ဥတု ၊ ဘောဇန ၊ သေနာသန zawgyi
ဥတု၊ ဘောဇန၊ သေနာသန စသည်တို့သည် ကုသိုလ်၊ အကုသိုလ် မဟုတ်ပေ။ ထို့ကြောင့် ၎င်းင်းတို့ကို အဗျာကတဟု ခေါ်ပါသည်။ ကုသိုလ်ကောင်းမှုဖြစ်နိုင်ရန်လည်း တွန်းအားဖြစ်စေနိုင်သကဲ့သို့ မကောင်းမှု အကုသိုလ် ဖြစ်ရန်လည်း တွန်းအား ဖြစ်စေနိုင်ပါသည်။
သပ္ပါယလေးပါး မျှတမှသာ တရားရမည်ဟု ဒေသနာတော်၌ လာရှိပါသည်။ ထိုသပ္ပါယလေးပါးတွင် အပူအအေး ဥတုသပ္ပါယ၊ အစားအစာ ဘောဇနသပ္ပါယ အပါအ၀င် နေထိုင်စရာ သေနာသနသပ္ပါယတို့သည် အထူးအရေးပါသည့် ကဏ္ဍတွင် ပါဝင်လေသည်။ ထိုထို သပ္ပါယ မမျှတပါက ၀ိပဿနာတရား၊ ဈာန်တရားများ မတိုးတက်နိုင်ပါ။
မာတိကာမာတာ၏ သပ္ပါယမျှတသည့် ဆွမ်းဘောဇဉ်ကြောင့် ရဟန်းတော်များတရားရ
မြတ်စွာဘုရားရှင်ထံတော်ပါးမှ ကမ္မဋ္ဌာန်း သင်ယူတော်မူကြပြီး ရဟန်းတော်ခြောက်ကျိပ်တို့သည် မာတိကာရွာကို ဂေါစဂါမ်ပြုကာ ရွာအပြင်တောထဲ ၀ါဆိုတော်မူကြပါသည်။ မာတိကာရွာသူကြီး၏ မိခင်ဖြစ်သူ မာတိကာမာတာက ၀ါဆိုတော်မူနေကြသည့် ရဟန်းတော်တို့အား ဆွမ်းလောင်းလှူလေ့ရှိပါသည်။
ရဟန်းတော်တို့လည်း အချင်းချင်းတိုင်ပင်၍ “ငါ့ရှင်တို့ ငါတို့သည် တရားအလုပ်ကို မမေ့မလျော့သော စိတ်နှလုံးဖြင့် ကျင့်သုံးဆောက်တည်နိုင်ရန် တစ်ပါးစီ၊ တစ်ပါးစီခွဲ၍ တရားထိုင်ကြအံ့။ မကျန်းမမာ အနာရောဂါရခဲ့သည်ရှိသော် ကျောင်း၌ စုဝေးကြကုန်အံ့” ဟု ကတိက၀တ်ထား၍ အသီးသီးကြွသွားကာ မမေ့မလျော့သောသတိဖြင့် အားထုတ်ကြကုန်၏။
တစ်နေ့သ၌ မာတိကာမာတာသည် ရဟန်းတော်တို့အတွက် ပျားရည်၊ သကာ၊ တင်လဲ စသည်တို့ကို လှူဒါန်းနိုင်ရန် ကျောင်းသို့လာခဲ့၏။ ထိုအခါ ရဟန်းတော်တို့ကို စုစုဝေးဝေး မဖူးမြင်ရသောကြောင့် မေးလျှောက်၏။ ထိုအခါ ရဟန်း တော်တို့ကိုတွေ့လိုပါက ကျောက်စည်ကိုထိုးပါလျှင် ကြွလာပါလိမ့်မည်ဟု သိရသဖြင့် ကျောက်စည်ကိုထိုးရာ ရဟန်းတော် တို့လည်း စုဝေးရာဇရပ်သို့ ကြွလာတော်မူကြ၏။
ရဟန်းတော်တို့ တစ်နေရာစီ တစ်နေရာစီမှ ကြွလာကြသည့်အဖြစ်ကိုမြင်လျှင် မာတိကာမာတာက အကြောင်းကို မေးလျှောက်ရာ ရဟန်းတော်တို့က ကမ္မဋ္ဌာန်းတရားအားထုတ်နေကြောင်း မိန့်ကြားတော်မူ၏။ မာတိကာမာတာက ထို ကမ္မဋ္ဌာန်းတရားကို အားထုတ်လိုကြောင်း လျှောက်ထားရာ ရဟန်းတော်တို့က ကမ္မဋ္ဌာန်းတရားကို ပေးတော်မူကြ၏။
ဤတွင် ဒါယိကာမကြီးလည်း မမေ့မလျော့သော သတိ ၀ီရိယဖြင့် အားထုတ်လေသော် အနာဂါမိ မဂ် ဖိုလ်ကို ပဋိသမ္ဘိဒါလေးပါးနှင့် လောကီအဘိညာဉ်နှင့်တကွ မျက်မှောက်ပြုလေ၏။
ထိုအခါ မာတိကာမာတာသည် တန်ခိုးအဘိညာဉ်ဖြင့် ရဟန်းတော်များကို ဆင်ခြင်ရာတွင် ]ငါ၏သား တော်တို့သည် လောဘ၊ ဒေါသ၊ မောဟတို့ မကင်းကြသေးပါတကား။ အကြောင်းမူကား အာဟာရသပ္ပါယ မမျှတသောကြောင့်တည်း} ဟူ၍ အကြောင်းရင်းခံကို မြင်လေ၏။ နောက်နေ့မှစ၍ ရဟန်းတော်တစ်ပါးခြင်းစီ၏ အလိုအဇ္ဈသယအားလျှော်သော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို စီရင်ပြီး လောင်းလှူပါသည်။ ရဟန်းတို့လည်း လျောက်ပတ်ပြီး သပ္ပါယမျှတသည့် အစာအာဟာရကို ဘုဉ်းပေးသုံးဆောင်ခွင့် ရရှိကြသဖြင့် မကြာမီမှာပင် ပဋိသမ္ဘိဒါတို့နှင့်တကွ၊ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကုန်ကြ၏။ ထို့ကြောင့် ဘောဇနသပ္ပါယ မျှတခြင်း သည်လည်း တရားထူးရရန် ကြီးစွာသော အကြောင်းအထောက်အပံ့ ဖြစ်ပေ၏။
သတိပြု သိမှတ်စရာဝေါဟာရများ
ကျေးဇူးပြုသည် = Produce. Support. Maintaining.
ဝိပါက်စိတ် = Resultant consciousness.
ကုသလ၀ိပါက်စိတ် = Wholesome Resultant consciousness
အကုသလ၀ိပါက်စိတ် = Unwholesome Resultant consciousness.
အသင်္ခါရိကစိတ် = Unprompted consciousness .
လောကီနယ် = Mundane
လောကုတ္တရာနယ် = Supra – mundane
ဝီထိစိတ်အစဉ် = Mental process
ဘ၀င်စိတ် = Life continuum .
ပရမတ် = Reality.
ပညတ် = Concept.
သမ္ပယုတ္တကာ စ ဓမ္မာ = ယှဉ်သည့်တရား = Associated Dhamma
စိတ္တသမုဋ္ဌာနာနံရူပံ = စိတ္တဇရုပ် = စိတ်ကြောင့်ဖြစ်သည့်ရုပ် = Mental states generated matter.
ရုပ်အာဟာရ = Material nutrient
နာမ်အာဟာရ = Mental nutrient
ဖြစ်ရပ် ဖြစ်စဉ် = Phenomena
အခြေအနေ = Condition
ဖွံ့ ဖြိုးစ = Nascent
သဟဇာတပစ္စယ = Born together = Conascent
ပစ္ဆာဇာတပစ္စယ = Postnascent
ဟဒယ၀တ္ထု = Heart – base
သဟဇာတကမ္မ = Conascent kamma
နာနာက္ခဏိကကမ္မ = Asynchronous kamma
ကြိယာစိတ် = Functional consciousness, inoperative consciousness
အဗျာကတ = (Kammicly) Indeterminate
သမ္ပယုတ္တကာ စ ဓမ္မာ = ယှဉ်သည့်တရား = Associated Dhamma
စိတ္တသမုဋ္ဌာနာနံရူပံ = စိတ္တဇရုပ် = စိတ်ကြောင့်ဖြစ်သည့်ရုပ် = Mental states generated matter.
ကဋတ္တာရုပ် = ကမ္မဇရုပ်၊ ပြီးခဲ့တဲ့ကံကြောင့်ဖြစ်တဲ့ရုပ်
သြက္ကန္တိက္ခဏေ = ဘ၀ဖြစ်စ ခဏ
ပစ္စယေန ပစ္စယော = အကြောင်းတရားက အကျိုးတရားဖြစ်ပေါ်အောင် ကျေးဇူးပြုသည်။
(တစ်နည်း အကြောင်းတရားရှိ၍သာ အကျိုးတရား ဖြစ်ပေါ်နိုင်သည်)
31 total views, 1 views today