P1180467
1

သင်တန်းနည်းပြဆရာမ ဒေါ်နွယ်နွယ်ဝင်းသည် နေပြည်တော်၊ လယ်ဝေးမြို့နယ် သာဝတ္ထိမြို့၊ တောင်စဉ်အေးကျေးရွာ မူလွန်ကျောင်းအုပ်ရာထူး တာဝန်တဖက်ဖြင့် အလုပ် တာဝန်ကို ပင်ပန်းသည်ဟု မထင်မှတ်ဘဲ နေပြည်တော် ရန်ကင်းတောရဆရာတော်၏ သာသနာပြုလုပ်ငန်းများကို အားတက်သရော ပါဝင် ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်မှ စတင်ပြီး ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်းဌာန၌ သင်တန်းနည်းပြဆရာမ ရာထူးအပ်နှင်း ထားရာ နေပြည်တော် လယ်ဝေးမြို့ ရန်ကင်းတောရကျောင်း၌ အမြဲတမ်း သင်တန်းနည်းပြဆရာမအဖြစ် တာဝန်ယူခဲ့ပါသည်။ ထို့အတူ သာဝတ္ထိမြို့၊ တောင်စဉ်အေးဓမ္မကျောင်းတော်တွင်လည်း ပညာရေးဥက္ကဋ္ဌ တာဝန်ယူကာ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းနည်းပြဆရာမ၏ တစ်နေ့တာကို တရားနာကြားခြင်း၊ တရားစာပေ ဖတ်ရှုလေ့လာခြင်း၊ မှတ်စုများထုတ်ခြင်း၊ တနင်္ဂနွေ ဓမ္မကျောင်းတော်သင်ကြားခြင်းနှင့် ပညာရေးတာဝန် ထမ်းဆောင်ခြင်းတို့ဖြင့်ပင် ကုန်လွန်စေခဲ့ပါသည်။ နည်းပြဆရာဖြစ်သင်တန်းများ ရှိသည့်ကာလများတွင်မူ သင်တန်းပို့ချမည့် ဘာသာရပ်များကို ပိုင်နိုင်စွာ လေ့လာခဲ့ပြီး အားတက်သရော ဓမ္မအလုပ်များကို တာဝန်ယူ ဆောင်ရွက်ခဲ့လေ့ ရှိပါသည်။ ဆရာမဒေါ်နွယ်နွယ်ဝင်းသည် မာန်မာန နည်းပါးသူ ဖြစ်ပါသည်။ ရဟန်းသံဃာများ၊ သီလရှင်ဆရာလေးများပေါ်တွင်သာမက ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများကိုလည်း တလေးတစား ဆက်ဆံတတ်သူ ဖြစ်ပါသည်။
ဆရာမဒေါ်နွယ်နွယ်ဝင်းသည် “သောဝစဿ တာ” ဂုဏ်နှင့် လည်း ပြည့်စုံသူဖြစ်ပါသည်။ ဆရာတော်၏ သြဝါဒစကားများကိုလည်း မြတ်မြတ်နိုးနိုး လိုက်နာ ကျင့်သုံးလေ့ရှိပြီး ဦးပဉ္ဇင်းမှ အမှတ်တမဲ့အားဖြင့် မိန့်ကြားတော်မူသည့် စကား ကိုပင် ဦးထိပ်ပန်ဆင်၍ လိုက်နာ ဆောင်ရွက် ခဲ့ပါသည်။ သင်တန်းမှူး ဆရာမကြီးများ ထောက်ပြပြောဆိုမှုများကိုလည်း တပည့်မလေး တစ်ယောက်ကဲ့သို့ မငြီးမညူ လိုက်နာဆောင်ရွက်လေ့ ရှိပါသည်။ ရန်ကင်းတောရကျောင်း၌ သင်တန်း တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများနှင့် တရားဆွေးနွေးဝိုင်းများ၊ သရုပ်ပြခြင်းများစသည့် သင်ကြားရေး လုပ်ရှားမှုများတွင်လည်း အားတက်သရော ဦးဆောင် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ဆရာမဒေါ်နွယ်နွယ်ဝင်းသည် ချွေးဒီးဒီး ကျနေသော်လည်း အပြုံးမပျက်ဘဲ ရှင်သန်မှုနေ့ရက်များကို ကျောင်းပညာရေးတာဝန်များ၊ ဓမ္မကျောင်းတော်ဆရာမအပြင် သင်တန်းနည်းပြဆရာမအဖြစ်လည်း ဘဝကို တန်ဖိုးရှိရှိ အသုံးချခဲ့ပါသည်။
ဆရာမဒေါ်နွယ်နွယ်ဝင်းသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့၊ အသက် (၄၉)နှစ်တွင် မတော်တဆ ထိခိုက်မှုဖြင့် ကွယ်လွန် အနိစ္စရောက်ခဲ့ရပါသည်။ ပညာရေးမိသားစု အတွက်လည်းကောင်း၊ တောင်စဉ်အေး ဓမ္မကျောင်းတော် အတွက် လည်းကောင်း ဆုံးရုံးမှုတစ်ရပ် ဖြစ်သကဲ့သို့ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ် သင်တန်းဌာန၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာအတွက်လည်း တန်ဖိုးဖြတ်၍မရ၊ အစားထိုး၍လည်းမရ နိုင်သည့် ဆရာမတစ်ဦး ဆုံးရှုံးခြင်းပင် ဖြစ်ပါတော့သည်။

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ

Loading

By admin