ဆရာမဒေါ်ဖြူဖြူမြင့်၏ ရင်တွင်းစကားသံ
ရန်ကင်းတောရ ဆရာတော်ဘုရား၏ အဆုံးအမများကို လိုက်နာကျင့်သုံးနေပါတယ်။
ဆရာတော်ဘုရား တပည့်တော် ပညာရေးဌာနမှာ မူလတန်းပြတာဝန်ဖြင့် ထမ်းဆောင်နေပါတယ် ဘုရား။ အလုပ်ခွင်ထဲမှာလည်း ရန်ကင်းတောရမှ ရရှိခဲ့သော အသိဥာဏ်၊ အဆုံးအမတွေဟာ တပည့်တော် အတွက်တင်သာမကဘဲ ကျောင်းရှိ ကလေးများအားလုံးအတွက်ပါ သက်ရောက်မှု ရှိပါတယ်ဘုရား။ တပည့်တော်တို့ကျောင်းရဲ့ အစဉ်အလာအရ ကျောင်းစဖွင့်ရက် တနလာင်္နေ့နဲ့ သောကြာနေ့တွေမှာဆို Assembly ကျောင်းစုဝေးပွဲမှာ ဆရာတစ်ယောက်က တာဝန်နဲ့အလှည့်ကျ ကလေးတွေကို ဆုံးမသြ၀ါဒ ပေးရပါတယ်ဘုရား။
အဲ့ဒီလို သြ၀ါဒပေးတဲ့အခါမှာ တပည့်တော်က ရန်ကင်းတောရမှ ရရှိလိုက်တဲ့ဆုံးမစကားလေးတွေနဲ့ ကလေးတွေကို တစ်ဆင့် ဆုံးမခွင့်ရပါတယ်ဘုရား။ ကလေးတွေ နားလည်သဘောပေါက်လွယ်ပြီး ထိုသြ၀ါဒအတိုင်းလည်း ကျင့်ကြံနေကြပါတယ်ဘုရား။
အလေ့အကျင့်ကောင်းဆိုတာ အိမ်သာရေထည့်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ သောက်ရေအိုး ရေဖြည့်ခြင်း၊ အမှိုက်ပုံးသွန်ခြင်း စသည်ဖြင့်ထားရှိရမည့် စိတ်ထားလေးများကို ပြောကြားရာမှာလည်း ထိရောက်ပါတယ်ဘုရား။ ကလေးတွေက ရွာက ကလေးတွေဖြစ်တဲ့အတွက် အသိဥာဏ်ခေါင်းပါးပြီး စာနာမှုကင်းမဲ့ တာလေးတွေလည်း ရှိပါတယ်ဘုရား။ အဲ့ဒီလို ကြုံလာခဲ့ရင် ကလေးတွေ ရန်ဖြစ်လို့ လာတိုင်ရင် သားကို ဆရာမက သူ့လိုနာကျင်အောင်လုပ်လိုက်ရင် ခံနိုင်ရည်ရှိပါမလား စသည်ဖြင့် သည်းခံနိုင်စွမ်း ရှိအောင် သင်ကြားပေးပါတယ်ဘုရား။
အပတ်စဉ်ရဲ့ တာဝန်ကျ အသင်းဇယားမှာလည်း အသင်းတွေ လုပ်ဆောင်ရာမှာလည်း ခေါင်းဆောင်ကောင်းတို့ရဲ့ စိတ်ဓာတ်က ဘယ်လိုဆိုတာပြောကြားပြီး ကလေးများ နားလည် လွယ်အောင် ရန်ကင်းတောရရဲ့ အဆုံးအမတွေနဲ့ ဆုံးမတာဟာ အရမ်းကိုထိရောက်ပါတယ်ဘုရား။ ဒီထက်မက ကြိုးစားပါ့မယ်ဘုရား။
ရိုသေစွာဦးတင်အပ်ပါသည်ဘုရား
ဘုရားတပည့်တော် ဆရာမဖြူဖြူမြင့် Third Year (Eng); D.T.Ed (၁၈၁၃) ပညာရေး-မူပြ
902 total views, 3 views today