မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ကြီးမှူးကျင်းပသော ဓမ္မကျောင်းတော်ပေါင်း (၁၉)ကျောင်း စုပေါင်းဖွင့်ပွဲနှင့် မကွေးတိုင်းဒေသကြီး ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားကို ဇွန်လ(၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သမိုင်းဝင်ရှေးဟောင်းပင်းမြို့၊ ပုဗ္ဗာရုံကျောင်းတိုက်၊ ရှင်အရဟံဗောဓိမဟာအောင်မြေ၌ ဖွင့်လှစ်ပါသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး(၉)မြို့နယ် ဓမ္မကျောင်းတော်များမှ ဦးဆောင်ဆရာတော်သံဃာတော်(၇၁)ပါး၊ ဓမ္မကျောင်းတော်ကော်မတီ အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ဒေသခံရပ်မိရပ်ဖများ(၁၅၀)ဦး၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ဓမ္မကျောင်းတော် ရင်သွေးငယ်လေးများ(၂၀၀)ဦး စုစုပေါင်း( ၄၂၁)ဦး တက်ရောက်ကြသည်။
ထိုအခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုအတွင်းရေးမှူး(၁)နှင့် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သြဝါဒါစရိယ ရန်ကင်းတောရဆရာတော် ပေးပို့သော သဝဏ်လွှာကို မကွေးတိုင်းဒေသကြီး ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့်
ထွန်းကားပြန့်ပွားရေးကော်မတီ ဒုဥက္ကဋ္ဌ အထက်မင်းလှ ရေနံမဆရာတော်မှ ဖတ်ကြားပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ ပညာရေးတာဝန်ခံ (မဗပ)ဗဟိုခွဲ(၁) အလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာကြီးဦးသန်းဦးမှ တိုင်းဒေသကြီးကော်မတီနှင့် သက်ဆိုင်သော အခြေခံစည်းမျဉ်းများအား ရှင်းလင်း လျှောက်ထားခဲ့ပါသည်။ ထို့နောက် ပြည်နယ်အသီးသီးရှိ ဓမ္မကျောင်းတော် ကော်မတီများမှ အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းအလုပ်အမှုဆောင်ကော်မတီ အမည်စာရင်းများနှင့် အဆိုပြုလျှောက်ထားခြင်းများအား အတည်ပြုခြင်း၊ ဆုံးဖြတ်ချက်ချခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ကိုယ်စား၊ ဗဟိုအလုပ်အမှုဆောင်၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရန်ကင်းတောရ အရှင်စန္ဒိမာမှ ဗဟိုအဖွဲ့ကိုယ်စား ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာကိုလျှောက်ထားခြင်း၊ မကွေးတိုင်းဒေသကြီး ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေး ကော်မတီဥက္ကဌဆရာတော် မကွေးမဟာဝိသုဒ္ဒါရာမ တိုက်သစ်ဆရာတော်က သြဝါဒမိန့်ကြားခြင်း၊ ရန်ပုံငွေပေးအပ်လှူဒါန်းခြင်းများ ပြုလုပ်ကြပါသည်။
ထို့နောက် တိုင်းဒေသကြီးဓမ္မကျောင်းကော်မတီ ဖွဲ့စည်းခြင်း အထိန်းအမှတ်အဖြစ် မဉ္ဇူသကနတ်ပန်းပင်(Madhuca longifolia)ကို စိုက်ပျိုးကာ အခမ်းအနားကို နေ့လည်(၃း၃၀)နာရီတွင် ရုပ်သိမ်းပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ
717 total views, 1 views today