အရိယာဖြစ်သည်တိုင် ကျေးဇူးပြုခဲ့သည့် ထမင်းအာဟာရ

 

မြတ်စွာဘုရားရှင်သည် သံဃာငါးရာခြံရံလျက် အာဠဝီမြို့၌ ဆွမ်းခံ ကြွတော်မူစဉ် သူဆင်းရဲသားတစ်ယောက် သည် နွားပျောက်သဖြင့် ရှာနေ၏။ မြတ်စွာဘုရားရှင်က ဤသူဆင်းရဲအရိယာဖြစ်မည့်အရေးကို  မြင်တော်မူသဖြင့် ဇေတဝန်ကျောင်းတော်မှသည် ယူဇနာသုံးဆယ် (မိုင်-၃၀၀ ခန့်) ကွာဝေးသည့် အာဠဝီမြို့သို့ ကြွလာတော်မူခြင်း  ဖြစ်ပါသည်။ တရားနာချိန် ရောက်ပြီဖြစ်သော်လည်း သူဆင်းရဲ မရောက်သေးသဖြင့် စောင့်ဆိုင်းနေတော်မူ၏။ သူဆင်းရဲက နေမွန်းတည့်ချိန်၌ နွားရှာတွေ့သဖြင့် အိမ်မပြန်သေးဘဲ ဘုရားရှင်ထံပါး တရားနာရန် ရောက်လာခဲ့ပါသည်။ မြတ်စွာဘုရားရှင်က ဝေယျာဝစ္စအဖွဲ့ခေါင်းဆောင်အား သံဃာတော်များ၏ ဆွမ်းကြွင်းဆွမ်းကျန်များ ရှိမရှိမေးတော်မူရာ ရှိသည့်အကြောင်း လျှောက်ကြားသဖြင့် သူဆင်းရဲကို ကျွေးမွေးရန် မိန့်ကြားတော်မူ၏။ ဆာလောင်၍ ပူလောင် ပင်ပန်းနေသည့် သူဆင်းရဲသည် ထမင်းဝသဖြင့် ပူပန်မှုကင်းကာ စိတ်မှာလည်း တည်တည်ကြည်ကြည် ဖြစ်တော့၏။ ထိုအခါ မြတ်စွာဘုရားရှင်ထံပါးမှ တရားတော်ကို နာကြားရသဖြင့် သူဆင်းရဲ သောတာပန်ဖြစ်၏။

ထိုသူဆင်းရဲ ဘုရားထံပါး ရောက်ခါစတွင် အလွန်အမင်း ဆာလောင်မွတ်သိပ်နေသဖြင့် ဘုရားရှင်၏ နှုတ်တော်ထွက် နက်နဲတရားတော်ကို နှလုံးသွင်းနိုင်မည် မဟုတ်ပေ၊ အစာအာဟာရစားသုံးပြီးသည့် အခါတွင်မူ ခန္ဓာကိုယ်တွင် အာဟာရဇရုပ်များ စည်ပင်သွား၏၊ ကျန်သည့်ကမ္မဇရုပ်၊ စိတ္တဇရုပ်နှင့် ဥတုဇရုပ်တို့လည်း အာဟာရဇ ရုပ်နှင့် ဆက်နွယ်ကာ လန်းဆန်းစည်ပင်ခြင်းသည် အာဟာရသတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်၏။ တစ်ဖန် မြတ်ဗုဒ္ဓ၏ အသံတော် သဒ္ဒါရုံနှင့် သူဆင်းရဲ၏ နားအကြည်ရုပ်တို့သည်လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ အဆင်းတော်ရူပါရုံနှင့် သူ၏ မျက်စိအကြည် ရုပ်တို့သည်လည်းကောင်း တိုက်ဆုံပြီး တွေ့ထိမှုဖဿသည် ဖဿာဟာရအဖြစ် ယှဉ်ဖော်ယှဉ်ဖက် နာမ်တရားနှင့် စိတ္တဇရုပ်တို့အား နာမ်အာဟာရသတ္တိဖြင့် ကျေးဇူးပြု၏။

(မှတ်ချက်- မြတ်ဗုဒ္ဓမှ ထမင်းကျွေးရန် စီစဉ်ပေးတော်မူသည့် အကြောင်းဟူ၍ပိဋကတ်သုံးပုံတွင် ဤဝတ္ထု၌သာ လာရှိ၏။)

(ကျမ်းညွှန်း-ဓမ္မပဒအဋ္ဌကထာ၊ အတွဲ-၂၊ နှာ-၁၆၉၊ နွားပျောက်သော ဥပါသာဝတ္ထု)

 

(င-၁)      ဇိဃစ္ဆာ ပရမာ ရောဂါ၊ သင်္ခါရ ပရမာ ဒုက္ခာ။                                                               ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး အနာရောဂါမည်၏။ ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန် ကဲဆုံး ဆင်းရဲမည်ကုန်၏။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ပညာရှိသည် ဤသို့ဟုတ်တိုင်းမှန်စွာ သိ၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု၏။ ဓမ္မပဒဂါထာ (စဉ် -၂၀၃)

(င-၂)      ဆာလောင်ခြင်းသည် အလွန်ကဲဆုံးသော ရောဂါမည်၏၊ အဆိုးဆုံး ရောဂါဖြစ်လေသည်။ အခြားသော ရောဂါကို ဆေးဝါးကုသနိုင်သော်လည်း ဆာလောင်ခြင်းရောဂါကို ပျောက်ကင်းနိုင်ရန် နေ့စဉ် အစာအာဟာရ များ စားသုံးပေးနေရသည်။ ဤသည်ကပင် ဆာလောင်မှုကို ကုသပေးနေခြင်းမည်၏။ အမြဲမပြတ်တမ်း ဆာလောင်နေသဖြင့် အမြဲမပြတ်တမ်း စားသုံးကာနေရခြင်းကပင် ကြီးစွာသော အနာရောဂါကို ဆေးကုသ နေခြင်းပေတည်း။

Loading

By admin

Leave a Reply

Your email address will not be published. Required fields are marked *