ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်လုံးဆိုင်ရာ ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးကော်မတီ၏ ဒုတိယအကြိမ် နှစ်ပတ်လည်အခမ်းအနားကို
စက်တင်ဘာလ (၂၁)ရက်နေ့မြို့တော်ခမ်းမ၌ ကျင်းပခဲ့ပါသည်။
နှစ်ပတ်လည်အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟိုအဖွဲ့ အလုပ်မှုဆောင် ဆရာတော်ဦးစန္ဒိမာ၊ ကျောက်မဲမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ သြဝါဒါစရိယ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်၊ ဖွင့်လှစ်ပြီး ဗုဒ္ဓဓမ္မ ယဉ်ကျေးလိမ္မာ ကျောင်းတော်များမှ သြဝါဒါစရိယဆရာတော်များနှင့် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာမှ ဆရာကြီး ဦးအောင်မြင့် နှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ နှင့် ကျောင်းသား ကျောင်းသူ များ စုစုပေါင်း ( ၆၀၀ ) ကျော် တက်ရောက်ကြပါသည်။
အခမ်းအနားကို “နမောတဿ ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့အတွင်းရေးမှူး(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ ရန်ကင်းတောရ ဆရာတော်ထံပါးမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပါသည်။
ကျောက်မဲမြို့နယ်တွင် ဓမ္မကျောင်းတော်ပေါင်း( ၂၂ )ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး အပတ်စဉ် တနင်္ဂနွေ နံနက်တိုင်း ဗုဒ္ဓဘာသာရင်သွေးငယ် စုစုပေါင်း (၂၀၀၀) ကျော်အား ဆရာ၊ ဆရာမ (၁၅၀) ကျော်က ယဉ်ကျေးလိမ္မာ ဓမ္မစာပေများကို သင်ကြား ပို့ချလျှက်ရှိပါသည်။