မောင်ကောင်းလွင်ဦး၏ ရင်တွင်းစကားသံ

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

ဆရာတော်အမြဲ သြ၀ါဒပေးတဲ့ “ကိုယ်လုပ်တဲ့လုပ်ရပ်ဟာ အကောင်းဆုံး စိတ်ထားနဲ့ အကောင်းဆုံး အရည်အချင်းကို ဖော်ပြနေတာဖြစ်ရမယ်’’ ဆိုတာကို တပည့်တော် လိုက်နာကျင့်သုံးနေပါတယ်ဘုရား။ အလုပ် တစ်ခုကို လုပ်ပြီဆိုရင် စေတနာပါပါနဲ့ အကောင်းဆုံးလုပ်တတ်လာပါတယ်ဘုရား။

နောက်ပြီး ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ရဘူးဆိုတဲ့သြ၀ါဒအတိုင်း ကျေးဇူးတရားကို တပည့်တော်တို့ မေ့ထားလိုက်မယ်ဆိုတာနဲ့ ကိုယ့်ကျေးဇူးရှင်အပေါ် ထင်မြင်၊ ပြောဆိုပြုမှု ပုံစံတွေက မထင်မဲ့မြင်ဖြစ်ပြီး ၊ ကျေးဇူးကန်းရာ ရောက်သွားတတ်ပါတယ်ဘုရား။ အဲ့ဒီအချိန်မှာ ကိုယ်ကသာ မသိလိုက် ရပေမယ့် ကိုယ့်ရဲ့ကျေးဇူးရှင်ဖက်ကအနေဖြင့် ဒီလူဟာ အတော်လေး သနားစရာကောင်းပါလားလို့ ထင်မိမှာ ပါပဲဘုရား။ ကျေးဇူးကိုမဆပ်ရင်နေပလေ့စေ သူ့ကျေးဇူးကိုတော့ မမေ့ပါနဲ့။ သူ့ကျေးဇူး မကန်းမိပါစေနဲ့လို့ တပည့်တော်ခံယူ ကျင့်သုံးပါတယ်ဘုရား။ တပည့်တော် အခု ကျေးဇူးတရားကို အမြဲတမ်း အောက်မေ့ပြီး သူတစ်ပါးတွေကိုလည်း ဒီလူက ငါ့အပေါ် ဘယ်လို ကျေးဇူးရှိတာ၊ ငါ့ရဲ့ကျေးဇူးရှင်ဆိုပြီး အားရပါးရ ဂုဏ်ယူစွာ ပြောပြနိုင်ပါတယ်ဘုရား။

ဆရာတော် အမိန့်ရှိခဲ့ဖူးတဲ့ “ဆိုဆုံးမလွယ်ကူရမယ်’’  ဆိုတဲ့ သြ၀ါဒကိုလည်း တပည့်တော် လိုက်နာ နေပါတယ်ဘုရား။  အခုလက်ရှိဘ၀မှာ ဒီလို ဆုံးမ တည့်မတ်ပေးမယ့် ဆရာတော်နှင့် သာသနာမှာ တွေဆုံခွင့်၊ ဖူးမြှော်ခွင့်ရလို့ တပည့်တော် အလွန်ဝမ်းမြောက်မိပါတယ်ဘုရား။ လူဖြစ်ရကျိုးနပ်အောင် နေတတ်လာ ပါတယ်ဘုရား။ ကျောင်းမှာဆို သူငယ်ချင်းတွေက ဘီယာသွားသောက်ရအောင်ဆိုပြီး တပည့်တော်ကို ခေါ်ပါတယ်ဘုရား။ တပည့်တော်က ငြင်းခဲ့ပါတယ်ဘုရား။ သူတို့က တပည့်တော်ကို ငါ့လို သမီးရည်းစား ထားပါလားဆိုပြီး လာလာကြွားကြပါတယ်ဘုရား။ တပည့်တော် သူတို့ကို သိပ်အားမကျပါဘူးဘုရား။ သူတို့ကတော့ အဟုတ်ထင်ပြီး လာလာပြော၊ ဘေးကနေ ဖုန်းတွေပြောနေတာ တပည့်တော်လည်း ဘာမှတော့ ကောင်းတယ် ဆိုးတယ် ပြန်လည်မပြောဘဲ အသာနေလိုက်ပါတယ်ဘုရား။

 

မောင်ကောင်းလွင်ဦး (ခ) မောင်ကောင်း

ကပ္ပိယရင်တွင်းစကားသံ
Dhamma Training Center

 321 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *