း ရေခဲတိုက်ထဲရှိတဲ့နေ့နဲ့ အလောင်းမီးသင်္ဂြုဟ်မဲ့နေ့ကို ကြိုတင် သိနိုင်ပါတယ်။ တချို့ သီတင်းသုံး ဖော်တွေ ရေဝေးသုသာန်ကနေ ပံ့သကူသင်္ကန်းတွေ မကြာခဏ ရဖူးကြတယ်ဘုရား။

MA ဦးဇင်း     ။           ။ သင်္ကန်းဟောင်းနွမ်းလို့ လိုချင်တဲ့အချိန်ကိုက်ရဖို့တော့ ခက်ခဲမယ်ထင်ပါတယ်ဘုရား။

ဆရာတော်       ။           ။ ဒါတော့ စိတ်ရှည်ရမှာပါ။ ကိုယ်လိုချင်တဲ့ အချိန်ကိုက် ဘယ်ဘုန်းကြီး ပျံလွန်မလဲဘုရား။

MA ဦးဇင်း     ။           ။ ပံ့သကူဥက္ကဋ္ဌ အမြတ်ဆုံးရဟန်းက သုသာန်ကရတဲ့ သင်္ကန်းကို ဆောင်ထားတဲ့အတွက် နံစော်ပြီး ချုပ်ရာ၊ ဖာထေးရာတွေ ဗလပွ ဖြစ်နေမယ် ထင်ပါတယ်ဘုရား။

ဆရာတော်       ။           ။ ဘုန်းကြီးပျံတို့၊ လူသေအလောင်းကောင်တို့ကနေ ရထားတဲ့ ပံ့သကူသင်္ကန်းကို ဆောင် ထားတဲ့ရဟန်းအဖို့ ချုပ်ရာ၊ ဖာထေးရာတွေ ဗလပွကြောင့်ကို မာန်မာန လျှော့တာပေါ့။ အလောင်းကောင်ကရတဲ့ အဝတ်သင်္ကန်းဖြစ်လို့ သေခြင်းတရားကို များများသတိရနိုင်တယ် ဦးဇင်း။

MA ဦးဇင်း     ။           ။  သုသာန်ကနေရတဲ့ ပံ့သကူသင်္ကန်း အကျိုးများတာကို သိရပါသော်လည်း တပည့်တော် ကြောက်တယ်ဘုရား။

ဆရာတော်       ။           ။ အဲသလိုကြီးလည်း အကြောက်မလွန်ပါနဲ့လေ။ ပံ့သကူသင်္ကန်းဆိုတာ ပိုင်ရှင်စွန့်ပစ် ထားတာကို ကောက်ယူ သုံးစွဲတာပါ။ ပိုင်ရှင်မရှိဘူး။ ဘယ်သူ့ အတွက်မှလည်း တာဝန်မလေးဘဲ ဖြစ်ပေါ်လာတဲ့ သင်္ကန်းမို့လို့ ဘုရားရှင် ချီးမွမ်းတော်မူပါတယ်။

MA ဦးဇင်း     ။           ။ ဒါဆိုရင် သာသနာတော်မှာ သံဃာအားလုံး ပံ့သကူသင်္ကန်းပဲ သုံးရပြီး ဒါယကာများ လှူဒါန်းတဲ့သင်္ကန်းကို သုံးခွင့် မရှိတာပါလားဘုရား။

ဆရာတော်       ။           ။ မြတ်စွာဘုရားရှင် ဝါတော် ၂၀ လောက် ရှိလာတဲ့အခါမှာ ဆရာဇီဝက လျှောက်ထားလို့ သင်္ကန်းအလှူခံပြီး သုံးခွင့် ပြုတော်မူခဲ့တာပါ။

MA ဦးဇင်း     ။           ။ ပံ့သကူသင်္ကန်းအစ ကျွန်မအလောင်း ပတ်ထားတဲ့အဝတ်က စတာပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ ကျွန်မရဲ့အလောင်းကို ပတ်ထားတဲ့ အဝတ်က စတာပါ။ သာသနာ့ မှတ်တမ်းမှာတော့ ဇာလိနီနတ်သမီးက အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကြီးအတွက် သင်္ကန်းပံ့သကူပစ်တာလည်း ရှိနေတော့ တချို့က ဒါကို ပံ့သကူသင်္ကန်းအစလို့ ထင်ကြတယ်။

MA ဦးဇင်း     ။           ။ နတ်သမီးက အရှင်အနုရုဒ္ဓါအတွက် ပံ့သကူသင်္ကန်း လှူတာပါလားဘုရား။

ဆရာတော်       ။           ။ ပံ့သကူသင်္ကန်းဆိုမှတော့ လက်ထဲလှူတာ မဟုတ်ပါဘူး။ အရှင်အနုရုဒ္ဓါ မထေရ်မြတ် ကြီးရဲ့ သင်္ကန်းက အတော်ကြီးကို ဟောင်းနွမ်းနေတဲ့အတွက် သုသာန်တွေ၊ အမှိုက်ပုံတွေမှာ လူအများ စွန့်ပစ် ထားတဲ့ အဝတ်စအဟောင်းကို ရှာဦးမှပဲဆိုပြီး ထွက်ကြွတော်မူတယ်။ ဒါကို ဘဝဟောင်းက ဇနီးမယားတော်ဖူးတဲ့ ဇာလိနီနတ်သမီးက အရှင်မြတ်ရဲ့ စိတ်အကြံကို သိလိုက်တယ်။

MA ဦးဇင်း      ။           ။ မှန်ပါ။ နတ်သမီးရဲ့ တန်ခိုးနဲ့ သိတာပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ် သူ့တန်ခိုးနဲ့ သိတာပါ။ ဒါနဲ့ နတ်သမီးက ကိုယ်တိုင် လက်ဝယ် အရောက် လှူချင်ပေမဲ့ မထေရ်မြတ်က အလှူမခံမှာကိုလည်း သူစိုးရိမ်တယ်။ ဒါကြောင့် မထေရ်မြတ်ရဲ့ ဆန္ဒတော်အတိုင်း ဖြစ်ပါစေတော့ဆိုပြီး အမှိုက်ပုံနားမှာ အဝတ်စသုံးထည်ကို မသိမသာ စွန့်ပစ်ပြီး လှူဒါန်းခဲ့တယ်။ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်နေပါတယ်။

ကျမ်းညွှန်း ၁။   (၃၃၇)၊ ဝရယာစနကထာ၊ စီဝရက္ခန္ဓက၊ မဟာဝဂ္ဂပါဠိ (နှာ-၃၉၂)၊ ၂။      (၄)၊ အနုရုဒ္ဓတ္ထေရဝတ္ထု၊ အရဟန္တဝဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ-၁ (နှာ-၃၈၇)

MA ဦးဇင်း      ။           ။ ဒါကြောင့် တန်ဆောင်မုန်းလပြည့်နေ့မှာ သင်္ကန်းအပါအဝင် သံဃာတော်များ အသုံး အဆောင်ပစ္စည်းတွေ ပံ့သကူပစ်ပြီးတော့ လှူတာထင်ပါတယ်ဘုရား။

ဆရာတော်       ။           ။ ဟုတ်ပါတယ်။

 

ဧဟိဘိက္ခုရဟန်း

 

MA ဦးဇင်း     ။           ။ ရှေးရှေး သံဃာတော်များက ပံ့သကူသင်္ကန်းကိုပဲ သုံးတာပါလားဘုရား။

ဆရာတော်       ။           ။ ဘုရားရှင်က ဧဟိဘိက္ခု (ရဟန်းလာလှည့်)ဟု ခေါ်ကာမျှဖြင့် သပိတ်၊  သင်္ကန်း၊ ပရိက္ခရာရှစ်ပါးနဲ့ ရဟန်းအဖြစ်ကို ရောက်တာလည်း ရှိပါတယ်။

MA ဦးဇင်း     ။           ။ ဧဟိဘိက္ခုရဟန်းဖြစ်ဖို့ အရည်အချင်းကို အသေးစိတ် သိချင်ပါသေးတယ်ဘုရား။

ဆရာတော်       ။           ။ ရှေးရှေးဘဝများက အရိယာရဟန်းကိုဖြစ်စေ ဒါမှမဟုတ် သီလပြည့်စုံတဲ့ သီလဝန္တ ပုထုဇဉ် ရဟန်းတော်ကိုဖြစ်စေ ပရိက္ခရာရှစ်ပါး မဟုတ်ရင်တောင်မှ သပိတ်၊ သင်္ကန်းကို လှူဒါန်းပြီး ဧဟိဘိက္ခု ဖြစ်ဖို့ ပါရမီဆုတောင်း ရှိရပါမယ်။ ပြီးတော့ ဒီဘဝမှာ ရဟန္တာဖြစ်မဲ့ နောက်ဆုံးဘဝပိုင်ရှင် ပစ္ဆိမဘဝိက ဖြစ်ရ  ပါမယ်။ ဒါက ဧဟိဘိက္ခုရဟန်းဖြစ်ဖို့ အရည်အချင်းပါပဲ ဦးဇင်း။

MA ဦးဇင်း     ။           ။ မှန်ပါ။ တပည့်တော် သင်္ကန်းလှူဒါန်းခဲ့ဖူးတယ်။ ဆုတော့မတောင်းခဲ့မိဘူး။ ဘုရား တပည့်တော်များရဲ့ သာသနာတော်မှာ ဧဟိဘိက္ခုရဟန္တာ ဘယ်လောက်များ ရှိခဲ့ဖူးပါသလဲဘုရား။

ဆရာတော်       ။           ။ ဘုရားရှင်လက်ထက်တော်ကာလ ဧဟိဘိက္ခု ရဟန်းတော် ၂၈,၆၄၁ ပါး ရှိခဲ့တယ်လို့ သမန္တပါသာဒိက အဋ္ဌကထာဆရာတော်က ရေတွက် မှတ်တမ်း တင်ထားတာ ရှိပါတယ်။

ကျမ်းညွှန်း ၁။   (၁၀)၊ ဗာဟိယသုတ္တဝဏ္ဏနာ၊ ဗောဓိဝဂ္ဂ၊ ဥဒါနဋ္ဌကထာ။ (နှာ-၈၅)၊ * (၃၇၀)၊ ဓာတုဝိဘင်္ဂသုတ္တဝဏ္ဏနာ၊ ဥပရိပဏ္ဏာသဋ္ဌကထာ။ (နှာ-၂၁၅)၊ ၂။   ပဒဘာဇနီယဝဏ္ဏနာ၊ ပဌမပါရာဇိကဋ္ဌကထာ-၁။ (နှာ-၂၀၆)

 

 

ငစွယ်ရှင် ပံ့သကူထေရ်

 

MA ဦးဇင်း      ။           ။ တပည့်တော်တို့ ယနေ့သာသနာတော်မှာလည်း သုသာန်ကသင်္ကန်း ကောက်ယူပြီး ဓူတင်ဆောင်တော်မူတဲ့ ရဟန်းတော်များစွာ ရှိပါသေးသလားဘုရား။

ဆရာတော်       ။           ။ ရှေးရှေးအခါကလည်း ရှိခဲ့ပါတယ်။ အခုလည်း ရှိနေပါသေးတယ်ဦးဇင်း။

MA ဦးဇင်း      ။           ။ ရှေးရှေးအခါက မထေရ်မြတ်များအပါအဝင် ဒီနေ့ခေတ် ဓူတင်ဆောင် ဆရာတော်များ အကြောင်းလည်း ကြည်ညိုပါရစေဘုရား။

ဆရာတော်       ။           ။ ကောင်းပါပြီ၊ ရှေးရှေးဆရာတော်များထဲက ပံ့သကူထေရ်ရှင်တစ်ပါး အကြောင်းကို သတိရလို့ ပြောပြမယ်နော်။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ အချိန်ကာလအားဖြင့် နရပတိစည်သူမင်း လက်ထက်က ပံ့သကူထေရ်တစ်ပါး ရှိခဲ့ ဖူးတယ်။ ရှေးသာသနာဝင် အရှင်အရဟံမထေရ်မြတ်ရဲ့ အဆက်အနွယ် ဖြစ်တော်မူပြီး ဘွဲ့က အရှင်သီလဗုဒ္ဓိတဲ့။ သာသနာမှာ မူလဘွဲ့အမည်နှင့် မထင်ရှားဘဲ ငစွယ်ရှင် ပံ့သကူထေရ်အဖြစ် မှတ်တမ်းတင်တာကို ဖတ်ရပါတယ်။

MA ဦးဇင်း     ။           ။ အရှင်သီလဗုဒ္ဓိလို့ မှတ်တမ်းမဝင်ဘဲ ငစွယ်ရှင်လို့ ဘာကြောင့် မှတ်တမ်းဝင်ရတာ ပါလဲဘုရား။

ဆရာတော်       ။           ။ ဒါက ပြည့်ပြည့်စုံစုံပြောမှပဲ သိနိုင်တော့မယ်။ အရှင်မြတ်ကြီးက ကထိန်သင်္ကန်း ကို ခံယူခြင်းမရှိဘူး။ သုသာန်တစပြင်မှ လူသေကောင်ဖုံးလွှမ်းထားတဲ့ အဝတ်ကိုသာ ပံ့သုကူသုံးဆောင်တော် မူတဲ့အကြောင်း တစ်ရွာလုံး၊ တစ်နယ်လုံးက သိကြတယ်။

MA ဦးဇင်း      ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ တစ်နေ့ကျတော့ သုသာန်အနားမှာ နွားကျောင်းနေကြတဲ့ နွားကျောင်းသား တွေထဲမှာ ငစွယ်ငယ်လို့ နာမည်ရတဲ့ သူငယ်လည်းပါတယ်။ ငစွယ်ငယ်က သူ့သူငယ်ချင်းတွေကို ပြောတယ် ‘သူငယ်ချင်းတို့ နင်တို့လည်း ကုသိုလ်ရ၊ ငါလည်း ကုသိုလ်ရအောင် ငါသေချင်ယောင်ဆောင်မယ်၊ ငါ့ကိုယ်ပေါ်မှာ နင်တို့ရဲ့ အဝတ်ပုဆိုးကို လွှမ်းခြုံထားပြီးတော့ ဆရာတော်ကြီးထံတော်ပါးသွားပြီး သုသာန်မှာ အလောင်းကောင် ရောက်လာပါတယ်ဘုရား။ ပံ့သကူ   ပုဆိုးကို ကောက်ယူတော်မူပါဘုရား’ လို့ လျှောက်ခိုင်းတယ်။

MA ဦးဇင်း      ။           ။ သူတော်ကောင်းကြီးကို နောက်ပြောင်တာမျိုး မလုပ်ကောင်းလိုက်တာဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ ကလေးတွေဆိုတော့ ဘယ်သိမလဲ။ ဒါကြောင့် ငစွယ်ငယ် ပြောတဲ့အတိုင်း သူ့သူငယ်ချင်းတွေက ငစွယ်ငယ်ကို အလောင်းကောင်ပုံစံ ပက်လက်အိပ်ခိုင်းပြီးတော့ ခပ်ဆန့်ဆန့်ကလေး လုပ်ထားကြတယ်။ ပြီးတော့ ဆရာတော်ကြီးထံတော်ပါးသွားပြီး လျှောက်ကြတယ်။ မထေရ်မြတ်ကလည်း သုသာန်ကြွတော်မူပြီး ပံ့သကူ ကောက်တော်မူပါတယ်။

MA ဦးဇင်း      ။           ။ ငစွယ်ငယ်က ဘယ်အချိန်ထပြီး အိမ်ပြန်သွားသလဲဘုရား။

ဆရာတော်       ။           ။ ငစွယ်ငယ်အိမ်ပြန်လို့ မရတော့ဘူးဦးဇင်း။ မထေရ်မြတ် သုသာန်<ကတော်မူပြီး ပံ့သကူ ကောက်ပြီးတာနဲ့ ငစွယ်ငယ်က တကယ်ပဲ လူသေအစစ် ဖြစ်ပြီးတော့ အသက်မရှုတော့ဘူး။ မေးလို့၊ ခေါ်လို့လည်း မရတော့ဘူး။

MA ဦးဇင်း     ။           ။ ဒုက္ခတော့ ဖြစ်ကြပြီပေါ့ဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ ဒါနှင့် ငစွယ်ငယ်ရဲ့ မိဘတွေနှင့် သူငယ်ချင်းတွေက အရှင်မြတ်ကြီး ထံတော်ပါး သွားပြီး ဖြစ်ကြောင်းကုန်စင် လျှောက်ကြား တောင်းပန်ကြတယ်။ ဒါနှင့် အရှင်မြတ်ကြွလာပြီး ပရိတ်မေတ္တာပြုတော်မူမှ ငစွယ်ငယ်ထပြီး ရှိခိုးတယ်။ အဲဒီအချိန်ကစပြီး ”ငစွယ်ရှင် ပံ့သကူထေရ်”လို့ ဘွဲ့အမည်တွင်ခဲ့တာပါ ဦးဇင်း။

 

ပံ့သကူဓူတင်ဆောင် ထေရ်ရှင်များ

 

MA ဦးဇင်း      ။           ။ အခုခေတ်သာသနာတော်မှာ ရှိခဲ့ဖူးတဲ့ ပံ့သကူဆောင်ထေရ်ရှင်များအကြောင်းကိုလည်း ကြည်ညိုလိုပါသေးတယ်ဘုရား။

ဆရာတော်       ။           ။ ကောင်းပါပြီ။ စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးတော်မူခဲ့တဲ့ ဗောဓိမဏ္ဍိုင် ဆရာတော်ကြီးက တစ်ပါးတည်း ဧကစာရီ သီတင်းသုံးတော်မူလေ့ရှိပြီး၊ အသုဘအလောင်းကောင်ကနေရတဲ့ ပံ့သကူအဝတ် ကိုသာ နှစ်သက်အားရ ကောက်ယူတော်မူပြီး ပံ့သကူသင်္ကန်းကိုပဲ ရာသက်ပန် သုံးဆောင်တော်မူခဲ့ တယ်ဦးဇင်း။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ ပြီးခဲ့တဲ့နှစ် ၁၀၀ ကျော်ကာလက ဘုန်းတော်ကြီး ဦးသီလကလည်း ပံ့သကူဓူတင်ကို အမြဲဆောင်တော်မူကြောင်း မှတ်တမ်းတွေရှိတယ်။ ပံ့သကူသင်္ကန်းကို သုသာန်ထဲမှာ၊ လမ်းဘေးတွေမှာ ချထား ပြီးတော့ “အသုဘရှု ကြွတော်မူပါ။ အဖူးမြော်ခံ ကြွတော်မူပါ”လို့ ပင့်ကြတယ်။

MA ဦးဇင်း     ။           ။ ပင့်ရင် ကြွတော်မူပါသလားဘုရား။

ဆရာတော်       ။           ။ ဆရာတော်ကြီး မိန့်တော်မူဖူးတာက “ငါ့မှာ ဝမ်းမနာဘဲ ကုဋီသွားရ၊ မသာ မရှိဘဲ အသုဘရှုလိုက်ရတယ်” လို့ မိန့်တော်မူဖူးတယ်။ ဆရာတော်ကြီးက တစ်ခါတစ်ရံ တစ်နေ့တည်း သင်္ကန်း ၅ ကြိမ် ၆ ကြိမ် အသစ်လဲရပါတယ်။

ကျမ်းညွှန်း ၁။   ဓမ္မာစရိယဦးဌေးလှိုင် ရေးသားပြုစုသည့် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (၁၉၉၂)ခုနှစ်

MA ဦးဇင်း     ။           ။ ပံ့သကူဆောင်မထေရ်က ပံ့သကူကောက်ယူပြီးရင် ချက်ချင်း သင်္ကန်းလဲရတာ ပါလား ဘုရား။

ဆရာတော်       ။           ။ ဒါက နည်းနည်းရှင်းပြမှရတော့မယ်။ သင်္ကန်း ဓူတင် ၂ ပါး ရှိတယ်လေ။

MA ဦးဇင်း      ။           ။ မှန်ပါ။ မှတ်မိပါတယ်ဘုရား။

ဆရာတော်       ။           ။ သင်္ကန်းသုံးထည်ကိုသာ သုံးမယ်ဆိုတဲ့ တိစီဝရိတ်ဓူတင်နှင့် ပံ့သကူသင်္ကန်းကိုသာ ကောက်ယူသုံးမယ်ဆိုတဲ့ ပံ့သကူဓူတင်တို့ ဖြစ်ပါတယ်။ မိမိခြေရင်းရှေ့ သင်္ကန်းတွေ့ပြီ၊ ကိုယ်တိုင်လည်း ကောက်ယူပြီဆိုရင် သင်္ကန်းသုံးထည်ကိုပဲ သုံးမယ်ဆိုတဲ့ တိစီဝရိတ်ဓူတင်အတွက် အနှောင့်အယှက် ဖြစ်တော့ မယ်။ သို့သော် ကိုယ်တိုင် မသုံးဘူးဆိုရင်တော့ တစ်မျိုး စဉ်းစားရပါမယ်။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။ ဘယ်လိုများ စဉ်းစားရတာပါလဲဘုရား။ တပည့်တော် သိချင်တာက ပံ့သကူ ဓူတင်ဆောင် ရဟန်းက ဒကာ၊ ဒကာမလှူဒါန်းလာတဲ့ သင်္ကန်းကို အလှူခံလိုက်တာနဲ့ ဓူတင်ပျက်တာပါ လားဘုရား။

ဆရာတော်       ။           ။ မိမိကိုယ်တိုင်သုံးဆောင်ဖို့အတွက် မဟုတ်ဘဲ အခြားရဟန်းတစ်ပါးပါးကို လှူဒါန်းမယ် လို့ နှလုံးသွင်းပြီးတော့ လူဒါယကာများရဲ့ စိတ်ကို ကြည်လင်စေဖို့အတွက် အလှူခံမယ်ဆိုရင် အလှူခံကောင်း တယ်လို့လည်း ဆရာသခင်များက ဆုံးဖြတ်ပေးတော်မူထားတာ ရှိပါတယ် ဦးဇင်း။

ကျမ်းညွှန်း ၁။   နဘူးကျင်းဆရာတော်ကြီး၏ ဓူတင်အဆုံးအဖြတ်ကျမ်း (နှာ-၂၃)

MA ဦးဇင်း      ။           ။ အခုလိုနှလုံးသွင်းနဲ့ အလှူခံရင် ပံ့သကူဓူတင်နှင့် တိစီဝရိတ်ဓူတင် နှစ်ပါးလုံးအတွက် အနှောင့်အယှက် မဖြစ်တာပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်ပါတယ်။

MA ဦးဇင်း      ။           ။ ဒါဆိုရင် ဓူတင်ဆောင်ရဟန်းတစ်ပါးက မိမိမသုံးဆောင်ဘူး၊ အခြား ရဟန်းများထံပါး လှူဒါန်းမယ်ဆိုတဲ့ နှလုံးသွင်းနဲ့  သင်္ကန်းအစုံ တစ်ရာ၊  နှစ်ရာကို အလှူခံရင်လည်း ရပါသလားဘုရား။

ဆရာတော်       ။           ။ ဦးဇင်း ဒါတော့စဉ်းစားရမှာလေ။ ကိုယ်ကတောထဲနေတယ်။ ညမှာ သုသာန်ကို သွားတယ်။ ရွာထဲလှည့်ပြီး ဆွမ်းခံစားတယ်။ သင်္ကန်းကိုလည်း ပံ့သကူ ကောက်ပြီးသုံးတယ်။ ပရိက္ခရာ အစစ အရာရာ ခြိုးခြံပြီး နေတယ်ဆိုတဲ့ ဓူတင်ဆောင်ရဟန်းက အခြားရဟန်းကို လှူမယ်ဆိုတဲ့ နှလုံးသွင်းနဲ့  သင်္ကန်း အစုံ ရာထောင်များစွာ အလှူခံနေရင် သူ့ရဲ့အပြုအမူတွေက အပိစ္ဆဂုဏ် ပျောက် မနေဘူးလား။ ပညာရှိများရဲ့ အမြင်မှာ ကဲ့ရဲ့စရာ ဖြစ်တော့မှာပေါ့ဦးဇင်း။

MA ဦးဇင်း     ။           ။ မှန်ပါ။ နားလည်ပါပြီဘုရား။ အခြားရဟန်းတစ်ပါးပါးကို လှူမယ်ဆိုရင်လည်း မြန်မြန် လှူရမှာပါလားဘုရား။

ဆရာတော်       ။           ။ တစ်ရက်နှစ်ရက်အတွင်း ရရ၊ လှူလှူဆိုရင်တော့ သင့်မြတ်လောက်မယ် ထင်ပါတယ် ဘုရား။ ဒါကြောင့် ပံ့သကူဆောင်ထေရ်ရှင်များက သင်္ကန်းကောက်ပြီးတာနှင့် ကိုယ်ပေါ်က မူလသင်္ကန်းကို စွန့်တော်မူပြီး ရလာတဲ့သင်္ကန်းအသစ်ကို သုံးတာတွေ့ဖူးတယ်။

MA ဦးဇင်း     ။           ။ တောရကျောင်းမှာ သီတင်းသုံးတော်မူတဲ့ တချို့ရဟန်းတော်များထံပါး သင်္ကန်းကပ်ရင် လက်ထဲ အလှူမခံတာလည်း တစ်ခါက ကြုံဖူးတယ်ဘုရား။

ဆရာတော်       ။           ။ သင်္ကန်းဓူတင်နှစ်ပါး ဆောင်တော်မူတဲ့ ထေရ်ရှင်များက သင်္ကန်းအလှူ ခံလိုက်ရင် အနှစ်နှစ်အလလ ကြိုးစားဆောက်တည်ခဲ့တဲ့ ဓူတင်တွေမှာ အခုနပြောသလို အနှောင့်အယှက် ဖြစ်တတ်တယ် လေ။

MA ဦးဇင်း     ။           ။ ဒါကြောင့် သင်္ကန်းထုပ်ကို “ဒီနားထားခဲ့” လို့ ပြောရင်ကော သင့်မြတ်ပါသလားဘုရား။

ဆရာတော်       ။           ။ သင့်ပါတယ်။ ဘုန်းကြီးတို့ ကြည်ညိုလေးစားရတဲ့ ဓူတင်ဆောင် ထေရ်တစ်ပါး က “အရင်က သင်္ကန်းဓူတင် မဆောင်ခင်တုန်းက ဒကာတစ်ယောက်က သင်္ကန်းထုပ်ကိုင်ပြီး တပည့်တော်ရှေ့လာရင် ဘာသင်္ကန်းမျိုးလဲ။ တပည့် တော်နှင့် သပ္ပာယ မျှတပါ့မလားနှင့် စိတ်က လှုပ်ခတ်နေတတ်တယ် ဦးခေမာ။ အခု သင်္ကန်းသုံးထည်နှင့် နေလိုက်တော့ ဘာယူလာလာ တပည့်တော်နှင့် ဘာမှမဆိုင်တော့ဘူး။ တို့ သင်္ကန်းအလှူ မခံဘူးလို့ ပြောလိုက်တာပဲ” လို့ မိန့်တော်မူဖူးတယ်။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။ ကြည် ညိုမဆုံးပါဘုရား။

 

ဓုတင်္ဂအပ္ပိစ္ဆတာဂုဏ်ရည်

 

ဆရာတော်       ။           ။ ရန်ကင်းတောရကို ကြွလာတော်မူတဲ့ မထေရ်တစ်ပါးက သင်္ကန်းလည်း ဟောင်းနွမ်းလို့။ အရောင်လည်း လွင့်လို့နေပြီ။ ဒါကြောင့် ဘုန်းကြီးက ဆရာတော့်ခြေရင်းထိုင်ပြီး အရိပ်အမြွက် မေးလျှောက် ကြည့်တယ်။

MA ဦးဇင်း     ။           ။ ဘာဖြစ်လို့ အရိပ်အမြွက် မေးလျှောက်ရတာပါလဲဘုရား။ အရှင်ဘုရား သင်္ကန်းဓူတင် ဆောင်တော်မူပါသလားလို့ ရဟန်းအချင်းချင်း တည့်တည့် မေးလျှောက်ရင် ပိုမသင့်ပါလားဘုရား။

ဆရာတော်       ။           ။ မသင့်ပါလို့ပဲ ပြောရမယ်။

MA ဦးဇင်း     ။           ။ ဘာကြောင့်ပါလဲဘုရား။

ဆရာတော်       ။           ။ ဓူတင်ဆောင်တာက ကိလေသာပါးဖို့နှင့် ကုသိုလ်တိုးဖို့ပါ။ ဒါကြောင့် သူတော်ကောင်း များက မိမိဓူတင်ဆောင်လေ့ရှိကြောင်းကို လူတကာ အများသိအောင် ပြောပြလိုတဲ့ စိတ်ဆန္ဒမရှိကြပါဘူး။ ဓုတင်္ဂအပ္ပိစ္ဆတာဂုဏ်ရည်နှင့် ပြည့်ဝတော်မူတဲ့ ဆရာသခင်များက သူတို့ကျင့်နေတဲ့ ဓူတင်ပဋိပတ်ကို အနီးနေ တပည့်ကြီးတွေကတောင် သိဖို့ခက်ခဲလောက်အောင် သိုသိပ်တော် မူကြပါတယ်။

MA ဦးဇင်း      ။           ။ ရှေးရှေးမထေရ်များရဲ့ ဂုဏ်ရည်ပါလားဘုရား။

ဆရာတော်       ။           ။ ရှေးရှေးမထေရ်တို့မှာလည်း ဒီဂုဏ်ရည်ရှိတယ်၊ ယနေ့ခေတ် ထေရ်ရှင်များမှာလည်း ဒီဂုဏ်ရည် ရှိကြပါတယ်။ ဒါက သူတော်ကောင်းကြီးတို့ရဲ့ မပြောင်းလဲတဲ့ဓလေ့ ဖြစ်ပါတယ်။

MA ဦးဇင်း     ။           ။ ဒါဆိုရင် အကျယ်တဝင့် ကြည်ညို ပူဇော်ပါရစေဘုရား။

ဆရာတော်       ။           ။ ကောင်းပါပြီ၊ အဋ္ဌကထာ၊ ဋီကာတွေမှာ လာရှိတဲ့ ရှေးရှေးမထေရ်မြတ်တို့ရဲ့ ဓူတင် ဂုဏ်ရည်ကို ဦးစွာ ကြည်ညိုရအောင်နော်။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ ညီတော်နောင်တော် မထေရ်နှစ်ပါး တောတစ်နေရာမှာ သီတင်းသုံးတော် မူကြတယ်။ နောင်တော်ကြီးက ကျောချပြီး အိပ်ခြင်းကို ပယ်ပြီး ရပ်ခြင်း၊ ထိုင်ခြင်း၊ စြင်္ကံသွားခြင်းကိုသာ ကျင့်သုံးရတဲ့ နိသဇ္ဇိ ဓူတင်ကို ဆောင်တော်မူတယ်။

MA ဦးဇင်း     ။           ။ နောင်တော်ကြီး အခုလို ဓူတင်ဆောင်တာကို ညီတော် မသိဘူးလားဘုရား။

ဆရာတော်       ။           ။ မသိဘူး။ တစ်နေ့ ညဉ့်နက်သန်းခေါင်အချိန်မှာ အိပ်ရာ အင်းပျဉ်ပေါ်မှာ နောင်တော် ကြီး ထိုင်နေတော်မူစဉ် လျှပ်စီးလက်လိုက်လို့ ညီတော်က မြင်လိုက်တယ်။

MA ဦးဇင်း     ။           ။ မအိပ်ဘဲ ဓူတင်ဆောင်တာ သိသွားသလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်၊ ညီတော်က ရိပ်မိလိုက်တယ်။ ဒါကြောင့် မေးလျှောက်တယ် ”အရှင်ဘုရား နိသဇ္ဇိဓူတင် ဆောင်ပါသလား” တဲ့။ နောင်တော်ကြီး ဓူတင်ဆောင်တာ ညီတော်ကို မသိစေလိုတဲ့အတွက် အနှစ်နှစ်အလလက ဆောက်တည်လာခဲ့တဲ့ ဓူတင်ကိုဖျက်ပြီး လဲလျောင်းတော်မူလိုက်တယ်။

ကျမ်းညွှန်း ၁။   (၂၃)၊ ဓုတင်္ဂကထာဝဏ္ဏနာ၊ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ။ (နှာ-၉၁)

MA ဦးဇင်း      ။           ။ ညီတော်သိမှာစိုးလို့ အနှစ်နှစ်အလလက ဆောက်တည်လာခဲ့တဲ့ ဓူတင်ကို ဖျက်လိုက် တာ အံ့သြစရာပါပဲဘုရား။ အဲဒီကျောချပြီး မအိပ်ရတဲ့ ဓူတင်ကို ညမှာပဲ ဆောက်တည်တာပါလားဘုရား။

ဆရာတော်       ။           ။ ဘယ်ဟုတ်မလဲ။ နေ့ရောညပါ ကျောမချရတာဦးဇင်း။

MA ဦးဇင်း     ။           ။ တပည့်တော်က နေ့မှာ ကျောချအိပ်လို့ရတယ် ထင်နေလို့ပါဘုရား။ ကျင့်ရ ခက်ခဲတဲ့ ကျင့်စဉ်တွေ ရဟန်းတော်များ ကျင့်နေတာကို သိရလို့ ဗုဒ္ဓဘာသာဝင် ဖြစ်ရတာ ဂုဏ်ယူမဆုံးပါဘုရား။

ဆရာတော်       ။           ။ ဗုဒ္ဓဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်ရုံမက ရဟန်းကောင်းတစ်ပါးဖြစ် ရတာက ပိုလို့ ဂုဏ်ယူရမှာဘုရား။  နောက်တစ်ခု ပြောပြဦးမယ်နော်။

MA ဦးဇင်း      ။           ။ နားထောင်ရတာ အားမရသေးပါဘုရား။ နားထောင်ချင်ပါသေးတယ်ဘုရား။

ဆရာတော်       ။           ။ ပံ့သကူဓူတင်တော့ မဟုတ်သေးဘူး။ ‘ဓုတင်္ဂ အပ္ပိစ္ဆတာ’ ဂုဏ်ရည်ကို ပေါ်လွင် စေတဲ့ဝတ္ထုပါ။

MA ဦးဇင်း     ။           ။ မှန်လှပါဘုရား။

ဆရာတော်       ။           ။ သီဟိုဠ်ကျွန်း စေတိယတောင်မှာ ညီနောင် မထေရ်နှစ်ပါး သီတင်းသုံးတော်မူ ကြတယ်။ တစ်နေ့ကျတော့အခါ ညီမထေရ်က ကြံအပိုင်းလေး ရလာလို့    နောင်တော်ကြီးထံပါး လှူဖို့ရည်ရွယ်ပြီးသွားတာ နောင်တော်က ဆွမ်းစားပြီး သွားလို့ ခံတွင်းဆေးနေပါတယ်။ ဒါကြောင့် ညီတော်ကို ‘ငါ့ရှင် တန်ပြီ အလိုမရှိပါ’ လို့ မိန့်တော်မူလိုက်တာကို ‘အရှင်ဘုရား ဧကာသနိက်ဓူတင် ဆောင်တော်မူပါသလားဘုရား’ လို့ ညီတော်က မေးလျှောက်ပါတယ်။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ နောင်တော်ကြီးက သူအနှစ်ငါးဆယ်ပတ်လုံး တစ်ထိုင်ထဲ၊ တစ်နေရာတည်းမှာ စားမယ်လို့ အဓိဋ္ဌာန်တင်ထားတဲ့ ဧကာသနိက်ဓူတင်ဆောင်နေတာကို မသိစေလိုဘူး။ ဒါကြောင့် ‘ကြံပိုင်းများကို ယူခဲ့ပါ ငါ့ရှင်’ လို့ မိန့်ဆိုတော်မူပြီး ညီတော်ရှေ့မှာပဲ သုံးဆောင်တော်မူပါတယ်။ ခံတွင်းကို ဆေးပြီးတော့ ဓူတင်ကို အသစ် ပြန်ဆောက်တည်တော်မူပါတယ်။

ကျမ်းညွှန်း ၁။   (၆၃)၊ ဝီရိယာရမ္ဘာဒိဝဏ္ဏနာ၊ ဧကကနိပါတ၊ အဂုၤတ္တရဋ္ဌကထာ (နှာ-၅၉)

MA ဦးဇင်း     ။           ။ ပြီးမှ ခံတွင်းဆေးတာပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ ပြီးမှ ခံတွင်းဆေးတာပါ။ ဓူတင်ဆောင် ပဋိပတ်အကျင့် တော်မြတ်ရဲ့ ဓုတင်္ဂ အပ္ပိစ္ဆတာဂုဏ်ကို ကြည်ညိုတတ်ဖို့ လိုပါတယ်။

MA ဦးဇင်း     ။           ။ သာဓုပါဘုရား။ မှန်လှပါဘုရား။ ကြည်ညိုမဆုံးပါဘုရား။ ရန်ကင်းတောရကို ကြွလာတော်မူတဲ့ ဆရာတော်ရဲ့ခြေရင်းမှာထိုင်ပြီး အရိပ်အမြွက် မေးလျှောက်ကြည့်တော့ ဘယ်လိုများ မိန့်တော်မူပါသလဲ ဆိုတာကို သိချင်ပါသေးတယ်  ဘုရား။

ဆရာတော်       ။           ။ အေး … ဟုတ်တယ်။ အဲဒီအကြောင်းအရာကနေ စကားက တခြားရောက် သလို ဖြစ်သွားတယ်။ ဘုန်းကြီးက ဆရာတော့်ခြေရင်းထိုင်ပြီး သင်္ကန်းကို ကိုင်ကြည့်တော့ အထူကြီး ဖြစ်နေတယ်။ ကာလက နွေအခါဆိုတော့ အရိပ်အမြွက် မေးလျှောက် ကြည့်တယ်။

MA ဦးဇင်း     ။           ။ ဘယ်လိုများ မေးလျှောက်ရပါသလဲဘုရား။

ဆရာတော်       ။           ။ ‘ဆရာတော် သင်္ကန်းက ထူလိုက်တာ။ နွေအခါ မပင်ပန်းပါလားဘုရား’ လို့ လျှောက်ရတာလေ။ ဆရာတော်က ‘သင်္ကန်းထူတော့ နှစ်နှစ်၊ သုံးနှစ်အထိ သင်္ကန်းရှာရတဲ့ဒုက္ခ ငြိမ်းရောပေါ့ ဦးခေမာ’တဲ့။

MA ဦးဇင်း     ။           ။ အော်…ဓူတင်ဆောင်တယ်ဆိုတာ ခန္ဓာကိုယ်ပင်ပန်းတာကို မငဲ့ကွက်ရတာ ပါလားဘုရား။ အဲဒီဆရာတော်ကြီးအတွက် အပ်စပ်တဲ့ သင်္ကန်းတစ်စုံ လှူဒါန်းခွင့်ရရင် သိပ်ကောင်းမှာပဲဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ် ဒီဘုန်းကြီးလည်း ဦးဇင်းတွေးသလိုမျိုး တွေးနေမိတယ်။

MA ဦးဇင်း      ။           ။ မှန်ပါ။ သင်္ကန်းလက်ဝယ် လှူခွင့်ရပါသလားဘုရား။

ဆရာတော်       ။           ။ ဘယ်ရမလဲဦးဇင်း။

MA ဦးဇင်း      ။           ။ ဒါဆိုရင် ဘယ်လိုလှူရပါသလဲဘုရား။

ဆရာတော်       ။           ။ နောက်နေ့မနက် ဆရာတော် ဆွမ်းခံ<ကခါနီးတော့ ‘တပည့်တော် ဘယ်ရွာကို ဆွမ်းခံကြွရမလဲ’ လို့ မေးတော်မူတယ်။ ဒါနဲ့ ဆွမ်းခံလမ်းကို ညွှန်ပြပြီး ဆရာတော် ဆွမ်းခံအပြန်အချိန်ကို ခန့်မှန်းပြီး တိစီဝရိတ် ချည်သင်္ကန်းသုံးထည်ကို ကျောင်းဝင်းအပြင် ဖုန်ထနေတဲ့ လှည်းလမ်းမှာ ကပ္ပိယကို ပံ့သကူပစ်ခိုင်း ပြီးတော့ လှူခွင့်ရခဲ့တယ်။

MA ဦးဇင်း     ။           ။ ကြားရတာ ဝမ်းသာလိုက်တာဘုရား။ ရဟန်းအချင်းချင်းလည်း ဓူတင် ဆောင်တာကို မပြောကောင်းတာ သိရလို့ ကြည်ညိုမဆုံးပါဘုရား။

ဆရာတော်       ။           ။ သူတော်ကောင်းကြီးများက ဓုတင်္ဂအပ္ပိစ္ဆတာဂုဏ်ရည်အရ မိမိဆောင်ထား တဲ့ ဓူတင်ကို သိုသိပ်ကြတယ်။ ဒါကြောင့် မေးလေ့မရှိကြဘူး ဦးဇင်း။

MA ဦးဇင်း     ။           ။ သွယ်ဝိုက်ပြီး မေးလို့တော့ ရပါသလားဘုရား။

ဆရာတော်       ။           ။ အရှင်ဘုရား ပံ့သကူဓူတင်ဆောင်ပါသလားလို့ မေးမဲ့အစား ဓူတင်ပဋိပတ် ဆိုင်ရာ ခဲရာခဲဆစ်တွေကို မေးရင်တော့ အရိပ်အမြွက် သိနိုင်ပါတယ်။ သို့သော် မေးတဲ့ ပုဂ္ဂိုလ်မှာလည်း ဓူတင်ဆိုင်ရာ ဗဟုသုတရှိဦးမှ ဖြစ်မယ်။

MA ဦးဇင်း     ။           ။ ဓူတင်ဆောင်တာမှာလည်း ရည်ရွယ်ချက် အမျိုးမျိုးတော့ ရှိကြမယ် ထင်ပါ တယ်ဘုရား။

ဆရာတော်       ။           ။ ပုထုဇဉ်အလေ့ အမျိုးမျိုး ရှိနိုင်ပါတယ်။ စာမှာ ၅ မျိုး ပြထားတယ် ဦးဇင်း။ (၁) ဉာဏ်ပညာ နုံ့နည်းလို့လည်း ပံ့သကူဓူတင်ကို ဆောင်တာရှိပါတယ်၊ (၂) လူအများရဲ့ အကြည်ညိုခံရဖို့ဆိုတဲ့ အလိုဆိုးကြောင့်လည်း ပံ့သကူ  ဓူတင်ကို ဆောင်တာရှိပါတယ်။ (၃) ရူးသွပ်လို့ အကောင်းအဆိုး၊ အယုတ် အညံ့ မသိတော့လို့လည်း ပံ့သကူဓူတင်ကို ဆောင်တာရှိပါတယ်။ (၄) ဘုရားရှင်နှင့် သူတော်ကောင်းကြီးတို့ ချီးမွမ်းတော်မူတဲ့ အလေ့အကျင့် ဖြစ်ပါ ပေတယ်လို့ နှလုံးသွင်းလို့လည်း ပံ့သကူဓူတင်ကို ဆောင်တာရှိပါတယ်။ (၅) အလိုနည်းတာ၊ ရောင့်ရဲတာ၊ ခေါင်းပါးတာကို မြတ်နိုးလို့လည်း ပံ့သကူဓူတင်ကို ဆောင်တာ ရှိပါတယ်။

ကျမ်းညွှန်း ၁။   (၁၈၂)၊ စိဝရသုတ္တ၊ အရညဝဂ္ဂ၊ ပဉ္စကနိပါတ၊ အဂုၤတ္တရပါဠိ (နှာ-၁၉၃)

MA ဦးဇင်း     ။           ။ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်       ။           ။ ပံ့သကူဓူတင်ကို ဆောင်တဲ့ ၅ ဦးထဲက အလိုနည်းတာ၊ ရောင့်ရဲတာ၊ ခေါင်းပါး တာကို မြတ်နိုးလို့ ဓူတင်ဆောင်သူကသာ သူတော်ကောင်းဖြစ်တယ်လို့ ဘုရားရှင် မိန့်တော်မူရုံမကဘူး၊ ဘုရားရှင်နှစ်သက်တော်မူလို့ ဓူတင်ကို အတုလိုက်ကျင့်သူကိုလည်း ဘုရားရှင်က ချီးမွမ်းတော်မူပါတယ်။

 

ပံ့သကူသင်္ကန်း အမျိုးအစား

 

MA ဦးဇင်း      ။           ။ သုသာန်က ကောက်မှပဲ ပံ့သကူသင်္ကန်း ဖြစ်တာပါလားဘုရား။

ဆရာတော်       ။           ။ မဟုတ်ဘူး။ ပံ့သကူသင်္ကန်း ၂၃ မျိုး ရှိတယ်လို့ အဋ္ဌကထာ ဆရာတော်များက ပြတော်မူပါတယ်။

MA ဦးဇင်း     ။           ။ တပည့်တော်လည်း တစ်နေ့နေ့ ပံ့သကူသင်္ကန်း ဆောင်ပါ့မယ်။ ဒါကြောင့် အသေးစိတ် သိချင်ပါတယ်ဘုရား။

ဆရာတော်       ။           ။ ကောင်းပါပြီ။ အသေးစိတ် ပြောပြမယ်နော်။ ပံ့သကူရဲ့ အဓိပ္ပာယ်က ပိုင်ရှင် မရှိတော့တာ။ စွန့်ပစ်ထားတာကို ပြောတာပါ။ ပံ့သကူသင်္ကန်းဆိုတာကလည်း အမှိုက်ပုံမှာ၊ သုသာန်တွေမှာ ပိုင်ရှင်မဲ့ စွန့်ပစ်ထားတဲ့ စက်ဆုပ် ရွံရှာဖွယ် ကောင်းတဲ့ အဝတ်အပိုင်းအစ အားလုံးပါဝင်ပါတယ်။

MA ဦးဇင်း     ။           ။ အဲသလို အဝတ်ပိုင်းတွေကို ကောက်ယူပြီး ဆွေးနေ၊ မြေ့နေတာတွေကို ဖယ်ပြီး လျှော်ဖွပ်၊ ဖာထေး ချုပ်စပ်ထားတဲ့ သင်္ကန်းကို ပံ့သကူလို့ ခေါ်နိုင်ပြီလားဘုရား။

ဆရာတော်       ။           ။ ခေါ်နိုင်ပါတယ်။

MA ဦးဇင်း      ။           ။ ဒါဆိုရင် ပံ့သကူသင်္ကန်းကြီးက မလှမပ၊ မသေမသပ် ဖြစ်နေမယ် ထင်ပါ တယ်ဘုရား။

ဆရာတော်       ။           ။ မလှမပ၊ မသေမသပ် ဖြစ်ကောင်းဖြစ်မယ်။ သို့သော် ဒီသင်္ကန်းက အမြင့်မြတ်ဆုံး သင်္ကန်းပါ။ ဘုရားရှင် ချီးမွမ်းတော်မူတဲ့ သင်္ကန်းပါ ဦးဇင်း။

MA ဦးဇင်း     ။           ။ မှန်လှပါဘုရား။ ပံ့သကူသင်္ကန်း ၂၃ မျိုးကိုလည်း သိချင်ပါသေးတယ်ဘုရား။

ဆရာတော်       ။           ။ ကောင်းပါပြီ။ (၁) သုသာန်မှာ စွန့်ပစ်ထားတဲ့အဝတ်၊ (၂) တံခါးဝမှာ စွန့်ပစ် ထားတဲ့အဝတ်၊ (၃) ခရီးလမ်းမမှာ စွန့်ပစ်ထားတဲ့အဝတ်၊ (၄) အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ အဝတ်၊ (၅) အမျိုးသမီးများ မီးဖွားပြီး ကိုယ်ဝန်အညစ်အကြေး သုတ်သင်ပြီး စွန့်ပစ်ထားတဲ့အဝတ်၊ (၆) မှော်ဆရာ၊ ပယောဂဆရာတို့က စွန့်ပစ်ခိုင်းထားတဲ့အဝတ်၊ (၇) ရေချိုးဆိပ်မှာ စွန့်ပစ်ထားတဲ့ အဝတ်၊ (၈) သုသာန်ကနေအပြန် မင်္ဂလာမရှိလို့ စွန့်ပစ်ထားတဲ့ အဝတ်၊ (၉) မီးလောင်လို့ စွန့်ပစ်ထားတဲ့အဝတ်၊ (၁၀) နွားစားလို့ စွန့်ပစ်ထားတဲ့ အဝတ်၊ (၁၁) ခြစားလို့ စွန့်ပစ်ထားတဲ့အဝတ်၊ (၁၂) <ကက်ကိုက်လို့ စွန့်ပစ်ထားတဲ့အဝတ်၊ (၁၃) အနားပြတ်လို့ စွန့်ပစ်ထားတဲ့အဝတ်၊ (၁၄) အမြိတ်အဆာပြတ်လို့ စွန့်ပစ် ထားတဲ့အဝတ်၊ (၁၅) သင်္ဘောမှာ သုံးခဲ့တဲ့ တံခွန်အလံအဝတ်၊ (၁၆) တောင်ပို့ကို ရစ်ပတ်ပြီး နတ်ပူဇော်ထားတဲ့အဝတ်၊ (၁၇) ရဟန်းကလှူတဲ့သင်္ကန်း၊ (၁၈) မင်းအဘိသိက် ခံရာမှာ စွန့်ပစ်ထားတဲ့ အဝတ်တဲ့။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား ပံ့သကူကောက်လို့ရတဲ့ အဝတ် ၁၈ မျိုးကို သိရပါပြီဘုရား။

ဆရာတော်       ။           ။ ဟုတ်ပြီ။ ၁၉ ခုမြောက် သင်္ကန်းမှာ မနေ့တုန်းက ပြောပြခဲ့တဲ့ ဘုရားရှင်က ဧဟိဘိက္ခုခေါ်ခြင်းဖြင့် ဖြစ်ပေါ်လာတဲ့ သင်္ကန်းပါ။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ နောက် (၂၀) ခုမြောက် သင်္ကန်းက လမ်းခရီးမှာ ကျနေခဲ့တဲ့ အဝတ်။ (၂၁) လေတိုက်ပြီး လွင့်ပါလာတဲ့အဝတ် (၂၂) ဇာလိနီနတ်သမီးက လှူတဲ့အဝတ်မျိုး (၂၃) သမုဒ္ဒရာလှိုင်းပုတ်လို့ တင်လာတဲ့ အဝတ်တို့ပဲ ဖြစ်ပါတယ်။

ကျမ်းညွှန်း ၁။   (၂၄)၊ ပံသုကူလိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာ-၁။ (နှာ-၆၀)

MA ဦးဇင်း     ။           ။ များလွန်းလို့ မှတ်သားထားဖို့တောင် ခပ်ခက်ခက်ပါပဲဘုရား။

ဆရာတော်       ။           ။ လင်္ကာနှင့်ဆိုရင် မှတ်ဖို့လွယ်မယ် ထင်ပါတယ်ဦးဇင်း။

“သုသာန်၊ ဈေးတန်း၊ လှည်းကြီးလမ်း၊ လူလမ်း၊ မှိုက်ပုံပါ၊

ကိုယ်ဝန်ညစ်ပေ၊ ဘုတ်ချိုးရေ၊ စွန့်လေ ချိုးဆိပ်ပါ၊

မီးလောင်၊ နွားဝါး၊ ကြွက်ကိုက်ထား၊ ခြစား၊ ပြတ်စွန်း၊ ဆာ၊

တောင်ပို့၊ လေယူ၊ ရဟန်းလှူ၊ နတ်လှူ၊ တံခွန်လာ၊

သုသာန်ပြန်ထုတ်၊ ဘိသိက်အုပ်၊ သမုဒ်၊ တံပိုးသာ၊

နှစ်ဆယ့်သုံးဟူ၊ ပံသုကူ၊ ကောက်ယူ သုံးဆောင်ရာ” တဲ့ ဦးဇင်း။

MA ဦးဇင်း     ။           ။ ဘုရားတပည့်တော် အလွတ် ကျက်မှတ်ထားပါ့မယ်ဘုရား။ ပံ့သကူကောက်ပြီး အားလုံးကို သင်္ကန်းချုပ်ရတာပါလားဘုရား။

ဆရာတော်       ။           ။ အားလုံးကောက်ယူပြီး ချုပ်တာလည်းရှိပါတယ်။ သို့သော် ရောင့်ရဲပြီး ခြိုးခြံ ချွေတာကာ သန္တုဋ္ဌိသလေခတရားတော်ဖြင့် နေတော်မူကြတဲ့အတွက် မိမိသုံးစွဲ နေတဲ့ သင်္ကန်းရဲ့ ဆွေးမြည့်နေတာကို ဖာထေးလောက်ရုံ ပိတ်စနည်းနည်း ကလေး ယူတော်မူကြတာလည်း ရှိပါတယ်။

MA ဦးဇင်း      ။           ။ မှော်ဆရာ၊ ပယောဂဆရာတို့က စွန့်ပစ်ခိုင်းထားတဲ့ အဝတ်ကို ပံ့သကူ ကောက်တယ်ဆိုတာက ဘယ်လိုအဝတ်ပါလဲဘုရား။

ဆရာတော်       ။           ။ ပယောဂဆရာ၊ မှော်ဆရာတို့က လူမမာကို အဝတ်မချွတ်ဘဲ ဦးခေါင်းကနေ ရေလောင်းချိုးခိုင်းတယ်။ ရေလောင်းချိုးပြီးရင် ရေစိုအဝတ်တွေက ကျက်သရေ မရှိတော့ဘူးဆိုပြီးတော့ စွန့်ပစ်ခိုင်းကြတယ်။ ရဟန်းတော်များက ဒါကို ပံ့သကူကောက်ခွင့် ရှိတယ်။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။ ကိုယ်ဝန်အညစ်အကြေးကြောင့် စွန့်ပစ်တဲ့အဝတ် ပံ့သကူ ဆောင်တာကိုလည်း သိချင်ပါသေးတယ်ဘုရား။

ဆရာတော်       ။           ။ အမတ်ကြီးတစ်ပါးရဲ့ မိခင်က တန်ဖိုးတစ်ရာတန်တဲ့ အဝတ်နှင့် ကိုယ်ဝန် အညစ်အကြေးကို သုတ်သင်စေတယ်။ ပြီးတော့ ပံ့သကူဆောင် ရဟန်းတော်များ အလိုရှိရင် ကောက်ယူကြပါစေလို့ ရည်ရွယ်ပြီး လမ်းမှာ စွန့်ပစ်စေခဲ့တဲ့ သာဓကတစ်ခု ရှိခဲ့ဖူးတယ်။

ကျမ်းညွှန်း ၁။   (၂၄)၊ ပံသုကူလိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာ-၁။ (နှာ-၆၀)

MA ဦးဇင်း     ။           ။ မှန်ပါဘုရား၊ မီးလောင်တာတို့၊ နွားစားထားတာတို့က ဘာကြောင့် ပံ့သကူ ဖြစ်ရတာပါလဲဘုရား။

ဆရာတော်       ။           ။ မီးလောင်လို့ ကျန်တဲ့အဝတ်၊ နွားစားပြီးကျန်ခဲ့တဲ့ အဝတ်၊ ခြစားထားတဲ့ အဝတ်၊ ကြွက်ကိုက်ထားတဲ့အဝတ်၊ အနားပြတ်တာ၊ အမြိတ်အဆာပြတ်တာတွေကို အမင်္ဂလာလို့ ယူဆပြီး စွန့်ပစ်လေ့ရှိပါတယ်။ ဒါကြောင့် ပံ့သကူ ကောက်ကောင်း တယ်လို့ ပြတာပါဦးဇင်း။

MA ဦးဇင်း     ။           ။ အမှတ်စဉ် (၁၂)က ကြွက်ကိုက်လို့ စွန့်ပစ်ထားတဲ့ အဝတ်ကို ပံ့သကူ ကောက်ကောင်းတယ်လို့ သိရပါတယ်ဘုရား။ ရှေးလူတွေက ကြွက်ကိုက်တာနဲ့ အဝတ်တွေကို လွင့်ပစ်လိုက် တာပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ် ဦးဇင်း။ သူတို့ရဲ့ မိစ္ဆာအယူဝါဒကြောင့် ကြွက်ကိုက်ရင် လွင့်ပစ်ရတယ်။ သာဓကတစ်ခု ပြောပြမယ်လေ။  ပုဏ္ဏားတစ်ယောက်ရဲ့ သေတ္တာထဲ ထည့်ထားတဲ့ အဝတ်ပုဆိုးတွေ ကြွက်ကိုက်ခံရတယ်။ ဒီပုဏ္ဏားရဲ့ အယူဝါဒက ကြွက်ကိုက်တဲ့ အဝတ်ဆိုတာ မင်္ဂလာမရှိတော့ဘူးတဲ့၊ ဒီအဝတ်ကြောင့် ငါတို့မိသားတစ်စုလုံး ကျက်သရေ တုံးတော့မယ်။ ဒါကြောင့် ကြွက်ကိုက်ထားတဲ့ အဝတ်တွေကို ထုတ်ပြီး ချက်ခြင်းကြီးကို သုသာန်မှာ သွားပစ်ခိုင်းတယ်။

MA ဦးဇင်း     ။           ။ ဒါ သူတို့ရဲ့ မိစ္ဆာအယူကြောင့် အမင်္ဂလာ ဖြစ်တာပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ ဒါနဲ့ ပုဏ္ဏားက သူ့သားကိုခေါ်ပြီးတော့ ”ဒီကျက်သရေမရှိတော့တဲ့ အဝတ်တွေကို လက်နဲ့မထိကိုင်ဘဲ ဒုတ်ချောင်းနဲ့ယူပြီး သုသာန်မှာ လွင့်ပစ်ပါ။ ပြီးရင် ခေါင်းလျှော်ပြီးတော့ အိမ်ထဲကို ဝင်လာနော်”လို့ မှာတယ် ဦးဇင်း။

MA ဦးဇင်း     ။           ။ အခုလောက်ကြီးကို အယူဝါဒက ပြင်းထန်တာပါလား။

ဆရာတော်       ။           ။ အစွဲကြီးတယ် ဦးဇင်း။ ပုဏ္ဏားရဲ့သားက သုသာန်ကိုရောက်တော့ သုသာန်မှာ ဘုရားနဲ့ ပက်ပင်းဆုံတယ်။ ဘုရားက သူလွင့်ပစ်လိုက်တဲ့ အဝတ်ပိုင်းတွေကို ပံ့သကူကောက်ယူတော်မူတယ်။ သူက မင်္ဂလာမရှိတော့တဲ့ အဝတ်ကို မယူဖို့ ဘုရားကို အတန်တန်တားတယ်။

MA ဦးဇင်း     ။           ။ ဘုရားကိုသူက ဘာကြောင့် တားတာပါလဲဘုရား။

ဆရာတော်       ။           ။ ဘုရားရှင်က ကြွက်ကိုက်ထားပြီး မင်္ဂလာမရှိတော့တဲ့ အဝတ်သင်္ကန်းသုံးပြီး ကျက်သရေ ယုတ်လျော့သွားမှာ သူက စိုးရိမ်လို့ မယူစေတာပါ။ ဒါကြောင့် သူက အို အရှင်ဂေါတမ၊ ဤအဝတ်သည်ကား မင်္ဂလာမရှိ၊ အသင်တို့ သုံးဆောင်ကုန်သည်ရှိသော် ပျက်စီးကုန်လတ္တံ့။ အလုံးစုံသော ကျောင်းသည် လည်း ပျက်စီးလတ္တံ့လို့ လျှောက်တယ်။ ဒါ သူ့ရဲ့မိစ္ဆာအယူဝါဒ ဖြစ်ပါတယ်။

MA ဦးဇင်း     ။           ။ တင်ပါဘုရား။

ဆရာတော်       ။           ။ ဘုရားရှင်က “ပုဏ္ဏား သုသာန်မှာပစ်ထားတဲ့ ပုဆိုးအနွမ်းဖြစ်စေ၊ ခရီးလမ်း အကြားမှာ ပစ်ထားတဲ့ ပုဆိုးအနွမ်းဖြစ်စေ၊ အမှိုက်ပုံမှာပစ်ထားတဲ့ ပုဆိုးအနွမ်းဖြစ်စေ ရဟန်းအတွက် ပံ့သကူကောက်ပြီး သုံးဖို့ သင့်မြတ်ပါတယ်” လို့ မိန့်တော်မူတယ် ဦးဇင်း။

ကျမ်းညွှန်း ၁။   (၈၇) မင်္ဂလဇာတကဝဏ္ဏနာ၊ နှာ-၃၉၄

ပံ့သကူကောက်ရလာတဲ့ သင်္ကန်းအရောင် အဆုံးအဖြတ်

 

MA ဦးဇင်း     ။           ။ ပံ့သကူဆောင် ဆရာတော်များအကြောင်း နာကြားရတာ သိပ်ကို ကြည်ညို ရပါတယ်ဘုရား။ အားလည်းကျပါတယ်ဘုရား။ တစ်နေ့ တပည့်တော်လည်း ဓူတင်ဆောင်ပါ့မယ်ဘုရား။

ဆရာတော်       ။           ။ ကောင်းပါပြီ ဦးဇင်း။ သတိရတာလေးတစ်ခု ပြောပြဦးမယ်နော်။

MA ဦးဇင်း      ။           ။ ပံ့သကူဓူတင်ဆောင်တဲ့ အကြောင်းပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော် နဘူးကျင်းဆရာတော်ကြီး လည်း သက်တော်ထင်ရှားရှိနေတဲ့ အချိန်က နဘူးကျင်းတောရမှာ မဟာသိမ် သမုတ်ကြပါတယ်။ ဆရာတော်ကြီးအနား စုဝေးရောက်ရှိနေကြတဲ့ ဝိနည်း အရာတင်မက ဓူတင်အရာမှာပါ ထိပ်တန်းကျတဲ့ ဆရာတော်သံဃာတော်များက သင်္ကန်းကို ကိုယ်တိုင်လက်နှင့်ချုပ်ပြီးသုံးဖို့ ကိုယ်စီ စိတ်ဆန္ဒ ပြင်းပြ တော်မူနေကြပါတယ်။

MA ဦးဇင်း     ။           ။ ပံ့သကူသင်္ကန်း ကောက်ယူပြီးတော့ ချုပ်မှာပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ ဟုတ်ပါတယ်။ လက်နှင့်ချုပ်ပြီး သုံးချင်တယ်ဆိုမှတော့ ပံ့သကူပိတ်စကောက်ရဖို့ကို အာသီသ ရှိတော်မူကြတာပါ။ တစ်ဖက်ကလည်း ကျယ်ဝန်းလှတဲ့ မဟာသိမ် ပြီးမြောက်အောင်မြင်နိုင်ရေးအတွက် သိမ်နုတ် နေရတဲ့တာဝန်ကလည်း ကြီးလေးနေတဲ့အတွက် တစ်နေ့တစ်နေ့သာ ကုန်သွားတယ် ပံ့သကူပိတ်စကို ရှာဖွေဖို့ အချိန်မရဘူး ဖြစ်နေပါတယ်။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ တစ်မနက် နဘူးကျင်းရွာကနေ တောရကျောင်းကို ဆွမ်းခံအပြန်လမ်း သုသာန် ရှေ့နားက ခြေသွားလမ်းဘေးမှာ ဖက်ခင်းပြီး တင်ထားတဲ့ ပံ့သကူပိတ်စ တစ်စကို လဲဘူးဆရာတော်ကြီးက ကောက်ရပါတယ်။ သို့သော် ပိတ်စက မည်းမှောင်နေတဲ့အတွက် သင်္ကန်းဖြစ်သင့်၏။ မဖြစ်သင့်၏ မဆုံးဖြတ်နိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် လက်နှင့် သင်္ကန်း ချုပ်သင့်၊ မချုပ်သင့်လည်း ဝေခွဲမရ ဖြစ်နေပြန်တယ်။

MA ဦးဇင်း     ။           ။ သင်္ကန်းပိတ်စက သုသာန်မှာ ကောက်ရတော့ အမြတ်စား ပံ့သကူဓူတင် ဖြစ်ပြီလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်၊ ဖြစ်ပြီ။ သို့သော် အရောင်ကြောင့် ခက်နေလို့ စီဝရ၀ဏ္ဏဝိနိစ္ဆယ (ခေါ်) သင်္ကန်းရောင် အဆုံးအဖြတ်ကျမ်း ပြုစုတော်မူခဲ့တဲ့ နဘူးကျင်း ဆရာတော်ကြီးထံပါး အဆုံးအဖြတ်ခံယူဖို့ထိ ဖြစ်လာပါတယ်။ ဒါကြောင့် သံဃာတော်များ စည်းဝေးတိုင်ပင်ပြီး သင်္ကန်းရောင် အဆုံး အဖြတ်ကို ခံယူတော်မူကြပါတယ်။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ နဘူးကျင်းဆရာတော်ကြီးက ”သင်္ကန်းအရောင်ဆိုတာ မည်းလွန်းရင်လည်း မသင့်ပါဘုရား၊ နီလွန်းရင်လည်း မသင့်ပါဘုရား၊ ဝါလွန်းရင်လည်း မသင့်ပါလို့ စာက ဆိုပါတယ်ဘုရား”လို့ မိန့်တော်မူပါတယ်။

ကျမ်းညွှန်း ၁။   (၃၇၂)၊ သဗ္ဗနီလကာဒိပဋိက္ခေပကထာ၊ စိဝရက္ခန္ဓက၊ မဟာဝဂ္ဂပါဠိ။ (နှာ-၄၂၂)

MA ဦးဇင်း      ။           ။ မှန်ပါ။ မည်းလွန်းရင် မသင့်ဘူး။ နီလွန်းရင်လည်း မသင့်ဘူး။ ဝါလွန်းရင်လည်း မသင့်ဘူးဆိုတာကို မှတ်သားမိပါပြီဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ အကျဉ်းမှတ်ချင်ရင်တော့ “မည်း၊ နီ၊ ဝါ ဤသုံးဖြာ၊ ရလာ မအပ်ပါ”တဲ့ ဦးဇင်း။ ဒါနဲ့ လဲဘူးဆရာတော်ကြီးက ”ဒီပိတ်စနှင့် ပတ်သက်တာကိုပဲ ဆရာတော်ရဲ့ အဆုံးအဖြတ်ကို တည့်တည့်ရချင်ပါတယ်ဘုရား” လို့ အရဲစွန့်ပြီး လျှောက်ပါတယ်။

MA ဦးဇင်း      ။           ။ မှန်လှပါဘုရား။

ဆရာတော်       ။           ။ နဘူးကျင်းဆရာတော်ကြီး မိန့်တော်မူတာက ”တောင်ပုလုကတော့ ဒီအရောင် မျိုး သုံးပါတယ်ဘုရား” တဲ့။

MA ဦးဇင်း     ။           ။ အင်မတန်မှကို အစွန်းလွတ်တဲ့ အဖြေပါပဲဘုရား။

ဆရာတော်       ။           ။ ဆက်ပြီးတော့ ဆရာတော်ကြီးက ”တပည့်တော် စက်နှင့်ချုပ်တဲ့ သင်္ကန်းကို တောင်မှ သံသယဖြစ်လို့ မအပ်ဘူးထင်ပြီး အရင်ကပိတ်ဖြူကိုရှာပြီး လက်နှင့် ချုပ်ခဲ့ဖူးတယ်။ ပြီးတော့ ကိုယ်တိုင် သစ်ခေါက်ဆိုးပြီး သုံးခဲ့တာပါဘုရား။ အခုတော့ အများကလည်း သင်္ကန်းလို့ သတ်မှတ်ထားပြီးပြီ။ စာနှင့်လည်း ညီညွတ်နေပြီဆိုတော့ ကိစ္စနည်းအောင်နေပါတယ်ဘုရား”လို့ မိန့်တော်မူပါတယ်။

MA ဦးဇင်း        ။           ။ ကြည်ညိုမဆုံးပါဘုရား။ တောရကျောင်းမှာ ဆရာတော်ကိုယ်တိုင် လက်နဲ့ ချုပ်ဆိုးတော်မူခဲ့တဲ့ သင်္ကန်းအဟောင်းတစ်ထည် ဒီနေ့တိုင် ရှိသေးတယ်လို့ ကြားဖူးတယ်ဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်ဦးဇင်း။ တပည့်ကြီးများက ဆရာတော်ကြီးသင်္ကန်းကို အမှတ်တရ ပူဇော်ထားကြတာပါ။

 

ပံ့သကူဓူတင် အဆုံးအဖြတ်များ

 

MA ဦးဇင်း      ။           ။ လမ်းမှာ ကျကျန်ခဲ့တဲ့အဝတ်ကို ပံ့သကူဆောင်မဲ့ရဟန်းက တွေ့တာနှင့် ကောက်ယူလို့ ရပါသလားဘုရား။

ဆရာတော်       ။           ။ ပန္ထက အဝတ်တို့၊ ဝါတာဟဋအဝတ်တို့ဆိုတာ လမ်းခုလတ်မှာ ကျနေတဲ့ အဝတ်နှင့် လေတိုက်လို့ လွင့်ပါလာတဲ့ အဝတ်တွေကို ပံ့သကူကောက်မယ် ဆိုရင် ချက်ခြင်းမကောက်ယူသေးဘဲ အတန်ငယ် စောင့်ဆိုင်းပြီး ပိုင်ရှင်မရှိတာ သေချာမှ ကောက်ယူရပါတယ် ဦးဇင်း။

MA ဦးဇင်း     ။           ။ ရဟန်းက ကောက်ယူပြီးမှ အဝတ်ပိုင်ရှင် ပေါ်လာရင် ဘယ်လိုလုပ်ရပါသလဲဘုရား။

ဆရာတော်       ။           ။ ပံ့သကူဆောင်ရဟန်းက ပံ့သကူကောက်ယူပြီးမှ အဝတ်ပိုင်ရှင် ပေါ်လာရင်တော့ ပိုင်ရှင်ကို ပြန်ပေးရပါမယ်ဘုရား။

MA ဦးဇင်း     ။           ။ အကယ်၍ အဝတ်ပိုင်ရှင်က အဲဒီပံ့သကူဆောင် ရဟန်းကို ”သံဃဿ ဒေမ” ဆိုပြီး လှူရင်တော့ အလှူခံလို့ ရပါသလားဘုရား။

ဆရာတော်       ။           ။ ပံ့သကူဓူတင်ဆောင်တုန်းက ”ဂဟပတိဒါနစီဝရံ ပဋိက္ခိပါမိ၊ ပံသုကူလိကင်္ဂံ သမာဒိယာမိ” ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို ပယ်ပါ၏။ ပံသုကူဆောက်တည်ခြင်းဟူသော အင်္ဂါကို ဆောက်တည်ပါ၏” လို့ ဓူတင်ဆောင်ခဲ့ တာကို မမေ့နဲ့လေ။ ”သံဃဿ ဒေမ” ဆိုပြီး လှူတဲ့သင်္ကန်းက အပေါ်က ပြခဲ့တဲ့သင်္ကန်း (၂၃)မျိုး ထဲမှာလည်း မပါဘူးနော်။

ကျမ်းညွှန်း ၁။   (၃၇၉)၊ အဋ္ဌစိဝရမာတိကာကထာ၊ စိဝရက္ခန္ဓက၊ မဟာဝဂ္ဂအဋ္ဌကထာ။ (နှာ-၄၂၁)

MA ဦးဇင်း      ။           ။ မှန်လှပါ သတိရပါပြီဘုရား။ အခုလို အလှူခံရင် ပံ့သကူဓူတင်ဆောင်တဲ့ ရဟန်းအဖို့ ကျင့်စဉ်ပျက်တဲ့အထိ အနှောင့်အယှက် ဖြစ်သွားပါပြီ။ ဒါဆိုရင် လိမ္မာပါးနပ်တဲ့ ဒါယကာက ပံ့သကူဆောင်ရဟန်းရဲ့ လက်ထဲ မကပ်ဘဲ ခြေတော်ရင်းမှာ သွားထားရင် ရကောင်းမယ် ထင်ပါတယ်ဘုရား။

ဆရာတော်       ။           ။ ရမယ်။ သို့သော် အညံ့စားဓူတင် ဖြစ်တော့မယ်လေ ဦးဇင်း။

MA ဦးဇင်း      ။           ။ မှန်ပါ။ ဘုရားတပည့်တော် သေသေချာချာ မှတ်သားထားပါ့မယ်ဘုရား။ တစ်ခုတွေးမိတာက ရဟန်းတစ်ပါးက သင်္ကန်းလက်ထဲအလှူခံပြီး ပံ့သကူဆောင် သီတင်းသုံးဖော်အတွက် ဆွမ်းခံလမ်းဘေး ပစ်ပေးတာကို ကောက်ရင် ပံ့သကူဓူတင် ရပါသလားဘုရား။

ဆရာတော်       ။           ။ ရတယ်ဦးဇင်း။ ဒုတိယရဟန်းက ပံ့သကူ အလတ်စားရမယ်။

MA ဦးဇင်း      ။           ။ သုသာန်သွားပစ်ပေးရင်တော့ အမြတ်စား ပံ့သကူသင်္ကန်း ရမှာပါလားဘုရား။

ဆရာတော်       ။           ။ ရတယ်။ ရတယ် ဦးဇင်း။ သာဓကဖြစ်စဉ်တစ်ခု သတိရတယ်။ ဘုန်းကြီးတို့ သီတင်းသုံးဖော်တစ်ပါးက ပံ့သကူဓူတင် အမြတ်စား ဆောင်ထားတယ်။

MA ဦးဇင်း      ။           ။ ပံ့သကူအမြတ်စား ဥက္ကဋ္ဌဆောင်ထားတဲ့အကြောင်း ပြောပြလို့ သိရတာပါ လားဘုရား။

ဆရာတော်       ။           ။ ဘယ်ဟုတ်လိမ့်မလဲ အကဲခတ်ပြီးမှ သိရတာပါ။ ဘုန်းကြီးလက်ထဲ သင်္ကန်း တစ်စုံ အပ်အပ်စပ်စပ်ရလို့ သူသီတင်းသုံးတဲ့ ကျောင်းအပြင် ပစ်ပေးထားတာ နှစ်ရက်ရှိပြီ မကောက်ဘူး။ ဒါနဲ့ ဆွမ်းခံလမ်းအပြန် ပစ်ပေးတော့လည်း မကောက်ပြန်ဘူး။

MA ဦးဇင်း     ။           ။ မလိုလို့ မကောက်တာပါလားဘုရား။

ဆရာတော်       ။           ။ မသိဘူးလေ၊ ဒါနှင့် ညနေပိုင်းမှာ ကပ္ပိယကို သုသာန်မှာ သင်္ကန်းပစ်ခိုင်းထားပြီး၊ “သုသာန်ဘက်ကို လမ်းလျှောက်ရအောင်ဘုရား”လို့ ခေါ်လာပြီး ပံ့သကူသင်္ကန်းကိုတွေ့တော့ ကောက်ယူတော်မူပါတယ်။

MA ဦးဇင်း      ။           ။ ပံ့သကူဓူတင် အမြတ်စားဥက္ကဋ္ဌဆောင်ထားတာနှင့် တူပါတယ်ဘုရား။

ဆရာတော်       ။           ။ ဟုတ်မှာပါလေ။ ဘုန်းကြီးက အဲသလိုအပ်အပ်စပ် လှူဒါန်းခွင့်ရတာကို တွေးမိတိုင်း ဒီနေ့အထိ ဝမ်းသာနေပါတယ်ဦးဇင်း။

MA ဦးဇင်း      ။           ။ အလွန်ခက်ခဲပြီး၊ ရှားပါးတဲ့ အလှူတစ်ခုပါပဲဘုရား။ တပည့်တော် မသိလို့ မေးလျှောက်ပါရစေဘုရား။

ဆရာတော်       ။           ။ လျှောက်ပါဦးဇင်း။

MA ဦးဇင်း     ။           ။ ပံ့သကူဆောင် ရဟန်းတော်များအတွက် သင်္ကန်းပြဲရင်ချုပ်ဖို့ မဖြစ်မနေ လိုအပ်မှာက အပ်ချည်နှင့် အပ်ပါပဲဘုရား။ အဲဒါကို အလှူခံခွင့် ရှိပါသေးသလားဘုရား။ ဒါကိုလည်း ပံ့သကူ ကောက်ရတာပါလားဘုရား။ ဘယ်လို သတ်မှတ်ချက်များ ရှိပါသေးသလဲဘုရား။

ဆရာတော်       ။           ။ ဒါနဲ့ဆက်စပ်တဲ့ သိကောင်းစရာတစ်ခုက ပံသုကူဓူတင်ဆောင်ရဟန်း   သုံးနေတဲ့ ရေစစ် (ဓမကရိုဏ်)ကို ပိတ်ဖို့ ပိတ်စအလှူခံနိုင်တယ်နော်။

ကျမ်းညွှန်း ၁။   (၃၇၉)၊ အဋ္ဌစိဝရမာတိကာကထာ၊ စိဝရက္ခန္ဓက၊ မဟာဝဂ္ဂအဋ္ဌကထာ။ (နှာ-၄၂၂)

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။ မှတ်သားထားပါ့မယ်။

ဆရာတော်       ။           ။ အခုနမေးခွန်းရဲ့အဖြေကတော့ ပံ့သကူဓူတင်ဥက္ကဋ္ဌဆောင်ထားတဲ့ ရဟန်းတော်ပင်ဖြစ်စေ အပ်နှင့်အပ်ချည် အလှူခံခြင်းကြောင့် ဓူတင်မှာ အနှောင့်အယှက် မဖြစ်ပါဘူး။ ဒီနေရာမှာ မှတ်သားစရာကောင်းတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ နဘူးကျင်းဆရာတော်ကြီး မိန့်တော်မူဖူးတာပါ ဦးဇင်း။

MA ဦးဇင်း     ။           ။ ဆရာတော်ကြီးရဲ့ အဆုံးအမကို ဘုရားတပည့်တော် သိပါရစေ။

ဆရာတော်       ။           ။ ဆရာတော်ကြီးက ပံ့သကူဓူတင်ဆောင် သီတင်းသုံးဖော်ရဟန်းများအတွက် သင်္ကန်းပံ့သကူ ပစ်ပေးတိုင်း အပ်နှင့်အပ်ချည်ကိုပါ ထည့်ပြီး ပစ်ပေးလေ့ ရှိကြောင်း မိန့်တော်မူဖူးပါတယ်။

MA ဦးဇင်း     ။           ။ နည်းယူစရာ ကောင်းလှပါတယ်ဘုရား။ ပံ့သကူသင်္ကန်းကို ကောက်ရတဲ့ ရဟန်း အတွက် သင်္ကန်းချုပ်ဖို့အပ်နှင့် အပ်ချည်ပါပြီးသားဖြစ်တာမို့ အလွန်ကောင်းတဲ့ စိတ်ကူးပါဘုရား။ ဆရာတော်ကြီး ခြေတော်ကို ဦးခိုက်ပါတယ်ဘုရား။

ဆရာတော်       ။           ။ ဘုန်းကြီးလည်း ဆရာတော်ကြီး မိန့်တော်မူတာကို ကြားရမှသိရတာ။နောက်နောင် ပံ့သကူသင်္ကန်းပစ်ရင် အပ်နှင့်အပ်ချည် ထည့်ရဦးမယ်။

MA ဦးဇင်း     ။           ။ မှန်လှပါဘုရား။ တပည့်တော်သိချင်တာတစ်ခုက သံဃာတော်များကို ရည်ညွှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းအလှူခံရင် ဓူတင်ပျက်နိုင်မယ် ထင်ပါတယ် ဘုရား။

ဆရာတော်       ။           ။ သံဃာကို ရည်ညွှန်းပြီး လှူတဲ့ သင်္ကန်းကိုတော့ ပံသုကူ ဓူတင်ဆောင်ရဟန်းက အလှူခံခွင့် မရှိပါဘူး။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။ ပံ့သကူသင်္ကန်း ဓူတင်ပျက်နိုင်တဲ့ နောက်အချက်များ ရှိသေး ရင်လည်း သိပါရစေ။ တစ်နေ့နေ့ကျရင် တပည့်တော်လည်း ဓူတင်ဆောင်မှာ ပါဘုရား။

ဆရာတော်       ။           ။ ပံ့သကူဆောင်ရဟန်းက စိတ်ထဲသာယာပြီး ဒါယကာ လှူဒါန်းတဲ့သင်္ကန်းကို မိမိအလိုသက်သက်အတွက် လက်ခံတာနှင့် ပံ့သကူဓူတင် ပျက်ပါတယ်၊ ပြီးတော့ ဒါယကာတို့ကို ငဲ့ကွက်ပြီးတော့ စိတ်ထဲသာယာပြီး လက်ခံရင်လည်း ပံ့သကူဓူတင် ပျက်ပါတယ် ဦးဇင်း။

MA ဦးဇင်း     ။           ။ ဘုရားတပည့်တော် သုံးဖို့အတွက်လည်း မဟုတ်ဘူး။ သုံးဖို့ ရည်ရွယ်ချက် လည်းမရှိဘူး။ ဒါယကာတို့ကို ငဲ့ပြီး အလှူခံတာက ရဟန်းတစ်ပါးပါးကို လှူဖို့ပါဘုရား။ ဒါဆိုရင် ဓူတင်ပျက်ပါသလားဘုရား။

ဆရာတော်       ။           ။ စောစောက ပြောပြီးခဲ့သလိုပဲ မိမိအတွက် သုံးဖို့မဟုတ်ဘဲ သင်္ကန်းအလှူ              ခံမယ်။ ပြီးတော့ ရဟန်းတစ်ပါးပါးကို လှူဖို့လည်း ရည်ရွယ်မယ်ဆိုရင် ပံ့သကူဓူတင် မပျက်ပါဘူး။ သို့သော် ဓူတင်ဆောင်တယ်ဆိုပြီး အလွန်ကြီး ပိုပိုမိုမို ကြည့်မကောင်းအောင် အလှူခံနေမယ်ဆိုရင်လည်း နှောင်းခေတ်မှာ ဓူတင်ဆောင်တော်မူမဲ့ ရဟန်းတော်တို့အတွက် စံနမူနာကောင်း မဖြစ်ဘူး ပေါ့ဦးဇင်း။

MA ဦးဇင်း     ။           ။ မှန်လှပါဘုရား။ မှတ်သားထားပါ့မယ်။

ဆရာတော်       ။           ။ မြတ်စွာဘုရားရှင်က ပံ့သကူဆောင်ရဟန်းကို ချပ်ဝတ်တန်ဆာရှိတဲ့မင်းက စစ်မြေပြင်မှာ တင့်တယ်သလို ကိလေသာမာရ်စစ်သည်ကို တိုက်ခိုက်ဖျက်ဆီးဖို့ အတွက်လည်း ပံ့သကူဆောင်ရဟန်းတော်မြတ်က တင့်တယ်ပါပေတယ်လို့ ချီးမွမ်းတော်မူဖူးတယ်ဦးဇင်း။

ကျမ်းညွှန်း ၁။   (၂၄)၊ ပံသုကူလိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာ-၁။ (နှာ-၆၁)

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။ ကျေးဇူးတင်ပါတယ်။ မိတ်ဆွေ ရဟန်းတစ်ပါးက တပည့်တော်ကို သင်္ကန်းလှူရင် ပံ့သကူဓူတင် ပျက်နိုင်ပါသလား ဘုရား။

ဆရာတော်       ။           ။ မပျက်ပါဘူးဘုရား။ ဘာကြောင့်လဲဆိုရင် ရဟန်းက လှူတာမို့လို့ ဓူတင် မပျက်တာပါ။ ]ဂဟပတိဒါနစီဝရ}လို့ စာကဆိုထားတဲ့အတွက် လူဒါယကာရဲ့ သင်္ကန်းမဟုတ်လို့ကို ဓူတင်မပျက်တာပါဘုရား။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ ရဟန်းထံပါးက သင်္ကန်းလက်ခံတဲ့အတွက် ဓူတင်မပျက်သော်လည်း လာလှူတဲ့ရဟန်းက ဝိနည်းလမ်းကြောင်းအရ မသင့်တဲ့နည်းနဲ့ရလာတာ  ဆိုရင် ဝိနည်းအာပတ်လွတ်ဖို့ ခက်တယ်လို့ နဘူးကျင်းဆရာတော်ကြီး မိန့်တော်မူဖူးတယ်ဦးဇင်း။

MA ဦးဇင်း      ။           ။ တင်ပါဘုရား။ ဓူတင်နှင့် ဝိနည်း အခုလိုစဉ်းစားရတာကို သိရလို့ ကျေးဇူး တင်ပါတယ်ဘုရား။

ဆရာတော်       ။           ။ ဘုန်းကြီးတို့သီတင်းသုံးဖော် ဆရာတော်တစ်ပါးကတော့ ရဟန်းလက်ထဲက သင်္ကန်းဖြစ်ဖြစ်၊ လူဒါယကာလက်ထဲက သင်္ကန်းဖြစ်ဖြစ် လက်ခံတော်မမူဘူး။

MA ဦးဇင်း     ။           ။ ဘာကြောင့်ပါလဲဘုရား။

ဆရာတော်       ။           ။ ”ပံ့သကူကောက်လို့ရတဲ့သင်္ကန်းက အလုံးစုံ အပြစ်ကင်းတယ် ဦးခေမာ”လို့ မိန့်ဖူးတယ်။ မအပ်မစပ်ဖြစ်နေမှာ စိုးလို့ထင်ပါတယ်။ ဒီနေ့ ဥပုသ်နေ့နော်။ ညနေစောင်းနေပြီ ဥပုသ်ပြုကြစို့နော်။

MA ဦးဇင်း     ။           ။ ပံ့သကူဓူတင်ဆိုင်ရာ သိကောင်းစရာကလည်း တော်တော်များများ သိရပါပြီ။ တပည့်တော် မှတ်သားထားပါ့မယ်။ ကျေးဇူးတင်ပါတယ်ဘုရား။

 

နိဿဂ္ဂိစွန့်ခြင်းနှင့် ပံ့သကူကောက်ခြင်း အဆုံးအဖြတ်

 

MA ဦးဇင်း      ။           ။ ရဟန်းတစ်ပါးက တရားအားထုတ်ဖို့ ဆုံးဖြတ်ပြီးတော့သူ့မှာ မအပ်မစပ် ဖြစ်နေတဲ့ နိဿဂ္ဂိတွေစွန့်ပြီး တောရကျောင်းကို ရောက်လာတာတဲ့ဘုရား။ သူကိုယ်တိုင် ငွေကိုင်ပြီး ဝယ်ခဲ့မိတဲ့ သင်္ကန်းတွေကိုလည်း ကျောင်းဝင်းအပြင်မှာ စွန့်လိုက်ပါတယ်။ ဒါကို ပံ့သကူသင်္ကန်း လိုက်ရှာနေတဲ့ ရဟန်း တစ်ပါးက တွေ့တယ်။ သူက နိဿဂ္ဂိမှန်းမသိဘဲ ကောက်ယူပြီးသုံးခဲ့ရင် အာပတ်သင့်နိုင်သလား။ သုံးကောင်းပါ့မလားလို့ နားမလည်တဲ့အတွက် ဘုရားတပည့်တော် မေးလျှောက်တာပါ။

ဆရာတော်       ။           ။ ဦးဇင်းက ဘုရားရှင် ပညတ်တော်မူထားတဲ့ ဝိနည်းနှင့် ဓူတင်ကို အခုလို ဆက်စပ်စဉ်းစားတတ်လာတာ အလွန်ကောင်းပါတယ်။ အသေးစိတ် ဖြေပေးမယ်နော်။ ပထမဦးဆုံး ဦးဇင်းရဲ့ မေးခွန်းထဲမှာ ပါနေတဲ့ နိဿဂ္ဂိဆိုတာ ဘာလဲလို့ ရှင်းပြရပါလိမ့်မယ်။

MA ဦးဇင်း     ။           ။ မှန်လှပါဘုရား။

ဆရာတော်       ။           ။ နိဿဂ္ဂိအာပတ်ဆိုတာက စွန့်ခြင်း ဝိနည်းကံရှိတဲ့ ပါစိတ်အာပတ် ဖြစ်ပါတယ်။ ရဟန်း သာမဏေတွေကိုယ်တိုင် ရွှေငွေအလှူခံယူပြီး ဝယ်ယူထားတဲ့ ပစ္စည်းကို နိဿဂ္ဂိလို့ ခေါ်ပါတယ်။ ရဟန်းများက ငွေအလှူခံပြီး ဆောက်လုပ်ထားတဲ့ ကျောင်းကလည်း နိဿဂ္ဂိပါပဲ။ ဒါကြောင့် နိဿဂ္ဂိထိုက်တဲ့ သင်္ကန်းကိုလည်း အာလယပြတ် စွန့်ပစ်ရမယ်လို့ ဆိုထားတဲ့အတိုင်း သူက စွန့်ပစ်ရတာပါဘုရား။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ ဆက်ပြောရရင် နိဿဂ္ဂိထိုက်လို့ စွန့်ပစ်ထားတဲ့ သင်္ကန်းကို ပံ့သကူ ဓူတင်ဆောင်တဲ့ ရဟန်းက ပံ့သကူကောက်ရင် ကောက်တဲ့ရဟန်း ပါစိတ် အာပတ်သင့်ပါသလားလို့ မေးတာနော် ဦးဇင်း။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။

ဆရာတော်       ။           ။ ပံ့သကူဓူတင်ဆောင်ထားတဲ့ ရဟန်းမှာ ပံ့သကူသညာ ရှိပြီးသားပါဦးဇင်း။ သင်္ကန်းပိုင်ရှင်ကလည်း အာလယပြတ် စွန့်ပစ်ထားတာပါ။ ဒါကြောင့် အာပတ်သင့်စရာ အကြောင်းမရှိပါဘူး။ “ပိုင်ရှင်မရှိတော့တဲ့ သင်္ကန်းဖြစ်နေတာကြောင့် ခိုးယူလိုတဲ့စိတ်နှင့် ကောက်ယူရင်တောင်မှ ဒုတိယပါရာဇိက အာပတ် မသင့်ဘူးလို့ ခိုင်ခိုင်မာမာ ယူတော်မူကြပါဘုရား” လို့ နဘူးကျင်းဆရာတော်ကြီးက မိန့်တော်မူ ဖူးပါတယ်။

ကျမ်းညွှန်း ၁။   စီဝရပနိဂ္ဂဟဏသိက္ခာပဒ ဝဏ္ဏနာ၊ သာရတ္တနာဒီပနီဋီကာ (နှာ-၄၀၁)

 

ဥက္ကဋ္ဌ၊ မဇ္ဈိမ၊ မုဒု

 

MA ဦးဇင်း      ။           ။ အကောင်းဆုံး ပံ့သကူဓူတင်ဆောင်ရဟန်းဖြစ်အောင် ဘယ်လို ကျင့်ရမလဲ ဘုရား။

ဆရာတော်       ။           ။ ပံ့သကူဓူတင်တစ်ခုတည်း မဟုတ်ပါဘူး။ ဓူတင် ၁၃ ပါးစလုံးကို ဆောင်ရာမှာ အမြတ်စား၊ အလတ်စားနှင့် အညံ့စားဆိုပြီး သုံးစားရှိပါတယ် ဦးဇင်း။

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။ ပံ့သကူဓူတင်ကို အမြတ်စားဆောင်ချင်ရင် ဘယ်လိုများ ဆောင်ရပါမလဲ ဘုရား။

ဆရာတော်       ။           ။ ကောင်းပါပြီ။ ပံသကူဓူတင်ကို အမြတ်စားဥက္ကဋ္ဌအဖြစ် ဆောင်ဖို့ဆိုရင် သုသာန်က နေရတဲ့ အဝတ်ကိုပဲ ဝတ်ရုံ သုံးဆောင်ရပါမယ်။ ဒုတိယတန်းစား မဇ္ဈိမကို ဆောက်တည်သူက လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ အဝတ်ကို ဝတ်ရုံ သုံးဆောင်ရပါတယ်။

ကျမ်းညွှန်း ၁။   (၂၄)၊ ပံသုကူလိကကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာ-၁။ (နှာ-၆၁)

MA ဦးဇင်း     ။           ။ တော်တော်ခက်ခဲတဲ့ ဓူတင်ပါပဲဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ ပံ့သကူဓူတင် အညံ့စား မုဒုအဆင့်ကို ဆောက်တည်သူက ခြေရင်းမှာ စွန့်ပစ်လာတဲ့ အဝတ်ကို ဝတ်ရုံ သုံးဆောင်ရပါတယ်။

MA ဦးဇင်း     ။           ။ ဘုရားတပည့်တော်များရဲ့ တောရကျောင်းမှာ ပံ့သကူသင်္ကန်း လာပစ်တာမျိုးပါလား ဘုရား။

ဆရာတော်       ။           ။ ဟုတ်ပါတယ်။

MA ဦးဇင်း     ။           ။ တပည့်တော် ဆွမ်းခံသွားတဲ့ တောတန်းအထွက်က လှည်းလမ်းပေါ်မှာ အင်ဖက်ခင်းပြီး  သင်္ကန်းကို တင်ထားတယ်။ ပံ့သကူပစ်တာ ထင်ပါတယ်ဘုရား။  ဘယ်ဘက်က သစ်ပင်အကွယ်လေးကနေ လူနှစ်ယောက်က ချောင်းကြည့်နေတာကို တပည့်တော် မြင်ခဲ့တယ်ဘုရား။

ဆရာတော်       ။           ။ ဘယ်နေ့ကလဲ ဦးဇင်း။

MA ဦးဇင်း      ။           ။ မြို့ကနေပြီး ဆွမ်းလာလောင်းတဲ့နေ့ မနက်ခင်းအစောကပါဘုရား။ တပည့်တော် ဆွမ်းခံအပြန်မှာ ကောက်မယ်စိတ်ကူးထားတာ ပြန်လာတော့ သင်္ကန်းက မရှိတော့ဘူး။

ဆရာတော်       ။           ။ တစ်ပါးပါး ကောက်သွားတာ ဖြစ်မှာပါ။

MA ဦးဇင်း     ။           ။ ဒကာတွေက တပည့်တော် မကောက်တော့ဘူးထင်လို့ ဦးဝါယမ ဆွမ်းခံ အပြန်လမ်းကို ရွှေ့ပစ်တယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်ကို ရည်ရွယ်ပြီး ပံ့သကူသင်္ကန်းပစ်တာကို မကောက်ရင် အပြစ်မဖြစ်ဘူးလားဘုရား။

ဆရာတော်       ။           ။ ပံ့သကူဆောင်ထားတဲ့ ပုဂ္ဂိုလ်က သူလိုရင် ကောက်လိမ့်မယ်။ သူမလိုအပ်လို့ မကောက်တာ ဖြစ်တဲ့အတွက် အပြစ်မရှိပါဘူး။

MA ဦးဇင်း     ။           ။ ပံ့သကူသင်္ကန်းအတွက် ကောက်ထားတဲ့ ပိတ်စက ဆွေးနေရင် ဖြတ်ထုတ်ပြီး ချုပ်ဆိုး ရမယ်လို့ ဖတ်ဖူးပါတယ်ဘုရား။ အခု ပံ့သကူသင်္ကန်းက အဆင်သင့်ချုပ်ပြီး၊ ဆိုးပြီး ဖြစ်နေတော့ ဘယ်လို လုပ်ရပါသလဲ။

ဆရာတော်       ။           ။ အဆင်သင့်ချုပ်ပြီး၊ ဆိုးပြီး ဖြစ်နေတော့ သုံးရုံပါပဲ ဦးဇင်း။  အခုခေတ်လူတွေ သုံးတဲ့ အဝတ်တွေက ချည်သားရှားတယ်။ နိုင်လွန်တွေ များတယ်။ ဘုန်းကြီးရဲ့ သီတင်းသုံးဖော်တစ်ပါးက ပုပ်နေတဲ့ လူသေအလောင်းက ပုဆိုးနှစ်ထည်ရဖူးလို့ ဖွပ်လျှော်ပြီး သင်းပိုင်တစ်ထည်ရအောင် ချုပ်ဖူးတယ်။

MA ဦးဇင်း     ။           ။ လောက်တွေပါသလားဘုရား။

ဆရာတော်       ။           ။ လောက်ပါမပါတော့ မသိဘူး။ လျှော်ဖွပ်ပြီးမှ ဘုန်းကြီးက မြင်ရတာလေ။ ဒါနဲ့ သင်္ကန်းဆေးဆိုးမယ်လုပ်တော့ ဆေးအရောင်က မစွဲဘူး။

MA ဦးဇင်း     ။           ။ ဆေးရောင်မဝင်တော့ မူလပုဆိုးအကွက်တွေ ပေါ်နေမှာပေါ့ဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ ဟုတ်တယ်။ နောက်မှ နားလည်တဲ့ ဘုန်းကြီးကိုပြတော့ ရှေးရှေး အခါကာလက ဝါဂွမ်းချည်ပဲ သုံးတာဖြစ်လို့ ဆေးဆိုးရတာ လွယ်တယ်တဲ့။ အခုခေတ်က နိုင်လွန်တွေမို့လို့ ဆေးဆိုးရတာ ခက်တာတဲ့။ ဒါနဲ့ဆိုင်ကို ပို့ပြီးဆိုးတာ သင်္ကန်းအရောင်က မည်းမည်းကြီး ဖြစ်လာပြန်တယ်။

MA ဦးဇင်း     ။           ။ တပည့်တော် သတိရလို့ တစ်ခုမေးလျှောက်ပါရစေဘုရား။ ဘုရားရှင်ကလောက် တစ်ပြည်သားလောက်ရှိတဲ့ အလောင်းက အဝတ်ကို ယူတော်မူတာ သက်တော် ဘယ်လောက်ကပါလဲဘုရား။

ဆရာတော်       ။           ။ ချက်ခြင်းကြီး ဖြေရခက်သား။ ဘုန်းကြီး စာထဲတွေ့ဖူးထားတာကတော့ ပုဏ္ဏာကျွန်မရဲ့ ရုပ်အလောင်းကောင်ကနေ ဘုရားရှင် ပံ့သကူကောက်တော်မူပြီး သုံးဆောင်တော်မူခဲ့တဲ့ ကာလကို ရေတွက်ပြရင် ဘုရားဖြစ်တော်မူပြီးနောက် ပထမဝါကျွတ်ပြီးတဲ့အခါမှာ ဥရုဝေလတောကို ကြွတော်မူပါတယ်။ ပြီးတော့ ဥရုဝေလ ကဿပအမှူးပြုတဲ့ ရသေ့တို့ကို တန်ခိုးအမျိုးမျိုး ပြတော်မူပြီး ချွတ်တော်မူစဉ် အခါကာလက ဖြစ်ပါတယ်ဦးဇင်း။ ဒါကြောင့် သက်တော်က ၃၆ နှစ်လောက် ဖြစ်မယ်ထင်တယ်။ သေချာအောင် စာကြည့်လိုက်ဦးမယ်နော်။

MA ဦးဇင်း      ။           ။ မှန်လှပါ ကျေးဇူးတင်ပါတယ်ဘုရား။

ကျမ်းညွှန်း ၁။   (၄၄)၊ ဥရုဝေလပါရိဟာရိယကထာ၊ မဟာခန္ဓက၊ မဟာဝဂ္ဂပါဠိ။ (နှာ-၃၇)

ပံ့သကူဓူတင်ဆောင် ရဟန်းရသည့်အကျိုး ၁၂ ပါး

 

MA ဦးဇင်း     ။           ။ အခုလို ခက်ခဲတဲ့ ပံ့သကူဓူတင်ဆောင်ရတဲ့ အကျိုးကလည်း တော်တော်များမယ်ထင်ပါ တယ်ဘုရား။

ဆရာတော်       ။           ။ ပံ့သကူသင်္ကန်းကို ဆောင်ခြင်းကြောင့် ရတဲ့အကျိုးက ၁၂ ပါးတောင် ရှိတယ်။

MA ဦးဇင်း      ။           ။ မှန်ပါဘုရား။ အသေးစိတ် သိချင်ပါသေးတယ်ဘုရား။

ဆရာတော်       ။           ။ ကောင်းပါပြီ။ ပထမဦးဆုံး အကျိုးက ဘုရားရှင်ရဲ့ ဆန္ဒတော် ‘ပံသုကူလစီဝရံ နိဿာယ ပဗ္ဗဇ္ဇာ’ အတိုင်း ရဟန်းဖြစ်ခါစက သိမ်ထဲမှာ သင်္ကန်းနှင့်ဆိုင်ရာ ဝန်ခံခဲ့တဲ့ အကျင့်ပဋိပတ်ရှိခြင်းတဲ့ ဦးဇင်း။

MA ဦးဇင်း     ။           ။ မှန်ပါ သတိရပါပြီဘုရား။ ဆွမ်းကို သလုံးမြင်းခေါင်းကို အမှီပြုပြီး ဆွမ်းခံဘုဉ်းပေး ရမယ်။ သင်္ကန်းကို လမ်းကြို၊ လမ်းကြားမှာဖြစ်စေ သုသာန်မှာဖြစ်စေ ရှာဖွေ ကောက်ယူပြီး သုံးရမယ်လို့ သိမ်ထဲ ရဟန်းဖြစ်စက ဆုံးမခဲ့တာနှင့် ညီတယ် ဆိုလိုတာပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ ဒုတိယနံပါတ် (၂) က အရိယဝံသ လေးပါးထဲက ပဌမ အရိယဝံသ တရားက ‘ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲရ၏’ ဆိုတဲ့ ဂုဏ်နှင့် ပြည့်စုံတယ်တဲ့ဦးဇင်း။

ကျမ်းညွှန်း ၁။   (၂၈)၊ အရိယဝံသသုတ္တ၊ စတုက္ကနိပါတ၊ အင်္ဂုတ္တရပါဠိ။ (နှာ-၃၃၆)

MA ဦးဇင်း     ။           ။ မှန်ပါဘုရား။ ပံ့သကူသင်္ကန်းဆောင်တဲ့ အကျိုးနှစ်ပါးကို သိရပါပြီဘုရား၊ ကျန်တာ သိချင်ပါသေးတယ်ဘုရား။

ဆရာတော်       ။           ။ နံပါတ် (၃) က သင်္ကန်းတွေ များတဲ့သူအဖို့ သင်္ကန်းကို စောင့်ရှောက်နေရတယ်။ ပံ့သကူဆောင် ရဟန်းတော်များအတွက် ကိုယ်ပေါ်တင်ထားတဲ့ သင်္ကန်းသာ ရှိလို့ စောင့်ရှောက်ဖို့ မလိုတော့ဘူး ဆိုတဲ့ အကျိုးကို ရရှိခံစားရပါတယ်။ (၄) ပံ့သကူသင်္ကန်းကိုသုံးတဲ့ ရဟန်းတော်အတွက် သင်္ကန်းလှူမဲ့ အလှူရှင်ကို စောင့်မျှော်စရာ မလိုတဲ့အတွက် သူတစ်ပါးအပေါ် မမှီခိုရဘူးဆိုတဲ့ အကျိုးကို ရရှိခံစားရပါတယ်။ (၅) သင်္ကန်း များတဲ့ ရဟန်းအဖို့ သူခိုးရဲ့ ဘေးကိုလည်း စိုးရိမ်ကြောင့်ကြရတယ်။ ပံ့သကူဆောင်ရဟန်းအတွက် သူခိုးသူဝှက် ဘေးကနေ ကင်းဝေးတဲ့အကျိုးကို ရရှိခံစားရပါတယ်။ နောက်တစ်ခုက (၆) ပံ့သကူ သင်္ကန်းကို သုံးဆောင်ရာမှာ တပ်မက်မှုတဏှာ မရှိခြင်းအကျိုးကိုလည်း ခံစားရပါတယ်ဦးဇင်း။

MA ဦးဇင်း     ။           ။ အကျိုး (၆)ပါးကို မှတ်သားထားပြီးပါပြီဘုရား။

ဆရာတော်       ။           ။ ကောင်းပါပြီ။ နံပါတ် (၇) ပံ့သကူဆောင် ရဟန်းတော်တို့အတွက် သင့်တင့် လျောက် ပတ်တဲ့ ပရိက္ခရာရှိတဲ့ အကျိုးကို ရရှိခံစားရပါတယ်။ (၈) ပံ့သကူဆောင် ရဟန်းတော်တို့က သုသာန်တို့ လမ်းဘေး တို့ကနေ ကောက်ယူရတဲ့သင်္ကန်း ဖြစ်တာမို့လို့ တန်ဖိုးလည်း နည်းတယ်။ ရလို့လည်းလွယ်တယ်။ အပြစ်လည်း ကင်းပါပေတယ်လို့ ဘုရားရှင် ချီးမွမ်းတော်မူတဲ့ အကျိုးကို ရရှိခံစားရပါတယ်။ (၉) ပံ့သကူဆောင် ရဟန်းတော်တို့ ဆိုတာ သာသနာတော်မှာ ကြည်ညိုဖွယ်ဖြစ်တဲ့ဂုဏ်ကို ဆောင်နိုင်တဲ့ အကျိုးကိုရတယ်။ (၁၀) ပံ့သကူဆောင် ရဟန်းတော်ဆိုတာ အလိုနည်းခြင်းဂုဏ်နှင့် ပြည့်စုံတဲ့အကျိုး။ (၁၁) သမ္မာပဋိပတ်မည်တဲ့ ကောင်းမြတ်တဲ့ အကျင့် မြတ်ကို တိုးပွားစေတဲ့အကျိုးနှင့် (၁၂) ပံ့သကူ ဆောင်ရဟန်းတော်တို့ရဲ့ အကျင့်မြတ်ကို နောင်လာနောက်သား ရဟန်းတော် များကို “ဒိဋ္ဌာနုဂတိသို့ အတုလိုက်ပြီး ကျင့်စေနိုင်တယ်”ဆိုတဲ့ အကျိုးတွေပါပဲ ဦးဇင်း။

ကျမ်းညွှန်း ၁။   (၂၈)၊ အရိယဝံသသုတ္တ၊ စတုက္ကနိပါတ၊ အင်္ဂုတ္တရပါဠိ။ (နှာ-၃၃၇)

MA ဦးဇင်း     ။           ။ မှန်လှပါဘုရား။ မှတ်သားထားပါ့မယ်ဘုရား။ ဘုရားတပည့်တော် သိသင့်တာများ ရှိသေး ရင် သိချင်ပါသေးတယ်ဘုရား။

ဆရာတော်       ။           ။ ဘုန်းကြီးရဲ့ သီတင်းသုံးဖော် ရဟန်းတစ်ပါးက ဝိနည်းနှင့် ပတ်သက်လာရင် သိပ်ကို သံသယ ကြီးလွန်းတယ်။

MA ဦးဇင်း     ။           ။ သင်္ကန်းအပေါ်မှာလည်း သံသယဖြစ်တတ်တာပါလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။

MA ဦးဇင်း     ။           ။ သင်္ကန်းအပေါ်မှာဖြစ်တဲ့ ရဟန်းတစ်ပါးရဲ့ သံသယကို ပြေပျောက်အောင် ဘယ်လိုများ လုပ်ရပါသလဲဘုရား။

ဆရာတော်       ။           ။ ဘုန်းကြီးက သူ့သင်္ကန်းနွမ်းလောက်ပြီဆိုရင် ဆွမ်းခံလမ်းမှာ ပံ့သကူသင်္ကန်း ပစ်ပေးလေ့ ရှိတယ်။

MA ဦးဇင်း     ။           ။ ဒါဆိုရင် သင်္ကန်းပေါ်မှာ သံသယဖြစ်စရာ မရှိတော့ဘူးလားဘုရား။

ဆရာတော်       ။           ။ ဟုတ်တယ်။ မရှိတော့ဘူး။ လာလှူတဲ့သင်္ကန်း အပ်စပ်ရဲ့လား။ ဝိနည်းနှင့်မှ ညီညွတ်ရဲ့ လားလို့ တွေးတောပူပန်စရာ မလိုတော့ဘူး။ ဘုရားဝိနည်းတော်အရ အလွန်အပ်စပ်တဲ့ သင်္ကန်း၊ ဘုရားချီးမွမ်းတော်မူတဲ့ ပံ့သကူသင်္ကန်း ဖြစ်နေပြီလေ၊ ဆရာတော်ရဲ့ ရင်ထဲကသံသယလည်း လွင့်စင်ပြီပေါ့ ဦးဇင်း။

MA ဦးဇင်း     ။           ။ ဝိနိစ္ဆယတွေ အများကြီးသိရလို့ ကျေးဇူးတင်ပါတယ်ဘုရား။ ဘုရားတပည့်တော်လည်း နည်းယူမှတ်သား လိုက်နာပါ့မယ်ဘုရား။

 

 

မာရသေနဝိဃာတာယ၊ ပံသုကူလဓရော ယတိ၊

သန္နဒ္ဓကဝစော ယုဒ္ဓေ၊ ခတ္တိယော ဝိယ သောဘတိ။

ပဟာယ  ကာသိကာဒီနိ၊ ဝရ၀တ္ထာနိ ဓာရိတံ၊

ယံ လောကဂရုနာ ကော တံ၊ ပံသုကူလံ န ဓာရယေ။

တသ္မာ ဟိ အတ္တနော ဘိက္ခု၊ ပဋိညံ သမနုဿရံ၊

ယောဂါစာရာနုကူလမှိ၊ ပံသုကူလေ ရတော သိယာတိ။

 

 

ဖွဲ့အပ် ဝတ်ဆင်အပ်ပြီးသော ချပ်တန်ဆာရှိသော မင်းသည်

စစ်မြေပြင်၌ တင့်တယ်သကဲ့သို့ ကိလေသာမာရ်စစ်သည်ကို ဖျက်ဆီးခြင်းငှာ

ပံ့သကူကို ဆောင်သောရဟန်းသည် တင့်တယ်ပါပေ၏။

တစ်လောကလုံး၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်

ကာသိတိုင်းဖြစ် အစရှိကုန်သော မြတ်သော အဝတ်အထည်တို့ကိုပယ်၍

အကြင်ပံ့သကူသင်္ကန်းကို  ဆောင်တော်မူလေပြီ။ ထိုပံ့သကူသင်္ကန်းကို

အဘယ်မည်သော ရဟန်းသည် မဆောင်နိုင်ပဲ ရှိအံ့နည်း။

ထို့ကြောင့်ပင်လျှင် ရဟန်းသည် (ရဟန်းဖြစ်စက အာမဘန္တေဟု ဝန်ခံခဲ့သော)

မိမိ၏ ပဋိညာဉ်ကို ကောင်းစွာအောက်မေ့လျက် ယောဂီရဟန်း၏

အကျင့်အားလျော်သော ပံ့သကူသင်္ကန်း၌ နှစ်သက်မွေ့လျော်ဖွယ် ဖြစ်ရာ၏။

 

ကျမ်းညွှန်း ၁။   (၂၄) ပံသုကူလိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသော၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ – ပထမတွဲ။ (နှာ-၆၁)၊ ၂။   မဟာစည်ဆရာတော်ကြီး၏ ဝိသုဒ္ဓိမဂ်မြန်မာပြန်။ (ပထမတွဲ၊ နှာ-၂၀၆)

 

https://www.dhammatrainingcenter.com/wp-content/uploads/2022/12/သိကောင်းစရာ-ဓူတင်သာသနာ-၁။-ပံ့သကူဓူတင်-Download-.pdf

Loading