Dhamma Training Center
Dhamma Training Center

WORSHIP (YOUTH) (89)

မြန်မာ့ယဉ်ကျေးမှု
Dhamma Training Center

ရှေးအခါကာလက မြန်မာမိန်းကလေးများသည် သင်္ကြန်အခါသမယတွင် မိဘများ နှင့်အတူ ဘုန်းတော်ကြီးကျောင်းများသို့ လိုက်ကာ ဥပုသ်သီလဆောက်တည်၍ မိမိတို့၏ ဂုဏ်သိက္ခာကို မြတ်နိုးစွာ ထိန်းသိမ်းခဲ့ကြပါသည်။   ယနေ့ခေတ် လူငယ်မိန်းကလေး များသည် ထိုသို့မဟုတ်တော့ဘဲ လူကြီးမိဘများ၏ ဆိုဆုံးမမှုများမရရှိကြ၍လော၊ မိမိ၏ ဂုဏ်သိက္ခာများ ကိုတန်းဖိုးမထားကြ၍လော အမျိုးသားများနည်းတူ သရုပ်ပျက် ဝတ်စားဆင်ယင်မှုများနှင့် ဘီယာဆိုင်များ တွင်တွေ့ရှိနေသည်မှာ နောင် အနာဂတ် အတွက် ရင်လေးဖွယ်ရာ ဖြစ်နေပါသည်။ ထို့ထက် ရင်လေးစရာ ကောင်းသည်မှာ ယနေ့လူငယ်များ Night Club များ KTV များသို့ သွားရောက်နေခြင်းကိုလည်း ဂုဏ်ယူဝင့်ကြွားစွာ မိမိ၏ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ အရှက်အကြောက်မရှိ လူမှု ကွန်ရက်များတွင် ဖော်ပြပြောဆိုခြင်းများ ကိုလည်းမကြခဏ ဖတ်ရှုနေရပါသည်။

ဤဖြစ်ရပ်များသည် အချိန်ကြာလာသည်နှင့် အမျှ ပြုပြင်နိုင်ခြင်းမရှိတော့လျှင် အနာဂတ်လူငယ်များ အမြင်တွင် Legal culture အဖြစ်သို့ ခံယူလာနိုင်ပါသည်။ ယခုပင်လျှင် လူငယ်များအကြားသာမက လူကြီးများအကြားတွင်လည်း မြန်မာဆန်ဆန် ဝတ်စားသွားလျှင် အထင်သေးစရာအဖြစ်နှင့် နှိမ့်ချပြောဆိုလာနေပါသည်။ ကျောင်းသား ဘဝသည် လူငယ်များ၏ ဘဝတိုးတက်ရန်နှင့် အနာဂတ်အတွက် အခြေခံကျသော အချိန်ပင်ဖြစ်ပါသည်။ ထိုအချိန်မှာမှ မပြုပြင်ပေးနိုင်ကြလျှင် လူကြီးဖြစ်ရန် အားယူနေ ကြသည့် ယနေ့လူငယ်များ၏ ဘဝနှင့်အနာဂတ်သည် ငြိမ်းချမ်း လှပတော့မည်မဟုတ်ပါ။

ရှေးယခင်က လူငယ်များမိမိယဉ်ကျေးမှုကို တန်ဖိုးထားရခြင်းမှာ ဘုန်းတော်ကြီး သင် စာသင်ကျောင်းများ၌ သူတို့အတွက် မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊ ယဉ်ကျေးလိမ္မာ သင်ခန်းစာများကိုသင်ကြားခြင်း ခံခဲ့ကြရခြင်းကြောင့် ဖြစ်ပါသည်။

ဤအကြောင်းကို အသိဥာဏ် အမြော်အမြင်ကြီးမားတော်မူသည့် ရဟန်းပညာရှိ၊ လူပညာရှိများက သိရှိလာကြပြီဖြစ်၍ ယခုအခါတွင် လူငယ်များအား ပြုပြင် ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ ဖြစ်သော ဓမ္မကျောင်းတော်များ၊ ဓမ္မစကူးလ်များ၊ ယဉ်ကျေးလိမ္မာ သင်တန်းများကို အလေးထားလုပ်ဆောင် လာနေကြပါသည်။

အဆိုပါ ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ အောင်မြင်ရန်မှာ ကျောင်းထိုင်

ဆရာတော်ဘုရားကြီးများ၊ မိဘများနှင့်ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သလို လူငယ်များ ကျောင်းတက်ရခြင်းကို ပျော်ရွှင်မှု ရှိစေရန်လည်း လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာ၊ ဆရာမများက ကျောင်းသားများအား ယခင်သင်ကြားနည်းဖြစ်သည့် တုတ်ကိုင်၍သင်ကြားခြင်းသည် ကျောင်းသားများ ကြာလာသည်နှင့်အမျှ ငြီးငွေ့၍ ကြေက်ရွံ့လာတတ်ပါသည်။ ကျွန်တော်မှတ်မိပါသေးသည်။ အတန်းထဲဘာသာရပ်တစ်ခုကို သင်ကြားသည့် ဆရာမ တစ်ယောက်သည် အရိုက်ကြမ်းသဖြင့် ထိုဆရာမအချိန်ဆိုလျှင် အခန်းထဲမှာပင် မနေရဲရ လောက်အောင် ဖြစ်ခဲ့ဖူးပါသည်။

ထိုမျှမကဆရာ၊ ဆရာမများ၏ ကျောင်းသားများ အပေါ်ဆက်ဆံမှုသည်လည်း မျက်နှာလိုက်၍ ဆက်ဆံသောပုံစံမျိုးမဖြစ်ရပါ။ ပိုက်ဆံရှိသောကျောင်းသား၊ စာရသော ကျောင်းသားဆိုလျှင် ဆက်ဆံပုံကတစ်မျိုး၊ နွမ်းပါးသော ကျောင်းသားများဆိုလျှင် တစ်မျိုးနှင့် မျက်နှာလိုက်တတ်ပါသည်။ ထိုသို့ဆိုလျှင် နွမ်းပါးသောကျောင်းသားများ၏ စိတ်ထဲတွင် အားငယ်စိတ်များဖြစ်ပေါ်လာပြီး ကိုယ့်ကိုယ့်ကိုရော မိဘများအပေါ်မှာပါ မကျေမနပ် ဖြစ်သော အခြေအနေထိ ဖြစ်လာပါလိမ့်မည်။ အဆိုပါဖြစ်ရပ်မျိုးများ ဓမ္မကျောင်းတော်များတွင် ရှိလာပါက ကျောင်းသားများသည် “ကျောင်းလည်းတက်ရ၊ ဓမ္မကျောင်းတော်လည်းတက်ရ”ဟူ၍ ကျောင်းတက်ပျင်းစိတ်များ ဖြစ်လာနိုင်ပါသည်။ ထိုသို့ဖြစ်လာသည်နှင့်အမျှ ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ရန်မှာ မဖြစ်နိုင် ပါ။  ထို့ကြောင့် ဓမ္မကျောင်းတော်ကို ပျော်ရွှင်စရာများနှင့် စိတ်ဝင်စားဖွယ် ကောင်းပြီး ခေတ်မှီသည့် သင်ကြားနည်းဖြင့် သင်ကြားမှသာ ရေရှည်တည်တံ့ နိုင်မည်ဖြစ်ပါသည်။

ယခင်ကဆရာ၊ ဆရာမများကိုအရည်အချင်းနှင့် စိတ်ဓါတ်မြှင့်တင်ရာတွင် ဦးဆောင်ဆရာတော်များမှ မိမိတို့တတ်စွမ်းသမျှ နည်းပြဆရာ ဖြစ်သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုအခါတွင်စည်းလုံးခြင်းသည် အင်အားဟူသကဲ့သို့ ယဉ်ကျေး လိမ္မာအဖွဲ့အစည်းမှ ဆရာတော်ဘုရားကြီးများဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ကြီး ဖွဲ့စည်းပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် နည်းပြဆရာ ဖြစ်သင်တန်းများကို စည်းစည်းလုံးလုံး  ညီညီညွတ်ညွတ်နှင့် ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။ ဤအဖွဲ့အစည်းမှ မြန်မာနိုင်ငံ အနှံ့အပြား ဖွင့်လှစ်သင်ကြားလျက် ရှိသော ဓမ္မကျောင်းတော်များမှ အခက်အခဲများကို ကူညီဖြေရှင်းပေးမည်ဖြစ်၍ နောင်အနာဂတ် အတွက် ဝမ်းမြောက်စရာကောင်းပါသည်။

ထို့ကြောင့် ဆရာတော်ဘုရားကြီးများက မိမိဘာသာ မိမိယဉ်ကျေးမှု မပျက်စီးရန် အတွက် ယခုအခါတွင် မိမိတို့ဘက်မှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်လာခြင်းသည် နောင်အနာဂတ်အတွက် ဝမ်းမြောက်စရာ ပင်ဖြစ်နေပါတော့ သည်။

 512 total views,  3 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *