ရှေးရှေးအခါကာလမှသည် ယနေ့တိုင် ပညာသင်ကြားလိုသူက ပညာသင်ကြား ပေးနိုင်မည့် ဆရာ့ထံပါးချဉ်းကပ်ကာ သင်ယူကြရပါသည်။ ဒိသာပါမောက္ခဆရာကြီး များရှိရာသို့ မင်းညီမင်းသားများ၊ ပုဏ္ဏားပညာရှိတို့၏သားများ ပညာသင်သွားကြ ကြောင်း နှင့် ဆရာကြီးသည် တပည့်များကို အဠာရသ ဆယ့်ရှစ်ရပ်သောပညာရပ် သင်ကြားပေးကြောင်း ဗုဒ္ဓဝင်များ၌ ဖတ်ရှုရပါသည်။ ရှေးဂရိနှင့် ရောမခေတ်တွင်လည်း အသိပညာရှာမှီးလိုသူများသည် ပညာရှင်များ ဟောပြောဆွေးနွေးကြမည့် လူစည်ကား ရာ ဈေးကဲ့သို့သော နေရာများ၌ သွားရောက်ကာ နာကြားသင်ယူကြရကြောင်း မိမိတို့၏ ဘဝအတွေ့အကြုံများအရလည်း သိရှိထားကြပြီးဖြစ်ပါသည်။
သို့သော် ယနေ့ကာလ၌မူ အစဉ်အလာအတိုင်း ပညာသင်ကြားရခြင်းမဟုတ် တော့ဘဲ ခေတ်စနစ်အရ နည်းပညာတိုးတက်ပြောင်းလဲလာခြင်းကြောင့် Online Education ခေတ်ရောက်လာပေပြီ။ အမိမြန်မာမြေမှ ကျောင်းသားလူငယ်များအတွက် တိုင်းပြည်ဆင်းရဲသောကြောင့် မိမိတို့နှင့် အလှမ်းဝေးလှပါပကောဟု အားငယ် ညည်းညူရန် လိုတော့မည်မဟုတ်ပါ။ မကြာတော့သော ကာလတိုအတွင်း၌ မြန်မာ လူငယ်အများစုသည် Online ပညာရေးဖြင့် ဧကန်မုချ ပညာသင်ကြားရတော့မည်။ ယနေ့လည်း လူငယ်မောင်မယ်အများ အင်တာနက်ကို အသုံးပြုနေပါသော်လည်း ရည်ရွယ်ချက်မှန်မှန်ကန်ကန် အသုံးပြုသည့်ဦးရေ နည်းပါးနေသေးသည်ဟု ထင်ပါ သည်။ အကြောင်းမှာ အင်တာနက်ကို မှန်မှန်ကန်ကန် အသုံးပြုရန် ပညာရေးမှုအပိုင်း၌ အားနည်းခြင်း၊ အသုံးချမှုနှင့် အားပေးအားမြှောက်မှုအပိုင်းတွင်းလည်း အားနည်း နေသေးသောကြောင့် ဖြစ်ပေလိမ့်မည်။ Online ပညာရေးဟူသည် စာသင်ခန်းကို သွားရခြင်း၊ ဆရာ့ထံပါးသွားရခြင်း၊ ကျောင်းတက်ချိန် သီးခြားပေးရခြင်း မရှိတော့ဘဲ မိမိလေ့လာသင်ကြားလိုသည့် Website ရှိရာသို့သာ ဝင်ရောက်လေ့လာသင်ယူရခြင်း ဖြစ်ပါသည်။ ယနေ့မြန်မာနိုင်ငံနှင့် ဆီလျှော်သည့် ဥပမာပြရပါသော် မြန်မာနိုင်ငံရှိ မထင်ရှားလှသည့် မြို့၏အစွန်၌ ဖွင့်ထားသည့် အင်တာနက်ဆိုင်တစ်ဆိုင်မှ လိုရာ Website ထဲဝင်ကာ ကာလတန်ကြေးမြင့်မားပြီး ရှားပါးလှသည့် မြန်မာစာအုပ် တစ်အုပ်ကို စာအုပ်ဆိုင်လည်းမသွားရ စာအုပ်တန်ဖိုးလည်းမပေးချေရဘဲ တစ်ခဏ အတွင်းပိုင်ဆိုင်နိုင်မည်။
စာပို့သမားကို စောင့်မျှော်နေရန်မလိုဘဲ ကမ္ဘာတစ်ခြမ်းမှ အခြားကမ္ဘာ တစ်ခြမ်းသို့ပင် တစ်ခဏတာကာလတိုအတွင်း စာများ၊ ဓာတ်ပုံများကို ပေးပို့နိုင်၊ ရယူနိုင်ပါသည်။ တီဗ္ဗီ၊ ရေဒီယို သတင်းလွင့်ချိန်ကို စောင့်ဆိုင်းကာ သတင်းနားထောင် ရန် မလိုအပ်တော့ဘဲ မိမိအားလပ်ချိန်၌ သင်ဆိုင်ရာ Website ဝင်ကာ ကြည့်ရှု နားထောင်နိုင်ပါသည်။ ထို့ကြောင့် သတင်းစာကို စားပွဲပေါ်တွင် အထပ်လိုက်တင်ကာ စုဆောင်းရန်မလိုတော့ဘဲ ကြည့်လိုသည့်အချိန်၊ ရည်ညွန်းကိုးကားလိုသည့် အချိန်တိုင်း Website ထဲဝင်ကြည့်နိုင်ပါသည်။
Smart Phone သို့မဟုတ် Tablet တွင် စာအုပ်စာတမ်း မှတ်စုမှတ်ရာ အမြောက်အများကိုလည်း မလေးမပင် မထုပ်မပိုးရဘဲ မိမိသွားလိုရာ သယ်ယူနိုင်ပါသည်။
ယနေ့ကမ္ဘာသုံး အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမည်ဆိုလျှင်မှု အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံရှိ နာမည်ကျော်ကြားသည့် တက္ကသိုလ်မှ ပါမောက္ခကြီး တစ်ဦး၏ သင်ကြားပို့ချချက်ကိုပင် ကြည့်ရှုနားထောင်ကာ လေ့လာနိုင်ပါသည်ဟူသော ဆရာတော်၏စကားသည် ယုံတမ်းစကားမဟုတ်တော့ပါ။ သို့သော်မြန်မာနိုင်ငံ လူငယ် မောင်မယ်ထု အားလုံးကို ကိုယ်စားမပြုပါဟု ငြင်းချက်ထုတ်ကောင်းထုတ် နိုင်မည် ဖြစ်ပါသော်လည်း အင်တာနက်ဆိုင်၌ အင်တာနက်ဆိုင်၌ အလုပ်ရှုပ်နေကြသည့် နိုင်ငံအနှံ့အပြားမှ မောင်မယ်များကိုမှု သေသေချာချာ ကိုယ်စားပြုပါသည်။ အင်တာနက် အသုံးပြုနိုင်သော Smart Phone ကိုင်ဆောင်ထားသည့် လူငယ်မောင်မယ်တို့ကိုလည်း ကိုယ်စားပြုပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံတွင် မကြာတော့သောအနာဂတ်၌ စာသင် ခန်းမရှိ၊ ကျောင်းတက်ခေါင်းလောင်းမရှိ၊ ဆရာ ဆရာမ မရှိ၊ ကျောင်းဝတ်စုံလည်းမရှိ၊ ကျောင်းတက်ချိန်လည်းမရှိတော့သည့် Online ပညာရေးခေတ်သည် တာဆီးမရတော့ သော အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပေတော့မည်။
အကြောင်းတရားတိုင်းအတွက် အကျိုးတရားဟူသည် ရှိစမြဲဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်၌ ပြောင်းလဲလာမည့် ပညရေးအတွက်လည်း အကောင်းအဆိုး အကျိုးတရားဟူသည် မုချမသွေ ရှိလာရပေတော့မည်။ နည်းပညာပြောင်းလဲလာမှု ကြောင့် အာစရိယဆရာသခင်၏ ဆုံးမသွန်သင်မှုအောက် ကြီးပြင်းခွင့် မရရှိတော့မည့် မြန်မာနိုင်ငံ အနာဂတ် မျိုးဆက်သစ်ကို မဆိုထားဘိ၊ ယနေ့လူငယ်တို့၏ မနက်ဖြန် အရေးပင် ရင်လေးဖွယ်ဖြစ်နေပါတော့သည်။
ရုပ်ရှင်ဇာတ်ကားတို့၏ ဇာတ်ဝင်ခန်းများ၌ သရုပ်ဆောင်တွေက အရက်သောက် ပြနေ၍လောမသိ၊ ကိုရီးယား ဇာတ်ဝင်ခန်းကြောင့်လောမသိ၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီး ငယ်များ အရက်သောက်သည့်နှုန်းထားမှာမှု ကြောက်ခမန်းလိလိ တက်လျက်ရှိကြောင်း ကြားသိနေရပါသည်။ အကြောင်းအရင်း တစ်ခုတည်း မသဟုတ်တန်ကောင်းပေ။ အကြောင်းစုံ၍သာ ဤမျှခရီးရောက်လာခြင်း ဖြစ်ပေလိမ့်မည်။
၂၀၁၂ခုနှစ်ကုန်ပိုင်း၌ အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ်ရှိ မူလတန်း ကျောင်းမှ ကျောင်းဆရာမတစ်ဦး၏ သားသည် သူ၏အမေဆရာမကို အိမ်၌ သေနက် ဖြင့် ပစ်သတ်ခဲ့ပါသည်။ ထို့နောက် မေမေဆရာမ၏ကျောင်းကို ရုတ်တရက်ရောက်ရှိ လာကာ စာသင်ကြားနေကြသည့် အသက်(၅)နှစ်မှ (၁၀)နှစ်အရွယ် အပြစ်မဲ့ကလေး ငယ်များကို သေနတ်ဖြင့် ဆွဲမွေ့ပစ်ခဲ့သဖြင့် ကျောင်းသူ ကျောင်းသားငယ် ဆရာ ဆရာမ စုစုပေါင်း(၂၆)ဦး သေဆုံးခဲ့ပါသည်။ သေနတ်သမား လူငယ်သည် ဤသို့အစုလိုက် အပြုံလိုက် ပစ်သတ်ပြီးနောက် သူ့ကိုယ်သူ သေနတ်ဖြင့် အဆုံးစီရင်သွားသည့် မိုက်မဲရမ်းကားမှုတစ်ခုကြောင့် ကမ္ဘာ့ပြည်သူအများ တုန်လှုပ်ခြောက်ရှားခဲ့ရပါသည်။ မြန်မာနိုင်ငံတွင်လည်း လူငယ်များ ရာဇဝတ်မှုခင်းများ၌ ပါဝင်ပတ်သတ်မှု တစ်နှစ်ထက် တစ်နှစ် ပို၍တိုးလာနေသည်ဟုသိရပါသည်။ ဤတွင် အထူးသတိပြုစရာကောင်းသည့် အချက်မှာ လူ့ဘုံအလယ်စားသောက်ဆိုင်များ၊ လမ်းလယ်ကောင်များတွင်ပင် ဗုဒ္ဓဘာသာဝင်လူငယ်များ သောက်စားမှုးရစ်ကာ မကြားဝံ့မနာသာ ဆဲဆိုရမ်းကား ရုံမျှဖြင့် မပြီးတော့ဘဲ လူ့အသက်တစ်ချောင်းကိုပင် လူအုပ်စုဖြင့် သွေးအေးအေး လွယ်လွယ်ကူကူ သတ်နေကြကြောင်း စိတ်မချမ်းမြေ့ဖွယ်ကြားနေရပါသည်။ ဤကဲ့သို့ လက်ရဲ ဇက်ရဲဖြစ်လာရန်လဲ အကြောင်းတရား တစ်ခုတည်းမဟုတ်တန်ကောင်းပေ။
ယနေ့ကမ္ဘာပေါ်တွင် ရုပ်ဝတ္ထုပစ္စည်းတို့၏ တိုးတက်မှုကိုပင် အဆုံးစွန်သော တိုးတက်မှုဟု မိုက်မဲစွာ ယူဆနေသူများလည်း ရှိနေပါသည်။ တစ်ချိန်တည်း၌ အသိဉာဏ်ပညာမြင့်မားသည့် အနည်းငယ်မျှသောလူနည်းစုကမှု ရုပ်ဝတ္ထုပစ္စည်းတိုး တက်မှု Worldly development နှင့် စိတ်ပိုင်းဆိုင်ရာတိုးတက်မှု Spiritual development တို့၏ မညီမျှမှုဒဏ်ကို လူသားအများ ကြီးကျယ်ပြင်းထန်စွာ ခံစားကြရတော့မည်ဟု မြင်မိကာ ကမ္ဘာလောကကြီးအတွက် သနားဂရုဏာ ဖြစ်နေကြပါသည်။ လူသားတို့၏ ရုပ်ဝတ္ထုပစ္စည်း တီထွင်ဖန်တီးမှုစွမ်းပကားကြောင့် မိမိတို့၏ အမိျုးတူ ဇာတ်တူ လူသားအများ ဒုက္ခပင်လယ်ဝေကြမည်ကို ရတက်မအေး ဖြစ်နေကြရှာပါသည်။
ဆောင်ရွက်နိုင်မည့် နည်းလမ်းကား မခက်ခဲပါ၊ မဝေးပါ၊ မရှုပါထွေးပါဟု ပညာရှင်များထောက်ပြကြပါသည်။ မဝေးသည့် မခက်ခဲသည့် မရှုပ်ထွေးသည့် နည်းလမ်းကား နာမ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေး Spiritual development ကို အားသွန်ကြိုးပမ်းမှသာ ရုပ်ဝတ္ထုဖွံ့ဖြိုးမှု Worldly development တို့၏ ချိန်ခွင်လျှာ မညီမျှမှု ဖြစ်နေသည့် အနေအထားကို ညီမျှခြေရှိလာစေနိုင်ပေမည်။
ကမ္ဘာတစ်ဝန်းဖြစ်နေသည့် ဤချိန်ခွင်လျှာ မညီမျှမှုဒဏ်ကို ဖွံ့ဖြိုးပြီး နိုင်ငံများသာမက မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံ၌လည်း ယနေ့စတင်ခံစားနေရပြီ ဟု ဆိုရန်ထက် ဆယ်စုနှစ်မက မသိမသာခံစားလာရာမှ ယနေ့ကာလ၌မှု သိသိသာသာခံစားနေရသည်ကို အခြေအနေအရပ်ရပ်က သက်သေခံနေပါသည်။ အထူးအားဖြင့် ငယ်ရွယ်သည့် ဆယ်ကျော်သက် လူငယ်မောင်မယ်များ၏ မယဉ်ကျေး မသိမ်မွေ့သည့် ကိုယ်အမှုအရာ နှုတ်အမှုအရာ ဝတ်စားဆင်ယင်မှု နေထိုင် စားသောက်မှုတို့က ယနေ့မြန်မာ့ယဉ်ကျေးမှု၏ အခြအနေပြရုပ်ပင်ဖြစ်ပါသည်။ ဤအခြေအနေသည် ပဏာမနိဒါန်းပိုင်းသာရှိပါသေးသည်။ နည်းပညာဖွံ့ဖြိုးမှုနှင့် Globalization ၏ ရိုက်ခတ်မှုဒဏ် ရာခိုင်နှုန်းမပြည့်သေးပါ။ တဖြည်းဖြည်းခြင်း ရှေ့သို့တိုး၍တိုး၍လာနေပါသည်။
မိမိတို့တိုင်းပြည် အမိမြန်မာနိုင်ငံ၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များကိုပြုစုရန် အချိန်နှောင်းပြီဟူ၍ မဆိုသာပါ။ မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်အကြားကွာဟမှု Generation gap ယခုထက်မကျဲခင် ပြုပြင်ပေးနိုင်ရန်မှု အရေးတကြီးလိုအပ်လာပါသည်။
ပြုပြင်ရန်နည်းလမ်းကား မခက်ခဲပါ၊ မရှုပ်ထွေးပါ၊ မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံထားသဖြင့် ကမ္ဘာပေါ်တွင် စံပြုရလောက်အောင် သိမ်မွေ့ပါသည်။ ယနေ့လူငယ်တို့အတွက် မိဘဘိုးဘွားပိုင် မြန်မာ့ယဉ်ကျေးမှုအမွေကို ပြည့်ဝကောင်းမွန်စွာ ဆက်ခံနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးနိုင်မှသာလျှင် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များအပေါ် ယနေ့လူကြီးမိဘများက တာဝန်ကျေပွန်တော့မည်ဖြစ်ပါသည်။

Loading

By admin