D:SAYADAWTEACHER BOOK 2ND EDI

Beauty Saloon နှင့် တွဲဖွင့်ထားသောဆိုင်တွင် လူငယ်များ ခုံတန်းတွင် တန်းစီ ထိုင်စောင့်နေကြပါသည်။ သူငယ်ချင်း မိန်းကလေးတချို့ တစ်ဖက် ဆိုင်တွင် အလှပြင်နေကြပါသည်။ တပည့်တော်တို့ သူငယ်ချင်း တစ်သိုက်လည်း ဟိုဟိုဒီဒီ စူးစမ်းလေ့လာ ကြည့်မိရာ မိန်းကလေးတချို့မှာ Tattoo ထိုးနေပြီး အချို့မှာ Tattoo ထိုးရန် စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း သိရပါသည်။ ဆိုင်နံရံတွင် ချိတ်ဆွဲပြထားသော Tattoo ပုံ နမူနာများအား ကြည့်မိရာ အလွန် စိတ်ဝင်စားဖွယ် ဖြစ်သွားပါသည်။

‘‘ငါတို့တွေ Tattoo ထိုးကြမလား’’ဟု အချင်းချင်း မေးမိကြပါသည်။ သူငယ်ချင်းများ စိတ်ပျော်ရွှင်နေချိန် ဖြစ်သဖြင့် ရည်ရွယ်ချက် ကြီးကြီးမားမား မည်မည်ရရမရှိဘဲ သူလည်းထိုး၊ ကိုယ်လည်းထိုးဖြင့် တပည့်တော်လည်း Tattoo သေးသေးတစ်ခုကို ဘယ်ဘက်လက်ဖျံတွင် ထိုးရန် ရွေးချယ်လိုက်ပါသည်။

လက်ဖျံတစ်ခုလုံးအပြည့် Tattoo ထိုးမယ်

ထိုအချိန် တဒင်္ဂတွင် တပည့်တော် မသိသည့် ကောင်မလေး ချောချော တစ်ယောက်က Tattoo သေးသေးထိုးမည့် တပည့်တော်ကို အထင်အမြင်သေးသည့် မျက်လုံးဖြင့် ကြည့်လာပါသဖြင့် ထိုအကြည့်ကို တပည့်တော် မခံနိုင်တော့ပါ၊ ထို့ကြောင့် ‘‘လက်ဖျံတစ်ခုလုံး အပြည့် Tattoo ထိုးမယ်’’ဟု လက်မထောင်ကာ အော်ပြောလိုက်ပါသည်။ ‘‘ပထမဆုံး ထိုးပေးပါ’’ဟု ကြေငြာကာ ချက်ခြင်း အင်္ကျီချွတ်ပြီးနောက် ဘယ်ဘက်လက်ကို ဆန့်တန်းပေးခဲ့မိပါသည်။ Tattoo ထိုးနေစဉ် ထိုကောင်မလေး၏ အထင်ကြီးသော အကြည့်တစ်ခုကိုမူ နာကြင်လွန်းသည့်ကြားကပင် ရလိုက်ပါသေးသည်။ ထို့ကြောင့် လက်ဖျံပေါ်က Tattoo ကို ကြည့်မိတိုင်း စိတ်ထဲ အလိုလို ကျေနပ်ကာ ပျော်ရွှင်နေမိပါသည်။ သို့သော် ထိုပျော်ရွှင်မှုသည် ကြာကြာမခံလိုက်ရပါ။

လုပ်ငန်းခွင်နှင့် Tattoo

ကာလအတန်ကြာသောအခါ ကျောင်းပြီးသဖြင့် တပည့်တော် လုပ်ငန်းခွင် ဝင်ရပါသည်။ အလုပ်မှာ အဆင့်အတန်းမြင့်ပြီး ကြီးကျယ်သော လုပ်ငန်းဖြစ်သည့်အပြင် ရာထူးတာဝန်ကြီး တစ်ခုကို ထမ်းဆောင်ရပါသည်။ လူကြီးများနဲ့လည်း အမြဲမပြတ် ထိတွေ့ ဆက်ဆံနေရပါသည်။ ထိုသို့ ဆက်ဆံတွေ့ဆုံမှု၏ နောက်ကွယ်တွင် အမြဲပင် ကြီးစွာသော နောင်တတစ်ခု တပည့်တော်ရင်ထဲ ကျန်နေ ရစ်ခဲ့လေ့ရှိပါသည်။

အစည်းအဝေးများတွင် တင်ပြ ပြောဆိုစရာရှိ၍ အများရှေ့ထွက်ကာ တပည့်တော် စကားတစ်ခွန်း နှစ်ခွန်း တင်ပြပြောဆိုကာမျှရှိသည့် အချိန်တိုအတွင်းတွင် လူအများက တပည့်တော်၏ လုပ်ငန်း ဆွေးနွေးမှုများ အပါအဝင် နေ့နေ့ညည အချိန်ကုန်ခံ၊ အပင်ပန်းခံကာ ပြင်ဆင်ထားသည့် Powerpoint Presentation ကိုပါ စိတ်မဝင်စားကြတော့ဘဲ တပည့်တော် ဘယ်ဘက်လက်ဖျံကိုသာ စူးစိုက် ကြည့်သူက ကြည့်၊ ကွက်ကြည့် ကွက်ကြည့် လုပ်သူကလုပ်၊ မေးငေါ့ကာ တီးတိုးပြောသူက ပြောကြပါသည်။

အရုပ်ကြီးရှိရာ အရေပြား ခွာပြစ်ချင်ပါသည်

ထိုအခါ တပည့်တော်ရင်ထဲ၊ နှလုံးသားထဲတွင် ဖေါ်ပြရန် ခက်ခဲသည့် ဝေဒနာတစ်ရပ်ကို ခံစားရပါသည်။ လက်ဖျံပေါ်မှ Tattoo ကြောင့် ရံခါ တပည့်တော်ကို လူဆိုးလူမိုက် လူရမ်းကားပမာ ဆက်ဆံခြင်းကို ခံနေရပါသည်။ တပည့်တော်မှာ ရှင်းပြရန် အခွင့်အရေး ဘယ်သောအခါမှ မရရှိခဲ့ပါ။

သို့ဖြစ်ပါသောကြောင့် Tattoo ကို ဖုံးကွယ်ရန် ရာသီမရွေး ယခုကဲ့သို့ အင်္ကျီလက်ရှည် အမြဲ ဝတ်နေရပါသည်။ တပည့်တော်မှာ အရည်အချင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု ပြည့်ပြည့်၀၀ရှိသော်လည်း ထို Tattoo ကြောင့်ပင် ဘဝတက်လမ်းအချို့ကို လက်လွတ် ဆုံးရှုံးခဲ့ရပါ သည်။ ဖြစ်နိုင်မည်ဆိုလျှင် တပည့်တော်၏ အရုပ်ကြီးရှိရာ ဘယ်ဘက် လက်ဖျံပေါ်မှ အရေပြားကို ဓားဖြင့်မွနှ်းကာ ခွာပစ်ချင်သည့်အထိဖြစ်ပြီး ဤ Tattoo ကြောင့် မျက်ရည်များပင် မကြာခဏ ကျနေရပါသည်။

tattoos 8

tattoos 3

ညီငယ် ညီမငယ်များ စဉ်းစားပါ

မပြောပလောက်သည့် အချိန်တိုအတွင်း မည်သူမည်ဝါမှန်း မသိသည့် မိန်းကလေးတစ်ဦး၏ အထင်ကြီးမှုကို လိုချင်သဖြင့် စိတ်ရူးပေါက်ကာ မဆင်မခြင် ပြုမှားမိသော လုပ်ရပ်သည် တပည့် တော်ဘဝကို အရိပ်တစ္ဆေပမာ အမြဲ ခြောက်လှန့်နေပါသည်။ ညီငယ် ညီမငယ်များ Tattoo ထိုးရန် ဆုံးဖြတ်ချက်မချခင် စဉ်းစားနိုင်ရန်နှင့် တပည့်တော်ကဲ့သို့ နောင်တ၏သားကောင် မဖြစ်ပါစေခြင်း အလို့ငှာ ဖြစ်ရပ်အမှန်ကို ရိုးသားစွာ တင်ပြခြင်း ဖြစ်ပါသည်ဘုရား။

တိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်များ ကြိုတင် ဆင်ခြင်နိုင်ကြစေရန် ဘုန်းဘုန်းတို့ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာက ဆုမွန်ကောင်းတောင်း ဆန္ဒပြုလိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ (ဗဟို)
သင်တန်းဆရာလက်စွဲစာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

 318 total views,  1 views today

By admin

Leave a Reply

Your email address will not be published.