Magga paccayo

မာတိကာ

၁၈။ မဂ္ဂပစ္စယော

Daily life Patthana

Magga Paccayo (Path condition)

 

 

 

 

လမ်းဟူသော ထွက်မြောက်တတ်သောသဘောဖြင့် ကျေးဇူးပြုသောပစ္စည်း ဖြစ်ပါသည်

 

The ‘Magga’ condition is compared to a ferry or a boat. You reach a place throught a ferry or you use a boat to reach the place you want to go to.

 

‘ပကတိလမ်း၊ လိုရာမြန်းဖို့၊ ဆောင်စွမ်းသည့်နှယ်၊ သတ္တိကြွယ်သို့’ ဟု ဥပမာပြုတော်မူကြ သည်နှင့်အညီ ပကတိလမ်းများသည် လမ်းများပေါ်သွားရောက်ကြသူများအား လှေ၊ သင်္ဘော စသော ယာဉ်များသည် စီးနင်းကြသူတို့အား လိုရာဌာနသို့ ရောက်ရှိအောင် ပို့ဆောင်သကဲ့သို့ သမ္မာမဂ္ဂင်၊ မိစ္ဆာမဂ္ဂင်တရားတို့သည်လည်း ယှဉ်ဖော်ယှဉ်ဖက် ဆိုင်ရာရုပ်၊ နာမ်တရားတို့အား ဒုဂ္ဂတိ၊ သုဂ္ဂတိမှ ထုတ်ဆောင်တတ်သော သဘောဖြင့်ဖြစ်ပေါ် တည်ရှိလာအောင် ကျေးဇူးပြုကြသည်။

မဂ္ဂင် = မဂ္ဂ = လမ်း = Path, Way ဖြစ်ပါသည်။ မဂ္ဂင် ၈-ပါး၏အဓိပ္ပါယ်မှာ “ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” လောဘ၊ ဒေါသ၊ မောဟ ကိလေသာကိုသတ်ပြီး နိဗ္ဗာန်ကို သွားတတ်သဖြင့် မဂ္ဂမည်ပါသည်။

မဂ္ဂင် ၈-ပါးကို လူသိများပါသော်လည်း ပဋ္ဌာန်းမဂ္ဂပစ္စည်း၌ မဂ္ဂင် (၁၂)ပါး ပါဝင်သည်။ ကောင်းသည့် မဂ္ဂင် ၈-ပါးသည် နိဗ္ဗာန်သွားလမ်း ဖြစ်ပါသည်။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ ပြည်သွားလမ်း ဖြစ်ပါသည်။ မကောင်းသည့် မဂ္ဂင် ၄-ပါးသည် ငရဲ၊ ပြိတ္တာ၊ အသူရကာယ်၊ တိရစ္ဆာန်ပြည်တို့သို့ သွားလမ်း ဖြစ်ပါသည်။

 

 

 

ပညာမဂ္ဂင် ၂-ပါး

 

မဂ္ဂင် ၁၂-ပါးကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

၁။ သမ္မာဒိဋ္ဌိ Right view, Right understood) = ကောင်းစွာသိမြင်မှု (တရားကိုယ် ပညာစေတသိက်)

၂။ သမ္မာသင်္ကပ္ပ (Right thought) = ကောင်းစွာကြံစည်မှု (တရားကိုယ် ဝိတက်စေတသိက်)

 

 

သီလမဂ္ဂင် ၃-ပါး

 

၃။ သမ္မာဝါစာ (Right speech) = ကောင်းစွာပြောဆိုမှု (တရားကိုယ် ဝိရတီစေတသိက်)

၄။ သမ္မာကမ္မန္တ (Right action) = ကောင်းစွာပြုလုပ်မှု (တရားကိုယ် ဝိရတီစေတသိက်)

၅။ သမ္မာအာဇီ၀ (Right livelihood) = ကောင်းစွာအသက်မွေးမှု (တရားကိုယ် ဝိရတီစေတသိက်)

 

 

သမ္မာအာဇီဝမကျသည့် စီးပွားရေးလုပ်ငန်းများ ၁၂-ပါး

 

မိစ္ဆာဝါစာ = လိမ်ညာသည့်စကား၊ ဂုံးချောသည့်စကား၊ ကြမ်းတမ်းသည့်စကား၊ ပိန်ဖျင်းသည့်စကားလေးပါးဖြင့် စီးပွားရှာပါက မိစ္ဆာအာဇီဝ။

မိစ္ဆာကမ္မန္တ = သူ့အသက်သတ်ခြင်းဖြင့်လည်းကောင်း၊ သူ့ဥစ္စာခိုးခြင်းဖြင့်လည်းကောင်း၊ ကာမေသုမိစ္ဆာစာရဖြင့်လည်းကောင်း ဤသုံးပါးဖြင့် စီးပွားရှာပါက မိစ္ဆာအာဇီဝ။

အဆိပ်ရောင်းခြင်းဖြင့်လည်းကောင်း၊ လက်နက်ရောင်းခြင်းဖြင့်လည်းကောင်း၊ မူးယစ်ဆေး ရောင်းခြင်းဖြင့်လည်းကောင်း၊ အသားရောင်းခြင်းဖြင့်လည်းကောင်း၊ လူကုန် ကူးခြင်း၊ ရောင်းခြင်းဖြင့်လည်းကောင်း ဤငါးပါးဖြင့် စီးပွားရှာပါက မိစ္ဆာအာဇီဝ။

ထို့ကြောင့် (မိစ္ဆာဝါစာ ၄-ပါး + မိစ္ဆာကမ္မန္တ ၃-ပါး + ဒေသနာတော်လာ ၅-ပါး = စုစုပေါင်း ၁၂-ပါးသည် မိစ္ဆာအာဇီဝဖြစ်သည်။)

 

 

သမာဓိမဂ္ဂင် (၃) ပါး

 

၆။ သမ္မာဝါယာမ (Right effort) = ကောင်းစွာအားထုတ်မှု (တရားကိုယ် ဝီရိယစေတသိက်)

၇။ သမ္မာသတိ (Right mindfulness) = ကောင်းစွာ အောက်မေ့မှု (တရားကိုယ် သတိစေတသိက်)

၈။ သမ္မာသမာဓိ (Right concentration) = ကောင်းစွာတည်ကြည်မှု (တရားကိုယ် ဧကဂ္ဂတာစေတသိက်)

 

 

မိစ္ဆာမဂ္ဂင်လမ်းအမှား (၄)ပါး

 

၉။ မိစ္ဆာဒိဋ္ဌိ (wrong View, Wrong Understood)= မှားယွင်းစွာသိမြင်မှု (တရားကိုယ် ဒိဋ္ဌိစေတသိက်)

၁၀။ မိစ္ဆာသင်္ကပ္ပ (wrong thought) = မှားယွင်းစွာ ကြံစည်မှု (တရားကိုယ် ဝိတက်စေတသိက်)

၁၁။ မိစ္ဆာဝါယာမ (wrong effort)= မှားယွင်းစွာ အားထုတ်မှု (တရားကိုယ် ဝီရိယ)

၁၂။ မိစ္ဆာသမာဓိ (wrong concentration) = မှားယွင်းစွာ တည်ကြည်မှု (တရားကိုယ် ဧကဂ္ဂတာ)

သတိက မိစ္ဆာသတိ မရှိပါ။ မဂ္ဂင် ၁၂-ပါး၏ တရားကိုယ်မှာ စေတသိက် ၉-ပါး ရပါသည်။

 

 

ပဉ္စင်္ဂိကမဂ်နှင့် အဋ္ဌင်္ဂိကမဂ်

 

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိနှင့် သမ္မာသမာဓိတို့က တရား အားထုတ်သည့် အလုပ်ကို ကိုယ်တိုင်လုပ်သည့် (ပြုတတ်သည် – Doing) ကာရကမဂ္ဂင်များ ဖြစ်ကြပါသည်။ ဝိပဿနာဉာဏ် ဖြစ်ပေါ်စေနိုင်သည့်အထိ အလုပ်လုပ်ပေးသော အလုပ် သမားမဂ္ဂင်များ ဖြစ်ပါသည်။

သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝဟူသော သီလမဂ္ဂင်သုံးပါးက သမ္မာဒိဋ္ဌိ စသည်တို့ကို ဖြစ်စေသည့် (ပြုစေသော – One who orders to do something.) ကာရာပကမဂ္ဂင် ဖြစ်၏။

အမှားအမှန်ကို ပိုင်းပိုင်းခြားခြားသိနိုင်သည်က သမ္မာဒိဋ္ဌိ။ ဆင်ခြင် တွေးတောပေးနေသည်က သမ္မာသင်္ကပ္ပ။ တရားအားထုတ်ရာတွင် ကြိုးပမ်းအားထုတ်သည်က သမ္မာဝါယာမ။ စိတ်စိုက်ပေးနေသည်က သမ္မာသတိ။ (မကောင်းသည့် အကုသိုလ်စိတ်၌ယှဉ်သည့် သတိဟူ၍ မရှိပါ)။ စိတ်ကို အာရုံတစ်ခုပေါ်သို့ စူးစိုက်တည်စေသည်က သမ္မာသမာဓိ။ ဤမဂ္ဂင်ငါးပါးက အလုပ်လုပ်နေခြင်း ဖြစ်ပါသည်။ ဤ ၅-ပါးကို ကာရကမဂ္ဂင်များ (ပြုတတ်သည်-Doing)ဟု ခေါ်ပါသည်။

ကိုယ်ကျင့်သီလဆိုင်ရာ မဂ္ဂင် ၃-ပါးက သမ္မာဒိဋ္ဌိ၌ လမ်းဆုံးနိုင်ရန် (ဝါ) ဉာဏ်ပညာ ပေါ်လာနိုင်ရန် ပံ့ပိုးအားဖြည့်ကာ အထောက်အပံ့ပေးနေပါသည်။ ဤ ၃-ပါးကို ကာရာပက မဂ္ဂင်များ (ပြုစေသော- One who orders to do something.)ဟု ခေါ်ပါသည်။

အတွင်းသန္တာန်၌ မှားယွင်းသည့်အတွေး၊ မှားယွင်းသည့် အသိအမြင်တို့ဖြင့် ပြည့်နှက်နေ သူတို့ကလည်း မိစ္ဆာမဂ္ဂင်များဖြစ်သည့် မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိနှင့် မိစ္ဆာသမာဓိတို့၏ လွှမ်းမိုးခြယ်လှယ် အားပေးမှုအရ အမှားများကို အားကြိုးမာန်တက် လုပ်နေ၊ ပြောနေ၊ လုံ့လ စိုက်ထုတ်နေတော့သည်။

အတွင်းသန္တာန်၌ မှန်ကန်သည့်အတွေး၊ မှန်ကန်သည့်အသိအမြင်တို့ဖြင့် ပြည့်ဝနေ သူတို့ကလည်း သမ္မာမဂ္ဂင်များဖြစ်သည့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိနှင့် သမ္မာသမာဓိတို့၏ လွှမ်းမိုးခြယ်လှယ် အားပေးမှုအရ အမှန်ကို စိတ်အားထက်သန်စွာဖြင့် လုပ်နေ၊ ပြောနေ၊ လုံ့လ စိုက်ထုတ်နေပါတော့သည်။ ဤသည်ကပင် လောကမည်ပါသည်။ဤသည်ကပင် သံသရာမည်ပါသည်။ ဤသည်ကပင် လောကသံသရာခရီး လျှောက်လှမ်း နေခြင်းဖြစ်ပါသည်။

 

 

ရဟန်းသီလကို ဆင်ခြင်၍ဖြစ်လာသည့် ပီတိကို ဝိပဿနာ ရှုပွားသည်

 

ဘုရားရှင်လက်ထက်တော်ကာလ သာဝတ္ထိပြည်တွင် တိဿဟု အမည်ရှိသည့် သူဌေး သားတစ်ဦး ရှိလေ၏။ သူသည် မြတ်စွာဘုရားထံတော်ပါးမှ တရားတော်များကို နာကြားရ သဖြင့် ကုဋေလေးဆယ်သော ဥစ္စာရွှေငွေတို့ကို ညီဖြစ်သူအား ပေးစွန့်ပြီး မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် ရဟန်းပြုခဲ့ပါသည်။ ငါးဝါရပြီးနောက် လူသူဝေးသည့် တောအရပ်တွင် သင်္ခမ်းကျောင်းကလေးဖြင့် သီတင်းသုံးတော်မူလေသည်။

တိဿမထေရ်၏ ခယ်မ (ညီ၏ဇနီး)သည် တိဿမထေရ် သာသနာတော်တွင် ပျော်မွေ့ ခြင်းမရှိဘဲ တစ်နေ့နေ့ လူထွက်လာပါက သူရထားသည့် ပစ္စည်းဥစ္စာများကို ခွဲဝေပေးရမည်ကို စိုးရိမ်ကြောင့်ကြနေ၏။ ထို့ကြောင့် တစ်ယောက်စီတွင် ဂိုဏ်းသားတစ်ရာစီရှိသည့် လူဆိုး ကြီးငါးဦးတို့ကို ခေါ်ကာ တိဿမထေရ်အား အဆုံးစီရင်ရန် စရန်ငွေများပေးပြီး စေခိုင်းသည်။ ရဟန်းသီလစင်ကြယ်စွာဖြင့် တရားဘာဝနာရှုပွားနေသည့် တိဿမထေရ်မြတ်ကို သတ်ဖြတ်ရန် လူဆိုးကြီးငါးရာတို့သည် တောသို့ သွားကြလေသည်။

တိဿမထေရ်ရှိရာသို့ လူဆိုးကြီးများ ရောက်လာသည့်အခါ မထေရ်က အဘယ်ကြောင့် ရောက်လာသနည်းဟုမေးရာ လူဆိုးကြီးများကလည်း အရှင်ဘုရား၏ခယ်မက စေခိုင်းခြင်းကြောင့် ယခု သတ်ဖြတ်ရန် ရောက်လာခြင်းဖြစ်ကြောင်း ပြော၏။ ထိုအခါ မထေရ် မြတ်သည် လူဆိုးတို့အား မိမိကို ယနေ့တစ်ည မသတ်ရန်ပြောပြီး မိမိထွက်ပြေးမည် မဟုတ်ကြောင်း သက်သေထားသည့်အနေဖြင့် မိမိ၏ ပေါင်ရိုးနှစ်ချောင်းကို ကျောက်တုံးဖြင့် ထုချိုးလေ၏။ ထိုအခါ လူဆိုးတို့ကလည်း စိတ်ချလက်ချဖြင့် စင်္ကြံလမ်းတစ်နေရာ၌ မီးဖို၍ အိပ်ကြလေသည်။

မထေရ်မြတ်သည် ပေါင်ကျိုးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဒုက္ခဝေဒနာကို ဖယ်ခွာ၍ မိမိ၏ ရဟန်းဖြစ်သည်မှ ယနေ့တိုင် စောင့်ထိန်းလာခဲ့သည့် သီလ၏အစွန်းအထင်းမရှိ စင်ကြယ်မှုကို ဆင်ခြင်တော်မူသောအခါ နှစ်သက်ဝမ်းမြောက်မှုပီတိများ ဖြစ်လာ၏။ ထိုပီတိကိုပင် ဝိပဿနာတင်ရှုပွားရာ အရုဏ်တက်ချိန်တွင် အရဟတ္တဖိုလ်သို့ဆိုက်ရောက်ကာ ရဟန္တာဖြစ်တော်မူလေသည်။

 

 

သီလသည် သမာဓိနှင့်ပညာ ဖြစ်ရေး၌ ပဓာန

 

သာသနေ ကုလပုတ္တာနံ၊ ပတိဋ္ဌာ နတ္ထိ ယံ ဝိနာ၊

အာနိသံသပရိစ္ဆေဒံ၊ တဿ သီလဿ ကော ဝဒေ။

 

သာသနာတော်၌ ကောင်းကျိုးလိုလား အမျိုးကောင်းသား အမျိုးကောင်းသမီး တို့အတွက် သမာဓိနှင့် ပညာ ဖြစ်ထွန်းရေး၌ သီလကို ကြဉ်ဖယ်ထား၍မဖြစ်၊ သီလသည် သမာဓိ ပညာ ဖြစ်ပေါ်ရေး၌ အခြေခံပဓာန ထောက်တည်ရာဖြစ်သည်။ ‘သီလပရိဘာဝိတော သမာဓိ မဟပ္ဖလော ဟောတိ မဟာနိသံသော’ သီလကို အခြေခံပြီး ပွားများသည့် သမာဓိအကျင့်သည်သာလျှင် အကျိုးအာနိသင် စွမ်းရည်ထက်မြက်သည်ဟု မြတ်စွာဘုရား ဟောတော်မူပါသည်။ သီလ သမာဓိ ပညာသည် ပဋိပတ္တိက္ကမ = ကျင့်စဉ်ဖြစ်ပြီး၊ ပညာ သီလ သမာဓိက ဒေသနာက္ကမ္မ = ဟောစဉ် ဖြစ်ပါသည်။

ထို့ကြောင့် သီလရှိသူသည် သီလစင်ကြယ်သောကြောင့် စိတ်အလိုဆန္ဒရှိသည့်အတိုင်း ပြည့်စုံပါသည်။ ‘ဣဇ္ဈတိ ဘိက္ခ‌ဝေ သီလဝတော စေတောပဏီဓိ ဝိသုဒ္ဓတ္တာ’ဟု ဘုရားရှင် မိန့်တော်မူပါသည်။

ကျမ်းညွှန်း * (၁၄၂)၊ ဘိက္ခုအပရိဟာနိယဓမ္မ၊ မဟာပရိနိဗ္ဗာနသုတ္တ၊ မဟာဝဂ္ဂပါဠိ (နှာ-၆၄)
              * (၃၇၃)၊ ဥဒ္ဒေသဝါရကထာဝဏ္ဏနာ၊ မဟာသတိပဋ္ဌာနသုတ္တ၊ မဟာဝဂ္ဂဋ္ဌကထာ (နှာ-၃၃၅)
              * ဝိသုဒ္ဓမဂ် အတွဲ-၁ (နှာ-၁၀)

 

 

မြွေကြီးတစ်ကောင်နှင့် တစ်မိုးအောက်၌နေရသည့် ရဟန်း၏ သီလဆိုင်ရာ သံသယ

 

ဝါးနက်ချောင်း ရွှေဥမင်တောရကို စတင်ထူထောင်ကာ သီတင်းသုံးခဲ့စဉ်ကာလ တစ်ခုသောဝါဆိုအခါ၌ သီတင်းသုံးရာကျောင်းတွင် ကြံကြံဖန်ဖန် ဝိနည်းဆိုင်ရာ သံသယ ဖြစ်စရာ ကိစ္စတစ်ရပ်ပေါ်ပေါက်၍ လာပါသည်။

တစ်ခုသောညနေပိုင်း၌ မိုးများခြိမ်းကာ ရွာသွန်းဖြိုးတော့မည့်ဆဲဆဲအချိန်တွင် သီတင်းသုံးရာကျောင်း၏ အမိုးပေါ်သို့ ကလေးငယ်တစ်ဦး၏ အလေးချိန်ပမာဏမျှ လေးလံသည့် အရာဝတ္ထုတစ်ခု ကျရောက်လာပါသည်။ တရားနှလုံးသွင်းနေရာမှထ၍ ပြင်ပထွက် ကြည့်မည်အပြုတွင် မိုးမှာသဲသဲမဲမဲ ရွာသွန်းလာသဖြင့် အပြင်မထွက် ဖြစ်တော့ပါ။ အမှတ်တမဲ့ပင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါသည်။

ထိုအသံမျိုးကို နောက်ပိုင်းလည်း သုံးရက်ခြား နှစ်ရက်ခြား ကြားမိနေပါသည်။ ကျောင်းပတ်ဝန်းကျင်သည် တောဝက်များ၊ ချေများပင် နေလောက်သည့်အထိ တောတောင် ထူထပ်လေသည်။ သို့သော် ထိုအသံမှာမူ မည်သည့်အသံဟု မကွဲပြားသေးပေ။

တစ်နေ့ ဆွမ်းခံပြန်ရောက်သောအခါ အခါတိုင်းနှင့်မတူသည့် ငှက်တို့၏အသံကို ကြားရပါသည်။ ငှက်တို့က ဤသို့အသံပြုလျှင် အန္တရာယ်တစ်ခုခု အနီး၌ ရောက်နေကြောင်း တောတောင်၏အတွေ့အကြုံအရ သိထားပါသည်။ ငှက်တို့က “သူငယ်ချင်းတို့ရေ သတိပြုကြ၊ သတိပြုကြ မပေါ့ဆနှင့် အန္တရာယ် လက်တစ်ကမ်းမှာ ရောက်နေပြီ”ဟူ၏။

ထို့ကြောင့် ပြူတင်းကို သတိထားဖွင့်ကာ မော့ကြည့်မိရာ ယောက်ျားလက်မောင်းလုံးခန့် တုတ်ပြီး မည်းနက်ပြောင်လက်နေသည့် မြွေရှည်ကြီးတစ်ကောင်သည် သူ့ကိုယ်တစ်ပိုင်းကို ကျောင်းမှသစ်သားတန်းနှင့် ရစ်ပတ်ကာ စာဗူးတောင်းငှက်သိုက်ကို နှိုက်စားနေရာ သူ့ဝမ်းဗိုက်သည် ဖောင်းနေသဖြင့် ကျောက်ပြားအမိုးနှင့် မြှားတန်းသစ်သားကြား ညှပ်နေလေသည်။ မိမိနှင့် မြွေသည် တစ်ပေသာသာ အကွာအဝေးသာရှိတော့ရာ ရန်ပြုလိုသည့် ဟန်လော၊ သူဒုက္ခရောက်နေသဖြင့် ကိုယ်လွတ်ရုန်းနေခြင်းပေလော၊ မဝေခွဲနိုင်သေးခင် ပြူတင်းကို ဆွဲပိတ်လိုက်ပါသည်။

ငှက်တို့သည် ထိုသတ္တဝါ၏အန္တရာယ်ကို ကြောက်သဖြင့် အသိုက်ကိုစွန့်ပြီး ဘေးကင်းရာ သွားကြလေပြီ။ မိမိသည် ဝါဆိုနေသည့် ရဟန်းဖြစ်သဖြင့် ဤအန္တရာယ်ကောင်နှင့်ပင် တစ်မိုးအောက် ဝါကျွတ်သည့်အထိ ဝါဆိုရပေတော့မည်။ ကောင်ရှည်သည် မိမိကြောက်နေသည်ကို သိ၍ပေလောမသိ၊ ထိုမှနောက်ပိုင်းကာလရံခါ ညညမျက်နှာကြက်ပေါ် ၌ ဝုန်းဒိုင်း ကြဲပြနေလေ့ရှိသည်။

သုံးရက်ခန့်ကြာသော် ဤအန္တရာယ်ကောင်၏ လက်ချက်ကြောင့်ပင် မိမိဇီဝိန်ချုပ် ရမည့်ကံပါလျှင်လည်း မတတ်နိုင်တော့ဟု စိတ်ကို ဒုန်းဒုန်းချကာ ကံနှင့်အသက်ကို ဝေမျှလိုက်သဖြင့် စိတ်သက်သာရာ ရလာပါသော်လည်း ဝိနည်းလမ်းကြောင်းအရမူ စိတ်သက် သာရာမရဘဲ ရှိနေပါသည်။

အဘယ့်ကြောင့်ဆိုသော် သဟသေယျသိက္ခာပုဒ်အရ အခြေလေးချောင်းသတ္တဝါတွင် ကြောင်မ၊ အခြေနှစ်ချောင်းတွင် ကြက်မ၊ အခြေမဲ့တွင် မြွေမကို ပါရာဇိကကျလောက်သည့် သတ္တဝါဟု အဋ္ဌကထာ၌ လာရှိ၏။ ထို့ကြောင့် မိမိရင်ထဲမှ ဝိနယကုက္ကုစ္စ ငြောင့်တံကျင်ကို ဆွဲနှုတ်ပေးနိုင်စွမ်းသည့် ရွှေဥမင်ဆရာတော် ထံပါးရောက်ရှိသွားပါသည်။ ဆရာတော် ဘုရားကြီးက “တောထဲသီတင်းသုံးရတာ အဆင်ပြေရဲ့လား၊ ဆွမ်းကောမျှတရဲ့လား၊ တရားကော အဆင်ပြေရဲ့လား”ဟု မေတ္တာရှေ့ထားကာ မေးမြန်းတော်မူပါသည်။ မြွေကြီး တစ်ကောင်နှင့် တစ်မိုးအောက် ဝါဆိုနေရသည့်အခြေအနေကို လျှောက်ထားရာ ဆရာတော် ကြီးက “အဲသည် မြွေ ကျောင်းထဲကို ဝင်တဲ့တံခါးပေါက်နှင့် ဦးခေမာဝင်တဲ့တံခါး တူလို့လား” ဝိနည်းရှုထောင့်မှ ဆရာတော်မေးတော်မူလိုက်သည့် မေးခွန်းသည် မြွေနှင့်အတူနေသမျှ ကာလပတ်လုံး မိမိတစ်ကြိမ်တစ်ခါမှ မစဉ်းစားမိသော အတွေးစကို ဆရာတော်ကြီးမှ အစဖော်ပေးတော်မူလိုက်သည်။ သူတော်ကောင်းကို ဆည်းကပ်မိသည့်တစ်ခဏ ဤမေးခွန်း တစ်ခုတည်းနှင့်ပင် ရင်ထဲမှ ဝိနယကုက္ကုစ္စ ပြေလည်သလောက် ဖြစ်သွားပါသည်။ သို့သော် ဆရာတော်၏နှုတ်တော်မှ မိန့်ကြားတော်မူမည့် တစ်စုံတစ်ခုသော မှတ်သားဖွယ်ရာ တန်ဖိုး ရှိသည့် စကားများကို နာကြားလိုပါသေးသဖြင့်-

“မတူပါဘုရား၊ ဘုရားတပည့်တော် ကျောင်းတံခါးပေါက်ကဝင်ပြီး သူကတော့ အမိုးဘက်က မလွယ်ပေါက်တစ်ခုခုကနေ ဝင်ထွက်နေတာပါဘုရား”။
“မြွေက မျက်နှာကြက်မှာဆိုတော့ တစ်မိုးတူသော်လည်း တစ်ရံမတူကြောင်းကို ဝိနည်း ရှုထောင့်က ကြည့်သင့်ကြောင်းနှင့် တစ်ခါ အဆောက်အဦထဲကို ဝင်တဲ့တံခါး မတူတာကြောင့် မြွေမဖြစ်စေကာမူ အာပတ်သင့်ရန် အကြောင်းမရှိပါလေ၊ ဒါ့ကြောင့် ဝိနယဂရုက ဖြစ်တော် မူကြတဲ့ ဆရာတော်ဘုရားများက နှစ်ထပ်ကျောင်းများ ဆောက်ကြရင် လှေကားကို အပြင် ထားတော်မူကြတာလေ၊ ဝင်ပေါက်မတူတော့အောင် ကျောင်းကိုစီမံတော်မူကြတာ ဦးဇင်း”။ လျှောက်ထားစရာ မကျန်တော့အောင်ပင် ရှင်းလင်းသွားပါသည်။ သံသယလည်း ဘယ်ဆီ လွင့်စင်သွားမှန်း မသိလိုက်ရပါ။

“‌မြွေက လူတစ်ရပ်လောက် ရှည်တာရယ်၊ လက်မောင်းလုံးလောက် ကြီးတာရယ် သစ်ပင်တက်နိုင်ပုံကြည့်ရင်တော့ လင်းမြွေ ဒါမှမဟုတ် မြွေဟောက်ဖြစ်နိုင်ပါလိမ့်မယ်၊ လင်းမြွေဆိုရင်တော့ လူတွေ့ရင် သူကဦးအောင် ထွက်ပြေးတတ်တယ်၊ မြွေဟောက်ဆိုရင်တော့ သူက ရန်မူချင်တယ်၊ ဒါပေမယ့် မြွေပွေးလိုတော့ တိတ်တဆိတ် လာရန်မူတာ မဟုတ်ပါဘူး။ ဒေါသကြီးပြီး ရှူးရှူးရှဲရှဲ အလွန်လုပ်တဲ့ကောင်တွေ လူကအသံကြားရတော့ ရှောင်တိမ်း ချိန်ရတာပေါ့” ဆရာတော်ဘုရားကြီးသည် တောတောင်များ၌ ကာလရှည်ကြာ နေတော်မူသဖြင့် တောကောင်တို့၏ သဘာဝကို ကျယ်ကျယ်ပြန့်ပြန့် သိရှိတော်မူပါသည်။ မိမိမှာမူ မြွေပွေးကိုပင် မမြင်ဖူးပါ။ တစ်နေ့ ဆွမ်းခံသွားလမ်း၌ စံပယ်ပန်းပွင့်ပမာ အကွက်အကွက်နှင့် ကြည့်၍လှသည့် မြွေတစ်ကောင် အခွေလိုက် ကားကြိတ်ထားသဖြင့် ရပ်ကြည့်နေမိပါသည်။ ထိုစဉ် ဒါယကာတစ်ဦး အနားရောက်လာသဖြင့် “ဒါဘာမြွေပါလဲ၊ အကွက်တွေ လှတယ်နော်” ဟုပြောမိရာ ထိုဒါယကာကြီး ရုတ်တရက် မဖြေသေးဘဲ မိမိကို သေသေချာချာ ကြည့်ပါသည်။ ထို့နောက် မဖြေချင့် ဖြေချင်ဖြင့် “မြွေပွေး မြွေပွေးကိုယ်တော်”ဟု တုံးတိ ဖြေသွားပါသည်။ မိမိ၌ ဗဟုသုတ ထိုမျှခေါင်းပါးလှသည့်အကြောင်း တွေးမိနေစဉ် ဆရာတော်ဘုရားကြီးမှ-

“မိမိကို အန္တရာယ်မရှိအောင်တော့ သတိပြုဖို့ လိုတယ်နော်။ ခန္ဓသုတ်ပရိတ်ကတော့ အကောင်းဆုံးပဲ။ တောမှာ သီတင်းသုံးတော်မူကြတဲ့ ရဟန်းတော်များက ခန္ဓသုတ်ပရိတ်ကို မဖြစ်မနေရွတ်ရင် ကောင်းပါတယ် ဦးဇင်း” ဆရာတော်ကြီးသည် ချိုမြိန်သော စိတ်ဓာတ် ခွန်အားကို ဖြစ်စေသောစကားများကို မိန့်တော်မူပါသည်။

“ဝိနည်းသီလကိုသာ ပဓာနပြုပါ ဦးဇင်း၊ တော်ရုံအန္တရာယ် တွေက သီလသတ္တိကြောင့် ဖယ်ရှားပါတယ်၊ မေတ္တာကိုတော့ လက်ကိုင်ပြုရမှာနော်၊ ဒါမှလိုနေသေးရင်လည်း သစ္စာကို အားကိုးလို့ ရပါသေးတယ်၊” သူတော်ကောင်းကျင့်စဉ်အတွက် လက်နက်များစွာ ရှိနေသေးသည်ကို သိလာရသဖြင့်လည်းကောင်း၊ ဝိနည်းသီလဆိုင်ရာသံသယ လွင့်စင်ပျောက်ကွယ် သွားသောကြောင့်လည်းကောင်း အသွားလမ်းနှင့်မတူ မိမိဖြည့်ကျင့်ထားသည့် ရဟန်းသီလ အပေါ် ပြည့်ဝသောယုံကြည်မှုဖြင့် တောရကျောင်းသို့ ပြန်လာနိုင်ခဲ့ပါသည်။ သီလမဂ္ဂင်သည် အင်အားကြီးမားလှပေစွ။

ကျမ်းညွှန်း
* ဒုတိယသဟသေယျသိက္ခာပဒဝဏ္ဏနာ၊ မုသာဝါဒဝဂ္ဂ၊ ပါစိတ္တိယကဏ္ဍ၊ ပါစိတျာဒိသာအဋ္ဌကထာ၊ (နှာ-၁၂)
* ခုဒ္ဒကဝတ္ထူနိ၊ ခုဒ္ဒကဝတ္ထုက္ခန္ဓက၊ စူဠဝဂ္ဂပါဠိ၊ (နှာ-၂၄၅)
* ပဒဘာဇာနီယဝဏ္ဏနာ၊ ပဌမပါရာဇိက၊ ပါရာဇိကအဋ္ဌကထာ၊ ပထမတွဲ (နှာ-၂၂၄)
* အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)၊ မဟာထေရမြတ်တို့၏ စံနမူနာယူစရာကျင့်သီလအပိုင်း (၁)(၂၀၁၄၊ဒုတိယအကြိမ်)

 

 

သမ္မာဒိဋ္ဌိ အမျိုးမျိုး

 

၁။ ကမ္မဿကတာသမ္မာဒိဋ္ဌိ     = ကံနှင့် ကံအကျိုးကို ကောင်းစွာသိမြင်သည့်ဉာဏ်။

၂။ ဝိပဿနာသမ္မာဒိဋ္ဌိ          = သင်္ခါရတရားတို့၏ မမြဲသည့်သဘော၊ မခိုင်ခံ့သည့် သဘော၊ အစိုးမရသည့်သဘောကို သိမြင်သည့်ဉာဏ်။

၃။ သစ္စာနုလောမိကသမ္မာဒိဋ္ဌိ  = သစ္စာလေးပါးအားလျော်စွာ သိမြင်သည့်ဉာဏ်။

ထို့ပြင် ဈာနသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိတို့လည်း စာပေ၌ လာရှိပါသည်။

 

 

အတ္တဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ ကမ္မဿကတာ သမ္မာဒိဋ္ဌိ

 

အတ္တဒိဋ္ဌိသမားက မရှိသည့် ဝိညာဉ် လိပ်ပြာ အတ္တကို ရှိ၏ဟု ယူဆသည်။ သူက အမှန်တကယ် သိ၍ မဟုတ်ပေ။ သင်္ခါရတရားတို့၏ သဘောအမှန်ဖြစ်သည့် ပေါ်ပြီးပျောက်၊ ဖြစ်ပေါ်လာပြီး ချုပ်နေသည့် မတည်တံ့ မခိုင်ခံ့သည့် သဘောအစစ်၊ သဘောအမှန်ကို ဝိပဿနာဉာဏ်ဖြင့် ပိုင်ပိုင်သိမြင် သဘောပေါက်ထားသည့် ယောဂီက ဝိညာဉ်လိပ်ပြာ အတ္တကို မယူတော့ပေ။ သူသဘောပေါက်ထားသဖြင့်လည်းကောင်း၊ သူသိသင့်သလောက် သိထား သဖြင့်လည်းကောင်း အတ္တဒိဋ္ဌိမှ တဒင်္ဂချင်း၊ တဒင်္ဂချင်း လွန်မြောက်နေပါသည်။

သက္ကာယဒိဋ္ဌိသမားက ထင်ရှားရှိသည့် ကိုယ်ကောင်ကြီးကို “ငါ သူတစ်ပါး” အဖြစ် ခံယူလေ့ရှိသည်။ ဤသည်မှာ ပုထုဇဉ်တို့၏သဘာ၀ မွေးရာပါ ဒိဋ္ဌိဖြစ်သည်။ ဝိပဿနာ တရားအသိ တိုးတက်လာပါက “ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူသည် အပြောသင်္ကေတ မျှပါကလား၊ အမှန်တကယ်မှာမူ ဖောက်ပြန် ပြောင်းလဲနေသည့် ရုပ်နာမ်အစုမျှသာ ရှိတာပါလား” ဟု သဘောပေါက်လာသည်။

သူသည် လောကဝေါဟာရအရ “ငါ သူတစ်ပါး” အပြောကို ပြောနေပေလိမ့်မည်။ သို့သော် သူ၏ဉာဏ်က “ဒါက လောက သတ်မှတ်ချက်မျှသာ ဖြစ်ပေတယ်”ဟု အမှန်တရား သိနေပြီး သက္ကာယဒိဋ္ဌိ အသိအမြင် စင်ကြယ်လာသည်။ ထို့ကြောင့် လောကအပြောကတခြား၊ ဓမ္မအသိကတခြားဟု လောကနှင့်ဓမ္မ နှစ်မျိုးနှစ်စား ကွဲပြားသည်ကို သိလာနိုင်ပေသည်။

ထိုနည်းအတူ ကံနှင့်ကံ၏အကျိုးကို ပိုင်ပိုင်နိုင်နိုင် သိမြင်နားလည်လာသူကလည်း ဒါနစေတနာ စသည်၏ အကျိုးမရှိဟူသော နတ္ထိကဒိဋ္ဌိ၊ အကြောင်းကံမရှိဘဲ ကောင်းကျိုး ဆိုးကျိုး ခံစံကြရသည်ဟုယူသော အဟေတုကဒိဋ္ဌိနှင့်၊ ကောင်းမှုမကောင်းမှုပြုသော်လည်း ပြုရာမရောက်ဟုယူသော အကိရိယဒိဋ္ဌိတို့မှ လွန်မြောက်လာပါသည်။

 

 

မိစ္ဆာဒိဋ္ဌိလည်း မဂ္ဂင်ထိုက်ပါသည်

 

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင်တို့က တရားအားထုတ်ရာတွင် ပါသည်။ ဝိပဿနာတရားကို အားထုတ်နေသူက သမ္မာဒိဋ္ဌိလား၊ သမ္မာသင်္ကပ္ပလား၊ သမ္မာဝါယာမလား၊ သမ္မာသတိလား၊ သမ္မာသမာဓိလားဆိုသည်ကို စာပေအရ မသိနားမလည်သူပင် ဖြစ်စေကာမူ တရားလမ်းကြောင်းမှန်နေပါက ဤမဂ္ဂင် ၅-ပါး ပါနေပါသည်။

ဤနေရာတွင် သီလဝိသုဒ္ဓိက ကနဦးကပင် ခံယူဆောက်တည်ထားသဖြင့် သီလမဂ္ဂင်ကို မပြသော်လည်း ပါပြီးသား ဖြစ်သည်။ သစ္စာလေးပါးသိရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် မဂ္ဂင်ရှစ်ပါးလုံး ပါဝင်ရပါသည်။

သတိပြုစရာမှာ မိစ္ဆာဒိဋ္ဌိကလည်း မဂ္ဂင်ထိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် အပါယ် ဘုံကိုသွားရာလမ်းကြောင်း ဖြစ်သောကြောင့်ပေတည်း။

 

 

ပဋ္ဌာန်းထဲက မဂ္ဂပစ္စည်းမှာ သမ္မာနှင့် မိစ္ဆာဟူ၍ရှိသည်

 

ပဋ္ဌာန်း၌လာသည့် မဂ္ဂပစ္စယောကို သာမန်အားဖြင့် ယူရိုး ယူစဉ် မဂ္ဂင်ရှစ်ပါး မယူရပေ။ မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်ကို သွားသည့်လမ်း ဖြစ်ပါသည်။ ပဋ္ဌာန်းထဲက မဂ္ဂက နိဗ္ဗာန်အပါအဝင် သုဂတိဌာန သွားသည့်လမ်းနှင့် ဒုဂ္ဂတိဌာနကို သွားသည့်လမ်းဟူ၍ နှစ်လမ်းရှိပေသည်။

‘မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော’ ထိုသဘာ၀ တရားတို့သည် လမ်းကြောင်းအနေဖြစ်ပြီး ၎င်းတို့နှင့် ယှဉ်တွဲလာသည့် သမ္ပယုတ္တတရားတွေ ကိုလည်း သူတို့နည်းတူ ဖြစ်ဖို့ရာ ကျေးဇူးပြုပါသည်။ ဖြစ်စေပါသည်။

ပမာပြရသော် မိစ္ဆာဒိဋ္ဌိ wrong understood က သူနှင့်ယှဉ်တွဲဖြစ်သည့် စိတ် စေတသိက် စိတ္တဇရုပ်အားလုံးကို မှားယွင်းသည့် လမ်းကြောင်းပေါ်ကို တင်ပေးသည်။ ထို့ကြောင့် “ထိုသူ တွေးရင်လည်း တစ်လွဲ၊ ပြောရင်လည်း တစ်လွဲ၊ လုပ်ရင်လည်း တစ်လွဲ ” ဖြစ်သွားပါ တော့သည်။ အကြောင်းမှာ မိစ္ဆာဒိဋ္ဌိက ကျေးဇူးပြုသောကြောင့်တည်း။

တစ်ဖန် သမ္မာဒိဋ္ဌိ Right understood က သူနှင့်ယှဉ်တွဲဖြစ်သည့် စိတ် စေတသိက် စိတ္တဇရုပ်အားလုံးကို မှန်ကန်သည့် လမ်းကြောင်းပေါ်ကို တင်ပေးပါသည်။ ထို့ကြောင့် အတွေးမှန်ပြီ သမ္မာသင်္ကပ္ပ၊ အပြောမှန်ပြီ၊ အလုပ်မှန်ပြီ၊ သမ္မပ္ပဓာန် လုံလဝီရိယမှန်ပြီ၊ စူးစိုက်မှုမှန်ပြီ။ အကြောင်းမှာ သမ္မာဒိဋ္ဌိက ကျေးဇူးပြုသောကြောင့်တည်း။

ထို့ကြောင့် မဂ္ဂင် ၁၂- ပါးက သူတို့ကိုယ်တိုင်ကပင် တစ်စုံတစ်ခုကို ရောက်ဖို့ရာအတွက် ဦးတည်သည့် လမ်းကြောင်းကြီးများ ဖြစ်နေပါတော့သည်။ သူတို့လမ်းကြောင်း ဖြစ်နေသကဲ့သို့ သူတို့နှင့် ယှဉ်တွဲနေသည့် သူတို့နှင့် ပတ်သက်နေသည့် စိတ်၊ စေတသိက်၊ စိတ္တဇရုပ်စသည့် သဘာဝတရားတို့ကိုလည်း ထိုလမ်းကြောင်းပေါ်သို့ စုပြုံတင်ပေးပါသည်။

သို့ဖြစ်ပါ၍ ‘ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ မဂ္ဂပစ္စယေန ပစ္စယော’ဟု လာရှိပါသည်။

ကျမ်းညွှန်း * ပါချုပ်ဆရာတော်၏ပဋ္ဌာန်း

 

 

ကောကာလိက လျှောက်လှမ်းခဲ့သည့် မိစ္ဆာမဂ္ဂင်လမ်း

 

ကောကာလိကရဟန်းသည် မြတ်စွာဘုရားထံတော်ပါးသို့ ချဉ်းကပ်ခါ “အရှင်ဘုရားသည် တပည့်တော်၏ ယုံကြည်ထိုက်သူ စိတ်ချထိုက်သူ ဖြစ်ပါ၏။ သို့သော်လည်း သာရိပုတ္တရာနှင့် မောဂ္ဂလ္လာန်တို့သည် ယုတ်ညံ့သော အလိုရှိကုန်၏၊ ယုတ်ညံ့သော အလိုတို့၏ နိုင်ငံသို့ လိုက်ကြကုန်၏”ဟု လျှောက်၏။ ဘုရားရှင်က “ကောကာလိက ဤသို့ မဆိုလင့်၊ သာရိပုတ္တရာနှင့် မောဂ္ဂလ္လာန်တို့အပေါ် စိတ်ကို ကြည်လင်စေလော့၊ သူတို့သည် သီလကို ချစ်မြတ်နိုးကြကုန်၏”ဟု မိန့်တော်မူ၏။ ကောကာလိကသည် သုံးကြိမ်တိုင်တိုင် လျှောက်ထား၏၊ မြတ်စွာဘုရားသည်လည်း သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူ၏။

ထိုအခါ ကောကာလိကရဟန်းသည် မြတ်စွာဘုရားကို ရှိခိုးလျက် ထွက်ခွာသွား၏။ မကြာသေးသောကာလ၌ ထိုရဟန်း၏ကိုယ်ပေါ်တွင် မုန်ညင်းစေ့ခန့်ရှိကုန်သော အဖု အပိန့် ထွက်လာ၏။ ထို့နောက်ပဲ နောက်စေ့ခန့်၊ ထို့နောက် စားတော်ပဲခန့်၊ ထို့နောက် ဆီးသီးခန့်၊ ထို့နောက် ဥသျှစ်သီးခန့်ဖြစ်ပြီး ရင့်မှည့်ကာ ပေါက်ကွဲကုန်၏။ ကောကာလိကသည် ထိုအနာ ဖြင့်ပင် စုတေကာ ပဒုမငရဲ၌ ဖြစ်၏။

ကောကာလိက ခံရမည့်ပဒုမငရဲ၏ သက်တမ်းကိုသိလိုသဖြင့် ရဟန်းတစ်ပါးက မြတ်စွာ ဘုရားအားလျှောက်ထားပါသည်။ ဘုရာရှင်က “လှည်းတစ်စီးပေါ်သို့ နှမ်းတင်း-၂၀ တင်ထားပြီး နှစ်တစ်ရာလျှင် နှမ်းစေ့တစ်စေ့ကို ထုတ်ယူပါက နှမ်းစေ့သာကုန်မည် တစ်ခုသော အဗ္ဗုဒ ငရဲသည် မကုန်သေး။ ရဟန်း အဗ္ဗုဒငရဲနှစ်ဆယ်သည် နိရဗ္ဗုဒငရဲတစ်ခု ဖြစ်၏။ နိရဗ္ဗုဒ ငရဲနှစ်ဆယ်သည် အဗဗငရဲတစ်ခု ဖြစ်၏။ အဗဗငရဲနှစ်ဆယ်သည် အဟဟငရဲတစ်ခု ဖြစ်၏။ အဟဟငရဲနှစ်ဆယ်သည်အဋဋငရဲတစ်ခု ဖြစ်၏။ အဋဋငရဲနှစ်ဆယ်သည် ကုမုဒငရဲတစ်ခု ဖြစ်၏။ ကုမုဒငရဲနှစ်ဆယ်သည် သောဂန္ဓိကငရဲတစ်ခု ဖြစ်၏။ သောဂန္ဓိကငရဲနှစ်ဆယ်သည် ဥပ္ပလငရဲတစ်ခုဖြစ်၏။ ဥပ္ပလငရဲနှစ်ဆယ်သည် ပုဏ္ဍရိကငရဲတစ်ခုဖြစ်၏။ ပုဏ္ဍရိကငရဲ နှစ်ဆယ်သည် ပဒုမငရဲတစ်ခု ဖြစ်၏” ဟု မိန့်တော်မူ၏။

ကောကာလိကရဟန်း၏ မကောင်းစွာပြောဆိုသည့်စကား၊ မကောင်းသည့်အတွေး၊ မကောင်းသည့်အသိအမြင်၊ မကောင်းသည့် လုံ့လစိုက်ထုတ်မှုဟူသော မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါစာ၊ မိစ္ဆာဝါယာမ စသည့် မိစ္ဆာမဂ္ဂင်ကပင် သူ၏ခန္ဓာကိုယ်အနှံ့ အဖုအပိန့်များစွာ ပေါက်ကာ ဒုက္ခခံစားရပြီး သေရွာကိုပို့၏။ ထိုမိစ္ဆာမဂ္ဂင်လမ်းကပင် ကောကာလိကကို ပဒုမငရဲသို့ ပို့ခြင်းဖြစ်လေ၏။

ကျမ်းညွှန်း * ၁ ကောကာလိကသုတ်၊ သုတ္တနိပါတ်ပါဠိတော် (နှာ-၃၇၉)

 

 

စိဉ္စမာဏ လျှောက်လှမ်းခဲ့သည့် မိစ္ဆာမဂ္ဂင်လမ်း

 

စိဉ္စမာဏသည် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်း လူများမြင်ရချိန်တွင် ဘုရားကျောင်းတော်အနီး တိတ္ထိတို့၏ကျောင်းသို့ ဝင်သွားပြီး မနက်အစော လူအများကျောင်းကို လာချိန်တွင် ဘုရား ကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး အတန်ကြာသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပမာဟူ၏ဝမ်းဗိုက်တွင် ပျဉ်ချပ်စည်းကာ တရားဟောတော်မူနေသည့် ဘုရားရှင်အား ပရိတ်သတ် ကြားတွင် စွပ်စွဲလေ၏။ စိဉ္စမာဏသည် ဘုရားရှင်၏မျက်ကွယ်သို့ ရောက်သည့်ခဏမှာပင် သူလျှောက်လှမ်းခဲ့သည့် မိစ္ဆာမဂ္ဂင်လမ်း၏သတ္တိကြောင့် မြေမျိုခံရပြီး အဝီစိငရဲမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ ခေါ်ဆောင်သွားခဲ့လေသည်။

ကျမ်းညွှန်း * (၁၃) လောကဝဂ်၊ စိဉ္စမာဏဝိကာဝတ္ထု

 

 

ဘုရားရှင်၏ ဦးရီးတော်သုပ္ပဗုဒ္ဓ လျှောက်လှမ်းခဲ့သည့် မိစ္ဆာမဂ္ဂင်လမ်း

 

ဒေဝဒတ်နှင့် ယသော်ဓရာတို့၏ ခမည်းတော်၊ သိဒ္ဓတ္ထမင်းသား၏ ဦးရီးတော်လည်း ဖြစ်သူ ဘုရင်ကြီးသုပ္ပဗုဒ္ဓသည် သမီးတော်ယသော်ဓရာကို ပစ်ထားခဲ့သည်ကတစ်ကြောင်း၊ သားတော်ဒေဝဒတ်၏ ရန်သူအရာ၌တည်ခဲ့သည့် အကြောင်းတို့ကြောင့် ဘုရားရှင်အပေါ် ရန်ငြိုးထားသူ ဖြစ်သည်။

တစ်နေ့တွင် ဘုရားရှင်ကြွတော်မူရာလမ်းကို ပိတ်ပင်တားဆီးသည်ကို အကြောင်းပြု၍ ဘုရားရှင်က “ဦးရီးတော်သည် ဤအကုသိုလ်ကြောင့် ၇-ရက်လွန်သည့်အခါ ပြာဿဒ်ခြေရင်း လှေခါးရင်းတွင် မြေမျိုခံရမည်”ဟု မိန့်တော်မူခဲ့ပါသည်။ ထိုအကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိ သည့်အခါ မြတ်စွာဘုရားစကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲမည်ဟု နှလုံးပိုက်ကာ ဘုံ ၇- ဆင့်ရှိသည့် ပြဿဒ်ထက်ဝယ် တက်နေခဲ့၏။ သို့သော် ၇-ရက်မြောက်သည့်နေ့တွင် ရှင်ဘုရင်၏ မင်္ဂလာစီးတော်မြင်းကြီး မြည်ဟည်းကာ သောင်းကျန်းလာသဖြင့် တားဆီးရန် သတိ လက်လွတ် ထိုပြာဿဒ်ထက်မှ ဆင်းသက်မိရာက လှေကားခြေရင်းတွင် မြေမျိုကာ အဝီစိငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။

ဘုရားရှင်၏ ဦးရီးတော်ဖြစ်သည့် ဘုရင်သုပ္ပဗုဒ္ဓသည် သူလျှောက်လှမ်းခဲ့သည့် မိစ္ဆာ မဂ္ဂင်လမ်းကြောင့် လှေကားခြေရင်းတွင် မြေမျိုကာ အဝီစိငရဲသို့ ပို့ဆောင်ခံရခြင်း ဖြစ်သည်။

ကျမ်းညွှန်း – * သုပ္ပဗုဒ္ဓသကျဝတ္ထု၊ ပါပဝဂ်၊ ဓမ္မပဒအဋ္ဌကထာ

 

နန္ဒလုလင် လျှောက်လှမ်းခဲ့သည့် မိစ္ဆာမဂ္ဂင်လမ်း

 

နန္ဒသည် ရဟန္တာဥပ္ပလဝဏ်ထေရီမကို စော်ကားမိသဖြင့် အရှင်လတ်လတ် မြေမျိုခံခဲ့ရ သူဖြစ်သည်။ ဥပ္ပလဝဏ်ထေရီမသည် တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရသည့် အရှင်မဖြစ်၏။ တစ်နေ့သော် နန္ဒလုလင်သည် လူသူကင်းဆိတ်ချိန်တွင် ထေရီမ၏ ကျောင်း သင်္ခမ်းထဲသို့ ရောက်ရှိလာပြီး ထေရီမအား အဓမ္မပြုကျင့်ရန်ကြိုးစားလေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမအား စော်ကားမိသဖြင့် ယင်းအကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင်မှာ မြေကြီးကွဲအက်၍ အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ကျရောက်သွားခဲ့ လေသည်။

နန္ဒလုလင်၏ မကောင်းသည့် အသိအမြင်၊ မကောင်းသည့်အတွေး၊ မကောင်းသည့် လုံ့လစိုက်ထုတ်မှုဟူသော မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ စသည့် မိစ္ဆာမဂ္ဂင်ကပင် သူ့ကို အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ပို့ခြင်းဖြစ်လေ၏။

ကျမ်းညွှန်း * ဥပ္ပလဝဏ်ထေရီမဝတ္ထု၊ ဗြာဟ္မဏဝဂ်။

 

မပြစ်မှားကောင်းသူကို ပြစ်မှားမိပါလျှင်

 

ဤနေရာတွင် အရိယာသူတော်ကောင်းပုဂ္ဂိုလ်တို့အား ပြစ်မှားမိခြင်းကြောင့် ရရှိသော ဆိုးကျိုးဆယ်မျိုးကို အောက်ဖော်ပြပါလင်္ကာဖြင့် ဖော်ပြပေးလိုပါသည် –

‘အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ ပြောတတ်ပြစ်ဆို၊ အညစ်ပို၍၊

မလိုရန်ငြှိုး၊ ထိုသူမျိုး၌၊ ဆယ်မျိုးပြစ်ဒဏ်၊ ရမြဲမှန်ခဲ့၊

သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ ရူးကြဖောက်ပြန်၊

ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊

ဒုက္ခဘောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သေကမလွဲ၊

ပါယ်ငရဲဝယ်၊ ကမ္ဘာစွဲခဲ့၊ ရောက်ဆဲ လူ့ပြည်၊ တက်ပြန်လေသော်၊

ကျက်သရေမွဲ၊ မဂ်ဖိုလ်လွဲ၍၊ အမြဲကြမ္မာ၊ ဝဋ်ကြောင်းပါသည်၊

ရှောင်ရန် ဓမ္မအန္တရာယ်တည်း။’

 

 

မဂ္ဂသစ္စာ

 

၁။ ဒုက္ခသစ္စာ ၂။ ဒုက္ခသမုဒယသစ္စာ ၃။ ဒုက္ခနိရောဓသစ္စာ ၄။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါသစ္စာ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ = မဂ္ဂင်ရှစ်ပါးကို ညွှန်းပါသည်။ Noble path က ကိလေသာကို ပယ်သတ်ပြီး နိဗ္ဗာန်ကို ရောက်စေပါသည်။

ပဋ္ဌာန်းပစ္စည်းတရားများ တစ်ခုနှင့်တစ်ခု ကျေးဇူးပြုနေခြင်း၊ အထောက်အကူပြုနေခြင်း ကိုပင် သင်္ခါရဟူ၍ ခေါ်၏။ နိဗ္ဗာန်က သင်္ခါရမှ ကင်းသည့် ဝိသင်္ခါရ။

န + အာဂါမိ Non returner ပြန်မလာတော့သည့် သုဒ္ဓါဝါသဘုံကို ဓမ္မပဒ၌ ‘န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ’ ဟူသောဂါထာ လာရှိပါသည်။ အဓိပ္ပါယ်မှာ လောက၌ရှိသည့် ယာဉ်ရထားနှင့်သွားပါက မရောက်ဖူးသည့် နိဗ္ဗာန်အရပ်ကို ရောက်မည် မဟုတ်ပါပေ။

၃၁-ဘုံထဲက ငရဲပြည်၊ တိရိစ္ဆာန်ပြည်၊ ပြိတ္တာပြည်တို့ကို ရောက်ဖူးလှပေပြီ။ ထို့ကြောင့် ‘စတ္တာရော အပါယာ သကဂေဟသဒိသာ’ ဟု ဟောတော်မူခြင်း ဖြစ်ပါသည်။ အဓိပ္ပါယ်က ကုသိုလ်ကို မေ့လျော့နေသူတို့အတွက် အပါယ်လေးဘုံသည် မိမိ အမြဲနေနေကျ ကိုယ်ပိုင် အိမ်ရာနှင့် တူပါသည်။

လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့ကိုလည်း ရောက်ဖူးလှပြီ။ သို့သော် နိဗ္ဗာန်ကိုမူ မရောက်ဖူးသေးပါ။ ဗြဟ္မာ့ဘုံထဲက သုဒ္ဓဝါသ ၅-ဘုံကိုလည်း မရောက်ဖူးသေးပါ။ သုဒ္ဓဝါသက အနာဂါမ်ပုဂ္ဂိုလ်တို့၏ ဘုံဖြစ်ပါသည်။ ထိုဘုံမှသည်ပဋိသန္ဓေအားဖြင့် ပြန်မလာတော့ဘဲ ပရိနိဗ္ဗာန်စံဝင်မည် ဖြစ်သဖြင့် (န + အာဂါမိ) = ပြန်မလာတော့ပါ – Non returner. ဟု ခေါ်ခြင်းဖြစ်သည်။

 

 

လုပ်ငန်းခွင်၌ ပျံလွန်တော်မူသည့် ရဟန်း

 

ဘုရားရှင်လက်ထက်တော် ကာလတုန်းက အမျိုးသားတစ်ယောက် သဒ္ဓါတရား ထက်သန်စွာနဲ့ ရဟန်းပြုပြီး တောကျောင်းတစ်ခုမှာ ကမ္မဋ္ဌာန်းတရားကို မပြတ် နှလုံးသွင်း အားထုတ်နေတယ်။

ရဟန်းတော်ရဲ့ အားထုတ်ပုံက မြတ်စွာဘုရားက လဲလျောင်းအိပ်ဖို့ ခွင့်ပြုထားတဲ့ သန်းခေါင်ယံအချိန်မှာတောင် သူက လဲလျောင်းမအိပ်ဘူး။ နေ့ရောညဉ့်ပါ မပြတ်အားထုတ် နေပါတယ်။ တစ်နေ့ စင်္ကြံသွားလျက် တရားအားထုတ်နေရင်း ပျံလွန်တော်မူသွားပါသတဲ့။ အဲဒါဟာ ရဟန်းတို့၏ တာဝန်ဖြစ်တဲ့ လုပ်ငန်းခွင်ထဲ၌ ပျံလွန်တော်မူသည် ‘ဓုရသ္မိံယေ၀ ကာလံ ကရောတိနာမ’ မည်တယ်လို့ အဲဒီ အဋ္ဌကထာမှာ ပြဆိုထားပါသေးတယ်။

 

 

ပျံလွန်တော်မူပြီး တာဝတိံသာ နတ်ပြည်ရောက်

 

ယခု တရားအားထုတ်နေတဲ့ ရဟန်းတော်ကတော့ စင်္ကြံသွားနေရင်း ပျံတော်မူတယ်လို့ ဆိုပါတယ်။ သတိပဋ္ဌာန်ဒေသနာတော်အရ သွားခြင်းဣရိယာပုထ်ဆိုင်ရာ ရုပ်နာမ်တွေကို ဝိပဿနာရှုနေရင်း ပျံလွန်တော်မူသွားတယ်လို့ ဆိုရမှာပဲ။ အဲဒီလို အပြင်းအထန် ဝိပဿနာ ရှုနေပေမယ့် (ဥပနိဿယမန္ဒတာယ) အရိယမဂ်ဉာဏ်ရောက်ဖို့ရာ အထောက်အပံ့ ပါရမီ ကုသိုလ်က အားနည်းနေသောကြောင့် အရဟတ္တမဂ်သို့ မရောက်သေးဘဲ ပျံလွန်တော် မူသွားတယ်၊ အရဟတ္တမဂ်သို့ မရောက်သေးရင် တဏှာက လုံးဝမကင်းသေးဘူး။ ဒီရဟန်း မှာတော့ သောတာပတ္တိမဂ်တောင် မရောက်သေးကြောင်း နောက်ပိုင်းကျတော့ ထင်ရှားပါ လိမ့်မယ်။

ဒါကြောင့် (ပေါနောဗ္ဘဝိကာ) တဖန် ဘဝသစ်ကို ဖြစ်စေတတ်တဲ့ တဏှာကြောင့် ဘဝသစ်ဖြစ်ရတယ်။ ဘယ်မှာဖြစ်ရသလဲဆိုတော့ ဘာဝနာကုသိုလ်ကံ၏ အစွမ်းကြောင့် တာဝတိံသာနတ်ပြည်မှာ သူ့အတွက် အသင့်ဖြစ်ပေါ်နေနှင့်တဲ့ နတ်ဘုံဗိမာန်ကြီး၏ တံခါး ပေါက်အဝ၌ ဝင်ရောက်နေတဲ့အသွင်ဖြင့် အိပ်ရာမှ နိုးလာသလိုပင် နတ်ကိုယ်ကာယ အပြည့်အစုံ နတ်ဝတ်အဆင်တန်ဆာ အပြည့်အစုံနှင့်တကွ ဘွားခနဲ သြပပါတိကသတ္တဝါအနေဖြင့် ဘဝအသစ် ဖြစ်ပေါ်ရတယ်။

 

 

ဘဝခြားသွားသော်လည်း နတ်ဘဝရောက်နေမှန်း မသိသေး

 

အဲဒီအခါ ဗိမာန်အတွင်းက ဗိမာန်ရှင်နတ်သားကို မျှော်နေကြတဲ့ တစ်ထောင်ခန့်ရှိတဲ့ နတ်သမီးတွေက “ဟော ဗိမာန်ရှင်နတ်သား ရောက်လာပြီ၊ ဖျော်ဖြေကြစို့”လို့ဆိုပြီး ဝမ်းမြောက် ဝမ်းသာနှင့် တူရိယာတွေကိုကိုင်လျက် ဝိုင်းရံကြိုဆိုကြတယ်။ သို့ပေမယ့် နတ်သားက နတ်ပြည်ရောက်မှန်း မသိသေးဘူး။ သူ့ကိုယ်သူ ရဟန်းလို့ ထင်မှတ်နေတုန်းပဲ။ ဒါကြောင့် နတ်သမီးတွေရဲ့အသံကို ကြားတဲ့အခါ အမျိုးသမီးကလေးတွေ ကျောင်းကို ကြည့်ရှုလှည့် လည်ရန် လာကြတယ်ထင်မှတ်ပြီး အပေါ်ရုံအဝတ်ပိုင်းဖြင့် လက်ဝဲပခုံးကို လုံအောင်ရုံလျက် မျက်လွှာချကာ ဣန္ဒြေကြီးနဲ့ နေသတဲ့။

အဲဒီလို အခြေအနေကို မြင်ရတော့ ရဟန်းဘဝမှဖြစ်လာတဲ့ နတ်သားပဲလို့ နတ်သမီး တွေက ရိပ်မိပြီးတော့ “အရှင်နတ်သား၊ ဒါက နတ်ပြည်ပဲ၊ ရဟန်းတရားကျင့်ဖို့အခါ မဟုတ်တော့ဘူး။ နတ်စည်းစိမ်ကို ခံစားဖို့ အချိန်အခါဖြစ်ပါတယ်”လို့ ပြောကြတယ်။ ဒါပေမယ့် နတ်သားက ဣန္ဒြေမပျက် တည်မြဲ တည်နေတယ်။ ဒီတော့ နတ်သမီးတွေက “ဒီနတ်သားဟာ နတ်ဘဝရောက်နေမှန်း မသိသေးဘူး၊ သိအောင် ဖျော်ဖြေလိုက်ကြစို့”လို့ ဆိုပြီး တူရိယာတွေကို တီးမှုတ်ပြီး သီဆိုကြတယ်။ အဲဒီအခါမှာလည်း ‘တောကျောင်းသို့လာပြီး ကလေးမကလေးတွေ ကမြင်းနေကြတယ်’ ထင်ပြီး ဣန္ဒြေကို အထူးထိန်းသိမ်းလျက် တည်နေတယ်။

ဒီတော့ နတ်သမီးတွေက သူ့ရှေ့မှာ ကိုယ်လုံးပေါ် ကြည့်မှန်ကြီးကို ထောင်ပြကြတယ်။ အဲဒီတော့မှ သူ့အရိပ်ကိုမြင်ပြီး ရဟန်းဘဝမှသေခဲ့ပြီး နတ်ပြည်ရောက်နေကြောင်း သိရတယ်။

 

 

နတ်ပြည်ရောက်လို့ နှလုံးမသာမယာဖြစ်နေရှာတဲ့ သမဏနတ်သား

 

အဲဒီလို သိရတဲ့အခါ သမဏနတ်သားမှာ အကြီးအကျယ် နှလုံးမသာမယာ ဖြစ်ရတယ်။ “ငါ ရဟန်းတရားကျင့်ခဲ့တာဟာ ဒီနတ်ပြည်ရောက်ဖို့ ကျင့်ခဲ့တာ မဟုတ်ဘူး။ အမြတ်ဆုံး အကျိုးစီးပွားဖြစ်တဲ့ အရဟတ္တဖိုလ်ရဖို့ ကျင့်ခဲ့တာပဲ။ ဒါပေမယ့် ချန်ပီယံရွှေပြားတံဆိပ်ကို ရလိမ့်မယ်လို့ မျှော်မှန်းပြီး လက်ဝှေ့ပွဲကြီး ဝင်ထိုးသတ်ရာမှာ မုန်လာဥတစ်စည်းလောက် ဆုရသလိုပဲ ဖြစ်နေတယ် စသည်ဖြင့် ဆင်ခြင်ပြီး နှလုံးမသာမယာ ဖြစ်ရတယ်။ အဲဒီလို နှလုံးမသာမယာ ဖြစ်ပြီးတော့ ဒီနတ်စည်းစိမ်ဆိုတာက ရလွယ်ပါတယ်။ ဘုရားပွင့်တော်မူဆဲ ကာလက ကြုံခဲတယ်။ ဘုရား၏တရားကို နာကြားပြီး အရိယမဂ်ဖိုလ်တရားကိုရဖို့က အရေးကြီးတယ်။ နတ်စည်းစိမ်တွေနဲ့ မေ့နေရင် ဘုရားနဲ့ မတွေ့လိုက်ရဘဲလည်း ဖြစ်သွားနိုင်တယ်”လို့ စဉ်းစား ပြီးတော့ သူ့ဗိမာန်ထဲတောင် မဝင်တော့ဘဲ (အသမ္ဘိန္နေန သီလေန) ရဟန်းဘဝက စောင့်စည်းမှု သီလမပျက်သေးမီ မြတ်စွာဘုရားထံသို့ အရေးတကြီး လာရောက်ပါတယ်။ သူ့အခြွေအရံ နတ်သမီးတွေကလည်း အတူလိုက်ပါကြသတဲ့။ နတ်သားပျောက်သွားမှာ စိုးရိမ်လို့လေလား မသိပါဘူး။ မြတ်စွာဘုရားထံ ရောက်တဲ့အခါကျတော့ အဲဒီနတ်သားက ဒီလိုမေးလျှောက် ပါတယ်။

 

 

ဘုရားရှင်ထံပါး နတ်သားလျှောက်ထား

 

အစ္ဆရာဂဏသင်္ဃုဋ္ဌံ၊ ပိသာစဂဏသေဝိတံ။

ဝနန္တံ မောဟနံ နာမ၊ ကထံ ယာတြာ ဘဝိဿတိ။

ဘန္တေ- မြတ်စွာဘုရား၊ အစ္ဆရာဂဏသင်္ဃုဋ္ဌံ- နတ်သမီးအပေါင်းတို့၏ သိန်းပေါင်း များစွာ သီဆိုကြွေးကြော်ရာဖြစ်သော၊ ပိသာစဂဏသေဝိတံ- တစ္ဆေ မြေဘုတ်တို့ မှီဝဲ ကျက်စားရာဖြစ်သော၊ မောဟနံ နာမ – နတ်အပေါင်းတို့အား တရားရှောင်လွှဲ မိုက်မဲ စေတတ်သောကြောင့် မောဟနမည်သော၊ တံ ဝနံ- နန္ဒဝန်မည်သော ထိုဥယျာဉ်ကို၊ ကထံ- အဘယ်သို့သောနည်းဖြင့်၊ ယာတြာ- ကျော်လွန်ရှောင်ရှား ထွက်သွားနိုင်ခြင်းသည်၊ ဘဝိဿတိ- ဖြစ်ပါမည်နည်း အရှင်ဘုရားတဲ့။

ဒီနတ်သားက နတ်သမီးတွေကို ပိသာစ- တစ္ဆေမြေဘုတ်တွေလို့ နှိမ့်ချပြောတယ်၊ နန္ဒဝန်ဥယျာဉ်ကိုလည်း အမိုက်တောလို့ နှိမ့်ချပြီး ပြောတယ်၊ ဝိပဿနာတရားကို အပြင်းအထန် အားထုတ်လာခဲ့တဲ့အတွက် ကာမဂုဏ်တွေကို ရွံမုန်းစက်ဆုပ်ဆဲဖြစ်နေလို့ အဲဒီလို နှိမ့်ချပြီး ပြောဆိုတာပါပဲ။ အဘယ်သို့သောနည်းဖြင့် ထွက်သွားနိုင်မည်လဲဆိုတဲ့ အမေးကတော့ (အရဟတ္တဿ မေ ပဒဋ္ဌာနဘူတံ ဝိပဿနံ အာစိက္ခထ) အရဟတ္တဖိုလ်၏ နီးသောအကြောင်း ဖြစ်တဲ့ ဝိပဿနာကို တပည့်တော်အား ဟောတော်မူပါလို့ ဆိုလိုပါတယ်တဲ့။ အဲဒီလို အဋ္ဌကထာ ဖွင့်ပြထားပါတယ်။ အဲဒီတော့ မြတ်စွာဘုရားက နတ်သား၏ အခြေအနေအလုံးစုံကို ကြည့်ရှု တော်မူပြီးတော့ မဂ္ဂင်ရှစ်ပါး ဝိပဿနာတရားကို ဂါထာ ၃-ပုဒ်ဖြင့် ဟောကြားတော်မူပါတယ်။

 

 

မဂ္ဂင်ရထားဖြင့် အလျင်အမြန် ထွက်ပြေးပါနတ်သား

 

(၁) ဥဇုကော နာမ သော မဂ္ဂေါ၊ အဘယာ နာမ သာ ဒိသာ။

ရထော အကူဇနော နာမ၊ ဓမ္မစက္ကေဟိ သံယုတော။

 

ဒေဝပုတ္တ- ထွက်ပြေးလိုရေးနှင့် မေးမြန်းလျှောက်ထားသည့် အိုနတ်သား၊ ဥဇုကော နာမ- အလျင် အမြန်ထွက်ပြေးရန် လမ်းဖြောင့်မည်သည်မှာ၊ သော မဂ္ဂေါ- ရဟန်းဘဝတုန်းက သင်သွားခဲ့သော မဂ္ဂင်ရှစ်ဖြာ ဝိပဿနာလမ်းပေတည်း။ တရားနာတဲ့ပုဂ္ဂိုလ်တွေ နားလည် လွယ်အောင်လို့ ဘုန်းကြီးက အနက်ဖော်ပေးပါတယ်။ သူ့ပါဠိ၏ သဒ္ဒါနက်သက်သက် ဆိုရင်တော့ (အဖြောင့်မည်သည်မှာ ထိုလမ်းပင်တည်းလို့) ဒါလောက်ပါပဲ။ ဒါလောက်နဲ့တော့ ယခု တရားနာပရိသတ်တွေ နားလည်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဒီနတ်သားကတော့ တရားအားထုတ်ရာ ကမ္မဋ္ဌာန်းကျောင်းမှ ထလာပြီးမေးသလို ဖြစ်နေတဲ့အတွက် သူ့အဖို့မှာ ပေါ်လွင် ထင်ရှားနေပါတယ်။

 

 

မြတ်စွာဘုရား ညွှန်ကြားတော်မူလေ့ရှိသည့် တရားအစဉ်

 

မြတ်စွာဘုရားက သီလစသည် မပြည့်စုံသေးတဲ့ ပုဂ္ဂိုလ်အား ကမ္မဋ္ဌာန်းပေးမယ်ဆိုရင် (သီလံ တာ၀ သောဓေဟိ) သီလကို ရှေးဦးစွာ စင်ကြယ်စေလော့၊ (သမာဓိံ ဘာဝေဟိ) သမာဓိကို ပွားစေပြီးလော့၊ (ကမ္မဿကတပညံ ဥဇုံ ကရောဟိ) ကမ္မဿကတာ သမ္မာဒိဋ္ဌိကို ဖြောင့်မတ်အောင် ပြုလေဦးလော့လို့ အခြေခံအကျင့်ကို ရှေးဦးစွာ ညွှန်ကြားတော်မူပါတယ်။ အားထုတ်နေတဲ့ ပုဂ္ဂိုလ်ကိုတော့ အရဟတ္တမဂ်၏ ပဒဋ္ဌာန်ဖြစ်တဲ့ ဝိပဿနာကိုသာ ညွှန်ကြား တော်မူပါတယ်။ ဒီနတ်သားကတော့ (ကာရကော အဘိန္နသီလော) အားထုတ်နေသူ မပျက်တဲ့ သီလရှိသူ ဖြစ်တယ်။ အရိယမဂ်တစ်ခုသာ လိုတော့တယ်။ ပုဗ္ဗဘာဂဝိပဿနာမဂ်ကတော့ အလေ့အကျင့်ရပြီး ဖြစ်နေတယ်။ ဒါကြောင့် ဝိပဿနာကို ညွှန်ကြားတော်မူလို၍ ဒီတရား ဂါထာများကို ဟောတော်မူပါတယ်တဲ့။

 

 

ရဟန်းဘဝမှ နတ်ဘဝသို့ ရောက်နေပါလျက် သီလမပျက်

 

အဲဒီလို အဋ္ဌကထာ ဖွင့်ပြထားပါတယ်။ အဲဒီအဖွင့်ထဲမှာ ရဟန်းဘဝမှ နတ်ဘဝသို့ ရောက်နေပါလျက် သီလမပျက်ဘူးဆိုတာကို အထူးသတိပြုရမယ်။ အဲဒါဟာ ပါဏာတိပါတ အဒိန္နာဒါန အဗြဟ္မစရိယ စသည်တို့ကို မကျူးလွန်သေးတဲ့အတွက် သီလမပျက်သေးဘူးလို့ ဆိုတာပါပဲ။ ဒါကြောင့် တမင်ဆောက်တည်မထားပေမယ့် မပြုသင့်၊ မပြောသင့်တာကို မပြုရင် မပြောရင် သီလမပျက်ဘူးဆိုတာကိုလည်း အထူးသတိပြု၍ မှတ်ထားကြရမယ်။ နောက်တစ်ခု ကတော့ ဒီဂါထာများဖြင့် ဝိပဿနာကို ပြတယ်ဆိုတာကိုလည်း မှတ်ထားကြရမယ်။

ဒါကြောင့် ဘုန်းကြီးက အနက်ဖော်ပြီး ပြန်ခဲ့တဲ့အတိုင်း နန္ဒဝန်ဥယျာဉ်နှင့်တကွ နတ်လောကနတ်သမီးတွေထံမှ လွတ်မြောက်အောင် အလျင်အမြန်ထွက်ပြေးဖို့ အဖြောင့်ဆုံး အကောင်းဆုံးလမ်းကတော့ ရဟန်းဘဝတုန်းက သင်ရှုမှတ်ပွားများလာခဲ့တဲ့ ဝိပဿနာမဂ္ဂင် လမ်းပဲလို့ ဆိုလိုပါတယ်။ နောက်ပြီးတော့ ဘယ်အရပ်ရောက်မှ ဘေးကင်းမှာလည်းလို့ဆိုရင်- အဘယာ နာမ- ဘေးကင်းရာအရပ် မည်သည်မှာ၊ သာ ဒိသာ – ရဟန်းဘဝတုန်းက သင်မျှော်မှန်းခဲ့သည့် ထိုနိဗ္ဗာန်အရပ်ပင်တည်းတဲ့။ အဲဒီနိဗ္ဗာန်ကို ရောက်အောင်သွားရမယ်လို့ ဆိုလိုပါတယ်။ နောက်ပြီးတော့ ဘယ်လိုရထားဖြင့် သွားရမှာလည်းဆိုတော့-

ရထော အကူဇနော နာမ- သူတစ်ပါးမကြားရ မသိရအောင် တိတ်တဆိတ် ထွက်ပြေးရန် အသံမမြည်သော ရထားမည်သည်မှာ၊ ဓမ္မစက္ကေဟိ သံယုတော – ကိုယ်လုံ့လ စိတ်လုံ့လဟူသော တရားဘီးနှစ်ခုတို့နှင့် တပ်ဆင်ထားသော ဝိပဿနာမဂ္ဂင်ရထား ပေတည်းတဲ့။

 

 

စေတသိကဝီရိယနှင့် ကာယိကဝီရိယ

 

ကိုယ်အမူအရာ စိတ်အမူအရာဟူသမျှကို ရှုမှတ်မိအောင် ကြောင့်ကြစိုးရိမ်ပေးတဲ့ ဝီရိယကို စေတသိက်ဝီရိယ- စိတ်လုံ့လခေါ်တယ်။ သွားရင်း၊ ရပ်ရင်း၊ ထိုင်ရင်း ရှုနေတဲ့အခါ ကိုယ်အမူအရာ ဣရိယာပုထ် ဖြစ်မြဲဖြစ်နေအောင် တည်မြဲတည်နေအောင် ကြောင့်ကြစိုက် ပေးတဲ့ ဝီရိယကို ကာယိကဝီရိယ- ကိုယ်လုံ့လလို့ ခေါ်တယ်။ လျောင်းအိပ်နေရင်း ရှုနေတဲ့ အခါမှာတော့ ကိုယ်လုံ့လမရှိဘူး။ စိတ်လုံ့လတစ်ခုတည်းသာ ရှိတယ်။ ဒီမှာ ကိုယ်လုံ့လ စိတ်လုံ့လဆိုတဲ့ ဝီရိယတရားဘီးနှစ်ခု တပ်ဆင်ထားတယ်ဆိုတာ စင်္ကြံသွားနေရင်း ရပ်နေရင်း ထိုင်နေရင်း ရှုမှတ်တဲ့ ဝိပဿနာမဂ္ဂင်ကို ဆိုတာပဲ၊ ဒါကြောင့် အဲဒီ ကိုယ်လုံ့လ စိတ်လုံ့လဆိုတဲ့ ဝီရိယဘီးကြီး နှစ်ခုလုံး အပြည့်အစုံတပ်ဆင်ထားတဲ့ ဝိပဿနာမဂ္ဂင် တရားကောင်းကြီးကို စီးနင်းသွားရအောင် ရံခါ စင်္ကြံသွားလျှက်မှတ်နေရမယ်၊ စင်္ကြံသွားရင်းဆိုတော့ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိဆိုတဲ့) သတိပဋ္ဌာန်ဒေသနာတော်အရ သွားတယ် ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် မပြတ်ရှုမှတ်ပြီး အားထုတ်နေဖို့ပါပဲ။

အဲဒီလို အားထုတ်နေရင် သမာဓိအားရှိလာတဲ့အခါကျတော့ တောင့်တင်းလှုပ်ရှားတဲ့ ရုပ်နဲ့ မှတ်သိတဲ့ နာမ်ဆိုတဲ့ ဒီရုပ်နာမ် ၂-ပါးကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ပိုင်းခြားပြီး သိတယ်။ အဲဒီကနောက် သမာဓိဉာဏ် တစ်ဆင့်တက်ပြီး အားကောင်းလာတဲ့အခါမှာ ‘သွားချင်တဲ့ စိတ်ကြောင့် သွားရုပ်ဖြစ်တယ်၊ သိစရာရှိလို့ သိမှုဖြစ်တယ်’ စသည်ဖြင့် အကြောင်းနဲ့ အကျိုးကိုလည်း ပိုင်းခြားပြီးသိတယ်။ အဲဒီကနောက် သွားချင်တဲ့ စိတ်ရော သွားတဲ့ရုပ်ရော ရှုသိတဲ့ စိတ်နာမ်ရော သူ့အခိုက်အတန့်နဲ့သူ ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကို လက်နဲ့ ကိုင်ကြည့်ရ သလိုပင် ရှင်းလင်းပြတ်သားစွာ သိရတယ်။ အဲဒီတော့ ဖြစ်ပြီး ပျောက်ပျက်သွားလို့ မမြဲဘူး ဆိုတာလည်း ရှင်းလင်းစွာ သိရတယ်။ ခဏမစဲ ဖြစ်ပျက်နေလို့ ကြောက်စရာကောင်းတဲ့ ဆင်းရဲ ပဲဆိုတာလည်း ရှင်းလင်းစွာ သိရတယ်။ ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ သူ့သဘောအတိုင်း ဖြစ်ပျက်နေလို့ အစိုးမရတဲ့ အနတ္တ သဘောတရားပဲဆိုတာလည်း ရှင်းလင်းစွာ သိရတယ်။ နောက်ပြီးတော့ ရံခါ ရပ်လျက် ရံခါ ထိုင်လျက် ရှုမှတ်နေရမယ်။

ကျမ်းညွှန်း * (၄၆၁)၊ အစ္ဆရာသုတ္တဝဏ္ဏနာ၊ အာဒိတ္တဝဂ္ဂ၊ သဂါထာဝဂ္ဂဋ္ဌကထာ-၁ (နှာ-၈၀-၈၁)

             * မဟာစည်ဆရာတော်ကြီး၏ ဓမ္မစကြာတရားတော်

 

 

မဂ္ဂင်ရထားက လူများစေကာမူ အသံမမြည်ပါ

 

အဲဒီမှာ အသံမမြည်တဲ့ ရထားဆိုတာကတော့ ရှေးခေတ်ကရှိခဲ့တဲ့ မြင်းရထားတွေနဲ့ နှိုင်းယှဉ်ပြီးပြောတဲ့ စကားပါပဲ။ တချို့ရထားက ပကတိအားဖြင့် အသံမမြည်ပေမယ့် လူအစီး များပြီး ဝန်လေးတော့ မြည်တတ်တယ်။ ယခု မဂ္ဂင်ရထားကတော့ စီးသူတွေ ဘယ်လောက်ပင် များစေကာမူ အသံမြည်ခြင်း မရှိဘူး၊ တစ်ခါ တစ်ရံမှာ မြတ်စွာဘုရား၏ တရားကိုနာနေရင်း ဒီဝိပဿနာမဂ္ဂင် ရှေ့သွားရှိတဲ့ အရိယမဂ္ဂင်ရထားကိုစီးပြီး နိဗ္ဗာန်ကို သွားရောက်ကြသူတွေဟာ ရှစ်သောင်းလေးထောင် စသည်များသော်လည်း ဘာသံမှ မမြည်ဘူး။ ဒါကြောင့် အကူဇနော- အသံမမြည်သောရထားလို့ ချီးမွမ်းထားပါတယ်။ အဲဒီစကားဖြင့် နတ်သမီးတွေ မသိအောင် တိတ်တဆိတ် ထွက်ပြေးချင်ရင်လည်း ဖြစ်နိုင်ကြောင်း သိစေပါတယ်။ နောက်ပြီးတော့ –

 

ဟိရီနှင့် သြတ္တပ္ပက ဝိပဿနာမဂ္ဂင်ရထားရဲ့ နောက်မှီခုံ

 

(၂) ဟိရီ တဿ အပါလမ္ဗော၊ သတျဿ ပရိဝါရဏံ။

ဓမ္မာဟံ သာရထိံ ဗြူမိ၊ သမ္မာဒိဋ္ဌိပုရေဇဝံ။

 

ဟိရီ – ရှက်ခြင်း ကြောက်ခြင်းသည်၊ တဿ – ထို မဂ္ဂင်ရထား၏၊ အပါလမ္ဗော- နောက်မှီခုံ ပေတည်း။ ရထားမှာ နောက်မှီမရှိရင် နောက်ကို လန်ကျသွားနိုင်တယ်။ နောက်မှီ ရှိရင်တော့ မကျနိုင်ဘူး။ ဒီမဂ္ဂင်ရထားမှာတော့ ဟိရီသြတ္တပ္ပဆိုတဲ့ အလွန်ကောင်းတဲ့ နောက်မှီက ရှိနေတယ်။ ဘယ်လိုလည်းဆိုတော့ ဝိပဿနာရှုနေတဲ့ ယောဂီမှာ မရှုမိတဲ့ အာရုံနဲ့စပ်ပြီး အကုသိုလ်စိတ်ကူးတွေ ဖြစ်လာမှာကို ရွံရှာစက်ဆုပ်ရတယ်။ ရေချိုးပြီးလို့ သန့်ရှင်းနေတဲ့အခါ အညစ်ကြေးလူးပေမှာ ရွံရှာစက်ဆုပ်သလိုပင် ရွံရှာစက်ဆုပ်တာ မဖြစ်စေချင်တာက (ဟိရီ) ရှက်တဲ့သဘောပဲ။ ထို့ပြင် အကုသိုလ်စိတ်ကူးဖြစ်ရာကနေ မကောင်းမှု ဒုစရိုက်လွန်ကျူးနိုင်ပြီး မကောင်းကျိုးတွေပေးမှာ သံသရာမှာ မလွတ်နိုင်ဘဲနေမှာကိုလည်း ကြောက်ရတယ်။ အဲဒါက (သြတ္တပ္ပ) အကုသိုလ်နဲ့ အကုသိုလ်အကျိုးကို ကြောက်တာပဲ။ အဲဒီလို ရှက်ကြောက်တဲ့အတွက် ဖြစ်တိုင်း ဖြစ်တိုင်းသော ရုပ်နာမ်တွေကို မရှုမိဘဲ လွတ်မသွားရအောင် ရိုရိုသေသေ ရှုမှတ်နေတယ်။ အဲဒီလို ရှုမှတ်နေတဲ့အတွက် ဝိပဿနာ မဂ္ဂင်တွေဟာ ခဏတိုင်း ခဏတိုင်း မပြတ်ဖြစ်နေတယ်။ အဲဒါဟာ နောက်မှီခုံကြောင့် လန်မကျဘဲ တည်မြဲတည်နေတဲ့ သဘောပါပဲ။ ဒါကြောင့် ဟိရီနှင့် သြတ္တပ္ပကို ဝိပဿနာ မဂ္ဂင်ရထား၏ နောက်မှီခုံပဲလို့ ဟောတော်မူပါတယ်။ နောက်ပြီးတော့-

 

ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊

မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ

 

သတိ- အမှတ်ရမှုသည်၊ အဿ- ထိုမဂ္ဂင်ရထား၏၊ ပရိဝါရဏံ- အကာအရံပေတည်းတဲ့။ ရထားမှာ အကာအရံ လုံခြုံရင် ခဲ၊ တုတ်စသည် ဘေးရန်မှ လုံခြုံသလိုပင် ဖြစ်တိုင်းသော ရုပ်နာမ်တွေကို မမေ့ဘဲ အမှတ်ရနေရင် အကုသိုလ်ဘေးရန်တွေ မဝင်နိုင်ဘူး။ လုံခြုံတယ်။ ဒါကြောင့် ကာယာနုပဿနာသတိပဋ္ဌာန် အစရှိတဲ့ သတိပဋ္ဌာန်လေးပါးကို မဂ္ဂင်ရထား၏ အကာအရံလို့ ဟောတော်မူပါတယ်။ နောက်ပြီးတော့ –

သမ္မာဒိဋ္ဌိပုရေဇဝံ- ဝိပဿနာ သမ္မာဒိဋ္ဌိ ရှေ့သွားရှိသော၊ ဓမ္မံ- အရိယမဂ်သမ္မာဒိဋ္ဌိကို၊ သာရထိံ- ရထားမောင်းသူဟူ၍၊ အဟံ ဗြူမိ- ငါ မိန့်ဆိုသည်တဲ့။ ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာ သမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိလို့ ၆-ပါးရှိရာမှာ ဖလသမ္မာဒိဋ္ဌိဆိုတာက မဂ်၏အကျိုးတရားပဲ၊ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဆိုတာက မဂ်ဖိုလ်ရပြီးတဲ့နောက်မှ ဖြစ်ပေါ်တဲ့ ဆင်ခြင်ဉာဏ်ပဲ၊ ဒါကြောင့် အဲဒီ ဖလသမ္မာဒိဋ္ဌိနဲ့ ပစ္စ ဝေက္ခဏာသမ္မာဒိဋ္ဌိကိုတော့ သီးသန့်ပွားစေရတာ မဟုတ်ပါဘူး။ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဆိုတာ ဘာဝနာအလုပ် အားမထုတ်မီကတည်းက ပြည့်စုံရတဲ့ သမ္မာဒိဋ္ဌိပဲ၊ ဈာနသမ္မာဒိဋ္ဌိ ဆိုတာကလည်း ဝိပဿနာ၏အခြေခံ စိတ္တဝိသုဒ္ဓိနှင့်ဆိုင်တဲ့ သမ္မာဒိဋ္ဌိပဲ။ ဒါကြောင့် အရိယမဂ် သမ္မာဒိဋ္ဌိ ဖြစ်ပေါ်အောင် အနီးကပ်အနေဖြင့် ပွားစေရတဲ့ပညာက ဝိပဿနာ- အဲဒီ ဝိပဿနာ ပညာ ပြည့်စုံလာတဲ့အခါ အရိယမဂ်ဉာဏ်ပညာဆိုတဲ့ မဂ္ဂသမ္မာဒိဋ္ဌိက သူ့အလိုလိုပင် ဖြစ်ပေါ် လာတော့တာပဲ။ ဥပမာအားဖြင့် ရဲဘော် ရဲသားတွေက လမ်းရှင်းပြီးတဲ့အခါ ဘုရင်မင်းမြတ်က ထွက်တော်မူလာသလိုပါပဲ။ ဒါကြောင့် အရိယသမ္မာဒိဋ္ဌိက နောက်လိုက် ဝိပဿနာသမ္မာ ဒိဋ္ဌိက ရှေ့သွားလို့ ဆိုပါတယ်။ ဝိပဿနာရှုခိုက်မှာ ဝိပဿနာဉာဏ်က ရှေ့ဆောင်ပြီး အခြား မဂ္ဂင်တွေကို ဖြစ်စေတယ်။ အရိယမဂ်ခဏမှာ မဂ်ဉာဏ်ကရှေ့ဆောင်ပြီး အခြားမဂ္ဂင်တွေကို ဖြစ်စေတယ်။ ဒါကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ အရိယမဂ်သမ္မာဒိဋ္ဌိကို ရထားမောင်းသူလို့ ဟောတော်မူပါတယ်။ နောက်ဆုံး ဂါထာကတော့-

 

မဂ္ဂင်ရှစ်ပါး ယာဉ်ရထားနှင့် နိဗ္ဗာန်ရောက်တယ်

 

(၃) ယဿ ဧတာဒိသံ ယာနံ၊ ဣတ္ထိယာ ပုရိသဿ ဝါ။

သ ဝေ ဧတေန ယာနေန၊ နိဗ္ဗာနဿေ၀ သန္တိကေ။

ယဿာ ဣတ္ထိယာ ဝါ- အကြင် အမျိုးသမီးအားလည်းကောင်း၊ ယဿ ပုရိသဿ ဝါ- အကြင် အမျိုးသားအားလည်းကောင်း၊ ဧတာဒိသံ ယာနံ- ဤသို့သော မဂ္ဂင်ရှစ်ပါး ယာဉ်ရထားသည်၊ အတ္ထိ- ရှိငြားအံ့၊ သ- ထိုအမျိုးသမီး အမျိုးသားသည်၊ ဧတေန ယာနေန- ဤမဂ္ဂင်ရှစ်ပါး ယာဉ်ရထားဖြင့်၊ ဝေ- စင်စစ်၊ နိဗ္ဗာနဿေ၀ သန္တိကေ- နိဗ္ဗာန်၏အထံသို့ ရောက်လေတော့သည်သာတည်း။

ဒီ နောက်ဆုံးဂါထာဖြင့် မဂ္ဂင်ရှစ်ပါး ယာဉ်ရထားရှိတဲ့သူဟာ ကျား၊ မ မရွေး နိဗ္ဗာန်သို့ ဧကန် ရောက်တယ်လို့ ဆိုပါတယ်။ ဒီတော့ နိဗ္ဗာန်ရောက်ချင်ကြရင် ဝိပဿနာမဂ္ဂင် အရင်းခံ ပြုပြီး အရိယမဂ္ဂင်ကို ပွားစေရမယ်ဆိုတာ အလွန်ပင် ထင်ရှားနေပါတယ်။

လောကမှာ ယာဉ်ရထားတစ်မျိုးမျိုးရှိလျှင် အဲဒီယာဉ်ရထားဖြင့် အလိုရှိရာအရပ်သို့ ရောက်အောင် သွားနိုင်တယ်၊ ယာဉ်ရထားမရှိဘဲ ယာဉ်ရထားအကြောင်း သိနေရုံနဲ့တော့ အလိုရှိရာအရပ်သို့ မသွားရောက်နိုင်ဘူး၊ ဒါလိုပဲ ရုပ်နာမ်တရားတွေကို သရုပ်ခွဲရုံမျှ မဂ္ဂင်တရားတွေကို သရုပ်ခွဲရုံမျှနှင့်တော့ နိဗ္ဗာန်မရောက်နိုင်ဘူး၊ တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တွေကို ရှုသိလျက် ဝိပဿနာမဂ္ဂင်ဆိုတဲ့ ယာဉ်ရထားကို ဖြစ်ပွားစေပြီး အပိုင်ရရှိထားပါမှ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကိုစီးပြီး နိဗ္ဗာန်ကိုရောက်မယ်ဆိုတာ ကိန်းသေမှတ်ထားကြရမယ်။ အဲဒီ ဂါထာ ၃-ပုဒ်ကို ဗမာလို တိုတိုနဲ့ မှတ်ရအောင် ဆောင်ပုဒ်တွေ စီထားတယ်။ အဲဒါတွေကို လိုက်ဆိုကြရမယ်။

 

ဂါထာ သုံးပုဒ်အတွက် ဆောင်ပုဒ်

 

(၁) လမ်းဖြောင့်မည်တွင်၊ ထိုမဂ်ပင်၊ ရပ်ခွင်ဘေးမဲ့ နိဗ္ဗာန်ပါ။

(၂) လုံ့လနှစ်လီ၊ ဘီးတပ်သည်၊ မမြည်ရထား ထိုမဂ်ပါ။

(၃) ရှက်ကြောက်နှစ်တန်၊ နောက်မှီခံ၊ ကာရံ အမှတ်သတိပါ။

(၄) ဝိပသ်ရှေ့သွား၊ မဂ်ဉာဏ်ကား၊ ရထားမောင်းသူ ဆိုရပါ။

(၅) ဤလိုရထား၊ ရှိသူများ ယောက်ျား မိန်းမ လူတိုင်းမှာ။

(၆) မဂ္ဂင်ယာဉ်ကြီး၊ ငြိမ့်ငြိမ့်စီး၊ အပြီးနိဗ္ဗာန် ဆိုက်ရောက်ပါ။

အဲဒီ ဂါထာ ၃-ပုဒ်တရားကို ဟောပြီးတော့ သစ္စာလေးပါးကိုလည်း ပြတော်မူပါသေး တယ်တဲ့။ အဲဒီသစ္စာလေးပါးသိပုံကိုတော့ မဂ္ဂသစ္စာပိုင်းကျမှ ထပ်ပြီးပြောရမယ်။ သမဏ နတ်သားဟာ အဲဒီတရားကိုနာရင်း ရှေးဘဝက သူနှလုံးသွင်းခဲ့တဲ့တရားကို ပြန်ပြီးနှလုံး သွင်းတယ်။ ရဟန်းဘဝတုန်းက အပြင်းအထန် ကြာမြင့်စွာ နှလုံးသွင်းအားထုတ်လို့ တရားထူးကို မရနိုင်ခဲ့ပေမယ့် နတ်ဘဝကျတော့ နတ်ရုပ်တွေက သန့်ရှင်းစင်ကြယ်တဲ့အတွက် တစ်ခဏချင်းပဲ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်းတက်ပြီးတော့ သောတာပတ္တိမဂ်ဖိုလ်ဖြင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီး သောတာပန် ဖြစ်သွားပါသတဲ့။

ဒီ သမဏနတ်သားဝတ္ထုမှာ သိစေလိုရင်းကတော့ ဝိပဿနာအလုပ်ကို အပြင်းအထန် အားထုတ်နေသော်လည်း တဏှာကင်းစေနိုင်တဲ့ အရိယမဂ်ဉာဏ်ကို မရသေးတဲ့အတွက် သေသည်၏အခြားမဲ့မှာ သမုဒယသစ္စာဆိုတဲ့ တဏှာက နတ်ဘဝကို ဖြစ်စေတယ်ဆိုတာ သိစေလိုရင်းပါပဲ။ ဒါ့ပြင် ဒီဝတ္ထုထဲမှာ မဂ္ဂင်ရှစ်ပါးပွားစေပုံနှင့် နတ်ဘဝကျတော့ အလွယ် တကူနဲ့ တရားထူးရသွားပုံဟာလည်း အထူး သတိပြုဖို့ရာပါပဲ။

ကျမ်းညွှန်း * (၁၁၃)၊ မဟာရာဟုလောဝါဒသုတ္တဝဏ္ဏနာ၊ ဘိက္ခုဝဂ္ဂ၊ မဇ္ဈိပဏ္ဏာသဋ္ဌကထာ (နှာ-၉၅)
              * (၁၉၁)၊ သောတာနုဂတသုတ္တ၊ မဟာဝဂ္ဂ၊ စတုက္ကနိပါတ၊ အင်္ဂုတ္တရပါဠိ (နှာ-၅၀၄)

 

 

ဝိပဿနာတရား အားထုတ်နေသူတို့အတွက် အားတက်စရာ

 

မှန်ကန်သည့် မဂ္ဂင်ရှစ်ပါး ဝိပဿနာလမ်းကြောင်းပေါ်မှာ တစိုက်မတ်မတ် ကြိုးစား အားထုတ်သွားပါက အများဆုံး (၇)နှစ်၊ အနည်းဆုံး (၇)ရက်ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်ပါသည်။

အကယ်၍ မရခဲ့ပါက သေခါနီးမှာကပ်ပြီး အရိယသစ္စာဉာဏ် ရနိုင်ပါသည်။ အကယ်၍ မရခဲ့ပါက ကြည်လင်သည့်စိတ်ဖြင့် စုတိစိတ်ကျပြီး နတ်ပြည်ရောက်ကာ ဓမ္မကထိက နတ်သားတို့ ဟောကြားသည့်တရားကို နားကြားရပြီး အရိယသစ္စာဉာဏ်ကို မျက်မှောက် ပြုနိုင်ပါသေးသည်။

အကယ်၍ ဓမ္မကထိကနတ်တို့နှင့် လွဲပြီး မျက်မှောက်ပြုခွင့်မရသေးပါက သာသနာပမှာ လူဖြစ်သည့်အခါ၌ ပစ္စေကဗောဓိဉာဏ်ကို ရနိုင်ပါသည်။

အကယ်၍ ပစ္စေကဗုဒ္ဓါ မဖြစ်ပါက နောင်ပွင့်လတ္တံ့သော ဘုရားလက်ထက်တွင် ဘုရားရှင်၏တရားတော် တစ်ခွန်း တစ်ပါဒ၊ တစ်ဂါထာမျှ နာကြားရုံမျှဖြင့် ခိပ္ပါဘိညာရဟန္တာဖြစ်ကာ အနုပါဒိသေသ ပရိနိဗ္ဗာန် စံဝင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ဝိပဿနာတရား အားထုတ်ခြင်းသည် ဘဝအာမခံ ကောင်းကောင်းကြီး ရှိနေပါသည်။

 

 

သာသနာတွင်း တရားထူးရခြင်း

 

မဂ္ဂင်လမ်းမှန် လျှောက်လှမ်းနေသူအတွက် အားတက်ဖွယ်ရာ တစ်နည်း ထပ်ပြပါ ဦးမည်။ ဤ လူ့ဘဝတွင် ဘုရားတရားတော်တို့ကို သင်ယူပြီး နှုတ်ဖြင့်ဆောင်ခြင်း၊ စိတ်ဖြင့် ဆင်ခြင်သုံးသပ်ခြင်း၊ ပညာဖြင့် ထိုးထွင်း သိမြင်ခြင်းရှိခဲ့သော ပုဂ္ဂိုလ်သည် ဤလူ့ဘုံမှ စုတိ၍ နတ်ဘုံသို့ ရောက်လျှင် –

(က) ရောက်လျှင်ရောက်ခြင်း မိမိ သင်ကြားဆောင်ရွက် လေ့ကျက်အားထုတ်ခဲ့သော တရားတို့ ပြန်ပေါ်ကာ တရားထူးကို ရနိုင်ပေသည်။

(ခ ) ထိုသို့နည်းဖြင့် တရားထူးမရလျှင် နတ်ပြည်ရောက်လာသော ဓမ္မကထိက ရဟန်း၏တရားကို နာရ၍ မိမိသင်ယူ လေ့ကျက် အားထုတ်သိမြင်ခဲ့ဖူးသော တရားတို့ကို ပြန်လည် အမှတ်ရကာ တရားထူးကို ရနိုင်သည်။

(ဂ ) ထိုသို့သောနည်းဖြင့် တရားထူးမရလျှင် တရားဟောတတ်သော နတ်သား တစ်ပါးပါး၏ တရားကို နာယူ၍ မိမိသင်ယူလေ့ကျက် အားထုတ် သိမြင် အပ်သော တရားတို့ကို ပြန်လည်သိမြင်ကာ တရားထူး ရနိုင်သည်။

(ဃ) ထိုသို့သောနည်းဖြင့် တရားထူးမရလျှင် နတ်သားအချင်းချင်း၏ တရားတော်ကို ပြန်လည်နှလုံးသွင်းဖို့ တိုက်တွန်းစကား ကြားရလျှင် မိမိသင်ယူ လေ့ကျက် အားထုတ် သိမြင်အပ်သော တရားတို့ကို ပြန်လည်သိမြင်ပြီး တရားထူး ရနိုင် ပေသေးသည်။

 

 

မသိငါးပါး

 

ဇီဝိတံ ဗျာဓိ ကာလော စ ၊ ဒေဟနိက္ခေပနံ ဂတိ။

မသိနိုင်သည့် တရားများမှာ –

၁။ မိမိအသက် ဇီဝိတ အဘယ်မျှနေရမည်ကို – မသိပါ။

၂။ မည်သည့်ရောဂါဖြစ်လာမည်ကို – မသိပါ။

၃။ မည်သည့်အချိန် သေရမည်ကို – မသိပါ။

၄။ မိမိရုပ်ကလာပ် စွန့်ပစ်မည့်သုသာန်ကို – မသိပါ။

၅။ လားရောက်ရမည့် ဂတိ – မသိပါ။

 

 

မာတုပေါသကဇာတ်တော်

 

မြတ်စွာဘုရားရှင်သည် မိဘကို လုပ်ကျွေးသည့် မထေရ်တစ်ပါးကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောတော်မူပါသည်။ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးမင်းပြုစဉ် ဘုရားအလောင်းတော်သည် ဟိမဝန္တာတောကြီး၌ ကြန်အင်လက္ခဏာတော်များနှင့် ပြည့်စုံသည့် ဆင်ဖြူတော် ဖြစ်နေလေသည်။ အလောင်းတော်ဆင်မင်း၏ မိခင်ဆင်မကြီးသည် အိုမင်းမစွမ်း ဖြစ်ကာ မျက်စိမမြင်ရှာပေ။ ထိုကြောင့် ဆင်မင်းသည် တောင်ခြေရှိ ပဒုမ္မာကြာတောကြီးကို မှီ၍ အမိကိုလုပ်ကျွေး ပြုစုနေရှာသည်။ တစ်နေ့၌ တောထဲတွင် မျက်စိလည်နေသည့် ဗာရာဏသီပြည်သား မုဆိုးတစ်ဦး ငိုကြွေးမြည်တမ်းနေသည်ကို ကြားရသဖြင့် အလောင်းတော် ဆင်မင်းက သူ၏ကျောကုန်းပေါ်တင်၍ လူသွားလမ်းပေါ် ပို့ဆောင်ကာ ကူညီပေးလိုက်လေသည်။

ထိုမုဆိုး ဗာရာဏသီပြည် ပြန်ရောက်ချိန်တွင် ဘုရင်မင်းကြီး၏ မင်္ဂလာဆင်တော် သေဆုံးချိန်နှင့် တိုက်ဆိုင်နေပါသည်။ ဤသတင်းစကားကို ကြားသိရသည့် မုဆိုးက ဘုရင် မင်းကြီးထံတော်ပါးမှ ဆုတော်လာဘ်တော်များ ရလိုသဖြင့် သူ့အသက်ကို ကယ်တင် ပေးခဲ့သည့် ကျေးဇူးတရားကိုပင် မထောက်ထားတော့ဘဲ နန်းတော်ကို သွားရောက်ကာ ဆင်လိမ္မာတစ်စီး ဟိမဝန္တာတောနက်ကြီးထဲ တွေ့ခဲ့ကြောင်း၊ လူနှင့် အလွန် ရင်းနှီးကြောင်း သံတော်ဦးတင်လေသည်။ ထိုအခါ ဘုရင်းမင်းကြီးက ထိုဆင်ကို ဖမ်းဆီးကာ ခေါ်ဆောင်နိုင်ရန် ဆင်ဆရာနှင့် အဖွဲ့ကို ထိုမုဆိုးထံ အပ်နှံလေသည်။

အလောင်းတော်ဆင်မင်းက သူလမ်းပြကယ်တင်ပေးခဲ့သည့် မုဆိုးဦးဆောင်သည့် လူစုလူဝေးကို မြင်ရစဉ် သူ၏နှာမောင်းဖြင့် ကစဉ့်ကလျား လွင့်စင်သွားအောင် ဆောင်ရွက် နိုင်စွမ်းပါသော်လည်း မိမိသီလပျက်မည်ကို စိုးရိမ်သဖြင့် အမျက်မထွက်ဘဲ ဆင်ဆရာနှင့် မုဆိုးများပြုသမျှကို သည်းခံရှာလေသည်။

ဗာရာဏသီနေပြည်တော်ရောက်ချိန်၌ မင်းကြီးသည် အရသာကောင်းမွန်သည့် စားစရာများကို ဆင်မင်းအား ကျွေးစေသည်။ ဆင်မင်းက မစား။ မင်းကြီးက စားရန် တိုက်တွန်း သောအခါ “မင်းကြီး စောင့်ရှောက်သူမရှိ၍ အထီးကျန်နေရစ်ခဲ့သော မျက်မမြင်မိခင်အိုသည် စဏ္ဍောရဏတောင်သို့ သွားစဉ် သစ်ငုတ်များ တိုက်မိလေတော့မည်”ဟု ဆိုလိုက်သည်။ ထိုအကြောင်းကို သိလိုက်ရသောအခါ မင်းကြီးသည် ဆင်မင်းအား ပြန်လွှတ်ပေးရန် အမိန့် ပေးလိုက်သည်။

ဆင်မင်းသည် မင်းကြီးအား တရားဟောပြီးနောက် မိခင်အိုရှိရာသို့ ပြန်လာပြီး ခုနှစ်ရက် ပတ်လုံး အစာမစားရသော မိခင်ကြီးအား ကြာစွယ်ကြာရင်းများကို ဦးစွာစားစေပါသည်။ မိခင်ကွယ်လွန်သောအခါ ကာရဏ္ဍကမည်သော သင်္ခမ်းကျောင်းမှ ရသေ့ (၅၀၀) တို့အား ဝတ်ကြီးဝတ်ငယ်များကို ပြုစုရင်း အသက်ထက်ဆုံးနေသွားခဲ့သည်။ ဇာတ်ပေါင်းသော် မင်းကြီးက အရှင်အာနန္ဒာ၊ မုဆိုးက အရှင်ဒေဝဒတ်၊ ဆင်ဆရာက အရှင်သာရိပုတ္တရာ၊ မယ်တော်ဆင်က မယ်တော်မာယာ၊ ဆင်မင်းက ဗုဒ္ဓမြတ်စွာဘုရားသခင်တည်း။

အနုရက္ခိံ မမ သီလံ ၊ နာရက္ခိံ မမ ဇီဝိတံ

သဗ္ဗညုတံ ပိယံ မယှံ ၊ တသ္မာ သီလာ နုရက္ခိသံ။

ငါသည် ငါ၏ သီလကို စောင့်ရှောက်ခဲ့၏။ ငါ၏အသက်ကို မစောင့်ရှောက်ခဲ့ချေ။ ငါသည် သဗ္ဗညုတဉာဏ်တော်ကြီးကို ချစ်မြတ်နိုးသောကြောင့် သီလကိုအသက်ပေးပြီး စောင့်ရှောက်ခဲ့ခြင်း ဖြစ်၏။

ကျမ်းညွှန်း * (၄၅၅)၊ မာတုပေါသကဇာတကဝဏ္ဏနာ၊ ဧကာဒသကနိပါတ၊ ဇာတကဋ္ဌကထာ-၄ (နှာ-၉၂)

 

 

ကာမဝစရကုသိုလ်နှင့် မဂ္ဂင်ထိုက်သည့် ကုသိုလ်

 

ဘုရားဂုဏ်တော်ပွားနေသူ၊ တရားစာပေကို စိတ်ဝင်တစား ဖတ်ရှုလေ့လာ မှတ်သား နေသူများသည် ကုသိုလ်အလုပ်ကို လုပ်နေသဖြင့် မိစ္ဆာကမ္မန္တကိုပယ်ပြီး ဖြစ်နေပါသည်။ မိစ္ဆာဝါစာနှင့် မိစ္ဆာအာဇီဝတို့ကိုလည်း ပယ်ပြီး ဖြစ်နေပါသည်။ ထို့ကြောင့် သမ္မာဒိဋ္ဌိစသည့် မဂ္ဂင် ၅-ပါး ပါဝင်နေပါသည်။

တစ်ဖန် သီလကို အထူးမဆောက်တည်ဘဲ မိဘကို ပြုစုခြင်း၊ သားသမီးကို မေတ္တာဖြင့် စောင့်ရှောက်ခြင်း ရပ်ရေးရွာရေး ပရဟိတလုပ်ငန်းတို့ကို ဆောင်ရွက်ခြင်းစသော ကာမ ဝစရကုသိုလ်ပြုရာတွင်မူ ထိုဝိရတီစေတသိက် မပါဝင်သဖြင့် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဖြစ်ပြီ သီလပြည့်စုံသည်ဟု မဆိုရပေ။

 

 

သီလသည်သာ သမာဓိ၊ ပညာ၏အခြေခံ

 

သီလကို သုတ်သင်၍ စင်ကြယ်သော သီလ၌တည်သော ယောဂီသူတော်စင်သည် ကြောင့်ကြမှု ပလိဗောဓများကို ဖြတ်ပယ်၍ မိမိ၏ စရိုက် ဝါသနာအားလျော်သော တစ်ပါး ပါးသော ကမ္မဋ္ဌာန်းပေးတတ်သော မိတ်ဆွေကောင်းကို ချဉ်းကပ်ပြီးလျှင် တစ်ပါးပါးသော ကမ္မဋ္ဌာန်းကိုယူ၍ သင့်လျော်သော နေရာ၌နေပြီး ဘာဝနာပွားခြင်း အစီအရင်များကို မယုတ် စေမူ၍ ပွားများအပ်ပေသည်။ ဤကားအကျဉ်းမျှသာ ဖြစ်ပေသည်။ သမာဓိ ဘာဝနာ ပွားနည်းအကျယ်ကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ကမ္မဋ္ဌာနနိဒ္ဒေသပိုင်းတွင် ကြည့်ရှုနိုင်ပါသည်။

 

 

သမာဓိ၏ အကျိုးအာနိသင်

 

အာရုံတစ်ခု၌ တည်ကြည်မှုသမာဓိကို ပွားစေခြင်းကြောင့် ရအပ်သော အကျိုး ငါးမျိုး ရှိပေသည်။ ယင်းငါးမျိုးမှာ –

(၁) မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာ နေရခြင်း အကျိုးရှိသည် (ဒိဋ္ဌဓမ္မသုခဝိဟာရ)

၎င်းအကျိုးမှာ ရဟန္တာအရှင်မြတ်တို့ ဈာန်ဝင်စားကြရာ တည်ကြည်သောစိတ် ရှိတော်မူကြသဖြင့် တစ်နေ့ပတ်လုံး ချမ်းသာစွာ နေကုန်အံ့ဟု နှလုံးသွင်းတော် မူကြပြီး အပ္ပနာသမာဓိကို ပွားစေတော်မူကြခြင်းသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေရခြင်း အကျိုးအာနိသင် ရှိလေသည်။

(၂) ဝိပဿနာဟူသော အကျိုးအာနိသင်ရှိသည်။ (ဝိပဿနာနိသံသ)

၎င်းအကျိုးမှာ သမာပတ်မှထ၍ တည်ကြည်သောစိတ်ဖြင့် ဝိပဿနာရှုကုန် အံ့ဟု နှလုံးသွင်းကြပြီး သမာဓိကို ပွားစေကြကုန်သော သေက္ခပုထုဇဉ်ပုဂ္ဂိုလ် တို့အား ဝိပဿနာလျှင် နီးစွာသော အကြောင်းရှိသောကြောင့် အပ္ပနာ သမာဓိ ဘာဝနာသည် ဝိပဿနာဟူသော အကျိုးအာနိသင် ရှိလေသည်။

(၃) အဘိညာဉ်ဟူသော အကျိုးအာနိသင်ရှိသည်။ (အဘိညာနိသံသ)

၎င်းအကျိုးမှာ သမာပတ် ၈-ပါးကို ဖြစ်စေသောသူသည် အဘိညာဉ်၏ အခြေတည်ရာဖြစ်သော စတုတ္ထဈာန်ကို ဝင်စား၍ သမာပတ်မှ ထလေသော အခါ တစ်ဦးတစ်ယောက်တည်းသာ ဖြစ်သော်လည်း အရာအထောင်မက ဖြစ်စေ နိုင်သော အဘိညာဉ်တို့ကို တောင့်တ၍ ဖြစ်စေသောသူအား ရှေးဘဝက ပြီးစေ အပ်သော အဘိညာဉ်ရခြင်း၏အကြောင်း အဓိကာရရှိခဲ့သော် အဘိညာဉ်လျှင် နီးစွာသောအကြောင်းရှိသောကြောင့် အပ္ပနာသမာဓိဘာဝနာသည် အဘိညာဉ် ဟူသော အကျိုးအာနိသင် ရှိပေသည်။

(၄) ဘဝအထူးသို့ ရောက်ခြင်းဟူသော အကျိုးအာနိသင်ရှိသည် (ဘဝဝိသေသာ နိသံသ) ၎င်းအကျိုးမှာ မယုတ်သောဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ဘုံ၌ဖြစ်ကုန်အံ့ဟု ဗြဟ္မာ့ပြည်၌ဖြစ်ခြင်းကို တောင့်တသော်လည်းကောင်း၊

တောင့်တသော် လည်းကောင်း ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ဈာန်သမာဓိမှ မယုတ်ကုန်သည်ဖြစ်အံ့၊ ဈာန်မလျှောသော ပုဂ္ဂိုလ်တို့၏ ဗြဟ္မာ့ပြည်ဟူသော ဘဝအထူးကို ဆောင်တတ်သည်၏ အဖြစ်ကြောင့် အပ္ပနာသမာဓိဘာဝနာသည် ဗြဟ္မာ့ပြည်ဟူသော ဘဝအထူးသို့ရောက်ခြင်း အကျိုးအာနိသင် ရှိလေသည်။ ဤ၌ ဘုရားရှင်သည် ယင်းသို့ ဟောတော်မူသော်လည်း ဥပစာရ သမာဓိ ဘာဝနာသည်လည်း ကာမ သုဂတိဟူသော ဘဝအထူးကို ဆောင်တတ်သည်ပင် ဖြစ်ပေသည်။

(၅) နိရောဓသမာပတ်ဟူသော အကျိုးအာနိသင်ရှိသည်။ (နိရောဓာနိသံသ)

၎င်းအကျိုးမှာ သမာပတ် ၈-ပါးတို့ကို ဖြစ်စေပြီး နိရောဓသမာပတ်ကို ဝင်စားကြကုန်သော အရိယာအရှင်မြတ်တို့သည် (၇)ရက်ပတ်လုံး စိတ်မရှိဘဲ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချုပ်ခြင်း၊ ငြိမ်းခြင်းသို့ရောက်၍ ချမ်းသာစွာ နေကုန်အံ့ဟု နှလုံးသွင်းတော်မူကြပြီး၊ ဈာန်သမာဓိကို ပွားစေကြကုန်၏။ ထိုအရိယာအရှင်မြတ်တို့၏ အပ္ပနာသမာဓိ ဘာဝနာသည် နိရောဓ သမာပတ် ဟူသော အကျိုးအာနိသင် ရှိပေသည်။

ဆိုလိုသည်မှာ စိတ်ချမ်းသာမှု သုခမဖြစ်လျှင် သမာဓိမရ၊ သမာဓိမရလျှင် ယထာဘူတ လမ်းမှန်ကျအောင်မသိ၊ ယထာဘူတကျအောင်မသိလျှင် မည်မျှပင် အားထုတ်သော်လည်း ဈာန် မဂ် ဖိုလ် မရနိုင်ပါ။

သုခရှိမှ သမာဓိရ၍ သမာဓိရမှ ယထာဘူတလမ်းမှန်ကျအောင် သိပြီး၊ ယထာဘူတ သိမြင်ပါမှ ဈာန်မဂ်ဖိုလ်ကို ရရှိနိုင်သည်ဖြစ်ရာ ဈာန်မဂ်ဖိုလ်ကို ရနိုင်ခြင်း၏ အနီးဆုံး အကြောင်းမှာ ယထာဘူတ သိမြင်နိုင်ခြင်းဖြစ်၍ ယင်းယထာဘူတ သိမြင်နိုင်ခြင်း၏ အနီး ကပ်ဆုံးအကြောင်းမှာ သမာဓိရရှိမှုဖြစ်ပြီး ယင်းသမာဓိရနိုင်ခြင်း၏ အနီးကပ်ဆုံး အကြောင်းမှာ စိတ်ချမ်းသာမှုသုခ ဖြစ်လေတော့သည်။

ထို့ကြောင့် အဋ္ဌကထာ၌ ချမ်းသာမှုသုခ ရှိသောလူ၏စိတ်သည် ကောင်းစွာ တည်ကြည်၏ဟူ၍လည်းကောင်း၊ ကောင်းစွာတည်ကြည်မှု သမာဓိရှိသောသူသည် ယထာဘူတ လမ်းမှန်ကျအောင် သိမြင်၏ဟူ၍လည်းကောင်း ဘုရားရှင် ဟောကြားတော်မူပါသည်။

 

စိတ်ကို အစိုးမရသူ အရူးနှင့်တူသည်

 

လောက၌ ရေတို့မည်သည် အတားအဆီးမရှိ အလွတ်ထားခဲ့လျှင် နိမ့်ရာသို့ စီးဆင်းမြဲ ဓမ္မတာဖြစ်သည်။ ထို့အတူ သတ္တဝါတို့၏ စိတ်မည်သည်လည်း အာရုံတစ်ခု၌ တည်ကြည်မှု ရအောင်မလုပ်ဘဲ လွှတ်ထားခဲ့လျှင် မကောင်းရာသို့သာ တွင်တွင်သွားမြဲ ဓမ္မတာဖြစ်သည်။ ထို့ကြောင့်ပင် ‘ပါပသ္မိံ ရမတေ မနော’ = စိတ်သည် မကောင်းရာ၌သာလျှင် မွေ့လျော်တတ်၏’ ဟု ဓမ္မပဒပါဠိတော်၌ ဗုဒ္ဓဟောတော်မူခဲ့ပေသည်။

ထို့ပြင် ‘ပုထုဇ္ဇနော ဥမ္မတ္တကော’ ဟု အဆိုအမိန့်ရှိသည်နှင့်အညီ ပုထုဇဉ်သတ္တဝါတို့၏ စိတ်သည် စိတ်ရူးစိတ်နောက် စိတ်လေစိတ်လွင့်မျိုးသာ ဖြစ်သည်။ လောကတွင် စိတ်မနှံ့သော အရူးများသာမက လူကောင်းသူကောင်းဟု အများက အသိအမှတ်ပြုခြင်းခံရသော သူတို့သည်ပင် သမာဓိကို ပြုစုပျိုးထောင်ခြင်းမရှိပါက စိတ်ကို အစိုးမရသော အရူးတို့သာ ဖြစ်ကြ လေသည်။

စိတ်သည် တံခါး ၆-ပေါက် တို့၏ အနီးအပါး ဥပစာ၌ အာရုံ ၆-ပါးသို့ ပြေးသွား လွင့်ပါးလေ့ရှိသည်။ ပမာပြရသော် စိတ်မနှံ့သူတစ်ဦးသည် ထမင်းစားချိန်မှန်းမသိ၊ ရောက်မိ ရောက်ရာသွားလာ၍ နေတတ်ပေသည်။ သက်ဆိုင်ရာ အုပ်ထိန်းသူများက ချော့မော့၍ ထမင်း ကျွေးသောအခါ ငါးလုပ်၊ ခြောက်လုပ်မျှ မျိုမိ၊ စားမိလျှင် ထမင်းပန်းကန်ကို သွန်မှောက်၍ ထသွားပေလိမ့်မည်။ ထမင်းကို ဝအောင်စားလိုမှ စားပေလိမ့်မည်။ ထမင်းစားရာ၌ ပြီးစီးရုံမျှပင် စိတ်ကို အစိုးရခြင်း မရှိပေ။ စကားပြောဆိုရာ၌လည်း စကားဝါကျတစ်ခု ချောမောရုံမျှပင် စိတ်ကို အစိုးမရပေ။ အစတစ်ခြား၊ အလယ်တစ်ခြား၊ အဆုံးတစ်ခြား အမြီးအမောက် မတည့်သော စကားများသာ ဖြစ်နေတတ်ပေသည်။

ထို့အတူ သတ္တဝါတို့၏ စိတ်သည်လည်း ဘုရားကို ရှိခိုးမည်။ ဘုရားဂုဏ်ကို ကြည်ညို သောအလုပ်ကို ငါလုပ်မည်ဟု ဦးတည်ကြပါလျက် စိတ်ကို အစိုးမရကြသည့်အတွက် ‘ဣတိပိသော’ တစ်ပုဒ်ဆုံးသည့်တိုင်အောင် ဘုရားဂုဏ်တော်၌ စိတ်ကို တည်ငြိမ်စွာနေအောင် အစိုးမရကြပေ။ ဘုရားကို လွှတ်၍ ထိုထိုအာရုံတစ်ပါးသို့ အခါများစွာ ထွက်သွား လွင့်ပါးလျက် ရှိကြပေသည်။ ထိုကဲ့သို့ ဖြစ်ရသည်မှာ မိမိ၏စိတ်ကို အစိုးတရဖြစ်အောင် သမာဓိကို မထူ ထောင်ကြသောကြောင့် ဖြစ်သည်။

 

ယော စ သမထေ အကတာဓိကာရော၊ တဿ ဒုက္ခာ ပဋိပဒါ ဟောတိ၊ ကတာဓိကာရဿ သုခါ။

ယော ပန ဝိပဿနာယ အကတာဓိကာရော ဟောတိ၊ တဿ ဒန္ဓာ အဘိညာ ဟောတိ၊ ကတာဓိကာရဿ ခိပ္ပါ။

 

တရားအားထုတ်ရာတွင် ပုဂ္ဂိုလ်လေးမျိုး ရှိနိုင်ပါသည်။

၁။ ရှေးရှေးဘဝများက သမထနှင့် ဝိပဿနာတို့ကို အားမထုတ်ခဲ့ဖူးသည့် ပုဂ္ဂိုလ်သည် တရားရှုမှတ်ရာ၌ ပင်ပန်းငြိုငြင်ပြီး ဝိပဿနာဉာဏ် တိုးရာ၌လည်း နှောင့်နှေးတတ် ပါသည်။

၂။ ရှေးရှေးဘဝများက သမထတရားကိုသာ အားထုတ်ဖူးပြီး ဝိပဿနာတရားကို အားမထုတ်ဖူးသူမှာမူ တရားရှုပွားရာ၌ မပင်ပန်းသော်လည်း ဝိပဿနာဉာဏ်တိုးရာ၌ နှောင့်နှေးတတ်ပါသည်။

၃။ ရှေးရှေးဘဝများက သမထကို အားမထုတ်ခဲ့သော်လည်း ဝိပဿနာတရားကိုသာ အားထုတ်ခဲ့ဖူးပါက တရားအားထုတ်ရာ၌ ပင်ပန်းပါသော်လည်း တရားအသိဉာဏ် တိုးရာ၌မူ မြန်ဆန်သည်။

၄။ ရှေးရှေးဘဝများက သမထ၊ ဝိပဿနာတရား နှစ်ပါးစုံ လေ့ကျင့်ခဲ့ဖူးသည့် ပုဂ္ဂိုလ် အဖို့မှာမူ ချမ်းချမ်းသာသာ အားထုတ်နိုင်သကဲ့သို့ မြန်မြန်ဆန်ဆန်လည်း ဉာဏ်မြင် တိုးပါသည်။

ကျမ်းညွှန်း * ဓမ္မသင်္ဂဏီအဋ္ဌကထာအတွဲ(၁)(နှာ-၂၂၈)

 

 

 

တရားနာရသည့် အကျိုး

 

တရားနာရသည့်အကျိုး ၅-ပါး ရှိပါသည်။ ၎င်းတို့မှာ –

မကြားဖူးကြား၊ ကြားဖူးစင်ကြယ်၊ ယုံမှားဖွယ်ပျောက်၊ အယူဖြောင့်သူ၊ စိတ်ကြည်ဖြူ၊ တရားနာကျိုး ငါးပါးတည်း။

 

 

သမ္မာဝါယာမ = သမ္မပ္ပဓာန် ၄ ပါး = Right Effort

 

သမ္မာဝါယာမဟူသည် –

အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယ ဝါယာမော။

မိမိသန္တာန်၌ မဖြစ်ဖူးသေးသည့် အကုသိုလ်တရားတို့ကို မဖြစ်အောင် အားထုတ်မည်။

ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယာမော။

မိမိသန္တာန်၌ ဖြစ်ဖူးသည့် အကုသိုလ်တရားတို့ကို ပယ်နိုင်အောင် အားထုတ်မည်။

အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ဝါယာမော။

မိမိသန္တာန်၌ မဖြစ်ဖူးသေးသည့် ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာရအာင် အားထုတ်မည်။

ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော။

မိမိသန္တာန်၌ ဖြစ်ဖူးသည့် ကုသိုလ်တရားတို့ကို လွန်စွာ တိုးပွားလာအောင် အားထုတ်မည်။

 

 

မှတ်သားရန် လင်္ကာ

 

ပြုခဲ့မိပြီး အကုသိုလ်ကို၊ ပြန်ပြောင်းတွေးထင် မနေရပေ။

ပူလောင်စေသည့် အကုသိုလ်မျိုး၊ မပြုလုပ်ဘဲ နေကြလေ။

ပြုခဲ့မိပြီး ကုသိုလ်စုကို၊ ပြန်ပြောင်းတွေးထင် နှလုံးသွင်းလေ။

မပြုသေးသည့် ကုသိုလ်စုကို၊ များများ ဖြည့်ကျင့်ပြုပါလေ။

 

 

 

ဝိပဿနာ အားထုတ်နေသည့်ယောဂီများ မှတ်ရန်ဆယ့်တစ်တန်

 

အတီတာ နာဂတ ပစ္စုပ္ပန္နံ ၊ အဇ္ဇတ္တံ ဝါ ဗဟိဒ္ဓါ ဝါ

သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ။

လင်္ကာမှာ – တွင်း ပြင် ဝေး နီး၊ ကြမ်း နု ကောင်း ညံ့ ၊ တိတ် နာဂတ် ပစ္စုပ္ပန်၊ မှတ်ရန် ဆယ့်တစ်တန်။

 

 

 

ဤသာသနာတော်သည် ရှေးဘုန်းရှေးကံ အသိဉာဏ်နှင့် သဒ္ဓါတရားရှိသူတို့အတွက်သာ

 

သာသနံ ဘဂဝန္တဿ၊ ဘဂဝန္တာ၀ နာယကာ။

ပူဇကာ ဉာဏဝန္တာဝ၊ သဒ္ဓါဝန္တာ၀ ပဂ္ဂဟာ။

 

မြတ်စွာဘုရားရှင်၏ သာသနာတော်ကို ရှေးဘုန်းရှေးကံရှိသည့် ပုဂ္ဂိုလ်တို့ကသာ ဦးဆောင်ဦးရွက် ပြုနိုင်ကြပေသည်။

မြတ်စွာဘုရားရှင်၏ သာသနာတော်ကို အသိဉာဏ်ပညာရှိသည့် ပုဂ္ဂိုလ်တို့ကသာ မြတ်နိုးကော်ရော် ပူဇော်နိုင်ကြပေသည်။

မြတ်စွာဘုရားရှင်၏ သာသနာတော်ကို သဒ္ဓါတရားရှိကြသည့် ပုဂ္ဂိုလ်တို့ကသာ အားပေးပင့်ထောက် ချီးမြှောက်နိုင်ကြပေသည်။

ကျမ်းညွှန်း * ရွှေဟင်္သာဆရာတော်ကြီး၏ ထေရုပ္ပတ္တိ

 

 

 

ကုသိုလ် အကုသိုလ်အကြောင်း သိကောင်းစရာ

 

‘လောဘော ခေါ ဝစ္ဆ အကုသလံ၊ အလောဘော ကုသလံ၊ ဒေါသော ခေါ ဝစ္ဆ အကုသလံ၊ အဒေါသော ကုသလံ၊ မောဟော ခေါ ဝစ္ဆ အကုသလံ၊ အမောဟော ကုသလံ။ ဣတိ ခေါ ဝစ္ဆ ဣမေ တယော ဓမ္မာ အကုသလာ တယော ဓမ္မာ ကုသလာ’

ပါဏာတိပါတော ခေါ ဝစ္ဆ အကုသလံ ပါဏာတိပါတာ ဝေရမဏီ ကုသလံ၊ အဒိန္နာဒါနံ ခေါ ဝစ္ဆ အကုသလံ အဒိန္နာဒါနာ ဝေရမဏီ ကုသလံ၊ ကာမေသုမိစ္ဆာစာရော ခေါ ဝစ္ဆ အကုသလံ၊ ကာမေသုမိစ္ဆာစာရာ ဝေရမဏီ ကုသလံ၊ မုသာဝါဒေါ ခေါ ဝစ္ဆ အကုသလံယ မုသာဝါဒါ ဝေရမဏီ ကုသလံ၊ ပိသုဏာ ဝါစာ ခေါ ဝစ္ဆ အကုသလံ၊ ပိသုဏာယ ဝါစာယ ဝေရမဏီ ကုသလံ၊ ဖရုသာ ဝါစာ ခေါ ဝစ္ဆ အကုသလံ၊ ဖရုသာယ ဝါစာယ ဝေရမဏီ ကုသလံ၊ သမ္ဖပ္ပလာပေါ ခေါ ဝစ္ဆ အကုသလံ၊ သမ္ဖပ္ပလာပါ ဝေရမဏီ ကုသလံ၊ အဘိဇ္ဈာ ခေါ ဝစ္ဆ အကုသလံ၊ အနဘိဇ္ဈာ ကုသလံ၊ ဗျာပါဒေါ ခေါ ဝစ္ဆ အကုသလံ၊ အဗျာပါဒေါ ကုသလံ၊ မိစ္ဆာဒိဋ္ဌိ ခေါ ဝစ္ဆ အကုသလံ သမ္မာဒိဋ္ဌိ ကုသလံ။ ဣတိ ခေါ ဝစ္ဆ ဣမေ ဒသ ဓမ္မာ အကုသလာယ ဒသ ဓမ္မာ ကုသလာ။

ဝစ္ဆ လိုချင်မှု ‘လောဘ’သည် အကုသိုလ်တည်း၊ မလိုချင်မှု ‘အလောဘ’သည် ကုသိုလ်တည်း။ ဝစ္ဆ ပြစ်မှားမှု ‘ဒေါသ’သည် အကုသိုလ်တည်း၊ မပြစ်မှားမှု ‘အဒေါသ’သည် ကုသိုလ်တည်း။ ဝစ္ဆ တွေဝေမှု ‘မောဟ’သည် အကုသိုလ်တည်း၊ မတွေဝေမှု ‘အမောဟ’သည် ကုသိုလ်တည်း။ ဝစ္ဆ ဤသို့လျှင် ဤသုံးပါးကုန်သော တရားတို့သည် အကုသိုလ်တို့တည်း၊ ဤသုံးပါးကုန်သော တရားတို့သည် ကုသိုလ်တို့တည်း။

ဝစ္ဆ အသက်သတ်ခြင်းသည် အကုသိုလ်တည်း၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ် ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ မပေးသောဥစ္စာကို ခိုးယူခြင်းသည် အကုသိုလ်တည်း၊ မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ် ခြင်းသည် ကုသိုလ်တည်း၊ ဝစ္ဆ ကာမဂုဏ်တို့၌ မှောက်မှားသောအကျင့်သည် အကုသိုလ်တည်း၊ ကာမဂုဏ် တို့၌ မှောက်မှားသောအကျင့်မှ ရှောင်ကြဉ်ခြင်းသည် ကုသုလ်တည်း။ ဝစ္ဆ မဟုတ်မမှန် ပြောဆိုခြင်းသည် အကုသိုလ်တည်း။ ဝစ္ဆ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ ကုန်းတိုက်စကား ပြောဆိုခြင်းသည် အကုသိုလ်တည်း။ ကုန်းတိုက်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း သည် ကုသိုလ်တည်း။ ဝစ္ဆ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းသည် အကုသိုလ်တည်း။ ကြမ်းတမ်းသော ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ အဖျင်းပြောခြင်းသည် အကုသိုလ်တည်း။ အဖျင်းပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ သူတစ်ပါး ဥစ္စာကို ရှေးရှုကြံစည်ခြင်းသည် အကုသိုလ်တည်း။ ဝစ္ဆ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ သတ္တဝါတို့ကို ပျက်စီးစေလိုခြင်းသည် အကုသိုလ် တည်း။ ဝစ္ဆ သတ္တဝါတို့ကို ပျက်စီးစေလိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ မှားသောအမြင်သည် အကုသိုလ်တည်း။ မှန်သောအမြင်သည် ကုသိုလ်တည်း။ ဝစ္ဆ ဤသို့လျှင် ဤဆယ်ပါးသော တရားတို့သည် အကုသိုလ်တို့တည်း၊ ဆယ်ပါးသော တရားတို့သည် ကုသိုလ် တို့တည်း။

 

မှတ်ရန်လင်္ကာ

(သတ် ခိုး ကာမ ဤသုံး၀ ကာယဒုစရိုက်)

(လိမ်ညာ ဂုံးချော ကြမ်းတမ်း ပိန်ဖျင်း ဝစီဒုစရိုက်)

(အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိ ခေါ်မှတ် မနောဒုစရိုက်)

ကျမ်းညွှန်း * (၁၉၃)၊ မဟာဝစ္ဆသုတ္တ၊ ပရိဗ္ဗာဇကဝဂ္ဂ၊ မဇ္ဈိမပဏ္ဏာသပါဠိ (နှာ- ၁၅၇) (မြန်မာပြန် -နှာ- ၁၆၆ – ၁၆၇)

 

 

 

ကုသိုလ်၏ လက္ခဏာ

 

အနဝဇ္ဇသုခဝိပါကလက္ခဏာ ကုသလာ = အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာ။

ကုသိုလ်ဆိုတာ၊ ပြုဆဲမှာ မှန်စွာပြစ်ကင်းသည်။

ပြုပြီးနောက်ခါ ကောင်းကျိုးသာ၊ မှန်စွာဖြစ်စေသည်။

 

အကုသိုလ်၏ လက္ခဏာ

 

သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာ အကုသလာ = အပြစ်နှင့်တကွဖြစ်ပြီး မကောင်းကျိုး ပေးခြင်းလက္ခဏာ။

အကုသိုလ်ဟာ၊ ပြုဆဲမှာ မှန်စွာအပြစ်ရှိသည်။

ပြုပြီးနောက်ခါ ဆိုးကျိုးသာ၊ မှန်စွာဖြစ်စေသည်။

 

 

ကုသိုလ် ၊ အကုသိုလ် ၊ ဝိပါက် ကြိယာ အဗျာကတ

 

အဗျာကတဟူသည် ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်း မဟုတ်သည့်တရားကို အဗျာကတတရားဟု ခေါ်ပါသည်။ အဘိဓမ္မာ၌ စိတ်စုစုပေါင်း ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ်က ၂၈-ပါးနှင့် နိဗ္ဗာန်ဟူ၍ ပရမတ္ထတရား-၄-ပါး ရှိ၏။

စိတ် ၈၉-ပါးထဲက ကုသိုလ်စိတ် ၂၁-ပါးနှင့် အကုသိုလ်စိတ် ၁၂-ပါးကို နုတ်ပါက ဝိပါက်စိတ် ၃၆-ပါး နှင့် ကြိယာစိတ် -၂၀ ရပါသည်။ ဤ (၃၆ + ၂၀ = ၅၆) ပါးက အဗျာ ကတတရားဖြစ်၏။

ထိုဝိပါက်စိတ်နှင့် ကြိယာစိတ်၌ ယှဉ်သည့် စေတသိက် ၃၈-ပါးကလည်း အဗျာကတ တရားပင် ဖြစ်သည်။

ရုပ် -၂၈ ပါးနှင့် နိဗ္ဗာန်ကလည်း အဗျာကတတရားပင် ဖြစ်သည်။ ဝိပါက်က အကျိုး တရား လုံ့လ ပယောဂ ဗျာပါရ မရှိတဲ့တရား။ ကုသိုလ် အကုသိုလ်မဟုတ်သည့် တရား ဖြစ်သဖြင့် အဗျာကတတရား ဖြစ်သည်။

ထိုကြောင့် ရုပ်လည်း အဗျာကတ။ ဝိပါက်စိတ်လည်း အဗျာကတ။ ကြိယာစိတ်လည်း အဗျာကတ ဝိပါက်ကြိယာစိတ်မှာ ယှဉ်သည့် စေတသိက် ၃၈-ပါးလည်း အဗျာကတ။ နိဗ္ဗာန် ကလည်း အဗျာကတ ဖြစ်ပါသည်။

ထို့ကြောင့် ပဋ္ဌာန်းတွင် –

ကုသိုလ်က ဝိပါက်ကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက ကု – ဗျာ

ကုသိုလ်က ရုပ်ကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက ကု – ဗျာ

ကုသိုလ်က ကြိယာကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက ကု – ဗျာ ရပါမည်။

အကုသိုလ်က ဝိပါက်ကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက အကု-ဗျာ

အကုသိုလ်က ရုပ်ကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက အကု-ဗျာ

အကုသိုလ်က ကြိယာကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက အကု-ဗျာ ရပါမည်။

ရဟန္တာပုဂ္ဂိုလ်က ဒီဘဝမှာဖြစ်စေ ဘဝါ ဘဝကဖြစ်စေ ပြုခဲ့ပြီးသည့် ဒါန သီလ စသည့် ကောင်းမှုကို ဆင်ခြင်ပါက –

မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ဖြစ်သောကြောင့် ကု – ဗျာ

ပုထုဇဉ်က သူပြုခဲ့ပြီးသည့် ဒါန၊ သီလစသည်တို့ကို ဆင်ခြင်ပါက ကု – ကု

ကုသိုလ်ကောင်းမှုပြုပြီး မာနတက်နေပါက ကု – အကု ရပါမည်။

 

သုတမယ အနုမာနသိဒ္ဓိ

 

အကြားအမြင်များပြီး ဆင်ခြင်တတ်သည့် ဉာဏ်ရှိသည့် ကလျာဏပုထုဇဉ်များက နိဗ္ဗာန် တရားတော်ကို မှန်းဆသိနိုင်သည့် အနုမာနသိဒ္ဓိအားဖြင့် ရှိသည်ဟု သိကြပါသည်။

အနုမာနသိဒ္ဓိဟူသည် (၁) သုတမယ အနုမာနသိဒ္ဓိ (၂) စိန္တာမယ အနုမာနသိဒ္ဓိ (၃) ဘာဝနာမယ အနုမာနသိဒ္ဓိဟူ၍ သုံးပါးရှိပါသည်။

(၁) ယခုကဲ့သို့ သာသနာတော်မြတ်နှင့် ကြုံကြိုက်ရပြီး ဘုရားရှင်၏တရားတော်ကို ကြားနာရပြီး နိဗ္ဗာန်တရားတော်၏ ထင်ရှားရှိသည့်အဖြစ်ကို စီစစ်ဆင်ခြင်ကြသည့် ကလျာဏ ပုထုဇဉ်များမှာ သုတမယ အနုမာနသိဒ္ဓိ ဖြစ်ပါသည်။

 

 

စိန္တာမယ အနုမာနသိဒ္ဓိ

 

(၂) သုမေဓာ ပညာရှိပမာ ဘာမျှ မကြားမနာရသော်လည်း နိဗ္ဗာန်တရား ထင်ရှား ရှိ၏ဟု ကြံဆသောအခါ စိန္တာမယအနုမာနသိဒ္ဓိ ဖြစ်ပါသည်။ သုမေဓာပညာရှိသည် ဆိတ်ငြိမ်ရာ ချဉ်းကပ်ပြီး ဒုက္ခရှိပါက သုခရှိရမည်။ ဘဝသုံးပါးမည်သော သံသရာရှိပါက ဤဘဝသုံးပါးမှတပါးဖြစ်သည့် နိဗ္ဗာန်ရှိရမည်။ လောက၌ အပူရှိပါက အအေးရှိရမည်၊ ဇာတိ ဇရာ မရဏ မီးသုံးပါးရှိပါက ထိုမီးသုံးပါးတို့၏ ငြိမ်းရာအေးရာ နိဗ္ဗာန် ထင်ရှားရှိရမည်ဟု ကြံဆနိုင်ခြင်းသည် စိန္တာမယ အနုမာနသိဒ္ဓိ ဖြစ်ပါသည်။

 

 

ဘာဝနာမယ အနုမာနသိဒ္ဓိ

 

(၃) ဘာဝနာမယ အနုမာနသိဒ္ဓိမည်သည် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာ၊ ဤဥပါဒါနက္ခန္ဓာ ငါးပါး၌ စွဲလမ်းကပ်ငြိသည့် တဏှာက သမုဒယသစ္စာ။ ဤတရား ၂-ပါးမရှိရာ အမြိုက်နိဗ္ဗာန်က နိရောဓသစ္စာ။ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်တရားကိုယ်ရှစ်ပါးသည် မဂ္ဂ သစ္စာဖြစ်သည်ဟု စတုသစ္စကမ္မဋ္ဌာန်းကို စီးဖြန်းသည့် ယောဂီများမှာ ယင်းသစ္စာသုံးပါး ထင်ရှားရှိသကဲ့သို့ နိရောဓသစ္စာလည်း ပရမတ္ထအားဖြင့် ထင်ရှားရှိမှုကို ဆင်ခြင်ခြင်းသည် ဘာဝနာမယ အနုမာနသိဒ္ဓိ ဖြစ်ပါသည်။

 

မဂ်ဉာဏ်က ကိလေသာကို ပယ်သတ်သည်

 

န ဟိ အတီတေ ကိလေသေ ပဇဟတိ။

န အနာဂတေ ကိလေသေ ပဇဟတိ။

န ပစ္စုပ္ပန္နေ ကိလေသေ ပဇဟတိ။

မဂ်ဉာဏ်ဖြင့် ကိလေသာကို ပယ်သတ်သည်ဆိုရာဝယ် ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ ကိလေသာတို့ကို ပယ်ခြင်း မဟုတ်ပါပေ။ ကိလေသာအသီး မသီးတော့အောင် မျိုးစေ့ဖြစ်သည့် အဝိဇ္ဇာ၊ တဏှာကံတို့ကို သတ်ပစ်ခြင်းသာ ဖြစ်ပါတော့သည်။

 

 

မဂ္ဂင်လမ်း၏ အမည်ကွဲများ

 

Middle way.     = မဇ္ဈိမပဋိပဒါ အလယ်လမ်း

Noble practice. = ဗြဟ္မစရိယအကျင့်

Deathless path. = အမတဂါမိမဂ္ဂ၊ မသေရာလမ်း

Ever truth .       = သမ္မတ္တ၊ မဖေါက်မပြန်မှန်ကန်သည်

ကျမ်းညွှန်း * (၂၁)၊ အဘိသမယကထာ၊ ပညာဝဂ္ဂ၊ ပဋိသမ္ဘိဒါမဂ္ဂပါဠိ (နှာ-၃၉၄)

 

 

မဂ္ဂပစ္စည်း၏ သင်္ချာ

မဂ္ဂပစ္စည်း၏ သင်္ချာမှာ – ၇ ဖြစ်ပါသည်။ ထို့ကြောင့် “မဂ္ဂေ သတ္တ” ဟု မှတ်သားနိုင် ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

 

ကုသလ သင်္ချာ-၃

(၁) ကု – ကု (၂) ကု – ဗျာ (၃) ကု -ကု၊ ဗျာ

အကုသလ သင်္ချာ-၃

(၁) အကု -အကု (၂) အကု – ဗျာ (၃) အကု – အကု၊ ဗျာ

အဗျာကတ သင်္ချာ-၁

(၁) ဗျာ – ဗျာ

 

 

 

Mind to Mind-Matter

 

မဂ္ဂပစ္စည်းသည် နာမ်တရားက နာမ်ရုပ်တရား (Mind to Mind-Matter) ကို ကျေးဇူး ပြုသောပစ္စည်း ဖြစ်သည်။

 

 

 

ပစ္စယဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန္နဟူသော အကျိုးတရား

 

ပစ္စယဟူသော အကြောင်းတရားမှာ – ၁- သမ္မာဒိဋ္ဌိ၊ ၂- သမ္မာသင်္ကပ္ပ၊ ၃- သမ္မာဝါစာ၊ ၄- သမ္မာကမ္မန္တ၊ ၅-သမ္မာ အာဇီဝ၊ ၆-သမ္မာဝါယာမ၊ ၇-သမ္မာသတိ၊ ၈-သမ္မာသမာဓိ၊ ၉-မိစ္ဆာဒိဋ္ဌိမဂ္ဂင်တို့ ဖြစ်သည်။ ထိုမဂ္ဂင်တို့၏ တရားကိုယ်မှလည်း ၉-ပါး ဖြစ်၏။ ၎င်းတို့မှာ (ပညာ၊ ဝိတက်၊ ဝိရတီ-၃ပါး၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာနှင့် ဒိဋ္ဌိ)တို့ ဖြစ်ပါသည်။

ပစ္စယုပ္ပန္နဟူသော အကျိုးတရားမှာ – သဟိတ်စိတ်-၇၁ပါး၊ စေတသိက်-၅၂ပါး၊ သဟိတ် စိတ္တဇရုပ်နှင့် သဟိတ် ပဋိသန္ဓေကမ္မဇရုပ်တို့ ဖြစ်ပါ သည်။ မဂ္ဂပစ္စည်းသည် သဟဇာတမျိုး၌ ပါဝင်၏။

 

 

သဟဇာတအငယ်ပစ္စည်း ၇-ပါး

 

မဂ္ဂပစ္စည်းသည် သဟဇာတမျိုး ဖြစ်ပါသည်။ သဟဇာတတွင် သဟဇာတအကြီး၊ သဟဇာတအလတ်နှင့် သဟဇာတအငယ်ဟူ၍ရှိရာ မဂ္ဂပစ္စည်းသည် သဟဇာတအငယ်ပစ္စည်း ၇-ပါးထဲတွင် ပါဝင်ပါသည်။ ၎င်းတို့မှာ-

၁။ ဟေတု           

၂။ သဟဇာတာဓိပတိ

၃။ သဟဇာတကမ္မ   

၄။ နာမ်အာဟာရ

၅။ သဟဇာတိန္ဒြိယ   

၆။ ဈာနနှင့်

၇။ မဂ္ဂတို့ ဖြစ်ပါသည်။

 

 1,102 total views,  1 views today