မာတိကာ

၁၄ – ဝိပါကပစ္စယော

Daily life Patthana

Vipaka Paccayo (Resultant Condition)

 

 

အားထုတ်မှုမရှိ ငြိမ်သက်ခြင်းအားဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

The ‘Vipâka Paccayo’ means resultant. We must take only the resultant types of consciousness. It is compared to relaxing in the breeze. That means there is no activity.

 

 

‘ချမ်းရိပ်နားနေ၊ ညင်းလေပြည်သို့’ လာသည်နှင့်အညီ အရိပ်အာဝါသကောင်းသော သစ်ပင်၏အောက်၌ အနားယူနေသူအား လေပြေ လေညှင်း တိုက်ခတ်လာသောအခါ ကြောင့်ကြဗျာပါရမရှိ ငြိမ်သက်အေးဆေးစွာ ဖြစ်နေသကဲ့သို့ ကုသိုလ်၊ အကုသိုလ် အကြောင်းကြောင့် ဖြစ်ပေါ်လာသော ဝိပါက်ခန္ဓာတို့သည် မိမိနည်းတူ အချင်းချင်း ငြိမ်သက်အေးဆေးစွာ ဖြစ်ပေါ်လာအောင် တည်ရှိလာအောင် ကျေးဇူးပြုကြသည်။

ကမ္မပစ္စည်းက အလုပ်ကို ကြိုးစားလုပ်သည်နှင့် တူသဖြင့် ကြောင့်ကြဗျာပါရရှိပြီး ဝိပါကပစ္စည်းမှာ လုပ်ခလစာထုတ်ယူပြီး ခံစားစံစားသည်နှင့် တူသောကြောင့် ကြောင့်ကြ ဗျာပါရမရှိ အကျိုးပေးသက်သက်သာ ဖြစ်၏။

 

Resultant Kamma

 

ထို့ကြောင့် ဝိပါကပစ္စည်းကို Resultant Kamma ဟူ၍ ခေါ်၏။ ဝိပါက်စိတ်၏သဘာဝက ဇောစိတ်ပမာ ကောင်း မကောင်း အာရုံ၏အရသာ မခံစားသည်ကိုပင် ငြိမ်သက်နေသည် ဟူ၍လည်းကောင်း၊ Active မရှိဟူ၍လည်းကောင်း ဆိုလိုခြင်း ဖြစ်၏။ ထို့ကြောင့်ပင် ဝိပါက်စိတ်၏ သတ္တိက ငြိမ်သက်သကဲ့သို့ သူနှင့်ယှဉ်ဖော် ယှဉ်ဖက် စိတ်၊ စေတသိက်များ ကိုလည်း ငြိမ်သက်စေနိုင်သည့် သတ္တိရှိ၏။

သို့ဖြစ်ပါ၍ရှေးဆရာမြတ်များက အရိပ်အာဝါသကောင်းသည့် သစ်ပင်ကြီးတစ်ပင်၏ အောက်၌ ထိုင်နေသူအတွက် အရပ်မျက်နှာများမှ တိုက်ခတ်လာသည့် လေပြေ လေညှင်းက အေးချမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ဟု ဥပမာပြုတော်မူကြပါသည်။

ဝိပါက်အကျိုး

 

မြန်မာစကားတွင် အကုသိုလ်၏ အကျိုးပေးကိုသာ ဝိပါက်ဟု ခေါ်ပါသည်။ ဗုဒ္ဓစာပေ အရမှာမူ ကုသိုလ်၏အကျိုးပေးကိုလည်း ဝိပါက်၊ အကုသိုလ်အကျိုးပေးကိုလည်း ဝိပါက် ဟူ၍ပင် ခေါ်ပါသည်။ ဥပမာ- ငရဲသားပဋိသန္ဓေ၊ နတ်သားပဋိသန္ဓေ၊ ခွေးပဋိသန္ဓေ အားလုံးက အကျိုးဝိပါက်သာ ဖြစ်၏။

ကုသိုလ် အကုသိုလ်၏ သဘောသဘာဝသည် ကိုယ်အမူအရာ၊ နှုတ်အမူအရာနှင့် စိတ်အကြံအစည်တို့တွင် ဗျာပါရများပါသော်လည်း ဝိပါက်မှာမူ အကျိုးပေးသက်သက် ဖြစ် သောကြောင့် ကြောင့်ကြဗျာပါရ မရှိပေ။

ထို့ကြောင့် အကြောင်းကောင်းလျှင် အကျိုးပေးကောင်း၏။ အကြောင်းမကောင်းလျှင် အကျိုးပေး မကောင်းပေ။ အကြောင်းကောင်းအောင်ကြောင့်ကြဗျာပါရ စိုက်ထုတ်ထားခဲ့သူ အဖို့ အကျိုးဝိပါက်ကောင်းရန် ကြောင့်ကြဗျာပါရအား စိုက်ထုတ်ရန် မလိုအပ်တော့ပေ။ ဧကန် မုချ အကျိုးပေးမည်။

သို့သော် ဘဝသံသရာတွင် အသိဉာဏ်နည်းပြီး မကောင်းသည့် အကြောင်းကိုသာ ကြောင့်ကြဗျာပါရ စိုက်ထုတ်ထားခဲ့မိသူအဖို့မှာမူ မကောင်းသည့် အကျိုးဝိပါက် ပေါ်ပေါက် လာရန်အတွက် ဘာကိုမှ အထူးလုပ်ဆောင်ရန် မလိုတော့ပေ။

ဝိပါကမည်သည် ကြောင့်ကြဗျာပါရစိုက်ကာ အားထုတ်ရန် မလိုအပ်တော့ဘဲ အကျိုး ရလဒ်တို့က ပေါ်ပေါက်လာတတ်သည့် သဘာဝရှိသောကြောင့်ပင် “ချမ်းရိပ်နားနေ၊ ညင်းလေ ပြည်သို့၊ တသွေဖြစ်ဟန်၊ နာမက္ခန်ကို၊ ပူပန်ဝေးလျက်၊ ငြိမ်သက်စေနိုင်သော၊ ဝိပါက်ပစ္စည်း တရားက” ဟု ရှေးဆရာမြတ်များက စပ်ဆိုထားခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးကလည်း “ဝိပါကပစ္စည်းဆိုတာ အလုပ်ပန်း ခရီးပန်းသူတို့ ပန်းသမျှ နွမ်းသမျှ ပြေပျောက်ငြိမ်းအေးစေဖို့ အရိပ်အာဝါသမှာ အပန်းဖြေ နားနေတာနှင့်တူတယ်” ဟု မိန့်တော်မူခြင်း ဖြစ်ပါသည်။

ကံပြုရာတွင် ကောင်းသည့်ကံထူထောင်သကဲ့သို့ မကောင်းသည်ကံကို ထူထောင်သည် လည်းရှိပါသည်။ ကောင်းကံ၏ Result က ကောင်းတာလာမည်။ မကောင်းကံ၏ Result က မကောင်းတာလာမည်။ ကမ္မနှင့် ဝိပါကက Ration တူညီပါသည်။ ဆိုလိုသည်မှာ ကမ္မ ကောင်းလျှင် Result ဖြစ်သည် ဝိပါကကောင်းမည်။ ကမ္မမကောင်းပါက Result ဝိပါက မကောင်း နိုင်ပေ။

 

ယောကျ်ားတွေ ရူးလောက်အောင် လှပသည့်မိန်းမချော

 

ထို့ကြောင့် ကံကိုထူထောင်ရာ၌ နည်းစနစ် မှန်ကန် ကောင်းမွန်စွာ ထူထောင်နိုင်သည့် အသိဉာဏ် ရှိရပါမည်။ သုံးနှစ်သုံးမိုး ကျွန်ခံပြီးမှ ခက်ခဲစွာရရှိလာသည့် ဝတ်စုံကို သူတော် ကောင်းပုဂ္ဂိုလ်ကြီးအား လှူဒါန်းနိုင်ခဲ့သဖြင့် မြင့်မြတ်သည့် မဂ်ဆု၊ ဖိုလ်ဆုကို တောင်းနိုင် ပါသော်လည်း သူ၏ဉာဏ်အားလျော်စွာ”မြင်မြင်သမျှ ယောကျ်ားတွေ ရူးလောက်အောင် လှပတဲ့ မိန်းမချောဖြစ်ပါရစေ” ဟု ဆုတောင်းခဲ့သဖြင့် Result အနေဖြင့် သံသရာဘဝတစ်ခု၌ လှပသည့် ဥမ္မာဒန္တီပုဏ္ဏေးမကလေးဘဝကို ရရှိပေတော့သည်။ လုပ်အားနှင့် ထိုက်တန်သည့် လုပ်အားခရခြင်း မည်ပါသည်။

 

ထမင်းချက်သည့် ဥပမာ

ထမင်းချက်ရန် ဆန်ရှိရမည်၊ အိုးရှိရမည်၊ ရေရှိရမည်၊ မီးရှိရမည်စသည်တို့ ပြည့်စုံ အောင်စုဆောင်းပြီး ထမင်းဖြစ်အောင်ချက်နေသည့် ကြောင့်ကြဗျာပါရမှာ ကံကိုထူထောင်နေ ခြင်းနှင့် ပမာတူပါသည်။

ထမင်းကျက်သွားလျှင်မူ ထမင်းဖြစ်လာရန်အတွက် ထပ်မံပြီး ကြောင့်ကြဗျာပါရ စိုက်ထုတ်ရန် မလိုအပ်တော့ခြင်းသည် ဝိပါက်အကျိုးနှင့် ပမာတူပါသည်။

သူသည် ပေါ်ဆန်းမွှေးဆန်ကို ချက်ထားလျှင် ပေါ်ဆန်းထမင်းကို စားရမည်။ ဆန်ကြမ်း ချက်ထားလျှင် ထမင်းကြမ်းကို စားရမည်။ သူ၏ကနဦးက ကြောင့်ကြဗျာပါရ စိုက်ထုတ်မှုပေါ် မူတည်ပြီး ထိုက်သင့်သည့် ထမင်းကို ရရှိပေတော့မည်။

ကံနှင့်ဝိပါက်တွင်လည်း ကုသိုလ်ကံကို ထူထောင်စဉ်က ကြောင့်ကြဗျာပါရ စိုက်ထုတ်ခဲ့ပြီးလေပြီ။ အကုသိုလ်ကံကို ထူထောင်စဉ်ကလည်း ကြောင့်ကြဗျာပါရ စိုက်ထုတ်ခဲ့ပြီး လေပြီ။ ဝိပါက်အကျိုး ပေါ်ပေါက်လာရန်အတွက်မှာမူ ကြောင့်ကြစိုက်ထုတ်ရန် မလိုအပ် တော့ပေ။ ပြုထားခဲ့ပြီးသည့် ကံအားလျော်စွာသာ ခံစံရပေတော့မည်။

ကျမ်းညွှန်း * (၅၂၇)၊ ဥမ္မာဒန္တီဇာတကဝဏ္ဏနာ၊ ပဏ္ဏာသနိပါတ၊ ဇာတကဋ္ဌကထာ-၅ (နှာ-၂၂၀)

 

အကုသလဝိပါက်ကြောင့် မျက်စိကွယ်ခဲ့ရသည့် ရဟန္တာမထေရ်

မြတ်စွာဘုရားရှင် ထင်ရှားရှိတော်မူစဉ်ကာလက သာဝတ္ထိပြည်၌ နေထိုင်ကြသည့် သူကြွယ်ညီနောင်နှစ်ဦးအနက် ညီက အိုးအိမ်ထူထောင်ပြီး အစ်ကိုကြီးကမူ ရဟန်းပြုသွား ပါသည်။

မြတ်စွာဘုရားရှင်ထံတော်ပါး ၅-ဝါတိုင်တိုင် သီတင်းသုံးပြီးနောက် ကမ္မဋ္ဌာန်းယူပြီး တောတစ်နေရာ၌ ဝါဆိုကာ ရဟန်းတရားကို ပြင်းထန်စွာ ကျင့် တော်မူပါသည်။ ထိုစဉ်အခိုက် မျက်စိရောဂါ ပြင်းထန်စွာ ဖြစ်ပေါ်လာပါသည်။ မျက်စိဆရာနှင့်ပြရာ ဆေးကို ပက်လက် အိပ်ပြီးခတ်ရန် လျှောက်ထားသည်။ မထေရ်မြတ်သည် လဲလျောင်းခြင်း ဣရိယာပုတ်ကို ပယ်မြစ်ကာ တရားကျင့်တော်မူနေခြင်း ဖြစ်သည်။

ထို့ကြောင့် မျက်စိဆရာ၏ ဆေးထိရောက်ခြင်း မရှိတော့ပေ။ သို့သော် ထေရ်ရှင်က တရားကိုသာ တိုး၍ အားထုတ်တော်မူရာ ညဉ့်သန်းခေါင်ကျော်အချိန်၌ မျက်စိလည်း အပြီး တိုင်ကွယ်ပြီး၊ ကိလေသာကိုလည်း အပြီးတိုင်ပယ်ကာ ရဟန္တာဖြစ်တော်မူ၏။

ထေရ်ရှင်လောင်းလျာ၏ ဝိပါကဝဋ်က ကြီးကျယ်လှ၏။ မျက်စိရောဂါကု ဆေးဆရာဝန် ဘဝက ရောဂါသည်တစ်ယောက်ကို ဆေးကုပေးရာ ရောဂါ ပျောက်သော်လည်း ဆေးကုခ မရသဖြင့် ထိုမျက်စိရောဂါရှင်၏ မျက်လုံးကို ကန်းအောင်ပြုမှားခဲ့သည့် အကုသိုလ်ကံ၏ အကျိုးဝိပါက်ကို ရဟန္တာဖြစ်သည့်ဘဝတိုင် ပေးဆပ်နေရခြင်း ဖြစ်၏။

ရဟန္တာဖြစ်သွားသဖြင့် တစ်ဖန် ဘဝအသစ်ကို ပေးစွမ်းဦးမည့် ပဋိသန္ဓေနေရခြင်း ဟူသော ဇာတိကို အပြီးတိုင် လွတ်မြောက်တော်မူနိုင်ခဲ့ပါသောလည်း ပြုမှားခဲ့ဖူးသည့် အကုသိုလ်ကံ၏ ဝိပါက်အကျိုးကိုမူ အနုပါဒိသေသနိဗ္ဗာန် မစံဝင်နိုင်သေးသမျှ လွတ်မြောက်ရန် မတတ်ကောင်းသည်သာ။

ထို့ကြောင့် မာန်လည်ဆရာတော်ကြီးက “ဝိပါက် အကျိုးဟူသည်၊ ကြာမရှည်ခင်၊ ပြန်လည်တတ်မျိုး၊ မကောင်းကျိုးဖြင့်၊ နောက်ပိုးလိုက်တက်၊ သူ့ကိုဖျက်က၊ ကိုယ်ပျက်တတ်စွ” ဟု ဆုံးမတော်မူခြင်း ဖြစ်ပါသည်။

ကျမ်းညွှန်း * ပါမောက္ခချုပ်ဆရာတော်ကြီး၏ ပဋ္ဌာန်းမြတ်ဒေသနာ (၂၀၁၁-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်)

 

ဝိပါက်စိတ်

 

ပဋိသန္ဓေစိတ်က ဝိပါက်စိတ်ဖြစ်ပြီး၊ ဖိုလ်စိတ်သည်လည်း ဝိပါက်စိတ်ပင် ဖြစ်ပါသည်။ ဈာန်မှာလည်း ရူပါဝစရဝိပါက်စိတ်၊ အရူပဝါစရဝိပါက်စိတ် ဖြစ်ပါသည်။
ဝိပါက်စိတ်၌ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ အရသာသိစိတ်၊ ထိသိစိတ်အပါ အဝင်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ၊ ဘဝင်စိတ်အားလုံးသည် ဝိပါက်စိတ်များသာ ဖြစ်ပါသည်။
ဝီထိအစဉ်ကို လေ့လာပါက –

အတီတဘဝင်  – Past bhavanga

ဘဝင်္ဂစလန     – Vibrational bhavanga

ဘဝင်္ဂုပစ္ဆေဒ    – Arrest bhavanga

ပဉ္စဒွါရာဝဇ္ဇန်း   – Five-door adverting

စက္ခုဝိညာဉ်     – Eye-consciousness

သမ္ပဋိစ္ဆိုင်း      – Accepting (Receiving)

သန္တီရဏ        – Investigating

ဝုဋ္ဌော            – Decision (Determining)

ဇော- ၇ ကြိမ်   – mental impulsions / (Javana)

 

 

တဒါရုံ ၂-ကြိမ်တို့သည် ရှေ့နောက် ဥပါဒ်, ဌီ, ဘင်၊ ဖြစ်, တည်, ပျက် အစဉ်အတိုင်း ဖြစ်ကြသည်ကို စိတ္တနိယာမဟု ခေါ်ပါသည်။

“တီ န ဒ ပ စ သံ ဏ ဝု ဇော ၇-ကြိမ် တဒါရုံ ၂-ကြိမ်” ၌ ဇောစိတ် ၇-ကြိမ်က ကုသိုလ်ဇော အကုသိုလ်ဇောဖြစ်နိုင်ပြီး အာရုံကို ခံစားသည်။ တဒါရုံ ၂-ကြိမ်ကလည်း ဝိပါက်စိတ်ဖြစ်၏။

ဘဝင်စိတ်ကျပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူသည် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံများကို အာရုံမပြုသောကြောင့် ကျေနပ်၊ မကျေနပ်၊ သဘောကျ၊ မကျ၊ ပျော်၊ မပျော်ဟူသော ခံစားမှု မရှိနိုင်ပါ။

၎င်းအခြေအနေကို အေးချမ်းသည်ဟုဆိုပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် အချိန်(ဝါ) ဘဝင်ကျချိန်တွင် ဒုက္ခိတ၊ သုခိတသတ္တဝါ အားလုံးကပင် အေးချမ်းနေသည်ဟု အတူတူ ယူရပါမည်။

ထို့ကြောင့် နွားအိပ်ပျော်နေသည်မှာ ပင်ပန်းပြီး၊ နတ်အိပ်ပျော်နေသည်မှာ ချမ်းသာသည်ဟု မဆိုနိုင်ပါ။ ဘဝင်စိတ်၏ Quality မှာ အတူတူပင် ဖြစ်ပါသည်။

 

အခိုက်အတန့် ၄-ပါး

 

ဝိပါက်၌အခိုက်အတန့် ၄-ပါး ရှိပါသည်။ ၎င်းတို့မှာ –

၁။ စေတနာအခိုက်အတန့် Moment of volition.

၂။ ကံအခိုက်အတန့် Moment of khamma.

၃။ နိမိတ်အခိုက်အတန့် နှင့် Moment of sign.

၄။ ဝိပါက်အခိုက်အတန့် Moment of Resultant. တို့ ဖြစ်၏။

ဤအခိုက်အတန့်လေးပါးကို သရက်သီးဖြင့် ဥပမာပြရမည်ဆိုလျှင် သရက်ပွင့်သည့် အခိုက်အတန့်၊ အသီးအကင်း အခိုက်အတန့်၊ ဝမ်းပျဉ်း အခိုက် အတန့်နှင့် ရင့်မှည့်သည့် အခိုက် အတန့်တို့ ဖြစ်ပါသည်။ ဝိပါက်အခိုက်အတန့်ဟူသည် သရက်သီးရင့်မှည့်သည်နှင့် တူသည်။

စေတနာ အခိုက်အတန့်

 

သုစရိုက်၊ ဒုစရိုက် ကုသိုလ်၊ အကုသိုလ် ဇောစေတနာဖြစ်နေသည့် အခိုက်အတန့်သည် စေတနာ အခိုက်အတန့် ဖြစ်ပါသည်။

 

ကံအခိုက်အတန့်

ကံအခိုက်အတန့်မှာမူ အလွန် သိမ်မွေ့လေ၏။ ကုသိုလ် အကုသိုလ်စေတနာတို့သည် ပရမတ္ထဓမ္မ၏ သဘာဝအတိုင်း ဥပါဒ်၊ ဌီ၊ ဘင် အားဖြင့်ပေါ်ပြီး ပျောက်နေပါသော်လည်း ထိုထိုစေတနာကံ၏သတ္တိ Potential Energy မှာမူ ပျောက်ကွယ်မသွားဘဲ နာမ်အစဉ်၌ အနန္တရ၊ သမနန္တရ၊ အာသေဝန၊ အနန္တရူပနိဿယ၊ ကမ္မ၊ နတ္ထိနှင့် ဝိဂတသတ္တိများဖြင့် ကျေးဇူးပြု ပါသည်။ သရက်သီး ဥပမာကဲ့သို့ပင် သရက်ကင်း ရင့်မှည့်လာရန် အပွင့်အကင်းမှသည် အဆင့်ဆင့် ဖြစ်ပျက် ပြောင်းလဲလာရသကဲ့သို့ အကြောင်းဖြစ်သည့် စေတနာကံက အကျိုး ဝိပါက်ဖြစ်လာရန် အခြေခံ ဖြစ်ပေသည်။

 

နိမိတ်အခိုက်အတန့်

နိမိတ်အခိုက်အတန့်ဟူသည် သတ္တဝါတစ်ခု စုတိစိတ်မကျခင် ကံနိမိတ်၊ ကမ္မနိမိတ်၊ဂတိနိမိတ်များအနက် တစ်ပါးပါး ထင်လာရစမြဲဖြစ်၏။ သံသရာခရီးတစ်လျှောက် လေ့ကျင့်ပြုမူ ထူထောင်ခဲ့သည့် စေတနာကံများကပင် ထိုအခိုက်၌ နိမိတ်အဖြစ် ထင်လာတတ်သည်ကိုပင် နိမိတ်အခိုက်အတန့် ဖြစ်ပါသည်။

 

ဝိပါက်အခိုက်အတန့်

ထူထောင်ခဲ့သည့် စေတနာကံအားလျော်စွာ နိမိတ်များ ထင်လာပါမည်။ ထိုနိမိတ် အားလျော်စွာ ဘဝအသစ်တစ်ခုကို ရပေမည်။ တစ်နည်းအားဖြင့် ပဋိသန္ဓေအသစ်အတွက် ဘဝဟောင်းမှ စုတိစိတ်က ဘဝသစ်၏ ပဋိသန္ဓေတာဝန်ကို ယူပေးသည်။

‘ပဋိသန္ဓိ ဘဝင်္ဂဉ္စ တထာ ဝစနမာနသံ’ စုတိ ပဋိသန္ဓေနှင့်ဘဝင်ဟု အမည်ကွဲပြားပါ သော်လည်း တစ်ဘဝအတွင်း၌ သဘာ၀ တူညီပါသည်။ပဋိသန္ဓေစိတ် Rebirth conciousness ဟူသည် ဝိပါက်စိတ်ကိုပင် ခေါ်ခြင်းဖြစ်ပါသည်။

ထို့ကြောင့် ဝိပါက်အခိုက်အတန့်တွင် ပဋိသန္ဓေ အခိုက်အတန့်လည်းပါ၏။ ထိုထို အခိုက်အတန့် ၃-ပါးကို ကျော်ပြီးမှ မိမိတို့သည်လည်း ယခုဘဝကို ရရှိနေခြင်း ဖြစ်ပါသည်။

ကျမ်းညွှန်း * ပါမောက္ခချုပ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ၏ ပဋ္ဌာန်းမြတ် ဒေသနာ (၂၀၁၁-ခုနှစ်)တွင် ပုံနှိပ်ထုတ်ဝေသည်။

 

ဘဝများစွာ၌ မီးလောင်သေဆုံးခဲ့ရသည့် အကုသိုလ်အကျိုးဝိပါက်

 

ကောသမ္ဗီပြည်တွင် ဥတေနဘုရင် မင်းပြုလျက်ရှိစဉ် သာမာဝတီမိဖုရားနှင့် မောင်းမ ငါးရာတို့ နန်းမဆောင်ကြီး မီးလောင်ကျွမ်း၍ သေပွဲဝင်ခဲ့ရသည့် ကံကြမ္မာဆိုးသည်လည်း ဘဝတစ်ခု၌ ပြုမှားခဲ့အကုသိုလ်ဝိပါက် အကျိုးခံကြရခြင်း ဖြစ်သည်။

အတိတ်ဘဝတစ်ခုတွင် သာမာဝတီအမှူးပြုသည့် မိန်းမငယ်ငါးရာတို့သည် မြစ်ကမ်း နံဘေး ရေချိုးကြပါသည်။ အချမ်းပြေပျောက်စေရန် ချုံပုတ်ကို မီးရှို့၍ မီးလှုံကြပါသည်။ ထိုတောခြုံထဲတွင် ဘုရင်မင်းမြတ်ကိုးကွယ်သည့် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတစ်ပါး နိရောဓ သမာပတ် ဝင်စားတော်မူနေကြောင်းကို မီးစရှို့ စဉ်က မသိခဲ့ကြပါ။ မီးလောင်မှ မြင်ကြရသဖြင့် မိန်းမငယ်တစ်စုက သူတို့ မင်းပြစ်မင်းဒဏ်သင့်မည်ကို စိုးရိမ်သဖြင့် မီးရှို့ပြီး လက်စဖျောက်ရန် ကြိုးပမ်းကြတော့သည်။

အရှင်မြတ်ကြီးကမူ နိရောဓသမာပတ်၏အစွမ်းကြောင့် တစ်စုံတစ်ရာ အန္တရာယ်မရှိခဲ့ သော်လည်း သာမာဝတီတို့မှာမူ ငရဲ၌ နှစ်သိန်းပေါင်းများစွာ ကျခံခဲ့ကြရသည်။ တစ်ဖန် ထိုကံ အကြွင်းကြောင့် ဘဝတစ်ရာတိုင်တိုင် သာမာဝတီမိဖုရားဘဝကကဲ့သို့ပင် အိမ်လုံးကျွတ် မီးလောင်၍ သေဆုံးခဲ့ကြရသည်။

မိမိပြုမှားခဲ့သည့် ကံ၏အကျိုးဝိပါက်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ တားမြစ် ပိတ်ပင်၍ မရကောင်းပေဟု မြတ်စွာဘုရားရှင် မိန့်တော်မူခြင်း ဖြ စ်၏။

ကျမ်းညွှန်း * သာမာဝတီဝတ္ထု၊ အပ္ပမာဒဝဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ -၁ (နှာ-၁၂၀)

 

ဝိပါက်စိတ်နှင့် ဘဝင်စိတ်

တိရစ္ဆာန် အိပ်ပျော်နေသည်မှာ အကုသလဝိပါက်စိတ်၊ လူအိပ်ပျော်နေသည်မှာ ကုသလဝိပါက်စိတ်ဟု ကွဲပြားပါသော်လည်း ဝိပါက်စိတ်မှန်သမျှ ငြိမ်သက်ပါသည်။ နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်နေသည့် အချိန်၌သာမက တစ်နေ့တာ နိုးနေသည့်ကာလများ၌လည်း ဘဝင်စိတ်များစွာ ဖြစ်နေတတ်ပါသည်။

ဝိပါက်စိတ်က ကုသိုလ်၊ အကုသိုလ်ကံ၏ အကျိုးဖြစ်၏။ အိပ်မက်မမက်ဘဲ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေသည့်စိတ်က ဘဝင်စိတ် ဖြစ်သည်။ ဘဝင် စိတ်သည် ဝိပါက်စိတ်နှင့် သဘောချင်းတူပါသည်။ ဥပမာ-သောမနဿနှင့် ပဋိသန္ဓေနေခဲ့ပါက အိပ်ပျော်နေသည့် စိတ်ကလည်း သောမနဿဖြစ်ပြီး၊ ဥပေက္ခာနှင့် ပဋိသန္ဓေနေခဲ့သူ၏ အိပ်ပျော်နေသော စိတ်လည်း သောမနဿကဲ့သို့ ရွှင်ရွှင်ပျပျမဟုတ်ဘဲ တည်တည်မှန်မှန် ဥပေက္ခာပင် ဖြစ်နေလိမ့် မည်ဟု တောင်မြို့မဟာဂန္ဓာရုံဆရာ တော်ကြီး၏ အခြေပြုပဋ္ဌာန်းတွင် ဖော်ပြထားပါသည်။

 

ဝိပါကဝဋ်

ဘဝတစ်လျှောက်တွင် အချိန်နှင့်အမျှ တွေ့ကြုံခံစားနေရသည့် ကောင်းကျိုး၊ ဆိုးကျိုးတို့သည် ဝိပါက်အကျိုးတရားများသာဖြစ်၏။ ထို့ကြောင့် ကမ္မ ကအကြောင်းတရား ဝိပါကက အကျိုးတရား Result ဖြစ်၏။

တန်ခိုးရှင်ကြီး တစ်စုံတစ်ယောက်ယောက်က ဘဝကို ကောင်းမွန်လာစေရန်နှင့် ဆိုးဝါးသွားစေရန် ဖန်တီးပေးနေခြင်း မဟုတ်ကြောင်းကိုမူ ပဋ္ဌာန်းတရားတော် လေ့လာနေသည့် သူတော်ကောင်းများအဖို့ နားလည်ရန် ခက်ခဲမည် မဟုတ်တော့ပေ။

မြတ်စွာဘုရားရှင်က အကျိုးတရားအဖြစ် ရထားသည့်ခန္ဓာကို ဝိပါကဝဋ်ဟု ဟောတော် မူပါသည်။ခန္ဓာမရှိတော့မှသာ လိုက်ရန်ကျန်ရှိသေးသည့် ဝိပါက ဝဋ်က လွတ်ပေတော့မည်။ သို့သော် ခန္ဓာရထားသူအဖို့မှာမူ ဉာဏ်ရှိမှသာ အကြွေးတင် သက်သာပေမည်။

ထို့ကြောင့် တိပိဋကမင်းကွန်းဆရာတော်ကြီးက “အခုလို အသိဉာဏ်ရှိတဲ့ဘဝမှာ လိုက်စရာရှိတဲ့ဝဋ်တွေ လိုက်ချင်စမ်းပါဘိ” ဟု မိန့်တော်မူခြင်း ဖြစ် ပေလိမ့်မည်။ သံသရာ ခရီးသည်တို့အတွက် အလေးအနက်ထားကာ စဉ်းစားရမည့် အဆုံးအမစကား ဖြစ်ပေသည်။

 

အကုသလ ဝိပါက်

 

နန်းမတော်မယ်နုသည် ရေချကွပ်မျက်ခံရတော့မည့်ဆဲဆဲ သူဆည်းကပ်ကိုးကွယ်ခဲ့သော ဆရာတော်ဦးဗုဓ်ကို နောက်ဆုံး ဖူးမြော်ပါရစေဟုဆိုသဖြင့် ဆရာတော် ဦးဗုဓ်ထံ ပို့ပေးကြသည်။

ဆရာတော့်ရှေ့တော်မှောက်ရောက်လျှင် မယ်နုက –

“ဆရာတော်ဘုရား တပည့်တော်မ ယနေ့ပင် ရေချကွပ်မျက် ခံရပါတော့မည်” ဟု လျှောက်၏။ ဆရာတော်ဦးဗုဓ်က-

“ဟဲ့…မယ်နု၊ သူ့ကြွေးရှိရင် ဆပ်ရမှာပေါ့” ဟု တစ်ခွန်းသာ မိန့်လိုက်သည်။ မယ်နုသည်-

“ငါ့ဆရာတော်သည် ငါ ကိုးကွယ်ခဲ့သည့် ကာလတစ်လျှောက် ငါ့ကို အရေးတယူ စကားတစ်ခွန်းမျှ မမြွက်ဟခဲ့။ ယခု ဆရာတော် စကားတစ်ခွန်း ငါနာရပြီ။ ငါသေပျော်ပြီ” ဟု ဦးချကာ ရာဇဝတ်သားတို့နောက် လိုက်ပါသွား၏။ အကုသလဝိပါက်သည် မိဖုရားသော်မှလည်း ရှောင်လွဲမရနိုင်သည့် အကြောင်းကို ဤသာဓကဖြင့် မှတ်သားနိုင်မည် ဖြစ်ပါသည်။

ကျမ်းညွှန်း * စတုတ္ထစံကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ ဘဝနှင့်သာသနာ၊ တပည့်များစုပေါင်းပူဇော်သည် (၂၀၀၄ ခုနှစ်) (နှာ-၃၆၃)

 

စိတ္တဇရုပ်

ဝိပါက်စိတ်က စိတ္တဇရုပ် Mind born matter ကိုလည်း မွေးဖွားပေးပါသေးသည်။ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်ထဲတွင် အသံရုပ်ကလည်း သိသာ၏။ ဆေးပညာ၌ အသံက အသံအိုးကြောင့် ဖြစ်ပေါ်လာ၏ဟု ဆိုပါသော်လည်း သဘာဝတရားတစ်ခုက အကြောင်း တရားတစ်ခုတည်းကြောင့် ဖြစ်ပေါ်လာခြင်းကား မဟုတ်ပါပေ။

အသံချင်းတူသော်လည်း ငိုသံနှင့် ရယ်မောသံ မတူပေ။ ဆိုင်ရာဆိုင်ရာစိတ်ကြောင့် ထွက်ပေါ်လာသည့်အသံလည်း ပြောင်းလဲပြောင်းလဲ၍နေခြင်း ဖြစ် ပါသည်။ စိတ္တဇရုပ်ကို ဝိပါကပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသော်လည်း ဝိပါက်စိတ်ကြောင့် ဖြစ်လာသော စိတ္တဇရုပ်သည် အကုသိုလ်စိတ်ကြောင့် ဖြစ်ပေါ်လာသည့် စိတ္တဇရုပ်ကဲ့သို့ ပြင်းထန်မည် မဟုတ်လောက်ပေဟု ဆရာမြတ်တို့က မိန့်တော်မူကြပါသည်။

 

ရုပ်တရားကို ဝိပါက်မခေါ်

စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပသာဒနှင့် ကာယပသာဒတို့ သည်လည်း ကံကြောင့်ပင် ဖြစ်ရပါသည်။ ကမ္မဇရုပ်တို့ကလည်း ကံကြောင့်ပင် ဖြစ်လာပါသော်လည်း ဝိပါကဟု မခေါ်ပေ။

အဘယ်ကြောင့်ဆိုသော် စေတနာကို ကံဟုခေါ်သဖြင့် ကံကနာမ်တရား ဖြစ်သည်။ တစ်ဖန်စေတနာမည်သည် စေတသိက်ဖြစ်သောကြောင့်လည်း နာမ် တရား ဖြစ်ပါသည်။ကမ္မဇရုပ်တွေက ရုပ်တရား ဖြစ်ပါသည်။ ထို့ကြောင့် သဘာဝချင်းမတူသောကြောင့် ဝိပါက အမည်မရနိုင်ဟု ပါချုပ်ဆရာတော်ကြီးက ပဋ္ဌာန်းတရားတော်၌ ရှင်းပြတော်မူပါသည်။

 

ဝိပါက်စိတ်ကို ငြိမ်သည်ဟု ပမာပြုခြင်းဖြစ်

ဝိပါက်စိတ်၏ သတ္တိက ငြိမ်သက်သည်ဟု စာ၌လာရှိပါသည်။ ထို့ကြောင့် သူနှင့် ယှဉ်ဖော် ယှဉ်ဖက် စိတ်၊ စေတသိက်တို့ကိုလည်း ငြိမ်သက်စေသည့်သတ္တိ သူ့၌ရှိလေသည်။

ပမာပြရသော် အေးအေးချမ်းချမ်းနေတတ်သည့် ပုဂ္ဂိုလ်တစ်ဦးက သူတစ်ပါးတို့ ကိုလည်း ငြိမ်းငြိမ်းအေးအေးနေနိုင်ရန် စီမံညွှန်ကြားသကဲ့သို့ ဝိပါက် စိတ်ကလည်း အတူ ဖြစ်ဖက်တရားတို့ကို ဗျာပါရကင်းပြီးနေရန် ဝိပါကသတ္တိက ကျေးဇူးပြုပါသည်။

ဤသည်ကိုပင် စာပေ၌ ငြိမ်သက်သည်ဟု ဆိုလိုသည်။ လူအများနားလည်သည့် ငြိမ်သက်ခြင်းနှင့် မတူပါ။ သဘောဥပမာ တင်စားကာ ဖော်ပြရခြင်းမျှသာ ဖြစ်ပါသည်။

ကျမ်းညွှန်း * တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး၏ အခြေပြုပဋ္ဌာန်း

 

ဈာန်ဝင်စားခြင်းနှင့် ဖိုလ်ဝင်စားခြင်း

ဝိပဿနာတရားကို ပြည့်စုံစွာကျင့်ပြီး မဂ်ကျပါက ဖိုလ်စိတ်ပေါ်ရပါသည်။ ထိုဖိုလ် စိတ်သည် ဝိပါက်စိတ်ဖြစ်သည်။ ဈာန်၌လည်း ရူပါဝစရဝိပါက်စိတ်နှင့် အရူပဝါစရဝိပါက်စိတ် ဟူ၍ရှိသည်။

ဤလောကုတ္တရာစိတ်နှင့် လောကီဈာန်စိတ်တို့၏ ကွာခြားချက် များစွာရှိသည့်အနက် ဤနေရာတွင် ဖော်ပြလိုသည်မှာ ဈာန်ရပုဂ္ဂိုလ်သည် အလိုရှိသည့် အချိန်၌ ဈာန်ဝင်စားရာတွင် တတိယဈာန်ရ ပုဂ္ဂိုလ်ကလည်း ပထမဈာန်၊ ဒုတိယဈာန်မှသည် တတိယဈာန်အထိ အဆင့်ဆင့် ဝင်စားရပါသည်။ စတုတ္ထဈာန်ရ ပုဂ္ဂိုလ်ကလည်း ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်မှသည် စတုတ္ထဈာန်အထိ အဆင့်ဆင့် ဝင်စားရသည်။

အနာဂါမ်ပုဂ္ဂိုလ်ကမူ သောတာပတ္တိဖိုလ်၊ သကာဒါမိဖိုလ်တို့ကို ဝင်စား၍ မရတော့ပေ။အနာဂါမိဖိုလ်ကိုသာ ဝင်စားနိုင်ပါသည်။

 

ပုညကြိယဝတ္ထု (၁၀)ပါး

အသိဉာဏ်ရှိသောကြောင့် ကောင်းကံကို ထူထောင်လိုသည့် သူတော်ကောင်းများ အတွက် ကောင်းမွန်သည့်လုပ်ဆောင်မှု Good action ၏ တည်ရာမှီရာ ပုညကြိယဝတ္ထု (၁၀)ပါး ရှိပါသည်။ ၎င်းတို့ကိုလည်း လေ့လာသိရှိကာ အမြဲမပြတ် ကောင်းကံများကို ထူထောင် နေရပါမည်။

၁။ ဒါန = စွန့်ကြဲပေးကမ်းလှူဒါန်းမှု။

၂။ သီလ = ဆိုင်ရာသီလများကို စောင့်ထိန်းမှု။

၃။ ဘာဝနာ = ဘုရားဂုဏ်တော်စသည်ကို အာရုံပြုနေမှု။ (ကမ္မဋ္ဌာန်းအားထုတ်မှု)

၄။ အပစာယန = ရိုသေထိုက်သူကို ရိုသေမှု။

၅။ ဝေယျာဝစ္စ = သူတစ်ပါး၏ ကုသိုလ်ကိစ္စ၌ ပါဝင်ကူညီမှု။

၆။ ပတ္တိဒါန = မိမိကုသိုလ်အဖို့ကို အမျှပေးဝေမှု။

၇။ ပတ္တာနုမောဒနာ= သူတစ်ပါးက အမျှပေးဝေလျှင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု။

၈။ ဓမ္မဿဝန = တရားစကားကို နားထောင်မှု။

၉။ ဓမ္မဒေသနာ = ပစ္စည်းလာဘ်လာဘ မငဲ့ဘဲ တရားဟောမှု။

၁၀။ ဒိဋ္ဌိဇုကမ္မ = အယူကို ဖြောင့်မှန်စွာ ယူမှု။ (ကံ ကံ၏ အကျိုးကို ယုံကြည်မှု)။

 

မေထုန်ငယ် ၇-ပါး

အသိဉာဏ်ရှိသောကြောင့် သီလကို ဆွတ်ဆွတ်ဖြူစင်လိုသည့် သူတော်ကောင်းများ အနေဖြင့် အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်းကျိုးပေါက်မှုမျိုး ၇-ပါး၊ တစ်နည်း မေထုန်ငယ် ၇-ပါးကိုလည်း လေ့လာမှတ်သားကာ ရှောင်ကြဉ်ရပါမည်။

(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊

(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊

(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊

(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းတို့၏ ပြောသံ ဆိုသံ ရယ်သံကို ကြား၍ သာယာစွာ နားစိုက်ထောင်ခြင်း၊ (ရုပ်ရှင်ဇာတ်ကား၊ ဓာတ်ပုံ၊ သီချင်းစသည် ကြည့်ရှုနားထောင်ကာ သာယာခြင်းကိုလည်း ယူနိုင်ပါသည်)

(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင်ကျင့်ကြံမှုမျိုးစုံကို တွေးတော အောက်မေ့သာယာခြင်း၊

(၆) သူတစ်ပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊

(၇) ယခု ဘ၀ ပြုစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘဝ၌ နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မျှော်လင့်လျက် သာယာနေခြင်း။ (အမျိုးသမီး၊ အမျိုးသား ၂-ဦးလုံးအတွက် အပြန်အလှန် ယူရမည်)

 

ဝိပါကပစ္စည်း၏ သင်္ချာ

ဝိပါကပစ္စည်း၏သင်္ချာမှာ ၁-ဖြစ်ပါသည်။ ထို့ကြောင့် “ဝိပါကေ ဧကံ” ဟု မှတ်သား နိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

အဗျာကတ သင်္ချာ-၁

(၁) ဗျာ-ဗျာ

 

Mind to Mind – Matter

ဝိပါကပစ္စည်းသည် နာမ်တရားက နာမ်ရုပ်တရား (Mind to Mind – Matter) ကို ကျေးဇူး ပြုသောပစ္စည်း ဖြစ်ပါသည်။

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

ပစ္စယဟူသော အကြောင်းတရားမှာ – ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါး (ပဉ္စဝေါကာရ ပဋိသန္ဓေ ၁၅-ပါး၊ စေတသိက် ၃၅-ပါး)တို့ ဖြစ်ပါသည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါးနှင့် စိတ္တဇရုပ်၊ ကမ္မဇရုပ်တို့ ဖြစ်ပါသည်။ ဝိပါကမှာ သဟဇာတလတ် မျိုး ဖြစ်ပါသည်။

 

 

 263 total views,  1 views today

Leave a Reply

Your email address will not be published.