၂။ တိစီဝရိက်ဓူတင်

Tecīvarika dhutanga

တိစီဝရိက်ဓူတင်ကို ဆောင်သော ရဟန်းသည် ဝတ်ရုံလောက်သော လေးထည်မြောက် သင်္ကန်းကို ပယ်ပြီး သင်္ကန်းသုံးထည်ကိုသာ ဆောင်တော်မူလေ့ရှိသည်။

The bhikkhu who confines himself to utilise only three robes is called a “tecivarika”.

 

တိစီဝရိက်ဓူတင် ဆောက်တည်ပုံ

တိစီဝရိက်ဓူတင်ကို ဆောက်တည်လိုသော ရဟန်းသည်

“စတုတ္ထက စီဝရံ ပဋိက္ခိပါမိ”

“တေစီဝရိကင်္ဂံ သမာဒိယာမိ”

ဟူသော နှစ်ပါးတွင် တစ်ပါးပါးဖြင့် ဆောက်တည်ရာ၏။

ကျမ်းညွှန်း ၁။ (၂) တိစီဝရိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၅၉)

 

“ဝတ်လောက်ရုံလောက်သော၊ လေးထည်မြောက်သော သင်္ကန်းကို ပယ်ပါ၏”

“သုံးထည်သောသင်္ကန်းကိုသာ ဆောင်လေ့ရှိသော

ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို ဆောက်တည်ပါ၏”

“catuttha cīvaramh pathikkhipāmi” “ tecīvarikanHgamh samādiyāmi.” “I renounce to a fourth robe.” “ I will train into utilising only three robes.”

 

ဝေါဟာရအဓိပ္ပာယ်

စတုတ္ထက စီဝရံ         = ဝတ်လောက် ရုံလောက်သော၊ လေးထည်မြောက်သော သင်္ကန်းကို၊

ပဋိက္ခိပါမိ                = ပယ်ပါ၏။

တေစီဝရိကင်္ဂံ           = သုံးထည်သော သင်္ကန်းကိုသာ ဆောင်လေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို၊

သမာဒိယာမိ             = ဆောက်တည်ပါ၏။

တေစီဝရ                 = သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်ဟူသော သင်္ကန်းသုံးထည်၊

တေစီဝရိက              = သင်္ကန်းသုံးထည်ကို ဆောင်ခြင်းအလေ့ ရှိသည့်ရဟန်း၊

တေစီဝရိကင်္ဂ           = သင်္ကန်းသုံးထည်ကို ဆောင်ခြင်းအလေ့ရှိသော ရဟန်း၏ အကြောင်းအင်္ဂါ သမာဒါန စေတနာသည်ပင် တိစီဝရိက်ဓူတင်မည်၏။

 

တိစီဝရိက်ဓူတင်ဆောင် သူယုတ်မာရဟန်း

ငါသည် တိစီဝရိက်ဓူတင်ကို ဆောက်တည်၏။ ငါမှတစ်ပါးသော

ဤရဟန်းတို့သည် တိစီဝရိက်ဓူတင်ကို မဆောက်တည်ကြဟု ဆင်ခြင်၏။

ထိုရဟန်းသည် ထိုတိစီဝရိက်ဓူတင် ဆောက်တည်သည်၏ အဖြစ်ဖြင့်

မိမိကို ချီးမြှောက်၏။ သူတစ်ပါးကို ရှုတ်ချ၏။

ဤသည်မှာ သူယုတ်မာရဟန်းတို့၏ တရားတည်း။

 

တိစီဝရိက်ဓူတင်ဆောင် သူတော်ကောင်းရဟန်း

တိစီဝရိက်ဓူတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည်

လောကုတ္တရာတရား အားလျော်သောတရားကို ကျင့်၏။

ရိုသေထိုက်အောင် ကျင့်၏။ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏။

ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏။

ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏။

 

သူတော်ကောင်းတရား

ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍

တိစီဝရိက်ဓူတင် ဆောက်တည်သည်၏ အဖြစ်ဖြင့်

မိမိကို မချီးမြှောက်။ သူတစ်ပါးကို မရှုတ်ချ။

ဤသည်မှာလည်း သူတော်ကောင်းတို့၏ တရားတည်း။

 

တိစီဝရိက်ဓူတင်

 

MA ဦးဇင်း    ။        ။ တိစီဝရိက်ဓူတင်ဆောင် ရဟန်းတစ်ပါးအတွက် သုံးခွင့်ရှိတဲ့ သင်္ကန်းအမျိုးအစားတွေ ဘယ်လောက်များ ရှိပါသလဲဘုရား။

ဆရာတော်     ။        ။ ဒုကုဋ်လို့ခေါ်တဲ့ နှစ်ထပ်သင်္ကန်းကြီး တစ်ထည်ပါတယ်။ အပေါ်ကိုယ်ရုံဧကသီ တစ်ထည်ပါတယ်။ ပြီးတော့ ခါးဝတ်သင်းပိုင် တစ်ထည်ပါတယ်။ အားလုံးပေါင်း သင်္ကန်းသုံးထည်ဖြစ်လို့ “တိစီဝရ” three robes is called a “tecivarika ဖြစ်ပါတယ် ဦးဇင်း။

MA ဦးဇင်း    ။        ။ တိစီဝရိက်သင်္ကန်းကို ရှေးရှေးအခါ ဘုရားရှင် လက်ထက်တော်အခါကာလ ကတည်းက ဓူတင်ဆောင် ရဟန်းတော်များက သုံးခဲ့တာပါလားဘုရား။

ဆရာတော်     ။        ။ ဟုတ်တယ်။ သာသနာတော် စကတည်းက သူတော်ကောင်းကြီးများ ကျင့်လာ ကြတာပါ။ ဒါကြောင့် မဟာဇနကပျို့မှာ “တိစီဝရိက်၊ ရောင်ဖိတ်ဖိတ်နှင့်၊ သပိတ်မြေဖြစ်၊ ရေစစ်ကရိုင်” လို့ မှတ်တမ်းတင်ထားတာ ဖတ်ရတယ် ဦးဇင်း။

MA ဦးဇင်း    ။        ။ တိစီဝရိက်က ပရိက္ခရာရှစ်ပါးထဲမှာ ပါပြီးသား မဟုတ်ပါလားဘုရား။

ဆရာတော်     ။        ။ ပါတယ်လေ။ ပရိက္ခရာဆိုတာကကို ရဟန်းတော်တို့ရဲ့ အသုံးအဆောင်ကို ခေါ် တာပါ။ သပိတ် သင်္ကန်းမပါလို့ ဘယ်ဖြစ်မလဲ ဦးဇင်း။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။ ရုတ်တရက် အမှတ်မထားမိလို့ပါဘုရား။

ဆရာတော်     ။        ။ ကောင်းပါပြီ။ ပရိက္ခရာရှစ်ပါးဆိုတာ ၁။ သပိတ် ၂။ သင်းပိုင်၊ ၃။ ဧကသီ၊  ၄။ နှစ်ထပ်သင်္ကန်းကြီး၊ ၅။ ခါးပန်းကြိုး၊ ၆။ ခေါင်းရိတ်ဓား၊ ၇။ အပ်နှင့် အပ်ချည်၊ ၈။ ရေစစ်တို့ ဖြစ်ပါတယ်။ အဲဒီအထဲမှာ သင်္ကန်းသုံးထည်လည်း ပါဝင်ပါတယ်။ အကျဉ်းမှတ်ထားချင်ရင်တော့ ကိုယ်မှာကပ်တာက ပရိက္ခရာ ၄ ပါး၊ ကိုယ်မှာမကပ်တာက ၄ ပါး ရှိပါတယ် ဦးဇင်း။

ကျမ်းညွှန်း ၁။      (၁၉၈)၊ အတ္တန္တပသုတ္တဝဏ္ဏနာ၊ မဟာဝဂ္ဂ၊ စတုက္ကနိပါတ၊ အဂုၤတ္တရပါဠိ။ (နှာ-၅၂၆)

MA ဦးဇင်း    ။        ။ ကိုယ်မှာကပ်တာနဲ့ မကပ်တာကို နားမလည်သေးပါဘုရား။

ဆရာတော်     ။        ။ ကိုယ်မှာကပ်တယ်ဆိုတာက ၁။ ဧကသီ၊ ၂။ သင်းပိုင်၊ ၃။ ခါးပန်းကြိုး၊ ၄။ နှစ်ထပ်သင်္ကန်းကြီးတွေပါမယ်။ ကိုယ်မှာမကပ်တာက ၁။ သပိတ်၊ ၂။ ခေါင်းရိတ်ဓား၊ ၃။ အပ်နှင့် အပ်ချည်၊ ၄။ ရေစစ်တို့ပါမယ် ဦးဇင်း။စာရေးမှတ်တာထက် လင်္ကာနဲ့မှတ်ရင် မှတ်မိလွယ်တယ်။

MA ဦးဇင်း    ။        ။ မှန်ပါ။ လင်္ကာနဲ့ဆိုရင် မှတ်မိလွယ်ပါတယ်ဘုရား။

ဆရာတော်     ။        ။ ကောင်းပါပြီ။ နဘူးကျင်းဆရာတော်ကြီး မကြာခဏ ရွတ်ပြတော်မူလေ့ရှိတဲ့ လင်္ကာက “ဒု၊ ကိုယ်၊ သင်း၊ ခါး အတွင်းထား”တဲ့၊ ဒုဆိုတာက ဒုကုဋ်နှစ်ထပ် သင်္ကန်းကြီး။ ကိုယ်ဆိုတာက ဧကသီနော်။ သင်းကတော့ သင်းပိုင်ပါ။ ခါးက ခါးပန်းကြိုးနော်။ ဒါတွေက ကိုယ်နဲ့ ကပ်နေတဲ့ ပရိက္ခရာ တွေပါ ဦးဇင်း။

MA ဦးဇင်း    ။        ။ မှတ်မိပါပြီဘုရား။ ကိုယ်မှာ မကပ်တာကိုပြတဲ့ လင်္ကာကိုလည်း သိပါရစေ။

ဆရာတော်     ။        ။ “တုံး၊ ပိတ်၊ စစ်၊ အပ် အပမှတ်” တဲ့ တုံးဆိုတာက သင်တုံးဓား။ ပိတ်ဆိုတာက သပိတ်နော်။ စစ်ဆိုတာက ရေစစ်ပါ ။ အပ်ကတော့ အပ်နှင့် အပ်ချည်ပါဦးဇင်း။

MA ဦးဇင်း    ။        ။ ကျေးဇူးတင်ပါတယ်ဘုရား။ မှတ်မိပါပြီဘုရား။ တပည့်တော် သိချင်တာလေးက ကိုယ်ပိုင်သင်္ကန်းကို အဓိဋ္ဌာန်တင်ရတယ်လို့ ကြားဖူးပါတယ်။ ဘာကြောင့် အဓိဋ္ဌာန်တင်ရတာပါလဲ ဘုရား။

ဆရာတော်     ။        ။ မိမိရဲ့ကိုယ်ပိုင်ပစ္စည်းအဖြစ် စွဲစွဲမြဲမြဲဖြစ်အောင် ဆောက်တည်တာကို သင်္ကန်းအဓိ ဋ္ဌာန်တင်တယ်လို့ သာသနာဝေါဟာရနှင့် ခေါ်ပါတယ်။ သင်္ကန်းသုံးထည်ထက် ပိုလာတာကို ရဟန်းတော်များအနေနှင့် ဝိနည်းလမ်းကြောင်းအရ ဝိကပ္ပနာပြုရပါတယ်။ ဘာလုပ်တာလဲဆိုရင် မိမိကိုယ်ပိုင်ပစ္စည်း အဖြစ်ကနေ ကင်းအောင် ပြုတာပါဘုရား။

MA ဦးဇင်း    ။        ။ ဒါဆိုရင် မိမိလက်ထဲမှာရှိတဲ့ သင်္ကန်းက အဓိဋ္ဌာန်တင်ရင်တင်။ မတင်ရင်ဝိကပ္ပနာ  ပြုရမှာပါလားဘုရား။

ဆရာတော်     ။        ။ ဟုတ်တာပေါ့ဗျာ။

 

တိစီဝရိက်ဓူတင်ဆောင်ခြင်း

 

MA ဦးဇင်း    ။        ။ တိစီဝရိက်ဓူတင် ဆောင်တော်မူတဲ့ရဟန်းက လေးထည်မြောက် သင်္ကန်းကို စွန့်တော်မူပြီး သုံးထည်သော သင်္ကန်းကိုသာ ဆောင်တော်မူကြတယ်လို့ ဖတ်ဖူးပါတယ်ဘုရား။

ဆရာတော်     ။        ။ မှန်ပါတယ် ဦးဇင်း။

MA ဦးဇင်း    ။        ။ တိစီဝရိက် ဓူတင်ဆောင်ပုံကိုလည်း သိချင်ပါတယ်ဘုရား။

ဆရာတော်     ။        ။ “စတုတ္ထက စီဝရံ ပဋိက္ခိပါမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမိ” လို့ ဆောက်တည် ရပါတယ်။

ကျမ်းညွှန်း ၁။      (၂၅)၊ တေစိဝရိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာ-၁။ (နှာ-၆၂)

MA ဦးဇင်း    ။        ။ မြန်မာစကားနဲ့ ဆောက်တည်ရင်လည်း ရပါသလားဘုရား။

ဆရာတော်     ။        ။ ရတယ်။ ရတယ်။ စတုတ္ထကစီဝရံ = ဝတ်လောက်၊ ရုံလောက်၊ အဓိဋ္ဌာန် လောက်တဲ့ လေးထည်မြောက်သင်္ကန်းကို၊ ပဋိက္ခိပါမိ = ပယ်ပါ၏လို့ ဆောက် တည်ရင်လည်းရတယ်။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။

ဆရာတော်     ။        ။ တေစီဝရိကင်္ဂံ = ဒုကုဋ်၊ ကိုယ်ဝတ်နှင့် သင်းပိုင်တို့ပါဝင်တဲ့ သင်္ကန်းသုံးထည်ကို ဆောင်သောအင်္ဂါကို၊ သမာဒိယာမိ = ဆောက်တည်ပါ၏လို့ ဆိုရင်လည်း ရပါတယ်ဦးဇင်း။

MA ဦးဇင်း    ။        ။ သင်္ကန်းငါးထည်နှင့်လည်း ဓူတင်ရနိုင်တယ်လို့ ဖတ်ဖူးတယ်ဘုရား။ အဲဒါ ဘာ ကြောင့်ပါလဲဘုရား။

ဆရာတော်     ။        ။ ဘိက္ခုရဟန်းအတွက်တော့ သင်္ကန်းသုံးထည်ပဲ ခွင့်ပြုတော်မူပါတယ်။ သင်္ကန်း ငါးထည် ဖတ်ဖူးတယ်ဆိုရင်တော့ ဘိက္ခုနီတို့ကို ခွင့်ပြုတော်မူတာ ရှိပါတယ်။

MA ဦးဇင်း    ။        ။ ဘိက္ခုနီတို့ကို ခွင့်ပြုတော်မူခဲ့တဲ့ သင်္ကန်းထဲမှာ ဘာတွေအပိုပါလာတဲ့အတွက် ငါးထည် ဖြစ်လာရတာပါလဲဘုရား။

ဆရာတော်     ။        ။ ဘိက္ခုနီတို့ကို ခွင့်ပြုတော်မူခဲ့တဲ့ သင်္ကန်းထဲမှာက ဒုကုဋ်၊ ကိုယ်ဝတ်နှင့် သင်းပိုင် အပြင် ရေသနုပ်နှင့် ရင်လွှမ်းတဘက်တို့ကို ခွင့်ပြုတော်မူထားတဲ့အတွက် သင်္ကန်းငါးထည် ဖြစ်လာ တာပါ။ ဒါကိုပဲ ဘိက္ခုနီတိစီဝရိက်လို့ ခေါ်နိုင်ပါတယ်။

ကျမ်းညွှန်း ၁။      (၃၇)၊ ဓုတင်္ဂပကိဏ္ဏကကထာဝဏ္ဏနာ၊ ဝိသုဒ္ဓိမဟာဋီကာ။ (နှာ-၁၀၆)

MA ဦးဇင်း    ။        ။ သားရေနွယ်ဆောင်ထားမှ တိစီဝရိက်အင်္ဂါ ပြည့်စုံတာပါလားဘုရား။

ဆရာတော်     ။        ။ သားရေနွယ်ဆောင်ထားမှ တိစီဝရိက်အင်္ဂါ ပြည့်စုံတယ်လို့တော့ ဘယ်ကျမ်း မှာမှ မဆိုထားပါဘူး ဦးဇင်း။ နဘူးကျင်းဆရာတော်ကြီး မိန့်တော်မူဖူးတာက တိစီဝရိက်ဓူတင် ဆောင်ရဟန်း အတွက် လေးထည်မြောက်သင်္ကန်း မဖြစ်အောင် သားရေနွယ်ဆောင်တယ်လို့ ယူဆလိုက ယူဆနိုင် ကြောင်းနှင့် သင်္ကန်းမဟုတ်တဲ့အတွက် တိစီဝရိက်ဓူတင် မပျက်ကြောင်းကို မိန့်တော်မူဖူးတာ မှတ်သား ထားဖူးတယ် ဦးဇင်း။

MA ဦးဇင်း    ။        ။ နေရာထိုင်အခင်းကို သင်္ကန်းအဖြစ် ရေတွက်မယ်ဆိုရင် သိမ်ထဲကံဆောင် ရာမှာ ဖြစ်စေ၊ သံဃအစည်းအဝေးတွေမှာဖြစ်စေ ခင်းထားတဲ့ နေရာထိုင်အခင်းတွေ၊ ကော်ဇောတွေ၊ စောင်တွေ ပေါ်ကို မထိုင်ဘဲ ရှောင်ရမလိုဖြစ်သွား မယ်ထင်ပါတယ်ဘုရား။ တပည့်တော် နားမလည်လို့ပါဘုရား။

ဆရာတော်     ။        ။ သိမ်ထဲကကြမ်းပေါ်မှာ ခင်းထားတဲ့အခင်းတွေက ဓူတင်ဆောင်ရဟန်းရဲ့ ကိုယ်ပိုင်မဟုတ်လို့ သင်္ကန်းအဖြစ် တွက်စရာမလိုအပ်ပါဘူး။ နောက်တစ်ခုက ကိုယ်ပေါ်မှာ လွှမ်းထားရ တဲ့သင်္ကန်းကိုသာ ရေတွက်ရပါမယ် ဦးဇင်း။ အခင်း ကို ချန်လှပ်ထားပါလေ။

MA ဦးဇင်း    ။        ။ အခင်းကြောင့် ဓူတင်အနှောင့်အယှက် မရှိကြောင်း သိရပါပြီဘုရား။

ဆရာတော်     ။        ။ ပြီးတော့ “သင်း၊ ကိုယ်၊ ဒု၊ အိပ်၊ မျက်၊ ပရိက်၊ နိသိဒ်၊ မိုး၊ အမာ”လို့ ပြတဲ့ သင်္ကန်း ၉ မျိုးအထဲမှာ “အိပ်” ဆိုတာ အိပ်ရာအခင်းကို ဆိုလိုတာနော်။

MA ဦးဇင်း    ။        ။ စောင်က ကိုယ်ပေါ်ကို လွှမ်းခြုံရပြီး သင်္ကန်း ၉ မျိုးထဲမှာလည်း မပါတော့ ဘယ်လို ဆုံးဖြတ်ရသလဲ။ အညာဒေသ ဆောင်းရာသီက အလွန် အေးတတ် လို့ပါဘုရား။

ဆရာတော်     ။        ။ တိစီဝရိတ်ဆောင် ရဟန်းမှာ နှစ်ထပ်သင်္ကန်း ရှိနေပြီလေ။ နှစ်ထပ်သင်္ကန်းကို နှစ်ထပ်ထပ်ရင် လေးထပ်ရပြီနော်။ ပြီးတော့ အပေါ်ရုံဧကသီကို နှစ်ထပ်ထပ်ပါ ဦးဇင်း။ အထပ်ပေါင်း ဘယ်လောက်ရပြီလဲ။

ဗြ ဦးဇင်း       ။        ။ ဧကသီက ၂ ထပ်၊ ဒုကုဋ်က ၄ ထပ်ဆိုတော့ ၆ ထပ် ရပါပြီဘုရား။

ဆရာတော်     ။        ။ စောင်လိုသေးလို့လားဦးဇင်း။

MA ဦးဇင်း    ။        ။ မှန်ပါ။ ဆောင်းရာသီအတွက် နားလည်ပါပြီဘုရား။ မိုးရာသီမှာ သင်္ကန်းရှိတာက သုံးထည်၊ ဆွမ်းခံထွက်လိုက်တာ သင်္ကန်းနှစ်ထည်မိုးစိုရင် ဘယ်လို လုပ်ရပါသလဲဘုရား။

ဆရာတော်     ။        ။ တိစီဝရိတ်ဓူတင်ဆောင်ရဟန်းရဲ့ လက်တွေ့ဘဝက ဦးဇင်းစိတ်ကူးယဉ်ပြီး မေးလျှောက်နေတာထက် အများကြီး ပိုမိုခက်ခဲပါတယ်။ မိုးရာသီမှာ လေး၊ ငါးရက်လောက် မိုးစွေ နေပြီဆိုရင် မနေ့မနက်က မိုးစိုထားတဲ့သင်္ကန်းက ဒီမနက်အထိ မခြောက်သေးဘူး။ ဒီနေ့တစ်ခါ မိုးမိ ပြန်ပြီဆိုတော့ သင်္ကန်းနှစ်ထည် မိုးစိုတာ မဟုတ်တော့ဘူး။ ရှိသမျှသင်္ကန်းအားလုံး မိုးစိုထားပြီ။ နေမထွက်တာ လေးရက်ရှိနေပြီမို့ သင်္ကန်းမခြောက်တော့ဘူး။

MA ဦးဇင်း    ။        ။ ဟုတ်သားပဲ တပည့်တော်တွေးမိတာထက် ပိုမိုခက်ခဲနေတာ သတိပြုမိလာပါ တယ်ဘုရား။ ဒါဆိုရင် ဘာလုပ်ရပါမလဲဘုရား။

ဆရာတော်     ။        ။ ဓူတင်ဆောင်ရဟန်းက ဆွမ်းခံမထွက်လို့မရဘူး။ ဆွမ်းခံထွက်ရင် မနေ့ကလိုပဲ ဒီနေ့မနက်လည်း မိုးရွာကြီးထဲကို ထွက်ရတော့မယ်နော်။ဆရာသခင်များ ဆုံးမပေးတော်မူတာက မိုးရွာထဲကို ဆွမ်းခံမထွက်ခင်၊ တစ်နည်းပြောရရင် ခေါင်းကို မိုးရေမထိခင် အရင်ဦးအောင် ခေါင်းကို ရေနည်းနည်းစိုအောင် လုပ်ထားလိုက်ရတယ် ဦးဇင်း။ ဒါဆိုရင် အအေးပတ်တာ သက်သာတတ်တယ်။ ဆွမ်းခံပြန်ရောက်လာရင်တော့ ရေချိုးရတယ်နော်။ ရေချိုးပြီးရင် ကိုယ်ငွေ့ရအောင် ကျောင်းခန်းထဲမှာ နွေးနွေးထွေးထွေး နေရတယ်။

MA ဦးဇင်း    ။        ။ မိုးက ရက်ဆက်ပြီး ရွာနေရင် ရပါ့မလားဘုရား။

ဆရာတော်     ။        ။ မိုးရွာတာ ရက်များဆက်သွားရင် မရနိုင်လောက်ဘူး ဦးဇင်း။ ဒါကြောင့် အအေး မိပြီး ကိုယ်လက် ကိုက်ခဲဖျားနာတော့မယ်။ ဒါကြောင့် အဖျားပျောက် ဆေးတွေ၊ အကိုက်အခဲပျောက် ဆေးတွေ ဆောင်ထားရတယ်။ မိုးတွင်းမို့လို့ ဝမ်းပိတ်ဆေးလည်း ဆောင်ထားရင် မမှားဘူးပေါ့ဘုရား။

MA ဦးဇင်း    ။        ။ မှန်ပါ၊ ဓူတင်ဆောင်ရဟန်းဘဝရဲ့ အခက်အခဲတချို့ကို နားလည်ပါပြီဘုရား။ ရဟန်းတစ်ပါးဆောင်ထားတဲ့ တိစီဝရိက်ဓူတင်က ဘယ်အချိန်မှာ၊ ဘယ်လို အကြောင်းကြောင့် ပျက်တတ် ပါသလဲဘုရား။

ဆရာတော်     ။        ။ တိစီဝရိက်ဓူတင်ဆောင်ပုဂ္ဂိုလ်က သူဆောင်ထားတဲ့ သင်္ကန်းသုံးထည်အပြင် ဝတ် လောက်တဲ့သင်္ကန်း၊ ရုံလောက်တဲ့သင်္ကန်း လေးထည်မြောက်ကို သာယာတဲ့အခိုက် တစ်ခဏမှာတင်ပဲ တိစီဝရိက်ဓူတင် ပျက်ပါတယ် ဦးဇင်း။

ကျမ်းညွှန်း ၁။      (၂၅)၊ တေစိဝရိကင်္ဂကထာ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ-၁။ (နှာ-၆၂)

 

တိစီဝရိက်ဓူတင်ဆောင် ထေရ်ရှင်မြတ်များ

 

MA ဦးဇင်း    ။        ။ မြန်မာနိုင်ငံမှာ တိစီဝရိက်ဓူတင်ဆောင်တော်မူတဲ့ အရှင်မြတ်တို့ ဒီကနေ့အထိ အများကြီး ရှိပါသေးလားဘုရား။

ဆရာတော်     ။        ။ ရှိပါတယ်ဦးဇင်း။ ရှိပါတယ်။ ပြောရင်း သတိရတာလေး မေ့သွားမှာစိုးလို့ ပြောလိုက်ဦးမယ်နော်။ ပခုက္ကူမြို့ သဲပုံတောရဆရာတော် ဦးကိတ္တိကို လူအများက ဆရာတော်ဦးကြည် လို့ပဲ သိကြတယ်။ သာသနာတော်မှာ ရဟန္တာလို့ ကျော်ကြားတော်မူခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

MA ဦးဇင်း              ။        ။ ရဟန္တာဆရာတော်ကြီးက ပံ့သကူဓူတင်လည်း ဆောင်တော်မူပါသလား ဘုရား။

ဆရာတော်     ။        ။ ဆရာတော်ကြီးက ပံ့သကူဓူတင် တစ်ခုတည်း ဘယ်ကမလဲ ဓူတင်အများကို ဆောင်တော်မူတာပေါ့။ အခု ပံ့သကူဓူတင် ဆောင်တော်မူတဲ့အကြောင်းကို ပြောပြမယ်လေ။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။ မှတ်သားပါ့မယ့်ဘုရား။

ဆရာတော်     ။        ။ ဆရာတော်ကြီးရဲ့ ဂုဏ်သတင်း ကျော်ကြားလာတာနှင့်အမျှ လှူဒါန်းသူလည်း ပေါများလာပါတယ်။ ပံ့သကူဆောင်တော်မူတယ်လို့ သိသွားတဲ့သူတွေက     ပံ့သကူသင်္ကန်း ပစ်ပစ်ထား ကြတာလေ ဘယ်လောက်များသလဲဆိုရင် ကောက်ယူပြီးတော့ သင်္ကန်းလဲလှယ်ပြီး မသုံးနိုင်တော့အောင် ကို များတယ် ဦးဇင်း။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။ ပစ်ထားတဲ့သင်္ကန်းကို ဆရာတော်ကြီးက မကောက်တော့ဘူး လားဘုရား။

ဆရာတော်     ။        ။ ဟုတ်တယ်။ မကောက်နိုင်တော့တဲ့အတွက် ရဟန်းသာမဏေတွေက လာပြီး ကောက်ယူကြတယ်တဲ့။ ဆရာတော်ကြီးက ပံ့သကူသင်္ကန်းလည်း ဆောင်တော်မူသလို တိစီဝရိက်လည်း ဆောင်တော်မူပါတယ်။

MA ဦးဇင်း    ။        ။ ပံ့သကူသင်္ကန်း ဆောင်ထားရင် တိစီဝရိက်ကလည်း ဆောင်လို့လွယ်ကူပြီ နှင့် တူပါတယ်ဘုရား။

ဆရာတော်     ။        ။ ဟုတ်ပါတယ်။ တိစီဝရိက်ဆောင်တော်မူကြတဲ့ ဆရာတော်များကလည်း အခွင့် အခါသာရင် ပံ့သကူဓူတင်ကိုပါ ဆောင်တော်မူတာကို တွေ့ရတတ်ပါတယ်။

MA ဦးဇင်း    ။        ။ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်     ။        ။ သာသနာ့သမိုင်းမှာ ဗောဓိမဏ္ဍိုင်ဆရာတော်ကြီးလည်း ထင်ရှားတော်မူတယ်။ ဧကစာရီ သီတင်းသုံးတော်မူတယ်။ အသုဘကနေရတဲ့ ပံ့သကူသင်္ကန်းကို ချုပ်လုပ်ပြီး တိစီဝရိက်ဆောင်တော်မူတယ်။ သီလကို အလွန်မြတ်နိုးတော်မူတယ် ဦးဇင်း။

MA ဦးဇင်း    ။        ။ ကြည် ညိုမဆုံးပါဘုရား။

ဆရာတော်     ။        ။ ပခုက္ကူ သဲပုံတောရဆရာတော်ကြီးကလည်း အမြဲ ပံ့သကူဓူတင်နှင့် တိစီဝရိက် ဓူတင် ဆောင်တော်မူတယ်။ သင်္ကန်းမှာ၊ အိပ်ရာနေရာတွေမှာ ကြမ်းပိုးတွေ၊ သန်းတွေက သူတို့ ရဲ့နေအိမ်လို စွဲကပ် မှီခိုနေကြတာကို ဆရာတော်ကြီးက ရှင်းလင်းဖို့ ခွင့်ပြုတော်မမူပါဘူး။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတွေမှာ အလွန်ပဲ ခြိုးခြံတော်မူပြီး ခေါင်းပါးစွာ ကျင့်တော်မူတဲ့ ဆရာတော်ကြီးပါ။

MA ဦးဇင်း    ။        ။ ကြည် ညိုမဆုံး ဖြစ်ရပါတယ်ဘုရား။ တပည့်တော်တို့ သာသနာတော်အတွက်လည်း လွန်စွာ အားတက်ပါတယ်ဘုရား။

ဆရာတော်     ။        ။ မလိမ္မာတဲ့ ဒကာတွေကြောင့် ဓူတင်ဆောင် ဆရာတော်များအတွက် ဝန်လေးစရာ ဖြစ်တတ်တဲ့သာဓကကိုလည်း ပြောပြရဦးမယ်။

MA ဦးဇင်း    ။        ။ မှန်လှပါဘုရား။ ဒီသာသနာတော်မှာ မလိမ္မာတဲ့ဒကာကြောင့် သူတော်ကောင်း တို့မှာ ဝန်လေးစရာအမှုကို မဖြစ်စေချင်ပါဘုရား။ ဒါကြောင့် ဗဟုသုတအဖြစ် တပည့်တော် အသေးစိတ် သိချင်ပါသေးတယ်ဘုရား။

ဆရာတော်     ။        ။ ကောင်းပါပြီ။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို ပြောပြမယ်နော်။

MA ဦးဇင်း    ။        ။ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်     ။        ။ မွန်ပြည်နယ်၊ မုဒုံမြို့က ဂျုံးဂျုံးကျတောရမှာ သီတင်းသုံးတော်မူလို့ ဂျုံးဂျုံးကျ ဆရာတော်လို့ ထင်ရှားတော်မူတယ်။

MA ဦးဇင်း    ။        ။ ဂျုံးဂျုံးကျတောရဆိုတာ ဘယ်နယ်မှာ ရှိတာပါလဲဘုရား။

ဆရာတော်     ။        ။ မွန်ပြည်နယ်၊ မုဒုံမြို့မှာရှိပါတယ်။ တစ်နေ့ကျတော့ ဆရာတော်ကြီးထံပါးကို ဦးဘွားဆိုတဲ့ဒကာကြီး သင်္ကန်းကပ်ဖို့ ရောက်လာပါတယ်။

MA ဦးဇင်း    ။        ။ ဆရာတော်ကြီး ပံ့သကူဓူတင်နှင့် တိစီဝရိက် ဓူတင်ဆောင်တာကို မသိလို့ သင်္ကန်းလာကပ်တာပါလားဘုရား။

ဆရာတော်     ။        ။ သူတော်ကောင်းကြီးများအကျင့်ကို ပြောရခက်ပါတယ် ဦးဇင်း။ ဒါနဲ့ ဆရာတော် ကြီးက သံဃာတော်များကို လှူဒါန်းဖို့ မိန့်တော်မူတယ်။ ဒါယကာက ဘာလျှောက်သလဲဆိုရင် “အရှင်ဘုရား ဒီသင်္ကန်းဝတ်ရုံတာကို ကြည်ညိုချင်ပါ တယ်ဘုရား”တဲ့။

MA ဦးဇင်း    ။        ။ ဆရာတော်ကြီးမှာ ပံ့သကူဓူတင်နှင့် တိစီဝရိက်ဓူတင် အဓိဋ္ဌာန်ရှိထားရင် ဘယ်လို လုပ်မလဲဘုရား။

ဆရာတော်     ။        ။ ဒါကြောင့်ထင်တယ်။ ဆရာတော်ကြီးက သံဃာတော်ကိုလှူဒါန်းဖို့ မိန့်တော် မူတာနေမှာ။ ဓူတင်ဆိုတာ လူသိမခံရဘူးလေ ဦးဇင်း။

MA ဦးဇင်း    ။        ။ ဆရာတော်ကြီး ပံ့သကူသင်္ကန်းကို သုံးနေမယ်ဆိုရင် အခက်အခဲ ဖြစ်သွားမယ် ထင်ပါတယ်ဘုရား။

ဆရာတော်     ။        ။ ဟုတ်တယ် ဦးဇင်း။ သို့သော် သူတော်ကောင်းဖြစ်တော်မူတဲ့ ဆရာတော်ကြီးက အနှစ်နှစ်အလလ ဆောင်တော်မူခဲ့တဲ့ ဓူတင်ကို အပျက်ခံတော်မူပြီး ကိုယ်ပေါ်က သင်္ကန်းကို ခေတ္တ ဖယ်ရှားတော်မူပါတယ်။ ပြီးတော့ ဒါယကာဦးဘွား လှူဒါန်းတဲ့သင်္ကန်းကို ဝတ်ရုံတော်မူပါတယ်။ ဒါယကာကလည်း ကျေနပ်သွားပါတယ်။ ဒါယကာပြန်သွားတော့မှ ဆရာတော်ကြီးက ဆိုင်ရာဓူတင်များ ပြန်ပြီး ဆောက်တည်တော်မူရပါတယ်။

MA ဦးဇင်း    ။        ။ သူတော်ကောင်းအနား ချဉ်းကပ်တဲ့ ဒါယကာများက အလွန်လိမ္မာဖို့ လိုတာကို သင်ခန်းစာ ကောင်းကောင်းကြီး ရပါတယ်ဘုရား။

 

ဝိနည်း၊ ဓူတင်နှင့် ကထိန်လျာသင်္ကန်း

 

MA ဦးဇင်း    ။        ။ တပည့်တော် ရဟန်းဖြစ်ပြီးနောက် ကထိန်မကြုံဖူးသေးပါဘုရား။ ကထိန်ကို ဘုရားရှင်ကိုယ်တော်တိုင် ခွင့်ပြုတော်မူတာပါလားဘုရား။

ဆရာတော်     ။        ။ ဟုတ်တယ်။ ပါဠိလို ကထိနစီဝရလို့ ခေါ်တဲ့ ကထိန်သင်္ကန်းကို ဘုရားရှင် သက်တော် ထင်ရှားရှိစဉ်ကာလက သင်္ကန်းလျာ နွမ်းနယ်ပါးရှားတော်မူတဲ့ ပါလေယျတိုင်းသား ဘဒ္ဒဝဂ္ဂီ ညီနောင် သုံးကျိပ်တို့ကို အကြောင်းပြုပြီး သံဃာတော်များ သင်္ကန်းအတွက် မပင်ပန်းရအောင် ကထိန် သင်္ကန်း အလှူခံခွင့် ပြုတော်မူတာပါဦးဇင်း။

ကျမ်းညွှန်း ၁။  (၃၀၆-၃၀၈)၊ ကထိနက္ခန္ဓက၊ ကထိနာနုဇာနနာ၊ မဟာဝဂ္ဂပါဠိ။ (နှာ-၃၅၁-၃၅၂)

MA ဦးဇင်း    ။        ။ ကထိန်သင်္ကန်းအတွက် ကာလသတ်မှတ်ချက်များ ရှိပါသေးသလားဘုရား။

ဆရာတော်     ။        ။ ရှိတယ်။ ကထိန်ခင်းဖို့အတွက် သတ်မှတ်ရက် အပိုင်းအခြားက သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ ဖြစ်ပါတယ်။

MA ဦးဇင်း    ။        ။ ကထိန်သင်္ကန်းကို ပစ္စည်းလေးပါး လျှောက်ထားသူထံပါးက အလှူခံခွင့်ရှိပါ သလားဘုရား။ ပြီးတော့ ကထိန်သင်္ကန်းနှင့် ဓူတင်၊ ဝိနည်းတို့ ဆက်စပ်တာကို လည်း သေသေချာချာ သိချင်ပါသေးတယ်ဘုရား။

ဆရာတော်     ။        ။ ကောင်းပါပြီ။ ပြောပြမယ်နော်။ ကထိန်သင်္ကန်းကို ပစ္စည်းလေးပါး လျှောက် ထားသူထံပါးက အလှူခံခွင့် မရှိရုံမကဘူး အမိအဖတို့ဆီကတောင် အလှူမခံရပါဘူး။ သဒ္ဓါအလျောက် ဖြစ်ပေါ်လာတဲ့သင်္ကန်း ဖြစ်ရပါတယ်။ သိမ်ထဲမှာ ဝါဆိုသံဃာများ စုဝေးပြီးတော့ ကမ္မဝါစာရွတ်ဖတ်ပြီး ကထိန်ခင်းရပါတယ်၊ သင်္ကန်းလှူတဲ့အခါ ပုဂ္ဂိုလ်ကို မလှူရဘူး။ သံဃာကို ရည်ညွှန်းပြီး လှူဒါန်း ရပါတယ်။

MA ဦးဇင်း    ။        ။ ကထိန်သင်္ကန်းကို သံဃာတော်များသာ ပိုင်ခွင့်ရှိတာပါလားဘုရား။

ဆရာတော်     ။        ။ ဟုတ်တယ်။ သိမ်ထဲ သံဃာအစည်းအဝေးကနေ သင်္ကန်းရှားပါးတဲ့ရဟန်းကို အဲဒီ ကထိန်သင်္ကန်း ပေးလှူရပါတယ်။

MA ဦးဇင်း    ။        ။ ကထိန်အကျိုးထဲမှာ ဓူတင်ပိုင်း ပါပါသလားဘုရား။

ဆရာတော်     ။        ။ ပါတယ်။ ရဟန်းတော်များက ကထိန်အာနိသင် (၅)ပါးကို ရတဲ့အထဲမှာ ဝိနည်းပိုင်းပါတဲ့အတွက် ဓူတင်ပိုင်းလည်း ဆက်စပ် စဉ်းစားနိုင်ပါတယ်ဦးဇင်း။

MA ဦးဇင်း    ။        ။ မှန်ပါ။ အသေးစိတ် သိလိုပါတယ်ဘုရား။

ဆရာတော်     ။        ။ ကောင်းပါပြီ။ ပထမအကျိုးက (၁) အနာမန္တစာရ = အကြောင်းတစ်စုံ တစ်ခုခုကြောင့် ကျောင်းအပြင်ထွက်ပြီး ရပ်ထဲရွာထဲကြွရတဲ့အခါမှာ ကျောင်းသံဃာတစ်ပါးပါးကို မပန် ကြားဘဲ ကြွသွားမိရင် ဝိနည်းအရ အာပတ်သင့်ပါတယ်။ ကထိန်ခင်းခွင့် ရပြီဆိုရင်တော့ အဲဒီအပြစ်က  လွတ်တယ်၊ အာပတ်မသင့်တော့ပါဘူး။ ဒါကြောင့် “မပန်မကြား ၊ ရွာထဲသွား၊ ပြစ်ကား မသင့်ပါ” လို့ မှတ်ပါလေ။

MA ဦးဇင်း    ။        ။ မှန်ပါ။ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်     ။        ။ ဒုတိယအကျိုးက (၂) အသမာဒါနစာရ = ဝိနည်းတိစီဝရိက်ဆောင်တော်မူတဲ့ ရဟန်းတော်များဟာ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့ သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်ဆိုတဲ့ သင်္ကန်းသုံးထည်ကို အရုဏ်တက်ချိန်မှာ သင်္ကန်းနဲ့ နှစ်တောင့်ထွာ ထက် ပိုဝေးပြီး မနေရဘူး။ နေမိရင် အဲ့ဒီ သင်္ကန်းကို စွန့်ပြီး ဒေသနာကြား ရတယ်။ နို့မဟုတ်ရင် အာပတ်သင့်တယ်။ သို့သော် ကထိန်ခင်းခွင့်ရပြီ ဆိုရင်တော့ အဲဒီရဟန်းတော်မြတ်က အပြစ်က လွတ်ပါတယ်၊ ဒါကြောင့် “တိစီရိက်နှင့်သာ၊ ညဉ့်ကင်းရာ၊ မှန်စွာ အပြစ်မသင့်ပါ” တဲ့ ဦးဇင်း။

ကျမ်းညွှန်း ၁။      (၃၀၈)၊ ကထိနက္ခန္ဓက၊ ကထိနာနုဇာနနာ၊ မဟာဝဂ္ဂပါဠိ။ (နှာ-၃၅၂)

MA ဦးဇင်း    ။        ။ အခုနက ဝိနည်းတိစီဝရိက်လို့ မှတ်သားမိပါတယ်ဘုရား။ အဲဒီဝိနည်း တိစီဝရိက် နှင့် ဓူတင်တိစီဝရိက်တို့က အတူတူပဲလား။ တခြားစီလား ကွဲကွဲပြားပြား သိချင်ပါသေးတယ်ဘုရား။

ဆရာတော်     ။        ။ ဝိနည်းတိစီဝရိက် ဆောင်ထားတဲ့ရဟန်းက မိမိရဲ့ သင်းပိုင်၊ ဧကသီ၊ ဒုကုဋ် တို့ကို သူ့နာမည်နဲ့သူ အသီးအခြားစီ အဓိဋ္ဌာန်တင်ရပါတယ်ဦးဇင်း။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား၊ တပည့်တော် လိုက်နာနေပါတယ်ဘုရား။

ဆရာတော်     ။        ။ အဲဒီသင်္ကန်းသုံးထည်က အရုဏ်တက်ချိန်မှာ ကိုယ်နှင့် မကင်းမကွာ ရှိရတယ် နော်။ ဒါကို ညဉ့်ကင်းခွင့် မရှိဘူးလို့ ဆိုပါတယ်။ အကယ်၍ ညဉ့်ကင်းရင် နိဿဂ္ဂိအာပတ် သင့်ပါတယ်။

MA ဦးဇင်း    ။        ။ နိဿဂ္ဂိထိုက်ရင် သင်္ကန်းကို စွန့်ရမှာပါလားဘုရား။

ဆရာတော်     ။        ။ ဟုတ်တယ်။ ဝိနည်းကံအရ စွန့်ရမယ်။ ဒီမှာ တစ်ခုသတိပြုစရာရှိတာက ဝိနည်း တိစီဝရိက် ဆောင်တဲ့ရဟန်းက သင်္ကန်းသုံးထည်ထက်ပိုတဲ့ သင်္ကန်းတွေကိုလည်း သုံးခွင့်ရှိပါတယ်။ အဲဒီအပိုသင်္ကန်းတွေကို ဝိကပ္ပနာပြုပြီးတော့ဖြစ်စေ၊ ဒါမှမဟုတ် ပရိက္ခရစောဠအဓိဋ္ဌာန်တင်ပြီးဖြစ်ဖြစ် သုံးရင် ရနိုင်ပါတယ်။

MA ဦးဇင်း    ။        ။ ဘာကြောင့် သင်္ကန်းသုံးထည်ထက် ပိုပြီးသုံးဆောင်ခွင့် ရှိတာပါလဲဘုရား။

ဆရာတော်     ။        ။ တိစီဝရိက်ဓူတင် မဆောင်ထားလို့ပါဦးဇင်း။

MA ဦးဇင်း    ။        ။ အကယ်၍ သူက “စတုတ္ထကစီဝရံ ပဋိက္ခိပါမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမိ” လို့ ဆိုပြီး ဓူတင် အဓိဋ္ဌာန်တင်ထားရင် သင်္ကန်းသုံးထည်ထက်ပိုပြီး သုံးဆောင်ခွင့် ရှိမှာမဟုတ်တော့ဘူးလို့ တပည့်တော် နားလည်တာ မှန်ပါသလားဘုရား။

ဆရာတော်     ။        ။ ဟုတ်တယ် ဦးဇင်း။ ဟုတ်တယ်။ ဝိနည်းတိစီဝရိက်ကော ဓူတင်တိစီဝရိက်ပါ ကျင့်ရင်တော့ သင်္ကန်းအပိုတွေ သုံးခွင့်လည်း မရှိတော့ဘူး။ ဆောင်ထားခွင့်လည်း မရှိတော့ပါဘူး။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။ တပည့်တော် နားလည်ပါပြီဘုရား။ မေးလျှောက်ချင်သေးတာက အကယ်၍ ရဟန်းတစ်ပါးပါးက ဓူတင်တိစီဝရိက်ကျင့်ပြီး ဝိနည်းတိစီဝရိက် မကျင့်ဘူးဆိုရင် ဘယ်လိုဖြစ် မလဲဘုရား။

ဆရာတော်     ။        ။ ဒါအရေးကြီးတဲ့ မေးခွန်းပါ။ အကယ်၍ ရဟန်းတစ်ပါးက သင်္ကန်းသုံးထည်ကို သူ့နာမည်နဲ့ သူအဓိဋ္ဌာန်မတင်ဘဲ “ပရိက္ခာရစောဠ” ဒါမှမဟုတ် ဝိကပ္ပနာပြုပြီး တိစီဝရိက် ဓူတင်ကို ကျင့်မယ်ဆိုရင်တော့ သူ့ရဲ့ တိစီဝရိက်သင်္ကန်းနှင့် ညဉ့်ကင်းသော်လည်း နိဿဂ္ဂိမထိုက်တော့ဘူးလေ ဦးဇင်း။

ကျမ်းညွှန်း ၁။      (၄၆၉)၊ ပဌမကထိနသိက္ခာပဒဝဏ္ဏနာ၊ စီဝရ၀ဂ္ဂ၊ နိဿဂ္ဂိယကဏ္ဍ၊ သာရတ္ထဒီပနီဋီကာ-၁။ (နှာ-၃၉၂)၊ ၁။      (၄၆၉)၊ ပဌမကထိနသိက္ခာပဒဝဏ္ဏနာ၊ နိဿဂ္ဂိယကဏ္ဍ၊ ဝိမတိဝိနောဒနီဋီကာ-၁။ (နှာ-၃၁၃)

MA ဦးဇင်း    ။        ။ ဝမ်းမြောက်ပါတယ်ဘုရား။ ဝိနည်းက ဓူတင်ပိုင်းနှင့်လည်း ဆက်နွယ်နေတာကို သိရလို့ ကျေးဇူးတင်ပါတယ်ဘုရား။

ဆရာတော်     ။        ။ ကောင်းပါပြီ။ တတိယအကျိုးဆက် ပြောမယ်နော် (၃) ဂဏဘောဇန = ဆွမ်းစသည် ပင့်ဖိတ်တဲ့ ဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်လို့ မအပ်မစပ် ပင့်ဖိတ်မိရင် မဘုဉ်းပေး ကောင်းဘူးဦးဇင်း။ ဥပမာ-တပည့်တော် အိမ်ကို ခေါက်ဆွဲစားကြွပါတို့၊ မုန့်ဟင်းခါးစားကြွပါလို့ မပြော ရဘူး။ သာသနာ့ အသုံးအနှုန်းနှင့် နေ့ဆွမ်းဘုဉ်းပေးရန် ကြွပါဘုရား။ အရုဏ်ဆွမ်း ဘုဉ်းပေးရန် ကြွပါ ဘုရားလို့ အပ်အပ်စပ်စပ် လျှောက်ထားရတယ်။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။

ဆရာတော်     ။        ။ အကယ်၍ ကထိန်ခင်းခွင့်ရပြီ ဆိုရင်တော့ မအပ်တဲ့ အသုံးအနှုန်းနှင့် ပင့်ဖိတ်ခဲ့ ပါသော်လည်း ဘုဉ်းပေးခွင့်ရှိတယ်။ ပြီးတော့ ရဟန်းတော် ၄ ပါးနှင့် ၄ ပါး အထက်ကို ဂဏလို့ ခေါ်ပါတယ်။ ၄ ပါးနှင့် ၄ ပါးအထက်ကို မအပ်စပ်တဲ့ နည်းနဲ့ ဖိတ်ကြားတာကို ဘုဉ်းပေးမိရင် ဂဏ ဘောဇဉ်ကို ဘုဉ်းပေးတယ်လို့ ခေါ်ပါတယ်။ ဒီမှာလည်း ဂဏဘောဇနသိက္ခာပုဒ်အရ ပါစိတ် အာပတ် သင့်ရောက်ခြင်းကနေ ကင်းလွတ်ခွင့် ရနိုင်ပါတယ်။ အကယ်၍ ကထိန် အာနိသင်မရဘဲ ဘုဉ်းပေးမိရင် တော့ အာပတ်သင့်တယ်နော်။ ဒါကြောင့် “မအပ်ဖိတ်ကြား၊ ဘောဇဉ်များ၊ စားငြား ပြစ်မသင့်။ လေးပါး တူပင်၊ ဂိုဏ်းဘောဇဉ်၊ စားလျှင် စားနိုင်သည်” တဲ့ ဦးဇင်း။

MA ဦးဇင်း    ။        ။ မှန်ပါ့ဘုရား။ စိတ်ဝင်စားပါတယ်ဘုရား။ စတုတ္ထအကျိုးကိုလည်း သိပါရစေ ဘုရား။

ဆရာတော်     ။        ။ စတုတ္ထအကျိုးက (၄) ယာဝဒတ္တစီဝရ = ရဟန်းတော်များဆိုတာ ဒကာ ဒကာမ များက သင်္ကန်းလှူဒါန်းလို့ မိမိလက်ထဲ ရလာတဲ့အခါ ၁၀ ရက်အတွင်း အဓိဋ္ဌာန်သော်လည်းကောင်း၊ ဝိကပ္ပနာသော်လည်းကောင်း တစ်ခုခု ပြုရတယ်နော်။ အဲဒီလို မပြုလုပ်ထားရင် အာပတ်လည်းသင့်တယ်။ အဲဒီသင်္ကန်း ကိုလည်း မသုံးဆောင်ကောင်းတော့ဘူး။ ကထိန်ခင်းခွင့် ရပြီဆိုရင်တော့ အဲဒီရဟန်းအတွက် အပြစ်ကနေ ကင်းလွတ်ခွင့်ရတော့တယ်။ ဒါကြောင့် “အဓိဋ္ဌာန် ဝိကပ္ပနာ၊ မပြုပါလျက်၊ ဆယ်ရက် ထက်ကြာ၊ ထားလေရာ၊ မှန်စွာ ပြစ်မသင့်။ သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာ ထားနိုင်သည်” တဲ့ဦးဇင်း။

MA ဦးဇင်း    ။        ။ တင်ပါ့ဘုရား။ ဒါက ဓူတင်ဆောင် ရဟန်းများအတွက်လည်း အကျုံးဝင်မယ် ထင်ပါတယ်ဘုရား။

ဆရာတော်     ။        ။ အကျုံးဝင်ပါတယ်ဦးဇင်း။ ပဉ္စမအကျိုးကို ဆက်ပြောမယ်နော် (၅) ယော စ တတ္ထ စီဝရုပ္ပါဒ = ကထိန်ခင်းတဲ့ကျောင်းမှာ လှူဒါန်းထားတဲ့ သံဃိကသင်္ကန်းတွေကို အညီအမျှ ခွဲဝေသုံးဆောင်နိုင်ပါတယ်။ ကထိန်အာနိသင် မရတဲ့ ရဟန်းကတော့ ခွဲဝေသုံးဆောင်ခွင့်မရှိဘူး ဦးဇင်း။ အကယ်၍ ကထိန် အာနိသင်မရဘဲ စိတ်ကြိုက်ခွဲဝေမိရင် ဒုက္ကဋ်အာပတ် သင့်နိုင်တဲ့အပြင်   ဘဏ္ဍာစား ပေးလျော်ရပါတယ်။ အကယ်၍ ကထိန်အာနိသင် မရတဲ့ ရဟန်းတွေကို ပေးချင်တယ်ဆိုရင်တော့ သံဃာပန်ကြားပြီးမှ ပေးရတာပါ။ ဒါကြောင့် “ကထိန်ခင်းရာ၊ ကျောင်းမှာရငြား၊ ပစ္စည်းများပေ၊ ခွဲဝေ ယူရန်၊ ကထိန်ခံ၊ ဧကန်ရပေ အကျိုးတွေ” တဲ့ ဦးဇင်း။

 

သင်္ကန်းအမျိုးအစားနှင့် အရွယ်ပမာဏ အဆုံးအဖြတ်များ

 

MA ဦးဇင်း    ။        ။ ဝတ်လောက်တဲ့ သင်္ကန်း၊ ရုံလောက်တဲ့သင်္ကန်းအပြင် နောက်ထပ် ဘယ်လိုမျိုး သင်္ကန်းများ ရှိသေးတာပါလဲဘုရား။

ဆရာတော်     ။        ။ ဟုတ်ပြီ ပြောပြမယ်နော်။ သင်္ကန်းအမျိုးအစားနှင့် သင်္ကန်းရဲ့ အရွယ်ပမာဏကို ပထမဦးဆုံး သိထားမှ ဖြစ်မယ်။ အဲဒါဘာတွေလဲဆိုရင် ၁။ သင်းပိုင် (ခါးဝတ် သင်္ကန်းပါပဲ) ၂။ ဧကသီ (အပေါ်ကိုယ်ရုံသင်္ကန်းပါ) ၃။ ဒုကုဋ် (နှစ်ထပ် သင်္ကန်းကြီး) ၄။ အိပ်ရာအခင်း ၅။ မျက်နှာသုတ်ပုဝါ ၆။ ပရိက္ခရာစောဠ  သင်္ကန်း (ပိတ်စ၊ လက်သုတ်၊ ရေစစ်ပုဝါ) ၇။ နိသီဒိုင် (သုတ်နှီးသင်္ကန်း) ၈။ မိုးရေခံ သင်္ကန်း နှင့်  ၉။ အနာလွှမ်းသင်္ကန်းတို့ ဖြစ်ပါတယ်။

ကျမ်းညွှန်း ၁။      (၃၅၈)၊ ပစ္ဆိမဝိကပ္ပနုပဂစိဝရာဒိကထာ၊ စိဝရက္ခန္ဓက၊ မဟာဝဂ္ဂပါဠိ။ (နှာ-၄၁၁)

MA ဦးဇင်း    ။        ။ မှန်လှပါ။ ဗဟုသုတ တိုးရပါတယ်ဘုရား။ သင်္ကန်း ဒွိစုံနှင့် တိစုံက အခုသင်္ကန်း ၉ မျိုးထဲမှာ ပါသေးသလားဘုရား။

ဆရာတော်     ။        ။ ပါတယ် ဦးဇင်း။ အဲဒီသင်္ကန်း ၉ မျိုးထဲက သင်းပိုင်နှင့် ဧကသီ ဒီနှစ်မျိုးကို ဒွိစုံလို့ ခေါ်ပါတယ်။ သင်းပိုင်၊ ဧကသီနှင့် ဒုကုဋ်သုံးမျိုးကိုတော့ တိစုံခေါ်ပါတယ်၊ တိစီဝရိက်သင်္ကန်း သုံးထည်လို့လည်း ခေါ်ပါတယ်။

MA ဦးဇင်း    ။        ။ တင်ပါဘုရား။ ထီးတို့၊ ဖိနပ်တို့၊ နေရာထိုင်အခင်းတို့က ဘယ်ထဲပါသလဲဘုရား။ ဓူတင်ထဲပါနိုင်သလား။

ဆရာတော်     ။        ။ ထီး၊ ဖိနပ်၊ ယပ်၊ ခြုံထည်၊ နေရာထိုင်အခင်းတို့က ပရိက္ခရာ ၈ ပါးထဲ မပါဘူး။ ဓူတင်ထဲလည်း အကျုံးမဝင်ဘူး။ ဆရာသခင်များကတော့ ဝိနည်းလမ်းကြောင်းအရ သုံးသပ်ပြီး သုံးစွဲ တော်မူကြပါတယ်။

MA ဦးဇင်း    ။        ။ ထီး၊ ဖိနပ်၊ နေရာထိုင်ခင်းတွေကို ဝိနည်းအရ ဘယ်လိုများ သုံးသပ်တော် မူတယ်ဆိုတာ သိလိုပါသေးတယ်ဘုရား။ ပြီးတော့ ဓူတင်ဆောင်ပုဂ္ဂိုလ်များ အတွက် သင်္ကန်းရဲ့အငယ်ဆုံး အရွယ်ပမာဏကိုလည်း သိချင်ပါသေးတယ်ဘုရား။

ဆရာတော်     ။        ။ သင်္ကန်းအရွယ်ပမာဏကို အရင်ပြောပြမယ်နော်။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား၊ မှတ်သားထားပါ့မယ်။

ဆရာတော်     ။        ။ အသေးဆုံးပမာဏက လက်သမားတောင်နှင့် ပြောရင်အလျားတစ်တောင်၊ အနံတစ်ထွာ ရှိရပါတယ်။ ဒါမှ အဓိဋ္ဌာန်၊ ဝိကပ္ပနာလောက်တယ် ဦးဇင်း။

ကျမ်းညွှန်း ၁။      (၄၆၉)၊ ပဌမကထိနသိက္ခာဒဝဏ္ဏနာ၊ နိဿဂ္ဂိယကဏ္ဍ၊ ပါရာဇိကကဏ္ဍအဋ္ဌကထာ-၂။ (နှာ-၂၂၆)

MA ဦးဇင်း    ။        ။ အလျားတစ်တောင်က တစ်ပေခွဲပါဘုရား။ အနံ တစ်ထွာက ကိုးလက်မ ပါဘုရား။

ဆရာတော်     ။        ။ ဟုတ်တယ်၊ ဟုတ်ပါတယ်။

MA ဦးဇင်း    ။        ။ သင်္ကန်း ၉ ထည်ထဲမှာ မျက်နှာသုတ်ပဝါ ပါတာကို သတိပြုမိပါတယ် ဘုရား။ မျက်နှာသုတ်ပဝါရဲ့ အရွယ်ပမာဏက အသေးဆုံးသင်္ကန်း သတ်မှတ်ဘောင် ထဲကို ဝင်နိုင်ပါတယ်ဘုရား။ သို့သော် ရေချိုးပြီးသုံးတဲ့ ကိုယ်သုတ်တဘက်ဆိုရင် အရွယ်ပမာဏ တော်တော်ကြီးတယ်ဘုရား။ ဓူတင် ဆောင်ရဟန်းက တဘက်ကို ဘယ်လိုသုံးခွင့်ရလဲဆိုတာ သိချင်ပါသေးတယ်ဘုရား။

ဆရာတော်     ။        ။ ဟုတ်ပြီ။ ဒီကနေ့ လူအများသုံးနေကြတဲ့ တဘက်ရဲ့ အရွယ်ပမာဏက တော် တော်ကြီးတယ်။ ဒါကြောင့် ဒီနေရာမှာ ခက်တယ်ဦးဇင်း။ ဘုန်းကြီးတို့ရဲ့ သီတင်းဖော်တစ်ပါးက ကိုယ် ပတ်နဲ့ပဲ မျက်နှာသုတ်ပါတယ်။ ရေချိုးပြီးရင်လည်း ကိုယ်ပတ်နဲ့ပဲ သုတ်လိုက်တာ တွေ့ဖူးတယ်။ နောက်တစ်ပါးကတော့ Snow towel  လိုမျိုး လက်တစ်ဝါးလောက်ရှိတဲ့ ပိတ်စကို သုံးတယ်လို့ မိန့်ဖူးတယ် ဘုရား။

MA ဦးဇင်း    ။        ။ လက်တစ်ဝါးလောက်ရှိတဲ့ ပိတ်စနဲ့ ကိုယ်သုတ်ရင် အဆင်ပြေပါ့မလားဘုရား။

ဆရာတော်     ။        ။ ရေသုတ်ပြီးရွှဲသွားရင် ညှစ်လိုက်၊ ပြန်သုတ်လိုက်၊ ညစ်လိုက်ပြန်သုတ်လိုက် လုပ်ရ တယ်လို့ မိန့်ဖူးတယ်။

MA ဦးဇင်း    ။        ။ ဒီကနေ့ သာသနာတော်မှာ ဓူတင်ဆောင်ပြီး စင်ကြယ်အောင် နေတော်မူကြတာ ကြည်ညိုမဆုံးပါဘုရား။ တပည့်တော် လျှောက်ထားချင်တာက ဓူတင်နှင့် ဝိနည်းက နေရာတိုင်းမှာ ဆက်စပ်စဉ်းစား ရတာပါလားဘုရား။

ဆရာတော်     ။        ။ ဟုတ်ပါတယ်။ နေရာတော်တော်များများ ဆက်စပ်ပါတယ်။ သို့သော် ရဟန်းက ဝိနည်းပညတ်ချက်ဘောင်ကို ကျော်လွန်ပြီး ဘာမှ မဆုံးဖြတ်ရဘူး ဦးဇင်း။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။ မှတ်သား လိုက်နာပါ့မယ်ဘုရား။ ဓူတင်ဆောင်ရဟန်းတော်များ ကိုယ်ပတ်သုံးခွင့် ရှိပါသလားဘုရား။

ဆရာတော်     ။        ။ ရှိပါတယ်။ စာမှာ “အံသကာသာဝ” လို့ ပြတယ်။ သံဃာတော်များက အံသကိုဋ် လို့ ခေါ်ကြတယ်။ ကိုယ်ပတ်ပါပဲ၊ ခန္ဓာကိုယ်ကထွက်တဲ့ ချွေးကြောင့်၊ ချေးတွေကြောင့် အပေါ်ရုံ ဧကသီ သင်္ကန်းကို မညစ်ပေစေဖို့ရာ ဘုရားရှင် ခွင့်ပြုတော်မူထားတာ ဖြစ်ပါတယ်။

MA ဦးဇင်း    ။        ။ တင်ပါ့ဘုရား။ အဲဒီအံသကိုဋ်ရဲ့ အရွယ်အစားကိုလည်း တိတိကျကျ သိချင်ပါ သေးတယ်ဘုရား။

ဆရာတော်     ။        ။ အံသကိုဋ်ရဲ့ အရွယ်အစားကို ပြောပြပါ့မယ်။ မပြောသေးခင် အံသကိုဋ်က ဘယ်သင်္ကန်း အမျိုးအစားထဲ ပါသလဲဆိုတာ အရင်သိဖို့ လိုသေးတယ်။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။

ဆရာတော်     ။        ။ အံသကိုဋ်က အနံ ၁ ထွာဆိုတော့ ကိုးလက်မရှိတယ်။ အလျား ၃ တောင် ဆိုတော့ လေးပေခွဲလောက် ရှိတယ်ဦးဇင်း။

MA ဦးဇင်း    ။        ။ မှန်လှပါဘုရား။

ဆရာတော်     ။        ။ ဒီတော့ အံသကိုဋ်က ဘယ်သင်္ကန်းအမျိုးအစားထဲပါသလဲဆိုရင် ပရိက္ခာရစောဠထဲမှာ ဝင်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းနှင့် အံသကိုဋ်က သင်္ကန်းသုံးထည်ကနေ အပိုအလွန် ဖြစ်နေပြီဆိုတော့ သင်္ကန်းအရာမှာ တည်နေပါ သော်လည်း ဓူတင်မပျက်ဘူးလို့ အဋ္ဌကထာ ဆရာမြတ် များက မိန့်တော် မူထားပါတယ်။

ကျမ်းညွှန်း ၁။      (၂၅)၊ တေစိဝရိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာ-၁။ (နှာ-၆၂)၊ ၂။ နဘူးကျင်းဆရာတော်ကြီး၏ ဓုတင်္ဂဝိနိစ္ဆယခေါ် ဓူတင်အဆုံးအဖြတ်ကျမ်း

MA ဦးဇင်း    ။        ။ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်     ။        ။ အနံကတစ်ထွာဖြစ်လို့ အဓိဋ္ဌာန်မတင်လောက်တဲ့ ပမာဏဖြစ်တယ်။ သုံးတောင် ဆိုတာက ခန္ဓာကိုယ်မှာ အသီးအခြားရစ်ပတ်နိုင်လောက်တဲ့ ပမာဏဖြစ်တယ်။

MA ဦးဇင်း    ။        ။ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ပါပြီဘုရား။

ဆရာတော်     ။        ။ ကောင်းပြီ။ ဒီနေရာမှာ အရေးကြီးတဲ့ အဆုံးအဖြတ် တစ်ခုရှိသေးတယ်။ အနံက တစ်ထွာဖြစ်လို့ အဓိဋ္ဌာန်မတင်နိုင်လောက်တဲ့ ပမာဏဖြစ်နေတဲ့အတွက် အလျားသုံးတောင်ထက် ပိုလွန် နေရင်လည်း ဓူတင်ကို အနှောင့်အယှက် မဖြစ်စေဘူးလို့ ဝိသုဒ္ဓိမဂ်နိဿယမှာ ဆိုထားပါသေးတယ် ဦးဇင်း။

MA ဦးဇင်း    ။        ။ စိတ်ဝင်စားစရာပါဘုရား။

ဆရာတော်     ။        ။ နောက်ထပ် အဆုံးအဖြတ်တစ်ခု ရှိပါသေးတယ်။

MA ဦးဇင်း    ။        ။ ဘယ်ဆရာတော်များ ဆုံးဖြတ်ပေးတာ ရှိသေးတာပါလဲဘုရား။

ဆရာတော်     ။        ။ တို့များရဲ့ နဘူးကျင်းဆရာတော်ကြီးရဲ့ အဆုံးအဖြတ်ပါဦးဇင်း။

MA ဦးဇင်း    ။        ။ ဆရာတော်ဘုရားကြီးရဲ့ စူးရှတဲ့အဆုံးအဖြတ်ကိုလည်း သိလိုပါသေးတယ် ဘုရား။

ဆရာတော်     ။        ။ ကောင်းပါပြီ။ ဓုတင်္ဂဝိနိစ္ဆယလို့ခေါ်တဲ့ ဓူတင် အဆုံးအဖြတ်ကျမ်းပြုနဘူးကျင်း ဆရာတော်ကြီးက “အံသကာသာဝ”လို့ခေါ်တဲ့ အံသကိုဋ်ဆိုတာ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးတွေ၊ ချေးတွေကြောင့် အပေါ်ရုံ ဧကသီသင်္ကန်းကို မညစ်ပေစေဖို့၊ ကာကွယ်နိုင်ဖို့အတွက် ခွင့်ပြုထားတာ ဖြစ်ပါတယ်၊ ပြီးတော့ အဓိဋ္ဌာန်မတင် လောက်တဲ့ သင်္ကန်းငယ်ဖြစ်ပြန်တဲ့အပြင် လက်ဝဲဘက် ပခုံးအပါ အဝင် ရင်ဘတ်နှင့် ဝမ်းဗိုက်လုံတယ်ဆိုရုံမျှ ပတ်ဝတ်ရတဲ့ သင်္ကန်းအပိုင်းကလေးပဲ ဖြစ်ပါတယ်။ ဒီသင်္ကန်းငယ်ကို တိစီဝရိက် ဓူတင်ဆောင်ရဟန်းတော်တွေအတွက် အပ်တယ်လို့ အဋ္ဌကထာမှာ ပြပါ တယ်။ ပြီးတော့ စုလ္လဋီကာမှာတော့ သင်းပိုင်ရဲ့ အနံအလျားအောက်ငယ်တဲ့ ပမာဏရှိလို့ သင်းပိုင် အဖြစ်မသုံး လောက်၊ အဓိဋ္ဌာန်လည်း မတင်လောက်တာကို အံသကိုဋ်ခေါ်တယ်လို့ ပြပါ တယ်ဘုရား” လို့ မိန့်ကြားတော်မူဖူးတယ် ဦးဇင်း။

MA ဦးဇင်း    ။        ။ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်     ။        ။ ဆက်လက်ပြီး ညောင်လွန့်တောရဆရာတော်ကြီးက “ဝတ်လောက်၊ ရုံလောက် လေးထည်မြောက်သင်္ကန်းကို ပယ်ပါ၏”လို့ မိန့်တော်မူဖူးတဲ့အတွက် ဝတ်လောက်ဆိုတဲ့ စကားအရ သင်းပိုင်ပမာဏ မရှိရတော့ဘူးပေါ့ဘုရား။

MA ဦးဇင်း    ။        ။ မှန်ပါ။ နှစ်သက်ပါတယ်ဘုရား။

ဆရာတော်     ။        ။ ဒီကိစ္စမှာ နဘူးကျင်းဆရာတော်ဘုရားကြီးက “တပည့်တော် နှစ်သက်တာက တော့ ရေချိုးတဲ့အခါမှာ ရေလဲသင်းပိုင်အဖြစ်လောက်တော့ သုံးနိုင်ရမယ်။ စဉ်းစားရမှာက ရေရှည် ကျင့်နိုင်ဖို့လိုတယ်။ မိမိက တိစီဝရိက်ဓူတင် ဥက္ကဋ္ဌ မရဦးတော့ ဓူတင်အကျင့်မြတ်ရဲ့ ကုသိုလ်ဇောတော့ ပါနေပါတယ်ဘုရား။ မလုပ်တဲ့သူထက်တော့ လုပ်တဲ့သူက ခြေတစ်လှမ်း သာတာပေါ့။ ဘာကြောင့်လဲ ဆိုရင် ကိုယ်က တတ်နိုင်သလောက် စွန့်နေတာလေ။ သင်္ကန်းတစ်စုံပဲ သုံးနေတယ်။ သင်္ကန်းနှစ်စုံ ထားပြီး မသုံးဘူးဆိုရင်ကကို ကိစ္စကတော်တော်ကြီးကို နည်းသွားပြီဘုရား။ အဲဒီရဟန်းက ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ သင်္ကန်းနှင့်ပဲ လိုရာသွားနိုင်လောက်အောင် ပေါ့ပါးနေပါပြီဘုရား” တဲ့ ဦးဇင်း။

ကျမ်းညွှန်း ၁။ နဘူးကျင်းဆရာတော်ကြီး၏ ဓုတင်္ဂဝိနိစ္ဆယခေါ် ဓူတင်အဆုံးအဖြတ်ကျမ်း

MA ဦးဇင်း    ။        ။ ဓူတင်ကို ကိုယ်တိုင်နှစ်များစွာ ကျင့်တော်မူနေတဲ့ ဆရာတော်ကြီးရဲ့ အဆုံး အဖြတ်ကလည်း မှတ်သားထားလောက်ပါတယ်ဘုရား။ တပည့်တော် ဓူတင်ဆောင်တဲ့အခါ အခုလို အဆုံး အဖြတ်တွေကို သေသေချာချာ မသိထားရင် သံသယဖြစ်မှာစိုးရိမ်လို့ မေးလျှောက်ရခြင်းဖြစ်ပါတယ် ဘုရား။

ဆရာတော်     ။        ။ နဘူးကျင်းဆရာတော်ကြီးက ဓူတင်ကို အမြတ်စားဥက္ကဋ္ဌအဆင့် ကျင့်တော်မူ တာပါ။ အံသကိုဋ်ကို ဆရာတော်ကြီးသုံးတာ မတွေ့ဖူးဘူး။ ဒါပေသိ သာသနာ နောက်ပိုင်းကာလမှာ သဒ္ဓါတရားနည်းတဲ့ သံဃာတော်တွေ များလာတဲ့အတွက် ဓူတင်ကို ကျင့်သူမရှိတော့မှာကို စိုးရိမ်တော် မူတာပါတယ်။ ဒါကြောင့် “ဓူတင်ကို မကျင့်တဲ့သူထက် နည်းနည်းဖြစ်ဖြစ် ကျင့်တဲ့သူက ခြေတစ်လှမ်း သာတာပေါ့” လို့ တပည့်များကို အားပေးတော်မူပါသော်လည်း ဆရာတော်ကြီးကိုယ်တိုင်က ထိပ်တန်း ဥက္ကဋ္ဌဓူတင် ဆောင်တော်မူတာကို အနီးကပ် အကဲခတ်ပြီး ကြည်ညို ခဲ့ရပါတယ်ဘုရား။

MA ဦးဇင်း    ။        ။ ဆရာတော်ကြီးကို ကြည်ညို ဦးခိုက်ပါတယ်ဘုရား။

 

ဝိနည်းတိစီဝရိက် နှင့် ဓူတင်တိစီဝရိက် အဆုံးအဖြတ်

 

MA ဦးဇင်း    ။        ။ ဓူတင်နှင့် ဝိနည်း ဆက်စပ်မှုကလည်း တော်တော်များတာ သတိပြုမိလာပါ တယ်ဘုရား။

ဆရာတော်     ။        ။ ရှိတယ်လေ။ သင်္ကန်းဓူတင်မှာလည်း ဆက်စပ်မှုရှိတယ်။ ဆွမ်းဓူတင်မှာလည်း ဆက်စပ်မှုရှိပါတယ်။ နိသဇ္ဇိဓူတင်ကလည်း ဆက်စပ်တယ်။ ခလုပစ္ဆာကလည်း ပဝါရိက်နှင့် ဆက်စပ် ပါတယ် ဦးဇင်း။

MA ဦးဇင်း    ။        ။ ဝိနည်းနှင့် သင်္ကန်းဓူတင်အကြောင်း ဦးစွာ သိလိုပါတယ်ဘုရား။

ဆရာတော်     ။        ။ ကောင်းပါပြီ။ ဝိနည်းတိစီဝရိက်နှင့် ဓူတင်တိစီဝရိက်ဆိုတာ နှစ်ပါးရှိတယ်။ ဝိနည်းတိစီဝရိက် အဓိဋ္ဌာန်တင်တဲ့အခါမှာ အနီးမှာရှိတဲ့ ဒုကုဋ်နှစ်ထပ်သင်္ကန်း အတွက် “ဣမံ သံဃာဋိံ အဓိဋ္ဌာမိ” လို့ နှုတ်နဲ့ဆိုပြီး အဓိဋ္ဌာန်တင်ရမယ်။ မြန်မာလိုဆိုချင်ရင် “ဤသင်္ကန်းကို ငါ၏ ကိုယ်ပိုင်ဒုကုဋ် နှစ်ထပ်သင်္ကန်းဟူ၍ စိတ်၌ စွဲစွဲမြဲမြဲ မှတ်ထားပါ၏” တဲ့ ဦးဇင်း။  ဒါမှမဟုတ် အဝေးမှာရှိတဲ့ ဒုကုဋ် နှစ်ထပ်သင်္ကန်း အတွက် “ဧတံ သံဃာဋိံ အဓိဋ္ဌာမိ” လို့ အဓိဋ္ဌာန် တင်ရတယ်။ မြန်မာလိုဆိုချင်ရင် “ထိုသင်္ကန်းကို ငါ၏ ကိုယ်ပိုင် ဒုကုဋ် နှစ်ထပ်သင်္ကန်း ဟူ၍ စိတ်၌ စွဲစွဲမြဲမြဲ မှတ်ထားပါ၏” လို့ ဆိုရပါ မယ်ဦးဇင်း။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။ မှတ်သားထားပါမယ်ဘုရား။

ဆရာတော်     ။        ။ အနီးမှာရှိတဲ့ အပေါ်ရုံ ဧကသီသင်္ကန်းအတွက် ဆိုရင် “ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ” မြန်မာလိုက “ဤသင်္ကန်းကို ငါ၏ ကိုယ်ပိုင်ဧကသီဟူ၍ စိတ်၌ စွဲစွဲမြဲမြဲ မှတ်ထားပါ၏” လို့ အဓိဋ္ဌာန် တင်ရမယ်။ အဝေးမှာရှိတဲ့ အပေါ်ရုံ ဧကသီသင်္ကန်းအတွက် “ဧတံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ” မြန်မာလိုက “ထိုသင်္ကန်း ကို ငါ၏ ကိုယ်ပိုင်ဧကသီဟူ၍ စိတ်၌ စွဲစွဲမြဲမြဲ မှတ်ထားပါ၏”လို့ အဓိဋ္ဌာန် တင်ရမှာပါဦးဇင်း။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။

ဆရာတော်              ။        ။ ခါးဝတ်သင်္ကန်းဖြစ်တဲ့ သင်းပိုင်အတွက်ဆိုရင် “ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ” မြန်မာလို “ဤသင်္ကန်းကို ငါ၏ ကိုယ်ပိုင်သင်းပိုင်ဟူ၍ စိတ်၌ စွဲစွဲမြဲမြဲ မှတ်ထားပါ၏” အဝေးဆိုရင် ဧတံ အန္တရဝါသကံ အဓိဋ္ဌာမိ” “ထိုသင်္ကန်းကို ငါ၏ ကိုယ်ပိုင်သင်းပိုင်ဟူ၍ စိတ်၌ စွဲစွဲမြဲမြဲ မှတ်ထားပါ၏” လို့ ဆိုပြီး ဝိနည်း တိစီဝရိက် အဓိဋ္ဌာန်တင်ရပါတယ်။ သင်္ကန်းက ကိုယ်နဲ့ ထိစပ်နေမယ်၊ ဒါမှမဟုတ် ကိုင်ထားမယ်ဆိုရင် စိတ်ထဲရွတ်ဆိုပြီး အဓိဋ္ဌာန်တင်လို့လည်း ရပါတယ်။

MA ဦးဇင်း    ။        ။ သင်္ကန်းသုံးထည်လုံးကို နာမည်ဆိုပြီးတင်ရင် ဝိနည်းတိစီဝရိက်ဆိုတာ သိရပါပြီ ဘုရား။ ဝိနည်းဆိုတော့ အာပတ်သင့်မှာပါလားဘုရား။

ဆရာတော်     ။        ။ သင့်တယ် ဦးဇင်း။ နိဿဂ္ဂိပါစိတ်အာပတ် သင့်တယ်။

MA ဦးဇင်း    ။        ။ ဘယ်လိုဖြစ်ရင် သင့်တာပါလဲဘုရား။

ဆရာတော်     ။        ။ အခုလို သင်္ကန်းသုံးထည်စလုံးကို နာမည်ဆိုပြီး ဝိနည်းတိစီဝရိက် အဓိဋ္ဌာန် တင်ထားရင် ဂရုတစိုက် အမြတ်တနိုး စောင့်ရှောက်ရပါတယ်။ နေ့စဉ် အရုဏ်တက်ချိန်မှာ အဲဒီသင်္ကန်း သုံးထည်ကို ခြုံထားဝတ်ဆင်ထားရမယ်။ ပခုံးအထက်ဖြစ်ဖြစ် တင်ထားရမယ် ဦးဇင်း။ အကယ်၍  မဝတ် မရုံထားဖြစ်ရင် မိမိရဲ့ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း ရှိနေရမယ်။

MA ဦးဇင်း    ။        ။ ဝါတွင်းအခါမှာပါလားဘုရား။

ဆရာတော်     ။        ။ မဟုတ်ဘူး။ ဝါတွင်း၊ ဝါပ အမြဲ အရုဏ်တက်ချိန်မှာ သင်္ကန်းသုံးထည်နဲ့ မကင်း မကွာ ရှိနေရမယ်ဦးဇင်း။ အကယ်၍ အရုဏ်တက်ချိန်မှာ နှစ်တောင့်ထွာ ဟတ္ထပါသ်ရဲ့အပြင်ကို ရောက် နေရင် သင်္ကန်းနှင့် တစ်ညဉ့် ကင်းကွာတဲ့ အတွက်  နိဿဂ္ဂိပါစိတ်အာပတ် သင့်ပါတယ်။

ကျမ်းညွှန်း ၁။      (၄၉၆)၊ ပထမကထိနသိက္ခာပဒဝဏ္ဏနာ၊ စီဝရ၀ဂ္ဂ၊ နိဿဂ္ဂိယကဏ္ဍ၊ ပါရာဇိကအဋ္ဌကထာ-၂ (နှာ-၂၂၆)

MA ဦးဇင်း       ။        ။ မှန်ပါ။ ဒေသနာကြားရမှာပါလားဘုရား။

ဆရာတော်     ။        ။ ဒေသနာကြားရုံနှင့် မရတော့ဘူး။ နိဿဂ္ဂိပါစိတ် အာပတ်ဖြစ်တဲ့အတွက် အဲဒီသင်္ကန်းတွေကို သီတင်းသုံးဖော် ရဟန်းတစ်ပါးပါးကို ပေးစွန့်ရမယ်။ ပြီးမှ ပါစိတ်အာပတ်ကို ဒေသ နာကြားပြီး ကုစားရပါတယ်ဦးဇင်း။

MA ဦးဇင်း    ။        ။ အာပတ်မသင့်အောင် သင်္ကန်းစောင့်ရှောက်တဲ့နည်းရှိရင် သိပါရစေဘုရား။

ဆရာတော်     ။        ။ နိဿဂ္ဂိပါစိတ်အာပတ်မသင့်အောင် သေချာတဲ့ စောင့်ရှောက်နည်းကတော့အရုဏ်  တက်ချိန်မှာ သင်္ကန်းနှင့် နှစ်တောင့်တစ်ထွာမှာ အနီးကပ်နေရုံပါပဲ ဦးဇင်း။ ဓူတင် တိစီဝရိက် ဆောင်တဲ့ ရဟန်းက သင်္ကန်းသုံးထည်ကို ခုနကလို အဓိဋ္ဌာန်မတင်ဘဲ ဝိကပ္ပနာပြုလို့ ဖြစ်စေ၊ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်လို့ဖြစ် စေ ဆောင်ထားလို့ရတယ်။

MA ဦးဇင်း    ။        ။ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်နည်းကိုလည်း သိချင်ပါသေးတယ်ဘုရား။

ဆရာတော်     ။        ။ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်တဲ့နည်းဆိုတာ သင်္ကန်းတစ်ထည်ထည်ကို “ဣမံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ” ဆိုပြီးတော့ အဓိဋ္ဌာန်တင်ရတယ် ဦးဇင်း။ သင်္ကန်းသုံးထည်ကို တင်ချင်ရင် “ဣမာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ” လို့ ဆိုရပါတယ်။

MA ဦးဇင်း    ။        ။ ဓူတင်တိစီဝရိက်ဆောင်တဲ့ ရဟန်းအတွက် ဘယ်လိုအကျိုး ရပါသလဲဘုရား။

ဆရာတော်     ။        ။ ပရိက္ခာရစောဠာ အဓိဋ္ဌာန်တင်ပြီးတော့ ဓူတင်တိစီဝရိက် ဆောင်ထားတဲ့ ရဟန်းက အရုဏ်တက်ချိန်မှာ သင်္ကန်းနှင့် နှစ်တောင့်တစ်ထွာမှာနေပြီး စောင့်ရှောက်ရတာကနေ လွတ်လပ်သွားတဲ့အကျိုး ရပါတယ် ဦးဇင်း။

 

ဥက္ကဋ္ဌ၊ မဇ္ဈိမ၊ မုဒု နှင့် ဓူတင်သူခိုး

 

MA ဦးဇင်း    ။        ။ တိစီဝရိက်ဓူတင်မှာလည်း အမြတ်စား၊ အလတ်စားတို့ ရှိပါသလားဘုရား။

ဆရာတော်     ။        ။ ရှိတယ်။ ပံ့သကူဓူတင်မှာလိုပဲ ဥက္ကဋ္ဌ၊ မဇ္ဈိမနှင့် မုဒုဆိုပြီး သုံးပါးရှိပါတယ်။

MA ဦးဇင်း    ။        ။ အဲသလို ကွဲပြားရခြင်းအကြောင်းကို သိပါရစေဘုရား။

ဆရာတော်     ။        ။ သင်္ကန်းက သုံးထည်ပဲရှိတယ် ဦးဇင်း။ ဒီတော့ သင်္ကန်းလျှော်ဖွပ်တဲ့ အခါဖြစ်စေ၊ သင်္ကန်းဆေးဆိုးတဲ့ အခါမှာဖြစ်စေ ဘယ်လိုလုပ်ရမလဲဆိုတာ လုပ်နည်း လုပ်ဟန် ရှိလာပြီလေ။

MA ဦးဇင်း    ။        ။ ဒါဆိုရင် ရေချိုးတဲ့အခါမှာ ဘယ်လိုများ လုပ်ရပါသလဲဘုရား။ သင်္ကန်းဆေး ဆိုးတဲ့အခါ ဘယ်လိုလုပ်ရမလဲဘုရား။

ဆရာတော်     ။        ။ ကောင်းပါပြီ။ တိစီဝရိက်ဓူတင်ကို အမြတ်စားဆောင်ထားတဲ့ ဥက္ကဋ္ဌရဟန်းက သင်္ကန်းဆေးဆိုးတဲ့အခါဖြစ်စေ၊ လျှော်ဖွပ်တဲ့ခါမှာဖြစ်စေ ပထမဦးဆုံး သင်းပိုင် ကို ဆိုးရမယ်။ ဒါမှမဟုတ် ဧကသီကို ဆိုးရမယ်။ ပြီးမှ ဆိုးပြီးတဲ့သင်္ကန်းကို ဝတ်ပြီး ကျန်တာကို ဆိုးရမယ်တဲ့။

MA ဦးဇင်း    ။        ။ ဆိုးတဲ့အခါမှာ ဒုကုဋ်ကို ခါးဝတ်သင်းပိုင် နေရာဝတ်ပြီး ဆိုးရမှာပါလားဘုရား။

ဆရာတော်     ။        ။ လျှော်ဖွပ်တဲ့အခိုက်ဖြစ်စေ ဆေးဆိုးနေသခိုက်ဖြစ်စေ ဧကသီကို သင်းပိုင်နေရာ သုံးလို့ရပါတယ်။ သို့သော် နှစ်ထပ်သင်္ကန်းဖြစ်တဲ့ ဒုကုဋ်ကိုတော့ သင်းပိုင်နေရာ မဝတ်ရဘူးလို့ ဆိုထားပါတယ်။

ကျမ်းညွှန်း ၁။      (၂၅)၊ တေစိဝရိကင်္ဂကထာ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ-၁။ (နှာ-၆၂)

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။

ဆရာတော်     ။        ။ သို့သော် တိစီဝရိက်ဓူတင်ကို ဥက္ကဋ္ဌ အမြတ်စားဆောင်ထားတဲ့ ရဟန်းက တောကျောင်းမှာ သင်္ကန်းသုံးထည်လုံးကို တစ်ပြိုင်နက် လျှော်ဖွပ်လို့ရတယ်တဲ့။ လျှော်ဖွပ်နေတုန်း၊ နေပူလှန်းထားတုန်းမှာ သင်္ကန်းနားမှာပဲ နေနေရမယ်တဲ့။ ဘာ့ကြောင့်လဲဆိုရင် ရုတ်တရက် တစ်စုံ တစ်ယောက်ယောက် လာတာကို မြင်ရရင် သင်္ကန်းကို ချက်ခြင်းဆွဲယူပြီး ကိုယ်လုံးကို ဖုံးလွှမ်းရမယ်လို့ သေသေချာချာ ဖွင့်ဆိုထားပါတယ် ဦးဇင်း။

MA ဦးဇင်း    ။        ။ အမြတ်စား တိစီဝရိက်ဓူတင်ဆောင် ရဟန်းတော်က သင်္ကန်းသုံးထည်ပဲ ဆောင်ရမှာပါလားဘုရား။

ဆရာတော်     ။        ။ ဟုတ်တယ်။ တိစီဝရိက်ဓူတင်ကို ဥက္ကဋ္ဌဆောက်တည်ထားသူအဖို့ သင်္ကန်း သုံးထည်ကိုသာ သုံးရပါတယ်။

MA ဦးဇင်း    ။        ။ အလတ်စားဓူတင်ဆောင်ထားတဲ့ ရဟန်းက သင်္ကန်းဆေးဆိုးသခိုက်၊ လျှော်ဖွပ်သခိုက် ဘယ်လို ကျင့်သုံးရပါသလဲဘုရား။

ဆရာတော်     ။        ။ တိစီဝရိက်ဓူတင်ကို မဇ္ဈိမ အလတ်စားဆောင်ထားတဲ့ရဟန်းက သင်္ကန်းဆိုးရာ ဇရပ်မှာထားလေ့ရှိတဲ့  “ရဇနကာသာဝ” လို့ခေါ်တဲ့ သင်္ကန်းကိုသုံးပြီး ဆိုးနိုင်တယ်၊ လျှော်ဖွပ် နိုင်ပါတယ်။

MA ဦးဇင်း       ။        ။ “ရဇနကာသာဝ” လို့ ခေါ်တဲ့ သင်္ကန်းမရှိရင် ဘယ်လိုလုပ်ရပါသလဲဘုရား။

ဆရာတော်     ။        ။ အဲဒီသင်္ကန်း မရှိရင်တော့ အံသကိုဋ်ကို သုံးနိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အမြတ်စားဥက္ကဋ္ဌ ဓူတင်ဆောင်ရဟန်းလိုပဲ ဆောင်ရွက်နိုင်ပါတယ်။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား၊ အညံ့စား မုဒုဓူတင်ဆောင် ရဟန်းတော်များ ဆောင်ရွက်ရပုံလည်း သိချင်ပါသေးတယ်ဘုရား။

ဆရာတော်     ။        ။ ဓူတင်ကို မုဒုအဖြစ် ကျင့်တဲ့ရဟန်းက သဘာဂဖြစ်တဲ့ ရဟန်းတို့ထံပါးက သင်္ကန်းတောင်းဝတ်ပြီးတော့လည်း ဆိုးနိုင်တယ်၊ အဲသလိုမှ အဆင်မပြေရင် အိပ်ရာအခင်းကို ဝတ်ပြီးတော့လည်း သင်္ကန်းကို ဆေးဆိုးနိုင်ပါတယ်။

MA ဦးဇင်း    ။        ။ သင်္ကန်းဆိုးသခိုက် ဝတ်တဲ့အိပ်ရာခင်းကို သွားလေရာ ယူခွင့်ရှိပါသလား။

ဆရာတော်     ။        ။ မုဒုရဟန်းက အိပ်ရာအခင်းကို သင်္ကန်းဆေးဆိုးသခိုက် သုံးနိုင်ပါသော်လည်း သွားလေရာရာ ယူတာတော့ မအပ်ပါဘူး။

MA ဦးဇင်း    ။        ။ သဘာဂဖြစ်တဲ့ ရဟန်းတော်များထံပါးက သင်္ကန်းကို မကြာခဏ တောင်းသုံးခွင့် ရှိပါသလားဘုရား။

ဆရာတော်     ။        ။ သဘာဂဖြစ်တဲ့မိတ်ဆွေ ရဟန်းဆီက သင်္ကန်းကိုလည်း ခဏခဏတော့ ယူသုံးခွင့် မရှိဘူး ဦးဇင်း။

ကျမ်းညွှန်း ၁။ ၂။ (၂၅)၊ တေစိဝရိကင်္ဂကထာ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ-၁။ (နှာ-၆၂)

MA ဦးဇင်း    ။        ။ တပည့်တော် မနေ့ညက တွေးမိတာလေး မေးလျှောက်ပါရစေဘုရား။

ဆရာတော်     ။        ။ မေးလျှောက်ပါ ဦးဇင်း။ မေးပါ။

MA ဦးဇင်း    ။        ။ အမြတ်စားဓူတင်ဆောင်ထားတဲ့ ရဟန်းကသုသာန်ကနေ အဝတ်စတွေယူလာပြီး ဖွပ်လျှော်တော်မူတယ်ဘုရား။ သင်္ကန်းတစ်ထည်စာ မလောက်ငတတ်သေးဘူး။ လက်ဝယ်ရှိတဲ့ ပိတ်စ တွေကလည်း အဓိဋ္ဌာန်တင်လောက်တဲ့ အတိုင်းအတာ ပမာဏဖြစ်နေတယ်။ နောက်ထပ် သုသာန်မှာ၊ အမှိုက်ပုံတွေမှာ ပိတ်စကလည်း ရှာရ၊ ဖွေရ ကောက်ရဦးမယ်ဘုရား။ အခုလို သင်္ကန်းမချုပ်ခင်မှာ ထေရ်ရှင်က နေမကောင်းဖြစ်ရင် ဘာလုပ်ရမလဲဘုရား။

ဆရာတော်     ။        ။ တိစီဝရိက်ဓူတင်ကို အမြတ်စားဆောင်တော်မူတဲ့ ရဟန်းတစ်ပါးက သင်္ကန်း အတွက် အဝတ်စတွေ စုဆောင်းနေတုန်းမှာ မကျန်းမမာဖြစ်ရင်သော် လည်းကောင်း၊ သင်္ကန်းချုပ် လုပ်ဖို့ရာ အကြောင်းကြောင်းကြောင့် အဆင်မပြေ သေးသမျှကာလပတ်လုံး လက်ဝယ်သိုမှီး သိမ်းဆည်း ထားကောင်းပါတယ်။ အပြစ်မရှိပါဘူး။ သို့သော် သင်္ကန်းဆိုးပြီးတဲ့နောက်တော့ မထားကောင်းတော့ ပါဘူး။

MA ဦးဇင်း    ။        ။ မှန်ပါဘုရား။ အကယ်၍ ပိတ်စလေးက သန့်နေလို့ နောင်လိုရင်သုံးရအောင် ထားခဲ့မိရင် ဘယ်လိုအပြစ်များ ရှိပါသလဲဘုရား။

ဆရာတော်     ။        ။ စာထဲပါတဲ့အတိုင်း ဖြေရရင်တော့ ဓူတင်ဆောင်တယ်ဆိုပြီး အဲသလိုထားတာကို “ဓူတင်ခိုးတယ်” လို့ ခေါ်တယ်ဦးဇင်း။

ကျမ်းညွှန်း ၁။ (၂၅)၊ တေစိဝရိကင်္ဂကထာ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ-၁။ (နှာ-၆၂)၊ *          (၄၆၉)၊ ပဌမကထိနသိက္ခာပဒဝဏ္ဏနာ၊ စိဝရ၀ဂ္ဂ၊ နိဿဂ္ဂိယကဏ္ဍ၊ ဝိမတိဝိနောဒနီဋီကာ-၁။ (နှာ-၃၁၃)

 

တိစီဝရိက်ဓူတင်ဆောင် ရဟန်းရသည့်အကျိုး ၇ ပါး

 

MA ဦးဇင်း    ။        ။ သံဃာတော်များက တိစီဝရိက်ဓူတင်ကိုခက်ခဲစွာ ဆောင်ကြရတာကို သိရပါပြီ ဘုရား။ တိစီဝရိက် ဓူတင်ဆောင်ရတဲ့အကျိုးကိုလည်း သိချင်ပါသေးတယ် ဘုရား။

ဆရာတော်     ။        ။ တိစီဝရိက် ဓူတင်ဆောင်ခြင်းကြောင့် ရနိုင်တဲ့ အကျိုးက ၇ ပါး ရှိပါတယ်။

MA ဦးဇင်း    ။        ။ အကျိုး ၇ ပါးစလုံးကို သိချင်ပါတယ်ဘုရား။

ဆရာတော်     ။        ။ ကောင်းပါပြီ။ တိစီဝရိက်ဓူတင်ဆောင်ထားတဲ့ ရဟန်းက (၁) ငှက်တွေ ကောင်းကင်ပေါ်မှာလိုရာ ပျံသန်းသွားနိုင်သလို မိမိရဲ့ပရိက္ခရာကို ယူဆောင်ပြီး သွားလိုရာကို သွားနိုင် တဲ့အကျိုးကတစ်ပါး (၂) ကိစ္စဝိစ္စနည်းပါးတဲ့ အကျိုး ကတစ်ပါး (၃) သင်္ကန်းအဝတ်အထည် သိုမှီးတာကို ရှောင်နိုင်တဲ့ အကျိုးက တစ်ပါး (၄) ပေါ့ပါးတဲ့ အသက်မွေးမှုရှိတဲ့ အကျိုးကတစ်ပါး (၅) သုံးထည်ထက် ပိုတဲ့သင်္ကန်းပေါ်ကို မက်မောတွယ်တာတဲ့ လောလုပ္ပတဏှာကို ပယ်နိုင်တဲ့ အကျိုးကတစ်ပါး (၆) အပ်စပ် တဲ့အရာမှာတောင် သင်္ကန်းသုံးထည်မျှကိုသာ သုံးဆောင်တော်မူတဲ့အတွက် ခေါင်းပါးတဲ့ အသက်မွေး မှုရှိတဲ့ အကျိုးက တစ်ပါးနှင့် နောက်ဆုံးအကျိုးက (၇) တိစီဝရိက် ဓူတင်ဆောင်ရဟန်းတော်အဖို့ အလိုလောဘနည်းတဲ့ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံပါတယ်ဦးဇင်း။

MA ဦးဇင်း    ။        ။ ရိုသေစွာ မှတ်သားထားပါ့မယ်ဘုရား။

ဆရာတော်     ။        ။ တိစီဝရိက်ဓူတင်ကို ဆောင်တော်မူတဲ့ ရဟန်းတော်မြတ်များက ကိုယ်ကို ဆောင်နိုင်ရုံမျှ၊ တစ်နည်းပြောရရင် ခန္ဓာကိုယ်ကို စောင့်ရှောက်နိုင်ရုံမျှသာရှိတဲ့ သင်္ကန်းတို့နှင့် ရောင့်ရဲ တော်မူကြပါတယ်ဗျာ။ ရောင့်ရဲခြင်းရဲ့ ချမ်းသာကို သိတော်မူကြပါတယ်ဗျာ။

MA ဦးဇင်း    ။        ။ သာဓု၊ သာဓု၊ သာဓု ပါဘုရား။

 

အတိရေကဝတ္ထတဏှံ၊ ပဟာယ သန္နိဓိဝိဝဇ္ဇိတော ဓီရော။

သန္တောသသုခရသညူ၊ တိစီဝရဓရော ဘဝတိ ယောဂီ။

တသ္မာ သပတ္တစရဏော၊ ပက္ခီ၀ သစီဝရော၀ ယောဂိဝရော။

သုခမနုဝိစရိတုကာမော၊ စီဝရနိယမေ ရတိံ ကယိရာတိ။

ကျမ်းညွှန်း ၁။      တေစီဝရိကင်္ဂကထာ၊ ဓုတင်္ဂနိဒ္ဒေသော၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ၊ နှာ-၆၃)

 

သင်္ကန်းသုံးထည်ကိုဆောင်သော ပညာရှိသော ယောဂီသည် သုံးထည်ထက်

ပိုလွန်သော အဝတ်၌ တပ်မက်သော တဏှာကိုပယ်ပြီးလျှင် သိုမှီးသိမ်းဆည်းခြင်းကို

ကြဉ်သည်ဖြစ်၍ ရောင့်ရဲခြင်း၌ ချမ်းသာဟူသော အရသာကို သိပေ၏။

ထိုသို့သိသောကြောင့် မိမိအတောင်နှင့်တကွ သွားလိုရာ သွားနိုင်သော၊

ငှက်ကဲ့သို့ ကိုယ်၌ ရုံထားသော သင်္ကန်းနှင့်တကွ ဖြစ်လျက်သာလျှင်

ချမ်းသာစွာ လိုရာရာ သွားခြင်းငှာ အလိုရှိသော ယောဂီသူမြတ်သည်

သင်္ကန်းကို သုံးထည်မျှ ကန့်သတ်၍ ဆောင်ရာ၌ မွေ့လျော်ပျော်ပိုက်ခြင်းကို ပြုရာ၏။

ကျမ်းညွှန်း ၁။   မဟာစည်ဆရာတော်ကြီး၏ဝိသုဒ္ဓိမဂ်မြန်မာပြန် (ပထမတွဲ၊ နှာ-၂၁၀)

 

 

https://www.dhammatrainingcenter.com/wp-content/uploads/2022/12/သိကောင်းစရာ-ဓူတင်သာသနာ-၂။-တိစီဝရိက်ဓူတင်-Download.pdf

Loading