မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟို အဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ကြီးမှူးကျင်းပသော ဓမ္မကျောင်းတော်(၁၁)ကျောင်း စုပေါင်းဖွင့်လှစ်ပွဲကို ဇူလိုင်လ(၁၀)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာ၊ သုခိတာရုံကျောင်းတိုက်၌ စုပေါင်းဖွင့်လှစ်ခဲ့ပါသည်။
ထိုဖွင့်ပွဲအခမ်းအနားကို မြတ်စွာဘုရားရှင်အား နမောတဿ မဟာပဏာမ ဘုရားရှိခိုး သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာ၊ သုခိတာရုံကျောင်းတိုက်ဆရာတော် ဦးသာဂရက ကော်မတီ လူကြီးများ၊ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်
ဓမ္မကျောင်းတော် ရင်သွေးငယ်လေးများအား ငါးပါးသီလ ချီးမြှင့်ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးအဖွဲ့ကော်မတီ ဥက္ကဌဆရာတော်မှ အဖွင့်သြဝါဒစကား မိန့်ကြားခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဝမ်းမြောက်ကြောင်းစကား လျှောက်ကြားခြင်း၊ နတ်မောက်မြို့နယ် ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားအဖွဲ့ကော်မတီ ဥက္ကဌက အမှာစကားပြောကြားခြင်း၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာ ဓမ္မကျောင်းတော်ပေါင်း (၁၁)ကျောင်းကိုယ်စား တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းများ ပြုလုပ်ပါသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ (ဗဟို) အလုပ်မှုဆောင်အဖွဲ့ဝင်ဆရာတော်၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ နာယက အရှင်စန္ဒိမာမှ ဓမ္မကျောင်းတော် အသိမှတ်ပြုလွှာကို ပေးအပ်ကာ၊ မြို့နယ်ကော်မတီက ဓမ္မကျောင်းတော်အပိုင်း(၁)၊ အပိုင်း(၂)၊ ဓမ္မကျောင်းတော် အဖွင့် နှင့် ဆရာကိုင်လက်စွဲ စာအုပ်များကို လှူဒါန်းခဲ့ပါသည်။
ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းကာ ဓမ္မကျောင်းတော်များ ဖွင့်လှစ်ခြင်း အောင်မြင်မှုအထိန်းအမှတ်အဖြစ် မဉ္ဇူသကနတ်ပန်းပင် စိုက်ပျိုးခဲ့ကြပါသည်။