ကျောက်မဲမြို့နယ်လုံးဆိုင်ရာ ဓမ္မကျောင်းတော် (၃)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို စက်တင်ဘာလ (၂၅)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့ ကျောက်မဲမြို့နယ်မှ ဓမ္မကျောင်းတော်ပေါင်း (၁၉) ကျောင်း မှ ကျောင်းသူ/သား ပေါင်း ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို မြတ်စွာဘုရားရှင်အား နမောတဿ မဟာပဏာမ ဘုရားရှိခိုး သုံးကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် နောင်ချိုမြို့နယ်မှ နယ်လှည့် သာသနာပြု ဆရာတော် ဦးပုညသာမိ (ဈေးကုန်းကျောင်း) မှ သြ၀ါဒကထာ ချီးမြှင့် တော်မူခဲ့ပါသည်။
ထို့နောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးထင်ကျော်အေးမှ သာသနာရေးရာများ လျှောက်ထားခဲ့ပြီး၊ ကျောက်မဲ မြို့နယ်လုံးဆိုင်ရာ ဓမ္မကျောင်းတော်ဥက္ကဌ ဒေါ်ခင်အုန်းပွင့်မှ ဓမ္မကျောင်းတော် လုပ်ငန်းဆောင်ရွက်ချက် များကို လျှောက်ထားတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟို အတွင်းရေးမှူး ဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်းဌာန နှင့် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာတော် ပေးပို့သော သ၀ဏ်လွှာကို ပြင်ဦးလွင်မြို့မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟိုအဖွဲ့ဝင် ဦးစံငြိမ်းက ဖတ်ကြားခဲ့ပါသည်။
အခမ်းအနားတွင် ဗုဒ္ဓဝင်ပြခန်းများ၊ ကျောင်းတော်များ၏ လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံပြခန်းများနှင့် ဓမ္မကျောင်းတော် စာအုပ်အရောင်းဆိုင်များလည်း ပါဝင်ပါသည်။
ကျောက်မဲ မြို့နယ်ရှိ ဓမ္မကျောင်းတော်များကို (၂၅-၈-၂၀၁၃) တွင် စတင်ဖွင့်လှစ်ခဲ့ရာ (၂၅-၈-၂၀၁၆) ရက်နေ့တွင် (၃)နှစ်ပြည့်ပြီဖြစ်ပါသည်။
ထို့ကြောင့် ဓမ္မကျောင်းတော်များ အစဉ်တည်တံ့ခိုင်မြဲစေရန် အတွက်လည်းကောင်း၊ ကျောင်းတော်များ အချင်းချင်း သင့်သင့်မြတ်မြတ် စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်တတ်စေရန် အတွက်လည်းကောင်း နာယကဆရာတော် ဘုရားများ၏ သြ၀ါဒကထာများ နာယူမှတ်သားနိုင်ရန် အတွက်လည်းကောင်း နှစ်ပတ်လည် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။